ပြိုင်ပွဲ (၂)
Vol. 001 Ch. 48
“ကြွားလိုက်တာ ... ဂိုဏ်းတူ အစ်ကိုကျောက် ... ဂိုဏ်းကို ဂုဏ်ယူရအောင် သူကို ကောင်းကောင်း ရိုက်ပြီး ဆုံးမပေးပါ ... “
“ဟုန်ယွီဂိုဏ်းက ဘယ်လောက်တောင် သန်မာလဲ ပြလိုက်ပါ အစ်ကိုကျောက် ... “
“ရွှမ်တောက်ဂိုဏ်းက စိတ်ကြီး ဝင်နေတာပဲ ... စွမ်းအားကိုတောင် ၅၀ရာခိုင်နှုန်းပဲ သုံးခိုင်းတယ်ဆိုတော့ အစ်ကိုကျောက် သူ့ကို ပြင်းပြင်းထန်ထန်လေး ရိုက်ပေးပါ ... “
“ရွှမ်တောက်ဂိုဏ်းက ကလိမ်ကကျစ် လုပ်တာပဲ ... သူတို့ရှုံးရင်တောင် အကြောင်းပြချက် ပေးလို့ ကောင်းအောင် လုပ်ထားတာ ... အစ်ကိုကျောက် အားပေးနေမယ် ... “
ဟုန်ယွီဂိုဏ်း၏ တပည့်အားလုံး ကျွဲမြီးတို ကုန်ကြ၏။ ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ အိုးယန် ပြောလိုက်သည့် စကားက သူတို့ကို စော်ကား လိုက်သည်နှင့် တူသည်။
ဟုန်ယွီဂိုဏ်းမှ အကြီးအကဲများ၏ မျက်နှာများလည်း မည်းမှောင်သွား၏။ သူတို့က ဘာမှမပြော ကြသော်လည်း သူတို့၏ မျက်လုံးများက ရွှမ်တောက်ဂိုဏ်းကို အေးစက်စက် ကြည့်နေလေသည်။
စွန်းတဇူးက ရယ်မော လိုက်သည်။ ဝမ်လင်းကို သူက ပြုံးပြီး ပြောလိုက်သည် ... “တပည့် ... သေချာကြည့်ထား ... ဒီပြိုင်ပွဲက အရင်ကထက် ပိုပြီး ပြင်းထန်လိမ့်မယ် ... ရွှမ်တောက်ဂိုဏ်းက ဒီလိုဝံ့ကြွားတာ ပထမဆုံးအကြိမ်ပဲ ... “
ဝမ်လင်းက ဒေါသထွက်နေသော ပင်မတပည့်များနှင့် လျိုဖန်းကို တစ်လှည့်စီ ကြည့်လိုက်၏။ လျိုဖန်း၏ ကိုယ်ပေါ်တွင် ကျင့်ကြံချင်း အဆင့်ကို မမြင်ရစေရန် ကာကွယ်ပေးထားသော အနက်ရောင်မြူ အလွှာတစ်ခု ရှိနေသည်။
လျိုဖန်းက စင်မြင့်ပေါ်တွင် ရပ်လျက် ညင်သာစွာ ပြောလိုက်သည် ... “အစ်ကိုကျောက် ... အကြီးအကဲ ပြောသလိုပဲ ငါ့ရဲ့စွမ်းအားကို ၅၀ရာခိုင်နှုန်းပဲ ထုတ်သုံးပါမယ် ... “
ကျောက်လုံး၏ အရပ်က သာမန်သာရှိပြီး သူ့အသားအရောင်က နက်မှောင်ကာ သူ့ခန္ဓာကိုယ်က အလွန်ကြံခိုင်၏။ သူ့ပုံစံက ကျင့်ကြံသူထက် သေမျိုးကမ္ဘာ စစ်သည် တစ်ယောက်နှင့် ပိုတူသည်။
ကျောက်လုံက လျိုဖန်းကို လေးလေးနက်နက် ကြည့်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည် ... “အစ်ကိုလျို ... ကျေးဇူးပြု၍ ... “ သူက စကားဆုံးသည်နှင့် တစ်လှမ်းလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ဘေးတွင် အဖြူရောင် ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်လာသည်။
အဖြူရောင် ကြာပန်းများ ပေါ်တွင် အဖြူရောင် ဓားချီများကို ပေါ်နေပြီး ကျောက်လုံ၏ အဝတ်အစားများကလည်း တဖျပ်ဖျပ် လွှင့်ပျံနေသည်။
ဂိုဏ်းခေါင်းဆောင် ဟွမ်လုံက ပြုံးလိုက်သည် ... “ကျောက်လုံရဲ့ ကြာပန်းဓားသွားက အလယ်အလတ် အဆင့်ကို ရောက်နေပြီး ... အရမ်းကောင်းတယ် ... “
မျက်နှာနီနီနှင့် အကြီးအကဲကလည်း ဂုဏ်ယူသည့် ဟန်ဖြင့် ပြောလိုက်သည် ... “ဟဟ ... ဂိုဏ်းခေါင်းဆောင် ... ကျောက်လုံးက ငါ့ရဲ့ အချစ်ဆုံး တပည့်ပဲ ... အဲဒီ ကြာပန်းဓားသွားက ဓားစံအိမ်ကနေ သူကိုယ်တိုင် ယူလာခဲ့တာ ... ငါးနှစ်ကြာလောက် လေ့ကျင့်ပြီးတော့မှ အလယ်အလတ် အဆင့်ကို ရောက်တာ ... “
အကြီးအကဲ ရှုကလည်း ပင်မတပည့်များကို ကြည့်ပြီး ပြောလိုက်၏ ... “ကြာပန်းဓားသွားက သူ့ရဲ့တိုက်ခိုက်မှု စွမ်းအားကြောင့် ကျော်ကြားတယ် ... မင်းတို့ တစ်တွေလည်း အခု သေချာကြည့်ပြီး သူ့ဆီကနေ သင်ယူကြ ... ဒီအခွင့်အရေးကို လက်မလွှတ်စေနဲ့ ... “
ဝမ်ကျောက်က မျက်မှောင်ကြုတ် သွား၏။ သူ့ပါးစပ်က ဘာမှမပြောသော်လည်း သူ့စိတ်တွင်မူ ကြုံးဝါးနေသည် ... ‘ဟမ့် ... ဒါလား ငါ သိတာပေါ့ ... ငါ့ကိုသာ ၅နှစ် ပေးလိုက်စမ်းပါ ... သူ့ထက်သာအောင် လုပ်ပြမယ် ... ‘
‘အစ်ကိုကျောက်က အမြဲတမ်းလိုလို တိတ်ဆိတ်နေတာပဲ ... သူ ကြာပန်းဓားသွား အလယ်အလတ် အဆင့်ကို ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး ... ‘ စွန်းဟိုက မလိုနာစွာဖြင့် စိတ်ထဲမှ တွေးလိုက်ပြီး ပြိုင်ပွဲကို ဂရုတစိုက် ကြည့်နေလိုက်သည်။
စင်မြင့်ပေါ်တွင် ကျောက်လုံက အော်ပြောလိုက်သည် ... “အစ်ကိုလျို ... ဒီကြာပန်းဓားသွားက အလွန်ပဲ စွမ်းအားပြင်းတယ်နော် ... ဂရုစိုက်ပါ ... “
ပြောပြီးသည်နှင့် သူ့ဘေးမှ လေထဲတွင် ရှိနေသည့် ကြာပန်းများက လျင်မြန်စွာ လှည့်ပတ်လာပြီး ဓားချီများက မိုးရွာသကဲ့သို့ လျိုဖန်းထံ အရှိန်ဖြင့် ပြေးဝင်သွား၏။
လျိုဖန်း အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး သူ့လက်ဖြင့် ပုံစံတစ်ခု ဖော်ထုတ်ကာ အော်လိုက်သည် ... “ရေအကာအကွယ် ... “
ထိုအချိန်တွင် ကောင်းကင်က မှောင်လာပြီး အလင်းရောင် အစက်အပြောက်လေးများ ပေါ်ထွက်လာသည်။ ထိုအရာများသည် ရေစက်များ ဖြစ်၏။
ရေစက်များက လျင်မြန်စွာ လျိုဖန်း၏ ရှေ့တွင် စုစည်းသွားပြီး ရေအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ရေအလွှာ အကာအကွယ်က သက်တံရောင် တောက်ပနေ၏။
