← Chapters

ခန္ဓာကိုယ်ပေါင်းစပ် ဆဋ္ဌမအဆင့်၊ ကျိုးဖန် ဂိုဏ်းသို့ပြန်ခြင်း

Vol. 7 Ch. 99

ခန္ဓာကိုယ်ပေါင်းစပ် ဆဋ္ဌမအဆင့်၊ ကျိုးဖန် ဂိုဏ်းသို့ပြန်ခြင်း

Vol. 7 Ch. 99

အခန်း (၉၉) ခန္ဓာကိုယ်ပေါင်းစပ် ဆဋ္ဌမအဆင့်၊ ကျိုးဖန် ဂိုဏ်းသို့ပြန်ခြင်း

ရန်ထျန်တုန်းက အပြင်းအထန် ဒဏ်ရာရထားပေမဲ့ ဟန်ကျွယ်ဟာ သိပ်ပြီးဂရုစိုက်မနေပါဘူး။ ဒီလမ်းကို ရန်ထျန်တုန်း ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဟန်ကျွယ်က ရန်ထျန်တုန်းရဲ့ အဖေလည်း မဟုတ်တဲ့အတွက် နောက်ကနေ တကောက်ကောက်လိုက်ပြီး ကြည့်မနေနိုင်ပါဘူး။ ဒါ့အပြင် ရန်ထျန်တုန်းမှာက နတ်ဆိုးသူတော်စင် သွေးစည်းရှိတာကြောင့် လွယ်လွယ်နဲ့ မသေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် ဆဋ္ဌအဆင့်ကို ဆက်ထိုးဖောက်ပါတယ်။ ယွီဂျင်ဂိုဏ်းဝင်တွေ သေခြင်းရှင်ခြင်းကို ပိုပိုပြီး ကြုံတွေခံစားလာရတဲ့အခါမှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံအားထုတ်လိုတဲ့စိတ်က ပိုပြီးခိုင်မြဲလာပါတယ်။ ဟန်ကျွယ်ဟာ သူကိုယ်တိုင်ပဲ ကြိုးကြိုးစားစား ကျင့်ကြံတာ မဟုတ်ပါဘူး။ ရှင်းဟုန်ရွှမ်နဲ့ မော့ကျူကိုလည်း ကြိုးကုတ်ကြိုးခဲ ကျင့်ကြံအားထုတ်ဖို့ တိုက်တွန်းနိုးဆော်ပါတယ်။

…

မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ်ခုနစ်နှစ် ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် ဆဋ္ဌမအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။ ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီဟာ ရန်ဒေသတစ်ခုလုံးမှာ အသိပ်သည်းဆုံး အထူထပ်ဆုံး ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာရတာက ဖူစန်းသစ်ပင်နှင့် မြေအမတဘူးပင်က စိတ်ဝိညာဉ်ချီတွေကို ဖန်တီးထုတ်လွှတ်ပေးလို့ပါ။

ဟန်ကျွယ်ဟာ မဟာအကြီးအကဲအကြောင်းကို ရုတ်တရက် တွေးမိသွားပြီးနောက်မှာ ကျောက်အေးတောင်ထိပ်ကို သူ့နတ်အာရုံနဲ့ စူးစမ်းလိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ကျောက်အေးတောင်ထိပ်ရဲ့ ခန်းမထဲမှာ ကျင့်ကြံအားထုတ်နေပါတယ်။ ဒီလောက်နှစ်တွေကြာတောင် နတ်မိမယ်ရှီရွှမ်ရဲ့ ကျင့်ကြံမှုက ကနဦးဝိညာဉ် နဝမအဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါတောင် ကံအားလျော်စွာ အခွင့်အရေးတွေ ရရှိခဲ့လို့ပါ။

“နတ်မိမယ်ရှီရွှမ်... ဝီရိယတောင်မှာ လာကျင့်ကြံပါလား၊ ကျုပ် လိုဏ်ဂူတစ်ခု ပြင်ဆင်ပေးမယ်” ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို အသံလွှင့်စကားပါးလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ရဲ့ ကိုယ်ဟန်က မိုးကောင်းကင်ထက်က နတ်သမီးတစ်ပါးလို ပိုပိုပြီး မြင့်မြတ်လာပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် “ဝီရိယတောင်က ရှင်ရဲ့တောင်လေ၊ ကျွန်မ အဲဒီမှာ ကျင့်ကြံလို့ အဆင်မပြေဘူးထင်တယ်”

“မဟာအကြီးအကဲကိစ္စကို မင်း သိပြီးလောက်ပါပြီ၊ ငါက တစ်သက်လုံး ကျင့်ကြံနေတာဆိုတော့ ငါ ဂရုစိုက်တဲ့လူ သိပ်မရှိဘူး၊ ဒါပေမဲ့ မင်းက ငါဂရုစိုက်တဲ့ လူတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ၊ မင်းကိုလည်း ငါနဲ့အတူ ကြီးကျယ်မြင့်မြတ်တဲ့တာအိုဆီ လျှောက်လှမ်းစေချင်တယ်၊ ကျင့်ကြံခြင်းလမ်းတစ်ဝက်မှာ သေသွားမဲ့အဖြစ်မျိုး ငါ မမြင်ချင်ဘူး”

တစ်ခြားသူတစ်ယောက်သာ ဟန်ကျွယ်စကားကို ကြားရင် ဒီကောင် အဆော်ခံချင်နေပြီလို့ တွေးမိမှာ အမှန်ပါ။ ဒါပေမဲ့ နတ်မိမယ်ရှီရွှမ်ကတော့ ဟန်ကျွယ်ကို ကောင်းကောင်းကြီး နားလည်ပါတယ်။ ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်ကို စရောက်လာကတည်းက ကြိုးကုတ်ကြိုးခဲ ကျင့်ကြံအားထုတ်နေပြီး ယွီဂျင်ဂိုဏ်းကနေ တစ်ဖဝါးမှ မခွဲခဲ့ပါဘူး။

မဟာအကြီးအကဲကို တွေးမိပြီး နတ်မိမယ်ရှီရွှမ်ဟာ စိတ်လေးသွားပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ သူနဲ့ရွယ်တူ သူငယ်ချင်းတွေ သေဆုံးတာကို ကြုံတွေ့ခဲ့ရပြီးဖြစ်ပေမဲ့ သူ့ဆရာသခင်ရဲ့ သေဆုံးမှုက သူ့ကို မသက်မသာ ဖြစ်စေပါတယ်။

“ဝီရိယတောင်ကို လာခဲ့ပါ၊ ငါ မင်းကို အကြောင်းအရင်းမရှိဘဲ မနှောင့်ယှက်ပါဘူး" ဟန်ကျွယ်က ဆက်ပြောလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ တစ်ခဏတုံ့ဆိုင်းနေပြီးမှ နောက်ဆုံးမှာတော့ ဟန်ကျွယ်စကားကို သဘောတူ လက်ခံလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို ပစ္စည်းတွေ သိမ်းဆည်းပြီး ချက်ချင်းလာခဲ့ဖို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ထွက်ပြီး နတ်မိမယ်ရှီရွှမ်အတွက် လိုဏ်ဂူတစ်ခု ဖန်တီးပါတယ်။

မနီးမဝေးမှာရှိနေတဲ့ ရွှင်ချန်အန်းနဲ့ ငရဲကြက်နက်ဟာ ဟန်ကျွယ်ရဲ့ အပြုအမူကြောင့် သိချင်စိတ်ပြင်းပြသွားပါတယ်။

“ဆရာသခင် ကျွန်တော့်အတွက် လိုဏ်ဂူဆောက်နေတာလား” ရွှင်ချန်အန်းက ကသိကအောက်နဲ့ မေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှင်ချန်အန်းဟာ ဖူစန်းသစ်ပင်အောက်မှာ နေရတာက ကျင့်သားရနေပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံပင့်တက်သွားပြီး ရွှင်ချန်အန်းကို ပြောလိုက်ပါတယ် “ဒီလိုဏ်ဂူက နတ်မိမယ်ရှီရွှမ်အတွက်ပဲ၊ နတ်မိမယ်ရှီရွှမ်က ငါ့ဆရာသခင် ဖြစ်ခဲ့ဖူးပေမဲ့ အခုမိတ်ဆွေတွေ ဖြစ်နေပြီ၊ မင်း သူကျင့်ကြံတာကို မနှောင့်ယှက်ရဘူး၊ နားလည်လား”

ရွှင်ချန်အန်းဟာ ရုတ်တရက် နားလည်သဘောပေါက်သွားပါတယ်။ နတ်မိမယ်ရှီရွှမ်ကို သူကြားဖူးပါတယ်။

ငရဲကြက်နက် မေးလိုက်ပါတယ် “သခင်... နတ်မိမယ်ရှီရွှမ်က သခင်ကို စားချင်နေတာလား”

“မင်း အစော်ခံချင်နေတာလား” ဟန်ကျွယ်က စိတ်ဆိုးမာန်ဆိုး ပြန်မေးလိုက်ပါတယ်။

ငရဲကြက်နက်က အရင်တုန်းက နားမလည်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျိန်းသေပေါက် နားလည်နေပါပြီ။ ဒါက ဟန်ကျွယ်ကို တမင်သက်သက် စနောက်လိုက်တာပါ။

ငရဲကြက်နက်ဟာ ဟန်ကျွယ်အမေးကြောင့် ကြောက်ရွံ့တုန်လှုပ်သွားပြီး ဘာမှထပ်မပြောရဲတော့ပါဘူး။

မကြာမီမှာပဲ လိုဏ်ဂူတစ်ခုကို ဖန်တီးလို့ ပြီးသွားပါတယ်။ နတ်မိမယ်ရှီရွှမ်လည်း မကြာခင်ရောက်လာပါတယ်။ နတ်မိမယ်ရှီရွှမ်ရဲ့ ရုပ်အဆင်းကို မြင်ရတဲ့အခါမှာ ရွှင်ချန်အန်းဟာ ကြက်သေသေသွားပါတယ်။

‘မဖြစ်ဘူး... ငါ့တာအိုနှလုံးသား အဖျက်ဆီးခံလို့ မဖြစ်ဘူး’

‘ဆရာသခင်ပြောတာ မှန်တယ်၊ ငါ့ကျင့်ကြံခြင်းသာ အဆင့်မြင့်လာမယ်ဆိုရင် မိန်းမလှတစ်ချို့က ငါ့ကို ကြိုက်လာမှာ အမှန်ပဲ’

‘ငါကျင့်ကြံခြင်းအဆင့်မြင့်လာရင် ချန်အာက ငါ့ကို ကြိုက်လာမှာပဲ’

အကြောင်းအရင်းတစ်ချို့ကြောင့် ရွှင်ချန်အန်းဟာ နှလုံးသားမဲ့ဓားသိုင်းကို တတ်ကျွမ်းပြီးကတည်းက ချန်အာအကြောင်းတွေးမိတိုင်း အရင်တုန်းကလို ယောက်ယက်မခတ်တော့ပါဘူး။

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ် ရောက်လာတာကို တွေ့လိုက်ရတဲ့အခါမှာ သက်သာရာ ရသွားပါတယ်။ မော့ကျူအတွက်ကတော့ နောက်ကျမှပဲ စီစဉ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ မော့ကျူမှာက ထက်မြက်တဲ့စွမ်းရည်ရှိတာကြောင့် ဟန်ကျွယ်အကူအညီကို လောလောဆယ် မလိုသေးပါဘူး။ ဒါ့အပြင် မော့ကျူက ရှင်းဟုန်ရွှမ်နဲ့ မတည့်ချင်ပါဘူး။

မကြာသေးခင်က ရှင်းဟုန်ရွှမ်ဟာ အပြင်ဘက်ကို ထပ်ထွက်သွားပါတယ်။ ဒါပေမဲ့ ရှင်းဟုန်ရွှမ်ဆီမှာ ကောင်းကင်ရုပ်သေးရုပ် ရှိနေတာကြောင့် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် တစ်ခုခုဖြစ်မှာကို မကြောက်ပါဘူး။

ဟန်ကျွယ်ဟာ ခုတင်ပေါ်မှာထိုင်ပြီး စာအိတ်တွေကို စစ်ဆေးပါတယ်။ တစ်ချိန်တည်းမှာပဲ ကြမ္မာဆိုးစာအုပ်ကို ထုတ်ပြီး သူ့ရန်သူတော်တွေကို ကျိန်စာတိုက်ပါတယ်။

