← Chapters

ဂိုဏ်းချုပ်အသစ်

Vol. 7 Ch. 98

ဂိုဏ်းချုပ်အသစ်

Vol. 7 Ch. 98

အခန်း (၉၈) ဂိုဏ်းချုပ်အသစ်

မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေဟာ ရွှေရောင်ဝတ်ရုံနဲ့လူတစ်ယောက်ကို ဝန်းရံထားပါတယ်။ ဒီရွှေရောင်ဝတ်ရုံနဲ့လူကတော့ အသွင်မဲ့ဂိုဏ်းက တုန်းဝမ်ရှန်းပဲ ဖြစ်ပါတယ်။ တုန်းဝမ်ရှန်းဟာ ဓားကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ခုန်ပျံတက်လိုက်ပါတယ်။ တုန်းဝမ်းရှန်း ဖြတ်သန်းသွားသမျှ နေရာတိုင်းမှာ နတ်ဆိုးသွေးတွေ ချောင်းစီးသွားပါတယ်။ အပေါ်ကနေ စီးကြည့်မယ်ဆိုရင် တောတောင်တစ်ခုလုံး နတ်ဆိုးအလောင်းတွေနဲ့ ပြည့်နှက်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အလောင်းကောင် အကုန်လုံးဟာ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်၊ တစ်ပိုင်းပြတ်နဲ့ အကောင်းပကကိအလောင်း တစ်လောင်းမှမရှိပါဘူး။

“မင်းတို့မှာရှိတာ ဒါအကုန်ပဲလား၊ မင်းတို့ဘုရင်က ဘယ်မှာလဲ” တုန်းဝမ်ရှန်းဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။ တုန်းဝမ်ရှန်းဟာ သတ်ဖြတ်ခြင်းကရလာတဲ့ စိတ်လှုပ်ရှားမှုကြောင့် အစတုန်းကလို ဒေါသထွက်မနေတော့ပါဘူး။ ဒါပေမဲ့ သတ်ဖြတ်ရတာကို နှစ်သက်လာပါတယ်။

ဒါပေမဲ့ ဒီလို စိတ်ရှိလက်ရှိလုပ်နိုင်တာကိုက တုန်းဝမ်ရှန်း လိုချင်တဲ့အရာပါ။

“ဝုန်း...”

မိုးကုပ်စက်ဝိုင်းအောက်မှာ အလွန်ကြောက်မယ်ဖို့ကောင်းတဲ့ နတ်ဆိုးရောင်ဝါတစ်ခုဟာ ရုတ်တရက် ထိုးထွက်လာပါတယ်။ ဒီနတ်ဆိုးရောင်ဝါဟာ တိမ်တွေကို ထွင်းဖောက်ပြီး တောတောင်ရေမြေတွေကို တုန်ခါသွားစေပါတယ်။

တုန်းဝမ်ရှန်းဟာ လေးနက်တဲ့မျက်နှာထားနဲ့ ရုတ်တရက် လှည့်ကြည့်လိုက်ပါတယ်။ ဒီလိုကြောက်မက်ဖို့ကောင်းတဲ့ နတ်ဆိုးရောင်ဝါမျိုးကို တုန်းဝမ်ရှန်း ပထမဆုံးအကြိမ် ရင်ဆိုင်တွေ့ကြုံရတာပါ။ တုန်းဝမ်ရှန်းရဲ့ ဆူပွက်နေတဲ့သွေးဟာ ဒီနတ်ဆိုးရောင်ဝါကြောင့် ချက်ချင်းအေးစက်သွားပါတယ်။ ဒါပေမဲ့လည်း တုန်းဝမ်ရှန်းဟာ အသွင်မဲ့ဂိုဏ်းရဲ့ နံပါတစ်ပါရမီရှင် ဖြစ်တာကြောင့် ကြောက်တယ်ဆိုတဲ့စကားလုံးက သူ့အဘိဓာန်မှာ မရှိပါဘူး။

တုန်းဝမ်ရှန်းက အော်ဟစ်ပြီး မေးလိုက်ပါတယ် “ငါ့ဆရာသခင်ကို မင်း သတ်လိုက်တာလား”

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ တဟားဟား ရယ်မောသံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ် “ခိုက်မင်မွန်းစတားအိုကြီးက သေသွားပြီလား၊ ဟားဟားဟား... ဘယ်လောက်တောင် ပျော်ဖို့ကောင်းတဲ့နေ့လဲ၊ မင်းက သူ့တပည့်လား၊ အဲဒါဆိုရင်တော့ အသက်ရှင်ဖို့ မေ့လိုက်တော့၊ ငါ မင်းကို ခုတ်ထစ်ပြီး စွပ်ပြုတ်လုပ်သောက်မယ်”

