← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

📝အပိုင်း - ၃၁ အမှောင်ဓားသွားမန္တန်

ဘာသာပြန် - Na Gar🐉

အတွင်းစည်းမှ ပြန်လာပြီးနောက် လုလီသည် ဝိညာဥ်လယ်မြေသို့ ချက်ချင်းပြန်မသွားတော့ပေ။

ရာသီတိုင်း၏ ဝိညာဥ်စပါးစိုက်ပျိုးမှု့တွင်တရာသီပြီးတိုင်း လဝက်ခန့် အားလပ်ချိန် အမြဲရှိလေ့ရှိပြီး ၎င်းမှာ ဂိုဏ်းအတွင်း သတ်မှတ်ထားသော အနားယူချိန်ဖြစ်သည်။ ဤနေ့ရက်များတွင် လူအများစုမှာ ကျင့်ကြံကြခြင်း သို့မဟုတ် မိမိတို့တောင်ထွတ်အတွင်း သွားလာနေကြခြင်းများ ပြုလုပ်ကြသော်လည်း လုလီမှာမူ ပြန်ရန် အစီအစဥ်မရှိပေ။

လျိုတာ့ပါးဘက်မှ သူ့ကို စောင့်ကြည့်နေမည်ကို သူ ရှင်းလင်းစွာ သိထားသည်။

ဤရာသီတွင် သူ ဝိညာဥ်ဆန်အထွက်နှုန်း ပထမရခြင်းမှာ ကျားပါးစပ်မှ အသားလုယူလိုက်သကဲ့သို့ပင်။ အကယ်၍ ယခုပြန်သွားပါက တစ်စုံတစ်ယောက်က ပြဿနာရှာရန် အမြန်ရောက်လာမည်မှာ သေချာသည်။ အထင်အရှားဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ သူတို့က ဓားသွေးထားကြပေလိမ့်မည်။

သူသည် ထိုပြဿနာများထဲသို့ ယာယီမဝင်ချင်သေးပေ။ ထို့ကြောင့် ဤနှစ်

ပတ်တာကာလကို ကွေ့ယွမ်တောင်ထွတ်တွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

ကွေ့ယွမ်နန်းဆောင်သည် ပင်မတောင်ထွတ်၏ တောင်ခါးပန်းတွင် တည်ရှိပြီး တောင်တန်းများ ဝန်းရံထားကာ မြူခိုးများ ဖုံးလွှမ်းနေသည်။ ဖြူလွှသော ကျောက်လှေကားထစ်များသည် တိမ်ပင်လယ်ထဲမှ လိမ်တက်သွားပြီး အဆုံးတွင် ထိုစာကြည့်တိုက်ကြီး ရှိနေသည်။

အနီရောင်တိုင်လုံးကြီးများနှင့် ခန့်ညားသော ခေါင်မိုးများ၊ ထောင့်လေးထောင့်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းသံများမှာ လေတိုးတိုင်း တချွင်ချွင်မြည်နေသည်။ နံနက်ခင်းအလင်းရောင်အောက်တွင် အဆောက်အအုံတစ်ခုလုံးမှာ ဝိညာဥ်ချီများဖြင့် တောက်ပနေပြီး အလွန်ခန့်ညားလှသည်။

ယခုအချိန်တွင် တံခါးကြီးမှာ ပွင့်နေပြီး ကျင့်ကြံသူများစွာ သွားလာနေကြသည်။

အဝါရောင်ဝတ်စုံနှင့် အပြင်စည်းတပည့်များ၊ အဖြူရောင်ဝတ်စုံနှင့် အတွင်းစည်းတပည့်များ ရှိနေကြပြီး တစ်ခါတစ်ရံ ခရမ်းရောင်ဝတ်စုံနှင့် တာဝန်ခံတပည့်များမှာ တံခါးရှေ့တွင် တည်ကြည်စွာ ရပ်နေတတ်ကြသည်။ လူများသော်လည်း စနစ်တကျရှိလှပြီး ဝိညာဥ်ချီများ စီးဆင်းနေသည့်ကြားတွင် အေးချမ်းတည်ငြိမ်သော အငွေ့အသက်တစ်ခု ရှိနေသည်။

လုလီသည် လှေကားထစ်ရှေ့တွင် ရပ်ကာ ခေတ္တမျှ မော့ကြည့်နေမိသည်။ သူ ဤနေရာသို့ လာခဲလှသည်။ ဝိညာဥ်ဆေးဥယာဥ်မှာ ကွေ့ယွမ်တောင်ထွတ်နှင့် အလွန်ဝေးသဖြင့် သွားလာရသည်မှာ အဆင်မပြေလှပေ။ ယခုမှသာ အချိန်ပိုရသဖြင့် စုဆောင်းထားသော ဂိုဏ်းအကျိုးပြုမှတ်များဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် ပညာရပ်တစ်ခုကို လာရောက်ရှာဖွေခြင်း ဖြစ်သည်။ အနည်းဆုံးတော့ အစစ်အမှန် ခြိမ်းခြောက်မှုနှင့် ကြုံလာရပါက လက်ဗလာနှင့် မဖြစ်စေရန်အတွက်ပင်။

သူသည် ကွေ့ယွမ်နန်းဆောင်၏ ပထမထပ်သို့ ဖြည်းဖြည်းချင်း လှမ်းဝင်လိုက်သည်။

ဤတစ်ထပ်လုံးမှာ အဝါရောင်အဆင့် ပညာရပ်များ ဖြစ်သည်။ စာအုပ်စင် ရာပေါင်းများစွာမှာ တောအုပ်တစ်ခုအလား စီတန်းနေပြီး စာလိပ်များနှင့် ကျောက်စိမ်းပြားများကို အမျိုးအစားအလိုက် စနစ်တကျ ထားရှိထားသည်။ ကျောက်စိမ်းပြားတိုင်းတွင် ဝိညာဥ်အမှတ်အသားများဖြင့် အလင်းဖျော့ဖျော့ ထွက်နေပြီး အနားသို့ ချဉ်းကပ်လိုက်ပါက ၎င်း၏ ဓာတ်သဘာဝကို ခံစားသိရှိနိုင်သည်။

အဝါရောင်အဆင့် ပညာရပ်များကို အဆင့်နိမ့် ၊ အလယ်အလတ် နှင့် အဆင့်မြင့်ဟူ၍ သုံးမျိုးခွဲခြားထားသည်။

အဆင့်နိမ့်ပညာရပ်များမှာ များသောအားဖြင့် ဝိညာဥ်လယ်ယာသုံးများဖြစ်သည့် မျိုးစေ့ရှင်သန်စေခြင်း၊ မိုးရွာစေခြင်း၊ မြေပြုပြင်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့မှာ သူ ယခင်က သင်ယူခဲ့သော မိုးတိမ်ငယ်မန္တန် နှင့် မြေနဂါးသွေးကြောမန္တန်တို့ကဲ့သို့ ဖြစ်သည်။ အလယ်အလတ်အဆင့်မှာမူ တိုက်ခိုက်ရေးတွင် အသင့်အတင့် အသုံးပြုနိုင်ပြီး မီး၊ ရေ၊ လေ၊ သံ ပညာရပ်များ ဖြစ်ကြသည်။ အဆင့်မြင့်အဆင့်မှာမူ အလွန်သန့်စင်ပြီး ဈေးနှုန်းမှာ ဂိုဏ်းအကျိုးပြုမှတ် (၃၀၀) မှ စတင်လေ့ရှိကာ အချို့မှာ ဝိညာဥ်ကျောက်တုံးပါ ထပ်ဆောင်းပေးရတတ်သည်။

လုလီသည် လက်ထဲမှ ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။

ဂိုဏ်းအကျိုးပြုမှတ်(၃၀၀)။

ဤသုံးလအတွင်း သူ စုဆောင်းထားသမျှ အားလုံးပင် ဖြစ်သည်။

"တစ်ခုပဲ လဲလို့ရမယ်" သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

ချိုးယွဲ့မှာမူ တိတ်ဆိတ်နေဆဲပင်။ သူမသည် ဤကဲ့သို့သော အပြင်ပန်းပစ္စည်းများကို စိတ်မဝင်စားပေ၊ အထူးသဖြင့် အဝါရောင်အဆင့် ပညာရပ်များကို ပို၍ပင်စိတ်မဝင်စားပေ။

"ဒါပေမဲ့လည်း မဆိုးပါဘူး" လုလီ အသက်ပြင်းပြင်းတစ်ချက်ရှူကာ ကျောက်စိမ်းပြားများကြားတွင် အကြည့်ကို လှည့်ပတ်လိုက်သည် "ငါ့မှာ အခုလိုနေတာက သင့်တော်တဲ့ တိုက်ခိုက်ရေးပညာရပ်တစ်ခုပဲ"

သူက ကျောက်စိမ်းပြားတစ်ခုကို လက်ဖျားဖြင့် ထိကြည့်လိုက်သည်။

သူ အကြာကြီး မရပ်တန့်ခဲ့ပေ။

"လှနေရုံနဲ့ မပြီးဘူး"

"ငါ့မှာ ကျင့်ကြံမှု့လည်း နိမ့်တယ်၊ ဝိညာဥ်လက်နက်လည်း မရှိဘူး၊ ရန်သူကို အနိုင်ယူနိုင်ဖို့က မန္တန်ပညာကိုပဲ အားကိုးရမယ်"

"ဒါကြောင့် ငါနဲ့ အသင့်တော်ဆုံးကိုပဲ ရွေးရမယ်"

သူက ပညာရပ်အမည်များကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ကြည့်ရှုနေသည်။

မကြာမီ လုလီသည် အလင်းမီးတောက်မန္တန် ဟုခေါ်သော ကျောက်စိမ်းပြားရှေ့တွင် ရပ်လိုက်သည်။ ၎င်းကို ယူ၍ စမ်းသပ်ကြည့်လိုက်ရာ မီးဓာတ်၊ အဝေးပစ် တိုက်ခိုက်ရခြင်း ဖြစ်ပြီး အောင်မြင်ပါက ရန်သူကို မီးတောက်ဖြင့် တိုက်ခိုက်နိုင်သည်။ ထိုမီးမှာ သာမန်မီးမဟုတ်ဘဲ ဝိညာဥ်စွမ်းအားနှင့် ထိတွေ့ပါက ဆီထဲသို့ စက္ကူရောက်သွားသကဲ့သို့ ပျံ့နှံ့လောင်ကျွမ်းစေသဖြင့် ငြိမ်းသတ်ရန် အလွန်ခက်ခဲသည်။

"မဆိုးဘူး"

လုလီ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ချက်ချင်းမရွေးချယ်သေးပေ။

ဤပညာရပ်မှာ ခမ်းနားထည်ဝါပြီး စစ်မှန်သော ရန်သူကာကွယ်နည်း ဖြစ်သည်။ သူ့အတွက် ဤကဲ့သို့သော နည်းလမ်းမျိုး လိုအပ်သည်။ အခွင့်အရေး တစ်ကြိမ်သာ ရလျှင်ပင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန်အတွက် ဖြစ်သည်။

သူ စဉ်းစားနေစဉ်မှာပင် သူ၏ အသိစိတ်ထဲမှ ရင်းနှီးနေသော လှောင်ရယ်သံ ထွက်ပေါ်လာသည်။

"ဟင်း... တကယ် တိုက်ခိုက်ရတော့မယ်ဆိုရင် နင်က ဒီလို တောက်တောက်ပပ အကွက်တွေနဲ့ လူကို သွားတိုက်မလို့လား"

ချိုးယွဲ့၏ အသံတွင် လှောင်ပြောင်ရိပ်များ ပြည့်နှက်နေသည်။

"တစ်ဖက်လူက ဒီအတိုင်း ငြိမ်ရပ်နေမယ်လို့ နင်ထင်နေတာလား နင့်လက်ထဲမှာ မီးတောက်တွေ တောက်လာတာကို အဝေးက မြင်တာနဲ့ သူတို့က ထွက်ပြေးသွားမှာပေါ့"

လုလီ၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူမပြောသည်မှာ မှန်သည်။ ပညာရပ်က ဘယ်လောက်ပဲ အားကောင်းပါစေ၊ အစပြုတာ သိသာလွန်းပြီး နှေးကွေးနေပါက "ငါလာနေပြီ" ဟု တစ်ဖက်လူကို အသိပေးနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။

"ဒါဆို မင်းအမြင်မှာ ဘယ်လိုပညာရပ်မျိုးက ကောင်းတာလဲ" သူက ပြန်မေးရင်း ထိုကျောက်စိမ်းပြားကို ပြန်ထားလိုက်သည်။

ချိုးယွဲ့က အေးအေးလူလူ ဖြင့် "ပညာရပ်ဆိုတာ ကောက်ကျစ်ရမယ် ပိုပြီး ကောက်ကျစ်လေ ပိုကောင်းလေပဲ။ ထုတ်လိုက်တာနဲ့ ပြတ်သားရမယ်၊ ရက်စက်ရမယ်၊ လူသတ်နိုင်ရမယ်၊ အဲဒါမှ ပညာရပ်ပဲ"

လုလီ နှာခေါင်းရှုံ့လိုက်သော်လည်း မငြင်းခဲ့ပေ။ တစ်ဖက်လူမှာ ယခင်က ပါရမီရှင်များထဲမှ ပါရမီရှင် တစ်ဦးဖြစ်ခဲ့ဖူးရာ အတွေ့အကြုံနှင့် လက်တွေ့တိုက်ပွဲတွင် သူက လုံးဝ မယှဉ်နိုင်ပေ။

သူက စာအုပ်စင်များကြားတွင် ဆက်လက်ရှာဖွေလိုက်သည်။ ချက်ချင်းမရွေးသေးပေ။

နောက်ဆုံးတွင် ထောင့်တစ်နေရာရှိ အရောင်မှိန်နေသော ကျောက်စိမ်းပြားတစ်ခုကို သတိပြုမိသွားသည်။ ၎င်းကို ယူ၍ အသိစိတ်အာရုံသွင်းကြည့်လိုက်ရာ အမည်သုံးလုံး ပေါ်လာသည် အမှောင်ဓားသွားမန္တန် ။

အဝါရောင်အဆင့် အလယ်အလတ်ပညာရပ် ဖြစ်ပြီး ဈေးနှုန်းမှာ ဂိုဏ်းအကျိုးပြုမှတ် (၂၉၀) ဖြစ်သည်။

မှတ်တမ်းတွင် အသေးစိတ် မပါရှိသော်လည်း အဓိကအချက်မှာ ရှင်းလင်းလှသည်။

ချက်ချင်းထုတ်လွှတ်နိုင်ခြင်း ၊ လျှို့ဝှက်ခြင်း ၊ လုပ်ကြံသတ်ဖြတ်ခြင်း။

၎င်းမှာ အလင်းမီးတောက်မန္တန် ကဲ့သို့ သိသာခြင်းမရှိဘဲ တတ်မြောက်သွားပါက အချက်ပြမှု လုံးဝမရှိဘဲ လက်ချောင်းများကြားတွင် အလွန်သေးငယ်ပြီး မြန်ဆန်သော အနက်ရောင်ဓားသွားတစ်ခုကို ဖန်တီးကာ အသံတိတ် ပစ်လွှတ်နိုင်သည်။

လုလီ၏ အကြည့်များ တည်ကြည်သွားသည်။

"ဒါက... တစ်ခုခုတော့ ဖြစ်နိုင်တယ်"

သူ ချက်ချင်း မဆုံးဖြတ်သေးဘဲ ကျောက်စိမ်းပြား၏ ဝိညာဥ်ချီ လှုပ်ခတ်မှုကို သေသေချာချာ ခံစားကြည့်ရာ ဤပညာရပ်မှာ ဝိညာဥ်ချီ ထိန်းချုပ်မှု့အပေါ် အလွန်မြင့်မားစွာ တောင်းဆိုထားသည်ကို တွေ့ရသည်။ အထူးသဖြင့် ဝိညာဥ်ချီ အရှိန်အဝါကို ဖိနှိပ်ထားနိုင်ပြီး တိကျစွာ ထိန်းချုပ်နိုင်မှသာ အသံတိတ်ပြီး ပုံရိပ်ပျောက်စေနိုင်မည် ဖြစ်သည်။

"ငါ့ကျင့်ကြံမှုက နိမ့်သလို ဝိညာဥ်စွမ်းအားကလည်း အများကြီး မဟုတ်ဘူး၊ တကယ်တိုက်ရရင် အခွင့်အရေးက တစ်ကြိမ်ပဲ ရှိမယ်"

"တစ်ကြိမ်ပဲ ရှိမယ်ဆိုရင်တော့ ကာကွယ်ရအခက်ဆုံး တစ်ခုပဲ ဖြစ်ရမယ်"

သူ စိတ်ထဲတွင် ရေရွတ်ရင်း ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ချိုးယွဲ့ထပ်မံ အသံထွက်မလာတော့ပေ၊ ၎င်းမှာ ဤရွေးချယ်မှုကို သဘောတူသည့် သဘောပင်။ သူမသည် တည့်ပြောတတ်သူ ဖြစ်သော်လည်း တစ်ခုခုကို ဂရုမစိုက်တော့ပါက စိတ်မဝင်စားသည့်သဘော ဖြစ်သည်။ ယခု စကားအနည်းငယ် ပြောပေးသည်မှာ ဤပညာရပ်သည် သူမမျက်စိထဲတွင် အနည်းဆုံးတော့ အဆင့်တစ်ခု ရှိနေ၍ ဖြစ်သည်။

လုလီက အမှောင်ဓားသွားမန္တန် ကို ယူ၍ ကောင်တာရှေ့သို့ သွားခဲ့သည်။ ဤတစ်ခုကို သူ လောင်းကြေးထပ်လိုက်ပြီ။

ထိုအချိန်တွင် လူဆယ်ဂဏန်းခန့် တန်းစီနေကြသည်။ အများစုမှာ အပြင်စည်းပည့်များဖြစ်ပြီး ကျောက်စိမ်းပြားများကို ကိုင်ကာ တိုးတိုးတိုးတိုး စကားပြောနေကြသည်။ အချို့မှာ ဝမ်းသာနေကြသော်လည်း အချို့မှာမူ မျက်မှောင်ကြုတ်နေကြပြီး အားလုံးမှာ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ် ဖြစ်ကြသည်။

ကွေ့ယွမ်နန်းဆောင်၏ ပုံတူပွါးခြင်း လုပ်ငန်းစဥ်မှာ မရှုပ်ထွေးလှပေ။ ပညာရပ်ကို လဲလှယ်ပြီးနောက် တာဝန်ခံက အထူးကျောက်စိမ်းပြားဖြင့် ပုံတူတစ်ခု ကူးပေးမည်ဖြစ်ကာ ၎င်းကို တစ်ကြိမ်သာ သင်ယူခွင့်ရှိပြီး သင်ယူပြီးပါက ကွဲကြေသွားမည် ဖြစ်သည်။ ထို့အပြင် ကျောက်စိမ်းပြားတိုင်းတွင် ဝိညာဥ်အမှတ်အသားများ ပါရှိသဖြင့် တခြားသူကို ပေးကမ်းခြင်း သို့မဟုတ် ပြန်လည်ကူးယူခြင်း လုံးဝပြုလုပ်၍ မရပေ။ ၎င်းမှာ ဂိုဏ်း၏ ပညာရပ်များအပေါ် ထားရှိသော စည်းကမ်းပင် ဖြစ်သည်။

လုလီ၏ အလှည့်ရောက်သောအခါ မျက်ခုံးဖြူနှင့် အဖိုးအိုတစ်ဦးက ကျောက်စားပွဲနောက်တွင် ထိုင်နေပြီး ကျောက်စိမ်းပြားကို လက်ဖြင့် ဖိလိုက်ရာ အလင်းရောင် အနည်းငယ် ထွက်ပေါ်လာသည်။

ထိုအဖိုးအိုသည် လုလီလက်ထဲမှ မှောင်မှိုင်နေသော အမှောင်ဓားသွားမန္တန်ကို မြင်သောအခါ မျက်ခုံး အနည်းငယ် ပင့်သွားပြီး အံ့ဩဟန်ဖြင့် ပြောသည်။

"ဒီပညာရပ်ကို ရွေးတဲ့သူ... သိပ်မရှိဘူး"

သူက လုလီကို မော့ကြည့်ပြီး "မင်းက အသက်ငယ်သေးတယ်၊ ဒီပညာရပ်က ဝိညာဥ်ချီ ထိန်းချုပ်မှုအပေါ် အရမ်းမြင့်မားတဲ့ တောင်းဆိုချက် ရှိတယ်၊ နည်းနည်းလေး လွဲတာနဲ့ အစွမ်းက ကျသွားလိမ့်မယ်၊ သင်ရတာ မလွယ်ဘူးနော်"

လုလီ လက်အသီးစုပ်လိုက်ပြီး "အကြီးအကဲရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဉာဏ်နည်းတာကို သိပါတယ်၊ ဒါပေမဲ့ ဆုံးဖြတ်ပြီးပြီဆိုတော့ စမ်းကြည့်ချင်ပါတယ်"

သူ၏ လေသံမှာ တည်ငြိမ်လှသည်။ စိတ်အားထက်သန်မှုလည်း မဟုတ်၊ ကြွားဝါမှုလည်း မဟုတ်ဘဲ တည်ငြိမ်သော ခိုင်မာမှုတစ်ခုသာ ဖြစ်သည်။

အဖိုးအိုသည် သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ဘာမှထပ်မပြောတော့ဘဲ ပုံတူပွါးထားသော ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။

"တတ်မြောက်မလား မတတ်မြောက်ဘူးလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"

လုလီ ကျောက်စိမ်းပြားကို လက်ခံယူကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

ကွေ့ယွမ်နန်းဆောင်မှ ထွက်လာပြီးနောက် သူက ခြေလှမ်းမရပ်ဘဲ တောင်ပတ်လမ်းအတိုင်း အမြန်လျှောက်လာခဲ့ရာ ဂိုဏ်းမှ အပြင်စည်းတပည့်များအတွက် ပေးထားသော အခန်းငယ်လေးသို့ မကြာမီ ပြန်ရောက်လာသည်။

ဤနေရာမှာ တောင်စောင်းနှင့် နီးသဖြင့် အကျယ်အဝန်း မကြီးမားသော်လည်း တိတ်ဆိတ်ငြိမ်သက်လှသည်။ သူ ဂိုဏ်းထဲဝင်သည်မှာ သုံးလရှိပြီဖြစ်သော်လည်း ဝိညာဥ်လယ်မြေမှာပဲ အမြဲနေခဲ့သဖြင့် ဤအခန်းသို့ လာခဲလှသည်။

ယခု ညနေစောင်းနေပြီဖြစ်ရာ ဝင်းအတွင်း၌ အလွန်စည်ကားနေသည်။အပြင်စည်းတပည့်များစွာမှာ နေ့စဉ်အလုပ်များ ပြီးဆုံးသွားသဖြင့် အချို့က ဝရန်တာတွင် ထိုင်နေကြပြီး အချို့က ကွင်းပြင်တွင် ပညာရပ်များကို လေ့ကျင့်နေကြသည်။

လုလီ ဝင်လာသည်နှင့် အကြည့်အချို့ ရောက်ရှိလာသည်။

"အဲဒါ ဘယ်သူလဲ"

"မြင်ဖူးသလိုလိုတော့ မရှိဘူး... ဝိညာဥ်ဆေးဥယာဥ်က တပည့်လား၊ များသောအားဖြင့် လယ်မြေမှာပဲ နေကြတာ မဟုတ်လား"

အချို့က တိုးတိုးလေး ခန့်မှန်းနေကြသည်။ လုလီကတော့ ဂရုမစိုက်ဘဲ လူအုပ်ကြားမှ ဖြတ်ကာ ကြာမြင့်စွာ မနေဖြစ်ခဲ့သော အခန်းလေးထဲသို့ ပြန်ဝင်လာခဲ့သည်။ အခန်းထဲတွင် ဖုန်များစွာ ရှိနေပြီး ထောင့်များတွင် ပင့်ကူအိမ်အချို့ ရှိနေသည်။

သို့သော် လုလီ ဂရုမစိုက်ပေ။ သူသည် တံခါးကို ပိတ်ကာ နံရံကိုမှီ၍ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ လက်ထဲမှ နွေးထွေးနေဆဲဖြစ်သော

အမှောင်ဓားသွားမန္တန် ကျောက်စိမ်းပြားကို ပွတ်သပ်နေမိသည်။

"ဝိညာဥ်ချီ ထန်းချုပ်မှု့မြင့်ရမယ် ဟုတ်လား"

သူသည် ခုနက အဖိုးအို၏ စကားကို တိုးတိုးလေး ပြန်ရေရွတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"စမ်းကြည့်ရအောင်"

"ဘာပဲဖြစ်ဖြစ် ရွေးပြီးသွားပြီပဲ"

📝အပိုင်း - ၃၂ ဝိညာဥ်ဆန်ချက်ပြုတ်ခြင်း

ဘာသာပြန် - Na Gar🐉

တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီ။

အခန်းတွင်း၌ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် နံနက်ခင်းအလင်းရောင် မှိန်ပျပျထွက်ပေါ်နေပြီး အဝေးမှ တောင်တန်းတိမ်ပင်လယ်ကြားတွင် ငှက်အော်သံများ ကြားနေရသော်လည်း လူရိပ်လူခြေ မတွေ့ရပေ။

လုလီ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။

လက်ဖျားတွင် အားနည်းသော ဝိညာဥ်စွမ်းအား လှုပ်ခတ်မှု အကြွင်းအကျန်များ ရှိနေပြီး ကျောက်စိမ်းပြားမှာမူ အပိုင်းပိုင်းကွဲကြေကာ ဖုန်မှုန့်များအလား ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

သူသည် နံရံကိုမှီ၍ ထိုင်လိုက်ပြီး ထိုဖုန်မှုန့်များကို ငုံ့ကြည့်ကာ ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်မိသည်။

အမှောင်ဓားသွားမန္တန်၏ နည်းလမ်းများကို သူ အကုန်မှတ်မိနေပြီ ဖြစ်သည်။

သို့သော် တစ်ညလုံး နားလည်သဘောပေါက်ရန် ကြိုးစားသော်လည်း သူသည် တံခါးဝသို့ပင် မရောက်ရှိသေးပေ။

အစပြုသည့် ဟန်ချက်ကိုပင် သူ အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သည်။ အကြိမ်တိုင်းတွင် ဝိညာဥ်ချီများ စုစည်းမိကာနီးမှာပင် ပြိုကွဲပျံ့လွင့်သွားခဲ့သည်။ ၎င်းမှာ ထက်မြက်သော ဓားတစ်လက်ကို ကိုင်ထားသော်လည်း အိမ်ထဲမှ အမှန်တကယ် ထုတ်မပြနိုင်သကဲ့သို့ပင်။

"တကယ်ပဲ... ဒီမန္တန်က အလွယ်တကူ သင်ယူလို့ရတာ မဟုတ်ဘူးပဲ"

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ လေသံထဲတွင် မကျေနပ်မှုနှင့်အတူ လက်ခံလိုက်သည့် အရိပ်အယောင်လေး ပါနေသည်။

ဤမန္တန်၏ ဝိညာဥ်ချီ ထိန်းချုပ်မှုအပေါ် တောင်းဆိုချက်မှာ သာမန်ထက် အဆပေါင်းများစွာ မြင့်မားလှသည်။ ပထမအကွက်မှာပင် အလွန်သိမ်မွေ့သော ချိန်ညှိမှု၊ တည်ငြိမ်မှု၊ ဖုံးကွယ်မှုနှင့် ချက်ချင်းထုတ်လွှတ်နိုင်မှုတို့ လိုအပ်သည်။ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသဖြင့် အမှားအယွင်း အနည်းငယ်မျှပင် အဖြစ်မခံပေ။

သူ၏ လက်ရှိကျင့်ကြံမှု့ ချီစုဆောင်းခြင်းအဆင့် (၂) ဖြင့် အမှန်တကယ် ကျွမ်းကျင်ရန်မှာ သိသိသာသာပင် အလှမ်းဝေးနေသေးသည်။

သို့သော် သူ မလောပေ။

စိတ်လည်း မပျက်ပေ။

ပညာရပ်တစ်ခုကို လေ့ကျင့်သည်မှာ နှေးကွေးသော ကိစ္စဖြစ်သည်။ အကယ်၍ အလွယ်တကူ ရရှိနိုင်ပါကလည်း "သတ်ဖြတ်ကွက်" ဟု ခေါ်ရန် မထိုက်တန်တော့ပေ။

လုလီ သက်ပြင်းတစ်ချက်ချကာ ကြမ်းပြင်ပေါ်မှ ကျောက်စိမ်းပြား အပိုင်းအစများကို သိမ်းဆည်း၍ ထောင့်ရှိ ပြာပုံးထဲသို့ ဂရုတစိုက် လောင်းထည့်လိုက်သည်။

လှုပ်ရှားမှုမှာ အလွန်နှေးကွေးနေသည်။

ကြည့်ရသည်မှာ တည်ငြိမ်နေသော်လည်း အမှန်တကယ်တော့ သူ၏ရင်ထဲမှာ လုံးဝ မအေးချမ်းပေ။

အမှောင်ဓားသွားမန္တန်ကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ရန်သူကို တိုက်ခိုက်ရာတွင် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်းရန်

အတွက် အမှန်တကယ် လူသတ်နိုင်သော ပညာရပ်တစ်ခု လိုချင်ခဲ့သည်။

သို့သော်...

သူသည် ချိုးယွဲ့ကို အကူအညီတောင်းရန် အတွေးဝင်ခဲ့သည်မှာ အမှန်ပင်။

ဒါပေမဲ့ အဲဒီအတွေး ဝင်လာတာနဲ့ သူကိုယ်တိုင် ချက်ချင်း ပြန်ဖိနှိပ်လိုက်သည်။

ချိုးယွဲ့သည် ဂိုဏ်းထဲဝင်ကတည်းက သူ့ကို အများကြီး ကူညီပေးခဲ့သည်မှာ အမှန်ပင်။

မြေရိုင်းကို ကယ်တင်ပေးခဲ့သည့် 'ဝိညာဥ်ချီစုစည်းခြင်းအစီအရင်'၊ ကျင့်ကြံမှု တိုးတက်စေသည့် 'ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ်'၊ သို့မဟုတ် စမ်းသပ်ကွင်းမှ မိစ္ဆာအရိုးကို ကိုယ်ထဲမြှုပ်နှံသည့် နည်းလမ်း... သူမ၏ အကူအညီတိုင်းမှာ လုလီ အသက်ရှင်သန်နိုင်စေသည့် အလှည့်အပြောင်းများ ဖြစ်ခဲ့သည်။

သို့သော် သူ၏ ရင်ထဲမှာတော့ သူမကို တစ်ခါမှ အပြည့်အဝ မယုံကြည်ခဲ့ပေ။

သူမက အေးစက်လွန်းသည်။

ရက်စက်လွန်းသည်။

သူမက စကားပြောမရလျှင် လူသတ်မည့်သူမျိုး၊ အကျိုးရလဒ်ကိုသာ ကြည့်ပြီး သံယောဇဥ် မထားတတ်သူမျိုး ဖြစ်သည်။ ပြီးတော့ အကူအညီတိုင်းမှာလည်း ထိုက်တန်တဲ့ အဖိုးအခ ရှိစမြဲပင်။

အရေးအကြီးဆုံးအချက်မှာ သူမက သူ၏ အစ်ကိုကြီး လုယွမ် ကို သတ်ခဲ့ခြင်း ဖြစ်သည်။

ဒီစာရင်းကတော့ တစ်နေ့ကျရင် ရှင်းရမှာပဲ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။

သူ့မှာ အခုထိ အဲဒီအရည်အချင်း မရှိသေးပေ။

"ဒါ့အပြင်..."

သူ တိုးတိုးလေး ပြောလိုက်သည် "သူမက ငါ့ကို တကယ် စေတနာနဲ့ ကူညီနေတာ မဟုတ်နိုင်ဘူး"

"သူမ လိုချင်တဲ့ အရာက ငါ လုံးဝ သတိမထားမိသေးတဲ့ အရာလည်း ဖြစ်နိုင်တယ်"

ချိုးယွဲ့သည် နတ်ဘုရားလမ်းစဥ်က လူတစ်ဦးဖြစ်သော်လည်း တိတ်တဆိတ် မိစ္ဆာပညာကို ကျင့်ကြံနေသူ ဖြစ်သည်။ သူမက မိစ္ဆာအရိုး အတွင်း ပိတ်မိနေသဖြင့် ထွက်မရတော့ဟု ပြောသော်လည်း လုလီ၏ ရင်ထဲမှာတော့ အမြဲတမ်း သတိထားနေမိသည်။

ဤအတောအတွင်း သူသည် ဂိုဏ်း၏ မှတ်တမ်းများစွာကို ဖတ်ရှုခဲ့ပြီး ကျင့်ကြံခြင်းလောက၏ အခြေခံဗဟုသုတအချို့ကို သိရှိခဲ့သည်။

ကျင့်ကြံသူ တစ်ဦးသည် တစ်သက်မှာ တစ်ကြိမ်သာ ခန္ဓာသိပ်းပိုက်ခြင်းပြုလုပ်နိုင်သည်။

ချိုးယွဲ့သည် သူ၏ အစ်ကို ခန္ဓာကိုယ်ကို တစ်ခါ ယူခဲ့ဖူးသဖြင့် ယခုအခါ အရိုးထဲတွင် ဝိညာဥ်သာ ကျန်တော့သည်မှာ မှန်ကန်ပါက ထိုနည်းလမ်းဟောင်းကို ထပ်မံအသုံးပြုနိုင်တော့မည် မဟုတ်ပေ။

"ဒါကြောင့်... သူမ အခု ငါ့ခန္ဓာကိုယ်ကို ထပ်ပြီး လုယူဖို့ မဖြစ်နိုင်တော့ဘူး"

သို့သော် ၎င်းမှာ "သီအိုရီအရ" သာ ဖြစ်သည်။

ချိုးယွဲ့သည် စည်းကမ်းကို လိုက်နာသူ မဟုတ်ပေ။

နတ်ဘုရားဂိုဏ်းတစ်ခုအတွင်း နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေသော်လည်း မည်သူမျှ ရိပ်မိခြင်းမရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦးမှာ နောက်ထပ် နည်းလမ်းများ ရှိမနေနိုင်ဘူးလား..

လုလီမှာ ထိုမျှအထိ အပြစ်ကင်းစင်သူ မဟုတ်ပေ။

သူသည် ချိုးယွဲ့အပေါ် အမြဲတမ်း အမြင့်ဆုံး သတိထားနေပြီး သိမ့်သိမ့်တုန်အောင် ကြောက်ရွံ့မှုလည်း ရှိနေသည်။

"သူမ အခုထိ ငါ့ကို ဘာမှမလုပ်သေးတာက... ငါ့ကို လွှတ်ပေးထားတာ မဟုတ်ဘူး၊ အချိန်မကျသေးလို့ပဲ"

"ဒါကြောင့် ငါက အားနည်းချက် ပြလို့မဖြစ်ဘူး"

"သူမကိုလည်း အကူအညီ တကူးတက သွားတောင်းလို့ မဖြစ်ဘူး"

အခု ဒီမန္တန်ပညာရပ်ကို ဘယ်လောက်ပဲ လေ့ကျင့်ရခက်ပါစေ၊ သူတစ်ယောက်တည်းပဲ အဖြေရှာဖို့ ဆုံးဖြတ်လိုက်သည်။

အမှောင်ဓားသွားမန္တန်ကို နားမလည်နိုင်တော့သဖြင့် လုလီ ဆက်မစဉ်းစားတော့ဘဲ ဗိုက်ထဲမှ ဆာလောင်မှုကိုသာ အာရုံစိုက်လိုက်သည်။

ဝိညာဥ်ဆေးဥယာဥ်မှ ပြန်လာစဉ် လုလီ၏ လက်ထဲတွင် မူလက ဝိညာဥ်ဆန် ပိဿာ (၂၄၀) ကျန်ရှိခဲ့သည်။

ဝိညာဥ်စာချုပ် အကြွေးဆပ်ခြင်းနှင့် တုံရှန်းကို ပိဿာ (၁၀၀) ပေးလိုက်ပြီးနောက် ယခု လက်ထဲတွင် အမှန်တကယ် ကျန်ရှိနေသည်မှာ ပိဿာ (၃၀)ကျော်သာ ဖြစ်သည်။

ဒါတွေက သူ ကိုယ်တိုင်စားဖို့ ချန်ထားတာ ဖြစ်သည်။

ဝိညာဥ်ဆန်တွင်လည်း အဆင့်အတန်း ကွဲပြားသည်။ ဝိညာဥ်လယ်မြေတွင် အများစုမှာ အလယ်အလတ်အဆင့်သာ ဖြစ်သော်လည်း လုလီ၏ ဝိညာဥ်

ဆန်များမှာ ဝိညာဥ်ချီစုစည်းခြင်းအစီအရင်နှင့် နေ့စဉ်နေ့တိုင်း မိုးရွာပေးပြီးမြေပြုပြင် မန္တန်များကြောင့် ဝိညာဥ်ချီ ပြည့်ဝကာ ဆန်စေ့များမှာ ဝဖြိုးနေပြီး အဆင့်မြင့်အဆင့် ဖြစ်နေသည်။ ဒါက ဝိညာဥ်လယ်မြေမှာတောင် အလွန်ရှားပါးလှသည်။

ထို့အပြင် ဤဝိညာဥ်ဆန်မှာ သာမန်ကောက်ပဲသီးနှံများနှင့် မယှဉ်နိုင်ဘဲ ကျင့်ကြံခြင်းကို အထောက်အကူပြုပြီး ဝိညာဥ်စွမ်းအားကို ပြုစုပျိုးထောင်ပေးနိုင်သည့် ရတနာတစ်ခုပင် ဖြစ်သည်။

ဒါကြောင့်မို့လို့ အတွင်းစည်းတပည့် အများအပြားဟာ ဝိညာဥ်ဆန်ကို အဓိကထား စားသောက်ကြပြီး ဝိညာဥ်ဟင်းသီးဟင်းရွက်၊ ဝိညာဥ်သားရဲသားတို့နှင့် တွဲဖက်စားသောက်ခြင်းဖြင့် ဆေးလုံးများ မသောက်လျှင်ပင် ကျင့်ကြံမှုမှာ တဖြည်းဖြည်း တိုးတက်လာနိုင်သည်။

သို့သော် အပြင်စည်းတပည့်များမှာမူ ထိုကဲ့သို့ မဟုတ်ပေ။

သူတို့မှာ ထိုအခြေအနေမျိုး မရှိကြပေ။

လယ်စိုက်သူမှာ သူတို့ဖြစ်သော်လည်း နောက်ဆုံး စားသုံးသူမှာ အတွင်းစည်းတပည့်များသာ ဖြစ်ပြီး သူတို့မှာ အလွန်နည်းပါးသော အစိတ်အပိုင်းကိုသာ ချန်ထားနိုင်သည်။

ဝိညာဥ်လယ်မြေမှ လူအများစုမှာ မိမိတို့အတွက် ချန်ထားသည့် ဝိညာဥ်

ဆန်ကို ရလျှင်ရချင်း ဝိညာဥ်ကျောက်တုံးသို့မဟုတ် ဆေးလုံးများနှင့် လဲလှယ်ရန်သာ စဉ်းစားကြသည်။ မဟုတ်လျှင်လည်း ဈေးကွက်တွင် ဝိညာဥ်လက်နက် အပိုင်းအစများ သို့မဟုတ် အဆောင်ကျောက်စိမ်းပြားများနှင့် လဲလှယ်ကြသည်။

တိုက်ရိုက်စားဖို့လား...

အရမ်း ဇိမ်ကျလွန်းသည်။ လုံးဝ မကိုက်ပေ။

"တကယ်ပဲ စိတ်အေးလက်အေး ကျင့်ကြံနိုင်တဲ့သူမှသာ ဒီနည်းလမ်းကို ရွေးချယ်ကြမှာပဲ"

လုလီသည် ဝိညာဥ်ဆန်ကို ဆေးကြောရင်း စိတ်ထဲမှ တွေးနေမိသည်။

သူသည် ဆန်စေ့အနည်းငယ်ကို ယူလိုက်သည်။ ၎င်းမှာ သူ တိုင်းတာထားသည့် တစ်နပ်စာ အတိုင်းအတာ ဖြစ်သည်။

ဤပမာဏအတိုင်းဆိုလျှင် တစ်နေ့တစ်နပ်ဖြင့် ရက်ပေါင်း ၈၀ နီးပါး စားနိုင်သည်။

"လုံလောက်ပါတယ်"

သူက မီးမွှေးကာ ရေထည့်ပြီး ဆန်ကို အိုးထဲသို့ ထည့်လိုက်သည်။ မီးအရှိန်ကိုလည်း သေသေချာချာ ညှိလိုက်သည်။

အငွေ့တလူလူ ထွက်လာသောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။

ဝိညာဥ်လယ်ကွက်မှာ နေခဲ့စဉ်က သူ အမြဲတမ်း ဗိုက်ဆာနေခဲ့သည်။

လုလီသည် မြက်တဲ မဆောက်ဘဲ လယ်ထဲမှာပဲ နေခဲ့သဖြင့် အခြေအနေမှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသည်။ ပုံမှန်အားဖြင့် အနီးအနားမှ သစ်သီး၊ သားရဲသားများကိုသာ စားသောက်ခဲ့ပြီး တစ်ခါတစ်ရံ ရန်ယွီ ယူလာပေးသည့် ဆန်နှင့် ဂျုံတို့မှာလည်း သာမန်လူသား စားစရာများသာ ဖြစ်သဖြင့် ဝိညာဥ်ချီ မရှိပေ။

သို့သော် ကျင့်ကြံသူတစ်ဦးသည် လေ့ကျင့်ပြီးနောက် အစာဖြတ်ခြင်း အဆင့်သို့ မရောက်သေးသော်လည်း လိုအပ်သော အစားအစာမှာ သာမန်လူထက် အများကြီး နည်းပါးသွားပြီဖြစ်သည်။ တစ်နေ့တစ်နပ် စားလျှင်ပင် ကိစ္စမရှိသော်လည်း ထိုဆာလောင်မှုကတော့ အမြဲ ရှိနေပေလိမ့်မည်။

"အခုတော့... ပူပူနွေးနွေးလေး တစ်လုပ်လောက် စားရတော့မယ်"

သူသည် မီးဖိုရှေ့တွင် ထိုင်ရင်း ဆန်ပြုတ်ရည်မှာ ပျစ်လာသည်ကို ကြည့်ကာ မွှေးရနံ့လေးတစ်ခုကို ရလိုက်သည်။

ထိုရနံ့မှာ သင်းပျံ့လှပြီး ပြင်းထန်ခြင်း မရှိသော်လည်း သဘာဝအတိုင်း ကြည်လင်နေသည်။ တောင်ကျစမ်းရေနှင့် ဆန်တို့ ပေါင်းစပ်ထားသကဲ့သို့၊ သို့မဟုတ် ဝိညာဥ်ချီများဖြင့် ပြုလုပ်ထားသော မြူခိုးများကဲ့သို့ပင်။ ရနံ့ခံရရုံနှင့်ပင် စိတ်ကို အေးချမ်းစေသည်။

သူက မီးတောက်ကလေးများ လှုပ်ရှားနေသည်ကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်မိသည်။

ဒါဟာ အစားမက်တာ မဟုတ်ဘူး၊ ဒါဟာ ခန္ဓာကိုယ်တွင်း ဝိညာဥ်ချီ စုဆောင်းမှု့ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်သည်။

တကယ်လို့ ဝိညာဥ်ချီကို ပိုမြန်မြန် တိုးတက်စေချင်ရင် အောင့်အီးနေလို့ မရဘူး၊ အရာရာကို ခြွေတာနေလို့လည်း မရဘူး။

"ပိဿာ ၃၀ ပဲ ရှိရင်တောင်"

"စားနိုင်ရမယ်"

"ပြီးတော့ ဒါက ငါကိုယ်တိုင် စိုက်ထားတာပဲ၊ ဝယ်စားတာထက် ပိုမွှေးတာပေါ့"

ဝိညာဥ်ဆန် အိုးတည်ထားသည်မှာ အမွှေးတိုင် တစ်တိုင်စာခန့် ကြာသွားပြီ။

ဆန်ပြုတ်ရည်များ ဆူပွက်လာသည်နှင့်အမျှ နွေးထွေးပြီး ကြည်လင်သော ရနံ့များက အိုးဘေးမှ ထွက်ပေါ်လာကာ ဝင်းအတွင်းသို့ ပျံ့နှံ့သွားသည်။

၎င်းမှာ သာမန်ထမင်း၏ ရနံ့မျိုး မဟုတ်ဘဲ ဝိညာဥ်ချီများ စီးဆင်းနေသည့် ရနံ့မျိုး ဖြစ်သည်။ တောတောင်စမ်းရေမှ ထွက်ပေါ်လာသော အရည်ကဲ့သို့ ကြည်လင်သန့်စင်ကာ စိတ်ကို လန်းဆန်းစေသည်။

လုလီက မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ နှာခေါင်းကို လှုပ်ရှားလိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

"ရပြီ"

သူ တိုးတိုးလေး ပြောလိုက်ပြီး အိုးအဖုံးကို ဖွင့်လိုက်ရာ အငွေ့များက မျက်နှာကို ဟပ်လာသည်။ ဆန်ဖြူလေးများမှာ တောက်ပနေပြီး တစ်စေ့ချင်းစီမှာ ဝဖြိုးနေသည်။ ဆန်ပြုတ်ရည်မှာလည်း ကြည်လင်ပြီး ဖြူဝင်းနေကာ ဝိညာဥ်ချီအချို့က လေထဲတွင် ပျံ့လွင့်သွားသည်မှာ လူ့နှလုံးသားကို ဆေးကြောပေးနိုင်သကဲ့သို့ပင်။

သူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မျက်ဝန်းထဲတွင် ဖုံးဖိမရသော ဝမ်းသာရိပ်များ ပေါ်လာသည်။

ဝိညာဥ်ဆန် ထမင်းတစ်လုပ်တည်း ဖြစ်သော်လည်း ယခုအချိန်တွင် ဝိညာဥ်ကျောက်တုံးထက်ပင် ပိုမိုတန်ဖိုးရှိနေသည်။

သူ ထမင်းစားရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက် ဝင်းအတွင်းမှ ဆွေးနွေးသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။

"ဟေ့... မင်းတို့ အနံ့ရလား"

"ဒီရနံ့က... ဘယ်သူ ဒီလောက်မွှေးတဲ့ ထမင်းချက်နေတာလဲ"

"သွားရည်တောင် ကျတယ် ဒါလုံးဝ သာမန်လူသား စားစရာ မဟုတ်ဘူး"

"ဟာ... ဒါ ဝိညာဥ်ဆန်များလား"

ခဏအကြာတွင် အံ့ဩတကြီး ပြောဆိုသံများ ထွက်ပေါ်လာသည်။

"ဝိညာဥ်ဆေးဥယာဥ်က တပည့်ပဲ ဖြစ်ရမယ်၊ မဟုတ်ရင် ဘယ်သူက ဒါကို ချက်စားရဲမှာလဲ"

ဝင်းပြင်ပမှာ ရုတ်တရက် ဆူညံသွားတော့သည်။

ခြေသံများ၊ ဆွေးနွေးသံများ တစ်ပြိုင်နက် ထွက်ပေါ်လာပြီး အချို့က စတင်၍ စနောက်နေကြသည်။

"ညီအစ်ကို၊ ဟင်းရည်တစ်လုပ်လောက် ပေးသောက်မလား"

"အို... ဒီအခန်းလေးက အရင်က လူမနေတာ ကြာပြီ၊ အခုတော့ ဝိညာဥ်

ဆေးဥယာဥ်က တပည့်ကို ပေးလိုက်တာကိုး..."

လုလီ၏ လက်မှာ ပန်းကန်နားသို့ မရောက်သေးဘဲ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

သူ၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားသည်။ ဝိညာဥ်ဆန်၏ ရနံ့က ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ၊ အိုးဖွင့်လိုက်ရုံဖြင့် တစ်ဝင်းလုံးကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

နောက်တစ်ခဏတွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

"ဒီက ညီလေး၊ ငါရိုင်းသွားရင် ခွင့်လွှတ်ပါ၊ ခဏလောက် တွေ့လို့ ရမလား"

တံခါးခေါက်သံမှာ မပြင်းသော်လည်း ယဉ်ကျေးသိမ်မွေ့မှု ပါဝင်နေသည်။

လုလီ မျက်မှောင်ကြုတ်လိုက်ပြီး ခေတ္တတွေဝေနေပြီးမှ ထရပ်ကာ တံခါးဆီသို့ သွား၍ တံခါးကို အသာအယာ ဖွင့်လိုက်သည်။

တွေ့လိုက်ရသည်မှာ အဝါရောင်ဝတ်စုံနှင့် လူငယ်ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူ့ထက် အသက်အနည်းငယ် ကြီးပုံရပြီး မျက်လုံးများမှာ ကြည်လင်ကာ အပြုံးမှာ ယဉ်ကျေးလှသည်။ ခါးတွင် မီးခိုးငွေရောင် ခါးပတ်ပြားတစ်ခု ချိတ်ဆွဲထားပြီး 'လက်နက်ခန်းမ' ဟူသော စာလုံးလေး သုံးလုံး ရေးထွင်းထားသည်။

ပြင်ပတပည့် လက်နက်ခန်းမတပည့်။

သူသည် လုလီကို မြင်ဖူးပုံမရသည်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်ပြီး ရန်လိုသော အမူအရာမရှိဘဲ စမ်းသပ်လိုသော အမူအရာဖြင့် ပြောလိုက်

သည်။

"ညီလေးက အခုမှ ပြန်လာနေတာလား ဟဲဟဲ... ကိုယ့်ကိုယ်ကိုယ် အရင်

မိတ်ဆက်ပါရစေ ငါ့နာမည်က ချန်ရီပါ ဒီဝင်းထဲမှာပဲ နေတာပါ။ ငါကလက်နက်ခန်းမမှာ တာဝန်ကျနေတာပါ။ အရင်က ဒီအခန်းမှာ လူမနေတာ ကြာပြီ၊ ဒီနေ့မှ မီးခိုးတွေ မြင်ရလို့ စိတ်ဝင်စားမိတာနဲ့..."

စကားပြောရင်း သူသည် လုလီနောက်ကွယ်မှ မီးဖိုဆီသို့ ကြည့်လိုက်ပြီး နှာခေါင်းကို လှုပ်ရှားကာ ပြုံး၍ ပြောသည်။

"တကယ်ပဲ ဝိညာဥ်ဆန်လား"

လုလီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ချန်ရီသည် တံခါးဝတွင် ရပ်နေသော်လည်း မျက်လုံးများမှာ မီးဖိုဆီသို့သာ စိုက်ကြည့်နေသည်။

အခန်းတွင်းမှ ရနံ့မှာ မပြယ်သေးဘဲ ဝိညာဥ်ဆန်ထမင်းမှာ အငွေ့တလူလူ ထွက်နေသည်။ သူ၏ အကြည့်မှာ ထိုမြေအိုးလေးဆီမှာတင် ကပ်နေပြီး အကြည့်ထဲတွင် အထင်အရှားပင် မနာလိုဖြစ်မှုနှင့်... သွားရည်ကျချင်နေသည့် ပုံစံမျိုး ပါဝင်နေသည်။

လုလီ မျက်ခုံးလှုပ်ရှားသွားပြီး ကိုယ်ကို အသာအယာ စောင်းလိုက်ကာ ထိုလူ၏ အမြင်ကို ကာကွယ်လိုက်ပြီးနောက် ဘာမှမဖြစ်သလို မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ချန်ရီသည် ထိုအခါမှ မိမိ၏ အပြုအမူ မသင့်တော်သည်ကို သတိပြုမိပြီး ချောင်းတစ်ချက်ဟန့်ကာ ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

"အဲ... တခြား ရည်ရွယ်ချက်တော့ မရှိပါဘူး"

"ငါက တခြား ဝါသနာကြီးကြီးမားမား မရှိပါဘူး၊ စားဖို့ပဲ ဝါသနာပါတာပါ။ အထူးသဖြင့် ဝိညာဥ်ဆန်ကို အရမ်းကြိုက်တာ"

သူက လုလီကို တစ်ချက်ကြည့်လိုက်၊ မီးဖိုပေါ်မှ အိုးကို တစ်ချက်

ကြည့်လိုက်နှင့် သာယာနေသော အကြည့်ဖြင့် "ဝိညာဥ်ဆန်ကို သားရဲသားလေးနဲ့ တွဲစားလိုက်ရင်တော့ တကယ်ကို ရှယ်ပဲ... ညီလေးရဲ့ ဒီထမင်းနံ့က ပျံ့လာတော့ ငါအခန်းထဲမှာတောင် မနေနိုင်တော့ဘူး"

"ဒီရနံ့က သာမန်မဟုတ်ဘူးနော် ဝိညာဥ်ချီက အရမ်းပြည့်ဝတာပဲ အဆင့်မြင့်ဝိညာဥ်ဆန်များလား"

လုလီ ပြန်မပြောဘဲ ကိုယ်ကို အနည်းငယ် စောင်းကာ တည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေသည်။ ဝန်ခံခြင်းလည်း မရှိ၊ ငြင်းဆိုခြင်းလည်း မရှိပေ။

သူ ဘာမှမပြောသော်လည်း တစ်ဖက်လူမှာ ပို၍ စိတ်ဝင်စားလာပုံရသည်။

ထိုလူသည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဖားယားသောအပြုံးပြကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလာသည်။

"မင်းလည်း မြင်တဲ့အတိုင်းပဲ၊ ငါက လက်နက်ခန်းမက တပည့်ပါ။ နေ့တိုင်း သံ၊ ကြေး၊ မီးတွေနဲ့ပဲ အလုပ်လုပ်နေတာ၊ တခြား ဘာအရည်အချင်းမှ မရှိပါဘူး"

"ဒါပေမဲ့ လက်နက်ထုလုပ်တဲ့ ကိစ္စမှာတော့ ငါတကယ်ပဲ စကားပြောလို့ ရပါတယ်"

သူ ခေတ္တရပ်ကာ လေသံကို နှိမ့်၍ ညှိနှိုင်းသည့်ပုံစံဖြင့် ပြောလာသည်။

"ညီလေး... ဒီဝိညာဥ်ဆန်ကို... ငါ့ကို နည်းနည်းလောက် ခွဲပေးလို့ ရမလား"

"ငါ အလကားစားမှာ မဟုတ်ပါဘူး၊ စည်းကမ်းအတိုင်း လုပ်မှာပါ။ ဒီကျေးဇူးကို ငါမှတ်ထားပါ့မယ်။ နောက်ဆိုရင် မင်းမှာ လက်နက်ထုလုပ်ဖို့ လိုအပ်တာရှိရင် လက်နက်အသစ်လုပ်တာပဲဖြစ်ဖြစ်၊ ပြင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဝိညာဥ်အမှတ်အသား ထည့်တာပဲဖြစ်ဖြစ် ငါအကုန်လုပ်ပေးပါ့မယ်။ ဘယ်တော့မှ မလိမ်ဘူး"

သူ လုလီကို ကြည့်သော အကြည့်ထဲတွင် ရိုးသားမှုနှင့် တောင့်တမှုများ ပါဝင်နေသည်။ ၎င်းမှာ "ထမင်းနှင့် အရည်အချင်း လဲလှယ်ခြင်း" နည်းလမ်းကို သူ ပထမဆုံးအကြိမ် သုံးခြင်းမဟုတ်သည်မှာ သိသာလှသည်။

"ဒီတစ်အိုးကတော့ အနံ့က အရမ်းပြင်းတာပဲ။ ငါတကယ်ကို စားချင်နေလို့ပါ"

စကားဆုံးသောအခါ သူသည် လက်နှစ်ဖက်ကို ပွတ်ရင်း တံခါးဝတွင် ရပ်ကာ လုလီ စကားပြောလာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်နေသည်။ ၎င်းမှာ ထမင်းဆိုင်ရှေ့တွင် စားဖိုမှူး၏ စေတနာကို စောင့်နေသော ဆင်းရဲသား ပညာရှိတစ်ဦးနှင့် အလွန်ပင် တူနေတော့သည်။

📝အပိုင်း - ၃၃ ဝိညာဥ်ဓားမြှောင်

ဘာသာပြန် - Na Gar🐉

လုလီအနည်းငယ် အံ့အားသင့်သွားသည့် အရိပ်အယောင် ပြလိုက်မိသည်။

သူ့အတွက် လက်နက်တစ်ခု အမှန်တကယ် လိုအပ်နေသည်။ ဝှက်ထားရလွယ်ကူပြီး လုပ်ကြံသတ်ဖြတ်နိုင်ကာ အချိန်မရွေး ထုတ်သုံးနိုင်သည့် ဓားမြှောင်အမျိုးအစားဆိုလျှင် အကောင်းဆုံးပင်။

သို့သော် ကျင့်ကြံသူများ အသုံးပြုသည့် လက်နက်များသည် သာမန်လူသားတို့၏ သံထည်လက်နက်များနှင့် လုံးဝမတူတော့သည်ကို သူ ရှင်းလင်းစွာ သိထားသည်။ ထိုသာမန်လက်နက်များသည် မည်မျှပင် ထက်မြက်အောင် သွေးထားပါစေ၊ ဝိညာဥ်စွမ်းအား အကာအကွယ်နှင့် တွေ့ပါက ထိရုံနှင့် လွင့်ထွက်သွားမည်ဖြစ်ပြီး မီးပွားတစ်စပင် ထွက်လာမည်မဟုတ်ပေ။

ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသည် များသောအားဖြင့် ဝိညာဥ်

လက်နက်များကို အသုံးပြုကြပြီး ၎င်းတို့ကို အဆင့်မြင့် ၊ အလယ်အလတ် ၊ အဆင့်နိမ့် ဟူ၍ အဆင့်သုံးမျိုး ခွဲခြားထားသည်။ လုလီသည် စျေးကွက်ပေါက်စျေးကို စုံစမ်းကြည့်ဖူးရာ အနိမ့်ဆုံး အဆင့်နိမ့် ဝိညာဥ်လက်နက် ပင်လျှင် ဝိညာဥ်ကျောက်တုံးထောင်ဂဏန်းအထိ ပေးရတတ်ပြီး ၎င်းမှာ ဝိညာဥ်ဆန် ပိဿာ ရာနှင့်ချီ၍ တန်ဖိုးရှိသည်။

သူ့ရှေ့မှ ဤလူငယ်မှာ အပြင်စည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင်လည်း လက်နက်ခန်းမတပည့်များတွင် ရှိတတ်သည့် ဝိညာဥ်

မီးလျှံနံ့များ စွဲကပ်မနေသဖြင့် လက်နက်အစစ်အမှန်ကို တကယ်တမ်း သွန်းလုပ်နိုင်မည့်သူနှင့် မတူလှပေ။

"ခင်ဗျားက ဘယ်လိုအဆင့်အတန်းရှိတဲ့ လက်နက်မျိုးကို သွန်းလုပ်ပေးနိုင်မှာလဲ" လုလီက မေးလိုက်သည်။

"အဆင့်နိမ့် ဝိညာဥ်လက်နက်" ချန်ရီက လွှတ်ခနဲ ပြောလိုက်သော်လည်း စကားဆုံးသည်နှင့် ကြောင်သွားကာ အမြန်ပြန်ပြင်ပြောလိုက်သည် "နည်းနည်းလေးပဲ လိုတော့တာပါ၊ တကယ်ကို နည်းနည်းလေးပဲ နောက်တစ်နှစ်ဆိုရင် ငါအဆင့်နိမ့်ဝိညာဥ်လက်နက်ကို သေချာပေါက် သွန်းလုပ်နိုင်မှာပါ။ အခုလောလောဆယ်တော့ ဝိညာဥ်ချီအချို့ ပါဝင်တဲ့ လက်နက်မျိုးကို ငါလုပ်ပေးနိုင်ပါတယ်။ ဝိညာဥ်လက်နက်အစစ်ကို မမီပေမဲ့ သာမန် ဝိညာဥ်စွမ်းအားအကာအကွယ်တွေကို ဖောက်ထွက်ဖို့တော့ ပြဿနာမရှိပါဘူး"

လုလီ မျက်ခုံးအနည်းငယ် ပင့်သွားသည် "ဓားမြှောင်ပုံစံ ဝိညာဥ်ချီပါတဲ့ လက်နက်တစ်ခု အတွက်လက်ခက ဝိညာဥ်ဆန် ဘယ်လောက် ပေးရမှာလဲ"

ဤလက်ခမှာ လက်နက်၏ ကုန်ကြမ်းဖိုး မပါဝင်ဘဲ လက်နက်ခန်းမမှ တပည့်ကို တစ်ကြိမ်ခိုင်းစေသည့် အခကြေးငွေသာ ဖြစ်သည်။ ထုလုပ်သည့် ခက်ခဲမှုပေါ်မူတည်၍ ကွဲပြားတတ်ရာ အဆင့်နိမ့်ဝိညာဥ်လက်နက်တစ်ခုအတွက် လက်ခမှာ (၁၀၀၀) ဝန်းကျင် ရှိတတ်သည်။

သို့သော် ဝိညာဥ်ချီပါ လက်နက်နှင့် ဝိညာဥ်လက်နက်အစစ်မှာ ကွာခြားချက် ကြီးမားလှသဖြင့် များသောအားဖြင့် (၅၀၀)ဝန်းကျင်သာ ရှိသည်။

"ပိဿာ (၅၀) ချန်ရီက ထပ်မံ၍ လွှတ်ခနဲ ပြောလိုက်ပြန်သည်။ ပြောပြီးသည်နှင့် တစ်စုံတစ်ခုက အပူနှင့် ထိမိသွားသကဲ့သို့ အမြန်ပြင်ပြောသည် "ဟင့်အင်း... (၄၀) ဆိုလည်း ရပါတယ်"

သူက လုလီကို ခိုးကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်နှာမှာ အရင်အတိုင်း တည်ငြိမ်နေသဖြင့် ရင်ထဲတွင် မဝံ့မရဲဖြစ်လာပြီး အားတင်းကာ ပြောလိုက်သည် "(၃၀)... (၃၀) ဆိုရင်လည်း ရပါတယ်ဗျာ"

လုလီမှာ ဘာမှမပြောဘဲ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။ ထိုလူငယ်၏ မျက်နှာတွင် အလောတကြီးဖြစ်သည့် အရိပ်အယောင်များ ပေါ်လာကာ အံကြိတ်၍ ပြောလိုက်သည် "(၂၀) အဲဒီထက်တော့ လျှော့လို့ မရတော့ဘူး"

စကားအဆုံးတွင် သူ၏ မျက်တောင်များမှာ တစ်ချက်မျှ လှုပ်ခတ်သွားသည်၊ မိမိအသားကို လှီးပေးလိုက်ရသကဲ့သို့ပင်။ ထို့နောက် အံကြိတ်ကာ တိုးတိုးလေး ထပ်ပြောသည် "မင်းရဲ့ ဝိညာဥ်ဆန်က... ခုနက ငါအနံ့ရလိုက်တာ မွှေးရနံ့က အရမ်းပြည့်ဝတယ် သာမန်ပစ္စည်း မဟုတ်ဘူး။ တကယ်လို့ သာမန် ဝိညာဥ်လယ်က ထွက်တဲ့ဆန်ဆိုရင် ငါ ဒီစျေးနဲ့ မလုပ်ပေးဘူး"

လုလီ နောက်ဆုံးတွင် စကားပြောလာသည် "ကျွန်တော့်မှာ (၁၀) ပိဿာပဲ ရှိတယ်"

ချန်ရီ၏ မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားပြီး နှုတ်ခမ်းများ လှုပ်ရှားကာ မျက်နှာအမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။

(၁၀) ပိဿာ အကောင်းဆုံး ဝိညာဥ်ဆန်ဖြစ်လျှင်ပင် ဝိညာဥ်ကျောက်တုံး (၁၀၀)ဝန်းကျင်သာ တန်ဖိုးရှိသည်။

သူသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မျက်ဝန်းများမှာ လှုပ်ရှားနေပြီး တစ်ခုခုကို အမြန်ချိန်ဆနေပုံရသည်။ တွေဝေနေပြီးမှ ချန်ရီကခေါင်းကို အပြင်းအထန် ခါလိုက်ပြီး ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ပင် "မရဘူး၊ ဒါကတော့ လုံးဝမဖြစ်နိုင်ဘူး။ (၁၀) ပိဿာက အရမ်းနည်းလွန်းတယ်"

လုလီက သူ၏ပုံစံကို မြင်သောအခါ စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့နည်းလာသည်။ မူလကတည်းကပင် ဤလူငယ်ဆီမှ ရတနာတစ်စုံတစ်ရာ ရလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ၊ အရေးပေါ် သုံးနိုင်မည့် လက်နက်တစ်ခု ရလျှင်ပင် ကောင်းလှပြီဟု တွေးထားခြင်းဖြစ်သည်။ တစ်ဖက်လူက တွေဝေနေသည်ကို မြင်သောအခါ လုလီ ဘာမှထပ်မပြောတော့ဘဲ ဧည့်သည်ပြန်ပို့ရန် ထရပ်လိုက်သည်။

ချန်ရီက လုလီ လှည့်ထွက်သွားသည်ကို မြင်သောအခါ စိုးရိမ်သွားပြီး "ညီလေး... ခဏနေဦး၊ အဲဒီ ဝိညာဥ်ဆန်ကို ငါ့ကို တစ်ချက်လောက် ပြလို့ရမလား" ဟု အော်ပြောလိုက်သည်။

လုလီ ခြေလှမ်းရပ်ကာ လှည့်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ဆန်တစ်စေ့ကို ထုတ်၍ ကမ်းပေးလိုက်သည်။

ချန်ရီက ဆန်စေ့ကို လက်ဖျားဖြင့်ကိုင်ကာ အနားသို့ကပ်၍ အနံ့ခံလိုက်ရာ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်များ ချက်ချင်း ပေါ်လာသည်။ သူက လက်သည်းဖြင့် ဆန်စေ့၏ မျက်နှာပြင်ကို အသာအယာ ခြစ်ကြည့်ရာ အတွင်း၌ ဝိညာဥ်ချီများ ပြည့်နှက်နေသည်ကို ခံစားမိသည်။ အခွံပါးပြီး ဆန်သားမှာ ကျစ်လျစ်လှကာ မျက်နှာပြင်မှ ဝိညာဥ်အမှတ်အသားများမှာ သိပ်သည်း၍ ပုံသဏ္ဌာန်မှာ ရှင်းလင်းလှသည်၊ ၎င်းမှာ သာမန် အဆင့်နိမ့်ဝိညာဥ်လယ်မှ ထွက်ရှိနိုင်သည့် အရာမျိုး လုံးဝမဟုတ်ပေ။

"တကယ်ကို မဆိုးဘူးပဲ... သာမန်ဆန် မဟုတ်တာ သေချာတယ်" သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး မော့ကြည့်လိုက်သောအခါ အကြည့်များမှာ ရှောင်လွှဲခြင်းမရှိတော့ဘဲ ဆုံးဖြတ်ချက် ချလိုက်သည့်ပုံစံဖြင့်...

"ကောင်းပြီ၊ ငါ သဘောတူတယ်။ ဝိညာဥ်ဆန် (၁၀)ပိဿာနဲ့ ဝိညာဥ်ချီပါတဲ့ ဓားမြှောင်တစ်လက် ငါ သွန်းလုပ်ပေးမယ်။ ဝိညာဥ်လက်နက်အစစ် မဟုတ်ပေမဲ့ သာမန် ဝိညာဥ်စွမ်းအားအကာအကွယ်ကို ဖောက်ဖို့တော့ ပြဿနာမရှိဘူး၊ ဒါကို မင်းနဲ့ ငါနဲ့ မိတ်ဆွေဖွဲ့တယ်လို့ပဲ မှတ်လိုက်တော့"

သူက ခေတ္တရပ်ကာ ထပ်ဖြည့်ပြောသည် "ဒါပေမဲ့ မင်းရဲ့ ဒီဆန်အမျိုးအစားပဲ ဖြစ်ရမယ်၊ တခြားဆန်ဆိုရင်တော့ မလဲပေးနိုင်ဘူး"

လုလီ ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး သွားဖြူဖြူလေးများကို ဖော်ပြကာ "သဘောတူတယ်" ဟု ပြန်ပြောလိုက်သည်။

"ကောင်းပြီ သုံးရက်နေရင် ငါကိုယ်တိုင် ဓားမြှောင်ကို လာပို့ပေးမယ်" ချန်ရီ၏ မျက်ဝန်းများတွင် အသက်ဝင်လာပြီး "ဒါပေမဲ့ ကုန်ကြမ်းဖိုးတော့ မင်းအရင်စိုက်ရမယ်၊ ငါ တွက်ကြည့်တာတော့ ဝိညာဥ်ကျောက်တုံး(၅၀၀) ဝန်းကျင် ရှိမယ်"

လုလီ ခေါင်းညိတ်လိုက်ပြီး အင်္ကျီလက်ထဲမှ သေးငယ်သော ဝိညာဥ်

ကျောက်တုံးအိတ်ကို ထုတ်ကာ သူ၏ရှေ့တွင် ဝိညာဥ်ကျောက်

တုံး(၅၀၀)တိတိကို လောင်းချလိုက်သည်။ ဝိညာဥ်ကျောက်တုံးများမှာ စားပွဲပေါ်သို့ ကျရောက်ကာ တချွင်ချွင် မြည်သွားသည်။

သူ လိမ်လည်ခံရမှာကို မစိုးရိမ်ပေ။ ဂိုဏ်းအတွင်း အရောင်းအဝယ်ပြုလုပ်ရာတွင် သက်သေနှင့် စာချုပ်မှာ အဓိကဖြစ်ပြီး၊ အဆင့်အတန်းပြ ကျောက်စိမ်းပြား ရှိနေသရွှေ့ ချုပ်ဆိုထားသည့် "ဝိညာဥ်စာချုပ်" ကို ချိုးဖောက်ပါက အနည်းဆုံး ဒဏ်ရာအပြင်းအထန် ရရှိမည်ဖြစ်ပြီး အဆိုးဆုံးမှာ ဂိုဏ်းမှ တိုက်ရိုက်နှင်ထုတ်ခံရမည် ဖြစ်သည်။

ချန်ရီက ဝိညာဥ်ကျောက်တုံးများကို ရသည်နှင့် လုလီနှင့် ကျောက်စိမ်းပြားချင်းလဲလှယ်ကာ ဂိုဏ်း၏ပုံစံအတိုင်း စာချုပ်ချုပ်ဆိုလိုက်သည်။ ထိုအခါမှ စိတ်အေးသွားသည့်အလား ဝိညာဥ်ကျောက်တုံးများကို သိမ်းဆည်း၍ ခပ်သွက်သွက်ပင် နှုတ်ဆက်ထွက်ခွာသွားတော့သည်။

လုလီက သူထွက်သွားသည်ကို ကြည့်နေပြီးမှ တံခါးကို အသာအယာ ပြန်ပိတ်လိုက်သည်။ သူ အခန်းထဲတွင် ပြန်ထိုင်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ဆန်စေ့ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

သူ၏ လက်ရှိကျင့်ကြံမှုအတွက် ဝိညာဥ်လက်နက်ကို အသုံးပြုရန်မှာ မသင့်တော်သေးပေ။ ချီစုဆောင်းခြင်းအဆင့် (၂) ၏ ဝိညာဥ်ချီမှာ နည်းပါးလှရာ ဝိညာဥ်လက်နက်ကို တစ်ကြိမ်၊ နှစ်ကြိမ် အသုံးပြုလိုက်ရုံနှင့် ကိုယ်

တွင်း ဝိညာဥ်စွမ်းအားများ ကုန်ခန်းသွားမည်ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာပေလိမ့်မည်။

ချန်ရီ၏ ဝိညာဥ်ချီပါရုံသာရှိပြီး ဝိညာဥ်လက်နက်အဆင့် မဝင်သေးသည့် လက်နက်မှာ သိသာထင်ရှားခြင်းမရှိသော်လည်း ယခုအချိန်တွင် သူ့အတွက် အသင့်တော်ဆုံးပင်။ လက်တွေ့တိုက်ပွဲတွင် အသုံးဝင်ရုံသာမက ဝှက်ထားရန်နှင့် ဟန်ဆောင်ရန်လည်း လွယ်ကူသဖြင့် လူအများ၏ အာရုံစိုက်မှုကို မခံရပေ။

အပြင်ပန်းက သာမန်လူသားလက်နက်နှင့် တူသော်လည်း အမှန်တကယ်တော့ အကာအကွယ်ကို ဖောက်ထွက်နိုင်သည်။ ၎င်းမှာ သူလေ့ကျင့်နေသည့် အမှောင်ဓားသွားမန္တန်ကဲ့သို့ပင်၊ အပြင်ပန်းက အားနည်းသော်လည်း အတွင်း၌ ရက်စက်လှသည်။ မမျှော်လင့်ထားသည့်အချိန်တွင် ထုတ်သုံးခြင်းသည်သာ ယခုအချိန်တွင် သူ့အတွက် အသင့်တော်ဆုံး လမ်းစဉ်ပင် ဖြစ်သည်။

သူက တိုးတိုးလေး ရေရွတ်လိုက်သည် "အထင်ကြီးစရာမကောင်းလေလေ၊ ပိုပြီး အသက်အန္တရာယ် ပေးနိုင်လေလေပဲ"

အခန်းအတွင်း။

အပူရှိန်မှာ မပြယ်သေးပေ။ လုလီ အိုးအဖုံးကို ဖွင့်လိုက်ရာ နူးညံ့ပျံ့လွင့်သော ရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ရနံ့မှာ ပြင်းထန်ခြင်း မရှိသော်လည်း စိတ်ကို လန်းဆန်းစေသည်။ ဤကဲ့သို့သော ဝိညာဥ်ဆန်မျိုးမှာ ရေစင်စင်နှင့် ချက်ရုံမျှဖြင့် မည်သည့်ဟင်းခတ်အမွှေးအကြိုင်မျှ မလိုဘဲ လူ့လောက၏ နတ်သုတ္တာ ဖြစ်နေပြီဖြစ်သည်။ ထမင်းတစ်လုပ် စားလိုက်တိုင်း ဝိညာဥ်ချီနှင့် ဆန်နံ့တို့သည် သွေးကြောများတစ်လျှောက် အရိုးထဲအထိ စိမ့်ဝင်သွားပြီး တစ်ကိုယ်လုံး နွေးထွေးလာကာ၊ ဒန်ထျန် အတွင်းရှိ ဝိညာဥ်စွမ်းအားများလည်း တဖြည်းဖြည်း ပြည့်ဝလာစေသည်။

အပြင်စည်းတပည့်များမှာ ဤအရာကို နေ့တိုင်းစားနိုင်မည့် အခြေအနေ မရှိကြပေ၊ အထူးသဖြင့် အဆင့်မြင့်ဝိညာဥ်ဆန်ကို ပို၍ပင်မစားနိုင်ကျပေ။

စျေးကွက်ပေါက်စျေးအရ တစ်ပိဿာလျှင် ဝိညာဥ်ကျောက်တုံး (၁၀)လုံး ရှိပြီး အပြင်စည်းတပည့်တစ်ဦး၏ လစဉ်ထောက်ပံ့ကြေးမှာ ဝိညာဥ်ကျောက် တုံး(၁၀၀) သာ ရှိသည်။ ထို့ပြင် ဝိညာဥ်ဆန် အရင်းအမြစ်များကို ဂိုဏ်းက အဓိကချုပ်ကိုင်ထားသဖြင့် အပြင်စည်းတပည့်များကြား တိတ်တဆိတ်လဲလှယ်သည့် ပမာဏမှာ အလွန်နည်းပါးလှသည်။

လုလီက အလွန်နှေးကွေးစွာ စားသောက်နေပြီး တစ်လုပ်ချင်းစီကို သေသေချာချာ အရသာခံနေသည်။ ဝိညာဥ်ချီများကို အလဟဿ မဖြစ်စေသလို ကိုယ်တွင်း ပြောင်းလဲမှုများကိုလည်း လက်လွတ်မခံပေ။ သူ၏ ကိုယ်တွင်း ဝိညာဥ်စွမ်းအားများမှာ တဖြည်းဖြည်း ကျစ်လျစ်လာပြီး သွေးကြောများအတွင်း စီးဆင်းမှုမှာလည်း ပိုမိုချောမွေ့လာသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။ ဤအရှိန်အတိုင်းဆိုလျှင် ချီစုဆောင်းခြင်းအဆင့် (၃) သို့ ရောက်ရှိရန်မှာ အလွန်နီးကပ်နေပြီ ဖြစ်သည်။

ဝိညာဥ်ဆန်ကို စားပြီးနောက် သူသည် ယခင်က ဝိညာဥ်လယ်တွင် အသုံးပြုခဲ့သည့် ဝိညာဥ်ချီစုစည်းခြင်းအစီအရင်ကို ဤအခန်းငယ်လေးအတွင်း ဖြန့်ခင်းကာ စတင်ကျင့်ကြံတော့သည်။

နောက်ရက်အနည်းငယ်အတွင်း သူသည် အပြင်သို့ လုံးဝမထွက်တော့ဘဲ နေ့စဉ် အလုပ်သုံးခုသာ လုပ်သည် ဝိညာဥ်ဆန်စားသုံးခြင်း၊ အမှောင်ဓားသွားမန္တန်ကို လေ့ကျင့်ခြင်းနှင့် ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ် ဖြင့် ဝိညာဥ်ချီအရှိန်အဝါကို တည်ငြိမ်အောင် ပြုလုပ်ခြင်းတို့ပင်။

အမှောင်ဓားသွားမန္တန်၏ လေ့ကျင့်မှု တိုးတက်မှုမှာ အသင့်အတင့်ရှိပြီး အစပြုသည့် ဟန်ချက်ကို စတင်ကျွမ်းကျင်လာသော်လည်း နောက်ပိုင်းအဆင့်များမှာ ပိုမိုခက်ခဲလှသည်။

သုံးရက်ဆိုသည့် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

တတိယမြောက်နေ့ နံနက်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ လုလီ တံခါးဖွင့်လိုက်ရာ ချန်ရီမှာ ကတိအတိုင်း ရောက်ရှိလာခဲ့သည်။

ထိုလူငယ်က သစ်သားသေတ္တာတစ်ခုကို ပိုက်ထားပြီး မျက်နှာမှာ ပေါ့ပါးကာ ကျေနပ်နေပုံရသည်။

"ဓားမြှောင် ရပြီ" သူက ပြောရင်း သေတ္တာကို ကမ်းပေးလိုက်သည်။

လုလီ သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဓားမြှောင်တိုတစ်လက် ရှိနေသည်။ တစ်လက်လုံးမှာ သံနက်ရောင်ဖြစ်ပြီး ဓားသွားမှာ ပါးလွှာသော်လည်း ပျော့ပြောင်းခြင်းမရှိဘဲ အလေးချိန်မှာလည်း အတော်ပင် သင့်တင့်လှသည်။ အထူးခြားဆုံးအချက်မှာ ဓားပေါ်တွင် မသိမသာ ဝိညာဥ်အမှတ်အသားများ ရစ်ပတ်နေခြင်းဖြစ်ပြီး သေသေချာချာ မကြည့်ပါက မမြင်နိုင်ပေ။ ဓားမြှောင်တစ်လက်လုံးမှာ သာမန်လူသားလက်နက်နှင့် တစ်ထပ်တည်းတူနေပြီး လုံးဝ သတိမထားမိနိုင်လောက်အောင် ရိုးရှင်းလှသည်။

လုလီက ဓားကို လက်ထဲတွင် ဆုပ်ကိုင်ပြီး ဝိညာဥ်ချီကို ဖြည်းဖြည်းချင်း သွင်းလိုက်ရာ ဝိညာဥ်စွမ်းအားများသည် ဓားသွားထဲသို့ စီးဝင်သွားပြီး ဓားသွားမှ မသိမသာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာကာ ထက်မြက်သော အရှိန်အဝါမှာ လက်ဖျားအထိ ခံစားလိုက်ရသည်။

"မဆိုးဘူး" သူ တိုးတိုးလေး ပြောလိုက်သည်။

သေသေချာချာ ထပ်မံစမ်းသပ်ကြည့်ရာ ဤဓားမြှောင်အတွင်းရှိ ဝိညာဥ်ချီမှာ အဆင့်နိမ့်ဝိညာဥ်လက်နက် အဆင့်သို့ပင် နီးကပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဝိညာဥ်လက်နက်အစစ် မဖြစ်သေးသော်လည်း တိကျမှု့ ၊ မီးအရှိန်နှင့် ဝိညာဥ်အမှတ်အသားအများမှာ အလွန်ကောင်းမွန်လှသည်။

ကြည့်ရသည်မှာ ချန်ရီပြောခဲ့သော "နောက်တစ်နှစ်ဆိုရင် အဆင့်နိမ့်ဝိညာဥ်လက်နက်ကို အမှန်တကယ် သွန်းလုပ်နိုင်မယ်" ဆိုသည်မှာ ကြွားဝါခြင်း မဟုတ်ပေ။

ချန်ရီမှာ ပို၍ပင် ဝမ်းသာသွားပြီး လက်သီးစုပ်ကာ "ညီလေး... မင်းရဲ့ ဝိညာဥ်ဆန်က အရည်အသွေး အလွန်မြင့်မားလို့သာ ငါလည်း ပစ္စည်းကောင်းတွေ သုံးပြီး စိတ်စွမ်းအားအပြည့်နဲ့ သွန်းလုပ်ပေးခဲ့တာပါ။ တခြားတော့ မပြောရဲပေမဲ့ ဒီတစ်လက်ကတော့ မင်းအတွက် ကိုက်ညီမှာပါ ငါ့ပညာတွေ အလကားမဖြစ်ဘူးလို့ပဲ ပြောပါရစေ"

လုလီ ခေါင်းညိတ်လိုက်ပြီး အသင့်ပြင်ထားသော ဝိညာဥ်ဆန် ၁၀ ပိဿာကို ပေးလိုက်သည်။ ချန်ရီက ဝမ်းသာအားရ သိမ်းဆည်းလိုက်ပြီး "နောက်ဆိုရင် ဒီလိုအရည်အသွေးရှိတဲ့ ဆန်ရှိရင် ငါ့ကို လာရှာဖို့ မမေ့နဲ့ဦး၊ စျေးနှုန်းက ညှိနိုင်းလို့ရပါတယ်၊ ငါ ချန်ရီက ကတိကို အလေးအထားဆုံးပဲ" ဟု ပြောကာ ထွက်သွားတော့သည်။

လုလီက အလောတကြီး ထွက်သွားသော ထိုလူငယ်ကို ကြည့်ရင်း ရင်ထဲတွင် လှုပ်ခတ်သွားမိသည်။ အသက်မကြီးသေးသော်လည်း ဤကဲ့သို့ လက်ရာမျိုး ရှိနေသည်မှာ လက်နက်သွန်းလုပ်တဲ့ ပါရမီ အမှန်တကယ် မြင့်မားလှသည်။ အကယ်၍ အပြင်စည်းတပည့် မဟုတ်ဘဲ အရင်းအမြစ်များသာ ပြည့်စုံပါက ပို၍ တိုးတက်လာပေလိမ့်မည်။

လုလီ၏ ရင်ထဲတွင် ခံစားချက်အချို့ ရှိနေသည် ဤဂိုဏ်းအတွင်း၌ အရည်အချင်းရှိသူတိုင်းမှာ အလင်းတန်းအောက်တွင် ရှိနေကြသည် မဟုတ်ပေ။

လုလီ တံခါးပိတ်၍ အခန်းထဲသို့ ပြန်ဝင်လာပြီး ဓားမြှောင်ကို စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် လေးလံသော သံတုံးကြီးတစ်ခုကို ထုတ်ယူကာ ဝိညာဥ်စွမ်းအားကို အနည်းငယ်သွင်း၍ လက်ကောက်ဝတ်ကို လှည့်ကာ ဓားမြှောင်ဖြင့် ခုတ်ချလိုက်သည်။

"ဖျတ်..."

သံတုံးကြီးမှာ အသံပင် မထွက်ဘဲ ပြတ်တောက်သွားပြီး ပြတ်စမှာ မှန်ချပ်ကဲ့သို့ ချောမွေ့နေသည်၊ ၎င်းမှာ သာမန် ဝိညာဥ်လက်နက်များထက်ပင် ပိုမိုထက်မြက်လှသည်။

လုလီက ကျေနပ်စွာဖြင့် ဓားမြှောင်ကို ပြန်သိမ်းလိုက်သည်။ ဤအရာသည် အပြင်ပန်းက သာမန်ဖြစ်သော်လည်း အသုံးပြုသည့်အခါ ရန်သူ၏ အကာအကွယ်ကို ဖောက်ထွက်နိုင်သည်။ အင်္ကျီလက်ထဲ သို့မဟုတ် ကိုယ်ပေါ်တွင် ဝှက်ထားနိုင်သလို အရေးကြီးသော အချိန်တွင် တစ်ချက်တည်းဖြင့် အသက်ကို နှုတ်ယူနိုင်သည်။ အမှောင်ဓားသွားမန္တန်နှင့် တွဲဖက်လိုက်ပါက အသင့်တော်ဆုံးပင်။

အတွေးများ တည်ငြိမ်သွားပြီးနောက် သူသည် ကျင့်ကြံခြင်းဖျာပေါ်တွင် ပြန်ထိုင်ကာ မျက်စိမှိတ်၍ အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်ရင်း သူ၏ ပုံမှန်ကျင့်ကြံခြင်း အစီအစဉ်ကို ဆက်လက်လုပ်ဆောင်တော့သည်။

အချိန်မှာ မလောသော်လည်း သူ၏ လမ်းစဉ်ကတော့ ပို၍ ပို၍ ရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။

All Chapters