← Chapters

အခန်း (၄၀၁-၄၀၂)

Vol. 39 Ch. 401-402

အခန်း (၄၀၁-၄၀၂)

Vol. 39 Ch. 401-402

အပိုင်း(၄၀၁)

ထူးဆန်းသောဖြစ်ရပ်များက နေရာတိုင်းမှာ

“ဒီကိစ္စကို အဇူရာတိမ်ဂိုဏ်းလုပ်တာသေချာတယ်” ချင်းစုန့် ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

“မကြာသေးခင်က ငါတို့ရှို့ယိဘုရားကျောင်းက ချင်းယွင်ကျိကို တိုက်ခိုက်ခဲ့တာ အဲ့ဒီကိစ္စကြောင့် အဇူရာတိမ်ဂိုဏ်းက ယုလင်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ရမယ်

မိစ္ဆာတွေမှာသာ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို အသံတိတ်သတ်ဖြတ်ပစ်နိုင်တဲ့အစွမ်းမျိုး ရှိနိုင်မှာ”

ရှို့ယိဘုရားကျောင်းထဲရှိ တာအိုဘုန်းကြီးများစွာက ချင်းစုန့်၏ယူဆချက်ကို အကျိုးအကြောင်းသင့်သည်ဟု ထင်ခဲ့ကြသည်။

ယုလင်ဘုရားကျောင်းဘာသဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ရပုံကအတော်လေး ထူးဆန်းနေခဲ့၏။ ဤကမ္ဘာပေါ်တွင် မိစ္ဆာများကို ထိန်းချုပ်ထားသည်က အဇူရာတိမ်ဂိုဏ်းဖြစ်မှန်းလည်း အားလုံး သိရှိနေခဲ့ကြသည်။

မိစ္ဆာများတွင်သာ ထိုကဲ့သို့သော ဆန်းကြယ်သည့်နည်းလမ်းများ ရှိတတ်ကြခြင်း ဖြစ်၏။

ကျောင်းထိုင်ခုံတွင် ထိုင်နေရင်း တာအိုသခင်၏အမူအရာ မရေမရာဖြစ်နေခဲ့သည်။

သူပင်လျှင် ဘယ်အင်အားစုက ယုလင်ဘုရားကျောင်းကို ရှင်းသွားသလဲဆိုတာ အာရုံမခံနိုင်ခဲ့ပေ။

ထိုအချက်က အကယ်၍ထိုအင်အားစုသာ ရှို့ယိဘုရားကျောင်းကို တိုက်ခိုက်လာခဲ့လျှင် သူတို့လည်း အကူအညီမဲ့နေမှာပဲဟု ဆိုလိုနေခြင်း ဖြစ်၏။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူယွင်စုန့်ကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းကို ဘာလုပ်ဖို့ကြိုးစားနေတာလဲလို့ သွားမေးလိုက် တကယ်လို့သူတို့မကျေနပ်ဘူးဆိုရင် တိုက်ပွဲတစ်ခု ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လို့ရတယ်လို့ ပြောခဲ့ အခုလို ‌ခိုးကြောင်ခိုးဝှက်နည်းလမ်းတွေ သုံးနေစရာ မလိုဘူး”

သူသည်လည်း ချင်းစုန့်၏ ယူဆချက်ကို လက်ခံပြီး ဤကိစ္စနောက်ကွယ်တွင် အဇူရာတိမ်ဂိုဏ်းရှိနေသည်ဟုသာ ထင်နေခြင်း ဖြစ်သည်။

အထူးသဖြင့် ထိုမိစ္ဆာနှင့်တိုက်ခိုက်ပြီးဖြစ်သောကြောင့် သူ့သံယသက ပိုကြီးနေခဲ့ခြင်းဖြစ်၏။ သူပင်လျှင် ထိုမိစ္ဆာမြူများထဲ ပိတ်မိလုနီးနီးဖြစ်သွားလေရာ တာအိုပေါင်းစည်းခြင်းအဆင့်လေးတစ်ယောက်ဆိုလျှင် လွတ်နိုင်စရာ အကြောင်းရှိမည် မဟုတ်ပေ။

ထို့ကြောင့် သူ့စိတ်ထဲ ထိုကိစ္စနောက်ကွယ်တွင် အဇူရာတိမ်ဂိုဏ်းရှိရမည်ဟု ၉၉ ရာခိုင်နှုန်း သေချာနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ပြဿနာမှာ မိစ္ဆာဆယ်ကောင်ကျော်၏ အခုလို ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်မှုက အတော်လေး ကြောက်စရာကောင်းနေခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုမျိုးကို သူတို့ မကာကွယ်နိုင်ပေ။

“ဒီနေ့ကစပြီး လူတိုင်းသတိအပြည့်နဲ့နေကြရမယ်” တာအိုသခင် အမိန့်ပေးလိုက်၏။

ထိုစဉ် ယွင်စုန့် အဇူရာတိမ်ဂိုဏ်းဆီ အလျင်အမြန်ရောက်ရှိသွားခဲ့လေသည်။

သူရောက်သည်နှင့် ချက်ချင်း ဒေါသတကြီး ပြောလိုက်၏။

“မင်းတို့က စစ်ပွဲတစ်ခုစတင်ဖို့ ကြိုးစားနေတာလား”

ကျန်းယန်အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်လေ”

ယွင်စုန့်နှလုံးသားတင်းကြပ်သွားခဲ့ကာ

“မင်းတို့တကယ် စစ်ဖြစ်ချင်တာလား”

“ဟုတ်တယ်” ကျန်းယန် သူ့ကိုစိုက်ကြည့်ကာ ထပ်ပြောလိုက်၏။

“ပြန်ပြီး ပြင်ဆင်တော့ မကြာခင် မိစ္ဆာ ၁၅‌ေယာက်ကို ဦးဆောင်ပြီး ရှို့ယိဘုရားကျောင်းဆီ လာခဲ့မယ်”

ယွင်စုန့်ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများ ထသွားခဲ့သည်။

အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး ရှို့ယိဘုရားကျောင်းကို ဖျက်ဆီးဖို့ ကြိုးစားနေခြင်းပေလော။

သူဒေါသတကြီး အော်ပြောလိုက်၏။

“ရန်ကြွေးတွေအားလုံး ကြေပြီလို့ မင်းမပြောခဲ့ဘူးလား ဘာလို့ ထပ်တိုက်ခိုက်တာလဲ”

ဘန်းးး!

ကျန်းယန် စားပွဲကိုလက်ဝါးဖြင့်ရိုက်ချလိုက်ကာ ယွင်စုန့်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောလိုက်လေသည်။

“ခင်ဗျားတို့တွေ နောက်ဆုံးတစ်ခေါက်တွေ့ခွင့်တောင်းတုန်းက ကျုပ်ဆရာကို အတင်းတိုက်ပွဲထဲ ဆွဲသွင်းခဲ့တယ် ပြီးတော့ အခုလည်း မောက်မောက်မာမာနဲ့ အဇူရာတိမ်ဂိုဏ်းကို လာခြိမ်းခြောက်နေတာလား

ခင်ဗျားဘာလိုချင်တာလဲဆိုတာ ကျုပ်မေးသင့်နေပြီ

ကျုပ်ပြောဖူးသလိုပဲ အဇူရာတိမ်ဂိုဏ်းက ငြိမ်းချမ်းရေးကို မြတ်နိုးတယ်

ဒါပေမယ့် ပြဿနာတွေကို ကြောက်နေမှာမဟုတ်ဘူး ရှို့ယိဘုရားကျောင်းက စစ်ပွဲလိုချင်တာဆိုရင် ကျုပ်တို့ကလည်း ပေးလိုက်မယ်

အခုပြန်ပြီး ပြင်ဆင်တော့”

ယွင်စုန့်အလျင်အမြန် သူ့လေသံကိုလျှော့လိုက်ကာ

“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး ဒါကငါလိုချင်တာ မဟုတ်ပါဘူးကွာ”

“ဒါဆိုဘာကိုဆိုလိုချင်တာလဲ ခင်ဗျားတို့ရှို့ယိဘုရားကျောင်းက ဘာကိုဆိုလိုချင်တာလဲ” ကျန်းယန် အေးစက်စက်မေးလိုက်သည်။

ယွင်စုန့်အားတင်း၍ ပြုံးလိုက်ကာ အခြေအနေကို အေးအေးဆေးဆေးရှင်းပြလိုက်၏။

“ငါတို့ ဘုရားကျောင်းသခင်က ဓားကျင့်ကြံသူတစ်ယောက်လေ အဲ့တော့ သူကယှဉ်ပြိုင်တိုက်ခိုက်ရတာကို နှစ်သက်တယ် နောက်ဆုံးတစ်ခေါက် သူစီနီယာချင်းယွင်ကျိနဲ့တွေ့တော့ အရမ်းစိတ်လှုပ်ရှားသွားပြီး တစ်ပွဲလောက် တိုက်ခိုက်ချင်မိသွားတယ်လေ အဲ့တာပါပဲ အဲ့တာထက်ပိုတဲ့ ဘာရည်ရွယ်ချက်မှ မရှိပါဘူးကွာ

ဒီတစ်ခေါက်ကိစ္စကလည်း ရှို့ယိဘုရားကျောင်းနယ်မြေထဲက ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း ရုတ်တရက်ပျောက်သွားတဲ့ကိစ္စပါ

ဂိုဏ်တစ်ဂိုဏ်းလုံးက ရုတ်တရက်ကြီးပျောက်ကွယ်သွားတယ် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် နတ်ဝိညာဉ်အဆင့် ၇ယောက် ၈ယောက်နဲ့ ရာချီတဲ့တပည့်တွေက အစအနမကျန်အောင်ကို ပျောက်သွားကြရတာ

သေချာတွေးကြည့်ပြီးတဲ့နောက်မှာ ဒါမျိုးစွမ်းအားနဲ့ နည်းလမ်းမျိုးကို မိစ္ဆာတွေပဲပိုင်ဆိုင်တယ်လို့ ငါတို့ယုံကြည်ခဲ့ကြတယ်

အဲ့တာကြောင့် ငါ့တာအိုမိတ်ဆွေတွေကိုစိတ်ပူပြီး ငါစိတ်လွတ်သွားခဲ့ရတာပါ ကျေးဇူးပြုပြီး ဘွေမယူပါနဲ့”

ယွင်စုန့်တကိုယ်လုံး အေးစက်နေခဲ့ရသည်။ ခုနက သူ့မဆင်မခြင်စွပ်စွဲမှုကြောင့် ကပ်ဘေးကြီးတစ်ခုကို ခေါ်လာမိတော့မလို ဖြစ်သွားခဲ့၏။ သူသေချာပြန်ရှင်းပြနိုင်လိုက်လို့သာ တော်သေးသည်။

နောက်ဂိုဏ်းတစ်ဂိုဏ်း ထပ်ပျောက်သွားမှန်း သိလိုက်ရသောအခါ ကျန်းယန် ခုနက အငြင်းပွားမှုကို ဘေးချိတ်ထားလိုက်ပြီး ချက်ချင်း မေးလိုက်၏။

“သူတို့လုံး၀ပျောက်သွားတာလား သဲလွန်စ လုံး၀မကျန်ဘူးလား ပြီးတော့ သူတို့အရင်းအမြစ်တွေကိုရော ယူသွားသေးလား”

“အတိအကျပဲ” ယွင်စုန့်ပေါင်ကိုလက်ဝါးဖြင့်ရိုက်ကာ ပြောလိုက်ပြီးနောက် ကျန်းယန်ကို မသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။

ကျန်းယန် မျက်မှောင်ကြုံ့ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လန်ကျားအထွတ်အမြတ်မြေက ချီရှန်အကယ်ဒမီလည်း အခုလိုပဲ ပျောက်သွားခဲ့တယ် ဘာသဲလွန်စမှ မကျန်ဘူး သူတို့အရင်းအမြစ်တွေလည်း ဒီတိုင်းကျန်ခဲ့တယ်

အခြေအနေက ယုလင်ဘုရားကျောင်းရဲ့အခြေအနေနဲ့ တစ်ထပ်တည်းပဲ

တစ်ယောက်ယောက်က ပဋိပက္ခတွေဖြစ်အောင်မီးမွှေးနေတာလို့ ကျွန်တော်ထင်တယ် ဒီပဋိပက္ခကြောင့် ခင်ဗျားတို့အင်အားစုတွေနဲ့ အဇူရာတိမ်ဂိုဏ်းက စစ်ပွဲတောင် ဖြစ်လာနိုင်တယ်”

ယွင်စုန့် တုန်လှုပ်သွားခဲ့သည်။

“လန်ကျားအထွတ်အမြတ်မြေမှာလည်း ဂိုဏ်းတစ်ဂိုဏ်း ပျောက်သွားတာလား”

ကျန်းယန် အသာအယာခေါင်းငြိမ့်ပြလိုက်၏။

ယွင်စုန့်အတွေးများ ဖရိုဖရဲဖြစ်ကုန်သည်။ အဘယ်ကြောင့် နေရာတိုင်းတွင် အခုလို ထူးဆန်းသည့်အဖြစ်မျိုး ဖြစ်နေရပါသနည်း။

ထိုအခိုက်တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးအပြင်မှ အသံတစ်သံထွက်ပေါ်လာခဲ့၏။

“ယွင်ရှောင်နန်းတော်က လျူယိ အရေးကြီးကိစ္စတစ်ခုတင်ပြဖို့ အဇူရာတိမ်ဂိုဏ်းနဲ့ တွေ့ဆုံချင်ပါတယ်”

“သူ့ကို၀င်ခွင့်ပြုလိုက်ပါ ဆရာ” ကျန်းယန် ပြောလိုက်သည်။

ယွင်စုန့်ထွက်သွားဖို့ ပြင်လိုက်သော်လည်း ကျန်းယန်သူ့ကို တားလိုက်၏။

“ခဏနေပါဦး ယွင်ရှောင်နန်းတော်က အဇူရာတိမ်ဂိုဏ်းကို မလာတာကြာပြီ အခုလာတယ်ဆိုတော့ အရေးကြီးကိစ္စတစ်ခုခုရှိတာ သေချာတယ်

အရင်ဆုံး လန်ကျားအထွတ်အမြတ်မြေ ပြီးတော့ရှို့ယိဘုရားကျောင်း အခုယွင်ရှောင်နန်းတော်လည်း အဲ့လိုပြဿနာမျိုးပဲ ကြုံခဲ့ရတာလား…”

သူ့အမူအရာက လေးနက်သွားခဲ့သည်။

အကယ်၍ ယွင်ရှောင်နန်းတော်ကသာ ဤကိစ္စအတွက်ပဲ လာခြင်းဆိုလျှင် တစ်ယောက်ယောက်က ကမ္ဘာပေါ်ရှိ ဂိုဏ်းကြီးများနှင့်သူတို့ကိုရန်တိုက်ပေးဖို့ ကြိုးစားနေမှန်း သေချာသလောက် ရှိနေချေပြီ။

အရင်က မီရှန်ဂိုဏ်းအဖြစ်အပျက်အကြောင်းပြန်တွေးမိသောအခါ ကျန်းယန် ချက်ချင်း အမိန့်ထုတ်လိုက်၏။

“စီနီယာဦးလေးလင်းယွင် တိမ်တောင်အင်ပါယာကိုသွားပေးပါ ဆရာဦးလေးငါးကတော့ ယွင်ထန့်အင်ပါယာကို သွားပေးပါ

ဆရာ ကျေးဇူးပြုပြီး လျန့်ယိရှိတဲ့ မြောက်ပိုင်းကို သေချာ ကြည့်ထားပေးပါဦး”

ချင်းယွင်ကျိ ပေါ်လာကာ ခေါင်းငြိမ့်ပြလိုက်သည်။ ကျန်းယန်ဆိုလိုတာကို သူနားလည်၏။ တစ်ယောက်ယောက်က အဇူရာတိမ်ဂိုဏ်းနှင့်ဂိုဏ်းကြီးများကြား ပဋိပက္ခဖြစ်အောင် ကြံစည်နေပုံပင်။

လျူယိမရောက်ခင်တွင် လင်းယွင်ကျိနှင့်ဟွာလင်းကျိတို့ ထွက်ခွာသွားခဲ့ကြလေသည်။

လေထုတင်းမာနေပုံကိုမြင်သောအခါ ယွင်စုန့်လည်း တောင့်တင်းလာခဲ့၏။ စစ်ပွဲကြီးတစ်ခု ဖြစ်လာမှာကို သူကြောက်ရွံ့နေခဲ့မိသည်။

အချိန်အချို့ကြာပြီးနောက် ယွင်ရှောင်နန်းတော်မှလူ အဇူရာတိမ်မြို့ဆီ ရောက်ရှိလာခဲ့ပြီး တောင်ပေါ်သို့ တက်လာခဲ့၏။

ကျန်းယန်နှင့်နှုတ်ဆက်စကားအနည်းငယ်ပြောပြီးနောက် လျူယိ လေးလေးနက်နက်မေးလိုက်လေသည်။

“အခုတလော အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတစ်ကောင်ကောင်ထွက်သွားသေးလား”

ကျန်းယန် ချက်ချင်းပြန်ထောက်လိုက်၏။

“ဂိုဏ်းတစ်ဂိုဏ်းပျောက်သွားတာလား ဘာသဲလွန်စမှလည်း မကျန်ခဲ့ဘူးလေ ပြီးတော့ သူတို့အရင်းအမြစ်တွေလည်း ဒီတိုင်းကျန်ခဲ့တယ်မလား”

လျူယိကြောင်သွားခဲ့သည်။

“မင်းဘယ်လိုသိတာလဲ”

အဇူရာတိမ်ဂိုဏ်းသည် ထိုကိစ္စအတွက်တကယ်ကြီး တာ၀န်ရှိနေခြင်းပေလော။

ကျန်းယန်ယွင်စုန့်ကို တစ်ချက်ကြည့်လိုက်၏။

ယွင်စုန့်ခါးသက်သက်ပြုံးကာ ရှင်းပြလိုက်လေသည်။

“ရှို့ယိဘုရားကျောင်းနယ်မြေထဲမှာ ရှိတဲ့ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းပျောက်သွားတယ် အခြေအနေက မင်းတို့နဲ့အတူတူပဲ ပြီးတော့ မကြာခင်က လန်ကျားအထွတ်အမြတ်မြေမှာလည်း အခုလို အဖြစ်အပျက်မျိုး ဖြစ်ခဲ့သေးတယ်တဲ့”

“ဘာ” လျူယိ တုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။

ဤကိစ္စက သူတို့သာကြုံရသောကိစ္စမဟုတ်တော့ပေ။

ကျန်းယန် ဖြည်းဖြည်းချင်းပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက ဘယ်သူမှ ဘယ်မိစ္ဆာမှ လန်ကျားအထွတ်အမြတ်မြေ ရှို့ယိဘုရားကျောင်းနဲ့ယွင်ရှောင်နန်းတော်နယ်မြေတွေထဲ မ၀င်ခဲ့ဘူး ဆိုတော့ ဒီကိစ္စနောက်ကွယ်မှာ အခြားအကြောင်းအရင်းရှိရဦးမယ်

အားလုံးက တူညီတဲ့အခြေအနေနဲ့ ကြံနေရတာဆိုတော့ ဒီကိစ္စကိုအဖြေရှာဖို့ လန်ကျားအထွတ်အမြတ်မြေဆီ အတူသွားဆွေးနွေးသင့်တယ်

ကျွန်တော််တို့ကတော့ ဘယ်ဂိုဏ်းတွေ ဆက်ပျောက်ဦးမလဲ စောင့်ကြည့်နေဦးမယ်”

ယွင်စုန့်နှင့်လျူယိတို့အချိန်မဖြုန်းဘဲ ချက်ချင်း လန်ကျားအထွတ်အမြတ်မြေဆီ ထွက်ခွာသွားခဲ့ကြသည်။

သူတို့ထွက်သွားပြီးနောက် ကျန်းယန် သူ့ဆရာကို ပြောလိုက်၏။

“ဆရာ ကျွန်တော်တို့လည်း ဂရုစိုက်ဖို့လိုပြီ”

ချင်းယွင်ကျိ အသာအယာခေါင်းငြိမ့်ပြလိုက်သည်။ သူသည် သူ့အာရုံကို အဇူရာမဟာတိမ်၀င်္ကပါနှင့်ပေါင်းစပ်ထားပြီး ဖြစ်၏။

အဇူရာတိမ်ကုန်းမြေတိုက်ကြီးနား ချဉ်းကပ်လာသော ဘယ်အင်အားစုကိုမဆို သူအာရုံခံနိုင်ပေသည်။ အနန္တလမ်းညွှန်အမတရတနာကြောင့် သူသွားလိုသောနေရာကိုလည်း ချက်ချင်း သွားနိုင်၏။

ထို့ကြောင့် ဤကမ္ဘာကြီးပေါ် ဘယ်လိုကပ်ဆိုးမျိုး ကျရောက်နေသလဲဆိုတာ သူအဖြေရှာကြည့်ချင်နေခဲ့သည်။

အပိုင်း(၄၀၂)

ယွင်မုန့်စိမ့်တောနက်ထဲက ၀တ်ရုံနက်လူ

ယွင်မုန့်စိမ့်တောနက်ထဲတွင် ရာပေါင်းများစွာသောလူများက အနက်ရောင်၀တ်ရုံ၀တ်ပုံရိပ်တစ်ခုကို ၀န်းရံနေခဲ့ကြသည်။

ပျောက်ဆုံးသွားသော လန်ကျားအထွတ်အမြတ်မြေ ရှို့ယိဘုရားကျောင်းနှင့် ယွင်ရှောင်နန်းတော် နယ်မြေများမှ လူများအားလုံး ဤနေရာတွင် ရောက်ရှိနေခဲ့ကြခြင်း ဖြစ်၏။

၀တ်ရုံနက်လူသည် သူ့မျက်နှာကို ၀တ်ရုံနက်အောက်တွင်ဖုံးကွယ်ထားရင်း အားလုံးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မသဲကွဲသောအသံဖြင့် ပြောလိုက်လေသည်။

“မင်းတို့ရဲ့ တာအိုနိယာမတွေနဲ့တာအိုစွမ်းအားတွေ အားကောင်းလာစေရမယ်လို့ ငါအာမခံတယ် မင်းတို့က အမတ‌ေတွဖြစ်သွား‌ေအာင်‌ေတာင် ငါလုပ်‌ေပးနုိင်‌ေသးတယ် ငါပြန်လိုချင်တာက တစ်ခုတည်းပဲ”

“မင်းကဘယ်သူလဲ မင်းငါတို့ကို ဘာလုပ်မှာလဲ” ကြောက်ရွံ့နေသော တာအိုပေါင်းစည်းခြင်းအဆင့် မေးလိုက်၏။

ထိုလူ အေးအေးဆေးဆေးပြောလိုက်သည်။

“ကမ္ဘာပေါ်က လူအချို့ကသေသင့်နေပြီ အဲ့ဒီလူတွေကို မင်းငါ့ဆီခေါ်လာရမယ် ငါကမင်းတို့စွမ်းအားအတွက် အာမခံတယ်”

သူ့ပတ်ပတ်လည်တွင် အဝါရောင်မြူများ ပြန့်ကျဲသွားခဲ့ပြီး တစ္ဆေအလင်းများ သူ့၀တ်ရုံထဲမှထွက်လာကာ ပတ်ပတ်လည်ရှိ လူများအားလုံးကို လွှမ်းမိုးသွားခဲ့၏။

လူတိုင်း သူတို့ခန္ဓာကိုယ်များအရည်ပျော်သွားသလို ခံစားလိုက်ရသည်။ ကြောက်လန့်တကြားအော်သံများ လေထဲတွင်ပြည့်သွားသော်လည်း ဘယ်သူမှမသေခဲ့ပေ။ သူတို့ ခန္ဓာကိုယ်များက ပျောက်ဆုံးသွားခဲ့သော်လည်း သူတို့၏ဝိညာဉ်များက ကျန်ရစ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

တစ္ဆေအလင်းများက သူတို့ခန္ဓာကိုယ်ကိုဖုံးအုပ်ထားပြီး တစ်ယောက်ချင်းစီ၏ ကိုယ်ပေါ်တွင် အနက်ရောင်၀တ်ရုံများ ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ထိုသူများကိုယ်တိုင် ၀တ်ရုံနက်လူများ ဖြစ်သွားခဲ့ကြရ၏။

၀တ်ရုံနက်လူ ကြေငြာလိုက်သည်။

“နေရာတိုင်းကိုသွားပြီး ငါပြောထားတဲ့သူတွေကို ခေါ်လာခဲ့ကြ မင်းတို့ကမသေနိုင်ဘူး ဒါပေမယ့် ငါ့အမိန့်ကိုမနာခံရင် သေတာထက်ဆိုးတဲ့ဘ၀ကို ခံစားခိုင်းမယ် အခု ထွက်ခွာကြတော့”

ရာချီသော၀တ်ရုံနက်များ ထိုသူ့ကိုဦးညွတ်အရိုအသေပေးကာ ထွက်ခွာသွားခဲ့ကြ၏။ သူတို့ထဲတွင် အားအနည်းဆုံးသူကပင် နတ်ဝိညာဉ်အဆင့်သို့ရောက်နေပြီဖြစ်ပြီး ပို‌အားကောင်းသူများကတော့ တာအိုပေါင်းစည်းခြင်းအဆင့်များ ဖြစ်ကြပေသည်။

အစက သူတို့သည် နတ်ဝိညာဉ်အဆင့်အနည်းငယ်နှင့် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်သာပါသော အဖွဲ့လေးဖြစ်သော်လည်း အခုတော့ ထိုထက်အဆများစွာ အားကောင်းပြီး သေခြင်းတာအိုကို သယ်‌ေဆာင်ထားသည့် ကြောက်မယ်ဖွယ်အဖွဲ့ကြီးတစ်ခု ဖြစ်သွားခဲ့ချေပြီ။

ယွင်မုန့်စိမ့်ဝောာထဲမှ ထွက်လာပြီးနောက် သူတို့ခဏရပ်ကာ သူတို့ပစ်မှတ်ကို ရွေးချယ်လိုက်ကြ၏။ အချို့က တောင်တစ်သိန်းတောင်တန်းက မွန်းစတားများကို ‌ေရွးချယ်ခဲ့ပြီး အချို့ကတော့ ကလဲ့စားချေရန် ယွင်ရှောင်နန်းတော်နှင့်အဇူရာတိမ်ကုန်းမြေတိုက်ကြီးတို့ကို ရွေးချယ်ခဲ့ကြသည်။

ဤသို့ဖြင့် ထို၀တ်ရုံနက်များသည် ကမ္ဘာအနှံ့သို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ကြ၏။

ထိုစဉ် မူလ၀တ်ရုံနက်ကတော့ အဝါရောင်စမ်းချောင်းဘေးတွင်ထိုင်ကာ စမ်းချောင်းထဲမှ သေခြင်းတာအိုစွမ်းအားများကို သူ့ကိုယ်ထဲ ထပ်ဖြည့်နေခဲ့လေသည်။

မကြာခင်တွင် ယွင်စုန့်နှင့်လျူယိတို့ သူတော်စင်သခင်ဆီ ရောက်ရှိသွားခဲ့ကြ၏။ နှုတ်ဆက်စကားအနည်းငယ်ပြောပြီးနောက် သူတို့်နယ်မြေများတွင် ပျောက်ကွယ်သွားသော ဂိုဏ်းများအကြောင်းကို ပြောပြလိုက်ကြလေသည်။

သူတော်စင်သခင်၏အမူအရာလေးနက်သွားခဲ့၏။ ဂိုဏ်းကြီးသုံးဂိုဏ်းနယ်မြေထဲရှိ ဂိုဏ်းသုံးဂိုဏ်း တိတ်တဆိတ်ပျောက်ကွယ်သွားရခြင်းက သာမန်ကိစ္စတော့ မဟုတ်ပေ။ ဤအဖြစ်အပျက်များ၏ နောက်ကွယ်တွင် ယွင်မုန့်စိမ့်တောရှိနေသလိုပင် သူ့အကြည့်များက ထိုနေရာဆီသို့ ရောက်ရှိသွားခဲ့သည်။

ယွင်မုန့်စိမ့်တောသည် တားမြစ်နယ်မြေဟု လူသိများသောနေရာဖြစ်၏။ ယခုအင်အားစုကြီးသုံးခုလုံးတွင် တူညီသောအဖြစ်အပျက်များ ဖြစ်ပွားနေပြီဖြစ်လေရာ ယွင်မုန့်စိမ့်‌ေတာက ထိုကိစ္စများဖြစ်ပွားစေသော အဓိက အကြောင်းအရင်းပေလော။

လျူယိနှင့်ယွင်စုန့်တို့လည်း သူ့အကြည့်ကိုမြင်သွားပြီးနောက် သူ့အတွေးကို နားလည်သွားခဲ့သည်။

“စီနီယာ ယွင်မုန့်စိမ့်တောထဲမှာ တစ်ခုခုဖြစ်နေတယ်လို့ ဆိုလိုတာလား” လျူယိမေးလိုက်၏။

သူတော်စင်သခင် အသာအယာခေါင်းခါပြလိုက်သည်။

“မသေချာသေးဘူး အခြားဂိုဏ်းကြီးတွေရော ငါတို့လို ဂိုဏ်းတွေပျောက်နေလားဆိုတာ အရင်သွားမေးကြည့်ရမယ် တကယ်လို့ ငါတို့သုံးဂိုဏ်းပဲဖြစ်နေတာဆိုရင်တော့ ငါတို့တွေ ကောက်ချက်မချခင် သေချာစုံစမ်းရလိမ့်မယ်”

ယွင်မုန့်စိမ့်တောနှင့်တောင်တစ်သိန်းတောင်တန်းနှစ်ခုလုံးသည် တားမြစ်နယ်မြေများဖြစ်ကြပြီး ဘယ်သူမှ ထိုနေရာနှစ်ခုကို အဆင်အခြင်မဲ့ အပြစ်မတင်ရဲကြပေ။

“တုရှန် အခြားဂိုဏ်းတွေမှာရော ငါတို့လိုကိစ္စမျိုးဖြစ်နေလားဆိုတာ သွားစုံစမ်းလိုက်” သူတော်စင်သခင် အမိန့်ပေးလိုက်သည်။

တုရှန် အမိန့်ကိုလက်ခံပြီးနောက် နှင်းတောင်တန်းဒေသဆီ ထွက်သွားခဲ့၏။ လျူယိနှင့်ယွင်စုန့်တို့လည်း သူတို့နှင့်နီးသော ကွေ့ယွမ်ဘုရားကျောင်းနှင့် ပင်လယ်ကောင်းကင်မျှော်စင်တို့ဆီ အသီးသီးထွက်သွားခဲ့ကြသည်။

သူတို့ထွက်သွားပြီးနောက် သူတော်စင်သခင်ခပ်တင်းတင်းမျက်မှောင်ကြုံ့နေခဲ့၏။ အကယ်၍ ထိုကိစ္စနောက်ကွယ်တွင်သာ ယွင်မုန့်စိမ့်တောရှိနေခဲ့လျှင် သူဘယ်လို တုန့်ပြန်သင့်ပါသနည်း။

ရုတ်တရက် သူ့အကြည့်က လန်ကျားအထွတ်အမြတ်မြေတောင်ပိုင်းဆီရောက်ရှိသွားခဲ့ပြီး ချက်ချင်းဆိုသလို လက်မြှောက်ကာ ဖိနှိပ်ဟူသောစကားလုံးကို ရေးသားလိုက်၏။

အရောင်တောက်နေသောစကားလုံးက ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းဆိုသလို တောင်ပိုင်းရှိ ဂိုဏ်းတစ်ဂိုဏ်းပေါ်တွင် ပေါ်ပေါက်လာခဲ့လေသည်။ ထိုစာလုံးက ဂိုဏ်းတည်ရှိရာ တောင်ပေါ်ကျဆင်းသွားခဲ့ပြီးတောင်ပေါ်ရှိ အဆောက်အအုံများ အလောင်းများ ‌ကုန်းမြေများနှင့် အနက်ရောင်ပုံရိပ်များအားလုံးကို ဖုန်မှုန့်အဖြစ် ဖိချေပစ်လိုက်၏။

သူတော်စင်သခင်၏ ဖိနှိပ်စာလုံးပညာရပ်က ကုန်းရှို့ပင်းထက် များစွာ အားကောင်းပေသည်။

သို့သော် သူ့အမူအရာပျက်သွားခဲ့၏။

“သူတို့မသေသွားဘူးလား”

သူ့နတ်အာရုံမှတစ်ဆင့် ၀တ်ရုံနက်များက တောင်ပိုင်းရှိ ဂိုဏ်းတစ်ဂိုဏ်းအား သုတ်သင်နေသည်ကို သတိထားမိသွားသောကြောင့် သူချက်ချင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အားလုံးကို ပြာဖြစ်သည်အထိ သူချေမွပစ်လိုက်နိုင်သော်လည်း ထိုပုံရိပ်များက တစ်နည်းနည်းဖြင့် သူ့နည်းစနစ်ထဲမှ လွတ်မြောက်သွားခဲ့၏။

အသက်ရှူကြိမ်နှစ်ကြိမ်ကြာပြီးနောက် သူကိုယ်တိုင်ပျက်ဆီးသွားသောဂိုဏ်းဆီ ရောက်ရှိသွားခဲ့ပြီး သူ့မျက်ခုံးများက အပြင်းအထန် တွန့်ကွေးသွားခဲ့သည်။

၀တ်ရုံနက်များသည် နတ်ဝိညာဉ်အဆင့်များသာဖြစ်သော်လည်း သူ့နည်းစနစ်ထဲမှ လွတ်မြောက်သွားခဲ့၏။ ပထမဆုံးအကြိမ်အနေနှင့် သူကြောက်စရာကောင်းသောအရာတစ်ခုကို နားလည်သွားခဲ့ရသည်။ သူမသတ်နိုင်သော ရန်သူများ ရှိနေခဲ့ချေပြီ။

ထိုစဉ် ယွင်မုန့်စိမ့်တောအနက်ပိုင်းထဲရှိ စမ်းချောင်းထဲတွင် များစွာသောဝိညာဉ်များ ရေထဲမှ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့အားလုံးသည် ခုနကမှ ဖျက်ဆီးခံလိုက်ရသော ၀တ်ရုံနက်များ ဖြစ်၏။

ထိုသူတို့သည် စမ်းချောင်းထဲတွင် ရေချိုးပြီးနောက် သူတို့ဝိညာဉ်ခန္ဓာများကို ပြန်လည်ရရှိသွားခဲ့ကြလေသည်။ ထိုအခါမှ ၀တ်ရုံနက်တစ်ယောက် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

“ငါတကယ်ပဲ သေပြီလို့ထင်ခဲ့တာ…ဒါပေမယ့် ထပ်ပြီး ရှင်သန်နိုင်ခဲ့ပြန်ပြီ”

နောက်တစ်ယောက် ရေရွတ်လိုက်ပြန်သည်။

“ဒါဆို ငါတို့ကတကယ်ကြီး အမတတွေဖြစ်သွားပြီပေါ့ အခုဘာကိုမှကြောက်စရာမလိုတော့ဘူး”

မူလအနက်ရောင်၀တ်လူ အေးစက်စက်ပြောလိုက်၏။

“ပြန်ကောင်းသွားပြီဆိုတော့ တာ၀န်ဆက်ထမ်းဆောင်ကြတော့”

“ဟုတ်ကဲ့ပါအရှင်”

ဤတစ်ကြိမ်တွင်တော့ သူတို့သည် လန်ကျားအထွတ်အမြတ်မြေဆီသို့ ပေါ်တင်သာ ၀င်သွားခဲ့ကြသည်။ ‌မသေနိုင်ဘူးဆိုမှတော့ သူတို့ဘာကိုကြောက်နေရပါဦးမည်နည်း။

ရှို့ယိဘုရားကျောင်းနယ်မြေတွင် ဒါဇင်နှင့်ချီသော၀တ်ရုံနက်များ ဓားချီဖြင့် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ ယွင်ရှောင်နန်းတော်နယ်မြေတွင်လည်း လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ခြင်းကို ခံလိုက်ရသည်။

သို့သော် ပျက်ဆီးသွားသော ဝိညာဉ်များက အဝါရောင်စမ်းချောင်းတွင် ပြန်လည်ဖြစ်တည်လာပြီးနောက် ထပ်ထပ်ပြီး တိုက်ခိုက်နေခဲ့ကြ၏။

အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် ချင်းယွင်ကျိ သူ့နယ်မြေထဲ နတ်ဝိညာဉ်အဆင့် ၇၀ ၈၀ လောက် ကျူးကျော်လာတာကို သတိထားမိသွားခဲ့ပြီး ချက်ချင်း သူတို့ရှေ့တွင်ပေါ်လာကာ လက်တစ်ချက်ကို ဝေ့ယမ်းပြီး

အားလုံးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

ထို့နောက်တွင်တော့ သူအံ့ဩမှုကြောင့် ခဏရပ်သွားခဲ့၏။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သော သူသည် သူ့ရန်သူသေမသေကို ရှင်းရှင်းလင်းလင်း သိရှိပေသည်။ အခု ထိုရန်သူများသည် သူ့တိုက်ကွက်မှ လွတ်မြောက်သွားခဲ့ကြခြင်း ဖြစ်၏။

သူတာအိုနယ်မြေကို ဖြန့်ကျက်ကာ လက်ကျန် ရန်သူများကို တာအိုနယ်မြေထဲတွင် ဖိနှိပ်ထားလိုက်သည်။ သူ့တာအိုနယ်မြေသည် မိစ္ဆာများကိုပင် ဖိနှိပ်ပစ်နိုင်သော နယ်မြေဖြစ်၏။

သူ့နယ်မြေထဲရှိ ၀တ်ရုံနက်များကို သတ်လိုက်သော်လည်း သေပြီးပြီးချင်းပင် ထိုကောင်များသည် ပျောက်ကွယ်သွားခဲ့ပြန်လေသည်။

“ထူးဆန်းလိုက်တာ…”ချင်းယွင်ကျိ တီးတိုးရေရွတ်လိုက်၏။

သူတို့ကို သတ်ဖြတ်ခြင်းက သူတို့ကိုလွတ်မြောက်အောင် ကြံဆောင်ပေးနေခြင်း ဖြစ်နေခဲ့လျှင် သူတို့ကို မသတ်မှသာ သူတို့ကို ထောင်ချောက်ထဲထည့်ထား၍ ရပေတော့မည်။

All Chapters