တုန်းဝမ်ရှန်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ သူ့ဆရာသခင်ကို ဒီနတ်ဆိုးတွေ သတ်သွားမှန်း သေချာသွားတာကြောင့် မျက်လုံးတွေ နီရဲသွားပါတယ်။

“ငါ မင်းကို အသေသတ်မယ်”

…

ဝီရိယတောင်၊ ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ရှင်းဟုန်ရွှမ် ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်မှာ ဆက်လက်အားထုတ်ရင်း မိုးမြေမြက်ပင်ကို အခါအားလျော်စွာ ရေလောင်းပေးပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူအတွင်းမှာ စိတ်ဝိညာဉ်ချီမျိုးစုံ ရှိပါတယ်။ ဒါ့အပြင် မိုးမြေမြက်ပင်ဟာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တာကြောင့် စိတ်ဝိညာဉ်ချီကို စုပ်ယူတက်နေပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို သိပ်ပြီးဂရုစိုက်နေစရာ မလိုပါဘူး။ တက်နင်းမမိရင်ဘဲ လုံလောက်ပါပြီ။

ဒီလိုနဲ့ နှစ်နှစ်ဆိုတဲ့ အချိန်ကာလာဟာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး မိုးမြေမြက်ပင်ဟာ ရှည်ထွက်လာပါတယ်။ ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်က အသိညာဏ်ပွင့်လင်းပြီး စိတ်ဝိညာဉ်မြက်ပင်ဖြစ်လာမှာကို စိတ်ဝင်တစား စောင့်မျှော်နေပါတယ်။

‘ပဋိပက္ခကောင်းကင်ခွေး၊ ငရဲကြက်နက်၊ မြေအမတရဲ့ဘူးပင်၊ ဖူစန်းသစ်ပင်၊ ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်း၊ မိုးမြေမြက်ပင်’

‘ကျွတ်... ကျွတ်... တဖြည်းဖြည်းနဲ့ ငါ့နေရာက ဥယျာဉ်တစ်ခု ဖြစ်လာပြီ’

ဒီနေ့မှာတော့ ဟန်ကျွယ်ဆီ လီချင်းဇဲ့ အလည် ရောက်လာပြန်ပါတယ်။ ဟန်ကျွယ်ဟာ လီချင်းဇဲ့ လိုဏ်ဂူထဲရောက်တယ်ဆိုရင်ပဲ တန်းမေးလိုက်ပါတယ် “အသွင်မဲ့ဂိုဏ်း ရောက်လာလို့လား”

လီချင်းဇဲ့ဟာ ခေါင်းခါပြီး ပြန်ဖြေပါတယ် “မဟုတ်ပါဘူး၊ ဒါပေမဲ့... မဟာအကြီးအကဲက သက်တမ်းကုန်ခါနီးနေပြီ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ယွီဂျင်ဂိုဏ်းမှာ မဟာအကြီးအကဲတစ်ဦးပဲ ရှိပါတယ်။ သူက လီချင်းဇဲ့ရဲ့ ဆရာသခင်ဖြစ်ပြီး ဟန်ကျွယ်နဲ့ နည်းနည်းပါးပါး တွေ့ဆုံဖူးပါတယ်။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် ဟန်ကျွယ်တောင် အသက် ၄၀၀ ရှိနေပါပြီ။ ဒီနှစ်တွေမှာ မဟာအကြီးအကဲရဲ့ ကျင့်ကြံမှုကို ရှေ့ဆက်မတိုးတော့ သူ့သက်တမ်းလည်း တိုးမလာပါဘူး။

“ဂိုဏ်းချုပ်က ကျုပ်ကို သူနဲ့ တွေ့စေချင်တာလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက မိတ်ဆွေဟောင်းတွေ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အကြီးအကဲသံမဏိတုန်းကလိုမျိုး နောင်တမရချင်ပါဘူး။

လီချင်းဇဲ့ဟာ ခေါင်းခါပြီး ပြန်ဖြေပါတယ် “ဆရာသခင်က ဂိုဏ်းကနေ ထွက်သွားပြီ၊ နှစ်နှစ်ဆယ်နေလို့မှ ယွီဂျင်ဂိုဏ်းကို ပြန်မလာဘူးဆိုရင် သူသေပြီလို့ မှတ်လိုက်တော့တဲ့၊ ဆရာသခင်က အကြီးအကဲဟန်ကို သူ့ကိုယ်စား ကျေးဇူးတင်စကား ပြောခိုင်းလိုက်တယ်၊ အကြီးအကဲဟန်ကြောင့်သာ မဟုတ်ရင် ယွီဂျင်ဂိုဏ်းက ဒီနေ့လိုနေရာမျိုးကို ရောက်မလာပါဘူးတဲ့”

ဟန်ကျွယ်ဟာ ဆိတ်ဆိတ် နေလိုက်ပါတယ်။ မဟာအကြီးအကဲရဲ့ ဆိုလိုရင်းက ဒီထက်လေးနက်ဖို့များပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မပျော်မရွှင် မဖြစ်ပါဘူး။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းမှာနေရတာ နေသားကျနေပါပြီ။ ဘယ်သူမှ သူ့ကို မနှောင့်ယှက်သလို လီချင်းဇဲ့နဲ့ တစ်ခြားသူတွေက သူလိုတာကို အစွမ်းကုန်ဖြည့်ဆည်းပေးကြပါတယ်။

“အကြီးအကဲဟန်... ကျုပ်ရဲ့ကျင့်ကြံမှုက တိုးတက်လာတယ်ဆိုပေမဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ကို ရောက်ဖို့ လုံးဝမလွယ်ဘူး၊ တစ်နေ့ကျလို့ ကျုပ်သေသွားရင် ယွီဂျင်ဂိုဏ်းကို ဘယ်သူ့လက်ထဲ အပ်ခဲ့သင့်လဲ” လီချင်းဇဲ့က မေးလိုက်ပါတယ်။

လီချင်းဇဲ့ရဲ့ မျက်နှာဟာ ဝမ်းနည်းခြင်းအလျဉ်းမရှိပါဘူး။ လီချင်းဇဲ့ဟာ အသက်ရှင်သန်ခဲ့တာ ကြာပြီမို့ မိတ်ဆွေဟောင်း တော်တော်များများ ခွဲခွာသွားတာကို ကြုံတွေ့ခဲ့ရပြီးပါပြီ။ ကြုံရဖန်များတော့လည်း ကျင့်သားရနေပါပြီ။

ထာဝရအသက်လမ်းကြောင်းဟာ အခက်အခဲတွေနဲ့ ပြည့်နှက်နေပါတယ်။ သေမျိုးတိုင်းသာ ကြိုးကြိုးစားစား ကျင့်ကြံလို့ ထာဝရအသက်ရှင်မယ်ဆိုရင် သေမျိုးတိုင်း ကြိုးကြိုးစားစား ကျင့်ကြံကြမှာပါ။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျုပ်က တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာ၊ ဘယ်လိုလုပ်ပြီး သိမှာလဲ”

လီချင်းဇဲ့က အပြုံးနဲ့ မေးလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းတစ်ခုလုံးမှာ အကြီးအကဲဟန်ရဲ့ မျိုးဆက်တွေက အရည်အချင်း အရှိဆုံးပဲ၊ အခုကျုပ်တွေ့ရသလောက် ရွှင်ချန်အန်းနဲ့ မုရုံချီရဲ့ ကျင့်ကြံမှုက ကနဦးဝိညာဉ်အဆင့်ကို ရောက်ခါနီးနေပြီ၊ ဒီလိုကျင့်ကြံမှုအလျင်မျိုးက ယွီဂျင်ဂိုဏ်းမှာ အကြီးအကဲဟန်ကလွဲ၍ ဘယ်သူမှာမှ မရှိဘူး”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘သူက ငါ့ကို ယွီဂျင်ဂိုဏ်းနဲ့ တစ်လှေတည်း စီးအောင် လုပ်နေတာပဲ’ ဟန်ကျွယ် တပည့် ဒါမှမဟုတ် မြေးတပည့်သာ ယွီဂျင်ဂိုဏ်းချုပ် ဖြစ်လာမယ်ဆိုရင် ဟန်ကျွယ် ယွီဂျင်ဂိုဏ်းကနေ ထွက်သွားဖို့ဆိုတာ ပိုပြီးတော့ မဖြစ်နိုင်တော့ပါဘူး။

“ဂိုဏ်းချုပ်... ကျုပ် ဂိုဏ်းချုပ်ရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်၊ ဒီနှစ်ယောက်က တကယ်ပဲ အရည်အချင်း ရှိပါတယ်၊ ဒီနေရာမှာ ရှင်းအောင် တစ်ခု ပြောထားမယ်၊ တစ်နေ့ကျလို့ ကျုပ် ယွီဂျင်ဂိုဏ်းက ထွက်သွားချင်ပြီရင် သူတို့နှစ်ယောက်က ကျုပ်ကိုတားနိုင်မှာ မဟုတ်ဘူး၊ ယွီဂျင်ဂိုဏ်းက ကျုပ် မခုခံနိုင်တဲ့ရန်သူနဲ့ ရင်ဆိုင်ရပြီဆိုရင် အသက်ရှင်သန်ဖို့အတွက် ကျုပ် ထွက်ပြေးမှာပဲ”

“ကျုပ်မွေးဖွားလာကတည်းက ရည်မှန်းချက်တစ်ခုပဲ ရှိတယ်၊ အဲဒါက ထာဝရအသက်ရှည်ဖို့ပဲ၊ ကျုပ် ရည်မှန်းချက်အတွက် ကြိုးစားရင်း ယွီဂျင်ဂိုဏ်းကို ကူညီနိုင်တယ်၊ ဒါပေမဲ့ ယွီဂျင်ဂိုဏ်းအတွက် ကျုပ်ရည်မှန်းချက်ကို စွန့်လွှတ်မှာတော့ မဟုတ်ဘူး”

ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။ လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီက ဒီစကားကြားရလို အံအားသင့်ခြင်း မရှိပါဘူး။ မုရုံချီနဲ့ ရွှင်ချန်အန်းကို ရွေးရတာကလည်း သူတို့နှစ်ယောက်ရဲ့ စွမ်းရည်ကြောင့်ပါ။

ယွီဂျင်ဂိုဏ်းက တဖြည်းဖြည်း အင်အားကြီးလာတယ်ဆိုပေမဲ့ မုရုံချီနဲ့ ရွှင်ချန်အန်းထက် အရည်အချင်းရှိတဲ့လူ မရှိပါဘူး။ စွမ်းအားကြီးတဲ့ဂိုဏ်းချုပ်သာ ယွီဂျင်ဂိုဏ်းကို ဒီထက်ပိုပြီး အင်အားကြီးမားလာအောင် ဦးဆောင်နိုင်မှာပါ။ လီချင်းဇဲ့ဟာ သူ့စွမ်းရည်ရဲ့ ကန့်သတ်မှုကြောင့် ကူကယ်ရာမဲ့ဖြစ်နေတာ ကြာပါပြီ။

လီချင်းဇဲ့နဲ့ ဟန်ကျွယ်ဟာ စကားဆက်ပြောပါတယ်။ ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး လီချင်းဇဲ့ဆီမှာ လမ်းခြောက်သွယ် အမှတ်အသားကို တိတ်တဆိတ် မှတ်လိုက်ပါတယ်။ လီချင်းဇဲ့က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာကြောင့် ဟန်ကျွယ်ဟာ လီချင်းဇဲ့အပေါ်မှာ အကောင်းမြင်စိတ် ရှိပါတယ်။ ရေစက်ပါလို့ လီချင်းဇဲ့ရဲ့ နောက်ဘဝမှာ သူတို့နှစ်ယောက် ပြန်တွေ့ကြမယ်ဆိုရင် ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို ကူညီသင့်တာ ကူညီမှာပါ။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ မုရုံချီကို နောက်ဂိုဏ်းချုပ်အဖြစ် လေ့ကျင့်သင့်ကြားစေဖို့ သဘောတူလိုက်ပါတယ်။ လီချင်းဇဲ့ ထွက်မသွားခင်မှာ ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ် “နတ်မိမယ်ရှီရွှမ်ရဲ့ သက်တမ်းကကော ကုန်ခါနီးပြီလား”

လီချင်းဇဲ့က ပြုံးလိုက်ပါတယ် “ဆရာတူညီမလေးရဲ့ စွမ်းရည်က ကျုပ်ထက်မြင့်တယ်၊ ဒါ့အပြင် သူက ကံအားလျော်စွာ အခွင့်အရေးရထားတာဆိုတော့ နောက်ထပ်နှစ်လေးငါးရာလောက် ထပ်နေဖို့က သူ့အတွက် ပြဿနာရှိမှာ မဟုတ်ဘူး၊ သူ အပြင်က ပြန်‌ရောက်လာတာ မကြာသေးဘူး၊ အကြီးအကဲဟန်မှာ အားလပ်ချိန်ရှိတယ်ဆိုရင် သူ့ဆီသွားလည်လိုက်ပါအုန်း”

လီချင်းဇဲ့ဟာ တစ်ခြားအတွေးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ်က ဆရာတပည့် ဖြစ်နေလို့ပါ။

