အခန်း (၄၀၅-၄၀၆)
Vol. 39 Ch. 405-406
အပိုင်း(၄၀၅)
ငန်းတိုင်းဆီက အမွှေးနှုတ်ခြင်း
ကျန်းတောက် လန်ကျားအထွတ်အမြတ်မြေဆီ အလျင်အမြန်ရောက်လာခဲ့ပြီး သူတော်စင်သခင်နှင့်စကားအနည်းငယ်ပြောပြီးနောက် ကျန်းယန် အမှန်အတိုင်းပြောနေမှန်း သိရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတော်စင်သခင်လည်း အဇူရာတိမ်ဂ်ိုဏ်းနှင့်၀မ်လင်းဂိုဏ်းတို့ပါ ၀တ်ရုံနက်များနှင့် ရင်ဆိုင်နေရမှန်း သိရှိသွားခဲ့၏။
သူ့မျက်ခုံးများ ချက်ချင်းတွန့်ကွေးသွားခဲ့သည်။
အစကတော့ ၀တ်ရုံနက်များသည် ယွင်မုန့်စိမ့်တောထဲမှသာ လာသည်ဟု သူထင်ထားခဲ့ခြင်း ဖြစ်၏။ အခုတော့ ကြည့်ရသည်မှာ သူတို့အရင်းအမြစ်က သူထင်တာထက် ပိုကြီးနေပုံပင်။
သို့သော် လန်ကျားအထွတ်အမြတ်မြေကို တိုက်ခိုက်နေသော ၀တ်ရုံနက်များက ယွင်မုန့်စိမ့်ေတာထဲက လာတာဆိုတာကိုတော့ သူသေချာသိပေသည်။
“မင်းတို့တွေ အဲ့ဒီမကောင်းဆိုးဝါးတွေကို သတ်နိုင်ပြီလား” သူတော်စင်သခင်မေးလိုက်၏။
ကျိုးရွှမ်ရှန်းသည် တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်တစ်ယောက်ဖြစ်သောကြောင့် အောင်မြင်စွာ သတ်ဖြတ်နိုင်မည်ဟု သူထင်နေခြင်း ဖြစ်သည်။
ကျန်းတောက် သွယ်ဝိုက်ပြီး ဖြေလိုက်၏။
“ဒီကိုမလာခင် ကျွန်တော် အဇူရာတိမ်ဂိုဏ်းနဲ့တွေ့ခဲ့သေးတယ် သူတို့တောင် ၀တ်ရုံနက်တွေကို မသတ်နိုင်ဘူး သူတို့မိစ္ဆာတွေတောင် မသတ်ဖြတ်နိုင်ခဲ့ဘူး
ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းက အဇူရာမဟာတိမ်၀င်္ကပါကိုပိုင်ဆိုင်ထားတယ်လေ အဲ့တော့ သူတို့က သတ်မယ့်အစား အဲ့ကောင်တွေကို ၀င်္ကပါထဲမှာ ချုပ်နှောင်ပစ်လိုက်ကြတယ်”
တစ်နည်းအားဖြင့် ဆိုသော် ထိုကောင်များကို အဇူရာတိမ်ဂိုဏ်းပင်မသတ်နိုင်ရာ သူတို့အတွက်လည်း မဖြစ်နိုင်ဘူးဟု ဆိုလိုချင်ခြင်းဖြစ်သည်။ သူတို့ဂိုဏ်း သိက္ခာမကျရအောင် စကားကိုကွေ့ဝိုက်ပြောခဲ့ခြင်းဖြစ်၏။
“သူတို့ကို အကျဉ်းချလုိက်တာက တကယ်ပဲ အဖြေတစ်ခုပဲ” သူတော်စင်သခင် အသာအယာခေါင်းငြိမ့်ပြလိုက်သည်။
“အခုတော့ အဲ့လိုပဲ လုပ်လိုက်ကြတာပေါ့”
သူ့ပုံရိပ်ပျောက်ကွယ်သွားခဲ့ပြီး လန်ကျားအထွတ်အမြတ်မြေ အစွန်အဖျားတွင် ပြန်ပေါ်လာခဲ့၏။
ထိုအခိုက်တွင် နောက်ထပ် ၀တ်ရုံနက်တစ်အုပ်က သူတို့ကုန်းမြေတိုက်ကြီးဆီ ချဉ်းကပ်လာနေခြင်းဖြစ်ပြီး နယ်စပ်တွင် တာအိုပေါင်းစည်းခြင်းအဆင့်များကအသင့်အနေအထားဖြင့် ထိုကောင်များကို သတ်ဖြတ်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ကံကောင်းစွာဖြင့် ထိုကောင်များက နတ်ဝိညာဉ်အဆင့်များသာ ဖြစ်နေကြပြီး နယ်စပ်က တာအိုပေါင်းစည်းခြင်းတစ်အုပ်ကို မကျော်နိုင်ခဲ့ကြပေ။
အကြီးအကဲများ တိုက်ခိုက်ဖို့ပြင်လိုက်စဉ်တွင် ရုတ်တရက် သူတော်စင်သခင်ရောက်ရှိလာခဲ့ပြီး ၀တ်ရုံနက်များအားလုံးကို သူ့တာအိုပိုင်နက်ထဲတွင် ဖိနှိပ်ပစ်လိုက်၏။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဖိအားအောက်တွင် ၀တ်ရုံနက်များ ကိုယ့်ကိုကိုယ်ပင် သတ်မသေနိုင်ကြတော့ပေ။
“ကျားရှန် အဇူရာတိမ်ဂိုဏ်းကိုသွား သူတို့နဲ့ညှိနှိုင်းပြီး ဒီကောင်တွေကို အကျဉ်းချထားခဲ့” သူတော်စင်သခင် အမိန့်ပေးလိုက်သည်။
ကျားရှန် အမိန့်ကိုလက်ခံလိုက်ပြီး ထွက်ခွာသွားခဲ့၏။
ကျန်းတောက်လည်း ထွက်သွားခဲ့သည်။ သူလုံလောက်အောင်မြင်ခဲ့ပြီးချေပြီ။ လန်ကျားအထွတ်အမြတ်မြေတောင် အဇူရာတိမ်ဂိုဏ်းဆီက အကူအညီလိုနေလျှင် သူတို့၀မ်လင်းဂိုဏ်းက ဘာကြောင့် တွန့်ဆုတ်နေရပါမည်နည်း။
စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းက မနည်းလှသောပမာဏဖြစ်သော်လည်း သူတို့ မတတ်နိုင်သောပမာဏတော့ မဟုတ်ပေ။
ကျားရှန် အဇူရာတိမ်ဂိုဏ်းဆီရောက်လာခဲ့ပြီး ကျန်းယန်အား အခြေအနေများကို ရှင်းပြလိုက်ပြီးနောက် ကျန်းယန် သူ့ကို လေးလေးနက်နက်ပြန်တုန့်ပြန်ခဲ့၏။
“စီနီယာ ၀တ်ရုံနက်တစ်ကောင်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုတာက အခြားဂိုဏ်းတွေအတွက်ပါ
ကျွန်တော်တို့က မဟာမိတ်တွေလေ ဘယ်လိုလုပ် စီနီယာတို့ကို အခကြေးငွေတောင်းခံလို့ဖြစ်မှာလဲ ဒီတိုင်းပို့သာပို့လိုက် ကျွန်တော်တို့ အလကားချုပ်ထားပေးမယ်”
ထိုစကားကိုကြားသောအခါ ကျားရှန် အားရပါးရ ရယ်မောလိုက်မိသည်။
“မင်းနဲ့ဒီလောက်ကြာအောင် ညှိနှိုင်းလာခဲ့တာ ဒီတစ်ခေါက်က ပထမဆုံးအကြိမ် မင်းလူနဲ့တူတာပဲကွာ”
အတိတ်တုန်းကဆိုလျှင် ကျန်းယန်နှင့်ရင်ဆိုင်ရတိုင်း နောက်ဆုံးတွင် တစ်ယောက်ယောက်ကတော့ အညစ်ခံလိုက်ရပြီးသာ အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။ အခုတော့ ထိုကဲ့သို့သောသူက အလကားကူညီပေးဖို့ ကမ်းလှမ်းနေလေရာ သူအတော်လေး အံ့ဩနေခဲ့ရ၏။
ကျန်းယန် အစော်ကားခံလိုက်ရဟန်ဖြင့် ပြန်ကြည့်လိုက်သည်။
“စီနီယာ ကျွန်တော့်ကိုအထင်လွဲနေပါပြီ တကယ်ဝောာ့ ကျွန်တော်က လူကောင်းတစ်ယောက်ပါဗျာ”
ကျားရှန် ကြိတ်၍နှာခေါင်းရှုံ့လိုက်၏။
မင်းလား။
လူကောင်းက မင်းလား။
သို့သော် ဤဖော်ရွေနေသော လေထုလေးပျက်သွားမည်စိုးသောကြောင့် သူအမြန်ဂိုဏ်းဆီပြန်သွားပြီး အခြေအနေကို ပြန်တင်ပြလိုက်သည်။
“သူကဘာအခကြေးငွေမှ မတောင်းဘူးလား” သူတော်စင်သခင် ထူးဆန်းစွာ မေးလိုက်၏။
ကျားရှန် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီကလေးက နောက်ဆုံးတော့ ကောင်းမှုကုသိုလ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်မယ်”
သူတော်စင်သခင်ချက်ချင်း ခေါင်းခါလိုက်၏။
“မဖြစ်နိုင်ဘူး ဒီခွေးကောင်လေးမှာ နောက်ထပ်အစီအစဉ်တစ်ခုခုရှိနေတာ သေချာတယ် ငါသူ့ကိုကောင်းကောင်းကြီး သိတယ်”
သူတော်စင်သခင်သူ့တာအိုပိုင်နက်ထဲက ၀တ်ရုံနက် ၄၀ ၅၀ ကို စိုက်ကြည့်နေခဲ့သည်။ သူဘယ်လိုပဲတွေးတွေး ကျန်းယန် ဤသတ္တဝါများဆီက ဘာအကျိုးအမြတ်ရနေလဲ မတွေးတတ်ခဲ့ပေ။
ထိုကောင်များသည် ပြဿနာရှာနိုင်သော သတ္တဝါများဆိုတာကလွဲပြီး ဘာတန်ဖိုးရှိနေပါမည်နည်း။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူနောက်ဆုံးတွင် ကျားရှန်ကို ပြောလိုက်၏။
“ငါသုတေသနလုပ်ဖို့ နှစ်ကောင်ယူထားမယ် ကျန်တာကို မင်းပဲအဇူရာတိမ်ဂိုဏ်းဆီ သွားပို့လိုက်”
ကျန်းယန်နှင့်မရေတွက်နိုင်သော ညှိနှိုင်းမှုများ လုပ်ဖူးသောကြောင့် သူ့မသိစိတ်က ဤကိစ္စနောက်ကွယ်တွင် လှည့်ကွက်တစ်ခုခုရှိနေတယ်ဆိုတာ သိနေခဲ့သည်။
ဤသို့ဖြင့် ကျားရှန်သည် ပစ္စည်းပို့သမားဖြစ်လာခဲ့ပြီး အဇူရာတိမ်ဂိုဏ်းဆီအကြိမ်ပေါင်းများစွာလာကာ ၀တ်ရုံနက်များကို လာရောက်ပို့ဆောင်ပေးနေခဲ့၏။
သူသည် တာအိုပေါင်းစည်းခြင်းအဆင့်သာဖြစ်သောကြောင့် သူတော်စင်သခင်လို တစ်ကြိမ်တည်းဖြင့် ၀တ်ရုံနက်အများကြီးကို ဖိနှိပ်မထားနိုင်ပေ။ ထို့ကြောင့် အကြိမ်ပေါင်းများစွာ ခရီးထွက်နေခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ် ကျန်းတောက်၀မ်လင်းဂိုဏ်းဆီပြန်ရောက်လာခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှအား ကျိုးရွှမ်ရှန်းကို တင်ပြလိုက်၏။
“၀တ်ရုံနက်တွေကို အကျဉ်းချတာလား” ကျိုးရွှမ်ရှန်း မျက်မှောင်ကြုံ့သွားခဲ့သည်။
တစ်ခုခုကတော့ ထူးဆန်းနေသယောင်ပင်။
သို့သော်လည်း အဇူရာတိမ်မဟာ၀င်္ကပါ၏ စွမ်းအားကိုတော့ သူသံသယမရှိပေ။ ထိုအရာသည် အမှန်တကယ်ပင် သာမန်မဟုတ်သော ၀င်္ကပါဖြစ်ပြီး ၀တ်ရုံနက်များကို ဖိနှိပ်နိုင်စွမ်း ရှိနိုင်ပေသည်။
ထိုစဉ် သူ့စိတ်ထဲအတွေးတစ်ချက် ရုတ်ချည်း၀င်ရောက်လာခဲ့၏။
တကယ်လို့ အဇူရာတိမ်ဂိုဏ်းကသာ ၀တ်ရုံနက်တွေ အများကြီးလက်ခံလိုက်မယ်ဆိုရင် သူတို့၀င်္ကပါထဲမှာ ပိုပိုပြီး ကျဉ်းကြပ်လာမှာမဟုတ်လား။
ထိုသို့ဖြစ်လာခဲ့လျှင် အဇူရာတိမ်ဂိုဏ်းသည် အားနည်းလာမည် မဟုတ်ပါလော။
လုံလောက်သော ၀တ်ရုံနက်များကို စုဆောင်းနိုင်ပြီး ထို၀တ်ရုံနက်များနှင့် မိစ္ဆာများ၏ခြိမ်းခြောက်မှုများ ပေါင်းလိုက်လျှင် ဂိုဏ်းသည် ဖိအားအောက်ရောက်သွားမည် မဟုတ်ပါလော။
အချိန်တစ်ခုရောက်လာလျှင် အဇူရာတိမ်ဂိုဏ်းသည် သူ့ဟာသူပင် ပျက်ဆီးသွားနိုင်ပေသည်။
“ကျန်းတောက် ၀တ်ရုံနက်တွေကို များနိုင်သလောက် များများဖမ်းပြီး အဇူရာတိမ်ဂိုဏ်းဆီ ပို့လိုက်” ကျိုးရွှမ်ရှန်း အမိန့်ပေးလိုက်၏။
“ကျိုးကျွင်းချန် အခြားဂိုဏ်းတွေကိုသွားပြီး သူတို့မှာ ရှိသမျှ ၀တ်ရုံနက်တွေကိုလည်း အဇူရာတိမ်ဂိုဏ်းကို ပို့ဖို့ ပြောလိုက်”
“များလေကောင်လေးပဲ အဇူရာမဟာတိမ်၀င်္ကပါတစ်ခုလုံးကို ၀တ်ရုံနက်တွေနဲ့ ဖြည့်ပစ်ရမယ်”
ကျန်းတောက်နှင့်ကျိုးကျွင်းချန်တို့နှစ်ယောက်လုံး ကျိုးရွှမ်ရှန်းအကြံကို ချက်ချင်းနားလည်သွားခဲ့ကြပြီး ဆောင်ရွက်ရန် ထွက်ခွာသွားခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်းတွင် ကျိုးရွှမ်ရှန်းအကြံအစည်ကြောင့် ရောက်ရှိလာသည့် များစွာသော ၀တ်ရုံနက်များကို ချင်းယွင်ကျိ ၀မ်းသာအားရ လက်ခံနေခဲ့၏။
အစကတော့ သူပျော်ရွှင်နေခြင်း ဖြစ်သည်။
၁၀…၂၀…၃၀…
အမတလက်နက်က ပြီးပြည့်စုံပေတော့မည်။
၅၀…၁၀၀…၂၀၀…
အမွှေးတိုင်အိုးသာ ထိုအရာများအားလုံးကို သန့်စင်ပစ်လိုက်လျှင် သူသည် သာမန်အမတလက်နက်များထက်ပင် သာလွန်သွားနိုင်သေးသည်။
ထို့အပြင် ၀တ်ရုံနက်တစ်ကောင်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းကလည်း ရရှိနေသေး၏။
စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံနဲ့ချီပြီး ၀င်လာသောအခါတွင်တော့ ချင်းယွင်ကျိ အနည်းငယ်ပင် စိတ်မလုံသလို ခံစားလာရသည်။
ဒါကြီးက အရှက်မဲ့လွန်းနေတာ မဟုတ်ဘူးလား။
၀င်္ကပါနယ်မြေထဲတွင် ကျန်းယန်အပြုံးအေးခဲသွားခဲ့ရ၏။
သူ၀တ်ရုံနက်များကို သေခြင်းတာအိုနှင့်ဖြတ်တောက်ပြီး အမွှေးတိုင်အိုးထဲ တစ်ကောင်ပြီးတစ်ကောင် ပစ်ထည့်ပေးနေသော်လည်း အမွှေးတိုင်အိုးက အခုထိ မပြည့်သေးပေ။
ပိုများသော ၀တ်ရုံနက်များဆက်ရောက်လာနေခဲ့ပြီး ကျန်းယန်ကလည်း ရောက်လာသမျှကို အမွှေးတိုင်အိုးထဲသာ ဆက်တိုက်ပစ်ထည့်နေခဲ့သည်။ အကယ်၍ အမွေးတိုင်အိုး ပြီးပြည့်စုံသွားခဲ့လျှင် ဖြစ်ပေါ်လာမည့် အဖြစ်အပျက်က သေးငယ်နေမည်တော့ မဟုတ်လောက်တော့ပေ။
သူတို့အနိုင်ရနေမှုကြောင့် လန်ကျားအထွတ်အမြတ်မြေနှင့်မဟာမိတ်ဖွဲ့ထားသော ဂိုဏ်းများအားလုံး၏ စိတ်ဓာတ်များ တက်ကြွလာခဲ့ကြသည်။
အထူးသဖြင့် ၀မ်လင်းဂိုဏ်းဖြစ်သည်။ အဇူရာတိမ်ဂိုဏ်းသည် သူတို့လှည့်ကွက်ထဲ ၀င်ကာ ကိုယ်ပျက်ဆီးမည့်လမ်းကို ကိုယ်တိုင်ဖောက်နေသည်ဟု တွေးမိသောကြောင့် သူတို့အတော်လေး ကျေနပ်နေခဲ့ကြ၏။
သို့သော် ယွင်မုန့်စိမ့်တောထဲက မင်ခုံးကတော့ စတင်ထိတ်လန့်လာခဲ့သည်။
အဘယ်ကြောင့် သူ့ငယ်သားများက ပိုပိုနည်းလာရပါသနည်း။
ကျင့်ကြံခြင်းကမ္ဘာရှ်ိ တစ်ယောက်ယောက်က သူ့လျှို့ဝှက်နည်းစနစ်ကို ဖြေရှင်းမည့်နည်းလမ်း တွေ့ရှိသွားခြင်းပေလော။
မဖြစ်နိုင်ပေ။
တစ္ဆေဘုံပေါ်မလာခဲ့တာ နှစ်ထောင်ချီကြာသွားပြီဖြစ်ပြီး ကျင့်ကြံခြင်းကမ္ဘာတွင် သူတို့ တစ္ဆေပညာရပ်များကို နားလည်သူ ဘယ်မှာ ရှိနိုင်ပါတော့မည်နည်း။
အပိုင်း(၄၀၆)
ကောင်းကင်နှလုံးသားကျွန်း၏ကပ်ဘေး
“၀တ်ရုံနက် ၇၆၃ ကောင်”
“စိတ်ဝိညာဉ်ကျောက်တုံး သန်း ၇၀၀ ကျော်တယ်”
ချင်းယွင်ကျိ အမတသန့်စင်အမွှေးတိုင်အိုးကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ထို၀တ်ရုံနက်များအားလုံးကို သန့်စင်ပြီးလျှင် အမွှေးတိုင်အိုးသည် အမတလက်နက်အဖြစ်ပြောင်းလဲသွားတော့မှာ သေချာသလောက်ပင်။
တစ်ချိန်တည်းမှာပင် ကျန်းယန်ကိုကြည့်ရင်း သူခံစားချက်များ ပြည့်လျှံလာခဲ့၏။
အဇူရာတိမ်ဂိုဏ်းသည် အရင်က အလွန်ဆင်းရဲခဲ့ဖူးသည်။ သို့သော် ကျန်းယန်လက်ထဲ ဂိုဏ်းကိုထည့်ပေးခဲ့ပြီးနောက်တွင်တော့ စိတ်ဝိညာဉ်ကျောက်တုံး ၇၀၀ေကျာ်ကပင် သူတို့အတွက် သာမန်အကျိုးအမြတ်ဖြစ်လာခဲ့၏။
ပိုအရေးကြီးသည်မှာ ၀တ်ရုံနက်များကိုယ်တိုင်က အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်နေခြင်းပင်။ သို့သော် အခြားဂိုဏ်းများက ထိုရတနာများကို သူတို့ဆီ ၀မ်းသာအားရ လာပို့ပေးနေခဲ့ကြသည်။
အကယ်၍ အဇူရာတိမ်ဂိုဏ်းကသာ ထိုရတနာမျိုးကို စုဆောင်းမည်ဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံးဘီလီယံနဲ့ချီပြီးသုံးတောင် စုဆောင်းနိုင်မည် မဟုတ်ပေ။ အခုတော့ ကျန်းယန်၏ကိုင်တွယ်မှုအောက်တွင် ဂိုဏ်းတိုင်းက သူတို့ဆီသို့ အခကြေးငွေပေးပြီးပင် ကိုယ်တိုင် လာပို့နေခဲ့ကြသေးသည်။
“သူတို့ကို သန့်စင်ဖို့ အသင့်ဖြစ်ပြီလား” ချင်းယွင်ကျိ မေးလိုက်၏။
သူသည် ဆရာသခင် ဂိုဏ်းချုပ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သော်လည်း အချိန်အများစုတွင် ကျန်းယန် ဦးဆောင်မှုနောက်သို့သာ လိုက်လေ့ရှိပေသည်။ သူ့တပည့်က အရာအားလုံးကို ပြီးပြည့်စုံအောင် စီစဉ်နိုင်သောကြောင့် သူသည် နောက်ကခွန်အားထောက်ပံ့ပေးဖို့သာ လိုအပ်၏။
“မဖြစ်သေးဘူး
အခြားဂိုဏ်းတွေက အခုမှ ၀တ်ရုံနက်တွေကိုပို့ထားတာ ကျွန်တော်တို့ကချက်ချင်းကြီး အမတလက်နက်တစ်ခု သန့်စင်ပြလိုက်ရင် သူတို့သံသယ၀င်ကုန်ကြလိမ့်မယ် ဒါဆို နောက်ထပ်၀တ်ရုံနက်တွေရဖို့ အများကြီး ခက်ခဲသွားလိမ့်မယ်”
၀တ်ရုံနက်များရှိနေသမျှ အမွှေးတိုင်အိုးသည် ပိုမိုအားကောင်းလာနိုင်ပေသည်။ သူ့အတွက်က များလေကောင်းလေပင်။
ကမ္ဘာပေါ်ရှိ ဂိုဏ်းတိုင်းက သူတို့အတွက်အရင်းအမြစ်ထောက်ပံ့ပေးနေချိန်တွင် ထိုအခွင့်အရေးကို ဘာကြောင့်အစောကြီး ရပ်ပစ်ရပါမည်နည်း။
ချင်းယွင်ကျိ ခေါင်းငြိမ့်ပြလိုက်၏။
“ငါတို့ ဒီဝိညာဉ်ခန္ဓာတွေကို အိုးထဲမှာပဲ စည်းပိတ်ထားလိုက်ကြတာပေါ့ အချိန်ကျပြီဆိုမှ သန့်စင်ကြမယ်”
အဇူရာတိမ်ဂိုဏ်း၏ကျေးဇူးကြောင့် ကမ္ဘာကြီးကို လှုပ်ခါသွားစေခဲ့သော ၀တ်ရုံနက်ကပ်ဘေးက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
ယွင်မုန့်စိမ့်တောထဲက မင်ခုံးကတော့ မလွယ်ကူသလို ခံစားနေခဲ့ရ၏။
သူသည် အခုမှ သူ့မဟာအစီအစဉ်ကြီးကို စရုံစရသေးခြင်းဖြစ်ပြီး အဘယ်ကြောင့် ရုတ်တရက်ကြီး ပျက်ဆီးသွားရပါသနည်း။
“တစ်ယောက်ယောက်က တစ္ဆေဘုံပညာရပ်ေတွကို ရခဲ့တာလား” မင်ခုံး စိတ်ရှုပ်ထွေးကာ ရေရွတ်လိုက်သည်။
“ဒါပေမယ့် တစ္ဆေဘုံမဖွင့်တာ နှစ်ထောင်ချီကြာနေပြီလေ ဘယ်သူက တစ္ဆေဘုံနည်းစနစ်တွေကို သိနိုင်မှာလဲ အဲ့လိုမဟုတ်ရင်လည်း ဘယ်သူက ငါ့သေခြင်းတာအိုကိုဖြတ်တောက်ပစ်နိုင်မှာလဲ”
သူဆုံးရှုံးသွားသော သေခြင်းတာအိုစွမ်းအားများကို အဝါရောင်စမ်းချောင်းမှ တစ်ဆင့် ပြန်လည်ဖြည့်တင်းနိုင်ပေသည်။ သို့သော်လည်း ထိုမမြင်ရသည့် အန္တရာယ်က သူ့စိတ်ကိုမသက်မသာဖြစ်နေစေခဲ့၏။
“ကြည့်ရတာ ငါအခုစစ်မှန်တဲ့ လက်အောက်ငယ်သားေတွ လိုနေပြီထင်တယ်” မင်ခုံးတိတ်တဆိတ်ပြောလိုက်သည်။
“ငါကိုယ်တိုင် မလှုပ်ရှားရဖို့ မျှော်လင့်ရတာပဲ ဒါပေမယ့် အဲ့တာပေါ်လာရင်တော့ ငါကိုယ်တိုင်၀င်ပါရလိမ့်မယ်”
ထို့နောက် သူ့၀တ်ရုံနက်ကပြန့်ကားသွားခဲ့ပြီး မရေတွက်နိုင်သော မီးခိုးရောင်မျဉ်းများ ပေါ်လာကာ ထိုမျဉ်းများက ကမ္ဘာအနှံ့ရှိ နေရာများနှင့် ချိတ်ဆက်သွားခဲ့၏။
မင်ခုံး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
“သေဖို့ထိုက်တန်တဲ့လူတွေ အများကြီးရှိနေတာပဲ ကြည့်ရတာ ငါအလုပ်ရှုပ်တော့မယ် ထင်တယ်”
ထို့နောက် သူရပ်သွားခဲ့၏။
“ဒါပေမယ့် ဒီနေရာမှာ ဘာလို့သေဖို့ထိုက်တန်တဲ့လူ ဒီလောက်နည်းနေတာလဲ”
သူ့အကြည့်က ပင်လယ်ပြင်ရှိ ကောင်းကင်နှလုံးသားကျွန်းဆီရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် သူ့မီးခိုးရောင်မျဉ်းနှင့်ချိတ်ဆက်နေသောသူ အနည်းငယ်သာ ရှိ၏။
“ဒီလိုဆိုမှတော့ အဲ့ဒီနေရာကိုအရင်သွားပြီး ဘာတွေထူးခြားနေလဲ ကြည့်တာပေါ့”
သူလေပေါ်ခုန်တက်သွားပြီး ကောင်းကင်နှလုံးသားကျွန်းဆီ ပျံသန်းထွက်ခွာသွားခဲ့လေသည်။
ကောင်းကင်နှလုံးသားကျွန်းသည် မိုင်ပေါင်းရာနှင့်ချီကာ ကျယ်ပြန့်သော ကျွန်းကြီးတစ်ကျွန်းဖြစ်၏။ သို့သော် အဆုံးမဲ့သောပင်လယ်ပြင်ကြီးထက်တွင်တော့ သူ့အရွယ်အစားက အလွန်သေးငယ်နေသယောင်ပင်။ ထိုကျွန်းပတ်ပတ်လည်တွင်လည်း များစွာသော ကျွန်းငယ်လေးများ တည်ရှိနေကြသည်။
ထိုကျွန်းပေါ်တွင် များစွာသော ကျင့်ကြံသူများအပြင် သန်းနှင့်ချီသော သာမန်လူများလည်း နေထိုင်ကြပြီး ဂိုဏ်း၏အန္တရာယ်ကင်းသော ၀င်္ကပါအကာအကွယ်အောက်တွင် ထိုသူများသည် အေးချမ်းစွာပင် နေထိုင်ရှင်သန်ကြရ၏။
ကျွန်းအလယ်တွင်တော့ မိုးမျှော်တောင်ကြီးတစ်လုံးပေါ်တွင် ပျံ့နှံ့တည်ရှိနေသော ကျောက်စိမ်းနန်းတော်များ ရှိသည်။
ထိုမြင့်မြတ်နယ်မြေကို ကျွန်းပေါ်တွင်နေထိုင်သူများက အမတများစံမြန်းရာနယ်မြေလို့ မှတ်ယူထားကြ၏။
ထိုနယ်မြေတွင် တံခါးပိတ်ကျင့်ကြံနေသည့် မရေတွက်နိုင်သော စွမ်းအားကြီးကျင့်ကြံသူများရှိသလို သက်တမ်းကုန်သွားတာ ကြာပြီဖြစ်သော်လည်း ဂိုဏ်း၏အုတ်မြစ်ဖြစ်လာစေရန် ချိတ်ပိတ်ကာ အိပ်စက်စေပြီး အသက်ဆက်ထားသော ရှေးဟောင်းပညာရှင်များလည်း ရှိပေသည်။
သို့သော်ယနေ့တွင်တော့ ထိုချိတ်ပိတ်ထားသော ပညာရှင်များအားလုံး နိုးထလာခဲ့ကြ၏။
စိတ်ကူးလို့မရအောင် ကြောက်စရာကောင်းသောတည်ရှိမှုတစ်ခု ချဉ်းကပ်လာကြောင်း သူတို့အာရုံခံမိ၍ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထိုသူများအားလုံး ကျောချမ်းဖွယ်အမှန်တရားတစ်ခုကို သိရှိသွားခဲ့ကြ၏။
သူတို့အဆုံးသတ်က ရောက်ရှိလာခဲ့ချေပြီ။
ကောင်းကင်နှလုံးသားကျွန်း၏ အုပ်ချုပ်သူဖြစ်သော ကောင်းကင်နှလုံးသားမိန်းမပျို ကောင်းကင်နှလုံးသားခန်းမထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး သူ့မျက်နှာပေါ်တွင်လည်း အကြောက်တရားများ ဖြတ်ပြေးနေခဲ့သည်။
ကျွန်းကိုဖျက်ဆီးပစ်နိုင်လောက်သော ကြောက်မက်ဖွယ်ကပ်ဘေးကြီးတစ်ခု ကျရောက်နေပြီဖြစ်မှန်း သူမ အာရုံခံမိနေခဲ့၏။
“ကျွန်းသခင်” မရေတွက်နိုင်သည့် ထိတ်လန့်ကြောက်ရွံ့နေသော စိတ်ဝိညာဉ်သတင်းစကားများ သူ့ဆီ ရောက်ရှိလာခဲ့သည်။
“ကြောက်စရာတည်ရှိမှုတစ်ခုချဉ်းကပ်လာနေပြီ ကျွန်တော်တို့ သူ့ကို လုံး၀မခုခံနိုင်ဘူးလို့ ခံစားနေရတယ်”
“မကြောက်ပါနဲ့ဦး” သူမကိုယ်တိုင် မသက်မသာခံစားနေရသော်လည်း ကောင်းကင်နှလုံးသားမိန်းမပျို ပြောလိုက်၏။
ပြဿနာသည် ဘာမှန်းမသိသေးသလို အန္တရာယ်ကလည်း ဘယ်ကလာမှန်းမသိသောကြောင့် သူတို့အတွက် ပြန်တုန့်ပြန်ဖို့ မဖြစ်နိုင်သေးပေ။ သူမတွင် အနာဂတ်ကိုကြည့်ရှုနိုင်သော စွမ်းရည်မျိုးပိုင်ဆိုင်ထားသော်လည်း ထိုအဖြစ်အပျက်များက တကယ်ဖြစ်လာမလာ သူမလည်း အာမမခံနိုင်ပေ။
ကောင်းကင်နှလုံးသားကျွန်းအပြင်တွင် မင်ခုံး ကျွန်းကို၀မ်းသာအားရ ကြည့်ရှုနေခဲ့သည်။
ဤနေရာသည် ထူးဆန်းစွာပင် ကမ္ဘာကြီးနှင့်ဝေးကွာနေခဲ့၏။ ဤနေရာရှိ စွမ်းအားကြီးကျင့်ကြံသူအရေအတွက်က နည်းပါးပြီး သူ့လူဦးရေနှင့်ယှဉ်လျှင် သေဆုံးသင့်သူဦးရေကလည်းများသည်ဟုပင် ဆိုနိုင်ပေသည်။
သူကျွန်းဆီချဉ်းကပ်လာသောအခါ နောက်ဆုံးတွင် သူ့ရှေ့၌ ကောင်းကင်နှလုံးသားမိန်းမပျို ပေါ်ပေါက်လာခဲ့၏။
“ဆိုတော့နောက်ထပ်ကျိန်စာသင့်၀တ်ရုံနက်နောက်တစ်ကောင်ပေါ့” သူမအော်ပြောလိုက်သည်။
ကောင်းကင်နှလုံးသားကျွန်းသည် ထို၀တ်ရုံနက်များ၏ တိုက်ခိုက်မှုကို ခံထားရပြီး ဖြစ်ပြီး ၀တ်ရုံနက်များကို အဇူရာတိမ်ဂိုဏ်းသို့ပင် ပို့ပေးလိုက်သေး၏။
ထို့ကြောင့် သူမတွန့်ဆုတ်နေခြင်းမရှိဘဲ ကပ်ဘေးဖြတ်ကျော််ခြင်းအလယ်အဆင့်စွမ်းအားကို သုံးကာ စတင်တိုက်ခိုက်လိုက်လေသည်။
သို့သော် သူမတိုက်ကွက်က မင်ခုံး၏ကိုယ်ကိုမထိဘဲ ဖြတ်သွားခဲ့၏။ သူ့ကိုယ်က ပုံရိပ်ယောင်တစ်ခုလိုပင်။
ထိုမြင်ကွင်းကြောင့် သူမနှလုံးသားအေးစက်သွားခဲ့ရသည်။
အရင်က ၀တ်ရုံနက်များသည် ဖျက်ဆီးလို့မရရုံသာဖြစ်ပြီး ဒီ၀တ်ရုံနက်ကတော့ ထိလို့ပင် မရပေ။
သူမ တာအိုပိုင်နက်ကိုထုတ်ကာ ၀တ်ရုံနက်ကို သူမတာအိုပိုင်နက်ထဲတွင် ချုပ်ထားလိုက်၏။
“ရှင်ကဘယ်သူလဲ” သူမမေးလိုက်သည်။
မင်ခုံးအေးအေးဆေးဆေးပြန်ဖြေလိုက်၏။
“မင်းသိဖို့ အချိန်မတန်သေးဘူး ဘေးဖယ်စမ်း”
“မောက်မာလိုက်တာ”
သူမတာအိုစွမ်းအားကိုသုံးကာ မင်ခုံးကိုထပ်တိုက်ခိုက်ခဲ့သော်လည်း တိုက်ကွက်များက မင်ခုံးရှေ့သို့ အရောက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။
မင်ခုံးအေးစက်စက်ပြောလိုက်၏။
“သေခြင်းကိုငါ့ဆရာသခင်ကပိုင်တာ ငါ့ဆရာသခင်ရဲ့ မြင့်မြတ်အသုံးအဆောင်တော်ရဲ့ ကာကွယ်ခြင်းကို ခံထားရတဲ့ငါ့ကို ဒီနေရာက ဘယ်သူမှ အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူး”
ကောင်းကင်နှလုံးသားမိန်းမပျို ပိုပြီးပင် တုန်လှုပ်သွားခဲ့ရသည်။
ဤကြောက်မက်ဖွယ် တည်ရှိမှုတွင် ဆရာရှိသေးတယ်တဲ့လား။
ထိုစဉ်ရှေးဟောင်းပညာရှင်များ ကြောက်ရွံ့မှုနှင့်အတူ နိုးထလာခဲ့ကြ၏။
သူတို့အားလုံး သေခြင်းချဉ်းကပ်လာသည်ကို ခံစားလိုက်ရကြောင်း ကောင်းကင်နှလုံးသားမိန်းမပျိုကို သတင်းပို့လိုက်ကြသည်။
ထိုအခါ ကောင်းကင်နှလုံးသားမိန်းမပျိုပင် ကြောက်ရွံ့မှုကို စတင်ခံစားလာခဲ့ရ၏။မင်ခုံး၏ တည်ရှိမှုသည် သူမနားလည်နိုင်စွမ်းကို များစွာကျော်လွန်နေခဲ့သည်။
နောက်ဆုံးတွင်တော့ ဖြူဖျော့နေသောမျက်နှာဖြင့် သူပြောလိုက်၏။
“ရှင်ဒီကမ္ဘာထဲမှာ တည်ရှိနေသရွေ့တော့ ကျွန်မမှာရှင်နဲ့ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု ရှိနေဦးမှာပဲ”
ထို့နောက် ၀င်ရိုးသဏ္ဍာန်ရတနာတစ်ခုပေါ်ပေါက်လာခဲ့ပြီး ကျွန်းကြီးတစ်ခုလုံးကို အိပ်မက်အလင်းတန်းများက ဖုံးအုပ်သွားခဲ့သည်။
“အချိန်လွန်းပျံ…အနာဂတ်ဆီနှင်ထုတ်ခြင်း”
ဟင်းလင်းပြင်က ကြမ်းတမ်းစွာ တုန်ခါလာခဲ့၏။ ထို့နောက်တွင်တော့ တောက်ပလွန်းသောအလင်းတန်းများက မိုင်ပေါင်းထောင်ချီအထိ ပြန့်ကားသွားခဲ့ပြီး မင်ခုံးရော ရတနာပါ အတူတကွ ပျောက်ကွယ်သွားခဲ့လေသည်။