← Chapters

သူငယ်ချင်းဟောင်း

Vol. 001 Ch. 43

သူငယ်ချင်းဟောင်း

Vol. 001 Ch. 43

ဝမ်လင်းရှေ့မှ ကင်းခြေများကြီးက ပေတစ်ရာခန့် ရှည်လျား၏။ ထို့ကြောင့် သူ့တွင်ရှိသည့် အဆိပ်သည် မခန့်မှန်းနိုင်လောက်သည့် အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သည်။ ငယ်စဉ်က တချို့ကလေးများသည် ကင်းခြေများများကို ဖမ်းပြီး ဆော့ကြသကဲ့သို့ တချို့ကလည်း ဖမ်းပြီး သူတို့၏ ကြက်များအတွက် အစာအဖြစ် ကျွေးကြသည်။

တစ်ခါတစ်ရံတွင်လည်း သူတို့သည် ကင်းခြေများ ကိုက်တာခံရ၏။ သို့သော်လည်း သူတို့အားလုံးက ဒဏ်ရာကို ရေအနည်းငယ်ဖြင့် ဆေးကြောလိုက်ရုံသာ လိုအပ်သည်။ အဆိုးဆုံး ဖြစ်လျှင်တောင် အိပ်ရာထဲတွင် ရက်အနည်းငယ်ခန့် လဲလျောင်း နေရုံမျှဖြင့် သက်သာပျောက်ကင်း သွားတတ်ကြ၏။

သူက အဆိပ်အတွက် ကင်းခြေများများကို စုဆောင်းခဲ့သည့် အချိန်တစ်ချိန်တောင် ရှိခဲ့ဖူးသည်။ ကင်းခြေများ၏ အဆိပ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုလျှင် အအေးဓာတ်ကို ကုသပေးနိုင်သည်ဟု ရွာမှဆေးဆရာက ပြောခဲ့သောကြောင့် ဖြစ်၏။ ထိုအချိန်က သူ့အဖေသည် အလုပ်အတွက် သစ်သားများကို ဝယ်ရန် မတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် တောင်ပေါ်တက်၍ ဝမ်လင်း၏ အဖေကိုယ်တိုင် သစ်ခုတ်ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့အဖေ၏ ကိုယ်ထဲသို့ လေအေးများ ဝင်ရောက်သွား၏။ ထိုအဖြစ်က သူ့အဖေ၏ ဘဝကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် ဆေးဆရာက ကင်းခြေများ အဆိပ်ပါဝင်သော ဆေးကို ဖော်စပ်ပေးခဲ့၏။

သူ့အဖေ၏ အအေးဒဏ်ရာက သက်သာ သွားသော်လည်း အအေးဓာတ်က သူ့အဖေ၏ ကိုယ်ထဲတွင် အမြစ်တွယ် ကျန်ရစ်နေခဲ့သည်။ မိုးရွာသည့် အချိန်တိုင်း သူ့အဖေက နာကျင်မှုကို တော်တော်လေး ခံစားရ၏။ ဆေးဆရာ ပေးခဲ့သော ဆေးက နာကျင်မှုကိုလည်း သက်သာစေသောကြောင့် ဝမ်လင်းက ကင်းခြေများ အများကြီးကို သူ့အဖေအတွက် ဖမ်းခဲ့ရသည်။

ယခုအချိန်အထိ ထိုအကြောင်းများကို ဝမ်လင်းက မှတ်မိနေဆဲ ဖြစ်၏။

ပေ၁၀၀ခန့် ရှည်လျားသော ကင်းခြေများကို ကြည့်ပြီး ဝမ်လင်းက မေးစေ့ကို ပွတ်လိုက်သည်။ သေးငယ်သော ကင်းခြေများများက သူ့အဖေ၏ အအေးဓာတ်ကို သက်သာစေလျှင် သည်ကင်းခြေများ၏ အဆိပ်က သူ့အဖေ၏ ကိုယ်ထဲတွင် အမြစ်တွယ်နေသော ရောဂါကို တစ်ခါတည်း သက်သာကောင်း သက်သာ စေလိမ့်မည်။

သို့သော်လည်း သူ့ရှေ့မှ ကင်းခြေများက အလွန် ကြီးမားနေသည်။ ဝမ်လင်း ကြောက်သည်က အဆိပ် ထုတ်ယူရန် ကြိုးပမ်းနေစဉ် အဆိပ်မရဘဲ သူ့အား ထိခိုက်မိမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်၏။

ရုတ်တရက် ဝမ်လင်းက ကင်းခြေများကြီး၏ အဆိပ်ကို ရယူနိုင်သည့် နည်းလမ်း တစ်ခုကို သတိရလိုက်သည်။ ထိုနည်းလမ်းက မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာခြင်း ဖြစ်၏။ ကင်းခြေ များကြီးကို ကျွေးရန် ဆေးလုံးတစ်လုံး ပြုလုပ်ရန် ဖြစ်သည်။ ထိုဆေးလုံးကို ကင်းခြေများကြီး စားလိုက်သည်နှင့် အဆိပ်များကို ထွေးထုတ်ပစ်လိမ့်မည်။

ထိုအကြောင်းကို တွေးပြီးနောက် ကင်းခြေများကြီးကို ကြည့်လိုက်ပြီး ဆေးဝါးအဆောင်ဆီသို့ ဦးတည်၍ လမ်းလျှောက်သွား၏။ ဆေးဝါးအဆောင်သည် ဂိုဏ်းထဲတွင် ပစ္စည်းအများဆုံး ရှိသည့်နေရာ ဖြစ်သည်။ သူက ဝမ်ဟိုကို မမြင်ရသည်မှာ လေးနှစ်ကျော် နေလေပြီ။ သူ့ကိုလည်း ဘယ်လို အခြေအနေ ရှိလဲဆိုသည်ကို ကြည့်သွားရပေမည်။

ဝမ်လင်း ဆေးဝါးအဆောင်သို့ ရောက်ချိန်တွင် မှောင်နေလေပြီ။ ဝမ်ဟိုကို တံခါးဘေးတွင် ဂရုတစိုက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ဟိုက ဝမ်လင်းအား မြင်သောအခါ တိတ်တိတ်နေရန် လက်ဟန် ခြေဟန်ဖြင့် လုပ်ပြပြီး အပြင်ဘက်သို့ ထွက်သွားရန် အချက်ပြလိုက်၏။

ဝမ်လင်း မှင်တက်သွားပြီး နတ်ဘုရား စိတ်အာရုံကို ထုတ်လွှတ်လိုက်ရာ အကြီးအကဲ ၃ယောက်က ဆေးမီးဖိုကို အလွန် အရေးကြီးသည့် အမူအရာဖြင့် စူးစိုက်ကြည့် နေကြသည်ကို တွေလိုက်ရသည်။

ခဏလောက် လျှောက်ပြီးနောက် ဝမ်လင်းသည် သူ့နောက်က တိတ်ဆိတ်စွာ လိုက်လာသည်ကို တွေ့လိုက်ရ၏။ သူက ဝမ်လင်းကို ဆွဲခေါ်ပြီး ပြေးထွက် သွားလိုက်သည်။ တော်တော်ဝေးဝေးကို ပြေးပြီးနောက် သူက စိတ်ပေါ့ပါးသွားဟန်ဖြင့် လေကို မှုတ်ထုတ် လိုက်၏။

ဝမ်ဟိုက ဆေးဝါးဆောင်ကို သတိနှင့် ကြည့်ပြီး လျင်မြန်စွာ မေးလိုက်သည်။ သူ့အကြည့်တွင် မျှော်လင့်ချက် အရောင်များ လက်နေ၏ ... “ဝမ်လင်း ... ငါ ကြားတာ လွန့်ခဲ့တဲ့၄နှစ်က မင်း လေ့ကျင့်ခန်းထဲ ပါသွားတယ်ဆို ... အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ ... ”

“တတိယအလွှာ ... ဒါက ... “ ဝမ်လင်းက ဝမ်ဟိုကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ဝမ်ဟိုလည်း ပထမအလွှာသို့ ရောက်ပြီး နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက အလွန် ထူးဆန်းနေသည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ကောင်းကောင်းမွန်မွန် လှည့်ပတ်မနေဘဲ ထူးဆန်းသည့် လမ်းကြောင်းဖြင့် လှည့်ပတ်နေ၏။

ဝမ်ဟို၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ် သွားတိုင်း စွမ်းအင်များသည် ဝမ်ဟို၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ အသက် အဆီအနှစ်များကို စုပ်ယူသွား၏။

မကြာမီတွင် ဝမ်ဟို၏ အသက်အဆီအနှစ်များ ကုန်ဆုံးသွားပြီး သေဆုံးသွားမည်ကို ဝမ်လင်း စိုးရိမ်မိသည်။

ဝမ်ဟိုက ခါးသက်သက် ပြုံးပြီး‌ ပြောလိုက်၏ ... “မင်းကို ဒါကို မြင်တယ်ပေါ့ ... ”

ဝမ်လင်းက ခေါင်းညိတ်ပြီး ပြောသည် ... “ဝမ်ဟို ငါ့ကို ပြောပြစမ်းပါ ... ဒါဘာလဲ ... ”

ဝမ်ဟိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကြိတ်ကာ ပြောလိုက်၏ ... “ငါတို့တွေ လဲလှယ်ပွဲကနေ ပြန်လာပြီးတဲ့ နောက်မှာ အခြေခံ တည်ဆောက်ရေး ဆေးလုံးကို ရအောင် မစွမ်းဆောင်နိုင်ခဲ့လို့ ငါ အမြဲ နောင်တရနေခဲ့တယ် ... နောက်ပိုင်းမှာ ဆရာလုယွင်ကျဲက ငါ့ကို အခြေခံတည်ဆောက်ရေး ဆေးလုံးတစ်လုံး ပေးခဲ့တယ် ... သူ့ရဲ့ ဆေးဝါးအကူ အဖြစ်နဲ့ ပြန်ပြီး ပေးဆပ်ရမယ်တဲ့ ... အဲဒီအချိန်မှာ ငါလည်း အရမ်းကို အံ့ဩနေတာ ... သူက ငါ့ကို ကျင့်စဉ်တစ်ခု ထပ်ပေးပြီး ပြောတယ် ... ဒီကျင့်စဉ်က ဂိုဏ်းကပေးတဲ့ ကျင့်စဉ်ထက် ကောင်းတယ်တဲ့ ... ငါကလည်း အဲ့ကျင့်စဉ်နဲ့ ပတ်သက်ပြီး အများကြီး မတွေးခဲ့ဘူး ... ဒါနဲ့ပဲ အဲ့ကျင့်စဉ်ကို ကျင့်ခဲ့တယ် ... ”

ဝမ်လင်းက သက်ပြင်း ရှည်ကြီးချပြီး မေးလိုက်သည် ... “ဘယ်ကျင့်စဉ်လဲ ... ငါ့ကို ပြစမ်းပါဦး ... “

ဝမ်ဟိုက စာအုပ်လေးတစ်အုပ်ကို ထုတ်ယူကာ ဝမ်လင်းကို ပေးလိုက်ပြီး ပြောလိုက်၏ ... “ငါ ဒါကို ၂နှစ်လောက် လေ့ကျင့်ပြီးသွားတဲ့ အချိန်မှာ ငါ့ကိုယ်က တဖြည်းဖြည်း အားနည်းလာတယ် ... ငါ့ကိုယ်ထဲမှာ စွမ်းအင်တွေကို စုစည်းနိုင်ပေမဲ့လည်း အသုံးပြုလို့ မရဘူး ... နောက်ပိုင်းမှာ တပည့်တစ်ယောက်ကို လာဘ်ထိုးပြီး ဒီစာအုပ်ကို ကြည့်ပေးခိုင်းတော့ ဆရာပေးလိုက်တဲ့ ကျင့်စဉ် နည်းလမ်းက မီးပြင်းဖို စမ်းသပ်ခြင်းလို့ခေါ်တယ် ... ”

ဝမ်လင်းက စာအုပ်ကို လှန်ပြီး ဖတ်ကြည့် လိုက်သည်။ သူ ပိုပြီး ဖတ်လေ ပိုပြီး အံ့ဩလာလေ ဖြစ်၏။ သည်စာအုပ်က ဝမ်လင်းထံတွင် ရှိသည့် ကီစုစည်းခြင်း၏ အလွှာ၃လွှာ စာအုပ်နှင့် လုံးဝကို မတူညီချေ။ စိတ်စွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်ရမည့်အစား လှည့်ပတ်နေသော အခွေတစ်ခု အဖြစ်သို့ စိတ်စွမ်းအင်ကို စုဆောင်းရမည် ဖြစ်သည်။ ထိုအခွေက ကြီးမားကျယ်ပြန့် လာသည့်အခါ ခန္ဓာကိုယ်ကို အပြင်ဘက်မှ သန့်စင်ရန်အတွက် ကောင်းကင်နှင့် မြေကြီးမှ စိတ်စွမ်းအင်များကို စုပ်ယူနိုင်သည်။ ထိုအချက်က ကီစုစည်းခြင်းအဆင့်နှင့် တချို့တလေ ဆင်တူ၏။

ရှင်းအောင် ပြောရလျှင် ကီစုစည်းခြင်းက ခန္ဓာကိုယ်ကို အတွင်းဘက်မှ တဖြည်းဖြည်း သန့်စင်ပေးခြင်း ဖြစ်သည်။

တစ်ယောက်ယောက်က ကံကောင်းလျှင် ခန္ဓာကိုယ်ကို မပျက်စီးခင် လှည့်ပတ်နေသော အခွေက ခန္ဓာကိုယ် အပြင်ဘက်တွင် ဆက်လက် ကျယ်ပြန့်လာပြီး ကံမကောင်းလျှင် အခွေက ခန္ဓာကိုယ် အပြင်ဘက်တွင် ကျယ်ပြန့် မလာခင် ခန္ဓာကိုယ်က ဖျက်ဆီးခံရပေလိမ့်မည်။

ဝမ်ဟိုက အံကြိတ်ပြီး ပြောလိုက်သည် ... “ဂိုဏ်းရဲ့ မော်ကွန်းတိုက်တွေထဲမှာ မီးပြင်းဖို စမ်းသပ်ခြင်း ကျင့်စဉ်ကို ကူးထားတဲ့ မိတ္တူတွေ ရှိတယ် ... ဒီကျင့်စဉ်က ပျက်စီး ပျောက်ကွယ် သွားပြီးဖြစ်တဲ့ လုနိုင်ငံကနေ ရခဲ့တာပဲ ... ဒီကျင့်စဉ်ကို ကျင့်တဲ့၁၀ယောက်မှာ ၂ယောက်လောက်ကပဲ အသက်ရှင်လိမ့်မယ် ... ဒါကလည်း ကံပေါ် မူတည်တယ် ... ”

ဝမ်လင်းက အရေးကြီးသည့် မေးခွန်းကို မေးလိုက်၏ ... “ဒီလိုလုပ်တော့ လုယွင်ကျဲက ဘာရမှာလဲ ... ”

ဝမ်ဟို၏မျက်လုံးများက အေးစက်သွားပြီး ထိတ်လန့်စဖွယ် ပြောလိုက်သည် ... “သူက ငါ့ကို ဆေးမီးဖိုလိုမျိုး အသုံးပြုချင်နေတာ ... မော်ကွန်းတိုက်က တပည့်က ငါ့ကို ဒီအကြောင်းကိုလည်း ပြောပြခဲ့တယ် ... ဒီကျင့်စဉ်ကို ကျင့်တဲ့သူ တစ်ယောက် သေသွားတဲ့အချိန် အခိုက်အတန့်မှာ တိကျသေချာတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုမယ်ဆိုရင် လူရဲ့သက်တမ်းကို ၃နှစ်တိုးစေတဲ့ ဆေးကို ပြုလုပ်နိုင်လိမ့်မယ်တဲ့ ... ”

ဝမ်လင်းက ပင့်သက်ရှိုက် လိုက်ပြီး အကြီးအကဲ လုယွင်ကျဲသည် အလွန် ရက်စက်ကြောင်း တွေးနေသည်။

ဝမ်ဟိုက နာကြည်း မုန်းတီးနေသည့် အမူအရာနှင့် ဖြစ်၏။ သူက ကြမ်းတမ်းစွာ ပြောလိုက်သည် ... “ဂိုဏ်းခေါင်းဆောင်နဲ့ တခြားအကြီးအကဲတွေကို မပြောပြရဲ့ခဲ့ဘူး ... ငါက လုယွင်ကျဲရဲ့ ဆေးအကူ တစ်ယောက်ပဲလေ ... ဂိုဏ်းရဲ့ စည်းမျဉ်းတွေ အောက်မှာ ငါ့အသက်ဆိုတာ ဘာမှမဟုတ်ဘူး ... ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် သူ့ရဲ့ ဆေးအကူအဖြစ် လက်ခံခဲ့မှာ မဟုတ်ဘူး ... အခုမှတော့ ဒါတွေက နောက်ကျ လွန်းခဲ့ပြီ ... ငါက ဒီလျှို့ဝှက်ချက်ကို သိတာကို လုယွင်ကျဲ သိသွားခဲ့တော့ ငါ့မိဘတွေနဲ့ ငါ့ကို ခြိမ်းခြောက်ခဲ့တယ် ... အခုတော့ ငါ့ဘဝကို ငါ မပိုင်တော့ဘူး ... နေ့တိုင်း ကီစုစည်းခြင်း ဆေးတွေကို အသုံးပြုနေရတယ် ... ငါ့ကိုယ်ထဲက အခွေကလည်း တစ်ရက်ထက်တစ်ရက် ကြီးလာခဲ့တယ် ... ငါ့တွက်ကြည့် ရသလောက်ဆိုရင် ငါ အသက်ရှင်ဖို့ တစ်နှစ်လောက်ပဲ ကျန်တော့တယ် ... ”

***

All Chapters