အခန်း (၁၁၄၁-၁၁၄၂)
Vol. 96 Ch. 1141-1142
အခန်း ၁၁၄၁ -
နတ်ဘုရားဒေါသ သင့်နေသူ ... ။
မိုးကုပ်စက်ဝိုင်းအောက်တွင် စာပေသမားအသွင်ဖြင့် အမျိုးသားတစ်ဦးပုံရိပ် ထွက်ပေါ်လာသည်။ သူ့နောက်တွင် လူတစ်စု လိုက်ပါလာ၏။
စုရီမှ အံ့အားသင့်သွားသည်။ ဤသည်မှာ လျူယွမ်ကျင်းနှင့် အခြားသူများကို လှည့်စားခဲ့ ဖူးသည့် ဟူဟိုင်အတုဖြစ်၏။
တိမ်ယန္တရားအင်မော်တယ် စံအိမ်မှ တစ်စုံတစ်ယောက်ပေပင်။ တစ်ဖက်လူမှ စုရီကို လှောင်ပြုံးဖြင့် ကြည့်လာသည်။ ထို့နောက် ချီဖူဖန်းထံ အကြည့်ရောက်သွားကာ၊
“ အဘိုးကြီး၊ မင်းမှာ ဒီကောင်လေးကို လျူယွမ်ကျင်းနဲ့ တခြားသူတွေဆီကနေလုယူဖို့ လျှို့ဝှက်ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ငါမသိခဲ့ဘူး။ ”
-ဟု ပြောကြားလိုက်၏။
စုရီတစ်ယောက် မျက်လုံးများ တောက်ပသွားသည်။ စာပေသမားအမျိုးသားမှာ အင်မော်တယ်တံခါးတွင် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သည်ကို မသိရှိကြောင်း မြင်သာနေချေပြီ။
“ မင်း ငါ့ကို ဘယ်လိုရှာတွေ့တာလဲ။ ”
စုရီက မေးလိုက်သည်။ သူနှင့် ချီဖူဖန်းတို့သည် ကြာမြင့်စွာကတည်းကပင် ပိုင်လုတောင်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်၏။
သူတို့၏ ရောင်ဝါကို ဖုံးကွယ်ထားခြင်း မရှိသော်လည်း ရှာတွေ့ရန် မလွယ်ကူအောင်ပင် ခရီးအတော်ပေါက်နေပြီဖြစ်သည်။
စာပသေမား အမျိုးသားကပြုံးပြီး၊
“ ငါရှာနေတဲ့သူကို ဘယ်နတ်ဘုရားမှ ဝှက်ထားလို့မရဘူး။ ”
-ဟု ဝင့်ကြွားစွာ ပြန်ဖြေ၏။
“ သူတို့ကို နှိမ်နင်းလိုက်။ ”
ထို့နောက် စိတ်မရှည်တော့ဘဲ အမိန့်ပေးလိုက်လေသည်။ သူ့အနားမှ ပုံရိပ် ဆယ်ဂဏန်းကျော်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ချီဖူဖန်းကို အပြေးအလွှားတိုက်ခိုက်လာ၏။
“ ဟမ့် ... ။ ”
သူတို့အမြင်တွင် ချီဖူဖန်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်နေကြသည်မှာ သေချာချေပြီ။ စုရီအတွက်မူ စာငှက်လေး တစ်ကောင်မျှသာဖြစ်၏။
လှောင်အိမ်ကဲ့သို့ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားသော် လွန်မြောက်နိုင်စရာ လမ်း မရှိချေ။ ချီဖူဖန်းမှ လေထဲလက်လှမ်းပြီး ဖမ်းဆွဲလိုက်လေသည်။
“ ဝှစ် ... ။ ”
ကြောက်စရာကောင်းသော် ဖိအားတစ်ခု ထွက်ပေါ်လာပြီး အပြေးအလွှားဝင်ရောက်လာ ကြသည့် လူဆယ်ဂဏန်းသည် ယင်ကောင်များ အလား လေထုအလယ် အေးခဲသွားတော့၏။
“ ဘာတွေဖြစ်နေတာလဲ။ ”
ထို့နောက် ချီဖူဖန်းမှ လက်ချောင်းများကို ဆန့်ထုတ်လိုက်သောအခါတွင် တဘန်းဘန်းဖြင့် ကျယ်လောင်စွာ ပေါက်ကွဲကုန်၏။
သွေးများ ပက်ဖြန်းလျက် ကောင်းကင်တခွင်တွင် အနီရောင်များ ပြောင်းလဲသွားသည်။
အစမှအဆုံးတိုင် ချီဖူဖန်း၏ မျက်နှာအမူအရာသည် ဂရုမစိုက်ဘဲ တည်ငြိမ် နေခဲ့သည်။ အပိုစကား တစ်ခွန်းမှ မပြောချေ။
သတ်ဖြတ်မှုအတွင်း ယဉ်ပါးနေသော အာဏာပါးကွက်သားကဲ့သို့ ရက်စက်ပြင်းထန် လှချေ၏။
“ သေစမ်း ... ။ ”
စာပေသမားအမျိုးသားမှာ အပြုံးများ အေးစက်သွားပြီး သူ့ကိုယ်သူကျိန်ဆဲလေသည်။ သေမင်းလာရှာသည်နှင့်တူနေ၏။
ထိုအတွေးက ခန္ဓာကိုဘ်တစ်ခုလုံး အေးစက်လာစေပြီး ထွက်ပြေးရန်ပင် ခွန်အား မရှိတော့ချေ။
