← Chapters

အမတနတ်ဘုရားစွမ်းရည်၊ ကြီးမြတ်သော စပါးအုံးစိမ်း

Vol. 7 Ch. 97

အမတနတ်ဘုရားစွမ်းရည်၊ ကြီးမြတ်သော စပါးအုံးစိမ်း

Vol. 7 Ch. 97

အခန်း (၉၇) အမတနတ်ဘုရားစွမ်းရည်၊ ကြီးမြတ်သော စပါးအုံးစိမ်း

‘ဒီမြက်ပင်က ကံတရားအ‌ထောက်အပံ့ရှိတဲ့သူ ဖြစ်လာနိုင်တာလား’

‘ထူးဆန်းလိုက်တာ’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ မြက်ပင်ရဲ့ဇစ်မြစ်ကို စစ်ဆေးလိုက်ပါတယ်။

[မိုးမြေမြက်ပင်: လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းက သာမန်မြက်ပင်တစ်ပင်သာ ဖြစ်သည်။ ထို့နောက် အမတတစ်ဦးသည် သေမျိုးကမ္ဘာသို့ ဆင်းသက်လာပြီး မိုးမြေမြက်ပင်နား၌ တရားထိုင်ခဲ့၏။ နှစ်ပေါင်းတစ်ရာကြာ အမတချီ ဝန်းရံခံရပြီးနောက် အသွင်ပြောင်းလဲလာခဲ့သည်။ နှစ်ပေါင်းတစ်သောင်းအတွင်းတွင် မကြာခဏ ကပ်ဘေးများ၌ ရင်ဆိုင်ခဲ့ရ၏။ အကြိမ်တိုင်းတွင် မိုးမြေမြက်ပင်သည် မပျက်ဆီးခင်လေး၌ အမှုန့်အမွှားအဖြစ် ပြောင်းလဲလိုက်ပြီး‌ လောကတစ်ခွင် ပြန့်ကျဲလိုက်၏။ ထို့နောက် တစ်ဖန်ပြန်လည် ကြီးထွားလာ၏။ ဤမြက်ပင်သည် နတ်မြတ်ပင် သို့မဟုတ် အမတနတ်ဘုရား ဖြစ်လာနိုင်သော စွမ်းရည်ရှိ၏။]

‘အမတနတ်ဘုရား ကျင့်ကြံခြင်းစွမ်းရည်လား၊ ‌တော်တော်ကြောက်ဖို့ကောင်းတာပဲ’

ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ်။ နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်ခဲ့တာဖြစ်တဲ့အတွက် မိုးမြေမြက်ပင်ရဲ့ အသက်အားက ဘယ်လောက်ထိ အားကောင်းလဲဆိုတာကို သိနိုင်ပါတယ်။ ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ယူလိုက်ပြီး ရှင်းဟုန်ရွှမ်ကို ပြုံးပြလိုက်ပါတယ် “ငါ ဒီမြက်ပင်ကို ယူထားလိုက်မယ်၊ ဒီနှစ်တွေမှာ ဘယ်လိုနေလဲ”

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ထက် ပိုဝမ်းသာသွားပြီး ဒီနှစ်တွေမှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို စပြောပါတယ်။

ဒီနှစ်တွေမှာ ရှင်းဟုန်ရွှမ်ဟာ ဝတ္ထုက ဇာတ်လိုက်တစ်ယောက် ဖြစ်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ လောကအနှံ့ခြေဆန့်ပြီး မတရားမှုကိုတွေ့တဲ့အခါ နှိမ်နင်းပါတယ်။ လက်ဝဲကျင့်ကြံသူတွေကို နှိမ်နင်းပြီး ရှေးဟောင်းအုတ်ဂူတွေထဲ ဖောက်ဝင်၊ ရန်သူတွေကို လိုက်သတ်၊ နတ်ဆိုးနယ်မြေထဲ သွားသောင်းကျန်းခဲ့ပါတယ်။

ရှင်းဟုန်ရွှမ်ရဲ့ အတွေ့အကြုံကြောင့် ဟန်ကျွယ်ဟာ အပြင်ထွက်လောကကို ထွက်ကြည့်ချင်စိတ် ပေါက်သွားပါတယ်။

‘နေအုန်း’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ်။

‘ကောင်းကင်တာအိုက ငါ အပြင်ထွက်အောင် ဒီအမျိုးသမီးကို စီစဉ်လိုက်တာပဲ ဖြစ်ရမယ်’

‘ငါ နှစ် ၄၀၀ တောင် ဂူအောင်းကျင့်ကြံလာပြီးပြီပဲ၊ ဒီနှစ် ၄၀၀ မှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ ဘယ်လောက်တောင် သေဆုံးကုန်ပြီလဲ’

‘ကျိုးဖန်၊ ရန်ထျန်တုန်း၊ ပဋိပက္ခကောင်းကင်ခွေး၊ စုချီ... ဒီကောင်တွေ အချိန်တိုင်းလိုလို အတိုက်ခိုက်ခံရပြီး ဒဏ်ရာ ရရင်ရ မရရင် ထွက်ပြေးရတာချည်းပဲ၊ လီချင်းဇဲ့လည်း ဘာထူးလို့လဲ၊ အပြင်ထွက်ရင် အတိုက်ခိုက်ခံရတာချည်းပဲ၊ အခုယွီဂျင်ဂိုဏ်းထဲမှာ နေတော့မှပဲ ဒဏ်ရာမရတော့တာ’

“ရန်ဒေသက ထွက်ကြည့်မှပဲ ရေတွင်းထဲက ဖားသူငယ်ဖြစ်နေမှန်း သိလိုက်ရတယ်၊ အနောက်ဘက် အသူရာချောက်ဒေသကိုပဲ ဥပမာထားပြောရရင် ယွီဂျင်ဂိုဏ်းက အသူရာချောက်ဒေသမှ ဒုတိယတန်းစားဂိုဏ်းအဆင့်တောင် မဝင်ဘူး၊ ယွီဂျင်ဂိုဏ်းက ရန်ဒေသမှာ တန်ခိုးထွားလာတာကလည်း ယောက်ျားကြောင့်ပဲမလား၊ မဟုတ်ရင် ယွီဂျင်ဂိုဏ်းဆိုတာ ရှိတော့မှမဟုတ်ဘူး၊ ယောက်ျားက ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်းအယောက် ၁၀၀ စာရင်းထဲကို ကျိန်းသေဝင်တယ်၊ ဒီစာရင်းကြောင့် ကျင့်ကြံခြင်းလောကတစ်ခုလုံး ကမောက်ကမတွေ ဖြစ်ကုန်ပြီ”

ရှင်းဟုန်ရွှမ်ဟာ ပြောလေ စိတ်လှုပ်ရှားလေ ဖြစ်လာပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ အပြုအမူကို ကြည့်ပြီး တောသားတွေ မြို့ကြီးပြကြီးကနေ ပြန်လာတာကို သတိရလိုက်ပါတယ်။

‘ထိပ်တန်းအယောက် ၁၀၀ စာရင်း’

ဟန်ကျွယ်ဟာ ကျော်ကြားမှုကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ဂရုစိုက်တာက ကျင့်ကြံအားထုတ်မှုပါ။

ရှင်းဟုန်ရွှမ်ဟာ စကားပြောပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ သိုလှောင်လက်စွပ်ထဲကနေ သက်ရှည်ဆေးလုံးတွေ ထုတ်ယူလိုက်ပါတယ် “ဒါက မင်းအတွက်ပဲ၊ မင်းအရည်အချင်းက သာမန်ပဲဆိုတော့ အစောကြီးသေသွားမှာ ကြောက်ရတယ်”

ရှင်းဟုန်ရွှမ်ဟာ မျက်လုံးပင့်ပြီး ပြောလိုက်ပါတယ် “ယောက်ျားက ကျွန်မကို နောက်ပြန်ပြီ”

“ငါအတည်ပြောနေတာ”

“ကျွန်မအတွက် မစိုးရိမ်ပါနဲ့၊ ကျွန်မ ဒီလိုသက်ရှည်ဆေးမျိုးကို သောက်ဖူးတယ်၊ အသက်ရှည်စေတဲ့ သဘာဝရတနာရောပဲ၊ ကျွန်မမှာ ယောက်ျားကို အဖော်ပြုဖို့ သက်တမ်းအများကြီး ကျန်သေးတယ်”

‘ကောင်းတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

“သက်တမ်းအကြောင်းပြောရရင် ကျောက်အေးတောင်ထိပ်ရဲ့ အကြီးဆုံးတပည့် လျူစန့်ရှင်တောင် သေသွားတာ ကြာပြီ၊ ယွီဂျင်ဂိုဏ်းမှာက သက်တမ်းဆွဲဆန့်တဲ့ပညာရပ်တွေ သိပ်မရှိဘူး၊ သူသာ ရန်ဒေသကနေထွက်ပြီး အပြင်လောကကို လျှောက်ကြည့်မယ်ဆိုရင် အသက်ဆက်ရင် ဆက်နိုင်အုန်းမှာ” ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်စကားကြောင့် မှင်သက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေစာရင်းထဲက လူတစ်ချို့ပျောက်နေတာကို သတိထားမိပေမဲ့ ဘယ်သူတွေ ပျောက်နေတယ်ဆိုတာကိုတော့ သေချာမသိပါဘူး။ လျူစန့်ရှင်အကြောင်း ပြောရရင် သူ့ကို ဂရုစိုက်ချင်တဲ့ ဂိုဏ်းတူအစ်ကိုကို ဟန်ကျွယ် သတိရနေတုန်းပါပဲ။

‘ငါ သူ့ကို အကူအညီ မတောင်းရသေးခင် သူက သေသွားပါပေါ့လား’

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို လေးလေးနက်နက် ပြောလိုက်ပါတယ် “ကောင်းကောင်း အားထုတ်ချည်၊ ဂိုဏ်းတူအစ်ကိုလိုမျိုး စောစောစီးစီး မသေနဲ့”

“ကျွန်မလည်း အစောကြီး မသေချင်ပါဘူး၊ ယောက်ျားကို အချိန်အကြာကြီး အဖော်ပြုချင်သေးတယ်”

အဲဒီနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကောင်းကင်ရုပ်သေးရုပ် ထုတ်ခိုင်းလိုက်ပါတယ်။ အကြောင်းရင်းကတော့ ကောင်းကင်ရုပ်သေးရုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အဆင့်မြှင့်တင်မလို့ပါ။ ရက်အနည်းငယ် အကြာမှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ကောင်းကင်ရုပ်သေးရုပ်ထဲကို လမ်းခြောက်သွယ် စိတ်ဝိညာဉ်အပြည့် သွတ်သွင်းလို့ ပြီးသွားပြီး ရှင်းဟုန်ရွှမ်ရဲ့ သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဘေးနားမှာ ကောင်းကင်ရုပ်သေးရုပ် ရှိနေတာကြောင့် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို စိတ်ချက်လက်ချ အပြင်လွှတ်နိုင်တာပါ။

ဟန်ကျွယ်ဟာ ဒီလိုနဲ့ ပြီးသွားပြီး ထင်ထားပေမဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နားမှာ နောက်ထပ်တစ်လကြာ နေပြီး.....။

ရှင်းဟုန်ရွှမ် ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဝတ်အစားတွေကို သပ်ရပ်အောင် ဝတ်ဆင်လိုက်ပြီး မိုးမြေမြက်ပင်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ စိုက်လိုက်ပါတယ်။ ဒီမြက်ပင်က တော်တော်လေး သေးငယ်တဲ့အတွက် ဖူစန်းသစ်ပင်အောက်မှာ ဟန်ကျွယ် မစိုက်ရဲပါဘူး။ မတော်လို့ တက်နင်းမိပြီး သေသွားရင် ဟန်ကျွယ် ရင်ကျိုးရမှာပါ။

မိုးမြေမြက်ပင်ကို စိုက်ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်နေတဲ့အတွက် ပြဒါးငှက်နဲ့ မော့ယိုလင်ကို ကျိန်စာတိုက်ပါတော့တယ်။

…

သင်္ချိုင်းဂူတစ်ခုအတွင်းမှာ ချွန်ထက်လွန်းတဲ့ ကျောက်စက်ပန်းဆွဲတွေ ကျောက်စက်မိုးမျှော်တွေ ရှိနေတာကြောင့် အလွန်ကြောက်ဖို့ကောင်းပြီး အန္တရာယ်ကြီးမားလှပါတယ်။

ကျောက်စက်ပန်းဆွဲတစ်ခုမှာတော့ လူနှစ်ယောက်ကို သွေးကြောတွေနဲ့ ချည်နှောင်ထားပါတယ်။ ဒီလူနှစ်ယောက်ကတော့ ကျိုးဖန်နဲ့ မော့ဖူချိုပဲ ဖြစ်ပါတယ်။ သူတို့နှစ်‌ဦးဟာ ခေါင်းတုံးဖြစ်နေပြီး အင်္ကျီတွေကလည်း စုတ်ပြဲခံရကာ တစ်ကိုယ်လုံး သွေးအလူးလူး ဖြစ်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ အောက်မှာတော့ ဒယ်အိုးတစ်လုံးရှိနေပြီး ဒယ်အိုးထဲမှာရှိတဲ့ ဆီနက်တွေက ဆူပွက်နေပါတယ်။

အပေါ်ကနေစီးကြည့်မယ်ဆိုရင် သင်္ချိုင်းဂူထဲမှာ နတ်ဆိုးတွေ ပြည့်နှက်နေပြီး နတ်ဆိုးအများစုက အိပ်ပျော်နေကြပါတယ်။

ကျိုးဖန်ဟာ အံကြိတ်လိုက်ပြီး ထိုင်နေတာတောင် ပေငါးဆယ်နီးပါးရှိတဲ့ နတ်ဆိုးကြီးကို ကြည့်လိုက်ပါတယ်။ ဒီနတ်ဆိုးကြီးဟာ သန်မာတဲ့ခန္ဓာကိုယ်ရှိပြီး မြွေကြေးခွံနဲ့လုပ်ထားတဲ့ သံချပ်ကာထူကို ဝတ်ဆင်ထားပါတယ်။ ဒီနတ်ဆိုးကြီးမှာ အလွန်ရုပ်ဆိုးပြီး အန္တရာယ်ရှိတဲ့ မြွေခေါင်းရှိပါတယ်။ ဒီနတ်ဆိုးကြီးရဲ့ဘေးမှာ လူတစ်ယောက်ရပ်နေပါတယ်။ သူကတော့ ဟန်ကျွယ်ရဲ့ အကြီးဆုံးတပည့် ရန်ထျန်တုန်းပဲ ဖြစ်ပါတယ်။

“ဟမ်... နတ်ဆိုးရဲ့ နောက်လိုက်ခွေး လုပ်နေတယ်” ကျိုးဖန်ဟာ ကျိန်ဆဲလိုက်ပါတယ်။ သူဟာ တော်တော်လေးကို မပျော်မရွှင် ဖြစ်နေပါတယ်။

မော့ဖူချိုကတော့ သက်ပြင်းချလိုက်ပါတယ် “အဲဒါက သူ့အမှားမဟုတ်ဘူး၊ အပြစ်တင်ချင်ရင် မင်းရဲ့ကြမ္မာဆိုးကိုပဲ အပြစ်တင်ရလိမ့်မယ်၊ ငါတို့ကိုက ကြီးမြတ်တဲ့ စပါးအုံးစိမ်းရဲ့ နယ်မြေထဲကို မတော်တဆဝင်ပြီး ကင်းလှည့်နေတဲ့ နတ်ဆိုးတွေကို သတ်မိတာကိုး”

ကျိုးဖန်ဟာ မော့ဖူချိုစကားကို ကြားတဲ့အခါမှာ ပိုပြီးစိတ်တိုသွားတာကြောင့် ကြိမ်းမောင်းလိုက်ပါတယ် “အဲဒီကောင်က အရမ်းဘဝမြင့်လွန်းတယ်၊ အဲဒီကောင်က ငါတို့ကို သေမျိုးတွေလို့ ဆက်တိုက်ခေါ်ပြီး ဒူးထောက်တောင်းပန်ခိုင်းတာ ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ”

မော့ဖူချိုဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။ အခုအချိန်မှာ ဘာပဲပြောပြော အရမ်းနောက်ကျသွားပါပြီ။

တစ်ခြားတစ်ဖက်မှာတော့ ကြီးမြတ်တဲ့ စပါးအုံးစိမ်းက ရယ်မောလိုက်ပါတယ် “တုန်းအာ... အဖေကို ပြောစမ်း၊ ဒီနှစ်ကောင်ကို ဘယ်လိုလုပ်ရမလဲ၊ အဖေတို့ ဒီနှစ်ကောင်ကို ချက်စားမလား၊ ဆေးဖော်မလား”

ရန်ထျန်တုန်းဟာ မျက်မှောင်ကြုတ်သွားပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “မွေးစားအဖေ... ကျွန်တော်တို့တွေ သူတို့ကို သတ်မှဖြစ်မှာလား”

“ဒီနှစ်ကောင်က နတ်ဆိုးတွေ အများကြီး သတ်ထားတာ၊ ကျိန်းသေပေါက် သေရမယ်၊ တုန်းအာ... အဖေရဲ့ အမွေကို မင်းဆက်ခံချင်တယ်ဆိုရင် လူသားမျိုးနွယ်စုနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ရလိမ့်မယ်၊ လူသားတွေနဲ့ နတ်ဆိုးတွေက ကမ္ဘာမကျေရန်သူတွေပဲ၊ ဒီဟာက လေကကြီးရဲ့စည်းမျဉ်းပဲ၊ မင်း မပြောင်းလဲနိုင်ဘူး”

ရန်ထျန်တုန်းဟာ အဲဒီစကားကြောင့် စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ငါက နတ်ဆိုးဖြစ်ချင်တယ်လို့ မင်း ထင်နေတာလား’ ရန်ထျန်တုန်းဟာ ကျိုးဖန်ရဲ့ ကျိန်ဆဲသံကို ကြားရတဲ့အခါမှာ ပိုပြီးတော့ နာကျင်သွားပါတယ်။

အရင်တုန်းက ရန်ထျန်တုန်းနဲ့ ကျိုးဖန်ဟာ မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက်ဟ အတူတူတွန်းလှန်ပြီး အတူတူအရိုက်ခံခဲ့ရတဲ့အတွက် အရမ်းရင်းနှီးပါတယ်။ အခု အသက်ရှင်ဖို့အတွက် ကျိုးဖန် အသတ်ခံရတာကို ထိုင်ကြည့်နေရင် အနာဂတ်မှာ ယွီဂျင်ဂိုဏ်းနဲ့ ဟန်ကျွယ်ကို ဘယ်လိုမျက်နှာနဲ့မှ ရင်ဆိုင်ရဲမှာ မဟုတ်တော့ပါဘူး။

‘ငါ နတ်ဆိုးသူတော်စင် ဖြစ်လာရင် မင်းတို့နတ်ဆိုးဘုရင်အားလုံးကို ကျိန်းသေပေါက် သတ်ပစ်မယ်’ ရန်ထျန်တုန်းဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ ရန်ထျန်တုန်း ရန်ဒေသကနေ ထွက်လာခဲ့ရတာက ရန်ဒေသမှာ နတ်ဆိုးဘုရင်တန်စု ရှိနေလို့ပါ။ နတ်ဆိုးဘုရင်တန်စုက နတ်ဆိုးတွေအကုန်လုံးကို ထိန်းချုပ်ထားတဲ့အတွက် ရန်ထျန်တုန်းမှာ အခွင့်အရေးလုံးဝ မရှိပါဘူး။

ရန်ထျန်တုန်းဟာ ရုန်းကန်းရင်းနဲ့ နောက်ဆုံးမှာတော့ နတ်ဆိုးစစ်တပ်တစ်တပ်ကို ထိန်းချုပ်နိုင်သွားပါတယ်။ ဒါပေမဲ့ ရန်ထျန်တုန်းဟာ ကံဆိုးစွာပဲ ကြီးမြတ်တဲ့ စပါးအုံးစိမ်းနဲ့ တိုးမိပါတော့တယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ နတ်ဆိုးစစ်သား တစ်သန်းရှိပြီး နတ်ဆိုးတွေကြားထဲမှာ နာမည်ကျော်ပါတယ်။ ရန်ထျန်တုန်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် မခုခံနိုင်ပါဘူး။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရန်ထျန်တုန်းရဲ့ သွေးစည်းစွမ်းရည်က မဆိုးဘူးလို့ ခံစားရတာကြောင့် မွေးစားသားအဖြစ် မွေးစားလိုက်ပါတယ်။ အသက်ရှင်သန်ဖို့အတွက် ရန်ထျန်တုန်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ မွေးစားသားလုပ်လိုက်ရပြီး ထွက်ပြေးဖို့နဲ့ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးကို ချောင်းမြောင်းနေပါတယ်။

အခုဒီကိစ္စကြောင့် ရန်ထျန်တုန်းဟာ တော်တော်လေး နေရခက်သွားပါတယ်။

‘ငါ ဆရာသခင်ဆီက အကူအညီတောင်းသင့်လား’ ရန်ထျန်တုန်းခေါင်းထဲကို ဒီအတွေးဝင်လာပေမဲ့ ချက်ချင်းပဲ ငြင်းပယ်လိုက်ပါတယ် ‘ငါ ဆရာသခင်ကို ပြဿနာပေးလို့ မဖြစ်ဘူး’

ဒီအချိန်မှာပဲ....

သိမ်းငှက်နတ်ဆိုးတစ်ကောင် ပျံဝင်လာပြီး အော်ပြောလိုက်ပါတယ် “အရှင်မင်းကြီး... အသွင်မဲ့ဂိုဏ်းက တုန်းဝမ်ရှန်းလို့ခေါ်တဲ့ ကျင့်ကြံသူတစ်ယောက်က အပြင်မှာလာအော်နေပါတယ်၊ သူ့ဆရာသခင်အတွက် နတ်ဆိုးအကုန်လုံးကိုသတ်ပြီး ကလဲ့စားချေမယ် လုပ်နေပါတယ်၊ သူက အရမ်းစွမ်းအားကြီးတဲ့အတွက် ကျွန်တော်တို့တွေ မတားဆီးနိုင်ပါဘူး”

ကြီးမြတ်တဲ့ စပါးအုံးစိမ်းဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။ ကြီးမြတ်တဲ့ စပါးအုံးစိမ်းဟာ နှာခေါင်းရှုံ့လိုက်ပြီး “အသွင်မဲ့ဂိုဏ်းလား၊ အခန့်သင့်လိုက်လေခြင်း... ငါကလည်း အသွင်မဲ့ဂိုဏ်းက ခိုက်မင်မွန်းစတားအိုကြီးနဲ့ ရန်ငြိုးရန်စရှိတယ်”

ကြီးမြတ်တဲ့ စပါးအုံးစိမ်းဟာ ခြေထောက်ကြွလိုက်တဲ့အခါမှာ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအား ထွက်ပေါ်လာတဲ့အတွက် သင်္ချိုင်းတစ်ခုလုံး တုန်ခါသွားပါတယ်။

“တုန်အာ... ဒီမှာနေခဲ့ပြီး သူတို့ကို စောင့်ကြည့်နေ၊ ငါပြန်လာရင် သူတို့ကို ဒယ်အိုးထဲမှာ မြင်ချင်တယ်”

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ အစိမ်းရောင်ရောင်ဝါအသွင် ပြောင်းလဲပြီး ပျောက်ကွယ်သွားပါတယ်။

ရန်ထျန်တုန်းဟာ ကျိုးဖန်နဲ့ မော့ဖူကို ထပ်ကြည့်လိုက်ပြီး အလွန်စိတ်ရှုပ်သွားပါတယ်။

‘ဒီအခွင့်အရေးကို အသုံးချပြီး ငါ သူတို့ကို ကယ်ရမလား’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters