အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အခန်း ၁၁၂ - အရှိန်အဟုန် မြင့်တက်လာခြင်း
"စစ်မှုထမ်းကောင်းကျိုး မှတ်တမ်းအတိုင်း ရိက္ခာလစာတွေ ချီးမြှင့်စေ။"
ကျောက်ဖင် အမိန့်တော်နှင့်အတူ တပ်မှူးများသည် စစ်သည်များ၏ အမည်များကို တစ်ဦးချင်းစီ စတင်ခေါ်ယူကြတော့သည်။
စစ်သည်များသည် ပုံမှန်ရရှိမည့် စစ်ရိက္ခာလစာအပြင် တိုက်ပွဲတွင် စွမ်းဆောင်ခဲ့သည့် ၎င်းတို့၏ သူရဲကောင်းပြုမှုများအတွက် အပိုဆုလာဘ် အမြောက်အမြားကိုပါ ရရှိကြလေသည်။
စစ်သည်အများအပြားမှာ လတ်တလော ရရှိထားသော လစာငွေများနှင့် အပိုဆုလာဘ်များကို ဆုပ်ကိုင်ထားရင်း ရင်ခုန်စိတ်လှုပ်ရှားလွန်းသဖြင့် ခန္ဓာကိုယ်များပင် အနည်းငယ် တုန်
ရင်နေကြရှာသည်။
တပ်မှူးကြီးသည် ကတိတည်လိမ့်မည်ဟု ၎င်းတို့ တကယ်ပင် ထင်မထားခဲ့ကြချေ။
အထူးသဖြင့် တိုက်ပွဲအတွင်း၌ စိတ်အားထက်သန်လွန်းသဖြင့် တိုက်ပွဲရလဒ် ပစ္စည်းများကို လိုက်လံကောက်ယူရန် အချိန်မရခဲ့ကြသော စစ်သည်စုကြီး ဖြစ်၏။
အစပိုင်းတွင် ၎င်းတို့သည် နောင်တရနေခဲ့ကြသော်လည်း ယခုအခါတွင်မူ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြရပြီ ဖြစ်သည်။
၎င်းတို့သည် အများဆုံးသော အပိုဆုလာဘ်များကို ရရှိခဲ့ကြရုံမျှမက အများအပြားမှာလည်း ရာထူးတိုးမြှင့်ခြင်း ခံခဲ့ကြရသည်။
"ဟွမ်သာလီ။"
ကျောက်ဖင် အသံသည် ရုတ်တရက် မြင့်တက်လာသည်။
"မင်းဟာ ဒီတိုက်ပွဲမှာ သတ္တိရှိရှိ တိုက်ခိုက်ခဲ့ပြီး တောပုန်းခေါင်းဆောင်ကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါကြောင့် မင်းကို တပ်စုမှုးအဖြစ် ရာထူးတိုးမြှင့်ပေးတယ်။"
"တပ်မှူးကြီးရဲ့ ရာထူးတိုးမြှင့်ပေးမှုကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။"
ဟွမ်သာလီသည် အလွန်အမင်း ဝမ်းမြောက်သွားပြီး သူ၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။
ယခုအချိန်တွင် သူသည် လာရောက်အပ်နှံခဲ့ရသော ငွေစက္ကူများကို အရေးမစိုက်တော့ချေ။
ငွေစက္ကူများက ကောင်းသည်မှာ မှန်သော်လည်း ၎င်းတို့ကြောင့်နှင့် စစ်ဥပဒေဒဏ်ကိုမူ မရင်ဆိုင်ရဲချေ။
အထူးသဖြင့် ယခုအခါ သူ ရာထူးတိုးသွားခဲ့ပြီ မဟုတ်ပါလော။
သူသည် သေးငယ်လှသော အုပ်စုခေါင်းဆောင်လေးတစ်ဦးမျှသာ ဖြစ်သော်လည်း ဟွမ်သာလီသည် နောင်တစ်ချိန်တွင် တပ်မှူးကြီးကဲ့သို့ မြင့်မားသော ရာထူးနေရာသို့ ရောက်ရှိပြီး စင်မြင့်ထက်တွင် ရပ်ကာ စစ်တပ်ကြီးကို ကွပ်ကဲနေမည့် မိမိ၏ အနာဂတ်ကို စိတ်ကူးယဉ်ကာ မတွေးဘဲ မနေနိုင်တော့ချေ။
ဆုလာဘ်များ ခွဲဝေခြင်းနှင့် သူရဲကောင်းပြုမှုများကို အသိအမှတ်ပြုခြင်းလုပ်ငန်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် ကျောက်ဖင်သည် အသစ်ဖမ်းဆီးရမိထားသော သုံ့ပန်းများထဲမှ သန်မာထွားကျိုင်းပြီး အရည်အချင်းအရှိဆုံး သူများကို ရွေးချယ်ကာ တိမ်နီတပ်မတော်အတွင်းသို့ ဖြည့်တင်းလိုက်သည်။
ထို့ကြောင့် တိမ်နီတပ်မတော်၏ အင်အားသည် မူလက ရှိရင်းစွဲ ခြောက်ဆယ်ကျော်မှ ယခုအခါ အင်အား ၁၅၄ ဦးအထိ တိုးပွားလာခဲ့လေပြီ။
မိုးချုပ်စပြုလာသောအခါ တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
လူအင်အား ၁၅၀ ကျော်မျှသာ ရှိပြီး လက်နက်ကိရိယာများ စုံလင်ခြင်း မရှိသေးသော်လည်း ၎င်းတို့ထံမှ စစ်သည်တော်တို့၏ အငွေ့အသက် အစစ်အမှန်ကို ရရှိနေပြီ ဖြစ်သည်။
လတ်တလော လက်နက်ချထားသော သုံ့ပန်းအသစ်များပင်လျှင် မတ်မတ်ရပ်နေကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ် စကားမပြောရဲကြချေ။
ကျောက်ဖင်သည် စစ်တပ်တွင် တစ်ကြိမ်မျှ တာဝန်မထမ်းဆောင်ဖူးခဲ့ဘဲ စစ်ဗျူဟာနှင့် စစ်ရေးလေ့ကျင့်မှု အစစ်အမှန်များကို မသင်ယူဖူးခဲ့သော်လည်း အနည်းဆုံးတော့ သူ၏ ယခင်ဘဝက စစ်ပညာသင်တန်းများတွင် ပါဝင်ဖူးခဲ့သဖြင့် စစ်ကြောင်းစီပုံနှင့် လေ့ကျင့်ပုံတို့ကိုမူ နားလည်ထားပေသည်။
"မနက်ဖြန် မနက် ၅ နာရီမှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်မယ်။"
ကျောက်ဖင်သည် ကွင်းပြင်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး - "အားလုံး လူစုခွဲကြစို့။ သွားပြီး စားသောက်ကြတော့။"
ငြိမ်သက်နေခဲ့သော ကွင်းပြင်ကျယ်ကြီးသည် စကားအဆုံးတွင် ရုတ်တရက် သောင်းသောင်းဖျဖျ အော်ဟစ်အောင်ပွဲခံသံများဖြင့် ဆူညံသွားခဲ့တော့သည်။
စစ်သည်များသည် စိတ်မရှည်နိုင်ကြတော့ချေ။
၎င်းတို့သည် အိုးကြီးများ၏ ရှေ့တွင် တပ်မှူးများ၏ ဦးဆောင်မှုနှင့်အတူ စစ်ကြောင်းလိုက် သပ်ရပ်စွာ တန်းစီလိုက်ကြသည်။
စည်းကမ်းများကို မသိသေးသော စစ်သညသစ်အချို့သည် ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသော်လည်း မည်သူမျှ မကျေမနပ် မပြောရဲကြဘဲ စစ်ကြောင်းအတိုင်း နာခံစွာ တန်းစီကြရှာသည်။
အောင်ပွဲ၏ အရသာကြောင့်ပင်လောမသိ၊ အသားဆန်ပြုတ်သည် ပိုမို၍ပင် ချိုမြိန်နေသကဲ့သို့ ခံစားရသည်။
စစ်သည်အများအပြားမှာ ဗိုက်များ ပူထွက်လာသည်အထိ အားပါးတရ စားသောက်ကြတော့သည်။
"အုပ်စု ခေါင်းဆောင်ဟွမ်။"
ဝမ်အာကော်သည် ခိုးကြောင်ခိုးဝှက် တိုးကပ်လာပြီး ဆီစက္ကူဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို ကမ်းပေးလိုက်သည်။
"ကြည့်ပါဦး၊ ဒါက သမင်ခြောက်ပါ။ ကျွန်တော် တစ်ချက်မှ မထိရသေးပါဘူး။ အုပ်စုခေါင်းဆောင်ကို လေးစားတဲ့အနေနဲ့ သီးသန့် ယူလာခဲ့တာပါ..."
ဟွမ်သာလီ၏ စူးစိုက်ကြည့်မှုကို မြင်လိုက်ရသောအခါ သူက ကပျာကယာ ထပ်ဖြည့်ပြောလိုက်သည်။ “ စိတ်ချပါ၊ ဒီသမင်သားတွေက တရားဝင်ရထားတာပါ။ ခိုးလာတာ၊ လုလာတာ မဟုတ်ပါဘူး။ ကျွန်တော်ရတဲ့ ဆုလာဘ်ဝေစုနဲ့ လဲလှယ်ပြီး ရလာတာပါဗျ။"
ဝမ်အာကော် တစ်ဦးတည်း မဟုတ်ချေ။
စစ်သည်များသည် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်စုဖြင့် ရာထူးတိုးသွားသော တပ်စုမှူးများကို ဝိုင်းအုံနေကြပြီး အချို့က မြောက်ပေးနေကြကာ အချို့ကမူ သိုင်းပညာဉာဏ်စမ်းများကို မေးမြန်းနေကြသည်။
စစ်သည်အများအပြားမှာ ဤမြင်ကွင်းကို မနာလိုဝန်တိုစိတ်ဖြင့် စိုက်ကြည့်နေကြ၏။ အထူးသဖြင့် အရင်က မိမိတို့ထက် နိမ့်ကျခဲ့သော်လည်း ယခုအခါ စစ်မှုထမ်းကောင်းကျိုးကြောင့် မိမိတို့ထက် မြင့်မားသော ရာထူးနေရာသို့ ရောက်ရှိသွားသူများကို ကြည့်ရင်း နောင်တွင် ၎င်းတို့ကို ကျော်တက်နိုင်ရန် ရင်ထဲ၌ တိတ်တဆိတ် သစ္စာဓိဋ္ဌာန် ပြုနေကြတော့သည်။
ထိုနေ့ညနေ၌...
ကျောက်ဖင်သည် တိုက်ပွဲရလဒ် ပစ္စည်းများကို လာရောက်အပ်နှံသည့် စစ်သည်အချို့ကို ထပ်မံလက်ခံရရှိခဲ့သည်။ ၎င်းတို့မှာ ပစ္စည်းများကို ဝှက်ထားခြင်းကြောင့် မဟုတ်ဘဲ ယခင် လုယက်သိမ်းဆည်းစဉ်က ကျန်ရစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျောက်ဖင်သည် စစ်ပွဲပြီးနောက် ပစ္စည်းများကို လာရောက်အပ်နှံသော စစ်သည်များကို သဘာဝကျစွာပင် ချီးမွမ်းစကား ဆိုခဲ့သည်။
ထို့နောက် တိမ်နီတပ်မတော်သည် ဝံပုလွေခေါင်းခံတပ်တွင် တစ်ရက်သာ အနားယူခဲ့သည်။
တတိယမြောက်နေ့တွင်မူ...
တိမ်နီတပ်မတော် တစ်ခုလုံးသည် ဆယ်မိုင်ခန့် ဝေးကွာသော အခြားတောင်ပေါ်ခံတပ်တစ်ခုဆီသို့ ဦးတည်ကာ ဆက်လက်ချီတက်ကြတော့သည်။
အတားအဆီးမရှိ လျှပ်စီးလက်သကဲ့သို့ ပြင်းထန်လှပေစွ။
လေးငါးရက်အတွင်းမှာပင် တိမ်နီတပ်မတော်သည် တောင်ပေါ်ခံတပ် ခြောက်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
နွားခေါင်းရွာကို ဗဟိုပြု၍ မိုင်လေးငါးဆယ် ပတ်လည်အတွင်းရှိ တောပုန်းဓားပြများမှာ ရာနှုန်းပြည့်နီးပါး သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရချေပြီ။
လှုပ်ရှားသွားလာရင်း ပြစ်မှုကျူးလွန်တတ်သော အနည်းငယ်မျှသော တောပုန်းများနှင့် ဥပဒေပပုဂ္ဂိုလ်အချို့သာလျှင် ပိုက်ကွန်မှ လွတ်မြောက်သွားခဲ့ကြသည်။
သို့သော်လည်း ဤလှည့်လည်သွားလာနေသော ဓားပြများသည် တိမ်နီတပ်မတော်၏ လက်ထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက် တပ်မတော်အတွင်းသို့ သွတ်သွင်းခြင်း ခံရမည် သို့မဟုတ်ပါက သေဒဏ်နှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
ဤရက်ပိုင်းအတွင်း တိုက်ပွဲများ ဆင်နွှဲခဲ့ခြင်းကြောင့် တိမ်နီတပ်မတော်၏ ကျော်စောသတင်းသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
၎င်းသည် ခေါင်းဝါတပ်မတော်ကဲ့သို့ လူသိမများသေးသော်လည်း အနည်းဆုံးတော့ အမည်မသိ အညတရ မဟုတ်တော့ချေ။
ဤမိုင်ငါးဆယ် ပတ်လည်အတွင်း၌ သူသည် ထင်ရှားကျော်ကြားသော အင်အားစုတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ကျော်ကြားလာပြီးနောက်တွင် ရလဒ်များမှာလည်း သိသာထင်ရှားလှပေသည်။
လှည့်လည်သွားလာနေသော တောင်ပေါ်ဓားပြများနှင့် ပုဂ္ဂိုလ်အချို့သည် တိမ်နီတပ်မတော်ထံသို့ လာရောက်ခိုလှုံ ပူးပေါင်းကြတော့သည်။
အဆုံးစွန်၌ ကျောက်ဖင်သည် သူ၏ နယ်မြေအတွင်း တောပုန်းဓားပြများနှင့် ဥပဒေပပုဂ္ဂိုလ်များကို အတည်တကျ ရှိနေခွင့်ပြုမည် မဟုတ်ကြောင်း ပြတ်သားစွာ ကြေညာထားခဲ့ပြီး ဖြစ်သည် မဟုတ်ပါလော။
ဤတောင်ပေါ်ဓားပြများနှင့် ပုဂ္ဂိုလ်များသည် အစိုးရစစ်တပ်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို မည်သို့ရင်ဆိုင်ရမည်ကို ရေရှည် နားလည်ထားကြသောကြောင့် ဖြစ်သည်။
အကယ်၍ မတတ်သာပါက တောင်နက်ထဲသို့ ဆုတ်ခွာသွားရုံမျှသာ ရှိပြီး မြို့ပြ၌ ပျော်ပါးနေလေ့ရှိသော ထိုအရာရှိများသည် ၎င်းတို့နောက်သို့ လိုက်လံဖမ်းဆီးလေ့ မရှိကြချေ။
၎င်းတို့သည် အစိုးရစစ်တပ်ကို မကြောက်ကြသော်လည်း မိမိတို့ကဲ့သို့ လူစားမျိုးကိုမူ ကြောက်ရွံ့ကြသည်။ ဟုတ်ပေသည်... တိမ်နီတပ်မတော်သည် မိမိကိုယ်ကို တရားမျှတမှု တပ်မတော်ဟု ခေါ်တွင်စေကာ အမည်ကျော်ကြားလာခဲ့သော်လည်း ထိုတောင်ပေါ်ဓားပြများ၏ မျက်စိထဲတွင်မူ အစိုးရစစ်တပ် မဟုတ်ပါက ပုန်ကန်သူများမှတစ်ပါး အခြားမရှိချေ။
တောပုန်းဓားပြများနှင့် ပုဂ္ဂိုလ်များအပြင် တောင်ပြင်ပမှ သာမန်အရပ်သားများသည်လည်း စစ်တပ်သို့ လာရောက် ပူးပေါင်းကြသည်။
ဤကာလအတွင်း တိမ်နီတပ်မတော်သည် စစ်ဆင်ရေးများ ဆင်နွှဲနေစဉ် အခါအားလျော်စွာ အရပ်သားများ၏ နေအိမ်များကို ဓားပြများက ဝင်ရောက်စီးနင်း လုယက်နေသည်နှင့် ကြုံတွေ့ရတတ်သည်။
ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ တိမ်နီတပ်မတော်သည် တုံ့ဆိုင်းမနေဘဲ ဓားပြများကို နှိမ်နင်းရန် စစ်တပ်ကို တိုက်ရိုက်စေလွှတ်ခဲ့ရာ ပုံမှန်အစိုးရစစ်တပ်များထက် အဆပေါင်းများစွာ ပိုမိုထိရောက်ကြောင်း သက်သေပြနိုင်ခဲ့သည်။
တိမ်နီတပ်မတော်၏ ကယ်တင်ခြင်းကို ခံရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသော အရပ်သားများသည် တိမ်နီတပ်မတော်အပေါ်တွင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြလေသည်။
ထို့နောက်တွင် တိမ်နီတပ်မတော်သည် အရပ်သားများ၏ လက်ဆောင်ပစ္စည်းများကို လက်ခံရန် ငြင်းပယ်ခဲ့ပြီး စစ်တပ်အတွင်း၌ ပြည်သူလူထုထံမှ အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်မျှပင် မယူရဟူသော စည်းကမ်းချက်များ ရှိကြောင်း ပြောကြားခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် ကယ်တင်ခြင်းခံရသော အရပ်သားများသည် ဤစကားကို ကြားလိုက်ရသောအခါ မိမိတို့ နားကြားမှားလေသလောဟု တွေးမိကာ အံ့အားသင့်သွားကြရသည်။
မြို့ပြမှ လာသော တရားဝင်စစ်သားများပင်လျှင် ဓားပြများကို နှိမ်နင်းရာတွင် ထိရောက်မှုမရှိသည့်အပြင် ပြည်သူများကို ခြိမ်းခြောက်ငေါက်ငမ်းကာ အမြတ်ထုတ်လေ့ ရှိကြသည်။
ရှုံးနိမ့်ခဲ့သော တပ်သားများသည် စစ်စည်းကမ်းချက်များ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပါက "ဓားပြက ဘီးလို ဖြီးသွားပြီး စစ်သားက ကလစ်လို ကုတ်သွားသည်" ဟု
ပင် တင်စားနိုင်ပေသည်။
၎င်းတို့သည် မြေပြင်တစ်ခုလုံးကိုပါ သိမ်းကျုံးယူဆောင်သွားချင်ကြသည် မဟုတ်ပါလော။
ဤအချက်ကြောင့်ပင် ဘေးဒုက္ခများ ဆိုက်ရောက်လာသည့်တိုင်အောင် ဒေသအများအပြားသည် အာဏာပိုင်များထံ တင်ပြရန် မရဲကြဘဲ မိမိကိုယ်ကိုသာ ကာကွယ်ရန် ကြိုးပမ်းကြရခြင်း ဖြစ်သည်။
ထိုမျှတင်မကသေးချေ။
တိမ်နီတပ်မတော်က ၎င်းတို့ကို ပြောကြားခဲ့သေးသည်။
နောင်တွင် အကယ်၍ တောပုန်းဓားပြများ သို့မဟုတ် သူခိုးများနှင့် ကြုံတွေ့ရပါက ၎င်းတို့ထံသို့ အချိန်မရွေး လာရောက်အကူအညီ တောင်းခံနိုင်ကြောင်းပင်။
ဤလုပ်ရပ်နှင့် ပုံစံသည် အစိုးရစစ်သားများထက်ပင် ပိုမို၍ စစ်သားဆန်လှပေသည် — မဟာကျိုးမင်းဆက် တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၇၀၀ ကျော်ကာလအတွင်း သာမန်အရပ်သားပြည်သူများအပေါ် ဤမျှအထိ ကောင်းမွန်စွာ ဆက်ဆံခဲ့သော စစ်တပ်မျိုး တစ်ကြိမ်မျှ မရှိခဲ့ဖူးဟု ပြောပါက ပိုအံ့သြစရာ မရှိတော့ချေ။
တိမ်နီတပ်မတော်သည် အရှိန်အဟုန် မြင့်တက်လာသည်နှင့်အမျှ လျင်မြန်စွာပင် ထင်ရှားကျော်ကြားလာခဲ့တော့သည်။
ဤအချက်သည် နောက်ဆုံးတွင် အဆင့်နိမ့် ကိုယ်ခံပညာရှင်အချို့ကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့သည် တပ်မတော်သို့ လာရောက်
ပူးပေါင်းကြတော့သည်။
မိမိတို့၏ ခွန်အားအပေါ် ယုံကြည်မှုလွန်ကဲနေကြသော ဤစစ်သည်တော်များသည် သာမန်ဓားပြဂိုဏ်းများကို အထင်သေးတတ်ကြသော်လည်း တိမ်နီတပ်မတော်၏ အဆင့်အတန်း မြင့်မားလာမှုသည် ၎င်းတို့၏ အမြင်အာရုံထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်တွင်... မိုင်ငါးဆယ် ပတ်လည်အတွင်း၌ ရှားပါးလှသော အေးချမ်းသာယာမှုနှင့် ငြိမ်းချမ်းမှု မြင်ကွင်းတစ်ခုသည် ထင်ရှားစွာ ထွက်ပေါ်လာခဲ့လေတော့သည်။
အခန်း ၁၁၃ - ယင်ယန် အခြေခံအုတ်မြစ်
တိမ်နီတပ်သည် ခြေကုပ်စခန်းတစ်ခုကို တဖြည်းဖြည်း ရရှိနေသည့် အတောအတွင်း...
ခုနစ်ရက် ဆက်တိုက် ကုန်လွန်သွားခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ကျောက်ဖေးသည် မြေအောက်ဂူအတွင်း၌ ကျင့်ကြံခြင်းအခြေခံ တည်ဆောက်မှု၏ ပထမအဆင့်ဖြစ်သော အခြေခံအုတ်မြစ် ချခြင်းကို နောက်ဆုံးတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယင်နှင့်ယန် စွမ်းအင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ထိုင်ချီသင်္ကေတသည် စွမ်းအင်စုရပ်အတွင်း၌ အပြည့်အဝ ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။
ယင်ယန်ငါးစုံသည် ခေါင်းနှင့်မြီးချင်း ဆုံလျက် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ မျောလွင့်နေပြီး ၎င်းတို့၏ အနားသတ်များတွင် ဓာတ်ကြီးငါးပါး၏ ဝိညာဉ်ရေးရာ အလင်းတန်းများ လှည့်ပတ်စီးဆင်းနေသည်။
ကျောက်ဖေးသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး...
မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"ဒါ... အခြေခံအုတ်မြစ် ချလိုက်ရတဲ့ ခံစားချက်လား..."
ကျောက်ဖေးသည် စိတ်ကို တည်ငြိမ်စေကာ ယခင်က တစ်ခါမှ မခံစားဖူးသည့် ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။
သူ့ ယခင်ဘဝတုန်းကလိုပင် ရေပေါ် လွင့်မျောနေသည့် အမြစ်မရှိသော ဗေဒါပင်တစ်ပင်လိုပင်။ သို့တိုင် အခုတော့ သူသည် ကမ္ဘာမြေကြီးနှင့် နောက်ဆုံးတွင် ထိတွေ့ခွင့်ရခဲ့ချေပြီ။ အမြစ်တွေ အပြည့်အဝ မတွယ်သေးသည့်တိုင် တဖြည်းဖြည်း အခြေချစရာ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
ယခင်က အနီးပတ်ဝန်းကျင်ရှိ လေထုသည် အေးစိမ့်ပြီး အသားထဲအထိ ကိုက်ခဲစေသော်လည်း ယခုအခါတွင်မူ ကျောက်ဖေးသည် အေးမြမှုကိုသာ ခံစားရပြီး ကြီးမားသော မသက်မသာဖြစ်မှုကို မခံစားရတော့ပေ။
ထို့အပြင် ကျောက်ဖေးသည် သူ၏ စိတ်ဝိညာဉ်အင်အားက ပိုမို သန့်စင်လာပြီး အနည်းငယ် ပိုမို ပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။
"ဒီလောက်အထိ ပြင်းထန်လာတာလား..."
ကျောက်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ရှပ်... ရှပ်... ရှပ်...
ခန္ဓာကိုယ်ပွား ဒါဇင်ပေါင်းများစွာသည် ချက်ချင်း ထွက်ပေါ်လာပြီး ဂူတစ်ခုလုံး၏ ဧရိယာ ထက်ဝက်နီးပါးကို ပြည့်နှက်သွားစေသည်။
ထိုအခိုက်အတန့်တွင် သတ္တမအဆင့် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ စုဝေးမိရာမှ ထွက်ပေါ်လာသော သဘာဝစွမ်းအင် အရှိန်အဝါများသည် ပတ်ဝန်းကျင်ရှိ ယင်
စွမ်းအင် များကို လွင့်ပါးသွားစေသည်။
အပြင်ဘက်ရှိ ခန္ဓာကိုယ်ပွား ဒါဇင်ကျော်နှင့် ပေါင်းလိုက်လျှင် ခန္ဓာကိုယ်ပွား စုစုပေါင်း ၅၀ ကျော်ရှိနေပြီ ဖြစ်သည်။
ဤသို့ စိတ်ဝိညာဉ်အင်အား တိုးတက်လာမှုကြောင့် သူသည် စုစုပေါင်း ခန္ဓာကိုယ်ပွား ၇၂ ခုအထိ ခေါ်ယူနိုင်ကြောင်း ကျောက်ဖေး ရှာဖွေတွေ့ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်၏ အာရုံခံနိုင်စွမ်း အတိုင်းအတာသည်လည်း ကျယ်ပြန့်လာပြီး ခေါ်ယူနိုင်သည့် အကွာအဝေးမှာ မီတာ ၇၂၀ ခန့်အထိ ရောက်ရှိသွားခဲ့သည်။
ကျင့်ကြံခြင်းအခြေခံ တည်ဆောက်မှုသည် အင်မော်တယ်လမ်းစဉ်၏ အစပျိုးခြင်းပင် ဖြစ်သည်။
အခြေခံအုတ်မြစ် ချခြင်းသည် ထိုတည်ဆောက်မှု ဖြစ်စဉ်၏ အစပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကျောက်ဖေးသည် သူ၏ အန္တိမပန်းတိုင်ဆီသို့ သေးငယ်သော်လည်း အလွန်အရေးကြီးသော ခြေလှမ်းတစ်လှမ်းကို နောက်ဆုံးတွင် လှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ကျောက်ဖေးသည် သူ၏ ခန္ဓာကိုယ်ပွားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဂူ၏ ဘေးတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
ကျန်းရှောင်ဟွာသည် ယင်စွမ်းအင်များကို ရှူသွင်းရှူထုတ်ရင်း သူမ၏ ကျင့်ကြံခြင်းအပေါ် ဆက်လက် အာရုံစိုက်နေဆဲ ဖြစ်သည်။
လွန်ခဲ့သော ခုနစ်ရက်နှင့် နှိုင်းယှဉ်ပါက ကျန်းရှောင်ဟွာ၏ ဝိညာဉ်သည် သိသိသာသာ ပိုမိုခိုင်မာလာပြီး စိတ်ကူးယဉ် ထင်ယောင်ထင်မှား ဖြစ်ရပ်တစ်ခုလို မဟုတ်တော့ပေ။
ကျန်းရှောင်ဟွာ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်၍ အခြားတစ်ဖက်ရှိ မြင်ကွင်းကို မြင်နိုင်ရန် မဖြစ်နိုင်တော့ချေ။
"မဆိုးဘူးပဲ... ကျန်းရှောင်ဟွာက သရဲခန္ဓာကိုယ် ဖွဲ့စည်းဖို့ နီးစပ်နေပြီ ထင်တယ်"
ကျောက်ဖေး စိတ်သက်သာရာရသွားသည်။
သာမန်လူအများစုအတွက်မူ လွင့်မျောနေသော ဝိညာဉ်နှင့်သရဲအကြားတွင် ကွာခြားမှုမရှိလှဘဲ သို့မဟုတ် တစ်ခုတည်းကိုပင် အမည်ကွဲ ခေါ်ဆိုကြခြင်း ဖြစ်သည်။
သို့သော်လည်း အမှန်တကယ်တွင် ထိုနှစ်ခုကြား၌ ကြီးမားသော ကွာခြားချက် ရှိနေသည်။
လူတစ်ယောက် သေဆုံးခါစတွင် ၎င်းတို့၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားတတ်သည်။ ထိုအချိန်တွင် ထိုဝိညာဉ်ကို "လွင့်မျောနေသော ဝိညာဉ်" ဟု ခေါ်ဆိုပြီး ၎င်းတွင် သက်စောင့်အားအစအန အနည်းငယ် ကျန်ရှိနေသေးသည်။
ဤသက်စောင့်အားသည် များသောအားဖြင့် ခုနစ်ရက်ခန့်အကြာတွင် ကွယ်ပျောက်သွားတတ်ပြီး သက်စောင့်အား ဆုံးရှုံးသွားသော ဝိညာဉ်သည် သရဲတစ်ကောင် ဖြစ်လာလိမ့်မည်။
နာကျည်း ဝိညာဉ်များသည် ငရဲပြည် တွင်သာ ရှင်သန်နိုင်သည်။
အကယ်၍ ဝိညာဉ်တစ်ခုသည် လူ့ပြည်လောကတွင် အချိန်အတော်ကြာ လွင့်မျောနေပါက ၎င်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ၎င်း၏ အသိဉာဏ်ကို ဆုံးရှုံးသွားလိမ့်မည်။
အသက်ရှင်နေသောလူက ငရဲပြည်မှာ မရှင်သန်နိုင်သလိုပင်
ဝိညာဉ်တစ်ခုသည် သရဲခန္ဓာကိုယ်အဖြစ် ပေါင်းစုကာ သရဲတစ်ကောင် ဖြစ်မလာပါက၊ ၎င်းသည် လူ့လောကတွင် အခြေခံ ရှင်သန်နိုင်စွမ်းသာ ရှိနိုင်ပြီး အနည်းဆုံးတော့ ငရဲပြည်ရှိ ၎င်း၏ သက်တမ်းမကုန်ဆုံးမီ အလိုအလျောက် ပျောက်ကွယ်သွားခြင်းမျိုး ရှိမည်မဟုတ်ပေ။
သာမန်အခြေအနေမျိုးတွင် ဝိညာဉ်တစ်ခုသည် သရဲတစ်ကောင်အဖြစ် ပြောင်းလဲနိုင်ခွင့်ရရန် ဆယ်စုနှစ်တစ်ခုကျော် သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာပင် ကြာမြင့်နိုင်သည်။
သို့သော်လည်း အလွန်အမင်း ယင်စွမ်းအင် ပြင်းထန်သောနေရာမျိုးနှင့် ကြုံတွေ့ရခြင်းကဲ့သို့သော အခွင့်အရေးမျိုး မရှိပါက၊ ယင်
ဝိညာဉ်အများစုသည် ထိုမျှလောက် ရှည်လျားသော အချိန်အထိ မရှင်သန်နိုင်ကြချေ။
နတ်ဆရာမ မာမွေးမြူထားသော ဝိညာဉ်ကလေးငယ်သည် သူမ၏ ဂရုတစိုက် ပြုစုပျိုးထောင်မှုအောက်တွင် ဝိညာဉ်တစ်ခုမှ သရဲလေးတစ်ကောင်အဖြစ် ပြောင်းလဲရန် ခုနစ်နှစ်ကျော် အချိန်ယူခဲ့ရသည်။
ယင်ကလေးငယ်များကို မွေးမြူခြင်းနှင့် ပတ်သက်၍ မာရှန်းကုသည် ကျောက်ဖေးထက် အဆပေါင်းများစွာ နိမ့်ကျသည်မှာ ထင်ရှားသည်။
ပထမအချက်အနေဖြင့် အနှစ်သာရသွေး ဖြစ်သည်။ ကျောက်ဖေးသည် ယခုအခါ ဂုဏ်သိက္ခာရှိသော သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ဆဋ္ဌမအဆင့်သို့ ရောက်ရန်လည်း မဝေးတော့ပေ။
ထို့အပြင် ကျောက်ဖေးသည် ယခုအခါ မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်ကို စတင်နေပြီ ဖြစ်သည်။
သူသည် ကျင့်ကြံခြင်းအခြေခံ တည်ဆောက်မှု၏ ပထမအဆင့်ကိုသာ ပြီးမြောက်သေးသော်လည်း၊ သူ၏ အနှစ်သာရသွေးတွင် ဝိညာဉ်ရေးရာ စွမ်းအင်အချို့ ပါဝင်နေပြီ ဖြစ်သည်။
ကျောက်ဖေး၏ အင်အားက ဆက်လက်တိုးတက်လာပြီး သူ၏ သက်စောင့်ဓာတ် ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ၊ သူ၏ အနှစ်သာရသွေးသည်လည်း ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ မာရှန်းကုသည် အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်နေသော မိန်းမအိုတစ်ဦးမျှသာ ဖြစ်ကာ သိုင်းပညာရှင်ပင် မဟုတ်သော သာမန်လူတစ်ဦး ဖြစ်သည်။
ဤရင်းမြစ်နှစ်ခုမှ ထွက်ပေါ်လာသော အနှစ်သာရသွေး၏ အရည်အသွေးသည် သဘာဝကျကျပင် အလွန် ကွာခြားလှသည်။
ထို့အပြင် မာရှန်းကုသည် ယင်ကလေးငယ်ကို ကျွေးမွေးသည့်တိုင် နွား သို့မဟုတ် သိုးကဲ့သို့သော တိရစ္ဆာန်များ၏ သွေးကိုသာ အများဆုံး အသုံးပြုခဲ့ပြီး၊ သူမ၏ ကိုယ်ပိုင်အနှစ်သာရသွေးကိုမူ မည်သည့်အခါမျှ အကုန်အကျခံရန် ဆန္ဒမရှိခဲ့ပေ။
ဘာပဲဖြစ်ဖြစ် မာရှန်းကုက နောက်ထပ် နှစ်အနည်းငယ်လောက် ပိုအသက်ရှည်ချင်သေး၏
သို့သော် ကျောက်ဖေးကမူ မတူညီချေ။ သူသည် ယင်ကလေးငယ်ကို အကောင်းဆုံးသော အနှစ်သာရသွေး—နှလုံးသွေးဖြင့် ကျွေးမွေးခဲ့သည်။
၎င်းကို ကျန်းရှောင်ဟွာထံ အဆက်မပြတ် ပံ့ပိုးပေးခဲ့သော်လည်း ကျန်းရှောင်ဟွာ၏ အစာစားလိုစိတ်က အလွန်သေးငယ်လွန်းသဖြင့် အများကြီး မစားနိုင်ခဲ့ပေ။
အထက်ပါ အကြောင်းပြချက်များအပြင်
ကျန်းရှောင်ဟွာသည် ယခုအခါ လျိုယွင်ထံမှ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို သင်ယူခွင့်ရရှိထားပြီးဖြစ်ရာ သူမ၏ ကိုယ်ပိုင်အဆင့်ကို ပိုမိုတက်ကြွစွာ မြှင့်တင်နိုင်နေပြီ ဖြစ်သည်။
ဤအကြောင်းရင်းအားလုံးကြောင့် ကျန်းရှောင်ဟွာ၏ ကြီးထွားနှုန်းသည် သဘာဝကျကျပင် အလွန် လျင်မြန်ခဲ့ရသည်။
ယခုအချိန်အထိဆိုလျှင် တစ်လခွဲကျော်ရုံသာ ရှိသေးသည်။
ကျန်းရှောင်ဟွာသည် သရဲခန္ဓာကိုယ် ဖွဲ့စည်းနိုင်ရန် အလွန်နီးစပ်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောက်ဖေးသည် ထရပ်လိုက်ပြီး ဂူ၏ ထောင့်တစ်နေရာသို့ လျှောက်သွားခဲ့သည်။
သူသည် သူ၏ ဓားမြှောင်တိုကို အသုံးပြု၍ မြေပြင်ပေါ်တွင် ကျင်းငယ်တစ်ခု တူးကာ ယင်ကလေးငယ် ရုပ်ထုကို အထဲတွင် မြှုပ်နှံလိုက်သည်။
ထို့နောက် ကျောက်ဖေးသည် သူ၏ ခန္ဓာကိုယ်ပွားကို ခေါ်ယူလိုက်ပြီး ကျန်းရှောင်ဟွာကို ၎င်း၏ နှလုံးသွေးဖြင့် ဝလင်စွာ စားသုံးခွင့်ပေးလိုက်သည်။
ပြီးနောက် မူလက ဆေးလုံးများ ထည့်ထားသော ကြွေပုလင်းကို ထုတ်ယူကာ သူ၏ နှလုံးသွေးဖြင့် ဖြည့်လိုက်ပြီး ယင်ကလေးငယ် ရုပ်ထုအနီးတွင် မြှုပ်နှံပေးလိုက်သည်။
ဤမျှလောက် ပင်ပန်းကြီးစွာ အားထုတ်မှုသည် ကျန်းရှောင်ဟွာကို ဆယ်ရက်ခန့် ကျွေးမွေးရန် လုံလောက်ပေသည်။
နှလုံးသွေး ကုန်ခမ်းသွားပါက ခန္ဓာကိုယ်ပွားတစ်ခုကို စေလွှတ်လိုက်ရုံသာ။
"ကျန်းရှောင်ဟွာ... မင်း ဒီမှာပဲနေပြီး သရဲခန္ဓာကိုယ်ကို တတ်နိုင်သမျှ အမြန်ဆုံး အောင်မြင်အောင် မင်းရဲ့ ကျင့်ကြံခြင်းအပေါ် ဆက်ပြီး အာရုံစိုက်နေပါ"
ကျောက်ဖေးအမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
ကျန်းရှောင်ဟွာက ပြန်လည်ဖြေကြားသည်။
ဇောက်ဖေးသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကောင်းပြီ... ယခင်ကနှင့် နှိုင်းယှဉ်ပါက ကျန်းရှောင်ဟွာသည် အမိန့်ကို မျက်ကန်းလိုက်နာရုံတင် မဟုတ်တော့ဘဲ၊ ယခုအခါ သူ့ကို မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို သိရှိလာပြီ ဖြစ်သည်။
ဤနေရာသည် တောနက်နှင့် တောင်နက်ပိုင်းထဲတွင် တည်ရှိပြီး တစ်ခါတစ်ရံတွင် မကောင်းဆိုးဝါး ဝိညာဉ်အချို့ကို ဆွဲဆောင်မိတတ်သည်မှလွဲ၍ မည်သူမျှ ဤနေရာသို့ လာရောက်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
ထို့အပြင် ဤနေရာသည် ရွှမ်ယွင်ကျောင်းတော်၏ နယ်မြေအတွင်း၌ တည်ရှိသည်။
အမှန်အတိုင်းပြောရလျှင် မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားပြီး တစ်စုံတစ်ယောက်က ဤနေရာသို့ အမှတ်မထင် ဝင်ရောက်လာကာ၊ ယင်ကလေးငယ်ရုပ်ထုကို မတော်တဆ ရှာဖွေတွေ့ရှိပြီး တူးဖော်ယူဆောင်သွားခဲ့လျှင်ပင်...
ကျောက်ဖေးအတွက်မူ အမှန်တကယ် ဆုံးရှုံးမှုသည် ကြီးမားလှမည် မဟုတ်ပေ။
အနည်းငယ် နှမြောစရာကောင်းရုံမျှသာ ဖြစ်လိမ့်မည်။
ဤယင်ကလေးငယ်သည် အင်အားမကြီးထွားသေးဘဲ သူ့ကို အကူအညီများစွာ မပေးနိုင်သေးသော်လည်း၊ သူသည် ၎င်းကို ပြုစုပျိုးထောင်ရန် အားထုတ်မှုအချို့ကို ပြုလုပ်ခဲ့ရသည် မဟုတ်ပါလော
မည်သို့ပင်ဖြစ်စေ ကြောင် သို့မဟုတ် ခွေးတစ်ကောင်ကို အချိန်အတော်ကြာ မွေးမြူပြီးနောက်တွင်ပင် သံယောဇဉ်အချို့ ရှိလာတတ်သည် ဖြစ်သည်။
အခြေခံအုတ်မြစ် ချခြင်း ပြီးဆုံးသွားပြီဖြစ်လို့၊ နောက်တစ်ဆင့်ကတော့ ကျင့်ကြံခြင်းအခြေခံ တည်ဆောက်မှု၏ ဒုတိယအဆင့်ဖြစ်သော အခြေခံအုတ်မြစ် ပြုစုပျိုးထောင်ခြင်းပဲ ဖြစ်သည်။
ကျောက်ဖေးသည် ဂူထဲမှ ထွက်လာစဉ် ရုတ်တရက် အတွေးသစ်တစ်ခု ခေါင်းထဲသို့ ဝင်လာသည်။
အခြေခံအုတ်မြစ်ချသည့် အဆင့်သည် ခန္ဓာကိုယ်အတွင်း၌ ယင်ယန်အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် အဓိက လိုအပ်သဖြင့်၊ ခန္ဓာကိုယ်ပွားများသည် သဘာဝကျကျပင် များစွာ မကူညီနိုင်ခဲ့ပေ။
သို့သော်လည်း အခြေခံအုတ်မြစ် ပြုစုပျိုးထောင်သည့် အဆင့်သည်ကား ကွာခြားသည်။
၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ ယင်နှင့်ယန် စွမ်းအင်များကို စုပ်ယူရန် လိုအပ်သည်။
ယခင်က သူသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို ကျင့်ကြံစဉ်တုန်းက သူ့ခန္ဓာကိုယ်ပွါးများသည် ဓာတ်ကြီးငါးပါး၏ ဝိညာဉ်စွမ်းအင်များကို သူ၏ ပင်မခန္ဓာကိုယ်ဆီ လွှဲပြောင်းပေးခဲ့ကြသည်။ အခုလည်း ယင်နဲ့ယန် စွမ်းအင်တွေကို အဲဒီလိုမျိုး လုပ်လို့ရနိုင်မလား။
မည်သို့ပင်ဖြစ်စေ သီအိုရီအရတော့ သူနှင့်သူ့၏ ခန္ဓာကိုယ်ပွါးများသည် အရင်းအမြစ်တစ်ခုတည်းက လာတာဖြစ်ပြီး ခန္ဓာကိုယ်ပွားက သန့်စင်လိုက်ေသာ ဝိညာဉ်စွမ်းအင်သည်လည်း သူ့၏ ပင်မခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားနိုင်၏
ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျောက်ဖေးသည် စမ်းသပ်ကြည့်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
စမ်းသပ်မှု ကျရှုံးခဲ့လျှင်ပင် အလွန်ဆုံးရှိမှ စိတ်ပျက်ရုံသာရှိမည်ဖြစ်ပြီး သူ ဘာမှ ဆုံးရှုံးသွားမည် မဟုတ်ပေ။
အတွေးတစ်ခုနှင့်အတူ ကျောက်ဖေးသည် ခန္ဓာကိုယ်ပွား ၅၀ ကျော်ကို ချက်ချင်း ခေါ်ယူလိုက်သည်။
ဘာတစ်ခွန်းမှ မပြောဘဲ ခန္ဓာကိုယ်ပွားများသည် အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးနားရှိ တောနက်ထဲသို့ ပျောက်
ကွယ်သွားခဲ့ကြသည်။
နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသောအခါ ကျောက်ဖေးသည် လှေကားထစ်များကို နင်းဖြတ်လျက် တာအိုကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လျူယွင်သည် ခြံဝင်းထဲတွင် ကြိုးကြာငှက်များကို အစာကျွေးနေသည်။
ထူးခြားချက်တစ်ခုအနေဖြင့် ကျန်းမင်ပေါ် သည် မနေ့ကတင် ရွှမ်ယွင်ကျောင်းတော်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ငါတို့ နောက်တစ်ကြိမ် ဘယ်တော့ပြန်ဆုံမလဲ မသိဘူး။
အမှန်တော့ ကျန်းမင်ပေါ်သည် သူ၏ သူငယ်ချင်းတစ်ဦးနှင့် ချိန်းဆိုမှု ရှိထားသောကြောင့် ရွှမ်ယွင်ကျောင်းတော်မှ ထွက်ခွာရန် စီစဉ်ထားပြီးသား ဖြစ်သည်။ ကျောက်ဖေးကြောင့်သာ ရွှမ်ယွင်ကျောင်းတော်တွင် နောက်ထပ် ရက်အနည်းငယ် ပိုနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျောက်ဖေး၏ ယင်နှင့်ယန် စွမ်းအင်များသည် အခြေခံအားဖြင့် ပြည့်စုံသွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် ကျန်းမင်ပေါ်သည် မည်သည့် နောင်တမှမရှိဘဲ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပေသည်။
အခန်း ၁၁၄ တိုင်ယင်အနှစ်သာရ
ခြံဝင်းတံခါးဝဆီမှ ခြေသံအချို့ ထွက်ပေါ်လာသည်။
တာအိုရဟန်းသည် ခေါင်းပင်လှည့်မကြည့်ဘဲ ရွှေချည်မျှင်တစ်ပင်ကို မြှားကဲ့သို့ လွှတ်လိုက်ရာ ကျောက်ဖေး၏ လက်ကောက်ဝတ်ဆီသို့ တိကျစွာ ရစ်ပတ်မိသွားသည်။
ထိုရွှေချည်မျှင်သည် ရုတ်တရက် တင်းခနဲဖြစ်သွားပြီး စောင်းကြိုးတစ်ပင်ကဲ့သို့ တုန်ခါသံ မြည်ဟည်းသွား၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်စွမ်းအင်တစ်ခုသည် ရွှေချည်မျှင်တစ်လျှောက် စီးဆင်းသွားပြီး ကျောက်ဖေး၏ ခန္ဓာကိုယ်အတွင်းပိုင်းကို လှည့်ပတ်စစ်ဆေးတော့သည်။
ဤသည်ကား ရှေးဟောင်းအစဉ်အလာရှိပြီး အလွန်နက်ရှိုင်းလှသည့် ရွှေချည်မျှင် သွေးခုန်နှုန်းစမ်းသပ်ခြင်ဟူသော ဆေးပညာအတတ်ဖြစ်ပြီး လျိုယွင်သည် ၎င်းကို အထွတ်အထိပ်အဆင့်ထိ တတ်မြောက်ထားခြင်းဖြစ်သည်။
သာမန်လူသားများနှင့် နှိုင်းယှဉ်လျှင် တာအိုကျင့်ကြံသူများသည် သက်တမ်းပိုမိုရှည်ကြာတတ်ကြသည်။
ထို့ကြောင့် နေ့စဉ်ကျင့်စဉ်များ ပြီးဆုံး၍ အားလပ်ချိန်များတွင် အခြားသော ဝါသနာများကို လေ့လာလိုက်စားလေ့ရှိကြ၏။
သို့မဟုတ်ပါက ကုန်လွန်ရမည့် နှစ်ကာလရှည်ကြီးသည် အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေလိမ့်မည်။
"ကောင်းတယ်။"
လျိုယွင်သည် ရွှေချည်မျှင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ချီးကျူးဂုဏ်ယူရိပ်များ ဖြတ်ပြေးသွားသည်— "ငါးပါးဓာတ် ဝိညာဉ်ခန္ဓာဆိုတာ တကယ်ကို ထိုက်တန်တာပဲ။ အခြေခံအုတ်မြစ်ချခြင်းကို ခုနစ်ရက်အတွင်းမှာတင် အောင်မြင်ပြီးမြောက်ခဲ့တယ်၊ ဒါက ငါခန့်မှန်းထားတာထက် တစ်ရက်တောင် စောနေသေးတယ်။"
"အခု အခြေခံအုတ်မြစ် တည်ဆောက်ပြီးပြီဆိုတော့ မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းရဲ့ အခက်ခဲဆုံး အဆင့်
တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီ။"
ကျောက်ဖေးက ကျေးဇူးတင်ရှိစွာဖြင့် “ ဒါက ဆရာနဲ့ တတိယဦးလေးတို့ ပေးသနားခဲ့တဲ့ ရတနာတွေကြောင့်သာ မဟုတ်ရင် တပည့် ဒီလောက်လွယ်လွယ်ကူကူ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး" ဟု ဆိုလိုက်သည်။
သူ၏ အခြေခံအုတ်မြစ်ချခြင်း လုပ်ငန်းစဉ်အတွင်းတွင် လျိုယွင်ပေးအပ်ခဲ့သော နေနီအနှစ်သာရကျောက်တုံးနှင့် ကျန်းမင်ပေါ် ပေးအပ်ခဲ့သော ဝိညာဉ်မြေဆီလွှာတို့သည် များစွာ အထောက်အကူပြုခဲ့သည်။
သို့မဟုတ်ပါက သူသည် အကြိမ်အနည်းငယ်မျှ ကျရှုံးလိမ့်မည်ဟု ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
လျိုယွင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း"ဟဲဟဲ၊ ပြင်ပပစ္စည်းတွေက အထောက်အကူပြုတာ မှန်ပေမဲ့ အဓိကအကျဆုံးက မင်းရဲ့ မြင့်မားတဲ့ နားလည်သဘောပေါက်မှု ဉာဏ်ပညာပဲ။ မဟုတ်ရင် တခြားလူဆိုရင် ဒီလောက်လွယ်လွယ်နဲ့ အောင်မြင်ချင်မှ အောင်မြင်မှာ" ဟု ဆိုသည်။
တာအိုရဟန်း ပြောသည်က မှန်ပေသည်။
လူတစ်ယောက်၏ ပါရမီ အထူးသဖြင့် နားလည်သဘောပေါက်နိုင်စွမ်းဆိုသည်မှာ ပါရမီရှင် တစ်ယောက်နှင့် သာမန်လူကို ကွဲပြားစေသည့် အဓိကသော့ချက်ဖြစ်သည်။
ဤသည်ကား မည်မျှပင် ရှားပါးဆန်းပြားသော ရတနာပစ္စည်းများဖြင့် ဖြစ်စေ ဖြည့်ဆည်း၍မရနိုင်သော ကွာဟချက်ကြီး ဖြစ်ပေသည်။
လျိုယွင်သည် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
မိုးချုပ်လုနီးပြီဖြစ်၍ နေမင်းသည် အနောက်ဘက် တောင်တန်းများဆီသို့ စောင်းနေပြီဖြစ်သည်။
လျိုယွင်က "မင်း အခြေခံအုတ်မြစ်ချတာ ပြီးပြီဆိုတော့ အခြေခံအုတ်မြစ် ပျိုးထောင်တဲ့အဆင့်ကို တက်လှမ်းလို့ရပြီ။ အချိန်တွက်ချက်ကြည့်ရရင် ယင်နဲ့ ယန် စွမ်းအင်နှစ်ရပ် ဆုံစည်းဖို့ မိနစ်သုံးဆယ်လောက်ပဲ လိုတော့တယ်" ဟု ဆိုသည်။
ယင်-ယန် ဝိညာဉ်တည်ဆောက်ခြင်းနည်းလမ်းအရ အခြေခံအုတ်မြစ် ပျိုးထောင်သည့် အဆင့်တွင် ကျင့်ကြံသူများသည် လောကဓာတ်အတွင်း ယင်နှင့်ယန်စွမ်းအင် ဓာတ်ပြုဆုံစည်းသည့် အချိန်မှ မွေးရာပါ စွမ်းအင်ကို စုပ်ယူရသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် တစ်နေ့တာတွင် ထိုသို့သော အချိန်ကာလ နှစ်ခုသာ ရှိသည်။
ပထမတစ်ခုသည် နေဝင်ရီတရောအချိန် ဖြစ်ပြီး ယန်စွမ်းအင် ကုန်ဆုံး၍ ယင်စွမ်းအင် စတင်ထွက်ပေါ်လာချိန်ဖြစ်ရာ ယင်းအနှစ်သာရကို စုပ်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။
နောက်ထပ်အချိန်တစ်ခုသည် အရုဏ်တက်ချိန်ဖြစ်ပြီး၊ ယင်စွမ်းအင် ကုန်ဆုံး၍ ယန်စွမ်းအင် စတင်ထွက်ပေါ်လာချိန်ဖြစ်ရာ နေမင်းအနှစ်သာရကို စုပ်ယူနိုင်သည့် အချိန်ဖြစ်သည်။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက်...
ကျောက်ဖေးသည် တိတ်ဆိတ်သော အခန်းငယ်လေးအတွင်းရှိ ဖျာကတ္တီပါထိုင်ခုံပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
သူသည် ကျင့်စဉ်ကို တိတ်တဆိတ် လည်ပတ်လိုက်သည်နှင့် လောကဓာတ်အတွင်းမှ အေးမြလှသော ဝိညာဉ်စွမ်းအင်တစ်
မျှင်သည် သူ၏ ပိုင်ဟွေ့ အမှတ်ပွိုင့်အမှတ်ဆီသို့ လျင်မြန်စွာ စီးဝင်လာတော့သည်။
ထိုခံစားချက်သည် ဆောင်းတွင်းအလယ်ခေါင်တွင် ရေခဲရေကို သောက်လိုက်ရသကဲ့သို့ ဖြစ်ပြီး သူ၏ သွေးကြောမျှင်များကို အနည်းငယ် နာကျင်ကိုက်ခဲသွားစေသည်။
အထူးသဖြင့် ထိုအေးမြလှသော ဝိညာဉ်စွမ်းအင်သည် သူ၏ စွမ်းအင်စုရပ်ဆီသို့ စီးဆင်းသွားသောအခါ ကျောက်ဖေး၏ စွမ်းအင်စုရပ်တစ်ခုလုံး အေးခဲသွားတော့မလို ခံစားလိုက်ရ၏။
"စိတ်ကို တည်ငြိမ်အောင်ထား၊ အာရုံကို တစ်နေရာတည်းမှာ စုစည်းထားပါ၊ စိတ်မလေစေနဲ့..."
လျိုယွင်၏ နွေးထွေးတည်ငြိမ်သော အသံသည် သူ၏နားထဲသို့ တိုးဝင်လာသည်။
ကျောက်ဖေးသည် စိတ်ကို ပြန်လည်အခြေချကာ ထိုအအေးဒဏ်ကို အသံတိတ် အောင့်အည်းသည်းခံလိုက်၏။
အခြေခံအုတ်မြစ် မပျိုးထောင်မီ အခြေခံအုတ်မြစ်ကို အရင်ချပြီး ခန္ဓာကိုယ်အတွင်း ယင်နှင့်ယန် စွမ်းအင်များကို အသေအချာ တည်ဆောက်ထားရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
သို့မဟုတ်ပါက မည်သည့်အခြေခံမျှမရှိဘဲ ဤယင်းအနှစ်သာရ တစ်မျှင်တည်းနှင့်တင် လူကို အသက်ပျောက်သွားစေနိုင်သည်။
ယင်းအနှစ်သာရကို ဆက်လက်သန့်စင် ကျင့်ကြံနေစဉ်အတွင်း စွမ်းအင်စုရပ်ထဲရှိ ယင်-ယန် ငါးနှစ်ကောင်ထဲမှ အနက်ရောင် ယင်ငါးသည် အနည်းငယ် ပိုမိုထင်ရှားပီပြင်လာခဲ့သည်။
မိနစ်သုံးဆယ်ပင် မပြည့်သေးမီမှာပင်
လောကဓာတ်အတွင်းရှိ ယင်းအနှစ်သာရများသည် လုံးဝကွယ်ပျောက်သွားပြီး ယင်နှင့်ယန်စွမ်းအင်များ ရောနှောကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
နောက်ထပ် မိနစ်သုံးဆယ်ခန့် ကြာပြီးနောက်တွင်မူ
ကျောက်ဖေးသည် သူ၏ခန္ဓာကိုယ်ထဲရှိ နောက်ဆုံး ယင်းအနှစ်သာရ အကြွင်းအကျန်ကိုပါ စွမ်းအင်စုရပ်ထဲသို့ အောင်မြင်စွာ ဆွဲသွင်းနိုင်ခဲ့သည်။
အနက်ရောင် ယင်ငါးသည် ယင်းအနှစ်သာရကို လောဘတကြီး ဝါးမြိုကာ ဆက်တိုက် သန့်စင်နေတော့သည်။
စွမ်းအင်စုရပ်ထဲတွင် တိတ်ဆိတ်စွာ ရှိနေခဲ့သော ယင်-ယန် သင်္ကေတသည် ယခင်က အသက်မဲ့အရာတစ်ခုကဲ့သို့ ရှိခဲ့ရာမှ
ယခုအခါတွင်မူ ရွေ့လျားနိုင်စွမ်း ရရှိသွားသည့်အလား နှေးကွေးစွာ စတင်လည်ပတ်လာခဲ့သည်။
သို့သော် ထိုလည်ပတ်မှု အရှိန်မှာ မျက်စိဖြင့် မသိသာနိုင်လောက်အောင်ပင် နှေးကွေးလှ၏။
ကျောက်ဖေး မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏စိတ်သည် စိတ်ကူးအာရုံနယ်ပယ်မှ ပြန်လည်နိုးထလာသည်။
မိမိ၏ ခန္ဓာကိုယ်အခြေအနေကို ခံစားကြည့်လိုက်မိသောအခါ ကျောက်ဖေး တစ်ကိုယ်လုံး တုန်ခါသွားရ၏။
စွမ်းအင်စုရပ်ထဲရှိ ယင်းအနှစ်သာရကို အပြည့်အဝ မသန့်စင်ရသေးသဖြင့် စွမ်းအင်စုရပ်နှင့် နီးကပ်လေလေ ခန္ဓာကိုယ်အတွင်းပိုင်းက ပိုမိုအေးစိမ့်လာလေလေ ဖြစ်သည်။
ယခုအချိန်သည် ဇူလိုင်လကုန်ပိုင်းဖြစ်၍ အပြင်ဘက်တွင် ရာသီဥတုက အလွန်ပူပြင်းနေသော်လည်း
ကျောက်ဖေးမှာမူ သူ၏ခန္ဓာကိုယ်ထဲတွင် ရေခဲတုံးကြီးတစ်တုံး ရှိနေသကဲ့သို့ ခံစားနေရသည်။
"မဆိုးဘူး၊ ငါမျှော်လင့်ထားတာထက်တောင် ပိုအဆင်ပြေချောမွေ့ခဲ့တယ်။ မနက်ဖြန် အရုဏ်တက်ချိန်ကျရင် နေမင်းအနှစ်သာရကို ဆက်ပြီးစုပ်ယူရမယ်။ ခန္ဓာကိုယ်ထဲက ယင်နဲ့ယန် စွမ်းအင် ညီမျှမှုကို ထိန်းသိမ်းဖို့အတွက် ဒါကို နေ့တိုင်းမပြတ်မကွက် လုပ်ရမယ်။"
"ခန္ဓာကိုယ်ထဲက ယင်နဲ့ယန်စွမ်းအင်တွေက အလိုအလျောက် အပြန်အလှန် လည်ပတ်မွေးဖွားပေးနိုင်တဲ့ အခြေအနေကို ရောက်တဲ့အခါကျရင် မင်းက အခြေခံအုတ်မြစ် ပျိုးထောင်ခြင်းရဲ့ အထွတ်အထိပ်ကို ရောက်ပြီလို့ ပြောလို့ရတယ်"
လျိုယွင်က အေးအေးလူလူ ပြောလိုက်ရင်း သူ၏ မျက်ဝန်းများထဲတွင် ချီးကျူးရိပ်များ ပြည့်နှက်နေသည်။
ဤကလေးငယ်သည် ပါရမီထူးခြားလှရုံသာမက ငါးပါးဓာတ် ဝိညာဉ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသည်... အမှန်တကယ်တော့ သူ၏ပါရမီသည် အလွန်ပင် ထူးခြားလှပေသည်။
ထို့ထက် ပိုအရေးကြီးသည်မှာ ကျောက်ဖေးသည် သင်ယူမှုမြန်ဆန်ခြင်း ဖြစ်သည်။
အရာရာကို သင်ပေးလိုက်သည်နှင့် ချက်ချင်းနားလည်ပြီး တစ်ခါတစ်ရံတွင် မည်သည့်လမ်းညွှန်ချက်မျှ မရှိဘဲ မိမိဘာသာပင် သဘောပေါက်နားလည်နိုင်စွမ်း ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လျိုယွင်သည် ကျောက်ဖေး၏ မြင့်မားလှသော ဉာဏ်ပညာကြောင့် အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရဖူးသည်။
ယခုအကြိမ်သည်လည်း ချွင်းချက်မဟုတ်ပေ။
အမှန်အတိုင်းပြောရလျှင် ကျောက်ဖေးနှင့် မဆုံတွေ့မီက လျိုယွင်သည် သူ၏ တပည့် ခြောက်ယောက်ထဲတွင် ပါရမီရှင်များ မရှိဟု မမှတ်ယူခဲ့ဖူးချေ။
အထူးသဖြင့် သူ၏ အကြီးဆုံးတပည့်ဖြစ်သူ ကျိုးယွင်ရှန်းကို သူ၏ ဆက်ခံသူအဖြစ် သတ်မှတ်ထားခဲ့သည်။
သို့သော် ကျောက်ဖေးနှင့် နှိုင်းယှဉ်လိုက်လျှင်မူ ထိုတပည့်ခြောက်ယောက်စလုံးသည် ထုံအဖျင်းအအုများကဲ့သို့ ဖြစ်သွားရလေသည်။
ဒင်... ဒင်... ဒင်...
အပြင်ဘက်မှ ကြေးခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ဤသည်ကား ညစာစားရန် အချက်ပေးသံ ဖြစ်ပေသည်။
ရွှမ်ယွင်ကျောင်းတော်တွင် လူဦးရေ အလွန်နည်းပါးလှသည်။
ဆရာနှင့် တပည့်များ၊ ယခုအခါ ကျောက်ဖေးပါအဝင် စုစုပေါင်း ခုနစ်ယောက်သာ ရှိသည်။
ထို့အပြင် ကျောင်းတော်တွင် မည်သည့်အစေခံမျှ မရှိသဖြင့် အရာရာကို ကိုယ်တိုင်လုပ်ဆောင်ကြရသည်။
ချက်ပြုတ်ခြင်းကိုပင် တပည့်များက တစ်လှည့်စီ တာဝန်ယူကြရ၏။
ထိုအထဲတွင် ဒုတိယအစ်မကြီးသည် အမျိုးသမီးတစ်ဦးဖြစ်သည့်အလျောက် လက်ရာအကောင်းဆုံး ဖြစ်သည်။
သို့သော် သူမသည် ထိုငါးယောက်ထဲတွင်သာ အကောင်းဆုံးဖြစ်ပြီး၊ ကျောက်ဖေး၏ အကဲဖြတ်ချက်အရမူ သူမ၏လက်ရာသည် သာမန်မိသားစုတစ်ခု၏ အဆင့်အတန်းမျှသာ ရှိသည်။
ဤတာအိုပညာရှင်များသည် ပုံမှန်အားဖြင့် အားလပ်ချိန်များစွာ ရှိကြပြီး တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်သုတေသန ဝါသနာများ ရှိကြသော်လည်း မည်သူမျှ ချက်ပြုတ်ရေးအတတ်ပညာကို လေ့လာလိုက်စားထားခြင်း မရှိကြပေ။
ယနေ့တွင်မူ ပဉ္စမမြောက်တပည့် ဖြစ်သူ ချန်ချန်းဖုန်း၏ အလှည့်ဖြစ်သည်။
စားပွဲပေါ်ရှိ ဟင်းသီးဟင်းရွက် ဆန်ပြုတ်အိုးကြီးကို ကြည့်ရင်း ကျောက်ဖေး စိတ်ထဲမှ မချိတင်က သက်ပြင်းချလိုက်မိသည်။
ဆန်ပြုတ်၏ ထက်ဝက်ခန့်မှာ တောင်ပေါ်မှ ခူးဆွတ်လာသော တောဟင်းသီးဟင်းရွက်မျိုးစုံ ဖြစ်ပြီး၊ ဆန်နှင့် ရောနှောကာ ရေဖြင့် ပြုတ်ပြီးနောက် ဆားအနည်းငယ် ခတ်ထားခြင်း ဖြစ်သည်။
ကျောက်ဖေး တစ်ချက်ကြည့်လိုက်ရုံဖြင့် အသွင်အပြင်၊ အနံ့နှင့် အရသာ သုံးပါးစလုံး စံမမီလှသော ဤဆန်ပြုတ်အိုးကြီးကို သူ၏ ပဉ္စမအစ်ကိုကြီး မည်သို့ချက်ပြုတ်ခဲ့သည်ကို ခန့်မှန်းမိလေသည်။
ကံကောင်းသည်မှာ ချန်ချန်းဖုန်၏ ချက်ပြုတ်မှုစွမ်းရည်မှာ စိတ်ပျက်စရာကောင်းလှသော်လည်း သူသည် ခရမ်းရောင်ကျောက်စိမ်း စပျစ်သီးအမြောက်အမြားကို ရှာဖွေစုဆောင်းထားနိုင်ခဲ့သည်။
ယခုအချိန်သည် ဇူလိုင်လကုန်ပိုင်းဖြစ်၍ ခရမ်းရောင်ကျောက်စိမ်းစပျစ်သီးများ မှည့်ဝင်းနေသည့် ရာသီဖြစ်သည်။ ၎င်းတို့သည် ကျောက်ဖေး၏ ယခင်ဘဝက စပျစ်သီးများလောက် မချိုသော်လည်း အသားပြည့်ပြီး အရည်ရွှမ်းလှသည်။
အစ်ကိုကြီး ကျိုးယွင်ရှန်းသည် ကျောက်ဖေးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီး သူ၏မျက်ဝန်းများ ရုတ်တရက် စူးရှသွားပြီးနောက် ပြုံးလျက် "ဂုဏ်ယူပါတယ် သတ္တမမြောက်ညီလေး၊ အခြေခံအုတ်မြစ်ချခြင်းကို အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ၊ အခုကစပြီး မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က လက်တစ်ကမ်းအကွာကို ရောက်ရှိလာပြီ” ဟု ဆိုလိုက်သည်။
ကျောက်ဖေးက ခေါင်းခါလိုက်ရင်း "ကျွန်တော်က ခုမှ စတင်ရုံပဲ ရှိပါသေးတယ်၊ အစ်ကိုတို့ အစ်မတို့နဲ့ ယှဉ်ရင် အဝေးကြီး လိုပါသေးတယ်။ ကျွန်တော့်ကို မလှောင်ပါနဲ့ ခင်ဗျာ" ဟု ဆိုသည်။
စတုတ္ထအစ်ကိုကြီး လီရှိုယီက အံ့သြတုန်လှုပ်သွားပြီး ကျောက်ဖေးကို သေချာကြည့်ကာ "ဟိုး... ခုနစ်ရက်ပဲ ရှိသေးတယ် မဟုတ်လား? တို့ခြောက်ယောက်ထဲမှာ ညီလေးကျောက်ဖေးက အခြေခံအုတ်မြစ်ချတာ အမြန်ဆုံးထင်တယ်နော်?" ဟု ပြောလိုက်သည်။
ဒုတိယအစ်မကြီး လျိုချင်းရွှမ်ကလည်း "မဟုတ်ဘူး၊ ငါမှတ်မိသလောက် အစ်ကိုကြီးတုန်းကလည်း အခြေခံအုတ်မြစ်ချဖို့ ခုနစ်ရက် ကြာခဲ့တာပဲ။ ဒါပေမဲ့ အစ်ကိုကြီးနဲ့ ယှဉ်ရင်တောင် သတ္တမညီလေးရဲ့ ပါရမီက တို့အားလုံးထက် အများကြီး သာလွန်ပါတယ်" ဟု ဆို၏။
ကျိုးယွင်ရှန်းသည် စိတ်ထဲမှ မချိပြုံး ပြုံးလိုက်မိသည်။
အခြားလူများ မသိသော်လည်း သူကတော့ သိသည်။
သူတို့ငါးယောက်စလုံးသည် ငါးပါးဓာတ် အခြေခံအုတ်မြစ်ချခြင်း နည်းလမ်းကို အသုံးပြုကာ အခြေခံအုတ်မြစ်ချခဲ့ကြခြင်း ဖြစ်သော်လည်း ကျောက်ဖေးမှာမူ ထိုအရာထက် များစွာ ပိုမိုခက်ခဲနက်နဲလှသော ယင်-ယန် ဝိညာဉ်တည်ဆောက်ခြင်း နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျိုးယွင်ရှန်းသည် ဆရာဖြစ်သူ၏ မှာကြားချက်ကို သတိရကာ ဤအကြောင်းကို ထုတ်ဖော်မပြောခဲ့ပေ။
ငါးပါးဓာတ် ဝိညာဉ်နည်းစနစ်များကို မကျွမ်းကျင်မီ ယင်-ယန် ဝိညာဉ်ကျင့်စဉ်များကို ဇွတ်မှိတ်ကျင့်ကြံခြင်းသည် လက်တွေ့မကျဘဲ စိတ်ကူးယဉ်ဆန်လွန်းရာ ရလဒ်ကောင်းမည် မဟုတ်ပေ။