ပဋိပက္ခကောင်းကင်ခွေး၊ ကျိုးဖန်၊ မော့ဖူချိုနဲ့ ရန်ထျန်တုန်းတို့ဟာ ဘယ်သူအစော်ခံရဆုံးလဲဆိုတာကို ပြိုင်ဆိုင်လာကြပုံပါပဲ။

ဟန်ကျွယ်ရဲ့ တစ်ချို့မိတ်ဆွေကတော့ အခွင့်အရေးတွေ ရရှိသွားကြပါတယ်။

ပြောစရာရှိတာကဆိုလို နတ်ဆိုးနိုင်ဂိုဏ်းရဲ့ အခြေအနေက ပိုပိုပြီး ဆိုးရွားလာတာပါ။ နတ်ဆိုးနိုင်ဂိုဏ်းက မကြာခင် ပြိုကွဲတော့မယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။

‘ဒီကြမ္မာဆိုးနတ်က အခုမှ နတ်စွမ်းအား နိုးထရုံရှိသေးတယ်၊ တော်တော်လေး ကြောက်ဖို့ကောင်းနေပြီ’

နတ်ဆိုးနိုင်ဂိုဏ်း ဒီလောက်ထိတောင့်ခံနိုင်တာကပဲ သူတို့တွေ ဘယ်လောက်ထိ အင်အားကြီးလဲဆိုတာကို ပြသနေပါတယ်။

…

အလွန်ကျယ်မောတဲ့ တောင်ကြားတစ်ခုမှာ ငွေရောင်သားမွေးရှိတဲ့ အမဲလိုက်ခွေးတစ်ကောင်ဟာ တောင်တစ်ဝက်မှာ ဝပ်နေပါတယ်။ တောင်ကြားထဲမှာရော ဘေးနားပတ်ဝန်းကျင်က တောင်ထိပ်တွေမှာရော နတ်ဆိုးအများကြီး ရှိနေပါတယ်။ ဒီငွေရောင်သားမွေးနဲ့ အမဲလိုက်ခွေးက တစ်ခြားသူတော့ မဟုတ်ပါဘူး။ ပဋိပက္ခကောင်းကင်ခွေးပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ပဋိပက္ခကောင်းကင်ခွေးဟာ ငယ်ငယ်တုန်းကလို ဝဖြိုးမနေတော့ဘဲ ကျန်းမာသန်စွမ်းတဲ့ ခွေးတစ်ကောင် ဖြစ်လာပါတယ်။ နေရောင်ခြည်အောက်မှာ ပဋိပက္ခကောင်းကင်ခွေးရဲ့ နတ်ဆိုးခန္ဓာကိုယ်က တော်တော်လေး ကြည့်လို့ကောင်းနေပါတယ်။

ဒီအချိန်မှာ ပဋိပက္ခကောင်းကင်ခွေးက အောက်ကလူကို ငုံ့ကြည့်လိုက်ပါတယ်။

ရန်ထျန်တုန်း။

ရန်ထျန်တုန်းဟာ ပဋိပက္ခကောင်းကင်ခွေးကို စိတ်ရှုပ်ထွေးတဲ့မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။ အဲဒီနောက် အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ကောင်းကင်ခွေး... မင်း ဘယ်လိုထင်လဲ၊ ငါတို့တွေ ပူပေါင်းပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်ရအောင်၊ ပြီးရင်နယ်မြေတွေကို ညီတူမျှတူ ခွဲဝေယူကြတာပေါ့”

အရင်တုန်းက ရန်ထျန်တုန်းဟာ ပဋိပက္ခကောင်းကင်ခွေး ငယ်ရာကနေ တဖြည်းဖြည်း ကြီးပြင်းလာတာကို ကြည့်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ပဋိပက္ခကောင်းကင်ခွေးရဲ့ စွမ်းအားက သူ့စွမ်းအားထက် သာလွန်နေပါပြီ”

“ငါ့ကို ကြီးမြတ်တဲ့ပဋိပက္ခလို့ ခေါ်စမ်းပါ” ပဋိပက္ခကောင်းကင်ခွေးဟာ သမ်းဝေလိုက်ပြီး ခပ်တည်တည် ပြောလိုက်ပါတယ်။

ရန်ထျန်တုန်းဟာ ချက်ချင်းဆိုသလို မကျေမချမ်း ဖြစ်သွားပါတယ် “ငါ ပြန်ပြီး ဆရာသခင်ကို ပြောလိုက်ရမလား”

ပဋိပက္ခကောင်းကင်ခွေးဟာ ရန်ထျန်တုန်းရဲ့စကားကြောင့် တုံ့ခနဲဖြစ်သွားပြီး အမွေးတွေထောင်သွားပါတယ်။ အဲဒီနောက် ရန်ထျန်တုန်းကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းက ဆရာသခင်ကို သွားပြောမယ် ဟုတ်လား၊ မင်း မပြန်တာ ဘယ်လောက်ကြာပြီလဲ၊ မင်းကများ ငါ့ကိုပြောရရှိသေး”

ရန်ထျန်တုန်းဟာ ကသိကအောက် ဖြစ်သွားပါတယ်။ ရန်ထျန်တုန်းက ဟန်ကျွယ်ဆီပြန်ဖို့ တကယ်ပဲ ဝန်လေးနေပါတယ်။ ရန်ထျန်တုန်းဟာ နတ်ဆိုးဘုရင် ဖြစ်လာကတည်းက အာဏာကိုလိုချင်တပ်မက်မှုက သူ့ရင်ထဲမှာ အမြစ်တွယ်သွားပါပြီ။ အရင်တုန်းကလို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး မကျင့်ကြံနိုင်တော့ပါဘူ။

“ငါတို့တွေက တစ်ဆရာတည်းက ဆင်းသက်လာတာပဲ၊ အချင်းချင်း ကူညီသင့်တာပေါ့၊ ငါ ကြားရသလောက် မင်းကို တစ်ခြားနတ်ဆိုးဘုရင်တွေက လိုက်နေတယ်ဆို၊ ငါတကယ်ပဲ ထိုင်ကြည့်မနေနိုင်ဘူး၊ ငါတို့တွေ အတူတူပူးပေါင်းမယ်ဆိုရင် နှစ်ဖက်စလုံး အကျိုးမယုတ်ပါဘူး” ရန်ထျန်တုန်းက လေးနက်စွာ ပြောလိုက်ပါတယ်။

ပဋိပက္ခကောင်းကင်ခွေးဟာ ချီတုံချတုံ့ ဖြစ်သွားပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်းက အရမ်းစွမ်းအားကြီးတယ်၊ ဒေသဆယ်ခုနဲ့ တိုင်းပြည်ကိုးခုထဲက နတ်ဆိုးအချို့ပဲ သူ့ကို အနိုင်ယူနိုင်တာ”

ရန်ထျန်တုန်းက ပြောလိုက်ပါတယ် “ဒါဆိုရင် ငါ ရန်ဒေသကိုပြန်ပြီး နတ်ဆိုးဘုရင်တန်စုကို သွားဖိတ်ခေါ်မယ်၊ နတ်ဆိုးဘုရင်တန်စုက နှစ်တစ်သောင်းနတ်ဆိုးဆိုတော့ သူ့စွမ်းအားက အတော်ကြီးမှာပဲ”

ပဋိပက္ခကောင်းကင်ခွေးဟာ တိတ်ဆိတ်သွားပါတယ်။

“ကြီးမြတ်တဲ့စပါးအုံးစိမ်းက သူ့အင်အားကို အရူးအမူး ချဲ့ထွင်နေတာ မကြာခင်မှာ မင်းဆီရောက်လာလိမ့်မယ်၊ အသွင်မဲ့ဂိုဏ်းကို မင်းသိတယ်မလား၊ ဒီနှစ်တွေမှာ အသွင်မဲ့ဂိုဏ်းက ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်ဖြတ်ဖို့ ကြိုးစားနေတာ၊ ဒါပေမဲ့ လုံးဝမအောင်မြင်ဘူး၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းက အသွင်မဲ့ဂိုဏ်းရဲ့ တိုက်ခိုက်မှုကြောင့် အားကုန်နေပြီ၊ ဒီဟာက ငါတို့ရဲ့ အခွင့်အရေးပဲ၊ ငါတို့တွေ ထပ်ပြီး စောင့်နေမယ်ဆိုရင် မင်းရောငါရော ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ခွေးတွေ ဖြစ်ကုန်လိမ့်မယ်”

“ဟင်... ခွေးတွေကို အထင်သေးတာလား”

“ကောင်းပြီ၊ ငါတို့တွေ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်လိမ့်မယ်”

“မဟုတ်သေးဘူး၊ ငါတို့နှစ်ယောက်တည်းနဲ့ မလုံလောက်ဘူး၊ တစ်ခြားနတ်ဆိုးဘုရင်တွေကိုလည်း ဆက်ဖျောင်းဖျရမယ်”

“ဒီအကြံ ကောင်းတယ်”

…

ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးနဲ့ ရန်ထျန်တုန်းတို့ အပြင်လောကမှာ ဘာလုပ်နေတယ်ဆိုတာကို မသိပါဘူး။ သိလည်း ဂရုမစိုက်ပါဘူး။ နတ်မိမယ်ရှီရွှမ် ဝီရိယတောင်ကို ပြောင်းလာပြီးကတည်းက ဟန်ကျွယ်ဘဝက နည်းနည်း စိတ်ဝင်စားစရာ ကောင်းလာပါတယ်။

နှစ်နှစ်ကြာတိုင်း ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ဆီသွားပြီး တာအိုအကြောင်း ဆွေးနွေးပါတယ်။ နတ်မိမယ်ရှီရွှမ်ကလည်း ဟန်ကျွယ်ကို ကြိုဆိုပါတယ်။ နှစ်ယောက်လုံး အကျိုးအမြတ်ရတာကိုး။ ဟန်ကျွယ်ရဲ့ တာအိုအပေါ် သိမြင်နားလည်မှုက နတ်မိမယ်ရှီရွှမ်ထက် ပိုပြီးသိမ်မွေ့ပေမဲ့ ဗဟုသုတပိုင်းမှာတော့ နတ်မိမယ်ရှီရွှမ်ကို မယှဉ်နိုင်ပါဘူး။

ဒီလိုနဲ့ ရှစ်နှစ်ကုန်ဆုံးသွားပါတယ်။

မုရုံချီဟာ ယွီဂျင်ဂိုဏ်းရဲ့ အကြီးဆုံးတပည့် ဖြစ်လာပါတယ်။ မုရုံချီရဲ့ ရွှေဓာတ်လုံးအဆင့်ကြောင့် သူ့ကို ဘယ်သူမှ မေးခွန်းမထုတ်ရဲပါဘူး။

ဒီနေ့မှာတော့ ယွီဂျင်ဂိုဏ်းအပြင်ဘက်ကို ကျိုးဖန်၊ မော့ဖူချိုနဲ့ ရွှမ်မျိုးရိုး ခရမ်းရောင်ဝတ် အမျိုးသမီးတစ်ဦး ရောက်ရှိလာပါတယ်။

“နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပဲ” ကျိုးဖန်ဟာ စိတ်လှုပ်တရှား အော်ဟစ်လိုက်ပါတယ်။

မော့ဖူချိုကတော့ သက်ပြင်းချလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းက တော်တော်လေး ပြောင်းလဲသွားပြီပဲ”

ယွီဂျင်ဂိုဏ်းနားက တောတောင်တွေဟာ အရင်တုန်းကထက် စိတ်ဝိညာဉ်ချီ ပိုသိပ်သည်းလာပါတယ်။ ဂိုဏ်းတပည့်တွေက ဓားတွေစီးပြီး ကောင်းကင်ပေါ်ပျံထွက်တာကိုလည်း အဝေးက‌နေ မြင်နိုင်ပါတယ်။ ဒါတွေကို ထောက်ဆခြင်းအားဖြင့် ယွီဂျင်ဂိုဏ်းက အရင်တုန်းကထက် ပိုအင်အားကြီးလာတယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။

ခရမ်းရောင်ဝတ် အမျိုးသမီးဟာ ယွီဂျင်ဂိုဏ်းကို တော်တော်လေး စိတ်ဝင်စားနေပါတယ်။ သူစိတ်ဝင်အစားဆုံးကတော့ သူ့အစ်မရဲ့ တာအိုလက်တွဲဖောက်ကိုပါ။

“ဂိုဏ်းတူညီမ မော့ကျူကို သွားရှာချည်၊ ငါကတော့ ဟန်ကျွယ်ကို သွားရှာမယ်၊ သူ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတော့ မြင်တွေ့ရဖို့ မစောင့်နိုင်တော့ဘူး” ကျိုးဖန်က မျှော်လင့်ချက်ကြီးစွာနဲ့ ပြောလိုက်ပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters