← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅)

ဤမြေအောက်ဂူမြေပုံသည် အတော်လေး ကျယ်ဝန်းလှသည်။ လိုဏ်ခေါင်းများမှာ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးစွာ ဆက်သွယ်နေကြပြီး ဂူအတွင်း၌ ဇာတ်လမ်းအလှည့်အပြောင်း များစွာရှိပေသည်။ ချန်လင်မြို့၏ မတူညီသော ထောင့်သုံးနေရာတွင် ဝှက်ထားသည့် ဝင်ပေါက်စုစုပေါင်း သုံးခု ရှိသည်။ မည်သည့်ဝင်ပေါက်မှ ဝင်သည်ဖြစ်စေ ကနဦးတွင် လမ်းတစ်ကြောင်းတည်းသာ ရှိသော်လည်း မကောင်းဆိုးဝါးများနှင့် ထောင်ချောက်များကို ဖြတ်ကျော်ပြီးနောက်တွင် လမ်းခွဲများ ပိုမိုများပြားလာကာ ဆုလာဘ်များကို ထိုလမ်းများ၏ အဆုံး သို့မဟုတ် အလယ်၌ ဖြန့်ကျက်ထားရှိသည်။

သီအိုရီအရပြောရလျှင် ရှောင်တန်နှင့် ရီရူယွီတို့ ပြုတ်ကျခဲ့သည့် ရေကန်သည် ရေမကူးတတ်သော ကစားသမားများပင် ရောက်ရှိနိုင်သည့် နေရာဖြစ်သည်။ ရေကန်အလယ်၌ ရေနက်သော်လည်း ပတ်ဝန်းကျင်တွင် ရေတိမ်သောကြောင့် အသက်အောင့်၍ ရေငုပ်သွားပါက ခရီးမဝေးလှသဖြင့် ကမ်းပေါ်သို့ ပြန်တက်နိုင်မည်ဖြစ်သည်။ အားကုန်သွား၍ ရေမွန်းလျှင်ပင် သတိလစ်သွားမည် မဟုတ်သော်လည်း အသက်အမှတ်များ ဆက်တိုက်ကျဆင်းကာ ရေနစ်သည့် ဝေဒနာကို ခံစားရမည် ဖြစ်သည်။

ရေကန်ဘေးရှိ လမ်းအတိုင်း ဆက်သွားပါက မကောင်းဆိုးဝါးများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။

"တစ်ခုခု လာနေသလိုပဲ..."

ရှေ့မှ ထူးဆန်းသော အသံများကို ကြားရသောအခါ ရှောင်တန်က အသုံးမဝင်သော စကားတစ်ခွန်းကို ထပ်မံ ပြောလိုက်မိသည်။

"ဒါကို ငါစောစောက မေးမလို့ပဲ"

ရီရူယွီက ထပ်လောင်းပြောသည်။

"နံရံမှာ အပင်တွေမရှိဘဲ ဂူထဲမှာ အနံ့ဆိုးရှိနေတယ်၊ ဒါက ဒီထဲမှာ သတ္တဝါတစ်ကောင်ကောင် လှုပ်ရှားနေလို့ပဲ ဖြစ်ရမယ်၊ လမ်းတစ်လျှောက်လုံး ဘာအနံ့မှ မရခဲ့ပေမဲ့ ဒီနေရာမှာ လိုဏ်ခေါင်းက ပိုကျယ်လာတယ်၊ ဒါက အဲဒီသတ္တဝါက အရမ်းကြီးပြီး ဒီလိုကျယ်ဝန်းတဲ့ နေရာမှာပဲ လှုပ်ရှားနိုင်တယ်လို့ ဆိုလိုတာပဲ"

သူမက ပြောရင်း ပစ္စည်းသိုလှောင်အိတ်ထဲမှ MP5 သေနတ်ကို ထုတ်ယူကာ လက်နှိပ်ဓာတ်မီး တပ်ဆင်၍ အမှောင်ထဲသို့ ချိန်ရွယ်လိုက်သည်။

"ဒါဆို ငါတို့ ပြေးသင့်တယ်လေ"

