← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

📝အပိုင်း - ၃၄ ရန်ယွီ၏ စိတ်ကူး

ဘာသာပြန် - Na Gar🐉

ဆယ်ရက်ကျော်ကြာ အနားယူချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ပြီး ကွေ့ယွမ်တောင်ထွတ်၏ နံနက်ခင်း မြူခိုးများမှာ ယခင်အတိုင်းပင် ဖုံးလွှမ်းနေဆဲ ဖြစ်သည်။

လုလီသည် အခန်းထဲတွင် တရားထိုင်နေပြီး ကိုယ်တွင်း ဝိညာဥ်စွမ်းအားများမှာ ဖြည်းဖြည်းချင်း စီးဆင်းနေကာ အသက်ရှူနှုန်းမှာလည်း ရှည်လျားပြီး တည်ငြိမ်နေသည်။ သူ မျက်လုံးဖွင့်လိုက်ကာ ခန္ဓာကိုယ်တွင်းမှ အညစ်အကြေးလေများကို မှုတ်ထုတ်လိုက်ရာ မျက်နှာအမူအရာမှာ အေးချမ်းတည်ငြိမ်နေသည်။

ကျင့်ကြံမှု့မှာ ချီစုဆောင်းခြင်းအဆင့် (၂) အထွတ်အထိပ်သို့ အပြည့်အဝ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

လက်ဖဝါးထဲတွင် ဖြည်းဖြည်းချင်း စုစည်းလာသော ဝိညာဥ်စွမ်းအားများကို ကြည့်လိုက်ရာ လက်ဖျားတွင် အနက်ရောင်အလင်းတန်းလေးတစ်ခု မသိမသာ ပေါ်လာသည် ၎င်းမှာ အမှောင်ဓားသွားမန္တန်၏ အရိပ်အယောင်ပင် ဖြစ်သည်။ အမှန်တကယ် ထုတ်လွှတ်နိုင်ရန် တစ်လှမ်းသာ လိုသေးသော်လည်း အောင်မြင်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။

"မကြာခင်ပါပဲ..." သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ လေသံထဲတွင် အလောတကြီးဖြစ်မှု မရှိဘဲ ယုံကြည်ချက်အချို့ ပါဝင်နေသည်။

ဤကာလအတွင်း ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရခြင်းမှာ အလဟဿ မဖြစ်ခဲ့ပေ။

ချိုးယွဲ့ကပင် ထူးထူးခြားခြား စတင်စကားပြောလာသည် "နင့်လို ဝါနတ်

အရိုးလေးက ပါရမီကတော့ သာမန်ပါပဲ၊ ဒါပေမဲ့ ပညာရပ်တွေကို နားလည်နိုင်စွမ်းကတော့ တကယ်ကို မဆိုးဘူး"

သူမ၏ လေသံမှာ အမြဲတမ်းအတိုင်း အေးစက်နေပြီး လှောင်ပြောင်ရိပ် အနည်းငယ် ပါဝင်နေဆဲပင် "မိုးတိမ်ငယ်မန္တန် နဲ့ မြေနဂါးသွေးကြောမန္တန်

ကတော့ ထားပါတော့ ဒီ အမှောင်ဓားသွားမန္တန်ဆိုတာ သာမန်ပညာရပ် မဟုတ်ဘူး... နင်က တကယ်ကို ဒီအဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့တာပဲ"

လုလီ ကြားသောအခါ အပြုံးနုနုလေးသာ ပြုံးလိုက်ပြီး ပြန်မပြောပေ။

သူ့ကိုယ်သူ ပါရမီမြင့်သလားဆိုသည်ကို သူလည်း မဝေခွဲတတ်ပေ။ သူသည် ဝါနတ်အရိုးသာ ဖြစ်သဖြင့် ကျင့်ကြံမှုအရှိန်မှာ အလွန်နှေးကွေးသော်လည်း ပညာရပ်များကို နားလည်သဘောပေါက်သည့် နေရာတွင်မူ အလွန်မြင့်မားသော ပါရမီ ရှိနေပုံရသည်။

ဤရက်ပိုင်းအတွင်း သူသည် ပင်မတောင်ထွတ်တွင်သာ နေထိုင်ခဲ့ပြီး တုံရှန်းကို သွားတွေ့ရန်လည်း အစပျိုးခြင်း မပြုခဲ့ပေ။

"ခဏခဏ သွားတွေ့လွန်းရင်လည်း မကောင်းဘူး" လုလီက ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။ မျက်နှာအမူအရာမှာ အေးစက်တည်ငြိမ်နေသည်။

"အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုဆိုတာ အမျိုးသမီးတွေရဲ့ စိတ်ကူးယဉ်မှုကနေ လာတာပဲ"

...

ဝိညာဥ်ချီစုစည်းခြင်းအစီအရင်ကို သိမ်းဆည်းပြီးနောက် အင်္ကျီကို ခါလိုက်ကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

ကောင်းကင်မှာ အလင်းမပွင့်သေးသော်လည်း ကွေ့ယွမ်တောင်ထွတ်ပေါ်တွင် လူများစွာ လှုပ်ရှားနေကြပြီ ဖြစ်သည်။ ဝိညာဥ်ငှက်များ အော်မြည်နေပြီး မြူခိုးများက သစ်တောများကြားတွင် လွင့်မျောနေသည်။ သူသည်

ဝိညာဥ်ကြိုးကြာစီးနင်းရန် မရွေးချယ်ခဲ့ပေ အသွားအပြန် စျေးနှုန်းမှာ အလွန်ကြီးမြင့်လွန်းလှသဖြင့် ဝိညာဥ်ဆန်ကို ဤနေရာတွင် အသုံးပြုခြင်းမှာ တကယ့်ကို နှမြောစရာပင်။

"ငါ့ရဲ့ အခုအခြေအနေနဲ့ဆိုရင် လမ်းလျှောက်တာလည်း သေမှာမဟုတ်ပါဘူး" သူ လမ်းလျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ပြောဆိုကာ လမ်းအတိုင်း တောင်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

နာရီအနည်းငယ်အကြာတွင် ဝိညာဥ်ဆေးဥယဥ်၏ နယ်နိမိတ်ကို အဝေးမှ မြင်တွေ့လိုက်ရသည်။

လမ်းတွင် အဝါရောင်ဝတ်စုံဝတ် တပည့်အချို့ကို တွေ့ရပြီး သူတို့သည်

လည်း ဝိညာဥ်ဆေးဥယာဥ်သို့ ဦးတည်နေကြခြင်း ဖြစ်သည်။ အများစုမှာ လမ်းလျှောက်ကြသူများ ဖြစ်ကြပြီး ကြိုးကြာငှက်စီးရန် ငွေမဖြုန်းလိုကြပေ။

အချို့က လမ်းတွင် လုလီကို မြင်သောအခါ ယခင်ရာသီက အထွက်နှုန်း ပထမရခဲ့သည့် "ဝါနတ်အရိုး" ဖြစ်ကြောင်း မှတ်မိကြပြီး အဝေးမှ ရှောင်သွားကြသည်။

လုလီမှာမူ ဘာမှမခံစားရဘဲ ခေါင်းကို အနည်းငယ် ငုံ့ကာ ရှေ့သို့သာ ဆက်လျှောက်နေသည်။

ဤရာသီမှစတင်၍ သူ့ကို စောင့်ကြည့်မည့်သူများ ပိုများလာမည်ကို သူ သိသည်။ ကွေ့ယွမ်တောင်ထွတ် တွင် သူပြင်ဆင်ခဲ့သော ပညာရပ်နှင့် ဝိညာဥ်ဓားမြှောင်တို့သည်လည်း နောက်လာမည့် တိုက်ပွဲများအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ဝိညာဥ်လယ်မြေသို့ ပြန်ရောက်ပြီးနောက် လုလီ အချိန်မဆွဲဘဲ သူကိုယ်တိုင် စိုက်ပျိုးထားသော အဆင့်မြင့်ဝိညာဥ်ဆန်အချို့ကို ရန်ယွီအား ပေးရန် ဆုံးဖြတ်လိုက်သည်။

"နောက်တစ်ခါကျရင် ငါစိုက်တဲ့ ဝိညာဥ်ဆန်ကို မြည်းစမ်းခိုင်းမယ်" ဟု သူ သူမကို ကတိပေးခဲ့ဖူးသည်ကို သူ မှတ်မိနေသည်။

၎င်းမှာ ရန်ယွီက သူ့ကို ဂိုဏ်းထဲသို့ လမ်းပြပေးခဲ့ပြီး အမြဲတမ်း စောင့်ရှောက်ပေးခဲ့သည့် ကျေးဇူးကို ဆပ်ခြင်းလည်း ဖြစ်သည်။ ယခုအခါ လက်ထဲတွင် ရှိနေပြီဖြစ်ရာ ကတိမဖျက်လိုပေ။

သူက အိတ်ငယ်လေးတစ်လုံးကို ကိုင်ကာ ရင်းနှီးနေသော မြက်တဲတံခါးကို ခေါက်လိုက်သည်။

တံခါးမှာ "ကျွီ" ကနဲ ပွင့်သွားပြီး ရန်ယွီ ထွက်လာသည်။ သူမ၏ မျက်နှာမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရပြီး မျက်လုံးအောက်တွင် အညိုကွင်းလေးများ ရှိနေသည်မှာ ရက်ဆက် စိတ်ရှုပ်ထွေးမှုများကြောင့် အိပ်ရေးမဝသည့် ပုံစံမျိုးပင်။

လုလီက အင်္ကျီလက်ထဲမှ ဝိညာဥ်ဆန်အထုပ်ကို ထုတ်ကာ ပြုံး၍ ကမ်းပေးလိုက်သည်။

"စီနီယာအစ်မ ရန်၊ ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင် စိုက်ထားတဲ့ ဝိညာဥ်ဆန်ကို မြည်းစမ်းကြည့်ပါဦး"

ရန်ယွီက သူ့ကို တစ်ချက်ကြည့်ကာ အပြုံးနုနုလေး ပြလိုက်ပြီး "ကောင်းပြီလေ ဂျူနီယာမောင်လေး နင်မှတ်မိနေတာပဲ"

သူမ ဝိညာဥ်ဆန်ကို လက်ခံလိုက်သည့် ခဏတွင် လက်ဖျားလေးများ တင်းသွားပြီးမှ ပြန်လျော့သွားသည်။ ရင်းနှီးနေသော ဆန်နံ့သင်းသင်းလေးမှာ နှာခေါင်းထဲ တိုးဝင်လာရာ ၎င်းမှာ လျိုတာ့ပါး၏ ရွှေရောင်လယ်ကွက်မှ ထွက်ရှိသည့် အရည်အသွေးထက်ပင် ပိုမိုမြင့်မားနေသည်။

ဒါက တကယ့်ကို ဆန်ကောင်းပဲ။

တဲထဲတွင် မီးဖိုကို ပြန်လည်မွှေးလိုက်ပြီး လုလီက ထင်းစိုက်ပေးနေသည်။မီးတောက်များမှာ ကခုန်နေပြီး အိုးထဲမှ ဆူပွက်သံများ ထွက်ပေါ်လာသည်။

ရန်ယွီက ဘေးတွင်ထိုင်ကာ သူ၏ အလုပ်ရှုပ်နေသော ကျောပြင်ကို ကြည့်ရင်း ခဏတာ ငိုင်သွားမိသည်။

ဤရက်ပိုင်းအတွင်း လုလီနှင့် ပတ်သက်သည့် ကောလာဟလများစွာကို သူမ ကြားခဲ့ရသည်။ သူသည် မူလကတည်းက တုံရှန်းနှင့် သိကျွမ်းခဲ့ကြောင်း၊ ကွေ့ယွမ်တောင်ထွတ်သို့ လာခဲ့ခြင်းမှာ သူမအတွက် ဖြစ်ကြောင်း၊ သူသည် သံယောဇဥ် အလွန်ကြီးမားသော "နောက်လိုက်ခွေး" တစ်ယောက်ဖြစ်ကြောင်း စသည်ဖြင့်ပေါ့။

သူမ ထိုစကားများကို မယုံပေ။

လုလီသည် ထိုကဲ့သို့သော လူမျိုးမဟုတ်သည်ကို သူမ မြင်နိုင်သည်။ သူက တည်ငြိမ်သူဖြစ်ပြီး အလုပ်တစ်ခုလုပ်လျှင် အတိုင်းအတာ ရှိတတ်ကာ စိတ်ခံစားချက်ကိုလည်း လွယ်လွယ်နှင့် ထုတ်ပြလေ့မရှိပေ။ သူသည် ချစ်ခြင်းမေတ္တာကြောင့် ခြေလှမ်းတန့်သွားမည့်သူမျိုး မဟုတ်ပေ။

ဒါပေမဲ့ သူမကတော့ ဂရုစိုက်နေမိဆဲပင်။

သူမသည် အသက် (၁၅) နှစ် ရှိပြီဖြစ်သော်လည်း ကျင့်ကြံမှု့မှာ ချီစုဆောင်းခြင်းအဆင့် (၂) သာ ရှိသေးသည်။ ပါရမီကလည်း နိမ့်ပါးလှရာ ထူးခြားသော အခွင့်အရေး မရှိလျှင် ဤဘဝတွင် ဤအဆင့်မှာတင် ရပ်တန့်သွားမည်ကို သူမကိုယ်တိုင်လည်း သိသည်။

တုံရှန်းကတော့ မွေးရာပါ မြေနတ်အရိုး ပိုင်ရှင်၊ ကွေ့ယွမ်တောင်ထွတ်၏ အတွင်းစည်းတပည့်၊ နောက်ဆိုလျှင် ဟွမ်ရှန်းဂိုဏ်း ကွေ့ယွမ်

တောင်ထွတ်၏ အဓိကတပည့်ပင် ဖြစ်လာနိုင်သည်။

သူမက မယှဉ်နိုင်သလို၊ လုယူရန်လည်း မဖြစ်နိုင်ပေ။

သူမ သိထားသည်မှာ၊ မူလက လုလီကို ချဉ်းကပ်ခဲ့ခြင်းမှာ ရည်ရွယ်ချက် ရှိခဲ့ခြင်း ဖြစ်သည်။ အနာဂတ်အတွက် လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်ပြီး မိမိအတွက် လမ်းတစ်ခု ခင်းချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ် လက်တွဲအလုပ်လုပ်လာသည့်အခါတွင်မူ ဤလူငယ်လေးမှာ "လောင်းကြေးထပ်ရမည့် အခွင့်အရေး" တစ်ခုတည်း မဟုတ်တော့သည်ကို သူမ ပို၍ ပို၍ နားလည်လာခဲ့သည်။

သူ့ရင်ထဲမှာ ချစ်ရမည့်သူ ရှိနေလောက်ပြီ။

ဒါပေမဲ့လည်း သူမ မလုယူပါဘူး။

သူမက တုံရှန်း မဟုတ်သလို လုလီရှေ့မှာ ပွင့်ပွင့်လင်းလင်း ရပ်တည်ရဲသူလည်း မဟုတ်ပေ။ သူမ လုပ်နိုင်သည်မှာ ဤမြက်တဲလေးထဲတွင် ထိုင်ကာ သူ ထမင်းချက်နေသည်ကို ကြည့်ပြီး အိုးထဲမှ ဆန်နံ့ကို ခံစားရင်း ဤနွေးထွေးမှုလေးများကို နှလုံးသားထဲတွင် တစ်စစီ သိမ်းဆည်းထားခြင်းသာ ဖြစ်သည်။

သူမက ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် "ဂျူနီယာမောင်လေးက ဒီလောက် ထက်မြက်ပြီး ကြိုးစားတာပဲ... နောက်ဆိုရင် စီနီယာအစ်မ တုံရှန်းကို သေချာပေါက် မှီသွားမှာပါ"

ဤစကားမှာ အလွန်တိုးလှသဖြင့် ကိုယ့်ဘာသာ ရေရွတ်လိုက်သကဲ့သို့ပင်။ သို့သော် အခန်းထဲတွင် တိတ်ဆိတ်နေသဖြင့် ထင်းပေါက်သံမှလွဲ၍ သူမ၏ အသံသာ ရှိနေသည်။

လုလီ၏ လက်ထဲမှ မီးညှပ်မှာ ခေတ္တရပ်သွားပြီး သူမကို တစ်ချက်မော့ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ မျက်ဝန်းများမှာ အနည်းငယ် နက်မှောင်သွားသည်။

သူ စကားမပြောဘဲ တိတ်တဆိတ် ထင်းများကို ဆက်ထည့်ပေးနေသည်။

ရန်ယွီက မျက်လွှာချလိုက်ကာ လက်ချောင်းလေးများဖြင့် ဝိညာဥ်ဆန်အိတ်လေးကို အသာအယာ ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းထောင့်တွင် မသဘာဝကျသော အပြုံးလေးတစ်ခုကို ဖော်ပြလိုက်သည်။

"တောင်းပန်ပါတယ်နော်၊ ငါက ပါးစပ်ထဲ ရှိတာ ပြောလိုက်မိတာပါ"

လုလီ ခေါင်းခါပြလိုက်သည် "ဘာမှမဖြစ်ပါဘူး"

အိုးအဖုံးကို သူ ဖွင့်လိုက်ရာ ဆန်နံ့များမှာ ဝေဝေဆာဆာ ထွက်ပေါ်လာပြီး အငွေ့များကြားတွင် သူတို့နှစ်ဦး၏ မျက်နှာအမူအရာများမှာ မထင်မရှား ဖြစ်နေသည်။

ထမင်းစားရင်း အခန်းထဲတွင် အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

မီးပုံမှာ တဖြည်းဖြည်း သေးငယ်သွားပြီး အိုးထဲမှ ဆူပွက်သံလည်း ရပ်သွားခဲ့ပြီ။ လေထဲတွင် ဝိညာဥ်ဆန်၏ ရနံ့ကြွင်းလေးများသာ အေးစက်စွာ ပျံ့လွင့်နေသည်။

ရန်ယွီသည် ရုတ်တရက် ပန်းကန်ကို ချလိုက်ပြီး တိုးတိုးလေး ပြောသည် "မောင်လေး ရှေ့လျှောက်... လျိုတာ့ပါးကို သတိထားနော်"

လုလီ မော့ကြည့်လိုက်ရာ အကြည့်မှာ တည်ငြိမ်နေသည်။

"ဟမ်..."

"နင် ပင်မတောင်ထွတ်ကို ပြန်သွားတဲ့ ရက်တွေမှာ သူနင့်ရဲ့ လယ်ကွက်ဆီကို အကြိမ်အနည်းငယ် ရောက်လာခဲ့တယ်" ရန်ယွီ၏ လေသံမှာ အလွန်တိုးလှသည် "ဒါပေမဲ့ ဘာထူးခြားမှု့မှတော့ သူ မတွေ့သွားဘူး"

သူမ ခေတ္တရပ်ကာ သူ့ကိုကြည့်လိုက်ရာ မျက်ဝန်းထဲတွင် တွေဝေမှုအချို့ ရှိနေသည်။

"ဖြစ်နိုင်တာကတော့... နင့်နဲ့ စီနီယာအစ်မ တုံရှန်းရဲ့ ပတ်သက်မှုကို သူ ကြောက်နေလို့ ဖြစ်မှာပါ"

ဤစကားကို ပြောလိုက်သည့်အခါ သူမအတွက် ပြောရခက်ခဲနေသည့်ပုံစံမျိုး၊ သို့မဟုတ် ရိပ်မိရန်ခက်ခဲသော အားငယ်မှုလေးတစ်ခုကို ဖုံးကွယ်ထားသည့် ပုံစံမျိုးပင်။ ပြောပြီးနောက်တွင် သူမ၏ အကြည့်မှာ လုလီကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။

လူငယ်လေး၏ မျက်နှာမှာ ပုံမှန်အတိုင်းပင်။ ရှောင်လွှဲခြင်းလည်း မရှိ၊ စကားလည်း ပိုမပြောဘဲ နောက်ဆုံး ထမင်းတစ်လုပ်ကိုသာ ငုံ့၍ ဖြည်းဖြည်းချင်း ဝါးစားနေသည်။

သူ ထိုသို့ပြုမူသည်ကို မြင်မှ သူမ ဆက်ပြောသည် "သူက အထင်အရှားတော့ မလုပ်ရဲဘူး၊ ဒါပေမဲ့...နောက်ကွယ်မှာတော့ တစ်ခုခု လုပ်လာနိုင်တယ်၊ နင်အမြဲတမ်း သတိထားတာ အကောင်းဆုံးပဲ"

လုလီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

အခန်းထဲမှ မီးတောက်မှာ မီးပွားလေးတစ်ခု ပေါက်ကွဲထွက်လာရာ သူ၏ မျက်ဝန်းထဲမှ ခဏတာ ဖြတ်ပြေးသွားသော အေးစက်သည့် အရှိန်အဝါမှာ အလွန်ပင် ရှင်းလင်းလှသည်။

"ကျွန်တော် သိပါတယ်" သူ၏ အသံမှာ တည်ငြိမ်နေသည်။

လာမည့်အရာသည် တစ်နေ့နေ့တွင် ရောက်လာမည်သာ ဖြစ်သည်။

လုလီ စိတ်ထဲတွင် တိတ်တဆိတ် တွေးနေမိသည် "ငါ့ရဲ့ အခုအင်အားက အဝေးကြီး လိုနေသေးတယ် အမှောင်ဓားသွားမန္တန်ကိုလည်း အပြည့်အဝ မကျွမ်းကျင်သေးဘူး၊ ဝိညာဥ်ဓားမြှောင်လို မမျှော်လင့်ထားတဲ့ လက်နက် ရှိနေရင်တောင်... ချီစုဆောင်းခြင်းအဆင့် (၂) နဲ့ အဆင့် (၅) ဆိုတာ တကယ်ကို ကွာခြားလွန်းတယ်"

ထမင်းစားပြီးနောက် ရန်ယွီကို နှုတ်ဆက်ကာ မိမိ၏ ဝိညာဥ်လယ်ကွက်ဆီသို့ ပြန်လာပြီး ဆက်လက်ကျင့်ကြံတော့သည်။

ဝိညာဥ်စပါးစိုက်ဖို့ ရာသီအသစ်က စတင်တော့မည် ဖြစ်သည်။ သို့သော် ဤရာသီတွင် လျိုတာ့ပါး၏ အာရုံစိုက်မှုကို ရရှိထားပြီဖြစ်ရာ ယခင်ရာသီကကဲ့သို့ ချောမွေ့မည် မဟုတ်သည်မှာ သေချာသည်။

အရေးအကြီးဆုံးမှာ ကျင့်ကြံမှု့ပင် ဖြစ်သည်။ သူသည် တစ်စက္ကန့်ချင်းစီကို အသုံးချ၍ မိမိ၏ အင်အားကို မြှင့်တင်ရမည် ဖြစ်သည်။ ထိုမှသာ ဝိညာဥ်

လယ်မြေတွင် အမှန်တကယ် ခြေကုပ်ယူနိုင်မည် ဖြစ်သည်။

📝အပိုင်း - ၃၅ ခြိမ်းခြောက်မှု့

ဘာသာပြန် - Na Gar🐉

ဝိညာဉ်လယ်ကွက်သို့ ပြန်ရောက်သည်နှင့် လုလီသည် ဝိညာဉ်ချီစုစည်းခြင်းအစီအရင်ကို ခင်းကျင်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားမှ ဝိညာဉ်ချီများသည် ဖြည်းဖြည်းချင်း စုရုံးရောက်ရှိလာသည်။

ဤအစီအရင်သည် အလွန်ဆန်းကြယ်လှရာ မြေအောက်တွင် မြှုပ်နှံထားပြီးပါက အထူးပြုလုပ်ထားသော အစီအရင်ပညာရှင်မှလွဲ၍ သာမန်ကျင့်ကြံသူများမှာ ထူးခြားမှုကို ရှာဖွေတွေ့ရှိရန် ခက်ခဲလှသည်။

သူသည် တရားထိုင်ကာ ဦးစွာ ကိုယ်တွင်း၌ ကျန်ရှိနေသော ဝိညာဉ်ဆန်၏ စွမ်းအားများကို အကြိမ်အနည်းငယ် လည်ပတ်လိုက်ပြီး အသက်ရှူနှုန်းကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက်မှ ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်ချီများကို စတင်စုပ်ယူတော့သည်။

မျက်စိမှိတ်လိုက်သည်မှာ မကြာသေးမီမှာပင် နားစည်ဘေးမှ ခပ်ဖွဖွ ရယ်သံတစ်ခု ကြားလိုက်ရသည်။

"ဟေ့... လုလီလေး" ချိုးယွဲ့၏ အသံမှာ ပျင်းရိစွာ ထွက်ပေါ်လာသည်။

"ငါ့ဆီမှာ ပညာရပ်တစ်ခု ရှိတယ်၊ နင်သင်မလား"

လုလီ မျက်မှောင်ကြုတ်လိုက်သော်လည်း မျက်လုံးမဖွင့်ပေ။ အသံမှာ တည်ငြိမ်မြဲပင် "ပြောပါဦး၊ မင်း ငါ့ကို ဘာလုပ်ခိုင်းဦးမလို့လဲ"

"ဒီတစ်ခါတော့ ဘာမှလုပ်ခိုင်းဖို့ မဟုတ်ပါဘူး"

ချိုးယွဲ့က အလွန်ရိုးသားဟန်ဖြင့် ရယ်မောကာ "တကယ်ပါ၊ အလကားပေးမှာ၊ အပိုလက်ဆောင်လို့ မှတ်လိုက်ပေါ့"

"မင်းက ဘယ်တုန်းက ဒီလောက် စေတနာကောင်းသွားတာလဲ"

"အခုပေါ့"

လုလီ မယုံပေ။ အလကားရသည့်အရာ ရှိသည်ဟု သူ ဘယ်တုန်းကမှ မယုံကြည်ခဲ့။

သူ၏ မိစ္ဆာအရိုးအတွင်း ပုန်းအောင်းနေသော ဤအမျိုးသမီးသည် သူမကိုယ်သူမ နတ်ဘုရားလမ်းစဥ်ကဟု ပြောသော်လည်း လုပ်ရပ်များမှာ မိစ္ဆာကျင့်ကြံသူထက်ပင် ပိုဆိုးလှသည်။ နေ့စဉ်နှင့်အမျှ လူသတ်ခြင်း ၊ ဝိညာဉ်ထုတ်ယူခြင်း ၊ အရိုးဝါးမြိုခြင်း ဟူသော စကားလုံးများမှာ သူမ၏ ပါးစပ်ဖျားတွင် အမြဲရှိနေသည်။

"နင် ပြီးခဲ့တဲ့ရာသီက ဝိညာဉ်လယ်မြေ မှာ လျိုတာ့ပါးကို ကျော်ဖြတ်ပြီး ပထမ ရခဲ့တယ်မလား" ချိုးယွဲ့၏ အသံထဲတွင် ထူးဆန်းသော ရယ်သံတစ်ခု ပါဝင်နေသည်။

"သူကတော့ ဒီဒေါသကို ဘယ်လိုမှ ထိန်းထားမှာ မဟုတ်ဘူး၊ တစ်နည်းနည်းနဲ့တော့ လက်စားချေဖို့ ကြိုးစားမှာပဲ"

"ဒါဆိုရင်တော့" လုလီ မျက်လုံးဖွင့်ကာ ညမှောင်ရီပျိုးစ ဝိညာဉ်လယ်မြေကို လှမ်းကြည့်လိုက်သည်။

"ဒါကြောင့် နင်လူသတ်ရတော့မယ်" ချိုးယွဲ့က အေးအေးလူလူ ပြောလိုက်သည်။

ထိုစကားမှာ အလွန်ပင် ပေါ့ပေါ့ပါးပါး ပြောလိုက်သဖြင့် လုလီမှာ သူမ နောက်နေခြင်းလား၊ အတည်ပြောခြင်းလားပင် ဝေခွဲမရ ဖြစ်သွားသည်။

"ငါ့ဆီမှာ မိစ္ဆာမီးလျှံ ဝိညာဉ်ဝါးမြိုကျမ်း ဆိုတာ ရှိတယ်" သူမ ခေတ္တရပ်ကာ ဖြည်းဖြည်းချင်း ရှင်းပြသည်။

"နာမည်က ကြောက်စရာကောင်းတယ် ထင်ရပေမဲ့... ဒီအရာရဲ့ တကယ့် ထူးခြားချက်ကတော့ တိုက်ခိုက်နိုင်စွမ်းတင် မဟုတ်ဘူး၊ သဲလွန်စတွေကို ဖျောက်ဖျက်နိုင်တာပဲ"

"လူသတ်ပြီးရင် အရိုး၊ သွေး၊ ဝိညာဉ် အားလုံးကို ပြာဖြစ်အောင် အကုန် လောင်ကျွမ်းစေနိုင်တယ်။ နင်က မိစ္ဆာအရိုးကြောင့် သဲလွန်စ ကျန်မှာကို ကြောက်နေတာမလား ဒီပညာရပ်ကို တစ်ခါသုံးလိုက်ရင် သရဲတောင် နင့်ကို ရှာတွေ့မှာ မဟုတ်ဘူး"

လုလီ နားထင်ကို ပွတ်လိုက်သည် "မင်းက တကယ်ပဲ နတ်ဘုရားလမ်းစဥ်က လူ ဟုတ်ရဲ့လား"

ချိုးယွဲ့၏ လေသံမှာ အေးအေးဆေးဆေးပင် "နတ်ဘုရားလမ်းစဥ် ဟင်း... နတ်ဘုရားလမ်းစဥ်ထဲကလူတွေ အားလုံးက နှင်းလို ဖြူစင်တယ်လို့ နင်

ထင်နေတာလား ကျင့်ကြံခြင်းလောကမှာ အသက်ရှင်ချင်ရင် ဖြူစင်နေလို့ မရဘူး"

သူမ ထိုသို့ပြောလိုက်သည့်အခါ အလွန်ပင် တည်ငြိမ်လှရာ ရှင်သန်ရပ်တည်ရေးအတွက် မလွဲမသွေ လိုက်နာရမည့် စည်းကမ်းတစ်ခုကို ပြောနေသကဲ့သို့ပင်။

လုလီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည် "ပညာရပ်

အဆင့်ကဟော"

"အဝါရောင်အဆင့် အဆင့်မြင့်"

ချိုးယွဲ့က ပြတ်ပြတ်သားသားဖြင့် "ဒါပေမဲ့... အနက်ရောင်အဆင့် နဲ့ အလွန်နီးစပ်တယ်"

လုလီ မျက်ခုံးများ လှုပ်ရှားသွားသည်။

အဝါရောင်အဆင့် အဆင့်မြင့်ဆိုသည်မှာ အပြင်စည်းတပည့် ပညာရပ်စနစ်တစ်ခုလုံးတွင် အမြင့်ဆုံးအဆင့်များထဲမှ တစ်ခုဖြစ်သည်။ စျေးကွက်တွင် ရှိနေသည့် စာလိပ်တိုင်းမှာ အနည်းဆုံး ဂိုဏ်းအကျိုးပြုမှတ် (၃၀၀) တန်ဖိုးရှိသည်။ အကယ်၍ အနက်ရောင်အဆင့်နှင့် နီးစပ်ပြီး အသုံးဝင်မှု မြင့်မားမည်ဆိုလျှင် ဂိုဏ်းအကျိုးပြုမှတ် ထောင်နှင့်ချီပေးရလျှင်ပင် မဆန်းပေ။

၎င်းမှာ အပြင်စည်းတပည့်တစ်ဦး ဆယ်လ သို့မဟုတ် တစ်နှစ်ခန့် စုဆောင်းရမည့် ပမာဏပင်။

လုလီ ခေတ္တမျှ ကြောင်သွားသော်လည်း နောက်ဆုံးတွင် တွေဝေမနေတော့ပေ။

"ငါ သင်မယ်"

လုလီ သဘောတူလိုက်သည်နှင့် သူ၏ အသိစိတ်ပင်လယ်ထဲတွင် လှိုင်းတံပိုးများ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် မီးခိုးရောင် ကျမ်းစာတန်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ၎င်းမှာ ငရဲတွင်းနက်ထဲမှ ထွက်ပေါ်လာသော ချည်မျှင်လေးများအလား သူ၏ အသိစိတ်ထဲတွင် တစ်စစီ ဖြန့်ကျက်သွားသည်။ အေးစက်လှသလို၊ ဆန်းကြယ်လှသော်လည်း အလွန်ပင် ရှင်းလင်းလှသည်။

၎င်းမှာ မိစ္ဆာမီးလျှံ ဝိညာဉ်ဝါးမြိုကျမ်း၏ အမွေအနှစ်ပင် ဖြစ်သည်။

၎င်း၏ ပထမဆုံး စာကြောင်းမှာပင် လုလီကို မျက်မှောင်ကြုတ်စေခဲ့သည်။

"ဝိညာဉ်မပျက်သရွေ့ ဤမီးမငြိမ်း၊ ခန္ဓာမပုပ်သရွေ့ ဤမီးမသေ"

စာလုံးများ လည်ပတ်နေစဉ် သွေးရောင်မီးတောက်များမှာ ဦးနှောက်ထဲတွင် တောက်လောင်လာရာ အသိစိတ်ပင်လယ်ကိုပင် အက်ကွဲသွားစေမတတ် ခံစားရသည်။ ၎င်းမှာ သာမန်ပညာရပ်များ၏ ဝိညာဉ်ချီ ပုံသဏ္ဌာန်မျိုး မဟုတ်ဘဲ ရက်စက်လှသော ပူဇော်ကျင့်ကြံသည့် နည်းလမ်းတစ်ခုနှင့် တူလှသည်။ မီးတောက် ထွက်ပေါ်လာသည်နှင့် ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပါ လောင်ကျွမ်းစေမည် ဖြစ်သည်။

"ဒီအရာက... တကယ်ပဲ အဝါရောင်အဆင့် ဟုတ်ရဲ့လား"

သူ ခေတ္တမျှ စဉ်းစားနေမိသော်လည်း ရင်ထဲတွင်တော့ ဝန်ခံလိုက်ရသည်။

ဤပညာရပ်၏ စွမ်းအားမှာ သာမန်အဝါရောင်အဆင့်များနှင့် လုံးဝ မယှဉ်

နိုင်ပေ။ အကယ်၍ ချိုးယွဲ့ပြောသကဲ့သို့ "အနက်ရောင်အဆင့်နှင့် နီးစပ်သည်" ဆိုလျှင် မှတ်သားထားရန် အမှန်တကယ် ထိုက်တန်လှသည်။

ချိုးယွဲ့သည် ဤတစ်ကြိမ်တွင် ပို၍ ပြောဆိုခြင်း မရှိပေ။

သူမက "အလောင်းဖျောက်ဖို့" ဟု ပြောနေသော်လည်း

လုလီ ရှင်းလင်းစွာ သိထားသည်မှာ ဤကဲ့သို့သော လူသတ်ဖျောက်ဖျက်

သည့် ပညာရပ်ကို တတ်မြောက်သွားပါက မိမိကိုယ်ကိုယ် ကာကွယ်ရုံတင် မဟုတ်တော့ဘဲ အားကိုးထိုက်သည့် လက်နက်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

သူသည် ပညာရပ်အပေါ်တွင် တွန့်ဆုတ်နေခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံခြင်းလောကမှာ စည်းကမ်းပြောနေရမည့် နေရာမဟုတ်သည်ကို သူ ကောင်းကောင်း နားလည်ထားသည်။ ဂိုဏ်းစည်းကမ်း ရှိနေသော်လည်း တကယ်တမ်း လက်နက်ထုတ်တိုက်ကြသည့်

အခါ မည်သူက ထိုစည်းကမ်းကို ဂရုစိုက်နေမည်နည်း။

"တကယ်လို့ သေသင့်တဲ့သူ ရှိလာရင် အစအနမကျန် သေသွားစေရမယ်"

သူ ထိုသို့ တွေးလိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဝိညာဉ်လယ်မြေမှာ အစွန်အဖျားဖြစ်သော်လည်း ဂိုဏ်း၏ နယ်မြေအတွင်းမှာပင် ဖြစ်သည်။ အကယ်၍ လူသတ်မှု ဖြစ်ပွားပြီး သဲလွန်စကျန်ခဲ့ပါက ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ချက်ချင်း သိရှိသွားပေလိမ့်မည်။

ချိုးယွဲ့က တကယ်ကို အစအဆုံး စဉ်းစားပေးထားခြင်းပင်... မိစ္ဆာထဲမှ မိစ္ဆာဖြစ်ရန် ထိုက်တန်လှသည်။

လုလီသည် မိမိကိုယ်ကိုယ် လူသတ်ဝါသနာပါသူတစ်ဦးဟု မယူဆသော်လည်း လက်နက်များကို အသင့်ပြင်ထားခြင်းမှာ နေ့တိုင်းသုံးရန် မဟုတ်ဘဲ "မလွှဲမရှောင်သာ တိုက်ခိုက်ရမည့်" အချိန်ကျလျှင် အခြေအနေကို ထိန်းချုပ်နိုင်ရန် ဖြစ်သည်။ တစ်ဖက်လူက သတ်လိုက်မှ "လူမသတ်သင့်ဘူး" ဟု တွေးနေရမည့်သူမျိုး သူ မဖြစ်ချင်ပေ။

သို့သော် ယခုလောလောဆယ်တွင်မူ...

သူသည် အပြင်ဘက်မှ အလင်းရောင်ကို ကြည့်လိုက်ပြီး သွေးကြောများအတွင်းရှိ ဝိညာဉ်ချီ စီးဆင်းမှုကို ခံစားကြည့်သည်။

ဤမိစ္ဆာမီးလျှံဝိညာဥ်ဝါးမြိုကျမ်းမှာ ကောင်းမွန်သော်လည်း အရေးတကြီး လိုအပ်နေသည့်အရာ မဟုတ်ပေ။

ယခုအချိန်တွင် အရေးအကြီးဆုံးမှာ အမှောင်ဓားသွားမန္တန်ပင် ဖြစ်သည်။

၎င်းသည်သာ လက်ရှိ တိုက်ပွဲတွင် တကယ်အသုံးဝင်မည့် အရာဖြစ်သည်။

နောက်လာမည့် အချိန်များအတွင်း ဝိညာဉ်လယ်ကွက်ကို ကာကွယ်ရန်နှင့် လျိုတာ့ပါးကဲ့သို့သော သူများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် သူ အာရုံမပျံ့လွင့်စေရပေ။ ပညာရပ်များစွာကို တစ်ပြိုင်နက် သင်ယူခြင်းမှာ အာရုံနောက်စေပြီး အလုပ်ပျက်စေနိုင်သည်။

"အရင် မှတ်ထားလိုက်မယ် အမှောင်ဓားသွားမန္တန် ကျွမ်းကျင်သွားမှ ဒီကျမ်းကို ဆက်ပြီး လေ့လာတော့မယ်" သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး မီးခိုးရောင် ကျမ်းစာများကို သူ၏ အသိစိတ်ထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်သည်။

တစ်ညလုံး ဘာမှမဖြစ်ဘဲ မိုးလင်းသွားခဲ့ပြီ။ နံနက်ခင်း အလင်းရောင် ပေါ်လာသည်နှင့် ဝိညာဉ်လယ်မြေတွင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ရာသီအသစ်အတွက် ဝိညာဉ်စပါးမျိုးစေ့များ ထုတ်ပေးသည့်အချိန်သို့ ရောက်ရှိလာသည်။

လုလီ စောစောထကာ လယ်ထဲဆင်း၍ မြေပြုပြင်ခြင်း၊ ရေသွင်းခြင်း၊ ဝိညာဉ်ချီစုစည်းခြင်းများကို ပုံမှန်အတိုင်း သပ်ရပ်စွာ လုပ်ဆောင်နေသည်။

ညဘက်တွင် ပြဿနာတစ်ခုခု ကြုံရမည်ဟု သူ ထင်ထားခဲ့သော်လည်း အရာအားလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။

ဒါပေမဲ့... အရမ်းကို တိတ်ဆိတ်လွန်းနေသည်။

သူ မျိုးစေ့ချနေစဉ်မှာပင် အဝေးမှ မြက်ခင်းလမ်းအတိုင်း လူသုံးဦး ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ရသည်။ ရှေ့ဆုံးမှ လူမှာ ခန္ဓာကိုယ် ထွားကျိုင်းပြီး စပ်ဖြီးဖြီးရယ်နေသော လျိုတာ့ပါး ပင် ဖြစ်သည်။

သူ့နောက်မှ လူနှစ်ဦးမှာ အသက်မကြီးသေးသော်လည်း ချီစုဆောင်းခြင်းအဆင့် (၃) တွင် ရှိကြပြီး အကြည့်များမှာ မကောင်းလှပေ။

လုလီ ဘာမှမဖြစ်သကဲ့သို့ပင် လက်ထဲမှ အလုပ်ကို မရပ်တန့်ဘဲ ဆက်လုပ်နေသည်။

လျိုတာ့ပါးက ပြုံး၍ အနားသို့ တိုးလာပြီး "ညီလေးလု ရာသီသစ်မှာ လယ်ပြန်ဆင်းနေပြီပေါ့ ဟင်း... ဒီမြောက်ဘက်လယ်ကွက်က စိုက်ရတာ အခက်ဆုံးပဲ၊ ဒါပေမဲ့ မင်းက ပြီးခဲ့တဲ့ရာသီမှာ ပထမရခဲ့တယ်ဆိုတော့ တကယ့်ကို သူရဲကောင်း လူငယ်လေးပဲ"

လုလီ လက်သီးစုပ်ကာ "ကံကောင်းလို့ပါ၊ ရာသီဥတုနဲ့ မြေအနေအထားကြောင့်ပါပဲ၊ ကံကောင်းရုံလေးပါ"

"ဒီလောကမှာ ကံကောင်းရုံနဲ့ ပထမ ရနိုင်တဲ့ကိစ္စမျိုး ရှိလို့လား"

လျိုတာ့ပါးက ခေါင်းခါလိုက်ပြီး အပြုံးမပျက်ဘဲ "ငါလည်း ဒီဝိညာဉ်

လယ်မြေမှာ ဆယ်စုနှစ်တစ်ခုကျော် နေလာတာ၊ မြောက်ဘက်က ဒီမြေရိုင်းမှာ ထိပ်ဆုံးက ရတဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ"

"ဒါကြောင့် ဒီနေ့တော့ မင်းကို အထူးတလည် လာတွေ့တာ" သူ၏ လေသံမှာ နူးညံ့နေပြီး မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်။

"ဂျူနီယာညီလေးက ဒီကိုရောက်တာ သုံးလရှိပြီ၊ ငါက စီနီယာတစ်ယောက်အနေနဲ့ လာပြီး မနှုတ်ဆက်ရသေးတာက ငါ့ရဲ့ ပေါ့ဆမှုပါပဲ"

"ကျွန်တော်ကပဲ လာပြီး မနှုတ်ဆက်ရတာ အားနာဖို့ ကောင်းပါတယ်" လုလီက ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

"ဟဲဟဲ... ကိစ္စမရှိပါဘူး"

လျိုတာ့ပါးက သူ့ကို ပြုံးကြည့်နေပြီး "လူဆိုတာ အသစ်ရောက်လာရင် အဝင်အထွက်ရှိရတာပေါ့။ ဝိညာဉ်လယ်မြေဆိုတာ ကြီးတယ်ဆိုရင်လည်း ကြီးသလို၊ သေးတယ်ဆိုရင်လည်း သေးတယ်၊ စည်းကမ်းဆိုတာတော့ နည်းနည်း သိထားဖို့ လိုတာပေါ့"

လုလီ နောက်ဆုံးတွင် ခေါင်းမော့လိုက်ပြီး အကြည့်မှာ တည်ငြိမ်နေသည် "အော်... စီနီယာပြောတဲ့ စည်းကမ်းဆိုတာ ဘယ်လိုမျိုးလဲ မသိဘူး"

"ဥပမာဆိုရင်တော့" လျိုတယ့ပါး၏ လေသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး အပြုံးမှာ ပို၍ပင် နက်ရှိုင်းလာသည်။

"ပထမ ဆိုတာမျိုးက ဘယ်သူမဆို ယူလို့ရတဲ့အရာ မဟုတ်ဘူး။ ဒီအရာက တစ်ခါတလေမှာ ဂုဏ်ယူစရာ ဖြစ်သလို၊ တစ်ခါတလေမှာတော့ လက်ကိုအပူလောင်စရာ ဖြစ်တတ်တယ်"

"လယ်မြေက ဝိညာဉ်လယ်၊ မျိုးစေ့က ဂိုဏ်းက၊ ရေကြောက တောင်

အနေအထားပေါ် မူတည်တယ်၊ ဝိညာဉ်ချီကတော့ ကံတရားပေါ့" သူက တစ်လုံးချင်း ပြောလိုက်သည်။

"ဒီလယ်ကနေ ဆန်ကောင်းထွက်ဖို့ဆိုတာ အရည်အချင်းတင် မဟုတ်ဘူး၊ တစ်ခါတလေမှာတော့... ဒါက ဘယ်သူ့နယ်မြေလဲဆိုတာကိုလည်း ကြည့်ရသေးတယ်"

သူ့နောက်မှ လူနှစ်ဦးမှာ စကားမပြောတော့ဘဲ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်ကာ အရှိန်အဝါများ ထွက်ပေါ်လာသည်။

လုလီမှာမူ ဘာမှမတုံ့ပြန်ဘဲ သူ့ကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်သည်။

လျိုတာ့ပါးက ထူးခြားမှုကို မမြင်သည့်အလား ထပ်မံပြုံးလိုက်ပြီး...

"တုံရှန်းနဲ့ ပတ်သက်မှု ရှိနေရုံနဲ့ ဒီဝိညာဉ်လယ်မြေမှာ မောက်မာလို့ရမယ်လို့ မထင်နဲ့ဦး"

"ငါတို့လို ဒီမှာ ကြာကြာနေတဲ့သူတွေ သိတာကတော့ တုံရှန်းဟာ မြေနတ်အရိုး ပိုင်ရှင်၊ ဂိုဏ်းရဲ့ ပါရမီရှင်ပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့... မင်းလို ဝါနတ်အရိုးပိုင်ရှင်ဆိုတာ သူမ အချိန်မရွေး စွန့်ပစ်နိုင်တဲ့ အစေခံ သက်သက်ပါပဲ... အသစ်ရောက်လာတဲ့ ဝါနတ်အရိုး တပည့်တစ်ယောက်က နံပါတ်တစ် ယူသွားတာကို လူအများကြီးက မကျေနပ်ကြဘူး"

"ဝိညာဉ်လယ်မြေရဲ့ ရေက မင်းထင်တာထက် အများကြီး ပိုနက်တယ်"

လုလီ၏ မျက်နှာမှာ မပြောင်းလဲဘဲ ငြိမ်သက်စွာ နားထောင်နေသည်။

"ဒါပေါ့လေ"

လျိုတာ့ပါးက ပြန်လည်ရယ်မောလိုက်ပြီး "ငါက ပါရမီရှိသူကို အမြဲတမ်း နှမြောတတ်ပါတယ်။ မင်းသာ ခေါင်းညိတ်ရင် ငါ မင်းကို စောင့်ရှောက်ပေးမယ်၊ နောက်ဆို ဝိညာဉ်လယ်မြေက ကိစ္စတွေ အားလုံးက ပြောရဆိုရ လွယ်ကူသွားမှာပါ"

လုလီ သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည် "စီနီယာရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က လယ်စိုက်တာပဲ ဝါသနာပါပါတယ်"

လေထုမှာ ခဏတာ တောင့်တင်းသွားသည်။

လျိုတာ့ပါး၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ရုတ်တရက် စပ်ဖြဲဖြဲရယ်လိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ... သတ္တိရှိသားပဲ"

"ဒါဆိုရင်တော့ နောက်ရာသီမှာလည်း မင်း ဒီလို 'ကံကောင်းခြင်း' မျိုး ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

ပြောပြီးနောက် သူ လှည့်ထွက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်ကာ...

"သတိထားဦးနော်၊ ဝိညာဉ်လယ်မြေမှာ အကြောက်ရဆုံးက ရုတ်တရက် ဝိညာဉ်ကြော ပြောင်းပြန်စီးတာ၊ ရေလမ်းကြောင်း ခြောက်သွေ့တာ၊ ပိုးမွှားဘေးဆိုးတွေ ကြုံရတာပဲ... ပြီးတော့ ဝိညာဉ်လယ်မြေဆိုတာ ဂိုဏ်းရဲ့ အစွန်အဖျားပဲ၊ လူတစ်ယောက် အကြောင်းမဲ့ ပျောက်သွားတာမျိုးကလည်း... ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး"

"မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရင်တောင် တခြားသူကို ကာကွယ်နိုင်ပါ့မလား၊ ဥပမာ... ရန်ယွီ ပေါ့"

"ကံတရားဆိုတာ... မင်းဘက်မှာ အမြဲတမ်း ရှိနေမှာ မဟုတ်ဘူးနော်"

📝အပိုင်း - ၃၆ ဝိညာဉ်လယ်မြေနောက်ကွယ်မှ လက်မည်းကြီး

ဘာသာပြန် - Na Gar🐉

လျိုတာ့ပါး ထွက်ခွာသွားပြီးနောက် လုလီသည် လယ်ကွက်များကြားတွင် အကြာကြီး တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ၏လက်ထဲမှ ဝိညာဉ်စပါးမျိုးစေ့အိတ်မှာလည်း မသိစိတ်ကြောင့် ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။

မူလက သူသည် ဤလူကို သိပ်ပြီး စိတ်ထဲမထားခဲ့ပေ။

လူသစ်များကို အနိုင်ကျင့်ပြီး နာမည်ကြီးလာသည့် အပြင်စည်းမှ ဝါရင့်နေသော မြေခွေးတစ်ကောင်က ကျင့်ကြံမှု အနည်းငယ်မြင့်မားပြီး ဝါရင့်

သည်ကို အားကိုးကာ ဤဝိညာဉ်လယ်မြေတွင် ဗိုလ်ကျနေခြင်းသာ ဖြစ်သည်ဟု ထင်ခဲ့သည်။

ယခင်က ဤလူသည် မောက်မာရိုင်းစိုင်းပြီး ရက်စက်တတ်သည်ဟု ကြားဖူးသော်လည်း၊ လက်သီးကို အားကိုး၍ အထင်အရှား နှိပ်စက်ပြီး ကွယ်ရာတွင် ခြိမ်းခြောက်တတ်သည့် သာမန်လူမိုက်တစ်ယောက်သာ ဖြစ်မည်၊ ဘာစနစ်ကျမှု့မှ ရှိမှာမဟုတ်ဘူးဟု အမြဲတွေးခဲ့မိသည်။

သို့သော် ယနေ့ တွေ့လိုက်ရသည့်အခါတွင်မူ သူ၏ အမြင်များ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုလူ၏ နှာခေါင်းရှုံ့ စပ်ဖြဲဖြဲရယ်နေသော အမူအရာမှာ အပေါ်ယံတွင် ရိုင်းစိုင်းပုံရသော်လည်း သေသေချာချာ စဉ်းစားကြည့်ပါက စကားလုံးတိုင်းတွင် အဆိပ်ဆူးများ ပါဝင်နေသည်။ ဦးစွာ ဆွဲဆောင်သည်၊ ထို့နောက် သူနှင့် တုံရှန်း၏ အစေခံပတ်သက်မှုကို ထောက်ပြသည်၊ နောက်ဆုံးတွင် "ဝိညာဉ်လယ်မြေရဲ့ ရေက အရမ်းနက်တယ်" ဟူသော စကားဖြင့် အစအနမကျန်အောင် အကွက်ချ ခြိမ်းခြောက်သွားခဲ့သည်။

"ဒီလူက... ရင်ဆိုင်ရတာ မလွယ်ဘူး"

လုလီ၏ မျက်နှာအမူအရာမှာ လှုပ်ရှားသွားပြီး ရင်ထဲတွင် တိတ်တဆိတ် ချိန်ဆနေမိသည်။

အကယ်၍ အထင်အရှား နှိပ်စက်ခြင်းသာ ဖြစ်ပါက သူ ရင်ဆိုင်နိုင်ပါသေးသည်။ ဂိုဏ်းစည်းကမ်းက ဘယ်လောက်ပဲ လျော့ရဲပါစေ လူသတ်မှုကိုတော့ ပြတ်ပြတ်သားသား တားမြစ်ထားသဖြင့် မည်သူမျှနေ့ခင်းကြောင်တောင်တွင် လက်ရဲဇက်ရဲ မလုပ်ဝံ့ကြပေ။

ဒါပေမဲ့ ကွယ်ရာမှာ ယုတ်မာတာမျိုး၊ ဒါမှမဟုတ် ဘေးနားက လူတွေကိုပါ အသုံးချပြီး ခြိမ်းခြောက်လာတာမျိုးဆိုရင်တော့... ဒါက ကာကွယ်ရ အခက်ဆုံးပဲ ဖြစ်လိမ့်မည်။

လျိုတာ့ပါးသည် ဤရွှံ့နွံထဲတွင် ဆယ်စုနှစ်တစ်ခုကျော် တောင့်ခံနိုင်ခဲ့ခြင်းမှာ ကျင့်ကြံမှုတစ်ခုတည်းကြောင့် မဟုတ်သည်မှာ သေချာသည်။

သို့သော် လုလီကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ လျိုတာ့ပါး ဆိုသည့် လူတစ်ဦးတည်းကြောင့် မဟုတ်ဘဲ သူ၏ နောက်ကွယ်မှာ ရှိနေသည့် အရာကြောင့် ဖြစ်သည်။

၎င်းမှာ ပိုမိုလေးလံပြီး၊ ပိုမိုလျှို့ဝှက်ကာ၊ ပိုမိုနက်ရှိုင်းသည့် အင်အားတစ်ခု ဖြစ်ပြီး မြူခိုးများနောက်ကွယ်မှ လက်မဲကြီးတစ်ခုအလား ဝိညာဉ်

လယ်မြေတစ်ခုလုံး၏ အရာရာကို တိတ်တဆိတ် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ထိုလက်မဲကြီးသည် ဝိညာဉ်လယ်မြေ၏ အရင်းအမြစ်အားလုံး ခွဲဝေမှုကို ချုပ်ကိုင်ထားပြီး အပြင်စည်းတပည့် အားလုံး၏ ရာသီအလိုက် အထွက်

နှုန်းကို ချုပ်ကိုင်ထားသည်၊ ထို့ပြင် လူတိုင်း၏ အသက်အန္တရာယ်ကိုပါ ချုပ်ကိုင်ထားသေးသည်။

သူသည် ယခုမှ ခြေတစ်လှမ်း စတင်ချလိုက်ရုံသာ ရှိသေးသော်လည်း ရွှံ့နွံထဲတွင် နစ်ဝင်နေသည့်အလား စေးကပ်သော ခံစားချက်ကို မသိမသာ ခံစားနေရပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ထိပ်ဆုံးက ရခဲ့ခြင်းကြောင့် လုလီသည် ဝိညာဉ်လယ်မြေတွင် နှစ်ပေါင်းရာချီ တည်ရှိခဲ့သော စည်းမျဥ်းများကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ယခင်က အထွက်နှုန်း မည်မျှရှိမည်ဆိုသည်မှာ ဝိညာဉ်လယ်ကွက်၏ အဆင့်အတန်းပေါ်တွင်သာ မူတည်သည်။ ဝိညာဉ်လယ်ကွက်၏ အဆင့်အတန်းကတော့ ခွဲဝေမှုပေါ်တွင် မူတည်သည်။

အပြင်စည်းတပည့်တစ်ဦးသည် ဝိညာဉ်လယ်မြေတွင် နေရာတစ်နေရာ ရချင်ရုံနှင့်တော့ ကိုယ်တိုင် ကြိုးစားနေရုံဖြင့် လုံးဝမလုံလောက်ပေ။

အကြောင်းမှာ ဤနေရာသည် အစကတည်းက ခွဲဝေပြီးသား ကိတ်မုန့်တစ်ခု ဖြစ်နေသောကြောင့်ပင်။ မည်သူက ပိုစိုက်နိုင်သလဲ၊ မည်သူက ပိုကောင်းအောင် စိုက်နိုင်သလဲဆိုသည်မှာ အဓိက မဟုတ်ဘဲ မိမိနောက်ကွယ်မှာ မည်သူ ရှိနေသလဲဆိုသည်ကသာ အဆုံးအဖြတ် ဖြစ်သည်။

လယ်ကောင်းရမှ အထွက်နှုန်းကောင်းမည်။ အထွက်နှုန်းကောင်းမှ ကျင့်ကြံခြင်း အရင်းအမြစ် ကောင်းကောင်းရမည်၊ အရင်းအမြစ်ကောင်းမှသာ အနာဂတ်တွင် အတွင်းစည်းသို့ တက်လှမ်းနိုင်မည့် အရည်အချင်း ရှိလာမည် ဖြစ်သည်။

အပြင်စည်းတပည့် အများစုမှာမူ အသက်ရှင်သန်ရေးအတွက်သာ ရုန်းကန်နေရပြီး အချို့မှာ အထွက်နှုန်း မပြည့်မီသဖြင့် ဂိုဏ်းမှ တိုက်ရိုက် နှင်ထုတ်ခြင်းကိုပင် ခံကြရသည်။

သူသည် လွန်ခဲ့သော နှစ်ပတ်ခန့်က ဝိညာဉ်ဆန် စစ်ဆေးမှုကို ပြန်လည် စဉ်းစားမိသည်။

စစ်ဆေးရေးတပည့်မှာ အတွင်းစည်းမှ ဖြစ်ပြီး ဝတ်စုံဖြူကို ဝတ်ဆင်ထားကာ ဝိညာဉ်လယ်မြေ အကြီးအကဲ၏ တိုက်ရိုက်တပည့်ပင် ဖြစ်သည်။

ထိုကဲ့သို့သော လူမျိုး၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှသဖြင့်အပြင်စည်းတပည့်များကို ပုရွက်ဆိတ်ကဲ့သို့သာ ကြည့်ရမည် ဖြစ်သည်။

ဒါပေမဲ့ သူက လျိုတာ့ပါးတို့နှင့် ရင်းနှီးစွာ ပေါင်းသင်းနိုင်ရုံသာမက သူ၏ အမျိုးသမီးကိုပါ လိမ်လည်ရန် ကူညီပေးခဲ့သေးသည်။ ဤနောက်ကွယ်မှ ဆက်ဆံရေးမှာ အပေါ်ယံ မြင်တွေ့ရသည်ထက် အများကြီး ပိုမို ရှုပ်ထွေးလှပေသည်။

လုလီ၏ အကြည့်များမှာ ပို၍ အေးစက်လာသည်။

"ငါ ထင်ထားသလိုသာ မှန်မယ်ဆိုရင် လျိုတာ့ပါးက အပေါ်ယံပဲ ရှိသေးတယ်၊ သူက ဝိညာဉ်လယ်မြေရဲ့ ဓားတစ်လက် သက်သက်ပဲ"

"ပြဿနာက... အဲဒီဓားကို ကိုင်ထားတဲ့သူက... ဘယ်သူလဲ"

လုလီက လက်ထဲမှ မျိုးစေ့များကို ဖြည်းဖြည်းချင်း လွှတ်ချလိုက်ပြီး နောက်ထပ် မျိုးစေ့တစ်ဆုပ်ကို စိုက်ပျိုးလိုက်သည်။ ရင်ထဲတွင်မူ အမြင့်ဆုံး သတိထားမှုကို တိတ်တဆိတ် မြှင့်တင်ထားလိုက်ပြီ ဖြစ်သည်။

...

ပထမအလှည့် မျိုးစေ့ချခြင်း ပြီးဆုံးသွားသောအခါ လုလီသည် ဝိညာဉ်လယ်ဘေးရှိ မြက်ခင်းထိုင်ခုံပေါ်တွင် ထိုင်ကာ ငြိမ်သက်စွာ ကျင့်ကြံတော့သည်။

သူသည် မြေနဂါးသွေးကြောမန္တန်ကို အသုံးပြု၍ လယ်ကွက်ထဲမှ မြေကြီးချီများကို ဖြည့်တင်းပေးလိုက်သည်။ ယခု သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ ကောင်းကင်မှာ မှောင်မည်းနေပြီး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။

ဝိညာဉ်လယ်မြေမှာ အစကတည်းက အစွန်အဖျားဖြစ်သဖြင့် ကိုက်ရာချီ ပတ်ဝန်းကျင်တွင် အသံ လုံးဝမရှိပေ။

ဝိညာဉ်ချီများသည် ခန္ဓာကိုယ်အတွင်း ဖြည်းဖြည်းချင်း လှည့်ပတ်စီးဆင်းနေပြီး ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ် ၏ လမ်းကြောင်းမှာ ပိုမိုထင်ရှားလာကာ လုလီ၏ အာရုံငါးပါးမှာလည်း တိတ်တဆိတ် ကျယ်ပြန့်လာပုံရသည်။ မျက်စိမှိတ်ထားသော်လည်း ပတ်ဝန်းကျင်ရှိ မထင်မရှား ပုံသဏ္ဌာန်များကို သူမြင်နေရသည်။

၎င်းမှာ အမြင်အာရုံ စစ်စစ်မဟုတ်ဘဲ "အသိစိတ်အာရုံ" ၏ ထိတွေ့မှုမျိုး ဖြစ်သည်။ ဦးနှောက်ထဲတွင် မမြင်ရသော အဝိုင်းမျက်နှာပြင်တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်ပြီး ကိုက်အနည်းငယ် ပတ်ဝန်းကျင်အတွင်းရှိ မြက်ပင်လှုပ်ရှားမှု၊ လေတိုက်ခတ်မှုနှင့် မြေကျောက်တုံးများ၏ အနေအထား အသေးစိတ်ကိုပါ ပုံဖော်ပေးနေသည်။

သူ့ရင်ထဲတွင် လှုပ်ခတ်သွားသည်။

ဒါက... အသိစိတ်အာရုံ ပဲ။

ကျင့်ကြံသူများသာ ပိုင်ဆိုင်သော စွမ်းအားဖြစ်ပြီး အာရုံငါးပါးနှင့် မယှဉ်နိုင်ပေ။ ကျင့်ကြံမှု ပိုမိုနက်ရှိုင်းလာလေလေ ဤ "အသိစိတ်အာရုံ" ၏ ခံစားမှုမှာ ပိုမိုရှင်းလင်းလာလေလေ ဖြစ်သည်။ နောင်တွင် အသိစိတ်ကို ပုံဖော်နိုင်လာပါက စိတ်ကူးရုံမျှဖြင့် ရန်သူ့ပုန်းကွယ်မှု့ကို သိရှိနိုင်ပြီး တိုက်ပွဲကို စိတ်ကြိုက် ချုပ်ကိုင်နိုင်မည် ဖြစ်သည်။

"အစပျိုးမှု့ သာ ရှိသေးပေမဲ့... တကယ်တမ်း တိုက်ပွဲထဲ ရောက်သွားရင် အသိစိတ်အာရုံ တစ်ကိုက်စာဟာ သတ်ကွင်းတစ်ကိုက်စာပဲ"

လုလီ တိုးတိုးလေး ရေရွတ်လိုက်သည်။ စိတ်ကူးများ တည်ငြိမ်သွားသည့် ခဏ၌ပင် သူ၏ ရင်ထဲတွင် ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားသည်။

လှုပ်ရှားမှု ရှိနေသည်။

ထိုအသိစိတ်အာရုံ ခံစားမှု၏ နယ်နိမိတ်တွင် သဘာဝမဟုတ်သော လှုပ်ခတ်မှုတစ်ခု မသိမသာ ထွက်ပေါ်လာသည်။ လူရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။

အလွန်ညင်သာလှသည်။ အလွန်နှေးကွေးလှသည်။

အကယ်၍ အသိစိတ်အာရုံ၏ ထိတွေ့မှုသာ မရှိပါက လုံးဝ ရိပ်မိနိုင်မည် မဟုတ်ပေ။

လုလီ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်နေသော်လည်း ရင်ထဲတွင်မူ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

"နေ့ခင်းကမှ လာပြီး ခြိမ်းခြောက်တယ်၊ ညကျတော့ လူလွှတ်ပြီး စမ်းသပ်တယ်ပေါ့။ လျိုတာ့ပါး... တကယ်ကို ကလဲ့စားချေတတ်တဲ့ လူစားပဲ"

သူသည် အသိစိတ်အာရုံကို အနည်းငယ်ဆွဲဆန့်ကာ ထိုလူ၏ အရှိန်အဝါကို ပစ်မှတ်ထားလိုက်သည်။

ချီစုဆောင်းခြင်းအဆင့် (၃) ဝန်းကျင်၊ အသက်ရှူနှုန်း တည်ငြိမ်ပြီး ခြေလှမ်းမှာ စနစ်တကျ ရှိလှရာ အလောတကြီး သေတွင်းထဲ တိုးလာမည့်သူမျိုး မဟုတ်ဘဲ ဝိညာဉ်လယ်မြေတွင် နှစ်အနည်းငယ် ကျင်လည်ခဲ့ဖူးသည့် လူစားဖြစ်သည်မှာ သေချာသည်။

အရှိန်အဝါအရ ဆိုရလျှင် ယနေ့ လျိုတာ့ပါးနောက်သို့ လိုက်ပါလာသော ချီစုဆောင်းခြင်းအဆင့် (၃) တပည့်နှစ်ဦးထဲမှ တစ်ဦး ဖြစ်ပုံရသည်။

ဒါပေမဲ့ နှမြောစရာကောင်းတာက... သူတို့ ဘာမှမသိကြတာပဲ။

ယခုအချိန်တွင် လုလီသည် သာမန်အပြင်စည်းတပည့်များနှင့် လုံးဝမတူတော့ပေ။ အချို့မှာ ဂိုဏ်းထဲဝင်ပြီး နှစ်အနည်းငယ်ကြာမှ ဝိညာဥ်ချီကိုအာရုံခံနိုင်ကြပြီး ကျင့်ကြံမှု တိုးတက်ရန် အလွန်ခက်ခဲလှသည်။

လုလီကတော့ အပြောင်းအလဲတစ်ခု ဖြစ်ပြီး သူသည် ဂိုဏ်းထဲဝင်သည်နှင့် ဝိညာဥ်ချီကိုအာရုံခံနိုင်ခဲ့ကာ ဂိုဏ်းဝင်ပြီး သုံးလအတွင်းမှာတင် ချီစုဆောင်းခြင်းအဆင့် (၂) ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအရှိန်အဟုန်မှာ မြေနတ်အရိုးပိုင်ရှင် တုံရှန်းထက်ပင် မနိမ့်ပါးပေ။

ဒါဟာ လုလီရဲ့ စစ်မှန်တဲ့ ဝှက်ဖဲဖြစ်ပြီး လျိုတာ့ပါးတို့ လုံးဝ မမျှော်လင့်ထားနိုင်တဲ့ အရာပဲ ဖြစ်သည်။

သူတို့ကတော့ သူ့ကို တုံရှန်းကို "ဖား" ပြီး နောက်ပေါက်ကနေ ဂိုဏ်းထဲဝင်လာတဲ့ ဝါနတ်အရိုးတစ်ယောက်လို့ပဲ ထင်နေကြတုန်းပင်။

လုလီ အေးစက်စွာ ပြုံးလိုက်ပြီး မျက်တောင်လေး လှုပ်ခတ်သွားကာ ဘယ်ဘက်လက်ကို ဘေးတွင် ဝှက်ထားသော မြှောင်ဓား၏ လက်ကိုင်ဆီသို့ တိတ်တဆိတ် ပို့ဆောင်လိုက်သည်။

"တကယ်ပဲ... ကိုယ့်အသက်နဲ့ လာပြီး ငါ့ရဲ့ အခြေအနေကို စမ်းသပ်တာပဲ"

ထိုလူသည် တစ်လှမ်းချင်းစီ ချဉ်းကပ်လာနေပြီး ခြေသံမှာ အလွန်ညင်သာလှရာ အသံတစ်စပင် မထွက်ပေါ်ဘဲ အရှိန်အဝါကိုလည်း အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်။

ဤဝိညာဉ်လယ်မြေ၏ ညမှောင်ရီထဲတွင် သူသည် တကယ့် မုဆိုးတစ်ဦးအလား ဖြစ်နေသည်။

သူ၏ အကြည့်မှာ လယ်ကွက်ဘေးတွင် ထိုင်နေသော ထိုကျောပြင်ဆီသို့ စိုက်ကြည့်နေသည်။ လုလီသည် တရားထိုင်ကျင့်ကြံနေပုံရပြီး မျက်စိမှိတ်ကာ အသက်ရှူနှုန်း ညီညာနေသဖြင့် ဘေးအန္တရာယ် ရောက်လာသည်ကို လုံးဝ ရိပ်မိပုံမရပေ။

"အရူးကောင်" ထိုလူ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။

သို့သော် သူ အလောတကြီး မထွက်သေးဘဲ အရှိန်အဝါကို ပိုမို၍ ဖိနှိပ်ထားလိုက်ပြီး လက်ဖဝါးကို အင်္ကျီလက်ထဲသို့ ဖြည်းဖြည်းချင်း သွင်းကာ နက်မှောင်သော ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ ဓားတစ်လက်လုံးတွင် အလင်းရောင်မရှိသဖြင့် ညဘက် လုပ်ကြံရန်အတွက် အထူးပြုလုပ်ထားသော လက်နက် ဖြစ်သည်။

အသက်ရှူနှုန်း သုံးကြိမ်စာ စောင့်ဆိုင်းပြီးနောက် သူ နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။

မည်းမှောင်သော အရိပ်တစ်ခုအလား လျှပ်စီးကဲ့သို့ ပြေးထွက်လာပြီး ကိုယ်ဟန်မှာ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ပေါ့ပါးလှကာ၊ ဓားသွားကို အင်္ကျီလက်အောက်တွင် ဝှက်၍ လုလီ၏ လည်ပင်းဆီသို့ တိုက်ရိုက် ဦးတည်ကာ တစ်ချက်တည်းဖြင့် အသက်ကို နှုတ်ယူရန် ကြိုးစားလိုက်သည်။

ဓားသွားမှာ လည်ပင်းနှင့် လက်မဝက်ခန့်သာ လိုတော့သည့် အချိန်တွင် "မျက်စိမှိတ် တရားထိုင်နေသော" လုလီသည် ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။

ထိုမျက်ဝန်းများတွင် ထိတ်လန့်မှု မရှိ၊ ကြောက်ရွံ့မှုလည်း မရှိဘဲ အေးစက်မှုတစ်ခုသာ ရှိနေကာ လာမည့်သူ၏ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းပြီးသား ဖြစ်နေသည်။

"သေလိုက်တော့"

လုလီ တိုးတိုးလေး ပြောလိုက်သည်။ လေသံမှာ တည်ငြိမ်နေပြီး ဤအခိုက်အတန့်ကို ကြိုတင်စောင့်ဆိုင်းနေသည့်အလားပင်။

သူသည် ရုတ်တရက် ကိုယ်ကို လှိမ့်လိုက်ရာ ကိုယ်ဟန်မှာ သားရဲတစ်ကောင်ကဲ့သို့ နိမ့်ပါးသွားပြီး လက်ထဲတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်နေသည့် ဓားမြှောင်တစ်လက် ရှိနေကာ၊ တစ်ဖက်လူ၏ ညာဘက်လက်မောင်းဆီသို့ ဆန့်ကျင်ဘက်အနေအထားဖြင့် ခုတ်ချလိုက်သည်။

တစ်ဖက်လူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ရှောင်တိမ်းခြင်း မပြုပေ။

"သာမန်လက်နက်နဲ့များ ငါ့ကို ဒဏ်ရာပေးချင်တယ်ပေါ့" သူက လှောင်ရယ်လိုက်ပြီး ကိုယ်တွင်း ဝိညာဉ်ချီများကို လှုပ်ခတ်စေကာ ဝိညာဉ်အကာအကွယ်ကို ထွက်ပေါ်စေလိုက်ရာ ရွှေရောင်အလင်းတစ်ခုသည် အရေပြားမျက်နှာပြင်မှ ထွက်ပေါ်လာသည်။

ဒါပေမဲ့ နောက်တစ်ခဏမှာပဲ သူ့မျက်နှာပေါ်က အပြုံးက တောင့်တင်းသွားခဲ့သည်။

"ဖျတ်"

သွေးများ လွင့်စင်သွားပြီး ထိုထူးခြားမှုမရှိသော ဓားမြှောင်သည် တို့ဖူးကို

လှီးဖြတ်လိုက်သကဲ့သို့ ခန္ဓာကိုယ် ဝိညာဉ်အကာအကွယ်ကို ဖောက်ထွက်ကာ သူ၏ ညာဘက်လက်မောင်းတစ်ခုလုံးကို ပြတ်တောက်သွားစေခဲ့သည်။

အပြင်းအထန် နာကျင်မှုကြားတွင် ထိုလူသည် ရုတ်တရက် အော်ဟစ်

လိုက်ပြီး မျက်နှာတွင် အံ့ဩတကြီးဖြစ်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်

နှက်သွားသည် "မင်း... ဒါ ဝိညာဉ်ချီပါတဲ့ ဓားမြှောင်လား ၊ မင်းက... ချီစုဆောင်းခြင်းအဆင့် (၂) တောင် ရှိနေတာလား"

သူ၏ မျက်ဝန်းထဲတွင် သံသယနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး မိမိကိုယ်တိုင် ချီစုဆောင်းခြင်းအဆင့် (၃) ကျင့်ကြံသူတစ်ဦး ဖြစ်သည်ကိုပင် မေ့လျော့ကာ တိုက်ခိုက်ရန် စိတ်ကူး လုံးဝမရှိတော့ဘဲ ရူးသွပ်စွာ နောက်ဆုတ်၍ ထွက်ပြေးရန်သာ ကြိုးစားတော့သည်။

သို့သော် လုလီက သူ့ကို ထိုအခွင့်အရေး လုံးဝမပေးပေ။

သူက ကိုယ်ကို လှုပ်ရှားလိုက်ရာ ညမှောင်ရီထဲမှ ကျားသစ်တစ်ကောင်အလား ရှေ့သို့ ခုန်အုပ်လိုက်သည်။ ခြေသံမှာ အသံမရှိဘဲ အကြည့်မှာ အေးစက်ရက်စက်လှသည်။

ဓားမြှောင်ကို တိုက်ရိုက် ထိုးသွင်းလိုက်ကာ ပစ်မှတ်မှာ နှလုံးသား ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုလီ၏ နောက်ထပ်လက်တစ်ဖက်တွင် အနက်ရောင်အလင်းတစ်ခု လက်သွားပြီး အမှောင်ဓားသွားမန္တန် က တိတ်တဆိတ် ပုံဖော်ပြီးဖြစ်ကာ၊ မြွေဆိုးတစ်ကောင် လျှာထုတ်လိုက်သကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး တစ်ဖက်လူ၏ လည်ပင်းဆီသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။

"စွပ်"

နှလုံးသားနှင့် လည်ပင်းမှာ တစ်ပြိုင်နက်တည်း အပြင်းအထန် ထိမှန်သွားခဲ့ပြီ ဖြစ်သည်။ ထိုလူ၏ မျက်မှောင်များ ပြင်းထန်စွာ လှုပ်ရှားသွားပြီး တစ်ခုခုကို အော်ဟစ်ချင်ပုံရသော်လည်း သွေးခဲများကိုသာ အန်ထုတ်နိုင်တော့သည်။ ခန္ဓာကိုယ်မှာ ခေတ္တမျှ တုန်ခါသွားပြီးနောက် ဆန်အိတ်အဟောင်းကြီးတစ်ခုအလား မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ ကြောက်ရွံ့မှုများ မပြယ်သေးသော ထိုမျက်လုံးကြီးနှစ်လုံးမှာ သေလူအဖြစ် စိုက်ကြည့်နေပြီး မကျေနပ်စွာဖြင့် နှစ်ချက်၊ သုံးချက်မျှ တုန်ခါသွားပြီးနောက် လုံးဝ ငြိမ်သက်သွားတော့သည်။

လုလီသည် ထိုနေရာတွင် ရပ်ကာ ဓားမြှောင်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်နေသည်။ မျက်နှာအမူအရာမှာ ဘာမှမဖြစ်သကဲ့သို့ပင် ဖြစ်ပြီး တိုးတိုးလေးသာ ရေရွတ်လိုက်သည်။

"ဝိညာဉ်ချီပါတဲ့ ဓားမြှောင်... တကယ်ပဲ လူသတ်ဖို့ အကောင်းဆုံး ဓားတစ်လက်ပဲ"

သူသည် ညမှောင်ရီအောက်ရှိ ဝိညာဉ်လယ်မြေဘက်သို့ လှည့်ကြည့်လိုက်ရာ ကောင်းကင်ယံတွင် အေးစက်သော လမင်းကြီး ခိုင်မာစွာ တည်ရှိနေပြီး အေးစက်သော အလင်းရောင်ခြည်များ ဖြာကျနေသည်မှာ ဤတိတ်ဆိတ်လှသော သတ်ဖြတ်မှု့ကို အသံတိတ် သက်သေတည်နေသကဲ့သို့ပင် ဖြစ်နေသည်။

All Chapters