← Chapters

ကြီးမြတ်သောနတ်ဆိုးအား သတ်ဖြတ်ခြင်း

Vol. 8 Ch. 108

ကြီးမြတ်သောနတ်ဆိုးအား သတ်ဖြတ်ခြင်း

Vol. 8 Ch. 108

အခန်း (၁၀၈) ကြီးမြတ်သောနတ်ဆိုးအား သတ်ဖြတ်ခြင်း

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ စကားသံကြောင့် ယွီဂျင်ဂိုဏ်းဝင်တိုင်း ထိတ်လန့်သွားကြပါတယ် ‘ဒီနတ်ဆိုးက ငါတို့အားလုံးကို စားချင်နေတာလား’

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်လည်း ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ စကားကို ကြားသွားတာကြောင့် မျက်ခုံးပင့်တက်သွားပါတယ်

‘တော်တော် ဘဝမြှင့်တဲ့ကောင်ပဲ... ကြည့်ရတာ ကြမ္မာဆိုးစာအုပ်ကို သူ့ကို မထိခိုက်စေဘူးပဲ၊ သူက အဲဒီလောက်တောင် စွမ်းအားကြီးနေတာလား’

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ရှာဖွေလိုက်ပါတယ်။ ဒါပေမဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ မိုင်တစ်ရာအတွင်းမှာ မရှိတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်လည်း ဘာမှမတတ်နိုင်ပဲ ရန်ထျန်တုန်းကို ဝီရိယတောင်ထဲ ဆွဲသွင်းလိုက်ပါတယ်။ ဒီလိုလုပ်ရတာက ကြီးမြတ်တဲ့နတ်ဆိုးက ရန်ထျန်တုန်းကိုဖမ်းပြီး ဓားစာခံလုပ်မှာစိုးလို့ပါ။

ဒီလိုလုပ်ရင်တောင် ဟန်ကျွယ်က သနားနေမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကိုယ်ပေါ်မှာ လမ်းခြောက်သွယ် အမှတ်အသား မှတ်ပြီးပါပြီ။ ရန်ထျန်တုန်း သေဆုံးသွားတယ်ဆိုရင်တောင် နောက်ဘဝမှာ ဟန်ကျွယ်နဲ့ ဆရာတပည့်ဆက်ဆံရေး ပြန်တည်ဆောက်လို့ရပါသေးတယ်။

ဟန်ကျွယ်ဟာ အေးအေးဆေးဆေး မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ကိုယ်ပေါ်က စိတ်ဝိညာဉ်ရတနာတွေဟာလည်း အနည်းငယဘ် လင်းလက်သွားပါတယ်။

မိုးမြေမြက်ပင်က ချောက်ချားစွာ ပြောလိုက်ပါတယ် “သခင်... ဘယ်သွားမလို့လဲ၊ ကျွန်မကို မထားခဲ့ပါနဲ့”

ဟန်ကျွယ်ဟာ နောက်လှည့်မကြည့်ဘဲ ပြောလိုက်ပါတယ် “ငါ ပြန်လာခဲ့မယ်”

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို လမ်းလျှောက်ပြီး ထွက်သွားပါတယ်။ ငရဲကြက်နက်၊ ရွှင်ချန်အန်း၊ ရန်ထျန်တုန်းနဲ့ မုရုံချီတို့ဟာ ဖူစန်းသစ်ပင်အောက်မှာ စိုးရိမ်တကြီး စောင့်နေကြပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ကြောက်မက်ဖွယ် နတ်ဆိုးရောင်ဝါဟာ ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းထားပြီးပါပြီ။ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နတ်ဆိုးရောင်ဝါနဲ့ တစ်ခြားနတ်ဆိုးတွေရဲ့ နတ်ဆိုးရောင်ဝါတွေဟာ အတူစုပေါင်းသွားပြီး အလွန်ကြီးမားတဲ့ဆူနာမီလိုင်းသဖွယ်ဖြစ်ကာ ယွီဂျင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဝါးမြိုတော့မလို ဖြစ်နေပါတယ်။

ရှောင်ယောင်၊ ကွမ်းယိုကုန်း၊ လျူပုမီ၊ လီချင်းဇဲ့၊ နတ်မိမယ်ရှီရွှမ်နဲ့ တစ်ခြားလူတွေဟာ ကောင်းကင်ပေါ် ပျံတက်လိုက်ကြပါတယ်။ သူတို့ရဲ့မြင်ကွင်းမှာ လောကတစ်ခုလုံးဟာ နတ်ဆိုးရောင်ဝါတွေကနေ ဖြစ်ပေါ်လာတဲ့ တိမ်မည်းတွေနဲ့ ပြည့်နှက်နေပြီး အလွန်ချောက်ချားဖွယ် ကောင်းနေပါတယ်။ အကြီးအကဲတွေဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ဇောချွေးပျံလာပါတယ်။

“ဒီကြီးမြတ်တဲ့စပါးအုံးစိမ်းက ဘယ်လောက်ထိ စွမ်းအားကြီးတာလဲ”

“သူက ဘယ်သူကို ပြောနေတာလဲ”

“ငါတို့ တိုက်နိုင်မှာ မဟုတ်ဘူး၊ နတ်သတ်အကြီးအကဲ ဘယ်ရောက်နေလဲ မသိဘူး”

“အကြီးအကဲရှောင်၊ အကြီးအကဲလျူ... ဒီနတ်ဆိုးကို တိုက်ခိုက်နိုင်လား”

“ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ စစ်တပ်မှာ နတ်ဆိုးဘယ်လောက်တောင် ရှိတာလဲ”

“ဂိုဏ်းကာအစီအရင်ကို အသက်သွင်းပြီးပြီလား”

…

အကြီးအကဲတွေ တုန်လှုပ်နေစဉ်မှာပဲ တပည့်တွေက ပိုပြီးတော့ ကြောက်လန့်သွားကြပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီး ဟန်ကျွယ်ဘေးနားကို ရောက်လာကာ ရင်တုန်ပန်းတုန် မေးလိုက်ပါတယ် “ယောက်ျား... ရှင် ဘယ်လိုလုပ်မှာလဲ”

ဟန်ကျွယ်က သူမနိုင်တဲ့ ရန်သူကို ရင်ဆိုင်ရရင် ကျိန်းသေပေါက် ထွက်ပြေးမှာကို ရှင်းဟုန်ရွှမ် သိနေပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ် ဒီလိုထွက်ပြေးတာကို မကြိုက် မဟုတ်ပါဘူး။ သူ့ကို ထားခဲ့ပြီး တစ်ယောက်တည်းထွက်ပြေးသွားမှာကို ကြောက်နေတာပါ။

ဟန်ကျွယ်ဟာ အဝေးကို လှမ်းကြည့်လိုက်ပြီး လေသံအေးနဲ့ ပြောလိုက်ပါတယ် “စောင့်ကြည့်ကြရအောင်”

ဟန်ကျွယ်ရဲ့ တည်ငြိမ်မှုကြောင့် ရှင်းဟုန်ရွှမ်၊ ငရဲကြက်နက်၊ ရွှင်ချန်အန်းနဲ့ မုရုံချီဟာ စိတ်သက်သာရ ရသွားပါတယ်။ ရန်ထျန်တုန်းကတော့ ဟန်ကျွယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်။

‘ဆရာသခင်က အရမ်းစွမ်းအားကြီးနေလို့ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို မကြောက်တာလား’

ရန်ထျန်တုန်း သေချာသိတာတစ်ခုက သူ့ဆရာသခင်က လုံးဝယုံကြည်ချက်မရှိရင် ဒီလိုတည်ငြိမ်နေမှာ မဟုတ်ဘူးဆိုတာကိုပါ။ ရန်ထျန်တုန်း မသိတာက ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ရှာဖွေနေတယ် ဆိုတာပါပဲ။

‘သူဘာလို့ ခုထိ ရောက်မလာသေးတာလဲ’

ဟန်ကျွယ်ဟာ အွန်လိုင်းဂိမ်းသမားတစ်ယောက် ဘော့စ်နဲ့ တိုက်ခိုက်မဲ့အချိန်ကို စောင့်ဆိုင်းနေသလိုမျိုး ခံစားလိုက်ရပါတယ်။

တစ်ခဏအကြာမှာတော့...

[ကြီးမြတ်သော စပါးအုံးစိမ်း: အတိဒုက္ခဖြတ်ကျော် ပထမအဆင့်၊ နတ်ဆိုးပညာရှိအသစ်စက်စက်။]

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို ချက်ချင်း စတင်လိုက်ပါတယ်။

အသက်ရှူကြိမ်နှစ်ကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ရင်း မျက်မှောင်ကြုတ်သွားပါတယ်။ နောက်ထပ် အသက်ရှူကြိမ်တစ်ကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

‘ကံတရားနတ်သမီးကို ကျေးဇူးတင်ရမယ်... ငါသာ သုံးလောကသန့်ရှင်းခြင်းကို မတိုးမြှင်ခဲ့ရင် ဒီရွှေရောင်သစ်သားတုတ်ရဲ့ ခံစစ်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး’

ဟန်ကျွယ်ဟာ ညာလက်ကို ဆန့်တန်းလိုက်ပြီး ဓားကိုင်ဟန် လုပ်လိုက်ပါတယ်။ ဟန်ကျွယ် ဟွမ်သွမ့်ဓားကို မထုတ်တာက ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အလစ်တိုက်ခိုက်ချင်လို့ပါ။

ဟန်ကျွယ်ဟာ ချောက်ကမ်းပါးအစွန်းကို လျှောက်သွားပြီး မိုးကုပ်စက်ဝိုင်းဆီကို လှမ်းကြည့်လိုက်ပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဝီရိယတောင်ရှိရာကို ပျံသန်းလာပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဝီရိယတောင်မှာ သူ့ပြိုင်ဘက်ရှိတယ်ဆိုပြီး ဝီရိယတောင်ဆီကို ပျံသန်းလာတာ မဟုတ်ပါဘူး။ ရန်ထျန်တုန်းအတွက် ဝီရိယတောင်ရှိရာကို ပျံသန်းလာတာ ဖြစ်ပါတယ်။

ရန်ထျန်တုန်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ သတ်ဖြတ်ငွေ့ကို ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်တာကြောင့် ခေါင်းတစ်ခုလုံး ချွေးစိုရွှဲသွားပြီး တစ်ကိုယ်လုံး တုန်တက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဘာကိုမှဂရုမစိုက်ဘဲ ကောင်းကင်ကိုသာ ဆက်ကြည့်နေပါတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်း ပေါ်လာပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ မီတာ ၃၀၀ ကျော် မြင့်မားပြီး ရွှေရောင်သစ်သားတုတ်ကို ပခုံးပေါ်တင်ကာ နတ်ဆိုးချီတိမ်တိုက်တွေကြားမှာ မတ်တတ်ရပ်နေပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကနေ အလွန်ကြမ်းတမ်းပြီး ကြောက်ဖက်ဖွယ်ကောင်းတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းနောက်မှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ ပါလာပါတယ်။ ဒီနတ်ဆိုးတွေဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းလောက် မကြမ်းတမ်းပေမဲ့ သူ့နည်းသူဟန်နဲ့ ကြမ်းတမ်းကြတာချည်းပါပဲ။ ဒီနတ်ဆိုးတွေဟာ ယွီဂျင်ဂိုဏ်းကို စားစရာတစ်ခုလိုမျိုး ဝိုင်းကြည့်ကြပါတယ်။

“ကျင့်ကြံသူတွေရဲ့ အနံ့က မွှေးကြိုင်နေတာပဲ”

“ငါ့အစာကို လာမလုနဲ့... ငါဗိုက်ဆာနေတာ ကြာပြီ”

“မင်းတို့တွေ စားဖို့ပဲ သိတာလား၊ လူသားတွေက စားဖို့ပဲမဟုတ်ဘူး၊ အထူးသဖြင့် သူတို့မိန်းမတွေက ကစားလို့အရမ်းကောင်းတာ”

“လူတွေက နည်းလိုက်တာ၊ ငါတို့တွေ မျှခံစားဖို့တောင် မလောက်ဘူး”

“နတ်ဆိုးပညာရှိရဲ့ အမိန့်ကို နားစွင့်ထား၊ ငါတို့တွေ နတ်ဆိုးပညာရှိ အမိန့်မရှိဘဲ လျှောက်လုပ်လို့ မရဘူး”

…

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရန်ထျန်တုန်းကို သတိပြုမိသွားတဲ့အတွက် သူ့မျက်နှာမှာ ရက်စက်တဲ့အပြုံးတစ်ခု ပေါ်လာပါတယ်။

“ဒီတစ်ခေါက်တော့ မပြေးတော့ပါလား... ဟား...ဟား...” ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ရယ်သံဟာ ယွီဂျင်ဂိုဏ်းသားတွေကို ထိတ်လန့်သွားစေပါတယ်။

ရန်ထျန်တုန်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို မကြည့်ရဲတာကြောင့် ဟန်ကျွယ်ကိုပဲ စိုက်ကြည့်နေလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ အမူအရာက လုံးဝတည်ငြိမ်နေပါတယ်။ ဟန်ကျွယ်ဟာ ဘယ်အချိန် စတိုက်ရင်ကောင်းမလဲ စဉ်းစားနေတာပါ။ ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အလစ်ဖမ်းတိုက်ပြီး တစ်ချက်တည်း ပွဲသိမ်းချင်တာပါ။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဟန်ကျွယ်ကိုလည်း သတိထားမိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းတာကြောင့် ဂရုမစိုက်ပါဘူး။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ငရဲကြက်နက်ကိုကြည့်ပြီး သဘောကျသွားပါတယ်။ အဲဒီနောက် ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ အကြည့်ဟာ ဖူစန်းသစ်ပင်ဆီ ရောက်သွားပါတယ်။

‘ဟမ်... ဒီသစ်ပင်’

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ တစ်စုံတစ်ခုကို တွေးမိပြီး မျက်လုံးပြူးထွက်သွားပါတယ်။

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ နတ်သစ်ပင်က ဘယ်လိုလုပ်ပြီး ဒီနေရာ ရောက်နေတာလဲ”

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ အံဩတကြီးဖြစ်သွားပြီးနောက် ဖူစန်းသစ်ပင်ကို ပိုင်ဆိုင်လိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်။

‘ငါ ဒီသစ်ပင်ကို ရရမယ်’

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ စိတ်ဝိညာဉ်အာရုံနဲ့ ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို စစ်ဆေးလိုက်တဲ့အခါမှာ အစွမ်းထက်ဆုံးက ဟင်းလင်းပြင်ပေါင်းစပ် နဝမအဆင့်ပဲ ရှိနေတာကို တွေ့လိုက်ရပါတယ်။

‘ဒီလောက်လေးနဲ့များ... ငါ့ တိုက်ကွက်တစ်ကွက်ကိုတောင် ခုခံနိုင်မှာ မဟုတ်ဘူး’

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ယွီဂျင်ဂိုဏ်းက ကျင့်ကြံသူတွေကို သတိထားမိတာကြောင့် ရယ်မောလိုက်ပါတယ် “မင်းတို့က ငါ့အစွမ်းအကြောင်း ပြရသေးတာပေါ့”

ကြီးမြတ်တဲ့စပါးအုံးစိမ်း ခုန်လိုက်တဲ့အခါမှာ အလွန်ပြင်းထန်တဲ့ဖိအားတစ်ခု ပေါ်လာတာကြောင့် တောင်ထိပ်ဆယ့်ရှစ်ထိပ်နဲ့ အနီးအနားက တောင်တွေဟာ လှုပ်ခါသွားပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဝီရိယတောင်ဆီကို ခုန်ဆင်းလိုက်တာ ဖြစ်ပါတယ်။

ယွီဂျင်ဂိုဏ်းထဲက လူတွေဟာ အလွန်အမင်း ရင်ထိတ်သွားကြပါတယ်။ ဝီရိယတောင်ထဲမှာ ပုန်းနေတာက ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး အကြီးအကဲမှန်း ယွီဂျင်ဂိုဏ်းဝင်တိုင်းလိုလို သိကြပါတယ်။ နတ်သတ်အကြီးအကဲတောင် ဒီနတ်ဆိုးကို မတားဆီးနိုင်ရင် သူတို့တွေ သေဖို့ကို ထိုင်စောင့်နေရုံပဲ တက်နိုင်တော့မှာပါ။

လီချင်းဇဲ့ဟာ လက်သီးကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပါတယ်။ လီချင်းဇဲ့နဖူးမှာလည်း ချွေးသီးချွေးပေါက်တွေ ထွက်ပေါ်လာပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာလည်း မျက်မှောင်ကြုတ်သွားပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပါတယ်။

အကြီးအကဲ အကုန်လုံးဟာလည်း အလွန်အမင်း ရင်ထိတ်သွားကြပါတယ်။ သူတို့တွေ နတ်သတ်အကြီးအကဲပေါ် မှီခိုတာ ဒါပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ခုလက်ရှိအခြေအနေက အရင်တုန်းက အခြေအနေနဲ့ လုံးဝမတူပါဘူး။ ခုအချိန်မှာ အနီးအနားက ဒေသတွေအားလုံး ကျဆုံးသွားပါပြီ။ ဒီလိုကပ်ဘေးမျိုးက သူတို့သိတဲ့သမိုင်းထဲမှာ တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးပါဘူး။

အချိန်ဟာ ပုံမှန်သွားနေပေမဲ့ တစ်စက္ကန့်ဟာ နှစ်တစ်သန်းကြာတယ်လို့ ယွီဂျင်ဂိုဏ်းဝင်တွေ ခံစားလိုက်ရပါတယ်။ လူတိုင်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို မျက်တောင်မခတ် စိုက်ကြည့်နေကြပါတယ်။

လောကတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။

ယွီဂျင်ဂိုဏ်းဝင်တွေရဲ့ အကြည့်အောက်မှာပဲ ဝီရိယတောင်ထဲကနေ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေ ထွက်ပေါ်လာပြီး ကောင်းကင်ထက်ကို ထိုးတက်သွားပါတယ်။ ဒီဓားရိပ်တွေဟာ အလွန်ထူထပ်သိပ်သည်းလှပြီး ကောင်းကင်ပေါ်ကို တားဆီးမရတဲ့အရှိန်အဟုန်နဲ့ ထိုးတက်သွားပါတယ်။

နားစည်ကွဲလောက်တဲ့အသံနဲ့အတူ ဓားရောင်တွေဟာ လောကတစ်ခုလုံးကို လင်းလက်သွားစေပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဓားအရိပ်တွေကြားထဲမှာ စုံးစုံးမြှုပ်သွားပါတယ်။

သုံးလောကသန့်ရှင်းခြင်း။

ဟန်ကျွယ် စလှုပ်ရှားလိုက်ပါပြီ။

ဟန်ကျွယ်ဟာ ချောက်ကမ်းပါးအစွန်းမှာရပ်ပြီး ဟွမ်သွမ့်ဓားကိုင်ထားဟန် ပုံစံကို ထိန်းသိမ်းထားတုန်းပါပဲ။ ဟန်ကျွယ်ကိုယ်ပေါ်က ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံနဲ့ မြေဧကရာဇ်ရဲ့ ဝိညာဉ်ပဝါဟာ လေအဝှေ့မှာ လူးလွန့်သွားပါတယ်။

ငရဲကြက်နက်၊ ရွှင်ချန်အန်း၊ မုရုံချီ၊ ရန်ထျန်တုန်းနဲ့ ရှင်းဟုန်ရွှမ်တို့ဟာ မျက်လုံးပြူးသွားပြီး ဟန်ကျွယ်ရဲ့ နောက်ကျောကို အံဩတကြီး စိုက်ကြည့်လိုက်ကြပါတယ်။ သူတို့ရဲ့မျက်လုံးထဲမှာ ဟန်ကျွယ်ဟာ အမတတစ်ဦးဖြစ်နေပြီး အလွန့်အလွန် ကျက်သရေရှိနေပါတယ်။

“ငါ ဒီလိုလုပ်မှာ” ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ မေးခွန်းကို အခုမှ‌ အ‌ဖြေပေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တည်ငြိမ်နေသလို မျက်နှာအမူအရာကလည်း တစ်စက်ကလေးမှ ပြောင်းလဲသွားခြင်း မရှိပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီကနေ သူ့မေးခွန်းရဲ့အဖြေကို ရလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စကားလုံးတွေက ပေါ့ပါးပေမဲ့ ရှင်းဟုန်ရွှမ်ရဲ့ နှလုံးသားကို တိုက်ရိုက်ထိမှန်သွားပါတယ်။ ဟန်ကျွယ်စကားဟာ ရှင်းဟုန်ရွှမ်နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters