← Chapters

ပြန်လည်မွေးဖွားခြင်းတံခါး၊ သက်တမ်းလျော့ကျခြင်း

Vol. 8 Ch. 115

ပြန်လည်မွေးဖွားခြင်းတံခါး၊ သက်တမ်းလျော့ကျခြင်း

Vol. 8 Ch. 115

အခန်း (၁၁၅) ပြန်လည်မွေးဖွားခြင်းတံခါး၊ သက်တမ်းလျော့ကျခြင်း

“မိစ္ဆာသခင်ရဲ့တပည့်လား” တုခူဟာ စုချီကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ် ‘ဒီကောင် သဘောမတူတာ အံဩစရာမရှိတော့ပါဘူး’

စုချီဟာ မျက်မှောင်ကြုတ်သွားပြီး ပဟေဠိဖြစ်သွားပါတယ်။ မိစ္ဆာသခင်က သူ့ကို ကျင့်စဉ်ပေးပြီးတာနဲ့ ထွက်သွားလိုက်တာ တစ်ခါမှ ပြန်မပေါ်လာတော့ပါဘူး။ စုချီက မိစ္ဆာသခင်ကို သေသွားပြီလို့ ယူဆထားတာပါ။

စုချီဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လော့ချင်းမော့ကို ကြည့်လိုက်ပါတယ် “ခင်ဗျားက ကျုပ်ဆီ ဘာကိစ္စနဲ့ လာတာလဲ”

လော့ချင်းမော့က ကျီစယ်ပြုံး ပြုံးလိုက်ပါတယ် “ငါက မင်းကို အခွင့်အရေးပေးမလို့၊ အခွင့်အရေး အကြီးကြီးနော်”

စုချီရဲ့ မျက်လုံးဟာ ဝင်းလဲ့တောက်ပသွားပြီး ကောင်းကျိုးဆိုးကျိုးကို နှိုင်းဆလိုက်ပါတယ်။

တုခူကတော့ မျက်မှောင်ကြုတ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။

“စီနီယာ... ဒီအတောအတွင်းမှာ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” စုချီဟာ တုခူကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။

စုချီဟာ တုခူက လော့ချင်းမော့ကို အရမ်းကြောက်နေတာ သိသာတဲ့အတွက် တုခူကို ခက်ခဲအောင် မလုပ်စေချင်ပါဘူး။

တုခူဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

စုချီဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “စီနီယာက နတ်ဆိုးနိုင်ဂိုဏ်းကိစ္စနဲ့ ပတ်သက်ပြီး စိတ်ရှင်းချင်တယ်ဆိုရင် ရန်ဒေသ ယွီဂျင်ဂိုဏ်းဆီသွားပြီး နှစ်အနည်းငယ်လောက် နေလိုက်ပါ၊ ကျွန်တော်က အဲဒီဂိုဏ်းကထွက်လာပြီး နတ်ဆိုးနိုင်ဂိုဏ်းကို နောက်မှဝင်ခဲ့တာပါ၊ ယွီဂျင်ဂိုဏ်းက ကျွန်တော်ရဲ့ မွေးရပ်မြေလို့ပါပဲ”

တုခူဟာ သက်ပြင်းချလိုက်ပါတယ်။ တုခူဟာ အထက်ဘုံကို တက်ရတော့မှာဖြစ်တဲ့အတွက် တောက်ပလှတဲ့ သူ့အနာဂတ်ကို ဂျူနီယာတစ်ဦးအတွက်နဲ့ အဆုံးရှုံးမခံနိုင်ပါဘူး။

‘အာ... ယွီဂျင်ဂိုဏ်းလား’ လော့ချင်းမော့ အံအားသင့်စွာ တွေးလိုက်ပါတယ်

‘ငါ့ဆရာသခင်ရဲ့ အိမ်မွေးနတ်ဆိုးကို သတ်သွားတဲ့လူကလည်း အဲဒီဂိုဏ်းကလာတာပဲမလား’

‘တော်တော်တိုက်ဆိုင်တာပဲ၊ ဒါက ကံကြမ္မာများလား’

စုချီဟာ လော့ချင်းမော့ကိုကြည့်ပြီး ပြောလိုက်ပါတယ် “ငါ့ကို ခေါ်သွားလို့ရပြီ”

အကြောင်းအရင်းတစ်ချို့ကြောင့် လော့ချင်းမော့ဟာ စုချီရဲ့အကြည့်ကို မြင်လိုက်ရအခါမှာ ရင်ထဲ မသက်မသာ ဖြစ်သွားပါတယ်။

…

ချန်ယွီအာပြန်လာပြီး သုံးနှစ်အကြာ။

ဟန်ကျွယ်ဟာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ အဋ္ဌမအဆင့်ကို ထုံးလိုကျေရေလိုနှောက် တက်မြောက်သွားပါတယ်။ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ အဋ္ဌအဆင့်ဟာ အရမ်းပဲသိမ်မွေ့ပြီး ယင်ယန်အဓိပ္ပာယ်စစ်တွေ အများကြီးပါဝင်နေပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူရင်းနဲ့ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ အဋ္ဌမအဆင့်ကို သိမြင်နားလည်အောင် ကြိုးစားနေတာပါ။

အဋ္ဌမအဆင့်ကို အောင်မြင်ပြီးတဲ့နောက်မှာ မှတ်ဉာဏ်အများကြီး ဟန်ကျွယ်ခေါင်းထဲကို တိုးဝင်လာပါတယ်။

ဆန်းကြယ်စွမ်းအား။

လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ တစ်ချို့အဆင့်တွေမှာ ဆန်းကြယ်စွမ်းအားတွေ ပါဝင်နေပါတယ်။ လမ်းခြောက်သွယ် စုပ်ယူခြင်း၊ လမ်းခြောက်သွယ် အမှတ်အသား၊ ဒီဆန်းကြယ်စွမ်းအားတွေကို ဟန်ကျွယ်ကို အတော်လေး အကျိုးပြုခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီတစ်ခေါက် ဆန်းကြယ်စွမ်းအားကိုလည်း ကြီးကြီးမားမား မျှော်လင့်ထားပါတယ်။

ဟန်ကျွယ်ဟာ လျှိုဝှက်ဆန်းကြယ်တဲ့ ထိုးထွင်းနားလည်မှု အခြေအနေကို ဝင်ရောက်သွားပါတယ်။

မိုးမြေမြက်ပင်ဟာ မဆိုစလောက် လှုပ်ခါသွားပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် အကြာမှာတော့ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားတစ်မျိုးကို တက်မြောက်သွားပါတယ်။

ပြန်လည်မွေးဖွားခြင်း တံခါး။

နာမည်နဲ့အညီ ဒီတံခါးထဲကို ခြေတစ်လှမ်း ချလိုက်တာနဲ့ ခြေလှမ်းသူရဲ့ ဝိညာဉ်ကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ လွှင့်ပစ်လိုက်သလိုမျိုး ဖြစ်သွားမှာပါ။ ဒီ့အပြင် ဒီတံခါးကို အသုံးပြုပြီးတော့ ငရဲပြည်ကိုလည်း သွားလို့ရပါတယ်။

‘ဒီဆန်းကြယ်စွမ်းအားက တကယ်ကို အံဩဖို့ကောင်းတာပဲ’

ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။ ဒီဆန်းကြယ်စွမ်းအားနဲ့ဆိုရင် ဟန်ကျွယ်ဟာ ငရဲပြည်ကို ထွက်ပြေးလို့ ရသွားပါပြီ။

ဟန်ကျွယ်ဟာ ခုခံနိုင်တာနဲ့ ထွက်ပြေးလို့ရတဲ့ ပညာရပ်တွေ၊ ရတနာတွေကို အနှစ်သက်ဆုံးပါ။

ဟန်ကျွယ်ဟာ အောင်ပွဲခံတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး လော့ချင်းမော့ကို ကျိန်စာတိုက်ပါတယ်။ အဲဒီနောက် တာအိုသခင်ကျွယ်ရန်၊ ပြဒါးငှက်၊ မော့ယိုလင်းတို့ကိုလည်း တစ်ယောက်ပြီးတစ်ယောက် ကျိန်စာတိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၀၂၃

[သင့်မိတ်ဆွေ မော့ဖူချိုသည် ရှေးဟောင်းတားမြစ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိပြီး မကောင်းသော အင်အားတစ်မျိုးနှင့် နှောင်ဖွဲ့မိသွားသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် ဂိုဏ်းသုံးဂိုဏ်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကျိုးဖန်သည် သူ့သွေးနှစ်ကို လောင်ကျွမ်းစေခဲ့သောကြောင့် မိစ္ဆာနှလုံးသား ဖြစ်တည်လာခဲ့ပါပြီ။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် မိုးကောင်းကင် ကောင်းချီ၏ အဓိပ္ပာယ်စစ်ကို သိမြင်နားလည်သွားပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]

[သင့်ကျိန်စာကြောင့် တာအိုသခင်ကျွယ်ရန်သည် ကံတရားအထောက်အပံ့ လျော့ကျသွားပြီး အတွင်းနတ်ဆိုးနှင့် တွေ့ကြုံရင်ဆိုင်ရရန် အခွင့်အရေးပိုများလာပါပြီ။]

[သင့်တပည့် စုချီ၏ ကြမ္မာဆိုးနှင့် သင့်ကျိန်စာကြောင့် လော့ချင်းမော့၏ သက်တမ်းသည် နှစ် ၁,၀၀၀ လျော့ကျသွားပြီး ဤသက်ရောက်မှုသည် တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။]

[သင့်မြေးတပည့် မုရုံချီသည် ကိုယ်ပိုင်ဆန်းကြယ်စွမ်းအားကို ဖန်တီးခဲ့သောကြောင့် ကံတရားအထောက်အပံ့ များစွာ တိုးတက်သွားပါပြီ။]

…

‘ဟမ်... စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ၊ အစော်ခံရတာချည်း မဟုတ်တော့ဘူး၊ တစ်ခြား အဖြစ်အပျက်တွေလည်း ရှိလာပြီ’

‘မကောင်းတဲ့အင်အားက ဘာကိုဆိုလိုတာလဲ... မိစ္ဆာစိတ်ဝိညာဉ်တွေကို ပြောတာလား’ ဟန်ကျွယ်ဟာ မော့ဖူချိုအတွက် ဝမ်းနည်းပေးရုံရလွဲပြီး ဘာမှမတက်နိုင်ပါဘူး။

ရှင်းဟုန်ရွှမ်ရဲ့ သိမြင်နားလည်နိုင်စွမ်းကလည်း အရင်ကထက် အများကြီး ပိုကောင်းလာပါတယ်။ ကြည့်ရတာ ရှင်းဟုန်ရွှမ်ဝင်သွားတဲ့ မိုးကောင်းကင် ကောင်းချီးရ လိုဏ်ဂူက မရိုးရှင်းပုံပါပဲ။

ဟန်ကျွယ်ဟာ တာအိုသခင်ကျွယ်ရန်နဲ့ လော့ချင်းမော့က သူ့ကျိန်စာကြောင့် စပြီးတော့ ဒုက္ခရောက်တာကို တွေ့လိုက်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး လက်ခုပ်လက်ဝါးတီးကာ အောင်ပွဲခံချင်သွားပါတယ်။

‘နေအုန်းဟ... စုချီရဲ့ ကြမ္မာဆိုးက လော့ချင်းမော့ကို သက်ရောက်သွားတာလား’

‘ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ၊ ကြည့်ရတာ သူတို့နှစ်ယောက် တွေ့သွားပြီနဲ့တူတယ်’

ကျိန်စာတိုက်တဲ့လေးယောက်ထဲမှာ ဟန်ကျွယ်ဟာ လော့ချင်းမော့ကို အများဆုံး ကျိန်စာတိုက်တာပါ။ ဟန်ကျွယ်ဟာ သူ့ကျိန်စာစွမ်းအားက လူမှားထိခိုက်မှာကို လုံးဝမစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သူ့စိတ်ဆန္ဓနဲ့ နှိုးဆွပေးလို့ပါပဲ။

ဟန်ကျွယ်ဟာ ရုတ်တရက် အတွေးကြီးတစ်ခုကို တွေးမိသွားပါတယ်။

‘လော့ချင်းမော့နဲ့ စုချီတွေ့ဆုံတာ ကြမ္မာဆိုးစာအုပ်ရဲ့ ကျိန်စာစွမ်းအားကြောင့်များလား’

ဒီလောကမှာ ကံတရားဟာ ယုတ္တိမဆန်ဆုံးနဲ့ အလျှိုဝှက်အဆန်းကြယ်ဆုံး နိယာမတစ်ခု ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ အကြောင်းစုံကို စဉ်းစားမရတာကြောင့် ထပ်ပြီးမတွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လော့ချင်းမော့သေသွားရင် အကောင်းဆုံးပါ။ ဒါမှ ဟန်ကျွယ်ကို ကလဲ့စားချေဖို့ ဖြစ်နိုင်ချေ လုံးဝမရှိတော့မှာပါ။

ရွှမ်ချင်းကျွင်းက ကတိပေးသွားဆယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ သူ့ဘဝကို တစ်ခြားလူလက်ထဲ ပုံအပ်မဲ့လူစားမျိုး မဟုတ်ပါဘူး။ ရန်သူသေသွားမှသာလျှင် ပြဿနာတွေက လုံးဝအေးချမ်းသွားမှာပါ။ မဟုတ်ရင် ပြဿနာပေါင်း သောင်းခြောက်ထောင် ဆက်တက်နေအုန်းမှာပါပဲ။

…

တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဆင့်ခေါ်လိုက်ပါတယ်။ ဒီအထဲမှာ ငရဲကြက်နက်လည်း ပါပါတယ်။

ဟန်ကျွယ်ဟာ သူ့တပည့်တွေကို သင့်တော်ရာမှာ ထိုင်ခိုင်းလိုက်ပါတယ်။ ဖန်းလျန်က မိုးမြေမြက်ပင်ကို တက်နင်းလုနီပါး ဖြစ်သွားတာကြောင့် မိုးမြေမြက်ပင်ဟာ အလန့်တကြား ထအော်ပါတယ်။

“ဒါက ငါ့ပြိုးထောင်နေတဲ့ အမတမြက်ပင်ပဲ၊ ဂရုစိုက်အုန်းဟ” ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဖန်းလျန်ဟာ ကြောက်လွန်းတာကြောင့် မျက်နှာတစ်ခုလုံး သွေးမရှိတော့ပါဘူး။ ဖန်းလျန်ဟာ ဟန်ကျွယ်ကို အပြစ်ပြုမိမှာ အရမ်းကိုကြောက်နေပါတယ်။

ငရဲကြက်နက်ဟာ မိုးမြေမြက်ပင်နားကို ရောက်လာပြီး သေချာကြည့်ကာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... ဒီမြက်ပင်ကို ဘယ်တုန်းက စပြိုးထောင်တာလဲ”

“ငါ သတိမရတော့ဘူး၊ ငါ ဒီနေ့မင်းတို့ကို ခေါ်လိုက်တာက တာအိုဟောကြားပေးမလို့ပဲ၊ မင်းတို့မှာ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေရှိရင် မေးမြန်းနိုင်တယ်”

အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်က နှေးကွေးသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ပညာသင်ပေးဖို့ အချိန်ပိုရှိတာပါ။

ဟန်ကျွယ်စကားကြောင့် တပည့်တွေဟာ အံအားသင့်ကျေနပ်သွားပြီး ကျေးဇူးတင်စကား ဝိုင်းပြောကြပါတယ်။

ဒီလိုနဲ့ တာအိုဟောကြားမှု စတင်ပါတယ်။ ဟန်ကျွယ်ဟာ ဓားတာအိုအကြောင်း သူ့တပည့်တွေကို ရှင်းပြတာ ဖြစ်ပါတယ်။ ဓားချည်းပဲ လေ့ကျင့်တဲ့ ကျင့်ကြံသူက ရှားပါတယ်ဆိုပေမဲ့ ကျင့်ကြံသူအများစုက ဓားနဲ့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ သိကြပါတယ်။ ဓားဟာ လက်နက်အားလုံးရဲ့သခင်ဖြစ်ပြီး ကျင့်ကြံသူတွေရဲ့စရိုက်နဲ့ အသင့်တော်ဆုံးလက်နက် ဖြစ်ပါတယ်။

ခုနစ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဟောကြားတာရပ်လိုက်ပါတယ်။ တပည့်တွေအကုန်လုံး ငရဲကြက်နက်အပါအဝင် အသိအဉာဏ်လင်းလက်သွားကြပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တပည့်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပါတယ်။

ဆယ်ရက်ကြာတဲ့အခါမှာတော့ တပည့်တွေဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာကြပါတယ်။

“ဆရာဘိုးဘိုးရဲ့ ကျင့်ကြံမှုက တကယ်ကို သိမ်မွေ့တာပဲ” မုရုံချီဟာ အလွန်လေးစားတဲ့မျက်နှာနဲ့ သက်ပြင်းချလိုက်ပါတယ်။

ဖန်းလျန်ကလည်း‌ ခေါင်းညိတ်လိုက်ပါတယ်။

ရန်ထျန်တုန်းဟာ သူ့လက်သီးကို ဆုပ်ကိုင်လိုက်ပြီး အနာဂတ်မှာ မဟုတ်တာတွေ လျှောက်မတွေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ‘ငါ ဆရာသခင်နဲ့ပင် အေးအေးဆေးဆေး ကျင့်ကြံတော့မယ်’

ဟန်ကျွယ်ရဲ့ သင်ကြားမှုကို နား‌ထောင်ရတာဟာ သူတို့တွေ အပြင်လောကမှ နှစ်ပေါင်းတစ်ရာ လျှောက်သွားရသလိုမျိုး အသိဉာဏ်ရင့်ကြွယ်စေပါတယ်။

ရွှင်ချန်းအန်းဟာ စကားတစ်လုံးမှမပြောဘဲ ချောက်ကမ်းပါးစွန်းကို လျှောက်သွားပြီး နှလုံးသားမဲ့ဓားသိုင်းကို စတင်ကျင့်ကြံလိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာတော့ ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းပေးခဲ့တဲ့ ဆေးပုလင်းကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဆေးတစ်လုံး ကောက်သောက်လိုက်ပြီး မိုးမြေစိတ်ဝိညာဉ်ချီကို စတင်ရှူသွင်းလိုက်ပါတယ်။

မိုးမြေမြက်ပင်က ရုတ်တရက် မေးလိုက်ပါတယ် “သခင်... ကျွန်မ ဓားကျင့်ကြံသူ ဖြစ်လာလို့ရလား”

‘ဓားကျင့်ကြံသူမြက်ပင်လား’

“ဖြစ်နိုင်တာပေါ့၊ မင်းက နယ်ပယ်ခြောက်ရပ်မှာ နံပါတစ် ဓားကျင့်ကြံသူမြက်ပင် ဖြစ်လာမှာ” ဟန်ကျွယ်ဟာ ချစ်ခင်နှစ်သက်တဲ့အပြုံးနဲ့ ပြောလိုက်ပါတယ်။

မိုးမြေမြက်ပင်ဟာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အခါမှာ အရမ်းစိတ်လှုပ်ရှားသွားပြီး ချက်ချင်းကို အသွင်‌ပြောင်းချင်လာပါတယ်။

ဟန်ကျွယ်ရဲ့ မှန်းဆချက်အရ မိုးမြေမြက်ပင်ဟာ အများဆုံး နှစ် ၅၀ အတွင်း အသွင်ပြောင်းနိုင်တော့မှာပါ။ ဒါတွေအားလုံးက ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီကို ကျေးဇူးတင်ရပါလိမ့်မယ်။

တပည့်တွေအကုန်လုံးက အေးအေးချမ်းချမ်း ကျင့်ကြံနေကြပြီး ကျင့်ကြံမှုတွေ တိုးတက်လာပါတယ်။ တပည့်တွေရဲ့ အပြုအမူဟာ ဟန်ကျွယ်ကို အရမ်းပဲ ကျေနပ်အားရသွားစေပါတယ်။ ဒီလိုဘဝမျိုးက ဟန်ကျွယ် မျှော်လင့်နေတဲ့အရာ ဖြစ်ပါတယ်။

‘ကောင်းလိုက်တဲ့ဘဝ’

‘အို... ပဋိပက္ခကောင်းကင်ခွေး ပြန်မလာတာ တစ်ခုပဲ’

‘တစ်သက်လုံး ပြန်မလာရင် အကောင်းဆုံးပဲ’

…

ကြီးမားလှတဲ့ ယဇ်ပုလ္လင်တစ်ခုဟာ တောတောင်တွေဝန်းရံထားတဲ့ ပြန့်ပြူးတဲ့မြေနေရာ တစ်နေရာမှာ တည်ရှိနေပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ ဒီယဇ်ပုလ္လင်ပေါ်မှာ ခြေကားရား လက်ကားယားဖြစ်နေပြီး ဆူးချွန်နွယ်ကြိုးတွေနဲ့ နှောင်ဖွဲ့ခြင်း ခံနေရပါတယ်။ ပဋိပက္ခကောင်းကင်ခွေးရဲ့ ငွေရောင်အမွေးအမျှင်တွေဟာ မဖြူဖွေးတော့ဘဲ နီရဲနေပါပြီ။

ယဇ်ပုလ္လင်ဘေးနားမှာတော့ မိစ္ဆာကျင့်ကြံသူတွေ အများကြီး ရှိနေပါတယ်။

အနက်ရောင်တာအိုဝတ်ရုံ ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းလူတစ်ဦးဟာ ခါးကြားက ဓားကိုဆွဲထုတ်လိုက်ပြီး ပဋိပက္ခကောင်းကင်ခွေးကို ချိန်လိုက်ပါတယ်။

“အချိန်ကျပြီ၊ နတ်ဘုရားရဲ့သွေးကို အသုံးပြုပြီး မကောင်းဆိုးဝါးဘုရင်ကို ဆင့်ဆိုမယ်၊ မင်းတို့တွေ မကောင်းဆိုးဝါးဧကရာဇ် ရောက်လာတာကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်ပြီလား”

“မကောင်းဆိုးဝါးဧကရာဇ်ကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်ပါပြီ”

အရူးအမူးဖြစ်နေကြတဲ့ မိစ္ဆာကျင့်ကြံသူအားလုံးဟာ တညီတညာတည်း အော်ဟစ်လိုက်ကြပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters