ကျိုးဖန်၏ စိန်ခေါ်မှု
Vol. 7 Ch. 100
အခန်း (၁၀၀) ကျိုးဖန်၏ စိန်ခေါ်မှု
“အဲဒီကိစ္စကို မင်းမေ့လိုက်တာ ပိုကောင်းမယ်၊ ယွီဂျင်ဂိုဏ်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ဝါးမြိုထားတာ မကြာသေးဘူးဆိုတော့ ဟန်ကျွယ်က မင်းထက် ပိုစွမ်းအားကြီးလောက်တယ်” မော့ဖူချိုက ခေါင်းခါပြီး ပြောလိုက်ပါတယ်။ မော့ဖူချိုဟာ ဟန်ကျွယ်အပေါ်မှာ အကောင်းမြင်စိတ်ရှိပြီး ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတယ်လို့ အမြဲတမ်းခံစားခဲ့ရပါတယ်။
ကျိုးဖန်က နှာခေါင်းရှုံ့လိုက်ပါတယ် “ကောင်းကင်သွေးမီးလျှံဂိုဏ်း ယွီဂျင်ဂိုဏ်းထဲ ခိုလှုံရတဲ့ အကြောင်းရင်းက အသွင်မဲ့ဂိုဏ်းကြောင့် မဟုတ်လား၊ အသွင်မဲ့ဂိုဏ်းက ယွီဂျင်ဂိုဏ်းကို မတိုက်ခိုက်တာကလည်း နတ်ဆိုးတွေလက်ချက်နဲ့ ခိုက်မင်မွန်းစတားအိုကြီး သေဆုံးသွားလို့လေ၊ ယွီဂျင်ဂိုဏ်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းထက် ပိုပြီးတော့ အင်အားမကြီးပါဘူး”
မော့ဖူချိုဟာ ကျိုးဖန်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ကောင်းကင်ပေါ်က ယွီဂျင်ဂိုဏ်းတပည့်တွေဟာ တစ်ခြားဂိုဏ်းကြီးတွေလောက် စွမ်းအားမရှိပါဘူး။
ခရမ်းပြာအမျိုးသမီးရဲ့အကြည့်ဟာ ဝီရိယတောင်ပေါ်ကို ရောက်သွားတဲ့အခါမှာတော့ မျက်မှောင်ကြုတ်သွားပါတယ် “ဒီတောင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီက သိပ်သည်းလှချည်းလား၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
ခရမ်းပြာအမျိုးသမီးဟာ တအံတဩဖြစ်သွားပါတယ်။ ဒီတောင်မှာရှိတဲ့ စိတ်ဝိညာဉ်ချီ ထူထပ်သိပ်သည်းမှုက ပုန်းကွယ်နေတဲ့ မြင့်မြတ်နယ်မြေ၊ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ကျင့်ကြံခြင်းမိသားစုကြီးတွေနဲ့ နှိုင်းယှဉ်လို့ရနေပါပြီ။
ဒီအချိန်မှာတော့ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်မှာ ရှိနေပြီး ငရဲကြက်နက်ကို ပညာသင်ပေးနေပါတယ်။ ငရဲကြက်နက်ဟာ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးပြီမို့ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရောက်ရှိနေခဲ့ပါပြီ။ ငရဲကြက်နက်ဟာ ကပ်ဘေးကို နတ်ဆိုးတစ်သောင်းနယ်မြေမှာ ဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ယွီဂျင်ဂိုဏ်းအကြီးအကဲ အကုန်လုံးဟာ သွားကြည့်ခဲ့ပြီး သူတို့အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။
‘နတ်သတ်အကြီးအကဲ မွေးထားတဲ့ကြက်တောင် ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရောက်သွားပြီလား’
ကောင်းကင်သွေးမီးလျှံဂိုဏ်းချုပ် လျူပုမီနဲ့ ရှောင်ယောင်လည်း ဒီဖြစ်ရပ်ကြောင့် ကြက်သေသေသွားကြပါတယ်။ သူတို့နှလုံးသားထဲက ဟန်ကျွယ်ပုံရိပ်ဟာ အများကြီး ကြီးထွားသွားပါတယ်။
“ဆရာသခင်... ဒါက ဘာကောင်လဲ၊ ကြက်နဲ့လည်း မတူဘူး” ရွှင်ချန်အန်းက မနေနိုင်ဘဲ မေးလိုက်ပါတယ်။
ငရဲကြက်နက်ဟာ ချောက်ကမ်းပါးစွန်းမှာရပ်ပြီး သူ့တောင်ပံကို ခပ်မြန်မြန် ခတ်လိုက်တဲ့အခါမှာ ဓားချီလှိုင်းတွေ ထွက်ပေါ်လာပါတယ်။
ဟုတ်ပါတယ်။
ဓားချီ ထွက်ပေါ်လာတာပါ။
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ပြိုင်ဘက်ကင်း ဓားလက်ချောင်းသိုင်း သင်ပေးလိုက်ပါတယ်။ ငရဲကြက်နက်ဟာ ဓားသိုင်းကို ခပ်မြန်မြန်ပဲ တက်မြောက်သွားပြီး ဓားချီကို ကြက်မွေးကနေ ပစ်လွှတ်ပါတယ်။ ကြက်မွေးကနေ ပစ်လွှတ်တယ်ဆိုပေမဲ့ ငရဲကြက်နက်ရဲ့ ဓားချီက ထိုးဖောက်နိုင်စွမ်း တော်တော်လေး မြင့်မားပါတယ်။
ဟန်ကျွယ်က ရွှင်ချန်အန်းရဲ့ အမေးကို ပြန်မဖြေရသေးခင်မှာ ငရဲကြက်နက်ဟာ ရွှင်ချန်အန်းဘက်လှည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “ငါ မင်းကို ပြောပြီးလေ၊ ငါက ဖီးနစ်၊ ကြက်မဟုတ်ဘူး၊ မင်းက ငါ့ကို ကြက်လို့ပဲ ထင်နေတာလား”
ငရဲကြက်နက်ဟာ ကျိုတုတ်ကို ဝါးမြိုပြီးကတည်းက ဖီးနစ်အသွင်ဆီ တဖြည်းဖြည်း ပြောင်းလဲလာတာကြောင့် သူ့ကိုယ်သူ အစ်ကိုကြက်ကနေ ဆရာကြီးကြက်ဆိုပြီး နာမည်ပြောင်းလိုက်ပါတယ်။
ဒီနာမည်က သူ့ကိုယ်သူ ခေါ်တာပါ။
“မင်းလည်း မရိုးစင်းပါဘူး၊ ငါ့စကားကို ယုံပြီး ကြိုးကြိုးစားစား ကျင့်ကြစမ်းပါ” ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ ခေါင်းပြောင်ကိုထိပြီး ကြင်နာတဲ့အပြုံးနဲ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်စိတ်ထဲမှာတော့ ရွှင်ချန်အန်းက သာမန်လူတစ်ယောက်သာသာပါ။
ဒီအချိန်မှာပဲ.....
ဟန်ကျွယ်ဟာ မော့ဖူချို၊ ကျိုးဖန်နဲ့ ခရမ်းပြာအမျိုးသမီးတစ်ဦး ဝီရိယတောင်ဆီ ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။
ကျိုးဖန်ဟာ ဟန်ကျွယ်ကို မြင်တာနဲ့ ချက်ချင်းရပ်လိုက်ပါတယ်။
ခရမ်းပြာအမျိုးသမီးဟာ ဟန်ကျွယ်ကို မြင်တာနဲ့ မျက်လုံးတွေ အရောင်တောက်သွားပါတယ် ‘တော်တော်ချောတဲ့ ယောက်ျားပဲ၊ သူက မမရဲ့ တာအိုလက်တွဲဖော်များလား’
ကျိုးဖန်ဟာ စိတ်လှုပ်ရှားသွားပြီး လက်ဝှေ့ယမ်းကာ ဟန်ကျွယ်ကို လှမ်းနှုတ်ဆက်လိုက်ပါတယ် “ဟန်ကျွယ်... မတွေ့ရတာတောင်ကြာပြီ၊ ငါ့ကို မှတ်မိသေးရဲ့လား”
ကျိုးဖန်စကားကို ကြားတဲ့အခါမှာ ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မှတ်မိပါတယ်၊ ဒီနှစ်တွေမှာ မင်းတို့တွေ ပင်ပန်းခဲ့ကြတယ်မလား” ဟန်ကျွယ်ရဲ့အသံဟာ ကျိုးဖန်တို့သုံးယောက်ရဲ့ နားထဲမှာ ရှင်းလင်းစွာ မြည်ဟိန်းသွားပါတယ်။
မော့ဖူချိုဟာ ဟန်ကျွယ်စကားကြောင့် နှလုံးသားတစ်ခုလုံး တဆစ်ဆစ် နာကျင်သွားပါတယ်။ သူတို့တွေက ပင်ပန်းရုံတင် မဟုတ်ပါဘူး။ သေမင်းနှုတ်ခမ်းဝကို အကြိမ်ကြိမ်ရောက်ခဲ့တာပါ။
“ငါတို့တွေက သောကကင်းတဲ့ဘဝမှာ နေထိုင်ခဲ့တာ၊ ဓားတစ်ချောင်းကိုင်ပြီး လောကအနှံ့လျှောက်လှည်ခဲ့တယ်၊ ကျေးဇူးရှိရင် ပြန်ဆပ်သလို ရန်ကြွေးကိုလည်း တစ်စမကျန် ချေပစ်တယ်၊ နောက်ပြီးတော့ အခွင့်အရေးတွေ အများကြီးကိုလည်း ရခဲ့တယ်” ကျိုးဖန်က ရယ်ရယ်မောမောနဲ့ ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်က သူ့ကိုအထင်အမြင်သေးမှာကို လုံးဝမလိုချင်ပါဘူး။
“ဘယ်လိုလဲ၊ ငါတို့နဲ့အတူ စွန့်စားခရီးထွက်ချင်လား၊ ကျင့်ကြံခြင်းက အခွင့်အရေးတွေလိုတယ်၊ ဂူအောင်ကျင့်လို့ချည်းပဲ အဆင်မပြေဘူး” ကျိုးဖန်ဟာ အပြုံးနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျိုးဖန်ဟာ ဝီရိယတောင်ထဲကို ပျံသန်းလာတာကြောင့် ဟန်ကျွယ်ဟာ တောင်အကာအကွယ်ကို တိတ်တဆိတ် ရုတ်သိမ်းလိုက်ပါတယ်။
ကျိုးဖန်တို့သုံးယောက်ဟာ ချောက်ကမ်းပါးစွန်းမှာ ဆင်းသက်လာပါတယ်။ ခရမ်းပြာအမျိုးသမီးဟာ ဟန်ကျွယ်ကို မီးလိုတောင်ပတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာကြောင့် ဟန်ကျွယ်ဟာ မသက်မသာ ဖြစ်သွားပါတယ်။
‘ဒီအမျိုးသမီးက မရိုးစင်းဘူးပဲ’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကိုသုံးပြီး စစ်ဆေးလိုက်ပါတယ်။
[ရွှမ်ရှီရှီ: ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်၊ နတ်ဆိုးသခင်၏ ညီမ။]
‘အား... နတ်ဆိုးသခင်ရဲ့ ညီမလား၊ ငါရဲ့ခယ်မလေးပဲ’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ တွေးတောလိုက်ပါတယ်။
မော့ဖူချိုဟာ သူ့လက်သီးကို ဆုပ်ကိုင်လိုက်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ညီအစ်ကိုဟန်... မတွေ့ရတာတောင် အတော်ကြာပြီ၊ ညီအစ်ကိုဟန်က အရင်တုန်းကလို ရည်မွန်ကြော့ရှင်းနေတုန်းပဲ၊ မပြောင်းလဲသေးပါလား”
ဟန်ကျွယ်ကလည်း ပြုံးပြီး ပြန်ပြောလိုက်ပါတယ် “ညီအစ်ကိုမော့လည်း ဘာထူးလို့လဲ”
ကျိုးဖန်ဟာ ငရဲကြက်နက်ကို ကြည့်လိုက်ပြီး တအံတဩ မေးလိုက်ပါတယ် “ဟန်ကျွယ်... မင်းမွေးထားတဲ့ကြက်က အားမနည်းဘူးပဲ” ကျိုးဖန်ဟာ ငရဲကြက်နက်က ဟင်းလင်းပြင်ပေါင်းစပ်အဆင့် ရောက်နေတာကို လုံးဝမသိပါဘူး။
ကျိုးဖန်စကားကြောင့် ငရဲကြက်နက်ဟာ ချက်ချင်းဆိုသလို မကျေမချမ်း ဖြစ်သွားပါတယ်။ ငရဲကြက်နက်ဟာ ကျိုးဖန်ရဲ့ ‘အားမနည်းဘူးပဲ’ ဆိုတဲ့ စကားကို လုံးဝမကြိုက်ပါဘူး။
ငရဲကြက်နက် ဘာမှမပြောနိုင်ခင် ကျိုးဖန်က ရုတ်တရက် ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်ပါတယ် “ဟန်ကျွယ်... လက်ရည်စမ်းရအောင်၊ အရင်တုန်းက ငါ မင်းကို ရှုံးခဲ့ပေမဲ့ အခုငါက ပိုစွမ်းအားကြီးလာပြီ” ကျိုးဖန်ဟာ ဟန်ကျွယ်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ အခြေခံအဆင့် နဝမတန်းမှာပဲ ရှိနေသေးတာကို တွေ့လိုက်ရတဲ့အတွက် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားမှန်း တန်းသိလိုက်ပါတယ်။
ကျိုးဖန်ဟာ ဟန်ကျွယ်ကို အထင်မသေးပါဘူး။ ဟန်ကျွယ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ရောက်နေလောက်ပြီလို့ တွက်ဆထားပါတယ်။ ဒီလိုတွက်ဆတာကလည်း စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ယောက်ကို အရင်တုန်းက ဟန်ကျွယ် သတ်ဖြတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီလောက်နှစ်တွေကြာမှတော့ ဟန်ကျွယ်ရဲ့ကျင့်ကြံခြင်းက စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေလောက်ပြီလို့ ကျိုးဖန် တွက်ဆလိုက်ပါတယ်။
ဒီလိုတွက်ဆရတာကလဲ အကြောင်းရှိပါတယ်။ ကနဦးဝိညာဉ်အဆင့် ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ဟာ အခွင့်အရေးမရဘူးဆိုရင် ဂူအောင်းကျင့်ကြံရုံနဲ့ ကျင့်ကြံမှုတိုးတက်မှု အရမ်းကိုခက်ခဲပါတယ်။ ဒါပေမဲ့ ကျိုးဖန် မသိခဲ့တာက ဟန်ကျွယ်ကို သာမန်အယူအဆနဲ့ တွက်ဆလို့မရဘူးဆိုတာပါပဲ။
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းက အခုမှ ပြန်ရောက်တာမှတ်လား၊ နားနားနေနေ နေပြီး ဂိုဏ်းချုပ်ကို သွားတွေ့လိုက်အုန်း”
ကျိုးဖန်က ရန်စလိုက်ပါတယ် “ဟန်ကျွယ်... မင်း ကြောက်နေတာလား၊ မစိုးရိမ်ပါနဲ့၊ ငါတို့တွေ တိုက်ခိုက်တာကို တစ်ခြားသူတွေ မသိစေရပါဘူး၊ ငါက ငါစွမ်းအားဘယ်လောက်ရှိတယ်ဆိုတာ မင်းကို ပြချင်ရုံပါ၊ ငါက ထုန်ချိရုပ်ခန္ဓာကို ကျင့်ကြံထားလို့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦးကို သတ်ပစ်ခဲ့ပြီးပြီ”
“မင်း အပြင်ထွက်ချင်တယ်ဆိုရင်လည်း ငါနဲ့ အစ်ကိုမော့က မင်းကို အတူခေါ်သွားမယ်၊ ဘယ်လိုသဘောရလဲ”
ကျိုးဖန်စကားကိုကြာပြီး ဟန်ကျွယ်ဟာ ရယ်ရလွန်းလို့ မျက်ရည်ထွက်လုနီး ဖြစ်သွားပါတယ်။
ငရဲကြက်နက်ဟာ မနေနိုင်တော့ဘဲ ဝင်ကြိမ်းပါတယ် “မင်းက ဘယ်သူလဲ၊ ကနဦးဝိညာဉ်အဆင့်နဲ့များ ငါ့သခင့်ကို စိန်ခေါ်ရဲတယ်၊ ငါ့ကိုတောင် အနိုင်မတိုက်နိုင်တဲ့ ကောင်ကများ”
ကျိုးဖန်၊ မော့ဖူချိုနဲ့ ရွှမ်ရှီရှီတို့ဟာ ငရဲကြက်နက်ကို ကြည့်လိုက်ပါတယ်။ ရွှမ်ရှီရွှီရှီဟာ ငရဲကြက်နက်ကိုကြည့်ပြီး မျက်ခုံးပင့်တက်သွားပါတယ် ‘အိမ်မွေးတိရစ္ဆာန်က ဟင်းလင်းပြင်ပေါင်းစပ်အဆင့်တောင် ရောက်နေပြီလား၊ ကြည့်ရတာ... ဒီလူက မလွယ်ဘူးပဲ’
“မင်းကြက်က တော်တော်ရိုင်းတာပဲ” ကျိုးဖန်ဟာ ပြုံးလိုက်ပေမဲ့ သူ့လေသံက ဒေါသသံပါနေပါတယ်။
ငရဲကြက်နက်ဟာ ခေါင်းမော့ ရင်ကော့လိုက်ပါတယ် “အဲဒီတော့ ဘာဖြစ်လဲ”
ငရဲကြက်နက် ပါဝါပြလာတာပါ။ ကောင်းကင်ပဋိပက္ခခွေးကလည်း ပြန်မရောက်သေး၊ ရွှင်ချန်အန်းနဲ့ မုရုံချီကလည်း အားနည်းလွန်း၊ ဟန်ကျွယ်ကျတော့လည်း ရန်မစရဲတာကြောင့် ငရဲကြက်နက်ဟာ သူ့အစွမ်းကို မြိုသိပ်ထားရပါတယ်။
ကျိုးဖန်ဟာ ဟန်ကျွယ်ကိုကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဟန်ကျွယ်... ငါ မင်းကိုယ်စား ဒီကြက်ကို သင်ခန်းစာ ပေးလိုက်ရမလား”
ဟန်ကျွယ်ဟာ ကျိုးဖန်က အတည်ပြောနေတာမို့ ဆက်ပြီးငြင်းနေမယ်ဆိုရင် သူ့ကိုဆက်ပြီး နှောင့်ယှက်နေမယ်ဆိုတာ သိလိုက်ပါတယ်။ အဲဒါကြောင့် ငရဲကြက်နက်ဘက်လှည့်ပြီး သတိပေးလိုက်ပါတယ် “သူ့ကို ဒဏ်ရာမရစေနဲ့”
ငရဲကြက်နက်ဟာ ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ်။
ကျိုးဖန်ကတော့ မကျေမချမ်း ဖြစ်သွားပါတယ် ‘မင်းက ဘာကိုဆိုလိုတာလဲ၊ ငါက ဒီကြက်ကို အနိုင်မယူနိုင်ဘူးလို့ ထင်နေတာလား’
မော့ဖူချိုဟာ ငရဲကြက်နက်ရဲ့ ကျင့်ကြံမှုကို မမြင်နိုင်တဲ့အတွက် တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် ကျိုးဖန်ကို အသံလွှင့်ပြီး စကားပြောလိုက်ပါတယ် “ဒီကြက်က မူမမှန်ဘူး၊ ဒီကိစ္စကို ထားလိုက်စမ်းပါ၊ ငါတို့တွေက အခုမှ ပြန်လာတာ၊ ဂိုဏ်းထဲမှာ ရက်နည်းနည်းနားပြီး စနည်းနာပါအုန်း”
ကျိုးဖန်ဟာ မော့ဖူချိုရဲ့ သတိပေးစကားကို ဂရုမစိုက်ဘဲ ငရဲကြက်နက်ဆီ လျှောက်သွားပါတယ်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကျိုးဖန်ရဲ့ရောင်ဝါဟာ တစ်ဆင့်ချင်း ကြီးမားသွားပါတယ်။
“ဝုန်း...”
ဝီရိယတောင်ဟာ ကျိုးဖန်ရဲ့ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ ကြောက်ဖက်ဖွယ်ရောင်ဝါကြောင့် တုန်ခါသွားပါတယ်။ မျက်စိနဲ့မြင်နိုင်လောက်တဲ့ လေအမျှင်အတန်းတွေဟာ ကျိုးဖန်ရဲ့ခန္ဓာကိုယ် ပတ်လည်မှာ ပေါ်လာပြီး ကျိုးဖန်ရဲ့ ကြွက်သားတွေနဲ့ အဝတ်အစားတွေဟာ ဖောင်းကြွလာပါတယ်။ ကျိုးဖန်ရဲ့ မျက်နှာမှာလည်း ထူးဆန်းတဲ့ သွေးအမှတ်အသားတွေ ဖုံးလွှမ်းသွားပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို စိတ်ဝင်တစား ကြည့်လိုက်ပါတယ် ‘ဒါက ထုန်ချိရုပ်ခန္ဓာလား’
ငရဲကြက်နက်ကတော့ အံအားသင့်ပြီး မျက်လုံးပြူးသွားပါတယ်။
ကျိုးဖန်ဟာ ငရဲကြက်နက် ကြောက်သွားတယ် ထင်တာကြောင့် ပြုံးလိုက်ပါတယ် “ကြက်ကလေး ကြောက်သွားပြီလား၊ မင်းအခုနေ တောင်းပန်မယ်ဆိုရင် ငါက ဗွေမယူပါဘူး”
ငရဲကြက်နက်ဟာ တောင်ပံခတ်ပြီး လေပေါ်ပျံတက်သွားပါတယ် “လာစမ်းပါ၊ ငါက မင်းကို ကြောက်စရာလား”
မော့ဖူချိုဟာ ဟန်ကျွယ်ကို မျက်နှာပူပူနဲ့ ကြည့်လိုက်ပါတယ် “ညီအစ်ကိုဟန်၊ ဒါက...”
“ဘာမှမဖြစ်ပါဘူး၊ ကျုပ်က သူတို့တွေကို တစ်ယောက်နဲ့တစ်ယောက် ထိခိုက်ခွင့် မပြုပါဘူး” ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။
ကျိုးဖန်ဟာ အနည်းငယ်ဘဝမြင့်ပေမဲ့ သူ့မျက်နှာသာပေးမှုက လျော့မသွားတာကြောင့် ဟန်ကျွယ်က ကျိုးဖန်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။
“ဝုန်း...”
ပြင်းထန်တဲ့ လေပြင်းတစ်ခု ထွက်ပေါ်လာတာကြောင့် ဟန်ကျွယ်၊ မော့ဖူချို၊ ရွှမ်ရှီရှီနဲ့ ရွှင်ချန်အန်းတို့ရဲ့ ဝတ်ရုံတွေ တဖျတ်ဖျတ်ခတ်သွားပါတယ်။ သူတို့လေးယောက် လှည့်ကြည့်လိုက်တဲ့အခါမှာ ကျိုးဖန်က ငရဲကြက်နက်ရဲ့ ကြက်ခြေခတ်ထားတဲ့ တောင်းပံနှစ်ခတ်ကို လက်သီးနဲ့ ထိုးလိုက်တာ တွေ့လိုက်ရပါတယ်။ ငရဲကြက်နက်ရဲ့ ကြက်တောင်တွေဟာ တုန်ခါနေပြီး အနက်ရောင်မီးတစ်မျိုး တောက်လောင်နေပါတယ်။
ကျိုးဖန်ရဲ့ အပြုံးဟာ ရက်စက်လွန်းပြီး ထုန်ချိအသွင်နဲ့ လိုက်ဖက်လှပါတယ်။
ငရဲကြက်နက်ဟာ မျက်လုံးပြူးသွားပါတယ် “ဒီလောက်လေးပဲလား”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။