မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်၊ အတိဒုက္ခဖြတ်ကျော် ဧည့်အကြီးအကဲ
Vol. 8 Ch. 116
အခန်း (၁၁၆) မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်၊ အတိဒုက္ခဖြတ်ကျော် ဧည့်အကြီးအကဲ
“ပိုးမွှားကောင်တွေ၊ ငါ့ကို လွှတ်ပေးစမ်း၊ ငါ ဘယ်သူလဲဆိုတာ မင်းတို့သိလား” ပဋိပက္ခကောင်းကင်ခွေးဟာ ဝတ်ရုံနက်ရဲ့စကားကို ကြားတဲ့အခါမှာ ကြိမ်းမောင်းလိုက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးက ဝတ်ရုံနက်တစ်ဦးတည်းတင် မဟုတ်ဘဲ ဘေးနားဝန်းကျင်မှာရှိတဲ့ မိစ္ဆာကျင့်ကြံသူအကုန်လုံးကို ကြိမ်မောင်းလိုက်တာ ဖြစ်ပါတယ်။
“မင်းတို့တွေ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သိလား”
“အဲဒီစပါးအုံးစိမ်းက ငါ့ဆရာသခင်ရဲ့ လက်အောက်မှာ သေသွားတာ၊ မင်းတို့ငါ့ကို ထိရင် ဖြစ်လာမဲ့အကျိုးဆက်ကို တွေးပြီးပြီလား”
“ငါ့ဆရာသခင် ရောက်လာရင် ဆရာသခင်က မင်းတို့အကုန်လုံးကို ပြာဖြစ်အောင် မီးရှို့ပစ်လိမ့်မယ်”
ပဋိပက္ခကောင်းကင်ခွေးဟာ ကြိမ်းမောင်းလေ အသံပျော့လေ ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာကျင့်သူတွေက သတိတရားမရှိတော့ဘဲ ကြောက်ရွံ့မှုကင်းစွာနဲ့ သူ့ကို အရူးအမူး စိုက်ကြည့်နေလို့ပါပဲ။
နောက်ဆုံးမှာတော့ ပဋိပက္ခကောင်းကင်ခွေးဟာ တုန်လှုပ်ချောက်ချားသွားပါတယ် ‘ငါ တကယ်ပဲ မကောင်းဆိုးဝါးဧကရာဇ်အတွက် စတေးခံရတော့မှာလား’
သေဆုံးခါနီးအချိန်ကို ရောက်လာတဲ့အတွက် ပဋိပက္ခကောင်းကင်ခွေးဟာ ခံစားချက်မျိုးစုံကို ခံစားလိုက်ရပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ ဒီနှစ်တွေမှာ ကြုံတွေ့ခဲ့ရတာတွေကို ပြန်စဉ်းစားလိုက်ပါတယ်။
ဒီနှစ်တွေမှာ ပဋိပက္ခကောင်းကင်ခွေးက နာမည်ကြီးတယ်ဆိုပေမဲ့ အချိန်အများစုမှာ ဒုက္ခရောက်နေတာပါ။ ပဋိပက္ခကောင်းကင်ခွေးဟာ နည်းနည်းလေးမှ သည်းမခံတက်သူမို့ ရောက်တဲ့နေရာမှာ လူလား နတ်ဆိုးလား မခွဲဘဲ အကုန်လုံးနဲ့ တိုက်ခိုက်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို ဝိုင်းတိုက်ခံရပြီး အစော်ခံရတာချည်းပါပဲ။
“ငါ ဘာလုပ်သင့်လဲ... ငါ တကယ်ပဲ ဒီနေရာမှာ သေရတော့မှာလား” ပဋိပက္ခကောင်းကင်ခွေဟာ တုန်လှုပ်ချောက်ချားသွားပြီး တစ်ကိုယ်လုံး တုန်ခါသွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ တစ်စုံတစ်ယောက် လာကယ်ဖို့ ကြိတ်ဆုတောင်းပါတယ်။
ဒါပေမဲ့ မိစ္ဆာကျင့်ကြံသူရဲ့ဓားကို ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားပြီး သွေးစထွက်လာမှာ ဘယ်သူမှ လာမကယ်ဘူးဆိုတာကို ပဋိပက္ခကောင်းကင်ခွေး သိလိုက်ပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ စိတ်ဓာတ်အရမ်းကျသွားပြီး နောင်တရသွားပါတယ်။
‘မိုးကောင်းကင်ကသာ ငါ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင် ဝီရိယတောင်ကနေ ခြေတစ်ဖဝါးတောင် မခွာတော့ဘူး’
‘ငါ ဟိုကြက်ပြောတာကို နားထောင်ခဲ့သင့်တာ’
ကံဆိုးစွာနဲ့ပဲ ပဋိပက္ခကောင်းကင်ခွေးမှာ ဒုတိယအခွင့်အရေး မရှိတော့ပါဘူး။
…
ငါးနှစ်တာကာလ လွန်မြောက်သွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် ဒုတိယအဆင့်ကို ထိုးဖောက်နိုင်သွားပါပြီ။ ရွှမ်ချင်းကျွင်းပေးခဲ့တဲ့ ဆေးတွေထဲက ဆေးတစ်ပုလင်းလည်း ကုန်သွားပါတယ်။ ဒီဆေးတွေက တော်တော်လေး အသုံးဝင်ပါတယ်။ ဒီလိုဆေးမျိုးက ချမ်းသာကြွယ်ဝရင်တောင် ဝယ်မရနိုင်တဲ့ ဆေးတွေပါ။
‘ရွှမ်ချင်းကျွင်းက ငါ့အပေါ် တော်တော်လေး ကောင်းတာပဲ၊ အနာဂတ်မှာ ငါ သူ့ကို ပြန်မပေးဆပ်နိုင်ရင် ခန္ဓာကိုယ်နဲ့ပဲ ပြုစုရတော့မယ်’
ဟန်ကျွယ် အဆင့်တက်သွားပြီးနောက် ထုံးစံအတိုင်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်တာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ် မျက်မှောင်ကြုတ်သွားပါတယ်။
[သင့်နတ်သားရဲ့ ပဋိပက္ခကောင်းကင်ခွေးသည် ယဇ်ပူဇော်ခံရပြီး မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်၏ စီးတော်ယာဉ် ဖြစ်သွားခဲ့သည်။]
‘မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်...’
‘ဘယ်သူလဲကွ’
ဟန်ကျွယ်ဟာ အမျက်ထွက်သွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးကို သူ သိပ်မကြိုက်ဘူးဆိုပေမဲ့ ပဋိပက္ခကောင်းကင်ခွေးက သူ့ခွေး ဖြစ်နေတုန်းပါ။ အခု မကောင်းဆိုးဝါးဧကရာဇ်က သူ့ခွေးကို စီးတော်ယာဉ်လုပ်လိုက်တာက ဟန်ကျွယ်မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးဧကရာဇ်ကို ကြမ္မာဆိုးစာအုပ်နဲ့ ချက်ချင်းပဲ ကျိန်စာတိုက်ပါတော့တယ်။ လောကကြီးက ကျယ်ပြန့်တဲ့အတွက် ဟန်ကျွယ်အနေနဲ့ ပဋိပက္ခကောင်းကင်ခွေးကို လိုက်ရှာချင်တယ်ဆိုရင်တောင် ရှာတွေ့က မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးဧကရာဇ်ကို ကျိန်စာတိုက်ပြီး သူ့အမျက်ဒေါသကို ဖြေဖျောက်ပါတယ်။
ပထမဦးဆုံးအကြိမ်အနေနဲ့ ဟန်ကျွယ်ဟာ သုံးလဆက်တိုက် ကျိန်စာတိုက်လိုက်ပါတယ်။
ဂျိနန်ဟယ်က သေမျိုးဘုံမှာ ပေါ်လာတာဖြစ်တဲ့အတွက် သူ့ကျင့်ကြံမှုက ပြဒါးငှက်နဲ့ တာအိုသခင်ကျွယ်ရန်လောက် စွမ်းအားကြီးမှာ မဟုတ်ပါဘူး။ သူရှိလှ ကောင်းကင်ဘုံဝင်အဆင်ပေါ့။
မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်ဟာ ဟန်ကျွယ်အပေါ်မှာ မျက်နှာသာပေးမှုရော မုန်းတီးမှုရော မရှိတဲ့အတွက် ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးဧကရာဇ်က ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာဖြစ်နေလဲဆိုတာ မသိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ထိုင်ရာကထလိုက်ပြီး လီချင်းဇဲ့ကို သွားရှာကာ မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်အကြောင်း မေးမြန်းပါတယ်။
“မကောင်းဆိုးဝါးဧကရာဇ် ဂျိနန်ဟယ်၊ သူက ဒဏ္ဍာရီထဲက မိစ္ဆာကျင့်ကြံသူပဲ၊ သူ ရှိနေသေးတယ်ဆိုရင်တောင် အထက်ဘုံကို တက်သွားလောက်ပြီ” လီချင်းဇဲ့ဟာ ခေါင်းခါလိုက်ပါတယ်။
“ခင်ဗျား ကျုပ်အတွက် စုံစမ်းပေးစမ်းပါ၊ ကိစ္စကြီးလုပ်စရာမလိုဘူး၊ ကင်းထောက်လွှတ်ရင် ရပြီ”
“ရတာပေါ့”
လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့ တောင်းဆိုမှုကို ဘယ်တော့မှ မငြင်းပယ်ပါဘူး။ ဟန်ကျွယ် ပြန်သွားတာနဲ့ ချက်ချင်းပဲ လှုပ်ရှားပါတယ်။
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာ နတ်မိမယ်ရှီရွှမ် ပြန်ရောက်လာတာကို အာရုံခံမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏတာ တုံဆိုင်းနေပြီးမှာ နတ်မိမယ်ရှီရွှမ်ဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နတ်မိမယ်ရှီရွှမ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို ရောက်တဲ့အခါမှာ ဟန်ကျွယ် ဘာမှမပြောခင်မှာပဲ လိုဏ်ဂူတံခါးက ပွင့်သွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်လည်း လိုဏ်ဂူထဲကို တန်းဝင်သွားပါတယ်။
နတ်မိမယ်ရှီရွှမ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဟာ အလွန်ရိုးရှင်းပြီး အလှဆင်ထားတာတွေ မရှိပါဘူး။ သင်းကြိုင်တဲ့ရနံ့တစ်ခုက လိုဏ်ဂူတစ်ခုလုံးကို လွှမ်းခြုံထားပါတယ်။
ကူရှင်ပေါ်မှာထိုင်နေတဲ့ နတ်မိမယ်ရှီရွှမ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရှေ့ကို လျှောက်သွားပြီး ကူရှင်ပေါ်မှာ ထိုင်လိုက်ပါတယ် “ဒီအတောအတွင်း တစ်ခုခုရထားသေးလား”
“ခစ်..ခစ်... ရထားတယ်၊ တာအိုရောင်းရင်းဟန်က ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ၊ တာအိုရောင်းရင်းဟန် ယွီဂျင်ဂိုဏ်းတော်ကြီးထဲကို ရောက်လကတည်းက ဂိုဏ်းက ပိုပိုပြီးတော့ အင်အားကြီးလားတဲ့၊ ကျွန်မတို့အကြီးအကဲတွေလည်း ကံကောင်းလာတယ်၊ အပြင်ကိုထွက်ပြီး လေ့ကျင့်တိုင်း တစ်ခါမှ လက်ဗလာနဲ့ ပြန်မလာရဘူး”
“နတ်မိမယ်က နောက်နေပြန်ပြီ”
‘ဟုတ်တယ်၊ ဒါက ငါ့ကံတရား အထောက်အပံ့ရဲ့ သက်ရောက်မှုပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။
ဟန်ကျွယ်အမြင်အရ ယွီဂျင်ဂိုဏ်းတော်ကြီး ကံကောင်းလာတာက သူတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ မုရုံချီ၊ ဖန်းလျန်နဲ့ တစ်ခြားသူတွေကြောင့်လည်း ပါပါတယ်။ ဒီတပည့်တွေရဲ့ ကံတရားအထောက်အပံ့က ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ကံတရားအထောက်အပံ့မှာ စုစည်းပြီး ဂိုဏ်းတစ်ခုလုံးကို ကောင်းချီးပေးနေတာပါ။
ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ်ဟာ စကားနည်းနည်း ပြောကြပါတယ်။ ဒါပေမဲ့ စကားပြောစရာ သိပ်မရှိတဲ့အတွက် တာအိုအကြောင်း ဆွေးနွေးကြပါတယ်။
ဒီလိုနဲ့ ရက်နည်းနည်းကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ထိုင်ရာကထလိုက်ပြီး ထွက်ခွာသွားပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ရဲ့ကျောပြင်ကို ကြည့်ရင်း မဆိုစလောက် နှုတ်ခမ်းတွန့်လိုက်ပါတယ်။ အဲဒီနောက် မျက်လုံးမှိတ်ပြီး ဆက်လက်အားထုတ်ပါတယ်။
လိုဏ်ဂူထဲက ထွက်လာပြီးနောက်မှာ ဟန်ကျွယ် ပဟေဠိဖြစ်သွားပါတယ်။ အကြောင်းကတော့ နတ်မိမယ်ရှီရွှမ်ရဲ့ မျက်နှာသာပေးမှုက တိုးမလာလို့ပါ။
‘ဒီလောက်တောင် ခက်တာလား’
‘နတ်မိမယ်ရှီရွှမ်က ခံစားချက်တွေ အကုန်လုံးကို ဖြတ်တောက်ပြီးပြီလား’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး အတွေးစကို ဖြတ်တောက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ဆီက တစ်ခုခုရလာလိမ့်မယ်လို့လည်း မမျှော်လင့်ထားပါဘူး။
လီချင်းဇဲ့ဟာ ဟန်ကျွယ်ရှေ့မှာ ရုတ်တရက်ပေါ်လာပြီး မေးလိုက်ပါတယ် “အကြီးအကဲဟန်... ဂျူနီယာညီမလေးရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို ဘာလာလုပ်တာလဲ” လီချင်းဇဲ့အသံဟာ သံသယဝင်သွားမှန်း သိသာပါတယ်။
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘မင်းက ရွှေရောင် ကောင်းကင်ကြယ်တာရာ ခန္ဓာကိုယ်အတွက် ယောက်ျားအမြစ်ကို ဖြတ်တောက်ပြီးပြီမလား၊ ဘာလို့ သဝန်တိုနေသေးတာလဲ’
“လာလည်ရုံပါ၊ ဘာပဲဖြစ်ဖြစ် ကျုပ်က ကျောက်အေးတောင်ထိပ်ရဲ့ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးတယ်လေ၊ ဒါနဲ့ ဂျိနန်ဟယ်အကြောင်း ဘာတွေ့ထားသေးလဲ” ဟန်ကျွယ်က ဂရုတစိုက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သဘောထားကြောင့် လီချင်းဇဲ့ဟာ သတိကြီးကြီးထားနေတာကနေ လျော့သွားပါတယ်။
“ဘိုးဘေးဆီက သိရသလောက်တော့ ဂျိနန်ဟယ်က ဧကရာဇ်နိုင်ငံတော်တစ်ခုရဲ့ ဧကရာဇ်ဖြစ်ခဲ့ဖူးတယ်၊ သူက မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့လို့ ချီဖောက်လွဲဖောက်ပြန် ဖြစ်ခဲ့တယ်၊ နှစ်ပေါင်းတစ်ထောင်ကြာမှ သတိပြန်ရလာပြီး သူ့ရဲ့ ဧကရာဇ်နိုင်ငံတော်ကို ပြန်လာခဲ့တယ်၊ ဒါပေမဲ့ သူ့ဧကရာဇ်နိုင်ငံတော်က မင်းဆက်ပြောင်းသွားတာလည်းသိရော ယမ်းပုံမီးကျဖြစ်ပြီး ဧကရာဇ်နိုင်ငံတော်တစ်ခုလုံးကို သတ်ဖြတ်ပြီး တကယ့်မကောင်းဆိုးဝါး ဖြစ်လာခဲ့တာ၊ သူက ရက်စက်တဲ့အကျင့်ရှိလို့ မရေမတွက်နိုင်တဲ့လူတွေကို သတ်ပစ်ခဲ့တယ်၊ သူက သူကိုယ့်သူ မကောင်းဆိုးဝါးဧကရာဇ်လို့ ဘွဲ့ခံပြီး လောကမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေကို အုပ်ချုပ်ခဲ့တယ်၊ နောက်ဆုံးကျတော့ သူ အထက်ဘုံကိုတက်ဖို့ ကြိုးစားတာ မအောင်မြင်ဘဲ ကောင်းကင်စမ်းသပ်မှုအောက်မှာ သေဆုံးသွားတယ်”
“သူက လောကမှာရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေကို ပထမဆုံး စုစည်းခဲ့တာမို့ မိစ္ဆာကျင့်ကြံသူတွေကြားမှာ မကောင်းဆိုးဝါးဧကရာဇ်ဆိုတဲ့ နာမည်က အမတနတ်ဘုရားတစ်ပါးလို့ပဲ”
ဒါက တကယ့်ကို ဒဏ္ဍာရီတစ်ခုပါ။
ဒါပေမဲ့ ကောင်းကင်စမ်းသပ်မှုကို မအောင်မြင်တဲ့အတွက် တာအိုသခင်ကျွယ်ရန်ကို မမီဘူးဆိုတာကတော့ သိသာထင်ရှားလွန်းပါတယ်။ တာအိုသခင်ကျွယ်ရန်က အနည်းဆုံးတော့ အထက်ဘုံရောက်သွားခဲ့ပါသေးတယ်။
အခုအခြေအနေအရ ဂျိနန်ဟယ်ဟာ ပဋိပက္ခကောင်းကင်ခွေးရဲ့ စတေးမှုကိုသုံးပြီး အသက်ပြန်ရှင်လာခဲ့ပုံပါပဲ။
“အကြီးအကဲဟန်... ဂျိနန်ဟယ်အကြောင်းကို ဘာလို့ မေးရတာလဲ၊ သူ့တပည့်တွေက ခေါင်းပြန်ထောင်ဖို့ ကြိုးစားနေကြလို့လား” လီချင်းဇဲ့က ရင်ထိတ်စွာ မေးလိုက်ပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီး ငြိမ်းချမ်းတာ မကြာသေးပါဘူး။ ဒီငြိမ်းချမ်းတဲ့အခြေအနေ ပျက်စီးသွားမှာကို လီချင်းဇဲ့ မလိုချင်ပါဘူး။
“ဒီလိုပဲ မေးရုံပါ၊ ငါ လိုဏ်ဂူပြန်ပြီး ကျင့်ကြံတော့မယ်” ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး ပြောလိုက်ပါတယ်။ အဲဒီနောက် အဲဒီနေရာကနေ လှည့်ထွက်ပြီး ထွက်ခွာသွားပါတယ်။
လီချင်းဇဲ့ဟာ ဟန်ကျွယ်စကားကို မယုံကြည်ဘဲ စိတ်ထဲမှာ မှန်းဆလိုက်ပါတယ် ‘မကောင်းဆိုးဝါးဧကရာဇ်က ဂျိနန်ဟယ်က အသက်ပြန်ရှင်လာပြီလား’
လီချင်းဇဲ့ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ လိုဏ်ဂူဝကို လျှောက်သွားပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဂျူနီယာညီမလေး... အစ်ကို ဝင်လာလို့ရမလား”
“မရဘူး”
“...” လီချင်းဇဲ့ဟာ စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားရပါတယ်။
…
တစ်နှစ်ကြာပြီးနောက်။
ယွီဂျင်ဂိုဏ်းတော်ကြီးဟာ အထူးဧည့်သည်တော်တစ်ယောက်ကို ကြိုဆိုခဲ့ပါတယ်။ ဒီဧည့်သည်တော်က အတိဒုက္ခဖြတ်ကျော်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဧည့်အကြီးအကဲအဖြစ်နဲ့ တာဝန်ယူကာ ယွီဂျင်ဂိုဏ်းတော်ကြီးကို နှစ်တစ်ရာ ကာကွယ်စောင့်ရှောက်မှာပါ။ ဒီသတင်းက ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုလုံးကို အလင်းရဲ့အလျင်လို ပျံ့နှံ့သွားပြီး တစ်ဂိုဏ်းလုံး တုန်ခါသွားပါတယ်။
ဒီလူကတော့ တုခူကလွဲပြီး ဘယ်သူဖြစ်နိုင်အုန်းမှာလဲ။
တုခူဟာ ယွီဂျင်ဂိုဏ်းတော်ကြီးမှာ ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူတောင် မရှိတဲ့အတွက် ယွီဂျင်ဂိုဏ်းတော်ကြီးကို စိတ်ဝင်မစားတော့ပါဘူး။ ကြီးမြတ်တဲ့စပါးအုံးစိမ်း ကိစ္စကလည်း နှစ်တွေကြာပြီဆိုတော့ အကြီးအကဲတွေက ဒီကိစ္စကို ထပ်မပြောတော့ပါဘူး။
ဟန်ကျွယ်ဟာ တုခူရောက်လာတာကို စစ်ဆေးမိသွားပါတယ်။
[တုခူ: အတိဒုက္ခဖြတ်ကျော် တတိယအဆင့်။ နတ်ဆိုးနိုင်ဂိုဏ်း၏ တပည့်ဖြစ်ခဲ့ဖူးသော်လည်း ယခုအချိန်၌ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူဖြစ်သည်။]
‘နတ်ဆိုးနိုင်ဂိုဏ်းလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့ ယှက်သမ်းသွားပါတယ် ‘ငါ ဒီကောင်ကို သတ်သင့်လား’
ဒါပေမဲ့ နတ်ဆိုးနိုင်ဂိုဏ်း ပျက်သုဉ်းမှုက သူနဲ့ဘာမှမဆိုင်တဲ့အပြင် တုခူကလည်း စိတ်ထားကောင်း ပြတာကြောင့် ဟန်ကျွယ်ဟာ တုခူကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တုခူသာ မူမမှန်တာ တစ်ခုခုလုပ်လို့ကတော့ ဟန်ကျွယ်က ချက်ချင်း တိုက်ခိုက်မှာပါ။
ဟန်ကျွယ်ဟာ စိတ်ချရအောင် အသွင်တူလက်ရည်စမ်းပွဲထဲမှာ တုခူနဲ့ တိုက်ခိုက်လိုက်ပါတယ်။
တစ်ချက်တည်း အသေသတ်။
ဟန်ကျွယ်ဟာ လုံးဝစိတ်ချလက်ချ ဖြစ်သွားပါတယ်။
[ဂျိနန်ဟယ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်သုံးပွင့်။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းကြောင့် မှင်သက်သွားပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။