ပြိုင်ပွဲ (၄)
Vol. 001 Ch. 50
“သူက လုစုန့်လား… အကြီးအကဲတွေဆီက ကြားတာကတော့ သူက ဟုန်ယွီဂိုဏ်းရဲ့ နံပါတ်၁ပါရမီရှင်တဲ့… ရွှမ်တောက်ဂိုဏ်း ကတော့ ဒီတစ်ခါ ကျိန်းသေရှုံးပြီးပဲ…”
“ဂိုဏ်းတူအစ်ကိုလု… အစ်ကိုလုက ကျွန်တော့်ရဲ့စံပြပဲ…”
ဟုန်ယွီဂိုဏ်း၏ တပည့်များက စိတ်လှုပ်ရှားစွာ အားပေးနေကြ၏။ ယခင်နှစ်ပွဲကြောင့် အောက်သို့ ထိုးကျနေသည့် သူတို့၏ စိတ်ဓာတ်များက တစ်ဖန် ရှင်သန်လာသည်။
ဟွမ်လုံကလည်း မသိမသာလေး ပြုံးလိုက်သည်။ သည်တစ်ကြိမ်တွင် လုစုန့်ပြိုင်သည့် အတွက် ကျိန်းသေနိုင်ရမည်ဟု တွေးထားလေသည်။
လုစုန့်ကို ဝမ်ကျောက်က မနာလိုသည့် အကြည့်ဖြင့် ကြည့်ပြီး နှာခေါင်း ရှုံ့လိုက်၏။
ရွှမ်တောက်ဂိုဏ်း၏ တပည့်များတောင်မှ အံ့ဩကုန်ကြ၏။ လွန်ခဲ့သော နှစ်၂၀က လုစုန့်၏ ကျော်ကြားမှုကို သူတို့ ကြားဖူးကြသည်။ ထိုနှစ်က လုစုန့်သည် ပြိုင်ပွဲ၌ ရှုံးနိမ့် သွားရသော်လည်း အကြီးအကဲများ၏ စိတ်ထဲတွင် သူ့ကို မှတ်မှတ်သားသား ရှိသွား၏။
အကြီးအကဲ အိုးယန်၏ မျက်နှာက သုန်မှုန်သွားပြီး ပြောလိုက်သည်… “ရှုမူ… မင်းရဲ့စွမ်းအား အပြည့် သုံးနိုင်ဖို့အတွက် ဘိုးဘေး အစီအရင်ကို ဖယ်ရှားဖို့ ခွင့်ပြုတယ်…”
ရှုမူ၏ အမူအရာကလည်း လေးနက်သွား၏။ သူက အင်္ကျီရှေ့ခြမ်းကို ဖွင့်လိုက်ရာ အဝါရောင် အဆောင်စာရွက် တစ်ရွက် သူ့ရင်ဘတ်ပေါ်တွင် ပေါ်လာသည်။
ဟုန်ယွီဂိုဏ်း၏ အကြီးအကဲများ မှင်တက်သွားကြ၏။ အဆောင်စာရွက်ကို သေချာ ကြည့်လိုက်သောအခါ သူတို့မျက်နှာတွင် အံ့ဩသည့် အမူအရာများ ပေါ်လာသည်။
ဟွမ်လုံက မေးလိုက်သည်… “သူငယ်ချင်း အိုးယန်… ဒီအဆောင်စာရွက်က…”
အကြီးအကဲ အိုးယန်၏ မျက်လုံးများက အရောင်လက် သွားပြီး ဂရုမစိုက်သည့် ဟန်ဖြင့် ပြောလိုက်သည်… “ဟွမ်လုံ… ဒီစာရွက်ကို တခြားအချိန်မှာ ငါ ရှင်းပြပါ့မယ်… ဒီနေ့ပြိုင်ပွဲမှာ နောက်ထပ် အခြေအနေတစ်ခုကို ထပ်ပေါင်းမယ်… ငါတို့ ရွှမ်တောက်ဂိုဏ်းက ဒီတစ်ကြိမ် ထပ်နိုင်ရင် ဟုန်ယွီတောင်ကို နှစ်၅၀၀ ငါတို့ကို ငှားလိုက်ရမယ်…”
လူတိုင်း၏ မျက်နှာအမူအရာက ပြောင်းလဲ သွား၏။ ဟွမ်လုံက သူ့မျက်လုံးကို ကျုံ့လိုက်ပြီး ပြောသည်… “လာနောက်နေတာလား… သူငယ်ချင်းအိုးယန်…”
အကြီးအကဲ အိုးယန်က ခေါင်းကို ခါပြီး ပြောလိုက်သည်… “ဟွမ်လုံ… မင်းလည်း မြင်တာပဲ… စဦးဝိညာဉ် အဆင့်ကို မရောက်သေးတဲ့သူ တစ်ယောက်က ဒီအဆောင်ကို ဖန်တီးပြုလုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ငါ မင်းကို အမှန်အတိုင်း ပြောပြပေးပါ့မယ်… ငါတို့ ရွှမ်တောက်ဂိုဏ်းရဲ့ ဘိုးဘေး တစ်ယောက်က အဆင့် ၄တိုင်းပြည်ရဲ့ စစ်ပွဲကနေပြန်လာပြီး… သူက ငါ့ကို ပြောပြတယ်… ရွှမ်တောက် ဂိုဏ်းရဲ့ ဘိုးဘေးတွေအားလုံး သေသွားပြီးတဲ့…”
ဟွမ်လုံး၏မျက်နှာ ပျက်ယွင်းသွားပြီး အချိန်တော်တော် ကြာသည့် တိုင်အောင် စဉ်းစားနေပြီးမှ ပြောလိုက်၏… “အကြီးအကဲအိုးယန်… ပေါက်ကရ ပြောနေတာတွေကို ရပ်လိုက်တော့… မဟုတ်ရင် ဟုန်ယွီဂိုဏ်းက ကြင်နာမှု မရှိဘူးလို့ အပြစ်မတင်နဲ့…”
အကြီးအကဲ အိုးယန်က ပြုံးပြီး ပြောလိုက်သည်… “ငါတို့ ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီတောင်ကို အင်အားသုံး မလုယူရတဲ့ အကြောင်းရင်က ငါတို့ရဲ့ ခင်မင်မှုကြောင့်ပဲ… ဒါကြောင့် ဒီပြိုင်ပွဲမှာ ထည့်သွင်း လိုက်ရတာပဲ… ဟုန်ယွီဂိုဏ်းက ဒီတစ်ကြိမ်မှာ နိုင်ရင် ငါတို့ ထွက်သွား ပေးပါ့မယ်… ငါ့ဘက်က ပြောပြီး သွားပြီဆိုတော့ ပြိုင်ပွဲကို ဆက်လိုက်ရအောင်…”
ဟုန်ယွီဂိုဏ်း၏ တပည့်အားလုံးသည် စိတ်ရှုပ်ထွေး သွားကုန်၏။ အားလုံး၏ ရင်ထဲတွင် အလွန်ကြီးသော ကျောက်တုံးကြီး ဆွဲထားသလို လေးလံနေပြီး ကောင်းကင်ကြီးတောင် မှောင်သွား သကဲ့သို့ ခံစားရသည်။
ဝမ်လင်းလည်း ထိတ်လန့်သွား၏။ စစ်ထူနန် ပြောသကဲ့သို့ ကျင့်ကြံခြင်း လောကကြီးကို အဆင့်နှင့် ခွဲခြားထားဟန် တူသည်။
စွန်းတဇူး၏ မျက်နှာက ဖြူရော်သွားပြီး ရေရွတ်လိုက်၏… “ပြီးသွားပြီး… အားလုံးပြီးသွားပြီ… ဟုန်ယွီဂိုဏ်းရဲ့ ဘိုးဘေးတွေအားလုံး သေသွားပြီ… ငါတို့ဂိုဏ်းရဲ့ အခြေအနေကို ထိန်းဖို့ တခြားဂိုဏ်းတွေကို ဘိုးဘေးတွေနဲ့ ခြိမ်းခြောက်လို့ ရသေးတယ်… အခုတော့ အားလုံးပြီးသွားပြီ… သေစမ်း… လွန်ခဲ့တဲ့ နှစ်၅၀၀က အဆင့်၄နိုင်ငံက မကျူးကျော်ခဲ့ရင် စဦးဝိညာဉ် အဆင့်အားလုံး ကိုလည်း ဆင့်ခေါ်ခံရမှာ မဟုတ်ဘူး… ဟုန်ယွီဂိုဏ်းလည်း ဒီလို အခြေအနေရောက်မှာ မဟုတ်ဘူး…”
ဟွမ်လုံက သူ၏ဂိုဏ်းတူ ညီအစ်ကိုများနှင့် ပင်မတပည့်များ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များကို မြင်နေရသည်။ သူ့ရင်ထဲမှ အပူများကို ဖိနှိပ်ထိန်းချုပ်ပြီး အော်ပြောလိုက်သည်… “ဟုန်ယွီဂိုဏ်းက လူတိုင်း အထိတ်တလန့် ဖြစ်နေတာတွေကို ရပ်လိုက်… အမှန်ဟုတ်လား၊ မဟုတ်ဘူးလားကို အမြုတေဖွဲ့တည်ခြင်း အဆင့်က အကြီးအကဲတွေ စစ်ဆေးလိမ့်မယ်… မင်းတို့က ဘာတွေ စိုးရိမ်နေကြတာလဲ… လုစုန့် ပြိုင်ပွဲကို စလိုက်တော့…”
လုစုန့်က အကြီးအကဲ အိုးယန်၏ စကားကြောင့် အံ့အားသင့် သွားသော်လည်း ချက်ချင်း တည်ငြိမ်မှုကို ပြန်ရသွား၏။ သူက ပါးစပ်ကို ဟလိုက်ရာ ခရမ်းရောင်မြူများ ထွက်လာပြီး ကြီးမားသော လက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှုမှုကို လှမ်းဆွဲလိုက်သည်။
ရှုမူ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ စကားတစ်ခွန်းမျှ မပြောဘဲ သိုလှောင်အိတ်ကို အရှိန်ပြင်းပြင်း ရိုက်လိုက်ရာ သိုလှောင်အိတ်မှ ရွှေရောင်အလုံး ၆လုံးက ခရမ်းရောင် လက်ကြီးဆီသို့ ပြေးထွက်သွား၏။ လုစုန့်က အေးစက်စွာ ပြုံးလိုက်သည်။ သူ့လက်ဖြင့် အစီအရင်တစ်ခု ပုံဖော်လိုက်ရာ ခရမ်းရောင် လက်ကြီးက လေထဲတွင် ဝှေ့ယမ်းလိုက်၏။ ထိုဝှေ့ယမ်းလိုက်ခြင်းမှ ဆိုးယုတ်သော လေလိုင်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် အလုံးလေးများကို လမ်းကြောင်း လွဲသွားစေသည်။
ဆိုးယုတ်သော လေလှိုင်းက ရှုမူ၏ကိုယ်တွင်းမှ စိတ်စွမ်းအင်များကို ထိန်းချုပ်မှု လွတ်သွားစေ၏။ ထိုအချိန်တွင် ရှုမှုက အော်လိုက်သည်… “ပေါက်ကွဲစမ်း…”
ရွှေရောင်အလုံး ၆လုံးက တစ်ပြိုင်နက် ပေါက်ကွဲ သွားကြ၏။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တုန်ခါမှု လှိုင်းကြောင့် ကြည့်နေသော လူများအားလုံးက နောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၏။
လုစုန့်က နှာခေါင်းရှုံ့ပြီး သရော်လိုက်သည်… “ကလေး ကစားကွက်လေး တစ်ခုပါပဲ…” ကြီးမားသော ခရမ်းရောင်လက်ကြီးက လက်သီးဆုပ်ပုံစံ ပြောင်းသွားကာ ရှုမှုထံသို့ အပေါ်မှ အရှိန်ပြင်းစွာ တိုးဝင်လာ၏။
ရှုမှု၏မျက်နှာက ဖွေးခနဲ ဖြစ်သွားသည်။ လက်သီးကြီး သူ့အပေါ် ကျလာတာကို ကြည့်ပြီး အံကြိတ်ကာ အဝါရောင် အဆောင်စာရွက် တစ်ခုကို ထုတ်ယူလိုက်သည်။ အဆောင်စာရွက်သည် ဘာစာမှ မပါသည့် ဗလာစာရွက်ဖြစ်၏။ ရှုမူက လျှာကို ကိုက်ပြီး သွေးတချို့ကို ထွေးထုတ် လိုက်သည်။
သွေးများက လေထဲ၌ပင် သွေးအရည် တစ်ခုတည်း အဖြစ်သို့ ပြောင်းသွားပြီး သွေးနဂါးပုံစံအဖြစ် ဆက်လက် ပြောင်းသွား၏။ ရှုမူက မျက်တောင်ပင် မခတ်ဘဲ အစီအရင် တစ်ခုကို သူ့လက်ဖြင့် ဖန်တီးလိုက်သည်။ သွေးနဂါးက လေထဲတွင် လှည့်ပတ်သွားပြီး အဆောင် စာရွက်ပေါ်တွင် အမှတ်အသားတစ်ခု ရိုက်လိုက်သကဲ့သို့ ထူးဆန်းသော ပုံတစ်ပုံ ပေါ်လာသည်။
အဝါရောင် စာရွက်က ရုတ်တရက် နေတစ်စင်းအလား စူးရှစွာ တောက်ပလာပြီး သူ့အပေါ်သို့ ကျလာသော လက်သီးကြီးကလည်း လူတိုင်း၏မျက်လုံးရှေ့မှ ပျောက်ကွယ် သွား၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဝမ်လင်းက အလွန် အံ့ဩသွားသည်။ ထိုကဲ့သို့ အဆောင်စာရွက် တစ်ရွက် သူ့ထံတွင် ရှိနေ၏။
“မှော်အဆောင် လက်ဖွဲ့လား…” လုစုန့်က မျက်မှောင်ကြုတ် သွား၏။ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်နဂါး ထွက်ပေါ်လာသည်။ အဖြူရောင် နဂါးနှစ်ကောင်က တစ်ပတ် လှည့်ပတ်လိုက်ပြီး ရှုမူဆီသို့ လျှပ်စီးတန်း တစ်ခုအလား တစ်ဟုန်ထိုး ပြေးဝင်သွား၏။
ရှုမူက ခါးသက်စွာ ရယ်လိုက်သည်။ သူ၏ စွမ်းအင်အားလုံးကို လက်သီးကြီးကို ခုခံသည့်နေရာတွင် အသုံးပြုလိုက်ပြီး ဖြစ်၍ အဖြူရောင် နဂါးနှစ်ကောင်ကို ရပ်တန့်ရန် မည်သည့် စွမ်းအင်မှ မကျန်တော့ချေ။
နဂါးနှစ်ကောင်က သူတို့၏ ကြောက်မက်ဖွယ် သွားများကို ဖော်ပြပြီး အနား ရောက်လာချိန်တွင် ရွှမ်တောက်ဂိုဏ်း၏ တပည့်များဘက်မှ အေးစက်သော နှာခေါင်းရှုံ့သံ တစ်ခု ပေါ်ထွက်လာသည်။
ရွှမ်တောက်ဂိုဏ်းဘက်မှ အနက်ရောင် သက်တံတစ်ခု ပြေးထွက်လာပြီး အဖြူရောင်နဂါး နှစ်ကောင်ကို လွယ်ကူစွာ ရစ်ပတ်လိုက်သည်။ အက်ကွဲသံနှင့်အတူ အဖြူရောင်နဂါး နှစ်ကောင်လည်း ပျောက်ကွယ်သွားပြီး ငွေရောင်ဓား နှစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ အနက်ရောင် သက်တံက ပိုမို တင်းကျပ်လာပြီး ဓားနှစ်ချောင်းက အလယ်မှ ထက်ပိုင်း ကျိုးသွားသည်။
လုစုန့်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုဓားနှစ်ချောင်းက သူ၏စိတ်ဝိညာဉ်နှင့် ဆက်သွယ်ထားသည့် အတွက် သူက ပါးစပ်အပြည့် သွေးများ အန်ထုတ် လိုက်ရ၏။ သူ့မျက်နှာက ကြောက်မက်ဖွယ်ရာ အမူအရာကို ဖော်ပြနေသည်။ သူ့ဦးခေါင်းထက်မှ ရှုမူ၏ ခရမ်းရောင် လက်ကြီးကလည်း ပျောက်ကွယ်သွား၏။ ထို့အတူ လုစုန့်ကလည်း အာရုံ မစုစည်းနိုင်တော့ချေ။
ရှုမူကလည်း လျင်မြန်စွာ စင်မြင့်ထက်မှ အဝါရောင် အဆောင်စာရွက်နှင့်အတူ ပြန်ပြေးလာသည်။ သူ၏အမူအရာက ကံကောင်းသွားသည့် မျက်နှာထားနှင့် ဖြစ်သည်။ လုစုန့်ကလည်း ကြေကွဲနေသည့် အမူအရာနှင့် ပြန်ဆင်း လာသည်။
ဟွမ်လုံ၏မျက်နှာက ဒေါသကြောင့် နီရဲသွားပြီး အော်ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်း အရမ်း လွန်မလာနဲ့…” သူ့ဘေးမှ အကြီးအကဲများ ကလည်း အလွန်ဒေါသ ထွက်နေကြ၏။ တချို့က တိုက်ခိုက်ရန်အတွက် သူတို့၏ရတနာများကိုပင် ထုတ်ယူ လိုက်ကြသည်။
ပင်မ တပည့်များကလည်း ဖြစ်ပျက်သွားသည့် မြင်ကွင်းကို မြင်ပြီး ဒေါသထွက်နေကြ၏။ ကျန်ရှိနေသော ခရမ်းရောင်ဝတ် တပည့်နှစ်ယောက် ကလည်း ရွှမ်တောက်ဂိုဏ်း၏ အနောက်ဘက်မှ သက်လတ်ပိုင်း လူကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
အေးစက်စက် နှာခေါင်းရှုံ့လိုက်သူမှာ ထိုလူ ဖြစ်၏။
အကြီးအကဲ အိုးယန်က နောက်ကို ပြန်လှည့်လာပြီး သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်သည်။ သူက ပြုံးပြီး ပြောလိုက်သည်… “ဒီတတိယပွဲမှာ ဟုန်ယွီဂိုဏ်းက နိုင်ပါတယ်… ငါပြောထားတဲ့ စကားအတွက် ငါ…”
“လူအိုကြီးအိုးယန်… အရေးမပါတဲ့ စကားတွေ ထပ်မပြောနဲ့… ဒီဟုန်ယွီဂိုဏ်းက သာမန်ပဲ…” နောက်တွင်ရပ်နေသာ သက်လတ်ပိုင်း လူကြီးက ရှေ့သို့ လျှောက်လာသည်။ သူ ပထမခြေလှမ်း လှမ်းလိုက်သည့် အချိန်တွင် ရုတ်တရက် မြေပြင်က အက်ကွဲသွားပြီး ထိုအက်ကွဲကြောင်းက တိုက်ပွဲစင်မြင့်ဆီထိ ရောက်၏။
***