ရှောင်တန်က ဆိုသည်။

"လိုဏ်ခေါင်းကျဉ်းတဲ့နေရာကို ပြန်ပြေးရင် အဲဒီကောင် ငါတို့နောက်ကို လိုက်လို့ရမှာ မဟုတ်ဘူး"

"အဲဒီနောက်ရော"

ရီရူယွီက ပြန်မေးသည်။

"ဒါက တစ်ခုတည်းသောလမ်းပဲ၊ ရေကန်နားမှာ ယာယီဘေးကင်းနိုင်ပေမဲ့ ငါတို့ ဒီထဲက ထွက်သွားနိုင်မှာ မဟုတ်ဘူး"

"အင်း... မင်းပြောတာလည်း ဟုတ်တာပဲ"

ရှောင်တန်ကလည်း သူ၏ ဝင်ချက်စတာသေနတ်ကို ထုတ်၍ ကျည်ဖြည့်လိုက်သည်။

တကယ်တမ်းတွင် နောက်သို့ ပြန်ဆုတ်ခြင်းမှာ မဆိုးလှသော အကြံဖြစ်သည်။ ကစားသမားများသည် ဂိမ်းထဲတွင် အစားအစာနှင့် အိပ်စက်ခြင်းအတွက် ပူပန်ရန်မလိုဘဲ မကောင်းဆိုးဝါး တိုက်ခိုက်မခံရသရွေ့ အသက်ရှင်နိုင်ကြသည်။ နေဝင်ချိန်၌ သူတို့ တည်းခိုခန်းသို့ ပြန်မလာသည်ကို အသင်းဖော်များ သိရှိပါက သဘာဝကျစွာပင် ထွက်ရှာကြပေလိမ့်မည်။

သို့သော် ဖုန်းပုကြွယ်မှာမူ ရှောင်တန်နှင့်ရီရူယွီတို့ ဘာဖြစ်ခဲ့သည်ကို သိမည်မဟုတ်ပေ။သူသည် သူတို့နှစ်ဦးလုံး ဧရာမတွင်းပေါက်ကြီးထဲ ကျသွားကြောင်း တွေးမိမည်မဟုတ်ဘဲ NPC များ၏ ဖမ်းဆီးခံလိုက်ရသည်ဟုသာ ထင်မြင်နေပေလိမ့်မည်။ ထို့ကြောင့် သူတို့ လိုက်ရှာလျှင်ပင် အခန်းလွတ်များကိုသာ စစ်ဆေးမိပြီး ဝေးလံသော ထိုအခန်းလွတ်ထဲရှိ မြေအောက်ဂူကြီးကို ရှာတွေ့ရန် ခဲယဉ်းပေလိမ့်မည်။ ဇာတ်လမ်းပြီးဆုံးသည်အထိ ဘယ်သူမှ ရှာတွေ့မည်မဟုတ်ကြောင်း ရီရူယွီ ခန့်မှန်းထားသည်။

"လာနေပြီ၊ အနားကို ရောက်နေပြီ..."

ရီရူယွီက လေသံတိုးတိုးဖြင့် အမှောင်ထုထဲကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူတို့နှစ်ဦးလုံး၏ ထောက်လှမ်းရှာဖွေရေးကျွမ်းကျင်မှုမှာ E အဆင့်သာ ရှိသော်လည်း ပစ်ခတ်ရေးအထူးပြုထားသော သူမ၏ အမြင်အာရုံက ရှောင်တန်ထက် ပိုမို ကောင်းမွန်ပေသည်။

ထိုစကားကို ကြားသောအခါ ရှောင်တန်က သေနတ်ကို အသင့်ပြင်ထားလိုက်သည်။

ဝေါင်း။

နောက်ထပ်ဟိန်းဟောက်သံနှင့်အတူ မြေကြီးတုန်ခါသံများ ထွက်ပေါ်လာပြီး သူတို့၏ အမြင်အာရုံထဲသို့ ကားတစ်စီးစာခန့် ကြီးမားသော မကောင်းဆိုးဝါးတစ်ကောင် ဝင်ရောက်လာတော့သည်။

မကောင်းဆိုးဝါးသည် အလွန်ကြီးမားသဖြင့် တစ်ကိုယ်လုံးကို မြင်ရရန် ခဲယဉ်းသော်လည်း အလင်းရောင်အောက်တွင် တောက်ပနေသော ၎င်း၏ နောက်ကျောအရေပြားအရ ဧရာမမိကျောင်းကြီးတစ်ကောင်နှင့် တူသည်။

သို့သော်လည်း မကောင်းဆိုးဝါးဦးခေါင်းသည် မိကျောင်းနှင့် အနည်းငယ်ကွဲပြား၏။ ယင်းက ခွေးနှင့် တူပြီး ဟိန်းဟောက်သံမှာ ဝက်ဝံသံကဲ့သို့ ဖြစ်သည်။

ဒိုင်းခနဲမြည်သံနှင့်အတူ ရှောင်တန်၏ လက်ထဲမှ မီးပွင့်တစ်ချက် ထွက်ပေါ်လာသည်။ နီးကပ်သော အကွာအဝေးမှ ပစ်ခတ်မှုသည် စွမ်းအားပြည့်ပစ်ချက်တစ်ခု ဖြစ်သင့်သော်လည်း ထိုအချိန်တွင် မကောင်းဆိုးဝါး၏ အရေခွံကို မထိုးဖောက်နိုင်ခဲ့ပေ။ ၎င်း၏ ကျောပြင်တွင် ကျည်စများ စိုက်ဝင်သွားရုံသာ ဖြစ်သဖြင့် အသားထဲအထိ ဒဏ်ရာမရစေခဲ့ချေ။

တစ်ချိန်တည်းတွင် ရီရူယွီ၏ MP5 မှ ကျည်ဆန်များက မကောင်းဆိုးဝါး၏ မျက်လုံးများကို စနစ်တကျ ပစ်ခတ်တိုက်ခိုက်လိုက်သည်။

ဧရာမမိကျောင်းကြီးသည် ၎င်းမျက်လုံးများ အပစ်ခံရပါက အခြေအနေမဟန်မည်ကို သိသဖြင့် ပါးစပ်ကြီးကို ဖွင့်ဟ၍ ခေါင်းခါယမ်းပြီး ကျည်ဆန်များကို ရှောင်ရှားရင်း ရှေ့သို့ တိုးလာခဲ့သည်။

"ပြန်ဆုတ်မယ်"

ရီရူယွီက တိုတိုတုတ်တုတ်ရိုးရိုးရှင်းရှင်း အမိန့်ပေးလိုက်သည်။

ရှောင်တန်ကလည်း သူမဆိုလိုသည်မှာ 'တိုက်ရင်း ဆုတ်မယ်' ဖြစ်ကြောင်း နားလည်သဖြင့် ကျည်ဖြည့်ရင်း ပစ်ရင်း နှစ်ယောက်သား နောက်သို့ ဆုတ်ခွာလိုက်ကြသည်။

မကောင်းဆိုးဝါးမှာ ဒဏ်ရာအပြင်းအထန် မရသော်လည်း တိုက်ခိုက်မှုများကြောင့် အထိနာခဲ့သည်။ ထို့ပြင် ၎င်း၏ မျက်လုံးများကို ကာကွယ်ရန် ခေါင်းခါနေရသဖြင့် တွားသွားသည့် အရှိန်ကလည်း သဘာဝကျစွာကင် နှေးကွေးနေခဲ့သည်။

ဧရာမမိကျောင်းကြီး နှေးကွေးသွားသဖြင့် ရှောင်တန်နှင့် ရီရူယွီတို့အတွက် အချိန်ပိုရသွား၏။ သူတို့တွင် အဝေးပစ်လက်နက်များနှင့် ကျည်ဆန်အလုံအလောက် ရှိပေသည်။ ငါးမီတာခန့် အကွာအဝေးကို ထိန်းထားနိုင်ပါက ထိုမကောင်းဆိုးဝါးကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

ထိုမကောင်းဆိုးဝါး၏ အသွင်အပြင်က ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ထိုကဲ့သို့ မှောင်မိုက်ကျဉ်းမြောင်းသောနေရာတွင် သူတို့ကို အတော်လေး ကြောက်စရာကောင်းစွာ တိုက်ခိုက်နိုင်ပေသည်။ အကယ်၍ ကစားသမားများ ကျောခိုင်းပြေးမိပါက လိုက်ဖမ်းခံရသော ခံစားချက်သည် အလွန်ပြင်းထန်ပေလိမ့်မည်။ သို့သော်လည်း ထိုသို့သော အပြင်အဆင်အရ မကောင်းဆိုးဝါးသည် သိပ်အားမကောင်းနိုင်ပေ။ တကယ်တမ်းတွင် ဖုန်းပုကြွယ်နှင့် ရီရူယွီတို့ တောင်ပေါ်တွင် တွေ့ခဲ့သည့် သစ်ပင်မိစ္ဆာနှင့် နှိုင်းယှဉ်ပါက ကိုင်တွယ်ရ ပိုမိုလွယ်ကူသည်။

၎င်း၏ အမြန်နူန်းမှာ ပျမ်းမျှသာရှိပြီး ဖိနှိပ်မှုတချို့ဖြင့် အရှိန်နှေးသွားမည်ဖြစ်သည်။ ၎င်း၏ ခုခံမှုမှာ သန်မာသော်လည်း အားနည်းချက်က အလွန်သိသာနေသဖြင့် ကစားသမားများအတွက် အလွယ်တကူဖြတ်မြင်နိုင်ပေသည်။ တိုက်ခိုက်မှုပုံစံလည်း ရိုးရှင်းလှပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသက်သက်သာဖြစ်သည်။ ထို့ကြောင့် ၎င်း၏ တိုက်ခိုက်မှုသည် ကစားသမားများကို တစ်ချက်တည်းနှင့် အသေမသတ်နိုင်ချေ။

အမှန်တကယ်တွင် ဇာတ်လမ်းအလှည့်အပြောင်းများအကြောင်း ကြိုသိပါက နောက်သို့ ပြန်ပြေးခြင်းက ပိုလွယ်ကူမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးသည် လိုဏ်ခေါင်း၏ တစ်နေရာ၌ တစ်သွားပြီး မလှုပ်ရှားနိုင် ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။ထို့နောက် ၎င်းကိုသတ်ဖြတ်ရန်မှာ လွယ်ကူသော ကိစ္စသာဖြစ်တော့သည်။

ဤကဲ့သို့ အပြင်အဆင်မျိုးသည် တိုက်ပွဲကို အလွန်လွယ်ကူစေသယောင် ထင်ရသော်လည်း စနစ်၏ အမြင်အရ ယင်းက အကျိုးအကြောင်း သင့်ပေသည်။

ဤကဲ့သို့ ဝှက်ထားသော ဆုလာဘ်တစ်မျိုးမျိုး သို့မဟုတ် ဇာတ်လမ်းအလှည့်အပြောင်းတစ်ခုရှိသည့် ဥမင်လိုဏ်ခေါင်းမျိုးအတွက် စနစ်သည် ကစားသမားများကို သေလမ်းတော့ ပို့လိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုပါက သူတို့ပြုတ်ကျကတည်း တစ်ခါတည်း တန်းသေတာကမှ ပိုကောင်းပေလိမ့်မည်။

ထို့ကြောင့် သူတို့၏ အသက်အမှတ်နှင့် သက်လုံအမှတ်များ သုံးပုံနှစ်ပုံခန့် ကုန်ဆုံးသွားချိန်တွင် ဖြစ်ပေါ်လာသော တိုက်ပွဲသည် အိပ်မက်ဆိုးအဆင့်ခက်ခဲမှုလောက် အရမ်းကြီး ခက်ခဲတော့မည်မဟုတ်ချေ။

ဝေါင်း။

သေချာပေသည် နောက်ထပ်ဟိန်းဟောက်သံနှင့်အတူ ငါးမိနစ်ခန့် တိုက်ခိုက်ပြီးနောက်တွင်… မကောင်းဆိုးဝါးသည် ကျောက်တုံးများ စုပုံနေပြီး ကျဉ်းမြောင်းသောနေရာတစ်ခုတွင် တစ်သွားပြီး မလှုပ်ရှားနိုင် ဖြစ်သွားတော့သည်။

All Chapters