← Chapters

အတိဒုက္ခဖြတ်ကျော်အဆင့်

Vol. 8 Ch. 112

အတိဒုက္ခဖြတ်ကျော်အဆင့်

Vol. 8 Ch. 112

အခန်း (၁၁၂) အတိဒုက္ခဖြတ်ကျော်အဆင့်

အတွင်းဂိုဏ်းမြို့ တည်းခိုခန်းတစ်ခုအတွင်း။

ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို တွေ့လိုက်ရပါတယ်။ နတ်ဆိုးမရဲ့ မျက်နှာ အရင်တုန်းကလိုပါပဲ။ လှလည်းမလှသလို ရုပ်လည်း မဆိုးပါဘူး။ သာမန်ကာလျှံကာ ရုပ်ရည်မျိုးပါ။

ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် နဝမမအဆင့်ကို ရောက်နေပေမဲ့ ရွှမ်ချင်းကျွင်းကို ရင်ဆိုင်ရတဲ့အခါ ရင်မထိတ်ဘဲ မနေနိုင်ပါဘူး။ ဟန်ကျွယ်ဟာ သူ့စိတ်ဝိညာဉ်ရတနာတွေကို အဆင်သင့်အသုံးပြုလို့ရအောင် ပြင်ဆင်ထားပါတယ်။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ ထပ်ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှမ်ရှီရှီက သူ့ကို နတ်သတ်အကြီးအကဲမှန်း သိသွားလို့ပါပဲ။ ဒါကြောင့် ရွှမ်ချင်းကျွင်းလည်း ဒီအကြောင်းကို သိပြီးနေလောက်ပါပြီ။

“ရှင်က ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲလား၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းကိုလည်း ရှင်ပဲ သတ်လိုက်တာလား” ရွှမ်ချင်းကျွင်းဟာ အရက်ခွက်ကို လှည့်ရင်း မေးလိုက်ပါတယ်။ ရွှမ်ချင်းကျွင်းရဲ့ မျက်နှာက လုံးဝတည်ငြိမ်နေတာမှာ ဘာတွေးနေတယ်ဆိုတာကို မှန်းဆလို့မရပါဘူး။

ဟန်ကျွယ်ဟာ မဆိုစလောက် ခေါင်းညိတ်ပြလိုက်ပါတယ်။ ရင်ထဲမှာတော့ ဟန်ကျွယ်ဟာ နည်းနည်းလန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှမ်ချင်းကျွင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ ရည်ရွယ်ချက်ကို နားမလည်လို့ပါပဲ။ ဒီထက်ပိုပြီး အရေးကြီးတာက အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို လုံးဝရှုံးနိမ့်ခဲ့ပါတယ်။

ဒီနတ်ဆိုးမက တိုက်ပွဲထဲမှာ တစ်ခြားလူတစ်ယောက်လို လုံးဝပြောင်းလဲသွားပြီး အရမ်းပဲ ကြောက်စရာ ကောင်းပါတယ်။ သူ့ကို နတ်ဆိုးသခင်လို့ ခေါ်ကြတာလည်း အံဩစရာမရှိပါဘူး။

“ကျွန်မ ရှင့်ကို အထင်သေးခဲ့တာပဲ၊ ရှင်က ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်နိုင်တယ်ဆိုတော့ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်သွားပြီလား” ရွှမ်ချင်းကျွင်းက မေးလိုက်ပါတယ်။

ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို ထိုးဖောက်မမြင်နိုင်ပါဘူး။ စနစ်ရဲ့ဖုံးကွယ်မှုအောက်မှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အမြဲတမ်း အခြေခံအဆင့် နဝမတန်းပဲ ဖြစ်နေပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြန်ဖြေလိုက်ပါတယ် “ငါ ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်ကို ရောက်တာ သိပ်မကြာသေးဘူး”

ရွှမ်ချင်းကျွင်းဟာ‌ နောက်ဆုံးမှာတော့ ပြုံးလိုက်ပါတယ် “ရှင်က ရှားပါးပါရမီရှင်ပဲ၊ ဒါလည်းကောင်းတယ်၊ အခုရှင့်က ကျွန်မရဲ့ တာအိုလက်တွဲဖော်ဖြစ်ဖို့ ပိုပြီးသင့်တော်သွားပြီ”

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် သင့်အပေါ်တွင် မျက်နှာသာပေးမှု တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု:ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် စိတ်သက်သာရာ ရသွားပါတယ်။

ရွှမ်ချင်းကျွင်းဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဆေးပုလင်းသုံးပုလင်း စားပွဲပေါ်မှာ ပေါ်လာပါတယ်။

“ဒီ‌‌ဆေးတွေ အကုန်လုံးက အတိဒုက္ခဖြတ်ကျော်အဆင့်ကို ကျင့်ကြံဖို့အတွက် အရမ်းအသုံးဝင်တယ်၊ ယူထားလိုက်... ခစ်..ခစ်...”

ဟန်ကျွယ်ဟာ အားနာတက်တဲ့လူစားမျိုး မဟုတ်တာကြောင့် ဆေးပုလင်းသုံးပုလင်းကို ကောက်ယူကာ မေးလိုက်ပါတယ် “မင်းက ငါ့အတွက် လာခဲ့တာလား”

“ဟုတ်လည်းဟုတ်တယ် ဟုတ်လည်းမဟုတ်ဘူး၊ ကျွန်မက ဒီကို ကြီးမြတ်တဲ့စပါးအုံးစိမ်းကိစ္စနဲ့ ရောက်လာတာ၊ ဒီနတ်ဆိုးက နောက်ခံတောင့်တယ်၊ ကျွန်မက သူ့အတွက် လက်စားချေပေးမလို့ ဒီကိုရောက်လာတာ၊ အခုအချိန်ကစပြီး ဘယ်သူပဲမေးမေး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ရှင်သတ်လိုက်တာလို့ မပြောနဲ့၊ ကျွန်မက ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်လိုက်တဲ့လူကို သတ်ပြီးပြီ၊ ရှင် နားလည်လား”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘တာအိုသခင်ကျွယ်ရန်က သေမျိုးလောကနဲ့ အဆက်အသွယ် ရှိနေသေးတာလား၊ ကောင်းကင်ဘုံဝင် ကျင့်ကြံသူကိုတောင် ကိုယ်တိုင်လှုပ်ရှားခိုင်းတယ်ဆိုတော့ ဒီကိစ္စက မရိုးရှင်းဘူးပဲ’

ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရဲ့ စိုးရိမ်မှုကို မြင်သွားတာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “ရှင် ဝန်မခံသမျှကာလပတ်လုံး ကျွန်မ အဲဒီလူတွေကို တားထားနိုင်တယ်၊ ဘာမှမစိုးရိမ်ဘဲ အေးအေးဆေးဆေးသာ ကျင့်ကြံအားထုတ်ချည်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားပါတယ်။

ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို အပြုံးနဲ့ စိုက်ကြည့်နေပါတယ်။ ဟန်ကျွယ်ဟာ ကသိကအောက် ဖြစ်သွားတာကြောင့် တစ်နေရာကို ပြောင်းကြည့်လိုက်ပါတယ်။

တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ဟာ ရွှေရောင်သစ်သားတုတ်ချောင်းကို ထုတ်ယူလိုက်ပါတယ် “ဒီဟာက ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ရတနာပဲ၊ ငါ မင်းကို ပေးလိုက်မယ်၊ ဒီရတနာက မရိုးရှင်းဘူး”

ဟန်ကျွယ် ရွှေရောင်သစ်သားတုတ်ကို ရွှမ်ချင်းကျွင်းဆီ ပေးလိုက်ရတာက ဆက်သိမ်းထားရင် ပြဿနာတက်မှာစိုးလို့ပါ။

ရွှမ်ချင်းကျွင်းဟာ မျက်ခုံးပင့်တက်သွားပြီး ပြုံးလိုက်ပါတယ် “ဒီရတနာက သာမန်မဟုတ်ဘူး၊ ကျွန်မ ဒါကို ပြန်ယူသွားရင် ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သတ်လိုက်တဲ့လူကို ကျွန်မ သတ်လိုက်ပြီဆိုတာ သူတို့တွေ ယုံကြည်ကြလိမ့်မယ်”

ရွှမ်ချင်းကျွင်းဟာ စကားဆုံးတာနဲ့ ‌ရွှေရောင်သစ်သားတုတ်ချောင်းကို သိုလှောင်လက်စွပ်ထဲမှာ သိမ်းဆည်းပြီး မတ်တတ်ရပ်လိုက်ပါတယ်။

“ဒီကမ္ဘာက အပြောင်းလဲကြီး ပြောင်းလဲတော့မှာ၊ ကျင့်ကြံမှုကိုသာ အာရုံစိုက်၊ ရှင်က ကျွန်မရဲ့ တာအိုလက်တွဲဖော်ပဲ၊ ဒီကမ္ဘာတစ်ခုလုံး ပျက်စီးသွားရင်တောင် ကျွန်မ ရှင့်ကို ကာကွယ်နိုင်တယ်”

ရွှမ်ချင်းကျွင်းဟာ ပြတင်းပေါက်ဆီကို လျှောက်သွားပြီး ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။

ဟန်ကျွယ်က ချက်ချင်းပဲ မေးလိုက်ပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်းအတွက် လက်စားချေလိုတဲ့သူရဲ့နာမည်ကို သိလို့ရမလား”

ရွှမ်ချင်းကျွင်းဟာ ခြေလှမ်းရပ်လိုက်ပြီး ဟန်ကျွယ်ကို လှည့်ကြည့်လိုက်ပါတယ် “လော့ချင်းမော့” အဲဒီနောက် ရွှမ်ချင်းကျွင်းဟာ ပြတင်းပေါက်ကနေ ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ရှာဖွေတဲ့အခါမှာ ရွှမ်ချင်းကျွင်းက ယွီဂျင်ဂိုဏ်းရဲ့ မိုင်တစ်ရာပတ်လည်မှာ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

‘ထွက်သွားတာ မြန်လှချည်လား’

ဟန်ကျွယ်လည်း ချက်ချင်းမတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး လော့ချင်းမော့ကို စတင်ကျိန်စာတိုက်ပါတော့တယ်။

…

သုံးနှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်ရဲ့ ထိပ်ဆုံးထိရောက်အောင် မြှင့်တင်လိုက်ပါတယ်။ အဲဒီနောက် အတိဒုက္ခဖြတ်ကျော်အဆင့်ကို ထိုးဖောက်ဖို့ ပြင်ဆင်ပါတယ်။

လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ မှတ်တမ်းအရ အတိဒုက္ခဖြတ်ကျော်အဆင့်အတွက် ကောင်းကင်စမ်းသပ်မှုဟာ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်တုန်းကထက် အချိန်အများကြီး ပိုကြာပြီး အဆများစွာလည်း စွမ်းအားကြီးပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဟန်ကျွယ် ရင်ဆိုင်ရမဲ့ ကောင်းကင်စမ်းသပ်မှုက သူများတွေထက် ပိုပြီးတော့အားကောင်းမှာပါ။ ဒါကြောင့် ဟန်ကျွယ်သာ နတ်ဆိုးတစ်သောင်းနယ်မြေမှာ ‌ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်မယ်ဆိုရင် နတ်ဆိုးတစ်သောင်းနယ်မြေတစ်ခုလုံး ပျက်စီးကောင်း ပျက်စီးသွားနိုင်ပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး လိုဏ်ဂူအပြင်ကို ထွက်လိုက်ပါတယ်။

ငရဲကြက်နက်၊ ရန်ထျန်တုန်း၊ ရွှင်ချန်အန်းနဲ့ မုရုံချီတို့ဟာ ကျင့်ကြံနေကြတုန်းပါ။

ဟန်ကျွယ်နဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ တိုက်ပွဲပြီးကတည်းက ဒီလေးယောက်ဟာ ကြိုးကုတ်ကြိုးခဲ ကျင့်ကြံအားထုတ်ပြီး ဘယ်တော့မှအပြင်မထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ဘာမှမပြောဘဲ တောင်အောက်ကို တန်းဆင်းသွားပါတယ်။ ဟန်ကျွယ်ဟာ တောင်တစ်ဝက်မှာ လီချင်းဇဲ့နေတဲ့ လိုဏ်ဂူကို တွေ့လိုက်ရပါတယ်။ တာအိုသခင်ကျိုးတိ ပြန်ရောက်မလာသေးပေမဲ့ လီချင်းဇဲ့ ဝီရိယတောင်ကို ရွှေ့ပြောင်းလာတာ နှစ်အ‌တော်ကြာသွားပါပြီ။

“ဂိုဏ်းချုပ်... ကောင်းကင်စမ်းသပ်မှု ဖြတ်ကျော်ဖို့အတွက် သင့်လျော်တဲ့နေရာများရှိလား၊ မိုင်တစ်ရာအတွင်းမှာ ဘယ်သူမှမရှိရင် အကောင်းဆုံးပဲ” ဟန်ကျွယ်ဟာ လိုရင်းကို တန်းပြောလိုက်ပါတယ်။

လီချင်းဇဲ့ရဲ့ မျက်လုံးတွေဟာ ဝင်းလက်သွားပါတယ်။

‘ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်မှာလား၊ ဒါအဆင့်ကြီးတစ်ခု တက်တာပဲ’

လီချင်းဇဲ့က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ဂိုဏ်းအရှေ့ဘက်မှာ လွင်ပြင်တစ်ခုရှိတယ်၊ အဲဒီလွင်ပြင်မှာ မိုးအဆက်မပြတ်ရွာနေလို့ အဆိပ်ရှိတဲ့ ပိုးကောင်နဲ့ သားရဲတွေ အများကြီးပဲ၊ ကျင့်ကြံသူတွေက အဲဒီလွင်ပြင်ကို သွားခဲတယ်၊ အကြီးအကဲဟန်က အဲဒီနေရာမှာ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ချင်တယ်ဆိုရင် ကျုပ် ခေါ်သွားပေးမယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ ဝီရိယတောင်ကနေ မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားပါတယ်။

ဖူစန်းသစ်ပင်အောက်က မုရုံချီဟာ အံဩတကြီး မေးလိုက်ပါတယ် “ဆရာဘိုးဘိုးနဲ့ ဂိုဏ်းချုပ်က ဘာလို့ထွက်သွားတာလဲ”

သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ငရဲကြက်နက်က လည်ချောင်းရှင်းပြီး ပြောလိုက်ပါတယ်။

“ဟွတ်...ဘာလုပ်ရမှာလဲ၊ အဆင့်တက်ဖို့ပဲ နေမှာပေါ့၊ သခင်ရဲ့ ကျင့်ကြံမှုအလျင်က မင်းတို့တွေထက် အများကြီးပိုမြန်တယ်၊ ဒါတောင် သခင်ကျင့်ကြံမှုက မင်းတို့ထက် အများကြီးမြင့်တာနော်၊ မင်းတို့တွေ မရှက်ဘူးလား”

မုရုံချီဟာ နှုတ်ခမ်းစူသွားပါတယ်။

“သူများလျှောက်ပြောနေတယ် မင်းကရော... မင်း ကျင့်ကြံမှုကလည်း အဆင့်မတက်တာ ဘယ်လောက်ကြာပြီလဲ” ရန်ထျန်တုန်းက ဆက်ခနဲ ပြန်ပြောလိုက်ပါတယ်။

ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “ငါက မင်းထက် ပိုစွမ်းအားကြီးတယ်”

“အဲဒီတော့ ဘာဖြစ်လဲ”

“ဒီဆရာကြီးကြက်က မင်းထက် ပိုစွမ်းအားကြီးတယ်”

“မင်း...”

ရန်ထျန်တုန်းဟာ ဒေါသထွက်သွားပါတယ်။ ရန်ထျန်တုန်းဟာ ဒေါသထွက်သွားပေမဲ့ ဘာမှမလုပ်နိုင်တာကြောင့် ငရဲကြက်နက်ကို ကျောပြုပြီး ကျင့်ကြံအားထုတ်ပါတယ်။ ရန်ထျန်တုန်းဟာ ငရဲကြက်နက်ရဲ့ ဘဝင်ခိုက်နေတဲ့ မျက်နှာကို တစ်စက်ကလေးတောင် မမြင်ချင်ပါဘူး။

‘သခင်မွေးထားတဲ့ ကြက်နဲ့ခွေးက တော်တော်လေး အမြင်ကတ်ဖို့ ကောင်းတာပဲ’

…

နေ့ဝက်အကြာမှာတော့ ဟန်ကျွယ်နဲ့ လီချင်းဇဲ့ဟာ မိုးရွာသွန်းနေတဲ့ လွင်ပြင်တစ်ခုကို ရောက်ရှိသွားပါတယ်။

“အရင်ပြန်သွားပါ... ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်တာကို အချိန်ကြာမှာ” ဟန်ကျွယ်က ပြောလိုက်တာ ဖြစ်ပါတယ်။

လီချင်းဇဲ့ဟာ ချီတုံချတုံဖြစ်သွားပြီးမှ မေးလိုက်ပါတယ် “ကျုပ် ကာကွယ်ပေးဖို့ မလိုအပ်ဖူးလား”

“ကျုပ်ရဲ့ ကောင်းကင်စမ်းသပ်မှုကို ဝင်နှောင့်ယှက်နိုင်တဲ့ရန်သူကို ဂိုဏ်းချုပ် တားနိုင်မှာလား”

“ဒါလည်း ဟုတ်တာပဲ... ပြန်တော့မယ်”

လီချင်းဇဲ့ ထွက်ခွာသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ရှေ့ဆက်ပျံသန်းပါတယ်။

အဆက်မပြတ် ရွာသွန်းနေတဲ့မိုးကြောင့် သိပ်သည်းလှတဲ့မြူဆိုင်းနေတာကို နေရာတတာမှာ တွေ့နိုင်ပါတယ်။ ဒီလွင်ပြင်မှာ ကျိုးတိုးကျဲတဲ ပေါက်နေတဲ့ သစ်ပင်အားလုံးမှာ အဆိပ်ရှိအင်းဆက်တွေ ပြည့်နှက်နေပါတယ်။ မကြာခဏဆိုသလို လူသားအသွင် မပြောင်းနိုင်သေးတဲ့ နတ်ဆိုးသားရဲတွေ ပြေးလွှားနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ နေရာတစ်ခုကို ရွေးချယ်လိုက်ပြီး လေပေါ်မှာ တင်ပလ္လင်ခွေ ထိုင်လိုက်ပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ ပြင်ဆင်ပါတယ်။

ဒီလိုနဲ့ ခြောက်နာရီ ကြာတဲ့အခါမှာတော့ ကောင်းကင်စမ်းသပ်မှု ရောက်ရှိလာပါတယ်။

ဟန်ကျွယ်ရဲ့ ကိုယ်ပိုင်စွမ်းအား ပိုင်ဆိုင်ထားတဲ့ စိတ်ဝိညာဉ်ရတနာတွေကြောင့် ကောင်းကင်စမ်းသပ်မှုမှာ ကျဆုံးဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ တစ်ယောက်ယောက်က အခွင့်အရေးယူပြီး မလုပ်ကြံရင်ပေါ့။

ရန်ဒေသမှာ သူ့ထက်စွမ်းအားကြီးတဲ့လူ မရှိပေမဲ့ ဟန်ကျွယ်ဟာ စိုးရိမ်စိတ်ကို မဖျောက်နိုင်ပါဘူး။ ဟန်ကျွယ် ဖတ်ခဲ့ဖူးတဲ့ဝတ္ထုတွေထဲမှာ ဇာတ်လိုက်က ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ရင် နှောင့်ယှက်ခံရပြီး ဇာတ်လမ်းအသစ်စတာပါပဲ။

ဒါပေမဲ့ ဟန်ကျွယ်ကိုတော့ ဘယ်သူမှ လာမနှောင့်ယှက်ကြပါတယ်။ ဒါကြောင့် တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ရှိသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျိုးဖန်လိုမျိုး ဇာတ်လိုက်မဟုတ်ဘူးဆိုတာ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ သိသွားပါတယ်။

[သင်သည် အတိဒုက္ခဖြတ်ကျော်အဆင့်အား အောင်မြင်စွာ ရောက်ရှိခဲ့သည့်အတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]

[၁။ အထက်ဘုံသို့တက်ရန် ပြင်ဆင်ပါ။ နယ်ပယ်သုံးရပ်သို့ သွားရောက်နိုင်သည်။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရရှိမည်။]

[၂။ ဆက်လက် ကျင့်ကြံအားထုတ်၍ ကောင်းကင်ဘုံဝင်အဆင့်သို့ရောက်အောင် ကြိုးစားပါ။ ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ရတနာတစ်ပါးနှင့် ဆန်းကြယ်စွမ်းအားအမွေတစ်ခုကို ရရှိမည်။]

‘အား... အတိဒုက္ခဖြတ်ကျော်အဆင့်နဲ့ အထက်ဘုံကို တက်လို့ရတာလား’

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်ကို တွေးမိသွားပါတယ်။ ဒီရန်သူတော်နှစ်ယောက်က ဟန်ကျွယ်ကို အထက်ဘုံမှာ စောင့်ဆိုင်းနေကြပါတယ်။ ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး အထက်ဘုံကို တက်နိုင်မှာလဲ။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters