← Chapters

မဟာညီညွှတ်မှုအဆင့်အား ဖြတ်ကျော်၍ ခြေသုံးလှမ်းလှမ်းခြင်း

Vol. 8 Ch. 106

မဟာညီညွှတ်မှုအဆင့်အား ဖြတ်ကျော်၍ ခြေသုံးလှမ်းလှမ်းခြင်း

Vol. 8 Ch. 106

အခန်း (၁၀၆) မဟာညီညွှတ်မှုအဆင့်အား ဖြတ်ကျော်၍ ခြေသုံးလှမ်းလှမ်းခြင်း

အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ဟွမ်သွမ့်ဓားနဲ့ ပေါင်းစပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အချိန်မရွေး လာတိုက်နိုင်တာကြောင့် ဟန်ကျွယ်ဟာ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကြီးမြတ်တဲ့စပါးအုံးစိမ်းကြောင့် မဟုတ်ရင် ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို သိမ်းထားမှာပါ။

ဟန်ကျွယ်ဟာ အထူးသတိထားတာကြောင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ချက်ချင်းအသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် ကျိန်စာတိုက်နေတဲ့ကြားထဲက ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ အဆင့်တက်သွားရုံမက နေရာတကာမှာ ပြဿနာလိုက်ရှာနေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကြီးမြတ်တဲ့စပါးအုံးစိမ်းက အရမ်းစွမ်းအားကြီးတယ်ဆိုတာ သိနိုင်ပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ အလေးမထားဘဲ မနေရဲပါဘူး။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ချက်ချင်းထုတ်ယူလိုက်ပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ဓားပေါ်တင်လိုက်ပါတယ်။ အဲဒီနောက် လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို လောင်းထည့်ပြီး အတူတူပေါင်းစပ်စေပါတယ်။

ဟွမ်သွမ့်ဓားဟာ ဟန်ကျွယ်ရဲ့ ဝိညာဉ်ရတနာဖြစ်ပြီး ဟန်ကျွယ်ကျင့်ကြံမှုထက် ပိုပြီးစွမ်းအားကြီးတဲ့ စွမ်အားကို ထုတ်လွှတ်နိုင်ပါတယ်။

[ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးသည် ဟွမ်သွမ့်ဓားကို အဆင့်မြှင့်တင်နိုင်ခြင်း မရှိပါ။ ကျေးဇူးပြု၍ တစ်ခြားဝိညာဉ်ရတနာကို ရွေးချယ်ပါ။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘ငါ့ဓားမှာရှိနေတဲ့ အာဒိကပ္ပစွမ်အားက ကောင်းကင်တာအို စွမ်းအားထက် ပိုအဆင့်မြင့်တာပဲ’

ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို အရင်ဆုံးသိမ်းထားရင်း ကောင်းမလားလို့ တွေးလိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်နဲ့ ပေါင်းစပ်လိုက်ရင်တောင် ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သေအောင် ကျိန်စာတိုက်ဖို့က မဖြစ်နိုင်ပါဘူး။

ကြီးမြတ်တဲ့စပါးအုံးစိမ်းက အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်သွားပြီဖြစ်တဲ့အတွက် အရင်ကထက် ပိုစွမ်းအားကြီးလာမှာ မြေကြီးလက်ခတ်မလွှဲပါဘူး။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်ချင်တယ်ဆိုရင် တစ်ခြားနည်းလမ်း စဉ်းစားဖို့လိုပါတယ်။

‘ဓားတာအိုကို ဆက်သိမြင်နားလည်ရမလား’

‘ဓားတာအိုမြစ်မှာ အဲဒီလူရှိနေသေးရင် ဘယ်လိုလုပ်မလဲ’

ဟန်ကျွယ်ဟာ တွေးတောစဉ်းစားရင် ရေ‌ရာသေချာတဲ့အဖြေ မရတာကြောင့် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ကျိန်စာတိုက်ပါတယ်။ တိုက်ပွဲကို နောက်ဆုတ်နိုင်လေလေ ဟန်ကျွယ်နိုင်ဖို့ အခွင့်အရေး ပိုများလေလေပါပဲ။

လေးငါးခုနစ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက ယိုစီးထွက်လာတဲ့သွေးတွေကို သုတ်ပစ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ဒဏ်ရာတွေကို ရက်အနည်းငယ်ကြာ ကုသပြီးတဲ့နောက်မှာတော့ ဓားတာအို သဘောပေါက်အောင် ကြိုးစားပါတယ်။ ဟန်ကျွယ်ဟာ အရင်တစ်ခေါက်တုန်းက သုံးလောကသန့်ရှင်းခြင်းကို သိမြင်နားလည်ခဲ့ပါတယ်။

ဒီတစ်ခေါက်မှာတော့ သုံးလောကသန့်ရှင်းခြင်းထက် ပိုစွမ်းအားကြီးတာကို သိမြင်နားလည်နိုင်မလား စောင့်ကြည့်ရမှာပါ။

…

ရန်ဒေသ နယ်စပ်တစ်နေရာ။

ရန်ထျန်တုန်းဟာ သစ်ပင်ကြီးတစ်ပင်အောက်မှာ တင်ပလ္လင်ခွေထိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်ကာ သူ့ဒဏ်ရာတွေကို ကုသပါတယ်။ ရန်ထျန်တုန်းရဲ့ အခြေအနေက တစ်ကိုယ်လုံး သွေးအလူးလူး ဖြစ်နေတာမို့ တော်တော်လေး သနားဖို့ကောင်းပါတယ်။

ရန်ထျန်တုန်းဟာ ပဋိပက္ခကောင်းကင်ခွေးနှင့် ပူးပေါင်းပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အပြင် ကြီးမြတ်တဲ့စပါးအုံးစိမ်းလက်ကနေ လွတ်အောင် တစ်ချိန်လုံး ထွက်ပြေးလိုက် ပုန်းအောင်းလိုက် လုပ်နေရတာကြောင့် သေတာထက်ပိုဆိုးတဲ့ ဘဝကို ရောက်နေပါတယ်။

“သစ္စာဖောက် ဆက်ပြေးလေ၊ မင်းဘယ်ကို ပြေးပြေး ငါ မိအောင် ဖမ်းပြမယ်၊ အဲဒီအချိန်ကျရင် မင်းရဲ့အကြောတွေကို ဆွဲထုတ်ပြီး အရေခွံနွှာပစ်မယ်၊ လောကမှာ ဒုက္ခအခံရစားဆုံးလူဖြစ်အောင် ငါ လုပ်ပြမယ်... ဟား...ဟား...ဟား”

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ရက်စက်ယုတ်မာတဲ့ ရယ်သံဟာ ရန်ထျန်တုန်းနားထဲမှာ မြည်ဟိန်းလာပါတယ်။ ရန်ထျန်တုန်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ အသံကြောင့် ထိတ်လန့်ခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသံမျိုးကြားရတာ ပထမဆုံးအကြိမ် မဟုတ်တော့လို့ပါ။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ လျှို့ဝှက်ပညာရပ်တစ်မျိုးကို အသုံးပြုပြီး ရန်ထျန်တုန်းဆီ မကြာခဏ အသံလွှင့်စကား ပြောပါတယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရန်ထျန်တုန်း ဘယ်နေရာမှာရှိတယ်ဆိုတာကို မသိနိုင်ပါဘူး။ မဟုတ်လို့ရှိရင် ရန်ထျန်တုန်းတစ်ယောက် ကြီးမြတ်တဲ့စပါးအုံးစိမ်းလက်ကနေ ပြေးလွတ်မှာ မဟုတ်ပါဘူး။

“သေစမ်း...” ရန်ထျန်တုန်းဟာ အံကြိတ်လိုက်ပါတယ်။ အခုသူဟာ တကယ်ကြောက်လန့်နေပါပြီ။ ဒီနှစ်တွေမှာ ရန်ထျန်တုန်းဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရလိုက် ထွက်ပြေးလိုက်နဲ့ အချိန်ကုန်ခဲ့ရတာပါ။ ရန်ထျန်တုန်း ဘယ်ကိုပြေးပြေး အသုံးမဝင်ပါဘူး။ ကျင့်ကြံခြင်းဂိုဏ်းအချို့နဲ့ နတ်ဆိုးဘုရင်အချို့တောင် ရန်ထျန်တုန်းကို လက်ခံမိလို့ သေကျေပျက်စီးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ရန်ထျန်တုန်းဟာ ရန်ဒေသကို ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ ယွီဂျင်ဂိုဏ်းကို ပြန်သွားသင့်မသင့်ကို ချီတုံချတုံ ဖြစ်နေပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ အရမ်းစွမ်းအားကြီးတာကြောင့် သူ့ကို ဘယ်သူမှ အနိုင်မယူနိုင်ပါဘူး။ ဒါပေမဲ့ ရန်ထျန်တုန်းဟာ ယွီဂျင်ဂိုဏ်းကို မပြန်ရင်လည်း သွားစရာနေရာ မရှိတော့ပါဘူး။

‘ငါ နတ်ဆိုးဘုရင်တန်စုကို အရင်ရှာသင့်လား၊ ဒါပေမဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းဆီမှာ နတ်ဆိုးဘုရင်တန်စုလို နတ်ဆိုးဘုရင်တွေ အများကြီးပဲ၊ နတ်ဆိုးဘုရင်တန်စုထက် စွမ်းအားကြီးတဲ့ နတ်ဆိုးဘုရင်တွေရောပဲ’

ရန်ထျန်တုန်းဟာ ဒဏ်ရာကုသရင်း စိတ်ရှုပ်သွားပါတယ်။ တစ်နာရီကြာတဲ့အခါမှာတော့ ဒဏ်ရာတွေ ကုသပြီးသွားလို့ ရန်ထျန်တုန်းဟာ ထိုင်ရာကနေထလိုက်ပြီး အရပ်မျက်နှာတစ်ဖက်ကို ဦးတည် ထွက်ခွာသွားပါတယ်။ ရန်ထျန်တုန်း ထွက်သွားပြီး မကြာခင်မှာပဲ ငှက်ဒါဇင်ကျော် ရောက်လာပြီး ရန်ထျန်တုန်း ထွက်ခွာသွားတဲ့ဘက်ကို ပျံသန်းသွားပါတယ်။

…

အံဖွယ်ဖြစ်ရပ်တစ်ခု ကောင်းကင်ပေါ်မှာ ရုတ်တရက် ပေါ်လာပါတယ်။ ကောင်းကင်တစ်ခွင်လုံး ခရမ်းနုရောင် ဖုံးလွှမ်းနေပြီး မြေကြီးတောင် ခရမ်းနုရောင် ဖြစ်သွားပါတယ်။ လူတိုင်း အံအားသင့်နေစဉ်မှာပဲ ဟန်ကျွယ်ရဲ့ သတိတရားဟာ ဓားတာအိုမြစ်ထဲကို ရောက်ရှိသွားပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ပုဂ္ဂိုလ်တစ်ယောက်ကို ရင်ဆိုင်နေပါတယ်။

“မင်းပဲလား” အဲဒီပုဂ္ဂိုလ်က ဒေါသတကြီး ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပိုပြီးတော့ ဆွံအသွားပါတယ် ‘ဒီလူက ဘာဖြစ်နေတာလဲ၊ ဘာလို့တစ်ချိန်လုံး ဒီနေရာမှာ ရှိနေရတာလဲ’

ဟန်ကျွယ်ဟာ ဒေါသကို ဖိနှိပ်လိုက်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “စီနီယာ... ကျွန်တော် ရန်သူကြီးနဲ့ ရင်ဆိုင်ရလို နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလို့ရမလား၊ ခြေတစ်လှမ်းတည်းပါ”

အဲဒီပုဂ္ဂိုလ်က မပျော်မရွှင် ပြန်ပြောပါတယ် “မင်းက မဟာညီညွှတ်မှု ဆန်းကြယ်စွမ်းအားနဲ့ ဓားငွေ့ကို သိမြင်နားလည်ပြီးပြီပဲ၊ သေမျိုးဘုံမှာ မင်းကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ၊ မင်းနဲ့ သူ့ကြားမှာ ကျင့်ကြံမှု အရမ်းကွာရင်တောင် ဖြစ်နိုင်ပါတယ်”

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ကျွန်တော်က အထက်ဘုံကို တက်ပြီးရင် စီနီယာဆီ လာလည်မလို့ဆုံးဖြတ်ထားတာ၊ အခုတော့ ကျင့်ကြံခြင်းလမ်းတစ်ဝက်မှာပဲ သေရတော့မယ်ထင်တာ၊ နှမြောဖို့ကောင်းလိုက်တာ...”

ထိုပုဂ္ဂိုလ်ဟာ တိတ်ဆိတ်သွားပါတယ်။ တစ်ခဏကြာတဲ့အခါမှာတော့ ထိုပုဂ္ဂိုလ်က တစ်လုံးချင်း ပြောလိုက်ပါတယ် “အဲဒါဆိုရင်လည်း ရှေ့ဆက်လျှောက်ကြည့်ပေါ့” ထိုပုဂ္ဂိုလပ်ဟာ ပြောဆိုပြီးတာနဲ့ ဟန်ကျွယ်ရှေ့ကနေ ဖယ်ပေးလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ သတိတရားဟာ ရှေ့ကိုဆက်သွားပါတယ်။ ရှေ့ဆက်သွားတဲ့ ဟန်ကျွယ်ရဲ့ သတိတရားဟာ အလွန်ကြီးမားတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ ဒီဖိအားဟာ တောင်ကြီးတစ်တောင်ကို ကျောမှာသယ်ထားရသလိုမျိုး လေးလံလွန်းတာကြောင့် ဟန်ကျွယ်ဟာ အသက်မရှူနိုင်လုနီးပါး ဖြစ်သွားရပါတယ်။

‘ကြည့်ရတာ စီနီယာကို ငါ့ကို ညာနေတာ မဟုတ်ဘူးပဲ... သေမျိုးတွေက မဟာညီညွှတ်မှုထက်ပိုတဲ့စွမ်းအားကို မသိမြင်နိုင်ဘူးပဲ’

ဟန်ကျွယ်ဟာ အံကြိတ်ပြီး ရှေ့ဆက်လျှောက်ပါတယ်။

ခြေတစ်လှမ်း။

ခြေနှစ်လှမ်း။

ခြေသုံးလှမ်း။

ဟန်ကျွယ်ဟာ စပြီးမူးနောက်လာတာကြောင့် ချက်ချင်း အော်ပြောလိုက်ပါတယ် “စီနီယာ... ကျွန်တော့်ကို ကယ်ပါအုန်း”

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာပဲ နောက်ကနေ လက်တစ်ဖက်ထွက်လာပြီး ဟန်ကျွယ်ပခုံးကို ဆုပ်ကိုင်ကာ နောက်ကို ဆွဲထုတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့သတိတရားဟာ ချာချာလည်သွားပြီး ဓားတာအိုမြစ်ထဲကို ထွက်ခွာသွားပါတယ်။

“ဂျူနီယာ... နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင် မင်းကို ငါ မကယ်တော့ဘူး” ထိုပုဂ္ဂိုလ်က အေးစက်စွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ သတိတရားဟာ သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး သူ့ရဲ့ပဓာနဝိညာဉ်ကို တည်တံ့ခိုင်မြဲအောင် ကြိုးစားလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[သင်၏ ဓားတာအိုဆန်းကြယ်စွမ်းအား သုံးလောကသန့်ရှင်းခြင်းသည် အဆင်မြှင့်တင်သွားပါပြီ။]

တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ရဲ့ စိတ်အခြေအနေဟာ အကောင်းအတိုင်း ပြန်ဖြစ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရွှမ်ရှီရှီနဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်ပါတယ်။

အသက်ရှူချိန်တစ်ကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

အဲဒီနောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရွှမ်ရှီရှီကို တစ်ချက်တည်း သတ်ပစ်လိုက်နိုင်သလို သုံးလောကသန့်ရှင်းခြင်းက အရင်ထက် စွမ်းအားပိုကြီးလာတာကို ခံစားမိလိုက်ပါတယ်။

ခြေလှမ်းသုံးလှမ်းတည်းနဲ့ သုံးလောကသန့်ရှင်းခြင်းဟာ ဓားအရိပ်ပေါင်းတစ်သန်းကို ထုတ်လွှတ်နိုင်နေပါပြီ။ ဒီဓားအရိပ်အကုန်လုံးက ဓားတာအိုမြစ်ထဲက နာမည်ကျော်ဓားတွေပါ။ ဓားအရိပ်တစ်သန်းဟာ ရွှမ်ရှီရှီရဲ့ ခန္ဓာကိုယ်သာမက ဝိညာဉ်ကိုပါ တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအကွက်က စိတ်ဝိညာဉ်စွမ်းအား အများကြီး ကုန်တာကြောင့် သုံးချင်တိုင်းသုံးလို့မရပါဘူး။

ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ ဒီအကွက်ကြောင့် ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို တစ်ချက်တည်းသတ်ပစ်ဖို့ ယုံကြည်ချက် ရှိသွားပါပြီ။

မိုးမြေမြက်ပင်ဟာ တုန်လှုပ်ချောက်ချားနေပါတယ်။ ဟန်ကျွယ်ရဲ့အပြုံးကို မြင်ပြီးတဲ့နောက်မှာ မိုးမြေမြက်ပင်က ပြောလိုက်ပါတယ် “သခင်... သခင်ရဲ့ ခုနတုန်းက ရောင်ဝါက အရမ်းကြောက်ဖို့ကောင်းတာပဲ... ကျွန်မရဲ့ အရင်သခင်ဟောင်းကိုတောင် ပြန်အမှတ်ရစေတယ်”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ် ‘ငါက အမတနတ်ဘုရားနဲ့တောင် ယှဉ်လို့ရနေပြီလား’

ဟန်ကျွယ်က သူ့ကိုယ်သူ ချီးကျူးလိုက်တာပါ။ ဟန်ကျွယ်ရဲ့ လက်ရှိအဆင့်နဲ့ အမတနတ်ဘုရားကို လုံးဝမယှဉ်နိုင်သေးပါဘူး။ မိုးမြေမြက်ပင်က အရမ်းအားနည်းတော့ သူ့သခင်ဟောင်းက ဘယ်လောက်ထိစွမ်းအားကြီးလဲဆိုတာကို မခန့်မှန်းနိုင်တာပါ။

“ဘာ သခင်ဟောင်းလဲ၊ မင်းမှာ သခင်တစ်ယောက်ပဲရှိတယ်” ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။

“အား... ဟုတ်သားပဲ”

ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို လျစ်လျူရှူပြီး အပြင်ဘက်ထွက်လိုက်ပါတယ်။

ကောင်းကင်ပေါ်က အံဖွယ်ဖြစ်ရပ်ဟာလည်း ပျောက်ကွယ်သွားပါတယ်။

ရွှင်ချန်အန်းဟာ ဟန်ကျွယ် ထွက်လာတာကို တွေ့ရတဲ့အခါ သက်ပြင်းချလိုက်ပါတယ် “ဆရာသခင်... ဒီလိုအံဖွယ်ဖြစ်ရပ် ပေါ်လာတာ တစ်ကြိမ် မကတော့ဘူး၊ ဒီတစ်ကြိမ်မှာ ဘယ်လို မွန်းစတား ပါရမီရှင်မျိုး ပေါ်လာပြန်ပြီလဲ မသိဘူး”

ရွှင်ချန်အန်းဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဘာဖြစ်နေလဲဆိုတာကို မခံစားနိုင်တာကြောင့် အံဖွယ်ဖြစ်ရပ် ဖြစ်ပေါ်စေတဲ့လူက ဟန်ကျွယ်မှန်း မသိပါဘူး။

ဟန်ကျွယ်ဟာ မျက်နှာမှာ ပြုံးလိုက်ပေမဲ့ စိတ်ထဲမှာတော့ ဆဲဆိုလိုက်ပါတယ် ‘မင်းကသာ မွန်းစတား’

ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို ဘာမှပြန်မပြောဘဲ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်နောက်ကို လိုက်မယ်ဆိုရင် ကီလိုမီတာဒါဇင်ကျော်လာက်မှာ တရားထိုင်နေတဲ့ လူတစ်ဦးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီလူကတော့ ရန်ထျန်တုန်းပဲ ဖြစ်ပါတယ်။

ရန်ထျန်တုန်းဟာ စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်ရင်း ကောင်းကင်ကို မော့ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “နောက်ထပ် ပါရမီရှင် ပေါ်လာပြန်ပြီလား... ဟင်း... သူသာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်နိုင်ရင် သိပ်ကောင်းမှာပဲ”

ရန်ထျန်တုန်းရဲ့ ရေရွတ်သံအဆုံးမှာပဲ တရင်းတနှီးရှိတဲ့ အသံကို နားထဲမှာ ကြားလိုက်ရပါတယ် “မင်းက တံခါးဝတောင် ရောက်နေပြီပဲ၊ ဘာလို့ ပြန်မလာသေးတာလဲ၊ တကယ်ပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ သား ဖြစ်ချင်နေတာလား”

ဒီအသံကို ကြားလိုက်ရတဲ့အခါမှာ ရန်ထျန်တုန်းဟာ ငိုချင်စိတ်ပေါက်သွားပြီး မျက်လုံးတွေ နီရဲသွားပါတယ် ‘ဆရာသခင်က ငါ့ကို ဂရုစိုက်သေးတာပဲ’

ရန်ထျန်တုန်းက သူ့ဆရာသခင်ကို စိတ်ပျက်စေမိတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို အပြင်မထွက်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရန်ထျန်တုန်းက ဟန်ကျွယ်ရဲ့ စကားကို နားမထောင်ခဲ့ပါဘူး။ အခု ကြီးမြတ်တဲ့စပါးအုံးစိမ်း လိုက်သတ်တာကို ခံရလို့ သွားစရာနေရာမရှိတော့မှာပဲ ယွီဂျင်ဂိုဏ်းကို ပြန်ရောက်လာတာပါ။

“ဆရာ... ဆရာသခင်...”

“ငိုမနေနဲ့၊ တောင်ခြေမှာ ငါးနှစ်ရှိခိုးချည်၊ ကျွန်တော် မှားပါပြီဆိုတဲ့ စာကြောင်းကို တစ်နေ့ အကြိမ်တစ်ထောင် ရွတ်ရမယ်”

“ဟမ်...”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters