ဒုတိယဆရာသခင်၊ နတ်ဆိုးသူတော်စင် မွေးဖွားလာခြင်း
Vol. 7 Ch. 104
အခန်း (၁၀၄) ဒုတိယဆရာသခင်၊ နတ်ဆိုးသူတော်စင် မွေးဖွားလာခြင်း
“အဖေ... မဟုတ်ဘူး... ရှင်က ကျွန်မရဲ့ဆရာသခင်ပဲ...” မိုးမြေမြက်ပင်ဟာ တအံတဩ ဖြစ်သွားပြီးနောက် နက်နက်နဲနဲ တွေးတောလိုက်ပါတယ်။
“ကျွန်မမှတ်ဉာဏ်ထဲမှာ ဆရာသခင်တစ်ယောက်ရှိတယ်၊ ကျွန်မ နတ်ဆိုးစားတာခံရတော့ သူထွက်သွားတယ်၊ ကျွန်မ မသေခင်မှာ အမှုန့်အမွှားအဖြစ် ပြောင်းလဲပြီး လောကအနှံ့ ဖြန့်ကျက်လိုက်တယ်”
“ရှင်က ကျွန်မရဲ့ ဒုတိယဆရာသခင်ပဲ... ရှင်က ကျွန်မကို ထပ်ပြီးစွန့်ပစ်အုန်းမှာလား”
ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ မိုးမြေမြက်ပင်ရဲ့ ပထမဆရာသခင်က အမတနတ်ဘုရားမှန်း တန်းသိလိုက်ပါတယ်။ အမတနတ်ဘုရားက သာမန်မြက်ပင်တစ်ပင်ကို ဘယ်လိုလုပ်ပြီး ဂရုစိုက်မှာလဲ။
ဟန်ကျွယ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “မစွန့်ပစ်ပါဘူး၊ အခုအချိန်ကစပြီး ငါ ဘယ်သွားသွား မင်းကို ခေါ်သွားမယ်”
“ဆရာသခင်က ကျွန်မအပေါ်မှာ အရမ်းကောင်းတာပါ” မိုးမြေမြက်ပင်က ကျေးဇူးတင်စွာ ပြောလိုက်ပါတယ်။
[မိုးမြေမြက်ပင်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
မိုးမြေမြက်ပင်ရဲ့ အသံနဲ့ သူ့ရှေ့မှာထွက်ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ ချိုချောင်ဆိုတဲ့ နာမည်က မိုးမြေမြက်ပင်နဲ့ မသင့်လျော်ဘူးလို့ ခံစားလိုက်ရပါတယ်။
‘ထားလိုက်ပါတော့၊ သူ ကြီးပြင်းလာမှာ သူ့နာမည်ကို သူ့ဘာသာ ရွေးခိုင်းလိုက်မယ်’
ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်နဲ့ စကားခဏပြောပြီးမှ ဆက်လက်အားထုတ်ပါတယ်။
…
တောင်ထိပ်တစ်ခုမှာ ကျိုးဖန်၊ မော့ဖူချိုနဲ့ ရွှမ်ရှီရှီဟာ ချောက်ကမ်းပါးစွန်းမှာ မတ်တတ်ရပ်နေကြပါတယ်။ သူတို့သုံးဦးရဲ့ အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင် လွင်ပြင်ပေါ်မှာ တွားသွားနေတဲ့ နတ်ဆိုးအများကြီးကို တွေ့မြင်နိုင်ပါတယ်။ နတ်ဆိုးတွေဟာ မရေမတွက်နိုင်အောင် များပြားလှပြီး အကြီးဆုံးကောင်က တောင်တစ်တောင်နီးပါး ရှိပါတယ်။ ဒီမြင်ကွင်းက တကယ့်ကို နှလုံးရပ်သွားစေလောက်တဲ့ မြင်ကွင်းပါ။
ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နတ်ဆိုးစစ်သားတွေက ဘာလို့ဒီလာက်မြန်မြန် ကြီးထွားလာရတာလဲ”
မော့ဖူချိုလည်း တစ်ကိုယ်လုံး ထုံကျဉ်တက်သွားပါတယ်။
သူတို့သုံးဦး ရန်ဒေသကနေ ထွက်လာပြီးနောက်မှာ ဘယ်သွားသွား ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နတ်ဆိုးစစ်သားတွေကိုချည်း တွေ့နေရပါတယ်။ လောကမှာရှိတဲ့ နတ်ဆိုးတွေအကုန်လုံးက ကြီးမြတ်တဲ့စပါးအုံးစိမ်းဆီမှာ အညံခံလိုက်သလိုပါပဲ။
“အရင်တုန်းက နတ်ဆိုးတွေကို လူသားတွေက ဖိနှိပ်ခဲ့တယ်၊ နတ်ဆိုးဘုရင်တွေတောင် လူသားနယ်မြေကို မကျူးကျော်ရဲဘူး၊ နတ်ဆိုးတွေက လူသားစားလို့ ရက်စက်တယ်ဆိုပြီး ပြောလို့မရဘူး၊ ကျင့်ကြံသူတွေထဲမှာလည်း နတ်ဆိုးထက် ပိုရက်စက်တဲ့ လူတွေအများကြီးရှိတယ်၊ ကြီးမြတ်တဲ့စပါးအုံးစိမ်း ပေါ်လာတာက နတ်ဆိုးတွေကို မျှော်လင့်ချက်ပေးခဲ့တယ်၊ ဒီတော့ နတ်ဆိုးတွေက ကြီးမြတ်တဲ့စပါးအုံးစိမ်းမှာ ခိုလှုံကြလိမ့်မယ်” ရွှမ်ရှီရှီက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ်။
အဲဒီနောက် တစ်ခဏရပ်ပြီး ဆက်ပြောပါတယ် “အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်တာနဲ့ အထက်ဘုံကို တက်နိုင်တယ်၊ ဒါကြောင့် ဒီလောကမှာ အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူတွေ သိပ်မရှိတာ၊ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေဆို ပိုပြီးတော့တောင် နည်းသေးတယ်”
ကျိုးဖန်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်တာနဲ့ အထက်ဘုံကို တက်နိုင်တယ်ဆိုရင် ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံဝင်အဆင့်က ရှိနေရသေးတာလဲ”
မော့ဖူချိုလည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။
“ကျင့်ကြံသူအများစုနဲ့ နတ်ဆိုးအများစုက ဟင်းလင်းပြင်ပေါင်းစပ်အဆင့် ရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရတယ်၊ ကံကောင်းမှပဲ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်တယ်၊ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ချင်ရင်တော့ အခွင့်အရေး လိုအပ်တယ်၊ ပြီးရင် သူတို့အတွက် ရှေ့ဆက်တက်ဖို့ မလွယ်တော့ဘူး၊ ဒါကြောင့် အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူအများစုက အထက်ဘုံကိုတက်ဖို့ ရွေးချယ်ကြတာ၊ ဒါပေမဲ့ ဒီလောကမှာ အရမ်းကံကောင်းပြီး အရမ်းထူးချွန်တဲ့ လူတစ်ချို့လည်း ရှိသေးတယ်၊ သူတို့က အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်တာတောင် ဒီသေမျိုးလောကမှ ဆက်အားထုတ်လို့ရသေးတယ်”
“ငါ့မှ နတ်ဆိုးသခင် အစ်မတစ်ယောက်ရှိတယ်၊ သူက ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပြီ၊ ဒါပေမဲ့ သူ့ကျင့်ကြံမှုက ဆက်တိုးတက်နေသေးတယ်၊ အဲဒါကြောင့် သူက အထက်ဘုံကို ခုထိ မတက်သေးဘူး” ရွှမ်ရှီရှီက ရှင်းပြလိုက်ပါတယ်။
ရွှမ်ရှီရှီဟာ သူ့အစ်မက အရမ်းပဲ မနာလိုပါတယ်။ ရွှမ်ရှီရှီရဲ့ ကျင့်ကြံမှုက ရှေ့ဆက်တက်ဖို့ တော်တော်လေး ခက်ခဲနေပါတယ်။ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လှမ်းရမှာဆိုပေမဲ့ ဒီခြေတစ်လှမ်းက မိုးကောင်းကင်နဲ့ မြေကြီးလို ဝေးကွာလွန်းလှပါတယ်။
ရွှမ်ရှီရှီဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်းသာ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ထိုးဖောက်နိုင်မယ်ဆိုရင် နတ်ဆိုးတွေကြားထဲမှာ နံပါတစ်နတ်ဆိုးဘုရင်လို့ ပြောလို့ရတယ်၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းဆိုတဲ့အတိုင်း ဒီနတ်ဆိုးက ရည်မှန်းချက် အရမ်းကြီးတယ်၊ ကြည့်ရတာ ဒေသဆယ်ခုနဲ့ ကိုးပြည်ထောင်က လူသားတွေက ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရတော့မှာပဲ”
ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါဆိုရင် ပင်လယ်ရပ်ခြားကို သွားရအောင်” ကျိုးဖန်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းနဲ့ ထပ်ပြီးတော့ မရင်ဆိုင်ချင်တော့ပါဘူး။ အရင်တစ်ခေါက်တုန်းက ကျိုးဖန်ရဲ့ ထုန်ချိရုပ်ခန္ဓာဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ အမြီးရိုက်ချက်တစ်ချက်ကိုတောင် မခုခံနိုင်ခဲ့ပါဘူး။
“ဟုတ်တယ်၊ ပင်လယ်ရပ်ခြားက နေရာကောင်းပဲ၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းက ပင်လယ်ရပ်ခြားထိတော့ ပြဿနာလိုက်ရှာရဲမှာ မဟုတ်ဘူး” ရွှမ်ရှီရှီဟာ ခေါင်းညိတ်လိုက်ပါတယ်။
မော့ဖူချိုက စိုးရိမ်စွာ မေးလိုက်ပါတယ် “ယွီဂျင်ဂိုဏ်း အဆင်ပြေပါ့မလား”
ကျိုးဖန်ဟာ ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “ငါတို့တွေ ဂိုဏ်းချုပ်ကို ကြီးမြတ်တဲ့စပါးအုံးစိမ်းအကြောင်း ပြောပြခဲ့ပြီးပြီပဲ၊ ငါတို့တွေ တက်နိုင်သလောက် လုပ်ပေးခဲ့ပြီးပြီပဲ” ကျိုးဖန်ဟာ ယွီဂျင်ဂိုဏ်းအပေါ် ခံစားချက်ရှိပေမဲ့ သူ့အသက်ထက်တော့ ပိုပြီး တန်ဖိုးမထားနိုင်ပါဘူး။
ကျိုးဖန်တို့ သုံးဦးဟာ နတ်ဆိုးတွေက တစ်ခဏဆက်ကြည့်ပြီးမှ ထွက်ခွာသွားပါတယ်။
ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နတ်ဆိုးအင်အားတွေဟာ ကောင်းကင်ကို လက်ကြီးတစ်ဖက်နဲ့ ဖုံးအုပ်ထားသလိုပါပဲ။ ဒေသအသီးသီးက ကျင့်ကြံသူတွေ အကုန်လုံးဟာ ကျီးလန့်စာစား ဖြစ်နေကြပါတယ်။
…
ခုနစ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ခုနစ်ရက်ကြာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာ မိုးမြေမြက်ပင်ကို ကြည့်လိုက်ပါတယ်။
မိုးမြေမြက်ပင်ဟာ သိပ်ပြီးမကြီးထွားလာပေမဲ့ စိတ်ဝိညာဉ်ချီကို စပြီးထုတ်လွှတ်နေပါပြီ။ ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ကျင့်စဉ် သင်ပေးရင်ကောင်းမလား ဒီအတိုင်းထားလိုက်ရင် ကောင်းမလား ဝေခွဲမရ ဖြစ်သွားပါတယ်။
‘သင်ပေးသင့်တယ်၊ သူ့မှာ အမတဖြစ်လာနိုင်တဲ့ အရည်အချင်းရှိမှတော့ နောက်ကျရင် ငါ့အတွက် အကူအညီတစ်ခု ဖြစ်လာနိုင်တယ်’
ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ထိတွေ့လိုက်ပါတယ်။ တကယ်က လမ်းခြောက်သွယ် အမှတ်အသားကို မိုးမြေမြက်ပင်မှာ ခတ်နှိပ်လိုက်တာပါ။ မိုးမြေမြက်ပင်က အနာဂတ်မှာ သစ္စာမဖောက်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါ့အပြင် မိုးမြေမြက်ပင် အရင်တုန်းကတွေ့ခဲ့တဲ့ အမတနတ်ဘုရားကလည်း မိုးမြေမြက်ပင်ကို တစ်ခုခု မလုပ်ခဲ့ဖူးလို့ မပြောနိုင်ပါဘူး။
ဟန်ကျွယ်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ယွီဂျင်ဂိုဏ်း ကျောက်စိမ်းကျင့်စဉ်အပါအဝင် တခြားကျင့်စဉ်တွေ အများကြီးရှိပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ကျောက်စိမ်းကျင့်စဉ်ပဲ သင်ပေးဖို့ ရွေးချယ်လိုက်ပါတယ်။
မိုးမြေမြက်ပင်ဟာ သူ့မှတ်ဉာဏ်တွေကို ပြန်မှတ်မိပြီး လူသားတစ်ယောက်လို စကားပြောဆိုနိုင်တာကြောင့် စိတ်ဝိညာဉ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် မိုးမြေမြက်ပင်အတွက် ကျောက်စိမ်းကျင့်စဉ်ကို သင်ယူဖို့ဆိုတာ သိပ်ပြီးမခက်ခဲပါဘူး။
ဒီကျောက်စိမ်းကျင့်စဉ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ အန္တိမကျင့်စဉ် ဖြစ်ပါတယ်။ တာအိုသခင်ကျိုးတိဟာ ဒီကျင့်စဉ်ကို ပြုပြင်ဖြည့်စွက်ထားတာကြောင့် ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်နေပါပြီ။
မိုးမြေမြက်ပင်ဟာ အလွန်တရာ ပျော်ရွှင်သွားတာကြောင့် သူ့အရွက်တွေကို ဝမ်းသာအားရ လှုပ်ယမ်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ပညာသင်ပေးပြီးနောက်မှာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ပဋိပက္ခကောင်းကင်ခွေး၊ ရန်ထျန်တုန်း၊ ကျိုးဖန်၊ မော့ဖူချိုနဲ့ တစ်ခြားသူတွေဟာ နတ်ဆိုးတွေ တိုက်ခိုက်တာကို ခံရတုန်းပါပဲ။ တာအိုသခင်ကျိုးတိ၊ ဟွမ်ဂျိဟောင်၊ ဟွမ်ဇွမ်တျန်နဲ့ ရှန့်ကွမ်းချိုးကျန့်တောင် နတ်ဆိုးတွေ တိုက်ခိုက်တာ ခံရပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တွေကနေ နတ်ဆိုးတွေရဲ့စွမ်းအားကို ခံစားမိလိုက်ပါတယ်။ နတ်ဆိုးတွေက သူတို့နဲ့နီးတဲ့ လူသားဒေသတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကြည့်ရတာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ဩဇာအာဏာက ဟန်ကျွယ် ထင်ထားတာထက် ပိုပြီးတော့ ကြီးမားနေပါတယ်။
‘ဒီကောင်က အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်သွားပြီလား’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပြီးနောက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ အားသွန်ခွန်စိုက် ကျိန်စာတိုက်ပါတော့တယ်။
…
ရေကန်ကျယ်ကြီးရဲ့အပေါ်မှာ နက်မှောင်လွန်းတဲ့ တိမ်တိုက်တွေနဲ့ အဆက်မပြတ်လက်နေတဲ့ လျှပ်စီးတွေကို မြင်နိုင်ပါတယ်။ မိုးခြိမ်းသံတွေဟာလည်း ကမ္ဘာပျက်တော့မဲ့အတိုင်း ဆူညံနေပါတယ်။
ပေထောင်ချီရှည်လျားတဲ့ စပါးအုံးစိမ်းတစ်ကောင်ဟာ လျှပ်စီးမုန်တိုင်းကြားမှာ အရူးအမူး လှုပ်ခါနေပါတယ်။ စပါးအုံးစိမ်းရဲ့ လှုပ်ရှားမှုကြောင့် လေပြင်းထန်လာပြီး လှိုင်းလုံးတွေ ကြီးလာပါတယ်။ မရေမတွက်နိုင်တဲ့ မိုးကြိုးတွေဟာ စပါးအုံးစိမ်းပေါ် ကျရောက်ပေမဲ့ စပါးအုံးစိမ်းဟာ ဘာမှမဖြစ်ပါဘူး။ ကြေးခွံတစ်ချပ်တောင် ပြုတ်မကျသွားပါဘူး။
ဒီစပါးအုံးစိမ်းကတော့ ကြီးမြတ်တဲ့စပါးအုံးစိမ်းပဲ ဖြစ်ပါတယ်။
ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ကောင်းကင်စမ်းသပ်မှုကို ကျော်ဖြတ်နေတာ ဖြစ်ပါတယ်။
အဖြူရောင်လျှပ်စီးတွေဟာ ခရမ်းနုရောင် ပြောင်းသွားပါတယ်။
ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ လျှပ်စီးအရောင်ပြောင်းလဲသွားကို ကြည့်ပြီး ကျိန်ဆဲလိုက်ပါတယ် “ကောင်းကင်စပ်းသပ်မှုတောင် အဆင့်တက်သွားတယ်၊ မုန်းဖို့ကောင်းလိုက်တဲ့ ကျိန်စာ”
ဒီကောင်းကင်စမ်းသပ်မှုက တစ်လနီးပါး ကြာခဲ့ပါပြီ။ လွန်ခဲ့ရက်အနည်းငယ်က ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာစွမ်းအားကို ထပ်မံခံစားလိုက်ရပြီး ပိုပိုအားကောင်းလာတာကို သတိပြုမိလိုက်ပါတယ်။
အခုဆိုရင်တော့ ကျိန်စာစွမ်းအားကြောင့် ကောင်းကင်စမ်းသပ်မှုဟာ အဆင့်တက်သွားပြီး ပိုပြီးတော့ အားကောင်းလာတာကြောင့် စပါးအုံးစိမ်းဟာ အလွန်အမင်း ဒေါသထွက်သွားပါတယ်။
‘ကြွက်စုတ်... ဒီလိုဖြစ်အောင် ဘယ်သူလုပ်နေတာလဲ’
ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ သူ့ကို ကျိန်စာတိုက်တဲ့လူကို အရိုးထဲ အသည်းထဲအထိ မုန်းတီးနေပါတယ် ‘ဒီကောင်က ငါ့ကို နောက်ကွယ်မှာ ကျိန်စာတိုက်ရဲတယ်၊ သတိရှိရင် မျက်နှာချင်းဆိုင် လာတိုက်ပါလား၊ သူရဲဘောကြောင်တဲ့ကောင်’
ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဘယ်လောက်ဒေါသထွက်ထွက် ကောင်းကင်စမ်းသပ်မှုကို ဆက်ပြီး ကျော်ဖြတ်ရပါတယ်။
ရွှေရောင်သစ်သားတုတ်ချောင်းဟာ ပျံထွက်သွားပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ခေါင်းပေါ်မှာ ရပ်တန့်သွားပါတယ်။ ရွှေရောင်သစ်သားတုတ်ဟာ လျှပ်စီးတွေကို စုပ်ယူပြီး စပါးအုံးစိမ်း ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်တဲ့နေရာမှာ ကူညီပေးပါတယ်။
ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ရေရွတ်လိုက်ပါတယ် “နောက်ဆုံးတော့လည်း ငါ ဒီရတနာကို အသုံးပြုရတာပါပဲလား...”
ကောင်းကင်စမ်းသပ်မှုကို ရွှေရောင်တုတ်က ခုခံနေတဲ့အတွက် ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ လူသားအသွင် ပြောင်းလဲလိုက်ပြီး ကျိန်စာရင်းမြစ်ကို တွက်ချက်ပါတယ်။ ဒါပေမဲ့ စပါးအုံးစိမ်း ဘယ်လောက်ပဲ တွက်ချက်ပါစေ တစ်ခြားသူကို ဘယ်လိုမှ ရှာမတွေ့နိုင်ပါဘူး။
ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဒီအဖြစ်ကြောင့် ယမ်းပုံမီးကျဖြစ်သွားပြီး တစ်ခြားသူကို ရှာတွေ့ရင် အရေခွံဆုတ်ပြီး အမှုန့်ကြိတ်ပစ်မယ်လို့ ကျိန်ဆိုလိုက်ပါတယ်။
ဒီလိုနဲ့ အချိန်ကုန်ဆုံးသွားပြီး တစ်လကြာသွားပါတယ်။
ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ကောင်းကင်စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အတိဒုက္ခဖြတ်ကျော်အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးရောင်ဝါဟာ တောတောင်ရေမြေတွေကို လှုပ်ခါသွားစေပါတယ်။
“အခုအချိန်ကစပြီး ငါက စစ်မှန်တဲ့ နတ်ဆိုးသူတော်စင်ပဲ” ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ တဟားဟား ရယ်မောလိုက်ပါတယ်။ နတ်ဆိုးရောင်ဝါဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ပတ်လည်မှာ အနက်ရောင်နဂါးတွေ ရစ်ပတ်နေသလို ဝန်းရံထားတာကြောင့် အလွန်အမင်း အထက်စီးဆန်လွန်းပါတယ်။
ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ မျက်လုံးတွေဟာ အေးစက်သွားပြီး အဝေးတစ်နေရာကိုကြည့်ကာ ရေရွတ်လိုက်ပါတယ် “သားမိုက်... ဒီနတ်ဆိုးသူတော်စင်က မင်းကို ကျိန်းသေပေါက် သတ်ပစ်မယ်၊ မင်းကို ဒီလောကမှာရှိတဲ့ အရက်စက်ဆုံး အနာကျင်ဆုံးနည်းနဲ့ နှိပ်စက်ပြီး ဘယ်တော့မှ ပြန်မဖွားနိုင်အောင် လုပ်ပစ်မယ်”
ကြီးမြတ်တဲ့စပါးအုံးစိမ်းက သူ့မွေးစားသား ရန်ထျန်တုန်းကို ရည်ရွယ်ပြီး ပြောနေတာ ဖြစ်ပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။