“ ငါတို့စကားပြောလို့ရပြီလား။ ”
စုရီမှ ပြုံးလျက် မေးမြန်းလိုက်သည်။
“ ငါ ... ။ ”
စာပေသမားခမျာ တံတွေးမြိုချလျက် မီးခိုးငွေ့များအဖြစ်ပြောင်းကာ ထွက်ပြေးချေ၏။ သို့သော် ကြီးမားလှသော လက်တစ်ဖက်သည် သူ့လမ်း၌ပေါ်လာကာ လည်ပင်းကို ဆုပ်ကိုင် လာတော့သည်။
“ တိမ်လွှာမီးခိုးလွတ်မြောက်အတောင်က ငါ့အတွက် အသုံးမဝင်ဘူး။”
စုရီအသံက အဝေးမှ ထွက်ပေါ်လာသည်။ စာပေသမားခမျာ ထိတ်လန့်တကြားမော့ကြည့် လိုက်စဉ် စုရီပုံရိပ်သည် သူ့ကိုဆုပ်ကိုင်လျက် အနားရောက်ရှိနေကြောင်း မြင်လိုက်ရ၏။
“ မင်း ဘယ်လို ... ဘယ်လို ရောက်လာတာလဲ။ ”
“ အခု မင်းအပိုင်ပဲ မိုးတိမ်ယန္တရား အင်မော်တယ်စံအိမ်က ငါ့ကိုဘာလို့ပစ်မှတ်ထား နေလဲဆိုတာ သိချင်တယ်။ ”
စုရီက စာပေသမားကို ချီဖူဖန်းထံ ပစ်ပေးလိုက်သည်။ ချီဖူဖန်းမှခေါင်းညိတ်ပြီး ‘နားလည်ပါပြီ’-ဟု တုန့်ပြန်၏။
“ မဟုတ်ဘူး ... ငါ ... ငါအညံ့ခံပါတယ် ငါ့ဝိညာဉ်ကိုမရှာပါနဲ့ မဟုတ်ရင် သေချာပေါက် ငါသေရလိမ့်မယ် မင်းတို့ဘာမှရမှာမဟုတ်ဘူး။ ”
စာပေသမားက ကြောက်လန့်တကြား အော်ဟစ်လိုက်လိုက်သည်။ စုရီနှင့် ချီဖူဖန်းမှာ နားလည်သွား၏။
အင်မော်တယ်မြေတွင် တပည့်များ၏ ဝိညာဉ်ကိုအလေးထားပြီး ချိပ်ပိတ်ထားကြ၏။ ယင်းသည် တပည့်များအပေါ် ထိန်းချုပ်ရန် မဟုတ်ဘဲ ရန်သူများမှ ဝိညာဉ်ရှာဖွေခြင်း မပြုလုပ်နိုင်စေရန် ရည်ရွယ်သည်။
ဤနည်းဖြင့် ဂိုဏ်းများ၏ လျှို့ဝှက်ချက်များကို ကာကွယ်ပြီးဖြစ်ပေမည်။ အနည်းငယ်စဉ်းစားပြီးနောက် စုရီက၊
“ မေးခွန်းနှစ်ခု ဖြေပါ ငါ မင်းရဲ့အသက်ကို ချမ်းသာပေးရုံသာမက ထွက်ပေါက်တစ်ခုလည်း ပေးမယ်။ ”
-ဟု ကမ်းလှမ်းလိုက်သည်။
စာပသေမားက မြန်မြန်ဆန်ဆန် ခေါင်းညိတ်သဘောတူ၏။ ထို့ကြောင့် စုရီမှ၊
“ အင်မော်တယ်တံခါးမှာ မင်းငါ့ကိုဘာလို့ ပစ်မှတ်ထားခဲ့တာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
စာပေသမားခမျာ ခါးသီးမှုအပြည့်ဖြင့်၊
“ ရိုးရိုးသားသားပြောရရင် မင်းရဲ့ အထောက်အထား ဒါမှမဟုတ် နောက်ခံအပေါ် ငါ လုံးဝမသိဘူး ...
... မင်းကို ငါ အခုရှာတွေ့လိုက်ရတဲ့ အကြောင်းရင်းက လျှို့ဝှက်နည်းစနစ်တစ်ခု သုံးခဲ့လို့ပါ။ ”
-ဟု ပြန်ဖြေသည်။
“ ဟမ့် ... ဘယ်လိုလျှို့ဝှက်နည်းစနစ်လဲ။”
“ လူတွေကို ရှာဖွေတဲ့နည်းစနစ် ... တစ်ကြိမ်သုံးလိုက်ရင် ထူးခြားတဲ့အာရုံတစ်ခုကို ပစ်မှတ်ကိုရှာဖွေပေးတယ်။ ”
စုရီက မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူသည် သူ့ကိုသိခြင်းမဟုတ်ချေ။ လျှို့ဝှက်နည်းစနစ်မှ ထူးခြားမှုအပေါ် ဖမ်းမိကာ အတည်ပြုပေးခြင်းဖြစ်၏။
ဤနည်းဖြင့် အင်မော်တယ်နန်းတော်၌ သူ့ကိုဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ အလားတူပင် ယခုတွင်လည်း သူ့လမ်းတွင် မှန်းဆပြီး ထွက်ပေါ်လာခြင်းပေပင်။
“ ဘယ်သူက မင်းကို ဒီလိုလုပ်ဖို့ အမိန့်ပေးလိုက်တာလဲ။ ”
စုရီမှ မေးမြန်းလိုက်သည်။
“ ငါ့ဂိုဏ်းချုပ် ... ။ ”
ထိုအဖြေကြောင့် ချီဖူဖန်းက၊
“ တိမ်လွှာယန္တရား အင်မော်တယ်စံအိမ် လက်ရှိခေါင်းဆောင်က စုန့်ရှောင်ချန်ပဲ ... သူက ဓမ္မအဆုံးခေတ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ...
... လူအိုကြီးတစ်ဦးလို့ သံသယရှိတယ် ... အလွန်လိမ္မာပါးနပ်ပြီး ကျင့်ကြံမှုက စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါးပဲ။”
-ဟု ဝင်ရောက်ပြောကြားလာသည်။
“ အင်မော်တယ်ဘုရင်လား။ ”
စုရီမှ နဖူးကို ကုပ်ခြစ်လိုက်မိ၏။ လက်ရှိခွန်အားဖြင့် ဤအဆင့်ဘီလူးအိုကြီး တစ်ကောင်ကို ကိုင်တွယ်ရန် ဝေးကွာ နေသေးသည်။
အင်မော်တယ်ဘုရင် မဆိုနှင့် သူတော်စင်အင်မော်တယ်တစ်ပါးပင် အရူးအမူး တိုက်ခိုက်မှသာ အနိုင်ယူနိုင်ပေမည်။
“ အား ... ။ ”
ထိုစဉ် စာပေသမားအမျိုးသားသည် ရုတ်တရက် စူးရှနာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်အားလုံးလုံးဝ ပျောက်ကွယ်သွားတော့သည်။
ချီဖူဖန်းမှ မျက်နှာမည်းမှောင်သွား၏။
“ ဧကရာဇ်သခင် ဒီလူရဲ့ဝိညာဉ်က ပျောက်ကွယ်သွားပြီ တစ်ယောက်ယောက် သူ့ကိုအသက်ရှင်လျက် ဖမ်းမိသွားတယ်ဆိုတာ သိရှိပြီး သတ်ပစ်လိုက်ပုံရတယ်။ ”
ထို့နောက် စာပေသမားအမျိုးသား၏ သိုလှောင်လက်စွပ်ကို စစ်ဆေးကာသဲလွန်စများ ရှာဖွေလိုက်လေသည်။ သိုသော် လက်ဗလာဖြင့် ရပ်တန့်လိုက်ရ၏။ မည်သို့ တန်ဖိုးရှိသော အရာကိုမျှ မတွေ့နိုင်ခဲ့ချေ။
“ စိတ်ရှုပ်နေစရာ မလိုပါဘူး မိုးတိမ်ယန္တရားအင်မော်တယ်စံအိမ်က ဘယ်သူ့ အတွက် အလုပ်လုပ်နေလဲဆိုတာ ငါ နည်းနည်းတော့ သိပြီထင်တယ်။ ”
စုရီက ပြောကြားလိုက်သည်။ ထိုစဉ်က သူ့ကိုရှုံးနိမ့်ပြီးနောက် လှံကိုင်အမျိုးသမီးသည် အကြောင်းအကျိုးဥပဒေအမှတ်အသားကို သူ့ထံ၌ မြင်နေရကြောင်း သတိပေးဖူး၏။
ဤသည်မှာ ကောင်းကင်ဆန္ဒမြက်ပင်ကို လုယူစဉ်က သူ့အပေါ် ကြွင်းကျန်ရစ်ခဲ့ရသော နတ်ဘုရားဒေါသ အမှတ်အသားပေပင်။
ဆိုလိုသည်မှာ ငါးမျှားချိပ်ပိုင်ရှင်သည် တံငါသည်အဘိုးကြီးဟုခေါ်သော နတ်ဘုရား တစ်ပါးဖြစ်ချေ၏။
ယခုအချိန်၌ အကြောင်းအကျိုး ငါးမျှားချိပ်ကို စွန့်ပစ်လိုက်လျှင်ပင် ဤဒုက္ခမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သတိပေးခဲ့ဖူးသည်။
စာပေသမား အမျိုးသားသည် သူ့ကိုရှာဖွေရန်အတွက် လျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့သည်ဟူသည်မှာ ထိုအကြောင်းနှင့် အကျိုး အငွေ့အသက်ကို ရှာဖွေနိုင်ခြင်း ဖြစ်ပေမည်။
တံငါသည်ကဲ့သို့ နတ်ဘုရားတစ်ပါးသည် အင်မော်တယ်နယ်မြေကို ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်နိုင်ပုံမရချေ။ တိမ်လွှာ ယန္တရား စံအိမ်ကိုသာ အမိန့်များပေးနိုင်ပုံသာရ၏။
“ လက်ရှိအင်မော်တယ်မြေမှာ နတ်ဘုရားတစ်ပါးရှိနေလား။ ”
စုရီက သေချာအောင်မေးလိုက်သည်။
“ မရှိပါဘူး ... ။ ”
ချီဖူဖန်းမှ ခေါင်းခါသည်။
“ ဒါပေမယ့် နတ်ဘုရားတွေရဲ့ ဆန္ဒဝိညာဉ်တွေကတော့ အင်မော်တယ်မြေထဲ တိတ်တဆိတ် စိမ့်ဝင်နေပါတယ် အချို့သော အထိတ်အထိပ်အင်အားစုတွေရဲ့ ...
... နောက်ကွယ်မှာ နားမလည်နိုင်တဲ့ နတ်ဘုရားစွမ်းအားတစ်ခု ရှိနေတယ်လို့တော့ ကောလဟာလတွေ ရှိနေပါတယ်။ ”
စုရီမှ ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာပုံမှန်ဖြစ်၏။ နတ်ဘုရားများသည် လောကကြီးအတွင်း ဆင်းသက်နိုင်ခြင်းမရှိ သော်မှ သူတို့၏တမန်တော်များကို စေလွှတ်လာနိုင်မည်။
“ ဧကရာဇ်သခင် လက်ရှိ အင်မော်တယ်နယ်မြေမှာ နတ်ဘုရားတွေကို ရှာတွေ့ဖို့မပြောနဲ့ အင်မော်တယ်ဘုရင်တောင် ထွက်မလာဝံ့သေးပါဘူး ...
... သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ ကပ်ဘေးတစ်ခုနဲ့ ပစ်မှတ်ထားခံနေရပါတယ် ဒါကြောင့် သူတို့ရှောင်ရှားဖို့သာ တတ်နိုင်ပါတယ် ...
... ထိုက်ချင်းဂိုဏ်းက ရွှယ်ရှောင်ဇီလိုပဲ သူဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေကို ဝင်ရောက်နေတယ်ဆိုပြီး ကြာမြင့်စွာတည်းက ပေါ်မလာခဲ့တော့ပါဘူး။ ”
စုရီမှ မျက်ခုံးပင့်လိုက်သည်။
“ သူ ကပ်ဘေးကို ရှောင်ရှားနေတာလား။ ”
“ ဟုတ်ပါတယ် ဒါပေမယ့် ဒါတွေက ကောလာဟလတွေပါ အဲဒီဒဏ္ဍာရီအိုကြီးဟာ ... ဘာလို့ ထွက်မလာတော့တာလဲ ဆိုတာတော့ ဘယ်သူမှမသိပါဘူး။ ”
အင်မော်တယ်မြေတွင် မြင့်မြတ်သူ ပြိုင်ဘက်ကင်းဒဏ္ဍာရီ စသည့် ဘွဲ့ထူးများသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်များကိုသာ ခေါ်ဆိုကြခြင်းဖြစ်သည်။
သူ့အတွက် ယနေ့ပြန်လာရသည့် အကြောင်းအရင်းသည် ဝမ်ယဲ့၏နှောင်ကြိုးများ အပေါ် ဖြတ်တောက်ရန်ဖြစ်၏။
ဤနည်းဖြင့် ဝမ်ယဲ့နှင့်သူ၏ နှလုံးသားတိုက်ပွဲတွင် မည်မျှသာလွန်ကြောင်း ပြသနိုင်မည်ဖြစ်သည်။ ထို့နောက် နှစ်ယောက်သာ ခရီးဆက်လာခဲ့၏။
လမ်းခရီးတွင် ချီဖူဖန်း၏ တာအိုဒဏ်ရာများအကြောင်း အသေးစိတ် မေးမြန်းခဲ့သည်။ ချီဖူဖန်း၏ ဒဏ်ရာများမှာ အမှန်ပင် ပြင်းထန်လှ၏။
ပြိုင်ဘက်ကင်းဒဏ္ဍာရီ ပုဂ္ဂိုလ်တစ်ပါး၏ ကုသပေးခြင်းမျိုးမရှိသော် ပြန်ကောင်းလာဖို့ရန် မဖြစ်နိုင်ချေ။ သို့သော် ယင်းသည် စုရီအတွက် သာမန်မျှသာဖြစ်သည်။
လက်ရှိအချိန်၌ ဝမ်ယဲ့မှတ်ဉာဏ်များအရ ပြန်ကောင်းအောင် မလုပ်နိုင်သေးသော်လည်း ကုသရန် နည်းလမ်းကို ပေးစွမ်းနိုင်၏။
“ ဒီလျှို့ဝှက်နည်းစနစ်ကို လုံခြုံအောင်ထားပြီး လေ့ကျင့်ပါ သုံးနှစ်အတွင်း မင်းရဲ့တာအိုဒဏ်ရာတွေ လုံးဝပျောက်ကင်း လာလိမ့်မယ်။ ”
စုရီမှ ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူပြီး ‘ဝိညာဉ်ပုံဖော်အသွင်ပြောင်းကျမ်း’ ဟုခေါ်သော တာအိုကျမ်းစာများ ရေးထွင်း ပေးလိုက်လေသည်။
ချီဖူဖန်းခမျာ လွန်စွာပျော်ရွှင်လာပြီး မျက်ရည်များစီးကျလာခဲ့၏။ ယင်းမှာပြန်လည် မွေးဖွားခွင့်ရခြင်းပေပင်။ ထို့နောက် စုရီသည် လျှို့ဝှက်သင်္ကေတတစ်ခုကို ထုတ်ယူကာ ချီဖူဖန်းထံ ပေးအပ်ပြန်၏။
“ သူတို့ကို အခြေချပေးပြီးရင် ဒီသင်္ကေတယူပြီး ရေပေါ်တိမ်လွှာမြို့တော်ကို သွားပါ ... ငါ့အတွက်အချက်အလက်အချို့ စုဆောင်းပေးပါ မင်းဘာလုပ်ရမယ်ဆိုတာ ဒီသင်္ကေတထဲမှာ ရေးထားတယ်။ ”
“ နားလည်ပါပြီ ... ။ ”
ချီဖူဖန်းက သင်္ကေတကို လေးနက်စွာသိမ်းဆည်းလိုက်ပြီး ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် စုရီထံ ပြန်မော့ကြည့်ကာ၊
“ ဧကရာဇ်သခင်ကရော ... ။ ”
-ဟု ပြန်မေးလိုက်၏။ စုရီက ချက်ချင်းပြန်မဖြေသေးဘဲ အနည်းငယ်ငြိမ်သက် တိတ်ဆိတ်သွားပြီး မျက်ဝန်းများ၌တောင့်တမှု အရိပ်အယောင်များ ပြသလာခဲ့သည်။
“ ငါ ... မိုးအောက်မြေပြင်တခွင် တောင်နဲ့မြစ်တွေကိုကြည့်ရှုပြီး အဆင့်ချိုးဖြတ်ဖို့ အတွက် အခွင့်အရေး ရှာလိုက်ဦးမယ်။ ”
***
အခန်း ၁၁၄၂ -
လုပ်ကြံသူများ ... ။
ချီဖူဖန်းတစ်ယောက် ခဏမျှ မှင်သပ်သွားပြီးနောက် နားလည်သွားသည်။ ဧကရာဇ်သခင်ကဲ့သို့သော တည်ရှိမှုအတွက် အဆင့်ချိုးဖြတ်ခြင်းသည် ခက်ခဲသောအလုပ် မဟုတ်နိုင်ချေ။
“ ကောင်းပြီ၊ ဒီကနေ လမ်းခွဲကြရအောင်။ ”
စုရီက ကုလားထိုင်ကို သိမ်းဆည်းပြီး ရွှေရောင်မိုးတိမ်ပေါ်မှ ခုန်ဆင်းသွားတော့သည်။ ချီဖူဖန်းတစ်ယောက် မျက်ခုံပင့်လျက် အဆုံး၌ လက်နှစ်ဖက်ကိုအချင်းချင်းဆုပ်ကိုင်ကာ၊
“ ဧကရာဇ်သခင် ဒီဂျူနီယာ ပိုင်လူကျိုးမှာစောင့်နေပါမယ်။”
-ဟု ပြောကြားလိုက်၏။
အဝေးသို့ ရောက်ရှိသွားပြီဖြစ်သော စုရီမှခေါင်းမလှည့်တော့ဘဲ လက်ပြလိုက်သည်။ များမကြာခင် မိုးကုပ်စက်ဝိုင်းအောက်၌ စုရီပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ချီဖူဖန်း သည်လည်း ချက်ချင်းထွက်ခွာလေသည်။
နေဝင်ချိန်ဆည်းဆာအောက်တွင် ကောင်းကင်သည် မီးလျှံများကဲ့သို့ထည်ဝါလှပြီး အရောင်အသွေးစုံလင်နေ၏။
စုရီတစ်ယောက် တောင်တန်းတစ်ခုသို့ ဆင်းသက်လိုက်ကာ ပန်းဥယျာဉ်တော်အတွင်း၌ လျှေက်လှမ်းနေသကဲ့သို့ ခရီနှင်နေသည်။
ညအမှောင်များ ဝင်ရောက်လာချိန်၌ မြို့တစ်မြို့ကောက်ကြောင်းကို မြင်လာရသည်။ ကောင်းကင်အောက်တွင် မြို့ငယ်လေးသည် မီးရောင်များဖြင့် သက်ဝင်နေ၏။
စုရီက မြို့ထဲလှမ်းဝင်လိုက်သည်။ လမ်းမများပေါ်တွင် ကျင့်ကြံသူများစွာ သွားလာ လှုပ်ရှားနေ၏။ သူတို့အားလုံး၏ ကျင့်ကြံမှုမှာ ကောင်းကင်ဘုံ နယ်ပယ်၌သာဖြစ်သည်။
အင်မော်တယ်နယ်မြေကြီးတွင် ကျင့်ကြံသူပေါင်း ဘီလီလျှံနှင့်ချီရှိသော်လည်း အများစုမှာ ကောင်းကင်ဘုံနယ်ပယ်ဖြစ်၏။
အမည်ခံ အင်မော်တယ်သည်ပင် လမ်းမများပေါ်တွင် တွေရန်ရှားပါးကြကာ ထိုအဆင့်ကို အင်မော်တယ်တစ်ပါးကဲ့သို့ အလေးထားကြရ၏။
အထူးသဖြင့် ဤသို့ဝေးလံခေါင်ဖျားသော ဒေသမျိုးတွင် အမည်ခံ အင်မော်တယ်တစ်ပါးကို မြင်သော် မည်သူမဆို နတ်ဘုရားတစ်ပါးအလား အားကျလေးစားကြပေမည်။
စုရီတစ်ယောက် လမ်းမပေါ်တွင် လျှောက်လှမ်းလျက် လူပင်လယ်ကြီးကြားတွင် အထီးကျန်နေခဲ့သည်။
ကမ္ဘာကြီးသည် ခရီးစဉ်တစ်ခုဖြစ်၏။ သူသည် ခရီးသည်ပေပင်။ လောကကြီးအတွင်း ကြွယ်ဝချမ်းသာမှုနှင့် သက်ဝင်လှုပ်ရှားမှုများမှာ သူ့အတွက် မသက်ဆိုင်ချေ။ ဤသည်မှာ ကျင့်ကြံခြင်း၏အဓိပ္ပါယ်ပေပင်။
လူတစ်ဦးသည် သေမျိုးကမ္ဘာတွင် ပျော်ရွှင်စွာရှင်သန်နေထိုင်နိုင်ပြီး နေ့စဉ်ဘဝ၏ နွေးထွေးမှုအတွင်း သက်တမ်းကိုကုန်ဆုံးနိုင်၏။ ကျင့်ကြံသူများအတွက်မူ အဆုံးမရှိ အမြဲတမ်း ဆက်လက်သွားနေရမည်။
မပြိုလဲသော တာအိုနှလုံးသားကို ကိုင်ဆောင်လျက် အထီးကျန်မှုများနှင့်အတူ မြင့်မားသောလမ်းထံရှာဖွေရ၏။
များမကြာမီ ခေါင်းခါပြီး သူ့ရင်ထဲက စိတ်ပျက်အထီးကျန်မှုများကို ဖယ်ရှားလိုက်ကာ ရတနာခန်းမအတွင်း လှမ်းဝင်လိုက်သည်။
ထို့နောက် အသုံးမဝင်သော ပစ္စည်းများအားလုံး အင်မော်တယ်ကျောက်တုံး များနှင့် လဲလှယ်ဖို့ရန် ကြိုးစားခဲ့၏။
သေမျိုးလောကတွင် ကျင့်ကြံမှု အရင်းအမြစ်အဖြစ် အင်မော်တယ်ကျောက်တုံး များကို မကြားဖူးသလောက်ပေပင်။
အင်မော်တယ်မြေတွင်မူ ဤသည်မှာ အခြေခံငွေကြေးတစ်ခုမျှသာဖြစ်၏။ သို့သော် ကံမကောင်းစွာဖြင့် မြို့တွင် အရေအတွက်သည် အကန့်အသတ်ရှိနေ၏။
ထို့ကြောင့် သူ့ပိုင်ဆိုင်မှု ဆယ်ရာခိုင်နှုန်းခန့်သာထုတ်ပြီး အင်မော်တယ် ကျောက်တုံး(၃၀၀၀)ဖြင့်လဲလှယ်ခဲ့ရသည်။
“ နောက်ထပ်လမ်းမှာ မြို့တစ်မြို့တွေ့ရင် ငါလိုအပ်တဲ့ အရင်းအမြစ်တွေရဖို့ ရတနာတွေ ထပ်ရောင်းရမယ်။ ”
စုရီက စိတ်ပျက်သွားသည်။ မည်သို့ပင်ဆိုစေကာမူ တိုက်ကြီးတစ်တိုက်စီ၌ အလွန်ကျယ်ပြန့်သော ဧရိယာများပိုင်ဆိုင်ကာ မြို့ပေါင်း မရေမတွက်နိုင်အောင်ရှိ၏။
ဂုဏ်သိက္ခာအရှိဆုံးမြို့များ၌သာ အင်မော်တယ်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ်များ ပေါကြွယ်ဝပေမည်။
ထိုမြို့များကို အင်မော်တယ် မြို့များ အဖြစ်သို့ပင် တင်စားခေါ်ဝေါ်ကြလေသည်။
“ သခင်လေး၊ တည်းခိုခန်းရှာနေတာလား။ ”
စုရီတစ်ယောက် တည်းခိုခန်းတစ်ခုကို ဖြတ်သန်းသွားသောအခါ ဧည့်ကြိုတစ်ဦးက အပြေးအလွှား မေးမြန်းလာသည်။
စုရီက ရပ်လိုက်၏။ သူသည် ယနေ့ အင်မော်တယ်မြေသို့ ရောက်ရှိလာခြင်းဖြစ်ရာ အနားယူရန် လိုအပ်နေသည်။ သို့သော် အဆုံး၌ ခေါင်းခါပြပြီး၊
“ ငါ မင်းရဲ့တည်းခိုခန်းမှာ တည်းရင် ငါ့ကြောင့် ဒုက္ခရောက်မှာကို ကြောက်မိတယ်။ ”
-ဟု ငြင်းဆန်လိုက်၏။
ဧည့်ကြိုလူငယ်မှ အံ့အားသင့်နေစဉ် စုရီပုံသဏ္ဌာန်သည် ဆူညံနေသော လမ်းမပေါ် လျှောက်လှမ်း ပျောက်ကွယ်သွားပြီးဖြစ်၏။
“ ထွီ ... ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲသားတစ်ယောက်က ငါ့ရှေ့မှာ ဒီလို ကြွားဝါရဲတယ်လား ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်လဲ။ ”
ဧည့်ကြိုလူငယ်မှ မထီမဲ့မြင်ပြုကာ လှောင်ပြောင်ကျိန်ဆဲလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် လူတစ်ယောက် သူ့ရှေ့ပေါ်လာပြီး၊
“ ကောင်လေး ... သူ မင်းကို ဘာပြောခဲ့တာလဲ။ ”
-ဟု မေးမြန်းလာ၏။
မေးမြန်းသံသည် လေးနက်ပြီး ဆွဲဆောင်မှုရှိသည်။ ထို့ကြောင့်ဧည့်ကြိုလူငယ်မှ မော့ကြည့်လိုက်သောအခါတွင် ချောက်ကမ်းပါး တစ်ခုကဲ့သို့ နက်ရှိုင်းလွန်းသည့် မျက်ဝန်း တစ်စုံကို မြင်လိုက်ရ၏။
ချက်ချင်းပင် စိတ်သည်ဗလာဖြစ်သွားကာ အသိစိတ်များ မှုန်ဝါးလျက် မျက်ဆန်များလည်း ချာချာလည်လာကာ၊
“ ငါ မင်းရဲ့တည်းခိုခန်းမှာ တည်းရင် ငါ့ကြောင့် ဒုက္ခရောက်မှာကို ကြောက်မိတယ်။ ”
-ဟူသော အထက်ပါစကားစုကို အကြိမ်ကြိမ် ပြန်လည် ရွတ်ဆိုပြလိုက်တော့၏။
ထိုအဖြေကြောင့် မေးမြန်းသူသည် ပြုံးရယ်လာကာ၊
“ သူ ပြောတာမှန်တယ်။ ”
-ဟု ပြောကြားလိုက်၏။
ထို့နောက် စကားဆုံးသည်နှင့် လေထဲပျံတက်သွားကာ ချက်ချင်းပျောက်ကွယ် သွားချေပြီ။ များမကြာခင် ဧည့်ကြိုလူငယ်သည် သတိဝင်လာပြီး ထိတ်လန့်တကြားဝေ့ကြည့်ကာ တည်ခိုခန်းအတွင်း လှည့်ဝင်လာတော့၏။
ဝေးလံသောအရပ်တွင် တောင်တန်းများသည် ကောင်းကင်အောက်၌ လှိုင်းများအလား ဆန့်တန်းနေသည်။
စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် တောင်တန်းအတိုင်း လျှောက်လှမ်းနေခဲ့သည်။ ကျောက်စိမ်းရောင်ဝတ်ရုံသည် ညလေပြေတွင် လွင့်မျောနေပြီး သဘာဝတရားကြီးနှင့် တသားတည်း ဖြစ်နေ၏။
“ ဒီညတော့ ကောင်းကောင်းအနားယူဖို့ နေရာတစ်ခု ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ”
စုရီ သက်ပြင်းချလိုက်သည်။ ထိုစဉ် မြားတစ်စင်းသည် ကောင်းကင်ကိုထိုးဖောက်ပြီး လျှင်မြန်သောအဟုန်ဖြင့် သူ့ထံပျံသန်းလာ၏။
“ ကလန် ... ။ ”
သို့သော် ဓားတစ်လက် ရုတ်တရက် ပေါ်လာပြီး ထိုမြားကိုပယ်ဖျက်လိုက်တော့၏။ အကျိုးဆက်အနေဖြင့် မြားနောက်ကွယ်မှ လိုက်ပါလာသော အဟုန်သည် စုရီကို တုန်ခါသွားစေသည်။
သွေးနှင့်ချီ လောင်ကျွမ်းလျက် လေထဲလှမ်းတက်လိုက်ကာ အရက်မျက်နှာခွဲပြီး ပြေးဝင်လာနေသော ပုံရိပ်သုံးရိပ်ကို ချက်ချင်း တုန့်ပြန်တိုက်ခိုက်လိုက်၏။
ဤသည်မှာ သားရဲအရေခွံဝတ်ရုံများ ဝတ်ဆင်ထားသော ဧရာမလူထွားကြီးတစ်ဦးနှင့် လှံကိုင်အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။
အမျိုးသမီးသည် ဦးခေါင်းအထက် လေဟာနယ်ထဲတွင် မိုးကြိုးတာအိုတံဆိပ်တစ်ခု ပျံဝဲနေတော့၏။ ကျန်တစ်ယောက်သည် ပိန်ပိန် ပါးပါးနှင့် အနက်ဝတ် လူတစ်ယောက်ပေပင်။
“ ဗလာနယ်ပယ်အင်မော်တယ် သုံးယောက်နဲ့ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ မြားသမားတစ်ယောက် မဆိုးပါဘူး။ ”
စုရီက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ့မျက်လုံးများထဲ ဆူပွက်နေသော တိုက်ပွဲဝင် ဆန္ဒတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။
သေမျိုးနယ်ပယ်ဓားမှာ ကျယ်လောင်စွာ မြည်ဟည်းထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ထက်ရှမှုအရှိန်အဝါတစ်ခုကို ထုတ်လွှတ်ပေးလိုက်၏။
စုရီတစ်ယောက် လှုပ်ရှားမှုကို စတင်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ဓားအလင်းများ ပြည့်နှက်သွားလေသည်။
အလွန်အမင်းလွှမ်းမိုးပြီး ထက်ရှချေ၏။ တောင်နှင့်မြစ်များမှာ ထိုရောင်ဝါကြောင့် ပြိုကျ ကုန်လေသည်။
“ ကလန် ... ။ ”
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
ဗလာနယ်ပယ် အင်မော်တယ် သုံးပါး၏ တိုက်ခိုက်မှု ကျရောက်လာသောအခါ စုရီသည် ပိတ်ဆို့ထားလိုက်ပြီဖြစ်၏။
“ ဟမ့် ... ဒါက အင်မော်တယ်မြေကို ဒီနေ့မှတက်လာတဲ့ သေမျိုးတစ်ယောက်ဆိုတာ တကယ်ပဲလား။ ”
သားရဲအရေခွံဝတ် လူထွားကြီးက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်တော့သည်။ အနက်ရောင်ဝတ်အမျိုးသားမှ အေးစက်စွာ ပြုံးပြလျက် စကားမဆိုခဲ့ချေ။
“ ဒီကောင်လေးက ထူးထူးခြားခြား မဟုတ်ရင် ငါတို့ကိုယ်တိုင် ဘာလို့ ထွက်လာ ရမှာလဲ။ ”
အဝါရောင်ဝတ် အမျိုးသမီးက ဂရုမစိုက်ဘဲအေးစက်စက် နှာခေါင်းရှုံလိုက်၏။ စကားပြောနေစဉ်မှာပင် သုံးယောက်သား များပြားလှသော စွမ်းအားများ ထုတ်လွှတ်ပြီး ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
“ ရွှီး ... ။ ”
တစ်ချိန်တည်းမှာပင် စူးရှသော လေခွင်းသံနှင့်အတူ ကြောက်စရာကောင်းသည့် မြားများသည်လည်း အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်လာ၏။
အခြားလူတစ်ယောက်အတွက်မူ အန္တရာယ်ရှိသော အခြေအနေပေပင်။ တာအို ပေါင်းစည်းခြင်းအဆင့်ဖြင့် ဗလာနယ်ပယ် အင်မော်တယ်တစ်စု၏ လုပ်ကြံမှုကို ခံနေရခြင်းဖြစ်သည်။
ကျင့်ကြံမှုကွာခြားချက်သည် အလွန်ကြီးမားသည်။ တစ်ဦးချင်းခွန်အားဖြင့်ပင် လုံလောက်ပေသည်။ ယခုသုံးယောက်ပူးပေါင်း လိုက်သည့်နောက်တွင်မူ ဆိုဖွယ်မရှိချေ။
အထူးသဖြင့် အမှောင်ထဲမှ ပစ်ခတ်နေသောမြားသည် ကြောက်စရာ အကောင်းဆုံးပေပင်။
“ ဝုန်း ... ။ ”
သို့သော် တစ်ဖက်တွင် စုရီသည် အခြားသူတစ်ဦးမဟုတ်ချေ။ သူ့အထွတ်အထိပ် ခွန်အားကို ထုတ်ဖော်ကာ တုန့်ပြန်လိုက်သည်။
ကျင့်ကြံမှုအရ ကောင်းကင်ဘုံ နယ်ပယ်၌သာ ရှိနေသော်လည်း သူ့တိုက်ပွဲဝင် စွမ်းအားများမှာ အမည်ခံအင်မော်တယ်ထက် သာလွန်ချေပြီ။
“ သွား ... ။ ”
နားကွဲမတတ် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး သေမျိုးနယ်ပယ်ဓားသည် သူ့လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ဖြတ်တောက်သွားသည်။
သားရဲအရေခွံဝတ်ထားသော လူထွားကြီးခမျာ လက်ထဲရှိလှံရှည်ကျိုးသွားကာ အံ့အားသင့်နေသော အသွင်ဖြင့် ခံစားချက်များ ချက်ချင်းပေါ့ပါးသွားလေသည်။
တစ်ဆက်တည်းမှာပင် သွေးစွန်းနေသော ဦးခေါင်းတစ်လုံး လေထဲလွင့်စင်ကာ ခန္ဓာကိုယ် အပိုင်းပိုင်းကွဲသွားတော့သည်။
ထိုရလာဒ်ကြောင့် အမျိုးသမီးနှင့် အနက်ဝတ်လူမှာ မျက်နှာအမူအရာပြောင်းလဲ ကုန်ချေပြီ။ သူတို့ ရပ်တန့်လိုသော်လည်း နောက်ကျနေပြီဖြစ်သည်။
“ သူ့ကို သတ် ... ။ ”
“ ဟမ့် ... ။ ”
“ ကလန် ... ကလန် ... ။ ”
နှစ်ယောက်သား ဝှက်ဖဲများကို ထုတ်ဖော်လျက် ကြိုတင်ကာကွယ်မှုများစွာဖြင့် အစွမ်းကုန်လုပ်ဆောင်လိုက်၏။ သို့သော် အရာအားလုံး အချည်းနှီးပေပင်။
လက်ဖျစ်သုံးတွတ်ကြာချိန်ပြီးနောက် စုရီ၏ခန္ဓာကိုယ်သည် မိုးကြိုးပစ်လိုက်သကဲ့သို့ ရွေးလျားသွားကာ အမျိုးသမီးရင်ဘတ်ထဲ ဓားနှင့်ထိုးဖောက်ချလိုက်သည်။
“ စွက် ... ။ ”
“ မင်း ... ။ ”
အမျိုးသမီးခမျာ သွေးများ စီးကျလျက် စကားပြောရန်ပြင်ခဲ့သော်လည်း အခွင့်အရေး မရှိတော့ချေ။ သူမခန္ဓာကိုယ်သည် သွေးမြူ အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
“ ဝှစ် ... ။ ”
ကျန်ရှိနေသော အနက်ဝတ် လူက ကြောက်လန့်တကြား ချက်ချင်းလှည့်ပြေးသည်။ တိမ်မီးခိုးလွတ်မြောက် အဆောင်ဖြစ်ချေ၏။
ဤမတိုင်မီ စုရီသည် စာပေသမားကို ဖမ်းဆီးခဲ့သောမြင်ကွင်းမျိုး သူ မမြင်ခဲ့ရချေ။ မဟုတ်သော် ထိုသို့လုပ်ဆောင်ရန် ရွေးချယ်မည် မဟုတ်ကြောင်း သေချာသည်။
“ သေလိုက်တော့ ... ။ ”
ရုတ်တရက် စုရီပုံသဏ္ဌာန်သည် သူ့လမ်း၌ပေါ်လာပြီး ဓားဖြင့် ဒေါသတကြီး ခုတ်ပိုင်းချလာ၏။
“ မလုပ်နဲ့ ... ။ ”
အနက်ဝတ်လူခမျာ ထိတ်လန့်တကြားဖြင့် ကာကွယ်ရေးရတနာများကို အသက်သွင်းလိုက် တော့သည်။
“ ဝုန်း ... ။ ”
“ ဘောင်း ဘောင်း ဘောင်း။ ”
သို့သော် မအောင်မြင်ချေ။ ပေါက်ကွဲမှုများ ဆက်တိုက်ပေါ်လာကာ ထက်ခြမ်းကွဲသွားခဲ့၏။ ထိုမြင်ကွင်းကြောင့် အမှောင်ထဲမှ ဒေါသတကြီး ကျိန်ဆဲသံထွက်ပေါ်လာသည်။
“ ဝှစ် ... ။ ”
စုရီတစ်ယောက် ချက်ချင်းပင် တည်နေရာရွေ့ပြောင်းလျက် ထိုအရပ်သို့ ရောက်ရှိသွားလေသည်။ သို့သော် သူ ရောက်ရှိ သွားချိန်တွင် မည်သူမျှ ရှိမနေတော့ချေ။
စုရီက ပြန်လည် လှည့်ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်ချီများမှာ ပြန်လည်ငြိမ်သက်သွားတော့၏။
ထိုအင်မော်တယ်ချီများကို အင်မော်တယ်ပလက်ဖောင်းမှ စုပ်ယူလျက် သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
တိမ်ပေါ်ပျံသန်းခြင်း အဆင့် ရောက်ရှိမှသာလျှင် အသုံးပြုရန် စိတ်ကူးခဲ့၏။ သို့သော် ယခုအခါတွင် ထိုအချင်းအရာများကို တွက်ဆနေ၍ မရတော့ချေ။
***