← Chapters

ကောင်းကင်ဘုံ ပြိုကျခြင်း

Vol. 96 Ch. 1342

ကောင်းကင်ဘုံ ပြိုကျခြင်း

Vol. 96 Ch. 1342

လောင်လင်းစစ်မှာ ဝုန်းခနဲ လွင့်ထွက်သွားသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသော်လည်း သူ မုဒြာလက်ကွက်တစ်ကွက်ဖော်နေစဉ် ရက်စက်ခက်ထန်သောအမူအရာက သူ့မျက်နှာကို စိုးမိုးလျက်ရှိသည်။ သို့ရာတွင် သူ ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် မန်ဟိုက အေးစက်စက်နှာမှုတ်၍ မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင် ပြောင်းလိုက်၏။

သိမ်းငှက်အနားရောက်သွားသည့်အခါ ခြေသည်းများက လောင်လင်းစစ်ကို ပိုင်းချလိုက်သည်။

ထိုခြေသည်းများ အနားရောက်လာသည့်အချိန်မှာပင် လောင်လင်းစစ်သည် လူအရေခွံကို ခွဲ၍ အနက်ရောင်အိမ်မြှောင်အသွင်ပြောင်း၏။ သူက ဟိန်းဟောက်ရင်း သူ၏အမြီးကို ဝှေ့ယမ်းကာ သိမ်းငှက်အား ရိုက်ချလိုက်သည်။

မိုးပြာရောင်သိမ်းငှက် တစစီပြိုကွဲသွားပြီး မန်ဟို့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သို့သော် သူက အရှိန်မလျှော့သေး။ ညာလက်ကို ဆုပ်၍ လောင်းလင်းစစ်၏ရင်ဘတ်သို့ ပစ်ခွင်းလိုက်သည်။

ဤသည်ကား နတ်ဘုရားသုတ်သင်ခြင်းလက်သီးမှတစ်ပါး အခြားမဟုတ်ပေ။

၎င်းက သူ၏စိတ်ဆန္ဒကို မိုးကောင်းကင်၏စိတ်ဆန္ဒနှင့် ပေါင်းစည်းစေကာ အရာခပ်သိမ်းကို သုတ်သင်ပစ်နိုင်သည့် လက်သီးတစ်လုံးဖြစ်လာသည်။

လက်သီးက ကောင်းကင်ဘုံ (၁) တစ်ခုလုံး၏ အသက်ဓာတ်တစ်ဝက်နီးပါးကို စုပ်ယူလိုက်ရင်း နတ်ဆိုးဝိညာဉ်နှင့် နတ်ဘုရားသုတ်သင်ခြင်းစိတ်ဆန္ဒနှစ်မျိုးလုံးကို ထုတ်လွှတ်လိုက်၏။

အုန်းးးးးးးးးးးးး

လောင်လင်းစစ်မှာ မချိတင်ကဲ ညည်းတွားလျက် လွင့်ထွက်သွားသည်။ သူ့အသားများ စုတ်ပြတ်သွားပြီး အကြေးခွံများလည်း ကွဲကြေသွားသည်။ သူ မြေကြီးနှင့် ဝင်ဆောင့်လိုက်သည့်အခါ ဧရာမချိုင့်ခွက်ကြီး နစ်ဝင်သွားတော့သည်။

ထိုချိုင့်ခွက်ကြီး ဖြစ်ပေါ်လာစဉ် မန်ဟိုသည် မီတာသုံးထောင် မြင့်မားသည့်တိုင်အောင် အရွယ်အစားကြီးမားလာ၏။ ထို့နောက် သူက ရှေ့တစ်လှမ်းလှမ်း၍ ချိုင့်ခွက်ထဲ ခုန်တင်ကာ လောင်လင်းစစ်ကို နောက်တစ်ချက်ထိုးချလိုက်သည်။

သို့သော် လက်သီးပြေးဝင်သွားသည့်အချိန်မှာပဲ မန်ဟိုက မျက်မှောင်ကြုတ်သည်။ လောင်လင်းစစ်၏ခန္ဓာကိုယ်သည် အတော်လေးဝေဝါးလာပြီး သူက အေးစက်စက်ပင် နှာမှုတ်လိုက်သေး၏။

