အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း (၂၀၆)
ဖုန်းပုကြွယ်သည် ဇာတ်လမ်းအိုင်တမ်ကို ရရှိပြီးနောက် လမ်းကြောင်းမှန်မမှန် အတည်ပြုရန်အတွက် သုံးမိနစ်ခြားတစ်ခါ ခေါင်းလောင်းလေးကို မြှောက်၍ စစ်ဆေးနေရသည်။ သူသည် ရီရူလီကို ဦးဆောင်ကာ နာရီဝက်ခန့် လျှောက်သော်လည်း လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းကို ရှာမတွေ့သေးချေ။
တောအုပ်ကြီးသည် အဆုံးမရှိသယောင် ထင်ရပြီး မြေမျက်နှာသွင်ပြင်မှာလည်း ထူးဆန်းရှုပ်ထွေးလှသည်။ သူတို့ပတ်ဝန်းကျင်ရှိ အပူချိန်ကလည်း တဖြည်းဖြည်း ကျဆင်းနေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်အာရုံခံစားမှုအရ အပူချိန်သည် သုညဒီဂရီ ဆဲလ်စီးယပ်စ်အောက်သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ ဖုန်းပုကြွယ်၏ ဝတ်စုံမှာ အအေးဒဏ်ကို အတော်အတန် ခံနိုင်ရည်ရှိသော်လည်း ရီရူလီမှာမူ ဘောင်းဘီရှည် ဝတ်ထားသော်လည်း အင်္ကျီမှာ လက်ပြတ်ဝါဂွမ်းအင်္ကျီသာ ဖြစ်သည်။ ထိုပတ်ဝန်းကျင်မျိုးတွင် သဘာဝကျစွာပင် သူမမှာ ချမ်းအေးမှုကို ခံစားနေရကာ ဖုန်းပုကြွယ်ထက် သက်လုံအမှတ် ပိုမိုကုန်ဆုံးနေလေသည်။
"ကံမကောင်းတာက... ငါ့ဂျာကင်ကို မင်းကို ပေးလို့မရဘူးဖြစ်နေတယ်"
ဖုန်းပုကြွယ်က ခဏနား၍ ခေါင်းလောင်းကို ထုတ်ယူရင်း ဆိုသည်။
"ငါ့အင်္ကျီနဲ့ အပေါ်အင်္ကျီက မင်းရဲ့လက်ပြတ်အင်္ကျီထက်စာရင်တော့ အအေးဒဏ်ကို ပိုခံနိုင်မှာပဲ"
"ခရမ်းရောင်က ကျွန်မနဲ့မလိုက်ဘူး"
ရီရူလီက ခပ်တိုးတိုး ပြန်ပြောသည်။
"အဲဒီလိုလား..."
ဖုန်းပုကြွယ်က ဆက်ပြော၏။
"ဒါပေမဲ့ နွေဦးနဲ့ ဆောင်းဦးရာသီတွေနဲ့ သင့်တော်မယ့်ဝတ်စုံမျိုး ပြောင်းဝတ်ဖို့ ငါအကြံပေးချင်တယ်၊ ဒါမှ အရမ်းအေးတဲ့ ဒါမှမဟုတ် အရမ်းပူတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ ကြုံရရင် မင်းခံနိုင်ရည်ရှိမှာ”
သူက သူ့လက်ဖြင့် ခေါင်းလောင်းကို ဒေါင်လိုက်ကိုင်၍ ဖြည်းညင်းစွာ စတင်လှည့်လိုက်သည်။
“ရှောင်တန့်ရဲ့ လုတ်ကြံသတ်ဖြတ်သူဝတ်စုံက မဆိုးဘူး၊ ဒါပေမဲ့ ရီရူယွီရဲ့ ဝတ်စုံကတော့ နည်းနည်းထူလွန်းတယ်၊ အပူချိန် ၃၀ ဒီဂရီလောက်ရှိတဲ့ နေရာမျိုးဆိုရင် သက်လုံအမှတ်တွေ ပိုကုန်လိမ့်မယ်"
"ဒီဇာတ်လမ်းပြီးမှပဲ စဉ်းစားတော့မယ်"
ရီရူလီက ဆိုသည်။
"အရင်ကတော့ တိုက်ခိုက်တဲ့အခါ လှုပ်ရှားမှုအဆင်ပြေမယ့် ဝတ်စုံမျိုးကိုပဲ စဉ်းစားပြီး မျက်စိရှေ့မှာ တွေ့တဲ့ ကြုံရာဝတ်စုံ ဝယ်လိုက်တာ၊ ဒါပေမယ့် အခုကြည့်ရတာ ကျွန်မတော်တော် ပေါ့ဆသွားတယ်”
သူမက တွေးတွေးဆဆပြောသည်။
“နောက်တစ်ခါဝယ်ရင်တော့ သေသေချာချာ ရွေးရမယ်၊ အပူချိန်အမျိုးမျိုးနဲ့ ကိုက်ညီဖို့ လိုသလို ပစ္စည်းသိုလှောင်နိုင်စွမ်း ဒါမှမဟုတ် ရုပ်ဖျက်နိုင်စွမ်းရှိတဲ့ ဝတ်စုံမျိုးဆိုရင် ပိုကောင်းမှာပဲ..."
သူမ စကားပြောနေရင်း ဖုန်းပုကြွယ်က သူမကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်ကို သတိပြုမိသွားသည်။
"ဘာဖြစ်လို့လဲ"
ရီရူလီက မေးလိုက်သည်။ သူမသည် ဖုန်းပုကြွယ်၏ အကြည့်ကို ရှောင်ဖယ်ခြင်းမရှိဘဲ သူမထုံးစံအတိုင်း အေးစက်သော အကြည့်ဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။
"ငါတစ်ခု သတိထားမိလို့ပါ"
ဖုန်းပုကြွယ် ခေါင်းလောင်းကို ပြန်သိမ်းလိုက်သည်။သူသည် သူမကို သူ့နောက်လိုက်ခဲ့ရန် အချက်ပြကာ ရှေ့သို့ ဆက်လျှောက်သွား၏။
"ငါတို့နှစ်ယောက်တည်း ရှိနေချိန်မှာ မင်းက စကားပိုပြောတာပဲ..."
"ကျွန်မက စကားများတယ်လို့ ရှင်ထင်လို့လား"
ရီရူလီက လမ်းလျှောက်ရင်း မေးသည်။
"အဲဒီလို မဟုတ်ဘူး..."
ဖုန်းပုကြွယ်က ဆိုသည်။
"စိတ်ပညာရှုထောင့်ကကြည့်ရင် ဒီအခြေအနေအတွက် ရှင်းပြချက်တွေ အများကြီးရှိတယ်၊ မင်းက စိတ်မလုံခြုံမှုကို ဖုံးကွယ်ချင်တာ ဖြစ်နိုင်သလို ဒါမှမဟုတ် ငါ့အပေါ်မှာ မင်းရဲ့ သတိထားမှုကို လျှော့ချလိုက်တာလည်း ဖြစ်နိုင်တယ်... ခြေလှမ်း သတိထားဦး"
သူက ကျောက်တုံးအက်ကြောင်းတစ်ခုကို ကျော်ဖြတ်ရင်း သတိပေးလိုက်သည်။
ဥပမာ ခုနက မင်းပြောတဲ့စကားမျိုးပေါ့၊ တကယ်လို့ မင်းနဲ့ သိပ်မရင်းနှီးတဲ့လူဆိုရင် မင်းအပြင်ထုတ်ပြောမှာမဟုတ်ဘူး၊ မင်းစိတ်ထဲမှာပဲ ထားမှာပါ၊ ဒါပေမယ့် ငါတို့ကြားမှာ ယုံကြည်မှုတစ်ခု ရှိနေလို့ မင်းအတွေးတွေကို ငါ့ကို မျှဝေတာပေါ့"
"ကျွန်မတို့က အဲဒီလောက်ကြီးလည်း မရင်းနှီးပါဘူး"
ရီရူလီက ပြန်ပြောသည်။ တကယ်တမ်းတွင် သူတို့ သိကျွမ်းခဲ့သည်မှာ တစ်ပတ်ပင် မပြည့်သေးချေ။
"ငါကသာ မင်းအကြောင်း မသိတာပါ"
ဖုန်းပုကြွယ်က ဆိုသည်။
"မင်းက ငါ့စာအုပ်တွေကို ဖတ်ဖူးတယ်ဆိုတော့ ငါ့အကြောင်းကိုတော့ အတိုင်းအတာတစ်ခုအထိ နားလည်ထားမှာပဲ..."
"အဲဒါတော့ ဟုတ်တယ်"
ရီရူလီက ပြောသည်။
"ဒါပေမဲ့ ကျွန်မစိတ်ကူးထားတဲ့ 'ပုကြွယ်' နဲ့တော့ ရှင်က အများကြီး ကွဲပြားနေတယ်"
"ဟား"
ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
"ဘယ်လိုမျိုးလဲ၊ ငါခန့်မှန်းကြည့်ရမလား... ငါ့ရုပ်ရည်ကြောင့် မင်းစိတ်ထဲမှာ တော်တော်လေး တုန်လှုပ်သွားတာလား"
"မဟုတ်ဘူး ရုပ်ရည်ပိုင်းအရဆိုရင်တော့ ရှင်က ကျွန်မမျှော်လင့်ထားတာထက် ပိုကြည့်ကောင်းပါတယ်၊ ရှင့်ကို အရမ်းကို ခက်ထန်ပြီး စိတ်ပုတ်မယ့်မျက်နှာမျိုး ရှိလိမ့်မယ်လို့ ထင်ထားတာ"
ရီရူလီက ပြန်ဖြေသည်။
"ဒါက ဘယ်လိုလော့ဂျစ်ကြီးလဲ..."
"အင်း"
ရီရူလီက မငြင်းချေ။
"ဒါပေမဲ့ ရှင်နဲ့ လူချင်းတွေ့ပြီးနောက်တော့ ရှင့်ရဲ့ ကိုယ်ကျင့်စရိုက်အပေါ် ကျွန်မရဲ့ သုံးသပ်ချက်က တော်တော်လေး မှားနေမှန်း သိလိုက်ရတယ်"
"အိုး... ဒါဆို မင်းစိတ်ကူးထဲက စုံထောက်ဝတ္တုရေးဆရာက ဘယ်လိုလူမျိုးလဲ"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"ပထမအချက်ကတော့ သူက ရှင့်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှာ"
"အင်း... ဒါကတော့ တကယ့်ပြဿနာပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါ အဲဒါကို ပြင်လို့မရဘူး"
"ဒုတိယအချက်ကတော့ သူက အေးစက်လုနီးပါး ဖြစ်လောက်အောင် ယုတ္တိဆန်တဲ့လူ ဖြစ်ရမယ်"
"ငါက အဲလိုလူ မဟုတ်ဘူးလား"
"ရှင်က ယုတ္တိလည်း ဆန်နိုင်သလို အေးစက်တဲ့ဘက်လည်း ရှိနိုင်ပါတယ်"
ရီရူလီက တုံ့ဆိုင်းစွာ ပြောသည်။
"ဒါပေမဲ့ အချိန်အတော်များများမှာတော့... ပြောရခက်တယ်"
"အိုး... ဒါဆို မင်းစိတ်ကူးနဲ့ တခြားအကြီးမားဆုံး ကွာခြားချက်က ဘာလဲ"
"ဒါက စာဖတ်သူတွေနဲ့ တွေ့ဆုံပွဲလို့ ရှင်ထင်နေတာလား"
"ဟားဟား... ငါက အဲလိုလုပ်မယ့်လူနဲ့ တူလို့လား"
"ကျွန်မ ဒီစကားဝိုင်းကို ဆက်မပြောချင်တော့ဘူး၊ တကယ်လို့ ရှင့်မှာ ဒီလိုမေးခွန်းမျိုးတွေ ရှိသေးရင် ကျွန်မတို့ တကယ်ရင့်ကျက်တဲ့လူတွေ ဖြစ်လာတဲ့အခါကျမှပဲ ပြောပြတော့မယ်"
ရီရူလီက ဆိုသည်။
"အဲဒါက ဘယ်လောက်ကြာမှာလဲ"
ဖုန်းပုကြွယ်က မေးသည်။
"ကျွန်မ မသိဘူး၊ ရက်သတ္တပတ် နည်းနည်းလည်း ဖြစ်နိုင်သလို လအနည်းငယ်လည်း ဖြစ်နိုင်တယ်"
ရီရူလီက ပြန်ဖြေသည်။
"ဒါမှမဟုတ် ကျွန်မတို့တွေ ဘယ်တော့မှ သူငယ်ချင်းဖြစ်လာမှာ မဟုတ်ဘူး"
"ငါတို့က ဘယ်တော့မှ မသိကျွမ်းတဲ့လူတွေ ဖြစ်မလာနိုင်ဘူးလား၊ အဲဒါက ဖြစ်နိုင်လို့လား"
ဖုန်းပုကြွယ် စိတ်ရှုပ်ထွေးသွားသည်။
"ဟုတ်တယ်၊ ဒီကာလအတွင်း အတူတူရှိနေတဲ့အခါမှာ ရှင့်ဆီမှာ ကျွန်မမကြိုက်တဲ့ အကျင့်စရိုက်တွေ ပိုပိုများလာတာကို သတိထားမိတယ်၊ ဒီလိုမျိုးသာ ဆက်ဖြစ်နေမယ်ဆိုရင်... ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်ကနေ ထွက်ခွာသွားတာက ကျွန်မတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လိမ့်မယ်"
ဤကမ္ဘာပေါ်တွင် လူတစ်ယောက်၏ မျက်နှာကိုကြည့်ကာ ထိုကဲ့သို့ တိုက်ရိုက်ပြောဆိုဝံ့သူ အနည်းငယ်သာရှိပြီး ရီရူလီသည် ထိုလူစားမျိုး ဖြစ်သည်။ ယင်းက သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် ပုံမှန်မဟုတ်ကြောင်း ပြသနေသည်။ တကယ့်လက်တွေ့ဘဝတွင်လည်း သူမသည် လူမှုဆက်ဆံရေးပိုင်း၌ ပြဿနာကြီးတစ်ခုရှိသူ ဖြစ်သည်။
အကယ်၍ ဤကမ္ဘာကြီးတွင် တစ်စုံတစ်ယောက်က မိမိ၏ မျက်နှာကိုကြည့်ကာ ထိုသို့ပြောဆိုပါက ၉၉ ရာခိုင်နှုန်းသော လူများက စိတ်ဆိုးကြပေလိမ့်မည်။ ၈၀ ရာခိုင်နူန်းသော လူများက စိတ်ထဲမှ ကန့်ကွက်ကြပေလိမ့်မည်။ မင်းကိုယ်မင်း ဘာထင်နေတာလဲ။
သို့သော် ဖုန်းပုကြွယ်မှာမူ ထူးဆန်းသောဂုဏ်သတင်းဖြင့် နေထိုင်သောလူတစ်ယောက် ဖြစ်သည့်အတိုင်း သူ့မျက်လုံးများ တောက်ပသွားပြီး ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
"ဝိုး… မင်းက အရမ်းနားလည်တတ်တာပဲ၊ အားလုံးသာ မင်းလိုဖြစ်မယ်ဆိုရင် ငါ့ဘဝက ဘယ်လောက်တောင် သာယာလိုက်မလဲ၊ အဓိပ္ပာယ်မရှိတဲ့ လူမှုရေးကိစ္စတွေကို ဘယ်လောက်တောင် ရှောင်လွှဲနိုင်မလဲ"
တင်း တင်း…တင်းတင်း...
ရုတ်တရက် ထွက်ပေါ်လာသော ခေါင်းလောင်းသံကြောင့် သူတို့၏ စကားဝိုင်း ပြတ်တောက်သွားရသည်။
ဖုန်းပုကြွယ်သည် ဇာတ်လမ်းအိုင်တမ်ကို သူ့ကျောပိုးအိတ်ထဲသို့ မထည့်ဘဲ အင်္ကျီအတွင်းအိတ်ထဲ၌သာ ထည့်ထားခြင်း ဖြစ်သည်။ ထိုခေါင်းလောင်းလေးသည် တမင်တကာ လှုပ်ခါခြင်းမရှိလျှင် အသံမမြည်နိုင်ချေ။သူလမ်းလျှောက်နေစဉ်အတွင်း အကြိမ်ရေအနည်းငယ်မျှ ခုန်ခဲ့သော်ငြား ၎င်းက အသံမထွက်ခဲ့ပေ။ သို့သော် ယခုမူ ခေါင်းလောင်းလေးမှာ သူ့ဘာသာ မြည်လာခဲ့ခြင်း ဖြစ်သည်။
"အင်း... နောက်ဆုံးတော့ ငါတို့ ရောက်လာပြီပေါ့..."
ဖုန်းပုကြွယ် ခေါင်းလောင်းကို အိတ်ထဲမှ ချက်ချင်း ထုတ်ယူလိုက်သည်။ ခေါင်းလောင်းလေးသည် အသက်ဝင်နေသကဲ့သို့ ဆက်တိုက်မြည်နေခြင်းဖြစ်သည်။ အကယ်၍ သူသာ မြဲမြံစွာ ဆုပ်ကိုင်မထားပါက သူ့လက်ထဲမှ ခုန်ထွက်သွားနိုင်လောက်သည်အထိ ဖြစ်နေလေသည်။
ရုတ်တရက် အရိုးကွဲမတတ် အေးစိမ့်မှုတစ်ခု၏ တိုက်ခိုက်မှုကြောင့် အပူချိန်သည် အေးခဲမှတ်အထိ ကျဆင်းသွားတော့သည်။ တစ်ချိန်တည်းတွင် သူတို့ပတ်ဝန်းကျင်ရှိ ရှုခင်းများ ရုတ်တရက် ပြောင်းလဲသွားပြီး သစ်ပင်များ၊ မြက်ပင်များနှင့် ကျောက်တုံးများမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လာကြသည်။အချို့သစ်ပင်များသည် ပြန်လည်နုပျိုသွားကြပြီး အချို့မှာ တိုက်ရိုက်ပျောက်ကွယ်သွားကြသည်။ တစ်ဖက်တွင် မြက်ပင်များနှင့် ကျောက်တုံးများမှာ ထူးဆန်းစွာ ပုံသဏ္ဌာန်ပြောင်းလဲကုန်ကြသည်။
ဤမြင်ကွင်းကို ပိုတိတိကျကျ ဖော်ပြရလျှင် အသံတိတ်ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေရသည်နှင့် တူပေသည်။ ရုတ်တရက် ပြကွက်နှစ်ခုသည် အတူတကွ ပြင်ဆင်သွားကြပြီး ပြန်လည်ပြသလာတော့သည်။ ပြကွက်နှစ်ခုသည် တူညီသောနေရာတွင် ဖြစ်လင့်ကစား မတူညီသော အချိန်များကို ပြသနေခဲ့သည်။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် ထိုအခြေအနေကို မရင်းနှီးသည်တော့ မဟုတ်ပေ။သူတို့သည် ယင်းမှာ သရဲတစ်ကောင်၏ ခြောက်လှန့်မှုဖြစ်ကြောင်း ဆက်သွယ်စရာမလိုဘဲ သိရှိနေကြသည်။
"ဝူး... ဝူးဝူး..."
မိန်းကလေးငယ်တစ်ဦး၏ ငိုကြွေးသံ ထွက်ပေါ်လာ၏။
ဖုန်းပုကြွယ်နှင့်ရီရူလီတို့သည် ငိုသံကြားသဖြင့် လှည့်ကြည့်လိုက်ကြသည်။ သူတို့ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းသည် မည်သို့ကိုမဆို စိတ်မကောင်း ဖြစ်သွားစေမည်ဖြစ်သည်။
မြေကြီးထဲတွင် တုတ်ခိုင်သော သစ်သားတိုင်တစ်တိုင်စိုက်ထားပြီး ပတ်ပတ်လည်၌ ထင်းပုံများ ရှိနေခဲ့သည်။ထိုသစ်သားတိုင်တွင်ဆယ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သံကြိုးများဖြင့် မြဲမြံစွာ ချည်နှောင်ထားခဲ့သည်။
"ဝူးဝူး... တောင်းပန်ပါတယ်... သမီးကို လွှတ်ပေးပါ... ဝူး ဝူး နာတယ်... မေမေဆီ သွားချင်တယ်..."
မိန်းကလေးငယ်က ငိုယိုကာ ထပ်ခါတလဲလဲ တောင်းပန်နေရှာသည်။
"သတ်ပစ်"
"ဒီမိစ္ဆာကို သေတဲ့အထိ မီးရှို့သတ်ပစ်လိုက်"
"ဒီနိမိတ်မကောင်းတဲ့ဟာလေးကြောင့် နဂါးမင်းကြီးက မိုးမရွာပေးတော့တာ"
"ငါ့အဖေ တီဘီရောဂါဖြစ်တာလည်း ဒီကောင်မလေးကြောင့်ပဲ"
"ဒီဂြိုဟ်ဆိုးကြောင့် ငါတို့မိသားစုရဲ့ ကောက်ပဲသီးနှံတွေ အကုန်သေကုန်ပြီ"
"မီးရှို့ပစ်"
"ငါ့ကလေး ခြေထောက်မသန်တာလည်း နင့်ကြောင့်ပဲ မိစ္ဆာမ"
များစွာသော ကျိန်ဆဲသံများ ထွက်ပေါ်လာသော်လည်း လူများကိုတော့ မမြင်ရချေ။ ထိုစကားများ၏ အကြောင်းအရာအရ ထိုလူအုပ်စုသည် မိန်းမငယ်လေးကို ကြိုးချည်ထားသူဖြစ်ကြောင်း သေချာပေသည်။ ထိုလူများ၏ အထောက်အထားနှင့် သစ်ပင်မိစ္ဆာပေးခဲ့သော သတင်းအချက်အလက်များအရ သူတို့သည် ချန်လင်မြို့မှ ရွာသားများ ဖြစ်ကြောင်း အတည်ပြုနိုင်သည်။
"ဝူးဝူး... လင်အာက ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ပါဘူး... ဝူးဝူး… တောင်းပန်ပါတယ်…သမီး မေမေဆီ သွားချင်တယ်..."
မိန်းမငယ်လေးမှာ ငိုယိုနေဆဲ ဖြစ်သော်လည်း ကျိန်ဆဲသံများက ရပ်တန့်မသွားချေ။ သိသာသည်က ထိုလူအုပ်စုသည် သူတို့၏ ခံစားချက်များအတွက် ထွက်ပေါက်ရှာချင်ရုံသာဖြစ်ပြီး မည်သည့်ရှင်းပြချက်ကိုမှ နားမထောင်ခဲ့ကြပေ။
ထင်းပုံထဲသို့ မီးတုတ်တစ်ခု ပစ်ထည့်လိုက်ချိန်တွင် ဆဲဆိုသံများ ရပ်တန့်သွားပြီး မိန်းမငယ်လေး၏ နှလုံးကွဲမတတ် အော်ဟစ်သံများသာ ထွက်ပေါ်လာတော့သည်။
နောက်ဆုံးအချိန်ထိ မိန်းမငယ်လေး၏ ငိုကြွေးသံနှင့် တောင်းပန်သံများ ထွက်ပေါ်နေဆဲဖြစ်သည်…မကြာမီတွင် ချောင်းအနည်းငယ် ဆိုးပြီးနောက်တွင် သူမထံမှ မည်သည့်အသံမျှ ထွက်မလာတော့ချေ။
"သေဆုံးမှုကို ပြန်ပြတာပဲ"
“သေဆုံးမှုကို ပြန်ပြတာလား”
ဖုန်းပုကြွယ်နှင့် ရီရူလီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။သူတို့သည် တူညီသောအရာကို တူညီစွာပြောလိုက်ကြခြင်းဖြစ်သည်။
သို့သော် ဤဝမ်းနည်းဖွယ် ပြကွက်သည် မကြာခင်ပြီးဆုံးတော့မည်ဟု သူတို့ထင်ထားသော်လည်း ယင်းက စတင်ရုံသာ ရှိသေးသည်။
သူတို့ရှေ့ရှိ ရှုခင်းများ ထပ်မံပြောင်းလဲသွားပြန်သည်။ မီးပုံကြီးသည် ရုတ်တရက် လေထုထဲသို့ မြင့်တက်လာပြီး မီးတံတိုင်းကြီးတစ်ခု ဖြစ်လာလေသည်။ ၎င်းပျောက်ကွယ်သွားချိန်တွင် ဘုံကျောင်းငယ်လေးတစ်ခု ပေါ်လာတော့သည်။
ဘုံကျောင်းတံခါးကို ပိတ်ဆို့ထား၏။အပြင်ဘက်မှကြည့်လျှင် အဆောက်အဦးသည် စတုရန်းမီတာ နှစ်ရာပတ်လည်ခန့် ရှိပေသည်။နေရာသည် ဗုဒ္ဓရုပ်တုတစ်ခုတည်း စံပ္ပါယ်ရန်ဖြစ်ပုံရသဖြင့် အခန်းများစွာ ခွဲမထားပေ။ ဘုံကျောင်းရှေ့တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်၌ 'လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်း' ဟု ရေးထိုးထားသည်။
သူတို့နားထဲတွင် နောက်ထပ် စကားသံများ ထွက်ပေါ်လာပြန်သည်။သို့သော်လည်း ယင်းက ကျယ်လောင်သော ကျိန်ဆဲသံများ မဟုတ်တော့ပေ။ တီးတိုးပြောဆိုသံများနှင့် တူ၏။
"ဒီမိစ္ဆာ သေသွားပြီးတာတောင် ဘာလို့ ရွာထဲမှာ ဒုက္ခတွေ ပိုများလာတာလဲ"
"ဟုတ်တယ်... မနေ့က တောင်ပေါ်ကို လူတစ်ယောက် ထင်းသွားခွေတယ်လို့ကြားတယ် ၊ သူလည်း ပြန်မလာဘူးတဲ့..."
"ဒါနဲ့ဆို ငါးယောက်ရှိနေပြီ"
“မှန်တယ်၊ မုဆိုးလောင်ချန်နဲ့ သူမိန်းမလည်း မနေ့ညက အိမ်ထဲမှာ အတူတူသေနေကြတာတဲ့၊ တစ်အိမ်လုံး သွေးတွေရွှဲနေတာ ဆိုပဲ”
"ငါကြောက်တာက…အဲဒီမိစ္ဆာရဲ့ ဝိညာဉ်က လက်စားချေဖို့ ပြန်လာမှာကိုပဲ..."
"ဒါပေမဲ့ အဲ့ဒီနေ့က သူ့ရဲ့ အရိုးပြာတွေကို ဒီလျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းအောက်မှာ မြှုပ်ထားတာပဲ၊ ဘုံကျောင်းရဲ့ အကာအကွယ်နဲ့ ဘယ်လိုမိစ္ဆာမျိုးက ဒုက္ခပေးနိုင်မှာလဲ"
"ဒီဘုံကျောင်းက ဘာအသုံးကျလို့လဲ၊ အဲဒီမိစ္ဆာက အရမ်းစွမ်းအား ကြီးတယ်၊ ငါ… ငါတို့ မြင့်မြတ်တဲ့ ဘုန်းကြီးတစ်ပါးပါးကို ပင့်ပြီး အခမ်းအနားတစ်ခု လုပ်မှရမယ်၊ မဟုတ်ရင် ငါတို့ရွာသားတွေ အကုန် သေကုန်လိမ့်မယ်..."
ထိုစကားသံများသည် လေထဲတွင် ပျံ့နှံ့နေခဲ့သည်။ ထိုအသံများ ဘယ်နေရာမှ လာကြောင်း ဘယ်သူမှ မသိနိုင်ချေ။ မည်သို့ပင်ဖြစ်စေ ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားနေရသည်။
ထိုစကားသံများ ပြီးဆုံးသွားချိန်တွင် သူတို့နောက်ဘက်မှ များစွာလူရိပ်များ ထွက်ပေါ်လာ၏။ ထိုသူများသည် သင်္ကန်းဝတ်ဘုန်းကြီးများ၊ တာအိုဝတ်စုံဝတ် တာအိုဆရာများနှင့် အခြားသော သိုင်းလောက ပညာရှင်များ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့သည် ဆုတောင်းပုတီးစေ့များနှင့် သစ်သားငါးရုပ်များကို ကိုင်ဆောင်ထားကြသည်။ အချို့မှာ မြင်းမြှီးကြာပွတ်များနှင့် ထူးဆန်းသောအဝတ်အစားများ ထည့်ထားသည့် ခြင်းများကို ကိုင်ဆောင်ထားကြသည်။
သို့သော်လည်း ထိုလူအုပ်စုတွင် တူညီသော လက္ခဏာတစ်ခု ရှိနေလေသည်။ ယင်းမှာ သူတို့အားလုံး၏ မျက်နှာများသည် သေလူကဲ့သို့ ဖြူဖျော့နေခြင်းဖြစ်သည်။ထို့ပြင် သူတို့၏ သေလူကဲ့သို့ ဖြူဖျော့နေသော မျက်နှာပေါ်တွင် အပြုံးမမည်သော ထူးဆန်းသည့် အပြုံးတစ်ခု ရှိနေကြသည်။
သူတို့သည် ဖုန်းပုကြွယ်နှင့် ရီရူလီတို့ဘေးမှ နောက်မှ ပေါ်လာပြီး လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်း ဝင်ပေါက်ဆီသို့ ဒယိမ်းဒယိုင် သွားနေကြခြင်းဖြစ်သည်။ ကစားသမားများကို ကျော်ဖြတ်သွားဖို့ အချိန်ကြာကြာမယူလိုက်ရပေ။ သူတို့ သူတို့နှစ်ဦးကို ဖြတ်ကျော်သွားချိန်တွင် သူတို့ထဲမှ တစ်ယောက်သည် ထိုနေရာတွင် တစ်ခုခုရှိနေသည်ကို သိနေသည့်အလား သူတို့ကို တစ်ချက် လှည့်ကြည့်သွားသေးသည်။ သေဆုံးမှုကို ပြန်လည်ပြသနေသော မြင်ကွင်းမျိုးတွင် ထိုအခြေအမျိုးက ရှားပါးပေသည်။
ထိုအချိန်တွင် ရီရူလီသည် သူမ၏ မြင့်မြတ်ချိပ်တံဆိပ်ဓားကို ကိုင်ဆောင်၍ ကာကွယ်ရေး အနေအထား ပြင်ထားသည်။ သူမသည် သိသိသာသာပင် ကြောက်ရွံ့နေပြီး ဓားကိုင်ထားသော လက်ပင် တုန်ရီနေလေသည်။ သူမပတ်လည်ရှိ ခြောက်ခြားဖွယ်အငွေ့အသက်များကြောင့် သူမ၏ တုန့်ပြန်မှုမှာ သာမန်ပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် တည်ငြိမ်သောလက်တစ်ဖက်က ရီရူလီ၏ လက်ကို အသာအယာ ဖိလိုက်သည်။ နောက်လှည့်လာသော ဖုန်းပုကြွယ်၏ မျက်နှာတွင် မည်သည့်အကြောက်တရားမှ မရှိချေ။ သူ့အမူအရာသည် အမြဲတမ်းလိုပင် တည်ငြိမ်နေဆဲဖြစ်သည်။
"အသက်ပြင်းပြင်းရှူပြီး နှလုံးခုန်နှုန်းကို လျှော့ချလိုက်၊ မီနူးကိုဖွင့်ပြီး မင်းရဲ့ ကြောက်ရွံ့မှုအမှတ်ကို စစ်ဆေးလိုက်ပါ၊ ပြီးရင်စိတ်ထဲက ပုံရိပ်တွေကို မောင်းထုတ်ပစ်လိုက်"
သူ့ညွှန်ကြားချက်များက ရှင်းလင်းလှသည်။ လူတိုင်း ယင်းကို နားလည်သော်လည်း အကြောက်တရားနှင့် ရင်ဆိုင်ရချိန်တွင် ထိုသို့လုပ်ဆောင်ရန် ဘယ်သူမှ တွေးတောနိုင်မည် မဟုတ်ပေ။
ရီရူသည် ဖုန်းပုကြွယ်၏ စကားကြောင့် စိတ်တည်ငြိမ်သွားပြီး သူမ၏ ကြောက်ရွံ့မှုအမှတ်မှာလည်း ၇၀ ရာခိုင်နှုန်းမှ ကျဆင်းသွားခဲ့သည်။
"တကယ့်ကို အားကိုးထိုက်တဲ့ အမျိုးသားပဲ..."
ဤသည်မှာ ရီရူလီက ပြောလိုက်ခြင်းမဟုတ်ဘဲ ဖုန်းပုကြွယ်က သူ့ဘာသာပြောလိုက်ခြင်းဖြစ်သည်။ ပြောပြီးနောက် သူက ရယ်ပင်ရယ်လိုက်သေးသည်။
“ဒါက အခု မင်းတွေးနေတဲ့အရာဖြစ်မယ် ဟုတ်လား”
"နည်းနည်းပါ"
ရီရူလီက ပြန်ဖြေလိုက်သော်လည်း သူမ၏ မျက်လုံးများတွင်မူ အထင်သေးမှုများ ရှိနေလေသည်။
"ဒါဆို ငါတို့က 'အသိအကျွမ်း' တွေ ဖြစ်ဖို့ ခြေတစ်လှမ်း နီးကပ်သွားပြီပေါ့"
"အဲဒါကို ရှင်ကိုယ်တိုင် မပြောခင်အထိတော့ ဖြစ်နိုင်ပါတယ်”
ရီရူလီက ပြန်ပြောသည်။
“ဒါပေမဲ့ အခုတော့... 'အရေးကြီးတဲ့အချိန်မှာ အားကိုးရပေမဲ့ ကိုယ့်ကိုယ်ကိုယ် တော်လှပြီ ထင်နေလို့ စိတ်ပျက်စရာကောင်းတဲ့လူ' ဖြစ်သွားပြီ"
“ကောင်းပါပြီ…”
ဖုန်းပုကြွယ် ပုခုံးတွန့်လိုက်ပြီး ယင်းကို သိပ်ဂရုမစိုက်တော့ချေ။
နှစ်ဦးသား စကားပြောနေစဉ် ထိုပုံရိပ်များသည် လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းတံခါးကို ‘ဖြတ်ကျော်” ဝင်ရောက်သွားကြပြီဖြစ်သည်။ ထိုမြင်ကွင်းက သရဲနှင်အခမ်းအနားလုပ်ခဲ့သော ထိုပညာရှင်များအားလုံး သူတို့မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်ပါစေ၊ မည်သည့်ကိရိယာသုံးသည်ဖြစ်ပါစေ သို့မဟုတ် သူတို့မည်သည့်နည်းလမ်း သုံးခဲ့သည် ဖြစ်ပါစေ … အဆုံးတွင် ထိုမိစ္ဆာဝိညာဉ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြနေလေသည်။
ထိုသေဆုံးမှုပြကွက်က ထိုနေရာ၌ပင် ပြီးဆုံးသွားခဲ့သည်။
ပတ်ဝန်းကျင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း ကစားသမားများ ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် သူတို့သည် ဇာတ်ကွက်တချို့ ပျောက်ဆုံးနေသော ဇာတ်ကားတစ်ကားကို ကြည့်ခဲ့ရသကဲ့သို့ ခံစားနေရသည်။ သို့သော်လည်း အပူချိန်ကတော့ မြင့်တက်မလာပေ။ အပူချိန်သည် သုညဒီဂရီဝန်းကျင်တွင်သာ ရှိနေဆဲဖြစ်သဖြင့် သူတို့ပါးစပ်မှ အဖြူရောင်အငွေ့များပင် ထွက်နေလေသည်။
သူတို့ရှေ့ရှိ လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းမှာမူ အခြားပုံရိပ်ယောင်များနှင့်အတူ ပျောက်ကွယ်မသွားဘဲ ထိတွေ့ကိုင်တွယ်၍ရသော အရာဝတ္ထုအဖြစ် ကျန်ရှိနေခဲ့သည်။ ဖုန်းပုကြွယ်လက်ထဲရှိ ခေါင်းလောင်းသည် လှုပ်ရှားမှုရပ်တန့်သွားပြီး အသံထွက်မလာတော့ချေ။
"တကယ်လို့ မင်းအေးတာ မခံနိုင်တော့ရင်..."
ဖုန်းပုကြွယ် စကားမဆုံးလိုက်ချေ။
"ရှင့်အိမ်မက်ထဲမှာပဲ သွားပြောလိုက်"
ရီရူလီက ဖြတ်ပြောသည်။
"ငါဘာပြောမယ်ဆိုတာ မင်းဘယ်လိုသိတာလဲ"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"ငါ မေးချင်တာက… အမ်…ငါက မင်းအတွက်... မီးဖိုပေးရမလားလို့ မေးမလို့ပါ"
ရီရူလီက ခေါင်းလှည့်လာပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ရှင်က ရှင့်စိတ်ကူးတွေကို ဖုံးကွယ်ထားတာက ပိုပေါ်လွင်စေမယ်လို့ ထင်နေတာလား၊ အဲဒါက ရှင့်အပေါ် အမှတ်တွေ တက်စေမယ်လို့ ထင်နေတာလား"
“အင်း…”
ဖုန်းပုကြွယ်က နှုတ်ခမ်းစူလိုက်ပြီး ရီရူလီကမူ သူ့ကို လူသတ်ချင်သော အကြည့်ဖြင့် ဆက်ကြည့်နေလေသည်။
နှစ်စက္ကန့်ကြာပြီးနောက် ဖုန်းပုကြွယ်က ဘာမှမဖြစ်သကဲ့သို့ လှည့်ထွက်သွား၏။
"ကောင်းပြီ ဇာတ်လမ်းကို ရှေ့ဆက်ဖို့ အဓိကနေရာကို ရှာတွေ့ပြီ၊ ငါ အရင်ဝင်လိုက်မယ်"
သူက လျှောက်သွားရင်း ဆိုသည်။
“ဒါက နေ့အချိန်ဖြစ်နေပေမယ့် ငါ့လေ့လာချက်အရ ဒီတစ္ဆေက အချိန်ရဲ့သက်ရောက်မှု မခံရဘူး၊ ငါတို့ ပိုဂရုစိုက်မှ ရမယ်”
ရီရူလီက သက်ပြင်းချကာ ဘာမှ မပြောတော့ပေ။ ဘုံကျောင်းအတွင်းသို့ သူ့နောက်မှ လိုက်ဝင်သွားလိုက်သည်။
...
"ဟေး ဟေး ဟေး... ဒါက တော်တော်လေး ကောက်ကျစ်တဲ့ သတ်မှတ်ချက်ပဲ၊ ကျည်ဆန်တွေ အလကား ဖြုန်းလိုက်ရတယ်"
ရှောင်တန်က ဧရာမမိကျောင်းကြီး၏ အလောင်းကို ကြည့်ကာ ပြောသည်။
"တကယ်လို့ ငါ့စကားနားထောင်ပြီး ပြေးခဲ့ရင်လည်း ဒီကိုပဲ ရောက်မှာပဲလေ...အိုက်ယား"
ရီရူယွီက ရှောင်တန့်ခေါင်းကို ခေါက်လိုက်ပြီး ညည်းညူလိုက်သည်။
"အရမ်း နောက်ကျသွားပြီလေ"
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က မကောင်းဆိုးဝါးသည် တစ်နေခဲ့သည့်အတွက် ၎င်းကို သတ်ဖြတ်ရသည့် ခက်ခဲမှုကိုတော့ လျစ်လျူရှုထား၍ ရသည်။ မကောင်းဆိုးဝါးသည် ၎င်း၏ ပါးစပ်ကြီးကို ဖွင့်ဟလျက် ဦးခေါင်းကို အကြမ်းပတမ်းခါယမ်းနေခဲ့သော်လည်း မလှုပ်ရှားနိုင်သည့် ပစ်မှတ်သာဖြစ်သည်။ ကစားသမားများသည် ပြင်ဆင်ထားသောအနေအထားဖြင့် ပစ်ခတ်နိုင်ခဲ့ပြီး လှုပ်ရှားရင်း ပစ်ခတ်နေရခြင်းမဟုတ်သဖြင့် ၎င်းကို အလွယ်တကူ လက်စသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် ဧရာမ မိကျောင်းကြီးကို သတ်ဖြတ်ရန် သက်လုံအမှတ် အနည်းငယ်ကုန်ဆုံးခဲ့ရသည်။ တစ်ဖက်တွင်လည်း ကျည်ဆန်အတော်များများ သုံးစွဲခဲ့ရသည်။ သည်းထိတ်ရင်ဖို သုခဘုံရှိ မကောင်းဆိုးဝါးများသည် ပစ္စည်းများချပေးလေ့ မရှိသဖြင့် သူတို့ ဘာမှ မရခဲ့ကြပေ။တစ်နည်းဆိုရသော် သူတို့ ရေကန်ထဲပြုတ်ကျခဲ့သော်လည်း ဘာတစ်ခုမှ မရခဲ့ကြခြင်းဖြစ်သည်။ အနည်းငယ်ဆုံးရှုံးခဲ့သည်ဟုပင် ဆိုနိုင်သေးသည်။ ယင်းက မငြင်းနိုင်စရာ အချက်တစ်ခုဖြစ်သော်ငြား သူတို့၏ စိတ်ဓာတ်ကိုတော့ ထိခိုက်ခြင်း မရှိချေ။
သို့သော်လည်း ရီရူယွီတစ်ယောက်သာ ရှုံးနိမ့်ကြောင်းဝန်ခံရန် ငြင်းဆန်နေခြင်းဖြစ်သည်။ ရှောင်တန်ကတော့ အေးအေးဆေးဆေးသမားပင်။ သူသည် ထိုဆုံးရှုံးမှုကို စိတ်ထဲမထားချေ။ ထို့ကြောင့် သူတို့အဖွဲ့၏ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်များအပေါ် များစွာသက်ရောက်ခြင်း မရှိပါချေ။
"ဒီကောင်က ဒီနေရာမှာ သေနေပြီဆိုတော့ ရွေ့လို့ရမှာ မဟုတ်ဘူး”
ရီရူယွီက မိကျောင်းအလောင်းကို ကြည့်ရင်း ဆိုသည်။
“ငါတို့ သူ့ကျောပေါ်ကနေပဲ ကျော်သွားရတော့မယ်"
ဥမင်လိုဏ်ခေါင်းလမ်းကြောင်းကို မိကျောင်းကြီး၏ အလောင်းက ပိတ်ဆို့နေခြင်းဖြစ်သည်။ သို့သော် ၎င်း၏အလောင်းက ခပ်ပြားပြားဖြစ်နေသဖြင့် ကျောပြင်နှင့် လိုဏ်ခေါင်းအပေါ်ဘက်ကြားတွင် လူတစ်ကိုယ်စာ တွားသွားနိုင်သည့် နေရာလေးရှိနေသည်။
"ဒါဆို မင်းအရင်သွားလေ"
ရှောင်တန်က ပြောသည်။
"ဘာလို့ ငါလဲ"
"တကယ်လို့… အဲ့ဒီနေရာမှာ မင်းတစ်သွားရင်... ငါက နောက်ကနေ တွန်းပေးလို့ရအောင်ပါ... အား၊ အား၊ ကောင်းပြီ ၊ ငါ မှားပါတယ်၊ ငါ အရင်သွားပါ့မယ်"
ရှောင်တန်က သနားညှာတာရန် တောင်းပန်၍ သူ့ခေါင်းကိုကာကွယ်ရင်း မိကျောင်းကြီး၏ ကျောပေါ်သို့ ပြေးတက်သွားသည်။ မိကျောင်းကြီး၏ အရေပြားသည် ချောမွေ့သည်ပုံရသော်လည်း ၎င်းကျောပြင်တွင် ကျည်စများစွာ ရှိနေသဖြင့် တွားသွားရသည်မှာ အဆင်မပြေလှချေ။
သူ ကျော်ဖြတ်သွားပြီးနောက်တွင် နောက်လှည့်၍ လှမ်းအော်လိုက်သည်။
"အဆင်ပြေတယ်၊ မင်းလည်း...အင်း အဆင်ပြေမှာပါ"
"ငါ အဲဒီရောက်ရင် နင့်ကို လည်ပင်းညှစ်သတ်မယ်"
ယင်းသည် နောက်ဆုံးတွင် ရီရူယွီဆီမှ ထွက်လာသော ပြန်ဖြေသံဖြစ်သည်။