အကြီးအကဲ အိုးယန်က ယဲ့ယဲ့လေးပြုံးပြီး တပည့်များကို ပြောလိုက်သည် ... “ဟုန်ယွီဂိုဏ်းရဲ့ ကြာပန်းဓား သွားနည်းစနစ်က ကျွမ်းကျင်ဖို့ အလွန်ခက်ခဲတယ် ... မင်းတို့အားလုံး မှတ်ထားပါ ... ထိပ်တိုက် ရင်ဆိုင်ဖို့ မကြိုးစားရဘူး ... ရှောင်ရမယ် ... လျိုဖန်းက မင်းတို့နဲ့ မတူဘူး ... သူ့မှာ သန့်စင်တဲ့ ရေစိတ်ဝိညာဉ် အရင်းအမြစ် ရှိတယ် ... ဒါ့ကြောင့်သူက ရေတွေကို အလိုရှိသလို ထိန်းချုပ်နိုင်တယ် ... “
နောက်တွင် ရှိနေသည့် လူကြီးမှလွဲ၍ တပည့်အာလုံးက အကြီးအကဲ အိုးယန်၏ စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြ လိုက်၏။ ထိုလူကြီး၏ မျက်နှာတွင် အထင်သေးသည့် အမူအရာများ ပေါ်နေသည်။
စင်မြင့်ပေါ်တွင် ကျောက်လုံ၏ ဓားချီများက လျိုဖန်း၏ ရေအကာအကွယ်ပေါ်သို့ ဆက်တိုက် ကျဆင်းနေ၏။ ကျောက်လုံ၏ မျက်နှာ အရောင်ပြောင်း သွားသည်။ လျိုဖန်း၏ ရေအကာအကွယ်က အလွန်ထူးဆန်းနေ၏။ ရေအကာအကွယ်ပေါ်သို့ ဓားချီများ ကျရောက် သွားသော်လည်း ဘာမှမဖြစ်သကဲ့သို့ ဓားချီများက ပျောက်ကွယ်သွားသည်။
သူက မျက်မှောင်ကြုတ် လိုက်ပြီး ကြာပန်းဓားသွားကို နောက်တစ်ကြိမ် ထပ်သုံးရန် ပြင်လိုက်စဉ်တွင် လျိုဖန်း၏မျက်နှာမှ အပြုံးကို မြင်လိုက်၏။
လျိုဖန်းက ပြောလိုက်သည် ... “အစ်ကိုကျောက် ... ဒီကြာပန်းဓားသွားကိုလည်း ကြိုးစားပြီး ခုခံကြည့်ပါဦး ... “
ရေအကာအကွယ်ထဲမှ ဓားချီများက ကျောက်လုံဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ နည်းစနစ်လည်း တူသည်။ ဓားချီကအစ တူသည်။
ကျောက်လုံ၏ မျက်နှာအရောင် ပြောင်းသွား၏။ သူက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်သော်လည်း ဓားချီများက အလွန် လျင်မြန်လွန်းလှသည်။ သူက အံကြိတ်လိုက်ပြီး အဝါရောင် အဆောင်စာရွက် တစ်ရွက်ကို သိုလှောင်အိတ်ထဲမှ ထုတ်ကာ ပစ်လွှတ်လိုက်၏။ အဝါရောင် အဆောင်စာရွက်လေးက ပြေးထွက်သွားပြီး အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
ဓားချီများက အနက်ရောင် မြူခိုးပေါ်သို့ ကျရောက် သွားသည်နှင့် ဓားချီများက ပျောက်ကွယ် သွား၏။ အနက်ရောင်မြူများသည် ဓားချီအများစုကို ဖျက်ဆီး ပေးပြီးနောက် ပျောက်ကွယ်သွားကာ ကျန်နေသေးသော ဓားချီများက ကျောက်လုံ၏ကိုယ်ကို ဖောက်ထွက်သွား၏။
ဓားချီများကြောင့် ကျောက်လုံ၏ ခန္ဓာကိုယ်က လေထဲသို့ လွှင့်ပျံသွားပြီး လေထဲ၌ပင် သွေးများ အန်ထုတ် လိုက်ရသည်။ သူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ မတ်တတ်ရပ်ရန် အပြင်းအထန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ထရပ်နိုင်ဖို့ကိုပင် အရှုံးပေးလိုက်ရ၏။
သူ့ခန္ဓာကိုယ် အနှံ့အပြားတွင် အပေါက်ငယ်လေးများ အများအပြား ရှိနေသော်လည်း အသက် အန္တရာယ်ကိုတော့ စိုးရိမ်စရာ မရှိပေ။
လျိုဖန်းသည် အလွန်ဂုဏ်ယူ ဝင့်ကြွားသော အမူအရာနှင့် ရှိနေပြီး စင်မြင့်ပေါ်မှာ ဆင်းသွားပြီးနောက် အကြီးအကဲ အိုးယန်ကို ပြောလိုက်၏ ... “ဆရာ့စကားအတိုင်း တန်ပြန်ရေ တိုက်ကွက်ပေါ်မှာ တပည့်အစွမ်းရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပါတယ် ... “
မျက်နှာနီနီနှင့် အကြီးအကဲ၏ ခန္ဓာကိုယ်က လျင်မြန်စွာ လှုပ်ရှားသွားပြီး ကျောက်လုံ၏ ခန္ဓာကိုယ်နားသို့ ရောက်သွား၏။ သူ၏မျက်နှာ အမူအရာက လွန်စွာ အရုပ်ဆိုး အကျည်းတန်နေပြီး ကျောက်လုံး၏ ကိုယ်ကို အနည်းငယ် ပုတ်လိုက်သည်။ ထို့နောက် အဖိုးတန်သော ဆေးဝါးတချို့ တိုက်ကျွေး လိုက်ပြီးနောက် ပြောလိုက်သည် ... “ကောင်းလိုက်တဲ့ ရေအကာအကွယ် ... အလွှာ၈က လူတွေတောင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး ... ငါ့တပည့်က အဲ့လောက် မသန်မာသေးတာမို့ ရှုံးတာက သာမန်ပါပဲ ... “
ရွှမ်တောက်ဂိုဏ်းမှ တပည့်များ အားလုံး၏ မျက်နှာတွင် ပျော်ရွှင်သည့် အမူအရာများ ရှိနေပြီး တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ ပြောဆိုနေကြသည်။
“အလွှာ ၆ အဆင့်နဲ့ သူမို့လို့ အစ်ကိုလျိုဖန်းကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတယ် ... အဲ့ကတည်းက ငါ သိလိုက်တယ် ... ငါတို့ တစ်ပွဲနိုင်ပြီလို့ ... “
“မှန်တယ် ... အစ်ကိုလျိုရဲ့ရေ အကာအကွယ်က အလွန်စွမ်းအား ကောင်းတယ် ... အကြီးအကဲတွေ တောင်မှ ချီးမွမ်းရတယ် ... သူတို့က ရေအကာအကွယ်ကို ဖျက်ဆီးနိုင်မယ် ဆိုပြီး အိပ်မက် မက်နေတယ် ... ဟမ့် “
“မှန်တယ် ... ဟုန်ယွီဂိုဏ်းရဲ့ တပည့်တွေက တစ်နှစ်ပြီးတစ်နှစ် အားနည်းလာတယ် ... လွန်ခဲ့တဲ့ရက် အနည်းငယ် ကတည်းက ပင်မတပည့်တွေကို ငါလိုက်ကြည့်တာ ... တစ်ယောက်မှ ငါတို့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး ... “
“ဒါက အကုန်မမှန်ဘူး ... ဟုန်ယွီဂိုဏ်းရဲ့ ခရမ်းရောင်ဝတ် တပည့်တွေ ထွက်မလာသေးဘူး ... အကြီးအကဲတွေ ပြောတာ သူတို့ကမှ ဂိုဏ်းရဲ့ အဓိက လက်ရွေးစင် တပည့်တွေတဲ့ ... “
***