အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃)
တစ်ဖက်တွင်လည်း ဖုန်းပုကြွယ်တို့အဖွဲ့ တောင်ပေါ်တွင် စူးစမ်းရှာဖွေနေချိန်တွင် ရှောင်တန်နှင့် ရီရူယွီတို့၏ ရှာဖွေရေးမှာလည်း ချောမွေ့စွာ တိုးတက်နေလေသည်။
တကယ်တမ်းတွင်မူ တိကျသော ပစ်မှတ်မရှိသဖြင့် သူတို့နှစ်ဦးသည် အတော်လေး စိတ်အေးလက်အေး ရှိနေကြ၏။ တစ်နေကုန် ရှာဖွေပြီးနောက် ဘာမှမတွေ့လျှင်ပင် မတတ်နိုင်ချေ။ သည်းထိတ်ရင်ဖိုသုခဘုံ၏ သဘောသဘာဝမှာ ထိုသို့ပင် ဖြစ်သည်။ ကံကောင်းလျှင် မထင်မရှား နေရာတစ်ခု၌ပင် ထူးကဲအဆင့် ပစ္စည်းကိရိယာတစ်ခုကို အလွယ်တကူ ရရှိနိုင်သော်လည်း ကံမကောင်းပါက ဇာတ်လမ်းပြီးဆုံးသည်အထိ ဘာမှမတွေ့ရတတ်သည်မှာ ပုံမှန် ဖြစ်သည်။
သူတို့၏ ရှာဖွေရေးကို မြို့အရှေ့ဘက်ခြမ်းရှိ အိမ်များမှ စတင်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် တစ်ခန်းပြီး တစ်ခန်း ရှာဖွေခဲ့ကြသည်။ စွန့်ပစ်ထားသော အိမ်အများစုသည် ဗလာကျင်းနေသော်လည်း ဖုန်ထူနေသော ပုလင်းများ၊ သစ်သားသေတ္တာများ၊ အိမ်ထုတ်တန်းများ၊ ကြမ်းပြင်အောက်၊ နံရံအတွင်းနှင့် စုတ်ပြတ်နေသော ကုတင်များအောက်တွင် ပစ္စည်းများ ဝှက်ထားနိုင်သည့် ဖြစ်နိုင်ခြေကို သူတို့ လျစ်လျူမရှုဝံ့ကြချေ။
မည်သို့ပင်ဖြစ်စေ ဤဂိမ်းမျိုးကို ကစားရာတွင် လမ်းညွှန်စာအုပ် မဖတ်ဘဲ ဇဲလ်ဒါဂိမ်း ကစားသကဲ့သို့ စူးစမ်းလိုစိတ်အပြည့်ဖြင့် ကစားရမည် ဖြစ်သည်။
"အဲ... မင်းကို မေးစရာတစ်ခု ရှိတယ်"
ရှောင်တန် ရီရူယွီကို မေးလိုက်ချိန်တွင် သူသည် မီးဖိုပေါ်ရှိ သစ်သားအိုးကြီးတစ်လုံး၏ အဖုံးကို မကြည့်နေခြင်း ဖြစ်သည်။ ထိုအိုးထဲတွင် သူ ဘာရှာတွေ့လိမ့်မည်ဟု မျှော်လင့်နေကြောင်း မသေချာချေ။ ငွေဒင်္ဂါးနှစ်ပြားလောက် ဖြစ်နိုင်မလား။
"ရပါတယ်၊ ငါ့မှာ ရည်းစားမရှိဘူး"
ရီရူယွီက ပင့်ကူအိမ်များ ပြည့်နေသော ဗီရိုတစ်ခုကို မွှေနှောက်ရှာဖွေရင်း ပြန်ဖြေသည်။
"အာ... ငါ မေးချင်တာက အဲဒါမဟုတ်ပါဘူး"
"ဟင်"
ရီရူယွီပြန်ဖြေလိုက်ချိန်တွင် သူမအာရုံရှိမနေသကဲ့သို့ ခေါင်းပင်လှည့်မလာချေ။
"ဒါဆို ဘာလဲ၊ ငါတို့နှစ်ယောက်တည်း ရှိနေချိန်မှာ နင်က ဘာလို့ ဒီလိုထူးဆန်းတဲ့လေသံကြီးနဲ့ မေးနေရတာလဲ"
သူမက တစ်ခုခုကို သတိရသွားပုံဖြင့် ထပ်လောင်းပြောလိုက်သည်။
"ငါ သတိပေးထားမယ်နော်၊ ငါက အပေါစားမိန်းကလေး မဟုတ်ဘူး"
"မင်း ဘာတွေ တွေးနေတာလဲ"
ရှောင်တန်က ဆိုသည်။
"ငါမေးချင်တာက ရှောင်လင်ကုဆိုတာ မင်းနာမည်အရင်းလားလို့ပါ"
"ဟင် ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"
"'ကု' ဆိုတာ ရှေးဟောင်းအချိန်ဆိုတဲ့ အဓိပ္ပာယ်လား"
"ဟုတ်တယ်၊ ဟုတ်တယ်"
ရီရူယွီက ပြန်ဖြေသည်။
"ရှောင်က သေးငယ်သော၊ လင်က ဝိညာဉ် လို့ အဓိပ္ပာယ်ရတယ်"
သူမ နာမည်ကို ရှင်းပြပုံမှ သူမ၏ မတူညီသော ကိုယ်ရည်ကိုယ်သွေးတစ်ခုကို မြင်နိုင်ပေသည်။
"အင်း..."
ရှောင်တန်က မျက်မှောင်ကြုတ်ကာ တစ်ခုခုကို စဉ်းစားနေပုံရသည်။
ရီရူယွီက ဆက်ပြောနေသည်
"ရီရူယွီဆိုတဲ့ နာမည်က တကယ်တော့ နာမည်အရင်းကို ပြောင်းပြန်လှန်ပြီး ရှေ့က စကားလုံးတစ်လုံး ထပ်ထည့်ထားတာပါပဲ၊ ငါ့ဝမ်းကွဲက ငါ့ကို 'ရှောင်ကု' လို့ ခေါ်တာကို ကြားတည်းက ငါ့နာမည်အရင်းမှာ 'ကု' ပါမှန်း နင်ခန့်မှန်းမိသင့်ပါတယ်၊ မိန်းကလေးတစ်ယောက်ရဲ့ နာမည်မှာ ဒီစကားလုံး ပါတယ်ဆိုရင် ဒါဟာ ကု ဆိုတဲ့ မျိုးရိုးနာမည်ပဲ ဖြစ်မှာပေါ့"
သူမက တစ်တွတ်တွတ် ပြောနေသော်လည်း စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သေးသည်။
"အား... နင်က တော်တော် အတာပဲ၊ နင့်ခေါင်းက အလှတင်ထားတာလား၊ ပြဿနာတစ်ခုခု ကြုံရင် ပိုစဉ်းစားစမ်းပါ..."
ရှောင်တန်က သူမပြောနေသည်များကို ဂရုမစိုက်ချေ။ တကယ်တမ်းတွင်မူ သူက အခြားအရာများကို စဉ်းစားနေသဖြင့် သူမ၏ စကားကို သေသေချာချာပင် မကြားလိုက်ရချေ။
"ထူးဆန်းတယ်... ငါ့မိသားစုမှာ ဘိုးဘွားစဉ်ဆက်ဆင်းသက်လာတဲ့ စည်းကမ်းတစ်ခု ရှိတယ်၊ အဲဒါက... ကုမျိုးရိုးရှိတဲ့လူတွေနဲ့ သူငယ်ချင်း မဖွဲ့ရဘူးတဲ့"
ရှောင်တန်က ပြောလိုက်သည်။
"ဟ"
ရီရူယွီ ထိုစကားကို ကြားသောအခါ ကြောင်အက်သွားပြီးမှ ရုတ်တရက် ရယ်မောလိုက်တော့သည်။
“ဟား ဟား ဟား ဟား…”
"တိုက်ဆိုင်လိုက်တာ၊ ငါ့မိသားစုမှာလည်း စည်းကမ်းတစ်ခု ရှိတယ်၊ အဲဒါက ကုမိသားစုရဲ့ မျိုးဆက်တွေအနေနဲ့ ဝမ်မျိုးရိုးရှိတဲ့ သူငယ်ချင်းရှိခဲ့ရင် အဲဒီလူအပေါ်မှာ ယဉ်ကျေးနေဖို့ မလိုဘူး ဆိုတာပဲ"
"ငါ နောက်နေတာ မဟုတ်ဘူး..."
ရှောင်တန်က တည်ကြည်စွာ ပြောသည်။
"ငါလည်း နောက်နေတာ မဟုတ်ဘူး၊ အတည်ပြောနေတာ"
ရီရူယွီက လှောင်ပြုံးဖြင့် ပြန်ဖြေသည်။
"ဒါပေမဲ့ 'ဝမ်' ဆိုတာက အရမ်းအသုံးများတဲ့ မျိုးရိုးနာမည်လေ"
ရှောင်တန်က ဆိုသည်။
ရီရူယွီက လက်ကို ဆန့်ထုတ်ကာ ရှောင်တန့်ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်သည်။
"အဲဒါကြောင့်ပေါ့... ဘယ်သူက ဒီလို ဘိုးဘေးစည်းကမ်းတွေကို အတည်ကြီး လုပ်နေမှာလဲ အရူးလေးရဲ့"
သူမတွင် တိုက်ခိုက်လိုစိတ် မရှိသဖြင့် စနစ်က သူမအား မတားဆီးခဲ့ချေ။
ရှောင်တန်က ပခုံးတွန့်လိုက်သည်။
"မင်း ပြောတာလည်း ဟုတ်ပါတယ်၊ ငါ့ဘိုးဘွားတွေထဲက တစ်ယောက်ယောက်က ကုမိသားစုနဲ့ ရန်ငြိုးရှိခဲ့လို့ ရူးမိုက်တာ တစ်ခုခုလုပ်ခဲ့တာ ဖြစ်မှာပေါ့၊ ဒါကြောင့်လည်း ဒီလို... အိုက်ယား..."
သူ စကားမဆုံးခင် ထပ်အခေါက်ခံလိုက်ရပြန်သည်။
"အခု ဘာဖြစ်ပြန်တာလဲ"
"နင်ဆိုလိုတာက ငါ့ဘိုးဘေးတွေကလည်း ရူးမိုက်တာတွေ လုပ်ခဲ့တယ်လို့ ပြောတာလား"
ရီရူယွီက စိတ်ဆိုးစွာ ဆိုသည်။
"ကောင်းပြီ၊ ငါဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့"
ရှောင်တန်က ပြန်ဖြေသည်။
ထပ်မံ အခေါက်မခံရစေရန် သူသည် မီးဖိုပေါ်သို့ တက်လိုက်ပြီး ထိုမှတစ်ဆင့် ထုတ်တန်းပေါ်သို့ ခုန်တက်လိုက်သည်။ ယခုတွင် သူသည် အခြေခံဖျတ်လတ်မှုများကို ကျွမ်းကျင်နေပြီဖြစ်ရာ ထိုမျှလောက်အမြင့်မှာ သူ့အတွက် ဘာမှ မဟုတ်တော့ချေ။
"ဒါနဲ့ ငါတို့နှစ်ယောက်တည်းရှိနေတုန်း မေးစရာ ရှိသေးတယ်" ရီရူယွီက ဆိုသည်။
"ငါ့မှာ ရည်းစားမရှိပါဘူး" ရှောင်တန်က ပြန်ဖြေသည်။
"ပြီးတော့ ငါက အရမ်းကို အပေါစားလူတစ်ယောက်ပါ"
"ဟား၊ ဟား၊ ဟား"
ရီရူယွီက ထိုပြက်လုံးကို ခြောက်ကပ်ကပ်ရယ်မောခြင်းဖြင့် တုန့်ပြန်လိုက်သည်။ထို့နောက် သူမက ပြောသည်။
"အတည်ပြောရရင် နင်ရဲ့ အသင်းခေါင်းဆောင်က ဂိမ်းဆော့ရင် ပိုက်ဆံမသုံးတဲ့ ကစားသမားမျိုးလား"
"ငါတို့က ပိုက်ဆံသုံးရတဲ့ ဂိမ်းတွေကို သိပ်မကစားကြဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အတူတူကစားခဲ့တဲ့ ဂိမ်းတွေထဲမှာ သူ ဂိမ်းတွင်းပစ္စည်းတွေ ဝယ်သုံးတာမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ရှောင်တန်က ဖုန်ထူနေသော ထုတ်တန်းပေါ်တွင် တွားသွားရင်း အောက်ခြေ၌ အခေါင်းပေါက် ရှိ၊ မရှိ တစ်လက်မချင်း လိုက်၍ ခေါက်ကြည့်လိုက်သည်။
"ဒါပေမဲ့ ပိုက်ဆံပေးရတဲ့ ဂိမ်းတွေမှာဆိုရင်တော့ သူက လစဉ်ကြေး ဒါမှမဟုတ် သုံးလစာကြေးတွေ ပေးလေ့ရှိတယ်၊ သူက ပိုက်ဆံ ခဏခဏ ဖြည့်ရတာကို အရမ်းအလုပ်ရှုပ်တယ်လို့ ထင်ပုံရတယ်"
"အိုး... ပြောရရင် သူက ကပ်စေးနည်းတာမဟုတ်ဘဲ ဂိမ်းအပေါ် မူတည်ပြီး ပိုက်ဆံသုံးချင်လား၊ မသုံးချင်ဘူးလား ဆိုတာကိုပဲ ကြည့်တာပေါ့"
ရီရူယွီက မေးသည်။
"ဘယ်လို ပြောရမလဲ... အစ်ကိုကြွယ်က အရမ်းကို ရှုပ်ထွေးတဲ့လူပဲ၊ သူ့ရဲ့ 'မူဝါဒ' တွေက ဘာလဲဆိုတာ ပြောဖို့ ခက်တယ်"
ရှောင်တန်က ဆိုသည်။
"သူက စည်းတစ်ခုကို ကျော်တော့မယ်လို့ သတိပြုမိတိုင်း နောက်ထပ် အကန့်အသတ် အသစ်တစ်ခုကို ထပ်သတ်မှတ်လိုက်သလိုပဲ..."
"အဲဒါက... သူက အကန့်အသတ်တွေကို ချိုးဖျက်ဖို့ ကြိုးစားနေသလိုပဲ"
ရီရူယွီက ဆိုသည်။
"ဟဟ..."
ရှောင်တန် ရယ်မောလိုက်သည်။
ရုတ်တရက် ဝုန်းခနဲအသံနှင့်အတူ ထုတ်တန်းက အလယ်မှ ကျိုးကျသွားတော့သည်။ နှစ်ပေါင်းများစွာ ဂရုမစိုက်ဘဲ ထားခဲ့သဖြင့် အတွင်းမှ သစ်သားများ ဆွေးမြေ့နေခြင်းကြောင့် ဖြစ်နိုင်သည်။
ရှောင်တန်သည် အိမ်ထုတ်တန်းပေါ်တွင် ဒူးထောက်နေခြင်း ဖြစ်သဖြင့် အောက်သို့ ပြုတ်ကျချိန်တွင် သူ့မျက်နှာက အောက်သို့ မျက်နှာမူနေခြင်းဖြစ်သည်။ သို့သော် သူ့တုံ့ပြန်မှုက လျင်မြန်လှသဖြင့် လေထဲတွင်ပင် ကိုယ်ဟန်အနေအထားကို အလွယ်တကူ ပြင်လိုက်နိုင်ပြီး ကြမ်းပြင်ပေါ်သို့ ခြေထောက်ဖြင့် အသာအယာ ကျဆင်းသွားသည်။
မမျှော်လင့်စွာဖြင့် သူ့ခြေဖဝါး ကြမ်းပြင်နှင့် ထိတွေ့လိုက်ချိန်တွင် တစ်ခုခုအိကျသွားသကဲ့သို့ ခံစားလိုက်ရပြီး လေထုကို တက်နင်းမိလိုက်သည်။ ထို့နောက် ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံနှင့်အတူ ကြမ်းပြင်တစ်ခုလုံး ပြိုကျသွားလေသည်။
ဤအိမ်အလွတ်၏ မီးဖိုချောင်ကြမ်းပြင်သည် မီတာတစ်ဝက်ခန့်သာ ထူပြီး အောက်ခြေက ဟာလာဟင်းလင်းကြီး ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ သစ်သားများ ဆွေးမြေ့နေသဖြင့် ကြမ်းပြင်အားနည်းနေခြင်းမှာ သဘာဝပင် ဖြစ်သည်။ ရှောင်တန်နှင့် ရီရူယွီတို့ သာမန် လမ်းလျှောက်နေစဉ် ကြမ်းပြင်က သူတို့အလေးချိန်ကို ခံနိုင်သော်လည်း ယခုအခါ ရှောင်တန်တစ်ယောက် အပေါ်မှ ပြုတ်ကျလာသည့်အပြင် ကျိုးကျလာသော ထုတ်တန်းနှစ်ခု၏ အလေးချိန်ကလည်း များပြားသဖြင့် ကြမ်းပြင်က မခံနိုင်ဘဲ ပြိုကျသွားခြင်း ဖြစ်သည်။
ရီရူယွီ၏ တုံ့ပြန်မှုက လျင်မြန်လှသည်။ သူမက ရှောင်တန်ကို လှမ်းဖမ်းရန် လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်ပြီး ထိုခဏအတွင်း သူ့လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်နိုင်လိုက်သည်။ သို့သော် သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် ရှောင်တန်ထက် ကိုယ်အလေးချိန် ပိုပေါ့သည်။ ထို့အပြင် ကြမ်းပြင်ပြိုကျမှုက အခန်းတစ်ခုလုံးကို သက်ရောက်သွားသဖြင့် ရီရူယွီတွင်လည်း ခြေကုပ်ယူစရာ နေရာမရှိတော့ချေ။
ထို့ကြောင့် သူမသည်လည်း သူနှင့်အတူ အောက်သို့ ပြုတ်ကျသွားလေတော့သည်...။
သူတို့နှစ်ဦးသည် မှောင်မိုက်နေသော ချောက်နက်ကြီးထဲသို့ ကျဆင်းသွားကြပြီး ထိုခဏအတွင်း ပေပေါင်း ရာနှင့်ချီနက်သောနေရာသို့ ရောက်ရှိသွားကြသည်။ အောက်ခြေတွင် ဓားသွားတောင်ကြီး ရှိနေမလား သို့မဟုတ် ကျောက်တုံးကြီးများ ရှိနေမလားကို သူတို့ မသိကြချေ။ သို့သော် သူတို့ ကျဆင်းနေသည့် အမြင့်အရ မြေပြင်နှင့် ရိုက်မိပါက မည်သို့မှ အသက်ရှင်နိုင်မည် မဟုတ်တော့သည်မှာ အသေအချာပင် ဖြစ်သည်။