“အစစ်မဟုတ်ဘူးလား” မန်ဟိုက တည်ငြိမ်သောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ သို့သော် သူ၏ညာလက်သီးက အရှိန်မလျှော့ဘဲ အရှိန်တင်ကာ အတုအယောင်အရိပ်ထံ ပြေးဝင်သွားသည်။ သူ့အပြင်အားကိုယ်ခွန်အားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားမှ အားဖြည့်ပေးထားသော ထိုလက်သီးက အရိပ်ကို ထိုးဖောက်ကာ ၎င်းအနောက်ရှိ မြေကြီးကို ဝင်တိုက်သွား၏။

ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက မြေထုတစ်ခုလုံးကို တသိမ့်သိမ့်တုန်လာစေသည်။ ဧရာမချောက်နက်ကြီးများကား မြေထုကြီး၏တစ်ဖက်ခြမ်းအထိ တိုးလျှိုဖောက်လျက် ဖြစ်ပေါ်လာရာ ကျောက်တုံးကျောက်ခဲများစွာမှာ တောင်ပင်လယ်လောကထံ တဖွဲဖွဲကျသွားတော့သည်။

မန်ဟိုကမူ လောင်လင်းစစ်၏ အမြီးရိုက်ချက်ကို ရှောင်ရင်း ချိုင့်ခွက်ကြီးထဲ ဆင်းသွားသည်။

အမြီး သူ့ခေါင်းပေါ်မှ ကပ်သီလေး ဖြတ်သွားသည့်အခါ လောင်လင်းစစ်က ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် ဗျူဟာကို ပြောင်း၍ မန်ဟို့ကို ဖမ်းရန် လက်လှမ်းလိုက်သည်။

“မင်း ငါ့အနောက် လိုက်လာစရာမလိုဘူး” မန်ဟိုက အေးတိအေးစက် ပြောသည်။ မိုးကြိုးဒယ်အိုးသည် သူ့ခေါင်းပေါ်တွင် ဖျတ်ခနဲ ပေါ်လာ၏။ မိုးကြိုးများ ကခုန်သွားပြီး သူက လောင်လင်းစစ်ဘက်လှည့်ကာ နေရာလဲသိုင်းမှတစ်ဆင့် နေရာချင်းလဲလိုက်သည်။

သူတို့နှစ်ယောက် နေရာချင်းလဲသွားသောအခိုက်အတန့်တွင် မန်ဟိုက ပါရာဂွန်အဆင့်၏ရှစ်ဆယ်ရာခိုင်နှုန်းမျှ အစွမ်းထက်သော သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။

နတ်ဘုရားအာရုံက လောင်လင်းစစ်အပေါ် ဝုန်းခနဲ ဖိနှိပ်၍ သူ့ကို အောက်သို့ တွန်းချသည်။ ထိုမျှအားကောင်းသော နတ်ဘုရားအာရုံအနေဖြင့် သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေသင့်သော်လည်း ဧရာမရုပ်တုကြီးတစ်ခုက လောင်လင်းစစ်၏အနောက်တွင် ဘွားခနဲ ပေါ်လာကာ နတ်ဘုရားအာရုံကို ခုခံပေးလိုက်ပြန်သည်။

၎င်းက မန်ဟို့ကို ရန်လိုစွာ ပြန်တွန်းထုတ်နေသည်။ မန်ဟို တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပဲ စတုတ္ထတောင်ပင်လယ်အတွင်းမှ စွမ်းအားတစ်လှိုင်းက အပေါ်တက်လာသည်။

ထိုစွမ်းအားက လောင်လင်းစစ်ကို လျင်မြန်စွာ ကြီးထွားလာစေပြီး သူ၏ကျင့်ကြံခြင်းအခြေခံကိုလည်း အဆင့်မြှင့်ပေးလိုက်သည်။ ထို့နောက် သူက ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်ရင်း မန်ဟို့ထံ တဟုန်ထိုး ဦးတည်လာ၏။

မန်ဟိုက မျက်မှောင်ကြုတ်လိုက်သည်။ စတုတ္ထတောင်ပင်လယ်တွင် ခိတိဂဗ္ဗနှင့် တိုက်ခိုက်နေသော အပြင်သူအင်ပါယာသခင်သည် တိုက်ပွဲမှ ရုန်းထွက်မလာနိုင်၍ လျှို့ဝှက်မှော်အစွမ်းတစ်ခုဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံတချို့အား လောင်လင်းစစ်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း မန်ဟို ပြောနိုင်သွားသည်။

မီးတောက်မီးလျှံများက လာနေသော လောင်လင်းစစ်၏ပတ်ပတ်လည်တွင် တဟုန်းဟုန်းတောက်နေသည်။ ထို့နောက် လောင်လင်းစစ်သည် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ပြီး ရုပ်တုကြီး၏မျက်လုံးများ ပွင့်လာသည်။ ၎င်းက မန်ဟို့ကို သေလူသဖွယ် စိုက်ကြည့်ရင်း သူ၏ပတ်ဝန်းကျင်ကို ချုပ်နှောင်လိုက်၏။

“သေစမ်း” လောင်လင်းစစ်က မန်ဟို့ကို ခေါင်းဖြင့်ဆောင့်ရန် ပြေးဝင်လာသည်။

မန်ဟို့ညာလက်က မြောက်တက်သွားပြီး အသားဂျယ်လီပေါ်လာသည်။ မန်ဟို ဘာလိုချင်လဲ အတိအကျသိသဖြင့် အသားဂျယ်လီမှာ သက်ပြင်းသာချ၍ သားရေပြားကြီးတစ်ပြား အသွင်ပြောင်းလိုက်သည်။

ဘန်းးးးးးးး။ လောင်လင်းစစ်မှာ အသားဂျယ်လီကို ဝင်ဆောင့်၍ နောက်ပြန်ကန်ထွက်သွားသည်။ သူ့တိုက်ကွက်၏အားလည်း ပြိုကွဲသွား၏။ လောင်လင်းစစ်သည် တဆတ်ဆတ် တုန်ရီလျက် ဟိန်းဟောက်လိုက်သော်လည်း သူ့အသံက အသားဂျယ်လီပါးစပ်မှ ထွက်လာသော နာနာကျင်ကျင်အော်သံကြီးကို မလွှမ်းမိုးနိုင်ပေ။

“အားးးးးးး။ နာလိုက်တာ ။ သခင်သုံး မခံနိုင်တော့ဘူး။ မရတော့ဘူး” အသားဂျယ်လီက ကပျာကယာ ပြန်ကျုံ့ရင်း မန်ဟို့သိုလှောင်အိတ်ထဲ ပြန်ဝင်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။

လောင်လင်းစစ်မှာတော့ တစ်ကိုယ်လုံး ဖျာလိပ်ထဲ ထည့်ရိုက်ခံထားရသလို နာကျင်နေသည်။ သူ၏ချီနှင့်သွေးတို့ ပရမ်းပတာဖြစ်သွား၍ သူ့ကျင့်ကြံခြင်းအခြေခံမှာ ယာယီမလည်ပတ်နိုင်ဖြစ်သွားသည်။

မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွားသည်။ လောင်လင်းစစ် လွင့်ထွက်သွားသည့်အချိန်မှာပင် မန်ဟိုက ညာလက်ကို ဆန့်တန်းကာ ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။

လောင်လင်းစစ်သည် တုံ့ခနဲ ရပ်သွားရ၏။ ယခုတွင် သူတို့နှစ်ယောက်မှာ ကောင်းကင်ဘုံ (၁) ထဲတွင် မဟုတ်တော့။ ၎င်း၏အောက်သို့ ရောက်နေကြလေပြီ။ သို့ဖြစ်၍ လောင်လင်းစစ်အနေဖြင့် ကောင်းကင်ဘုံ (၁) ၏ စိတ်ဆန္ဒထံမှ အကူအညီမရနိုင်တော့ရာ မိစ္ဆာချုပ်နှောင်မန္တန်မှာ အောင်မြင်စွာ ချုပ်နှောင်နိုင်သွား၏။

လောင်လင်းစစ် တုံ့ခနဲ ရပ်သွားလျှင်ချင်း မန်ဟို့လက်ထဲတွင် စစ်လက်နက်ပေါ်လာပြီး ပိုင်းချလိုက်သည်။

“မင်း ဒီတစ်ခေါက် ဘယ်လိုလွတ်အောင် ပြေးမလဲ ကြည့်ရသေးတာပေါ့” သူက ပြောသည်။ အသတ်အဖြတ်စိတ်ဆန္ဒသည် မန်ဟို့မျက်ဝန်းများ၌ တောင်လောင်နေ၏။

ဤဓားချက်၏ရွေ့လျားမှုက လောင်လင်းစစ်အတွက် ခုခံဖို့ မြန်လွန်းနေသည်။ မည်သည့်မှော်အစွမ်းမှ သုံးမရသလို၊ သူ့မှာလည်း မန်ဟို၏မိစ္ဆာချုပ်နှောင်မန္တန်ကြောင့် လှုပ်မရပေ။

သို့သော် ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်တစ်နေရာ၌ ပင်လယ်အိပ်မက်ကို တိုက်ခိုက်နေသော အပြင်သူပါရာဂွန်အောဂူက မာန်သွင်းဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်မှ သွေးရောင်အလင်း ဖြာထွက်တောက်ပလာသည်။

ချက်ချင်းပင် လောင်လင်းစစ်ထံမှလည်း ထိုနည်းတူ သွေးရောင်အလင်း ဖြာထွက်တောက်ပလာသည်။ ကြည့်ရသရွေ့ သူတို့နှစ်ယောက်အကြား၌ ထူးဆန်းသောအဆက်အသွယ်တစ်ခု ရှိထားသယောင်ပင်။

“သွေးဇီဝဆက်ယှက်ခြင်း” ပင်လယ်အိပ်မက်က အေးစက်စွာ ပြောသည်။ “အောဂူ ငါ့ကို တိုက်ခိုက်နေတဲ့အချိန်မှာတောင် နင် ဒီမှော်အစွမ်းကို ထုတ်သုံးရဲတယ်ပေါ့လေ” သူမက ချက်ချင်း ပါရာဂွန်အောဂူကို တိုက်ခိုက်သည်။ သို့သော် သွေးရောင်အလင်းကြောင့် မန်ဟို၏တိုက်ကွက်မှာ မအောင်မြင်တော့ပေ။ လောင်လင်းစစ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး တအောင့်ကြာသော် ခပ်လှမ်းလှမ်းတွင် ပေါ်လာသည်။ ထိုအခါ မန်ဟို၏စစ်လက်နက်က ဟင်းလင်းပြင်၌ အကွဲကြောင်းကြီး ပွင့်ထွက်သွားစေသည်။

လောင်လင်းစစ်က မထီမဲ့မြင်ပြုံးရင်း မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်သည်။ သို့သော် မန်ဟို့ထံ ပြန်သွားမည့်အစား သူက ချာခနဲ လှည့်၍ တောင်ပင်လယ်လောကဆီ ဆင်းသွားသည်။ မန်ဟိုသည် သူ့ကို သွေးအေးအေးကြည့်၍ သွားခွင့်ပြုထား၏။

“မန်ဟို မင်းက ကောင်းကင်ဘုံ (၁) ကို ဖျက်စီးရဲမှတော့ ငါလည်း တောင်ပင်လယ်လောကသားကျင့်ကြံသူတွေကိုပဲ သတ်ပစ်လိုက်တော့မယ်။ မင်း သူတို့ကို ကယ်မလား၊ မကယ်ဘူးလား ကြည့်ရသေးတာပေါ့” လောင်လင်းစစ်သည် သွေးတဟွတ်ဟွတ်အန်၍ ညစ်ပတ်ပေရေနေ၏။ သူက မန်ဟို ကောင်းကင်ဘုံ (၁) အား ဖျက်စီးနေသည်ကို တားနိုင်ဖို့ မျှော်လင့်ရင်း တောင်ပင်လယ်လောကသို့ ဆင်းသွားသည်။

“မင်းက ကောင်းကင်ဘုံ (၁) ကို ရှင်းပစ်ချင်တယ်လား။ ငါလည်း မင်းရဲ့ တောင်ပင်လယ်ကျင့်ကြံသူတွေကို မျိုးဖြုတ်ပစ်မယ်။ ငါတို့နှစ်ယောက်ထဲ ဘယ်သူက အရက်စက်ဆုံးဖြစ်မလဲ၊ ဘယ်သူက အရင်ဆုံးလက်လျှော့မလဲ ကြည့်ကြသေးတာပေါ့”

အလွန်တရာဒေါသထွက်နေသော လောင်လင်းစစ်သည် အရှိန်တင်လိုက်၏။

“တောင်ပင်လယ်ကျင့်ကြံသူတွေရဲ့အသက်ထက် ဒီပျက်စီးနေတဲ့ မြေထုကြီးကို ဂရုစိုက်သလား။ မင်းရဲ့ ရွေးချယ်မှုက ဘာလဲ မန်ဟို”

မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းနေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် အနှစ်သာရ ၅ ခုအဆင့်ထက် ကျော်လွန်၍ အနှစ်သာရ ၆ ခုအဆင့်ကို ယှဉ်နိုင်နေလေပြီ။ သို့သော် လောင်လင်းစစ်သည် ထိုအဆင့်တွင် ဖြစ်၏။ သူတို့နှစ်ယောက်ကြား ကွာဟမှုတချို့ ရှိနေသော်လည်း ထိုကွာဟမှုက သိပ်မကြီးမားလှပေ။ ထိုမျှသာမက မန်ဟို၏အင်အားအကြီးဆုံးဝှက်ဖဲ၊ နတ်ဘုရားအာရုံကိုလည်း သူ၏ပြိုင်ဘက်သည် ခုခံနိုင်ခဲ့ပြီးပြီဖြစ်၏။

လောင်လင်းစစ်သည် အင်ပါယာသခင်နှင့် ပါရာဂွန်ထံမှ အကူအညီများ ရရှိခဲ့သည်။ ထိုအကူအညီများကြောင့် သူ့တွင် သေခြင်းကို ရှောင်နိုင်သည့် နည်းလမ်းများစွာ ရှိလာသည်။ မဟုတ်လျှင် မန်ဟို၏စစ်လက်နက်က သူ့ကို အသက်နုတ်ပြီးလေပြီ။

မန်ဟို့မျက်နှာမသာမယာ ဖြစ်လာသည်။ သူက ရုတ်တရက် စကားတစ်ခွန်း ပေးပို့လိုက်၏။ "ချုံမန်းတိုင်၊ ဒီအပြင်သူပါရာဂွန်အောဂူကို ရုပ်သေးရုပ်အဖြစ် ပြောင်းပေးနိုင်လား”

ချုံမန်းတိုင်၏ ရှေးဆန်ဆန်အသံက ချက်ချင်း ပြန်တုံ့ပြန်သည်။ “အောင်မြင်ဖို့အတွက် ပါရာဂွန်ကို မင်းကိုယ်တိုင် တိုက်ခိုက်နေတဲ့အချိန်မှာ လုပ်ရမှာ။ ငါ့မှာလည်း အခွင့်အရေးတစ်ကြိမ်ပဲရှိတဲ့အပြင် ဒီလိုအခြေအနေမျိုးမှာ အောင်မြင်နိုင်ခြေက သုံးဆယ်ရာခိုင်နှုန်းထက် နည်းတယ်”

မန်ဟိုသည် ယခုလိုအရေးကြီးသောအခိုက်အတန့်တွင် လောင်လင်းစစ် လွတ်လာလိမ့်မည်ဟု တစ်ခါမှ မတွက်ထားခဲ့ဖူးပေ။ ယခုတွေးကြည့်သည့်အခါ ထိုကိစ္စက အပြင်သူပါရာဂွန်နှင့် တစ်ခုခုပတ်သက်နေနိုင်ခြေများသည်။

ထိုပါရာဂွန်သာလျှင် လောင်လင်းစစ်ကို ကယ်တင်၍ မန်ဟို့ကို ခြေချုပ်ဖို့ အသုံးချနိုင်မည်။

မန်ဟို့တွင် ရွေးစရာမရှိပေ။ ဦးနှောက်၏ဆုံးဖြတ်ချက်အရ ကောင်းကင်ဘုံ (၁) ကိုသာ ဆက်လက်တိုက်ခိုက်သင့်သော်လည်း သူ၏နှလုံးသားက သူ့ကို ခွင့်မပြုပေ။

သူက သက်ပြင်းဖွဖွချရင်း ရွေးချယ်တော့မည့်အချိန် ရုတ်တရက် သူ၏မျက်လုံးများ ဝိုင်းစက်သွားသည်။ တောင်ပင်လယ်လောကကို ငုံကြည့်လိုက်ရာတွင် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် လောင်လင်းစစ်ထံ တန်းတန်းမတ်မတ် ပျံတက်လာနေသော အလင်းတန်းတစ်တန်းကို သူ မြင်လိုက်ရ၏။

“မှီခိုရာဂိုဏ်းချုပ်...” မန်ဟိုမှာ ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်သွားသည်။

မှီခိုရာဂိုဏ်းချုပ်က အမြန်ဆုံးပျံသန်းလာရင်း ဟိန်းဟောက်လိုက်သည်။

“ဟေ့ ပျော့တိပျော့ညံ့အိမ်မြှောင်လေး။ မှီခိုရာဂိုဏ်းချုပ် မင်းကို မင်းနေရာမင်း သိအောင် ဆုံးမပေးဖို့ ရောက်လာပြီ” မှီခိုရာဂိုဏ်းချုပ်သည် ရုတ်တရက် ပို၍ပင်ကြီးမားလာပြီး လောင်လင်းစစ်ထံ တဟုန်ထိုး ပြေးတိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် မှီခိုရာဂိုဏ်းချုပ်တစ်ကိုယ်လုံး တုန်ရီလာပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများ သူ့ကိုယ်ပေါ်တွင် ပေါ်လာသဖြင့် ထစ်ချုန်းသံများကို ကြားလာရသည်။ မှီခိုရာဂိုဏ်းချုပ် မန်ဟို့ကို မတိုက်ခိုက်လျှင် ထိုမှော်သင်္ကေတများသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အမှန်တကယ် အားဖြည့်ပေးနိုင်၏။ ထိုမျှသာမက ချုပ်နှောင်တံဆိပ်အငွေ့အသက်များက ဝုန်းခနဲ ဖြာထွက်လာသည်။

မှီခိုရာဂိုဏ်းချုပ်၏ အကြီးမားဆုံးလျှို့ဝှက်ချက်မှာ မန်ဟို့မှလွဲ၍ ဘယ်သူမှမသိသည့်အရာ ဖြစ်သည်။ သူသည် ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ နေ့ရက်များကတည်းက နေထိုင်လာခဲ့သူမဟုတ်ပါလော။ သူနှင့်မန်ဟို အတိတ်တစ်ချိန်တွင် ဆုံတွေ့ခဲ့တုန်းက သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကား တာအိုနယ်ပယ်အဆင့်သို့ ရောက်နေခဲ့ပြီးပြီဖြစ်သည်။ တစ်ခါကဆိုလျှင် တာအိုသခင်အဆင့်အငွေ့အသက်များကိုပင် သူ ထုတ်လွှတ်ခဲ့ဖူးသည်။

မှီခိုရာဂိုဏ်းချုပ်သည် နယ်နယ်ရရတော့မဟုတ်ပေ။ လောင်းလင်းစစ်မှာ သူ့ကို ပြေးတိုက်တော့မည့် လိပ်ကြီးကိုမြင်လျှင် ကြောက်လန့်လာသည်။ မှီခိုရာဂိုဏ်း ဝင်ရောက်နှောင့်ယှက်လိုက်သည့်ကျေးဇူးကြောင့် သူ့မှာ တောင်ပင်လယ်လောကထဲရှိ အကူအညီများနှင့်လည်း မဆက်သွယ်နိုင်တော့ပေ။

မန်ဟိုက ကျယ်လောင်စွာ ထရယ်သည်။ ထို့နောက် ကောင်းကင်ဘုံ (၁) ထံသို့ ရုတ်ခြည်း ပျံတက်သွား၏။ မြို့များ ထပ်မံပြိုကျပြီး ရုပ်တုကြီးများ တစ်ဖန်ပျက်စီးခံနေရသဖြင့် ကောင်းကင်ဘုံ (၁) ၏စိတ်ဆန္ဒမှာ ပရိဒေဝမီးတောက်လောင်နေတော့သည်။ တောင်တန်းမြစ်ချောင်းများ ပျောက်ကွယ်သွားပြီး မြေထုတစ်ခုလည်းမှာ လုံးလုံးလျားလျား ပြိုကျတော့မည့် လက္ခဏာများ ပြလာသည်။

ကျောက်တုံးကြီးများ၊ မြေခဲကြီးများက မြေထုကြီးတစ်လျှောက် ဖြာထွက်နေသော အက်ကြောင်းများထဲမှ ကျဆင်းလာသည်။ မြေများအလွှာလိုက် စတင်ပြိုကျလာသဖြင့် တဝုန်းဝုန်းမြည်သံများ ဆူညံနေသည်။

တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ ရှေ့မှောက်မှာတင် ကောင်းကင်ဘုံ (၁) တစ်ခုလုံးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့၏။

All Chapters