မကောင်းဆိုးဝါးငါးပါး၊ တုခူ၏ ကြောက်ရွံ့မှု
Vol. 8 Ch. 117
အခန်း (၁၁၇) မကောင်းဆိုးဝါးငါးပါး၊ တုခူ၏ ကြောက်ရွံ့မှု
‘ဂျိနန်ဟယ်က ငါ့ကို မုန်းတီးသွားပြီ ဟုတ်လား’
ဟန်ကျွယ် ပထမဆုံး တွေးလိုက်တာက ပဋိပက္ခကောင်းကင်ခွေး သစ္စာဖောက်သွားပြီလို့ပါ။ ဒါပေမဲ့လည်း ပဋိပက္ခကောင်းကင်ခွေးက သစ္စာဖောက်ချင်ရင် ဒီအချိန်ထိ စောင့်နေမှာမဟုတ်ဘူးလို့ တွေးမိလိုက်ပါတယ်။
‘ဂျိနန်ဟယ်က ပဋိပက္ခကောင်းကင်ခွေးရဲ့ မှတ်ဉာဏ်ကို ဖတ်လိုက်တာလား’
‘ဒါက အဖြစ်နိုင်ဆုံးပဲ၊ မှန်မမှန် သိရအောင် စစ်ဆေးကြည့်တာပေါ့’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးထဲကနေ ဂျိနန်ဟယ်ကို အမြန်ရှာဖွေလိုက်ပါတယ်။ ဂျိနန်ဟယ်ပုံက မိန်းမချောချောပြီး နတ်ဆိုးဆန်ကာ အဖြူအနက် ရောထွေးနေပါတယ်။
[ဂျိနန်ဟယ်: ကောင်းကင်ဘုံဝင် တတိယအဆင့်၊ သေမျိုးဘုံ၏ မကောင်းဆုံးဝါးဧကရာဇ်။ မကောင်းဆုံးဝါးဧကရာဇ်၏ တပည့်များသည် သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးကို ယစ်ပူဇော်၍ မကောင်းဆိုးဝါးဧကရာဇ်အား အသူရာချောက်ထဲမှ ပြန်လည်ဆင့်ခေါ်ခဲ့သည်။ မကောင်းဆိုးဝါးဧကရာဇ်သည် ပဋိပက္ခကောင်းကင်ခွေး၏ ဝိညာဉ်ကို ဆွဲနှုတ်ရာမှ သင့်အကြောင်းကိုသိရှိသွားပြီး သင့်ကို သတိကြီးကြီးထားနေ၏။ အကယ်၍ အခွင့်အရေးရှိခဲ့လျှင် မကောင်းဆိုးဝါးဧကရာဇ်သည် သင့်အား ကျိန်းသေပေါက် သတ်လိမ့်မည်။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
‘ကောင်းကင်ဘုံဝင် တတိယအဆင့်... ဒါလေးပဲလား’
‘ရွှမ်ချင်းကျွင်းလောက်တောင် မစွမ်းဘူး’
‘ဒါနဲ့များ သူ့ကိုယ်သူ မကောင်းဆိုးဝါးဧကရာဇ်လို့ ခေါ်ရဲသေးတယ်’
ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးဧကရာဇ်ကို အထင်သေးသွားပြီး ပဋိပက္ခကောင်းကင်ခွေးအတွက် စိုးရိမ်သွားပါတယ်။
‘ဒီခွေးက သေသွားပြီလား’
ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးကို တွေ့ရင်တောင် ကယ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ အရေးကြီးဆုံးလုပ်ရမှာက အားသွန်ခွန်စိုက် ကျင့်ကြံအားထုတ်ဖို့ပါ။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် လဝက်ကြာ ကျိန်စာတိုက်ပြီးမှာ ဆက်လက်ကျင့်ကြံပါတယ်။
…
တိမ်ပင်လယ်ထပ်မှာ တိမ်နက်တစ်ခုဟာ လျင်မြန်စွာ ရွေ့လျားနေပါတယ်။ ဒီတိမ်နက်ပေါ်မှာတော့ လူနှစ်ယောက ထိုင်နေပါတယ်။ တစ်ယောက်ကတော့ စုချီဖြစ်ပြီး နောက်တစ်ယောက်ကတော့ အရိပ်နက် ဖြစ်ပါတယ်။
အရိပ်နက်ဟာ လူသားတစ်ယောက်ရဲ့ အရိပ်လိုမျိုးဖြစ်တာကြောင့် သရုပ်မှန်ကို သေချာမမြင်နိုင်ပါဘူး။ ဒီအရိပ်နက်က တစ်ခြားသူမဟုတ်ပါဘူး။ လော့ချင်းမော့ပဲ ဖြစ်ပါတယ်။
“စီနီယာ... ကျွန်တော်တို့တွေ ဘယ်သွားနေတာလဲ” စုချီက မေးလိုက်ပါတယ်။
စုချီဟာ လော့ချင်းမော့နောက်ကို လိုက်တကတည်းက ခြေဦးတည့်ရာ လျှောက်သွားနေရတာပါ။ သူတို့နှစ်ယောက်ဟာ မကြာခဏဆိုသလို သဘာဝကပ်ဘေးတွေကို ကြုံတွေ့ရပြီး ရှေးဟောင်း တားမြစ်နယ်မြေတွေထဲကိုလည်း မတော်တဆဝင်မိခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဒီအတောအတွင်းမှာ တော်တော်လေးကို ခံစားခဲ့ရတာပါ။
လော့ချင်းမော့ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်း မေးလို့ပြီးပြီလား၊ ဒါဆိုရင် ငါပြောမယ်၊ အခု ငါတို့တွေ မကောင်းဆိုးဝါးဧကရာဇ် ရှာနေတာ” လော့ချင်းမော့ဟာ ဒီအတောအတွင်း ကြုံတွေ့ခဲ့ရတာတွေကြောင့် စုချီကို ကြမ္မာဆိုးလို့တောင် သံသယဝင်သွားပါတယ်။
“မကောင်းဆိုးဝါးဧကရာဇ်... သူနဲ့ မိစ္ဆာသခင်က ဆက်ဆံရေးရှိလား” စုချီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“ဘာဆက်ဆံရေးမှ မရှိဘူး၊ သူတို့နှစ်ဦးလုံးက နတ်ဆိုးလမ်းစဉ်ကချည်းပဲ”
“ဘယ်သူက စွမ်းအားပိုကြီးလဲ”
“အဲဒါတော့ ပြောရခက်တယ်၊ မကောင်းဆိုးဝါးဧကရာဇ်က ရှေးဟောင်းခေတ်က၊ နောက်ပြီးတော့ သူ့အောင်မြင်မှုက ပိုကြီးတယ်”
“ဘာအောင်မြင်မှုလဲ”
“လောကမှာရှိတဲ့ လက်ဝဲကျင့်ကြံသူတွေကို စုစည်းနိုင်ခဲ့တာ”
“ဒါဆိုရင် ခင်ဗျားက ကျုပ်ကို မကောင်းဆိုးဝါးဧကရာဇ်ဆီမှု အမှုထမ်းခိုင်းမလို့လား၊ ဧကရာဇ်လက်အောက်မှာတော့ စစ်သူကြီးတွေ စစ်သားတွေ ရှိမှာပဲ”
“မင်းတွေးတာ မှန်တယ်”
စုချီနဲ့ လော့ချင်းမော့ စကားပြောနေစဉ်မှာပဲ....
“ခြိမ်း...ခြိမ်း...”
တိမ်ပင်လယ်အဆုံးမှာ မိုးကြိုးတိမ်တိုက် ပေါ်လာပါတယ်။ ဒီမိုးကြိုးတိမ်ဟာ အလွန်တရာကြီးမားပြီး ပင်လယ်လိုပဲ ကျယ်ပြန့်ပါတယ်။ လျှပ်စီးတွေ လင်းလက်သွားပြီး မိုးခြိမ်းသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာတာကြောင့် ကောင်းကင်တစ်ခုလုံး တုန်ခါသွားပါတယ်။
လော့ချင်းမော့ဟာ ထိတ်လန့်သွားပါတယ် ‘အို..မဟုတ်ဘူး... နောက်ထပ် သဘာဝကပ်ဘေးတစ်ခု လာပြန်ပြီလား’
…
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ်နှစ်အနည်းငယ် ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် ၅၀၀ ပြည့်သွားပြီဖြစ်သည့်အတွက် ကျင့်ကြံခြင်းလမ်းစဉ်တွင် နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံနေရာမှ ထွက်ပြီး မကောင်းဆိုးဝါးများကို နှိမ်နင်းကာ နာမည်ကျော်ကြားလာမည်။ ဆုလာဘ်အဖြစ် မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာကို ရရှိမည်။]
[၂။ ပြဿနာမရှာဘဲ ဆက်လက်၍ နှိမ့်နှိမ့်ချချ ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာကို ရရှိမည်။]
‘ဆုတွေက တူနေမှာတော့ ငါ့နှလုံးသားနောက်ကိုပဲ လိုက်သင့်တယ်’
ဟန်ကျွယ်ဟာ နံပါနှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
[သင်သည် ဆက်လက်၍ နှိမ့်နှိမ့်ချချ ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် ဆုလာဘ်အဖြစ် မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိပါမည်။]
[မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ကောင်းကင်ကိုးလွှာခြေနင်းအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်ကိုးလွှာခြေနင်း: မဟာညီညွှတ်မှု စိတ်ဝိညဉ်ရတနာ ဆဋ္ဌမအဆင့်ဖြစ်ပြီး လေစွမ်းအား၏ အဓိပ္ပာယ်စစ် ပါဝင်သည်။ ကောင်းကင်သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်နိုင်ပြီး ကောင်ကင်းကိုးလွှာကို အလိုရှိသလို သွားလာနိုင်သည်။]
‘မဆိုးဘူး... ဒီရတနာက ငါ့ပြေးနိုင်စွမ်းကို တိုးစေတယ်’
ဟန်ကျွယ်ဟာ ကောင်းကင်ကိုးလွှာခြေနင်းကို ချက်ချင်းထုတ်ယူလိုက်ပြီး သွေးစက်ချကာ ကိုယ်ပိုင်ပစ္စည်းပြုပါတယ်။
ဟန်ကျွယ်ဟာ သူအရင်ဝတ်ခဲ့တဲ့ ကြယ်ကိုးစင်းဖိနပ်ကိုတော့ ရှင်းဟုန်ရွှမ်ဆီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြယ်ကိုးစင်းဖိနပ်က ပဉ္စမအဆင့် စိတ်ဝိညာဉ်ရတနာ ဖြစ်ပြီး စီးနင်းသူပေါ်မူတည်ပြီး အရွယ်အစား ပြောင်းလဲနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ရှင်းဟုန်ရွှမ်က မကြာခဏအပြင်ထွက်တော့ စိတ်ဝိညာဉ်ရတနာဖိနပ်ကို ကျိန်းသေပေါက် လိုအပ်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ် ကောင်းကင်ကိုးလွှာခြေနင်းကို ကိုယ်ပိုင်ပစ္စည်းပြုလို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ခုန်ထွက်လိုက်ပြီး ခြေနင်းကိုအသုံးပြုကာ ကောင်းကင်ပေါ် တက်လိုက်ပါတယ်။
ခြေတစ်လှမ်းတည်းနဲ့ မြေပြင်ဟာ အလွန်သေးငယ်သွားပါတယ်။
နောက်တစ်လှမ်း ထပ်လှမ်းတဲ့အခါမှာတော့ ကြယ်တွေ ပြည့်နှက်နေတဲ့ ကောင်းကင်ကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
နောက်တစ်လှမ်း ထပ်လှမ်းတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အရံအတားတစ်ခု ဟန့်တားတာကို ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ အောက်ငုံ့ကြည့်လိုက်တဲ့အခါမှာ သေမျိုးဘုံက သူလာခဲ့တဲ့ ကမ္ဘာမြေကလို အဝိုင်းသဏ္ဌာန် မဟုတ်ဘဲ အလွန်ကျယ်ပြန်တဲ့ တိုက်ကြီးတစ်တိုက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မရေမတွက်နိုင်တဲ့ ကြယ်တွေဟာ ဒီတိုက်ကြီးကို ဝန်းရံထားပြီး တဖျတ်ဖျတ် လင်းလက်နေကြပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး မမြင်နိုင်တဲ့ အရံအတားကို ထိလိုက်ပါတယ်
‘ဒါက ဘာလဲ’
‘ဒီအရံအတားကို ချိုးဖျက်လိုက်ရင် အထက်ဘုံကို တက်သွားမှာလား’
‘အမတဘုံက ဘယ်နေရာမှာ ရှိနေတာလဲ’
ဟန်ကျွယ်ဟာ ကျယ်ပြန့်လှတဲ့ ကြယ်တွေကို စစ်ဆေးပြီး အမတဘုံကို ရှာဖွေဖို့ကြိုးစားပေမဲ့ ဘာမှရှာမတွေ့ပါဘူး။
“ရှာမနေနဲ့၊ အမတဘုံက အဲဒီမှာမရှိဘူး၊ သေမျိုးဘုံအပြင်ဘက်မှာရှိတဲ့ ကြယ်တွေက အမတနတ်ဘုရားတွေရဲ့ ဝိညာဉ်ရတနာဖြစ်တဲ့ ပန်းချီကားတစ်ချပ်ပဲ၊ သေမျိုးဘုံကို ကောင်းကင်နိယာမက ထိန်းချုပ်ထားတယ်၊ ကောင်းကင်နိယာမက ခွင့်ပြုမှ အထက်ဘုံကိုတက်နိုင်မှာ၊ အထက်ဘုံကိုတက်ဖို့ အနည်းဆုံးလိုအပ်ချက်က အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်ဖို့ပဲ”
စကားပြောသံကို ကြားလိုက်ရတဲ့အတွက် ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါမှာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဧည့်အကြီးအကဲ တုခူ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
“ခင်ဗျားက ဘာလို့ အထက်ဘုံ မတက်သေးတာလဲ”
“ငါ့ကတိကို ဖြည့်ဆည်းဖို့ပဲ၊ ငါ ယွီဂျင်ဂိုဏ်းတော်ကြီးကို နှစ်တစ်ရာစောင့်ကြပ်ပြီးရင် အထက်ဘုံကို တက်မှာ”
တုခူဟာ ဟန်ကျွယ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းတော်ကြီးမှာ တာအိုရောင်းရင်းလိုမျိုး ကျင့်ကြံသူတစ်ဦး ရှိလိမ့်မယ်လို့ ထင်မထားဘူး”
ဒီလိုနေရာကို လာနိုင်ဖို့က အနည်းဆုံး အတိဒုက္ခဖြတ်ကျော်အဆင့် ရှိရပါတယ်။ ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူတွေက ဒီနေရာကို လုံးဝမလာနိုင်ပါဘူး။
“အမှန်အတိုင်းပြောရရင် ကျုပ် ယွီဂျင်ဂိုဏ်းတော်ကြီးကို ရောက်လာတာက တာအိုရောင်းရင်းရဲ့ တပည့်တစ်ဦးရဲ့ တောင်းဆိုမှုကြောင့်ပဲ၊ ဒီကောင်လေးနာမည်က စုချီ၊ သူ့ကို မကောင်းဆိုးဝါးကြီး လော့ချင်းမော့က ဖမ်းသွားတယ်၊ လော့ချင်းမော့က မကောင်းဆိုးဝါးငါးပါးထဲမှာ တစ်ပါးအပါအဝင်ပဲ၊ သူပြောတာတော့ စုချီက မိစ္ဆာသခင်ကို ဆရာအဖြစ် အသိအမှတ်ပြုပြီးတဲ့၊ အခုလော့ချင်းမော့နဲ့ မိစ္ဆာသခင်ပေါ်လာပြီဆိုတော့ ကျင့်ကြံခြင်းလောကကြီးက ဖရိုဖရဲ ထပ်ဖြစ်အုန်းမှာပဲ၊ နှစ်တစ်ရာကြာရင် ကျုပ်နဲ့အတူ တာအိုရောင်းရင်း အထက်ဘုံကို တက်မလား၊ ကျုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် ကူညီလို့ရတာပေါ့” တုခူက လေးလေးနက်နက် ပြောလိုက်ပါတယ်။
‘လော့ချင်းမော့၊ မိစ္ဆာသခင်...’
‘မကောင်းဆိုးဝါးဧကရာဇ်ကလည်း အသက်ပြန်ရှင်လာပြီ’
‘ကြည့်ရတာ နတ်ဆိုးလမ်းစဉ်က အင်အားကြီးလာပုံပဲ’
ဟန်ကျွယ်က ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်လိုက်ပါတယ် “ရပါတယ်၊ ကျုပ်အတွက် အထက်ဘုံတက်ဖို့က စောသေးတယ်၊ အထက်ဘုံကလည်း သေမျိုးဘုံလို ပြဿနာနည်းမှာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအားမရှိမချင်း ကျုပ် အထက်ဘုံ မတက်ဘူး”
တုခူဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် ‘ကြည့်ရတာ ဒီတာအိုရောင်းရင်းက သက်တမ်းအများကြီး ကျန်နေသေးပုံပဲ’
“ဟင်း”
‘သူက တကယ်အရည်အချင်းရှိတဲ့လူပဲ’
ဟန်ကျွယ်က မေးလိုက်ပါတယ် “မကောင်းဆိုးဝါးငါးပါးက ဘယ်သူတွေလဲ”
တုခူက ဘာမှမဖုံးကွယ်ဘဲ ပြန်ဖြေလိုက်ပါတယ် “လော့ချင်းမော့၊ နတ်ဆိုးသခင်၊ သွေးနတ်ဆိုး၊ မိစ္ဆာဘုန်းကြီး၊ ဆံဖြူမိစ္ဆာမ၊ သူတို့ငါးယောက်လုံးက နတ်ဆိုးလမ်းစဉ်မှာ တကယ့်ထိပ်သီးတွေ”
“သူတို့အကုန်လုံးက ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေလား”
“အဲဒါတော့ ကျုပ်လည်း သေချာမသိဘူး၊ ကောင်းကင်ဘုံဝင် ကျင့်ကြံသူ မဟုတ်ဘူးဆိုရင်တောင် အဲဒီရောက်ဖို့ သိပ်မလိုလောက်တော့ဘူး”
“လက်ယာလမ်းစဉ်မှာရော သူတို့ကိုယှဉ်နိုင်တဲ့ ထိပ်သီးတွေ မရှိဘူးလား”
“ရှိတာပေါ့၊ ဒါပေမဲ့ လက်ယာလမ်းစဉ်ရဲ့ ထိပ်သီးအများစုက ခြိုးခြုံတဲ့သူတွေ၊ သူတို့က တစ်ချိန်လုံးဂူအောင်းကျင့်ကြံနေပြီး အထက်ဘုံတက်ဖို့ နီးနေပြီ၊ အများစုက ရန်သူမတိုးချင်တဲ့အတွက် အေးအေးဆေးဆေးနေကြတာ”
ဟန်ကျွယ်ဟာ တုခူစကားကို ကြားပြီးတဲ့နောက် နက်နက်နဲနဲ တွေးတောလိုက်ပါတယ်။
အဲဒီနောက် တစ်ခဏချီတုံချတုံ ဖြစ်နေပြီးမှ ထုတ်ပြောလိုက်ပါတယ် “ကျုပ် ရထားတဲ့ သတင်းအရ မကောင်းဆိုးဝါးဧကရာဇ်က အသက်ပြန်ရှင်လာပြီ၊ ဒီကိစ္စက မကောင်းဆိုးဝါးငါးပါးနဲ့ ဆက်စပ်မှုရှိနေလား”
တုခူဟာ ဟန်ကျွယ်စကားကို ကြားတာနဲ့ မျက်နှာအမူအရာ လုံးဝပျက်သွားပါတယ်။
“မကောင်းဆိုးဝါးဧကရာဇ် ပြန်ရှင်လာတာလား...”
“တာအိုရောင်းရင်း ဒီအကြောင်းတွေကို ဆက်မပြောတာကောင်းတယ်၊ ဂူအောင်းကျင့်ကြံရအောင်”
တုခူဟာ ပြောဆိုပြီးတာနဲ့ ရုတ်ခြည်းပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မကောင်းဆိုးဝါးဧကရာဇ်က အဲဒီလောက် ကြောက်ဖို့ကောင်းတာလား’
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
စောစောတုန်းက တုခူနဲ့ စကားပြောခဲ့ရသလောက် တုခူဟာ မကောင်းတဲ့အကြံမရှိတာ ထင်ရှားပါတယ်။ ဒီလူရဲ့ ကျင့်ကြံမှုက မြင့်မားတယ်ဆိုပေမဲ့ ပြဿနာကြောက်တာကတော့ ဟန်ကျွယ်နဲ့ သိပ်မကွာပါဘူး။ ဒါကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးကို ဒုက္ခပေးမှာမဟုတ်ဘူးလို့ ဟန်ကျွယ် မှတ်ချက်ချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပိုပြီးစိတ်ချရအောင် ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်ဆီက ကောင်းကင်ရုပ်သေးရုပ်တွေကို ပြန်သိမ်းပြီး ရုပ်သေးရုပ်ရဲ့ စွမ်းအားကို အတိဒုက္ခဖြတ်ကျော်အဆင့်ထိရောက်အောင် စိတ်ဝိညာဉ်စွမ်းအား ထပ်ထည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်က ပြန်မလာသေးတဲ့အတွက် ရှင်းဟုန်ရွှမ်ရဲ့ ကောင်းကင်ရုပ်သေးရုပ်ကိုတော့ ပြန်လာမှာပဲ လုပ်ပေးနိုင်မှာပါ။
တစ်လကြာတဲ့အခါမှာတော့ ကောင်းကင်ရုပ်သေးရုပ်နှစ်ရုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ အောင်မြင်စွာ ပြောင်းလဲသွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်နှစ်ရုပ်ကို နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာကို ပြန်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်နဲ့ စကားသိပ်မပြောဘဲ ကောင်းကင်ရုပ်သေးရုပ် ပေးပြီးတာနဲ့ ပြန်လာပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်ကို လျှောက်သွားပြီး ကျင့်ကြံအားထုတ်နေတဲ့ သူ့တပည့်တွေကို ကြည့်လိုက်ပါတယ်။
ဖန်းလျန်က အခြေခံအဆင့် တတိယတန်းကို ရောက်နေပါပြီ။ ရိုးရိုးသားသားပြောရရင် ဖန်းလျန်ရဲ့ အရည်အချင်းက တော်တော်လေးဆိုးပါတယ်။ ဒီလောက် စိတ်ဝိညာဉ်ချီထူထပ်တဲ့ ဝီရိယတောင်မှာတောင် ဖန်းလျန်ရဲ့ ကျင့်ကြံခြင်းအလျင်က တော်တော်လေး နှေးကွေးပါတယ်။
မုရုံချီနဲ့ ရွှင်ချန်အန်းကတော့ ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိသွားပါပြီ။
‘ငါ ဒီကောင်လေးကို ကူညီသင့်လား’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။
ဖန်းလျန်ဟာ ရွှေဓာတ်လုံးအဆင့်ကို ရောက်တာနဲ့ သူ့ကံတရားအထောက်အပံ့က လုံးဝထိုးတက်သွားမှာပါ။ ဟန်ကျွယ်ဟာ အဲဒီအချိန်ကျရင် ဘာဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားသွားပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။