ကြောက်မက်ဖွယ် ကြီးမြတ်သောနတ်ဆိုး၊ ဒဏ်ရာပြင်းထန်သော မိတ်တွေ
Vol. 7 Ch. 101
အခန်း (၁၀၁) ကြောက်မက်ဖွယ် ကြီးမြတ်သောနတ်ဆိုး၊ ဒဏ်ရာပြင်းထန်သော မိတ်တွေ
‘ဒီလောက်လေးပဲ’
ကျိုးဖန်ဟာ ငရဲကြက်နက်ရဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ ပေါက်ကွဲထွက်လုနီး ဖြစ်သွားပြီး အစော်ကားခံရတယ်လို့ ခံစားလိုက်ရပါတယ် ‘ကြက်ကများ ငါ့ကို လှောင်ရဲတယ်’
ကျိုးဖန်ဟာ ဟန်ကျွယ်ကို ရန်စမိမှာစိုးတာကြောင့် သူ့စွမ်းအားကုန် မသုံးထားပါဘူး။ ဒါပေမဲ့ ငရဲကြက်နက်ရဲ့စကားကြောင့် ဒေါသထွက်သွားပြီး အားကုန်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျိုးဖန်ဟာ ရုတ်တရက် ခြေထောက်မြှောက်လိုက်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို ဒူးခေါင်းမှာ စုစည်းလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ငရဲကြက်နက်ကို ဒူးခေါင်းနဲ့ တိုက်ပစ်လိုက်ပါတယ်။
ငရဲကြက်နက်ဟာ ကျိုးဖန်ရဲ့ ဒူးချက်ကြောင့် အနောက်ကို လွှင့်ထွက်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းပြန်ထပြီး ကျိုးဖန်ကို ပြန်တိုက်ပါတယ်။
ကျိုးဖန်ဟာ ကျင့်ကြံသူတစ်ဦးနဲ့မတူဘဲ သေမျိုးနယ်ပယ်က သိုင်းပညာရှင်တစ်ဦးလိုပါပဲ။ ကျိုးဖန်ရဲ့ လက်သီးချက်၊ ကန်ချက်တွေကို အားမာန်ပါသလောက် စွမ်းအားကြီးလှပါတယ်။ အကွက်တိုင်းဟာ ကောင်းကင်ကို တုန်ခါစေပြီး လေထုကို မျက်စိနဲ့မြင်နိုင်လောက်တဲ့အထိ လှိုင်းခတ်သွားစေပါတယ်။
ငရဲကြက်နက်ဟာ သဲအိတ်လိုပဲ ဆက်တိုက်ခုခံနေပါတယ်။ ဒါပေမဲ့ မျက်စိပါတဲ့သူတိုင်း ပြောနိုင်တာတစ်ခုကတော့ ကျိုးဖန်ရဲ့ တိုက်ချက်တွေက ငရဲကြက်နက်ကို တစ်စက်ကလေးတောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး။
ဟန်ကျွယ်စကားနဲ့ ပြောရရင် အနှိပ်ခံနေသလိုပါပဲ။
မော့ဖူချိုဟာ တိုက်ပွဲကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “ညီအစ်ကိုဟန်... ဒီကြက်က ဘာကနေမွေးလာတာလဲ”
ဟန်ကျွယ်က ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် “သာမန်ကြက်တစ်ကောင်ပါ၊ ယွီဂျင်ဂိုဏ်းရဲ့ လယ်သမားတစ်ဦးဆီက ငါယူလာပြီး နှစ်ရာကျော် မွေးထားတာ”
မော့ဖူချိုဟာ အံဩတကြီး ဖြစ်သွားပါတယ်။
ရွှမ်ရှီရှီကလည်း ဟန်ကျွယ်ကို အံအားသင့်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပါတယ်။
‘သာမန်ကြက်တစ်ကောင်ကို ဟင်းလင်းပြင်ပေါင်းစပ် အဆင့်အထိ ရောက်လာအောင် ပြိုးထောင်နိုင်တာလား’
‘ဒါက လုံးဝမဖြစ်နိုင်ဘူး’
‘ဒီကြက်က ထူးခြားတဲ့သွေးစည်း ဒါမှမဟုတ် အခွင့်အရေးတစ်ခုခု ရထားတာ ဖြစ်ရမယ်၊ မဟုတ်ရင် ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ဘူး’
ကျင့်ကြံခြင်းလောကမှာ စွမ်းရည်က အရမ်းအရေးကြီးပါတယ်။ စွမ်းရည်မကောင်းရင် ဘယ်လောက်ကြိုးစား ကြိုးစား အထက်ကို မရောက်နိုင်ပါဘူး။
ရွှင်ချန်အန်းဟာ ခေါင်းခါလိုက်ပါတယ် ‘ဒီကြက်စုတ်က တော်တော်လေး သတိကြီးတာပဲ’
ငရဲကြက်နက် ဆက်တိုက်ခုခံနေတာက ကျိုးဖန်နဲ့ ကစားချင်လို့ မဟုတ်ပါဘူး။ ကျိုးဖန်ရဲ့ စွမ်းအားကို သိချင်လို့ စမ်းသပ်နေတာ ဖြစ်ပါတယ်။ တစ်ချို့လူတွေက သူတို့အဆင့်ထက် ပိုပြီးကြီးမားတဲ့စွမ်းအားကို ထုတ်လွှတ်နိုင်တယ်။ ဝက်ယောင်ဆောင်ပြီး ကျားသားစားတယ်လို့ ဟန်ကျွယ်က ပြောခဲ့တာကြောင့် ငရဲကြက်နက်ဟာ ကျိုးဖန်ရဲ့ စွမ်းအားကို လေ့လာဆန်းစစ်နေတာ ဖြစ်ပါတယ်။
ငရဲကြက်နက်ဟာ ရွှမ်ရှီရှီရဲ့ ကျင့်ကြံမှုကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ကျိုးဖန်နဲ့အတူပါလာတာ ဖြစ်တဲ့အတွက် သာမန်မဟုတ်ဘူးဆိုတာတော့ သိပါတယ်။ ငရဲကြက်နက်ဟာ ကျိုးဖန်နဲ့ အတန်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာ အမှန်တရားကို ရှာတွေ့သွားပါတယ်။
‘ဒီကောင်လေးက တော်တော်အားနည်းတာပဲ’
ငရဲကြက်နက်ဟာ ရယ်မောလိုက်ပါတယ် “ဟားဟားဟား... ငါ ဆက်ပြီး ဟန်မဆောင်တော့ဘူး၊ ရှုံးနိမ့်မှုကိုလက်ခံဖို့ အသင့်ဖြစ်ပြီလား ကောင်လေး”
ကျိုးဖန်ဟာ ထိတ်လန့်သွားပြီး အလိုလိုနောက်ဆုတ်မိလျက်သား ဖြစ်သွားပါတယ်။
ငရဲကြက်နက်ဟာ သူ့တောင်ပံနှစ်ဖက်ကို ခတ်လိုက်တဲ့အခါမှာ ကြက်တောင်တွေကနေ မရေမတွက်နိုင်တဲ့ ဓားချီတွေ ထွက်ပေါ်လာပြီး ကျိုးဖန်ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။ ငရဲကြက်နက် ပစ်လွှတ်လိုက်တဲ့ ဓားချီတွေက ကြိုးကြာတစ်ကောင် ပျံသန်းနေသလို လှပလှပါတယ်။
ကျိုးဖန်ဟာ ခုခံဖို့အချိန်မရတာကြောင့် မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော် ဖြစ်သွားပါတယ်။ ကျိုးဖန်ဟာ ဒီဓားချီတွေကနေ သေခြင်းတရားရဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဒီခံစားချက်ဟာ ကျိုးဖန်နဲ့ ရင်းနှီးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတစ်ခါ သေခဲ့ဖူးလို့ပါ။
နောက်ဆုံးအချိန်မှာ ကျိုးဖန်ရဲ့ခန္ဓာကိုယ်ကို စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်စွမ်းအားတစ်ခု ဝန်းရံလိုက်ပြီး ငရဲကြက်နက်ရဲ့ ဓားချီရန်ကနေ ကာကွယ်ပေးလိုက်ပါတယ်။
“ဝုန်း...”
ငရဲကြက်နက်ရဲ့ ဓားချီဟာ စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ တိုက်မိပြီး လွှင့်ပါးပျောက်ကွယ်သွားပါတယ်။ ကျိုးဖန်ကတော့ မျက်လုံးပြူးသွားပါတယ်။ သူ့ခန္ဓာကိုပတ်လည်က စိတ်ဝိညာဉ်စွမ်းအားဟာ အလွန်တရာမှ ကျယ်ပြန့်ပါတယ်။ နောက်ပြီး ဒီစိတ်ဝိညာဉ်စွမ်းအားရဲ့ ရောင်ဝါကို ကျိုးဖန် ခံစားဖူးပါတယ်။ ဒီစိတ်ဝိညာဉ်စွမ်းအားက ရွှမ်ရှီရှီရဲ့ စွမ်းအား မဟုတ်ဘဲ ဟန်ကျွယ်ရဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။
“ဒီတိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်” ဟန်ကျွယ်က တိုက်ပွဲကို အဆုံးသတ်လိုက်ပါတယ်။
ကျိုးဖန်ဟာ ကြက်သေသေသွားပါတယ်။
မော့ဖူချိုဟာ ဟန်ကျွယ်ကို ကျေဇူးတင်လိုက်ပြီး ကျိုးဖန်ကို အဝေးဆီ ဆွဲခေါ်သွားပါတယ်။ ရွှမ်ရှီရှီကလည်း ဘာမှမပြောဘဲ မော့ဖူချိုနဲ့ ကျိုးဖန်နောက် လိုက်သွားပါတယ်။
ငရဲကြက်နက်ဟာ ဟန်ကျွယ်ရှေ့ကို ရောက်လာပြီး ခေါင်းမော့ရင်ကော့ကာ ပြောလိုက်ပါတယ် “သခင်... ကျွန်တော့်ရဲ့အစွမ်း ဘယ်လိုနေလဲ၊ သခင်ကိုတော့ အရှက်မရစေဘူးမလား”
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြန်ပြောလိုက်ပါတယ် “ခုနကမိန်းမက ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်မှာ၊ သူက ကျိုးဖန်နဲ့ အရမ်းရင်းနှီးတယ်၊ မင်းသာ ကျိုးဖန်ကို ထိခိုက်အောင်လုပ်ရင် သူက မင်းကို အလွတ်ပေးမယ် ထင်နေလား”
ငရဲကြက်နက်ဟာ တစ်ကိုယ်လုံးမှာရှိတဲ့ အမွေးတွေ ထောင်တက်သွားပါတယ် ‘အို မိုးနတ်မင်း၊ သူ့ကျင့်ကြံမှုကို ငါမမြင်နိုင်တာ အံဩစရာ မရှိတော့ပါဘူး၊ သူက ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်နေတာကိုး’
ငရဲကြက်နက်ရဲ့ ဘဝင်ခိုက်မှုဟာ တမုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု ကြီးစိုးလာပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ဝင်လိုက်ပါတယ်။
သုံးရက်အတွင်းမှာပဲ ကျိုးဖန်နဲ့ မော့ဖူချို ပြန်လာတဲ့သတင်းက ယွီဂျင်ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားပါတယ်။ မော့ဖူချိုနဲ့ ကျိုးဖန်ဟာ တစ်ချိန်တုန်းက ရန်ဒေသရဲ့ ပါရမီရှင်တွေထဲမှာ နာမည်ကြီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က ယွီဂျင်ဂိုဏ်းကို သစ္စာဖောက်ပြီး လက်ဝဲလမ်းစဉ်ထဲ ကျရောက်သွားလို့ တစ်ခြားသူတွေထက် ပိုပြီးနာမည်ကြီးပါတယ်။
မော့ဖူချိုနဲ့ ကျိုးဖန်ဟ ကနဦးဝိညာဉ်အဆင့်ကို ရောက်နေပြီဖြစ်ပေမဲ့ သူတို့နဲ့မျိုးဆက်တူ ဂိုဏ်းတူတပည့် အများစုကတော့ ရွှေဓာတ်လုံးအဆင့်မှာပဲ တစ်နေပါသေးတယ်။
မော့ဖူချိုဟာ မော့ကျူက ကျန်းကျန်းမာမာရှိနေပြီး ကနဦးဝိညာဉ်အဆင့်ကို ရောက်သွားမှန်း သိလိုက်ရတဲ့အခါ မှင်သက်သွားပါတယ်။ မော့ဖူချို ကနဦးဝိညာဉ်အဆင့်ကို ရောက်နေတာက အပြင်လောကမှာ အခွင့်အရေးအတွက် ကြိုးကုတ်ကြိုးခဲ တိုက်ခိုက်ခဲ့လို့ပါ။ မေ့ကျူကတော့ ယွီဂျင်ဂိုဏ်းမှာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာပါ။ ဒီအဖြစ်ကြောင့် မော့ဖူချိုဟာ သူ့ကိုယ်သူ သံသယဝင်သွားပါတယ်။
ကျိုးဖန်ဟာ ငရဲကြက်နက်ကို ရှုံးနိမ့်ပြီးကတည်းက အခန်းပိတ်နေထိုင်ပါတယ်။ ကျိုးဖန်ဟာ စားသောက်ဆိုင်တစ်ခုမှာ တည်းခိုနေပြီး သူ့အခန်းထဲက ခြေတစ်ဖဝါးတောင် မခွာပါဘူး။ မော့ဖူချိုနဲ့ မိတ်ဆွေဟောင်းအချို့ကလွဲရင် ဘယ်သူကိုမှ အတွေ့မခံပါဘူး။
တစ်လကြာပြီးနောက်။
မော့ဖူချိုနဲ့ ရွှမ်ရှီရှီဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။ ကျိုးဖန်တော့ ပါမလာပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ မော့ဖူချိုဟာ မော့ကျူနဲ့ ပတ်သတ်ပြီး ဟန်ကျွယ်ကို ကျေးဇူးတင်စကားပြောပါတယ်။ ဟန်ကျွယ်သာ မော့ကျူကို မတားခဲ့ဘူးဆိုရင် မော့ကျူတစ်ယောက် သေဆုံးဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။ ကြည့်ရတာ မော့မိသားစုက ရန်သူတော်တော်လေး များပုံပါပဲ။
“ကျိုးဖန် အဆင်ပြေရဲ့လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိုးဖန်ကို စာနာပေမဲ့ မတက်နိုင်ပါဘူး။ ဒီကောင်က သူ့ကိုမှ စိန်ခေါ်ချင်နေတာကိုး။
မော့ဖူချိုဟာ ခေါင်းခါပြီး မဲ့ပြုံးပြုံးလိုက်ပါတယ် “သူက စားသောက်ဆိုင်မှာ ပုန်းနေတုန်းပဲ၊ ဒါပေမဲ့ သူနေကောင်းပါတယ်၊ ဒီလိုမျိုး သူခံစားရတာ တစ်ခါမကတော့ဘူး၊ စိုးရိမ်မနေနဲ့၊ အချိန်တန်ရင် ပြန်ကောင်းသွားမှာပါ၊ ညီအစ်ကိုဟန်... ညီအစ်ကိုဟန်ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ထိရောက်ပြီလဲ၊ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်မှာလား”
ဘေးမှထိုင်နေတဲ့ ရွှမ်ရှီရှီက ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အဲဒီနေရာမှာလို့ ပြောလို့ရတယ်”
မော့ဖူချိုအပြုံးဟာ ပိုပြီးမဲ့ရွဲ့သွားပါတယ် ‘ငါတို့က ကနဦးဝိညာဉ်အဆင့်မှာပဲ ရှိသေးတယ်၊ ဒါပေမဲ့ ညီအစ်ကိုဟန်ကတော့...’
မော့ဖူချိုဟာ အရှိတရားကို လက်ခံနိုင်တဲ့သူ ဖြစ်တဲ့အတွက် အဖြစ်မှန်ကို လျင်လျင်မြန်မြန်ပဲ လက်ခံလိုက်ပါတယ် “ဒါနဲ့ ငါတို့တွေ ညီအစ်ကိုဟန်ရဲ့တပည့် ရန်ထျန်တုန်းနဲ့ တွေ့ခဲ့သေးတယ်၊ သူက လုံးဝကို နတ်ဆိုးအသွင် ပြောင်းလဲသွားပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုထားတယ်၊ သူသာ ငါတို့ကို မကယ်တင်ခဲ့ရင် ငါတို့တွေ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ဗိုက်ထဲရောက်နေလောက်ပြီ”
ဟန်ကျွယ်ဟာ မော့ဖူချိုစကားကို ကြားတာနဲ့ မျက်မှောင်ကြုတ်သွားပါတယ်။
‘ဘာလဲဟ၊ နောက်ထပ်မွေးစားအဖေလား၊ ဒီကောင်က လွီပုဝင်စားတာလား’ ဟန်ကျွယ်ဟာ ဆွံအားသွားပါတယ် ‘ဒီကောင်လေးက နတ်ဆိုးဘုရင်တန်စုဆီက ထွက်ပြေးသွားပြီး တစ်ခြားနတ်ဆိုးဘုရင်တစ်ပါးကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုလိုက်တာလား’
“ငါတို့တွေ ပြန်လာတဲ့လမ်းမှာ ရန်ထျန်တုန်း၊ ကြီးမြတ်တဲ့ ပဋိပက္ခနဲ့ တစ်ခြားနတ်ဆိုးဘုရင်တွေ ပူးပေါင်းပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ဝိုင်းတိုက်ကြတယ်၊ ဒါပေမဲ့ သူတို့တွေ ခွက်ခွက်လန်ရှုံးပြီး ထွက်ပြေးရတာပဲ၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းက အမျက်ချောင်းချောင်းထွက်ပြီး ရန်ထျန်တုန်းကို လိုက်သတ်ဖို့ အမိန့်ပေးခဲ့တယ်၊ ဒီကိစ္စက တော်တော်လေး ဂယက်ရိုက်သွားတယ်” မော့ဖူချိုက ဆက်ပြောပါတယ်။
ဟန်ကျွယ်ဟာ ဒီစကားကိုကြားတဲ့အခါမှာ သူ့လူမှုဆက်ဆံရေးကို ချက်ချင်းစစ်ဆေးလိုက်ပါတယ်။
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၄၂၁
[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၉၈၂
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားပြီး ကျို့ရုံနွံတောထဲသို့ ကျသွားသဖြင့် ကံကြမ္မာအား တွက်ချက်မရတော့ချေ။]
[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး ရှေးဟောင်းပေါ်တယ်နှင့် တိုးမိသောကြောင့် ထွက်ပြေးလွတ်မြောက်သွား၏။]
[သင့်မိတ်ဆွေကောင်း ဟွမ်ဇွမ်တျန်သည် နတ်ဆိုးဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေကောင်း ရှန့်ကွမ်းချိုးကျန့်သည် နတ်ဆိုးဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့်စုချီသည် ဂိုဏ်းတူတပည့်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄
[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် နတ်ဆိုးနိုင်ဂိုဏ်း၏ ကံတရားသည် လုံးဝမှေးမှိန်သွားပြီး စတင်ပြိုကွဲလာပြီ ဖြစ်သည်။]
…
ဟန်ကျွယ်ဟာ မှင်သက်အံဩသွားပါတယ်။
‘တိုက်ခိုက်တာတွေ များလှချည်လား’
‘ကြည့်ရတဲ့ ကြီးမြတ်တဲ့ ပဋိပက္ခက ပဋိပက္ခကောင်းကင်ခွေးနဲ့တူတယ်၊ ဒီကောင်နဲ့ ငါ့တပည့်တွေက အတူတူအစော်ခံနေရပါလား’
ဒီအချိန်မှာ ရွှမ်ရှီရှီက ရုတ်တရက် ပြောလိုက်ပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်းက အတိဒုက္ခဖြတ်ကျော်အဆင့်ထဲကို အချိန်မရွေး တက်နိုင်တယ်၊ သူ့ကျင့်ကြံမှုက အရမ်းနက်နဲတယ်၊ ကျွန်မတောင် သူတို့နှစ်ယောက်ကို ကယ်တင်ဖို့ ဒဏ်ရာရလုနီးနီးပဲ”
‘ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့် ကျင့်ကြံသူတောင် ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အနိုင်မယူနိုင်ဘူးလား’ ဟန်ကျွယ်ဟာ ပိုပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘ဒီလိုဆိုရင် ရန်ထျန်တုန်းက ဒီစပါးအုံးလက်ထဲကနေ ဘယ်လိုလွှတ်သွားတာလဲ’
‘ကြည့်ရတာ တစ်ခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေ ပါသေးပုံပဲ၊ စပါးအုံးစိမ်းက တစ်ခြားသူတွေနဲ့ တိုက်နေရလို့ ရန်ထျန်တုန်းတို့ ထွက်ပြေးနိုင်တာ ဖြစ်ရမယ်’
‘ဟွမ်ဇွမ်တျန်းနဲ့ ရှန့်ကွမ်းချိုးကျန့်ရော ဒီအထဲမှာ ပါနေတာလား’
‘ဟွမ်ဇွမ်တျန်းက နဂါးကိုးကောင်းဂိုဏ်းချုပ်၊ ဟင်းလင်းပြင်ပေါင်းစပ် ပထမဆင့်မှာပဲ ရှိသေးတာ၊ ရှန့်ကွမ်းချိုးကျန့်ကလည်း ကျန်းဝူဂိုဏ်းရဲ့ ဓားအကြီးအကဲဆိုပေမဲ့ ဟင်းလင်းပြင်ပေါင်းစပ် နဝမအဆင့်မှာပဲ ရှိတာဆိုတော့ စပါးအုံးစိမ်းကို ဘယ်လိုမှတိုက်နိုင်မှာ မဟုတ်ဘူး’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။