← Chapters

ကံတရားအထောက်အပံ့ရှိသူ များစွာပေါ်လာခြင်း၊ စုချီပြန်လာခြင်း

Vol. 8 Ch. 114

ကံတရားအထောက်အပံ့ရှိသူ များစွာပေါ်လာခြင်း၊ စုချီပြန်လာခြင်း

Vol. 8 Ch. 114

အခန်း (၁၁၄) ကံတရားအထောက်အပံ့ရှိသူ များစွာပေါ်လာခြင်း၊ စုချီပြန်လာခြင်း

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မိုးမြေသားတော်က စွမ်းအားကြီးပုံပေါ်ပေမဲ့ ရန်ထျန်တုန်းနဲ့ ပဋိပက္ခကောင်းကင်ခွေးလိုမျိုး စရိုက်ရှိပါတယ်။ ဟန်ကျွယ်သာ သူ့ကို တပည့်အဖြစ် လက်ခံလိုက်ရင် ကောင်းကျိုးထက်ဆိုးကျိုးက ပိုများမှာပါ။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ တစ်ခြားသူတွေရဲ့ စွမ်းအားကို မှီခိုစရာမလိုပါဘူး။

သေချာတွေးတောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးပြန်မှိတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

…

အချိန်တွေ ကုန်ဆုံးသွားပါတယ်။

ရွှမ်ချင်းကျွင်း ထွက်ခွာသွားပြီးတဲ့နောက်မှာ ကြီးမြတ်တဲ့စပါးအုံးစိမ်းအတွက် လက်စားချေချင်တဲ့ လော့ချင်းမော့တစ်ယောက် ပေါ်မလာပါဘူး။ ကြည့်ရတာ ဒီကိစ္စက ပြီးပြတ်သွားပုံပါပဲ။

ယွီဂျင်ဂိုဏ်းတော်ကြီး အင်အားကြီးမာလာတာနဲ့အမျှ ဟန်ကျွယ်ဟာ ပြဿနာဖြေရှင်းပေစရာ မလိုတော့ပါဘူး။ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်လို့ရပါပြီ။

ငါးနှစ်တာကာလဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဝီရိယတောင်ခြေမှာ ဒူးထောက်နေတဲ့ တပည့်တွေဟာ လူပြောင်းသွားကြပါပြီ။ ဒါပေမဲ့ ဖန်းလျန်ကတော့ ဒူးထောက်နေတုန်းပါပဲ။

ဟန်ကျွယ်ဟာ နည်းနည်းတော့ အံအားသင့်သွားပါတယ်။ မိုးမြေသားတော်က ဒီလောက်ထိ စိတ်ရှည်လိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ လိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်ပြီး ရွှင်ချန်အန်ဆီး လျှောက်သွားကာ မေးလိုက်ပါတယ် “မင်း နောက်ထပ် တပည့်တစ်ယောက် လိုချင်သေးလား”

ရန်ထျန်တုန်း၊ ငရဲကြက်နက်နဲ့ မုရုံချီဟာ ဟန်ကျွယ်စကားကို ကြားပြီး မျက်လုံးဖွင့်ကြည့်လိုက်ကြပါတယ်။

ရွှင်ချန်အန်းဟာ ချီတုံချတုံ ဖြစ်သွားပါတယ် “ဆရာသခင်... ဆရာသခင်က ကျွန်တော့်ကို နောက်ထပ်တပည့်တစ်ယောက် လက်ခံစေချင်တာလား”

ရွှင်ချန်အန်းဟာ မုရုံချီကို သင်ပေးရတာနဲ့တင် စိတ်ချလက်ချ မနေနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မုရုံချီရဲ့ အရည်အချင်းက ရွှင်ချန်းအန်းထက် သာလွန်တာကြောင့် ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုကို မီခါနီး ဖြစ်နေပါပြီ။ နောက်ကျလို့ရှိရင် တပည့်က ဆရာသခင်ထက် ပိုစွမ်းအားကြီးလာတော့မှာပါ။ ဒီအကြောင်းသာ အပြင်ကိုပေါက်ကြားသွားရင် ရွှင်ချန်အန်းတစ်ယောက် မျက်နှာထားစရာနေရာ ရှိတော့မှာ မဟုတ်ပါဘူး။

ရွှင်ချန်အန်းသာ နောက်ထပ်တပည့်တစ်ယောက် လက်ခံမယ်ဆိုရင် သူ့ကျင့်ကြံမှုကို နှောင့်နှေးစေမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

“ဆရာသခင်... ကျွန်တော်ရော တပည့်လက်ခံလို့မရဘူးလား” ရန်ထျန်တုန်းက အပြုံးနဲ့ မေးလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ မုရုံချီလို အရည်အချင်းရှိတဲ့လူမျိုးကို တပည့်အဖြစ် လက်ခံချင်နေတာ ကြာပါပြီ။

ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို ဝါးစားမတက်စိုက်ကြည့်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “ငါသာ သူ့ကို မင်းဆီပေးလိုက်ရင် နတ်ဆိုးဘုရင်တွေကို မြေးပေးလိုက်သမျိုး ဖြစ်သွားမှာကို ငါကြောက်မိတယ်”

ရန်ထျန်တုန်းဟာ ရှက်ရွှံ့စွာ ခေါင်းငုံ့သွားပါတယ်။

“ထားလိုက်ပါတော့ ဆရာသခင်၊ ဘယ်သူ့ကို တပည့်အဖြစ် လက်ခံစေချင်တာလဲ၊ တောင်ခြေက တပည့်တစ်ယောက်ကိုလား” ရွှင်ချန်အန်းက ကူကယ်ရာမဲ့စွာ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဖန်းလျန်ကို တောင်ပေါ်ခေါ်လိုက်ပါတယ်။ ဖန်းလျန်ရဲ့ ကျင့်ကြံမှုက နိမ့်ပါးလွန်းတာကြောင့် ငါးနှစ်ကြာ ဒူးထောက်ပြီးနောက်မှာ မတ်တတ်တောင် မရပ်နိုင်ဘဲ မြေကြီးပေါ် ပုံလျက်လဲကျသွားပါတယ်။

ဖန်းလျန်ဟာ ဟန်ကျွယ်ကို မြင်တဲ့အခါမှာ အရမ်းစိတ်လှုပ်ရှားသွားပါတယ်။

“စီနီယာ... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံတော့မှာလား” ဖန်းလျန်က စိတ်လှုပ်တရှား မေးလိုက်ပါတယ်။

မုရုံချီက အဖက်မတန်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မင်းက ဆရာသခင်ရဲ့ တပည့်ဖြစ်ချင်တာလား၊ တန်လို့လား၊ မင်းက ငါရဲ့ဂျူနီယာပဲ ဖြစ်နိုင်တယ်”

ဖန်းလျန်ဟာ မှင်သက်သွားပါတယ်။

ဟန်ကျွယ်က ရွှင်ချန်အန်းကို ညွှန်ကြားလိုက်ပါတယ် “မင်း သူ့ကို ကျောက်စိမ်းသိုင်း သင်ပေးနိုင်တယ်၊ သူ့ကို ရွှေဓာတ်လုံးအဆင့်မ‌ရောက်ခင် တောင်အောက် လုံးဝမဆင်းစေနဲ့”

ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ဝင်သွားပါတယ်။

ဒီအချိန်ကစပြီး ဖန်းလျန်ဟာ ရွှင်ချန်းအန်းရဲ့တပည့် ဟန်ကျွယ်ရဲ့ ဒုတိယမြောက်မြေးတပည့် ဖြစ်လာပါတော့တယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာ မေးစေ့ပွတ်ပြီး စဉ်းစားလိုက်ပါတယ်။

‘ငါ့တပည့်ကြီး ရန်ထျန်တုန်းက နတ်ဆိုးသူတော်စင်ရဲ့ သွေးစည်းရှိတယ်’

‘ငါ့ဒုတိယတပည့် စုချီကျတော့ ကောင်းကင်ရုံးတော်ရဲ့ ကြမ္မာဆိုးအမတ ဝင်စားတာ’

‘ငါ့တတိယတပည့် ရွှင်ချန်အန်းကျတော့ ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်း ဝင်စားတာ’

‘ငါ့ပထမမြေးတပည့် မုရုံချီက ရှန်နန်းတော်ရဲ့ စစ်နတ်ဘုရား ဝင်စားတာ၊ သူ့ဘွဲ့က ကျန်းရှန်ဧကရာဇ်’

‘ငါ့ဒုတိယမြေးတပည့် ဖန်းလျန်ကျတော့ မိုးမြေသားတော်’

‘ငရဲကြက်နက်ကျတော့ အထက်ဘုံက နတ်ဆိုးသူတော်စင် ဝင်စားတာ၊ ဒီကောင်ပုံစံအစစ်က ငရဲဖီးနစ်နက်ပဲ’

‘ပဋိပက္ခကောင်းကင်ခွေးကျတော့ ကံတရားအထောက်အပံ့ရှိတဲ့ နတ်သားရဲ’

‘ပြီးတော့ အမတဖြစ်နိုင်တဲ့ မိုးမြေမြက်ပင်လည်း ရှိသေးတယ်’

‘ဝိုး... ငါ့ဆီမှာ ကံတရားအထောက်အပံ့ ရှိတဲ့သူတွေချည်းပါပဲလား’

မသိမသာနဲ့ ဟန်ကျွယ်ဆီမှာ အရည်အချင်း အများကြီးရှိတဲ့ နောက်လိုက်တွေ စုမိသားဖြစ်နေပါပြီ။ ဒီအထဲမှာ အစွမ်းထက်ဆုံးကတော့ မုရုံချီပဲ ဖြစ်ပါတယ်။

‘သူတို့တွေ အရွယ်‌ရောက်လာမှ ငါ အထက်ဘုံကို တက်သင့်လား ဒါမှမဟုတ် သူတို့ကို အထက်ဘုံအရင်တက်ခိုင်းပြီး ငါ့ကို ထောက်ပံ့ခိုင်းသင့်လား’

ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောနေခြင်း ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အတွေးရပ်ပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်လိုက်ပါတယ်။

…

နောက်ထပ်သုံးနှစ် ထပ်ကုန်သွားပါတယ်။

တာအိုသခင်ကျိုးတိဟာ တပည့်အုပ်စုနဲ့ ပြန်လာတဲ့အတွက် ဂိုဏ်းထဲမှာ နည်းနည်း‌လေး ရိုက်ခတ်သွားပါတယ်။ ဒီတပည့်တွေထဲမှာ ချန်ယွီအာလည်း ပါပါတယ်။

ချန်ယွီအာဟာ နတ်မိမယ်ရှီရွှမ်ဆီ အလည်သွားချင်ပေမဲ့ နတ်မိမယ်ရှီရွှမ်က ဝီရိယတောင်ကို ရွှေ့သွားတယ်လို့ သိလိုက်ရတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ် ‘တစ်ခုခုမှားနေသလိုပဲ’

ချန်ယွီအာဟာ တစ်ခြားသူတွေအတွက် အစီအစဉ်တွေ ကြိုပြင်ခဲ့ပေမဲ့ သူ့ဆရာသခင်ကိုတော့ ရည်စားလုဖက် စာရင်းထဲထည့်မထားပါဘူး။ ချန်ယွီအာဟာ တွေးလေလေ ရတက်မအေးနိုင်လေလေ ဖြစ်လာပါတယ်။ အရင်တုန်းကအကြောင်းကို ပြန်တွေးမိလိုက်တဲ့အခါ ဟန်ကျွယ်က နတ်မိမယ်ရှီရွှမ်ကို တစ်ခြားသူတွေနဲ့မတူ တစ်မူထူးခြားစွာ ဆက်ဆံတာကို သတိရသွားပါတယ်။

‘ဟန်ကျွယ်က ငါ မော့ကျူနဲ့ ရှင်းဟုန်ရွှမ်ကို ငြင်းတာ ဆရာသခင်ကို ကြိုက်နေလို့များလား’

ချန်ယွီအာဟာ ချက်ချင်းပဲ တပည့်တစ်ယောက်ရှာပြီး အကြောင်းစုံကို မေးမြန်းပါတယ်။ ဂိုဏ်းချုပ်လည်း ဝီရိယတောင်ကို ရွှေ့ပြောင်းသွားတယ်ဆိုတာ သိရမှ ချန်ယွီအာဟာ စိတ်အေးသွားပါတယ်။

‘ငါ အတွေးလွန်နေတာပဲ၊ ဂျူနီယာမောင်လေးက လွယ်လွယ်နဲ့ချစ်မဲ့ လူစားမျိုး မဟုတ်ဘူး’

ချန်ယွီအာဟာ ဝီရိယတောင်ကို ချက်ချင်းပဲ ဦးတည်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ တောင်ကာအစီအရင်ကို ဖွင့်ပေးပြီး ချန်ယွီအာကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာဖို့ ပြောလိုက်ပါတယ်။

ငရဲကြက်နက်ဟာ ချန်ယွီအာကို မြင်တဲ့အခါမှာ ဇက်ပုသွားပါတယ်။ ငရဲကြက်နက် ငယ်ငယ်တုန်းက ချန်ယွီအာဟာ ငရဲကြက်နက်ခေါင်းကို မကြာခဏ ပုတ်သလို အမွေးတွေကိုလည်း မနှုတ်ရုံတမယ် ကစားခဲ့တာပါ။ ပြောရမယ်ဆိုရင် ချန်ယွီအာက ငရဲကြက်နက်အတွက် အိပ်မက်ဆိုးတစ်ခုပါ။

“ဂျူနီယာမောင်လေး မတွေ့တာ အတော်ကြာပြီနော်” ချန်ယွီအာဟာ စိတ်လှုပ်တရှားအော်ဟစ်ပြီး ဟန်ကျွယ်ကို ပွေ့ဖက်ဖို့ ကြိုးစားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ချန်ယွီအာကို တားကာ ကူကယ်ရာမဲ့ ပြောလိုက်ပါတယ် “စီနီယာမမ... ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ပင်လယ်ရပ်ခြားကို ထွက်သွားတာကြာပြီ ဖြစ်တဲ့အတွက် ချန်ယွီအာရဲ့ ကျင့်ကြံမှုက အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင် ချန်ယွီအာဟာ ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိနေပါပြီ။ အထူးသဖြင့် ချန်ယွီအာဟာ အဆောင်နဲ့ အစီအရင်တွေ ပြုလုပ်တာ၊ အဂ္ဂိရိတ် စတဲ့ ပညာရပ်တွေမှာ အလွန်ထူးချွန်ပါတယ်။

“မမက မင်းကို သတိရလို့ပါ” ချန်ယွီအာဟာ ညည်းတွားလိုက်ပါတယ်။ အဲဒီနောက် လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တစ်ကိုယ်လုံး လှုပ်မရတော့လို့ပါ။

‘ဒါက ဘယ်လိုပညာရပ်မျိုးလဲ... ငါ နည်းနည်းလေးတောင် လှုပ်မရဘူး’

‘ဒီအချိန်မှ ဂျူနီယာမောင်လေးသာ ငါ့ကို တစ်ခုခုလုပ်ရင်...’

‘ဟင်း... ကံဆိုးချင်တော့ ဂျူနီယာမောင်လေးက အရမ်းအသည်းမာတာပဲ’

ဟန်ကျွယ်ဟာ ချန်ယွီအာကို လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ အိပ်ရာပေါ်မှာထိုင်ပြီး စကားစမြည် ပြောဆိုကြပါတယ်။ ချန်ယွီအာဟာ ဒီနှစ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ သူ့အတွေ့အကြုံတွေကို ပြောပြပါတယ်။ ဟန်ကျွယ်ဟာ ချန်ယွီအာရဲ့ အတွေ့အကြုံတွေကို ဂရုတစိုက်နားထောင်ပြီး ပင်လယ်ရပ်ခြားအကြောင်းကို တစေ့တစောင်း သိသွားပါတယ်။

ပင်လယ်ရပ်ခြားက ဂိုဏ်းတွေဟာ ညီညွှတ်ကြတာတော့ မဟုတ်ပါဘူး။ ရန်သူတွေလည်း ရှိပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်အချို့လည်း ပင်လယ်ရပ်ခြားမှာ သေဆုံးခဲ့ပါတယ်။

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိနဲ့ ပင်လယ်ရပ်ခြားကို လိုက်မသွားမိတာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်သာ ပင်လယ်ရပ်ခြားကို လိုက်သွားမယ်ဆိုရင် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းနေရလို့ အခုလို ကျင့်ကြံမှုအဆင့် မြင့်မားနေမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ အတန်ကြာအောင် စကားပြောဆိုကြပါတယ်။

ဟန်ကျွယ်ဟာ ချန်ယွီအာ မပြန်ခင်မှာ ဝီရိယတောင်ကို ရွှေ့လာခဲ့ဖို့ ပြောလိုက်ပါတယ်။ ချန်ယွီအာဟာ ဟန်ကျွယ်စကားကို ပျော်ရွှင်စွာလက်ခံပြီး လိုဏ်ဂူနေရာရွေးချယ်ဖို့ ထွက်သွားပါတယ်။

ဟန်ကျွယ်အတွေးလွန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ချန်ယွီအာဟာ နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ်ကြားကနေရာကို ရွေးလိုက်ပါတယ်။ ချန်ယွီအာရဲ့ လိုဏ်ဂူနေရာဟာ နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ် လိုဏ်ဂူတွေကနေ တူညီတဲ့အကွာအဝေးလောက်မှာ ရှိနေပါတယ်။

နတ်မိမယ်ရှီရွှမ်နဲ့ ရှင်းဟုန်ရွှမ်က စွန့်စားခရီးထွက်သွားတာ ခုထိ ပြန်မလာသေးပါဘူး။

ချန်ယွီအာပြန်လာတာက ကိစ္စသေးသေးလေးတစ်ခုဖြစ်ပြီး ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားကို မနှောင့်ယှက်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ချန်ယွီအာနဲ့ တရင်းတနှီးဖြစ်လာအောင် မလုပ်ဘဲ ဆက်လက်အားထုတ်ပါတယ်။

အချစ်ဆိုတာ ဟန်ကျွယ်အတွက် ဘာမှမဟုတ်ပါဘူး။ ကျင့်ကြံမှုကသာ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ပိုပိုပြီး စွမ်းအားကြီးလာမှ မင်းကို ကြိုက်နှစ်သက်တဲ့သူတွေက ပိုကြိုက်လာပါလိမ့်မယ်။ ဟန်ကျွယ်ဟာ မိန်းမတွေကို သူ့နှလုံးသားထဲက အရေးကြီးဆုံးနေရာကို ဘယ်တော့မှပေးမှာ မဟုတ်ပါဘူး။

…

နေဝင်ရီတရောအချိန် တောင်ကြာလမ်းပေါ်မှာ။

စုချီဟာ ဓားကိုင်ပြီး ရှေ့ဆက်လျှောက်နေပါတယ်။ စုချီမျက်နှာကတော့ မိုင်တစ်ထောင် ခရီးနှင်ခဲ့ရသူလိုများ ပင်ပန်းနွမ်းလျနေပါတယ်။

စုချီဟာ ရန်ဒေသကို ပြန်နေတာပါ။ ဒါပေမဲ့ အကြောင်းအရင်းတစ်ချို့ကြောင့် သူ့အိမ်ပြန်ခရီးက အလာတုန်းကထက် ပိုပြီးအန္တရာယ်ရှိနေတယ်လို့ စုချီ ခံစားလိုက်ရပါတယ်။ ဒီရက်ပိုင်းမှာ စုချီဟာ အလွန်တရာဆိုးသွမ်းလှတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။

စုချီဟာ အနီးအနား တောင်ထိပ်ပေါ်က အဘိုးကြီးတစ်ဦးကို လှမ်းကြည့်လိုက်ပါတယ်။ ဒီပုဂ္ဂိုလ်က အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူဖြစ်ပြီး နတ်ဆိုးနိုင်ဂိုဏ်းအပျက်ပုံကြားမှာ တွေ့ဆုံခဲ့တာပါ။ ဒီပုဂ္ဂိုလ်က တုခူလို့ အမည်ရပါတယ်။

တုခူဟာ နတ်ဆိုးနိုင်ဂိုဏ်းပျက်သုဉ်းသွားတာကို အရမ်းပဲ နောင်တရသွားပါတယ်။ တုခူဟာ သူ့ဆန္ဒကို မဖြည့်ဆည်းနိုင်ဘဲ အထက်ဘုံကိုတက်မယ်ဆိုရင် ဒီကိစ္စက အတွင်းနတ်ဆိုး ဖြစ်လာမှာပါ။ အဲဒါကြောင့် တုခူဟာ စုချီကို တပည့်အဖြစ်လက်ခံဖို့အတွက် စုချီနောက်ကို တကောက်ကောက် လိုက်နေတာပါ။

စုချီဟာ ဆရာသခင်ရှိပြီးသားမို့ တုခူကို ဆရာသခင်အဖြစ် လက်မခံပါဘူး။

တုခူကလည်း စုချီကို အတင်းအကြပ်မလုပ်ဘဲ စုချီကိုကူညီပြီး လက်ဝဲကျင့်ကြံသူ အများကြီးကို သတ်ပေးပါတယ်။

စုချီဟာ တုခူရဲ့စရိုက်ကို နားလည်ပါတယ်။ တုခူဟာ သူ့ကျင့်ကြံမှုကိုသုံးပြီး ဂျူနီယာတစ်ယောက်ကို မဖိနှိပ်ပါဘူး။ အဲဒါကြောင့် စုချီဟာ တုခူကို စရဲတာပါ။ စုချီနဲ့တုခူဟာ ပြိုင်ဘက်တွေလိုပါပဲ။ မကြာခဏ တိုက်ခိုက်ကြပြီး မကြာခင်မှာပဲ ပြန်ပေါင်းကြပါတယ်။

“ရပ်လိုက်” တုခူဟာ ရုတ်တရက် အော်ဟစ်လိုက်တာကြောင့် စုချီဟာ ကြက်သီးမွေးညင်းထသွားပြီး ချက်ချင်းရပ်ကာ ဘေးဘီပတ်ဝန်းကျင်ကို သတိကြီးကြီးနဲ့ ကြည့်လိုက်ပါတယ်။

တုခူဟာ စုချီရှေ့ကို ဖျတ်ခနဲ ရောက်သွားပြီး မျက်နှာတစ်ခုလုံး မဲမှောင်သွားပါတယ် “လော့ချင်းမော့... မင်း ဘာကိစ္စနဲ့ ငါ့တပည့်ဆီ လာတာလဲ၊ မင်း ဘာလိုချင်တာလဲ”

စုချီဟာ တုခူရဲ့အကြည့်နောက်ကို လိုက်ကြည့်လိုက်တဲ့အခါမှာ ရှေ့ကသစ်ပင်ရိပ်အောက်မှာ ပုံစံပြောဖို့ခက်တဲ့ အနက်ရောင်အရိပ်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ သေချာတာတစ်ခုကတော့ ဒီအရိပ်နက်က သရဲလိုပဲ ကြောက်မက်ဖို့ ကောင်းပါတယ်။

“မင်းတပည့်၊ သူက မိစ္ဆာသခင်ရဲ့ တပည့်မဟုတ်ဘူးလား၊ တုခူ... မင်း အထက်ဘုံကို ဘေးကင်းကင်း တက်ချင်တယ်ဆိုရင် အေးအေးစမ်းစမ်း ထွက်သွားစမ်း၊ ဒီကောင်က ငါ့ဟာပဲ”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters