← Chapters

ခန္ဓာကိုယ်ပေါင်းစပ် သတ္တမအဆင့်၊ ကြေကွဲဖွယ်အခြေအနေ

Vol. 7 Ch. 102

ခန္ဓာကိုယ်ပေါင်းစပ် သတ္တမအဆင့်၊ ကြေကွဲဖွယ်အခြေအနေ

Vol. 7 Ch. 102

အခန်း (၁၀၂) ခန္ဓာကိုယ်ပေါင်းစပ် သတ္တမအဆင့်၊ ကြေကွဲဖွယ်အခြေအနေ

“အတိဒုက္ခဖြတ်ကျော်အဆင့်... ဒီလိုနတ်ဆိုးကြီးက ငါတို့လူသားတွေအတွက် ကျိန်းသေပေါက် ကပ်ဘေးတစ်ခုပဲ၊ ရန်ထျန်တုန်း ဒီကပ်ဘေးကနေ လွတ်နိုင်ပါ့မလား... ဟင်း”

မော့ဖူချိုဟာ သက်ပြင်းချလိုက်ပါတယ်။ ကြီးမြတ်တဲ့ စပါးအုံးစိမ်းရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို တွေးမိတာနဲ့ မော့ဖူချိုဟာ ကြက်သီးမွေးညင်းထသွားပါတယ်။ မော့ဖူချိုဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းဆိုတဲ့ အသံကို နောက်တစ်ခါတောင် မကြားချင်တော့ပါဘူး။

“ငါ မပြောခဲ့ဘူးလား၊ အပြင်လောကက အရမ်းအန္တရာယ်များပါတယ်လို့၊ ညီအစ်ကိုမော့... ယွီဂျင်ဂိုဏ်းမှာပဲ နေပြီး အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပါလား” ဟန်ကျွယ်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ်။

မော့ဖူချိုဟာ ချက်ချင်းကြီး မငြင်းပယ်ပဲ သက်ပြင်းချလိုက်ပါတယ်။ မော့ဖူချိုရဲ့ တာအိုနှလုံးသားက တကယ့်ကို တုန်လှုပ်ယိမ်းယိုင်သွားတာပါ။

မော့မိသားစုရဲ့ ရန်သူအများစုကို သုတ်သင်ရှင်းလင်းပြီးသွားပြီး ကျန်နေတဲ့ ရန်သူအနည်းစုကလည်း သူတို့ကို ပြဿနာမရှာရဲတော့ပါဘူး။ ဒါပေမဲ့ မော့ဖူချိုနဲ့ ကျိုးဖန်က လက်ဝဲကျင့်ကြံသူတွေ ဖြစ်တာကြောင့် ယွီဂျင်ဂိုဏ်းမှာ နေထိုင်ဖို့ သိပ်ပြီးမသင့်တော်ပါဘူး။

ရွှမ်ရှီရှီဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်မှာ တာအိုလက်တွဲဖော်ရှိလား”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ဝန်ခံလိုက်ပြီး ပြန်မေးလိုက်ပါတယ် “တာအိုရောင်းရင်းက ဒီကိစ္စကို ဘာလို့ မေးရတာလဲ”

ဟန်ကျွယ်ဟာ သူနဲ့ ရွှမ်ချင်းကျွင်းရဲ့ ဆက်ဆံရေးကို ထုတ်မပြောပါဘူး။ ရွှမ်ရှီရှီကို မယုံကြည်လို့ပါ။ အမေတစ်ယောက်တည်းက မွေးဖွားလာတဲ့ ညီအစ်မအရင်းတွေတောင် အချင်းချင်း အကောက်ကြံကြသေးတာ၊ ဂိုဏ်းတူညီအစ်မ၊ ဆရာတူညီအစ်မတွေကတော့ ပြောစရာကိုမလိုတာပါ။

“ဘာမှမဟုတ်ပါဘူး” ရွှမ်ရှီရှီဟာ ခေါင်းခါလိုက်ပြီး ဟန်ကျွယ်ကို ပြုံးပြလိုက်ပါတယ်။ ကြည့်ရတာ ရွှမ်ရှီရှီက သူနဲ့ ရွှမ်ချင်းကျွင်းရဲ့ ဆက်ဆံရေးကို ထုတ်မပြောချင်ပုံပါပဲ။ ရွှမ်ချင်းကျွင်းက ဟန်ကျွယ်က သူ့သရုပ်မှန်ကို မသိဘူးလို့ ပြောခဲ့တာကြောင့်လည်း ပါပါလိမ့်မယ်။

မော့ဖူချိုနဲ့ ရွှမ်ရှီရှီဟာ ဟန်ကျွယ်ကို အချိန်အကြာကြီး မနှောင့်ယှက်ပါဘူး။ စကားအတော်အတန် ပြောပြီးတာနဲ့ ဝီရိယတောင်ကနေ ထွက်ခွာသွားပါတယ်။ အစကနေ အဆုံးအထိ ရွှမ်ရှီရှီဟာ ဟန်ကျွယ်အပေါ် အကောင်းမြင်စိတ် လုံးဝရှိမလာပါဘူး။

သူတို့နှစ်ယောက် ထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ရွှမ်ရှီရှီနဲ့ တိုက်ခိုက်ပါတယ်။ ခန္ဓာကိုယ်ပေါင်းစပ် ဆဋ္ဌမအဆင့်မှာပဲ ရှိနေသေးတဲ့ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်ရှိတဲ့ ရွှမ်ရှီရှီကို စိန်ခေါ်တိုက်ခိုက်တာပါ။

ဟန်ကျွယ်ဟာ ရွှမ်ရှီရှီကို တစ်ချက်တည်း သတ်ပစ်လိုက်နိုင်ပါတယ်။

ဒီတော့မှာ ဟန်ကျွယ်ဟာ အသက်ရှူချောင်သွားပါတယ်။

‘ရွှမ်ရှီရှီက ဒီလောက်အားနည်းမှတော့ ကြီးမြတ်တဲ့စပါးအုံးစိမ်းကလည်း သိပ်ပြီးစွမ်းအားကြီးမှာ မဟုတ်ဘူး’

‘ကြီးမြတ်တဲ့စပါးအုံးစိမ်းနေရာမှာ ငါသာဆိုရင် ရွှမ်ရှီရှီက ကျိုးဖန်နဲ့ မော့ဖူချိုကို ကယ်နိုင်မှာမဟုတ်ဘူး’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ကျိန်စာတိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စပါးအုံးစိမ်းကို တစ်ခါမှ မမြင်ဖူးတာကြောင့် နာမည်ကိုပဲ အသုံးပြုပြီး ကျိန်စာတိုက်နိုင်ပါတယ်။ ဒီစပါးအုံးစိမ်းက ဟန်ကျွယ်ရဲ့ လူမှုဆက်ဆံရေးထဲမှာ မရှိတာကြောင့် ကျိန်စာအစွမ်းက ဘယ်လိုသက်ရောက်လဲဆိုတာကိုတော့ မသိနိုင်ပါဘူး။

…

အသူရာချောက်ဒေသ၊ နဂါးကိုးကောင်းဂိုဏ်း။

ဟွမ်ဇွမ်တျန်ဟာ သူ့နန်းတော်ကို ပြန်ရောက်လာပါတယ်။ ဟွမ်ဇွမ်တျန်ဟာ နန်းတော်တံခါး ပိတ်သွားမှ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် “ဟင်း... နောက်ဆုံးတော့ ငါ ပြန်ရောက်လာခဲ့ပြီ၊ ငါ အပြင်ဘက်ကို ထပ်ထွက်လို့ မဖြစ်ဘူး၊ လူလည်း ထပ်ကယ်လို့ မဖြစ်ဘူး...”

ဟွမ်ဇွမ်တျန်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးမိပြီး ဟွမ်ဇွမ်တျန်ဟာ ကြက်သီးမွေးညင်းထပြီး တုန်တက်သွားပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဂိုဏ်းကြီးတစ်ခုဟာ လောကမှာရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်လိုတာကြောင့် တာအိုကို အတူတကွဆွေးနွေးဖို့ ဂိုဏ်းချုပ်အသီးသီးကို ဖိတ်ကြားခဲ့ပါတယ်။ ဟွမ်ဇွမ်တျန်နဲ့ ကျန်းဝူဂိုဏ်းက ဓားအကြီးအကဲ ရှန့်ကွမ်းချိုးကျန့်လည်း ဒီပွဲကို သွားတက်ခဲ့ပါတယ်။

ဂိုဏ်းချုပ်တွေ တောင်ပေါ်မှာ တာအိုအကြောင်း ဆွေးနွေးနေတုန်းမှာပဲ ရန်ထျန်တုန်းကို လိုက်သတ်တဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းနဲ့ တိုးမိပါတယ်။

ဟွမ်ဇွမ်တျန်ဟာ မိုးကာဝတ်ရုံဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးတာကြောင့် ရန်ထျန်တုန်းကို သိပါတယ်။ အဲဒါကြောင့် ဟွမ်ဇွမ်တျန်ကို ရန်ထျန်တုန်းကို ကယ်တင်လိုက်ပါတယ်။ ဒီလိုကယ်တင်လိုက်တာရဲ့ ရလဒ်အနေနဲ့ ဟွမ်ဇွမ်တျန်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ဒေါသကို ရင်ဆိုင်လိုက်ရပါတယ်။ ဂိုဏ်းချုပ်တွေ အကုန်လုံးပူးပေါင်းပြီး တိုက်ခိုက်တာတောင် သူတို့ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို မယှဉ်နိုင်ပါဘူး။

ကြီးမြတ်တဲ့စပါးအုံးစိမ်းက အရမ်းကို စွမ်းအားကြီးလွန်းပါတယ်။

အဲဒီတုန်းက အနီးအနားမှာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတာကြောင့်သာ မဟုတ်ရင် ကြီးမြတ်တဲ့စပါးအုံးစိမ်းက သူတို့အကုန်လုံးကို သတ်ပြီးသွားလောက်ပါပြီ။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘စီနီယာဆိုရင် အဲဒီကြီးမြတ်တဲ့စပါးအုံးစိမ်းကို အနိုင်ယူနိုင်မလား’ အဲဒီနောက်မှာတော့ ဟွမ်ဇွမ်တျန်ဟာ သူ့ဒဏ်ရာတွေကို ကုသပါတယ်။

ကံဆိုးစွာပင် အခြေအနေက စီစဉ်ထားသလို ဖြစ်မလာပါဘူး။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ နတ်ဆိုးဘုရင်ဆယ်ပါးကျော်ကို အနိုင်တိုက်ပြီးတဲ့နောက်မှာတော့ သူ့ဂုဏ်သတင်းက မိုးပေါ်ထိုးတက်သွားပါတယ်။ နတ်ဆိုးတွေ အများကြီးဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းဆီ အချိန်နဲ့အမျှ ခိုဝင်လာကြပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ သူ့ကိုတိုက်ခိုက်ခဲ့တဲ့ နတ်ဆိုးဘုရင်တွေကို တစ်ပါးပြီးတစ်ပါး လက်စားလိုက်ချေပါတော့တယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို တိုက်ခိုက်ခဲ့တဲ့ နတ်ဆိုးဘုရင်တွေဟာ အသတ်ခံရရင် ခံရ မဟုတ်ရင် ကြီးမြတ်တဲ့စပါးအုံးစိမ်းဆီမှာ အညံခံပြီး လက်အောက်ငယ်သားတွေ ဖြစ်သွားကြပါတယ်။

အချိန်တိုလေးအတွင်းမှာပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ အာဏာဟာ မိုးပေါ်ထိုးတက်သွားပြီး လူသားတွေကို ပစ်မှတ်ထားစ ပြုလာပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရန်ထျန်တုန်းကို အကြောင်းပြပြီး လူသားနယ်မြေကို စတင်တိုက်ခိုက်ပါတော့တယ်။

တစ်ချိန်တုန်းက ရန်ထျန်တုန်းဟာ လူသားတစ်ဝက် နတ်ဆိုးတစ်ဝက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းကတော့ ရန်ထျန်တုန်းက လူသားအသွင်ကို ပြောင်းလဲသွားပြီမို့လို့ ရန်ထျန်တုန်းကို မသတ်ရရင် နတ်ဆိုးမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့နတ်ဆိုး မဟုတ်တော့ဘူးလို့ ကြော်ငြာခဲ့ပါတယ်။

ဒါကြောင့် လူသားနယ်မြေတွေဟာ အလန့်တကြား ဖြစ်ကုန်ပါတော့တယ်။

…

မြင့်မားတဲ့တောင်တစ်ခုမှာ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ တောင်ခါးပန်းမှာ ထိုင်နေပါတယ်။ တောင်ခြေမှာတော့ ဆူပွက်နေတဲ့ ဒယ်အိုကြီးတစ်လုံး ရှိနေပါတယ်။ ဒီဒယ်အိုးကြီးထဲမှာ အရိုးတွေကို ဝိုးတိုးဝါးတား မြင်နိုင်ပါတယ်။ မလှမ်းမကမ်းမှတော့ သေမျိုးရာချီဟာ မြေကြီးပေါ်မှာ တုန်ယင်စွာ ထိုင်နေကြပါတယ်။ နတ်ဆိုးတွေကတော့ နေရာတိုင်းမှာ ရှိနေပါတယ်။

နတ်ဆိုးတွေဟာ လူရိုးတွေကို ကိုက်စုပ်စားသောက်နေကြပါတယ်။ ဒီမြင်ကွင်းဟာ သွေးသံရဲရဲနဲ့ ငရဲပြည်လို ချောက်ချားဖွယ် ကောင်းလှပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ထူးဆန်းလိုက်တာ...”

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဒီအတောအတွင်း ကျိန်စာစွမ်းအားတစ်ခုက သူ့ကိုနှောင့်ယှက်နေတယ်လို့ ခံစားနေရပါတယ်။ စိတ်ဝိညာဉ်ရတနာကို ဝတ်ဆင်ထားတာတောင် ကျိန်စာရဲ့စွမ်းအားကို ခံစားနေရတုန်းပါပဲ။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဒီစိတ်ဝိညာဉ်ရတနာကြောင့်သာ မဟုတ်ရင် လျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာစွမ်းအားကြောင့် အပြင်းအထန် ဒဏ်ရာရနေမှာ မလွဲဧကန်ပါပဲ။

ဒီအဖြစ်ကြောင့် ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ထိုးဖောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ သိမ်းငှက်နတ်ဆိုးတစ်ကောင် ပျံသန်းလာပါတယ် “အရှင်မင်းကြီး... ရန်ထျန်တုန်းက ကုယွမ်ဒေသကို ထွက်ပြေးသွားပါပြီ၊ သူ့နောက်ကို ဆက်လိုက်ရအုန်းမှာလား”

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ မျက်နှာဟာ မည်းမှောင်ထွက်သွားပါတယ် “လိုက်ရမှာပေါ့၊ ကမ္ဘာအဆုံးထိ သူ ထွက်ပြေးမယ်ဆိုရင်တောင် ကမ္ဘာအဆုံးထိ ငါ လိုက်မှာပဲ၊ သူ့ကို ခိုလှုံခွင့်ပေးရဲတဲ့ အင်အားစုမှန်သမျှကို ငါ သုတ်သင်ပစ်မယ်၊ သူ့ကို ငါမသတ်ရဘူးဆိုရင် ငါ့ရင်ထဲက ဒေါသကို ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်ကဲ့” သိမ်းငှက်နတ်ဆိုးဟာ ချက်ချင်း လှည့်ထွက်သွားပါတယ်။

ရန်ထျန်တုန်းကို တွေးမိတိုင်း ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ အမျက်ချောင်းချောင်း ထွက်ရပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရန်ထျန်တုန်းကို တော်တော်လေး သည်းခံခဲ့ပေမဲ့ ရန်ထျန်တုန်းက တစ်ခြားနတ်ဆိုးဘုရင်တွေနဲ့ ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်ခဲ့ပါတယ်။

‘ဘယ်လောက်ရယ်ဖို့ကောင်းလဲ’

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရန်ထျန်တုန်းဟာ အဆုံးအထိလိုက်ပြီး လမ်းတစ်လျှောက်မှာတွေ့ရတဲ့ လူသားတွေကို စိတ်ကြိုက် သတ်ဖြတ်စားသောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျင့်ကြံခြင်းလောက ဂိုဏ်ကြီးတွေသာ ရန်ထျန်တုန်းကို လက်ခံမယ်ဆိုရင် ကြီးမြတ်တဲ့စပါးအုံးစိမ်းက ရန်ထျန်တုန်းကို အကြောင်းပြပြီး အဲဒီဂိုဏ်းတွေကို မြေလှန်ဖျက်ဆီးပစ်ဖို့လည်း ကြံရွယ်ထားပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ယမ်းပုံမီးကျ ဒေါသထွက်နေပေမဲ့ စိတ်လွတ်ကိုယ်လွတ်တော့ မဟုတ်ပါဘူး။ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ရည်ရွယ်ချက်က သူ့အင်အားကို ချဲ့ထွင်ဖို့ပဲ ဖြစ်ပါတယ်။

“ငါအရင်ဆုံး နေရာတစ်ခုရှာပြီး ကပ်ဘေးကို ဖြတ်ကျော်ရမယ်၊ ငါ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်တာနဲ့ အဲဒီသစ္စာဖောက် အသက်ရှင်ဖို့ကို မေ့လို့ရပြီ”

…

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဒွါရကိုးပေါက်ကနေ သွေးယိုစီးထွက်နေတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ် “အခုအချိန် ကြီးမြတ်တဲ့စပါးအုံးစိမ်း ဘယ်လိုဖြစ်နေမလဲ သိချင်လိုက်တာ” ဟန်ကျွယ်ဟာ ဒီကိစ္စက သူထင်သားသလို ဖြစ်မလာဘူးလို့ ခံစားနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ထျန်တုန်းက အစော်ခံရတုန်း အလိုက်ခံနေရတုန်း ဖြစ်နေလို့ပါပဲ။

ကြီးမြတ်တဲ့စပါးအုံးစိမ်းသာ ရန်ထျန်တုန်းကို ရှာတွေ့သွားရင်တောင် ရန်ထျန်တုန်းမှာ အသက်ဆယ်ချောင်းရှိတာ မရဏလမ်းကို ကျိန်းသေပေါက် မြန်းရမှာပါ။ ဒါပေမဲ့ ရန်ထျန်တုန်းကို တိုက်ခိုက်တာတွေက ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ လက်အောက်ငယ်သား နတ်ဆိုးတွေ ဖြစ်နေပါတယ်။ ဒီဟာက ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဂူအောင်းကျင့်ကြံနေတယ်လို့ ပြသနေပါတယ်။ ကြီးမြတ်တဲ့ စပါးအုံးစိမ်းဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေတာမို့ ဂူအောင်းကျင့်ကြံတာဆိုရင် အတိဒုက္ခဖြတ်ကျော်အဆင့်ကို ထိုးဖောက်ဖို့ကလွဲပြီး တစ်ခြားဟာ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော်အဆင့်ရှိတဲ့ ကျင့်ကြံသူနဲ့ တစ်ခါမှ မတိုက်ခိုက်ရသေးပါဘူး။ ရန်ထျန်တုန်းက သွားစရာနေရာမရှိရင် ယွီဂျင်ဂိုဏ်းကို ပြန်လာမှာ ကျိန်းသေပါတယ်။ အဲဒီအချိန်ကျရင် ကြီးမြတ်တဲ့စပါးအုံးစိမ်းကလည်း ယွီဂျင်ဂိုဏ်းကို ရောက်လာမှာဆိုတော့ ဟန်ကျွယ်အနေနဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။

ဟန်ကျွယ်ဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြဒါးငှက်နဲ့ မော့ယိုလင်းကို ဆက်ပြီးတော့ ကျိန်စာမတိုက်တော့ပါဘူး။ ကျိန်စာတိုက်မဲ့အစား တရားထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။

တစ်နှစ်ကြာပြီးနောက်။

မော့ဖူချို၊ ကျိုးဖန်နဲ့ ရွှမ်ရှီရှီဟာ ယွီဂျင်ဂိုဏ်းကနေ ထွက်ခွာသွားပါတယ်။ သူတို့သုံးယောက်က ရုတ်တရက်ကြီး ထွက်ခွာသွားတာမို့ လီချင်းဇဲ့ဟာ သူတို့ကိုဟန့်တားဖို့ အခွင့်အရေးတောင် မရလိုက်ပါဘူး။

ဒီလိုနဲ့ နောက်ထပ်ခြောက်နှစ် ကုန်ဆုံးသွားပါတယ်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် သတ္တမအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။

မိုးမြေမြက်ပင်ကလည်း ကျန်းကျန်းမာမာနဲ့ ကြီးထွားလာပါတယ်။ ဖူစန်းသစ်ပင်၊ မြေအမတဘူးပင်တို့ကြောင့် ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီဟာ ပိုပိုပြီးတိုးတက်လာပါတယ်။ ငရဲကြက်နက်၊ ရွှင်ချန်အန်းနဲ့ နတ်မိမယ်ရှီရွှမ်တို့ရဲ့ ကျင့်ကြံမှုဟာလည်း ဆက်တိုက် တိုးတက်လာပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ တိုးတက်မှုက ဟန်ကျွယ်လောက်တော့ မမြန်ပါဘူး။

ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၀၂၁

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၈၄၂

[သင့်မိတ်ဆွေကောင်း တာအိုသခင်ကျိုးတိသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၉၉

[သင့်မိတ်ဆွေကောင်း ချန်ယွီအာသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂

[သင့်မိတ်ဆွေကောင်း ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၇၃

[သင့်တပည့် စုချီသည် ဂိုဏ်းတူတပည့်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၁၇၄

[သင့်တပည့်စုချီသည် အပြင်းအထန် ဒဏ်ရာရသွားပြီး သေလုမျောပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာပင် မိစ္ဆာသခင်၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]

[သင့်တပည့် စုချီသည် ကြမ္မာဆိုး ဖြန့်ကျက်ခဲ့သောကြောင့် နတ်ဆိုးနိုင်ဂိုဏ်းသည် မိစ္ဆာသခင်၏ သတ်ဖြတ်မှုကို ခံရပြီး တစ်ဂိုဏ်းလုံး ပျက်သုဉ်းသွားခဲ့သည်။]

[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၆၈၁

…

“ကျွတ်... ကျွတ်... တော်တော်လေး သနားဖို့ကောင်းကြပါလား”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters