ပြိုင်ပွဲ (၃)
Vol. 001 Ch. 49
လွန်ခဲ့သော နှစ်၂၀အတွင်း ဂိုဏ်းထဲသို့ ဝင်လာသော ရွှမ်တောက်ဂိုဏ်းနှင့် ဟုန်ယွီဂိုဏ်းမှ တပည့် အားလုံးသည် ဤကဲ့သို့ သွေးထွက်သံယို မြင်ကွင်းကို မမြင်ဖူးပေ။
သူတို့အားလုံးသည် တိတ်ဆိတ်သွားပြီး သူတို့၏ နှလုံးသားထဲတွင် တထင့်ထင့် ဖြစ်နေလေသည်။
ဂိုဏ်းခေါင်းဆောင် ဟွမ်လုံ၏ မျက်နှာကလည်း သုန်မှုန်နေပြီး သူက အချိန် အတော်ကြာအောင် တိတ်ဆိတ်နေ၏။ လျိုဖန်းက အလွှာ၆ ဖြစ်သည်ကို မြင်ခဲ့ပေမဲ့ လျိုဖန်းထံတွင် ထိုကဲ့သို့ အားကောင်းသော တိုက်ကွက် ရှိနေမည်ဟု မျှော်လင့် မထားခဲ့ချေ။ လျိုဖန်၏ ရေအကာအကွယ်ကို အနည်းဆုံး အလွှာ၈သို့ မရောက်လျှင် ဖြိုခွဲနိုင်လိမ့်မည် မဟုတ်သည် ကိုလည်း ခန့်မှန်းမိသည်။
ပထမပွဲမှာတင် ဤကဲ့သို့ ဖြစ်သွားသဖြင့် သူ့နှလုံးသားက ခါးသီးမှုကို ခံစားလိုက်ရ၏။ ဟုန်ယွီဂိုဏ်းသည် အကျဘက်ကို ရောက်နေသည်။ ဟွမ်လုံက သူ၏ဂိုဏ်းမှ အကြီးအကဲ ညီအစ်ကိုများကို ကြည့်လိုက်သည့်အခါ သူတို့ခံစားနေရသည့် ခါးသီးမှု ခံစားချက်များကို မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရ၏။
စွန်းတဇူးက လေကို ခပ်ပြင်းပြင်း စုပ်ယူလိုက်သည်… ‘ငိုးမ… တပည့်တစ်ယောက် ကတောင် ငါ့ထက် သန်မာနေတယ်… ဒီလိုတပည့်မျိုး ရွှမ်တောက်ဂိုဏ်းက ဘယ်လို ရလာတာလဲ… ငါ တော်တော် ကံမကောင်းပါလား…’
ဝမ်လင်းက လျိုဖန်းကို လေးလေးနက်နက် ကြည့်နေသည်။ လျိုဖန်းက ရေအကာအကွယ်ကို အသုံးပြုလိုက်ချိန်တွင် သူက လျိုဖန်း၏ ကျင့်စဉ်ကို မြင်လိုက်ရသော်လည်း လျိုဖန်း၏ တိုက်ကွက်ကြောင့် ဝမ်လင်းက အံ့အားသင့်နေဆဲ ဖြစ်၏။
ရွှမ်တောက်ဂိုဏ်း၏ အကြီးအကဲ အိုးယန်က ပြုံးပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်… “သူငယ်ချင်းဟွမ်လုံ… အခု ဒုတိယပွဲမှာ မင်းဘက်က တပည့် အရင် ထွက်လာရမှာနော်…”
ဟွမ်လုံ၏ အကြည့်က ပင်မ တပည့်များဆီသို့ ရောက်သွားပြီး တစ်ယောက်ချင်းစီ သေချာ ကြည့်လိုက်သည်။ တပည့်တိုင်းက အရွေးခံရန် ယုံကြည်ချက် မရှိဟန်ဖြင့် ခေါင်းငုံ့သွားကြ၏။
ထိုအခြင်းအရာကို မြင်လိုက်ရသည့် ဟွမ်လုံက အလွန်ဒေါသ ထွက်သွားသည်။ သူ တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် စွန်းဟိုက အံကြိတ်ပြီး ပြောလိုက်သည်… “ခေါင်းဆောင် … ကျွန်တော်က ပါရမီရှင်တစ်ယောက် မဟုတ်ပေမဲ့… ဒုတိယ အချီအတွက် တိုက်ခိုက် ချင်ပါတယ်…”
အနည်းငယ်သော အကြီးအကဲများ၏မျက်နှာများက အရောင်ပြောင်း သွားပြီး အကြီးအကဲရှုက ပြောလိုက်သည်… “စွန်းဟို… မင်းက အခုမှ အလွှာ၄ကိုပဲ ရောက်သေးတာ ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်စမ်းပါနဲ့…”
စွန်းဟိုက တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်… “တပည့်… တပည့်မှာ တိုက်ကွက်အသစ် ရှိပါတယ်… ကျွန်တော် မနိုင်ရင်တောင် သူတို့ကို မျက်နှာပျက်အောင် လုပ်နိုင်ပါတယ်…” သူ့စိတ်ထဲတွင် တွေးလိုက်သည်… ‘အခု ဘယ်သူမှ မသွားချင်တဲ့အချိန် ငါထွက်လာ လိုက်တော့… ဂိုဏ်းခေါင်းဆောင်က ငါ့အပေါ် အမြင်ကောင်းတစ်ခု ရှိသွားမှာပဲ… ငါ မနိုင်ရင်တောင် ဒီအနံ့ဆိုး ဗုံးနဲ့ဆိုရင် ငါ့ဘက်က အခြေအနေ အရမ်းဆိုးမှာ မဟုတ်ဘူး… တောင်းပန်ပါတယ် လီရှန်… ဒါကို မင်းဆီက ဝယ်ပြီး မင်းတို့ ကောင်တွေအပေါ် သုံးရတော့မယ် … ဒါက ကံကြမ္မာပဲ…”
အရင်ရက်များက အနံ့ဆိုးဗုံး အသုံးပြုနည်းကို လေ့လာခဲ့ရာ တစ်ယောက်တည်း လေ့ကျင့်ခဲ့သော်လည်း မအောင်မြင်သောကြောင့် လီရှန်းထံတွင် သွားမေးပြီး စမ်းကြည့်ရာ နောက်ဆုံးတွင် အကြိမ်ရေ အနည်းငယ်ခန့် အောင်မြင်ခဲ့၏။ သို့သော်လည်း အချိန် မရှိသောကြောင့် နောက်ထပ် မလေ့ကျင့်ခဲ့ရပေ။ အနည်းငယ် ထပ်ကြိုးစားရုံဖြင့် အောင်မြင် သွားမည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။
ဟွမ်လုံက အနည်းငယ် စဉ်းစားပြီး သက်ပြင်း ချလိုက်သည်။ သူက ခေါင်းကို ညိတ်ပြပြီး ပြောလိုက်သည်… “မင်း သွားနိုင်တယ်… မင်းရဲ့တိုက်ကွက် အသစ်ကို ကြည့်နေမယ်…”
စွန်းဟိုက သူ့ကိုယ်ကို မတ်ပြီး စင်မြင့်ပေါ်သို့ တက်သွားပြီး သူက ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းရဲ့ တပည့်စွန်းဟိုက ရွှမ်တောက်ဂိုဏ်းရဲ့ ညွှန်ပြမှုကို ခံယူပါရစေ…”
စွန်းဟိုကို လီရှန်က မြင်လိုက်သောအခါ သူက အလွန် ရယ်ချင်သွား၏။ အကြီးအကဲ အိုးယန်က တပည့်တစ်ယောက်ကို စွန်းဟိုနှင့် ယှဉ်ပြိုင်ရန်အတွက် ရွေးမည်ပြုသောအခါ သူက လျင်မြန်စွာ ရှေ့ထွက်လာပြီး ပြောလိုက်သည်… “အကြီးအကဲ… တပည့်လီရှန် စင်မြင့်ပေါ်တက်ပြီး သူနဲ့ယှဉ်ပြိုင် ချင်ပါတယ်…” လီရှန်က ပြောနေရင်းဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
လီရှန်သည် အကြီးအကဲ အိုးယန်ကို ခေါင်းအမြဲ ကိုက်စေသည့် တပည့်ဖြစ်၏။ သို့သော်လည်း လီရှန်က သူ့အတွက် အကျိုးမရှိလျှင် ဘာမှမလုပ်တဲ့သူ ဖြစ်ကြောင်း အကြီးအကဲအိုးယန် သိသည်။ လီရှန်သွားချင် နေခြင်းသည် လီရှန်က ၁၀၀ရာခိုင်နှုန်း နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်ကို နားလည်လိုက်ပြီး သူ့အား သွားခွင့်ပြု လိုက်သည်။
လီရှန်က စိတ်လှုပ်ရှားစွာဖြင် စင်မြင့်ပေါ်သို့ တက်သွား၏။ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်… ‘အိုး… စွန်းဟို…စွန်းဟို… ဒီလိုဖြစ်လာဖို့ မင်းဘာသာ ဖန်တီးတာပဲ…’
စွန်းဟိုက လီရှန် တက်လာသည်ကို မြင်လိုက်သောအခါ သူ့အမူအရာက ထူးဆန်းလာ၏။
လီရှန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်… “အစ်ကိုစွန်းဟိုရဲ့ တိုက်ကွက် အသစ်လေး ကျွန်တော့်ကို ပြစမ်းပါဦး … ငါ… လီရှန် မင်းရဲ့ တိုက်ကွက်ကို ခံယူဖို့ ဒီမှာ ရပ်နေတယ်…”
စွန်းဟိုက အနည်းငယ် တုံ့ဆိုင်းသွား၏။ သူက ဓားပျံကို အသုံးပြုသည့် နေရာတွင် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူ့လက်က အစီအရင် တစ်ခုကို ပုံဖော်လိုက်သည်နှင့် အနီရောင်ဓားက လျင်မြန်စွာ ပျံသန်းလာပြီး သူ့ဘေး၌ လေထဲတွင် ရပ်တန့်နေသည်။ ဓားမှ အေးစက်စက် အလင်းရောင်များ ထွက်ပေါ်နေ၏။
“သွား…” ဓားပျံက လီရှန်ဆီသို့ လျင်မြန်စွာ ပြေးထွက် သွားသည်။ ထို့နောက် အနံ့ဆိုး ဗုံးအများအပြားကို ထုတ်ယူပြီး အော်ပြောလိုက်သည်… “ငါ့ရဲ့တိုက်ကွက်အသစ်ကို မြည်းစမ်း ကြည့်လိုက်…”
လီရှန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ ဓားပျံကို အလွယ်တကူ ရှောင်လိုက်ပြီး သူ့စိတ်ထဲမှ တွေးလိုက်သည်… “ပေါက်ကွဲစမ်း…”
စွန်းဟိုလက်ထဲမှ အနံ့ဆိုးဗုံးများက မပစ်ရသေးခင်မှာပင် ပေါက်ကွဲသွား၏။ အော်ဂလီဆန်စရာ ကောင်းသော အနံ့ဆိုးများက ပတ်ဝန်းကျင်သို့ ချက်ချင်း ပျံနှံ့သွားသည်။ စွန်းဟို၏ တစ်ကိုယ်လုံးကို အနက်ရောင် အညစ်အကြေးများ ဖုံးလွှမ်းနေပြီး မတ်တတ်ရပ်လျက်ပင် မှင်တက်နေ၏။
သူ မပစ်ရသေးပါဘဲနှင့် အနံ့ဆိုးဗုံးများ ပေါက်ကွဲရသည့် အကြောင်းရင်ကို နားမလည်နိုင်ပေ။
“စောနတုန်းက ငါ အားသုံးတာများသွားလို့လား…”
လီရှန်က ပြောလိုက်သည်… “အစ်ကိုစွန်းဟိုရဲ့ တိုက်ကွက်က တော်တော် ပြင်းတာပဲ… တိုက်ကွက်နာမည်က ဘာလဲ… ကိုယ်ကိုယ်ကို ဖျက်ဆီးခြင်းလား… ငါ မင်းကို ပြောပါတယ်… ဒီအနံ့ဆိုး ဗုံးတွေကို သေချာ ဂရုစိုက်ပါလို့… ဒါပေမဲ့ ထုတ်လိုက်တဲ့ အချိန်မှာ အားအများကြီး သုံးလိုက်တော့ … ပေါက်ကွဲ ကုန်တာပေါ့…”
ရွှမ်တောက်ဂိုဏ်း၏ တပည့်များ အားလုံးထံမှ ရယ်မောသံများနှင့် လှောင်ပြောင်သံများက ကျယ်လောင်စွာ ထွက်လာသည်။
ဟုန်ယွီဂိုဏ်းမှ တပည့်များကလည်း ရယ်မောချင်ပေမဲ့ အကြီးအကဲများ၏ ဒေါသကို မစမ်းရဲပေ။
ဟွမ်လုံက ဒေါသတကြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ လေလှိုင်းတစ်ခုက ဆိုးရွားနံ့စော်နေသော အနံ့အသက်များကို လွင့်စဉ် သွားစေပြီး မှင်တက်နေသည့် စွန်းဟိုကိုပါ ထင်းရှူးတောင်ထိပ်မှ ဟုန်ယွီတောင်ထပ်သို့ ရောက်သွား စေသည်။
အကြီးအကဲအိုးယန်က ပြုံးပြီး ပြောလိုက်သည်… “စွန်းဟိုက သူ့ရဲ့တိုက်ကွက်ကို တလွဲ သုံးလိုက်တဲ့အတွက် သူ့စွမ်းရည် အစစ်အမှန်ကို ငါတို့ မသိရသေးဘူး… ဒီပွဲကို သရေလို့ သတ်မှတ်လိုက်မယ်…” သူက ပြောပြီးသည်နှင့် လီရှန်ကို သဘောကျသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ဟွမ်လုံက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်… “အရှုံးက အရှုံးပဲ… ဘယ်လိုလုပ် သရေဖြစ်ရမှာလဲ…”
အကြီးအကဲ အိုးယန်က ရယ်ပြီး ပြောလိုက်သည်… “ရှုမူ … မင်းသွားလိုက်…”
ရွှမ်တောက်ဂိုဏ်းမှ တပည့်တစ်ယောက် ထွက်လာသည်။ သူ့အသက်က ၂၄၊၂၅နှစ်ခန့် ရှိ၏။ သူက စင်ပေါ်တွင် လက်ပိုက်လျက် ရပ်နေပြီး ဘာမှမပြောချေ။
ဟွမ်လုံက ပင်မ တပည့်များကို မခေါ်ထုတ်တော့ဘဲ ကျောက်စိမ်း အပိုင်းအစလေး တစ်ခုကို ထုတ်ယူပြီး ဖိခြေလိုက်၏။ ကျောက်စိမ်းကို ဖိခြေလိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပနေသော အပြာရောင် အလင်းတန်းတစ်ခုက စင်မြင့်ပေါ်တွင် ပေါ်လာသည်။ ထိုအပြာရောင် အလင်းတန်းထဲမှ လူ၃ယောက် လမ်းလျှောက်ပြီး ထွက်လာ၏။
ထိုလူ ၃ယောက်သည် ခရမ်းရောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့က အလွန် သန်မာသော ဖိအားကို ထုတ်လွှတ်ရာ ပင်မတပည့်များ အံ့အားသင့် ရသည်။
အကြီးအကဲအိုးယန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ထို၃ယောက်ကို သေသေချာချာ စစ်ဆေး ကြည့်လိုက်၏။
ရွှမ်တောက်ဂိုဏ်း၏ နောက်ဘက်မှ သက်လတ်ပိုင်း လူကြီးက ရုတ်တရက် သူတို့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးက အရောင်လက်သွားပြီး တိုက်ခိုက်ချင်စိတ်များ သူ့မျက်လုံးတွင် ပေါ်လာ၏။
ထိုလူ၃ယောက်က ကြည့်နေသည့် ပရိသတ် အားလုံးကို အေးစက်စွာ ကြည့်လိုက်သည်။ အသက်၄၀အရွယ် သက်လတ်ပိုင်းလူက ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းလား… ဟမ့်… လွန်ခဲ့တဲ့နှစ်၂၀က ငါ…လုစုန့် ရှုံးခဲ့တယ်… ဒါပေမဲ့ အခု အချိန်မှာ ငါ ရှုံးမှာ မဟုတ်ဘူး…”
ဝမ်လင်း၏ သူငယ်အိမ်က ကျုံ့သွား၏။ ထိုလူ၃ယောက်ထဲတွင် ဂိုဏ်းတူအစ်ကို ကျန်းခွမ်း တစ်ယောက်သာ သူ သိလေသည်။
ဟွမ်လုံက ပြတ်သားစွာ ပြောလိုက်သည်… “လုစုန့် … ဒီတစ်ကြိမ် မင်း သွားလိုက်…”
လုစုန့်က ခေါင်းညိတ်လိုက်၏။ သူ့ဘေးမှ လူနှစ်ယောက်က စင်မြင့်ပေါ်မှ ဆင်းသွားပြီး ဟွမ်လုံ၏ဘေးတွင် သွားရပ် နေလိုက်ကြသည်။
“ဂိုဏ်းတူအစ်ကို လုစုန့်လား… အစ်ကိုလုစုန့်က လွန်ခဲ့တဲ့နှစ်၂၀ကတည်းက အလွှာ၆ကို ရောက်နေတာတဲ့… ဒီတစ်ကြိမ်ကတော့ ငါတို့ ဟုန်ယွီဂိုဏ်း ကျိန်းသေနိုင်ပြီ…”
***