အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀)
တမင်သက်သက် ဈေးချခြင်းလော
ဖန်မိသားစုသည် ဘီမြို့တော်ရှိ အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းရှင်ကြီး အတော်များများနှင့် ပူးပေါင်းကာ ဤဆင်ခြေဖုံးရှိ မြေကွက် ခြောက်ဆယ်ရာခိုင်နှုန်းကျော်ကို ဝယ်ယူခဲ့လေသည်။
ပရိုမိုးရှင်းများနှင့် ဈေးကွက်မြှင့်တင်မှု အစီအစဉ်များ ပြုလုပ်ပြီးနောက် သူတို့သည် ငွေကြေးမြောက်မြားစွာ ရှာဖွေနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ထားသော ပြိုင်ဘက်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာ လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
မနည်း ကြိုးပမ်းကာ မြှင့်တင်ထားခဲ့ရသော ဈေးနှုန်းများမှာ ယခင်က လူသိမများလှသော အိမ်ခြံမြေ ကုမ္ပဏီ ငယ်လေး အနည်းငယ်ကြောင့် ပြန်လည် ကျဆင်းသွားခဲ့ရလေသည်။
ထိုအိမ်ခြံမြေ ကုမ္ပဏီငယ်လေးများမှာ ယခင်က သူတို့၏ မျက်စိထဲ၌ပင် မရှိခဲ့သော ကုမ္ပဏီမျိုးဖြစ်ပြီး အများစု မှာ ဒေဝါလီခံရမည့် အခြေအနေသို့ပင် ရောက်ရှိနေခဲ့ကြသည်။
ယခုမူ သူတို့သည် အစုလိုက်အပြုံလိုက် ရုတ်တရက် ပေါ်ထွက်လာကြပြီး ဤဆင်ခြေဖုံးရပ်ကွက်ရှိ မြေကွက် သုံးဆယ်ရာခိုင်နှုန်းခန့်ကို ဝယ်ယူကာ ဈေးနှုန်းချိုသာစွာဖြင့် အလျင်အမြန် အရောင်းဖွင့်လိုက်ကြလေသည်။
ဤအရာက ဖန်မိသားစုနှင့် ဘီမြို့တော်ရှိ တည်ဆောက်ရေး လုပ်ငန်းရှင်ကြီးများကို အမှန်တကယ်ပင် အငိုက် မိသွားစေခဲ့လေသည်။
အိမ်ခြံမြေ ကုမ္ပဏီငယ်လေးများက မြေကွက် သုံးဆယ်ရာခိုင်နှုန်းခန့်ကိုသာ ဝယ်ယူခဲ့ခြင်းမှာ ဖန်မိသားစု၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်နှင့် ယှဉ်လျှင် များစွာ နည်းပါးလှသည်ဟု ထင်ရသော်လည်း မပေါ့ဆသင့်ပေ။
ဤသည်ကပင် နယ်မြေတစ်ခုလုံး၏ အထွေထွေ အိမ်ခြံမြေ ဈေးနှုန်းများကို ကျဆင်းသွားစေရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဈေးပိုသက်သာသော ရွေးချယ်စရာများ ရှိနေပါက မည်သူက ဈေးကြီးပေး၍ ဝယ်ယူချင်ပါအံ့နည်း။
ထို့အပြင် ဤကုမ္ပဏီငယ်လေးများတွင် အလွန် ထက်မြက်လှသော လှည့်ကွက် အနည်းငယ်လည်း ရှိနေသေး သည်။
ပထမအချက်မှာ သူတို့သည် အိမ်ရာကို အမှန်တကယ် လက်ရောက်ရရှိမည်ဟု အာမခံသော စာချုပ်ကို ရဲဝံ့စွာ ချုပ်ဆိုပေးခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စပေါ်ငွေကို အရင်ပေးချေရပြီး အိမ်ရာကို လက်ရောက်ရရှိပြီးမှသာ အရစ်ကျငွေကို ဆက်လက် ပေးသွင်းရမည် ဖြစ်သည်။
ဘီမြို့တော် တစ်ခုလုံးတွင်သာမက နိုင်ငံတစ်ဝန်းလုံးကို ကြည့်လျှင်ပင် ဤသို့ ပြုလုပ်ဖူးသော တည်ဆောက်ရေး လုပ်ငန်းရှင်ဟူ၍ တစ်ဦးမျှ မရှိသေးကြောင်းကို သိထားရပေမည်။
အခြားသော ကုန်ပစ္စည်းများအတွက်မူ ပစ္စည်းရမှ ငွေချေစနစ်သည် အလွန် ယုတ္တိတန်သော အရောင်းအဝယ် ပြုလုပ်နည်းတစ်ခု ဖြစ်သည်။
သို့သော် အိမ်ခြံမြေနှင့် ပတ်သက်လာလျှင်မူ ထိုသို့ ပြုလုပ်၍ မရပေ။ မည်သည့် တည်ဆောက်ရေး လုပ်ငန်းရှင် က အုတ်မြစ်ပင် မချရသေးမီ ကြိုတင်ရောင်းချရန် အလျင်မလိုဘဲ နေပါအံ့နည်း။
ကြိုတင်ရောင်းချပြီးနောက် ဝယ်ယူသူက အပြတ်အချေစနစ်ဖြင့် ဖြစ်စေ၊ ဘဏ်ချေးငွေဖြင့် ဖြစ်စေ ပေးချေ သည်ဖြစ်စေ အိမ်အတွက် ငွေကြေးများသည် တည်ဆောက်ရေး လုပ်ငန်းရှင်၏ အိတ်ကပ်ထဲသို့ အစောကြီး ကတည်းက ရောက်ရှိသွားလေသည်။
ချေးငွေ ရယူထားသော အိမ်ဝယ်ယူသူများသည် မိမိတို့၏ အိမ်များ မည်ကဲ့သို့ ပုံပန်းသဏ္ဍာန် ရှိသည်ကိုပင် မမြင်ဖူးကြသေးသော်လည်း လစဉ်လတိုင်း ဘဏ်သို့ အရစ်ကျငွေများကို အချိန်မှန် ပေးသွင်းနေရလေသည်။
အကယ်၍ ဤအဆောက်အအုံသည် အနာဂတ်တွင် စွန့်ပစ်ခံရလျှင်ပင် အရစ်ကျ ပေးသွင်းငွေများကို ရပ်တန့်၍ မရပေ။ သို့မဟုတ်ပါက သင် ငွေမသွင်းဘဲ နေရဲပါသလား။ သင်၏ အမည်သည် အချိန်တိုအတွင်းမှာပင် နာမည် ပျက်စာရင်း သို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့အပြင် တည်ဆောက်ရေး လုပ်ငန်းရှင်ငယ်များမှာ ငွေကြေးလည်ပတ်မှု ပိုမိုလိုအပ်ပြီး မြေကွက်တစ်ကွက် ဝယ်ယူပြီးသည်နှင့် သူတို့၏ ငွေများ ကုန်ခန်းသွားလေ့ ရှိသည်။
ကြိုတင်ရောင်းချမှုများ ပြုလုပ်ပြီး အိမ်ဝယ်ယူသူများထံမှ ငွေကြေး လက်ခံရရှိပြီးမှသာ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ကြသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ တည်ဆောက်ရေး လုပ်ငန်းရှင်ငယ် တစ်ဒါဇင်ခန့်သည် ဆန့်ကျင်ဘက်အားဖြင့် ကြိုတင်ငွေ အချို့ကိုသာ ကောက်ခံခဲ့ကြသည်။
သို့ရာတွင် အိမ်ဝယ်ယူသူများ၏ စပေါ်ငွေမှာ စရန်ငွေနှင့် တူညီလေသည်။ အိမ်ရာကို လွှဲပြောင်းပေးအပ်သည့် အချိန်ကျမှသာ သူတို့သည် ဘဏ်မှ ချေးငွေရယူကာ ပြန်လည်ပေးဆပ်ကြရမည် ဖြစ်သည်။
အကယ်၍ စီမံကိန်းသည် နှစ်နှစ်အတွင်း မပြီးစီးပါက သို့မဟုတ် စွန့်ပစ်ခံရပါက စပေါ်ငွေ၏ သုံးဆကို ပြန်လည် အမ်းပေးမည်ဖြစ်ကြောင်း စာချုပ်တွင် ရှင်းလင်းစွာ ဖော်ပြထားလေသည်။
ထို့အပြင် ပရော်ဖက်ရှင်နယ် ကုမ္ပဏီတစ်ခု၏ စာချုပ်စာတမ်း မှတ်ပုံတင်ထားမှုနှင့် နာမည်ကြီး လုပ်ငန်းများ၏ အာမခံချက်တို့ကြောင့် ဤအရာမှာ လက်တွေ့တွင် အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံနေလေသည်။
ဤကဲ့သို့သော လုပ်ဆောင်မှုမျိုးကို ယခင်က မည်သူမျှ မလုပ်ဖူးခဲ့သကဲ့သို့ အိမ်ဝယ်ယူသူများလည်း မကြုံဖူးခဲ့ ကြပေ။
ထို့ကြောင့် ဈေးကြီးပြီး အိမ်လက်ရောက်ရရှိရန် အာမခံချက်မရှိသည့်အပြင် ချေးငွေရယူပြီးနောက် လစဉ် အရစ် ကျငွေ ပေးသွင်းရမည့် အိမ်မျိုးကို ရွေးချယ်သင့်ပါသလား။
ဈေးနှုန်း သက်သာပြီး အိမ်လက်ရောက်ရရှိရန် အာမခံချက်ရှိကာ အိမ်ရပြီးမှသာ အရစ်ကျငွေ ပေးသွင်းရမည့် အိမ်မျိုးကို ရွေးချယ်သင့်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။
ဒုတိယအချက်အနေဖြင့် ဤအိမ်ခြံမြေ ကုမ္ပဏီငယ်လေးများသည် အိမ်ခြံမြေ ဈေးကစားခြင်းကို အမှန်တကယ် နှိမ်နင်းနေပြီး ဈေးကစားသူများကို ဖယ်ရှားပစ်နေကြသည်။
သူတို့၏ စီမံကိန်းတွင် လူတစ်ဦးလျှင် အိမ်တစ်လုံးသာ ဝယ်ယူခွင့်ရှိပြီး အမှန်တကယ် နေထိုင်ရန် လိုအပ်နေ သော ပထမဆုံး အိမ်ဝယ်ယူသူများကိုသာ ဦးစားပေးလေသည်။
ဤဆင်ခြေဖုံး ရပ်ကွက်သည် အိမ်ဝယ်ယူခွင့် အပိုင်းအခြား ကန့်သတ်ချက်များ ရှိနေသော မြို့လယ်ခေါင်နှင့် မတူ ဘဲ ဘီမြို့တော်၏ အစွန်ဆုံး အစိတ်အပိုင်း ဖြစ်ကြောင်းကို သိထားရပေမည်။
ဤသို့ ပြုလုပ်ခြင်းက မိမိကိုယ်ကို သံခြေကျင်း ခတ်ထားသကဲ့သို့ ဖြစ်နေပြီး ပိုက်ဆံရှာရန် ဟန့်တားနေသည်နှင့် တူမနေပါလား။
မည်သို့ပင်ဆိုစေ ယခင်က လုပ်ဆောင်ချက်များ အားလုံးတွင် ဤအိမ်ခြံမြေ ကုမ္ပဏီငယ်လေးများထံမှ အမြတ် အစွန်း ရလိုသော ဆန္ဒကို မတွေ့ရပေ။
အိမ်ရာ အမှန်တကယ် လိုအပ်နေသူများအတွက် သင့်တင့်သော ဈေးနှုန်းများဖြင့် အိမ်ရာများ ဖန်တီးပေးရန် မိမိ တို့၏ ကိုယ်ပိုင်ငွေကို အသုံးပြုကာ ကုသိုလ်ပြုနေကြသည် ဟုပင် ဆိုနိုင်ပေသည်။
ဤ ဆန်းကြယ်လှသော လုပ်ဆောင်ချက်များအရ ဤကုမ္ပဏီငယ်လေးများ၏ နောက်ကွယ်တွင် ကျောထောက် နောက်ခံ ပြုပေးနေသူ မရှိဟု ယုံကြည်ရန် ခက်ခဲလှပေသည်။
နောက်ပိုင်းတွင် သေချာစွာ စဉ်းစားပြီးနောက် ဖန်တွမ့်ကျန်းကလည်း ကောက်ချက်ချလိုက်လေသည်။
"ဒီကောင်တွေက ကြိုးကိုင်ခံနေရတာ သေချာတယ်…။ ငါတို့ကို ရည်ရွယ်ပြီး လာကြတာပဲ...။"
"အိမ်ခြံမြေ ဈေးကစားတာကို တင်းတင်းကျပ်ကျပ် နှိမ်နင်းနေတာကလည်း သူတို့ပိုင်တဲ့ အိမ်တွေ အကုန်လုံးကို ငါတို့ လက်ဝါးကြီးအုပ် မဝယ်နိုင်အောင် ကာကွယ်ထားတဲ့ ခံစစ်မျဉ်းပဲ...။"
"ဒီလိုမှမဟုတ်ရင် ဒီနေရာက မြေဈေးနဲ့ ဆောက်လုပ်ရေးစရိတ် ပေါင်းလိုက်ရင် တစ်စတုရန်းမီတာကို နှစ်ဖန် ဆိုတဲ့ အိမ်ဈေးနဲ့ ပိုက်ဆံရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...။"
"ပြီးတော့ စပေါ်ငွေကို စရန်ငွေအနေနဲ့ သတ်မှတ်ပြီး အိမ်လက်ရောက်ရမှ အရစ်ကျ ဆက်သွင်းရမယ် ဆိုတာက လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ…။ ဒီကုမ္ပဏီငယ်လေးတွေမှာ အဲ့ဒီလိုလုပ်ဖို့ စွမ်းဆောင်ရည် လုံးဝမရှိဘူး...။"
"နောက်ကွယ်က ဘယ်သူလဲ ငါ့နယ်မြေမှာ ရမ်းကားပြီး လုပ်ငန်းတစ်ခုလုံးရဲ့ စည်းမျဉ်းတွေကို စိန်ခေါ်ရဲတယ် ဟုတ်လား သူတို့က သေချင်နေတာပဲ...။"
"ဒီသတ္တိကြောင်တဲ့ကောင်ကို ငါ သေချာပေါက် ရှာတွေ့အောင် လုပ်မယ်…။ ဘာလို့လဲဆိုတော့ သူက ငါ့အကျိုး စီးပွားကို ခြိမ်းခြောက်နေရုံတင် မကဘူး၊ အခြားသူတွေ အများကြီးရဲ့ အကျိုးစီးပွားကိုပါ ခြိမ်းခြောက်နေလို့ပဲ…။ ဟားဟားဟား...။"
နောက်ဆုံးတွင် ဖန်တွမ့်ကျန်း၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေသည်။
မကြာမီ အချိန်အတွင်းမှာပင်။
ထိုဆောက်လုပ်ရေး လုပ်ငန်းရှင်ငယ်လေးများ၏ အိမ်ခြံမြေများ အရောင်းသွက်နေချိန်၌ပင် တားမြစ်မိန့်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သက်ဆိုင်ရာ ဌာနများက ဈေးကွက်ကို ကမောက်ကမဖြစ်စေမှုနှင့် တမင်သက်သက် ဈေးနှုန်းနှိမ့်ချမှု စသည့် အကြောင်းပြချက်များဖြင့် ဤအိမ်ခြံမြေများကို ပိတ်သိမ်းပစ်မည်ဟု ခြိမ်းခြောက်လာကြသည်။
ထို့အပြင် အိမ်ရာကို လွှဲပြောင်းပေးအပ်ပြီးမှသာ အရစ်ကျငွေ စတင်ပေးသွင်းရမည်ဟူသော စာချုပ်ပါ အချက် မှာ စည်းကမ်းချက်များနှင့် ဆန့်ကျင်နေသောကြောင့် အိမ်ရာရရှိမည်ဟု အာမခံထားသော စာချုပ်ကို ဖျက်သိမ်း ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို တောင်းဆိုလာကြသည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ကြေညာချက်များ အားလုံး ထွက်ပေါ်လာခဲ့ပြီး အကြောင်းအရာမှာ အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။
[မကြာသေးမီက အချို့သော တည်ဆောက်ရေး လုပ်ငန်းရှင်များသည် တမင်သက်သက် ဈေးနှုန်းနှိမ့်ချခြင်းများ ပြုလုပ်ကာ XX နယ်မြေရှိ အိမ်ခြံမြေ ဈေးနှုန်းများကို ဈေးကွက်အောက်ခြေအထိ သို့မဟုတ် ယင်းထက် ပိုမိုနိမ့် ကျသွားစေရန် တွန်းပို့ခဲ့ကြသဖြင့် ဈေးကွက်အတွင်း ကြီးမားသော ကမောက်ကမ ဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့ ပါသည်။]
[ဤလုပ်ငန်းရှင်များအား သတ်မှတ်ထားသော ကာလအတွင်း အခြေအနေကို ပြုပြင်ပြောင်းလဲရန်၊ အိမ်ဝယ်ယူ သူများ ပေးသွင်းပြီးသော စပေါ်ငွေများကို ပြန်လည်အမ်းပေးရန်နှင့် အိမ်ရရှိမည်ဟု အာမခံထားသော စာချုပ် များကို ဖျက်သိမ်းရန် အမိန့်ပေးထားသည်။ အိမ်ဝယ်ယူသူများ အနေဖြင့်လည်း ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် သတိထားကြရန် အကြံပြုအပ်ပါသည်။]
[သိသာထင်ရှားစွာ ဈေးနှုန်းလျှော့ချထားသော အိမ်ခြံမြေများနှင့် ပတ်သက်၍ ဤကဲ့သို့သော တမင်သက်သက် ဈေးချသည့် လုပ်ရပ်များကို ပြတ်ပြတ်သားသား နှိမ်နင်းရမည် ဖြစ်သည်။ ဤကဲ့သို့သော အပြုအမူမျိုးကို ထပ်မံ တွေ့ရှိပါက အိမ်ခြံမြေ ဈေးကွက်ကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းချုပ်နိုင်ရန်နှင့် ဈေးနှုန်းများ တည်ငြိမ် စေရန်အတွက် ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာ ဌာနများသို့ ချက်ချင်း သတင်းပို့ရမည်...။]
ကြေညာချက်ထဲတွင် အခြားအရာများစွာ ပါဝင်သေးသော်လည်း မည်သို့ပင်ဆိုစေ အကြောင်းပြချက် အမျိုးမျိုး ကို အချက်သုံးချက်ဖြင့် အကျဉ်းချုပ်နိုင်လေသည်။
ပထမအချက်၊ ဤမျှ နိမ့်ကျသော ဈေးနှုန်းများဖြင့် ရောင်းချခွင့် မရှိပေ။
ဒုတိယအချက်၊ အိမ်ရာကို လွှဲပြောင်းပေးအပ်မည်ဟု အာမခံပြီးနောက် လက်ရောက်ရရှိပြီးမှသာ အရစ်ကျငွေ ပြန်လည်ပေးဆပ်ရသည့် လုပ်ဆောင်မှုကို တားမြစ်ထားသည်။
တတိယအချက်၊ မိသားစုဝင်များခင်ဗျား...၊ ဈေးပေါသော အိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့၍ ဝမ်းသာနေကြသော် လည်း ရေရှည်အတွက်မူ မကောင်းပေ။
အိမ်ခြံမြေ ဈေးနှုန်းများကို ထိန်းသိမ်းထားခြင်းသည် လူတိုင်းအတွက် အကျိုးရှိစေမည့် မဟာဗျူဟာတစ်ရပ် ဖြစ် သည်။ ဈေးပေါသော အိမ်များကို မဝယ်ယူသင့်ပေ။ အကယ်၍ မြင်တွေ့ပါက သက်ဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့သင့်လေသည်။
ထို့ကြောင့် သက်ဆိုင်ရာ ဌာနများ၏ ဖိအားပေးမှုအောက်တွင် ထိုအိမ်ခြံမြေများမှာ နောက်ဆုံး၌ အရောင်းရပ် ဆိုင်းလိုက်ရလေတော့သည်။
ဖန်မိသားစု ဘက်တွင်မူ အကြီးအကဲ ဖန်တွမ့်ကျန်းနှင့် ဘီမြို့တော်ရှိ အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းရှင် ကြီးများမှ စီအီးအို တစ်စုတို့သည် ရှန်ပိန်ဖောက်ကာ အောင်ပွဲခံနေကြလေသည်။
"ဥက္ကဋ္ဌဖန်ကတော့ ထင်တဲ့အတိုင်း တကယ်ကို အံ့သြစရာကောင်းတာပဲ…။ ရက်အနည်းငယ် အတွင်းမှာတင် သူတို့ကို ပိတ်သိမ်းသွားအောင် လုပ်နိုင်ခဲ့ပြီ…။ ဟားဟားဟား...။"
"ဟုတ်တယ်...၊ ဟုတ်တယ်...။ ဥက္ကဋ္ဌဖန်မှာ အင်အားကြီးတဲ့ အဆက်အသွယ်တွေ ရှိတာကိုး…၊ ဒီတစ်ကြိမ်မှာ သူက ဒုတိယဝန်ကြီး တစ်ယောက်ဆီကို တိုက်ရိုက် သွားခဲ့တယ်လို့ ကြားတယ်...။"
"ဥက္ကဋ္ဌဖန်နောက်ကို လိုက်ခဲ့တာ ငါတို့ တကယ်ကို ရွေးချယ်မှု မှန်ကန်ခဲ့တာပဲ…၊ သူ့အကာအကွယ်အောက်မှာ နေရတာ ကောင်းလိုက်တာ…။ ဒီအတိုင်းဆိုရင် နောက်ရက်အနည်းငယ် အတွင်းမှာ ဈေးနှုန်းတွေ ပြန်ကောင်းလာ တော့မှာပဲ...။"
"အရာအားလုံးက ဥက္ကဋ္ဌဖန်ရဲ့ ကျေးဇူးတွေချည်းပါပဲ…။ ဒီလိုမှမဟုတ်ရင် ငါတို့ဆီမှာ အခုလို အဆက်အသွယ် တွေနဲ့ လွှမ်းမိုးနိုင်စွမ်း ရှိမှာ မဟုတ်ဘူး…။ ဥက္ကဋ္ဌဖန်...၊ ဥက္ကဋ္ဌဖန် အတွက် နောက်တစ်ခေါက် ထပ်ပြီး ဂုဏ်ပြု ဆုတောင်း ပေးပါရစေ...။"
သူ့ပတ်ဝန်းကျင်မှ မြှောက်ပင့်ပေးနေသော စကားများကို နားထောင်ရင်း ဖန်တွမ့်ကျန်းမှာ ပိုမို၍ ကျေနပ်အား ရကာ မာနထောင်လွှား လာလေတော့သည်။
"ငါ အရင်ကတည်းက ပြောခဲ့ဖူးပါတယ်…။ အိမ်ခြံမြေလောက ဆိုတာ အရမ်းရှုပ်ထွေးတဲ့ နေရာတစ်ခုပဲ လူတိုင်း လုပ်နိုင်တဲ့အရာ မဟုတ်ဘူးလေ...။"
"မင်းမှာ အရည်အချင်းမှ မရှိဘဲနဲ့ ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား…။ ဟွန့်...၊ မင်း ဘယ်လို သေသွား မှန်းတောင် မသိအောင် ငါ လုပ်ပေးမယ်...။"
"ပါးပါးနပ်နပ်နဲ့ အမြန်လေး အပြောင်းအလဲ လုပ်ကြဦး…။ ဒီလိုမှမဟုတ်ရင် မင်းတို့တွေ အကြွင်းအကျန်တွေကို ပဲ စားရတော့မယ်...။"
"သူက အကောင်းအဆိုးကို နားမလည်ဘဲ ဆက်ပြီး ခုန်ပေါက်နေရဲသေးရင် သူ့ကို နှိမ်နင်းဖို့ ငါ့ဆီမှာ နည်းလမ်း တွေ အများကြီး ရှိသေးတယ်...။"
ထိုအချိန်တွင် လျန်ထျန်းသည် အိမ်ခြံမြေ ကုမ္ပဏီငယ်လေးများ၏ ပိုင်ရှင် တစ်စုနှင့် အစည်းအဝေး လုပ်နေလေ သည်။
“ဟတ်ချိုး…”
ပို့ဆောင်ရေး ဝတ်စုံကို ဝတ်ဆင်ထားသော လျန်ထျန်းမှာ နှာချေလိုက်ပြီး သူ၏ နှာခေါင်းကို ပွတ်သပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟိုတစ်နေ့က မိုးရွာလို့ ထောက်ပံ့ကြေး ရတာနဲ့ နည်းနည်းပိုပြီး ပြေးလွှားလိုက်ရတာ အအေးမိသွားတာ ဖြစ် မယ်...။"
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူ၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော လူများကို ကြည့်ကာ လည်ချောင်း ဟန့်၍ စကားပြောလိုက်သည်။
"မင်းတို့က ဒီအစည်းအဝေးကို တောင်းဆိုခဲ့တာဆိုတော့ မေးစရာရှိရင် မေးကြပါ…။ ငါ ဒီည အမှာစာ နှစ်ခု လောက် ထပ်ပို့ချင်သေးတယ်...။"
မန်နေဂျာ တစ်ဦးက အလွန် စိုးရိမ်ပူပန်နေပုံဖြင့် အရင်ဆုံး စကားစပြောလိုက်သည်။
"မစ္စတာလျန်...၊ ခင်ဗျားက အခုထိ အစားအသောက်တွေ လိုက်ပို့ဖို့ စိတ်ကူးနေတုန်းပဲလား...။"
"အခု ငါတို့ရဲ့ အိမ်ဈေးတွေက နိမ့်နေလို့ သက်ဆိုင်ရာ ဌာနတွေက ဆက်ပြီး ရောင်းချခွင့် မပြုတော့ဘူး…။ ပြီး တော့ ငါတို့ အရင်က ရောင်းခဲ့တဲ့ အိမ်တွေတောင် ပျက်ပြယ်သွားပြီ...။"
"ငါတို့ ဒီကိစ္စကို အမြန်ဆုံး အဖြေမရှာဘူးဆိုရင် ပိုကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်….။ ဒီကိစ္စတစ်ခုလုံး မှာ ဒုတိယဝန်ကြီး တစ်ယောက် ပါဝင်နေတယ်လို့ ကြားတယ်...။"
ထိုစကားကို ကြားသောအခါ အခြားသော အမှုဆောင်အရာရှိများကလည်း အနေရခက်လာပြီး ဝင်ရောက် ပြောဆိုလာကြသည်။
"ဟုတ်တယ်...၊ ဖန်မိသားစုမှာ အဆက်အသွယ်တွေ အများကြီး ရှိတယ်လို့ ပြောကြတယ်…။ အထူးသဖြင့် အဲ့ဒီ ဘက်မှာပေါ့…။ ငါတို့က သူတို့ကို မစော်ကားရဲဘူး...။"
"ငါ့ကို မေးရင်တော့ ငါတို့တွေ အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ…။ ပညာရှိဆိုတာ ရှုံးမယ့်ပွဲကို မတိုက်ဘူး လေ..။ ပြီးတော့ ငါတို့တွေ အရှုံးပေးလိုက်ရင် ပိုပြီး ပိုက်ဆံရနိုင်သေးတယ်...။"
"အာ...၊ ဟုတ်တယ်...၊ ဟုတ်တယ်...။ ပိုက်ဆံရှာတာ ရှက်စရာမှ မဟုတ်တာ။:”
ဤအိမ်ခြံမြေ ကုမ္ပဏီငယ်လေးများမှ သူဌေးများ၏ စကားများကို နားထောင်ရင်း လျန်ထျန်း၏ မျက်နှာအမူ အရာမှာ တဖြည်းဖြည်း တင်းမာလာလေတော့သည်။
နောက်ဆုံးတွင် သူသည် ဒေါသပေါက်ကွဲသွားကာ စားပွဲကို လက်သီးဖြင့် ထု၍ ကြမ်းတမ်းစွာ အော်ဟစ်လိုက် လေသည်။
"ငါ့အတွက် ဆက်ပြီး အလုပ်မလုပ်ချင်ဘူးဆိုရင် မြေကွက်တွေနဲ့ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ပေးပြီး ထွက် သွားကြစမ်း...။"
သူ စကားပြောပြီးသွားသောအခါ အစည်းအဝေးခန်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားရနိုင်လောက်အောင် ဖြစ်သွားလေသည်။
လျန်ထျန်း၏ စူးရှသော အကြည့်များက လူတိုင်း၏ အပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် သူက ဆက်ပြော လိုက်လေသည်။
"ဖြစ်ပျက်ခဲ့တာ အားလုံးကို မင်းတို့ ပြောစရာ မလိုဘဲ ငါ အကုန်သိတယ်...။"
"ဒါပေမဲ့ ငါ့ရဲ့ သတ်မှတ်ချက်တွေအတိုင်း အိမ်ရောင်းတာကလွဲပြီး တခြား ဘာကိုမှ စိတ်ပူစရာ မလိုဘူးလို့ ငါ အရင်ကတည်းက မင်းတို့ကို ပြောခဲ့ပြီးသားပဲ...။"
"ဒီကိစ္စကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်းရှိတယ်…။ မကြာခင်မှာပဲ မင်းတို့တွေ ဒီဈေးနှုန်းနဲ့ ဒီပုံစံအတိုင်း အိမ်တွေကို ဆက်ရောင်းနိုင်လိမ့်မယ်...။"
"ကောင်းပြီ...။ ငါ ထပ်ပြီး ဘာမှ မပြောတော့ဘူး…။ ငါ အမှာစာတွေ လက်ခံပြီး အစားအသောက် လိုက်ပို့ဖို့ လိုသေးတယ်…၊ မင်းတို့ကို ငါ ကတိပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက မင်းတို့ရဲ့ အကောင့်တွေထဲကို အပြည့်အဝ ဝင်လာလိမ့်မယ်...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် မတ်တတ်ရပ်ကာ ထွက်ခွာသွားလေသည်။
အစည်းအဝေးခန်းထဲတွင် ထိုအိမ်ခြံမြေ ကုမ္ပဏီငယ်လေးများ၏ အကြီးအကဲများသာ ကျန်ရစ်တော့သောအခါ လျန်ထျန်း၏ရှေ့တွင် စကားတစ်ခွန်းမျှ မဟရဲခဲ့သော အချို့သူများသည် ညည်းညူလာကြတော့သည်။
"တောက်...၊ ကလေးကလားနဲ့ ဘာတွေများ ဂုဏ်ယူနေတာလဲ...။"
"ထိပ်တန်း အင်အားစု တစ်ခုခုက ဒုတိယ မျိုးဆက် ဒါမှမဟုတ် တတိယ မျိုးဆက် အမွေဆက်ခံသူ တစ်ယောက် ယောက် ဖြစ်မှာပါ…။ ပိုက်ဆံတွေကို အပျော်သဘော သုံးနေတာနေမှာပေါ့...။"
"ဒီလောက်ကြီးမားတဲ့ အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းကြီး ရှိနေတာကို သူက ဘာလို့ အစားအသောက် လိုက်ပို့ နေရတာလဲ သူ ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ် မသိတော့ဘူး...။"
"သူ ကတိပေးထားတဲ့ ရန်ပုံငွေတွေက တကယ်ပဲ ပုံမှန် ဝင်လာနေတာ မဟုတ်ဘူးဆိုရင် သူ့ကို ငါ ဂရုတောင်စိုက် မှာ မဟုတ်ဘူး…။ မင်းတို့ရော အဲ့ဒီလို မထင်ဘူးလား...။"
"ဟေး...၊ ငါကတော့ ငါတို့ ပြန်ရောင်းခွင့်ရတာနဲ့ ဈေးကို တိတ်တဆိတ် မြှင့်လိုက်ပြီး ပိုရလာတဲ့ ပိုက်ဆံတွေကို ကိုယ့်အိတ်ကပ်ထဲ ထည့်လိုက်ဖို့ အကြံပြုချင်တယ်...။"
"ဒီနည်းနဲ့ဆိုရင် ငါတို့တွေ ပိုက်ဆံလည်း ရနိုင်တယ်…။ သူဌေးဖန်နဲ့လည်း အဆက်အသွယ် ရပြီး ဆက်ဆံရေး ကောင်း တည်ဆောက်နိုင်တယ်လေ…။ ဒီလို အရူးတွေကို အမြတ်မထုတ်ရင် ဘယ်သူ့ကို သွားပြီး အမြတ်ထုတ် ရမှာလဲ...။"
သို့သော် သူ စကားပြော၍ပင် မဆုံးသေးမီ ထွက်ခွာသွားပြီဖြစ်သော လျန်ထျန်းက ပြန်လည်ရောက်ရှိလာခဲ့သည်။
မဟုတ်ပေ၊ လျန်ထျန်းက တကယ်တော့ လုံးဝ ထွက်မသွားခဲ့ခြင်း ဖြစ်သည်။ သူသည် တံခါးနောက်တွင် ပုန်း ကွယ်နေခဲ့ခြင်းဖြစ်ပြီး ယခုလေးတင် ပြောဆိုခဲ့သမျှ အားလုံးကို ကြားသိခဲ့ရလေသည်။
ထို့နောက် အခြားသော စီအီးအိုများ၏ ကြောက်ရွံ့နေသော အကြည့်များကြားတွင် သူက ယခုလေးတင် 'အကြံ ကောင်း' ပေးခဲ့သော သူကို အေးစက်စွာ ပြောဆိုလိုက်သည်။
"မြေကွက်တွေနဲ့ ရန်ပုံငွေတွေကို ပြန်ပေးပြီး မင်း ဒေဝါလီခံလိုက်တော့...။"