ဟန်ကျွယ်ဟာ မဆိုစလောက် ခေါင်းညိတ်လိုက်ပါတယ်။

လီချင်းဇဲ့ ထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်က ဆက်အားထုတ်ပါတယ်။

မုရုံချီကို လီချင်းဇဲ့က ခေါ်သွားပါတယ်။ ရွှင်ချန်အန်းဟာ ဒီကိစ္စကို နားမလည်နိုင်ပေမဲ့ ဟန်ကျွယ်က သဘောတူတာကြောင့် ဘာမှမပြောပါဘူး။ မုရုံချီကလည်း ဒီကိစ္စကို မငြင်းပယ်ပါဘူး။ ကျင့်ကြံတာ နှစ်ကြာပြီဖြစ်တဲ့အတွက် မုရုံချီလည်း ငြီးငွေ့နေပါပြီ။ အပြင်ထွက်ရတာလည်း သူ့အတွက် မဆိုးလှပါဘူး။

…

ငါးနှစ်ကြာပြီးနောက်။

မိုးမြေမြက်ပင်ဟာ နောက်ဆုံးမှာတော့ အသိဉာဏ်ပွင့်လင်းလာပါတယ်။ မိုးမြေမြက်ပင်ဟာ မတွေးတောနိုင်သေးပေမဲ့ ခြေတစ်လှမ်းတည်းနဲ့ မိုးပေါ်ရောက်သွားသလို တဟုန်ထိုး ကြီးထွားလာပါတယ်။ အသိဉာဏ်ရှိလာပြီ ဖြစ်တာကြောင့် မြက်ပင်လိုဆက်ပြီး ဆက်ဆံလို့မရတော့ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်က နာမည်တစ်ခု ပေးလိုက်ပါတယ်။

“ချိုချောင်”

ဒီမိုးမြေမြက်ပင်က အမတဖြစ်လာနိုင်တဲ့စွမ်းရည် ရှိတာကြောင့် ဟန်ကျွယ်ဟာ ဂုဏ်ပြုတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပြဒါးငှက်နဲ့ မော့ယိုလင်းကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးဘုရင် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သေလုနီးပါး ဖြစ်နေ၏။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် နတ်ဆိုးဘုရင် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်ဆယ်မှုကြောင့် သေဘေးမှ လွတ်မြောက်သွား၏။]

[သင့်မိတ်ဆွေ မော့ဖူချိုသည် နတ်ဆိုးဘုရင် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိသွားသော်လည်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်ဆယ်မှုကြောင့် သေဘေးမှ လွတ်မြောက်သွား၏။]

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် သူ့ကိုယ်သူ ကြီးမြတ်သော နတ်ဆိုးပညာရှိ‌ဟု ကြော်ငြာခဲ့သောကြောင့် နတ်ဆိုးဘုရင်များ၏ ဝိုင်းတိုက်ခိုက်မှုကိုခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကာ သေဘေးမှ လွတ်မြောက်ရုံသာရှိ၏။]

[သင့်တပည့် စုချီသည် ဂိုဏ်းတူတပည့်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် နတ်ဆိုးနိုင်ဂိုဏ်း၏ ကံရောင်ဝါသည် ကျဆင်းသွားပြီ ဖြစ်၏။ ဂိုဏ်းဝင်တစ်ဝက်ကျော်သည် ကောင်းကင်နှင်းရေခဲ ကပ်ဘေး၌ သေကျေပျက်စီးသွားပြီ ဖြစ်သည်။]

…

‘ဟာ...’

‘ရန်ထျန်တုန်း၊ ကျိုးဖန်နဲ့ မော့ဖူချိုက နတ်ဆိုးဘုရင် တိုက်ခိုက်တာကို ခံရပြီး သုံးယောက်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်၊ သူတို့တွေက တိုက်ခိုက်တဲ့ နတ်ဆိုးဘုရင်က တစ်ပါးတည်းလား’

ဟန်ကျွယ်ဟာ မေးစေ့ကိုပွတ်ကာ စဉ်းစားလိုက်ပြီး ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ရန်ထျန်တုန်းနဲ့ ကျိုးဖန်ဟာ ယွီဂျင်ဂိုဏ်းမှာတုန်းက ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေပါ။ သူတို့တွေ ထွက်သွားတာ ကြာပြီဆိုတော့ အပြင်မှာတွေ့ဆုံကြရင် လောကတစ်ခွင် အတူတူလျှောက်သွားတာ ဖြစ်နိုင်ပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters