← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

📝အပိုင်း - ၄၀ မတရားသောကိစ္စများ

ဘာသာပြန် - Na Gar🐉

လုလီသည် အထပ်ထပ်အခါခါ စဥ်းစားပြီးနောက် နောက်ဆုံးတွင်တော့ နန်ထျန်၏ ကိစ္စထဲသို့ ဝင်မပါရန် ရွေးချယ်လိုက်သည်။

သူနှင့် နန်ထျန်သည် နက်နက်ရှိုင်းရှိုင်း ရင်းနှီးမှုမရှိဘဲ ပုံမှန်အားဖြင့် တွေ့လျှင် ခေါင်းငြိမ့်ပြရုံမျှသာ ရှိသော ဆက်ဆံရေး ဖြစ်သည်။

နန်ထျန်သည် ရန်ယွီ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပြီး ဖြူစင်သော စရိုက်ရှိကာ အသက်ငယ်ငယ်ဖြင့် ချီစုဆောင်းခြင်းအဆင့် (၃) သို့ ရောက်ရှိနေသဖြင့် လူအများအပေါ် အထင်အမြင် မဆိုးလှသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဤအချက်သည် လုလီအနေဖြင့် သူမအတွက်နှင့် ဘေးဒုက္ခထဲ ဝင်တိုးရန်တော့ မလုံလောက်ချေ။

ယခု လုလီသည် ချီစုဆောင်းခြင်းအဆင့် (၃) သို့ ရောက်ရှိနေပြီ ဖြစ်

သော်လည်း လျိုတာ့ပါး နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အင်အားစုနှင့် ယှဥ်လျှင်မူ အားနည်းနေဆဲ ဖြစ်သည်။

ထို့အပြင် လျိုတာ့ပါးသည် ယနေ့တွင် သူ့ကို အမည်စာရင်းကိုလည်း ကမ်းပေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်က အလွန်ပင် ရှင်းလင်းလှသည်။လုလီသာ ဝင်မပါလျှင် ဝိညာဥ်လယ်မြေ၏ လှိုင်းလေအားလုံးသည် သူနှင့် သက်ဆိုင်မည်မဟုတ်ချေ။

အကယ်၍ လုလီသည် ယခုအချိန်တွင် မိမိကိုယ်ကိုယ် တရားမျှတမှုရှိလှပြီဟု ထင်နေသော လူမိုက်ကလေးများကဲ့သို့ အတင်းထွက်ရပ်တည်မည်ဆိုပါက ဒုတိယအကြိမ် ထွက်လာမည့် အမည်စာရင်းပေါ်တွင် သူ့နာမည် ပါမပါ ဆိုသည်မှာ မသေချာတော့ချေ။

"ငါက သွေးအေးတာ မဟုတ်ပါဘူး... ဒါပေမဲ့... ငါ့မှာ လောလောဆယ် တခြားလူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အရည်အချင်း မရှိသေးလို့ပါ"

သူ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ရင်း မျက်ဝန်းများက ရေကဲ့သို့ နက်မှောင်သွားသည်။

သူက လူမကယ်ချင်တာ မဟုတ်ဘဲ လူသိရှင်ကြား နည်းလမ်းမျိုးကို မသုံးချင်တာသာ ဖြစ်သည်။

အကယ်၍ တကယ်ပဲ အသက်ရှင်သင့်တဲ့လူ ဖြစ်ရင် သူမကိုယ်တိုင်လည်း ရုန်းကန်ရပေလိမ့်မည်။

လုလီက ဝူယဲ့၏ သိုလှောင်အိတ်ထဲမှ အဆောင်ကျောက်စိမ်းပြား သုံးပြားကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ ရွှေရောင်ဖျော့ဖျော့ တောက်ပနေသော အကာအကွယ်အဆောင် ၊ ငှက်မွေးကဲ့သို့ ပေါ့ပါးသော အလျှင်အဆောင် နှင့် ထက်မြက်လှသော တိုက်ခိုက်ရေးအဆောင်တို့ ဖြစ်သည်။

ဤအဆောင်ကျောက်စိမ်းပြားသည် တန်ဖိုးမဖြတ်နိုင်ရာ ဝိညာဥ်လယ်မြေရှိ အပြင်စည်းတပည့်များအကြားတွင် အသက်ကို သုံးကြိမ်တိုင်တိုင် ကာကွယ်နိုင်စွမ်း ရှိသည်။

သူက စက္ကူစာရွက်ကို ထုတ်ယူကာ စာအချို့ကို ရေးသားလိုက်ရာ စာလုံးများက တွန့်လိမ်နေပြီး မည်သူ့လက်ရေးမှန်း မသိသာချေ။

"ဒီနေ့ည အိမ်မပြန်နဲ့။ ဘာလို့လဲလို့ မမေးနဲ့။ အဆင်ပြေပြေ လွတ်မြောက်သွားရင် ဒီကိစ္စ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်"

သူသည် မိမိ၏ အသက်ရှူသံနှင့် အရှိန်အဝါကို အစွမ်းကုန် ချုပ်တည်းကာ နန်ထျန်၏ မြက်တဲဆီသို့ အသံမထွက်ဘဲ တိုးဝင်သွားခဲ့သည်။ ထို့နောက် အဆောင်ကျောက်စိမ်းပြားများနှင့် စာတိုကို ခုတင်ခြေရင်းရှိ မြက်ဖျာအောက်တွင် ထားခဲ့ပြီးနောက် ဝိညာဥ်ချီ အနည်းငယ်မျှပင် မထွက်ပေါ်ကြားစေဘဲ တိတ်တဆိတ် ပြန်လည် ထွက်ခွာလာခဲ့သည်။

ဤအရာက အသက်ကို မကယ်တင်နိုင်ရင်တောင် အနည်းဆုံးတော့ သူမအတွက် အသက်ရှင်သန်ဖို့ အခွင့်အလမ်း အနည်းငယ် ပိုရစေလိမ့်မည်။

လုလီသည် ထိုစုတ်ချာလှသော မြက်တဲကို တစ်ချက် ပြန်လည် ငေးကြည့်လိုက်ရာ မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ရှိသော်လည်း ခြေလှမ်းများကမူ မသိမသာ ခဏမျှ နှေးကွေးသွားခဲ့သည်။

"အသက်ရှင်နိုင်မရှင်နိုင်ဆိုတာ မင်းကံတရားအပေါ်ပဲ မူတည်တော့တယ်"

"လျိုတာ့ပါးကတော့ သေချာပေါက် သေရမယ်... ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး..."

ပြောပြီးနောက် သူသည် မြက်တဲရှေ့မှ ပျောက်ကွယ်သွားတော့သည်။

ထိုညတွင် တောင်လေက ဒီရေကဲ့သို့ တိုက်ခတ်နေပြီး ကောင်းကင်ယံသည် နိမ့်ဆင်းနေသော ခေါင်းတလားအဖုံးကဲ့သို့ ညို့မှောင်နေခဲ့သည်။

လုလီသည် ဝိညာဥ်လယ်ကွက်ထဲတွင် တရားထိုင်နေစဥ် သူ၏ အသိစိတ်အာရုံက ညအမှောင်ထဲတွင် လျှပ်ခနဲ ဖြတ်သန်းသွားသော လူရိပ်အချို့ကို တိတ်တဆိတ် သိရှိလိုက်ရသည်။ သူတို့၏ လှုပ်ရှားမှုက လျှို့ဝှက်လွန်းလှပြီး ဘယ်ကို ဦးတည်သွားသည်ကို မသိရချေ။ သူသည် ဇွတ်အတင်း မလှုပ်ရှားဘဲ ဤအရာအားလုံးကို စိတ်ထဲတွင်သာ မှတ်သားထားလိုက်သည်။

နောက်တစ်နေ့ နံနက်တွင်။

ဝိညာဥ်လယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ချားဖွယ် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

မနေ့ညကတင် တစ်ညတည်းနှင့် လူလေးဦး သေဆုံးသွားခဲ့သည်။

အားလုံးက သူတို့၏ မြက်တဲထဲတွင်တင် သေဆုံးနေကြခြင်း ဖြစ်ပြီး မျက်မြင်သက်သေမရှိ၊ အသံမထွက်ဘဲ အကူအညီတောင်းသံ အနည်းငယ်မျှပင် မထွက်ပေါ်ခဲ့ချေ။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သေဆုံးသူများထဲမှ တစ်ဦးမှာအပြင်စည်းတပည့်များအကြားတွင် အနည်းငယ် နာမည်ကျော်ကြားသော ချီစုဆောင်းခြင်းအဆင့် (၄) ကျင့်ကြံသူ ဖန့်လူ ဖြစ်နေခြင်းပင်။ သူသည် အတွင်းစည်း စမ်းသပ်မှု၏ အသက် ၂၀ အရွယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း စွမ်းအားမှာမူ ဝိညာဥ်လယ်မြေတွင် သန်မာသူတစ်ဦးဟု ခေါ်ဆိုနိုင်ရာ ထိုကဲ့သို့သော လူမျိုးပင် တိတ်တဆိတ် သေဆုံးသွားခဲ့ပြီး မည်သည့် ခုခံမှု အမှတ်အသားမျှ မကျန်ရစ်ခဲ့ချေ။

လူလေးဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေသည်။

ပျောက်ဆုံးနေသူမှာ နန်ထျန် ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမက အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ စစ်ဆေးသည့်အခါ နန်ထျန်၏ အခန်းထဲတွင် လူတစ်ယောက်မျှ မရှိသည်ကို တွေ့ရသည်။ ခုတင်က မပျက်စီးသေးသော်လည်း တံခါးဝကမူ အနည်းငယ် ပျက်စီးနေပြီး ထောင့်စွန်းတွင် အလွန်ဖျော့တော့သော သွေးကွက်အချို့ ကျန်ရစ်နေသဖြင့် ခဏတာ တိုက်ပွဲဖြစ်ပွားခဲ့ပုံရသည်။

သို့သော် အခန်းထဲတွင် အလောင်းမရှိ၊ သွေးအိုင်မရှိဘဲ ထိုသွေးကွက်လေး တစ်ကွက်တည်းသာ ထူးဆန်းသော အရိပ်တစ်ခုကဲ့သို့ နေရောင်အောက်တွင်ပင် အစစ်အမှန် မဟုတ်သလိုမျိုး ရှိနေသည်။

နန်ထျန်သည် ထိုညမှစ၍ မည်သည့် သဲလွန်စမျှ မရှိတော့ချေ။

ထွက်ပြေးသွားတာလား။ သေဆုံးသွားတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ဖုံးကွယ်ခေါ်ဆောင်သွားတာလား။ မည်သူမျှ မသိချေ။

ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးခန်းမက ပထမဆုံးအချိန်မှာပင် လာရောက်စစ်ဆေးခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု့ဖြစ်စဉ်ကမူ ထူးဆန်းစွာ မြန်ဆန်လွန်းလှသည်။

နာရီဝက်ပင် မပြည့်သေးခင်မှာပင် စည်းကမ်းထိန်းသိမ်းရေး တပည့်များသည် သံသယရှိသူ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ အသက် ၂၀ ခန့်ရှိပြီး ပိန်ပိန်ပါးပါး မျက်နှာရှိကာ နာမည်က လီရှို့ ဟု ခေါ်သည်။

လီရှို့သည် ချီစုဆောင်းခြင်းအဆင့် (၃) သာ ရှိပြီး ဝိညာဥ်လယ်မြေတွင် လူရိုးလူအေးအဖြစ် နာမည်ကြီးသူ ဖြစ်သည်။ ပုံမှန်အားဖြင့် စကားနည်းပြီး တခြားလူများကို မျိုးစေ့ချပေးခြင်း၊ ပညာရပ်သုံးပေးခြင်းတို့ကို ကူညီပေးလေ့ရှိသဖြင့် သူနှင့် ရန်ငြိုးရှိသူ မရှိသလောက်ပင်။ သို့သော် ယခုအချိန်တွင်မူ သူသည် ဂိုဏ်းတူ လေးဦးကို တစ်ကိုယ်တည်း သတ်ဖြတ်ခဲ့သော "ကွယ်ရာက လက်မည်းကြီး" အဖြစ် စွပ်စွဲခံလိုက်ရသည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမက ပေးအပ်သော အကြောင်းပြချက်မှာ "သူဟာ လယ်ကွက်ခွဲဝေမှုကြောင့် သေဆုံးသူအချို့နဲ့ စကားများ အငြင်းပွားဖူးတယ်" ဟူသောအချက်နှင့် "သူ့ရဲ့ မြက်တဲထဲကနေ ပြင်းထန်တဲ့ အဆိပ်ဆေးရည် ပုလင်းခွံကို ရှာဖွေတွေ့ရှိတယ်" ဟူသော အချက်တို့ဖြင့် သူ့ကို ပြစ်မှုထင်ရှားစေခဲ့သည်။

ဝိညာဥ်လယ်မြေ၏ ဗဟိုရှိ ကောက်ရိုးပုံကွင်းပြင်တွင် လီရှို့သည် လူအများ၏ ရှေ့မှောက်၌ ဒူးထောက်နေရသည်။

သူ့မျက်နှာက ဖြူလျော်နေပြီး နှုတ်ခမ်းများက တုန်ရင်နေကာ တစ်ခုခုကို ပြောချင်ပုံရသော်လည်း နောက်ဆုံးအထိ ပါးစပ် မဟခဲ့ချေ။

စည်းကမ်းထိန်းသိမ်းရေး တပည့်များက အမိန့်ကို အေးစက်စွာ ဖတ်ကြားခဲ့ပြီး သူ့ကို ချေပခွင့် အနည်းငယ်မျှပင် မပေးခဲ့ချေ။

နောက်တစ်ခနတွင် ဓားအလင်းက လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး သွေးများ သုံးပေခန့် ပန်းထွက်သွားတော့သည်။

လူအုပ်ကြီးတစ်ခုလုံး သေမင်းတမျှ တိတ်ဆိတ်သွားခဲ့သည်။

ချီစုဆောင်းခြင်းအဆင့် (၃) ရှိသော စကားနည်းလှသည့် ကျင့်ကြံသူတစ်ဦးက မိမိထက် မနိမ့်သော ကျင့်ကြံသူ လေးဦးကို၊ ထို့အပြင် မိမိထက် အဆင့်မြင့်သော ကျင့်ကြံသူ တစ်ဦးကိုပါ တိတ်တဆိတ် သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြချေ။

သို့သော်လည်း စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ဆုံးဖြတ်ချက်ကို မည်သူမျှ ထွက်၍ မေးခွန်းမထုတ်ရဲကြချေ။

သူတို့ စိတ်ထဲတွင် သိကြသည်မှာ ဒါဟာ... ထုံးစံအတိုင်း "အမှု့ပိတ်သိမ်းခြင်း" မျှသာ ဖြစ်ကြောင်း။

ထိုညလွန်ပြီးနောက် ဝိညာဥ်လယ်မြေသည် သက်ရှိအရှိန်အဝါများ ပျောက်ဆုံးသွားသကဲ့သို့ ရှိပြီး လူတိုင်းက ကြောက်လန့်တုန်လှုပ်ကာ စကားတစ်ခွန်းမျှပင် မပြောရဲကြတော့ချေ။ လျိုတာ့ပါးကိုလည်း ကွယ်ရာမှာ ဆန့်ကျင်ရဲသူ မရှိတော့ချေ။

လုလီ တစ်ဦးတည်းသာ သူ၏ အသိစိတ်အာရုံကို နန်ထျန်၏ လွတ်နေသော မြက်တဲဆီသို့ တိတ်တဆိတ် ပို့လွှတ်လိုက်သည်။

သူ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခါသွားသော်လည်း နောက်ဆုံးအထိ ဘာမှမပြောခဲ့ချေ။

နန်ထျန် ပျောက်ဆုံးသွားပြီးနောက် တတိယမြောက်နေ့။

ဝိညာဥ်လယ်မြေတစ်ခုလုံးသည် မမြင်နိုင်သော အနက်ရောင် တိမ်တိုက်ကြီးတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံထားရသကဲ့သို့ ရှိသည်။ ထိုညလွန်ပြီးနောက် လေထုက အဆုတ်ထဲတွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ လေးလံလွန်းလှသည်။

သူမနှင့် ရင်းနှီးသော ညီအစ်မအချို့သည် နေ့တိုင်း မျက်ရည်ဖြင့် မျက်နှာသစ်နေကြရပြီး ငိုသံများက ပြတ်တောင်းပြတ်တောင်းနှင့် တစ်ခါမျှ မရပ်တန့်ခဲ့ချေ။

သူတို့က မမေးရဲကြ၊ မရှာရဲကြဘဲ အတိတ်က အမှတ်တရများကိုသာ မှီတွယ်၍ အသက်ဆက်နေကြရသည်။ မြက်တဲတံခါးရှေ့ရှိ မြက်တောထဲတွင်မူ မခြောက်သွေ့သေးသော သွေးကွက်လေး ကျန်ရစ်နေဆဲ ဖြစ်သည်။ သူတို့သည် ထိုသွေးကွက်ကို ထပ်ခါထပ်ခါ သုတ်ရင်း ထပ်ခါထပ်ခါ ငိုကြွေးနေကြသည်။

ရန်ယွီသည် ထိုနေရာတွင် ဒူးထောက်နေပြီး မျက်လုံးများက နီမြန်းဖောင်းအစ်နေကာ နေရာမှ မရွေ့ချေ။

သူမနှင့် နန်ထျန်သည် တစ်ဦးကိုယ်တစ်ဥိး အားကိုးရာ ဖြစ်ခဲ့ကြပြီး ထိုပြောမပြနိုင်သော ပျော်ရွှင်မှုများ၊ ကွယ်ရာမှာ ခိုးပြီး မျှဝေစားခဲ့ကြတဲ့ မုန့်ပဲသရေစာလေးတွေဟာ ယခုအခါမှာတော့ ည၏ တိတ်ဆိတ်မှုအောက်တွင် ဖျက်ဆီးခြင်း ခံလိုက်ရပြီး ဘာမှမကျန်တော့ချေ။

လုလီသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီးမို့ သူမကို အတော်ကြာအောင် ကြည့်ရှုပြီးနောက် ပြောလိုက်သည် "သူမ အသက်ရှင်သေးတယ်"

ရန်ယွီက ခေါင်းကို ဝုန်းခနဲ မော့ကြည့်လိုက်ရာ မျက်ရည်များက မျက်တောင်ဖျားတွင်ပင် ခဲသွားသကဲ့သို့ ရှိသည် "နင် ဘာပြောလိုက်တာလဲ"

"အခင်းဖြစ်ပွားရာနေရာက အမှတ်အသားတွေကို ကြည့်ခြင်းအားဖြင့် သူမက သိပ်မလောဘဲ ထွက်သွားတာ၊ အသတ်ခံရတာ မဟုတ်ဘူး၊ ဂိုဏ်းအပြင်ဘက်ကို ရောက်သွားလောက်ပြီ" လုလီ၏ လေသံက တည်ငြိမ်ကာ မျက်လုံးများက ကြည်လင်နေသည်။

ရန်ယွီ၏ နှုတ်ခမ်းများ တုန်ရင်သွားသော်လည်း နောက်ဆုံးအထိ စကားမဆိုဘဲ နောက်ဆုံးသော အသက်ကယ်ကောက်ရိုးကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ ခေါင်းငြိမ့်ကာ ဒူးကို ပွေ့ဖက်ရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

သို့သော် ယခုအချိန်တွင် လုလီ၏ ဦးနှောက်ထဲ၌မူ အခြားလူတစ်ယောက်၏ ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။

ကျိုးကျစ်။

ထိုခေါင်းမာပြီး၊ စကားနည်းကာ၊ မျက်လုံးများကမူ တောက်လောင်နေသော အမျိုးသား ဖြစ်သည်။

"ငါက ဘာမှမတောင်းဆိုပါဘူး... တစ်နေ့နေ့မှာ လင်းချင်ရဲ့ အမှု့အတွက် တရားမျှတမှု ပြန်တောင်းပေးနိုင်ဖို့ပဲ"

ထိုနေ့က သူ ဤစကားကို ပြောသည့်အခါ လက်များက တုန်ရင်နေသော်လည်း အသံကမူ အလွန်ပင် တည်ငြိမ်လှသည်။

သူက အတိတ်ကအကြောင်းကို လေသံတိုးတိုးဖြင့် ပြောပြသည့်အခါ ခြောက်သွေ့နေသော ဒဏ်ရာဟောင်းကို တစ်လွှာပြီးတစ်လွှာ ခွာပြနေသကဲ့သို့ ရှိသည်။လင်းချင်မည်သို့ စွပ်စွဲခံရပုံ၊ မည်သို့ ဖျားနာသွားပုံ၊ မည်သို့ ဂိုဏ်းကနေ အမောင်းထုတ်ခံရပြီး စိတ်မကောင်းစွာ သေဆုံးသွားပုံတို့ကို။

"ငါတို့ဟာ ရေရှည် နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ အပြင်စည်းတပည့် အဟောင်းအချို့ကို စုစည်းပြီးပြီ... သူတို့ကို အတူတူ ပူးတွဲ အမည်တပ်ပြီး တိုင်ကြားဖို့ ရည်ရွယ်ထားတယ်။ အရင်ဆုံး စည်းကမ်းထိန်းသိမ်းရေးခန်းမကို တိုင်မယ်။ အဆင်မပြေရင် တောင်ထွတ်သခင်ဆီ တိုက်ရိုက်တင်ပြတဲ့ လမ်းစဉ်ကို သွားမယ်။ ဟွမ်ရှန်းဂိုဏ်းမှာ တကယ်ပဲ တရားမျှတမှု မရှိတော့ဘူးလို့ ငါ မယုံကြည်ဘူး"

"တခြားလူတွေက မပြိုင်ဆိုင်ဘူး၊ မတော်လှန်ဘူးဆိုရင်တောင် ငါကတော့ မရဘူး။ ဒီနှစ်တွေမှာ ငါ သည်းခံပြီး ကွယ်ရာမှာ သက်သေတွေ စုဆောင်းခဲ့တာ... တခြားကြောင့် မဟုတ်ဘူး... လင်းချင်ရဲ့ အမှုအတွက်ပဲ။ သူ့အတွက် တရားမျှတမှု တစ်ခုခု ပြန်တောင်းပေးနိုင်ဖို့ပဲ"

ကျိုးကျစ်၏ မျက်ဝန်းထဲရှိ ထိုမီးတောက်မျိုးကို လုလီ မမြင်ရတာ ကြာပြီ ဖြစ်သည်။

ဒါဟာ ဒေါသ မဟုတ်သလို၊ ကလဲ့စားချေခြင်းလည်း မဟုတ်ဘဲ ရေရှည် ဖိနှိပ်ထားရာမှ ပေါက်ကွဲထွက်လာသော စွဲလမ်းမှုတစ်ခု ဖြစ်ပြီး မိမိအတွက် မဟုတ်ဘဲ ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် လူတစ်ယောက်အတွက် ခေါင်းမာလှသော ယုံကြည်ချက် ဖြစ်သည်။

သူငယ်ချင်းအတွက် အမှု့မှန်ပေါ်ပေါက်စေရန်။

ဤအချက်က လုလီကို တကယ်ပဲ စိတ်လှုပ်ရှားသွားစေခဲ့သည်။

နန်ထျန်သည် ဖုန်မှုန့်မတင်သော အပြုံး ဖြစ်သည်။

ကျိုးကျစ်သည် မငြိမ်းသတ်နိုင်သော မီးတောက် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် မိမိနှင့် မပတ်သက်သောလူများ ဖြစ်ကြပြီး မိမိအနေဖြင့် မဖြစ်မနေ ထွက်ရပ်တည်ပေးရန် မလိုသောလူများ ဖြစ်ကြသည်။

သို့သော်လည်း သူကတော့ ဤမျက်ဝန်းနှစ်စုံကို စိတ်ထဲတွင် စွဲမြဲစွာ မှတ်သားထားလိုက်မိသည်။

ထိုညတွင် သူသည် ဝိညာဥ်လယ်ကွက်ဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်ရင်း မှောင်မည်းနေသော ညဉ့်ဦးယံကို ငေးကြည့်နေခဲ့ကာ မျက်ဝန်းများက မှုံမှိုင်းနေခဲ့သည်။

"လျိုတာ့ပါး..." သူက ထိုနာမည်ကို တိုးတိုးလေး ခေါ်ဆိုလိုက်ရာ အသံက လေထဲတွင် ကျလာသော ကျောက်တုံးကဲ့သို့ ပေါ့ပါးသော်လည်း မာကျောလှပေသည်။

📝အပိုင်း - ၄၁ နှစ်နှစ်တာကာလ

ဘာသာပြန် - Na Gar🐉

နောက်ပိုင်းရက်များတွင် ဝိညာဥ်လယ်မြေတစ်ခုလုံးသည် တစ်ညတည်းနှင့် ဆောင်းတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ရှိတော့သည်။

လျိုတာ့ပါးသည် အတိတ်က သူ၏ မောက်မာမှုများကို လျှော့ချလိုက်ပြီး တစ်ချိန်က မယားငယ်အဖြစ် သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြံစည်ခဲ့ဖူးသော ရန်ယွီကိုလည်း နောက်ထပ်တစ်ခွန်းမျှပင် လာရောက်မနှောင့်ယှက်တော့ချေ။ အပြင်စည်းတပည့်များအပေါ် ဖိနှိပ်ချုပ်ချယ်မှုများက လုံးဝဥဿုံ ရပ်တန့်သွားခြင်း မဟုတ်သော်လည်း ခြင်ထောင်တစ်ထည် ဖုံးအုပ်ထားသကဲ့သို့ အများကြီး ပေါ့ပါးသွားပြီး အပေါ်ယံမျှသာ ရှိတော့သည်။

အထူးသဖြင့် ကျိုးကျစ်နှင့် အခြားလူများ ရက်စက်စွာ သေဆုံးသွားပြီးနောက် မမြင်နိုင်သော အေးစိမ့်မှုတစ်ခုသည် ဝိညာဥ်လယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။ ဒါဟာ စေတနာကောင်းဖြင့် လက်ခွါလိုက်ခြင်း မဟုတ်ဘဲ ဓားကို ဓားအိမ်ထဲသို့ ပြန်မသွင်းမီ ဖြစ်ပေါ်လာသော တိတ်ဆိတ်မှုမျိုး ဖြစ်ကြောင်း လူတိုင်း နားလည်ကြသည်။

အချိန်သည် ပုံမှန်ရှေ့သို့ ရွေ့လျားနေခဲ့သည်။

ရာသီအလိုက် ဝိညာဥ်လယ်မြေ စစ်ဆေးခြင်းများသည်လည်း တစ်ခါမျှ မရပ်တန့်ခဲ့ချေ။ မိမိဘေးနားရှိ မြေရိုင်းများတွင် လူများ တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲနေပြီး ထွက်နှုန်းမပြည့်မီပါက ကျင့်ကြံခြင်းအဆင့် မနိမ့်လင့်ကစား နေရာရွှေ့ပြောင်းခံရခြင်း သို့မဟုတ် ဟွမ်ရှန်းဂိုဏ်းမှ မောင်းထုတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ရသည်။

ထိုလူများထဲတွင် အချို့က တိတ်တဆိတ် ထွက်ခွာသွားကြပြီး အချို့ကမူ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သေလူကဲ့သို့ ဖြစ်သွားကြရာ ပြန်လည်ရုန်းကန် ထမြောက်နိုင်သူဟူ၍ အလွန်ပင် ရှားပါးလှသည်။

ဤကဲ့သို့သော ရက်စက်လှသည့် အပြောင်းအလဲများကြားတွင် နှစ်နှစ်တာ အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤနှစ်နှစ်အတွင်း လုလီသည် ပထမကို ငါးကြိမ်တိုင်တိုင် ဆက်တိုက် ရယူနိုင်ခဲ့ပြီး လျိုတာ့ပါးကမူ ကျန်ရှိသော သုံးကြိမ်ကို ရရှိခဲ့သည်။ လူနှစ်ဦးသည် ထိပ်ဆုံးနေရာကို အလှည့်ကျ ရယူနေကြပြီး အပေါ်ယံကြည့်လျှင် လှိုင်းလေငြိမ်သက်နေကာ အငြင်းပွားမှု စကားတစ်ခွန်းမျှပင် မရှိချေ။ လျိုတာ့ပါး ပြောခဲ့သကဲ့သို့ပင် ဖြစ်နေတော့သည်။

"ဝိညာဥ်လယ်ကွက်ရဲ့ ပထမလုပွဲက ကိုယ့်အရည်အချင်းနဲ့ကိုယ် ပြိုင်ကြတာပေါ့"

သို့သော်လည်း ဤစကားသည် ထိုလူ့ပါးစပ်မှ ထွက်လာခြင်း ဖြစ်သဖြင့် နားထောင်ရသည်မှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။

အပြင်စည်းတပည့်များသည် မျက်စိဖြင့် မြင်နေကြရသော်လည်း ဘယ်လိုမှ နားမလည်နိုင်ကြချေ။

တစ်ချိန်က အပြင်စည်းတပည့်များအကြားတွင် ဗိုလ်ကျစိုးမိုးခဲ့ပြီး လက်ဝါးတစ်ချက်ဖြင့် တိမ်တိုက်များကိုပင် မှောက်လှန်နိုင်ခဲ့သော လျိုတာ့ပါးသည် ဘာဖြစ်လို့ ဂိုဏ်းထဲဝင်ခါစ နှစ်အနည်းငယ်သာ ရှိသေးသော လူငယ်လေးတစ်ဦးအပေါ် ဤမျှလောက် သည်းခံနေရတာလဲ။ သူသည် အလွယ်တကူ အရှုံးပေးတတ်သော လူစားမျိုး မဟုတ်သလို မိမိပိုင်နက်ကို အခြားလူက လာရောက်ထိပါးတာကိုလည်း ဘယ်တော့မှ ခွင့်ပြုမည့်သူ မဟုတ်ချေ။

ဒါဆိုလျှင် အကြောင်းပြချက် တစ်ခုတည်းသာ ရှိနိုင်သည်။

လုလီသည် လျိုတာ့ပါးထံသို့ တိတ်တဆိတ် ခိုလှုံသွားခဲ့ပြီလား။

ဤစကားသည် အစပိုင်းတွင် တိုးတိုးလေးသာ ထွက်ပေါ်ခဲ့သော်လည်း လေတိုက်လိုက်သည့်အခါ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ အတင်းအဖျင်း ပြောဆိုသံများသည် ဝိညာဥ်လယ်မြေ၏ ထောင့်စွန်းတိုင်းတွင် တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။

အချို့လူများက ကျိုးကျစ်တို့ သေဆုံးရခြင်းမှာ လုလီက ကွယ်ရာမှာ တိတ်တဆိတ် တိုင်ကြားခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း စောင်းမြောင်းမှန်းဆကြပြီး အချို့ကမူ လုလီသည် ယခုအချိန်အထိ ဘေးကင်းရန်ကင်း ရှိနေခြင်းမှာ သူ့နောက်ကွယ်တွင် ပို၍ မာကျောသော ကျောထောက်နောက်ခံ ရှိနေခြင်းကြောင့် ဖြစ်ရမည်၊ သို့မဟုတ်ပါက ဘာဖြစ်လို့ အကြိမ်ကြိမ် ပထမကို လုယူနေတာတောင် ကလဲ့စားချေခြင်း မခံရတာလဲဟု တိုးတိုးလေး ဆွေးနွေးကြသည်။

ပြောလေလေ အမှန်တရားနှင့် တူလေလေဖြစ်ပြီး ပျံ့နှံ့လေလေ ကျယ်လောင်လေလေ ဖြစ်လာသည်။

သို့သော်လည်း ဤအသံများသည် အကွက်မြင်သော လူအချို့၏ နားထဲသို့ ရောက်ရှိသွားသည့်အခါ နှာခေါင်းရှုံ့၍ လှောင်ရယ်သံကိုသာ ရရှိခဲ့သည်။

အကယ်၍ လုလီသည် လျိုတာ့ပါးနှင့် ကွယ်ရာမှာ တကယ်ပဲ ပူးပေါင်းထားခြင်း ဖြစ်ပါက၊ သို့မဟုတ် နောက်ခံအရှိန်အဝါ တစ်ခုခု တကယ်ပဲ ရှိနေပါက သူ ဂိုဏ်းထဲဝင်လာသည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ဘာဖြစ်လို့ ဝိညာဥ်လယ်မြေ၏ အရှေ့မြောက်ဘက် အညံ့ဆုံးနှင့် အခြောက်သွေ့ဆုံး ထောင့်စွန်းလေးကိုပဲ အမြဲတမ်းဆက်လက် ထိန်းသိမ်းနေရတာလဲ။ ဘာဖြစ်လို့ ဝိညာဥ်လယ်ကွက်ပြောင်းလဲမည့် အခွင့်အရေးကို တစ်ခါမျှ မရရှိခဲ့တာလဲ။ ယခု ရှိနေသော မြေရိုင်းအပိုင်းသည် သူ ငါးကြိမ်တိုင်တိုင် ပထမရခဲ့ရင်တောင် မြေသြဇာကောင်းသော မြေကွက်တစ်ကွက်မျှ ဆုလာဘ်အဖြစ် လဲလှယ်ခြင်း မခံခဲ့ရချေ။

သူသည် အမြဲတမ်း တိတ်ဆိတ်စွာ အလုပ်လုပ်ရင်း ဤမိမိပိုင်ဆိုင်သော မြေကွက်လေးကိုသာ စောင့်ရှောက်ကာ နှုတ်ဆိတ်နေခဲ့ပြီး လောကကြီး၏ ရှုပ်ထွေးမှုများမှာ သူနှင့် မသက်ဆိုင်သကဲ့သို့ ရှိနေသည်။

ထိုလေထဲက စကားများသည် ဤကဲ့သို့သော အမှန်တရားများ၏ ရှေ့မှောက်တွင် နောက်ဆုံး၌ အလိုအလျောက် ပျက်ပြယ်သွားခဲ့ရသည်။

ဤနှစ်နှစ်အတွင်း ဟွမ်ရှန်းဂိုဏ်းတစ်ခုလုံးတွင် အတောက်ပဆုံးသော နာမည်မှာ သွေးဓားတောင်ထွတ် ၏ တိုက်ရိုက်တပည့် ဖြစ်သောရှီဟွမ် ပင် ဖြစ်သည်။

သူ၏ ကျော်ကြားမှု့သည် ဟွမ်ရှန်းဂိုဏ်းကို ကျော်လွန်သွားခဲ့ပြီး အနတ္တကုန်းမြေ ၏ ဂိုဏ်းအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။

တိုတောင်းလှသော နှစ်နှစ်အတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချီစုဆောင်းခြင်းအဆင့် (၆) သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ချီစုဆောင်းခြင်းအဆင့် (၇) ရှိသော ကျင့်ကြံသူများနှင့်ပင် လက်ရည်စမ်းနိုင်ကာ အောက်ကျနောက်ကျ မရှိချေ။

လောကလူသားများက ပြောကြသည်မှာ ကောင်းကင်နတ်အရိုး ထပ်မံထွက်ပေါ်လာရာ ယခုခေတ်တွင် အတုမရှိပေ။

သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ဟွမ်ရှန်းဂိုဏ်း၌ ပထမဆုံးအကြိမ်အဖြစ် တကယ်တမ်း အသိအမှတ်ပြုခြင်း ခံရသော "ယခုခေတ်၏ ကောင်းကင်နတ်ရိုး" ဖြစ်သည်။

ပါရမီအဆင့်အတန်းမှာ တောက်လောင်နေသော နေမင်းကဲ့သို့ ရှိနေသဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများကို အသက်ရှူရ ကျပ်တည်းစေခဲ့သည်။

မကြာသေးမီကမှ ဂိုဏ်းထဲဝင်လာသော အသစ်စက်စက် တပည့်များအကြားတွင် လူတိုင်းက တစ်ခါမျှ မကြုံဖူးသော ဖိအားများကို ခံစားနေကြရပြီး အထူးသဖြင့် ကွေ့ယွမ်တောင်ထွတ်၏ မျှော်လင့်ချက်အပြည့် အထားခံထားရသော တုံရှန်း ဖြစ်သည်။

သူမသည် ထိုအသုတ်တွင် တစ်ဦးတည်းသော မြေနတ်အရိုးဖြစ်ပြီး ဂိုဏ်းထဲဝင်ကတည်းက ကွေ့ယွမ်တောင်ထွတ်၏ အဓိက ပျိုးထောင်ခြင်းကို ခံခဲ့ရသည်။ အရင်းအမြစ်များနှင့် သွန်သင်ဆုံးမမှုများ ဝိုင်းရံထားခြင်းအောက်တွင် သူမသည်လည်း နောက်ဆုံး၌ ချီစုဆောင်းခြင်းအဆင့် (၆) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရှီဟွမ်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် မနက်ရှိုင်းဘဲ တိုက်ခိုက်ရေးစွမ်းရည် ထိတ်လန့်စရာမကောင်းသော်လည်း ၎င်းတို့နှစ်ဦးအကြားရှိ ကွာဟချက်မှာလည်း ကျော်လွှား၍ မရနိုင်သောအရာ မဟုတ်ချေ။

ဂိုဏ်းထဲတွင် သူမအား ဟွမ်ရှန်းဂိုဏ်း၏ မြေနတ်အရိုးတပည့်များအကြားတွင် ပထမဆုံးသောလူဟု ခေါ်ဆိုကြသည်။

ဟွမ်ရှန်းဂိုဏ်းတစ်ခုလုံး၏ ယခုတစ်သုတ် တပည့်များအကြားတွင် သူမကို တကယ်ပဲ ဖိနှိပ်ထားနိုင်သူမှာ ရှီဟွမ် တစ်ဦးတည်းသာ ရှိသည်။

ရှီဟွမ်နှင့် တုံရှန်း လူသစ်နှစ်ဦး၏ လှိုင်းလေများမှအပ ဤနှစ်နှစ်တာ အချိန်အတွင်း ဂိုဏ်း၌ ကြီးမားသော ကိစ္စရပ်များ မဖြစ်ပွားခဲ့ချေ။

သို့သော်လည်း လေမုန်တိုင်း မလာသေးခင်မှာပင် ဖိအားပေးသော အငွေ့အသက်များသည် ဂိုဏ်းအတွင်း၌ ပျံ့နှံ့နေပြီ ဖြစ်သည်။

ဘာဖြစ်လို့လဲဆိုတော့ အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲ ပြုလုပ်မည့်ရက်သည် နောက်ဆုံးတွင်တော့ နီးကပ်လာခဲ့ပြီ ဖြစ်၍သည်။

သုံးနှစ်တစ်ကြိမ် ပြုလုပ်သော တောင်ထွတ်လေးခု၏ အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲသည် မကြာမီ စတင်တော့မည် ဖြစ်သည်။

ဟွမ်ရှန်းဂိုဏ်းတစ်ခုလုံးတွင် အဓိကတောင်ထွတ်၏ မြင့်မားသော မျှော်စင်များဖြစ်စေ၊ ဝေးလံသော ချိုင့်ဝှမ်းအောက်ခြေ ဖြစ်စေ၊ အအေးစိမ့်ဆုံးဖြစ်သော ဝိညာဥ်ဆေးဥယာဥ်တွင်ပင် ဖြစ်စေ လူအများက တိုးတိုးလေး ဆွေးနွေးနေကြပြီး ရေပန်းစားနေကြသည်။

"တစ်ကြိမ်တည်းနဲ့ အတွင်းစည်းကို ဝင်နိုင်ရင် ကျင့်ကြံခြင်းရဲ့ လမ်းမှန်ပေါ်ကို တက်လှမ်းနိုင်ပြီ"

ဒါဟာ အပြင်စည်းတပည့်အားလုံး၏ တူညီသော အမြင် ဖြစ်သည်။

အပြင်စည်းတပည့်ဘဝတွင် နေ့စဥ်နှင့်အမျှ နွားကဲ့သို့ မြင်းကဲ့သို့ အလုပ်

လုပ်ရပြီး တစ်လမှ ဝိညာဥ်ကျောက်တုံး (၁၀၀) ၊ ဂိုဏ်းအကျိုးပြုအမှတ်

(၁၀၀)သာ ရရှိကာ မိမိဘာသာ ဝိညာဥ်ဆေးပင် ရှာဖွေရပြီး ဆေးလုံးများကိုလည်း ကိုယ်တိုင် ပြင်ဆင်ရသဖြင့် အသက်ဆက်ရုံမျှသာ ရှိသည်။

အကယ်၍ အတွင်းစည်းသို့ လှမ်းတက်နိုင်ခဲ့လျှင်မူ အစေခံအဆင့်အတန်းမှ လွတ်မြောက်ရုံတင်မကဘဲ ဂိုဏ်းက ပေးအပ်သော သီးသန့်ကျင့်ကြံရေးဂူ နှင့် ဝိညာဥ်သွေးကြော ထောက်ပံ့မှုများကို ရရှိမည် ဖြစ်သည်။ လတိုင်း ရရှိမည့် ဝိညာဥ်ကျောက်တုံးနှင့် ဂိုဏ်းအကျိုးပြုအမှတ်များမှာ ဆယ်ဆမက တိုးပွားသွားမည်ဖြစ်ပြီး ဆေးလုံးများနှင့် ဝိညာဥ်ဆန်များကိုလည်း လအလိုက် ခွဲဝေပေးမည် ဖြစ်သဖြင့် ကျင့်ကြံရေး အရင်းအမြစ်အတွက် ပူပန်စရာ မလိုတော့ချေ။

အရေးကြီးဆုံးအချက်မှာ...

တောင်ပေါ်ကနေ ဆင်းခွင့် ရှိခြင်း ဖြစ်သည်။

ပို၍ မြင့်မားသော အဆင့်ရှိသည့် တာဝန်များကို လက်ခံဆောင်ရွက်နိုင်ခြင်း၊ လျှို့ဝှက်နယ်မြေများသို့ သွားရောက်နိုင်ခြင်း၊ အသက်နှင့်ရင်း၍ တိုက်ပွဲဝင်ကာ အခွင့်အလမ်းများကို လဲလှယ်နိုင်ခြင်းတို့ ရှိလာမည်ဖြစ်ရာ တကယ့် ကျင့်ကြံခြင်းလမ်းစဥ်ပေါ်တွင် ရပ်တည်နိုင်တော့မည် ဖြစ်သည်။ တခြားလူတွေအတွက် အလုပ်အကျွေးပြုရုံ သက်သက်ဖြစ်သော အပြင်စည်းတပည့်ဘဝ မဟုတ်တော့ချေ။

အကယ်၍ အပြင်စည်းတပည့်နေရာသည် ဂိုဏ်း၏ အောက်ခြေ ရွှံ့နွံအိုင် ဖြစ်ပါက အတွင်းစည်းနေရာသည် ရေတွင်းဝမှ ခုန်ထွက်လိုက်သော ကောင်းကင်ယံကြီး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် မည်သည့် အပြင်စည်းတပည့်မဆို ညဉ့်နက်သန်းခေါင် အိပ်မက်မက်သည့်အခါ အသက် ၂၀ မတိုင်မီ အတွင်းစည်းသို့ လှမ်းတက်ပြီး မိမိ၏ တစ်သက်တာ ကံကြမ္မာဆိုးမှ လွတ်မြောက်ရန် စိတ်ကူးယဥ်ဖူးကြသည် မဟုတ်ပါလား။

ထိုအချိန်တွင် "နှစ်ပေါင်းတစ်ရာအတွင်း ပထမဆုံးသော ကောင်းကင်နတ်

အရိုး" ဟု ကျော်စောသော ရှီဟွမ်က ကိုယ်တိုင်ပင် ကြွေးကြော်လိုက်

သည်။

"ငါက အဓိကတပည့် ဖြစ်နေပေမဲ့လည်း အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲထဲကို ဝင်ရောက်ပြီး အားလုံးနဲ့အတူ ယှဥ်ပြိုင်သွားမယ်"

ဤသတင်း ထွက်ပေါ်လာသည်နှင့် ဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

လူအများက မှတ်မိကြသည်မှာ ဟွမ်ရှန်းဂိုဏ်း၏ ထိုအသုတ် ဝင်ခွင့်

စမ်းသပ်မှုတွင် ရှီဟွမ်သည် မိမိ၏ ကောင်းကင်နတ်အရိုးပါရမီကြောင့် စမ်းသပ်မှုကို တိုက်ရိုက်ကျော်လွန်၍ အခွင့်ထူး ခံစားခွင့် ရှိခဲ့သည်။ သို့သော်လည်း သူက အစပြု၍ တိုက်ပွဲဝင်ရန် တောင်းဆိုခဲ့ပြီး ထိုအသက်နှင့်ရင်းရသော စမ်းသပ်ကွင်းထဲသို့ လှမ်းဝင်ကာ လမ်းပိတ်ထားသော ရန်သူအားလုံးကို တစ်ကိုယ်တည်း သတ်ဖြတ်ခဲ့သဖြင့် ဝါနတ်အရိုးရှိသော တပည့်များ၏ အလောင်းများ မြေပြင်အနှံ့ ရှိခဲ့ပြီး သွေးများ မြစ်ကဲ့သို့ စီးဆင်းခဲ့ဖူးသည်။

သူ စကားမဆိုခဲ့သော်လည်း လှုပ်ရှားမှုဖြင့် ကျိန်ဆိုခဲ့သည် "ကျင့်ကြံခြင်းလမ်းစဥ်မှာ ဆုတ်ခွာဖို့ဆိုတာ မရှိဘူး"

ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချီစုဆောင်းခြင်းအဆင့် (၆) သို့ ရောက်ရှိနေပြီ ဖြစ်ရာ ပြိုင်ပွဲဝင်ရန် မလိုလင့်ကစား သူ၏ အဆင့်အတန်းမှာ အခြားသော အတွင်းစည်းတပည့်များထက် အများကြီး မြင့်မားနေပြီ ဖြစ်သည်။

သို့သော်လည်း သူက ပြိုင်ပွဲကွင်းထဲသို့ ဆင်းရန် ရွေးချယ်ခဲ့ဆဲ ဖြစ်သည်။

ဟွမ်ရှန်းဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများသည် တားဆီးခြင်း မပြုသည့်အပြင် ဒါကို ဂိုဏ်း၏ စံနမူနာအဖြစ် သတ်မှတ်ကာ ဂိုဏ်းတစ်ခုလုံးရှိ တပည့်များကို အတုယူရန် တိုက်တွန်းခဲ့ကြသည်။

ခဏတာအတွင်း အပြင်စည်းတပည့်များ စိတ်အားထက်သန်လာပြီး အတွင်းစည်းတပည့်များ တုန်လှုပ်သွားခဲ့ကြရာ တောင်ထွတ်လေးခုစလုံးတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်ကာ ရေပန်းစားလာခဲ့သည်။

သို့သော်လည်း အားလုံးက ဤ "လူငယ်ဒဏ္ဍာရီ" ကို အကောင်းမြင်နေကြသည်တော့ မဟုတ်ချေ။

"အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲရဲ့ သတ်မှတ်ချက်က အဆင့် (၅) ဖြစ်ပေမဲ့ တကယ့် ပြိုင်ဘက်အများစုက အဆင့် (၆) မှာ ရှိနေကြတာ၊ အဲ့တာအပြင် ပြိုင်ပွဲတိုင်းမှာ ချီစုဆောင်းခြင်းအဆင့် (၇) ရှိတဲ့ ထူးဆန်းတဲ့လူ တစ်ယောက်နှစ်ယောက် ထွက်ပေါ်လာလေ့ရှိတယ်"

"ရှီဟွမ်က အစွမ်းထက်တယ်ဆိုပေမဲ့ ကျင့်ကြံခြင်းအဆင့်က ပြိုင်ပွဲဝင် တပည့်အားလုံးကို ဖိနှိပ်ထားနိုင်တာ မဟုတ်သေးဘူး၊ ပထမဆုကို သေချာပေါက် ရလိမ့်မယ်လို့ မပြောနိုင်ဘူး"

အမျိုးမျိုးသော ဆွေးနွေးမှုများ ပျံ့နှံ့နေပြီး အကောင်းအဆိုး ဒွန်တွဲနေသည်။

ဤအသံများ၏ ရှေ့မှောက်တွင် ရှီဟွမ်က ပြုံးရုံသာ ပြုံးလိုက်သည်။

သွေးဓားတောင်ထွတ်၏ တပည့်များ စုဝေးရာ ကွင်းပြင်တွင် သူသည် လက်ကို နောက်ပစ်၍ ရပ်နေပြီး ဝေးလံသော တိမ်များကို ငေးကြည့်ရင်း ရယ်မောသံက ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

"ငါက ပထမဆု တစ်ခုတည်းကိုပဲ လုမှာ"

……

ရှီဟွမ် စကားပြောပြီး မကြာမီမှာပင် ကွေ့ယွမ်တောင်ထွတ်၏ တုံရှန်း ကလည်း ပြန်လည် တုံ့ပြန်ခဲ့သည်။

သူမသည် တမင်သက်သက် ကျယ်လောင်စွာ မပြုလုပ်ခဲ့ဘဲ ဂိုဏ်း၏

အတွင်းရေး အစည်းအဝေးတစ်ခုတွင် အစပြု၍ အဆိုပြုခဲ့သည်။

ဤသတင်း ထွက်ပေါ်လာသည့်အခါ ဂိုဏ်းတစ်ခုလုံး ထပ်မံ၍ တုန်လှုပ်သွားခဲ့သည်။

တုံရှန်း၊ သူမက ဟွမ်ရှန်းဂိုဏ်း ကွေ့ယွမ်တောင်ထွတ်၏ ဤအသုတ်တွင် တစ်ဦးတည်းသော မြေနတ်အရိုးဖြစ်ပြီး "ကွေ့ယွမ်၏ ပန်းပွင့်" ဟု ကျော်စောလှသည်။ ဂိုဏ်းထဲဝင်ကတည်းက တောင်ထွတ်သခင်ကိုယ်တိုင် ပျိုးထောင်ခဲ့သဖြင့် ကျင့်ကြံရေး အရင်းအမြစ်များ ပြည့်စုံကာ အဆင့်အတန်း မြင့်မားလှပြီး အပြင်စည်းတပည့်များ၏ အငြင်းပွားမှုများတွင် ဘယ်တော့မှ မပါဝင်ဖူးသလို မည်သည့် အသက်နှင့်ရင်းရသော တိုက်ပွဲမျိုးကိုမျှ မဆင်နွှဲဖူးချေ။

သူမသည် မူလကတည်းက အတွင်းစည်းတပည့် ဖြစ်နေပြီ ဖြစ်ရာ စွန့်စားပြီး ကွင်းထဲဆင်း၍ ပြိုင်ဆိုင်ရန် လုံးဝ မလိုအပ်ချေ။

သို့သော် ယခုအကြိမ်တွင်မူ သူမ ထွက်ရပ်တည်ခဲ့ပြီ ဖြစ်သည်။

သူမက တာဝန်ခံ အကြီးအကဲကို ပြောခဲ့သည် "ကျွန်မ ပြိုင်ပွဲဝင်ချင်ပါတယ်၊ စီနီယာအစ်ကိုရှိီဟွမ်ကို မယှဥ်နိုင်ရင်တောင် ဒါဟာ လေ့ကျင့်မှု တစ်ခုပါပဲ။ ကျွန်မကိုယ်တိုင်လည်း တစ်ခေါက်လောက် သွားပြီး ပထမဆု အတွက်ယဥ်ပြိုင်ချင်ပါတယ်"

တည်ငြိမ်သော လေသံဖြစ်သော်လည်း ကြီးမားသော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။

တုံရှန်းသည် ဟွမ်ရှန်းဂိုဏ်းက အလွန် တန်ဖိုးထားသော ပါရမီရှင်တပည့် ဖြစ်ပြီး သူမ၏ နောက်ကွယ်တွင် ကွေ့ယွမ်တောင်ထွတ် တစ်ခုလုံး၏ မျက်နှာစာ ပါဝင်ပတ်သက်နေသည်။ သူမသည် မပြိုင်ဘဲနှင့်ပင် မြင့်မားသော နေရာသို့ အလိုအလျောက် ပို့ဆောင်ခြင်း ခံရမည့် လူစားမျိုး ဖြစ်သည်။

သူမက ဘာဖြစ်လို့ စွန့်စားရတာလဲ။ ဘာဖြစ်လို့ ရှီဟွမ်နှင့် ပြိုင်ဆိုင်ရန် ရွေးချယ်ရတာလဲ။

ခဏတာအတွင်း ဟွမ်ရှန်းဂိုဏ်းတစ်ခုလုံး ထပ်မံ၍ ဆူညံသွားခဲ့သည်။

"ကောင်းကင်နတ်ရိုးနဲ့ မြေနတ်အရိုး ဟွမ်ရှန်းဂိုဏ်းရဲ့ ဒီအသုတ် ရွှေရောင်မျိုးဆက်တွေ တကယ်ပဲ ဆုံကြတော့မှာလား"

"တုံရှန်းက တစ်ခါမှ တိုက်ပွဲမဝင်ဖူးဘူး၊ သူမရဲ့ အစွမ်းအစအစစ်အမှန်ကို မသိရသေးဘူး... သူမ ပြိုင်ပွဲဝင်ရဲတာကို ကြည့်ရင် ပြင်ဆင်မှုတွေ အပြည့်အဝ ရှိနေပြီလို့ ဆိုလိုတာလား"

"ရှီဟွမ်က အစွမ်းထက်လွန်းတယ်၊ ဒါပေမဲ့ တုံရှန်းကလည်း သာမန်လူ မဟုတ်ဘူး။ ဒီတိုက်ပွဲက သေချာပေါက် ခန့်မှန်းဖို့ မလွယ်ဘူး..."

လေသံများ ထပ်မံ ထွက်ပေါ်လာပြီး လှိုင်းတံပိုးတစ်ခုပြီးတစ်ခု ပို၍ မြင့်မားလာခဲ့သည်။

ကွေ့ယွမ်တောင်ထွတ်၏ အောက်ခြေတွင်မူ တပည့်အများစုက ကွယ်ရာမှာ တိုးတိုးလေး ပြောနေကြသည်။

"အကယ်၍ ဒီတိုက်ပွဲသာ တကယ် ဖြစ်လာမယ်ဆိုရင် ဒါဟာ ဟွမ်ရှန်းဂိုဏ်းရဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း အံ့ဩစရာအကောင်းဆုံး အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲကြီး ဖြစ်လာလိမ့်မယ်"

📝အပိုင်း - ၄၂ ကြွယ်ဝချမ်းသာမှု့

ဘာသာပြန် - Na Gar🐉

လူနှစ်ဦးက တစ်ယောက်ပြီးတစ်ယောက် ရဲရင့်လှသော စကားများကို ကြွေးကြော်လိုက်သဖြင့် ဂိုဏ်းတစ်ခုလုံး ဆူညံသွားခဲ့သည်။

ယခုအကြိမ် အတွင်းစည်းဝင်ခွင့် ပြိုင်ပွဲ မစတင်မီမှာပင် အရှိန်အဝါက တစ်ခါမျှ မရှိဖူးလောက်အောင် မြင့်တက်နေခဲ့ပြီ ဖြစ်သည်။

မူလက ထုံးစံအတိုင်း ပြုလုပ်နေကျဖြစ်သော အတွင်းစည်းတပည့် တိုးမြှင့်ရေး တိုက်ပွဲတစ်ခုမျှသာ ဖြစ်သော်လည်း ကောင်းကင်နတ်ရိုး ရှီဟွမ် နှင့် မြေနတ်အရိုး တုံရှန်း တို့ ကိုယ်တိုင် ကွင်းထဲဆင်းလာခြင်းကြောင့် ချက်ချင်းပင် ပါရမီရှင်ချင်း ပြိုင်ဆိုင်သော တိုက်ပွဲကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ဤကဲ့သို့ လူသိရှင်ကြား တိုက်ပွဲဝင်ရန် ကြေညာခြင်းကပင် ဝါရင့်သော အပြင်စည်းတပည့် အများအပြားကို စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားစေခဲ့သည်။

သူတို့ထဲတွင် အချို့က ခြောက်နှစ်ခုနစ်နှစ်တိုင်တိုင် ကြိုးစားကျင့်ကြံခဲ့ပြီး ချီစုဆောင်းခြင်းအဆင့် (၇) အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အချို့ကမူ စောစီးစွာပင် ထူးခြားသော ခန္ဓာကိုယ် နိုးထခဲ့ကြရာ ကောင်းကင်နတ်ရိုး သို့မဟုတ် မြေနတ်အရိုး အဆင့်သို့ မမှီသောက်လည်းရတနာခန္ဓာကိုယ်အဆင့်ဟု ခေါ်ဆိုနိုင်ပြီး သူတို့ အသုတ်တွင်မူ သံသယရှိစရာမလိုဘဲ ထိပ်ဆုံးက လူများ ဖြစ်ကြသည်။

မူလက သူတို့အားလုံးသည် ယခုအကြိမ် ပြိုင်ပွဲတွင် ကောင်းကင်ယံထက်သို့ တစ်ဟုန်ထိုး တက်လှမ်းကာ တစ်နေ့တည်းနှင့် ကံကြမ္မာကို ပြောင်းလဲပြီး နာမည်ကျော်ကြားရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မည်သူက ထင်မှတ်ထားမထားဘဲ မိမိတို့ နာမည်မကြီးသေးခင်မှာပင် ဂိုဏ်းထဲဝင်လာသည်မှာ သုံးနှစ်ပင်မပြည့်သေးသော လူငယ်လေးနှစ်ဦး၏ ဖိနှိပ်ခြင်းကို အရင်ဆုံး ခံလိုက်ရသည်။

"ဟမ်... ဂိုဏ်းထဲဝင်လာတာ နှစ်နှစ်ပဲ ရှိသေးတဲ့ တပည့်သစ် အုပ်စုတစ်စုကတင် 'ပထမဆုကို လုမယ်' လို့ ရဲရဲဝံ့ဝံ့ ပြောရဲတယ်ပေါ့လေ။ သူတို့ ဘာကို အားကိုးပြီး လုမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"ကောင်းကင်နတ်ရိုး နဲ့ မြေနတ်အရိုးဖြစ်တော့ ဘာဖြစ်လဲ။ လက်သီး ဘယ်လောက် မာလဲဆိုတာကိုပဲ ကြည့်ရမှာပဲ"

"ရှီဟွမ် နဲ့ တုံရှန်းတို့က ဂိုဏ်းကနေ အာဏာပြဖို့ သုံးတဲ့ အသုံးတော်ခံတွေ မဟုတ်ဖို့ပဲ ငါ မျှော်လင့်တယ်။ အကယ်၍ တကယ်ပဲ တိုက်ခိုက်ရေးစင်မြင့်ပေါ် တက်ရဲမယ်ဆိုရင် အောက်ကို ကန်ချပေးဖို့ ငါဝန်မလေးဘူး"

စကားပြောလိုက်သူမှာ ခါးသီးစွာ ကျင့်ကြံနေသော လူငယ်တစ်ဦး ဖြစ်ပြီး အသက် ၁၈-၁၉ နှစ်ခန့် ရှိကာ မျက်ခုံးများက စောင်းနေပြီး မျက်နှာထားက မောက်မာလှသည်။ သူ၏ နာမည်က ချင်ယွမ် ဖြစ်ပြီး ဆင်းရဲသော မိသားစုမှ မွေးဖွားလာခဲ့သော်လည်း အမှတ်မထင် ရတနာခန္ဓာကိုယ် နိုးထခဲ့သဖြင့် ဂိုဏ်းထဲဝင်ကတည်းက အဆင့်တူ ကျင့်ကြံသူများကို အကြိမ်ကြိမ် အပြတ်အသတ် အနိုင်ယူခဲ့ကာ အမြဲတမ်း "မြေနတ်အရိုး နဲ့ အနီးစပ်ဆုံးလူ" ဟု ချီးမွမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။

သူ ဤစကားကို ပြောလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်ရှိ ဝါရင့်သော တပည့်အများအပြားက ထောက်ခံကြပြီး လူဟောင်းများ မဟာမိတ်အဖွဲ့ အင်အားစုတစ်ခုအဖြစ် တိတ်တဆိတ် ဖွဲ့စည်းလိုက်ကြကာ ယခုအကြိမ် ပြိုင်ပွဲတွင် ဤ "ရွှေရောင်မျိုးဆက်" များ၏ အရှိန်အဝါ အားလုံးကို ချေမှုန်းပစ်ရန် ကျိန်ဆိုလိုက်ကြသည်။

သူ၏ ရတနာခန္ဓာကိုယ် ပါရမီသည် မြေနတ်အရိုးကဲ့သို့ ရှားပါးခြင်း မရှိသော်လည်း ဟွမ်ရှန်းဂိုဏ်း၏ မကြာသေးမီက ဆယ်စုနှစ်အနည်းငယ်အတွင်း ဆယ်ဂဏန်းခန့်သာ ဤအရည်အချင်းကို ရရှိခဲ့ကြသည်။

ဤတိုက်ပွဲသည် သူ့အတွက်တော့ နောက်ဆုံးအကြိမ် အတွင်းစည်းသို့ တိုးဝင်မည့် တိုက်ပွဲ ဖြစ်ပြီး အသက်ရှင်မလား၊ သေမလား၊ အဆင့်မြင့်နေရာသို့ တက်လှမ်းမလား သို့မဟုတ် အတွင်းစည်း၏ ပယ်ထုတ်ခြင်းကို ခံရမလားဆိုသည်မှာ ယခုအပေါ်တွင်သာ မူတည်နေသည်။

ဤကဲ့သို့သော လှုပ်ရှားမှုများနှင့် အားပြိုင်မှုများကြားတွင် လေမုန်တိုင်းသည် ကွယ်ရာမှာ စတင် အုံ့ဆိုင်းလာခဲ့ပြီ ဖြစ်သည်။

ဝိညာဥ်လယ်မြေ၏ ထောင့်စွန်းတစ်ခုတွင် ပြင်းထန်သော နေရောင်အောက်၌ အပြင်စည်းတပည့် အများအပြားသည် အရိပ်အောက်တွင် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်စု စုဝေးကာ မကြာမီ ရောက်ရှိတော့မည့် အတွင်းစည်း စမ်းသပ်မှုအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

"ကြားတာတော့ ရှီဟွမ်က အဆင့် (၆) မှာ တည်ငြိမ်နေပြီတဲ့၊ အဆင့် (၇) ရှိတဲ့ စီနီယာတွေကိုတောင် ဖိနှိပ်ထားနိုင်တယ်လို့ ပြောတယ်"

"တုံရှန်းကလည်း ပြိုင်ပွဲဝင်မှာဆိုတော့ ဒီတစ်သုတ်ကတော့ ကောင်းကင်ကြီး ပြောင်းလဲတော့မှာပဲ"

"ဒါတင် ဘယ်ကမလဲ... အပြင်စည်းတပည့်ထဲမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ ကျွမ်းကျင်သူ အများကြီးလည်း ပြိုင်ပွဲဝင်လာကြတယ်"

နောက်ထပ် ရာသီအလိုက် စပါးရိတ်သိမ်းချိန်တွင် လုလီသည် မလှမ်းမကမ်းရှိ လယ်ကွင်းဘေးတွင် ရပ်နေပြီး မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း နားထဲသို့ ဝင်လာသော ဆွေးနွေးသံများကိုမူ စကားလုံးတိုင်း အထင်အရှား ကြားနေရသည်။

ဝါနတ်အရိုး ၊ မြေရိုင်းအပိုင်း၊ အစွန်ဆုံး မြောက်ဘက်ထောင့်စွန်း... ဤအမှတ်အသားများက မပြောင်းလဲသေးသော်လည်း ဤနှစ်နှစ်တာ တိတ်ဆိတ်မှု၏ နောက်ကွယ်တွင် အရိုးလဲပြီးအရေခွံခွာရလောက်အောင် ဘယ်လောက်တောင် ကျင့်ကြံအားထုတ်မှုများနှင့် ရုန်းကန်မှုများ ရှိခဲ့သလဲဆိုတာကို သူကိုယ်တိုင်သာ သိပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်က တိတ်တဆိတ် ပို၍ ထွားကျိုင်း အရပ်ရှည်လာခဲ့ပြီး ကြွက်သားနှင့် အရိုးများက ဆန့်ထွက်ကာ ခါးက ထင်းရှူးပင်ကဲ့သို့ မတ်နေခဲ့သည်။ အသက် ၁၃ နှစ်သာ ရှိသေးသော်လည်း ကလေးဆန်သော စရိုက်များ ကင်းစင်နေပြီဖြစ်ပြီး စကားနည်းကာ မျက်လုံးများက တည်ငြိမ်လှသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဂိုဏ်းထဲစဝင်ခါစ အရိုးပေါ် အရေတင် ဖြစ်နေသော လူငယ်လေးနှင့် နှိုင်းယှဥ်လျှင် ယခုအချိန်တွင် လုလီသည် အစုတ်ချာဆုံးသော အပြင်စည်းတပည့် ဝတ်စုံကို ဝတ်ဆင်ထားလင့်ကစား တိတ်ဆိတ်ခြင်းအကြားတွင် လူအများ မျက်ကွယ်ပြု၍ မရနိုင်သော တည်ရှိမှုမျိုး ရှိနေသည်။

ဤနှစ်နှစ်အတွင်း သူသည် ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်ကို ကျင့်ကြံခြင်းအား တစ်ခါမျှ မပြတ်ခဲ့ချေ။ ဝိညာဥ်ချီစုဆောင်းခြင်းအစီအရင် ထဲတွင် စိုက်ပျိုးထားသော ဝိညာဥ်စပါးများကို အသုံးပြုကာ ချီစုဆောင်းခြင်း ဆေးလုံးများကို ထပ်ခါတလဲလဲ လဲလှယ်၍ ကျင့်ကြံခြင်းကို ထောက်ပံ့ခဲ့သည်။ ဝိညာဥ်လယ်မြေတပည့် အားလုံးအကြားတွင် သူသည် ဝိညာဥ်စာချုပ် အကြွေးတင်ဘဲ အရင်းအမြစ် အလွန် တည်ငြိမ်သော ရှားပါးလှသည့် လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

ထို့အပြင် ဤကဲ့သို့သော စုဆောင်းမှုများကြောင့်ပင် မည်သူမျှ ဂရုမပြုမိသော ထောင့်စွန်းလေးတွင် သူသည် အသံမထွက်ဘဲ ချီစုဆောင်းခြင်းအဆင့် (၅)အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ တခြားလူသာ ဖြစ်ပါက ဒါဟာ ကြီးမားလှသော အောင်မြင်မှု ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လုလီသည် တခြားလူများကို တစ်ခါမျှ ထုတ်မပြောခဲ့ချေ။ မိမိကိုယ်မိမိ ဝါနတ်အရိုး ဖြစ်သဖြင့် ပါရမီကို အားကိုး၍ ဇွတ်အတင်း တိုးဝင်၍မရကြောင်း သူ သိသည်။ အဆင့်တိုင်းကို သွေးလမ်းခင်း၍ နင်းခြေကျော်ဖြတ်မှသာ ဤဂိုဏ်းအတွင်း၌ မြဲမြံစွာ ခြေကုပ်ရပ်တည်နိုင်ပေလိမ့်မည်။

ထိုက်ယင်ချီစုဆောင်းခြင်းကျင့်စဥ်သည် အေးစိမ့်သော လမ်းစဥ်၏ ဆန်းကြယ်သော ပညာရပ် ဖြစ်သဖြင့် ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှပြီး ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လုနီးနီး ရှိသည်။

သို့သော်လည်း လုလီ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ၎င်း၏ ဘေးထွက်ဆိုးကျိုးများကလည်း နောက်ဆုံးတွင် စတင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဤကျင့်စဥ်၏ အဆန်းကြယ်ဆုံးနှင့် အထူးဆန်းဆုံး နေရာမှာ ဝိညာဥ်ချီ လည်ပတ်သည့် လမ်းကြောင်းတင်မကဘဲ အသိစိတ်အာရုံ တွင်လည်း ဖြစ်သည်။

၎င်း၏ စိတ်မိစ္ဆာ တိုက်ခိုက်မှု့မှာ အရိုးထဲစွဲနေသော အဆိပ်ကဲ့သို့ ရှိနေပြီး နောက်ပိုင်းသို့ ရောက်လေလေ ဖိနှိပ်ရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။

သူ ချီစုဆောင်းခြင်းအဆင့် (၅) သို့ ချိုးဖာက်စဥ်က စိတ်မိစ္ဆာ၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် စိတ်အာရုံများ ရှုပ်ထွေးကာ သွေးမည်းများ အန်ထုတ်ပြီး ထိုနေရာတွင်တင် သတိမေ့လဲကျသွားခဲ့ဖူးသည်။

သတိရလာပြီးနောက် ဦးနှောက်ထဲတွင် မိစ္ဆာသံများ မပြတ်ထွက်ပေါ်နေပြီး တိုးတိုးလေး ပြောဆိုသံများက အိပ်မက်ဆိုးကဲ့သို့ ရစ်ပတ်နေခဲ့ရာ တစ်လတိတိ ကြာအောင် ဒုက္ခပေးပြီးမှသာ အနည်းငယ် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

သို့သော်လည်း ဤကျင့်စဥ်၏ မိစ္ဆာဆန်ပြီး ဗိုလ်ကျစိုးမိုးလှသော သဘောသဘာဝကြောင့် လုလီအတွက် ရရှိလာသော အကျိုးကျေးဇူးကလည်း ကြီးမားလှပေသည်။

သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကို ပထမတန်းစား ကောင်းကင်နတ်အရိုးပိုင်ရှင်များ၏ နောက်ကွယ်တွင် ကျန်ရစ်မသွားစေရုံတင်မကဘဲ...

သူ၏ ခန္ဓာကိုယ်ကိုလည်း နေ့ညမပြတ် ခါးသီးစွာ ကျင့်ကြံခြင်းအကြားတွင် တဖြည်းဖြည်း ထူးခြားစွာ ပြောင်းလဲစေခဲ့ပြီး မသိမသာအတွင်း ယင်ချီများဖြင့် အဆက်မပြတ် သန့်စင်ခြင်းကို ခံနေရသကဲ့သို့ ရှိသည်။

သူက ဝိညာဥ်ဓားမြှောင်ဖြင့် လက်ဖဝါးကို ခြစ်လိုက်ရာ မမြင်နိုင်လောက်သော အဖြူရောင် အမှတ်အသားလေး တစ်ခုသာ ကျန်ရစ်ခဲ့ပြီး အရေပြားကိုပင် မခွဲနိုင်ခဲ့ချေ။

ဤကဲ့သို့သော ခန္ဓာကိုယ် ကြံ့ခိုင်မှုအဆင့်မှာ တူညီသောအဆင့်တွင် ခန္ဓာကိုယ်ကျင့်ကြံခြင်းဖြင့် နာမည်ကြီးလှသော ခြောက်လမ်းတောင်ထွတ်၏ ခန္ဓာကိုယ်ကျင့်ကြံသူများ ထက်ပင် မနိမ့်ကျတော့ချေ။

ပညာရပ်ပိုင်းတွင်မူ။

ဤနှစ်နှစ်အတွင်း လုလီသည် မိစ္ဆာမီးလျှံဝိညာဉ်ဝါးမြိုကျမ်းကို လုံးဝဥဿုံ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ဒါက ချိုးယွဲ့ ပေးအပ်ခဲ့သော "အလောင်းဖျောက် ဖျက်ဆီးခြင်း" ပညာရပ်ဖြစ်ပြီး စွမ်းအားက မိစ္ဆာဆန်ကာ ထူးဆန်းလှသည်။ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေရုံတင်မကဘဲ ဝိညာဥ်ကိုလည်း ကြီးမားစွာ ထိခိုက်စေနိုင်သဖြင့် ရက်စက်လွန်းလှသည်ဟု ဆိုရမည်။

ဤကျမ်းကို လေ့ကျင့်ရသည့် ဖြစ်စဥ်က အလွန်ပင် ခက်ခဲလှပြီး အမှောင်ဓားသွားမန္တန်ထက် ဆယ်ဆမက ခက်ခဲသည်။ နှစ်ဝက်ကျော် ကြာပြီးနောက်မှသာ နောက်ဆုံးတွင် ဤပညာရပ်ကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခဲ့သည်။

ဤပညယရပ်၏ စွမ်းအားကို လုလီ၏ လက်ရှိ ပထမဆုံးသော သတ်ကွက်အဖြစ် သတ်မှတ်နိုင်သည်။

မိစ္ဆာမီးလျှံ၏ မီးတောက်သည် အနက်ရောင် မြူခိုးကဲ့သို့ အရောင်ရှိပြီး အသံမထွက်ဘဲ ပြိုင်ဘက်၏ စိတ်ဝိညာဥ်ကို ဝါးမြိုပစ်တတ်သည်။ ခန္ဓာကိုယ်တွင် အနည်းငယ် ထိမှန်ရုံဖြင့် လူကို သေလုမတတ် နာကျင်စေနိုင်သည်။ သို့သော်လည်း ဤအချက်ကြောင့်ပင် ၎င်းသည် မိစ္ဆာဆန်လွန်းလှသဖြင့် အနည်းငယ် ပေါက်ကြားသွားပါက သံသယဖြစ်ဖွယ်ရာများနှင့် သတ်ဖြတ်ခြင်း ဘေးဒုက္ခများကို သယ်ဆောင်လာနိုင်သည်။

လုလီသည် ဤပညာရပ်ကို လူအများရှေ့တွင် အလွယ်တကူ ထုတ်မပြနိုင်ကြောင်း စိတ်ထဲမှ သိသဖြင့် ဂိုဏ်းအမှတ် နှစ်ရာကျော်ကို ထပ်မံ အသုံးပြုကာ အရင်က တွေ့ဖူးသော်လည်း မလေ့ကျင့်ခဲ့ရသေးသော အဝါရောင်အဆင့်အလယ်အလတ် မန္တန်ဖြစ်သည့် "အလင်းမီးတောက်မန္တန်" ကို တိတ်တဆိတ် လေ့ကျင့်လိုက်သည်။

ဤပညာရပ်သည် ဖြောင့်မတ်ခြင်းကို အဓိကထားပြီး မီးတောက်က ပြင်းထန်ကာ တောက်ပလှသည်။ ပေါက်ကွဲအားက ကြီးမားသဖြင့် မူလက အသက်နှင့်ရင်းရသော တိုက်ပွဲများအတွက် မသင့်တော်သော်လည်း သူကတော့ အခြားအစီအစဉ် ရှိနေခဲ့သည် အလင်းမီးတောက်မန္တန်၏ အလင်းရောင်ဖြင့် မိစ္ဆာမီးလျှံကို ဖုံးကွယ်ရန် ဖြစ်သည်။

မန္တန်ကို စနစ်တကျ လည်ပတ်ရုံမျှဖြင့် ရန်သူ သတိမပြုမိခင်မှာပင် အလင်းမီးတောက်မန္တန်ထဲ၌ မိစ္ဆာမီးလျှံကို တိတ်တဆိတ် ထည့်သွင်းနိုင်ပြီး တစ်ချက်တည်းနှင့် အပြီးသတ်နိုင်မည် ဖြစ်သည်။

တောက်ပသော မီးတောက်ထဲတွင် သေမင်း၏ ပြာကွက်များ ဖုံးကွယ်ထားပြီး၊ ပြင်းထန်သော မီးလျှံအောက်တွင် တစ္ဆေမီးလျှံကို ဝှက်ထားသဖြင့် တစ်ခါ ထုတ်သုံးလိုက်သည်နှင့် လူကို အသံမထွက်ဘဲ သတ်ဖြတ်နိုင်ပေလိမ့်မည်။

ယခုအခါ အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲ စတင်တော့မည်ကို ကြည့်ရင်း ဝါနတ်အရိုးပိုင်ရှင်ဖြစ်သော သူသည်လည်း နောက်ဆုံးတွင် တိုက်ပွဲ၏ အငွေ့အသက်ကို ရရှိလိုက်ပြီ ဖြစ်သည်။

လုလီ ခေါင်းမော့ကာ ကောင်းကင်ယံကို တစ်ချက် ကြည့်လိုက်ရာ မျက်ဝန်းများက ရေကဲ့သို့ ကြည်လင်နေပြီး စိတ်ထဲမှ အနည်းငယ် လှုပ်ရှားသွားသည်။

"ဒီပြိုင်ပွဲကို ငါလည်း ဝင်ပြိုင်ရတော့မယ်။ နောက်တစ်ကြိမ်ဆိုရင် နောက်ထပ် သုံးနှစ် စောင့်ရဦးမှာ... ငါ မစောင့်နိုင်ဘူး"

"ဒါပေမဲ့ မသွားခင်မှာ... နောက်ထပ် ပြင်ဆင်မှုအချို့ လုပ်ဖို့ လိုသေးတယ်"

ပညာရပ်ပိုင်းတွင်မူ သူ မလိုတော့ချေ။ မိစ္ဆာမီးလျှံဝိညာဉ်ဝါးမြိုကျမ်း နှင့် အလင်းမီးတောက်မန္တန်တို့ ပူးတွဲ ဖုံးကွယ်ထားပြီး အသံမထွက်ဘဲ လူသတ်

နိုင်သော အမှောင်ဓားသွားမန္တန်လည်း ရှိနေသဖြင့် ဒါတွေအားလုံးဟာ ရန်သူကို သတ်ဖြတ်မည့် ဖဲချပ်များ ဖြစ်လာခဲ့ပြီ။

သို့သော်လည်း ဝိညာဥ်လက်နက် နှင့် အဆောင်ကျောက်စိမ်းပြား အပိုင်းတွင်မူ အားနည်းချက် ရှိနေဆဲ ဖြစ်သည်။

ဤအချက်ကို သူ အားလုံး သိသည်။

ဝူယဲ့၏ သိုလှောင်အိတ်ထဲမှ အဆင့်နိမ့်ဝိညာဥ်လက်နက် ဓားပျံတစ်လက်ကို ရရှိခဲ့သော်လည်း ဤကဲ့သို့သော ကျွမ်းကျင်သူများ စုဝေးရာ အတွင်းစည်းဝင်ခွင့်ပြိုင်ပွဲကို ရင်ဆိုင်ရန်အတွက်မူ အားနည်းနေသေးသည် မဟုတ်ပါလား။

ထို့အပြင် ပြိုင်ပွဲဝင်ရန် အမည်စာရင်း တင်သွင်းမည့် အတွင်းတောင်ထွတ် ခရီးစဥ်သည်လည်း အခွင့်အရေးတစ်ခု ဖြစ်သည်။

သူသည် ဤအခွင့်အရေးကို အသုံးချကာ မိမိ၏ အားနည်းချက်များကို ဖြည့်ဆည်းရမည်ဖြစ်ပြီး မှသာလျှင် တကယ့် ပါရမီရှင်များနှင့် ယှဥ်ပြိုင်နိုင်မည့် အရည်အချင်း ရှိပေလိမ့်မည်။

……

"ငါ အခုဆိုရင် ဟွမ်ရှန်းဂိုဏ်းမှာ အချမ်းသာဆုံး အပြင်စည်းတပည့်လို့ ပြောလို့ရမလား"

လုလီ ခါးကြားရှိ သိုလှောင်အိတ်ကို ပုတ်လိုက်ရင်း ပြုံးလိုက်ရာ စိတ်ခံစားချက်က အလွန်ပင် ကြည်လင်တောက်ပနေခဲ့သည်။

ဤနှစ်နှစ်အတွင်း လျိုတာ့ပါးသည် သူပြောခဲ့သကဲ့သို့ပင် နောက်ထပ် ကိစ္စရပ်များ လာရောက်မဖန်တီးခဲ့ချေ။

လူနှစ်ဦးသည် လမ်းသွားလမ်းလာများကဲ့သို့ တစ်ဥိီးကိုတစ်ဥိီးမနှောက်ယှက်ဘဲ နေခဲ့ကြသည်။

အထူးသဖြင့် လုလီ၏ ကျင့်ကြံခြင်းအဆင့်က တစ်ရက်ထက်တစ်ရက် တိုးတက်လာပြီး ချီစုဆောင်းခြင်းအဆင့် (၅) ၏ စွမ်းအားက တဖြည်းဖြည်း ထွက်ပေါ်လာသည့်အခါ လျိုတာ့ပါး၏ စိတ်ထဲက စိတ်ကူးများလည်း လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့တော့သည်။

သူကဲ့သို့ လိမ္မာပါးနပ်သော လူတစ်ဦးသည် အပြင်စည်းတပည့် ဝိညာဥ်လယ်မြေဆိုသည်မှာ လုလီအတွက် ယာယီ နားခိုရာ နေရာတစ်ခုသာ ဖြစ်ကြောင်း ဘယ်လိုလုပ် မမြင်ဘဲ နေပါ့မလဲ။

ဤလူသည် မကြာမီ အတွင်းစည်းသို့ ဝင်ရောက်တော့မည် ဖြစ်သဖြင့် သူ မလောဘဲ လုလီ စောစောထွက်ခွာသွားမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။

သူသည် ဆွဲဆောင်စည်းရုံးသည့် အမူအရာသို့ ပြောင်းလဲလိုက်ပြီး တစ်ခါတရံ လူလွှတ်၍ လုလီအား မိုးတမ်ငယ်မန္တန်နှင့် မြေနဂါးသွေးကြောမန္တန် သုံးပေးရန် ဖိတ်ခေါ်လေ့ရှိသော်လည်း ဈေးနှုန်းကို ဘယ်တော့မှ အငြင်းပွားခြင်းမရှိဘဲ တစ်ပြားတစ်ချပ်မျှ မလျှော့ချေ။

အားလုံးသည် ထိုအချိန်က သတ်မှတ်ထားသော စည်းကမ်းအတိုင်းသာ လုပ်ဆောင်ကြသည်။

ပထမ လုပွဲက ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ။

ဤနှစ်နှစ်အတွင်း ငါးကြိမ်တိုင်တိုင် ပထမဆုရခဲ့ခြင်းအပေါ် အခြေခံ၍ ပုံမှန် ကျင့်ကြံခြင်းအတွက် လိုအပ်ချက်များကို ဖယ်ထုတ်ပြီးနောက် သူသည် အဆင့်မြင့်ဝိညာဥ်ဆန် ပိသာ(၆၀၀) ကို စုဆောင်းမိခဲ့သည်။ အကယ်၍ ရာသီတိုင်းတွင် တုံရှန်း ထံသို့ မပို့ပေးခဲ့လျှင် ဒါဟာ နှစ်ဆမက တိုးပွားနေမည် ဖြစ်သည်။

အပြင်စည်းတပည့် ဝိညာဥ်လယ်မြေသည် အကယ်၍ မြေဆီလွှာသာ လုံလောက်အောင် ကောင်းမွန်ပါက တကယ့်ကို အကျိုးအမြတ်များသော နေရာ ဖြစ်ပေသည်။ လျိုတာ့ပါးသည် ဤနေရာကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့သဖြင့် ထင်မှတ်မထားသော အကျိုးကျေးဇူး ဘယ်လောက်တောင် ရရှိခဲ့လဲ မသိချေ။

သို့သော်လည်း သူသည် အမြဲတမ်း အပေါ်ယံက ဓားတစ်လက်သာ ဖြစ်ပြီး တကယ့် ရတနာအများစုမှာမူ သူ့နောက်ကွယ်က လူဆီသို့ ရောက်ရှိသွားခြင်း ဖြစ်ရမည်၊ မိမိဘာသာ များများစားစား ကျန်ရစ်လိမ့်မည် မဟုတ်ချေ။

……

ရတနာ စုဆောင်းမှုက ဤမျှတင် မကသေးချေ။

လုလီသည် တခြားလူများကို ပညာရပ်သုံးပေးခြင်းဖြင့် ရရှိသော ဝိညာဥ်ကျောက်တုံးများကလည်း တစ်ဟုန်ထိုး တိုးပွားလာခဲ့သည်။

မိုးတိမ်ငယ်မန္တန်နှင့် မြေနဂါးသွေးကြောမန္တန် တစ်ခုကို ဝိညာဥ်ကျောက်တုံး (၁၀၀)သာ ယူသော်လည်း လာရောက်သူများမှာ မပြတ်တမ်း ရှိနေခဲ့သည်။

နေရာတိုင်းတွင် ပြောနေကြသည်မှာ သူ၏ ပညာရပ်နှစ်မျိုးလုံး၏ ဝိညာဥ်

အရှိန်အဝါက သာမန်လူများနှင့် မတူဘဲ မိမိကိုယ်တိုင်ကလည်း ငါးကြိမ်

တိုင်တိုင် ပထမရထားသော သက်ရှိဆိုင်းဘုတ်ကြီး ဖြစ်သဖြင့် မြေရိုင်းကို ရတနာမြေအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။

ထို့ကြောင့် မြေရိုင်းအပိုင်းရှိ တပည့်အများအပြားသည် ဝိညာဥ်စာချုပ်ကို ပေါင်နှံ၍ပင် လုလီအား ပညာရပ်သုံးပေးရန် တောင်းဆိုကြသည်။ ရလဒ်ကလည်း သူတို့ကို စိတ်ကျေနပ်မှု ရစေခဲ့ပြီး အားလုံး ထွက်နှုန်း မဆိုးလှသော ရလဒ်များကို ရရှိခဲ့ကြသည်။

ဝိညာဥ်လယ်မြေတစ်ခုလုံး၏ ထွက်နှုန်းက တည်ငြိမ်စွာ တိုးတက်လာခဲ့သဖြင့် လျိုတာ့ပါးသည်လည်း ဒါကို ဝမ်းမြောက်စွာ မြင်တွေ့ရပြီး လုလီကို နောက်ထပ် မဆန့်ကျင်တော့ချေ။

အရင်ကတော့ နည်းလမ်းမရှိလို့ မြေရိုင်းကို တစ်ယောက်ယောက်က သွားရမှာပဲ။

ယခုအခါ အပြင်စည်းတပည့် ဝိညာဥ်လယ်မြေတစ်ခုလုံး တိုးတက်လာခဲ့ပြီ ဖြစ်သဖြင့် သူ ကွယ်ရာမှာ ဆုလာဘ် အများအပြား ရရှိခဲ့ရမည်ဖြစ်ကာ အဆင့်အတန်းက ပို၍ ခိုင်မာလာခဲ့သည်။

ဒါတွေက လုလီနှင့် မသက်ဆိုင်ချေ၊ ဝိညာဥ်ကျောက်တုံး ရှိသရွေ့ သူကတော့ ပညာရပ်ကူညီသုံးပေးမှာပဲ။

အကြွေးတော့ မရဘူး။

မင်း ဝိညာဥ်စာချုပ်ခန်းမကို သွားပြီး အကြွေးတင်လို့ရတယ်၊ ဒါပေမဲ့ လုလီကိုတော့ အကြွေးတင်လို့ မရဘူး။

နှစ်နှစ်အတွင်း လုလီသည် ပညာရပ်ကူညီသုံးပေးခြင်း တစ်ခုတည်းဖြင့်တင် စုဆောင်းမိသော ဝိညာဥ်ကျောက်တုံး အရေအတွက်မှာ သောင်းဂဏန်းအထိ ရှိခဲ့ပြီ ဖြစ်သည်။

ဟွမ်ရှန်းဂိုဏ်းထဲမှာ ဘယ်သူ ယုံရဲပါ့မလဲ။

အစပိုင်းတွင် အသုံးမဝင်သော ဝါနတ်အရိုးဟု သတ်မှတ်ခံခဲ့ရသော လူငယ်လေးသည် ယခုအခါတွင်မူ ဤကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားလေပြီ။

ထို့အပြင် ဤကဲ့သို့သော ယုံကြည်မှုကြောင့်ပင် ရာသီတိုင်းတွင် တုံရှန်း ထံသို့ ဝိညာဥ်ဆန် ပေးအပ်သည့်အခါ သူ တစ်ခါမျှ တုံ့ဆိုင်းခြင်း မရှိခဲ့ချေ။

တုံရှန်းကမူ လုလီသည် အပြင်စည်းတပည့် ဝိညာဥ်လယ်ကွက်ထဲတွင် ခါးသီးစွာ ရုန်းကန်နေရပြီး ပိုလျှံသမျှ အားလုံးကို မိမိထံသို့ အကုန်အစင် ပေးအပ်နေခြင်း ဖြစ်သည်ဟု အမြဲတမ်း ထင်မှတ်နေခဲ့သည်။

တစ်ခါတရံ လုလီ၏ မလွယ်ကူမှု့ကို စိတ်မကောင်းဖြစ်ရပြီး ရံဖန်ရံခါတွင်လည်း အတွင်းစည်း ဝိညာဥ်ဆေးပင်အချို့ကို လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်လေ့ရှိသည်။

All Chapters