← Chapters

သက်ရှိအမတ၊ လောကရှိအစွမ်းထက်ဆုံးပုဂ္ဂိုလ်

Vol. 8 Ch. 109

သက်ရှိအမတ၊ လောကရှိအစွမ်းထက်ဆုံးပုဂ္ဂိုလ်

Vol. 8 Ch. 109

အခန်း (၁၀၉) သက်ရှိအမတ၊ လောကရှိအစွမ်းထက်ဆုံးပုဂ္ဂိုလ်

“ဝုန်း...”

သုံးလောကသန့်ရှင်းခြင်း စွမ်းအားကို အသုံးပြုလိုက်တာနဲ့ ဓားအရိပ်သိန်းချီဟာ ကောင်းကင်ပေါ် ထိုးတက်သွားပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သုတ်သင်ရှင်းလင်းပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ တစ်ချက်လေးတောင် မခုခံနိုင်ပါဘူး။

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ခန္ဓာကိုယ်တင်မကဘဲ ဝိညာဉ်ပါ တစ်ချက်တည်း လုံးဝပျက်ဆီးသွားတာပါ။ အလုံးစုံ ပျက်ဆီးသွားတာကြောင့် ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ပြန်လည်မွေးဖွားဖို့ အခွင့်အရေး လုံးဝမရှိတော့ပါဘူး။

ဓားအရိပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့လေပွေဟာ အရပ်ဆယ်မျက်နှာကို တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပါတယ်။ အမတစ်ဦးက လက်ဝှေ့ယမ်းပြီး သေမျိုးနယ်ပယ်ကို ဂယက်ထအောင် လုပ်နေသလိုမျိုးပါပဲ။

ဟန်ကျွယ်ရဲ့ ညာလက်ထဲမှာ ဟွမ်သွမ့်ဓားပေါ်လာပါတယ်။ ဓားတစ်ချက်အလှုပ်မှာ ပိုမိုစွမ်းအားကြီးတဲ့ ဓားရောင်ဝါဟာ ကောင်းကင်ယံကို ထိုးတက်သွားပါတယ်။ ကောင်းကင်ယံမှာ ဓားချီပင်လယ် ဖြစ်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။

ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေဟာ ဒီမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပြီး ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြပါတယ်။ သူတို့တွေဟာ သူတို့မျက်စိကိုတောင် မယုံနိုင်အောင် ဖြစ်သွားရပါတယ်။

ဓားအရိပ်တွေဟာ ဓားချီပင်လယ်မှာ အသွင်အပြင် ထင်ရှား ဖြစ်ပေါ်လာပါတယ်။ ဒီဓားတွေဟာ ပုံစံအမျိုးမျိုးရှိကြပါတယ်။ တစ်ချို့ဓားတွေက လူကြီးလူကောင်းလို၊ တစ်ချိုဓားတွေက ဘုရင်တစ်ပါး လောကကို ငုံ့ကြည့်သလို၊ တစ်ချို့ဓားတွေကို သူတော်စင်တွေလိုမျိုး ဟန်ပန်ကိုယ်စီ ရှိကြပါတယ်။ ဒီဓားတွေအကုန်လုံးမှာ တူညီတာတစ်ချက်က ဂုဏ်ကျက်သရေ ကြီးမြတ်နေတာပါ။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဓားအရိပ်တွေဟာ တစ်သန်းထိ တိုးသွားပြီး ဆက်တိုးလာနေပါတယ်။

ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေဟာ သူတို့မြင်ကွင်းက ဝေဝါးသွားတာကြောင့် သေချာဂရုစိုက်ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်ယံတစ်ခုလုံး ဓားအရိပ်တွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ်။ ဓားအရိပ်တွေက ထူထပ်သိပ်သည်းလွန်းလို့ ရေတွက်ဖို့တောင် မဖြစ်နိုင်ပါဘူး။

‌ရှောင်ယောင်၊ လျူပုမီနဲ့ တစ်ခြားအကြီးအကဲတွေဟာ အံဩတကြီးမဖြစ်ဘဲ မနေနိုင်ပါဘူး။ အထူးသဖြင့် ရှောင်ယောင်ဟာ မျက်စိကွယ်နေပေမဲ့ ဖြစ်ပျက်သမျှကို အလုံးစုံ ခံစားသိရှိနိုင်တာကြောင့် တုန်ယင်စွာ ရေရွတ်လိုက်ပါတယ် “ဒီလိုဆန်းကြယ်စွမ်းအားမျိုးက...”

ရှောင်ယောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅,၀၀၀ ခန့်က မိုးကောင်းကင်ဂိုဏ်းတစ်ခုလုံး အမတစွမ်းအားနဲ့ သုတ်သင်ခံရတာကို ပြန်တွေးမိလိုက်ပါတယ်။

“ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နတ်ဆိုးရောင်ဝါ...” တာအိုသခင်ကျင်းရှုဟာ ရေရွတ်ရင်း တုန်လှုပ်သွား ပါတယ်။

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နတ်ဆိုးရောင်ဝါဟာ လုံးဝပျောက်ကွယ်သွားပါပြီ။ ကျင့်ကြံသူတွေ ဘာမှမလုပ်ရသေးခင်မှာပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ သေဆုံးသွားပါပြီ။

ယွီဂျင်ဂိုဏ်းအကြီးအကဲတွေဟာ ဟန်ကျွယ်နိုင်မယ်လို့ တွေးထားပေမဲ့ အခုလိုအနိုင်ရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။ သူတို့ရှေ့မှာပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဟန်ကျွယ်ရဲ့ တိုက်ကွက်တစ်ကွက်တည်းနဲ့ သေဆုံးသွားတာပါ။

‘စွမ်းအားက ဘယ်လောက်တောင် ကွာနေတာလဲ’

‘နတ်သတ်အကြီးအကဲက ဘယ်လောက်ထိ စွမ်းအားကြီးတာလဲ’

တစ်ချိန်တည်းမှာပဲ...

သုံးလောကသန့်ရှင်းခြင်းရဲ့ ဓားအရိပ်တစ်သန်းဟာ အရပ်ဆယ်မျက်နှာကို ပျံထွက်သွားပါတယ်။ ဓားချီပင်လယ်ဟာ ဓားအရိပ်တွေကို ဆက်လက်ဖြစ်ပေါ်စေပြီး ဘက်ပေါင်းစုံကို ဆက်လက်ပစ်လွှတ်ပါတယ်။

ဒီတော့မှ အဝေးကနေ ကြည့်နေတဲ့ နတ်ဆိုးတွေဟာ သတိဝင်လာပါတယ်။ နတ်ဆိုးအကုန်လုံးဟာ ခြေကုန်သုတ် ထွက်ပြေးကြပါတယ်။

“နတ်ဆိုးသူတော်စင် သေသွားပြီ”

“ငါတို့ရဲ့ နတ်ဆိုးသူတော်စင် သေသွားပြီ”

“ပြေးကြ”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ယွီဂျင်ဂိုဏ်းထဲမှာ ဘယ်သူပုန်းအောင်းနေတာလဲ”

“ကြီးမြတ်တဲ့စပါအုံးစိမ်းက ဘာလို့ ဒီလောက်မြန်မြန် သေသွားရတာလဲ၊ ယုံနိုင်စရာကိုမရှိဘူး”

နတ်ဆိုးတွေက ဟန်ကျွယ်ရဲ့ ဓားအရိပ်ထက် ပိုမြန်အောင် ဘယ်လိုလုပ်ပြီး ပြေးနိုင်မှာလဲ။ ရုတ်ခြည်းဆိုသလိုပဲ အရပ်ဆယ်မျက်နှာမှာ သွေးလွှမ်းသွားပြီး မီးရှူးမီးပန်းလို ပေါက်ကွဲထွက်သွားပါတယ်။

ဒီနေ့ဖြစ်ရပ်ကို ယွီဂျင်ဂိုဏ်းက ကျင့်ကြံသူတွေဟာ တစ်သက်မေ့နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာပဲ သူတို့တွေဟာ အမတတစ်ဦးရဲ့ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခံစားလိုက်ရလို့ပါပဲ။

ဒီနေ့မှာပဲ ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲဟာ နတ်ဆိုးသူတော်စင်ကို သတ်ဖြတ်ပြီး မရေမတွက်နိုင်တဲ့ နတ်ဆိုးစစ်သားတွေနဲ့ နတ်ဆိုးဘုရင်တွေကို ဖိနှိပ်လိုက်လို့ပါပဲ။

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[သင်သည် အတိဒုက္ခဖြတ်ကျော်အဆင့်အား ပထမဆုံး သတ်ဖြတ်ခဲ့သည့်အတွက် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိပါသည်။]

‘နောက်ထပ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးလား’

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ဘယ်လက်နဲ့ ဆွဲယူလိုက်တဲ့အခါမှာ ရွှေရောင်သစ်သားတုတ်ဟာ ဟန်ကျွယ်ဆီ ပျံသန်းလာပါတယ်။ ဒီရွှေရောင်သစ်သားတုတ်က ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ရတနာ ဖြစ်ပါတယ်။

ဒီရတနာဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်း ကျန်ခဲ့တဲ့ တစ်ခုတည်းသော ရတနာဖြစ်ပါတယ်။ သုံးလောကသန့်ရှင်းခြင်းက ဒီရတနာကို မဖျက်ဆီးနိုင်တာကြောင့် ဒီရတနာက စွမ်းအားကြီးမားတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။

ဒီအချိန်မှာ ရွှေရောင်သစ်သားတုတ်ဟာ အက်ကြောင်းပေါ်နေပြီး မီးခိုးငွေ့တွေ့ ထွက်နေပါတယ်။

ဟန်ကျွယ်ဟာ တုတ်ချောင်းထဲကို နတ်အာရုံနဲ့ အလိုလိုစစ်ဆေးမိလိုက်တဲ့အခါမှာ ချက်ချင်း မျက်လုံးပြူးသွားပြီး သူ့နတ်အာရုံကို အလျင်အမြန် ပြန်ထုတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်နှာဟာ ချက်ချင်းလေးနက်သွားပါတယ်။

ရွှေရောင်သစ်သားတုတ်ထဲမှာ ဝိညာဉ်အပိုင်းအစတစ်ခု ရှိနေပါတယ်။ ဒီဝိညာဉ်အပိုင်းအစဟာ နတ်ဆိုးတစ်ကောင်နဲ့ အရမ်းပဲ ဆင်တူပါတယ်။

“ဒါက ဘာလဲဟ”

ဟန်ကျွယ်ဟာ အံအားသင့်သွားပြီးနောက် ရွှေရောင်သစ်သားတုတ်ကို စကြာဝဠာခါးပတ်ထဲ ပစ်ထည့်လိုက်ပါတယ်။

ဒီဝိညာဉ်အပိုင်းအစကို ဟန်ကျွယ်ကို ဒုက္ခပေးနိုင်လောက်တဲ့အထိ မသန်မာပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီဝိညာဉ်အပိုင်းအစကို နိုးလာမှာကို ကြောက်နေပါတယ်။ ဒီဝိညာဉ်အပိုင်းအစမှာ အင်အားကြီးတဲ့နောက်ခံ မရှိဘူးလို့ ဘယ်သူကမှ မပြောနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်တဲ့အခါမှာ နတ်ဆိုးတွေဟာ အရှုံးကြီးရှုံးပြီး ထွက်ပြေးသွားတာကို တွေ့လိုက်ရပါတယ်။ ဒီအချိန်တိုလေးအတွင်းမှာပဲ ဟန်ကျွယ်ရဲ့ သုံးလောကသန့်ရှင်းခြင်းဟာ နတ်ဆိုးပေါင်းသိန်းချီကို သတ်ပစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ နောက်လှည့်လိုက်တဲ့အခါမှာ ငေးကြောင်ကြည့်နေတဲ့ ရှင်းဟုန်ရွှမ်၊ ငရဲကြက်နက်နဲ့ တစ်ခြားလူတွေကို တွေ့လိုက်ရပါတယ်။

ရန်ထျန်တုန်းကလည်း ကြက်သေသေနေပါတယ်။ ရန်ထျန်တုန်းဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို အတွင်းကျကျသိသူပါ။ ရန်ထျန်တုန်း နှလုံးသားထဲမှာ ကြီးမြတ်တဲ့စပါးအုံးစိမ်းက ပြိုင်ဘက်ကင်းပါတယ်။ သူ့ကို အလွန်အမင်းကြောက်ရွံ့စေခဲ့တဲ့ နတ်ဆိုးသူတော်စင်ဟာ သူ့ဆရာသခင်လက်ထဲမှာ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပါတယ်။ ရန်ထျန်တုန်းဟာ ခံစားချက်မျိုးစုံ ခံစားလိုက်ရပြီး နောင်တရမဆုံး ဖြစ်သွားပါတယ်။

‘အစွမ်းထက်ဆုံးပုဂ္ဂိုလ်က ငါ့ဘေးနားမှာ ရှိနေတာကို၊ ငါက လျှောက်သွားပြီး အာဏာနဲ့စွမ်းအားကို ရှာဖွေနေသေးတယ်၊ ငါ တော်‌တော်ရူးခဲ့ပါလား...’

ရန်ထျန်တုန်းဟာ မဲ့ပြုံးပြုံးလိုက်ပြီး ဟန်ကျွယ်ကို မကြည့်ရဲတော့ပါဘူး။

ဟန်ကျွယ်ကတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။

“သခင်က အရမ်းစွမ်းတာပဲ၊ ဒီလောကမှာ သခင်က ပြိုင်ဘက်ကင်းပဲ” ငရဲကြက်နက်ဟာ စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။

‘ငါ သိပြီ၊ သခင်ပြောတာ မှန်တယ်၊ ဂူအောင်းကျင့်ကြံတာက အမှန်ကန်ဆုံးလုပ်ရပ်ပဲ’

‘ကောင်းကောင်းမွန်မွန် ကျင့်ကြံမှ ငါတို့ရန်သူတွေကို ဖိနှိပ်နိုင်မှာ’

ရှင်းဟုန်ရွှမ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး ဟန်ကျွယ်ကျောပြင်ကို လှမ်းကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် မြင်မြင်ချင်း ချစ်ကြိုက်မိခဲ့တဲ့ ယောက်ျားပဲ ဖြစ်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူမကိုယ်သူမ အရမ်းပဲ ဂုဏ်ယူသွားပါတယ်။

ရှင်းဟုန်ရွှမ် ဟန်ကျွယ်ကို စကြိုက်တုန်းက ဟန်ကျွယ်က သေမျိုးပဲ ရှိပါသေးတယ်။ ကျင့်ကြံသူ မဖြစ်သေးပါဘူး။

အမှန်တော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို သဘောကျခဲ့တာပါ....။

ရွှင်ချန်အန်းနဲ့ မုရုံချီဟာလည်း ဟန်ကျွယ်ကို အလွန်လေးစားသွားပါတယ်။

အထူးသဖြင့် ဟန်ကျွယ်ရဲ့ သိပ်မရင်းနှီးသေးတဲ့ မုရုံချီပါ။ မုရုံချီဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို အမြဲတမ်း သိချင်နေခဲ့တာပါ။ ဒီနေ့မှတော့ မုရုံချီဟာ သူ့မျက်စိနှစ်ကွင်းနဲ့ ထင်ထင်ရှားရှားကို မြင်လိုက်ရပါပြီ။

ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို ဖြတ်ကျော်သွားတဲ့အခါမှာ သတိပေးလိုက်ပါတယ် “တောင်ခြေမှာ မြန်မြန်သွားဒူးထောက်ချည်၊ ဒီနေ့ကစပြီး ငါ့ခွင့်ပြုချက်မရဘဲ တောင်အောက်ဆင်းရဲရင် မင်းနဲ့ ဆက်နွှယ်မှုတွေ အကုန်လုံး ငါ ဖြတ်ပစ်မယ်၊ မင်းသေရင်တောင် ငါ ဂရုမစိုက်တော့ဘူး”

ရန်ထျန်တုန်းဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်သီးကို တင်းကြပ်နေအောင် ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနောက် ဒူးထောက်ပြီး ဟန်ကျွယ်ကို ရှိခိုးလိုက်ပါတယ်။ ပြီးမှာ တောင်ခြေကို ဆင်းသွားပါတယ်။

…

နတ်ဆိုးတွေဟာ ခြေကုန်သုတ် ပြေးနေကြတုန်းပါပဲ။ ဒီထဲမှာ နတ်ဆိုးဘုရင်တန်စုလည်း အပါအဝင်ပါ။ နတ်ဆိုးဘုရင်တန်စုဟာ ပဓနာဝိညာဉ်ပဲ ကျန်ရှိတော့ပေမဲ့ ဝှက်ဖဲအချို့ ရှိနေပါသေးတယ်။ ဒါကြောင့် နတ်ဆိုးဘုရင်တန်စုဟာ ထွက်ပြေးရင်နဲ့ ကျင့်ကြံမှုနည်းတဲ့ နတ်ဆိုးငယ်လေးတွေကို သတ်ပစ်ပါတယ်။

နတ်ဆိုးဘုရင်တန်စု ဒီလိုလုပ်တာက ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ကလဲ့စားချေတာပါ။

“အဲဒီအမတက ယွီဂျင်ဂိုဏ်းထဲမှာ ပုန်းအောင်းနေတာကိုး၊ ငါ အဲဒီကို သွားပြီးကတည်းက ကျိန်စာပျက်သွားတာ အံဩစရာမရှိတော့ပါဘူး၊ ကြည့်ရတာ ကြီးမြတ်တဲ့စပါးအုံးစိမ်း ခံစားရတဲ့ ကျိန်စာက အဲဒီအမတရဲ့ သတိပေးချက်ပဲ၊ ကံဆိုးချင်တော့ ဒီကောင်က သတိပေးချက်ကို အာရုံမစိုက်ဘဲ လုပ်ချင်ရာလျှောက်လုပ်တော့ သေဆုံးရတာပေါ့...” နတ်ဆိုးဘုရင်တန်စုဟာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။

နတ်ဆိုးဘုရင်တန်စုဟာ ယွီဂျင်ဂိုဏ်းထဲက ဘယ်သူကိုမှ အပြစ်မလုပ်သလို ရန်ဒေသက လူတစ်ယောက်ကိုမှ မသတ်တော့ဘူးလို့ ကျိန်ဆိုလိုက်ပါတယ်။ အခွင့်အရေးရရင် ယွီဂျင်ဂိုဏ်းဆီ နောက်တစ်ခေါက်သွားပြီး အမတရဲ့ စီးတော်ယာဉ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အမတရဲ့ စီးတော်ယာဉ်ဖြစ်သွားပြီးဆိုရင် အခွင့်အရေးကြီးတစ်ခုကို ရလိုက်တာပါပဲ။

တစ်ခြားတစ်ဖက်မှာတော့ ယွီဂျင်ဂိုဏ်းတစ်ခုလုံး အလွန်စိတ်လှုပ်ရှားနေကြပါတယ်။ လီချင်းဇဲ့ဟာ အကြီးအကဲတွေကို လိုအပ်တာတွေ လုပ်ခိုင်းပြီး ဝီရိယတောင်ကို ဘယ်သူမှ မနှောင့်ယှက်ဖို့ တင်းကြပ်စွာ အမိန့်ထပ်ထုတ်လိုက်ပါတယ်။

ဒီနေ့ကစပြီး ယွီဂျင်ဂိုဏ်းသားတွေရဲ့ ရင်ထဲမှာ နတ်သတ်အကြီးအကဲရဲ့နေရာက အရင်ကထက် အဆများစွာ ပိုမြှင့်တက်သွားပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်းထဲမှာ...

ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာထိုင်ပြီး ရွှေရောင်သစ်သားတုတ်နဲ့ ကစားနေပါတယ်။ ဟန်ကျွယ်ဟာ ဒီရတနာကို ဘယ်လိုလုပ်ရရင်ကောင်းမလဲ စဉ်းစားနေတာပါ။ ဟန်ကျွယ်ဟာ ဒီရွှေရောင်တုတ်ကို ဖျက်ဆီးချင်ပေမဲ့ အထဲဝိညာဉ်အပိုင်းအစ နိုးသွားမှာကိုလည်း ကြောက်နေပါတယ်။

‘ငါ သိမ်းထားလို့မရမှာတော့ ဖျက်ဆီးလိုက်တာ အကောင်းဆုံးပဲ’

‘ဒီဝိညာဉ်အပိုင်းအစရဲ့ ခန္ဓာကိုယ်အစစ်က တစ်နေရာရာမှာရှိနေရင် ငါ့ဆီကို တစ်နေ့ကျ ရောက်လာလိမ့်မယ်’

ဟန်ကျွယ်ဟာ လမ်းခြောက်သွယ်စုပ်ယူခြင်းကို အသုံးပြုပြီး အထဲက ဝိညာဉ်အပိုင်းအစကို ဆွဲထုတ်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ဝိညာဉ်အပိုင်းအစဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။

“မင်းဘာလိုချင်တာလဲ” အေးစက်တဲ့အသံကို ကြားလိုက်ရတာကြောင့် ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ်။

[တာအိုသခင်ကျွယ်ရန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ သူ့ရှေ့ကစာကြောင်းကို မြင်လိုက်ရတဲ့အခါမှာ အလွန်ထိတ်လန့်သွားပြီး ဝိညာဉ်အပိုင်းအစကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်ပါတယ်။ ကြယ်ငါးပွင့်မုန်းတီးမှုက ဖြေရှင်းဖို့ မဖြစ်နိုင်တဲ့ မုန်းတီးမှုမျိုးပါ။ ဟန်ကျွယ်က ဒီဝိညာဉ်အပိုင်းအစကို ဘာအကြောင်းနဲ့ ဆက်ထားနေအုန်းမှာလဲ။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters