တာအိုသခင်ကျွယ်ရန်၊ ယွီဂျင်ဂိုဏ်းတော်ကြီး
Vol. 8 Ch. 110
အခန်း (၁၁၀) တာအိုသခင်ကျွယ်ရန်၊ ယွီဂျင်ဂိုဏ်းတော်ကြီး
ဟန်ကျွယ်ဟာ တာအိုသခင်ကျွယ်ရန်ရဲ့ ဝိညာဉ်အပိုင်းအစကို ဖျက်ဆီးပြီးတာနဲ့ လူမှုဆက်ဆံရေးကို ချက်ချင်း ဖွင့်ကြည့်လိုက်ပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်ဟာ တာအိုသခင်ကျွယ်ရန်ရဲ့ ရုပ်ပုံကို တွေ့လိုက်ရပါတယ်။
[တာအိုသခင်ကျွယ်ရန်: မြေလျှောက်အမတ အဋ္ဌမအဆင့်။ သင်သည် တာအိုသခင်ကျွယ်ရန်၏ အိမ်မွေးနတ်ဆိုးသားရဲနှင့် သေမျိုးနယ်ပယ်၌ ထားရှိခဲ့သော ဝိညာဉ်အပိုင်းအစကို ဖျက်ဆီးလိုက်သဖြင့် တာအိုသခင်ကျွယ်ရန်သည် သင့်အား အမုန်းကြီးမုန်းသွားပါပြီ။ သင် အထက်ဘုံသို့တက်သည်နှင့် တာအိုသခင်ကျွယ်ရန် ကျိန်းသေပေါက် ဒုက္ခပေးမည် ဖြစ်သည်။ လက်ရှိ မုန်းတီးမှု:ကြယ်ခြောက်ပွင့်။]
‘မြေလျှောက်အမတ အဋ္ဌအဆင့်လား’
‘ငါ အထက်ဘုံတတ်လာတာကို စောင့်နေတာလား’
ဟန်ကျွယ်ဟာ ပထမတော့ ထိတ်လန့်သွားပေမဲ့ နောက်တော့ သက်သာရာ ရသွားပါတယ်။
‘ဒါပဲလား၊ ဒီလိုဆိုတော့ မင်းကို ငါသတ်နိုင်တဲ့စွမ်းအားရှိမှာပဲ အထက်ဘုံကို တက်လာခဲ့မယ်၊ အဲဒီအချိန်ကျရင် မင်း ငါ့ကို ဘာလုပ်နိုင်အုန်းမှာလဲ ကြည့်ကြသေးတာပေါ့’ ဟန်ကျွယ်ဟာ သရော်ပြုံးပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ နောက်ခံကို သိသွားပြီဖြစ်တာကြောင့် သိပ်ပြီး မစိုးရိမ်တော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားတာကြောင့် ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မှာရှိတဲ့ ရန်သူတွေက တဖြည်းဖြည်း စွမ်းအားကြီးလာတာကြောင့် ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ အာရုံလွှဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ကြမ္မာဆိုးစာအုပ်ဆီ ချက်ချင်း ပစ်ထည့်လိုက်ပါတယ်။
လေးနာရီကြာပြီးနောက်မှာတော့ ကြမ္မာဆိုးစာအုပ်ဟာ အောင်မြင်စွာ အဆင့်တက်သွားပါတယ်။
[ကြမ္မာဆိုးစာအုပ်သည် အကောင်းစား မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အဖြစ်သို့ အဆင့်တက်သွားပါပြီ။]
ကြမ္မာဆိုးစာအုပ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကြောင့် အကောင်းစား စိတ်ဝိညာဉ်ရတနာကနေ အကောင်းဆုံး မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဖြစ်သွားပါတယ်။
ဒါကြောင့် အကောင်းစား စိတ်ဝိညာဉ်ရတနာ အထက်မှာ မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ရှိနေပြီး မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အထက်မှာတော့ အကောင်းစား မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ရှိနေတာ သိသာထင်ရှားလှပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ရဲ့ စွမ်းအားကို သိချင်တဲ့အတွက် တာအိုသခင်ကျွယ်ရန်ကို ချက်ချင်းကျိန်စာတိုက်ပါတော့တယ်။ ကြမ္မာဆိုးစာအုပ်က မကောင်းတဲ့ဝိညာဉ်ရတနာဖြစ်တာကြောင့် ဟန်ကျွယ်ဟာ စွမ်းအားအမျာကြီး မသုံးရဲပါဘူး။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အကုန်လုံးကို စုပ်ယူသွားမှာ ကြောက်လို့ပါ။
…
ကြီးမြတ်တဲ့စပါးအုံးစိမ်း ကျဆုံးသွားပြီ။
ဒီသတင်းဟာ ရန်ဒေသကနေ ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသတွေနဲ့ ပြည်ထောင်တွေဆီ တမုဟုတ်ချင်း ပျံ့နှံ့သွားပါတယ်။ ရန်ဒေသက လက်ဝဲဂိုဏ်းရော လက်ယာဂိုဏ်းရော ယွီဂျင်ဂိုဏ်းကို သိကြပါတယ်။ အရင်တုန်းက သူတို့တွေဟာ ယွီဂျင်ဂိုဏ်းကို ကြောက်ရွံ့ခဲ့ကြတာဖြစ်ပေမဲ့ အခုအချိန်မှတော့ လက်ဝဲကျင့်ကြံသူတွေတောင် ယွီဂျင်ဂိုဏ်းကို လေးစားလာကြပါတယ်။
‘ပြိုင်ဘက်ကင်း ကြီးမြတ်တဲ့စပါးအုံးစိမ်းတောင် ယွီဂျင်ဂိုဏ်းမှာ ကျဆုံးသွားတယ်၊ ယွီဂျင်ဂိုဏ်းက ဘယ်လောက်ထိတောင် အင်အားကြီးနေပြီလဲ’
ဟန်ကျွယ်ရဲ့ အကူအညီနဲ့ ယွီဂျင်ဂိုဏ်းဟာ ရန်ဒေသရဲ့ မြင့်မြတ်တဲ့ နယ်မြေဖြစ်ကြောင်း လောကကို ကြော်ငြာလိုက်ပါတော့တယ်။
ဒီသတင်းဟာ တစ်ခြားဒေသတွေကို ပျံနှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။
ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ တိုက်ခိုက်မှုအောက်မှာ ဒေသအသီးသီးက ကျင့်ကြံခြင်းဂိုဏ်းတွေဟာ ခြေကုန်သုတ်ပြေးရတဲ့အတွက် ကျင့်ကြံခြင်းလောကတစ်ခုလုံး ခြောက်သွေ့နေပါတယ်။
အသူရာချောက်ဒေသ၊ ကျန်းဝူဂိုဏ်း။
အသူရာချောက်ဒေသဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ သောင်းကျန်းဖျက်ဆီးမှုကို ခံရပေမဲ့ ကျန်းဝူဂိုဏ်းကတော့ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ရန်ထျန်တုန်းကိုပဲ ဦးတည်လိုက်ဖမ်းတာကြောင့်ပါ။
ကျန်းဝူဂိုဏ်းရဲ့ အထက်ပိုင်းကျင့်ကြံသူတွေဟာ ခန်းမတစ်ခုထဲမှာ စုစည်းနေကြပါတယ်။ သူတို့အားလုံးဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်း ကျဆုံးသွားပြီဆိုတဲ့သတင်းကို ကြားလိုက်ရတဲ့အခါမှာ အံဩထိတ်လန့်သွားကြပါတယ်။
ရှန့်ကွမ်းချိုးကျန့်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းနဲ့ နတ်သတ်အကြီးအကဲ၊ သူတို့တွေ ကောင်းကောင်းကြီး ဖုံးကွယ်နိုင်ခဲ့တာပဲ”
ဟွမ်ဂျိဟောင်ဟာ ရှန့်ကွမ်းချိုးကျန့်နောက်မှာ စိတ်ရှုပ်ထွေးစွာ မတ်တတ်ရပ်နေပါတယ်။ ဟွမ်ဂျိဟောင်ဟာ အခုဆိုရင် ကျန်းဝူဂိုဏ်းရဲ့ အဓိကတပည့်တစ်ဦး ဖြစ်နေပါပြီ။
လူတိုင်းဟာ ရှန့်ကွမ်းချိုးကျန့်ကို ဝိုင်းကြည့်လိုက်ကြပြီး အကြီးအကဲတစ်ဦးက မေးလိုက်ပါတယ် “စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ... အကြီးအကဲက ယွီဂျင်ဂိုဏ်းကို ရောက်ဖူးတာပဲ၊ အဲဒီဂိုဏ်းက အဲဒီလောက်တောင် စွမ်းအားကြီးတာလား”
ရှန့်ကွမ်းချိုးကျန့်ဟာ အကြီးအကဲရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါမှာ မဲ့ပြုံးပြုံးလိုက်ပါတယ် “ကျုပ် အမှန်အတိုင်းပဲ ပြောမယ်၊ ကျုပ် ယွီဂျင်ဂိုဏ်းက နတ်သတ်အကြီးအကဲကို စိန်ခေါ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ဓားတစ်ချက်တည်းနဲ့ ရှုံးနိမ့်ခဲ့လို့ ကျုပ် ဘာမှမပြောဘဲ ငြိမ်နေခဲ့တာ၊ အခုကြည့်ရတာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်လိုက်တဲ့လူက နတ်သတ်အကြီးအကဲပဲ ဖြစ်လိမ့်မယ်”
ကြီးမြတ်တဲ့စပါးအုံးစိမ်း အသတ်ခံလိုက်ရပြီဖြစ်တဲ့အတွက် ရှန့်ကွန်းချိုးကျန့်ဟာ သူ့ရှုံးနိမ့်မှုအကြောင်း ပြောရတာကို သိပ်မခံစားရတော့ပါဘူး။
…
အဝေးမှာရှိနေတဲ့ ယွီဂျင်ဂိုဏ်းထဲက ဟန်ကျွယ်ဟာ မျက်နှာသာပေးမှုတိုးသွားတဲ့ စာအိတ်တွေကို ဆက်တိုက်ဆိုသလို လက်ခံရရှိလိုက်ပါတယ်။
…
ရှန့်ကွန်းချိုးကျန့်ဟာ ဟန်ကျွယ်ကို ရှုံးနိမ့်ခဲ့ရတာက ဂုဏ်ယူစရာတစ်ခုလိုမျိုး သဘောထားလိုက်ပြီး ခါးဆန့်လိုက်ပါတယ်။
“အခုအချိန်ကစပြီး ယွီဂျင်ဂိုဏ်းက ရန်ဒေသရဲ့ မြင့်မြတ်နယ်မြေပဲ၊ ဒေသဆယ်ခုနဲ့ ပြည်ထောင်ကိုးခုရဲ့ မြင့်မြတ်နယ်မြေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ကျန်းဝူဂိုဏ်းက သူတို့ကို အပြစ်ပြုမိလို့မဖြစ်ဘူး၊ ငါတို့တွေ သူတို့နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ရမယ်၊ ငါ့တပည့်ကို ယွီဂျင်ဂိုဏ်းဆီလွှတ်ပြီး ကျန်းဝူဂိုဏ်းနဲ့ အသူရာချောက်ဒေသကိုယ်စား ကျေးဇူးတင်စကားပြောခိုင်းရမယ်”
“ငါတို့တွေ သူတို့နဲ့မတွေ့ခင် လက်ဆောင်ကြီးကြီး ပြင်ထားဖို့လည်းလိုတယ်” ရှန့်ကွမ်းချိုးကျန့်က အခိုင်အမာ ပြောလိုက်ပါတယ်။
အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ကျန်းဝူဂိုဏ်းက ကြီးကြီးမားမားဆုံးရှုံးထားတာ၊ ဒီလိုအချိန်မှာ ငါတို့တွေက ယွီဂျင်ဂိုဏ်းက ဖော်လန်ဖားလုပ်ရင် တပည့်တွေက ဘယ်လိုတွေးမလဲ”
ရှန့်ကွမ်းချိုးကျန့်ဟာ အဲဒီအကြီးအကဲကို စိုက်ကြည့်ပြီး အော်ပြောလိုက်ပါတယ် “နိုးထတော့... ဘာတွေတွေးနေတာလဲ၊ အများအမြင်နဲ့ ကြည့်ရင် ယွီဂျင်ဂိုဏ်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ကယ်တင်ထားတာ၊ ငါတို့တွေက သူတို့ကို ကျေးဇူးမတင်သင့်ဘူးလား၊ ကျန်းဝူဂိုဏ်းနေရာကနေ ကြည့်ရင်လည်း ယွီဂျင်ဂိုဏ်းက အခုအချိန်ကစပြီး ကျင့်ကြံသူတွေအကုန်လုံး မျှော်ကြည့်ရမဲ့ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာမှာ၊ ငါတို့တွေ ခြေလှမ်းနှေးနေရင် တစ်ခြားဂိုဏ်းတွေက ရှေ့ရောက်သွားလိမ့်မယ်၊ ယွီဂျင်ဂိုဏ်း အင်အားကြီးလာတာနဲ့ တစ်ချို့ဂိုဏ်းတွေက ယွီဂျင်ဂိုဏ်းအင်အားကိုသုံးပြီး တစ်ခြားလူတွေကို ဖိအားပေးလိမ့်မယ်၊ အဲဒါကြောင့် ငါတို့တွေ စောစောသွားလေ ပိုကောင်းလေပဲ”
ရှန့်ကွမ်းချိုးကျန့်ရဲ့စကားဟာ အကြီးအကဲတွေကို တစိမ့်စိမ့်တွေးဆသွားစေပါတယ်။
…
နဂါးကိုးကောင်ဂိုဏ်း။
သူ့တပည့်ရဲ့ အစီရင်ခံမှုကို ကြားပြီးတဲ့နောက်မှာတော့ ဟွမ်ဇွမ်တျန်ဟာ သူ့တပည့်ကို အပြင်ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ အခန်းထဲမှာ တစ်ယောက်တည်း ကျန်တော့မှာ ဟွမ်ဇွမ်တျန်ရဲ့ မျက်နှာမှာ လေးစားတဲ့အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ်။
“စီနီယာက တကယ့်စီနီယာပဲ၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းတောင် စီနီယာရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ငါ နဂါးကိုးကောင်ဂိုဏ်းကို ယွီဂျင်ဂိုဏ်းဆီ ပေးလိုက်ရင်ကောင်းမလား” ဟွမ်ဇွမ်တျန်ဟာ သူ့ဘာသာရေရွတ်လိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ နောက်နေတာ မဟုတ်ပါဘူး။ အဲဒီလို တကယ်တွေးနေတာပါ။ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ လက်ချက်နဲ့ နဂါးကိုးကောင်ဂိုဏ်းဟာ အပိုင်းပိုင်းကွဲသွားပြီး ခြေဦးတည့်ရာကို ထွက်ပြေးခဲ့ရပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဒီလိုဂိုဏ်းမျိုးမှာ ဂိုဏ်းချုပ် ထပ်မလုပ်ချင်တော့ပါဘူး။
ဒါ့အပြင် ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ သေဆုံးမှုက ဟွမ်ဇွမ်တျန်ကို သူ့စီနီယာလို ကြိုးကုတ်ကြိုးခဲကျင့်ကြံမှ လုံခြုံမယ်ဆိုတာကို သဘောပေါက်သွားစေခဲ့ပါတယ်။
ကျင့်ကြံသူတွေဟာ ထာဝရအသက်အတွက်ပဲ ကျင့်ကြံသင့်ပါတယ်။ ကျင့်ကြံခြင်းဂိုဏ်းဆိုတာက ကျင့်ကြံသူတွေရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးတဲ့ နေရာတစ်ခုသာ ဖြစ်ပါတယ်။ ကျင့်ကြံခြင်းဂိုဏ်းတွေက အာဏာအတွက် ကျင့်ကြံကြမယ်ဆိုရင် သေမျိုးလောကမှာရှိတဲ့ လူဆိုးဂိုဏ်းတွေနဲ့ ဘာမှမခြားနားတော့ပါဘူး။
ဟွမ်ဇွမ်တျန်ဟာ အာဏာရဲ့ ချည်နှောင်မှုကို ထပ်ပြီး မခံချင်တော့ပါဘူး။ ဟန်ကျွယ်လိုပဲ ကျင့်ကြံအားထုတ်ချင်ပါတော့တယ်။
…
တာအိုသခင်ကျွယ်ရန်၊ ပြဒါးငှက်နဲ့ မော့ယိုလင်းတို့ကို တစ်ယောက် ခုနစ်ရက်စီ ကျိန်စာတိုက်ပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ကျေနပ်အားရစွာ သိမ်းဆည်းလိုက်ပါတယ်။
မိုးမြေမြက်ပင်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... ဘာလုပ်နေတာလဲဟင်”
“မိုးမြေတစ်ခွင်မှာရှိတဲ့ မဟာတာအိုကို သိမြင်နားလည်အောင် ကြိုးစားနေတာ၊ ဒီစာအုပ်မှာ ဘာစာလုံးမှ မရှိသလို ဘာလျှို့ဝှက်ချက်မှာလည်း မရှိဘူး၊ အဲဒါကြောင့်ပဲ ငါ့စိတ်ကို အတွေးကြားထဲ နစ်မြောနိုင်တာ”
မိုးမြေမြက်ပင်က ဟန်ကျွယ်စကားကို နားလည်ပုံရပါတယ်။ ဘာမှ ထပ်မပြောတော့ပါဘူး။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်ပြီး အဖြူရောင်ကျောက်စိမ်းအိုးကို မြေကြီးထဲ စိုက်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက်အားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်လိုက်ပေမဲ့ သိပ်ပြီးတော့ မပျော်ပါဘူး။ ကျင့်ကြံခြင်းလမ်းမှာ ရန်သူအချို့ကို သတ်ပစ်ရတာက သာမန်ကိစ္စတစ်ခုပါ။ ဟန်ကျွယ်ဟာ ဒီကိစ္စကြောင့်ဖြစ်လာတဲ့ သက်ရောက်မှု အမြန်ဆုံးပျောက်ကွယ်သွားဖို့ မျှော်လင့်နေပါတယ်။ ဒါမှလည်း ပြဿနာနည်းမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက မထွက်ဘဲ တစိုက်မတ်မတ် ကျင့်ကြံအားထုတ်ပါတယ်။ လီချင်းဇဲ့ရဲ့ စီစဉ်မှုအောက်မှာ ဘယ်သူကမှ ဟန်ကျွယ်ကို မနှောင့်ယှက်ရဲပါဘူး။
ယွီဂျင်ဂိုဏ်းဟာ တဖြည်းဖြည်း စည်းကားလာပါတယ်။ ယွီဂျင်ဂိုဏ်းမှာ ကြီးမြတ်တဲ့စပါးအုံးစိမ်း ကျဆုံးသွားတယ်ဆိုတဲ့သတင်း ဒေသအသီးသီးကို ပျံ့နှံ့သွားတာနဲ့ လက်ယာလက်ဝဲ ဂိုဏ်းအသီးသီးဟာ ယွီဂျင်ဂိုဏ်းကို လာရောက်ပြီး လူသားမျိုးနွယ်စုရဲ့ ရန်သူတော်ကြီးကို နှိမ်နင်းပေးတဲ့အတွက် ကျေးဇူးတင်စကား လာပြောကြပါတယ်။ တစ်ခြားဒေသက ဂိုဏ်းတွေတောင် ယွီဂျင်ဂိုဏ်းကို ရောက်လာကြပါတယ်။
ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်ဆီ သွားလည်ချင်ပေမဲ့ အတားခံလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကဲတွေကပဲ သူ့ကို လက်ခံကြိုဆိုပါတယ်။
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း အချိန်ရှစ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဆီ လီချင်းဇဲ့အလည် ရောက်လာပြန်ပါတယ်။ လီချင်းဇဲ့ဟာ ဟန်ကျွယ်ကို တွေ့တဲ့အခါ အရင်ကထက် ပိုပြီးတော့ လေးစားစွာ ဆက်ဆံပါတယ်။
“အကြီးအကဲဟန်... အကြီးအကဲတွေက ဂိုဏ်းနာမည်ကို ယွီဂျင်ဂိုဏ်းတော်ကြီးဆိုပြီး နာမည်ပြောင်းဖို့ အကြံပေးနေကြတယ်၊ ရန်နိုင်ငံရဲ့ ဧကရာဇ်ကလည်း ကိုယ်တိုင်ကိုယ်ကျလာလည်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးဆိုတဲ့ နာမည်ကို အရမ်းကောင်းကြောင်း ပြောသွားတယ်၊ အကြီးအကဲဟန် ဘယ်လိုသဘောရလဲ” လီချင်းဇဲ့က မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ဒီလိုကိစ္စတွေကို ကိုယ့်ဘာသာဖြေရှင်းလေ၊ ကျုပ်ဆီ ယူမလာနဲ့”
ယွီဂျင်ဂိုဏ်းတော်ကြီးဆိုတဲ့ နာမည်က ပိုပြီးကျက်သရေရှိပြီး မြင့်မြတ်တဲ့နယ်မြေနဲ့ သင့်လျော်တဲ့ နာမည်တစ်ခုပါ။ ဒီနာမည်က ကျင့်ကြံသူအများကြီးကို ပိုပြီးတော့ ဆွဲဆောင်နိုင်မှာပါ။
“နောက်ပြီးတော့ ကျုပ် ဘိုးဘေးကို ပြန်လာဖို့ သတင်းစကားပါးလိုက်တယ်၊ ဘိုးဘေးက ပြန်လာဖို့ သဘောတူတယ်၊ ဒီနှစ်အနည်းငယ်အတွင်းမှာ ဘိုးဘေးပြန်လာပြီး ဂိုဏ်းချုပ်ရာထူးကို ပြန်ယူလိမ့်မယ်၊ ကျုပ် အစောကြီး မသေချင်သေးဘူး၊ အဲဒါကြောင့် ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး ထာဝရအသက်အတွက် တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်”
လီချင်းဇဲ့ဟာ ရင်ထဲမှာ နည်းနည်းလေး ကသိကအောက် ဖြစ်သွားတာကြောင့် သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို ထိုးဖောက်မြင်တာကြောင့် အခုလို ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်ရာထူးကို လွှဲအပ်ပြီးရင် ဝီရိယတောင်မှာ လာအားထုတ်နိုင်တယ်၊ ကျင့်ကြံခြင်းလိုဏ်ဂူကတော့ ကိုယ်ဘာသာ ဖန်တီးယူ”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။