← Chapters

ကျိုးဖန်နှင့် တုန်းဝမ်ရှန်း

Vol. 7 Ch. 95

ကျိုးဖန်နှင့် တုန်းဝမ်ရှန်း

Vol. 7 Ch. 95

အခန်း (၉၅) ကျိုးဖန်နှင့် တုန်းဝမ်ရှန်း

ငရဲကြက်နက်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပြီး လီချင်းဇဲ့ကို ဟန်ကျွယ်စကားအတိုင်း ပြန်ပြောလိုက်ပါတယ်။ လီချင်းဇဲ့ဟာ ခေါင်းရှုပ်ပြီး စိုးရိမ်သွားပေမဲ့လည်း ဟန်ကျွယ်က ဒီလိုပြောတဲ့အတွက် သူ့ခံစားချက်တွေကို ဖိနှိပ်ပြီး ဝီရိယတောင်က ထွက်သွားပါတယ်။

ငရဲကြက်နက်ဟာ ဖူစန်းသစ်ပင်ဆီ ပြန်သွားပါတယ်။ မုရုံချီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာကြက်... အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ”

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ အရံအတားကို အဆင့်မြင့်ထားတာမို့ နတ်အာရုံဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ မဝင်ရောက်နိုင်ပါဘူး။

ငရဲကြက်နက်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဆရာကြက် ပြောထားတယ်မလား၊ ကိုယ့်ဘာသာ ကြိုးစား ကျင့်ကြံစမ်းပါ၊ နောက်ကျလို့ စွမ်းအားကြီးတဲ့ ရန်သူနဲ့ တွေ့လို့ထွက်ပြေးရရင် မင်းကျင့်ကြံမှုက နိမ့်နေမယ်ဆိုရင် ငါတို့က ထားပစ်ခဲ့မှာနော်”

မုရုံချီဟာ မှင်သက်သွားပါတယ်။

ရွှင်ချန်အန်းဟာ ခေါင်းခါလိုက်ပါတယ်။ ဒီထွက်ပြေးမဲ့အကြောင်းကို ငရဲကြက်နက် ပြောတာ ခဏခဏမို့ ရွှင်ချန်အန်းဟာ အံတိုနေပါပြီ။

ကျင့်ကြံခြင်းလိုဏ်ဂူထဲ၌။

ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးရဲ့ သိုလှောင်လက်စွပ်တွေကို စစ်ဆေးလိုက်ပါတယ်။ ခိုက်မင်မွန်းစတားအိုကြီးဆီမှာ သိုလှောင်လက်စွပ်လေးကွင်းရှိပြီး အသွင်မဲ့ဂိုဏ်းချုပ်ဖြစ်တာကြောင့် တော်တော်လေး ချမ်းသာပါတယ်။ ဟန်ကျွယ်ဟာ သိုလှောင်လက်စွပ်ထဲက ရင်းမြစ်တွေကို ရေတွက်ရင်း သားရေကျလုနီးနီး ဖြစ်သွားပါတယ်။

ခိုက်မင်မွန်းစတားအိုကြီးရဲ့ သိုလှောင်လက်စွပ်လေးကွင်းထဲမှာရှိတဲ့ ရတနာတွေနဲ့ ရင်းမြစ်တွေဟာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့တောင် လုံလောက်ပါတယ်။ ဟန်ကျွယ်သာ ဒီရတနာတွေကို ယွီဂျင်ဂိုဏ်းဆီအပ်လိုက်မယ်ဆိုရင် ယွီဂျင်ဂိုဏ်းရဲ့အင်အားက မိုးပေါ်ထိုးတက်သွားမှာပါ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ အဲဒီလောက်ကြီး သူများအကျိုး ကြည့်တဲ့သူ မဟုတ်ပါဘူး ‘ဒါတွေအကုန်လုံးက ငါ့ဟာပဲ’ အတန်ကြာရှာဖွေပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ ရုတ်တရက် တိုကင်တစ်ခုကို‌ တွေ့သွားပါတယ်။ တိုကင်ပေါ်မှာ “ကောင်းကင်အမတ” ဆိုပြီး ထွင်းထားပါတယ်။ ဒီကောင်းကင်အမတတိုကင်အပြင် ကောင်းကင်စံအိမ်က စာတစ်စောင်လည်း ရှိနေပါသေးတယ်။

စာထဲမှာရေးထားတာက ဒီကောင်းကင်အမတတိုကင်ကို အသုံးပြုပြီး ကောင်းကင်စံအိမ်ကိုဝင်ဖို့ စာရင်းသွင်းနိုင်ပါတယ်။ ဒါပေမဲ့ ကောင်းကင်စံအိမ်ကို ဝင်နိုင်မဝင်နိုင်ကတော့ စာရင်းသွင်းသူရဲ့ စွမ်းရည်ပေါ်ပဲ မူတည်ပါတယ်။ ကောင်းကင်စံအိမ်ဟာ ကျင့်ကြံမှုကို ဘယ်တုန်းကမှ မကြည့်ပါဘူး။ သူတို့ကြည့်တာက စွမ်းရည်ဘယ်လောက်ရှိတယ်ဆိုတာကိုပါ။

ကောင်းကင်အမတတိုကင်ထဲကို စိတ်ဝိညာဉ်ချီ သွတ်သွင်းလိုက်မယ်ဆိုရင် ဒီတိုကင်က စာရင်းသွင်းမဲ့သူဟာ ကောင်းကင်စံအိမ်ဆီ ခေါ်သွားပါတယ်။ စာရင်းသွင်းမဲ့သူက ကောင်းကင်စံအိမ်ကို ရှာတွေ့သွားတာနဲ့ ဒီတိုကင်က ပျောက်ကွယ်သွားမှာပါ။

ဆိုလိုချင်တာကတော့ ဟန်ကျွယ် ရရှိထားတဲ့ ကောင်းကင်အမတတိုကင်ဟာ အခုထိ အသုံးမပြုရသေးပါဘူး။

ကောင်းကင်အမတတိုကင်အပြင် ခိုက်မင်မွန်းစတားအိုကြီးဆီမှာ ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူတွေအတွက် ဆေးလုံးတွေ ရှိနေပါတယ်။ ဒီဟာကြောင့် ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားပြီး ခိုက်မင်မွန်းစတားအိုကြီးကို ချီးကျူးလိုက်ပါတယ် ‘ဒီအဘိုးကြီး မဆိုးဘူးပဲ’

ရင်းမြစ်တွေ ရေတွက်ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ သူ့ဝိညာဉ်ကို ခွဲထုတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ် ဖန်တီးတဲ့ နည်းလမ်းကို အသုံးပြုပြီး သူ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ခိုက်မင်မွန်းစတားအိုကြီးရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပြီး ထိန်းချုပ်လိုက်ပါတယ်။

သတိကြီးလွန်းတဲ့ ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးရဲ့ သေဆုံးမှုကို အာရုံလွှဲဖို့ ဆုံးဖြတ်ုလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသွင်မဲ့ဂိုဏ်းကို မကြောက်ပေမဲ့ အသွင်မဲ့ဂိုဏ်းနောက်မှာ နောက်ခံရှိနေမှာကို စိုးရိမ်နေပါတယ်။

…

ခုနစ်ရက်ကြာပြီးနောက် ခိုက်မင်မွန်းစတားအိုကြီးဟာ ဝီရိယတောင်ကနေ ထွက်လာပါတယ်။ ဂိုဏ်းချုပ်လီချင်းဇဲ့နဲ့ တစ်ခြားအကြီးအကဲ ဒါဇင်ကျော်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို လိုက်ပို့ပါတယ်။ ဒီကိစ္စက ယွီဂျင်ဂိုဏ်းတပည့်တွေကြားမှာ ပြောစရာတစ်ခု ဖြစ်သွားပါတယ်။

ကျင့်ကြံခြင်းလောကမှာ အသွင်မဲ့ဂိုဏ်းက နာမည်အကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်ပါတယ်။ အသွင်မဲ့ဂိုဏ်းဟာ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို လုံးဝအနိုင်ပိုင်းခဲ့တဲ့အတွက် အသွင်မဲ့ဂိုဏ်းဆိုတဲ့ နာမည်က ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ သူတို့တွေရဲ့ မျက်လုံးထဲမှာ ယွီဂျင်ဂိုဏ်းနဲ့ အသွင်မဲ့ဂိုဏ်းက အင်အားအတော်လေး ကွာခြားနေပါသေးတယ်။

လီချင်းဇဲ့က အသွင်မဲ့ဂိုဏ်းဟာ ယွီဂျင်ဂိုဏ်းနဲ့ မိတ်ဂိုဏ်းဖြစ်လာမဲ့အကြောင်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်မဲ့အကြောင်း လူသိရှင်ကြား ကြော်ငြာလိုက်ပါတယ်။ ဒီသတင်းဟာ ရန်ဒေသတစ်ခုလုံးကို အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဂိုဏ်းတွေကြားမှာ ပြောစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ယွီဂျင်ဂိုဏ်းကနေ ထွက်ခွာလာပြီးနောက်မှာ ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို ကျပန်းအရပ်မျက်နှာဆီ ပျံသန်းဖို့ ထိန်းချုပ်လိုက်ပါတယ်။ ခိုက်မင်မွန်းစတားအိုကြီးဟာ ရှေ့ကို လျင်မြန်စွာ ပျံသန်းနေပါတဘ်။

ခိုက်မင်မွန်းစတားအိုကြီးဆီမှာ ဟန်ကျွယ် ချန်ထားခဲ့တဲ့ ဝိညာဉ်အပိုင်းအစက အများဆုံးတစ်လပဲ ခံမှာပါ။ သူ့ဝိညာဉ်အပိုင်းအစ မပျောက်ကွယ်ခင် ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးရဲ့ သေဆုံးမှုကို ယွီဂျင်ဂိုဏ်းနဲ့ ဘာမှမသတ်အောင် လုပ်ဆောင်ရပါလိမ့်မယ်။

ပြန်တွေးကြည့်မယ်ဆိုရင် အခုအချိန်မှာ ဟန်ကျွယ်ဟာ ရန်သူမရှိတော့ပါဘူး။ ပြဒါးငှက်က အထက်ဘုံမှာ ရှိနေပြီး နတ်ဆိုးနိုင်ဂိုဏ်းကလည်း မြောက်ပိုင်းဒေသမှာပါ။ ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးရဲ့ သေဆုံးမှုကို ဘယ်သူဆီ လွှဲချရမလဲမသိ ဖြစ်သွားပါတယ်။ နောက်ဆုံး စဉ်းစားမရရင်တော့ နတ်ဆိုးတွေဆီ လွှဲချလိုက်ရုံပါပဲ။

နှစ်ရက်ကြာတဲ့အခါမှာတော့ ခိုက်မင်မွန်းစတားအိုကြီးဟာ ရန်ဒေသကနေ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို တိကျသေချာတဲ့ ဦးတည်ချက်မထားဘဲ ရှေ့ကိုဆက်တိုက် သွားခိုင်းပါတယ်။

လမ်းတစ်လျှောက်မှာ ဂိုဏ်းအများကြီးနဲ့ တွေ့ခဲ့ရပေမဲ့ ဒီဂိုဏ်းတွေက အင်အားနည်းလွန်းပါတယ်။ အသွင်မဲ့ဂိုဏ်းရဲ့ ကလဲ့စားချေမှုကို တစ်စက္ကန့်တောင် တောင်ခံနိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ အသွင်မဲ့ဂိုဏ်းရဲ့ ကလဲ့စားချေမှုကို တောင့်ခံနိုင်တဲ့ အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းကို လိုအပ်နေပါတယ်။ ဒီလိုဂိုဏ်းမျိုးက ရန်ဒေသမှာမရှိပေမဲ့ တစ်ခြားဒေသတွေမှာ မရှိနိုင်ဘူးလို့ ပြောလို့မရပါဘူး။

ဟန်ကျွယ်ဟာ ဒီဘဝမှာ ယွီဂျင်ဂိုဏ်းကနေ ဘယ်တုန်းကမှ ထွက်မသွားတာကြောင့် တစ်ခြားဒေသတွေအကြောင်း အများကြီးမသိပါဘူး။ အဲဒါကြောင့် ခိုက်မင်မွန်းစတားအိုကြီးကို ရန်ဒေသနဲ့ ဝေးနိုင်သမျှဝေးဝေးသွားအောင် ထိန်းချုပ်လိုက်ပါတယ်။

တုန်းဝမ်ရှန်းကတော့ ပြဿနာတက်နေပါပြီ။

ခိုက်မင်မွန်းစတားအိုကြီးဟာ ယွီဂျင်ဂိုဏ်းထဲ မဝင်ခင်မှာ သူ့တပည့်တုန်းဝမ်ရှန်းက ပြဿနာရှာမှာစိုးတဲ့အတွက် ယွီဂျင်ဂိုဏ်းအပြင်မှာ ထားခဲ့ပါတယ်။ ခိုက်မင်မွန်းစတားအိုကြီး ယွီဂျင်ဂိုဏ်းက ထွက်သွားတော့ တုန်းဝမ်ရှန်းကလည်း နောက်ကလိုက်ပါတယ်။

ခိုက်မင်မွန်းစတားအိုကြီးဟာ အလွန်လျင်မြန်စွာ သေဆုံးသွားတာကြောင့် သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို အသုံးပြုချိန်မရလိုက်ပါဘူး။ ဟန်ကျွယ်ဟာ ဒီစွမ်းအားကို ထိန်းချုပ်ပြီး ခိုက်မင်မွန်းစတားအိုကြီးကို အလွန်လျင်မြန်စွာ ပျံသန်းစေတဲ့အတွက် တုန်းဝမ်ရှန်းဟာ နောက်မှာပြတ်ကျန်နေခဲ့ပါတယ်။

“ဆရာသခင်က ရူးများရူးသွားတာလား” တုန်းဝမ်ရှန်းဟာ ဓားစီးပျံသန်းနေရင်းက မျက်‌မှောင်ကြုတ်လိုက်ပါတယ်။ ဆရာတပည့်နှစ်ယောက်ကြားက အကွာအဝေးဟာ တဖြည်းဖြည်း ဝေးကွာလာတာကြောင့် တုန်းဝမ်ရှန်းဟာ သူ့ဆရာသခင် ဘယ်ဘက်သွားလဲဆိုတာကို တွက်ချက်ပြီးမှ လိုက်နိုင်ပါတော့တယ်။

တုန်းဝမ်ရှန်းနဲ့ မျက်နှာချင်းဆိုင်မှာ လူရိပ်နှစ်ရိပ် ပေါ်လာပါတယ်။ ဒီလူရိပ်နှစ်ရိပ်ကတော့ ကျိုးဖန်နဲ့ မော့ဖူချိုပဲ ဖြစ်ပါတယ်။

သူတို့သုံးဦးဟာ အချင်းချင်း ဖြတ်ကျော်သွားပြီးမှ အကြောင်းအရင်းတစ်ချို့ကြောင့် ကျိုးဖန်နဲ့ တုန်းဝမ်ရှန်းဟာ တစ်ပြိုင်နည်တည်းလိုလို ခေါင်းလှည့်ကြည့်လိုက်ကြပါတယ်။ ကျိုးဖန်နဲ့ တုန်းဝမ်ရှန်း အကြည့်ချင်းဆုံသွားတဲ့အခါမှာ သဘာဝရန်သူကို တွေ့လိုက်ရသလိုမျိုး နှစ်ယောက်စလုံး ရင်ထဲတလှပ်လှပ် ဖြစ်သွားပါတယ်။

‘ဒီလူက ဘယ်သူလဲ’ ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

တုန်းဝမ်ရှန်းကလည်း သူ့ကိုယ်သူ ရေရွတ်လိုက်ပါတယ် “ဒီကောင်းလေးက ဘယ်သူလဲ၊ ငါဘာလို့ သူ့ကို မြင်မြင်ချင်း မုန်းတီးနေရတာလဲ”

ဒါပေမဲ့ သူတို့နှစ်ဦးဟာ အဲဒီနေရာမှာ ကြာကြာဆက်မနေဘဲ ကိုယ့်ခရီးကိုယ်ဆက်ကြပါတယ်။

ကျိုးဖန်ဟာ မော့ဖူချိုကိုကြည့်ပြီး ပြောလိုက်ပါတယ် “ခုနကလူကို မြင်လိုက်ရတာ လုံးဝအဆင်မပြေဘူး၊ သူသာ စွမ်းအားမကြီးဘူးဆိုရင် ငါ သူ့ကို ရှင်းပစ်လိုက်ပြီ”

မော့ဖူချိုဟာ ဆွံအသွားပြီး မပျော်မရွှင် ပြောလိုက်ပါတယ် “မင်း မရပ်နိုင်သေးဘူးလား၊ မင်းကြောင့် ငါ ဘယ်လောက်ထိ ဒုက္ခခံရပြီးပြီလဲ၊ အခု ငါတို့က ယွီဂျင်ဂိုဏ်းကို ပြန်နေတာ၊ ထပ်ပြီး ပြဿနာမရှာပါတော့နဲ့လား”

ကျိုးဖန်ဟာ တဟားဟား ရယ်မောလိုက်ပါတယ် “ငါသိပါတယ်၊ သူတို့တွေ ငါတို့နှစ်ယောက်ကိုမြင်ရင် ဘယ်လိုနေမလဲမသိဘူး၊ အထူးသဖြင့် ဟန်ကျွယ်မျက်နှာပဲ”

မော့ဖူချိုဟာ ခေါင်းခါလိုက်ပါတယ် ‘တအံတဩ ဖြစ်ရမဲ့လူက ဟန်ကျွယ် မဟုတ်ဘဲ ငါတို့နှစ်ယောက်ဖြစ်ဖို့ များတယ်’

အခုလက်ရှိ ကျိုးဖန်ဟာ တော်တော်လေး ဘဝမြင့်နေပါတယ်။ ဘဝမြင့်လည်း မြင့်ချင်စရာပါ။ ကျိုးဖန်ဟာ မကြာသေးခင်ကမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပါတယ်။

ကျိုးဖန်ဟာ ဟန်ကျွယ်က နတ်သတ်အကြီးအကဲ ဖြစ်နေရင်တောင် သူ့ကျင့်ကြံမှုက ဒီနှစ်တွေမှာ အများကြီး မတိုးတက်လောက်ဘူးလို့ ယုံကြည်ထားပါတယ်။

ရန်ဒေသရဲ့ စိတ်ဝိညာဉ်ချီက အတော်လေး အားနည်းပါတယ်။ တစ်ခြားဒေသတွေရဲ့ စိတ်ဝိညာဉ်ချီနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။ တစ်ခြားဒေသက စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတွေဟာ နှစ်တစ်ရာအတွင်းမှာ အဆင့်လေးတစ်ဆင့်တောင် မတက်နိုင်ပါဘူး။ ဒါကြောင့်လည်း ရန်ဒေသမှာနေတဲ့ ဟန်ကျွယ်က အဆင့်မတက်နိုင်ဘူးလို့ ကျိုးဖန်တစ်ယောက် ယုံကြည်ထားပါတယ်။

…

လဝက်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို ထိန်းချုပ်ပြီး အလွန်နက်ရှိုင်းတဲ့ တောတောင်ထဲ ခေါ်သွားပါတယ်။ ဒီနေရာရဲ့ မိုင်တစ်ထောင်ပတ်လည်မှာ လူအရိပ်အယောင် လုံးဝမရှိပါဘူး။

ခိုက်မင်မွန်းစတားအိုကြီးဟာ ရှေ့ကို ဆက်လျှောက်နေပါတယ်။ ခိုက်မင်မွန်းစတားအိုကြီးဟာ သူ့ရဲ့ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း သတ္တမအဆင့် ရောင်ဝါကို မသိမ်းဆည်းထားတာကြောင့် လမ်းတစ်လျှောက် သားရဲတွေအကုန်လုံးဟာ ကြောက်လန့်တကြား ထွက်ပြေးကြပါတယ်။

ဟန်ကျွယ်ဟာ အချိန်ကျပြီလို့ ‌ခံစားရတဲ့အအတွက် ခိုက်မင်မွန်းစတားအိုကြီးကို ပစ်ထားခဲ့ဖို့ နေရာတစ်ခုရှာပါတယ်။ အသွင်မဲ့ဂိုဏ်းက စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ဦးဦးက ဒီနေရာအထိ ကျိန်းသေပေါက် ခြေရာခံလိုက်နိုင်မှာပါ။

ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးကို သစ်ပင်အောက်မှာ ထိုင်ခိုင်းလိုက်ပြီး ပင်စည်မှာ စာလုံးတစ်လုံး ကောက်ထွင်းလိုက်ပါတယ်။

“နတ်ဆိုး”

အသွင်မဲ့ဂိုဏ်းက တစ်ယောက်ယောက်သာ ဒီစာလုံးကိုမြင်ရင် သူတို့ရန်သူကို တစ်လွဲတွေးထင်မိမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

ဒါတွေအကုန်လုံး လုပ်ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ သူ့ဝိညာဉ်အပိုင်းအစနဲ့ ဆက်နွှယ်မှုကို ဖြတ်တောက်လိုက်တဲ့အတွက် ဟန်ကျွယ်ရဲ့ ဝိညာဉ်အပိုင်းအစဟာ အလွန်လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်သွားပါတယ်။ ခိုက်မင်မွန်းစတားအိုကြီးကတော့ သစ်ပင်အောက်မှာ ထိုင်နေပြီး ခေါင်းစိုက်ချနေပါတယ်။ သူ့လက်နှစ်ဖက်ကလည်း မြေကြီးပေါ်ကျနေပြီး အသက်လုံးဝမရှိတော့ပါဘူး။

သူ့သတိတရားက ကျင့်ကြံခြင်းလိုဏ်ဂူဆီ ပြန်ရောက်လာတဲ့အခါမှာ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဒီလောက်ဆို ရလောက်ပြီထင်တယ်’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ပြဒါးငှက်ကို အရင်ဆုံး ကျိန်စာတိုက်ပါတယ်။

လေးငါးဆယ်ရက် ကြာပြီးနောက်။

ပျင်းရိလာတဲ့ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကိုဖွင့်ပြီး စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် မိုင်တစ်ထောင်ပတ်လည် ကျတ်တီးမြေ ဖြစ်သွား၏။]

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးဘုရင် ဖြစ်လာပါပြီ။]

[သင့်မိတ်ဆွေကောင်း ချန်ယွီအာသည် ရှေးဟောင်းကျင့်စဉ်တစ်ခုကို ကံအားလျော်စွာ ရရှိခဲ့သည်။]

[သင့်မိတ်ဆွေကောင်း တာအိုသခင်ကျိုးတီသည် ဂိုဏ်းဝင်ရောင်းရင်းများ၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးဘုရင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃

[သင့်မိတ်ဆွေကောင်း မော့ကျူသည် သူမ၏နတ်ဆိုးဝိညာဉ်ကို နိုးထစေခဲ့သောကြောင့် နတ်ဆိုးလမ်းစဉ်ထဲသို့ ကျဆင်းသွားပြီဖြစ်သည်။ သူမ၏ သတ်ဖြတ်ငွေ့လည်း ပိုမိုသိပ်သည်းလာ၏။]

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးဘုရင်ကို ဝါးမြိုခဲ့၍ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။]

…

ဟန်ကျွယ်ရဲ့အကြည့်ဟာ မော့ကျူရဲ့ အချက်အလက်ဆီ ရောက်သွားပါတယ်။

‘သူမရဲ့ နတ်ဆိုးဝိညာဉ် နိုးထသွားတာလား’

‘သူ ဘာဖြစ်သွားတာပါလိမ့်’

ဟန်ကျွယ်ဟာ မော့ကျူကို ဖမ်းချုပ်ထားတဲ့ နန်းတော်ကို စစ်ဆေးလိုက်တဲ့အခါမှာ မျက်နှာပျက်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters