အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂)
"ဟား ငါသိပြီ"
ထိုစကားကိုကြားသောအခါ ဖုန်းပုကြွယ်က ထိုထူးဆန်းသော မျက်နှာကြီးကို အော်ဟစ်လိုက်သည်။
"မိစ္ဆာ မင်းကိုယ်မင်း ဖော်ပြစမ်း"
သူ့အော်ဟစ်သံသည် အားမာန်အပြည့် ရှိသော်လည်း ထိုမကောင်းဆိုးဝါးနှင့် နီးကပ်သွားရန် စိတ်ကူးရှိပုံမရချေ။
မကောင်းဆိုးဝါးကလည်း ပွင့်ပွင့်လင်းလင်းပင်။ ၎င်းက ဆက်လက် ဟန်ဆောင်၍ မရတော့သည်ကို သိသည်နှင့် ဆိုးဝါးသောရုပ်ဖျက်မှုကို စွန့်လွှတ်လိုက်တော့သည်။ ထူးဆန်းသော မျက်နှာဝါကြီးသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်နှာပေါ်ရှိ ကြမ်းတမ်း၍ ထူထပ်သော အရေးအကြောင်းများမှာ သစ်ခေါက်များအဖြစ်သို့ ပြောင်းလဲသွား၏။
မကြာမီ သစ်ပင်နောက်တွင် ‘ပုန်းကွယ်’နေသော ခေါင်းနှင့် လက်တို့သည် သစ်ပင်ပင်စည်ပေါ်ရှိ သစ်ကိုင်းနှစ်ကိုင်း ဖြစ်သွားတော့သည်။ 'လက်' အဖြစ်မှ ပြောင်းလဲသွားသော သစ်ကိုင်းထိပ်တွင် ခေါင်းလောင်းလေးတစ်ခု ချိတ်ဆွဲလျက် ရှိနေလေ၏။
တစ်ချိန်တည်းမှာပင် သစ်ပင်ပင်စည်ပေါ်၌ ရီရူလီရှိရာဘက်သို့ မျက်နှာမူလျက် သွေးပုပ်ရောင် အက်ကြောင်းရှည်ကြီးနှစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းမှာ မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်လာသကဲ့သို့ပင်။ သစ်ခေါက်များက မျက်ခွံများဖြစ်ပြီး ထိုသစ်ခေါက်များအောက်တွင်မူ ကြီးမားသော အနက်ရောင် မျက်စိသူငယ်အိမ်ကြီးတစ်စုံ ရှိနေလေသည်။
"မင်းတို့က တကယ့်ကို သူများကိစ္စ စပ်စုတဲ့ကောင်တွေပဲ..."
သစ်ပင်ပင်စည်အတွင်းမှ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"စွမ်းနိုင်ရင် လာခဲ့ကြလေ..."
ရီရူလီက ပြန်မဖြေချေ။ သူမတွင် ပြောစရာမရှိချေ။ လုပ်ရပ်ဖြင့်သာ တုံ့ပြန်လိုက်သည်။
သူမ၏ မြင့်မြတ်ချိပ်တံဆိပ် ဓားက လက်ခနဲဖြစ်သွားပြီး သူမလက်ကို စောင်း၍ ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များ ရောယှက်နေသော ဓားအရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ရီရူလီ၏ တိုက်ကွက်မှာ မည်မျှ ပြင်းထန်သည်မသိသော်လည်း သစ်ပင်ပင်စည်ပေါ်တွင် နှစ်မီတာကျော် ရှည်လျားသော အပေါက်ကြီးတစ်ခု ဖောက်ထွင်းသွားနိုင်ခဲ့သည်။
ထိုသစ်ပင်သည် ရွေ့လျားရန် သို့မဟုတ် ရှောင်တိမ်းရန် နည်းလမ်းမရှိသဖြင့် ပင်စည်ဖြင့် ထိုဒဏ်ရာကို အပြည့်အဝ ခံလိုက်ရသည်။ ပြတ်ရှသွားသော သစ်ခေါက်များကြားမှ သွေးပုပ်များ စီးကျလာတော့သည်။
"အား"
မကောင်းဆိုးဝါးက အလွန်နာကျင်သွားသည့်အလား သစ်ပင်ပင်စည်ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဖုန်းပုကြွယ်မှာ ရီရူလီ၏ ဘေးနားသို့ ပတ်၍ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သစ်ပင်နှင့် မီတာအနည်းငယ် အကွာအဝေးကို ထိန်းထားသရွေ့ အန္တရာယ်မရှိနိုင်ကြောင်း သူသိသဖြင့် စိုးရိမ်ကြောင့်ကြမရှိဘဲ ပတ်လျှောက်လာခြင်း ဖြစ်သည်။
"သူ့ရဲ့ ခံစစ်က အားနည်းပုံရတယ်..."
ဖုန်းပုကြွယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူ့ရဲ့ တိုက်ခိုက်မှု အကွာအဝေးကလည်း အရမ်းတိုပုံရတယ်၊ အင်း..."
သူက ရီရူလီကို လှည့်ကြည့်လိုက်သည်။
"ဒါဆို ဒီကောင်ရဲ့ တိုက်ခိုက်မှုပြင်းအားက အတော်လေး မြင့်မှာပဲ၊ အနားကပ်သွားရင် တစ်ချက်တည်းနဲ့ အသတ်ခံရနိုင်တယ်"
"ကျွန်မရဲ့ ဒီစကေးက အချိန်သိပ်ကြာကြာမစောင့်ရပေမယ့် မန်နာနည်းနည်းတော့ လိုတယ်"
ရီရူလီက ဖုန်းပုကြွယ် ဆိုလိုသည်ကို နားလည်သော်လည်း သူမ၏ အဝေးပစ်တိုက်ကွက်များမှာ အကန့်အသတ် ရှိပေသည်။
"အင်း... ဒါဆိုရင်... ငါ့တာဝန်ထားလိုက်ပါ"
ဖုန်းပုကြွယ်က ပြုံး၍ ပြောလိုက်သည်။ သူ၏ မျက်နှာအမူအရာသည် တစ်ခုခုကို မျှော်လင့်စောင့်စားနေသည့် ပုံစံမျိုး ဖြစ်သည်။
ရီရူလီက သူမ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဆိုသည်။
"ကျေးဇူးပြုပြီး ဆက်လုပ်ပါ"
"မင်း..."
သစ်ပင်ကြီးသည် ဖုန်းပုကြွယ်၏ ဆိုးယုတ်သောအကြည့်ကို သတိပြုမိသွားပုံရပြီး ချက်ချင်း မေးလိုက်သည်။
"မင်း... မင်း ဘာလုပ်ချင်တာလဲ..."
"မကြောက်ပါနဲ့၊ မေးခွန်းနည်းနည်းလောက်ပဲ မေးချင်တာပါ"
ဖုန်းပုကြွယ်က ဆိုရင်း ထိုင်ခုံကို ချလိုက်သည်။ ထို့နောက် ဒူးတစ်ဖက် ထောက်လိုက်ကာ သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ မစ်မော့စီ၏ဒေါသ သေနတ်ကို ထုတ်လိုက်သည်။ ၎င်းကို ထိုင်ခုံပေါ်တွင် တင်ကာ မီတာအနည်းငယ်အကွာရှိ မလှုပ်ရှားနိုင်သော ပစ်မှတ်ကြီးဆီသို့ ချိန်ရွယ်လိုက်တော့သည်။
ရီရူလီက ဘေးမှ ကြည့်ရှုနေခဲ့သည်။ ကစားသမားတစ်ယောက်က မကောင်းဆိုးဝါးကို "မကြောက်ပါနဲ့" ဟု ပြောသည်ကို သူမ တစ်ခါမှ မမြင်ဖူးသလို ဤမြင်ကွင်းမျိုးကိုလည်း စိတ်ကူးမယဉ်ဖူးချေ။
"ငါက မဖြေချင်ဘူးဆိုရင်ရော..."
မကောင်းဆိုးဝါးက ရက်စက်သောလေသံဖြင့် ပြန်ဖြေသည်။
ဒက် ဒက် ဒက်...
သေနတ်သံများက ၎င်း၏ မေးခွန်းကို အဖြေပေးလိုက်လေသည်။
ဖုန်းပုကြွယ်က ခလုတ်ကို အသာအယာဆွဲလိုက်ရာ စက်သေနတ်ပြောင်းဝမှ ကျည်ဆန်အတွဲလိုက် ပျံထွက်သွား၏။ သူ့သေနတ်သည် 'မီး' ဒြပ်စင်ဖြစ်ပြီး အထူးစွမ်းရည်မှာ "အသားစိုင်များကို ဖျက်ဆီးရန်အတွက် အထူးသင့်လျော်သည်" ဟူ၍ ဖြစ်သည်။ ထိုသစ်ပင်သည် သတ္တဝါဖြစ်စေ၊ အပင်ဖြစ်စေ ဤလက်နက်ဖြင့် အဆိုးရွားဆုံး ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။
"အား အား အား"
မကောင်းဆိုးဝါးက အော်ဟစ်လေတော့သည်။ ကျည်ဆန်အနည်းငယ်ဖြင့်ပင် သူ့ကိုယ်ပေါ်တွင် မီးပွားလေးများ ကျန်ရစ်စေခဲ့သည်။ သစ်ခေါက်များကြားမှ စီးကျလာသော သွေးများက မီးကို မငြိမ်းသတ်ပေးခဲ့လျှင် တစ်ကိုယ်လုံး ပြာကျသွားနိုင်သည်။
"မင်း ပြာဖြစ်မသွားချင်ရင် အခုကစပြီး ငါက မေးခွန်းတွေမေးမယ် မင်းက ဖြေတော့..."
ဖုန်းပုကြွယ်က သူ့လုပ်ရပ်ဖြင့် ထိုမကောင်းဆိုးဝါးကို မငြင်းဆန်နိုင်အောင် လုပ်လိုက်သည်။ သူက ဆက်မေးသည်။
"ပထမဆုံး၊ မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ၊ မင်းနာမည်က ဘာလဲ"
"ငါ မသိဘူး"
မကောင်းဆိုးဝါးက ပြန်ဖြေသည်။
"အာ မင်းက တော်တော်ခေါင်းမာတာတာပဲ"
ဖုန်းပုကြွယ်က ထပ်မံ ပစ်ခတ်ရန် ပြင်လိုက်သည်။
"နေပါဦး ငါအမှန်အတိုင်း ပြောနေတာပါ"
မကောင်းဆိုးဝါးက အလျင်အမြန် ရှင်းပြသည်။
"အဲဒီလိုလား... ကောင်းပြီ၊ မင်းနာမည်က ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး"
ဖုန်းပုကြွယ်က ခေါင်းမော့လိုက်ပြီး ချိန်ရွယ်မှုကို ယာယီရပ်တန့်လိုက်သည်။
"ဒါဆိုရင်... မင်းအစောက ပြောခဲ့တဲ့ ပြန်လမ်းမဲ့တောအုပ်ဆိုတာ ဘာကို ဆိုလိုတာလဲ ပြောစမ်း"
မကောင်းဆိုးဝါးက စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီး မေးလာသည်။
"ငါပြောရင် မင်းငါ့ကို လွှတ်ပေးမှာလား"
ဒက် ဒက် ဒက်…
"အား ကောင်းပြီ ငါပြောပါမယ်၊ ရပ်လိုက်ပါတော့"
မကောင်းဆိုးဝါးက အပစ်ခံရသဖြင့် အသနားခံတော့သည်။
၎င်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး နာကျင်မှု သက်သာသွားသည်အထိ စောင့်ဆိုင်းနေပုံရကာ နောက်ဆုံးတွင် ပြောလာသည်။
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက တောင်ခြေရွာလေးမှာရှိတဲ့ ရွာသားတွေဟာ ဒီတောအုပ်ကို အရမ်းကြောက်ကြတယ်၊ ဒါကြောင့် ပြန်လမ်းမဲ့တောအုပ်လို့ နာမည်ပေးခဲ့ကြတာ၊ ဘယ်သူမှ ဒီတောထဲကို မလာဝံ့ကြဘူး၊ လာရင်လည်း... ပြန်မထွက်နိုင်ကြဘူး"
"တောထဲမှာ မင်းလို မကောင်းဆိုးဝါးတွေ အများကြီး ရှိနေလို့လား"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"ဟုတ်တယ် ၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး"
သစ်ပင်ကြီးက သရော်လိုက်သည်။
"ငါက မကောင်းဆိုးဝါးလားဘာလားတော့ မသိဘူး၊ ငါက ဒီတောထဲက သစ်ပင်အိုကြီးတစ်ပင်ပါပဲ၊ ဒါပေမဲ့ 'အဲဒီကလေး' ရဲ့ နာကြည်းမှုက အရမ်းပြင်းထန်လွန်းလို့ တစ်တောလုံးကို ပျံ့နှံ့သွားခဲ့တယ်၊ အဲဒါရဲ့ လွှမ်းမိုးမှုအောက်မှာ ငါလည်း ဒီလို ဖြစ်သွားခဲ့တာပဲ..."
၎င်းထိုသို့ပြောလိုက်စဉ် ရီရူလီခုတ်ချလိုက်သော သစ်ခေါက်မှ အက်ကြောင်းက ရုတ်တရက် ပွင့်ထွက်သွားပြီး သွေးပုပ်များ ပန်းထွက်လာကာ ပင်စည်အတွင်းရှိ အရာများမှာ ဖုန်းပုကြွယ်နှင့် ရီရူလီ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာတော့သည်။
သစ်ပင်ပင်စည်ထဲတွင် လူသေအလောင်းများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ ထိုလူသေများ၏ မျက်နှာမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူတို့မျက်နှာပေါ်ရှိ ကြောက်လန့်နေသော အမူအရာများသည် အေးခဲနေသကဲ့သို့ ရှိနေ၏။ အလောင်းတိုင်းတွင် ခြေလက်အစိတ်အပိုင်းများ ပြတ်တောက်နေကြပြီး ပုပ်သိုးသယောင် ရှိသော်လည်း လုံးဝ ပုပ်သိုးမသွားဘဲ လူသေလောင်းအားလုံး ကျစ်ဆံမြီးကဲ့သို့ ရစ်ပတ်နှောင်ဖွဲ့နေကြကာ သူတို့၏ ဒွာဒရခုနစ်ပေါက်မှ သွေးများ ယိုစီးနေကြသည်။
"ဒီ ချန်လင်ရွာက ရွာသားတွေဟာ သူတို့စိုက်ပျိုးခဲ့တာကို သူတို့ ပြန်ရိတ်သိမ်းကြတာပဲ၊ သူတို့ရဲ့ နောက်မျိုးဆက်တွေလည်း အဲဒီဝဋ်ကြွေးကို ခံစားရလိမ့်မယ်"
မကောင်းဆိုးဝါးက ပြောရင်း အက်ကြောင်းကို ပြန်ပိတ်လိုက်သည်။
"မင်းတို့ကလည်း ရွာသားတွေ ငှားလိုက်တဲ့ သရဲဖမ်းတဲ့ တာအိုဆရာတွေ မဟုတ်လား"
ဖုန်းပုကြွယ်က ဆိုသည်။
"တောင်ပေါ်က သစ်ပင်မိစ္ဆာတစ်ကောင်က ဒီလောကမှာ တာအိုဆရာတွေ ရှိတယ်ဆိုတာတောင် သိနေတာလား"
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီတောင်ပေါ်ကို လာခဲ့တဲ့ ဘုန်းကြီးတွေ၊ လှည့်လည်သွားလာနေတဲ့ တာအိုဆရာတွေနဲ့ သရဲဖမ်းတဲ့ ပညာသည်တွေ အများကြီး ရှိခဲ့တယ်... ငါမမှတ်မိနိုင်အောင်ပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့အားလုံး 'အဲဒီကလေး' ရဲ့ လက်ထဲမှာ အသက်ပျောက်ခဲ့ကြရတာချည်းပဲ"
မကောင်းဆိုးဝါးက ပြန်ဖြေသည်။
"သူက ချန်လင်ရွာလို့ ပြောလိုက်တာလား"
ရီရူလီက ကြားဖြတ်မေးလိုက်သည်။
ဖုန်းပုကြွယ်ကလည်း ထိုမေးခွန်းကိုပင် မေးရန် ပြင်နေသဖြင့် မကောင်းဆိုးဝါးအား မေးလိုက်သည်။
"တောင်ခြေကရွာကို ချန်လင်မြို့လို့ ခေါ်တာ မဟုတ်လား၊ မင်းက ဘာလို့ ချန်လင်ရွာလို့ ခေါ်တာလဲ"
"ဒီနေရာကို အမြဲတမ်း ချန်လင်ရွာလို့ပဲ ခေါ်ခဲ့တာပါ၊ ဘယ်တုန်းက ချန်လင်မြို့လို့ ပြောင်းသွားတာလဲ"
မကောင်းဆိုးဝါးက ပြန်ဖြေသည်။
ဖုန်းပုကြွယ်က ရီရူလီကို ကြည့်ကာ အသံနှိမ့်၍ ပြောလိုက်သည်?
"လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက... တစ်ခုခု ဖြစ်ခဲ့တာ သေချာတယ်၊ ဒီရွာစွန့်ပစ်ခံရတဲ့ နောက်ကွယ်က အမှန်တရားဟာ ရွာအဝင်မှာ စာလုံးသုံးလုံး ချန်ထားခဲ့တဲ့လူနဲ့ ပတ်သက်နေနိုင်တယ်"
ရီရူလီက ဖုန်းပုကြွယ်၏ အတွေးနောက်သို့ လိုက်ပါစဉ်းစားသော်လည်း လောလောဆယ်တွင် ကောက်ချက် မချနိုင်သေးချေ။ သူမက ခပ်တိုးတိုးသာ ပြန်ပြောလိုက်သည်။
"မိစ္ဆာဝိညာဉ်အကြောင်း မေးကြည့်ပါဦး"
ဖုန်းပုကြွယ် ခေါင်းမော့လိုက်ပြီး မကောင်းဆိုးဝါးကို ဆက်မေးသည်။
"မင်းပြောတဲ့ 'ကလေး' ကို ရွာသားတွေက သတ်ခဲ့တာ မဟုတ်လား၊ ဘာတွေ ဖြစ်ခဲ့တာလဲ"
"အဲဒါကိုတော့ သူ(မ)ကိုပဲ ကိုယ်တိုင် မေးကြည့်ရလိမ့်မယ်၊ ငါသိတာကတော့ သူ(မ)ရဲ့ နာကြည်းမှုက ကြီးမားလွန်းတယ်၊ သူ(မ)က အဲဒီရွာသားတွေကို အရိုးထဲကနေ နာကြည်းနေတာ၊ မတရား သေဆုံးခဲ့ရလို့ ဖြစ်မယ်၊ တိတိကျကျ ဘယ်လိုသေခဲ့တာလဲဆိုတာတော့ ငါလည်း တကယ် မသိဘူး"
"ဒါဆို အခု သူဘယ်မှာလဲ"
ဖုန်းပုကြွယ်က ထပ်မေးသည်။
"လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းမှာ"
မကောင်းဆိုးဝါးက ပြန်ဖြေသည်။
"လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းက ဘယ်မှာလဲ၊ အဲဒီကို ဘယ်လိုသွားရမလဲ"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"ငါ့ရဲ့ ခေါင်းလောင်းကို ယူပြီး မင်းမျက်စိရှေ့မှာ ထားလိုက်၊ ဘုံကျောင်းရှိတဲ့ ဘက်ကို မျက်နှာမူလိုက်တာနဲ့ ခေါင်းလောင်းက မြည်လာလိမ့်မယ်"
"အိုး..."
ဖုန်းပုကြွယ်၏ အကြည့်က ခေါင်းလောင်းရှိရာ သစ်ကိုင်းဆီသို့ ရောက်ရှိသွား၏။
"ဒါကို မင်းပဲ ငါ့ဆီ ပစ်ပေးလို့ ရမလား"
"ငါ အဲဒီလို မလုပ်နိုင်ဘူး"
"အင်း... သိပြီ..."
ဖုန်းပုကြွယ်က ရုတ်တရက် စကားရပ်လိုက်သည်။ သူက အံ့အားသင့်သွားသော အမူအရာဖြင့် သစ်ပင်၏ အခြားတစ်ဖက်ကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။
“အား အဲ့ဒါက ဘာကြီးလဲ”
ရီရူလီပင် ထိတ်လန့်သွားရသည်။ သူမသည် ဖုန်းပုကြွယ်၏ ဘေးနားတွင်ပင် ရပ်နေသဖြင့် သူတို့နှစ်ဦး၏ အမြင်မှာ အတူတူ ဖြစ်သော်လည်း ဘာမှ ထူးထူးခြားခြား မမြင်ရချေ။ သို့သော်လည်း ဖုန်းပုကြွယ်၏ အံ့အားသင့်နေသော အမူအရာနှင့် လေသံမှာ အလွန်စစ်မှန်လှသဖြင့် သူမလည်း မနေနိုင်ဘဲ စိုးရိမ်သွားခြင်း ဖြစ်သည်။
ထိုမိစ္ဆာသစ်ပင်ကြီးသည် ဘာဖြစ်သွားသည်မသိသောကြောင့် ၎င်း၏ မျက်လုံးများက သစ်ခေါက်ပေါ်တွင် ရွေ့လျားသွားပြီး အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်လေသည်။ လူတစ်ယောက် ခေါင်းလှည့်လိုက်သကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် ခန္ဓာကိုယ်မြှင့်တင်ခြင်းမန္တန်ကို ချက်ချင်း အသက်သွင်း၍ ပြေးထွက်သွားတော့သည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ခေါင်းလောင်းကို သစ်ကိုင်းပေါ်မှ အောင်မြင်စွာ ဆွဲယူနိုင်ခဲ့ပြီး ဘေးကင်းသော အကွာအဝေးသို့ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်။
မိစ္ဆာသစ်ပင်ကြီး၏ နောက်ဆုံး မျှော်လင့်ချက်သည် ထိုခဏ၌ပင် ပျက်စီးသွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ကစားသမား ခေါင်းလောင်းနားသို့ ကပ်လာချိန်မှာသာ ၎င်းအတွက် တိုက်ခိုက်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သော်လည်း ယခုမူ မဖြစ်နိုင်တော့ချေ။ ဖုန်းပုကြွယ်သည် "မင်းနောက်ကို ကြည့်လိုက်စမ်း" ဟု ပြောသည့်ပုံစံမျိုးဖြင့် ကလေးကလားဆန်သော လှည့်ကွက်ကို သုံး၍ မစ်ရှင်ပစ္စည်းကို ရယူသွားခဲ့ခြင်း ဖြစ်သည်။
ပစ္စည်းအမည် - ခေါင်းလောင်း
ပစ္စည်းအမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း
အရည်အသွေး - သာမန်
လုပ်ဆောင်ချက် - လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်း၏ တည်နေရာကို ရှာဖွေပေးခြင်း
ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ
မှတ်ချက် - ထိုခေါင်းလောင်းလေးသည် အလွန်အစွမ်းထက်သော မိစ္ဆာဝိညာဉ်တစ်ကောင်နှင့် ဆက်နွှယ်နေပုံရသည်။
"ကောင်းပြီ၊ ရပြီ၊ သွားကြစို့"
ဖုန်းပုကြွယ်က ရီရူလီကို ပြောလိုက်သည်။ သူ အောင်မြင်သွားပြီးနောက် ပထမဆုံး လုပ်လိုက်သည်မှာ ခန္ဓာကိုယ်မြှင့်တင်ခြင်းမန္တန်ကို ပိတ်လိုက်ပြီး ထိုင်ခုံနှင့် သေနတ်ကို ပြန်သိမ်းလိုက်ခြင်း ဖြစ်သည်။ ထိုမိစ္ဆာသစ်ပင်ကြီးဆီမှ ထပ်မံရယူစရာ တန်ဖိုးရှိသည့် မည်သည့်အရာတစ်ခုမှ မကျန်တော့ဟု သူ ခံစားရပုံရသည်။
"သူ့ကို သတ်မပစ်ဘူးလား"
ရီရူလီက မေးလိုက်သည်။
"ကျည်ဆန်တွေ ချွေတာရအောင်လေ"
ဖုန်းပုကြွယ်က ပြန်ဖြေရင်း ခေါင်းလောင်းကို မြှောက်လိုက်သည်။ သူ့လက်ကို ဆန့်ထုတ်ကာ ခန္ဓာကိုယ်ကို ဝင်ရိုးသဖွယ်ထား၍ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။ သူအနောက်မြောက်ဘက်သို့ ရောက်သောအခါ ခေါင်းလောင်းလေးသည် အလိုလို လှုပ်ရှားသွားပြီး အသံမြည်လာတော့သည်။
ဖုန်းပုကြွယ်က ခေါင်းလှည့်၍ ရီရူလီကို တစ်ချက် ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် ဘာမှ မပြောတော့ဘဲ နောက်ကွယ်မှ မိစ္ဆာသစ်ပင်ကြီးကို လျစ်လျူရှု၍ ခေါင်းလောင်းညွှန်ပြရာ အရပ်သို့ ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားကြတော့သည်။
သူတို့နှစ်ဦး အဝေးသို့ ရောက်ရှိသွားသောအခါ မိစ္ဆာသစ်ပင်ကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟူး... မင်းတို့နှစ်ယောက်ကို အဲဒီကလေးက သတ်လိုက်တဲ့အခါ သူ(မ)ကပဲ ခေါင်းလောင်းကို ငါ့ဆီ ပြန်ယူလာပေးပြီး ငါ့ကိုယ်ပေါ်မှာ ပြန်ချိတ်ပေးပါလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် သစ်ပင်ပင်စည်ပေါ်ရှိ ထူးဆန်းသော အမှတ်အသားများအားလုံး ပျောက်ကွယ်သွားပြီး သာမန်သစ်ပင်တစ်ပင်၏ အသွင်သို့ ပြန်လည် ရောက်ရှိသွားလေသည်။