← Chapters

ဝူတောက်ကျန့်

Vol. 8 Ch. 120

ဝူတောက်ကျန့်

Vol. 8 Ch. 120

အခန်း (၁၂၀) ဝူတောက်ကျန့်

“မင်း မြင်ဖူးတာလား” ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ကြည့်လိုက်ပြီး ဂရုတစိုက် ‌မေးလိုက်ပါတယ်။

“ကျွန်မရဲ့... အမတနတ်ဘုရားက အဲဒီကျောက်တုံးကို ကိုင်ပြီး ကျင့်ကြံအားထုတ်တာ တွေ့ဖူးတယ်”

‘အမတနတ်ဘုရား အသုံးပြုတဲ့ ကျောက်တုံးလား’ ဟန်ကျွယ်ဟာ သူ့လက်ထဲက ခရမ်းရင့်ရောင် ကျောက်တုံးကိုကြည့်ပြီး အတွေးနက်သွားပါတယ်။

ဟန်ကျွယ်ဟာ နတ်အာရုံကိုအသုံးပြုပြီး ကျောက်တုံးကို အသေးစိတ် စစ်ဆေးပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ ဟန်ကျွယ် ဘယ်လိုပဲစစ်ဆေး စစ်ဆေး သာမန်စိတ်ဝိညာဉ်ကျောက်တုံးသာ ဆိုတာကို တွေ့လိုက်ရပါတယ်။ အထဲပါဝင်တဲ့ စိတ်ဝိညာဉ်စွမ်းအားက တစ်ခြားစိတ်ဝိညာဉ်ကျောက်တုံးတွေထက် ပိုများနေတာ တစ်ခုတည်းပါ။

ဟန်ကျွယ်ဟာ ကျောက်တုံးမှ, ဘာအစွမ်းရှိလဲ သိချင်တာကြောင့် မိုးမြေမြက်ပင်ဘေးနားကို ပစ်ချပေးလိုက်ပါတယ်။ ဒီကျောက်တုံးက ရိုးရိုးသာမန် စိတ်ဝိညာဉ်ကျောက်တုံးဆိုရင် အမတနတ်ဘုရားက နေ့တိုင်းလိုလို ကိုင်ထားစရာ အကြောင်း လုံးဝမရှိပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်တစ်ယောက် ကျင့်ကြံခြင်းနဲ့ အလုပ်များနေတုန်းမှာပဲ ကျင့်ကြံခြင်းလောကကြီးဟာ ဝရုန်းသုန်းကား စဖြစ်လာပါတယ်။

မိစ္ဆာကျင့်ကြံဿူတွေဟာ ပိုပိုပြီးလှုပ်ရှားလာတဲ့အတွက် လက်ယာကျင့်ကြံသူတွေကို စိုးရိမ်ပူပန်စိတ် များလာစေပါတယ်။

အရင်တစ်ခေါက် ကြီးမြတ်တဲ့စပါးအုံးစိမ်း ထကြွတုန်းက လက်ဝဲဂိုဏ်းတွေအကုန်လုံးဟာ တစ်ချိုးတည်း လစ်သွားပြီး လက်ယာဂိုဏ်းတွေပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းနဲ့ တိုက်ခိုက်ခဲ့ရတာပါ။ အဲဒါကြောင့် ကြီးမြတ်တဲ့စပါးအုံးစိမ်း သေဆုံးသွားတဲ့နောက်မှာ လက်ယာဂိုဏ်းတွေက လက်ဝဲဂိုဏ်းတွေထက် အင်အားနည်းနေပါတယ်။

ဒီလိုအခြေအနေမှာ မိစ္ဆာကျင့်ကြံသူတွေရဲ့ သောင်းကျန်လာမှုကို လက်ယာဂိုဏ်းတွေက မျက်စိမှိတ်ပြီး လျစ်လျူရှူထားရပါတယ်။ ဒီနောက်မှာတော့ သတင်းတစ်ခုဟာ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တဟုန်ထိုး ပျံ့နှံ့သွားပါတယ်။

လွန်ခဲ့တဲ့နှစ်ထောင်ချီက မကောင်းဆိုးဝါးဧကရာဇ် အသက်ပြန်ရှင်လာပြီ။ မကောင်းဆိုးဝါးဧကရာဇ်က မိစ္ဆာကျင့်ကြံသူတွေ အုပ်ချုပ်မဲ့ နတ်ဆိုးအင်ပါယာကို ထူထောင်ချင်တယ်။ အဲဒီအတွက် မကောင်းဆိုးဝါးဧကရာဇ်က သူနဲ့ လက်တွဲမဲ့ မိစ္ဆာကျင့်ကြံသူတွေကို ရှာဖွေစုဆောင်းနေတယ်။

ဒီသတင်းပျံ့နှံ့ပြီး မကြာခင်မှာပဲ မကောင်းဆိုးဝါးဧကရာဇ်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီအမျိုးမျိုးဟာ ကျင့်ကြံခြင်းလောကတစ်ခုလုံကို ထပ်ပျံ့နှံ့ပါတယ်။

ခုနစ်နှစ်အကြာမှာတော့ မကောင်းဆိုးဝါးဧကရာဇ် အသက်ပြန်ရှင်လာတဲ့သတင်းဟာ ရန်ဒေသကို ရောက်လာပါတယ်။ ဒီအချိန်မှာ မကောင်းဆိုးဝါးဧကရာဇ်က နတ်ဆိုးအင်ပါယာကို ထူ‌ထောင်ပြီးဖြစ်ကာ ဒေသတစ်ခုကို အုပ်ချုပ်နေပါပြီ။

တာအိုသခင်ကျိုးတိဟာ အကြီးအကဲတွေနဲ့ အဓိတောင်ထိပ်ခန်းမမှာ တွေ့ဆုံပါတယ်။ ဒီဆွေးနွေးပွဲကို လီချင်းဇဲ့လည်း ရောက်လာပါတယ်။ လီချင်းဇဲ့ဟာ မကောင်းဆိုးဝါးဧကရာဇ် အသက်ပြန်ရှင်လာတာကို ကြားလိုက်ရတဲ့အခါမှာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။

“ဟင်း... လောကကြီးက ထပ်ပြီး ဝရုန်းသုန်းကား ဖြစ်အုန်းမှာပဲ”

“ဘာကြောက်စရာ ရှိလို့လဲ၊ မကောင်းဆိုးဝါးဧကရာဇ်က ကျုပ်တို့နဲ့ အဝေးကြီး”

“ကျင့်ကြံခြင်းလောကမှာ လက်ယာ လက်ဝဲဂိုဏ်းတွေက တစ်လှည့်စီ အင်အားကြီးနေတာ၊ ဒါကြောင့်လည်း သူရဲကောင်းတွေ အများကြီးရှိနေတာ၊ ကျုပ်တို့တွေ သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး”

“ဟုတ်တယ်၊ ကြီးမြတ်တဲ့စပါးစိမ်းတုန်းကလည်း အရမ်းစွမ်းအားကြီးတာပဲလေ၊ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း သေရတာပဲ”

“မကောင်းဆိုးဝါးဧကရာဇ် ကျင့်ကြံခြင်းလောကကို စုစည်းတာက နှစ်ထောင်ချီကြာခဲ့ပြီ၊ အခုအချိန်က အရင်တုန်းကလို မဟုတ်တော့ဘူး”

…

တာအိုသခင်ကျိုးတိဟာ လီချင်းဇဲ့ရဲ့ ထူးဆန်းတဲ့မျက်နှာထားနဲ့ တစ်စုံတစ်ခုပြောချင်နေတာကို သတိထားမိသွားပါတယ်။ အဲဒီနောက် တာအိုသခင်ကျိုးတိဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားတာကြောင့် မေးလိုက်ပါတယ်။

“အကြီးအကဲလီက မကောင်းဆိုးဝါးဧကရာဇ် အကြောင်းကို လွန်ခဲ့နှစ်တွေက စုံစမ်းခဲ့တယ်နော်၊ တစ်ခုခုသိထားတာများ ရှိလို့လား”

လူတိုင်းရဲ့အကြည့်တွေဟာ လီချင်းဇဲ့ဆီ ချက်ချင်း ရောက်သွားပါတယ်။

လီချင်းဇဲ့ဟာ တုံ့ဆိုင်းသွားပါတယ် “လွန်ခဲ့တဲ့နှစ်အနည်းငယ်က မကောင်းဆိုးဝါးဧကရာဇ်အကြောင်းကို စုံစမ်းပေးဖို့ နတ်သတ်အကြီးအကဲက ကျုပ်ကို တောင်းဆိုခဲ့တယ်၊ နတ်သတ်အကြီးအကဲက တစ်ခုခုကို ကြိုမြင်ထားတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူက ကျုပ်ကို အများကြီးမပြောဘူး၊ ဒီကိစ္စကို တစ်ခြားလူတွေ မသိလေကောင်းလေပဲ”

တာအိုသခင်ကျိုးတိဟာ မျက်မှောင်ကြုတ်သွားပြီး အကြီးအကဲတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် တီးတိုးစကားဆိုကြပါတယ်။

ကွမ်းယိုကုန်းက အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “နတ်သတ်အကြီးအကဲက ကျင့်ကြံခြင်းလောကမှာ ဒီလိုကပ်ဘေးဆိုက်မှာကို ကြိုသိနေတာလား၊ ကျုပ်တို့ကို မပြောတာက ကျုပ်တို့တွေ စိုးရိမ်လွန်မှာစိုးလို့နဲ့ တူပါတယ်”

အကြီးအကဲတွေဟာ ကွမ်းယိုကုန်းရဲ့စကားကို သ‌ဘောတူကြပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အဓိကထောက်တိုင်က နတ်သတ်အကြီးအကဲဆိုတာကို အကြီးအကဲအားလုံး သိကြပါတယ်။ နောက်ပြီး ဒီကပ်ဘေးက နည်းနည်းစုံစမ်းလိုက်ရုံနဲ့ ကပ်ဘေးသေးသေးလေး မဟုတ်ဘူးဆိုတာကို မှန်းဆနိုင်ပါတယ်။

“ဒီလိုဆိုမှတော့ ဂိုဏ်းတာဝန်မှန်သမျှကို ရန်ဒေသတစ်ခုတည်းပဲ ထားလိုက်၊ ရန်ဒေသ အပြင်မှာရှိနေတဲ့ တပည့်အကုန်လုံးကိုလည်း ချက်ချင်း ပြန်လာခိုင်းလိုက်” တာအိုသခင်ကျိုးတိက အမိန့်ပေးလိုက်ပါတယ်။

လျူပုမီက ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... ကောင်းကင်သွေးမီးလျှံဂိုဏ်းကိုလည်း ရန်ဒေသဆီ ရွှေ့လို့ရမလား”

တာအိုသခင်ကျိုးတိဟာ ခေါင်းခါလိုက်ပါတယ် “ရန်ဒေသက မင်းတို့တွေ ကျင့်ကြံဖို့အတွက် နေရာသိပ်မရှိတော့ဘူး၊ ပေါ်တယ်သာ ဆောက်လိုက်ပါ”

“ကောင်းပြီလေ”

ဒီလိုနဲ့ အကြီးအကဲတွေအားလုံး အလုပ်များသွားကြပါတယ်။

ဟန်ကျွယ်ကတော့ ဒီကိစ္စတွေကို မသိဘဲ ဂူအောင်းကျင့်ကြံနေတုန်းပါ။ ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် စတုတ္ထအဆင့်ကိုရောက်ဖို့ အကွာအဝေးတစ်ခု လိုနေပါသေးတယ်။

ဒီနေ့မှာတော့ မိုးမြေမြက်ပင်ဟာ လူသားအသွင်ကို စတင်ပြောင်းလဲစ ပြုလာပါတယ်။ ထူးဆန်းတာက ဒီလိုအသွင်ပြောင်းရာမှာ ကောင်းကင်စမ်းသပ်မှုကို လုံးဝမကြုံတွေ့ရပါဘူး။ နတ်ဆိုးတွေက ကောင်းကင်စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှ လူသားအသွင်ကို ရရှိနိုင်တာပါ။

ဟန်ကျွယ်ဟာ ဘေးနားက ခရမ်းရင့်ရောင်ကျောက်တုံးကို ကြည့်လိုက်ပါတယ် ‘ဒီကျောက်တုံးကြောင့်လား’

မိုးမြေမြက်ပင်ဟာ စူးရှအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက စိတ်ဝိညာဉ်ချီတွေဟာ မိုးမြေမြက်ပင်ရဲ့ ကိုယ်ထဲကို စုပြုံတိုးဝင်သွားပါတယ်။

ဟန်ကျွယ် မျက်လုံးပေါက်တွေကို ကျဉ်းလိုက်ပါတယ် ‘ဒါက ပိုကီမွန် ဆင့်ကဲ့ပြောင်းလဲတာလား’

ဟန်ကျွယ်ဟာ ပျင်းစရာကောင်းတဲ့ ဒီနှစ်တွေမှာ အရင်ဘဝအကြောင်းကို ပြန်တွေးပြီး အထီးကျန်ဆန်မှုကို ဖြေဖျောက်လေ့ရှိပါတယ်။

ခြောက်နာရီနီးပါး ကြာပြီးနောက်။

‌နောက်ဆုံးမှာတော့ မိုးမြေမြက်ပင်ဟာ လူသားအသွင်ကို အောင်မြင်စွာ ပြောင်းလဲနိုင်သွားပါတယ်။ ဒါပေမဲ့ မိုးမြေမြက်ပင်ရဲ့ လူသားအသွင်က ဟန်ကျွယ်ထင်ထားတာနဲ့ နည်းနည်းကွဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ချစ်စရာကောင်းတဲ့ မိန်းကလေး မဟုတ်ဘဲ အေးစက်တဲ့မျက်နှာထားနဲ့ အမျိုးသမီး ဖြစ်နေတာကြောင့်ပါ။

ဟန်ကျွယ်ဟာ စကြာဝဠာခါးပတ်ထဲက တာအိုဝတ်ရုံကို ထုတ်ယူလိုက်ပြီး မျက်နှာတစ်ချက်မပြတ်ဘဲ မိုးမြေမြက်ပင်ဆီ ပစ်ပေးလိုက်ပါတယ်။

မိုးမြေမြက်ပင်ဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ပြီးတဲ့နောက်မှာ ပြုံးလိုက်ပါတယ် “သခင်... ကျွန်မ ကြည့်ကောင်းလား”

“ကောင်းပါတယ်”

“ဒါက ကျွန်မသခင်ဟောင်းရဲ့ ပုံစံပဲ”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး မိုးမြေမြက်ပင်ကို သေချာကြည့်လိုက်ပါတယ်။ မိုးမြေမြက်ပင်ဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတာကြောင့် ပိုလို့တောင် အေးစက်သွားပါတယ်။ ပိတုန်းရောင် ဆံနွယ်စတွေဟာ ပြန့်ကျဲနေပြီး တောက်ပတဲ့ မျက်လုံး၊ ဖြောင့်စင်းတဲ့နှာတံ၊ နီရဲတဲ့နှုတ်ခမ်းတို့က ပြီးပြည့်စုံတဲ့အလှတစ်ခုကို ဖော်ကျူးနေပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် မိုးမြေမြက်ပင်ရဲ့ ရုပ်ရည်က တကယ်ကို နတ်သမီးတစ်ပါးရဲ့ အလှမျိုးပါ။

ဟန်ကျွယ် သိတဲ့ မိန်းမတွေထဲမှာ နတ်မိမယ်ရှီရွှမ်ကပဲ မိုးမြေမြက်ပင်ရဲ့ ရုပ်ရည်ကို ယှဉ်ပြိုင်နိုင်ပါတယ်။

“သခင်... အခုအချိန်ကစပြီး ကျွန်မနာမည်ကို ဝူတောက်ကျန့်လိုခေါ်ရင် ဘယ်လိုနေမလဲ” မိုးမြေမြက်ပင်ဟာ သူ့ခန္ဓာကိုယ်ကို လူးလွန့်ရင်း မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်နှာတွန့်သွားပါတယ် ‘ဝူတောက်ကျန့်... ဒီလောက်လှတဲ့ရုပ်ရည်နဲ့ ဒီနာမည်က မလိုက်ဘူးထင်တယ်၊ ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် နာမည်တစ်ခုပဲဟာကို’ ဟန်ကျွယ်ကို နာမည်စဉ်းစားရမှာ ပျင်းတာကြောင့် သဘောတူလိုက်ပါတယ်။

“အင်း.. ကောင်းတယ်”

အခုအချိန်ကစပြီး မိုးမြေမြက်ပင်ဟာ ဝူတောက်ကျန့် ဖြစ်သွားပါပြီ။

ဝူတောက်ကျန့်ဟာ မျက်လုံးလေး ကလည်ကလည်လုပ်ပြီး မေးလိုက်ပါတယ် “သခင်... ကျွန်မကို အခု ဓားတာအို သင်ပေးလို့ရမလား”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကြည့်ရတာ တစ်မျိုး ဖြစ်နေပါတယ်။ အရင်က မိုးမြေမြက်ဟာ ငယ်ရွယ်ပြီး ချစ်စဖွယ်ကောင်းတဲ့ မိန်းကလေးလိုမျိုးပါ။ အခုဝူတောက်ကျန့်ကတော့ အလွန်ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်လို ဖြစ်နေပါတယ်။ ဒီပုံစံနှစ်ခုက တော်တော်လေးကို ကွာခြားလွန်းပါတယ်။

“ကောင်းပြီ၊ ငါ မင်းကို ပြိုင်ဘက်ကင်းဓားလက်ချောင်းသိုင်း သင်ပေးမယ်”

ဒီလိုနဲ့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဓားတာအို အခြေခံကစပြီး တစ်ဆင့်ချင်း သင်ကြားပေးပါတယ်။

…

အချိန်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတယ်။

ကျင့်ကြံခြင်းလောကကြီးဟာ ပင်လယ်ပြင်လိုပဲ တစ်ခါတစ်ရံ တည်ငြိမ်ပြီး တစ်ခါတစ်ရံ မုန်တိုင်းထန်ပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဆက်ရှိနေပါတယ်။

ဆယ့်သုံးနှစ် ကုန်ဆုံးသွားပြီးနောက် ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော် စတုတ္ထအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီနှစ်တွေမှာ ကျေနပ်စရာကောင်းတဲ့ အချက်တစ်ချက်ကို တွေ့လိုက်ရပါတယ်။ အဲဒါက ခရမ်းရင့်ရောင် ကျောက်တုံး ရောက်လာကတည်းက ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ စိတ်ဝိညာဉ်ချီဟာ ဆက်တိုက်တိုးတက်လာပြီး ဟန်ကျွယ်ကျင့်ကြံခြင်းအလျင်ကို အရင်လို ပြန်မြန်သွားစေပါတယ်။

ဝူတောက်ကျန့်ရဲ့ အရည်အချင်းက ဟန်ကျွယ်ကို တအံတဩ ဖြစ်စေပါတယ်။ ဝူတောက်ကျန့်ဟာ လူသားအသွင် ပြောင်းလဲပြီးကတည်းက ကျင့်ကြံမှုတွေ တဟုန်ထိုး တက်လာပါတယ်။ ဝူတောက်ကျန့်ဟာ ဓားတာအိုမှာ တကယ်အရည်အချင်းရှိပြီး ဟန်ကျွယ်ရဲ့ အခြားတပည့်တွေထက် အများကြီး သာလွန်ပါတယ်။

အခုလက်ရှိမှာ ဝူတောက်ကျန့်က ပြိုင်ဘက်ကင်းဓားလက်ချောင်းနဲ့ အရိပ်သုံးပါးဓားသိုင်းကို တက်ကျွမ်းသွားခဲ့ပါပြီ။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဓားတာအို ဆက်ပြီး မသင်ပေးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်ရဲ့ ကျင့်ကြံမှုက အားနည်းသေးတာကြောင့် အဆင့်မြင့်ဓားပညာတွေကို မထိန်းချုပ်နိုင်သေးလို့ပါ။

ဒီလိုနဲ့ နှစ်ဝက်ကုန်ဆုံသွားပြီး ရှင်းဟုန်ရွှမ်တစ်ယောက် ပြန်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဝူတောက်ကျန့်ကို မြင်တာနဲ့ မျက်နှာပျက်သွားပါတယ် “နင်က ဘယ်သူလဲ”

ဝူတောက်ကျန့်က ပြန်ဖြေလိုက်ပါတယ် “ဝူတောက်ကျန့်”

‘ဒါက ဘယ်လိုထူးဆန်းတဲ့ နာမည်ကြီးလဲ’ ရှင်းဟုန်ရွှမ်ဟာ မပျော်မရွှင် ဖြစ်လာပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “အပြင်ထွက်ပြီး သွားလေ့ကျင့်ချည်”

‘အပြင်ထွက်ရမှာလား’ ဝူတောက်ကျန့်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ်။ ဒီဟာက ဝူတောက်ကျန့်အတွက် ကျင့်ကြံခြင်းလိုဏ်ဂူကနေ ပထမဆုံးအကြိမ် မောင်းထုတ်ခံရတာပါ။

ဒါပေမဲ့လည်း ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကို မလိုက်နာဘဲ မနေရဲတာကြောင့် မနာလိုဝန်တိုစွာနဲ့ပဲ လိုဏ်ဂူအပြင်ဘက်ကို ထွက်သွားရပါတယ်။

ရန်ထျန်တုန်းနဲ့ တစ်ခြားသူတွေဟာ လိုဏ်ဂူထဲက ထွက်လာတဲ့ ဝူတောက်ကျန့်ကို မြင်လိုက်ရတဲ့အခါမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။

‘ဆရာသခင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဘယ်လိုဖြစ်ပြီး နတ်မိမယ်တစ်ပါး ရောက်နေတာလဲ’

“သူက ငါ ပြုစုပြိုးထောင်ခဲ့တဲ့ မြက်ပင်က အသွင်ပြောင်းလာတာ၊ သူက ငါ့ကျင့်ကြံခြင်းလိုဏ်းဂူရဲ့ စိတ်ဝိညာဉ်ချီကို သိပ်သည်းစေတယ်” ဟန်ကျွယ်က ရိုးရိုးရှင်းရှင်းပဲ ရှင်းပြလိုက်ပါတယ်။

‘မြက်ပင်’

ရှင်းဟုန်ရွှမ်က စောဒကတက်ပါတော့တယ် “ယောက်ျား... မိန်းမလိုချင်တယ်ဆိုရင် ကျွန်မကို ပြောပါ၊ ကျွန်မကို ထပ်ပြီးမထွက်တော့ဘူး၊ ကျွန်မ ဒီလိုဏ်ဂူကိုရွှေ့ပြီး ယောက်ျားကို တစ်ချိန်လုံး အဖော်ပြုပေးမယ်လေ”

“အဲဒီအကြောင်းကို တွေးတောင်မတွေးနဲ့၊ ငါ့ကျင့်ကြံမှုကို မနှောင့်ယှက်စမ်းပါနဲ့”

“ဒါပေမဲ့ ကျွန်မက ရှင့်ကို အရမ်းသတိရနေတာလေ”

“မင်းမှာ ကောင်းကင်ရုပ်သေးရုပ် ရှိနေတာကို မလုံလောက်သေးဘူးလား”

“ဟမ်...”

ရှင်းဟုန်ရွှမ်ရဲ့ ချောမောလှပတဲ့ မျက်နှာလေးဟာ ချက်ချင်းဆိုသလို နီမြန်းသွားပါတယ် ‘ယောက်ျားက ငါ အဲဒါတွေ လုပ်နေတာကို သတိထားမိတာလား’

ဟန်ကျွယ်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား”

ဟန်ကျွယ်တကယ် မေးချင်တာက ဘာရတနာပါလဲဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ဒီလိုတိုက်ရိုက်မေးရင် ရှင်းဟုန်ရွှမ်ရဲ့ ခံစားချက်တွေကို ထိခိုက်စေမှာစိုးတာကြောင့် သွယ်ဝိုက်ပြီး မေးလိုက်တာပါ။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters