← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈)

ဘုံကျောင်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ဖုန်းပုကြွယ်သည် သစ်သားတံခါး၏ တကျွီကျွီအသံနှင့် ဖုန်မှုန့်များ ဝေ့တက်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် တံခါးက အံ့ဩစရာကောင်းလောက်အောင် ချောချောမွေ့မွေ့ ပွင့်သွားခဲ့သည်။ တံခါး၏ သစ်သားဝင်ရိုးနှစ်ခု လည်ပတ်သွားချိန်တွင် အသစ်စက်စက်အတိုင်း မည်သည့်အသံမျှ ထွက်မလာချေ။ တံခါးအတွင်းဘက်ရှိ မြင်ကွင်းမှာလည်း ပင့်ကူအိမ်များ သို့မဟုတ် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းမနေချေ။

တံခါးအတွင်းဘက်တွင် ဘုရားကျောင်းဆောင်တစ်ခု ရှိနေသည်။ အခြားတံခါးများ သို့မဟုတ် အခန်းများ မရှိချေ။ အပြင်ဘက်မှ အလင်းရောင်သည် ပြတင်းပေါက်ကြားမှ အက်ကြောင်းများမှတစ်ဆင့် အတွင်းသို့ စိမ့်ဝင်နေလေသည်။ ကစားသမားများသည် လက်နှိပ်ဓာတ်မီးမပါဘဲပင် အတွင်းဘက် မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။

အခန်းအတွင်း၌ ထုတ်တန်းနှစ်ခုနှင့် တိုင်လေးတိုင် ရှိသည်။ ကြမ်းပြင်ကို ထုံးကျောက်အုတ်များဖြင့် ခင်းထားပြီး နံရံများကိုလည်း အုတ်နှင့် သစ်သားတို့ဖြင့် ပြုလုပ်ထားသည်။

ဘုရားကျောင်းဆောင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အနီရောင်ဆေးသုတ်ထားသော ကြေးနီစင်နှစ်တန်း ရှိနေသည်။ စင်များတွင် အလွှာလေးလွှာစီ ရှိပြီး အလွှာတိုင်းတွင် ဖယောင်းတိုင်အဖြူများဖြင့် ပြည့်နှက်နေသော်လည်း မည်သည့်ဖယောင်းတိုင်မှ မီးထွန်းထားခြင်း မရှိပေ။

တံခါးနှင့် မျက်နှာချင်းဆိုင် ဘုရားကျောင်းဆောင်၏ အဆုံးတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်းသာ ရှိနေခဲ့သည်။ ၎င်းမှာ ဦးခေါင်းမရှိသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်မှာ မတ်တပ်ရပ်နေခြင်းဖြစ်သည်။ ၎င်း၏ ညာဘက်လက်မှ လက်ချောင်းငါးချောင်းမှာ စုစည်းထားပြီး ဘယ်ဘက်လက်မှာမူ ဦးခေါင်းကဲ့သို့ ပျောက်ဆုံးနေလေသည်။

"အင်း... ဒီပုံစံအရဆိုရင် ဘယ်နတ်မင်းကြီးလဲဆိုတာ ပြောဖို့ခက်တယ်"

ဖုန်းပုကြွယ်သည် ရှေ့သို့ လျှောက်ရင်း တိုးတိုးရေရွတ်လိုက်သည်။

"ဒီဆေးသားခြောက်နဲ့ လုပ်ထားတဲ့ ရုပ်ပွားတော်က... ယွမ်မင်းဆက် လက်ရာလား"

ရုတ်တရက် ရီရူလီ၏ လက်က ဖုန်းပုကြွယ်၏ ပုခုံးကို ဖိကိုင်၍ နောက်သို့ ဆွဲလိုက်သည်။ ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်၏ ရှေ့မလှမ်းမကမ်းရှိ ကြမ်းပြင်မှ အနက်ရောင်အငွေ့များ ထွက်ပေါ်လာလေသည်။

အစောပိုင်းက ဖုန်းပုကြွယ်၏ အာရုံသည် ဗုဒ္ဓရုပ်ပွားတော်ဆီသို့သာ ရောက်နေသဖြင့် သူ့ခြေရင်းကို သတိမထားမိခဲ့ချေ။ အကယ်၍ ရီရူလီသာ သူ့ကို နောက်သို့ မဆွဲလိုက်ပါက သူ၎င်းကို နင်းမိသွားလောက်သည်။

အနက်ရောင်မီးခိုးငွေ့များသည် လွင့်စင်မသွားဘဲ မြင့်တက်လာပြီးနောက် ၎င်းထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုမီးခိုးငွေ့ထဲမှ ထွက်ပေါ်လာသောသူမှာ သင်္ကန်းရုံထားသော ဘုန်းကြီးအိုတစ်ပါး ဖြစ်သည်။ သူ့အသားအရေမှာ ခရမ်းရောင်သန်းနေပြီး မုတ်ဆိတ်ဖြူများနှင့် မည်းနက်သော မျက်စိသူငယ်အိမ်များ ရှိနေ၏။ သူ၏ ပုံပန်းသဏ္ဌာန်သည် အလွန်ကြောက်စရာကောင်းလှသည်။ သို့သော် သူ့မျက်နှာသည် တည်ကြည်ခန့်ညားပြီး မကောင်းသောသူနှင့် မတူချေ။

"တကာတို့က ဘယ်သူတွေလဲ၊ လျှို့ဝှက်ခေါင်းလောင်းဘုံကျောင်းကို ဘာကိစ္စနဲ့ လာကြတာလဲ"

ထိုမိစ္ဆာဘုန်းကြီးက မေးလိုက်သည်။

"ကျုပ်တို့က လမ်းသွားလမ်းလာတွေပါ"

ဖုန်းပုကြွယ်က ဆိုသည်။

"ဒီနေရာမှာ သရဲခြောက်တယ်လို့ ကြားလို့ လာစစ်ဆေးကြည့်တာပါ"

"လမ်းသွားလမ်းလာလား၊ ဟမ့်... "

မိစ္ဆာဘုန်းကြီးက ဆက်ပြောသည်။

"ဒီဘုန်းကြီးအို အမြင်အရဆိုရင် တကာတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ်အာရုံတွေ နိုးထနေကြတာပဲ၊ လူသာမန်တွေတော့ မဟုတ်ကြဘူး ထင်တယ်"

"အရှင်ဘုရားရဲ့ အသားအရောင်က ခရမ်းရင့်ရောင်ဖြစ်နေပြီး ကိုယ်ပေါ်မှာလည်း မိစ္ဆာချီတွေ ပြည့်နေတာပဲ၊ အရှင်ဘုရားလည်း လူသားတောင် မဟုတ်မှာ စိုးရွံ့မိပါတယ်"

ဖုန်းပုကြွယ်က ပြန်မေးလိုက်သည်။

"ဟား... ဟားဟားဟား..."

မိစ္ဆာဘုန်းကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းတယ်၊ 'လူသားတောင် မဟုတ်ဘူး' ဆိုတာ တကယ် ကောင်းတယ်..."

ဘုံကျောင်းအတွင်းရှိ ပြတင်းပေါက်များကို အနက်ရောင်မီးခိုးငွေ့များ ရုတ်တရက် ဖုံးလွှမ်းသွားကာ အပြင်ဘက်မှ အလင်းရောင်ကို လုံးဝ ပိတ်ဆို့လိုက်သည်။ သို့သော် အမှောင်ထုက ကြာရှည်မခံခဲ့ချေ။ နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်ရှိ ဖယောင်းတိုင်များအားလုံး လင်းထိန်လာပြီး အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။

ဤအမှောင်နှင့်အလင်း ကူးပြောင်းသွားသော အခိုက်အတန့်တွင် မိစ္ဆာဘုန်းကြီး၏ ပုံရိပ်မှာ အကြီးအကျယ် ပြောင်းလဲသွားပြီး အသူရာမိစ္ဆာဝိညာဉ် အဖြစ်သို့ လုံးဝ ကူးပြောင်းသွားတော့သည်။ သူ့အရပ်သည် ဆယ်ပေခန့်အထိ မြင့်တက်လာပြီး ဖောင်းကြွနေသော ကြွက်သားများက သူ့အဝတ်အစားများကို ဆွဲဆန့်နေသယောင် ရှိသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များသည် အနီရောင်သို့ ပြောင်းလဲသွားပြီး ဖုန်းပုကြွယ်အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်သည်။

ယင်းကို မြင်သောအခါ ရီရူလီသည် သူမ၏ ဓားကိုမြှောက်၍ ရင်ဆိုင်ရန် ပြင်လိုက်သော်လည်း ဖုန်းပုကြွယ်က သူမရှေ့မှ ပိတ်ရပ်လိုက်သည်။ သူ ခေါင်းစောင်းကာ သူမကို တစ်ချက်ကြည့်လိုက်သည်... တိုက်ခိုက်ရန် မလိုသေးကြောင်း ပြောနေသယောင် ရှိသည်။

"အရှင်ဘုရားလည်း ဟိုသစ်ပင်ကြီးလိုပဲ 'လင်အာ' ဆိုတဲ့ မိန်းကလေးကြောင့် သရဲဖြစ်သွားတာ မဟုတ်လား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"အဲတော့ ဘာဖြစ်လဲ"

မိစ္ဆာဘုန်းကြီး၏ အသံလည်း ပြောင်းလဲသွား၏။ သူ့အသံသည် ကြမ်းတမ်းသည်ဟုပင် မဖော်ပြနိုင်လောက်အောင် အလွန်အမင်း "ကြမ်းရှ" နေလေသည်။

"ကျုပ်သိချင်တာက အရှင်ဘုရားက ဒီအခြေအနေကို ကိုယ့်သဘောနဲ့ကိုယ် ထိန်းသိမ်းထားတာလား"

ဖုန်းပုကြွယ်က ဆိုသည်။

"ဒါမှမဟုတ် သူ့ထိန်းချုပ်မှုအောက်မှာ မလွှဲမရှောင်သာဘဲ တောင်ပေါ်တက်လာတဲ့ ကျုပ်တို့ကို တိုက်ခိုက်နေရတာလား"

"ငါသာ သူ့ထိန်းချုပ်မှုအောက်မှာဆိုရင် မင်း ငါ့ရှေ့မှာ ဒီလို မတ်မတ်ရပ်ပြီး စကားပြောနေနိုင်ဦးမလား"

မိစ္ဆာဘုန်းကြီးက မေးသည်။

"ဒါဆိုရင် အရှင်ဘုရားက ကိုယ့်သဘောနဲ့ကိုယ် မိစ္ဆာဖြစ်လာပြီး သာမန်လူတွေကို ဒုက္ခပေးနေတာပေါ့"

ဖုန်းပုကြွယ်က ဆိုသည်။

"ငါ ဒီနေ့ ဒီလိုဖြစ်လာရတာက အဲဒီကလေးမလေးရဲ့ နာကြည်းမုန်းတီးမှုကြောင့်ဆိုတာ မှန်ပါတယ်၊ သူ့ရဲ့ နာကြည်းမှုတွေ မပျောက်ပျက်မချင်း ငါ... ပြီးတော့ ဒီတောင်ပေါ်က သရဲတွေအားလုံး ဒီတောင်ထဲမှာပဲ ပိတ်မိနေပြီး လူပြန်မဖြစ်နိုင်ကြဘူး"

မိစ္ဆာဘုန်းကြီးက ပြန်ဖြေသည်။

"ဒါပေမဲ့... ချန်လင်မြို့က လူတွေကို သတ်တာကတော့ ငါတို့အားလုံးရဲ့ ကိုယ်ပိုင်ဆန္ဒပဲ"

"ဒါက ခေါင်းလောင်းမြို့က လူတွေက လင်အာကို မတရားသတ်ခဲ့ကြလို့လား"

ဖုန်းပုကြွယ်က အကဲစမ်း၍ မေးလိုက်သည်။(TL note - ချန်လင်ဆိုတာ ဝှက်ထားတဲ့ခေါင်းလောင်းလို့ အဓိပ္ပါယ်ရပါတယ်)

"ဟမ့်... "

မိစ္ဆာဘုန်းကြီးက နှာခေါင်းရှုံ့လိုက်သည်။

"မင်းက သရဲနှင်ဖို့ သူတို့ငှားလာတဲ့ မှော်ဆရာမဟုတ်လား"

"ကျိန်းသေပေါက်မဟုတ်ဘူးပေါ့၊ တကယ်လို့ အဲဒါသာမှန်ရင် အရှင်ဘုရား ဒီမှာရပ်ပြီး ကျုပ်နဲ့ စကားပြောနေနိုင်ဦးမယ်လို့ ထင်လား"

ဖုန်းပုကြွယ်က အလွန်အမင်း ထောင်လွှားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ဟင်"

မိစ္ဆာဘုန်းကြီးမှာ ကြောင်အသွားရသည်။ သူ့မျက်နှာက ရှေ့သို့ တိုးလာပြီး

"မင်းကတော့ စကားကို အကြီးကြီး ပြောတတ်တာပဲ"

"အရှင်ဘုရားနဲ့ အလကားအချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး၊ ကျုပ်မေးခွန်းကို မြန်မြန်ဖြေပေးပါ"

ဖုန်းပုကြွယ်က ဆိုသည်။

"ကျုပ် အရှင်ဘုရားကို ကူညီနိုင်ရင် ကူညီပေးလို့ရတယ်"

"မင်းကလား၊ ဟားဟား... "

မိစ္ဆာဘုန်းကြီးက ထပ်မံ ရယ်မောလိုက်ပြန်သည်။

"ဒီနေရာကို ဘာလို့ 'ဝှက်ထားတဲ့ ခေါင်းလောင်း' လို့ ခေါ်လဲ မင်းသိလား"

"ဘာလို့လဲ"

ဖုန်းပုကြွယ်က မသိသဖြင့် ထိုသူ၏မေးခွန်းအတိုင်း လိုက်မေးလိုက်သည်။

မိစ္ဆာဘုန်းကြီးသည် နောက်သို့လှည့်ကာ ပေါင်လုံးခန့်ရှိသော သန်မာသည့် သူ့လက်ကြီးဖြင့် သူ့နောက်ရှိ ခေါင်းမရှိသော ဗုဒ္ဓရုပ်ပွားတော်ကို ညွှန်ပြလိုက်သည်။

"ဒီနေရာဟာ မူလက ရဟန္တာတစ်ပါးရဲ့ ကျင့်ကြံရာနေရာ ဖြစ်တယ်၊ ဒီဘုရားကျောင်းထဲမှာ ဗုဒ္ဓရဲ့ လျှို့ဝှက်ရတနာဖြစ်တဲ့ ကျင်းကန်းခေါင်းလောင်းကို ဝှက်ထားခဲ့တယ်"

သူ လက်ကို ပြန်ချလိုက်ပြီး ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်သည်။

"ပြီးတော့ ငါက ဒီဘုရားကျောင်းရဲ့ တစ်ပါးတည်းသော ဘုန်းကြီးပဲ"

ထိုသို့ ပြောလိုက်ချိန်တွင် သူသည် အတိတ်က အဖြစ်အပျက်များကို သတိရသွားပုံရသည်။ ကြောက်စရာကောင်းလှသော သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ပေါ်လာလေသည်။

"ဒါပေမဲ့ အခုကော၊ ငါ့ကို ကြည့်စမ်း၊ ငါ ဘာဖြစ်သွားပြီလဲ"

"အိုး... ကျင်းကန်းခေါင်းလောင်းက အဲဒီလောက်တောင် အစွမ်းထက်လို့လား"

ဖုန်းပုကြွယ် လက်ပိုက်၍ အရေးမပါသကဲ့သို့ အမူအရာဖြင့် ခေါင်းမော့ကာ မေးလိုက်သည်။

"မင်းကတော့ အဆင်အခြင်မဲ့တဲ့ လူလိမ်ကောင်ပဲ၊ သေချာတာပေါ့ ကျင်းကန်းခေါင်းလောင်းရဲ့ စွမ်းအားကို မင်းဘယ်သိပါ့မလဲ"

မိစ္ဆာဘုန်းကြီးသည် အရူးလုပ်ခံလိုက်ရပြီး ဝင်လာပြီး မရပ်မနား စပြောတော့သည်။

"ကျင်းကန်းခေါင်းလောင်းဆိုတာ ဗုဒ္ဓဘာသာရဲ့ အဖိုးတန်ဆုံး ရတနာပဲ၊ အဲဒါက မရေမတွက်နိုင်တဲ့ ဂါထာမန္တန်တွေ၊ ပုံရိပ်ယောင်တွေ၊ ဝိညာဉ်တံဆိပ်ခတ်နှိပ်တဲ့ နည်းစနစ်တွေ၊ ဆင့်ခေါ်တဲ့ နည်းစနစ်တွေ၊ ရုပ်သေး နည်းစနစ်တွေ၊ ကောင်းချီးပေးတာတွေ၊ မိုးခေါ်တာတွေ၊ ရောဂါပျောက်ကင်းစေတာတွေ၊ မိသားစုကျန်းမာရေးနဲ့ ဘေးအန္တရာယ် ကင်းဝေးစေတာတွေကို လုပ်ဆောင်ပေးနိုင်တယ်... အဲဒါက နတ်ဘုရားနဲ့ သရဲတွေကိုတောင် ထိန်းချုပ်နိုင်ပြီး အရာရာတိုင်းကို လွှမ်းခြုံထားနိုင်တယ်၊ လူတစ်ယောက်ရဲ့ ကံဆိုးမှုတွေကို လွတ်မြောက်ရာလောကကို လမ်းညွှန်ပေးနိုင်တယ်၊ မိစ္ဆာတွေကို နှိမ်နင်းနိုင်တယ်၊ လောဘတွေကို ကျော်လွှားနိုင်တယ်၊ ဓာတ်ကြီးငါးပါး၊ ယင်နဲ့ယန်နဲ့ ကံကြမ္မာကိုပါ ပြောင်းလဲပေးနိုင်တယ်"

"အဲဒီအရာက အခုဘယ်မှာလဲ"

ဖုန်းပုကြွယ်၏ မျက်နှာပေါ်တွင် ဘာအမူအရာမှ မပေါ်သော်လည်း သူ့စိတ်ထဲတွင်မူ "ဒီ ကျင်းကန်းခေါင်းလောင်းက ငါ့ဟာပဲ" ဟု တွေးနေမိသည်။

"ဘာလဲ၊ မင်းက ခေါင်းလောင်းကို လိုချင်နေတာလား"

မိစ္ဆာဘုန်းကြီးက မေးသည်။

ထိုမေးခွန်းကို မေးလိုက်သောအခါ ဖုန်းပုကြွယ်သည် ဤသည်မှာ မစ်ရှင်၏ အလှည့်အပြောင်းဖြစ်ကြောင်း ၇၀ ရာခိုင်နူန်း မှ ၈၀ ရာခိုင်နှုန်းခန့် သေချာသွားသည်။

သူသည် ချက်ချင်းခေါင်းလှည့်၍ ရီရူလီကို တစ်ချက်ကြည့်လိုက်သည်။ သူမကလည်း သဘောပေါက်သဖြင့် ဘာမှပြန်မပြောဘဲ သဘောတူကြောင်း ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။

"ဟုတ်တယ်"

ဖုန်းပုကြွယ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“အဓိကမစ်ရှင် တိုးတက်မှုကို အဆင့်မြှင့်တင်လိုက်ပါပြီ”

“ခေါင်းလောင်းလောကအတွင်းသို့ ဝင်ရောက်ပါ။ ခေါင်းလောင်းဝိညာဉ်ကို ရှာဖွေပါ။”

မျှော်လင့်ထားသည့်အတိုင်း စနစ်၏ အကြောင်းကြားချက် ချက်ချင်း ထွက်ပေါ်လာပြီး ဂိမ်းမီနူးရှိ အဓိကမစ်ရှင်သည်လည်း ပြောင်းလဲသွား၏။

"မင်းက ငါတို့ကို ကူညီချင်တယ်လို့ ပြောတယ်နော်၊ မင်းမှာ အဲဒီလို အရည်အချင်းရှိလား ကြည့်ရသေးတာပေါ့"

မိစ္ဆာဘုန်းကြီးက ရယ်မောလိုက်သည်။ ထိုသို့ ပြောရင်း သူသည် တောင်ကြီးတစ်တောင်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသောအားဖြင့် ကြမ်းပြင်ကို ဆောင့်နင်းလိုက်သည်။ ကြမ်းပြင်ပေါ်ရှိ မီးခိုးရောင် အုတ်ချပ်များ ချက်ချင်းကွဲအက်သွားပြီး နှစ်မီတာခန့် ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ပေါ်လာတော့သည်။ ထိုအက်ကြောင်းထဲမှ ဝမ်းနည်းကြေကွဲဖွယ် ငိုညည်းသံများ ထွက်ပေါ်လာသယောင် ရှိသော်လည်း ငုံ့ကြည့်လိုက်သောအခါ အမှောင်ထုကိုသာ မြင်တွေ့ရသည်။

"တကယ်လို့ မင်းကျင်းကန်းခေါင်းလောင်းကို လိုချင်ရင် အဲဒီကလေးမလေးဆီမှာ ကိုယ်တိုင် သွားတောင်းလိုက်ပါ"

ထိုသို့ပြောရင်း မိစ္ဆာဘုန်းကြီးက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဖဝါးထဲတွင် သစ်ပင်မိစ္ဆာ ပေးခဲ့သော ခေါင်းလောင်းနှင့် တစ်ပုံစံတည်း တူညီသည့် ခေါင်းလောင်းတစ်ခု ရှိနေခဲ့သည်။

"ခေါင်းလောင်းကို ယူပြီး အောက်ကို ခုန်ချလိုက်"

ဖုန်းပုကြွယ်သည် ရီရူလီကို ရှေ့ထွက်မယူခိုင်းဘဲ သူကိုယ်တိုင် လက်ဆန့်ကာ ယူလိုက်ပြီးမှ သူမကို ကမ်းပေးလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ ရှည်လျားလှသော မိစ္ဆာကြီးအား ယဉ်ကျေးစွာဖြင့် ဆိုလိုက်သည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်"

"စကားတွေ အများကြီး ပြောမနေနဲ့၊ လူအများကြီး အောက်ကို ဆင်းသွားကြပေမဲ့ ဘယ်သူမှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြဘူး၊ ပြန်ရောက်လာတဲ့ တစ်ခုတည်းသော အရာကတော့... ဒီခေါင်းလောင်းပဲ"

မိစ္ဆာဘုန်းကြီးက ပြန်ဖြေသည်။

ဖုန်းပုကြွယ်သည် ဇာတ်ကွက်မှာ ပြီးသလောက်ရှိပြီဟု ခံစားရသည်။ သူသည် ရီရူလီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဒါဆို... ငါတို့ ဆောင်ပုဒ်တစ်ခုပြောပြီး အတူတူ ခုန်ချကြတာပေါ့"

"ပထမဆုံး အနေနဲ့ ‘မင်းခုန် ငါခုန်' ဆိုတဲ့ ဆောင်ပုဒ်ကိုတော့ ငြင်းတယ်"

သူမက တိုက်ရိုက် ပြန်ဖြေသည်။

"ကျစ်... "

ဖုန်းပုကြွယ်က သူ့အစီအစဉ်ကို ရိပ်မိခံရသဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"ဒါဆိုရင် ငါ သုံးအထိ ရေလိုက်မယ်"

All Chapters