← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄)

ပြုတ်ကျနေသည့် ခံစားချက်က လူတစ်ယောက်ကို အိမ်မက်ဆိုးမှ နိုးထစေရန် လုံလောက်ပေသည်။ ၎င်းက လူတစ်ယောက်၏ နှလုံးသားကို တင်းကျပ်စေ၊ ခြေလက်များကို တုံ့ဆိုင်းသွားစေပြီး အော်ဟစ်မိစေတတ်သည်။

ထူးဆန်းသည်မှာ သူတို့နှစ်ဦး အောက်ခြေသို့ ကျဆင်းနေချိန်တွင် ရီရူယွီတစ်ဦးတည်းသာ အသံထွက်ခဲ့ခြင်း ဖြစ်သည်။

အလွယ်တကူ ထိတ်လန့်တတ်သော အမျိုးသားဖြစ်သူ ရှောင်တန်သည် ဤကဲ့သို့ အသက်လုရသည့် အခြေအနေမျိုးတွင် ထူးဆန်းစွာ တည်ငြိမ်နေလေသည်။ သူသည် မျက်တောင်တစ်မှိတ်အတွင်း ရီရူယွီ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်ပြီး ခွန်အားကုန်သုံးကာ သူမကို သူ့အပေါ်ဘက်သို့ ဆွဲတင်လိုက်သည်။

အန္တရာယ်ရှိသော အခြေအနေမျိုးတွင် သူ့ဗီဇမှာ အသင်းဖော်ကို အပေါ်သို့ ဆွဲတင်၍ မိမိကိုယ်ကိုယ် လူသားကူရှင်အဖြစ် အသုံးချရန် ဖြစ်သည်။ ယင်းက ထိုအမျိုးသားသည် လူကောင်းတစ်ယောက် ဖြစ်ကြောင်း ပြသနေပေသည်။ အကယ်၍ သူတို့နှစ်ဦးသည် အောက်ခြေမရှိသော ချောက်နက်ကြီးထဲသို့ ပြုတ်ကျနေခြင်း ဖြစ်ပါက ဤလုပ်ရပ်မှာ အဓိပ္ပာယ်မရှိနိုင်သော်လည်း ယခုမူ ၎င်းက သေခြင်းနှင့်ရှင်ခြင်းကို အဆုံးအဖြတ်ပေးမည့် ကွာခြားချက် ဖြစ်သွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ပြုတ်ကျနေသည့် ခံစားချက်မှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ "ဝုန်း" ခနဲ အသံနှင့်အတူ သူတို့နှစ်ဦးလုံး ရေထဲသို့ ပြုတ်ကျသွားတော့သည်။

အမှောင်ထုတွင် ပြုတ်ကျနေရသည့် ခံစားချက်က ရပ်တန့်သွား၏။ ရှောင်တန်သည် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရပြီးနောက် နာကျင်မှုနှင့် မွန်းကြပ်မှုများ လွှမ်းမိုးလာခဲ့သည်။ သို့သော်လည်း ရေထဲသို့ ကျသွားသဖြင့် သူတို့ မသေနိုင်သေးကြောင်း သိလိုက်ရသဖြင့် သူ အလွန်ဝမ်းသာသွားသည်။

ပြုတ်ကျလာသည့် အရှိန်သည် အလွန်ပြင်းထန်လှသဖြင့် ရေမျက်နှာပြင်နှင့် ထိတွေ့ပြီးနောက် သူတို့ ဆက်တိုက် နစ်မြုပ်သွားရသည်။ ရှောင်တန်သည် သူတို့ အန္တရာယ်မှ မလွတ်ကင်းသေးကြောင်း သိထားသည်။ သူသည် အသက်အောင့်ထားပြီး နစ်မြုပ်မှု အရှိန်လျော့သွားချိန်တွင် အောက်သို့ ခြေဖြင့် ကန်လိုက်သည်။ သူက ရီရူယွီ၏ လက်ကောက်ဝတ်ကို လွှတ်မပေးခဲ့ချေ။ အနည်းငယ် ပြန်တက်လာပြီးနောက် သူ၏ ဘယ်ဘက်လက်ဖြင့် ရီရူယွီကို ပွေ့ဖက်လိုက်ကာ ညာဘက်လက်ဖြင့် ရေကို ယက်ထုတ်လိုက်သည်။

သိပ်မကြာမီပင် သူတို့၏ ဦးခေါင်းများ ရေပေါ်သို့ ပေါ်ထွက်လာကြသည်။ ရေပေါ်သို့ ရောက်သည်နှင့် သူတို့ အသက်ပြင်းပြင်းရှူလိုက်ကြသည်။

"ငါ ရေကူးတတ်တယ်နော်"

အသက်နှစ်ချက်မျှ ရှူပြီးနောက် ယင်းမှာ ရီရူယွီ၏ပါးစပ်မှ ပထမဆုံးထွက်လာသော စကားဖြစ်သည်။

"စောစောက ပြောရောပေါ့၊ ငါတော်တော် ပင်ပန်းသွားတာပဲ"

ရှောင်တန်က ရီရူယွီကို လွှတ်ပေးရင်း ပြောလိုက်သည်။ သူသည် သူမနှင့် အနည်းငယ် ခွာလိုက်ပြီး လက်နှစ်ဖက်ဖြင့် ရေယက်နေလိုက်သည်။

"နင့် ခေါင်းကိုပြော"

သူမက ရှောင်တန့်နဖူးကို ရိုက်လိုက်သည်။

"ငါ့မှာ အဲဒီလိုပြောဖို့ အခွင့်အရေး ရခဲ့တယ်လို့ နင်ထင်နေတာလား"

"အိုက်ယား..."

ရှောင်တန်က နာကျင်စွာ ညည်းညူလိုက်သည်။

"ဒါဆို ငါမင်းကို ပွေ့ပြီး ရေပေါ်ကူးတက်လာတုန်းက မင်းက ဘာလို့ လုံးဝမလှုပ်တာလဲ"

"နင်က ကယ်ဆယ်ရေးသမား လုပ်နေမှတော့ ငါလည်း အလိုက်သင့်လုပ်ပေးရတာပေါ့"

ရီရူယွီက ပြန်ဖြေသည်။

"တကယ်လို့ ငါက ရုန်းကန်နေပြီး နင်ကလည်း ခေါင်းမာနေရင် ဘာဖြစ်မလဲ၊ ငါတို့ နှစ်ယောက်လုံး ရေနစ်သွားမှာပေါ့"

"အော်... အင်းပါ"

ရှောင်တန်က ဆက်ပြောသည်။

"ဒါနဲ့ မင်းအဆင်ပြေရဲ့လား"

"အင်း"

ရီရူယွီက ပြန်ဖြေသည်။

"ဒါပေမဲ့ ငါနင့်ကို ရိုက်ချင်တယ်"

ရှောင်တန်သည် ရီရူယွီတစ်ယောက် သူမကိုပါ ဆွဲချခဲ့သဖြင့် သူ့ကို အပြစ်တင်နေသည်ဟု ထင်လိုက်ကာ အကူညီမဲ့စွာ ပြောလိုက်သည်။

"ဒါက ငါ့ကို အပြစ်တင်လို့ မရဘူးလေ၊ ထုတ်တန်းကျိုးပြီး ကြမ်းပြင်ပြိုကျသွားမယ်ဆိုတာ ငါဘယ်လို သိမှာလဲ"

"ဟဟ..."

ရီရူယွီက ခြောက်ကပ်ကပ် ရယ်မော၍ တုန့်ပြန်လိုက်သည်။ သူမတွင် လောလောဆယ် ချေပစရာ ဘာမှမရှိချေ။ တကယ်တမ်းတွင် သူမကိုယ်တိုင် ရှောင်တန်၏ လက်ကောက်ဝတ်ကို ဆွဲခဲ့ခြင်းကြောင့်သာ အတူတူ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမ၏ ပထမဆုံးတုံ့ပြန်မှုသည် နောက်သို့ခုန်ဆုတ်လိုက်ရန်သာ ဖြစ်ပါက သူမအပေါ်မှာ ကျန်နေခဲ့နိုင်သည်။ ထို့နောက် သူမအနေဖြင့် ရှောင်တန်ကို ကယ်ရန် ကြိုးတစ်ခုခု ရှာနိုင်ပေလိမ့်မည်။ ၎င်းက ကူညီမည့်သူမရှိဘဲ ဤနေရာတွင် နှစ်ယောက်လုံး ပိတ်မိနေသည်ထက်စာလျှင် ပိုကောင်းပေသည်။

ထိုအချိန်တွင် ရှောင်တန်နှင့် ရီရူယွီတို့၏ ပတ်ဝန်းကျင်၌ မည်သည့် အလင်းရောင်မှ မရှိချေ။ သူတို့ ခေါင်းပေါ်ရှိ သူတို့ပြုတ်ကျလာခဲ့သော အပေါက်မှ အလင်းရောင် အနည်းငယ်သာ ရှိသည်။ ကံမကောင်းစွာဖြင့် ထိုအပေါက်သည် အိမ်ထဲတွင် ရှိနေခြင်းဖြစ်၍ အလင်းရောင်က ဤနေရာကို လင်းထိန်စေရန် မလုံလောက်ချေ။

စကားပြောနေကြသော်လည်း သူတို့၏ မျက်စိရှေ့တွင် မှောင်မိုက်နေသဖြင့် တစ်ဦးကိုတစ်ဦး မမြင်ရချေ။ သို့သော် သူတို့သည် အလွန်နီးကပ်နေပြီး ရေခတ်သံများ ကြားနေရသဖြင့် မမြင်ရသော်လည်း တစ်ဦး၏တည်နေရာကို တစ်ဦး သိနေကြသည်။ ရီရူယွီက ထိုအမှောင်ထုကို အသုံးပြု၍ ရှောင်တန်၏ ခေါင်းကို ခေါက်လိုက်ခြင်း ဖြစ်သည်။

"ဒုက္ခပဲ၊ ငါ့ရဲ့ လက်နှိပ်ဓာတ်မီးက အရင်ဇာတ်လမ်းတုန်းက..."

ရှောင်တန်က သူ၏ အလင်းရောင်ပေးသည့်ပစ္စည်း ပျက်သွားကြောင်း ပြောမည်အပြုတွင် ရီရူယွီက သူ့ခေါင်းပေါ်သို့ တစ်ခုခုတင်ပေးလိုက်သည်ကို ခံစားလိုက်ရသည်။

"ကလစ်" ဟူသော အသံနှင့်အတူ တောက်ပသောအလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။ ရှောင်တန်၏ ခေါင်းပေါ်တွင် အဝါရောင်မိုင်းလုပ်သား ဦးထုပ်တစ်ခု ရောက်လာခြင်းဖြစ်သည်။

"ဟင်၊ ဒါက မင်းဆီမှာ ဒါရှိနေသေးတာလား"

ရှောင်တန်က မေးသည်။ သူ ရီရူယွီနှင့် ပထမဆုံး စတင်တွေ့ဆုံခဲ့သော ဇာတ်လမ်းတွင် ရီရူယွီက ထိုပစ္စည်းကို သူ့လက်နှိပ်ဓာတ်မီးဖြင့် လဲလှယ်ချင်ခဲ့သည်ကို သူ မှတ်မိနေသေးသည်။

"အင်း"

ရီရူယွီက ပြန်ဖြေသည်။

"ဒါနဲ့ နင့်လက်နှိပ်ဓာတ်မီးနဲ့ လဲဖို့ကြိုးစားခဲ့တာကို ငါမှတ်မိတယ်၊ ဒါပေမဲ့ နင်က ငါ့ကို တစ်ခုပေးပြီးတော့ 'ဒါကြီး ဆောင်းရတာ ကြောင်တောင်တောင်ကြီး၊ မင်းပဲ သိမ်းထားလိုက်ပါ' လို့ ပြောခဲ့တယ်လေ"

"ဒါဆို မင်းက ဘာလို့ အခုထိ သိမ်းထားတာလဲ၊ ဒီလိုပစ္စည်းမျိုးက တန်ဖိုးမရှိတော့တာ ကြာပြီလေ"

ရှောင်တန်က ဆိုသည်။

"ငါက အငြင်းခံရတာကို အမုန်းဆုံးပဲ"

ရီရူယွီက ပြောသည်။ သူမက မိုင်းတွင်းလုပ်သားဦးထုပ် ဆောင်းထားသော ရှောင်တန်၏ ဦးခေါင်းကို ခေါက်လိုက်သည်။

"ကြည့်စမ်း၊ ဒီလိုကြောင်တောင်တောင် ပစ္စည်းမျိုးနဲ့ နင်နဲ့ အရမ်းလိုက်ဖက်နေတာပဲ..."

"မင်းနဲ့ စတွေ့တုန်းက အချိန်တွေကို တော်တော်လွမ်းမိတယ်"

ရှောင်တန်က ခါးသီးသောအမူအရာဖြင့် ပြောသည်။

"ငါ့ကို 'အစ်ကိုရှောင်တန်' လို့ ခေါ်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ ပစ္စည်းလာလဲခဲ့တဲ့ ရီရူယွီလေးတော့ ထာဝရ ပျောက်ကွယ်သွားပြီ ထင်ပါတယ်..."

ရီရူယွီသည် သူမအတိတ်က အရှက်ရစရာ သမိုင်းကြောင်းများကို ဖော်ထုတ်ခံလိုက်ရသဖြင့် စိတ်ဆိုးမာန်ဆိုးဖြင့် အကြောင်းအရာ ပြောင်းလိုက်သည်။

"အချိန်မဖြုန်းနဲ့တော့၊ မြန်မြန်လှည့်ကြည့်ပြီး နားနားနေနေ ရပ်လို့ရမယ့်နေရာ ရှိမရှိ ရှာစမ်းပါ၊ အားကုန်တဲ့အထိ ရေထဲမှာပဲ နေချင်လို့လား"

ရှောင်တန်က ဇက်ပုသွားပြီး အမှန်တကယ် စကားဆက်မပြောတော့ချေ။ သူက ရေထဲတွင် တဖြည်းဖြည်းလှည့်ကာ သူ၏ ပတ်ဝန်းကျင်နှင့် အပေါ်ဘက်ကို အလင်းရောင်ဖြင့် လိုက်ကြည့်သည်။

မည်သို့ပင်ဖြစ်စေ ဤအခြေအနေတွင် မိုင်းတွင်းလုပ်သားဦးထုပ်က အတော်လေး အသုံးဝင်လှသည်။ အနည်းဆုံးတော့ လက်ဖြင့် ကိုင်ထားစရာမလိုဘဲ အသုံးပြုနိုင်သော အလင်းရောင်ပေးသည့် ကိရိယာတစ်ခု ဖြစ်သည်။

အလင်းရောင် ရွေ့လျားသွားသည်နှင့် သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်အခြေအနေကို မြင်တွေ့လိုက်ရသည်။ သူတို့ ရောက်နေသော ရေကန်မှာ သိပ်မကြီးလှချေ။ ဆယ်မီတာခန့် အကွာတွင် ကျောက်ကမ်းပါးတစ်ခု ရှိနေလေသည်။ ရေကန်၏ အပေါ်ဘက်တွင် ဆလင်ဒါပုံစံ ဒေါင်လိုက်လိုဏ်ခေါင်းတစ်ခုရှိပြီး သူတို့ ပြုတ်ကျလာခဲ့သော လမ်းကြောင်းလည်း ဖြစ်သည်။ လိုဏ်ခေါင်း၏ အပေါ်ဘက်ထိပ်ဝသည် အိမ်အလွတ်၏ မီးဖိုချောင်အပေါက်ဖြစ်ပြီး လိုဏ်ခေါင်း၏ အောက်ခြေမှာ ကျယ်ပြန့်သွားပုံရသည်။ ခြုံငုံကြည့်လျှင် ရေကန်အပေါ်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာမှာ ပြောင်းပြန်လှန်ထားသော ကန်တော့ပုံစံနှင့် တူပေသည်။ လာရာလမ်းကြောင်းအတိုင်း ပြန်တက်ရန် မဖြစ်နိုင်ချေ။

ရေကန်ကို ကျောက်နံရံများဖြင့် ဝန်းရံထားပြီး တစ်ဖက်တည်းတွင်သာ ကျောက်ကမ်းပါး ရှိခြင်းဖြစ်သည်။

ရှောင်တန်နှင့် ရီရူယွီတို့တွင် ရွေးချယ်စရာ မရှိချေ။ အရေးကြီးဆုံးမှာ နားနေနိုင်မည့် နေရာတစ်ခုရှာရန် ဖြစ်သည်။ နှစ်ဦးသား တစ်ယောက်ပြီးတစ်ယောက် ကူးခတ်သွားကြသည်။ ကမ်းပေါ်သို့ ရောက်သောအခါ သူတို့နှစ်ဦးလုံး ပင်ပန်းလွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူနေကြရသည်။ သူတို့က နားရန်အတွက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ထိုဖြစ်ရပ်များသည် မိနစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း သူတို့၏ အသက်အမှတ်နှင့် သက်လုံအမှတ်တို့ အတော်များများ ကုန်ဆုံးသွားရသည်။ ထိုအမြင့်မှ ရေထဲသို့ ပြုတ်ကျခြင်းကြောင့် ရှောင်တန်သည် သူ၏ အသက်အမှတ် ၆၇ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားပြီး ရီရူယွီမှာ ၅၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့သည်။ မှန်ပေသည် ယင်းက သိပ်မများလှချေ။ တကယ့်လက်တွေ့ဘဝတွင် ထိုအမြင့်မှ ရေထဲခုန်ချပါက ချက်ချင်း သေဆုံးသွားနိုင်ပေသည်။ ဂိမ်းထဲမှ ဇာတ်ကောင်များသည် သာမန်လူများထက် ကိုယ်ခန္ဓာကြံ့ခိုင်မှု ပိုကောင်းသဖြင့် အသက်ရှင်နိုင်ခြင်း ဖြစ်သည်။

ရေပေါ်တွင် ပေါလောပေါ်နေရန်နှင့် ကမ်းခြေသို့ ကူးရန်အတွက် သက်လုံအမှတ် ၃၀၀ ကျော် ကုန်ဆုံးခဲ့ရသည်။ အဆင့် ၁၇ ရှိသော ကစားသမားနှစ်ဦးအတွက် ၎င်းမှာ သူတို့၏ စုစုပေါင်းသက်လုံအမှတ်၏ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်။

"ငါ ပြောမယ်... ငါတို့ ရှေးဟောင်းဂူသင်္ချိုင်း တစ်ခုခုကို ရှာတွေ့သွားတာများလား"

ရှောင်တန်က သူ့နောက်ဘက်သို့ လှည့်ကြည့်ရင်း ပြောသည်။ ထိုနေရာတွင် မည်သည့်နေရာသို့ ဦးတည်သည်မှန်း မသိရသော လမ်းရှည်ကြီးတစ်ခု ရှိနေလေသည်။

"ဘာလဲ၊ ငါက နင်နဲ့ အတူတူလေ့ကျင့်ဖို့ အဝတ်အစားတွေ ချွတ်လိမ့်မယ်လို့ စိတ်ကူးယဉ်နေတာလား"

ရီရူယွီက ပြန်ဖြေသည်။ တကယ်တမ်းတွင်မူ သူမကိုယ်တိုင်က အရှက်မရှိပြောဆိုနေခြင်း ဖြစ်သည်။

"အင်း... ငါ ပြောမလို့လုပ်နေတာက ဒီနေရာမှာ ပစ္စည်းကိရိယာတွေ၊ စကေးတွေ ဒါမှမဟုတ် လျှို့ဝှက်တာဝန်တွေ ရှိနိုင်တယ်လို့ပါ"

ရှောင်တန်က ဆိုသည်။

"ဒါပေမဲ့ မင်းက ရုတ်တရက်ကြီး အဲဒီလို ပြောလိုက်တော့..."

သူစကားမဆုံးခင် သူ့ခေါင်းကို ထပ်မံ အခေါက်ခံလိုက်ရပြန်သည်။ မိုင်းတွင်းလုပ်သားဦးထုပ် ဆောင်းထားသော်လည်း နာကျင်နေသေးသည်။

"ဒါဆို နင့်မှာလည်း မကောင်းတဲ့စိတ်ကူးတွေ ရှိနေတာပေါ့"

ရီရူယွီက နှာခေါင်းရှုံ့လိုက်သည်။

"'လည်း' ဆိုတဲ့ စကားလုံးကို သုံးလိုက်တာပဲ... ဟူး... ကောင်းပါပြီ... ကောင်းပါပြီ... အားလုံးက ငါ့အမှားပါ ဟုတ်ပြီလား"

ရှောင်တန်မှာ အတော်လေး အနိုင်ကျင့်ခံနေရသည်။

ဤမြေအောက်ရေကန်မှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။ သူတို့နှစ်ဦးလုံး ရေစိုနေကြသဖြင့် အအေးဒဏ်က သူတို့၏ အရိုးထဲအထိ စိမ့်ဝင်နေသည်။ ခဏထိုင်ပြီးနောက် သူတို့သည် မချမ်းဘဲ မနေနိုင်တော့ချေ။ ထို့ကြောင့် သူတို့နှစ်ဦးသည် ထိုနေရာတွင် အကြာကြီး မနေကြတော့ပေ။ သူတို့၏ အဝတ်အစားများမှ ရေများကို တတ်နိုင်သမျှ ညှစ်ထုတ်ပြီး ခဏနားလိုက်ကြသည်။ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားချိန်တွင် သူတို့ထရပ်လိုက်ပြီး တစ်ခုတည်းသော လမ်းအတိုင်း လျှောက်သွားလိုက်ကြသည်။

ထိုလိုဏ်ခေါင်းအတွင်းရှိ ကျောက်တုံးများသည် အလင်းကို စုပ်ယူနိုင်သော ဂုဏ်သတ္တိ ရှိပုံရသည်။ ခရီးအနည်းငယ် လျှောက်ပြီးနောက် သူတို့ထက် ရှေ့အနည်းငယ်တွင် မှောင်မိုက်သော အရိပ်တစ်ခုသာ ရှိတော့ကြောင်း သတိထားမိလိုက်သည်။ အလင်းရောင်သည် ဆယ်မီတာထက် ကျော်လွန်သွားသည်နှင့် လုံးဝနီးပါး ပျောက်ကွယ်သွားတော့သည်။

သတိပြုသင့်သော အခြားအချက်တစ်ခုမှာ ထိုလမ်းသည် အပေါ်တက်သည့်လမ်း မဟုတ်ဘဲ အောက်သို့ လျောဆင်းသွားသည့် လမ်းဖြစ်နေခြင်း ဖြစ်သည်။ သူတို့ ရေကန်ထဲသို့ ပြုတ်ကျစဉ်ကပင် အတော်လေးနက်သော မြေအောက်သို့ ရောက်နေပြီ ဖြစ်သော်လည်း ထိုလမ်းက ပိုနက်သော နေရာသို့ ဦးတည်နေလေသည်။ ဘာတွေ ဖြစ်နေတာလဲ။ ဒီနေရာက စန်းလော့နန်းတော်ကို တိုက်ရိုက် ဦးတည်နေတာများလား။

နောက်ထပ်ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် လမ်းသည် အောက်သို့ မဆင်းတော့ဘဲ ညီညာသွား၏။ လိုဏ်ခေါင်းက တဖြည်းဖြည်း ပိုကျယ်လာလေသည်။ သူတို့ မသိလိုက်ဘဲ လိုဏ်ခေါင်း၏ အမြင့်နှင့် အကျယ်မှာ မြေအောက်ရထား တစ်စီးစာခန့်အထိ ကြီးမားလာခဲ့သည်။

"နင် အနံ့တစ်ခုခု ရလား"

ရီရူယွီက ရုတ်တရက် မေးလိုက်သည်။ လိုဏ်ခေါင်းထဲတွင် အခိုးအငွေ့များ ပြည့်နှက်နေပြီး အနံ့အသက်က လျော့ပါးမသွားချေ။ လွန်ခဲ့သော တစ်မိနစ်ခန့်က သူမသည် ထူးဆန်းသော အနံ့ဆိုးတစ်ခုကို ရရှိနေခဲ့သည်။ ယင်းက ကောင်းသောလက္ခဏာ မဟုတ်ချေ။

ရှောင်တန်က ရီရူယွီကို စူးစမ်းသောအကြည့်ဖြင့် စက္ကန့်အနည်းငယ် ကြည့်လိုက်သည်။

"မင်း... အဲဒါ... လုပ်လိုက်တာလို့ ငါ့ကို မပြောနဲ့နော်၊ ဒီဂိမ်းကို ဒီလိုမျိုးပါ ကစားလို့ရမှန်း ငါမသိခဲ့ဘူး..."

"နင့်ခေါင်းကို လုပ်"

ရီရူယွီ၏ မျက်နှာက နီမြန်းသွားတော့သည်။ သူမက သူ့ဦးထုပ်ကို ဆွဲချွတ်လိုက်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ဆူပူရင်း သူ့ခေါင်းကို ခေါက်ချလိုက်လေသည်။

"ကောင်းပါပြီ၊ ငါနားလည်မှု လွဲသွားပုံရတယ်..."

"အရူး အရူး ငတုံးကောင်"

"ဟေး... မင်း အဲဒီလိုပြောရင် စနစ်က ဆင်တာဖြတ်မှာ မဟုတ်ဘူးလား..."

"အင်း... ဟူး..."

ရီရူယွီက အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်အေးအေးထားရန် ကြိုးစားလိုက်သည်။

"နောက်ကျရင် လေလံရုံမှာ စက္ကူယပ်တောင်တွေ ရှိမရှိ သွားကြည့်ရမယ်၊ တစ်ချိန်လုံး လက်နဲ့ ရိုက်နေရတာ ငါ့လက်တွေ နာကုန်ပြီ"

"တောင်းပန်ပါတယ်"

ရှောင်တန်က ဆိုသည်။

"ငါ့ခေါင်းက အရမ်းမာနေလို့ပါ"

"အဲဒါအတွက် တောင်းပန်ဖို့ လိုလို့လား"

ရီရူယွီက ဦးထုပ်ကို သူ့ခေါင်းပေါ်သို့ ပြန်ဆောင့်ချလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... အားလုံးက ငါ့အမှားပါ ဟုတ်ပြီလား"

ရှောင်တန်က ဆိုသည်။

"မင်းအကြမ်းဖက်စရာ မလိုပါဘူး၊ စကားနဲ့ ဖြေရှင်းလို့ မရ..."

"အစ်ကိုရှောင်တန်..."

ရီရူယွီက ပြုံးလျက် သူ့စကားကို ဖြတ်ပြောလိုက်သည်။ သူမ၏ လေသံက ကြင်နာသော်လည်း သူမ၏ မျက်လုံးများမှာမူ လူသတ်ချင်စိတ်များ ပြည့်နေလေသည်။

"နင်နောက်ပြန်လှည့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်လို့ ရမလား"

"မင်း ငါ့ကို ရိုက်တာပဲ ပိုကောင်းပါတယ်..."

"ဝေါင်း"

ရုတ်တရက် လူသားမဟုတ်သော သတ္တဝါတစ်ကောင်၏ ဟိန်းဟောက်သံက သူတို့စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။

ထိုမကောင်းဆိုးဝါးမှာ သူတို့၏ စကားပြောသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားခြင်းလား သို့မဟုတ် သားကောင်၏ တည်ရှိမှုကို သိရှိသွားပြီး အစာရှာရန် ကြိုးစားခြင်းလားကို ဘယ်သူမှ မသိကြချေ။ မည်သို့ပင်ဖြစ်စေ ဧရာမသတ္တဝါကြီးတစ်ကောင် မြေပြင်ပေါ်တွင် တွားသွားလာနေသည့် ကျယ်လောင်သောအသံမှာ သူတို့ရှေ့ရှိ လိုဏ်ခေါင်းအတွင်းမှ ထွက်ပေါ်လာပြီး ကစားသမား နှစ်ဦးထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်...။

All Chapters