← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း (၂၃၉)

အိုးထဲသို့ ဆွဲသွင်းခံရခြင်း

ယနေ့ထက်တိုင်အောင် အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းရှင်များသည် အိမ်ရာများကို ကြိုတင်ရောင်း ချစနစ်ဖြင့်သာ ရောင်းချနေကြဆဲ ဖြစ်သည်။

ဤသည်က ဘာကို ဆိုလိုသနည်း။ တည်ဆောက်ရေး လုပ်ငန်းရှင်တစ်ဦးသည် မြေကွက်တစ်ကွက်ကို ဝယ်ယူ ပြီးလျှင် ထိုမြေပေါ်၌ အိမ်တစ်လုံးမျှ မဆောက်ရသေးမီကပင် ကြိုတင်ရောင်းချနိုင်သည်ကို ဆိုလိုခြင်း ဖြစ် သည်။

အရောင်းဖွင့်လှစ်သည် ဆိုသည်မှာလည်း အရောင်းပြခန်းနှင့် စံပြအခန်းအနည်းငယ် ပြီးစီးသည်နှင့် ရောင်းချ ခြင်းကို စတင်လိုက်ကြခြင်း ဖြစ်၏။ အိမ်ဝယ်ယူသူများအနေဖြင့် မိမိတို့၏ အိမ်ရာများကို အမှန်တကယ် လက် ရောက်ရရှိရန် အနည်းဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် အချိန် စောင့်ဆိုင်းရပေလိမ့်မည်။

သို့သော်ငြားလည်း အိမ်ဝယ်ယူမည့်သူများသည် ထိုနေရာသို့ အဆက်မပြတ် တိုးဝှေ့လာကြဆဲ ဖြစ်သည်။

အကြောင်းရင်းမှာ တည်ဆောက်ရေး လုပ်ငန်းရှင်များက နောင်တစ်ချိန်တွင် ဤပတ်ဝန်းကျင်၌ စည်ကားလာပြီး အိမ်ခြံမြေ တန်ဖိုးများ အဆမတန် တက်လှမ်းလာလိမ့်မည်ဟု ကြော်ငြာထားသောကြောင့် ဖြစ်လေသည်။

ယခုအချိန်၌ မဝယ်ယူပါက နောင်တွင် ဈေးနှုန်းများ ပိုမိုကြီးမြင့်လာပြီး ဝယ်ယူနိုင်လိမ့်မည် မဟုတ်ပေ။ လွန်ခဲ့ သော နှစ်အနည်းငယ်ခန့်က ရေပန်းစားခဲ့သော စကားတစ်ခွန်း ရှိခဲ့သည် မဟုတ်ပါလား။

[ယနေ့ အပြတ်အချေစနစ်ဖြင့် ဝယ်ယူနိုင်သော ငွေသည် မနက်ဖြန်တွင် စပေါ်ငွေမျှသာ ဖြစ်သွားတတ်ပြီး ယနေ့ စပေါ်ငွေပေးနိုင်သော ငွေသည် မနက်ဖြန်တွင် ကားဂိုဒေါင်တစ်ခုစာသာ ဖြစ်သွားတတ်သည်။ အိမ်၌ လေးငါးရက် ခန့် ဝေခွဲမရ စဉ်းစားနေမိပါက ပြန်လာသည့်အခါ ရေချိုးခန်းတစ်ခန်းစာ ဆုံးရှုံးသွားပေလိမ့်မည်။]

ဤကဲ့သို့သော အိမ်ခြံမြေ ကြော်ငြာစကားလုံးများစွာ ရှိနေသေးသည်။ အနည်းငယ် ချဲ့ကားပြောဆိုထားသည် ဆိုစေကာမူ မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်ပါအံ့နည်း။

အထူးသဖြင့် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် ထိုးတက်နေခဲ့သော ထိုနှစ်ကာလများ၌ ဈေးနှုန်းများသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေခဲ့ရာ လူတို့ကို မိမိကိုယ်ကိုယ် သံသယဝင်စေပြီး တစ်သက်လုံး အိမ်ဝယ်နိုင်တော့ မည် မဟုတ်ဟု ခံစားရစေခဲ့သည်။

သို့သော် ထိုအရာများမှာ အတိတ်၌သာ ကျန်ရစ်ခဲ့ချေပြီ။ ယနေ့ခေတ်တွင် အိမ်ခြံမြေ လောက၌ ထိုကဲ့သို့သော အရူးအမူး ဖြစ်ရပ်မျိုးကို တစ်ကျော့ပြန် မြင်တွေ့ရန် ခဲယဉ်းလှပေသည်။

သို့ရာတွင် အချို့သောသူများသည် လုပ်ငန်းတစ်ခုလုံး၏ အရှိန်အဝါကို မထိန်းချုပ်နိုင်သော်လည်း သီးခြားအဆင့် တစ်ခု၌ အထူးနည်းလမ်းများကို အသုံးပြုကာ အချို့သော နယ်မြေများတွင် တစ်ကျော့ပြန် စည်ကားလာအောင် ပြုလုပ်နိုင်ကြလေသည်။

ဤရည်မှန်းချက် အောင်မြင်ရန်အတွက် လိမ်လည်ခြင်း၊ ဖုံးကွယ်ခြင်းနှင့် လှည့်ဖြားခြင်းများကို ရှောင်လွှဲ၍ မရ နိုင်ပေ။

ထိုအရာသည် ဖန်မိသားစု ပြုလုပ်ခဲ့သော အမှုကိစ္စပင် ဖြစ်သည်။ သူတို့၏ အိမ်ခြံမြေ စီမံကိန်းကို ဘီမြို့တော် မြို့လယ်ခေါင်နှင့် ကီလိုမီတာ ဆယ်ဂဏန်းခန့် ကွာဝေးသော ဆင်ခြေဖုံး ရပ်ကွက်တစ်ခု၌ ယနေ့ အရောင်းဖွင့် လှစ်ခဲ့လေသည်။

ကြိုတင်ရောင်းချသည့် ပေါက်ဈေးမှာပင် တစ်စတုရန်းမီတာလျှင် ပျမ်းမျှ လေးကျောင်အထိ မြင့်မားနေခဲ့သည်။

ယခုခေတ်တွင် လေးကျောင်ဟူသော ပမာဏသည် ကမ္ဘာ့ငွေကြေးတန်ဖိုး အဆတစ်သန်း မပြုတ်ကျမီက ယွမ်လေးသောင်းနှင့် ညီမျှသည်ကို သိထားရပေမည်။

ဤဈေးနှုန်းသည် ဘီမြို့တော်၏ မြို့လယ်ခေါင်နှင့် ယှဉ်လျှင် ကွာခြားလွန်းသေးသည် ဆိုသော်လည်း။

ဤနေရာ အနေအထားနှင့်မူ ဤဈေးနှုန်းမှာ အမှန်တကယ် မကိုက်ညီပေ။ လက်ရှိ ဈေးကွက်အရ ယခုဈေး၏ တစ်ဝက်ခန့်သာ ဆိုပါက မနည်း စည်းရုံး၍ ရနိုင်ပေလိမ့်မည်။

သို့သော် ဈေးနှုန်းက သင့်တင့်မျှတနေပါက သူတို့ မည်ကဲ့သို့ ပိုက်ဆံရှာနိုင်ပါအံ့နည်း။

ထို့ကြောင့် ဖန်မိသားစုသည် အရောင်းမဖွင့်မီ ကတည်းက ဤနေရာ၌ နောင်နှစ်အနည်းငယ်အတွင်း ဘီမြို့တော် ၏ (---) ခရိုင်ကို တည်ဆောက်တော့မည်ဟု အကြီးအကျယ် ကောလာဟလ လွှင့်ခဲ့ကြသည်။

မကြာမီပင် ကျောင်းများ၊ ဆေးရုံများ၊ မြေအောက်ရထား ဘူတာများနှင့် အခြားသော အသုံးအဆောင်များ ဤ ပတ်ဝန်းကျင်၌ ပေါ်ပေါက်လာတော့မည် ဖြစ်ရာ အနာဂတ်တွင် တန်ဖိုး တက်လှမ်းလာရန် အလားအလာ အလွန် ကြီးမားလှသည် ဟုဆိုနေကြပေသည်။

ထို့ကြောင့် လေးကျောင်ဟူသော ကြိုတင်ရောင်းချဈေးမှာ ကြိုတင်ဝယ်ယူခြင်းကြောင့် လျှော့ဈေး ပေးထားခြင်း ဖြစ်သည် ဟုဆိုကြ၏။

အကယ်၍ မည်သူမျှ မယုံကြည်ပါက အရောင်းဝန်ထမ်းများက ဝယ်ယူမည့်သူများကို အနီးနားရှိ လူနေအိမ်ရာ များသို့ သွားရောက်ကြည့်ရှုရန် တိုက်တွန်းကြပေလိမ့်မည်။

သေချာစွာ ကြည့်ရှုလိုက်လျှင် မြင်တွေ့ရပေမည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဟောင်းနွမ်းပျက်စီးနေသော တိုက်ခန်းဟောင်းများသည် တစ်စတုရန်းမီတာလျှင် တစ်ကျောင် သို့မဟုတ် နှစ်ကျောင်သာ ရှိခဲ့သော်လည်း ယခုအခါ အကျိုးဆောင်များက ငါးကျောင်အထိ ဈေးခေါ် ထားကြလေသည်။

အကျိုးဆောင်များကလည်း ဤသို့ ဆိုကြသေးသည်။

"အခုဈေးက တကယ်တော့ အတော်လေး သက်သာပါသေးတယ်၊ အခုလောလောဆယ် ရောင်းမယ့် အိမ်ရာတွေ ရှားပါးနေလို့ပါ...။"

"ဒီနေရာက တိုးတက်တော့မယ်ဆိုတာ လူတိုင်းသိကြတာပဲ…၊ ဒီမှာ ဝယ်ထားရင် ပိုက်ဆံရမှာ သေချာတယ်…။ အိမ်ပိုင်တဲ့သူတွေက အခု မရောင်းချင်ကြသေးဘူး နောင်နှစ်အနည်းငယ်ကြာလို့ တစ်ဆယ်ကျောင်အထိ ဈေး တက်လာမယ့် အချိန်ကိုပဲ အကုန် စောင့်နေကြတာ...။"

ဤမျှ ဆွဲဆောင်မှုရှိသော ရှင်းပြချက်ကို ကြားရပြီးနောက် မည်သူက ဝေခွဲမရ ဖြစ်ဘဲ နေနိုင်ပါအံ့နည်း။

သူတို့မသိသည်မှာ ဤအရာသည် တည်ဆောက်ရေး လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင်များ ပူးပေါင်း ကာ အကွက်ချ ဖန်တီးထားသော လှည့်ကွက်တစ်ခုသာ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ဟောင်းနွမ်းပျက်စီးနေသော အိမ်ဟောင်းများတွင် အမှန်တကယ် အိမ်ပိုင်ရှင်ဟူ၍ မရှိတော့ပေ။

သူတို့သည် အိမ်ခြံမြေအားလုံးကို အနိမ့်ဆုံးဈေးဖြင့် လိုက်လံဝယ်ယူကာ လက်ဝါးကြီးအုပ်ထားကြခြင်း ဖြစ်ပြီး အိမ်အသစ်များ၏ ဈေးနှုန်းကို မြှင့်တင်ရန်အတွက်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

အိမ်အသစ်အများစု ရောင်းချပြီးသွားပါက ဤအိမ်ဟောင်းများကို ဈေးအနည်းငယ်လျှော့၍ ပြန်လည်ရောင်း ချမည် ဖြစ်ရာ ပိုမိုလွယ်ကူစွာ ရောင်းထွက်နိုင်ပြီး အမြတ်အစွန်းများလည်း ပိုမိုရရှိနိုင်ပေသည်။

ဤနည်းဖြင့် နယ်မြေတစ်ခုလုံး၏ အိမ်ခြံမြေဈေးနှုန်းများကို အဆမတန် မြှင့်တင်လိုက်ကြသော်လည်း ထိုအထဲ တွင် မည်မျှအထိ ပူဖောင်းဖြစ်နေသည်ကိုမူ ဈေးအမြင့်ဆုံးဖြင့် ဝယ်ယူမိသော အိမ်ဝယ်သူများသာ သိနိုင်ပေ လိမ့်မည်။

လက်ရှိအချိန်တွင် ဤကဲ့သို့သော နည်းလမ်းများကို မြေဈေးနှင့် အိမ်ဈေးမကြီးသော ဆင်ခြေဖုံး ရပ်ကွက်များ ၌သာ အသုံးပြုကြသေးသည်။

အမှန်စင်စစ် ယခင်က အိမ်ခြံမြေဈေးနှုန်းများ အထွေထွေ နိမ့်ကျနေချိန်၌ မြို့လယ်ခေါင်ရှိ အိမ်ဈေး အများစု ကိုလည်း ဤနည်းဖြင့်ပင် မြှင့်တင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် မြို့လယ်ခေါင်ရှိ ဈေးနှုန်းများသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထပ်မံမြှင့်တင် ရန် ကုန်ကျစရိတ်မှာ ကြီးမားလွန်းလှပြီး အမြတ်အစွန်း ရရှိမှုမှာလည်း များစွာ နည်းပါးသွားပေလိမ့်မည်။

အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခု၏ အမှတ်အသားမှာ ကုန်ကျစရိတ် အနည်းဆုံးဖြင့် အမြတ်အစွန်း အများဆုံးကို ရယူနိုင်ခြင်းပင် ဖြစ်သည်။

ဖန်မိသားစုသည် အတိတ်၌ ဖြစ်စေ၊ ပစ္စုပ္ပန်၌ ဖြစ်စေ ဤသဘောတရားကို ကောင်းစွာ နားလည်သဘောပေါက် ထားသူများ ဖြစ်လေသည်။

သူတို့သည် ငွေအနည်းငယ်နှင့် အချိန်အနည်းငယ် ရင်းနှီးရုံမျှဖြင့် အိမ်ခြံမြေဈေးနှုန်းများကို မြှင့်တင်ကာ ငွေကြေး မြောက်မြားစွာကို ရှာဖွေနိုင်ကြလေသည်။

ဤတစ်ကြိမ်တွင်လည်း သူတို့ ထပ်မံ အောင်မြင်တော့မည့်ပုံ ပေါ်နေလေသည်...။

ဖန်မိသားစု အိမ်ခြံမြေ စီမံကိန်း၏ အရောင်းပြခန်းတွင် လူအုပ်ကြီးဖြင့် စည်ကားသိုက်မြိုက်နေချိန်၌ပင်။

ကြိတ်ကြိတ်တိုး စည်ကားနေသော လူအုပ်ကြားထဲမှ တစ်စုံတစ်ယောက်က ဖုန်းလက်ခံဖြေဆိုလိုက်ပြီးနောက် ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"အနီးနားမှာ အိမ်ရာစီမံကိန်းအသစ်တွေ အများကြီး အရောင်းဖွင့်တယ်လို့ ကြားတယ်…။ ဈေးနှုန်းကလည်း ဒီနေရာကဈေးရဲ့ တစ်ဝက်ပဲရှိတယ်တဲ့ တစ်စတုရန်းမီတာကို နှစ်ဖန်ပဲတဲ့ သွားကြည့်ရအောင်...။"

ထိုနောက် ချက်ချင်းပင် အခြားသူများကလည်း ဝိုင်းဝန်း ထောက်ခံလိုက်ကြလေသည်။

"ဒီနေရာကနေ နှစ်မိုင်လောက်ပဲ ဝေးတာ ဒီစီမံကိန်းနဲ့ ရပ်ကွက်တစ်ခုတည်းပဲလေ…၊ အိမ်ရောက်မှ အကြွေးဆက် ဆပ်လို့ရမယ့် အာမခံစာချုပ်ပါ ရှိတယ်လို့ ကြားတယ်…၊ ဒါကြောင့် စပေါ်ငွေ အရင်ပေးထားပြီး အိမ်ရမှ အရစ် ကျ ဆက်သွင်းလို့ ရတယ်တဲ့...။"

ဤစကားများက လူအုပ်ကြီးအတွင်း ရုတ်ချည်း ဆူညံပွက်လောရိုက်သွားစေလေသည်။

"ဘာ... အိမ်ရပြီးမှ အရစ်ကျငွေကို ဆက်သွင်းလို့ ရတယ် ဟုတ်လား…။ တကယ်ပဲ ဒီလို ကောင်းတဲ့ကိစ္စမျိုး ရှိနေတာလား...။"

"တစ်စတုရန်းမီတာကို နှစ်ဖန်ဆိုတာ ဘီမြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက် ဖြစ်နေရင်တောင် အရမ်းဈေး ပေါလွန်းမနေဘူးလား ကုန်ကျစရိတ်တောင် ကာမိပါ့မလား...။"

"သွားမယ်...၊ အရင်သွားကြည့်ကြတာပေါ့…။ သူတို့ပြောသလို တကယ်ဖြစ်နေရင် ဆယ်ခန်း ရှစ်ခန်းလောက် ဝယ်ပစ်လိုက်မယ်…။ နေရာလေး အရင်သွားဦးထားမှ...။"

မျက်စိတစ်မှိတ်အတွင်းမှာပင် စက္ကန့်အနည်းငယ်က ကြိတ်ကြိတ်တိုး စည်ကားနေခဲ့သော ဖန်မိသားစု လူနေ

အိမ်ရာ စီမံကိန်းမှာ ယခုအခါ လူအနည်းငယ်မျှသာ ကျန်ရစ်တော့ပြီး ခြောက်ကပ်သွားလေတော့သည်။

ကျန်ရစ်နေသော သူများကလည်း ခေတ္တမျှ ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ကြပြီးနောက် အရောင်းပြခန်းရှိ အရောင်းဝန် ထမ်းများကို မေးမြန်းလိုက်ကြသည်။

"အိမ်ကြည့်ဖို့ တန်းစီရင် တစ်ရက်ကို သုံးလီနဲ့ နေ့လယ်စာ ကျွေးမယ်ဆိုတဲ့ ကတိက အတည်ပဲလား...။"

"ငါက အစက လူအတော်များများကို ခေါ်လာခဲ့တာ…။ ဘယ်လိုဖြစ်လို့ အကုန် ထွက်ပြေးသွားကြတာလဲ…။ သူတို့မှာ ကျင့်ဝတ်ဆိုတာ မရှိကြတော့ဘူးလား...။"

"ထားလိုက်ပါတော့...၊ ငါလည်း ဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်…။ သုံးလီနဲ့ ထမင်းတစ်နပ်ထက်စာရင် တစ်စတုရန်းမီတာကို နှစ်ဖန်တည်းကျတဲ့ အိမ်က အများကြီး ပိုကောင်းနေတယ်...။"

စကားပြောနေသည့် အချိန်တိုလေးအတွင်းမှာပင် ကျန်ရစ်နေသူ အများစုမှာလည်း ထွက်ခွာသွားကြလေပြီ။ ငွေပေး၍ အိမ်လာကြည့်ခိုင်းထားသော သူများအားလုံး ထွက်သွားကြပြီ ဖြစ်သည်။

အရောင်းပြခန်းရှိ ဝန်ထမ်းများမှာ အံ့သြမှင်တက်သွားကြသော်လည်း အဆိုးရွားဆုံး မှင်တက်သွားသူမှာ ဒုတိယ ထပ် လသာဆောင်တွင် ရပ်နေသော ဖန်တွမ့်ကျန်း ပင် ဖြစ်လေသည်။

လွန်ခဲ့သော အချိန်ခဏလေးကပင် ဤမစ္စတာဖန်သည် အောက်ဘက်ရှိ ကြီးမားလှသော လူအုပ်ကြီးကို ငုံ့ကြည့် ရင်း မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကျေနပ်အားရနေသော အပြုံးတစ်ခုဖြင့် ရှိနေခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူ၏အပြုံးများ မျက်နှာပေါ်၌ ခဲအေးသွားခဲ့ပြီး အချိန်အတန်ကြာပြီးနောက် မျက်နှာအမူ အရာမှာ တဖြည်းဖြည်း တင်းမာလာတော့သည်...။

သူ၏ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်လေသည်။

"အနီးနားမှာ ဘယ်အိမ်ရာစီမံကိန်း ရှိနေလဲဆိုတာ သွားစုံစမ်းစမ်း....။"

"တောက်... အစကတည်းက အကုန်လုံး သဘောတူထားခဲ့ပြီးပြီ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး တစ်ယောက် ယောက်က ဝင်ရှုပ်နေသေးတာလဲ အခြားသူတွေကို လွှဲမပေးခဲ့သင့်ဘူး...။"

မကြာမီပင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော စီအီးအို အတော်များများ ပြေးလာကြလေသည်။ သူတို့သည် ဖန်တွမ့်ကျန်းရှိရာသို့ တန်းတန်းမတ်မတ် လာခဲ့ကြပြီး အနားမရောက်မီကပင် စတင်ပြောဆိုလာကြသည်။

"မစ္စတာဖန်...၊ ဘာတွေ ဖြစ်ကုန်တာလဲ…။ အနီးနားမှာ တစ်စတုရန်းမီတာကို နှစ်ဖန်တည်းနဲ့ ရောင်းနေတဲ့ တိုက်ခန်းအသစ်တွေ ရှိနေတယ်လို့ ကြားတယ်..."

"ဟုတ်တယ်... အိမ်လက်ရောက်ရပြီးမှ အရစ်ကျ ဆက်သွင်းလို့ ရတယ်လို့တောင် ကြားသေးတယ် ငါတို့ ဒီလောကထဲမှာ လုပ်သက် ဒီလောက်တောင်ကြာနေပြီ ဘယ်သူကများ ဒီလို လုပ်ဖူးလို့လဲ...။"

"ဒါပေါ့...၊ ဒါက စည်းမျဉ်းတွေကို ဖောက်ဖျက်နေတာ မဟုတ်ဘူးလား...။ မဟုတ်သေးဘူး...၊ ဒီဟာက စားနေတဲ့ အိုးထဲ အညစ်အကြေး စွန့်ချလိုက်တာပဲ…။ ရွံစရာကောင်းလိုက်တာ…၊ တော်တော်ကို ရွံစရာကောင်းတာပဲ...။"

ဥက္ကဋ္ဌဖန်၏ မျက်နှာမှာ ပြာနှမ်းနေပြီး သူ၏ရှေ့ရှိ လူများကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

"မင်းတို့က ငါ့ကို လာမေးနေတာလား ကောင်းပြီလေ…။ ငါလည်း မင်းတို့ကို ဒီမေးခွန်း ပြန်မေးချင်နေတာပဲ…။ ဘယ်သူက ဒီလိုလုပ်လိုက်တာလဲ...။"

မစ္စတာဖန်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ရောက်ရှိလာကြသော အမှုဆောင်အရာရှိများမှာ လန့်ဖျပ်သွားကြပြီး မိမိတို့ကိုယ်မိမိ အလျင်အမြန် ရှင်းပြကြတော့သည်။

"မစ္စတာဖန်...၊ ကျွန်တော့်ကို ကောင်းကောင်းသိပါတယ်…။ ကျွန်တော်သာ လှုပ်ရှားမယ်ဆိုရင် ရောင်းဈေးက ဒီထက်တောင် ပိုမြင့်နေရမှာပါ...။"

"မစ္စတာဖန်... ခင်ဗျား ကျွန်တော့်ကို သိပါတယ်…။ ကျွန်တော့်အကျင့်ကို သိတဲ့အတိုင်း ဒီလိုမျိုးကိစ္စ လုပ်ပြီးသွား ရင် စောစောစီးစီးကတည်းက ထွက်ပြေးနေလောက်ပြီ...။"

"မစ္စတာဖန်...၊ ခင်ဗျား ကျွန်တော့်ကို သိပါတယ်…။ ခင်ဗျား အမိန့်မပေးဘဲနဲ့ ကျွန်တော် တစ်ဖဝါးမှ မခွာပါဘူး… ။ ကျွန်တော်က အေးအေးဆေးဆေး နေရတာကို ပိုသဘောကျတာ...။"

ဤအမှုဆောင်အရာရှိများ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ဖန်တွမ့်ကျန်းသည် မျက်မှောင်ကြုတ်ကာ တွေးတောနေလေသည်။

"မင်းတို့ မဟုတ်ဘူးဆိုရင် ဘယ်သူများ ဖြစ်နိုင်မလဲ...။"

"ဆယ်မိုင် ပတ်လည်အတွင်းမှာ အဲ့တုန်းက ငါတို့ မဝယ်ရသေးတဲ့ မြေကွက်တချို့ ရှိနေသေးတယ်...။"

"ဒါပေမဲ့ ငါတို့ကလွဲလို့ အခြားဘယ်သူမှ ဒီမြေတွေကို ဝယ်နိုင်တဲ့ အင်အားမရှိပါဘူး…။ ငါတို့က သိပ်အလျင် မလိုသေးဘဲ နောက်မှ ဝယ်ဖို့ ချန်ထားခဲ့တာ...။"

"ဖြစ်နိုင်တာက...၊ သွားမယ်...။ ဒီလူတွေနောက်ကို လိုက်သွားပြီး ဘာတွေဖြစ်နေလဲ သွားကြည့်ကြတာပေါ့...။"

ဆယ်မိနစ်ကျော် အကြာတွင် မစ္စတာဖန်နှင့် သူ၏အဖွဲ့သည် အိမ်ဝယ်ယူမည့်သူများ ရွှေ့ပြောင်းသွားကြသော အရောင်းပြခန်းရှိရာသို့ ကားမောင်းလာခဲ့ကြသည်။

ကားပေါ်မှ ဆင်းကာ သူ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဖန်တွမ့်ကျန်းက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ဆိုလိုက်သည်။

"တစ်စုံတစ်ယောက်က ဒီမြေကွက်တွေကို တိတ်တဆိတ် ဝယ်ယူသွားခဲ့တာ…၊ တကယ်ပဲ...။"

အခြားသော အမှုဆောင်အရာရှိများလည်း ကားပေါ်မှ ဆင်းလာကြပြီး မြင်ကွင်းကို အံ့သြတကြီး ကြည့်ရှုရင်း တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။

"ဒီအရောင်းပြခန်းကို... ဘယ်တုန်းက ဆောက်လိုက်တာလဲ...။"

"အနောက်ဘက်က အဆောက်အအုံတွေရဲ့ ဆောက်လုပ်ရေး အရှိန်ကလည်း တော်တော်မြန်တာပဲ…။ ဆောက်လုပ်ရေး ကုမ္ပဏီကို ပိုက်ဆံတွေ အများကြီး ပေးထားတာ သေချာတယ်...။"

"ဟင်...၊ ဟိုဟာက တည်ဆောက်ရေး ကုမ္ပဏီနာမည် မဟုတ်လား…။ မနှစ်က ဒေဝါလီခံရတော့မယ့် ကုမ္ပဏီ ငယ်လေး မဟုတ်ဘူးလား…။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြန်အသက်ဝင်လာပြီး ဒီမြေကို ဝယ်ဖို့ ပိုက်ဆံရှိ သွားတာလဲ...။"

"ကျွန်တော် အခုလေးတင် လူတစ်ယောက်ကို သွားစုံစမ်းခိုင်းလိုက်တယ်…။ တစ်စတုရန်းမီတာကို နှစ်ဖန် ဆိုတာ တကယ်ပဲဗျ အိမ်လက်ရောက်ရပြီးမှ အရစ်ကျ ဆက်သွင်းရမယ် ဆိုတာလည်း အမှန်ပဲ ဘာလှည့်ကွက်မှ မပါဘူး...။"

"တောက်...၊ အိမ်ခြံမြေ စီးပွားရေးကို ဒီလိုပုံစံနဲ့ လုပ်နေတာ သူ အတော်လေး ဖျားနေတာ ဒါမှမဟုတ် ရူးနေတာ သေချာတယ်...။"

"ကျွန်တော် လွှတ်လိုက်တဲ့သူ ပြန်ရောက်လာပါပြီ…။ ဒါပေမဲ့ ပိုဆိုးတဲ့ ရူးသွပ်မှုက လာဦးမှာ သူ အိမ်ရောင်းဖို့ ဘယ်လို သတ်မှတ်ချက်တွေ ထားလဲဆိုတာ ခင်ဗျားတို့ သိလား...။"

သူ ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ သိချင်စိတ်ပြင်းပြနေသော အကြည့်များက သူ့ထံသို့ ရောက်ရှိသွားလေသည်။

ထိုအရာရှိက နဖူးမှ ချွေးများကို သုတ်ကာ သူကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်ဟန်ဖြင့် ဆိုလိုက်သည်။

"သူ့ရဲ့ အိမ်ရောင်းတဲ့ သတ်မှတ်ချက်က တစ်ယောက်ကို အိမ်တစ်လုံးပဲ ဝယ်ခွင့်ရှိတယ်တဲ့…။ ပြီးတော့ တကယ် လိုအပ်နေတဲ့ အိမ်ဝယ်ယူသူ အသစ်တွေကိုပဲ ဦးစားပေးရောင်းမှာတဲ့...။"

"အိမ်တွေ အများကြီး ဝယ်ချင်တဲ့သူတွေကို မရောင်းပေးဘူး…။ အထူးသဖြင့် အိမ်ဝယ်ချင်လို့ ကွာရှင်းတဲ့သူတွေ ဒါမှမဟုတ် အိမ်ခြံမြေ ကစားတဲ့သူတွေကို ဈေးကွက်ထဲကနေ ဖယ်ရှားပစ်ဖို့ ရည်ရွယ်ထားတာတဲ့...။"

"ခင်ဗျားတို့ ဒီအလုပ်ကို အရူးအလုပ်လို့ ထင်နေလား…။ ဒီလောက် ခေါင်တဲ့နေရာက ဘီမြို့တော်ရဲ့ အိမ်ဝယ် ယူခွင့် အပိုင်းအခြား ကန့်သတ်ချက်တွေထဲမှာတောင် မပါဘူးလေ…။ သူတို့က ပေးလာတဲ့ ပိုက်ဆံကိုတောင် မယူချင်ကြဘူးတဲ့လား...။"

ဤစကားကို ကြားသောအခါ အခြားသော စီအီးအိုများကလည်း ပွက်လောရိုက်သွားကြတော့သည်။

"ဒါက သူများတွေကိုလည်း ဒုက္ခပေးသလို ကိုယ့်အတွက်လည်း အကျိုးမရှိဘူးလေ တကယ်ကို ရူးသွပ်လွန်းတဲ့ ကိစ္စပဲ...။"

"ဒီလူမိုက်လေးက ငါတို့ကို တမင်သက်သက် ဒေါသထွက်အောင် လုပ်နေတာလား…။ ဒါမှမဟုတ် သူက သူ့ပိုက်ဆံ တွေကို သုံးပြီး ဆင်းရဲသားတွေကို ကယ်တင်နေတဲ့ ကယ်တင်ရှင်လို့ သူ့ကိုယ်သူ ထင်နေတာလား...။"

"ငါ သည်းမခံနိုင်တော့ဘူး…၊ တကယ်ကို သည်းမခံနိုင်တော့ဘူး…။ သူ့ခေါင်းကို ခွဲပြီး သူ့ဦးနှောက်ထဲမှာ အညစ် အကြေးတွေ ပြည့်နေလားဆိုတာ တကယ် ကြည့်ချင်နေပြီ...။"

ထိုစဉ် အခြားသော အိမ်ခြံမြေများကို စစ်ဆေးရန် လွှတ်ထားသူများ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။ သတင်းများ ကို တင်ပြပြီးနောက် ဥက္ကဋ္ဌဖန်နှင့် အခြားအမှုဆောင်အရာရှိများမှာ လုံးဝကို ဆွံ့အ မှင်တက်သွားကြ တော့သည်။

"ဒီလိုဖြစ်ရပ်မျိုးက တစ်ဒါဇင်လောက် ရှိတယ်…။ အိမ်ရာစီမံကိန်း တစ်ခုတည်း မဟုတ်ဘူး…။ ဘာတွေဖြစ်ကုန် တာလဲ...။"

"အရင်က လူသိပ်မသိတဲ့ ဒီကုမ္ပဏီငယ်လေးတွေ အကုန်လုံး ရူးသွားကြတာလား…။ ဒါမှမဟုတ် ဆေးမှား သောက်ထားကြတာလား...။"

"ပြီးသွားပြီ...၊ ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ရဲ့ စီမံကိန်းက လုံးဝ ပြီးဆုံးသွားပြီ…။ ဒီလောက် နိမ့်ကျတဲ့ ဈေးနှုန်းမျိုး ရှိနေမှတော့ ငါတို့က ဘယ်လိုလုပ် ဈေးတင်လို့ ရတော့မှာလဲ ဒီအိမ်ခြံမြေ ကစားတဲ့သူတွေလည်း ငြိမ်နေကြမှာ မဟုတ်ဘူး...။"

နောက်ဆုံးတွင် ဖန်တွမ့်ကျန်းက ပထမဆုံး သတိပြန်ဝင်လာပြီး သူ၏ မျက်လုံးများမှာ စူးရှသွားကာ အေးစက် ရက်စက်သော လေသံဖြင့် ပြောလိုက်လေသည်။

"ဒီကုမ္ပဏီငယ်လေးတွေကို ကြိုးကိုင်ခြယ်လှယ်နေတဲ့သူ တစ်ယောက်ယောက် သေချာပေါက် ရှိနေတယ်...။"

"မလန့်ကြနဲ့...။ ငါ့မှာ နည်းလမ်း ရှိပါသေးတယ်…၊ ဘီမြို့တော်မှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ ငါ့ဖန်မိသားစုက အဆက်အသွယ် မရှိဘဲ နေမလား...။"

"မကြာခင်မှာပဲ သူတို့ကို ငါ ပိတ်ပစ်လိုက်မယ်…။ အဲ့ဒီအခါကျရင် ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပုန်းနေတဲ့ကောင်တွေ ထွက်လာရုံကလွဲပြီး တခြား ရွေးချယ်စရာ ရှိမှာ မဟုတ်ဘူး...။"

All Chapters