အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
📝အပိုင်း - ၄၃ တုံရှန်းနှင့် တွေ့ဆုံခြင်း
ဘာသာပြန် - Na Gar🐉
ဤကဲ့သို့သော ချမ်းသာကြွယ်ဝမှု့ကြီးကို ပိုင်ဆိုင်ထားရသဖြင့် လုလီ၏ စိတ်ခံစားချက်က ရှားရှားပါးပါး အနည်းငယ် ပေါ့ပါးသွားခဲ့သည်။
ပုံမှန်အားဖြင့် အမြဲတမ်း ခြိုးခြံချွေတာလေ့ရှိပြီး ခရီးသွားလျှင်ပင် ခြေကျင်သာ လျှောက်လေ့ရှိသည်။ သို့သော် ယနေ့တွင်မူ သူသည် ဝိညာဥ်ဆေးဥယာဥ်၏ ကြိုးကြာငှက်ငှားရမ်းသည့် နေရာတွင် ရပ်ရင်း ကောင်းကင်ယံထက်၌ ပျံသန်းနေကြသော ကြိုးကြာငှက်များကို မော့ကြည့်ကာ အမှတ်မထင် ပြုံးလိုက်မိသည်။
သူက ဝိညာဥ်ဆန် ပိသာဝက်ကို ထုတ်ယူကာ စင်မြင့်ရှေ့တွင် အမွှေးအတောင် ဖြူစင်သော ကြိုးကြာငှက်တစ်ကောင်ကို ငှားရမ်းလိုက်သည်။
ကြိုးကြာငှက်၏ တစ်ကိုယ်လုံးက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး အတောင်ပံနှစ်ဖက်ကို ခတ်လိုက်သည့်အခါ လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်သွားကာ ရွှေရောင်မျက်ဝန်းတစ်စုံထဲတွင် ဝိညာဥ်အရှိန်အဝါများ လှုပ်ခါနေခဲ့သည်။
လုလီက လင်းယုန်ငှက်၏ ကျောပေါ်သို့ အသာအယာ ခုန်တက်လိုက်ပြီး လက်တစ်ဖက်က ခြင်းတောင်းထဲရှိ ကိုယ်တိုင် သေချာရွေးချယ်ထားသော ဝိညာဥ်ဆန်အိတ်ကို ကိုင်ထားကာ အခြားလက်တစ်ဖက်ကမူ အင်္ကျီလက်စွန်းကို သပ်သင်ရင်း ဝေးလံသော တောင်စဉ်တောင်တန်းများ ဝိုင်းရံထားသည့် ကွေ့ယွမ်တောင်ထွတ်၏ အတွင်းတောင်ထွတ်ဆီသို့ မျက်လုံးဝှေ့ကြည့်လိုက်သည်။
သူ၏ ယခုခရီးစဥ်တွင် တကယ့်ကို အကြောင်းကိစ္စ သုံးခု ရှိနေသည်။
ပထမအချက်မှာ တုံရှန်း ထံသို့ ဝိညာဥ်ဆန် ပို့ပေးရန်။
ဒုတိယအချက်မှာ ကွေ့ယွမ်တောင်ထွတ်သို့ သွားရောက်ကာ မကြာမီ စတင်တော့မည့် အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲအတွက် အမည်စာရင်း တင်သွင်းရန်။
တတိယအချက်မှာ ပြိုင်ပွဲမစတင်မီ နောက်ဆုံးသော ပြင်ဆင်မှုများကို အပြည့်အဝ ပြုလုပ်ရန်။
ဝိညာဥ်လက်နက် နှင့် အဆောင်ကျောက်စိမ်းပြားများကို ရွေးချယ်ရန် ဖြစ်သည်။
လင်းယုန်ငှက်၏ အော်မြည်သံက စူးရှလှပြီး အတောင်ပံကို ဖြန့်ခတ်ကာ ဝုန်းခနဲ ကောင်းကင်ယံထက်သို့ ပျံသန်းသွားတော့သည်။
လုလီ၏ အင်္ကျီလက်စွန်းများက လေထဲတွင် လွင့်ပျံနေပြီး တောင်လေများကို တိုက်ခတ်ခွင့်ပြုထားသော်လည်း နှုတ်ခမ်းထောင့်တွင်မူ မသိမသာ ပြုံးယောင်သန်းနေခဲ့သည်။
ကွေ့ယွမ်တောင်ထွတ်၏ အဓိကတောင်ထွတ် နက်ရှိုင်းသော နေရာတွင် စိမ်းလန်းသော ကျောက်လမ်းလေး ရှိပြီး ဖြူစင်သော ကြိုးကြာငှက်များ တိုးတိုးလေး အော်မြည်နေကြသည်။
ခြံဝင်းထဲတွင် ဆီးနှင်းဝါးပင်များက အသာအယာ လှုပ်ခါနေပြီး ကျောက်စိမ်းလှေကားထစ်များက အေးစိမ့်နေခဲ့သည်။
တုံရှန်းသည် ကျောက်စိမ်းလှေကားထစ်တစ်ခုပေါ်တွင် ငြိမ်သက်စွာ ရပ်နေပြီး ဝိညာဥ်အမှတ်အသားပါသော ကျောက်စိမ်းပေလွှာတစ်အုပ်ကို လှန်လှောဖတ်ရှုနေကာ လက်ချောင်းထိပ်လေးများက အနည်းငယ် လှုပ်ရှားနေပြီး အချိန်တွက်ချက်နေသကဲ့သို့ ရှိသည်။
ယခုအခါ သူမသည် အသက် ၁၄ နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ခန္ဓာကိုယ်က စတင်ဖွံ့ဖြိုးလာပြီး ကျောက်စိမ်းကဲ့သို့ သွယ်လျလှပကာ အရေပြားက ဆီးနှင်းထက် ဖြူဖွေးနေသဖြင့် အလင်းရောင်အောက်တွင် မွေးဖွားလာသူနှင့် တူလှသည်။ မျက်ခုံးနှင့် မျက်ဝန်းကြားတွင် မိန်းကလေးငယ်တစ်ဦး၏ မကုန်စင်သေးသော အေးစိမ့်မှုအချို့ ရှိနေပြီး နှုတ်ခမ်းအရောင်က ဖျော့တော့ကာ မျက်နှာအမူအရာက တည်ငြိမ်လှသော်လည်း သူမထံတွင် မြင့်မားသော နေရာမှ လူသားတို့ မမှီနိုင်သော အရှိန်အဝါမျိုး အလိုအလျောက် ရှိနေသည်။
သူမ ငြိမ်သက်နေသည့်အခါ တောင်ထိပ်ထက်က ပထမဆုံး ဆီးနှင်းများကို ငေးကြည့်ရသကဲ့သို့လည်းကောင်း၊ ရေထဲကလမင်း မှန်ထဲကပန်းပွင့် ကဲ့သို့လည်းကောင်း ရှိနေသဖြင့် နီးကပ်ချင်သော်လည်း မမှီနိုင်ချေ။
ထိုအရိုးထဲက ထွက်ပေါ်လာသော မောက်မာမှုနှင့် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းမှာ မိုင်ပေါင်းသောင်းချီ မြင့်မားသော အေးစိမ့်လှသည့် ချောက်ကမ်းပါးထက်တွင် တစ်ကိုယ်တည်း ပွင့်လန်းနေသော ဆီးနှင်းကြာပန်းနှင့် တူလှသဖြင့် အသံမထွက်ဘဲ လှပနေသော်လည်း လူအများကို မလေးမစား စိတ်ကူးများ မယဥ်ရဲစေချေ။
ဂိုဏ်းထဲတွင် သူမ၏ စရိုက်က အေးစက်လွန်းလှသည်ဟု ပြောစမှတ်ပြုကြသော်လည်း ကွေ့ယွမ်တောင်ထွတ်အတွင်း၌မူ ဤမိန်းကလေးငယ်သည် ဂိုဏ်းထဲဝင်ကတည်းက မြေနတ်အရိုးပါရမီဖြင့် တူညီသောအသုတ် ကျင့်ကြံသူများကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့ပြီး တောင်ထွတ်သခင်၏ အချစ်ဆုံးကို ခံခဲ့ရသည်ကို မည်သူမျှ မသိဘဲ မနေချေ။ မကြာသေးမီက နှစ်များအတွင်း ချီစုဆောင်းခြင်းအဆင့် (၈) သို့မဟုတ် (၉) ရှိသော အတွင်းစည်းတပည့် အများအပြားက သူမ၏ မျက်နှာလေးကို တစ်ခါလောက် တွေ့မြင်ခွင့်ရရန် တောင်းဆိုခဲ့ကြသော်လည်း အားလုံး လက်ဗလာဖြင့်သာ ပြန်သွားခဲ့ကြရသည်။
သို့သော်လည်း ယခုအချိန်တွင်မူ သူမသည် စာအုပ်လှန်နေရင်း ခဏမျှ ရပ်တန့်သွားခဲ့သည်။
လက်ချောင်းထိပ်လေးက အနက်ရောင် စာလုံးတစ်ကြောင်းပေါ်တွင် ရပ်တန့်သွားပြီး သူမက အမူအရာမပျက်ဘဲ မျက်လုံးကို ပင့်ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။
စိတ်ထဲမှနေ၍ အချိန်ကို တိတ်တဆိတ် တွက်ချက်လိုက်မိသည်။
"သုံးလ ကုန်သွားပြီ... ဒီနေ့... သူ ဝိညာဥ်ဆန် လာပို့မယ့်နေ့ပဲ"
မျက်ဝန်းထဲတွင် မမြင်နိုင်လောက်သော မျှော်လင့်ချက် အရိပ်အယောင်လေးတစ်ခု ဖြတ်သန်းသွားသော်လည်း ခဏချင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့ကာ သူမက ခေါင်းကို ပြန်ငုံ့၍ စာမျက်နှာကို လှန်လိုက်ပြီး မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ရှိနေသဖြင့် ဘာမှမဖြစ်ခဲ့သလိုမျိုးပင်။
မျှော်လင့်ထားသည့်အတိုင်း နောက်တစ်ကိုယ်တွင် ခြံဝင်းအပြင်ဘက်မှ လှမ်း၍ အော်ခေါ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"စီနီယာအစ်မတုံ... လုလီ လာရောက်တွေ့ဆုံပါတယ်"
သူမသည် အင်္ကျီလက်ကို အသာအယာ သပ်သင်လိုက်ပြီး လေသံကမူ လှိုင်းလေမရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည် "သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"
တံခါးက ဂျိမ်းခနဲ အသံနှင့်အတူ ပွင့်သွားခဲ့သည်။
လုလီက ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လှောက်ဝင်လာခဲ့သည်။ သူ၏ ခြေလှမ်းများက တည်ငြိမ်လှပြီး ခန္ဓာကိုယ်ပေါ်တွင်မူ လယ်ကွင်းထဲက မြေကြီးနံ့များ ရနေဆဲ ဖြစ်သည်။ လေညင်းက သူ၏ အသာအယာ စည်းနှောင်ထားသော ဆံပင်အမည်းရောင်ကို တိုက်ခတ်သွားပြီး ခန့်ညားလှသော မျက်နှာက နေလောင်ထားသဖြင့် အနည်းငယ် ညိုမည်းနေသော်လည်း နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းဖြင့် သန့်စင်ထားသော တည်ငြိမ်မှုနှင့် ထက်မြက်မှုတို့ ထွက်ပေါ်နေသည်။
သူသည် ခြင်းတောင်းကို ကျောပိုးထားပြီး ထိုလုံးဝန်းပြည့်ဖြိုးလှသော ဝိညာဥ်ဆန်အိတ်ကို ကျွမ်းကျင်စွာ ချလိုက်ကာ ကျောက်စိမ်းလှေကားထစ်ဘေးတွင် စနစ်တကျ စီထားလိုက်သည်။
ဤအချိန်တွင် တိတ်ဆိတ်ခြင်းအကြား၌ ဝါးရိပ်များ အသာအယာ လှုပ်ခါနေပြီး လင်းယုန်ငှက်များ တိုးတိုးလေး အော်မြည်နေကြရုံသာ ရှိသည်။
တုံရှန်းက စကားမဆိုဘဲ သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့ပြီး မျက်ဝန်းများက ရေကဲ့သို့ ကြည်လင်နေသည်။
လုလီကမူ မျက်လုံးကို ပင့်ကြည့်လိုက်ရာ မျက်နှာအမူအရာက တည်ငြိမ်လှပြီး လက်သီးစုပ်၍ တိုးတိုးလေး ပြောလိုက်သည် "ဒီရာသီရဲ့ ဝိညာဥ်ဆန်ကို အကောင်းဆုံးတွေ ရွေးချယ်ထားတာမို့ စီနီယာအစ်မတုံရဲ့ မျက်စိထဲ ဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
လုလီက စကားပြောပြီးနောက် ပုံမှန်အတိုင်း ချက်ချင်း လှည့်ထွက်မသွားဘဲ မူလနေရာတွင် ငြိမ်သက်စွာ ရပ်နေရင်း သူမကို ရိုးသားစွာ စိုက်ကြည့်နေခဲ့သည်။
တုံရှန်းကမူ အမူအရာမပျက်ဘဲ မျက်တောင်ချလိုက်ပြီး လက်ထဲက ကျောက်စိမ်းပေလွှာကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။
သူမသည် စင်စစ်အားဖြင့် ဤလူငယ်လေးကို ဘယ်တုန်းကမှ သိပ်ပြီး နားမလည်ခဲ့ချေ။
ဂိုဏ်းထဲဝင်ကတည်းက သူသည် နာရီတစ်လုံးကဲ့သို့ အချိန်တိကျလှပြီး သုံးလတစ်ကြိမ် နေပူပူ မိုးရွာရွာ တစ်ခါမျှ မပြတ်ကွက်ဘဲ ဝိညာဥ်ဆန်များ လာပို့လေ့ရှိသည်။ ဘာတစ်ခုမှ မတောင်းဆိုဖူးသလို စကားလည်း အများကြီး မပြောဘဲ ပို့ပြီးသည်နှင့် ချက်ချင်း ထွက်သွားလေ့ရှိသည်။
ဂိုဏ်းတစ်ခုလုံးတွင် အဆင်းရဲဆုံးနှင့် အရှုပ်ထွေးဆုံးဖြစ်သော အပြင်စည်းတပည့် ဝိညာဥ်လယ်မြေထဲတွင် ရှိနေလင့်ကစား သူ ဘာတစ်ခုမှ လာရောက်တောင်းဆိုခြင်း မရှိခဲ့ချေ။
အကြိမ်အရေအတွက် များပြားလာသည်နှင့်အမျှ နှစ်နှစ်တာ ကာလအတွင်း တစ်ခါမျှ မပြတ်ကွက်ခဲ့သဖြင့် သူမ တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။
သူက တကယ်ပဲ... ဝိညာဥ်ဆန် လာပို့တာ သက်သက်ပဲလား။
ဝိညာဥ်ဆန် ပို့ရုံသက်သက်ပါပဲ။
သူ့ရဲ့ အကောင်းဆုံးအရာတွေကို မိမိဆီ ပေးအပ်နေတာ ဖြစ်သည်။
တစ်ခါတရံ သူမ၏ စိတ်ထဲတွင်ပင် သူနှင့် စကားအချို့ ပြောဆိုချင်သော စိတ်ကူးများ ဖြစ်ပေါ်လာတတ်သော်လည်း သူမက ပါးစပ်ဟပြီး စကားပြောရန် စဥ်းစားနေစဥ်မှာပင် ထိုလူငယ်လေးသည် လက်သီးစုပ်၍ နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သဖြင့် ပေါ့ပါးသော ကျောပြင်လေးကတဖြည်းဖြည်း ဝေးကွာသွားပြီး မြေသင်းရနံ့သာကျန်ရစ်စေခဲ့သည်။
သို့သော် ယနေ့တွင်မူ သူ မထွက်သွားသေးချေ။
ပြောမပြနိုင်သော ခံစားချက်တစ်ခုသည် သူမ၏ စိတ်ထဲတွင် လှိုင်းထသွားခဲ့သည်။
သူမက အမူအရာမပျက်ဘဲ မျက်ဝန်းထဲရှိ လှုပ်ခါမှုများကို ဖုံးကွယ်လိုက်ရင်း လေသံက အေးစက်နေဆဲ ဖြစ်သည်။
"ဂျူနီယာမောင်လေးမှာ ကိစ္စရှိလို့လား"
"စီနီယာအစ်မတုံက ယခုအကြိမ် ပြိုင်ပွဲမှာ ပါဝင်မယ်လို့ ကြားသိရပါတယ်" လုလီ၏ လေသံက တည်ငြိမ်လှသော်လည်း မျက်လုံးများထဲတွင်မူ မျက်ကွယ်ပြု၍ မရနိုင်သော တည်ကြည်မှုများ ပါဝင်နေသည်။
"ကျွန်တော်လည်း ပါဝင်ချင်ပါတယ်၊ စီနီယာအစ်မအတွက် အင်အားတစ်ခု ဖြစ်စေနိုင်မလားလို့ပါ"
တုံရှန်း ခဏမျှ ကြောင်သွားခဲ့ပြီး ပါးစပ်ဟ၍ စကားမပြောနိုင်သေးခင်မှာပင် လုလီ၏ ဦးနှောက်ထဲ၌ ချိုးယွဲ့ ၏ စကားသံက အေးစက်စက်ဖြင့် ထွက်ပေါ်လာတော့သည် ။
"အို... လာပြန်ပြီ... နင်ကတော့ တကယ့် သရုပ်ဆောင်ကောင်းပဲ... နင့်လို သိက္ခာမရှိဘဲ ဖားတတ်တဲ့ ခွေးသူတောင်းစားကတော့ စပြန်ပြီ..."
လုလီ နှုတ်ဆိတ်နေခဲ့ပြီး ထိုစကားသံကို စိတ်အာရုံပြင်ပသို့ ဖယ်ထုတ်လိုက်ကာ မိန်းကလေးငယ်ကိုသာ အာရုံစိုက်၍ စိုက်ကြည့်နေခဲ့သည်။ မျက်လုံးများက ရိုးသားလှပြီး နောက်ပြောင်ခြင်း အနည်းငယ်မျှမရှိသလို သိမ်ငယ်ခြင်းလည်း အနည်းငယ်မျှ မရှိချေ။
ဒါဟာ အလွန်ပင် တွေ့ရခဲလှသော မျက်ဝန်းမျိုး ဖြစ်သည်။
ခေါင်းမာလှသလို နူးညံ့လှသည်၊ ချုပ်တည်းထားသလို မသိမသာအတွင်း ခေါင်းမာမှုအချို့ ပါဝင်နေသည်။
တုံရှန်း စိတ်လှုပ်ရှားသွားပြီး ခဏမျှ တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးတွင် နှုတ်ခမ်းလေး ဟကာ ပြောလိုက်သော်လည်း လေသံကမူ အနည်းငယ် မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည် ။
"လျှောက်လုပ်မနေနဲ့ နင်က သာမန် ဝါနတ်အရိုး ပါရမီပဲရှိတာကိုအတွင်းစည်းဝင်ခွင့်ပြိုင်ပွဲမှာ ဘယ်လိုလုပ် ပါဝင်နိုင်မှာလဲ။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲတာ မဟုတ်ဘူးလား။ အေးအေးဆေးဆေး နေရတာ ငြီးငွေ့လို့ သေကြောင်းကြံချင်နေတာလား"
လုလီက တိုးတိုးလေး ပြောလိုက်သည် "စီနီယာအစ်မ မသိတာ ရှိပါတယ်၊ ဒီနှစ်နှစ်အတွင်း ကျွန်တော်က နေ့ညမပြတ် ခါးသီးစွာ လေ့ကျင့်ခဲ့လို့ အနည်းငယ် အောင်မြင်မှု့ရနေပါပြီ၊ ကျင့်ကြံခြင်းက ချီစုဆောင်းခြင်းအဆင့် (၅) ကိုရောက်ရှိနေပြီဖြစ်လို့ ပြိုင်ပွဲဝင်မယ့် သတ်မှတ်ချက်ကို ပြည့်မီပါတယ်"
သူ၏ လေသံက တည်တည်ငြိမ်ငြိမ်ရှိပြီး ကြွားဝါခြင်းမရှိသလို သိမ်ငယ်သော အမူအရာလည်း မရှိချေ။
"ကျွန်တော်အနေနဲ့ အတွင်းစည်း ဝင်ခွင့်တစ်နေရာကို လုယူနိုင်မယ်လို့ မပြောရဲပါဘူး၊ ဒါပေမဲ့ ပြိုင်ပွဲဝင်ပြီးအစ်မအတွက် ပြိုင်ဘက်အချို့ကို ဖယ်ရှားပေးနိုင်ရင်၊ ထက်မြက်တဲ့ အန္တာရာယ်အချို့ကို တားဆီးပေးနိုင်ရင်ပဲကျွန်တော့်ရဲ့ ဆန္ဒ ပြည့်ဝပါပြီ"
စကားအဆုံးတွင် ခြံဝင်းတစ်ခုလုံး သေမင်းတမျှ တိတ်ဆိတ်သွားခဲ့သည်။
တုံရှန်း၏ မျက်နှာအမူအရာက ကြောင်သွားခဲ့ပြီးနောက် ချက်ချင်းပင် ပါးစပ်မှ လွှတ်ခနဲ ထွက်သွားခဲ့သည်။
"နင်က... ချီစုဆောင်းခြင်းအဆင့် (၅) ကို တကယ်ပဲ ရောက်သွားပြီလား"
လုလီ ထပ်မံ၍ ဖုံးကွယ်ခြင်း မပြုတော့ဘဲ ချက်ချင်းပင် ချီဖုန်းကွယ်တဲ့အတတ်ကို ရုပ်သိမ်းလိုက်ရာ ဝိညာဥ်အရှိန်အဝါများက ဒီရေကဲ့သို့ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ခြံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
မမောက်မာသော်လည်း ကျောက်တုံးကြီးတစ်ခုကဲ့သို့ တည်ငြိမ်လှရာ သေချာပေါက် အဆင့် (၅) အထွတ်အထိပ်၏ အရှိန်အဝါ ဖြစ်ပေသည်။
ဝါနတ်အရိုး ပါရမီသာ ရှိပြီး အဆိုးဆုံးဖြစ်သော မြောက်ပိုင်းမြေရိုင်းအပိုင်းတွင် ကျင့်ကြံနေရသော်လည်း သူ အဆင့် (၅) သို့ ရောက်ရှိနိုင်ခြင်းမှာ ဤနှစ်နှစ်အတွင်း ဒုက္ခမျိုးစုံကို ခံစားခဲ့ရမှာ သေချာလှပေသည်။
ဒါတောင် ငါ့အတွက် ရန်သူအချို့ကို တားဆီးပေးဖို့ပဲ စဉ်းစားနေတယ်...
ဤအချက်ကို တွေးမိသည့်အခါ တုံရှန်း၏ ရင်ထဲတွင် မရေမတွက်နိုင်အောင် တင်းကြပ်သွားခဲ့ပြီး အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။
သူမသည် ငယ်စဥ်ကတည်းက လက်ဖဝါးပေါ်တွင် တင်၍ မြှောက်စားခြင်းကို ခံခဲ့ရပြီး ဂိုဏ်းထဲဝင်ကတည်းက မြေနတ်အကိုးပိုင်ရှင် ဖြစ်သဖြင့် ကွေ့ယွမ်တောင်ထွတ်၏ အကောင်းဆုံး အရင်းအမြစ်များနှင့် သွန်သင်မှုများကို ရရှိခဲ့ရာ သူကဲ့သို့ တစ်ကိုယ်တည်း အပေါ်သို့ ရုန်းကန်တက်လှမ်းရသည့် ခါးသီးမှုမျိုးကို တစ်ခါမျှ တကယ်တမ်း မခံစားဖူးချေ။
လုလီကတော့ ယခုအချိန်တွင် သူမ၏ ရှုပ်ထွေးလှသော အတွေးများကို မသိသည်မှာ သဘာဝပင် ဖြစ်သည်။ အကယ်၍ သိခဲ့မယ်ဆိုရင်တော့ သေချာပေါက် စိတ်ထဲကနေ ထပ်မံ သက်ပြင်းချမိဦးမည် ဖြစ်သည်။အမျိုးသားတစ်ယောက်ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုဟာ တကယ်ပဲ အမျိုးသမီးတွေရဲ့ စိတ်ကူးယဥ်မှု့ကနေ လာတာပဲ။
တုံရှန်း၏ မျက်ဝန်းများက အနည်းငယ် ကျုံ့သွားခဲ့ပြီး လှပသော မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပနေကာ လုလီကို အတော်ကြာအောင် စိုက်ကြည့်ပြီးမှ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။
"ဝါနတ်အရိုး နဲ့ ဒီအဆင့်အထိ ရောက်နိုင်တာ..." သူမက တိုးတိုးလေး ရေရွတ်လိုက်ရင်း မျက်နှာအမူအရာက ရှုပ်ထွေးလှသည်။
"နင့်ရဲ့ ဒီပါရမီက ကွေ့ယွမ်အတွင်းစည်းရဲ့ ပုံမှန်တပည့် အများအပြားထက်ပင် မနိမ့်ကျတော့ပါဘူး"
သူမသည် စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းကို ခါယမ်းကာ လေသံက နူးညံ့သွားခဲ့သည် "ဂျူနီယာမောင်လေး... နောက်
တစ်ကြိမ်... နင် သေချာပေါက် အတွင်းစည်း စမ်းသပ်မှုမှာ ပါဝင်နိုင်မှာပါ။ ယခုအကြိမ် အခွင့်အရေးကိုတော့ မလောပါနဲ့ဦး"
"အဆင့် (၅) ဆိုရင် ပြိုင်ပွဲဝင်နိုင်တယ်ဆိုပေမဲ့ နင်သိလား... ယခု အမည်
စာရင်း တင်သွင်းထားသူတွေထဲမှာ အားနည်းဆုံးလူတွေက အဆင့် (၆) ရှိကြတာ၊ အဲ့တာအပြင် အဆင့် (၇) ရှိတဲ့ အပြင်စည်းတပည့် မိစ္ဆာကောင် အချို့လည်း အခွင့်အရေးကို စောင့်ဆိုင်းနေကြတာ"
"ငါကိုယ်တိုင်တောင် သေချာပေါက် နိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး"
သူမက လုလီကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် မသိမသာအတွင်း စိုးရိမ်
ပူပန်မှုများ ပါဝင်နေသည် ။
"နင်က ငါ့အတွက်နဲ့ စွန့်စားရတာကို ငါ မမြင်ချင်ဘူး"
သို့သော်လည်း လုလီ၏ မျက်နှာအမူအရာက မလှုပ်မယှက်ဘဲ အမြဲတမ်းအတိုင်း တည်ငြိမ်လှကာ လက်နှစ်ဖက်ကို အနည်းငယ်ယှက်ရင်း အသံက မကျယ်သော်လည်း တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာလှသည်။
"ကျွန်တော် သေချာ စဥ်းစားပြီးပါပြီ"
"ဒါက တခြားလူအတွက် မဟုတ်သလို နာမည်ကြီးချင်လို့လည်း မဟုတ်ပါဘူး၊ ဒါက ကျွန်တော့်စိတ်ထဲက ကျင့်ကြံခြင်းလမ်းစဥ်မို့... ထပ်ပြီး မစောင့်ချင်တော့လို့ပါ"
တုံရှန်း ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး မျက်ဝန်းများက အနည်းငယ် မှေးသွားကာ နှုတ်ခမ်းထောင့်လေးက မသိမသာ လှုပ်ခါသွားခဲ့ပြီး သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့" သူမ နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်ပြီး လေသံထဲတွင် နူးညံ့မှုအချို့ ပါဝင်လာသည်။
"နင့်ရဲ့ စိတ်က ပြတ်သားနေမှတော့ သွားချင်ရင်လည်း သွားပေါ့"
"ဒါပေမဲ့ မှတ်ထားပါ နင်က ပြိုင်ပွဲမှာ သွားပြီး လေ့ကျင့်ရုံပဲ အသက်နဲ့ရင်းပြီး တိုက်ဖို့ မလိုဘူး" သူမ၏ လေသံက ပြောင်းလဲသွားပြီး တင်းကြပ်မှုအချို့ ပါဝင်လာသည်။
"အကယ်၍ အခြေအနေ မကောင်းရင် ရှုံးနိမ့်သွားရင်တောင် ဇွတ်အတင်း မတောင့်ခံရဘူး"
"ဒါက အသက်နဲ့ရင်းပြီး တိုက်ရမဲ့ တိုက်ပွဲမဟုတ်ဘူး"
တုံရှန်း၏ စကားထဲက စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသဖြင့် လုလီ အနည်းငယ် ပြုံးလိုက်ပြီး တည်ကြည်စွာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော် မှတ်သားထားပါ့မယ် စီနီယာအစ်မ"
လုလီသည် နောက်ဆုံးစကားကို ပြောပြီးနောက် ထပ်မံ၍ စကားမဆိုတော့ဘဲ လက်သီးစုပ်၍ နှုတ်ဆက်ကာ လှည့်ထွက်သွားခဲ့သည်။ ခြေလှမ်းများက ပြတ်သားလှပြီး အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိချေ။
သူ၏ ကျောပြင်လေးသည် မွန်းလွဲပိုင်း၏ စောင်းနေသော နေရောင်အောက်တွင် ရှည်လျားနေခဲ့ပြီး ဆံပင်အမည်းရောင်က လေထဲတွင် အသာအယာ လွင့်ပျံနေကာ အင်္ကျီက လယ်ကွင်းထဲက မြေကြီးနံ့များ ရနေဆဲ ဖြစ်သဖြင့် ဆွဲဆောင်၍ မရနိုင်သော ခေါင်းမာမှုအချို့ ပါဝင်နေသကဲ့သို့ ရှိသည်။
တုံရှန်း ကြောင်သွားခဲ့ပြီး မျက်ဝန်းများက ထိုကျောပြင်လေးပေါ်သို့ ကျရောက်သွားကာ ခဏမျှ စိတ်ဝိညာဥ် ပြန်မလာနိုင်ခဲ့ချေ။
"ဒီလိုပဲ ထွက်သွားတာလား"
သူမ၏ မျက်ခုံးလေးက အနည်းငယ် ကျုံ့သွားခဲ့ပြီး မူလက ထက်ဝက်ခန့် ပင့်တင်ထားသော လက်ချောင်းလေးကလည်း နောက်ဆုံးတွင် ပြန်လည် ကျဆင်းသွားခဲ့ကာ စကားက ပါးစပ်မှ ထွက်မလာသော်လည်း ရင်ထဲတွင်မူ ထူးဆန်းသော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် သုံးလတစ်ကြိမ် ဝိညာဥ်ဆန် လာပို့တိုင်း စကားအများကြီး မပြောဖူးသလို ဘာတစ်ခုမှလည်း မတောင်းဆိုဖူးချေ။ ယခုအခါ ရှားရှားပါးပါး အစပြုခဲ့သော်လည်း စကားပြောပြီးသည်နှင့် ချက်ချင်း ထွက်သွားခဲ့ရာ ခဏမျှပင် ပို၍ မနေချင်သလိုမျိုး ဖြစ်နေသည် မဟုတ်ပါလား။
တုံရှန်း နှုတ်ခမ်းကို အသာအယာ ကိုက်လိုက်မိပြီး မသိမသာ နှာခေါင်းရှုံ့လိုက်ကာ မျက်နှာအမူအရာက အေးစိမ့်နေဆဲ ဖြစ်သော်လည်း ရင်ထဲတွင်မူ ရိုးရိုးသားသားဖြင့် ပြောပြရန် ခက်ခဲလှသော စိတ်ခံစားချက်အချို့ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။
သူမ ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်ရာ လေညင်းက အနည်းငယ် အေးစိမ့်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
နွေဦးကာလ ဖြစ်သော်လည်း ဆီးနှင်းလေး ကျဆင်းနေသကဲ့သို့ ရှိနေသည်။
📝အပိုင်း - ၄၄ ဝိညာဉ်သံချပ်ကာ
ဘာသာပြန် - Na Gar🐉
လုလီသည် အတွင်းတောင်ထွတ်ရှိ တုံရှန်း ထံမှ ပြန်လာပြီးနောက် ခြံဝင်းသို့ မပြန်ဘဲ ပြင်ပတောင်ထွတ်၏ လွတ်လပ်သော အရောင်းအဝယ်ဈေးတန်း ဆီသို့ တည့်တည့် ဦးတည်သွားခဲ့သည်။
ဤနေရာသည် ကွေ့ယွမ်တောင်ထွတ်၏ ပြင်ပတောင်ထွတ်တွင် ဖွင့်လှစ်ထားသော ဝိညာဥ်ကျောက်တုံး အရောင်းအဝယ်ပြုလုပ်ရာ နေရာဖြစ်ပြီး တစ်နှစ်ပတ်လုံး လူစည်ကားကာ ဆိုင်ခန်းများ စီတန်းနေပြီး လမ်းဘေးဝဲယာတွင် မြောပါနေသော ဆိုင်းဘုတ်များစွာ တင်ထားကာ အမျိုးမျိုးသော ဝိညာဥ်
လက်နက် ၊ အဆောင်ကျောက်စိမ်းပြား ၊ ကုန်ကြမ်းများနှင့် ဝိညာဥ်ဆန်များ စုံလင်စွာ ရှိနေသည်။
အထူးသဖြင့် ယခုအခါ သုံးနှစ်တစ်ကြိမ် ပြုလုပ်သော အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲ နီးကပ်လာပြီဖြစ်ရာ အပြင်စည်းတပည့်များသည် လက်မောင်းတန်း၍ ဝိညာဥ်လက်နက်၊ ဝိညာဥ်ဆေးပင်နှင့် အဆောင်ကျောက်စိမ်းပြားများကို ဝယ်ယူနေကြသဖြင့် လမ်းမတစ်ခုလုံးသည် ပုံမှန်ထက် ပို၍ စည်ကားနေခဲ့သည်။
လုလီသည် လူအုပ်ကြားထဲတွင် ပူးပေါင်း၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းရင်း စိတ်အာရုံဖြင့် ဆိုင်ခန်းပေါ်ရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
"အဆင့်နိမ့်ဝိညာဥ်ဓား မီးလျှံအမှတ်အသား ပါဝင်လို့ ရန်သူကို လောင်ကျွမ်းစေနိုင်တယ်၊ ဝိညာဥ်ကျောက်တုံး သုံးထောင်နှစ်ရာ ဈေးမစစ်ရ"
"ဝိညာဥ်ချီစုစည်းတဲ့ အဆောင်ကျောက်စိမ်းပြား သုံးပြားတစ်တွဲ၊ အပြင်စည်းတပည့် ကျင့်ကြံခြင်းအတွက် မရှိမဖြစ်၊ လွတ်သွားရင် နောက်မရဘူးနော်"
အော်ဟစ်ရောင်းချသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသော်လည်း လုလီ၏ မျက်နှာအမူအရာကမူ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
ယခုအခါ သူ၏ ငွေကြေးအင်အားက ပြည့်စုံပြီး လက်ထဲတွင် ဝိညာဥ်ကျောက်တုံး သောင်းဂဏန်း ရှိနေသလို အဆင့်မြင့်ဝိညာဥ်ဆန် ပိသာရာချီ ကိုလည်း ပိုင်ဆိုင်ထားသဖြင့် သူဌေးကြီးဟု ဆိုနိုင်သည်။
ထို့အပြင် ကျင့်ကြံခြင်းအဆင့်မှာလည်း ချီစုဆောင်းခြင်းအဆင့် (၅) သို့ ရောက်ရှိနေပြီဖြစ်ရာ လွန်ခဲ့သော နှစ်အနည်းငယ်က ချိုးခြံချွေတာနေခဲ့ရသော အခြေအနေမျိုး မဟုတ်တော့သဖြင့် ဝိညာဥ်လက်နက်အပေါ် လိုအပ်ချက်ကလည်း မြင့်မားလာခဲ့သည်။
သူသည် မူလက ဤအခွင့်အရေးကို အသုံးချကာ ဝိညာဥ်လက်နက် နှစ်မျိုးကို ဝယ်ယူရန် စိတ်ကူးထားခြင်း ဖြစ်သည်။ပထမတစ်ခုမှာ ရန်သူကို သတ်ဖြတ်မည့် တိုက်ခိုက်ရေး ဝိညာဥ်လက်နက် ဖြစ်ပြီး အခြားတစ်ခုမှာ ခန္ဓာကိုယ်ကို ကာကွယ်မည့် ဝိညာဥ်သံချပ်ကာ ဖြစ်သည်။
သို့သော်လည်း တစ်ပတ်ပတ်ကြည့်ပြီးနောက် သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေနိုင်သော ပစ္စည်းဟူ၍ မရှိသလောက်ပင် နည်းပါးလှသည်။
အများစုမှာ အပြင်စည်းတပည့်များ တင်ရောင်းထားသော ပစ္စည်းများ ဖြစ်ကြပြီး ဝိညာဥ်လက်နက်များမှာ အဆင့်နိမ့်များသာ ဖြစ်ကာ လက်ရာက ကြမ်းတမ်းပြီး သွန်းလုပ်သည့် နည်းလမ်းမှာလည်း အခြေခံ အမှတ်အသားများသာ ဖြစ်သဖြင့် တကယ့် "သတ်ဖြတ်ရေးလက်နက်" ဟု ခေါ်ဆိုနိုင်သော အရာမှာ အလွန် ရှားပါးလှသည်။
သူသည် မီးလျှံအမှတ်အသား ပါသော ဓားတိုတစ်လက်ကို ကြည့်ရှုလိုက်ရာ အဆင့်နိမ့်အဆင့်သို့ ဝင်သော်လည်း ဝိညာဥ်ချီက ခြောက်သွေ့နေပြီး မီးလျှံအမှတ်အသားများက ရှုပ်ထွေးနေသဖြင့် သုံးရုံတင် သုံးနိုင်သော လက်နက်တစ်ခုသာ ဖြစ်ကာ သူ့မျက်စိထဲသို့ ဘယ်လိုမှ မဝင်ချေ။
ကာကွယ်ရေးလက်နက်များကို ထပ်မံကြည့်ရှုသည့်အခါမှာလည်း အရွယ်အစား ကြီးမားပြီး ထုတ်သုံးလျှင် လေးလံလှသော ဝိညာဥ်ဒိုင်းများ ဖြစ်နေသလို သို့မဟုတ်ပါက လေးလံလှသော သံချပ်ကာကြီးများ ဖြစ်နေသဖြင့် ကျင့်ကြံသူများ တိုက်ပွဲအတွင်း လျင်မြန်စွာ လှည့်ပတ်လှုပ်ရှားရန်အတွက် လုံးဝ မသင့်တော်ချေ။
သူ အလိုရှိသည်မှာ "ခန္ဓာကိုယ်ကပ် အတွင်းခံသံချပ်အင်္ကျီ" မျိုး ဖြစ်သည်။
အဝတ်အစားအောက်တွင် တိုက်ရိုက် ဝတ်ဆင်နိုင်ပြီး လှုပ်ရှားမှုကို မထိခိုက်စေဘဲ ကြံ့ခိုင်မှုနှင့် ဝိညာဥ်ချီ နှစ်မျိုးလုံး ပြည့်စုံသော ဝိညာဥ်လက်နက်မျိုးကိုမူ ရောင်းချသူ မရှိသလောက်ပင်။
ဆိုင်ရှင်က သူ့မျက်နှာတွင် ရွေးချယ်လွန်းသည်ကို မြင်သောအခါ စေတနာကောင်းဖြင့် သတိပေးလိုက်သည် "ဒီလို နုနယ်တဲ့ ဝိညာဥ်လက်နက်မျိုးကလက်နက်ခန်းမက စီနီယာအစ်ကို စီနီယာအစ်မတွေဆီမှာ ကိုယ်တိုင် သီးသန့် အပ်ရတာမျိုးပါ၊ ပုံမှန်အားဖြင့် ဈေးကွက်ထဲကို စီးဆင်းမလာပါဘူး"
လုလီက တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောသော်လည်း စိတ်ထဲတွင်မူ ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။
ဤကဲ့သို့သော ဝိညာဥ်လက်နက်မျိုးသည် ထိုအချိန်က 'ဝိညာဥ်ဓားမြှောင်' ကဲ့သို့ပင် သီးသန့် အပ်နှံခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ယုံကြည်စိတ်ချရသော လက်နက်သွန်းလုပ်သူကို မှန်ကန်စွာ ရွေးချယ်နိုင်သရွေ့ စွမ်းအားက အများကြီး မြင့်မားလာနိုင်သည် မဟုတ်ပါလား။
တကယ့် အရည်အချင်းရှိတဲ့ လက်နက်သွန်းလုပ်သူတစ်ယောက်ကို ရှာရတော့မယ်။
လုလီသည် လက်နက်ခန်းမဆီသို့ ဦးတည်သွားရန် ပြင်ဆင်နေစဥ် ဈေးတန်း၏ အရှေ့ဘက် ထောင့်စွန်းတစ်ခုတွင် ရင်းနှီးသော ကျောပြင်တစ်ခုကို လှမ်း၍ မြင်လိုက်ရသည်။ ထိုလူသည် သံရိုင်းနှင့် ဆီးနှင်းကြေးနီ ကုန်ကြမ်းပုံကြီးရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ တစ်ခုခုကို ရှာဖွေနေခဲ့သည်။
ထိုလူ၏ မျက်နှာက ပိန်ပိန်ပါးပါး ရှိပြီး ခန္ဓာကိုယ်က အနည်းငယ် ကုန်းနေသော်လည်း မျက်ခုံးကြားတွင်မူ အာရုံစိုက်နေသော အရိပ်အယောင်တစ်ခု ရှိနေသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ လုလီကို ချက်ချင်း မှတ်မိသွားပြီး မျက်နှာအပြည့် ပြုံးကာ ခြေလှမ်း ခပ်သွက်သွက်ဖြင့် ကြိုဆိုလိုက်သည်။
"အို... ဒါ ညီလေးလု မဟုတ်လား။ မတွေ့တာ ကြာပြီ၊ ဒီလိုမျိုး ကြီးထွားလာလိမ့်မယ်လို့ မထင်ထားဘူး၊ တကယ့်ကို ပိုပြီး ခန့်ညားလာတာပဲ"
လုလီက သူ့ကို တစ်ချက် ကြည့်လိုက်ရာ ခါးကြားရှိ ကျောက်စိမ်းပြားပေါ်တွင် ရွှေရောင်ဖျော့ဖျော့ လိုင်းတစ်လိုင်း တိုးလာသည်ကို တွေ့လိုက်ရသည်။
သူ စိတ်ထဲမှ လှုပ်ရှားသွားပြီး ပြုံးကာ ပြောလိုက်သည် "စီနီယာအစ်ကိုချန် ကိုး ဂုဏ်ယူပါတယ် အဆင့်နိမ့်ဝိညာဥ်လက်နက်သွန်းလုပ်သူအဆင့်ကိုတက်လှမ်းသွားပြီပဲ"
ထိုရွှေရောင်လိုင်းသည် ဂိုဏ်း၏ လက်နက်ခန်းမတွင်သာ ရှိသော သီးသန့် အမှတ်အသား ဖြစ်သည်။ ရွှေရောင်လိုင်းတစ်လိုင်း ရှိခြင်းမှာ ဤလူသည် စမ်းသပ်မှု့ကို အောင်မြင်ပြီး အဆင့်နိမ့်ဝိညာဥ်လက်နက်များကို ကိုယ်တိုင် သီးသန့် သွန်းလုပ်နိုင်စွမ်း ရှိပြီဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်ရာ အပြင်စည်းတပည့်များအကြားတွင် လူရာဝင်သော လူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ဟားဟား... အောင်မြင်မှု့အနည်းငယ်လေးပါပဲ"
ချန်ရီ က လက်ကို ဝှေ့ယမ်းလိုက်သော်လည်း မျက်လုံးကို မှေးကာ လုလီကို စူးစမ်းကြည့်လိုက်သည်။
"မင်းကိုပဲ ကြည့်ဦး အဲဒီတုန်းက ဝိညာဥ်ချီပါတဲ့ လက်နက်တစ်ခု သွန်းလုပ်ဖို့တောင် ဈေးကို ဒီလောက်အထိ အပြင်းအထန်စစ်ခဲ့တာ၊ အခု ငါ့ရှေ့မှာ ရပ်နေတဲ့ ဒီအရှိန်အဝါကတော့... ဟင်း... ဝိညာဥ်ဆန်တွေ ပေါနေပြီ ထင်တယ်"
လုလီ ပြုံးရုံသာ ပြုံးပြီး စကားမဆိုချေ။
သူ့ခန္ဓာကိုယ်ပေါ်တွင် ဝိညာဥ်ဓားမြှောင်တစ်လက် ရှိနေပြီး ဒါဟာ ထိုအချိန်က ဝိညာဥ်ဆန် ဆယ်ပိသာ နှင့် ဝိညာဥ်ကျောက်တုံး ကုန်ကြမ်းဖိုး ငါးရာကို အသုံးပြုကာ ချန်ရီအား သွန်းလုပ်ခိုင်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်အထိ အသုံးပြုနေဆဲ ဖြစ်သည်။
သာမန် လူသားလက်နက် အဆင့်သာ ဖြစ်သော်လည်း ချန်ရီ၏ လက်ရာက ခိုင်မာလှပြီး သွန်းလုပ်စဥ်က ဝိညာဥ်ကုန်ကြမ်းများကို ပါးနပ်စွာ ရွေးချယ်ခဲ့သဖြင့် ဝိညာဥ်ချီမှာ တူညီသော ဝိညာဥ်လက်နက်များထက် အများကြီး သာလွန်ကာ အသုံးပြုရသည်မှာ အလွန်ပင် အဆင်ပြေလှသည်။
ချန်ရီ၏ မျက်လုံးများက လည်ပတ်သွားပြီး အနည်းငယ် မှန်းဆမိသွားသည် "ဘာလဲ... အခုလည်း လက်နက် လဲချင်လို့လား။ စိတ်ချပါ ငါ ဒီနှစ်တွေထဲမှာ အလကား အချိန်ကုန်ခဲ့တာ မဟုတ်ဘူး။ မင်းဘက်က ဝိညာဥ်ဆန် ပေးနိုင်ရင် ငါ ဒီအလုပ်ကို လက်ခံရဲတယ်"
သူက တိုးတိုးလေး ရယ်မောလိုက်ပြီး စကားတစ်ခွန်း ထပ်မံ ဖြည့်စွက်
လိုက်သည်။
"အမှန်အတိုင်း ပြောရရင် ငါက မင်းရဲ့ လယ်ကွက်ထဲက ထွက်တဲ့ ဝိညာဥ်
ဆန်ကို အမြဲတမ်း သတိရနေတာ အဲဒီအရသာက တစ်ခါစားဖူးရင် ဘယ်တော့မှ မေ့လို့မရဘူး။ လက်နက်သွန်းလုပ်သူလည်း ထမင်းစားရတာပဲ၊ မင်းရဲ့ ဝိညာဥ်ဆန်က ပါးစပ်ထဲဝင်တာနဲ့ ချီတွေ စုစည်းစေပြီး စိတ်ဝိညာဥ်ကို အလွန် မြန်မြန် အားဖြည့်ပေးတယ်... ငါ ခံစားရတာတော့ အထက်က အကြီးအကဲတွေကို ဆက်သတဲ့ ဝိညာဥ်ဆန်တွေထက်တောင် ပိုပြီး အရည်အသွေး ကောင်းမွန်သလိုပဲ"
လုလီ ခဏမျှ စဥ်းစားပြီးနောက် စကားကို လှည့်ပတ်မနေတော့ဘဲ ပြောလိုက်သည်။
"ဝိညာဥ်လက်နက်တစ်ခု သွန်းလုပ်ချင်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ တိုက်ခိုက်ရေးလက်နက် မဟုတ်ဘူး"
"အော်... ဒါဆို ဘာလဲ"
"ကာကွယ်ရေးလက်နက် အတွင်းခံသံချပ်အင်္ကျီမျိုး။ ခန္ဓာကိုယ်နဲ့ကပ်နေရမယ် ပေါ့ပါးပြီး မန္တန်တွေနဲ့ လက်နက်တွေကို တားဆီးနိုင်ရမယ်"
ချန်ရီက ထိုစကားကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားမိသည် "ဒီလို ဝိညာဥ်လက်နက်မျိုးက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ မင်း သိလား။ အတွင်းခံသံချပ်အင်္ကျီက အပြင်ဘက် သံချပ်ကာနဲ့ မတူဘူး၊ ဝိညာဥ်ကုန်ကြမ်း မှန်ကန်ဖို့ လိုအပ်သလို အတိုင်းအထွာကလည်း တိကျရမယ်၊ မဟုတ်ရင် ဝတ်ဆင်တဲ့အခါ လှုပ်ရှားမှုကို ထိခိုက်စေပြီး ဘာမှ အသုံးမဝင်တော့ဘူး"
“ဒါတင်မကဘူး၊ ပေါ့ပါးစေတဲ့ အစီအရင် တွေ၊ ဖိအားခံ အစီအရင် တွေ ထွင်းရဦးမယ်၊ အချို့ ကုန်ကြမ်းတွေကိုဆိုရင် အရင် ကြိုတင် ပြင်ဆင်ထားရဦးမှာ၊ နည်းနည်းလေး မှားတာနဲ့ အကုန် အလကား ဖြစ်သွားနိုင်တယ်”
ပြောရင်းပြောရင်းနှင့် သူ၏ လေသံက ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပလာခဲ့သည် "ဒါပေမဲ့ ဒီကွေ့ယွမ်တောင်ထွတ်ရဲ့ ဘယ်အပြင်စည်းတပည့်က ဒါကို ဖြေရှင်းနိုင်မလဲဆိုရင်... ဟဲဟဲ... ငါ ချန်ရီ တစ်ယောက်တည်းပဲ ဒီလို သတ္တိ ရှိလိမ့်မယ်"
လုလီ ပြုံးလိုက်ပြီး "ဒါဆို စီနီယာအစ်ကိုက ဒီအလုပ်ကို လက်ခံရဲလား"
"မင်း ဝိညာဥ်ဆန် ပေးရဲရင် ငါ လက်ခံရဲတယ်" ချန်ရီက ရင်ဘတ်ကို ပုတ်လိုက်ရင်း ယုံကြည်ချက်အပြည့် ရှိသော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းအတွက် သွန်းလုပ်ပေးခဲ့တဲ့ ဝိညာဥ်ဓားမြှောင်ကို ငါ မှတ်မိသေးတယ်၊ အဲဒီတုန်းက ငါ့ရဲ့ စိတ်ကူးတွေကို အများကြီး အသုံးပြုခဲ့ရတာ။ ယခုအကြိမ်မှာလည်း ငါ နည်းလမ်းသစ်အချို့ကို စမ်းသပ်ကြည့်ချင်သေးတယ်"
သူက လက်ချောင်းကို ပြလိုက်သည် "ပုံမှန် သွန်းလုပ်တာဆိုရင် အဆင့်နိမ့်အတွင်းခံသံချပ်အင်္ကျီရဲ့ လက်ခက ကုန်ကြမ်းဖိုး မပါဘဲ ဝိညာဥ်ဆန် ပိသာ(၆၀)ကနေ စတာပဲ"
လုလီ၏ မျက်နှာအမူအရာက မလှုပ်မယှက်ဘဲ တိုးတိုးလေး ပြောလိုက်သည် "များလွန်းတယ် (၃၀)ပဲ"
ချန်ရီကြောင်သွားခဲ့ပြီးနောက် ချက်ချင်းပင် ငိုမဲ့မဲ့မျက်နှာဖြင့် "ညီလေးလု... မင်း ဈေးနှိမ်တာကလည်း ပြင်းလွန်းတယ်"
"ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ၊ ငါက မင်းရဲ့ အဆင့်မြင့်ဝိညာဥ်ဆန်ကို နေ့တိုင်း တောင့်တနေရတာကိုး။ (၃၀)ဆိုလည်း (၃၀)ပေါ့။ ကုန်ကြမ်းကို မင်းဘာသာ ပြင်ဆင်ခဲ့၊ အကယ်၍ လိုအပ်တာ ရှိရင်လည်း ငါ့ဆီမှာ ပစ္စည်းသွင်းတဲ့ လမ်းကြောင်း ရှိပါတယ်"
လုလီ ခေါင်းငြိမ့်လိုက်ပြီး အိတ်တစ်အိတ်ကို ထုတ်ယူကာ သူ့ထံသို့ ပစ်ပေးလိုက်သည် "ဒီမှာ ဝိညာဥ်ကျောက်တုံး (၃၀၀၀) ရှိတယ်လုံလောက်လား"
ချန်ရီက ချိန်တွက်ကြည့်ပြီး မျက်နှာပွင့်သွားခဲ့သည် "ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ မင်း ငါ့ကို ဆယ်ရက် စောင့်ပါ၊ ဆယ်ရက်ကြာရင် လက်နက်ခန်းမကို လာယူလိုက် တကယ်လို့ ထွက်လာတဲ့ ပစ္စည်းကို မင်း သဘောမကျရင် ငါ ဝိညာဥ်ဆန် တစ်စိမှ မယူဘူး"
လုလီက ပြိုင်ပွဲစတင်မည့် အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ပြိုင်ပွဲက နှစ်ပတ်ခန့် လိုသေးသဖြင့် အချိန်ပိုင်းအရ လုံလောက်သည်။
ဤအချက်ကို တွေးမိသဖြင့် လုလီ လက်သီးစုပ်လိုက်ပြီး "ဒါဆိုရင်တော့ စီနီယာအစ်ကိုရဲ့ သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်"
ချန်ရီသည် ဝိညာဥ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး လှည့်ထွက်သွားရန် ပြင်ဆင်နေစဥ် သူ့နောက်ကွယ်မှ လုလီက ရုတ်တရက် ထပ်မံ၍ စကားဆိုလာသည်ကို ကြားလိုက်ရသည်။
"စီနီယာအစ်ကိုချန် ကို မေးပါရစေ၊ ဒီဟွမ်ရှန်းဂိုဏ်းအတွင်းမှာ... ပိုပြီး အဆင့်မြင့်တဲ့ အရောင်းအဝယ် ပြုလုပ်တဲ့ နေရာမျိုး ရှိလား"
ချန်ရီ၏ ခြေလှမ်းများက ရပ်တန့်သွားခဲ့ပြီး ခေါင်းလှည့်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ပိုပြီး အဆင့်မြင့်တာလား ညီလေးရဲ့ လိုအပ်ချက်က မသေးလှဘူးပဲ" သူက မသိမသာဖြင့်လုလီ၏ မြေကြီးများ ပေကျံနေဆဲဖြစ်သော အပြင်စည်းတပည့် အဝါရောင် ဝတ်စုံကို တစ်ချက် ကြည့်လိုက်သည်။ ပါးစပ်က နောက်ပြောင်နေသော်လည်း မျက်လုံးထဲတွင်မူ အလင်းရောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
"မင်းက ဒီအပြင်စည်းတပည့် ဈေးတန်းက ပစ္စည်းတွေကို နိမ့်လွန်းတယ်လို့ ထင်နေတာလား"
သူ၏ လေသံက ပေါ့ပေါ့ပါးပါး ရှိသော်လည်း မသိမသာအတွင်း စုံစမ်းလိုသော အရိပ်အယောင်များ ပါဝင်နေသည်။
လုလီ အနည်းငယ် ပြုံးလိုက်ပြီး တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားခဲ့သည်။
"နိမ့်လွန်းတယ်လို့ ထင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အချို့ ပစ္စည်းတွေကတော့ ဒီနေရာမှာ ရှာမတွေ့နိုင်လို့ပါ"
"ဥပမာ ဘာလဲ" ချန်ရီ က မေးလိုက်သည်။
လုလီကမူ ပြန်မဖြေဘဲ "ဝိညာဥ်လက်နက် ကိစ္စက မလောသေးပါဘူး၊ ရေရှည်အတွက် စီမံကိန်း ချရုံပါ" ဟု စကားတစ်ခွန်းတည်းဖြင့် ပေါ့ပါးစွာ ကျော်လွန်သွားခဲ့ရာ ဖုံးကွယ်ခြင်းမရှိသလို အတိအကျလည်း ထုတ်မပြောခဲ့ချေ။
ချန်ရီ ကသူ့ကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်ကာ ခေါင်းကို ခါယမ်းလိုက်သည်။
“ထားလိုက်ပါတော့၊ ငါ နားလည်ပါပြီ။ ဒီလောက် ကောင်းတဲ့ ဝိညာဉ်
ဆန်တွေကို စိုက်နိုင်တဲ့သူကတော့ ဒီလို ဈေးတန်းလေးမှာတင် ဘယ်လိုလုပ်ပြီးကျေနပ်နေမှာ လဲ”
သူက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး လေသံကို မြှင့်လိုက်သည် "ငါတို့ရဲ့ ဒီကွေ့ယွမ်ဈေးတန်းအကြောင်း ပြောရရင် တကယ်ပဲ ဒီလောက်ပါပဲ၊ ဝိညာဥ်ဆေးပင်ပဲဖြစ်ဖြစ်၊ ဝိညာဥ်လက်နက်ပဲဖြစ်ဖြစ်၊ အများဆုံး အဆင့်နိမ့်အချင်းချင်း လှည့်ပတ်နေကြတာ၊ အလတ်အလတ်ဝိညာဥ်လက်နက်တစ်ခုနဲ့ ဆုံရရင်ပဲ ကံအလွန်ကောင်းတယ်လို့ ပြောရမယ်။ မင်း ပိုကောင်းတဲ့ နေရာကို ရှာချင်ရင်တော့ တောင်ပေါ်က ဆင်းရမယ်"
"တောင်ပေါ်က ဆင်းရမယ်" လုလီ၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ခု လှုပ်ခါသွားသည်။
"အင်း" ချန်ရီခေါင်းငြိမ့်လိုက်သည်။
"အရှေ့ဘက်ကို သွားပါ၊ ဟွမ်ရှန်းဂိုဏ်းကနေ ထွက်ပြီး ကီလိုမီတာ ရာချီသွားရင် ဈေးတန်းတစ်ခု ရှိတယ်၊ နာမည်က 'ချင်းဝူကျီ ' လို့ ခေါ်တယ်"
"မင်း မှတ်ထားရမှာက ဒါကသာမန် ဈေးတန်း မဟုတ်ဘူး၊ အဲဒီနေရာက ပုံမှန်အားဖြင့် ခြောက်ကပ်နေပေမဲ့ လဆန်းပိုင်းနဲ့ လကုန်ပိုင်း နှစ်ရက်မှာ ဈေးဖွင့်လိုက်တာနဲ့ သေးငယ်တဲ့ နတ်မိစ္ဆာမြို့တော်ကြီးတစ်ခုလိုမျိုး ချက်ချင်း စည်ကားသွားတတ်တယ် အရည်အချင်းရှိတဲ့လူတွေ မျိုးစုံ ရောနှောနေကြတာ ငါတို့ လက်နက်ခန်းမရဲ့ အကြီးအကဲတောင် အဲဒီနေရာမှာ ဝိညာဥ်မီးလျှံ သဲပွင့်လို ရှားပါး ကုန်ကြမ်းတွေကို သွားရောက် လေလံဆွဲဖူးတယ်"
"ဒါပေမဲ့" သူ၏ လေသံက ပြောင်းလဲသွားပြီး မျက်နှာအမူအရာက ပို၍ တည်ကြည်လာခဲ့သည်။
"အဲဒီနေရာက ငါတို့ ဟွမ်ရှန်းဂိုဏ်းက တည်ဆောက်ထားတဲ့ နေရာ မဟုတ်
သလို စည်းကမ်းထိန်းသိမ်းရေးခန်းမက လူတွေလည်း စည်းကမ်းလာထိန်းပေးမှာ မဟုတ်ဘူး၊ မိစ္ဆာကျင့်ကြံသူ တွေတောင် မျက်နှာဖုံးစွပ်ပြီး အဲဒီထဲမှာ ရောနှောနေနိုင်တယ်"
"မင်း တကယ်သွားချင်တယ်ဆိုရင်တော့ အလွန် သတိထားရမယ်။ လောဘမကြီးနဲ့ နာမည်ကြီးအောင်လည်း မလုပ်နဲ့"
"အထူးသဖြင့် မင်းကအသက်ငယ်ငယ်နဲ့ တခြားလူတွေ မျက်စိကျလောက်တဲ့ အရာတွေ အများကြီး ရှိနေတာ"
လုလီ ခေါင်းငြိမ့်လိုက်ပြီး မျက်နှာအမူအရာက ရေကဲ့သို့ တည်ငြိမ်လှကာ လေသံက အေးဆေးလှသည်။
"စီနီယာအစ်ကိုချန် ရဲ့ သတိပေးမှုကို အလွန် ကျေးဇူးတင်ပါတယ်။ အကယ်၍ တစ်နေ့နေ့မှာ သွားဖြစ်မယ်ဆိုရင် သေချာပေါက် စိတ်ထဲ စွဲမြဲစွာ မှတ်သားထားပါ့မယ်"
ချန်ရီက သူ၏ ပုခုံးကို ပုတ်လိုက်ပြီး "မင်းကတော့လေ... ပြင်ပကမ္ဘာက ဟွမ်ရှန်းဂိုဏ်းထက် အများကြီး ပိုပြီး ရှုပ်ထွေးတယ်၊ ကိုယ့်ရဲ့ ထက်မြက်မှုကို ဖုံးကွယ်ထားနိုင်မှသာ တကယ့် အရည်အချင်းအစစ်အမှန် ဖြစ်တာ"
ပြောပြီးနောက် သူသည် ကျယ်လောင်စွာ ရယ်မောရင်း လက်ပြ၍ ထွက်ခွာသွားခဲ့ပြီး ကျောပြင်လေးက တဖြည်းဖြည်း ဝေးကွာသွားကာ စည်ကားလှသော လူအုပ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
လုလီက မူလနေရာတွင် ရပ်နေဆဲဖြစ်သော်လည်း မျက်လုံးများကမူ မသိမသာအတွင်း ဝေးလံသော တောင်တန်းကြီးများ၏ အပြင်ဘက်သို့ ကျရောက်သွားခဲ့ပြီး ဂိုဏ်းတံခါးကို ဖြတ်သန်း၍ မိုင်ပေါင်းများစွာ ဝေးကွာသော ချင်းဝူဈေးတန်းကို လှမ်း၍ ငေးကြည့်နေသကဲ့သို့ ရှိသည်။
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"တကယ်ပဲ... တောင်ပေါ်ကနေ တစ်ခေါက်လောက် ဆင်းဖို့ လိုအပ်နေပြီ ထင်တယ်"
📝အပိုင်း - ၄၅ ချင်းဝူဈေးတန်း
ဘာသာပြန် - Na Gar🐉
လုလီ အလိုရှိသည်မှာ အလယ်အလတ်အဆင့်နှင့်အထက် ရှိသော ဝိညာဥ်လက်နက် တစ်ခု ဖြစ်သည်။
ကျင့်ကြံသူများ၏ ကမ္ဘာတွင် အလယ်အလတ်အဆင့် နှင့် အဆင့်နိမ့်အကြားရှိ ကွာဟချက်မှာ ဝိညာဥ်ကျောက်တုံး အရေအတွက်တင်မကဘဲ အခြားသော ကွာဟချက်များစွာ ရှိသည်။
အကယ်၍ အဆင့်နိမ့်ဝိညာဥ်လက်နက်တစ်ခု၏ တန်ဖိုးမှာ ဝိညာဥ်
ကျောက်တုံး သုံးထောင်မှ ငါးထောင်အကြား ရှိပါက အလယ်အလတ်အဆင့်မှာမူ သောင်းဂဏန်းမှ စတင်လေ့ရှိပြီး မိမိနှင့် တကယ်ကို ကိုက်ညီမည့်အရာမှာမူ စောင့်ဆိုင်းရုံသာ ရှိပြီး ဝိညာဥ်ကျောက်တုံး ရှိရုံမျှဖြင့် လဲလှယ်နိုင်သောအရာ မဟုတ်ချေ။
ဆုံးဖြတ်ချက် ချပြီးနောက် လုလီသည် ချင်းဝူဈေးတန်း ဆီသို့ ကိုယ်တိုင် တစ်ခေါက် သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် မသွားမီ လုလီသည် ခရီးသွားရန်အတွက် အသုံးပြုမည့် ဝိညာဥ်လက်နက်တစ်ခုကို အရင်ဆုံး ပြင်ဆင်ရမည် ဖြစ်သည်။
ဤခရီးက ကီလိုမီတာ ရာချီ ဝေးကွာလှပြီး လုလီသည် ချီစုဆောင်းခြင်းအဆင့် (၅) မျှသာ ရှိသေးသဖြင့် ဓားပျံသန်းခြင်းအတတ်ကို မတတ်မြောက်သေးချေ။ အသုံးပြုရ အဆင်ပြေမည့် ခရီးသွား ဝိညာဥ်လက်နက် မရှိပါက လေလံပွဲ အချိန်ကို မှီရန် ဘယ်လိုမှ မလွယ်ကူချေ။
သူက ပြင်ပတောင်ထွတ်၏ အရောင်းအဝယ်ဈေးတန်း ထဲတွင် လျှောက်လှမ်းရင်း သေချာစွာ ရွေးချယ်နေခဲ့သည်။
နောက်ဆုံးတွင်မူ သူသည် မထင်မရှားသော ထောင့်စွန်းတစ်ခု၌ အဆင့်နိမ့်ပျံသန်းရေး ဝိညာဥ်လှေငယ် တစ်စင်းကို ရွေးချယ်လိုက်သည်။
လှေ၏ အရောင်က ခဲရောင် ဖြစ်ပြီး ပုံစံက အလွန်ပင် ရိုးရှင်းလှသော်လည်း အမှတ်အသားများက ရှင်းလင်းပြီး ဝိညာဥ်ချီများက ချောမွေ့လှသည်။ တိုက်ခိုက်ရေး စွမ်းရည်မရှိသော်လည်း အလွန် တည်ငြိမ်ပြီး တောင့်ခံနိုင်စွမ်း ရှိသဖြင့် ခရီးဝေး သွားလာရန်အတွက် အလွန် သင့်တော်လှသည်။
သို့သော် ဈေးနှုန်းမှာမူ သာမန် အဆင့်နိမ့်ဓားပျံများထက် အများကြီး ပို၍ ကြီးမြင့်ပြီး ဝိညာဥ်ကျောက်တုံး လေးထောင် ဖြစ်နေသည်။
လုလီ ဈေးမစစ်တော့ဘဲ ပြတ်ပြတ်သားသားပင် ငွေချေလိုက်သည်။
လုလီက မိမိ၏ အပြင်စည်းတပည့် ခြံဝင်းသို့ ပြန်ရောက်ရောချင်းမှာပင် ဝိညာဥ်လှေကို ထုတ်ယူကာ သန့်စင်ခြင်းကို စတင်လိုက်သည်။
ဝိညာဥ်လှေပေါ်ရှိ အမှတ်အသားများက တစ်ခုပြီးတစ်ခု လင်းထိန်လာခဲ့ပြီး လင်းလက်သော အလင်းတန်းလေးများက လက်ချောင်းထိပ်လေးများတွင် ရစ်ပတ်ကာ သူ၏ စိတ်အာရုံ လည်ပတ်မှုနှင့်အတူ နိုးထလာခဲ့သည်။
အဆင့်နိမ့်မျှသာ ဖြစ်သော်လည်း သန့်စင်သည့် ဖြစ်စဉ်ကမူ အချိန်မနည်း ပေးခဲ့ရသည်။
ဝိညာဥ်ချီ အားလုံး ပေါင်းစည်းသွားသည့် အချိန်တွင် လမင်းသည် ပြတင်းပေါက်ဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုလီ ခဏမျှ တရားထိုင်လိုက်ရာ အသက်ရှူသံက တည်ငြိမ်လှပြီးနောက် လက်ကို ဝှေ့ယမ်းကာ ဝိညာဥ်လှေကို သိမ်းဆည်းလိုက်ရင်း မျက်ဝန်းထဲတွင် တည်ငြိမ်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
"အမှားအယွင်း မရှိရင် ညတွင်းချင်း ထွက်ခွာတာက လကုန်ပိုင်း လေလံပွဲကို မှီနိုင်လိမ့်မယ်"
တံခါးဝက အသာအယာ ပွင့်သွားခဲ့ပြီး ညလေက မျက်နှာဆီသို့ တိုက်ခတ်လာသည်။
ညဉ့်အမှောင်ကို အသုံးချကာ လုလီသည် ချင်းဝူဈေးတန်းဆီသို့ ဦးတည်သော ခရီးလမ်းကို စတင်လိုက်တော့သည်။
ယခုအချိန်သည် ဂိုဏ်း၏ ဝိညာဥ်စပါးစိုက်ပျိုးခြင်း ဆယ့်ငါးရက်တာ နားရက်ကာလ ဖြစ်သဖြင့် ရှေ့နောက် သုံးရက်ခန့် အချိန်ပို ရှိနေရုံမျှဖြင့် သူ အသွားအပြန်ခရီးအတွက် လုံလောက်သည်။
သူ သန့်စင်ထားသော ထိုပျံသန်းရေး ဝိညာဥ်လှေသည် တောအုပ်ထဲက ကွင်းပြင်တွင် တိတ်ဆိတ်စွာ ပျံဝဲနေခဲ့သည်။ လှေ၏ အလျားက နှစ်တောင်ခန့်သာ ရှိပြီး အမှတ်အသား မရှိသော မီးခိုးဖြူရောင် ဖြစ်သဖြင့် အချိန်
ကာလ၏ တိုက်စားခြင်းကို ခံထားရသော လှေစုတ်လေးတစ်စင်းနှင့် တူပြီး မထင်မရှား ရှိနေသည်။
လုလီက လှေပေါ်သို့ လက်တင်ကာ ဝိညာဥ်ချီ ထည့်သွင်းလိုက်ရာ လှေက အနည်းငယ် တုန်ခါသွားပြီးနောက် ကောင်းကင်ယံထက်သို့ ဝုန်းခနဲ ပျံတက်သွားတော့သည်။ ဝိညာဥ်လှေပေါ်ရှိ အမှတ်အသားများက ဖျော့တော့စွာ လင်းထိန်လာခဲ့ပြီး သူ့ကို ကောင်းကင်ယံထက်သို့ တည်ငြိမ်စွာ သယ်ဆောင်သွားခဲ့သည်။
ဤကဲ့သို့သော ဝိညာဥ်လှေမျိုးသည် မိမိ၏ ဝိညာဥ်ချီကို အဆက်မပြတ် ထည့်သွင်းရန် မလိုဘဲ အစပိုင်းတွင် နိုးထစေရန် ဝိညာဥ်ချီ အနည်းငယ် ထည့်သွင်းရုံမျှဖြင့် နောက်ပိုင်းတွင် ဝိညာဥ်ကျောက်တုံးများက အစီအရင်ကို လည်ပတ်စေခြင်း ဖြစ်သည်။
တစ်ရက် ပျံသန်းပါက ဝိညာဥ်ကျောက်တုံး တစ်ရာခန့် ကုန်ဆုံးသော်လည်း အားသာချက်မှာ တည်ငြိမ်ပြီး တောင့်ခံနိုင်စွမ်း ရှိခြင်း ဖြစ်သည်။တစ်ရက်လျှင် ကီလိုမီတာ ရာချီ သွားနိုင်ပြီး ကျင့်ကြံသူ၏ ကိုယ်ပိုင် ဝိညာဥ်ချီကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချေ။
လုလီသည် လှေဦးတွင် ရပ်နေရင်း အင်္ကျီစွန်းများက လေထဲတွင် လွင့်ပျံနေပြီး မျက်နှာအမူအရာက တည်ငြိမ်လှကာ ဝေးလံသော နေရာကို ငေးကြည့်နေခဲ့သည်။
တိမ်တိုက်များ၏ အောက်တွင် တောင်တန်းကြီးများက မြင့်ချည်နိမ့်ချည် ရှိနေပြီး မီးရောင်လေးများက ဆီမီးအိမ်ကဲ့သို့လည်းကောင်း၊ အရိပ်ကဲ့သို့လည်းကောင်း လင်းလက်နေကြသည်။
သူ၏ ကျောပြင်လေးသည် ဤကဲ့သို့ပင် ညမှောင်မှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
တစ်ရက်တိတိ ကုန်လွန်သွားပြီးနောက် ကောင်းကင်ယံထက်တွင် နံနက်ခင်း အလင်းရောင်များ မဖြာကျသေးခင်မှာပင် ကြီးမားလှသော မြို့တော်အရိပ်ကြီးတစ်ခုသည် ဝေးလံသော နေရာမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
ချင်းဝူဈေးတန်း ရောက်ခါနီးပြီ။
လုလီက အင်္ကျီလက်စွန်းကို အသာအယာ ဝှေ့ယမ်းကာ ပျံသန်းရေး ဝိညာဥ်လှေကို သိမ်းဆည်းလိုက်ပြီး လျှို့ဝှက်လှသော တောင်ကြားတစ်ခုထဲသို့ ဆင်းသက်လိုက်သည်။
ထို့နောက် သူသည် သိုလှောင်အိတ်ထဲမှ ဝတ်စုံနက်ကြီးတစ်ထည်ကို ထုတ်ယူကာ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်ပြီး မျက်နှာနှင့် ဝိညာဥ်အရှိန်အဝါများကို ဖုံးကွယ်လိုက်ကာ ဟွမ်ရှန်းဂိုဏ်း တပည့်အဆင့်အတန်းကို လုံးဝဥဿုံ ဖုံးကွယ်ပစ်လိုက်သည်။
ခါးကြားတွင်လည်း ဂိုဏ်း၏အမှတ်အသားကျောက်စိမ်းပြားကို မချိတ်တော့ဘဲ သာမန် ကြေးကွင်းအချို့ကိုသာ ချိတ်ထားလိုက်ရာ တစ်
ကိုယ်လုံးသည် ချက်ချင်းပင် သာမန်တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးနှင့် တူသွားခဲ့ပြီး နှုတ်ဆိတ်ကာ အေးစိမ့်နေပြီး မည်သည့် ဇာစ်မြစ်မှ မရှိသကဲ့သို့ ဖြစ်သွားခဲ့သည်။
ချင်းဝူဈေးတန်း။
မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းနှင့် သတ်ဖြတ်ခြင်းများကို တားမြစ်ထားပြီး စည်းကမ်းက အလွန် တင်းကြပ်လှသည်။ သို့သော်လည်း မြို့တံခါးအပြင်ဘက်သို့ ထွက်သွားသည်နှင့် မည်သည့် ထိန်းချုပ်မှုမှ မရှိတော့ဘဲ လူသတ်ပြီး ရတနာလုယူသူများမှာ မနည်းလှချေ။
လုလီက တောင်ကုန်းထက်တွင် ရပ်၍ ဝေးလံသော နေရာကို လှမ်းကြည့်လိုက်ရာ ရှေ့မှောက်ရှိ မြို့တော်အရိပ်ကြီးက ကြီးမားခန့်ညားလှပြီး ဈေးတန်းကြီးက နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်နေကာ မိုင်ပေါင်းများစွာ ရှည်လျားနေသည်ကို တွေ့လိုက်ရသည်။
မြို့လမ်းမထက်တွင် ကျင့်ကြံသူများက မပြတ်တမ်း သွားလာနေကြပြီး အချို့က ဓားပျံကိုစိီးပြီး ကောင်းကင်ကို ဖြတ်သန်းနေကြကာ အချို့ကမူ ဝိညာဥ်ငှက်များနှင့် ထူးဆန်းသော သားရဲများကို စီးနင်းထားကြသဖြင့် အမွှေးအတောင်များ လွင့်ပျံနေပြီး ကျားဟိန်းသံ ငှက်အော်သံများဖြင့် အလွန်ပင် စည်ကားလှသည်။
သူ လမ်းတစ်လျှောက် လာခဲ့စဥ် တွေ့မြင်ခဲ့ရသော ကျင့်ကြံသူများမှာ အမျိုးမျိုး အဖုံဖုံ ရှိကြပြီး ဝတ်စုံများကလည်း ဆန်းကြယ်လှသည်။
ဒါက ဟွမ်ရှန်းဂိုဏ်းအတွင်း မြင်တွေ့ရသောအရာများနှင့် အလွန်ပင် ကွာခြားလှသည်။ ဟွမ်ရှန်းဂိုဏ်းအတွင်း အဆင့်အတန်းက တင်းကြပ်လှပြီး အပြင်စည်းတပည့်က အဝါရောင် ဝတ်စုံ၊ အတွင်းစည်းတပည့်က ဖြူစင်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ရသည်။ ဤနေရာကျမှသာ လူသားလောက၏ အမျိုးမျိုးသော အခြေအနေများကို တကယ်တမ်း မြင်တွေ့ရခြင်း ဖြစ်သည်။
မြို့တံခါးအပြင်ဘက်တွင် လူအုပ်ကြီးက တန်းစီ၍ မြို့ထဲသို့ ဝင်ရောက်နေကြပြီး အစောင့်များက သေချာစွာ စောင့်ကြပ်နေသော်လည်း အခြေအနေကမူ ရှုပ်ရှက်ခက်နေခြင်း မရှိချေ။
လုလီသည်လည်း လူအုပ်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်ရာ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအချို့ ပို၍ ပါဝင်လာခဲ့သည်။
"ဟဲဟဲ... ညီလေး၊ ချင်းဝူဈေးတန်းကို ပထမဆုံးအကြိမ် လာတာလား"
ဘေးဘက်မှ ရုတ်တရက် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
စကားပြောလိုက်သူမှာ အင်္ကျီစိမ်းဝတ် အဖိုးအိုတစ်ဦး ဖြစ်ပြီး မျက်နှာတွင် တွန့်လိမ်မှုများ ရှိနေသော်လည်း မျက်လုံးများကမူ အလွန်ပင် လိမ္မာပါးနပ်လှကာ ကျင့်ကြံခြင်းအဆင့်မှာ ချီစုဆောင်းခြင်းအဆင့် (၅) ခန့် ရှိသည်။
လုလီ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် "ဟုတ်ပါတယ်၊ ပထမဆုံးအကြိမ်ပါပဲ"
"ဟားဟား... ငါ ထင်သားပဲ" အဖိုးအိုက ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကြည့်ရတာ ညီလေးက အသက်ငယ်ငယ်နဲ့ အရှိန်အဝါက မသေးလှဘူး၊ သေချာပေါက် သာမန် တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ဘူးပဲ။ ချင်းဝူဈေးတန်းအတွင်းက လေလံပွဲအတွက် လာတာ မဟုတ်လား"
လုလီ ပြန်မဖြေဘဲ မျက်နှာအမူအရာက အနည်းငယ် လှုပ်ခါသွားခဲ့သည်။
အဖိုးအိုက အနီးသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည် "ကြားတာတော့ ဒီအကြိမ်မှာ 'ပင်လယ်နက်ငါးမန်းကြီး' ရဲ့ ဝိညာဥ်အမြုတေတစ်ခုကို ထုတ်ရောင်းမလို့ တဲ့၊ ဒါက အလွန် ရှားပါးတာ"
လုလီ စိတ်ထဲမှ ပြင်းထန်စွာ လှုပ်ရှားသွားခဲ့သည်။
လုလီသည် တစ်ခါက ဂိုဏ်း၏ စာကြည့်တိုက် ထဲတွင် အနတ္တကုန်းမြေကြီး၏မြေပုံကို မြင်တွေ့ဖူးသည်။
မြေပုံပေါ်တွင် အနတ္တကုန်းမြေကြီး၏ပုံသဏ္ဌာန်ကို ရေးဆွဲထားပြီး ဗဟိုတွင် နဂါးကြောကဲ့သို့ တောင်တန်းကြီးများ တွန့်လိမ်နေကာ မြစ်ချောင်းများ ဝိုင်းရံထားသည်။ ထို့အပြင် ကုန်းမြေကြီးတစ်ခုလုံးသည် အဆုံးမရှိသော ပင်လယ်ပြင်ကြီးတစ်ခု၏ ထက်တွင် တည်ရှိနေခြင်း ဖြစ်သည်။
ဟွမ်ရှန်းဂိုဏ်း တည်ရှိရာ နေရာမှာမူ အတွင်းပိုင်း၏ မြောက်ဘက် အစွန်းလေးသာ ဖြစ်သဖြင့် လေးဘက်လေးတန်လုံး မြေပြင်များ ဖြစ်ကာ ပုံမှန်အားဖြင့် ပင်လယ်ပြင်ကို မြင်တွေ့ရခဲလှသည်။ သို့သော် ထိုပင်လယ်နက်ငါးမန်းကြီးမှာမူ အလွန် နက်ရှိုင်းပြီး ဝေးလံလှသော ပင်လယ်ပြင်ကြီးထဲတွင် ရှင်သန်နေခြင်း ဖြစ်သည်။
ထိုပင်လယ်ပြင်ကြီးကို စာအုပ်ဟောင်းများထဲတွင် "ကောင်းကင်ပြင်ပပင်လယ်" ဟု ခေါ်ဆိုကြပြီး ကျယ်ပြောလှကာ အန္တရာယ်များပြားလှပြီး သားရဲကြီးများ ဗိုလ်ကျစိုးမိုးနေသဖြင့် သာမန် ကျင့်ကြံသူများမှာ လုံးဝ မသွားရဲကြချေ။
အတွေးများ လည်ပတ်နေစဥ်မှာပင် ထိုအဖိုးအိုက ဆက်လက်၍ ပြုံးကာ စကားဆိုလာသည်ကို ကြားလိုက်ရသည်။
"ဒါပေမဲ့ ငါတို့လို လူမျိုးကတော့ ဒီလိုရတနာတွေရဲ့ လေလံပွဲမှာ ပါဝင်ဖို့ အရည်အချင်း မရှိပါဘူး၊ တစ်ချက်ကြည့်ဖို့တောင် ခက်ခဲလှတယ်။ ဒီကို လာတာက မျက်စိပွင့်ဖို့နဲ့ ဗဟုသုတ ရှာဖွေဖို့တင်ပါပဲ"
သူက နှုတ်ခမ်းကို သုတ်လိုက်ရင်း မျက်လုံးထဲတွင်မူ မကျေနပ်မှုများနှင့် တောင့်တမှုအချို့ ပါဝင်နေဆဲ ဖြစ်သည်။
"ဒါပေမဲ့ ချင်းဝူလေလံပွဲရဲ့ သတ်မှတ်ချက်က မြင့်မားလှပေမဲ့ အဓိကပွဲမစခင်မှာ လေလံပွဲငယ်လေးတွေ အမြဲတမ်း ရှိတတ်တယ်၊ ကံကောင်းရင်တော့ တကယ့်ကို ရတနာကောင်းတစ်ခုခု လှမ်းပြီး ကောက်ရနိုင်တာပေါ့"
သူက ပြောရင်းနှင့် လုလီကို ထပ်မံ ကြည့်လိုက်ရာ ပြုံးစိစိဖြင့် "ညီလေးရဲ့ အသက်ရှူသံက တည်ငြိမ်တယ် ညီလေးကိုယ်တိုင်ကလည်း ပစ္စည်းကောင်းတစ်ခုခု ရှာဖွေဖို့ လာတာ မဟုတ်လား"
လုလီ ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေချေ။
ထိုအဖိုးအိုသည် စိတ်အားထက်သန်ပုံရသော်လည်း စင်စစ်အားဖြင့် စကားလုံးများကြားတွင် စုံစမ်းလိုမှုများပြားလှပြီး ရံဖန်ရံခါတွင် လာရသည့် အကြောင်းရင်း၊ ဇာစ်မြစ်နှင့် ကျင့်ကြံခြင်းအဆင့်များကို ပတ်၍ မေးမြန်းနေခဲ့သည်။ လုလီ စိတ်ထဲမှ ကြိုတင်၍ သတိထားနေခဲ့သဖြင့် သာမန် စကားအချို့သာ ပြန်လည် တုံ့ပြန်လိုက်ပြီး သူ့ကို ထပ်မံ ဂရုမစိုက်တော့ချေ။
"မြို့ပြင်မှာတင် ဒီလိုမျိုး ဖြစ်နေရင် မြို့ထဲမှာတော့ ပိုပြီး စည်ကားမှာ သေချာတယ်"
သူ မျက်နှာအမူအရာမပျက်ဘဲ အဘိုးအိုကို တစ်ချက် ကြည့်လိုက်ပြီး ငြိမ်သက်စွာ ရှေ့သို့ လျှောက်လှမ်းခဲ့သည်။
မကြာမီမှာပင် လူအုပ်ကြီးက မြို့တံတိုင်းရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ချင်းဝူဈေးတန်းသို့ ဝင်ရောက်ရန်အတွက် အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး ဆယ်တုံး ပေးဆောင်ရမည် ဖြစ်ရာ ဒါဟာ နည်းလှသည်တော့ မဟုတ်ချေ။
ဟွမ်ရှန်းဂိုဏ်း၏ အပြင်စည်းတပည့်တစ်ဦး၏ တစ်လစာထောက်ပံ့ကြေးမှာဝိညာဥ်ကျောက်တုံး တစ်ရာသာ ရှိသဖြင့် မြို့ထဲသို့ တစ်ခါဝင်ရုံဖြင့် တစ်လစာ၏ ဆယ်ပုံတစ်ပုံ ကုန်ဆုံးသွားခြင်း ဖြစ်သည်။ သာမန် ကျင့်ကြံသူများအတွက်မူ ဒါဟာ ကြီးမားသော ကုန်ကျစရိတ် ဖြစ်ပေလိမ့်မည်။
လုလီ၏ မျက်လုံးများက အနည်းငယ် ကျုံ့သွားခဲ့ပြီး စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်မိသည်။
"ဒီချင်းဝူဈေးတန်းက တကယ်ပဲ စီးပွားရေး လုပ်တတ်တာပဲ ကိုယ်တိုင်က ငွေသုံးရမယ့် နေရာဖြစ်တာတောင် မြို့ထဲဝင်ဖို့ ဝိညာဥ်ကျောက်တုံး ပေးဆောင်ရသေးတယ်... တကယ့်ကို အကွက်ကျကျ စီမံထားတာပဲ"
သူက ဝိညာဥ်ကျောက်တုံး ဆယ်တုံးကို ထုတ်ယူကာ မြို့စောင့်ထံသို့ ပေးအပ်လိုက်ပြီးနောက် မြို့ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လိုက်သည်။
မြို့ထဲသို့ စတင် ဝင်ရောက်လိုက်သည်နှင့် နားထဲတွင် ဆူညံလှသော အော်ဟစ်သံများက ချက်ချင်း ဝိုင်းရံသွားတော့သည်။
လမ်းမဝဲယာတွင် ဆိုင်ခန်းများ စီတန်းနေပြီး အော်ဟစ်ရောင်းချသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ဆိုင်တင်ထားသူများထဲတွင် ဂိုဏ်းအသီးသီး၏ ဝတ်စုံများကို ဝတ်ဆင်ထားသူများလည်း မနည်းလှဘဲ ဝိညာဥ်ဆေးပင်၊ ဆန်းကြယ်သော ရတနာများ၊ အဆင့်နိမ့်ဝိညာဥ်လက်နက်များ၊ သားရဲကြီးများ၏ ဝိညာဥ်အမြုတေ၊ ခန္ဓာကိုယ်ကျင့်ကြံခြင်း အရိုးတွင်းခြင်ဆီ... ထို့အပြင် အစီအရင် မြေပုံများ၊ ကျင့်စဥ်အကြွင်းအကျန်များ စသည်ဖြင့် စုံလင်စွာ ရှိနေသည်။
ဟွမ်ရှန်းဂိုဏ်းအတွင်းရှိ တည်ကြည်ပြီး စည်းကမ်းကြီးလှသော အခြေအနေနှင့် လုံးဝဥဿုံ ကွာခြားလှသဖြင့် ဤနေရာကျမှသာ ကျင့်ကြံခြင်းလောက၏ အမျိုးမျိုးသော အခြေအနေများကို တကယ်တမ်း ပြသနေခြင်း ဖြစ်သည်။
အချို့လူများက မြေခွေးသားရေဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် အရိုးခေါင်းလောင်းများကို ချိတ်ဆွဲကာ ပါးစပ်က ရွတ်ဆိုနေကြသလို အချို့ကမူ ခြေဗလာဖြင့် သံခမောက်ဆောင်းကာ လက်ထဲတွင် သားရဲခေါင်းကို ကိုင်ဆောင်၍ ပြုံးကာ အော်ဟစ်ရောင်းချနေကြသည်။
ဤကဲ့သို့ စည်ကားလှသောအရာများကြားတွင် လုလီ၏ မျက်လုံးများကမူ တည်ငြိမ်လှပြီး အမူအရာမပျက်ဘဲ ရှိနေသည်။
ဤဆိုင်ခန်းများက စည်ကားလှသော်လည်း အများစုမှာ လေလံပွဲမှ စီးဆင်းလာသော ပစ္စည်းများသာ ဖြစ်ကြောင်း သူ သိသည်။ တကယ့် အဓိကပွဲကြီးမှာမူ အတွင်းရှိ လေလံခန်းမကြီး အတွင်း၌သာ ရှိသည်။
သို့သော်လည်း ဤသို့ဖြစ်လင့်ကစား သူ၏ ခြေလှမ်းများကမူ ဆိုင်ခန်းတစ်ခု၏ ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဒါက မီးခိုးရောင် သားရဲသားရေ ခင်းထားသော ဆိုင်ကွက်လေး တစ်ကွက် ဖြစ်ပြီး အပေါ်တွင် အရောင်အသွေး စုံလင်လှသော သေးငယ်သည့် ကျောက်စိမ်းပြား ဆယ်ဂဏန်းခန့်၊ အဆောင်ကျောက်စိမ်းပြားများနှင့် သံချေးတက်နေသော ဓားတို သုံးငါးလက်တို့ ရှိနေသည်။
လုလီ မျက်လုံးကို အနည်းငယ် မှေးလိုက်မိသည်။
"အပေါ်ယံကြည့်ရင် မထင်ရှားပေမဲ့ ဒီဆိုင်ပေါ်က ကျောက်စိမ်းပြားတွေက... နှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ အငွေ့အသက် ရှိနေတယ်"
သူ့စိတ်ထဲမှ အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းငုံ့၍ ဆောင့်ကြောင့်ထိုင်
လိုက်ကာ သေချာစွာ လှန်လှောကြည့်ရှုရန် ပြင်ဆင်လိုက်သည်။