အခန်း (၃၉၉-၄၀၀)
Vol. 39 Ch. 399-400
အပိုင်း(၃၉၉)
တစ္ဆေဘုံမှ ဧည့်သည်များ
တစ္ဆေဂိတ်တံခါးရုတ်တရက်ပိတ်သွားပြီး အထဲမှ ကြောက်မက်ဖွယ်သတိပေးသံတစ်ခု ထွက်လာသောကြောင့် ကျန်းယန် ဟွာလင်းကျိနှင့်ချင်းယွင်ကျိတို့ တုန်လှုပ်သွားခဲ့ကြသည်။
ဘယ်သူမှ တစ္ဆေဂိတ်တံခါးထဲမှ အဝါရောင်စမ်းချောင်းထွက်လာရမည့်အစား ကြောက်မက်ဖွယ်အသံကြီးထွက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိကြပေ။
သူတို့ကို ပိုအံ့အားသင်သွားစေခဲ့သောအရာမှာ ဂိတ်တံခါးထဲမှ အသံပိုင်ရှင်သည် ဆူငေါက်ကာ ဂိတ်ကိုပြန်ပိတ်သွားရုံကိုသာ ပိတ်သွားခဲ့ပြီး သူတို့ကို ဘာမှလုပ်မသွားခဲ့ခြင်း ဖြစ်သည်။
“ဟို…ကျွန်တော်တို့ ဆက်ဆွဲသင့်လား”ကျန်းယန် ဟွာလင်းကျိနှင့်ချင်းယွင်ကျိကုိကြည့်ကာ မေးလိုက်၏။
ချင်းယွင်ကျိ ချက်ချင်းသူတို့နှစ်ယောက်ကိုဆွဲကာ အဇူရာတိမ်တောင်ထွတ်ပေါ် ပြန်ခေါ်လာခဲ့လေသည်။
တောင်ထွတ်ပေါ်ရောက်မှ ဟွာလင်းကျိ မိန်းမောနေရာက သတိပြန်၀င်လာခဲ့၏။
“မဆွဲတော့ဘူး တစ္ဆေအဆောင်တွေဘယ်တော့မှထပ်မဆွဲတော့ဘူး”
ပထမဆုံးအကြိမ် သူတို့ အဝါရောင်စမ်းချောင်းလမ်းပြအဆောင်ကို ရေးဆွဲခဲ့စဉ်က အဝါရောင်စမ်းချောင်းနှင့်တစ္ဆေစစ်သားများ ပေါ်လာခဲ့ပြီး ဒုတိယအကြိမ်ဆွဲသောအခါတွင်တော့ ပိုကြောက်စရာကောင်းသော တစ္ဆေသတ္တဝါကြီးတစ်ကောင် ပေါ်လာခဲ့သည်။ သူဆက်ဆွဲလျှင် ပိုဆိုးဖို့သာ ရှိတော့၏။
ချင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်သည်။
“တစ္ဆေအဆောင်တွေကို လုံး၀ ဂရုမစိုက်ဘဲသုံးလို့ မရဘူး”
သူပင်လျှင် ထိုသတ္တဝါကြီး၏အရှိန်အဝါကြောင့် အကြောက်တရားကို ခံစားခဲ့ရလေရာ ထိုသတ္တဝါကြီး ဘယ်လောက်စွမ်းအားကြီးမလဲ ခန့်မှန်းကြည့်နိုင်ပေသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးသာ တစ္ဆေဘုံထဲမှ ထွက်လာလျှင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်၏။
သူ့ကိုပဟေဠိဖြစ်သွားစေခဲ့သော အချက်မှာ ထိုသတ္တဝါကြီးသည် သူတို့ကိုဘာမှမလုပ်ခဲ့ဘဲ ဆူရုံသာ ဆူသွားခဲ့သောအချက် ဖြစ်သည်။
သူ့အကြည့်က ကျန်းယန်ဆီရောက်ရှိသွားခဲ့၏။
အကယ်၍ ထိုကိစ္စထဲတွင် ထူးဆန်းတာတစ်ခုခုပါနေခဲ့လျှင် ထိုထူးဆန်းသည့်အရာက ကျန်းယန်နှင့်ဆက်စပ်နေခြင်းသာ ဖြစ်နိုင်ပေသည်။ သူ့အခြေတည်ဝိညာဉ်ကပင် အတော်လေးထူးဆန်းနေပြီဖြစ်ပြီး အခုတော့ ထိုအရာတွင် တစ္ဆေဘုံနှင့်ချိတ်ဆက်နေသည့် အမှတ်အသားတစ်ခုပါ ပါလာခဲ့ချေပြီ။
“ညီ ၅” ချင်းယွင်ကျိ ပြောလိုက်သည်။
“ကျန်းယန်ကိုယ်ထဲ၀င်သွားတဲ့ အစိမ်းရောင်အလင်းတန်းအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့”
“ဟုတ်ကဲ့ပါစီနီယာအစ်ကိုကြီး” ဟွာလင်းကျိ အမြန်ပြန်ပြောလိုက်၏။ ဤအခြေအနေက ဘယ်လောက်သာမန်မဆန်လဲဆိုတာ သူသိရှိနေပြီ ဖြစ်သည်။
“ပြီးတော့ တစ္ဆေအဆောင်တွေ သုတေသနလုပ်နေတာကို ရပ်လိုက်တော့” ချင်းယွင်ကျိ သူတို့နှစ်ယောက်လုံးကို သတိထပ်ပေးလိုက်၏။
“မလိုအပ်ရင် ငါ့ကိုလာမရှုပ်ကြနဲ့ ငါမိစ္ဆာတွေကိစ္စကို စီစဉ်ရဦးမယ်”
ယနေ့သည် အဇူရာတိမ်ပြတိုက်ရှိဧည့်သည်တော်များ မိစ္ဆာများကို ကြည့်ခွင့်ရမည့်နေ့ ဖြစ်ပေသည်။
ပုံမှန်အားဖြင့်တော့ ဧည့်သည်များကို ဧည့်လမ်းညွှန်လုပ်ပေးသည့် ကိစ္စမျိုးကို ချင်းယွင်ကျိကိုယ်တိုင် လုပ်လေ့မရှိပေ။ ပြတိုက်၀န်ထမ်းများကသာ ထိုကိစ္စကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ချင်းယွင်ကျိတာ၀န်က ရိုးရှင်းစွာပင် ဧည့်သည်တော်များအား မိစ္ဆာများကိုပြသပေးရန်သာ ဖြစ်၏။
နောက်ဆုံးတွင်တော့ ဂူဒူအာတို့လို တကယ့်မိစ္ဆာအစစ်များကို မပြသဖို့သာ ကျန်းယန်တို့ ဆုံးဖြတ်ခဲ့ကြသည်။ ထိုသူများသည် ရန်သူများဖြစ်သော်လည်း အင်အာကြီးပုဂ္ဂိုလ်များဖြစ်သောကြောင့် သူတို့ကို လှောင်အိမ်ထဲက တိရစ္ဆာများလိုဆက်ဆံခဲ့လျှင် မလိုလားအပ်သော မုန်းတီးမှုများ ဖြစ်ပေါ်လာနိုင်၏။
ထို့ကြောင့် ချင်းယွင်ကျိ ဖန်တီးထားသော မိစ္ဆာများကိုသာ ပြသဖို့ သူတို့ဆုံးဖြတ်ခဲ့ကြသည်။ ထိုမိစ္ဆာများသည် မိစ္ဆာပညာရပ်များကိုလည်း ကျင့်ကြံကြပြီး တကယ့်မိစ္ဆာများနှင့် တူညီလုနီးနီးပင်။ ၀င်္ကပါအပြင်ဘက်မှ ကြည့်မည်ဆိုလျှင် သာမန်လူများအနေနှင့် ထိုမိစ္ဆာများကို ဘယ်လိုမှ အတုအစစ်ခွဲနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် သာမန်လူများနှင့်ကျင့်ကြံသူဧည့်သည်များ မိစ္ဆာများကို မြင်တွေ့လိုက်ကြရပြီး ထိုသတ္တဝါကြီးများသည် အလွန်ကြီးမားကာ ကြောက်စရာကောင်းလှသော်လည်း အရမ်းကြီးတော့ အန္တရာယ်မရှိပါဘူးဟူသောအသိက သူတို့စိတ်ထဲစတင်၀င်ရောက်လာခဲ့ကာ ကြောက်စိတ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့၏။
မကြာခင်တွင် သာမန်လူများကပင် နေ့စဉ်စကားဝိုင်းတွင် မိစ္ဆာများအကြောင်းပြောဆိုလာတတ်ခဲ့ကြသည်။
လူအများစုအတွက်ကတော့ မိစ္ဆာများသည် ကြောက်စရာမဟုတ်တော့ပေ။ ကျားများသည် လူကိုစားသောကြောင့် ကျားများသည် ကြောက်စရာကောင်းပေသည်။ သို့သော် လှောင်အိမ်ထဲတွင် ပိတ်မိနေသောကျားကတော့ ဘာကြောက်စရာကောင်းပါတော့မည်နည်း။
ဤနေရာတွင်လည်း ထိုသဘောအတိုင်းပင်။
ထိုမိစ္ဆာများသည် အဇူရာတိမ်ဂိုဏ်း၏မိစ္ဆာများသာ ဖြစ်ကြ၏။ သူတို့သည် မိစ္ဆာများဖြစ်သော်လည်း ယခုအခါ သူတို့လူများဟု သတ်မှတ်၍ရနေပြီ ဖြစ်သည်။
စစ်ရေးပြပွဲကို တက်ရောက်ဖူးသူများဆိုလျှင် ထိုစဉ်က ပေါက်ကွဲမှုများကို မိစ္ဆာများက ဘယ်လိုတားဆိးပေးခဲ့လဲဟူသော အကြောင်းအရာများကိုပင် ပြန်ပြောင်း ပြောဆိုနေခဲ့ကြ၏။
ဤသို့ဖြင့် မိစ္ဆာများသည် ငါတို့လူပါလားဟူသောအသိက မြို့သားများစိတ်ထဲ တဖြည်းဖြည်း၀င်ရောက်လာခဲ့သည်။
ထိုပြောင်းလဲမှုက အဇူရာတိမ်မြို့ထဲ ပြဿနာရှာရန်ရောက်နေသော သူလျှိုများအတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့၏။ ဤမြို့ထဲရှိ လူများက သူတို့ဘ၀နှင့်ပတ်သက်ပြီး အတော်လေး ကျေနပ်နေကြတာကို သူတို့တွေ့ရှိနေရသောကြောင့် ပြဿနာရှာဖို့ ခက်ခဲနေခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်က ပြဿနာရှာဖို့ကြိုးစားခဲ့လျှင် မြို့ထဲတွင်နေထိုင်သူ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်က ထိုသို့ ခပ်တိုးတိုးလာပြောပေလိမ့်မည်။
“ဒီကိစ္စကို မြို့ပြင်မှာ သွားပြောကြရအောင် မြို့ထဲမှာဆို အဇူရာတိမ်ဂိုဏ်းကြားသွားလိမ့်မယ်…”
ထိုသို့ပြောပြီး မြို့ပြင်ရောက်သွားလျှင်တော့ ပြဿနာရှာသူကို သေအောင်ရိုက်သတ်ပစ်တတ်ကြသည်။
ရိုက်နေရင်းလည်း ထိုသို့ အော်ပြောတတ်ကြသေး၏။
“ဒါကငါတို့အဇူရာတိမ်မြို့ကွ ဖျက်ဆီးဖို့ကြိုးစားတဲ့သူမှန်သမျှက ငါတို့ ရန်သူပဲ”
ထိုအခြေအနေကြောင့် အခြားဂိုဏ်းများအနေနှင့် ဆွံ့အနေခဲ့ကြရပြီး အဇူရာတိမ်ဂိုဏ်း တိုးတက်လာတာကို ထိုင်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ယခုအချိန်တွင် မိစ္ဆာကပ်ဘေးအကြောင်းကမ္ဘာပတ်ကာ သတိလိုက်ပေးနေသော ယိလင်မှလွဲပြီး ကမ္ဘာကြီးက အရင်လိုပင် မပြောင်းမလဲ တည်ရှိနေသယောင်ပင်။
သို့သော် ဂိုဏ်းကြီးများမမြင်နိုင်သော အချို့နေရာများတွင်တော့ ပြောင်းလဲမှုလေးများ စတင်ဖြစ်ပေါ်နေခဲ့၏။
ဟွာလင်းကျိ တစ္ဆေဂိတ်တံခါးကိုဖွင့်ပြီးနောက် ယွင်မုန့်စိမ့်တောထဲတွင် စမ်းချောင်းလေးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
အဝါရောင်ရေများက အဆုံးမဲ့စီးဆင်းနေပြီးနောက် အဝါရောင်ရေအိုင်လေးတစ်ခုပင် ပေါ်ပေါက်လာခဲ့၏။ မကြာခင်တွင် အဝါရောင်ရေအိုင်လေးထဲမှ ရေများလျှံကျလာခဲ့ပြီး အဝါဖျော့ဖျော့မြူများက စိမ့်မြေကျယ်ကြီးထဲ စတင်ပြန့်သွားခဲ့လေသည်။
ထို့နောက်များစွာသော တစ္ဆေစစ်သားများ စမ်းချောင်းထဲမှ ထွက်ပေါ်လာခဲ့ကြ၏။
သူတို့သည် အဝါရောင်မြူများနောက်လိုက်သွားကြပြီး မကြာခင်တွင် ထပ်မံပျောက်ကွယ်သွားခဲ့ကြပြန်သည်။
ထိုမြူများသည် ရှင်းလင်းစွာပင် အဝါရောင်စမ်းရေများ ဖြစ်ကြပေသည်။
တစ်လကြာပြီးနောက် အဝါရောင်စမ်းချောင်းများ တစ်ခုပြီးတစ်ခုထပ်မံပေါ်ပေါက်လာခဲ့ပြီး တစ်မိုင်ပတ်လည်နယ်မြေတွင် စမ်းချောင်းများဖြင့် ပြည့်သွားခဲ့၏။
အဝါရောင်မြူများက ထိုစမ်းချောင်းများပတ်ပတ်လည်ရှိ အရာအားလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကုန်းမြေ၏နိယာမများကိုပင် ပြောင်းလဲနေခဲ့သည်။
ထိုရေနှင့်ထိမိသော ကျောက်တုံးများထဲတွင် သေဆုံးခြင်းစွမ်းအင်များ ကိန်း၀ပ်ကုန်ကြ၏။ ရေနှင့်ထိမိသော သစ်ပင်များကလည်း သေခြင်းတရားနှင့်သက်ဆိုင်သောအပင်များဖြစ်ကုန်ပြီး ရေနှင့်ထိမိသော သတ္တဝါအများစုက ချက်ချင်း သေဆုံးကုန်ကြသည်။ မသေဆုံးသော သတ္တဝါအနည်းစုကတော့ သေခြင်းတရားဖြင့် ပုံသွင်းခြင်းခံရသော တည်ရှိမှုများ ဖြစ်လာခဲ့ကြ၏။
ယွင်မုန့်စိမ့်တောထဲက ထိုအဖြစ်ကို ဘယ်သူမှ သတိမထားခဲ့မိကြပေ။
ထိုနေရာသည် အန္တရာယ်ရှိသောနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသော နေရာ ဖြစ်သည်။ တောင်တစ်သိန်းတောင်တန်းလောက်နာမည်မကြီးသော်လည်း ကျင့်ကြံသူအများစုက ထိုနေရာကို တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြ၏။
ထိုနေရာ၏ နက်ရှိုင်းမှုကိုတော့ စွမ်းအားကြီးကျင့်ကြံသူအနည်းစုကသာသိရှိခြင်းဖြစ်ပြီး သိရှိသူများကလည်း ထိုနေရာသို့ လာခဲလှသည်။
ထို့ကြောင့် ယွင်မုန့်စိမ့်တောထဲတွင် ပြောင်းလဲမှုများက လူမသိသူမသိဆက်လက်ဖြစ်ပွားနေခဲ့၏။
သုံးလကြာပြီးနောက် အနက်ရောင်ပုံရိပ်တစ်ခု စမ်းချောင်းထဲမှ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။
ထိုပုံရိပ်ပေါ်လာပြီးသည်နှင့် အစက ၁မိုင်ပတ်လည်သာရှိသော သေခြင်းနယ်မြေက အလျင်အမြန်ပင် ၁၀မိုင်ကျော်ထိ ပြန့်ကားသွားခဲ့၏။ ထိုနယ်မြေထဲရှိ အရာအားလုံးကလည်း ကြောက်မက်ဖွယ်အရှိန်ဖြင့် အသွင်ပြောင်းလဲကုန်ကြသည်။
ထွက်ပေါ်လာသော ပုံရိပ်သည် အနက်ရောင်၀တ်ရုံကိုခြုံကာ သူ့အသွင်အပြင်ကို လုံး၀ ဖုံးကွယ်ထားခဲ့၏။
ထို့နောက် အနက်ရောင်ပုံရိပ်က လေပေါ်ပျံတက်သွားကာ ယွင်မုန့်စိမ့်တောထဲမှ ထွက်ခွာသွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပတ်ပတ်လည်က ကြောက်မက်ဖွယ်အရှိန်အဝါက လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး သာမန်လူတစ်ယောက်လိုပင် ဖြစ်သွားခဲ့၏။
အနက်ရောင်ပုံရိပ်သည် လန်ကျားအထွတ်အမြတ်မြေဆီ ဦးတည်သွားခဲ့ခြင်းဖြစ်ပြီး နေ့၀က်ခန့်ကြာပြီးနောက် ချီရှန်အကယ်ဒမီဟုခေါ်သော ဒုတိယတန်းစား ဂိုဏ်းတစ်ခုဆီ ရောက်ရှိသွားခဲ့သည်။
အနက်ရောင်ပံုရိပ်သည် တိတ်ဆိတ်စွာပင် ချီရှန်အကယ်ဒမီထဲ၀င်သွားခဲ့ပြီး တိတ်တဆိတ်ပင် သေခြင်းအရှိန်အဝါတစ်ခုက ဂိုဏ်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့လေသည်။
အပိုင်း(၄၀၀)
ပျောက်ကွယ်သွားသောဂိုဏ်း
“ဘာ ချီရှန်အကယ်ဒမီပျောက်သွားတာလား”
သတင်းကိုကြားသောအခါ သူတော်စင်သခင် ကြက်သေသေသွားခဲ့သည်။
အဘယ်သို့ အကယ်ဒမီကြီးတစ်ခုလုံးက ပျောက်ကွယ်သွားနိုင်ပါမည်နည်း။
“ဘာဖြစ်ခဲ့တာလဲ” သူအသည်းအသန် မေးလိုက်သည်။
တုရှန် မည်းမှောင်နေသောအမူအရာဖြင့် ပြန်ဖြေလိုက်၏။
“မနေ့တုန်းက ရှောင်ရှန်အကယ်ဒမီက ကျောင်းအုပ်သိုင်က ချီရှန်အကယ်ဒမီကို အလည်သွားခဲ့ပါတယ် သူရောက်သွားတော့ အကယ်ဒမီတစ်ခုလုံးက အံ့ဩစရာကောင်းလောက်အောင် တိတ်ဆိတ်နေလို့ သူ၀င်ပြီး ထောက်လှမ်းခဲ့တယ်တဲ့ အဲ့ဒီအခါမှ တစ်ဂိုဏ်းလုံး ဘာမှမရှိတော့တာကို တွေ့ ခဲ့ရတာပါ ကျောင်းအုပ်ကစပြီး ကျောင်းသားတွေအထိ ဘာမှကို မရှိတော့တာပါ”
“သဲလွန်စတစ်ခုခုရော တွေ့ခဲ့လား” သူတော်စင်သခင် မေးလိုက်လေသည်။
တုရှန်ခါးသက်သက်ပြုံးလိုက်ကာ
“သတင်းကြားပြီးတော့ ကျွန်တော်ကိုယ်တိုင်ပဲ စုံစမ်းဖို့ သွားခဲ့ပါတယ် အဲ့ဒီနေရာမှာ တစ်ခုခု ပျက်ဆီးထားတဲ့အရိပ်အယောင်လုံး၀ရှိမနေပါဘူး ဂိုဏ်းတစ်ဂိုဏ်းလုံးက ညတွင်းချင်း အထုပ်သိမ်းပြီး ထွက်သွားကြသလိုပါပဲ
ဒါပေမယ့် ထူးဆန်းတာက သူတို့ရဲ့ သန့်စင်ပြီးသား သတ္တုတွေ လက်နက်တွေ ဆေးပင်တွေ အားလုံးက ဒီတိုင်းကျန်နေခဲ့တာပါ”
သူတော်စင်သခင်၏ အမူအရာ လေးလံသွားခဲ့သည်။
အကယ်၍ သူတို့သတ်ခံလိုက်ရသည်ဆိုလျှင်တောင် တိုက်ပွဲမှတစ်ဆင့် သဲလွန်စရှာကာ လူသတ်သမားကို ရှာဖွေနိုင်သေးသည်။ သို့သော် အခုတော့ သူတို့ကညတွင်းချင်းပြောင်းရွှေ့သွားပုံပေါ်နေပြီး ထူးဆန်းစွာပင် သူတို့အရင်းအမြစ်များကလည်း ဒီတိုင်းကျန်နေရစ်ခဲ့၏။
ထို့အပြင် ဂိုဏ်းတစ်ဂိုဏ်းလုံးက ညတွင်းချင်းကြီး ဘယ်ကိုရွှေ့ပြောင်းသွားနိုင်ပါမည်နည်း။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူတော်စင်သခင်ပြောလိုက်သည်။
“ချီရှန်အကယ်ဒမီတစ်ဝိုက်မှာ စုံစမ်းဖို့ လူတွေထပ်လွှတ်လိုက်
ပြီးတော့ မင်း အဇူရာတိမ်ဂိုဏ်းကိုသွားပြီး အဲ့ဒီခွေးကောင်လေး ကျန်းယန်ကို ချီရှန်ဂိုဏ်းကလူတွေကို ပြန်ပေးဆွဲသွားသလား သွားမေးကြည့်”
“ဟုတ်ကဲ့ပါ”
တုရှန်အလျင်အမြန်ပင် စီစဉ်စရာများ စီစဉ်ရန် ထွက်ခွာသွားခဲ့၏။
သူတော်စင်သခင်အတွေးနွံနစ်နေခဲ့ပြီး အခြေအနေကို လုံး၀နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ လက်ရှိအခြေအနေအရတော့ သူသတင်းအချက်များ ပိုရလာမည့်အချိန်ကို စောင့်ရုံသာ တတ်နိုင်ပေသည်။
စုံစမ်းဖို့ လူများလွှတ်ပြီးနောက် တုရှန် အဇူရာတိမ်ဂိုဏ်းဆီ သုတ်ခြေတင်လာခဲ့၏။ ဂိုဏ်းသို့ရောက်သောအခါ သူကျန်းယန်ကိုမြင်သည်နှင့် ဒေါသတကြီး အော်ပြောလိုက်လေသည်။
“ကောင်လေး မင်းမများလွန်းဘူးလား မင်းတို့မြို့ထဲမှာ အကယ်ဒမီဆောက်ဖို့ ငါတို့လူတွေလွှတ်ပေးပြီးပြီပဲ ဘာလို့ ငါတို့ရဲ့ ချီရှန်အကယ်ဒမီကိုပါ လျှို့ဝှက်ပြီး ဖြားယောင်းသွားတာလဲ”
သူကျန်းယန်၏တုန့်ပြန်မှုကို သိလိုသောကြောင့် တမင်စမ်းသပ်လိုက်ခြင်းဖြစ်၏။
ကျန်းယန် ကြောင်အသွားခဲ့သည်။
“ဟမ် ဘာကိုဖြားယောင်းတာလဲ”
“ကျွန်တော်တို့က ဘယ်သူ့ကို ဖြားယောင်းလိုက်လို့လဲ” သူမေးလိုက်၏။
တုရှန် နှာခေါင်းရှုံ့လိုက်သည်။
“လန်ကျားအထွတ်အမြတ်မြေက ချီရှန်အကယ်ဒမီလေ သူတို့ကို မင်းလူတွေခေါ်သွားတာမဟုတ်ဘူးလို့ မပြောစမ်းနဲ့”
ကျန်းယန်ကိုယ်တိုင်ပင် ဒွိဟဖြစ်သွားခဲ့၏။ တကယ်ကြီး အဇူရာတိမ်ဂိုဏ်းကတစ်ယောက်ယောက်က သူမသိလိုက်ဘဲ သူ့နောက်ကွယ်တွင် ထိုသို့လုပ်ခဲ့ခြင်းပေလော။
ဘယ်သူ့တွင် ထိုကဲ့သို့သော စွမ်းရည်မျိုးရှိနိုင်ပါမည်နည်း။
တုရှန်ကိုယ်တိုင် သူ့ကိုလာစွပ်စွဲနေသောကြောင့် ကျန်းယန် အမှန်တကယ်ပင်ဤကိစ္စတွင် သူတို့ဘက်က လူတစ်ယောက်ယောက် ပါ၀င်ပတ်သက်နေလိမ့်မည်ဟု ထင်သွားခဲ့သည်။
“စီနီယာတုရှန် အရင်ဆုံး စိတ်အေးအေးထားပါဦး” ကျန်းယန် ပြုံး၍ ပြောလိုက်၏။
“ကျွန်တော်ဒီကိစ္စကို ချက်ချင်းစုံစမ်းပြီး ဘာတွေဖြစ်ခဲ့လဲ ပြန်ပြောပြပါ့မယ်”
မစုံစမ်းခင်တော့ သူဇာတ်လမ်းအစုံကိုသိဖို့လိုပေသည်။
မကြာခင်တွင် သူလင်းယွင်ကျိနှင့်ဟွာလင်းကျိတို့နှစ်ယောက်ကို ခေါ်လိုက်လေသည်။
“ဦးလေးတို့ ကျွန်တော်ဦးလေးတို့ကို တိမ်တောင်အင်ပါယာနဲ့ ယွင်ထန့်အင်ပါယာကို သွားစေချင်တယ် အဲ့ဒီမှာ ၀မ်ပေ့လဲ့နဲ့ကျန်းချန်းရှန်ကို သူတို့တွေ လန်ကျားအထွတ်အမြတ်မြေကို လူလွှတ်လိုက်သေးလား မေးပေးပါ
တိမ်တောင်အင်ပါယာနဲ့ယွင်ထန့်အင်ပါယာကိုရော သူတို့တွေ ချီရှန်အကယ်ဒမီနဲ့ အပတ်အသက်တစ်ခုခုရှိလား မေးခဲ့ပေးပါ ပြီးတော့ လျန့်ယိကိုရော မေးခဲ့ပေး အားလုံးပြီးရင်တော့ ကျွန်တော့်ဆီ တိတ်တဆိတ်သတင်းပြန်ပို့ပေးနော်”
အကယ်၍ ချီရှန်အကယ်ဒမီသာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ရောက်နေတာဆိုလျှင် ဘာပြဿနာမှ ရှိမည် မဟုတ်တော့ပေ။ သူထိုမဟာမိတ်အသစ်များကို ကာကွယ်ရပေမည်။
လင်းယွင်ကျိနှင့်ဟွာလင်းကျိတို့ ချက်ချင်း ထွက်ခွာသွားခဲ့ကြ၏။
ကျန်းယန် ယုစုန့်ကိုလည်း ဆက်သွယ်လိုက်ကာ အခုတလော ချီရှန်အကယ်ဒမီကလူတစ်ယောက်ယောက် အဇူရာတိမ်မြို့ကို ရောက်လာမလာ ကျန်းကျစ်ချိုးကိုမေးပေးဖို့ ပြောလိုက်သည်။
ထို့နောက်တွင်တော့ သူသတင်းကိုသာ စောင့်နေခဲ့၏။
နေ့၀က်ခန့်ကြာပြီးနောက် လင်းယွင်ကျိတို့ပြန်ရောက်လာခဲ့ပြီး ကျန်းကျစ်ချိုးဆီကလည်း သတင်းပြန်လာခဲ့သည်။
တင်ပြချက်များကို ကြည့်ပြီးနောက် ကျန်းယန်မျက်မှောင်ကြုံ့သွားကာ တုရှန်ကိုကြည့်လိုက်၏။
“ဆိုတော့ ချီရှန်အကယ်ဒမီကတကယ်ကြီး မတော်တဆတစ်ခုခုဖြစ်ခဲ့တာလား”
“သူတို့လုံး၀ပျောက်သွားတာ” တုရှန်လေးလေးနက်နက်ပြန်ပြောလိုက်သည်။
“အပေါ်ယံကြည့်ရင်တော့ သူတို့တွေဂိုဏ်းကိုစွန့်ပြီး ထွက်သွားတာလို့ ထင်စရာရှိတယ် အဲ့တာကြောင့် သူတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ရောက်သွားတာများလားလို့ ငါတို့သံသယဖြစ်ခဲ့တာ”
“သူတို့ရောက်မလာခဲ့ဘူး” ကျန်းယန် ခေါင်းခါပြလိုက်၏။
ဤကိစ္စသည် သူဟာသမလုပ်နိုင်လောက်ပင် လေးနက်လွန်းနေခဲ့သည်။
“ကျွန်တော် စစ်ဆေးလို့ရသမျှ ရင်းမြစ်အားလုံးကို စစ်ဆေးပြီးပြီ ဘယ်သူမှ ချီရှန်အကယ်ဒမီနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုခုကို မကြားဖူးဘူး ချီရှန်အကယ်ဒမီက ဘယ်သူမှလည်း အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ရောက်မလာခဲ့ဘူး” ကျန်းယန် သုန်မှုန်စွာ မေးလိုက်၏။
“သူတို့အကယ်ဒမီမှာတကယ်ကြီး တစ်ယောက်မှ မကျန်ခဲ့တာလား သဲလွန်စရောလုံး၀ မကျန်ခဲ့ဘူးလား”
သူပင်ဤကိစ္စက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ချီရှန်အကယ်ဒမီက တကယ်ကြီး ဘာသဲလွန်စမှမကျန်ဘဲ ပျောက်ဆုံးသွားခဲ့ခြင်းပေလော။
ကျန်းယန်၏ လေးနက်နေသောအမူအရာကိုမြင်သောအခါ တုရှန်အခြေအနေကို ရှင်းပြလိုက်ပြီး လေးကန်စွာ သက်ပြင်းချလိုက်လေသည်။
“တကယ်လို့ သူတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ရောက်မလာဘူးဆိုရင်တော့ ဆိုးတာပဲ”
သူတို့ဘယ်ကုန်းမြေတိုက်ကြီးကို ရောက်သွားသွား ထိုအရာက လန်ကျားအထွဋ်အမြတ်မြေကို ပေါ်တင် စိန်ခေါ်လိုက်ခြင်းသာ ဖြစ်ပေသည်။
ဘယ်အင်အားစုက သူတို့ကို ပစ်မှတ်ထားနေပါသနည်း။
“ငါဒီကိစ္စကို သူတော်စင်သခင်ဆီ သတင်းပို့ရမယ်” တုရှန် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ သို့သော် သူထွက်မသွားခင်တွင် ကျန်းယန်ဘက်ရုတ်တရက်လှည့်ကာ မေးလိုက်သည်။
“ငါတို့က မဟာမိတ်တွေမလား”
“သေချာတာပေါ့” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။
“တကယ်လို့ တစ်ယောက်ယောက်က လန်ကျားအထွတ်အမြတ်မြေကို တိုက်ခိုက်လာရင် အဇူရာတိမ်ဂိုဏ်းက ဘာလုပ်မှာလဲ”တုရှန် မေးလိုက်သည်။
ကျန်းယန်ပြုံးလိုက်၏။
“အချိန်ကိုက်ပဲပေါ့ စီနီယာမိစ္ဆာတွေကို ခြေဆန့်လက်ဆန့်လေး လုပ်ခွင့်ပေးရမယ့်အချိန်ပဲ”
လန်ကျားအထွတ်အမြတ်မြေ၏ အခြေအနေသည် ကောင်းကင်နှလုံးသားကျွန်းနှင့်မတူပေ။ သူတို့သည် ဤမဟာမိတ်ကိုလုံး၀လိုအပ်နေခြင်း ဖြစ်သည်။ အင်အားစုနှစ်ခုက တစ်စုနောက်တွင် တစ်စုရှိနေဖို့ လိုအပ်ပြီး လန်ကျားအထွတ်အမြတ်မြေအန္တရာယ်ကျရောက်လာလျှင်လည်း သူတို့က ကူညီပေးရပေလိမ့်မည်။ မဟုတ်လျှင် အနာဂတ် မဟာမိတ်များက သူတို့ကို မည်သို့ယုံပါတော့မည်နည်း။
“မင်းစကားတွေနဲ့တင် လုံလောက်နေပါပြီ” တုရှန်ပြောပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့လေသည်။
ဂိုဏ်းဆီပြန်ရောက်သောအခါ သူသူတော်စင်သခင်ထံ ထိုကိစ္စ ပြန်တင်ပြလိုက်၏။
သူတော်စင်သခင်အသာအယာခေါင်းငြိမ့်လိုက်သည်။ သူအခြားသဲလွန်စများ ရရှ်ိလာမည့်အချိန်ကို စောင့်ဆိုင်းနေဆဲ ဖြစ်၏။
နှစ်ရက်ကြာပြီးနောက် စုံစမ်းရေးအဖွဲ့ ပြန်ရောက်လာခဲ့ပြီး သူ့ဆီ လာရောက်တင်ပြခဲ့သည်။
“သူတို့အရိပ်အယောင်လုံး၀ မတွေ့သေးပါဘူး”
ထိုအခိုက်တွင် သူတော်စင်သခင်ပင် အကူအညီမဲ့သလို ခံစားလိုက်ရ၏။
ဂိုဏ်းကြီးတစ်ဂိုဏ်းလုံး လေထဲတွင် ရုတ်တရက်ပျောက်သွားသလို ဖြစ်နေသောကြောင့် သူဘယ်လိုက်ရမလဲ မသိတော့ပေ။
သူချက်ချင်း တင်းကြပ်သောအမိန့်တစ်ခု ထုတ်ပြန်လိုက်လေသည်။
“ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အသိပေးလိုက် ဒီနေ့ကစပြီး လူတိုင်းသတိအပြည့်နဲ့နေရမယ် ဘယ်သံသယဖြစ်စရာ ကိစ္စကိုမဆို ချက်ချင်းတင်ပြရမယ် တန်ဖိုးရှိတဲ့သတင်း ပို့ပေးနိုင်တဲ့သူကို ဆုလဒ်ချီးမြင့်မယ်
ကိစ္စက ဘယ်လောက်သေးသေး ချက်ချင်းစုံစမ်းရမယ် ဘာတွေဖြစ်နေလဲဆိုတာ ငါအတိအကျ သိချင်တယ်
အခြားကုန်းမြေတိုက်ကြီးက သူတွေကိုလည်း စောင့်ကြည့်ထား တစ်ခုခုသံသယဖြစ်စရာ တွေ့ရင် ချက်ချင်းသတင်းပို့”
သူခဏရပ်ပြီးနောက် ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။
“စီနီယာအကြီးအကဲတွေကိုလည်း စစ်ပွဲအတွက် အသင့်ပြင်ထားဖို့ ပြောလိုက်ပါ”
နတ်ဝိညာဉ်အဆင့်များစွာရှိသော ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း အသံတိတ်ပျောက်ကွယ်သွားရခြင်းမှာ အတော်လေး ကြောက်စရာကောင်းသောကိစ္စ ဖြစ်၏။
ယခုအခါတွင် လန်ကျားအထွတ်အမြတ်ေမြက အဇူရာတိမ်ဂိုဏ်းနှင့်မဟာမိတ်ဖွဲ့ထားပြီး ဖြစ်သောကြောင့် ပိုပြီး သတိထားဖို့ လိုပေသည်။ အခြားဂိုဏ်းကြီးများက သူတို့ကို ကိုက်ဖြဲပစ်နိုင်မည့် အခွင့်အရေးကို ချောင်းမြောင်းနေခဲ့ကြခြင်း ဖြစ်၏။
သူတော်စင်သခင်၏ အမိန့်အောက်တွင် လန်ကျားကုန်းမြေတိုက်ကြီး၏ လေထုက တင်းမာလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှို့ယိဘုရားကျောင်း၌လည်း အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့၏။
သူတို့နယ်မြေထဲရှိ ဂိုဏ်းတစ်ဂိုဏ်း ရုတ်တရက်ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ဒုတိယတန်းစားဂိုဏ်း မဟုတ်တော့ပေ။
ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းပျောက်သွားခဲ့ရခြင်း ဖြစ်သည်။
ထိုဂိုဏ်းတွင် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရှိနေသည်ဟူသော အချက်က အခြေအနေကိုပိုပြီး ကြောက်စရာကောင်းသွားစေခဲ့ခြင်း ဖြစ်၏။