← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

📝အပိုင်း - ၃၇ မျှော်လင့်မထားသောဆုလာဒ်

ဘာသာပြန် - Na Gar🐉

လုလီက လူသတ်ပြီးသည်နှင့် တစ်ပြိုင်နက် ချိုးယွဲ့၏ အသံမှာ သွေးညှီနံ့ရလိုက်သည့် တောခွေးတစ်ကောင်အလား စိတ်လှုပ်ရှားကာ အလောတကြီးဖြင့် သူ၏ အသိစိတ်ထဲတွင် ထွက်ပေါ်လာသည် "နောက်ဆုံးတော့ လူသတ်

လိုက်ပြီပဲ၊ မြန်မြန်... အရိုးကို ဝါးမြိုလိုက်"

လုလီ တွေဝေမနေခဲ့ပေ။

သူက ထိုင်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် အလောင်း၏ ရင်ဘတ်ကို ဖိလိုက်သည်။ မိစ္ဆာအရိုးကို လှုပ်ခတ်စေလိုက်သည်နှင့် လက်ဖဝါးမှ နက်ရှိုင်းသော စုပ်ယူမှုစွမ်းအားတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။ သေဆုံးခါစ ထိုအလောင်းမှာ ရုတ်တရက် ထူးဆန်းစွာ တုန်ခါသွားပြီး ခန္ဓာကိုယ်ပျက်စီးသွားချိန်တွင် ကိုယ်တွင်းရှိ နတ်အရိုး၏ အနှစ်သာရ များမှာ လျင်မြန်စွာ ပြိုကွဲသွားကာ၊ မီးမငြိမ်းမီ နောက်ဆုံးလက်သွားသော အလင်းတန်းလေးတစ်ခုအလား နှစ်ချက်၊ သုံးချက်မျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီးနောက် လုံးဝ မှေးမှိန်သွားတော့သည်။

"ဝါနတ်အရိုးပဲ..."

လုလီသည် မူလအနှစ်သာရ ကင်းမဲ့သွားသော ထိုခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ အသက် (၁၅) နှစ်ဝန်းကျင်သာ ရှိသေးသည့် ထိုသူ၏ မျက်နှာမှာ နုနယ်သေးပြီး သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည် "ဒီအသက်အရွယ်နဲ့ ချီစုဆောင်းခြင်းအဆင့် (၃) အထိ ကျင့်ကြံနိုင်တာ... မဆိုးဘူးလို့ ပြောရမယ်"

မိစ္ဆာအရိုး၏ လှုပ်ရှားမှု ဖြည်းဖြည်းချင်း ရပ်တန့်သွားသောအခါ လုလီ မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးကြည့်ရာ ဝါနတ်အရိုးပေါ်ရှိ ရစ်ပတ်နေသော ရွှေရောင်မျဥ်းကြောင်း မှာ ပိုမို၍ ထင်ရှားလာပုံရပြီး အလွန်ပင် ဖျော့တော့သော်လည်း အမှန်တကယ် တိုးပွားလာခြင်း ဖြစ်သည်။

သူ အချိန်အကြာကြီး မလုပ်နေခဲ့ပေ။

အလောင်းကို အမြန်ထမ်းကာ ညမှောင်ရီထဲသို့ ဦးတည်ပြေးထွက်လာခဲ့ပြီး မြေအနေအထားကို အသုံးချ၍ သစ်ပင်ရိပ်များနှင့် ကုန်းမြင့်လေးများကြားမှ ဝိညာဉ်လယ်မြေမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

လမ်းတစ်လျှောက်တွင် သူ၏ အသိစိတ်အာရုံကို အမြင့်ဆုံးအထိ ဆွဲဆန့်ထားပြီး ကိုက်ဆယ်ဂဏန်းခန့် လျှောက်တိုင်း ခြေလှမ်းရပ်ကာ ပတ်ဝန်းကျင်ကို နားစွင့်သည်။ မိမိနောက်သို့ တစ်စုံတစ်ယောက် လိုက်ပါလာခြင်း သို့မဟုတ် ချောင်းမြောင်းကြည့်ရှုနေခြင်း ရှိမရှိ အတည်ပြုရန်အတွက် ဖြစ်သည်။

ဂိုဏ်း၏ စည်းကမ်းမှာ အလွန်တင်းကြပ်လှရာ လူသတ်မှုမှာ လုံးဝခွင့်မလွှတ်နိုင်သော အပြစ်ကြီး ဖြစ်သည်။ မိမိကိုယ်ကို ကာကွယ်ရန် သတ်ခဲ့ခြင်း ဖြစ်ပါစေဦးတော့၊ တစ်ဖက်လူက အားနည်းချက် ရှာတွေ့သွားပါက သေဒဏ်နှင့်သာ ထိုက်တန်ပေလိမ့်မည်။

သူ အမှားအယွင်း အဖြစ်မခံပေ။

ဝိညာဉ်လယ်မြေ၏ ပြင်ပပတ်လမ်းအတိုင်း မိုင်အနည်းငယ်ခန့် ပတ်လျှောက်ပြီးနောက် နောက်ဆုံးတွင် ခြောက်သွေ့ခြောက်ကပ်လှသော ကျောက်ဆောင်ကုန်းတစ်ခုကို ရှာတွေ့ခဲ့သည်။

သူ အလောင်းကို ချက်ချင်း မမြှုပ်သေးဘဲ အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဓားမြှောင်ကို ထုတ်ယူလိုက်သည်။ ကျွမ်းကျင်ပြီး တည်ငြိမ်သော အမူအရာဖြင့် အလောင်းကို အပိုင်းပိုင်းဖြတ်တောက်ကာ၊ အဆစ်များကို ချိုးဖျက်ပြီး၊ မျက်နှာကို ဖျက်စီးပစ်လိုက်သည်။ ထို့နောက်မှ ဖြတ်တောက်ထားသော အစိတ်အပိုင်းများကို မြေကြီးထဲသို့ အသုတ်လိုက် ခွဲခြားမြှုပ်နှံလိုက်တော့သည်။

ညလေပြင်း တိုက်ခတ်သွားပြီး သွေးညှီနံ့များမှာ မြေကြီးအောက်တွင် တဖြည်းဖြည်း ဖုံးလွှမ်းသွားကာ မြေပြင်မှာ ယခင်အတိုင်း ပြန်လည်တိတ်ဆိတ်သွားသည်။

"မိစ္ဆာမီးလျှံ ဝိညာဉ်ဝါးမြိုကျမ်း..."

လုလီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ရင်ထဲတွင်မူ ချိုးယွဲ့ယခင်က ပြောခဲ့ဖူးသော ပညာရပ်ကို မလွဲမသွေ သတိရသွားမိသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုပညာရပ်မှာ မည်မျှအထိ အရေးကြီးသည်ကို သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ တစ်ချက်တည်းနှင့် ပြာဖြစ်အောင် လောင်ကျွမ်းစေနိုင်ပြီး အစအန ဖျောက်ဖျက်နိုင်မည်ဆိုပါက ဤမျှအထိ အလုပ်ရှုပ်ခံနေရမည် မဟုတ်ပေ။

အရာအားလုံး ပြီးဆုံးသွားသောအခါ သူ ဆက်မနေတော့ဘဲ လှည့်ထွက်ခဲ့သည်၊ နောက်သို့လည်း ပြန်မကြည့်တော့ပေ။

မှောင်မည်းသော ညဉ့်ဦးယံတွင် သူ၏ ပိန်ပိန်ပါးပါး ကျောပြင်လေးမှာ ပြတ်သားစွာဖြင့် တောအုပ်နှင့် မြူခိုးများကြားတွင် ပျောက်ကွယ်သွားတော့သည်။

အလောင်းကို ရှင်းလင်းပြီးနောက် လုလီ တိတ်တဆိတ် ဝိညာဉ်လယ်မြေသို့ ပြန်လာခဲ့သည်။ ညဉ့်အမှောင်ကို အသုံးချ၍ ကျန်ရှိနေသော သွေးကွက်များနှင့် ကျန်ရစ်ခဲ့နိုင်သည့် သဲလွန်စအားလုံးကို တစ်ခုမကျန် ရှင်းလင်းလိုက်သည်။ ရေဖြင့် ပွတ်တိုက်ခြင်း၊ မြေကြီးဖြင့် ဖုံးအုပ်ခြင်း၊ ထို့ပြင် မြေပြင်ပေါ်ရှိ မြက်ပင်များကိုပါ တမင်တကာ ပြန်လည်နင်းခြေခြင်းတို့ကို လုပ်ဆောင်ကာ အားနည်းချက် လုံးဝမရှိစေရန် ကြိုးစားခဲ့သည်။

အရာအားလုံး အဆင်ပြေသွားသောအခါမှ သူ လယ်ကွက်ဘေးတွင် ပြန်လည်ထိုင်လိုက်သည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူကာ မျက်စိမှိတ်၍ ကိုယ်တွင်းကို ပြန်လည်စစ်ဆေးကြည့်သည်။

ခန္ဓာကိုယ်တွင်းရှိ ဝါနတ်အရိုးမှာ ချီပင်လယ်ထဲတွင် ငြိမ်သက်စွာ ရှိနေသည်။ ထိုမိစ္ဆာအရိုးနှင့် ပေါင်းစပ်ပြီးကတည်းက ကြီးမားသော ပြောင်းလဲမှုမျိုး မရှိခဲ့ပေ။

လင်းယွဲ့ ၏ ဝါနတ်အရိုးကို ဝါးမြိုပြီးနောက်တွင်မူ အကြောင်းမဲ့ ရွှေရောင်မျဥ်းကြောင်းလေးတစ်ခု မသိမသာ ပေါ်လာခဲ့သည်။ ယခုအခါ ဝါနတ်အရိုးရှိသော ကျင့်ကြံသူတစ်ဦး၏ မူလအနှစ်သာရကို ထပ်မံဝါးမြိုလိုက်ရသဖြင့် ဤရွှေရောင်မျဥ်းကြောင်းမှာ ပိုမို၍ ထင်ရှားလာပုံရသည်။

"လုလီ၊ ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ် ကို လည်ပတ်ပြီး စမ်းကြည့်" ချိုးယွဲ့၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

လုလီ ကြားသောအခါ ပြောသည့်အတိုင်း လုပ်ဆောင်ကြည့်ရာ ဒန်ထျန်

အတွင်းရှိ ဝိညာဉ်ချီ စီးဆင်းမှု့မှာ သိသိသာသာ ပိုမိုမြန်ဆန်လာပြီး လည်ပတ်မှုမှာလည်း ပိုမိုချောမွေ့လာကာ၊ မိမိ၏ ပါရမီများ နိုးထလာသကဲ့သို့ပင် ခံစားလိုက်ရသည်။

သူ မျက်လုံးဖွင့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် "ဒီရွှေရောင်

မျဥ်းကြောင်းတွေက... နက်မှောင်နတ်အရိုး ဖြစ်လာမယ့် အရိပ်အယောင်လား"

ချိုးယွဲ့မှာမူ စဉ်းစားခန်းဝင်သွားပြီး ခေတ္တအကြာမှ ဖြည်းဖြည်းချင်း စကားပြောလာသည်။

"အကယ်၍ ဒီမိစ္ဆာအရိုးက တကယ်ပဲ တခြားနတ်အရိုးတွေကို ဝါးမြိုပြီး အဆင့်တက်တာ မှန်မယ်ဆိုရင်၊ နောက်ဆုံးမှာ ဝါနတ်အရိုးကနေ နက်မှောင်

နတ်အရိုး၊ မြေနတ်အရိုး၊ ကောင်းကင်နတ်အရိုးအထိ တက်လှမ်းနိုင်မယ်ဆိုရင်... ဒါက အရမ်းကို လွယ်ကူလွန်းနေလိမ့်မယ်"

သူမ ခေတ္တရပ်ကာ လေသံမှာ အေးစက်သွားသည် "ဟင့်အင်း၊ ဒီအရိုးက ဒီလောက် မရိုးရှင်းနိုင်ဘူး။ ဒါက သာမန်ပစ္စည်း မဟုတ်ဘူး၊ သူက... မမျှော်လင့်ထားနိုင်တဲ့ လမ်းစဉ်မျိုး ရှိနေရမယ်"

လုလီက ကိုယ်တွင်းမှ ရွှေရောင်မျဥ်းကြောင်းလေးများ ထွက်ပေါ်နေသည့် ဝါနတ်အရိုးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မအောင့်နိုင်ဘဲ မေးလိုက်သည် "ချိုးယွဲ့ ဒီအရိုးက တကယ်တော့ ဘယ်ကနေ လာတာလဲတခြားသူရဲ့ အရိုးတွေကို ပေါင်းစပ်တယ်၊ တူညီတဲ့အမျိုးအစားကို ဝါးမြိုတယ်၊ အရိုးအဆင့်ကို မြှင့်တင်တယ်... ဒါက တကယ့်ကို တုန်လှုပ်ချောက်ချားစရာပဲ"

"ဒီအရိုးနဲ့ ပတ်သက်ပြီး ငါကိုယ်တိုင်လည်း အများကြီး မသိဘူး"

ချိုးယွဲ့က အေးစက်စွာ ပြန်ဖြေသည် "အချို့အရာတွေကို နင်သိတာက နင့်အတွက် ကောင်းချင်မှ ကောင်းလိမ့်မယ်။ ဒီအရိုးရဲ့ နောက်ကြောင်းကို... အခု နင့်ကို မပြောပြသင့်သေးဘူး"

သူမ၏ လေသံမှာ အေးစက်လှပြီး ငြင်းပယ်၍မရသော အရှိန်အဝါ ပါဝင်နေသည်။

သူမ ထပ်မံ အသံထွက်မလာတော့ပေ၊ တစ်စုံတစ်ရာသော တားမြစ်ချက်ကို ထိမိသွားသည့်အလားပင်။

လုလီက ချီပင်လယ်ထဲတွင် ငြိမ်သက်စွာ ရှိနေသော ထိုအရိုးကို ကြည့်နေမိသည်။ အရောင်မှာ ဝါကျင့်ကျင့်ဖြစ်သော်လည်း ထူးဆန်းသော ဖိအားတစ်ခု ရှိနေကာ၊ အိပ်ပျော်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာနေပုံရသည်။

သူ တိတ်ဆိတ်နေခဲ့သည်။

သူ၏ အသက်ရှူနှုန်းမှာ တည်ငြိမ်နေပြီး မျက်နှာအမူအရာမှာလည်း ပုံမှန်အတိုင်းပင် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က လာရောက်စူးစမ်းမည်ဆိုလျှင် သူသည် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသော သာမန်တပည့်တစ်ဦးဟုသာ ထင်မြင်ပေလိမ့်မည်။

သူသည် ခုနတင်ပဲ သေရေးရှင်ရေး တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရသည်ကို ယခု သူ၏ မျက်နှာအမူအရာမှ မည်သူမျှ ရိပ်မိနိုင်မည် မဟုတ်ပေ။

ဝိညာဉ်လယ်မြေ၏ ညဉ့်ဦးယံတွင် လေပြင်းမှာ ဓားကဲ့သို့ အေးစက်နေပြီး၊ ကောင်းကင်ယံမှ ကြယ်ရောင်များအောက်တွင် တစ်ခါတစ်ရံ ပိုးကောင်သံနှင့် မြက်ပင်လှုပ်ရှားသံများသာ ကြားရသည်။

လုလီ အကြာကြီး စဉ်းစားသော်လည်း အဖြေမထွက်ခဲ့ပေ။ ချိုးယွဲ့သည် လတ်တလောတွင် မိစ္ဆာအရိုး၏ နောက်ကြောင်းကို သေချာပေါက် ပြောပြမည်မဟုတ်ကြောင်း သိသဖြင့် သူလည်း ဆက်လက်မေးမြန်းမည့် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

ထို့နောက် သူသည် ရင်ဘတ်ထဲမှ သေဆုံးသွားသူ၏ သိုလှောင်အိတ် ကို ထုတ်ယူလိုက်သည်။

အသိစိတ်အာရုံ အနည်းငယ်သွင်း၍ အိတ်ထဲမှ ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ရာ အချက်အလက်များ ရှင်းလင်းစွာ ပေါ်လာသည်။

"ဝူယဲ့ ၊ ဝိညာဉ်ဆေးဥယာဥ် အပြင်စည်းတပည့်..."

ဤလူ၏ ချီစုဆောင်းခြင်းအဆင့် (၃) ကျင့်ကြံမှုမှာ အပြင်စည်းတပည့်များကြားတွင် ထိပ်တန်းက ဖြစ်သည်။

ဝူယဲ့က လျိုတာ့ပါး၏ အကာအကွယ်ကို အားကိုး၍ အလွန်ကောင်းမွန်သော ဝိညာဉ်လယ်ကွက်တစ်ခုကို ပိုင်ဆိုင်ထားသဖြင့် နှစ်အနည်းငယ်အတွင်း ဤအဆင့်သို့ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။ သူ့တွင် ရှိနေသည့် အရင်းအမြစ်များမှာလည်း သာမန်အပြင်စည်းတပည့်များနှင့် လုံးဝမတူပေ။

သူ သိုလှောင်အိတ်ကို ရှာဖွေကြည့်ရာ အတွင်း၌ ရှိနေသည့် ပစ္စည်းများမှာ မျှော်လင့်ထားသည်ထက် အများကြီး ပိုမိုကြွယ်ဝလှသည်။

ဝိညာဉ်ကျောက်တုံး အလုံးတစ်ထောင်ခန့် ရှိသည်။ ဝိညာဉ်ဆန် ပိဿာ ၇၀ ကျော် ရှိပြီး၊ အရည်အသွေးမှာလည်း ကောင်းမွန်လှကာ ဆန်နံ့သင်းပျံ့နေသည်မှာ လုံးဝကို အလယ်အလတ် (အဆင့်မြင့်အဆင့်) ဖြစ်သည်။

၎င်းအပြင် အဆောင်ကျောက်စိမ်းပြား ဆယ်ဂဏန်းခန့် ရှိပြီး ၎င်းတို့ထဲတွင် အကာအကွယ်အဆောင် ၊ ရိုးရှင်းသော အလျှင်အဆောင် နှင့် မီးဓာတ်ပေါက်ကွဲအဆောင်တစ်ခု ပါဝင်သည်။ ၎င်းမှာ တစ်ကြိမ်သုံးသာ ဖြစ်သော်လည်း သေသေချာချာ အသုံးပြုပါက အသက်အန္တရာယ် ပေးနိုင်သည့် အရာ ဖြစ်သည်။

သို့သော် လုလီ၏ အကြည့်ကို တကယ်တမ်း ဆွဲဆောင်လိုက်သည်မှာ အိတ်အောက်ခြေတွင် ငြိမ်သက်စွာ ရှိနေသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် ဓားပျံပင် ဖြစ်သည်။

ဓားပျံတစ်လက်လုံးတွင် ရွှေရောင်အလင်းဖျော့ဖျော့များ စီးဆင်းနေပြီး၊ ဓားသွားမှာ အလွန်ပါးလွှာကာ၊ ဓားဖျားမှာ အလွန်ထက်မြက်လှပြီး၊ ဝိညာဉ်အမှတ်အသားများလည်း ရှိနေသဖြင့် ၎င်းမှာ တကယ့် စစ်မှန်သော အဆင့်နိမ့်ဝိညာဉ်လက်နက် တစ်ခုပင် ဖြစ်သည်။

"ဒါ သာမန်လက်နက် မဟုတ်ဘူးပဲ"

လုလီသည် ဓားပျံကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး ဓားသွားကို လက်

ဖြင့် ထိကြည့်ရာ အားနည်းသော ဓားအရှိန်အဝါ တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်၊ အသက်ရှိနေသကဲ့သို့ပင်။

ဤအဆင့်ရှိ ဓားပျံမျိုးမှာ အနည်းဆုံး ဝိညာဉ်ကျောက် ထောင်ဂဏန်းအထိ ပေးရတတ်ရာ သာမန်အပြင်စည်းတပည့်များ လုံးဝ မမျှော်လင့်နိုင်သည့် အရာ ဖြစ်သည်။

"သူက မောက်မာလို့သာ ဒီဓားကို အစကတည်းက ထုတ်မသုံးခဲ့တာပဲ"

လုလီ ခပ်ဖွဖွ ရယ်မောလိုက်ပြီး အကြည့်မှာ အေးစက်နေသည်။

ဝိညာဉ်လက်နက်ကို အသုံးပြုရန် ဝိညာဉ်ချီ အမြောက်အမြား လိုအပ်သည်။ ဝူယဲ့၏ ချီစုဆောင်းခြင်းအဆင့် (၃) ဖြင့် ဤဓားကို ရေရှည် ထိန်းချုပ်ရန် ခက်ခဲလှသဖြင့် များသောအားဖြင့် အသက်ဘေးကြုံမှ သုံးမည့် ဝှက်ဖဲအဖြစ်သာ ထားရှိခြင်း ဖြစ်နိုင်သည်။

သူက လုလီကို ချီစုဆောင်းခြင်းအဆင့် (၁) ဟုသာ ထင်မှတ်ပြီး ပေါ့ဆခဲ့ခြင်း ဖြစ်သည်။ မည်သူက သိမည်နည်း၊ လုလီ၏ တစ်ချက်တည်းဖြင့် အသက်ပျောက်သွားခဲ့ရပြီး ဓားကိုပင် ထုတ်ခွင့်မရခဲ့ချေ။

ဤလူ၏ သေဆုံးမှု့ကတော့ လုလီအတွက် ဖြစ်သွားခဲ့ရပြီ။

လုလီက ဓားပျံကို ချက်ချင်း သန့်စဥ်ခြင်း မပြုသေးဘဲ၊ တစ်ခုချင်းစီကို သေသေချာချာ စစ်ဆေးပြီး၊ သိုလှောင်အိတ်အတွင်း၌ ကျန်ရှိနေသော အသိစိတ်အာရုံ သို့မဟုတ် ခြေရာခံတားမြစ်ချက်များ မရှိသည်ကို အတည်ပြုပြီးမှသာ သေသေချာချာ သိမ်းဆည်းလိုက်သည်။

ဒါကတော့ လုံးဝကို မျှော်လင့်မထားတဲ့ ဆုလာဒ်ပါပဲ။

လုလီ လယ်ကွက်ထဲ မျိုးစေ့ချပြီး အားလပ်ချိန်ရပါက ပင်မတောင်ထွတ်သို့ နောက်တစ်ခေါက် သွားဦးမည်ဟု တွေးလိုက်သည်။ ကွေ့ယွမ်တောင်ထွတ်မှ ချီစုဆောင်းခြင်းကို အထောက်အကူပြုမည့် ဆေးလုံးအချို့ကို ဝယ်ယူနိုင်မလား ကြည့်ရန်နှင့် ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ရန်အတွက် ဖြစ်သည်။

ထိုသို့ တွေးပြီးနောက် သူ စိတ်ကို တည်ငြိမ်စေကာ ဆက်လက်ကျင့်ကြံတော့သည်။ ဝိညာဉ်ချီများသည် ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဉ် နှင့်အတူ ဖြည်းဖြည်းချင်း လည်ပတ်နေပြီး၊ ကိုယ်တွင်း ဝိညာဉ်ချီများ ပိုမိုသိပ်သည်းလာသည်နှင့်အမျှ ဒန်ထျန်မှာ လှုပ်ခတ်သွားပြီး၊ ချီပင်လယ်မှာ ပြည့်ဝလာကာ၊ ဝိညာဉ်အလင်းများ ဖြာထွက်လာသည်။

"အဆင့်တက်သွားပြီ"

တစ်ညတာအတွင်းမှာတင် လုလီက ပိတ်ဆို့မှု့ကို တိတ်တဆိတ် ကျော်ဖြတ်

နိုင်ခဲ့ပြီး အရှိန်အဝါများမှာလည်း တည်ငြိမ်ကျစ်လျစ်လာကာ စမ်းရေတွင်းထဲသို့ မီးကျရောက်သွားသကဲ့သို့ ချောမွေ့စွာဖြင့် ချီစုဆောင်းခြင်းအဆင့် (၃) သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော ကျင့်ကြံခြင်းအရှိန်အဟုန်ကို အပြင်သို့သာ ပြောပြလိုက်ပါက အပြင်စည်းတစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာသည်။

သို့သော် ယခုအချိန်တွင် ကျယ်ပြန့်လှသော ဝိညာဉ်လယ်မြေ၌ ဤလူငယ်လေး တစ်ဦးတည်းသာ ရှိနေသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး အမူအရာမှာ အေးချမ်းလှကာ ဝိညာဉ်ချီများကို ဖြည်းဖြည်းချင်း ပြန်လည်သိမ်းဆည်းလိုက်ပြီး ပုံမှန်အတိုင်း အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်နေသည်။ အရာအားလုံးမှာ သဘာဝအတိုင်း ဖြစ်ပျက်သွားခဲ့ပြီး ထူးဆန်းစရာ မရှိသကဲ့သို့ပင် ဖြစ်သည်။

📝အပိုင်း - ၃၈ တိုင်ကြားမှု့

ဘာသာပြန် - Na Gar🐉

နောက်တစ်နေ့သည် လုလီ ထင်မှတ်ထားသည်ထက် ပို၍ ငြိမ်သက်နေခဲ့သည်။

လှိုင်းလေထန်ခြင်း မရှိ၊ လာရောက်မေးမြန်းခြင်း မရှိ၊ လျိုတာ့ပါးပင် လူလုံးမပြခဲ့ချေ။ မနေ့ညက လူသတ်မှုမှာ ဘာမှမဖြစ်ခဲ့သလိုမျိုးပင်။

လုလီက ဝိညာဥ်လယ်ကွက်ထဲတွင် ခါးကုန်း၍ ပေါင်းသင်နေသည်။ နေရောင်က ပြင်းထန်နေပြီး ခြေဖဝါးအောက်ရှိ မြေကြီးမှာ ပူနွေးနေသည်။ သူ၏ မျက်ခွံများ အနည်းငယ် ပင့်တက်သွားပြီး မလှမ်းမကမ်းမှ လျှောက်လာသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။

ထိုလူမှာ အသက် ၂၀ ကျော်ခန့်ရှိပြီး မျက်နှာညိုမည်းကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိသည်။ ချီစုဆောင်းခြင်းအဆင့် (၃) ခန့် ကျင့်ကြံခြင်းရှိပြီး ခြေလှမ်းများက မလောသော်လည်း လုလီထံသို့ တည့်တည့်ဦးတည်လာနေသည်။

"လုလီ... ငါတို့ သီးသန့် စကားခဏပြောလို့ရမလား"

လုလီက သူ့ကို တည်ငြိမ်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ခေါင်းသာ ငြိမ့်ပြလိုက်သည်။

သူ ဤလူကို သိသည်။ နာမည်က ကျိုးကျစ် ဖြစ်ပြီး သူနှင့်အတူတူ အဝေးဆုံးနှင့် အညံ့ဆုံးဖြစ်သော ဝိညာဥ်မြေရိုင်းအပိုင်းသို့ ခွဲဝေချထားခြင်း ခံရသူဖြစ်သည်။ တစ်ခါတရံ ဆုံမိသော်လည်း ရင်းနှီးမှုတော့ မရှိချေ။ သို့သော် ဤလူသည် ပုံမှန်အားဖြင့် စကားနည်းပြီး လူများနှင့် အလွယ်တကူ မပတ်သက်တတ်ပေ။ ယခုကဲ့သို့ အစပြု၍ ရောက်လာခြင်းမှာ သိသာထင်ရှားစွာ အခြားရည်ရွယ်ချက် ရှိနေ၍ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် လယ်ကွက် အနည်းငယ်ကို ပတ်၍ မြက်တဲနောက်ကွယ်ရှိ တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။

ကျိုးကျစ်က အသံကိုနှိမ့်၍ ပြောလိုက်သည် "ညီလေးလု... မင်း ပြီးခဲ့တဲ့ရာသီက ပထမရခဲ့တာဟာ လျိုတာ့ပါးရဲ့ အထိမခံတဲ့ နေရာကို နင်းမိသွားပြီ။ နောက်ဆိုရင် သူ သေချာပေါက် ငြိမ်နေမှာမဟုတ်ဘူး။ မင်း... ဘာအစီအစဉ်ရှိလဲ"

လုလီက လက်ချောင်းထိပ်ရှိ မြေကြီးများကို သုတ်လိုက်ရင်း တည်ငြိမ်စွာဖြင့် "ဘာအစီအစဉ်မှ မရှိပါဘူး။ ရေလာရင် ပိတ်ဆို့မယ်၊ စစ်တပ်လာရင် ခုခံမယ် ဒါပါပဲ"

ကျိုးကျစ် မျက်မှောင်ကြုတ်သွားပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ခဏမျှ တုံ့ဆိုင်းသွားပုံရသော်လည်း အသံကို ထပ်မံနှိမ့်၍ ပြောလိုက်သည်။

"ငါတို့ လျိုတာ့ပါးရဲ့ နောက်ကြောင်းကို စုံစမ်းပြီးပြီ။ သူက ဝိညာဥ်

လယ်မြေမှာ ဗိုလ်ကျစိုးမိုးနေတာ နှစ်ပေါင်းများစွာ ရှိပြီ။ အပေါ်ယံကြည့်ရင် အတွင်းစည်းတပည့် ဆွေမျိုးတစ်ယောက်က ကျောထောက်နောက်ခံ ပေးထားတာ။ ဒါပေမဲ့ တကယ့် နောက်ခံက ဝိညာဥ်လယ်မြေရဲ့အကြီးအကဲပဲ... သူတို့ ဒီနှစ်တွေမှာ ဝိညာဥ်ဆန် အမြောက်အမြားကို ကွယ်ရာမှာ ခိုးယူသိမ်းပိုက်ခဲ့ကြတယ်။ ဂိုဏ်းတူညီးအစ်ကို ဘယ်နှစ်ယောက်ကို ဒုက္ခပေးပြီး မောင်းထုတ်ခဲ့လဲ မသိဘူး။ ငါတို့လို မြေရိုင်းအပိုင်းကို ရောက်နေရတဲ့ အပြင်စည်းတပည့်တွေက သူတို့ရဲ့ ခြေဖဝါးအောက်မှာ တစ်ဆင့်ပြီးတစ်ဆင့် နင်းခြေခံခဲ့ရတာပဲ"

လုလီ နားထောင်နေသော်လည်း ဘာသံမှ မထွက်ချေ။

ကျိုးကျစ် အံကို ကြိတ်ကာ ဆက်ပြောသည် "မင်းကို အမှန်အတိုင်း ပြောရရင်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝိညာဥ်လယ်မြေရဲ့ တောင်ဘက်ထောင့်မှာ လင်းချင် လို့ခေါ်တဲ့ ကျင့်ကြံသူ တစ်ယောက်ရှိတယ်။ သူက ငါနဲ့အတူတူ ဂိုဏ်းထဲဝင်လာတဲ့ အသက်တူ သူငယ်ချင်းအရင်းခေါက်ခေါက်ပဲ။

သူ့ရဲ့ စရိုက်က ခေါင်းမာပြီး မတရားတာကို လက်မခံလို့ လျိုတာ့ပါးအတွက် အလှည့်ကျတာဝန်ကို ကူမလုပ်ပေးချင်လို့ သူ့ကို စော်ကားမိသွားတယ်။ ရလဒ်အနေနဲ့ ရက်အနည်းငယ်အကြာမှာပဲ ဝိညာဥ်လယ်ကွက်မီးလောင်ပြီး ဘာမှမကျန်တော့ဘူး။ နောက်ရာသီအတွက် မျိုးစေ့တောင် ခွဲဝေမရတော့ဘူး။ နောက်ပိုင်းမှာ သူ နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေရတာ ဂိုဏ်းကနေပါ အမောင်းထုတ်ခံလိုက်ရတယ်"

သူ့စကားသံ ပိုမြန်လာပြီး ဒေါသကို ဖိနှိပ်ထားကာ "ဒီလိုကိစ္စမျိုးကို ငါ မြင်ခဲ့ရတာ ဆယ်ကြိမ်ထက်မနည်းဘူး။ ဒီနှစ်တွေအတွင်း နှိပ်စက်ခံရလို့ ထွက်သွားရတဲ့၊ သေအောင် အကွက်ဆင်ခံရတဲ့ အပြင်စည်းတပည့်တွေ ဘယ်လောက်တောင် များနေပြီလဲ မသိဘူး"

"ဝိညာဥ်လယ်မြေမှာ အကောင်းဆုံး မြေကွက်တွေအားလုံးကို လျိုတာ့ပါးနဲ့ ဝိညာဥ်လယ်မြေအကြီးအကဲတို့က ကွယ်ရာမှာ ချုပ်ကိုင်ထားကြတာ။ ဘယ်သူ တက်ရမလဲ၊ ဘယ်သူ ဆင်းရမလဲဆိုတာ သူတို့ရဲ့ စကားတစ်ခွန်းပဲ။

မင်းမှာ နောက်ခံမရှိရင် ဒါမှမဟုတ် အရည်အချင်း နည်းနည်းညံ့ရင် အညံ့ဆုံးနဲ့ အအေးစိမ့်ဆုံး ထောင့်စွန်းမှာပဲ နေရမယ်။ ခြိုးခြံချွေတာပြီး ကျင့်ကြံဖို့ အရင်းအမြစ် မရှိဘဲ၊ ပျက်စီးနေတဲ့ ပေါက်တူးတွေကို သုံးရပြီး အလုပ်ကျတော့ အပင်ပန်းဆုံး လုပ်ရတယ်"

လုလီကတော့ ဆက်လက်၍ နှုတ်ဆိတ်နေဆဲဖြစ်ပြီး သူ ဆက်ပြောမည်ကို စောင့်နေသည်။

ကျိုးကျစ်က ရင်ခွင်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ တိုးတိုးလေး ပြောလိုက်သည် "ဒါက ငါတို့ ဒီနှစ်တွေအတွင်း စုဆောင်းထားတဲ့ သက်သေတွေပဲ။ လျိုတာ့ပါးက ဂိုဏ်းတူတွေကို ခြိမ်းခြောက်ပြီး အဓမ္မ မယားငယ်အဖြစ် သိမ်းပိုက်ခဲ့တဲ့ ကိစ္စတွေတင် မကဘူး။

အဲဒီအထဲမှာ ဝိညာဥ်လယ်မြေရဲ့ ဝိညာဥ်ဆန် အဝင်အထွက် စာရင်းဇယားတွေ၊ မြေကွက် အလှည့်ကျပြောင်းလဲမှု့ မြေပုံတွေ၊ ဝိညာဥ်ဆန်ကို တမင်

သက်သက် လျှော့တင်ပြထားတဲ့ သက်သေတွေလည်းပါတယ်။ လျိုတာ့ပါးနဲ့ ဝိညာဥ်လယ်မြေအကြီးအကဲတို့ရဲ့ ဆက်သွယ်မှုကိုတောင် ငါတို့က သဲလွန်စ အနည်းငယ် စုံစမ်းမိထားတယ်"

သူက လုလီကို ကြည့်ကာ လေသံ အနည်းငယ် ပျော့ပြောင်းသွားသည် "ငါတို့ မင်းကို ရှေ့ဆုံးကနေ ထွက်တိုက်ဖို့ မတောင်းဆိုပါဘူး။ မင်းဘက်က ဒီကျောက်စိမ်းပေလွှာပေါ်မှာ နာမည်လေး ရေးထိုးပေးရင် ရပါပြီ။

မင်းက နောက်မှ ရောက်လာတာမို့ ဒီကိစ္စတွေမှာ မပါဝင်ခဲ့ဘူး။ ဒါပေမဲ့ မင်းက ပထမရထားတဲ့သူ ဖြစ်သလို စီနီယာအစ်မတုံရှန်းနဲ့လည်း ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတယ် မဟုတ်လား... မင်းသာ ထွက်ရပ်တည်ပေးရင် ငါတို့ရဲ့ တိုင်ကြားမှု့က ပိုပြီး အောင်နိုင်ခြေ ရှိလိမ့်မယ်"

"ငါတို့က ရေရှည် နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ အပြင်စည်းတပည့် အဟောင်းအချို့ကို စုစည်းပြီးပြီ... သူတို့ကို အတူတူ ပူးတွဲ အမည်တပ်ပြီး တိုင်ကြားဖို့ ရည်ရွယ်ထားတယ်။

အရင်ဆုံး စည်းကမ်းထိန်းသိမ်းရေးခန်းမကို တိုင်မယ်။ အဆင်မပြေရင် တောင်ထွတ်သခင်ဆီ တိုက်ရိုက်တင်ပြတဲ့ လမ်းစဉ်ကို သွားမယ်။ ဟွမ်ရှန်းဂိုဏ်းမှာ တကယ်ပဲ တရားမျှတမှု မရှိတော့ဘူးလို့ ငါ မယုံကြည်ဘူး"

သူ့လေသံထဲတွင် ရှားပါးသော ပြတ်သားမှုနှင့် မသိမသာ ပူနွေးသော စိတ်အားထက်သန်မှုတို့ ပါဝင်နေသည်။

"ဘာလို့ အကောင်းဆုံးမြေတွေက အမြဲတမ်း သူတို့ဟာ ဖြစ်နေရတာလဲ။ ဘာလို့ ငါတို့ကျတော့ မြေရိုင်းထဲ ပစ်ချခံရတာလဲ။ ဒါ မတရားဘူး"

ပြောပြီးနောက် မျက်လုံးများ တောက်ပစွာဖြင့် သူ့ကို စိုက်ကြည့်နေသည်။

လုလီက မူလနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး လေက သူ၏ အင်္ကျီစွန်းကို တိုက်ခတ်သွားသည်။ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိချေ။

သူသည် ခြေဖဝါးအောက်ရှိ မြေကြီးကို မျက်တောင်ချ၍ ကြည့်နေပြီး အတော်ကြာမှ ပြောလိုက်သည်။

"ဒီလောကကြီးမှာ မူလကတည်းက တရားမျှတမှုဆိုတာ မရှိဘူး"

သူ ခေါင်းမော့ကာ ကျိုးကျစ်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများသည် နက်ရှိုင်းသော ရေတွင်းအိုင်ကဲ့သို့ လှိုင်းလေမရှိဘဲ တည်ငြိမ်လွန်းလှသည်။

"ခင်ဗျား လျိုတာ့ပါးကို တိုင်လိုက်နိုင်ရင်တောင် မကြာခင်မှာ နောက်ထပ် 'လျိုတာ့ပါး' တစ်ယောက် တက်လာမှာပဲ။ ပိုတောင် ဆိုးချင်ဆိုးဦးမယ်။

မြေကောင်းက ဒီလောက်ပဲ ရှိတာ။ မြေညံ့ကိုတော့ တစ်ယောက်ယောက်က စိုက်ပျိုးရမှာပဲ။ ဒီလို အပေါ်ယံ တိုင်ကြားမှု့မျိုးက အသုံးဝင်မယ်လို့ ငါမထင်ဘူး..."

"စိတ်မကောင်းပါဘူး အစ်ကိုကျိုး...ကျွန်တော့်မှာ ကြီးကျယ်တဲ့ ရည်မှန်းချက် မရှိပါဘူး။ ကျွန်တော်က အေးအေးဆေးဆေး စိုက်ပျိုးချင်ရုံပဲ ဒီအပြင်စည်းတပည့်တွေရဲ့ အငြင်းပွားမှု့တွေထဲမှာ မပါဝင်ချင်ဘူး"

သူ့စကားသံက တည်ငြိမ်နေသော်လည်း ကျိုးကျစ်၏ ခေါင်းပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားသည်။

ကျိုးကျစ်၏ မျက်နှာမှ သွေးရောင်များ တစ်စတစ်စ ဆုတ်ခွာသွားပြီး တစ်ကိုယ်လုံး အားအင် ကုန်ခမ်းသွားသလို ဖြစ်ကာ အတော်ကြာ တိတ်ဆိတ်သွားပြီးမှ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါထင်နေတာက... မင်းကလည်း ငါတို့နဲ့အတူ ရင်ဆိုင်တိုက်ပွဲဝင်ချင်တဲ့သူလို့..."

သူ လုလီကို တစ်ချက်မော့ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည် "ဒါလည်း ဟုတ်တာပဲ... ငါ ခဏတာ ဝေခွဲမရဖြစ်သွားလို့ပါ။ မင်းက ပြီးခဲ့တဲ့ ရာသီရဲ့ ပထမရထားတဲ့သူပဲ။ ပထမနေရာကို ဖယ်ပေးလိုက်ရင်တောင် ကိုယ့်ကိုယ်

ကိုယ် ကာကွယ်ဖို့ လုံလောက်ပါတယ်။ လျိုတာ့ပါးတို့လို လူတွေကို သွားပြစ်မှားပြီး ဘာလို့ ဒီလောက်ကြီးမားတဲ့ စွန့်စားမှုကို လုပ်မလဲ...

ဒီလောကက အင်အားကြီးတဲ့သူတွေရဲ့ လောကပဲ။ ကိုယ့်လယ်ကွက်ကိုတောင် မကာကွယ်နိုင်တဲ့ ငါတို့လို လူတွေအတွက် ဘယ်သူက ထွက်ရပ်တည်ပေးမှာလဲ"

သူ့လေသံက တဖြည်းဖြည်း အေးစက်သွားသော်လည်း မျက်နှာထားက ပို၍ ပြတ်သားလာသည် "ညီလေးလု... ငါ မင်းဆီက ဘာမှမတောင်းဆိုပါဘူး။ ဒီနေ့ ငါနဲ့ တွေ့ခဲ့တဲ့ ကိစ္စကို တခြားသူတွေကို မပြောမိဖို့ပဲ တောင်းဆိုချင်ပါတယ်"

စကားအဆုံးတွင် သူ၏ မျက်ဝန်းထဲ၌ ပြတ်သားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ဒေါသ မဟုတ်၊ အကူအညီတောင်းခံခြင်း မဟုတ်ဘဲ ရေရှည် သည်းခံပြီးနောက် ဖြစ်ပေါ်လာသော ခေါင်းမာမှုနှင့် ငြိမ်သက်မှုမျိုး ဖြစ်သည်။

သူက ဖြည်းဖြည်းချင်း ပြောလိုက်သည် "တခြားလူတွေက မပြိုင်ဆိုင်ဘူး၊ မတော်လှန်ဘူးဆိုရင်တောင် ငါကတော့ မရဘူး။ ဒီနှစ်တွေမှာ ငါ သည်းခံပြီး ကွယ်ရာမှာ သက်သေတွေ စုဆောင်းခဲ့တာ... တခြားကြောင့် မဟုတ်ဘူး... လင်းချင်ရဲ့ အမှု့အတွက်ပဲ။ သူ့အတွက် တရားမျှတမှု တစ်ခုခု ပြန်တောင်းပေးနိုင်ဖို့ပဲ"

လုလီကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပြီး ထပ်မံ၍ ငြင်းခုံခြင်း မပြုတော့ချေ။ သူ၏ စိတ်ပိုင်းဖြတ်မှုကို မြင်သဖြင့် ထပ်မံ ရှင်းလင်းချက် မပေးတော့ဘဲ သက်ပြင်းတစ်ချက်သာ အသာအယာ ချလိုက်သည်။

"ဒီနေ့ မင်း ငါ့ကို လာတွေ့တဲ့ ကိစ္စကို တတိယလူတစ်ယောက်မှ သိမှာမဟုတ်ဘူး"

ကျိုးကျစ်က သူ့ကို ခပ်စိမ်းစိမ်း တစ်ချက် စိုက်ကြည့်ပြီး ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။ ကျောပြင်က အထီးကျန်နေသော်လည်း လေးလံ၍ တိတ်ဆိတ်သော စိတ်ပိုင်းဖြတ်မှုတစ်ခု ပါဝင်နေသည်။

လုလီက တားဆီးခြင်း မပြုဘဲ မြူခိုးများထဲသို့ ပျောက်ကွယ်သွားသော သူ့ကျောပြင်ကိုသာ ငေးကြည့်နေခဲ့သည်။ မျက်ခုံးများက မလှုပ်မယှက်ဘဲ ရုပ်တုတစ်ခုကဲ့သို့ ရှိနေသည်။

စည်းကမ်းထိန်းထိန်းရေးခန်းမ ၊ ဂိုဏ်းအကြီးအကဲ ၊ တောင်ထွတ်သခင်

သူတို့က မမြင်တာ မဟုတ်ဘဲ တမင်သက်သက် မမြင်ချင်ယောင် ဆောင်နေကြတာ ဖြစ်နိုင်သည်။

"လျိုတာ့ပါး... ငါ ချိုးယွဲ့ကို ကတိပေးခဲ့တယ်။ တစ်နေ့နေ့မှာ ငါ့လက်နဲ့ ကိုယ်တိုင် ရှင်းလင်းမယ်လို့။ စည်းကမ်းထိန်းသိမ်းရေးခန်းမကို တိုင်တန်းတဲ့ ဒီလိုနည်းလမ်းမျိုးက ကလေးဆန်လွန်းတယ်လို့ပဲ ပြောရမယ်...

အသုံးဝင်မဝင် မသိရသေးခင်မှာပဲ ဒီလူတွေကို တကယ့် လှိုင်းတံပိုးတွေရဲ့ ထိပ်ဖျားဆီ တွန်းပို့လိုက်သလို ဖြစ်သွားလိမ့်မယ်"

လုလီ၏ စိတ်ထဲတွင် ကြေးမုံပြင်ကဲ့သို့ ရှင်းလင်းနေသည်။ အကယ်၍ ဤသို့ တိုင်ကြားခြင်းက အသုံးဝင်မည်ဆိုပါက လျိုတာ့ပါး သေသည်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်တော့ချေ။

စင်စစ် ဝိညာဥ်လယ်မြေတွင် အကောင်းဆုံးမြေက ဒီလောက်ပဲ ရှိတာမို့ မြေရိုင်းကိုတော့ တစ်ယောက်ယောက်က စိုက်ပျိုးရမှာပဲ။

သူတို့ လျိုတာ့ပါး တစ်ယောက်ကို ဖြုတ်ချနိုင်ခဲ့ရင်တောင် နောက်ထပ် ဒုတိယ တတိယ စတ္ထုထလျိုတာ့ပါးတို့ တက်လာဦးမှာပဲ။

ဒီလူစုဟာ စတင်ခွဲဝေချထားခံရတဲ့ အချိန်ကတည်းက တခြားလူတွေ ရာထူးတက်ဖို့ နင်းခြေစရာ ခြေနင်းကျောက်တုံးတွေအဖြစ် သတ်မှတ်ခံထားရတာပဲ။

ဒီဂိုဏ်းရဲ့ အရိုးထဲက ဆွေးမြည့်နေတဲ့ အေးစက်မှု့ကပဲ ဒီနေရာကို ဖန်တီးခဲ့တာ မြေရိုင်းဟာ ထာဝရ မြေရိုင်းပဲ။ ကျင့်ကြံသူတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ မြေကွက်တွေက မပြောင်းလဲဘူး၊ အရင်းအမြစ်တွေက မပြောင်းလဲဘူး၊ ဂိုဏ်းက မပြောင်းလဲဘူး။

ခြေဖဝါးအောက်က မြေရိုင်းဟာ နင်းမယ့် ခြေဖဝါးတစ်စုံ ပြောင်းသွားရုံပဲ ရှိမယ်။ အောက်ခြေ ကျင့်ကြံသူတွေရဲ့ အသံက ထာဝရ လေထဲမှာပဲ မြုပ်နှံသွားလိမ့်မယ်။

📝အပိုင်း - ၃၉ အမည်စာရင်း

ဘာသာပြန် - Na Gar🐉

နေမွန်းတည့်ချိန်နီးလာပြီဖြစ်ရာ ပါးလွှာသော တိမ်တိုက်များကို ဖြတ်သန်း၍ နေရောင်ခြည်သည် ဝိညာဥ်လယ်ကွက်ပေါ်သို့ ဖြာကျနေသည်။ အဝါရောင် ဝတ်စုံဝတ်ဆင်ထားသော အပြင်စည်းတပည့်တစ်ဦးသည် လေညင်းကို စီးနင်း၍ လျှောက်လာခဲ့သည်။ သူ၏ ခြေလှမ်းများက တည်တည်ငြိမ်ငြိမ်ရှိပြီး လက်ထဲတွင်မူ ဖောင်းကားနေသော အိတ်တစ်အိတ်ကို ကိုင်ဆောင်ထားကာ မလှမ်းမကမ်းမှပင် လှမ်း၍ အော်ခေါ်လိုက်သည်။

"လုလီ ရှိလား... ငါတို့ စီနီယာအစ်ကိုလျိုက ညီလေးကို မိုးတိမ်ငယ်မန္တန်နဲ့ မြေနဂါးသွေးကြောမန္တန် သုံးပေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ။ ဒီမှာ ဝိညာဥ်ကျောက်တုံး(၂၀၀) ရှိပါတယ်... ဒါက ရိုသေမှုကို အနည်းငယ် ဖော်ပြတာပါ"

လုလီက လက်ထဲမှ ပေါက်တူးကို အနည်းငယ် ရပ်တန့်လိုက်ပြီး မော့ကြည့်လိုက်ရာ ထိုတပည့်၏ မျက်နှာက အေးချမ်းနေသော်လည်း မျက်ဝန်းထဲတွင်မူ ရိပ်မိဖို့ခက်သော စမ်းသပ်လိုသည့် အရိပ်အယောင်တစ်ခု ဖုံးကွယ်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်က ထွားကျိုင်းပြီး အသက်ရှူသံက တည်ငြိမ်လှရာ ချီစုဆောင်းခြင်းအဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အပြင်စည်းတပည့်များထဲတွင် မဆိုးလှသော အဆင့်၌ ရှိနေသည်။

သူက စီနီယာအစ်ကိုလျိုဟု ခေါ်ဆိုနိုင်သူမှာ... လျိုတာ့ပါးမှတစ်ပါး အခြားမရှိချေ။

သူက ထိုအိတ်ကို လှမ်းယူလိုက်ရာ အလေးချိန်က လေးလံနေပြီး ဖွင့်

ကြည့်လိုက်သည့်အခါ မျှော်လင့်ထားသည့်အတိုင်း အဆင့်နိမ့်ဝိညာဥ်

ကျောက်တုံး(၂၀၀)တိတိ ဖြစ်နေသည်။

မနေ့ညကတင် သူသည် လျိုတာ့ပါး၏ လက်ပါးစေဖြစ်သော ဝူယဲ့ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။

ယခုမူ တစ်ညသာ ကုန်ဆုံးသွားသေးသော်လည်း လျိုတာ့ပါးက ဘာလှုပ်ရှားမှု့မှ မရှိသည့်အပြင် ဝိညာဥ်ကျောက်တုံးများကိုပါ အစပြု၍ ပေးအပ်ကာ ပညာရပ်များ အသုံးပြုပေးရန် တောင်းဆိုလာသည်။ ဤကဲ့သို့ ပုံမှန်မဟုတ်သော တည်ငြိမ်မှုကြောင့် သူ ချက်ချင်းပင် သတိကြီးစွာ ထားလိုက်မိသည်။

လုလီ စကားမဆိုသည်ကို မြင်သောအခါ ထိုတပည့်က ဆက်၍ ပြုံးကာ ဆက်ပြောသည်။

"စီနီယာအစ်ကိုလျိုက ညီလေးလုရဲ့ မိုးတိမ်ငယ်မန္တန်နဲ့ မြေနဂါးသွေးကြောမန္တန်က တစ်သုတ်တည်းဝင်လာ တပည့်တွေထဲမှာ ထိပ်ဆုံးကဆိုတာ ကြားသိထားလို့ အရင်ကတည်းက ပြောဖူးတယ် 'ဒီလိုလူမျိုးက တကယ့် လူငယ်

သူရဲကောင်းပဲ' တဲ့။ အခုက ဝိညာဥ်လယ်ကွက် အသစ်စိုက်ပျိုးတဲ့ ရာသီဖြစ်တာမို့ ညီလေးလုကို လယ်ကွက်ထဲမှာ ပညာရပ်နှစ်မျိုးလုံး အသုံးပြုပေးဖို့ အထူးဖိတ်ခေါ်လိုက်တာပါ"

လုလီက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည် "စီနီယာအစ်ကိုလျိုရဲ့ ဘေးနားမှာ တော်တဲ့လူတွေ အများကြီး ရှိတာပဲ... ဘာလို့ ကျွန်တော့်ရဲ့ အညံ့စား ပညာရပ်တွေကို မျက်စိကျနေရတာလဲ"

ထိုတပည့်၏ အပြုံးက မပျက်ဘဲ "ညီလေးလုက နောက်နေပြန်ပြီ။ ပြီးခဲ့တဲ့ ရာသီက ညီလေးပဲ တစ်ချက်တည်းနဲ့ ပထမကို ယူခဲ့တာလေ။ ပညာရပ်တစ်ခုကို ဝိညာဥ်ကျောက်တုံး တစ်ရာ ယူတာက ညီလေးရဲ့ လက်ရာက ဒီတန်ဖိုးနဲ့ ထိုက်တန်လို့ပဲ။ စီနီယာအစ်ကိုလျိုက အဆင့်အတန်း မြင့်မားပေမဲ့ အပြင်စည်းတပည့်တစ်ယောက်ကို ဒီလိုမျိုး လေးလေးစားစား ဘယ်တုန်းကမှ မဆက်ဆံဖူးဘူး"

စကားအဆုံးတွင် သူက နောက်တစ်လှမ်း တိုးကပ်လာပြီး လေသံကို အနည်းငယ် နှိမ့်လိုက်သည် "ဒီလောကကြီးမှာ ကိုယ်လိုချင်တာ ကိုယ်ရပြီး အားလုံး ပျော်ရွှင်ကြတာ အကောင်းဆုံးပဲ။ စီနီယာအစ်ကိုလျိုကလည်း ပြောထားတယ်... နောက်ဆိုရင် လတိုင်း ဒီရွှေရောင်ဝိညာဥ်လယ်ကွက်မှာ ညီလေးကို ပညာရပ်လာသုံးပေးဖို့ ဖိတ်ခေါ်ပါတယ်တဲ့... အောင်မြင်ပြီးရင် ဝိညာဥ်ကျောက်တုံးတွေကို သီးသန့် ပေးပါမယ်"

လုလီ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ဖြစ်သည်။ သူသည် လျိုတာ့ပါးက ဘာလှည့်ကွက် သုံးမလို့လဲဆိုတာကို ကြည့်ချင်နေသဖြင့် ခေါင်းငြိမ့်ကာ ပြောလိုက်သည် "ဒါဆိုရင်တော့ စီနီယာအစ်ကိုနဲ့အတူ တစ်ခေါက် လိုက်ခဲ့ပါ့မယ်"

လျိုတာ့ပါး ရှိနေသော နေရာမှာ ရွှေရောင်ဝိညာဥ်လယ်ကွက် ဖြစ်သည်။ မြေဆီလွှာက ကောင်းမွန်ပြီး ဝိညာဥ်ချီများက ပေါများကာ မူလကတည်းက ကွေ့ယွမ်တောင်ထွတ်ထဲတွင် ဝိညာဥ်ချီ အထူထပ်ဆုံးသော ဝိညာဥ်လယ်ကွက်တစ်ခု ဖြစ်သည်။

လုလီက လက်ကွက်ဖော်ကာ မိုးတိမ်ငယ်မန္တန်နှင့် မြေနဂါးသွေးကြောမန္တန်ကို အလှည့်ကျ အသုံးပြုလိုက်သည်။

မန္တန်နှစ်မျိုးလုံး၏ အထောက်အပံ့အောက်တွင် ရွှေရောင်ဝိညာဥ်လယ်ကွက်ထက်၌ မိုးစက်များက မြူခိုးများကဲ့သို့ အသာအယာ ကျဆင်းလာပြီး မြေပြင်၏ အငွေ့အသက်များက တလိပ်လိပ် ထွက်ပေါ်လာကာ လယ်ကွက်တစ်ခုလုံးသည် အသက်ဝင်လာသကဲ့သို့ ရှင်သန်ခြင်း အရှိန်အဝါများ ပြည့်နှက်သွားတော့သည်။

ဝိညာဥ်လယ်ကွက်၏ အစွန်းတွင် ရပ်နေရင်း လုလီ၏ မျက်လုံးများက နက်ရှိုင်းနေသည်။ မန္တန်ကို အသုံးပြုနေစဉ်မှာပင် သူ၏ စိတ်ထဲ၌ ပို၍ သတိထားမိလာသည်။

လျိုတာ့ပါးသည် ဤမျှလောက် နစ်နာမှု့ကို ခံလိုက်ရပြီးနောက် ဘာမှမဖြစ်သလို နေလိမ့်မည်ဟု သူ မယုံကြည်ချေ။

ပို၍ တည်ငြိမ်လေလေ၊ ပို၍ ပုံမှန်မဟုတ်လေလေ ဖြစ်သည်။

ပညာရပ်နှစ်မျိုးလုံး အသုံးပြုခြင်း ပြီးဆုံးသွားခဲ့ပြီ။

လျိုတာ့ပါးသည် မြေကြီးကို နင်း၍ ကျယ်လောင်စွာ ရယ်မောရင်း လျှောက်လာခဲ့သည်။ သူ၏ အမူအရာက နှစ်ဦးသား မနေ့ကတင် အတူတူ သောက်စားခဲ့ကြသကဲ့သို့ ရင်းနှီးလွန်းလှသည်။

"ကောင်းတယ် ကောင်းတယ်...ညီလေးလုရဲ့ ပညာရပ်နှစ်မျိုးက တကယ်ကို ထူးခြားတာပဲ... ဒီနေ့ မြင်ရတာ တကယ့်ကို အံ့မခန်းပဲ" သူက လက်ကို ဝှေ့ယမ်းရင်း မျက်နှာအပြည့် ပြုံးကာ ပြောလိုက်သည်။

လုလီက ဝိညာဥ်လယ်ကွက်အစွန်းတွင် ရပ်နေရင်း ပြုံးကာ"စီနီယာအစ်ကိုလျိုက ချီးမွမ်းလွန်းနေပါပြီ... ဒါတွေက အပေါ်ယံ ပညာရပ်အချို့တင်ပါ"

လျိုတာ့ပါးက မျက်လုံးကို မှေးကာ မတော်တဆ ပြောလိုက်

သကဲ့သို့ ..."တကယ်ကို မထင်ထားဘူးပဲ...ညီလေးလုက ဒီလောက် အသက်

ငယ်ငယ်နဲ့ ချီစုဆောင်းခြင်းအဆင့် (၃) ရှိနေလိမ့်မယ်လို့ မထင်ထားဘူး... လေးစားမိပါတယ်"

လုလီက တည်ငြိမ်စွာပင် "စီနီယာအစ်ကိုလျိုက မြှောက်ပြောနေပါပြီ... ကံကောင်းလို့ပါပဲ"

"ဟဲဟဲ... ကံကောင်းတာပဲဖြစ်ဖြစ်၊ ပါရမီပဲဖြစ်ဖြစ်" လျိုတာ့ပါးက ပြုံးရင်း အနည်းငယ် တိုးကပ်လာကာ လေသံကို နှိမ့်ချလိုက်သည်။

"မင်းက စီနီယာအစ်မတုံရှန်းနဲ့အတူတူ ဂိုဏ်းထဲဝင်လာတဲ့သူဆိုတော့ အရှေ့ကိုအဝေးကြီး သွားနိုင်မှာပါ။ ဝိညာဥ်လယ်မြေက သေးလွန်းတယ်... တစ်နေ့နေ့မှာ ညီလေးအတွင်းစည်းတပည့် ဖြစ်သွားမှာပါ"

လျိုတာ့ပါးက စကားကို ခဏရပ်ကာ ပြုံးစိစိဖြင့် အသံကို ပို၍ နှိမ့်လိုက်

သည်။

"ငါ မင်းကို ရင်ဖွင့်စကား တစ်ခွန်း ပြောပြမယ်။ ငါတို့က ရန်သူတွေ မဖြစ်သင့်ဘူး။ ပြီးခဲ့တဲ့ ရာသီက မင်း ပထမရတာကို ငါ ဘာမှမပြောလိုဘူး... ဒါပေမဲ့ ဒီရာသီမှာ ပထမရမရဆိုတာကတော့ ငါတို့ နှစ်ယောက် ကိုယ့်အရည်အချင်းနဲ့ကိုယ် ပြိုင်ကြတာပေါ့။

ဒါပေမဲ့ ဒီဝိညာဥ်လယ်မြေထဲမှာ... အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး လေပွေထအောင် လုပ်ချင်တဲ့၊ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှု ဖော်ဆောင်ချင်တဲ့ ခွေးသူတောင်းစား အချို့ ရှိနေတတ်တယ်... ငါ မင်းကို အကြံပေးချင်တာကတော့ သူတို့ကိစ္စတွေထဲမှာ ဝင်မပါဖို့ပဲ။ မင်းသာ အပြင်လူအဖြစ် နေရင် အားလုံး အေးချမ်းလိမ့်မယ်။ အကယ်၍ မင်းက ဒီရေနောက်ထဲကို အတင်းတိုးဝင်မယ်ဆိုရင်တော့"

သူက စကားကို ရပ်လိုက်ပြီး လေသံက အနည်းငယ် တုန်ခါသွားကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သကဲ့သို့ ပြောသည် "အဲဒီ နောက်ဆက်တွဲ ရလဒ်ကိုတော့... ဘယ်သူမှ မပြောနိုင်ဘူး။ ငါ လျိုဆိုတဲ့လူက ဒီနေရာမှာ နေလာတာ ဆယ်နှစ်ကျော်ပြီ... ဘယ်သူက ဖြုတ်ချချင်တိုင်း ဖြုတ်ချလို့ရတဲ့ လူစားမျိုး မဟုတ်ဘူး"

ပြောပြီးနောက် သူက အင်္ကျီလက်ထဲမှ ခေါက်ထားသော စက္ကူအပိုင်းအစတစ်ခုကို ထုတ်ယူကာ လုလီထံသို့ အသာအယာ ကမ်းပေးလိုက်သည်။

"ကြည့်လိုက်စမ်းပါဦး... ဒီရယ်စရာကောင်းတဲ့ ပုရွက်ဆိတ်တွေကို"

လုလီက ဖြန့်ကြည့်လိုက်ရာ စက္ကူပေါ်တွင် အမည်အချို့ကို အထင်အရှား

ရေးမှတ်ထားသည်ကို တွေ့လိုက်ရသည် ကျိုးကျစ်၊ ဖန့်လူ၊ ချွေရန်၊ ယန်

ရန်... နန်ထျန်။

သူ၏ မျက်ခွံများ အနည်းငယ် လှုပ်ခါသွားသည်။

ဤလူများကို သူ မှတ်မိသည်။ အများစုမှာ မြောက်ပိုင်း၏ မြေရိုင်းအပိုင်းသို့ အပယ်ခံထားရသော တပည့်များ ဖြစ်ကြပြီး ဝိညာဥ်ဆန် ထွက်နှုန်းက အဆိုးဆုံး ဖြစ်သဖြင့် ဂိုဏ်းကနေ အမောင်းထုတ်ခံရလုနီးနီး အခြေအနေတွင် ရှိနေကြသူများ ဖြစ်သည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူ ကျိုးကျစ်သည် ယနေ့နံနက်ကတင် သူ့ထံသို့ သီးသန့် လာရောက်ကာ လျိုတာ့ပါး၏ ပြစ်မှုများကို အတူတူတိုင်ကြားရန် စည်းရုံးခဲ့သူ ဖြစ်သည်။

သေချာသည်မှာ... ဤစာရင်းထဲရှိ ကျန်ရှိသော လူလေးဦးမှာ ယနေ့နံနက်က ကျိုးကျစ် ပြောခဲ့သော အတူတူတိုင်ကြားမည့်သူများ ဖြစ်ပေလိမ့်မည်။

ဤလူများကို လုလီက စိတ်ထဲမထားသော်လည်း... နောက်ဆုံးအမည်ဖြစ်သော 'နန်ထျန်' ကျမှ...

သူမက ရန်ယွီ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပြီး ဂိုဏ်းထဲဝင်ပြီးနောက် လုလီနှင့်လည်း အခေါ်အပြော အများကြီး ရှိခဲ့သည်။ သူမက ဘာဖြစ်လို့ ဒီကိစ္စထဲမှာ ပါဝင်သွားရတာလဲ။

နန်ထျန်သည် အသက် ၁၃-၁၄ နှစ်ဖြင့် ချီစုဆောင်းခြင်းအဆင့် (၃) သို့ ရောက်ရှိနေပြီဖြစ်ရာ သူမ၏ ဝိညာဥ်လယ်ကွက်က သိပ်မညံ့လှဘဲ အနည်းဆုံးတော့ အရင်းကျေနိုင်သည်။ အကယ်၍ သူမက အေးအေးဆေးဆေး သည်းခံပြီး နေမည်ဆိုပါက အနာဂတ်တွင် အတွင်းစည်းတပည့် နေရာကို လုယူနိုင်မည့် အခွင့်အရေး ရှိနေသည်။ ဤကဲ့သို့ အပြင်စည်းတပည့်များ၏ အငြင်းပွားမှုထဲသို့ အဆင်အခြင်မရှိ ပါဝင်ခြင်းမှာ တကယ်ကို ပညာရှိရာမကျချေ။

ကျိုးကျစ်၏ အသုံးချခြင်းကို ခံလိုက်ရတာလည်း ဖြစ်နိုင်သည်။

လုလီ၏ စိတ်ထဲတွင် လေးလံသော အေးစက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ဤအမည်စာရင်းက လျိုတာ့ပါး၏ လက်ထဲသို့ အတိအကျ ရောက်ရှိသွားခြင်းကို ကြည့်ခြင်းဖြင့် ဝိညာဥ်လယ်မြေတွင် သူ၏ နားမျက်စိက ဘယ်လောက်အထိ ထူထပ်ပြီး နည်းလမ်းက ဘယ်လောက်အထိ ရက်စက်သလဲဆိုတာကို သိသာစေသည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမမှာတောင် အကျိုးစီးပွားချင်း ဆက်စပ်မှု ရှိနေနိုင်သည်။

လျိုတာ့ပါးက ပြုံးလျက် စက္ကူကို ပြန်သိမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုက တည်ငြိမ်စွာရှိပြီး ပစ္စည်းဝယ်ယူမည့် စာရင်းတစ်ခုကို သိမ်းဆည်းလိုက်သကဲ့သို့ပင်။

"ဒါက ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး" သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ညီလေးလုကို သတိပေးတဲ့ အနေနဲ့တင်ပါ။ ဝိညာဥ်လယ်မြေရဲ့ ရေက... ထင်ထားတာထက် ပိုပြီး နက်လွန်းတယ်"

ပြောပြီးနောက် သူ လှည့်ထွက်သွားခဲ့သည်။ ရယ်မောသံများက လယ်ကွင်းများအကြားတွင် ပဲ့တင်ထပ်ကျန်ရစ်ခဲ့ပြီး နွေဦးလေညင်း တိုက်ခတ်လာသကဲ့သို့ ရှိသော်လည်း လူတို့၏ စိတ်ထဲတွင်မူ အရိုးထဲအထိ အေးစိမ့်သွားရုံသာ ရှိသည်။

လုလီက လျိုတာ့ပါးထွက်ခွာသွားသည်ကို မှုန်မှိုင်းသော မျက်နှာထားဖြင့် ငေးကြည့်နေခဲ့သည်။

သူ နားလည်သွားပြီယခုအကြိမ် "ပညာရပ်အသုံးပြုပေးရန် တောင်းဆိုခြင်း" ဆိုသည်မှာ လုလီ၏ မိုးတိမ်ငယ်မန္တန်နှင့် မြေနဂါးသွေးကြောမန္တန်ကို မျက်စိကျ၍ မဟုတ်ဘဲ... ဒါဟာ နောက်ထပ် စမ်းသပ်မှုတစ်ခုနှင့် ဖိအားပေးမှုတစ်ခုသာ ဖြစ်သည်။

ဝူယဲ့ သေဆုံးသွားခြင်းက လုလီ၏ တကယ့်ကျင့်ကြံခြင်းအဆင့်မှာ ချီစုဆောင်းခြင်းအဆင့် (၃) အောက် မနိမ့်နိုင်ဘူးဆိုတာကို လျိုတာ့ပါးအား ရိပ်မိသွားစေခဲ့သည်။

ဤမျှလောက် အသက်ငယ်ငယ်နှင့် ချီစုဆောင်းခြင်းအဆင့် (၃) ရှိနေခြင်းမှာ ဟွမ်ရှန်းဂိုဏ်းတစ်ခုလုံးတွင်ပင် တွေ့ရခဲလှရာ အပြင်စည်းတပည့်နေရာသည် ဤကဲ့သို့သော လူများအတွက် ယာယီ နားခိုရာ နေရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် လုလီတွင် တုံရှန်း၏ နောက်ခံအရှိန်အဝါ ရှိနေသေးသည်။ အစေခံတစ်ယောက် ဖြစ်နေလင့်ကစား အားကိုးရာ ကျောထောက်နောက်ခံတော့ ရှိနေသည် မဟုတ်ပါလား။

လျိုတာ့ပါးသည် နောက်ဆုံးတွင်တော့ တွန့်ဆုတ်လာခဲ့ပြီ ဖြစ်သည်။

ချက်ချင်းပင် ဝိညာဥ်ကျောက်တုံးများ ပေးအပ်ကာ ပညာရပ်နှစ်မျိုးလုံး အသုံးပြုခိုင်းခြင်းမှာ သူ၏ တင်းမာမှု့ကို လျှော့ချရန် ဖြစ်သည်။

ချီစုဆောင်းခြင်းအဆင့် (၃) ရှိသော အစေခံတစ်ယောက် သေဆုံးသွားခြင်းကိုမူ သူ့အနေဖြင့် စိတ်ထဲမထားချေ။

ထိုစက္ကူပေါ်ရှိ အမည်များကမူ တိတ်ဆိတ်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်မင်းသာ ဝင်မပါရင် ငါတို့ ငြိမ်းချမ်းစွာနေထိုင်မယ်... အကယ်၍ မင်းသာ ဝင်ပါမယ်ဆိုရင်တော့ ဒီစာရင်းပေါ်မှာ နောက်ထပ် နာမည်တစ်ခု တိုးလာတာကို အပြစ်မတင်နဲ့။

"ဒီလူက... မရိုးရှင်းဘူး"

လုလီက သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် မှုတ်ထုတ်လိုက်ရင်း လျိုတာ့ပါးအနေဖြင့် ဝိညာဥ်လယ်မြေတွင် နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုးနိုင်ခြင်းမှာ အပေါ်ယံ မြင်ရသကဲ့သို့ မရိုးရှင်းကြောင်း ထပ်မံ၍ ခံစားလိုက်ရသည်။

ယနေ့နံနက်က ကျိုးကျစ် သူ့ထံသို့ လာရောက်ခဲ့သည့် ကိစ္စသည်လည်း လျိုတာ့ပါး၏ မျက်စိအောက်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုတိုင်ကြားရန် ပြင်ဆင်နေကြသော လူများ၊ မိမိတို့ကိုယ်ကိုယ် လျှို့ဝှက်လှပြီဟု ထင်နေကြသော လှုပ်ရှားမှုများသည် သူ့မျက်စိထဲတွင်မူ လှိုင်းတံပိုး မထနိုင်သော ငါးသေးငါးမွှား အနည်းငယ်ကဲ့သို့သာ ဖြစ်ပြီး အနည်းငယ် လှုပ်ခါလိုက်သည်နှင့် အသေသတ်ခြင်းကို ခံရပေလိမ့်မည်။

ကျိုးကျစ် အပါအဝင် လူလေးဦးသည် လုလီနှင့် သိပ်ပြီး ပတ်သက်မှု မရှိချေ။

သို့သော်လည်း... နန်ထျန်ကမူ...

လုလီ အတော်ကြာအောင် စဥ်းစားနေခဲ့သည်။

အကယ်၍ မိမိကသာ အပြင်လူအဖြစ် နေပြီး ဘာမှဝင်မပါဘဲ ပစ်ထားမည်ဆိုပါက ထိုစာရင်းထဲရှိ လူများသည် မနက်ဖြန်၏ နေရောင်ခြည်ကို မြင်တွေ့ရတော့မည် မဟုတ်ချေ။

သူ ချက်ချင်း သဘောပေါက်လိုက်သည်ဒါဟာ စမ်းသပ်မှု့တစ်ခု ဖြစ်သလို... ရွေးချယ်မှုတစ်ခုလည်း ဖြစ်သည်။

All Chapters