နံရံ၏ထောင့်တစ်နေရာကိုတူးဆွခြင်း
Vol. 2 Ch. 16
ဒုတိယမြောက်နေ့ နံနက်ခင်းအစောပိုင်း။
ဇူယွမ်က သားရဲကိုးကောင်စွပ်ပြုတ်တစ်ခွက်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းတစ်ခွက်ကို စားသောက်ပြီးတဲ့နောက်မှာ နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးကို ဆက်လေ့ကျင့်ခဲ့ပြီး သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေဖွင့်ဖို့ တိုက်ခိုက်ရန်အတွက် မူလချီတွေကိုစုပ်ယူလိုက်သည်။
နေ့လည်ပိုင်းရောက်တဲ့အချိန်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို နောက်ထပ်လေးကြိမ်ထပ်လေ့ကျင့်၍ တိုက်ခိုက်ခဲ့သည်။ ဇူယွမ်ရဲ့စွမ်းအင်ဝင်ပေါက်တွေကနာကျင်ပြီး သူ့ခန္ဓာကိုယ်မှာချွေးတွေနဲ့စိုရွှဲနေသော်လည်း သူ့ရဲ့ပထမဝင်ပေါက်က ပိုပိုပြီးလျော့ပါးလာတာကို ခံစားနိုင်ခဲ့သည်။ သူ့ရဲ့နှလုံးသားထဲမှာ မျှော်လင့်ချက်တွေနဲ့ စိတ်လှုပ်ရှားမှုတွေက ဖုံးကွယ်မထားနိုင်လောက်အောင် ပြည့်နှက်နေပေသည်။ အစေခံမိန်းခလေးတစ်ယောက်က ဘေးကနေတဘက်တစ်ထည်ကမ်းပေးလိုက်ပြီး ဇူယွမ်သူ့ရဲ့ချွေးတွေသုတ်နေတာကို ပြီးအောင်စောင့်နေခဲ့ပြီးမှ လေးစားစွာပြောလိုက်သည်။ “မင်းသားလေး… မင်းသားလေး အလိုရှိတဲ့ပစ္စည်းတွေအကုန်လုံးရောက်နေပါပြီ…”
“အိုး!”
ဇူယွမ်ကဒါကိုကြားလိုက်ရတဲ့အခါ အရမ်းကိုပျော်ရွှင်သွားခဲ့ရပြီး အခန်းထဲကိုအလျင်အမြန်ပဲ လျှောက်လှမ်းသွားလိုက်သည်။ ကျိန်းသေပေါက်ပင် သူကအရောင်အသွေးစုံလင်စွာနဲ့တောက်ပနေပြီး သေသေချာချာစီချထားတဲ့ တစ်ဒါဇင်ခန့်ရှိတဲ့ ကျောက်တုံးတွေကို တွေ့လိုက်ရသည်။ အနီးကပ်စစ်ဆေးကြည့်လိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်က ကျောက်တုံးတွေထဲမှာ ခပ်မှိန်မှိန်ပုံရိပ်တွေကို ရှာတွေပေလိမ့်မည်။ ဒီပုံရိပ်တွေက များပြားလှတဲ့မှော်သားရဲတွေရဲ့ ပုံရိပ်နဲ့တူညီကာ ထူးဆန်းတဲ့အလင်းရောင်တွေ ထုတ်လွှတ်နေလျက်ရှိသည်။
ဒီအရာတွေက မှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးတွေပင်။ မှော်သားရဲတစ်ကောင် သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့ရဲ့မှော်သားရဲစိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်တဲ့ပုံစံတစ်ခုကဲ့သို့ ကျောက်တုံးပုံစံတစ်ခုအဖြစ် သိပ်သည်းကျစ်လစ်သွားစေခဲ့သည်။
ကောင်းကင်ယွမ်စုတ်တံကို ပြန်လည်အားဖြည့်ဖို့အတွက် ဒီမှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးတွေကို ဇူယွမ်လိုအပ်နေခဲ့တယ်ဆိုတာ အထင်အရှားပင်။
“အားလုံးက အဆင့် ၁ မှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးတွေပဲ…” တစ်ချက်ကြည့်ရုံနဲ့ ဒီမှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးတွေက အဆင့် ၁ မူလမှော်သားရဲတွေကနေ ဖြစ်ပေါ်လာခဲ့တာကို ဇူယွမ်မြင်လိုက်ရသည်။ ဒီအရာကသင့်တော်ရုံသာရှိသည်။ လက်ရှိကောင်းကင်ယွမ်စုတ်တံရဲ့အခြေအနေက အဆင့်မြင့်မှော်သားရဲစိတ်ဝိညာဉ်တွေနဲ့ ပြန်လည်အားဖြည့်ပေးနိုင်လိမ့်ဦးမည်မဟုတ်ပေ။ ဇူယွမ်ကသူ့ရဲ့နောက်ကျောမှ ကောင်းကင်ယွမ်စုတ်တံကို ဆွဲထုတ်လိုက်ပြီး လက်နဲ့ပွတ်သပ်လိုက်သည်။ အရောင်တွေစွန်းထင်းနေတဲ့ စုတ်တံရဲ့ကိုယ်ထည်က အနည်းငယ်ကြမ်းတမ်းနေပြီး ၎င်းရဲ့ထိပ်မှာရှိတဲ့ အမွှေးတွေကလည်းနူးညံ့ကာအရောင်တွေမှိန်နေပေသည်။ ဆန်းကြယ်ပြီးရှေးကျတဲ့မှော်စာလုံးတွေက ဒီကောင်းကင်ယွမ်စုတ်တံဟာအရင်က သာမန်မဟုတ်ခဲ့ဘူးဆိုတာကို သက်သေခံနေလျက်ရှိသည်။
ဇူယွမ်ကသေးငယ်တဲ့ သတ္တုတူလေးတစ်လက်ကို ထုတ်ယူလိုက်ပြီး မှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို ထုရိုက်ခဲ့ကာ သေးငယ်တဲ့အပေါက်လေးတစ်ခုကို ဖန်တီးလိုက်သည်။ ချက်ချင်းဆိုသလို သူကကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ပိုင်းကို ၎င်းအပေါက်ကလေးထဲကို ထည့်လိုက်သည်။
ကောင်းကင်ယွမ်စုတ်တံက မှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးထဲက မှော်သားရဲစိတ်ဝိညာဉ်နဲ့ ထိတွေ့သွားတဲ့အချိန်မှာ တုန်ခါသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ စုတ်တံရဲ့ထိပ်မှာရှိတဲ့အမွှေးတွေက မှော်သားရဲစိတ်ဝိညာဉ်ကို အပြင်ဘက်သို့ထုတ်ယူလာခဲ့သည်။ စုပ်ယူလိုက်တဲ့အသံတစ်ခုနဲ့အတူ မှော်သားရဲစိတ်ဝိညာဉ်က ကောင်းကင်ယွမ်စုတ်တံထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့ရသည်။
မှော်သားရဲစိတ်ဝိညာဉ်ပျောက်ကွယ်သွားသကဲ့သို့ မှုန်ဝါးတဲ့အလင်းရောင်တစ်ခုက ကောင်းကင်ယွမ်စုတ်တံထံမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းရဲ့ကိုယ်ထည်ပေါ်မှာရှိတဲ့ ပထမဆုံးသောရှေးကျတဲ့ မှော်စာလုံးကအနည်းငယ်တောက်ပလာသည်ကို မြင်လိုက်ရသည်။
“ဒါက တကယ့်ကိုအကျိုးရှိတာပဲ…”
ဇူယွမ်ကျေနပ်သွားခဲ့ရသည်။ တူညီတဲ့နည်းလမ်းကိုပဲအသုံးပြုပြီး သူကမှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးတစ်ခုစီကို အပေါက်ဖောက်ကာ ကောင်းကင်ယွမ်စုတ်တံကိုအသုံးပြု၍ မှော်သားရဲစိတ်ဝိညာဉ်တွေကို စုပ်ထုတ်ခဲ့လိုက်သည်။
မှော်သားရဲစိတ်ဝိညာဉ်တွေ တစ်ခုပြီးတစ်ခု ကောင်းကင်ယွမ်စုတ်တံရဲ့ စုပ်ယူခြင်းကိုခံခဲ့ရပြီးနောက်မှာ ၎င်းကပိုပြီးတောက်ပလာခဲ့သည်။ ဒါ့အပြင်ပထမဆုံးမှော်စာလုံးက ခပ်မှိန်မှိန်အလင်းရောင်တစ်ခုကို စတင်ထုတ်လွှတ်လာခဲ့သည်။
သို့ပေမဲ့လည်း ကောင်းကင်ယွမ်စုတ်တံက မှော်သားရဲစိတ်ဝိညာဉ်ရှစ်ခုကို စုပ်ယူခဲ့ပြီးတဲ့နောက်မှာ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ဇူယွမ်မည်သို့ပင်လုပ်နေစေကာမူ ၎င်းထံမှ စုပ်ယူအားတွေက အချိန်အတော်ကြာအောင် ထပ်မံပေါ်ထွက်လာခြင်းမရှိတော့သည့်အပြင် ၎င်းရဲ့အလင်းရောင်တွေကလည်း တဖြည်းဖြည်းနဲ့မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။
“ဒါက… ပြည့်သွားခဲ့ပြီလား…” ဇူယွမ်အံ့အားသင့်သွားခဲ့ရသည်။ နောက်ဆုံးမှာသူနားလည်သွားခဲ့ရပြီး စိတ်တိုတိုနဲ့ပဲ ရယ်မောလိုက်မိသည်။ ဒီစုတ်တံ အစုတ်ပလုတ်။ သူက၎င်းရဲ့စိတ်ဝိညာဉ်စွမ်းအားတွေပြန်ပြည့်အောင် မှော်သားရဲစိတ်ဝိညာဉ်တွေကို စုပ်ယူစေခဲ့သော်လည်း ၎င်းကအလွန်အကျွံမစုပ်ယူဖို့ ဆုံးဖြတ်ခဲ့ကာရပ်တန့်ခဲ့လေသည်။
သို့ပေမဲ့လည်း ကောင်းကင်ယွမ်စုတ်တံက ၎င်းရဲ့အကန့်အသတ်ပြည့်သွားပြီးတဲ့နောက်မှာ ထပ်စုပ်ယူဖို့ကို အလျော့မပေးဘဲငြင်းဆိုခဲ့ပေသည်။ သူကရယ်ရမလား ငိုရမလားမသိစွာနဲ့ပဲ စုတ်တံကို ပြန်လည်သိမ်းစည်းလိုက်ကာ နောက်နေ့မှဆက်ပြီး ဖြည့်တင်းပေးဖို့ ပြင်ဆင်လိုက်သည်။
ဒီအခြေအနေအတိုင်းဆိုလျှင် ပထမဆုံးမှော်စာလုံးကို လင်းလက်တောက်ပလာစေဖို့က အချိန်အနည်းငယ် လိုအပ်ပေလိမ့်ဦးမည်။
သို့ပေမဲ့ ဇူယွမ်က ဒီအရာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုမရှိပေ။ ကောင်းကင်ယွမ်စုတ်တံကို သူ့ရဲ့နောက်ကျောမှာ ပြန်ထားခဲ့လိုက်ပြီးနောက်မှာ အခန်းထဲကနေထွက်ခွာသွားခဲ့လိုက်သည်။ သူ့အနေနဲ့ဒီနေ့ တော်ဝင်ဇူကျောင်းတော်ကို သွားရောက်လည်ပတ်ရန်စီစဉ်ထားပေသည်။ သူ့အနေနဲ့ စုယုဝေက ချီယွဲ့ဘက်ကိုရောက်မသွားနိုင်ဘူးဆိုတာ ယုံကြည်မှုရှိသော်လည်း ဇူယွမ်က သူမကိုချီယွဲ့တစ်ယောက် တိတ်တဆိတ်ဒုက္ခမပေးနိုင်အောင် သေချာသတိထားဖို့လည်း လိုအပ်ပေသည်။
…
တော်ဝင်ဇူကျောင်းတော်။
ဇူယွမ်က ကျောင်းဝင်းထဲတစ်ပတ်လမ်းလျှောက်လာခဲ့ပေမဲ့ စုယုဝေကိုမတွေ့ခဲ့ရပေ။ သူကအနည်းငယ်မေးမြန်းခဲ့လိုက်ပြီးတဲ့နောက်မှာ သူမအလုပ်လုပ်နေတဲ့ စာကြည့်တိုက်ဘက်ကို ရှာဖွေဖို့ထွက်လာခဲ့လိုက်သည်။
တော်ဝင်ဇူကျောင်းတော်ရဲ့စာကြည့်တိုက်ဟာ အရင်အချိန်တုန်းက ကန္တာရတစ်ခုအလား လူသူကင်းမဲ့လှသည်။ သို့ပေမဲ့ စုယုဝေကဒီနေရာမှာ အချိန်ပိုင်းအလုပ်စတင်လုပ်ကိုင်ခဲ့ကတည်းက ၎င်းကကျောင်းတော်ထဲမှာ ထင်ရှားတဲ့နေရာတစ်ခုဖြစ်လာခဲ့ရသည်။ လူတွေက စုယုဝေနဲ့ ရင်းနှီးနိုင်ဖို့မျှော်လင့်ချက်တစ်ခုအတွက် ဟန်ဆောင်ပြီးစာအုပ်တွေ ငှားရမ်းခြင်းနဲ့သာ အချိန်တွေကုန်ဆုံးစေခဲ့ကြသည်။
ဇူယွမ်ကစာကြည့်တိုက်ထဲကို လျှောက်လှမ်းဝင်ရောက်လာသည့်အခါ စားပွဲခုံအရှေ့မှာ စုယုဝေကိုမတွေခဲ့ရပေ။ ဒါ့ကြောင့်သူကနေရာတစ်ခုလုံးကို လှည့်ပတ်ရှာဖွေလိုက်ပြီး ကြီးမားတဲ့စာအုပ်စင်ကြီး တစ်ခုရှေ့အရောက်မှာ ရပ်တန့်သွားခဲ့သည်။
သေးသွယ်တဲ့မိန်းခလေးတစ်ယောက်က ထိုင်ခုံအမြင့်တစ်လုံးပေါ်မှာ မတ်တပ်ရပ်လျက် စာအုပ်စင်ပေါ်ကဖုန်တွေကိုဂရုတစိုက်နဲ့ သုတ်နေသကဲ့သို့ စာအုပ်တွေကိုလည်း စနစ်တကျရှိအောင် ပြုလုပ်နေလျက်ရှိပေသည်။ ဒီအခိုက်မှာ ပြတင်းပေါက်အပြင်ဘက်မှ နေရဲ့အလင်းရောင်က ထိုးဖောက်ဝင်ရောက်နေလျက်ရှိသည်။ ဖုန်မှုန့်တွေကအလင်းရောင်ထဲမှာ ကခုန်နေခဲ့ကြသလို မိန်းခလေးရဲ့လှပတဲ့မျက်နှာလေးကလည်း ရွှန်းလဲ့တောက်ပနေသည်။ သူမရဲ့ရှည်လျားတဲ့ဆံနွယ်တွေက လှုပ်ခတ်နေလျက်ရှိကာ သူမပါးစပ်ကနေသီချင်းညည်းသံသဲ့သဲ့လေးထွက်ပေါ်နေသည်။ ဒီမြင်ကွင်းက လူငယ်တစ်ယောက်ရဲ့တက်ကြွမှုတွေနဲ့ ပြည့်နှက်နေပေသည်။
အဟမ်း!
ဇူယွမ်ရဲ့တိုးညှင်းတဲ့ချောင်းဟန့်သံက ဒီလှပတဲ့မြင်ကွင်းကို ရက်ရက်စက်စက်ဖျက်စီးသွားခဲ့သည်။
စုယုဝေတစ်ယောက်လက်ရှိအခြေအနေကို ပြန်ရောက်လာခဲ့ပြီး သူမရဲ့ခေါင်းကို အလျှင်အမြန်ငုံ့ကြည့်လိုက်မိသည်။ သူမကဇူယွမ်ကို မြင်လိုက်ရတဲ့အခါ သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာ အပျော်တွေကချက်ချင်းကို ပျံ့နှံ့သွားခဲ့ရသည်။
ဇူယွမ်က ထိုင်ခုံရဲ့အောက်ကို လျှောက်လှမ်းလာခဲ့ပြီး မော့ကြည့်လိုက်တယ်ဆိုရင်ပဲ လုံးဝကိုကြက်သေသေသွားခဲ့ရသည်။ ဒါက စုယုဝေရဲ့ကျောင်းဝတ်စုံအောက်ပိုင်းတစ်ဝက်မှာ ဂါဝန်တစ်ထည်ကိုဝတ်ဆင်ထားခဲ့ပြီး သူမရဲ့ရှည်လျားသေးသွယ်ကာ ဖြူဖွေးနေတဲ့ ခြေထောက်လေးနှစ်ချောင်းက သူ့မျက်လုံးထဲကိုဝင်ရောက်လာခဲ့သောကြောင့်ပင်။ သူတို့တွေကကျောက်စိမ်းကဲ့သို့ တောက်ပြောင်ချောမွတ်နေပြီး လူတစ်ယောက်ရဲ့ခံစားချက်တွေကို ထိန်းမထားစေနိုင်လောက်အောင်ဖြစ်သွားစေသည်။
“မင်းသားလေး!”
ဇူယွမ်ရဲ့အကြည့်ကို ခံစားလိုက်ရပြီးနောက် စုယုဝေတစ်ယောက်ရှက်သွေးဖြာသွားခဲ့ရကာ ရှက်ကိုးရှက်ကန်းနဲ့ ဒေါသထွက်သည့်အမူအယာဖြင့် အော်လိုက်သည်။ သူမရဲ့လက်ထဲမှာရှိတဲ့ စာအုပ်အထူကြီးကို ဆတ်ခနဲလှုပ်ရှားလိုက်ကာ ဖုန်မှုန့်တွေကိုအလွှာလိုက်ကွာကျစေလျက် ဇူယွမ်ရဲ့အကြည့်ကို ပိတ်ဆို့လိုက်သည်။
“ဝါး… ငါဘာမှမမြင်လိုက်ရပါဘူး…” ဇူယွမ်သူ့ရဲ့မျက်လုံးတွေကို ဖုံးကွယ်လိုက်ရင်းနဲ့ အလျင်အမြန်ပြောလိုက်ရသည်။
စုယုဝေက စာအုပ်ကိုစာအုပ်စင်ပေါ်ပြန်တင်ထားလိုက်ပြီး ထိုင်ခုံပေါ်ကနေခုန်ဆင်းလိုက်သည်။ သူမရဲ့မျက်နှာကနီရဲနေလျက်ရှိပြီး သူမရဲ့မျက်လုံးတွေက ဇူယွမ်ရဲ့အမူအယာကို ကြည့်လိုက်ရင်း ဒေါနှင့်မောနှင့်ပြောလိုက်သည်။ “အဆင့်မရှိတဲ့အကောင်…”
ဇူယွမ်သူ့ရဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ရင်း ကူကယ်ရာမဲ့စွာနဲ့ပြန်ပြောသည်။ “ဒါကမတော်တဆဖြစ်သွားတာပါ…”
စုယုဝေနှာခေါင်းရှုံလိုက်သည်။ “အလုပ်အကိုင်မရှိ ရည်ရွယ်ချက်မရှိတဲ့မင်းသားက ဘာလို့ဒီနေရာကို လာခဲ့ရတာလဲ…”
“ဟဲ ဟဲ… တကယ်လို့ ငါသာမလာခဲ့ဘူးဆိုရင် ငါ့ရဲ့ဝေဝေလေးက တခြားလူတွေရဲ့ ပြန်ပေးဆွဲခံရမှာကို ငါကြောက်မိတယ်…” ဇူယွမ်ရယ်လိုက်သည်။
“အာ… ငါ့ကိုဒီလိုမျိုးမခေါ်ပါနဲ့… ဒါကအရမ်းကိုအော်ဂလီဆန်ဖို့ကောင်းတယ်!”
စုယုဝေရဲ့လှပတဲ့မျက်နှာလေးက နီရဲနေလျက် ဇူယွမ်ကိုမကျေမချမ်းနဲ့ကြည့်လိုက်သည်။ သူမရဲ့ပါးစပ်လေးကို ဖွင့်ဟလိုက်ပြီး စိတ်ညစ်တဲ့အမူအယာနဲ့ပြောလိုက်သည်။ “နင်ဒါကို သိပြီးသွားပြီပေါ့… အဲ့ဒီချီယွဲ့က ငါ့အနားကိုခဏခဏချဉ်းကပ်လာခဲ့တယ်… စိတ်ပျက်ဖို့ အရမ်းကောင်းတာပဲ…”
“ကျောင်းသားသစ်စာမေးပွဲပြီးသွားရင် နင့်ကိုဒုတိယအတန်းကိုဝင်ရောက်ဖို့ သူကတောင်းဆိုခဲ့တယ်မလား…” ဇူယွမ်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့သည်။ ဒီချီယွဲ့က ဇူယွမ့်ဘက်ကလူကို ဆွဲဆောင်သိမ်းသွင်းဖို့ အမှန်တကယ်ဆုံးဖြတ်ချက်ချခဲ့မယ်လို့ ဘယ်သူကများထင်ခဲ့မိမှာလဲ! စုယုဝေခေါင်းညိတ်ပြလိုက်သည်။ သူမက ကျောင်းအုပ်နေရာအတွက် ဒီလိုမျိုးယှဉ်ပြိုင်လှုပ်ရှားနေကြတာကို နားမလည်နိုင်ပေမဲ့လည်း ဇူယွမ်နဲ့ချီယွဲ့တို့ မတည့်ကြဘူးဆိုတာကိုတော့ သူမသိပေသည်။ ဒါ့ကြောင့်ပဲ သူမကချီယွဲ့ရဲ့ဘက်က သူမကိုရရှိဖို့ကြိုးစားလာခဲ့တာတွေကို အကြောင်းပြချက်ပေးကာ ငြင်းပယ်ခဲ့သည်။
“သူကဘာနဲ့ကမ်းလှမ်းတာလဲ…”
စုယုဝေရဲ့မျက်လုံးတွေက ဇူယွမ်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်မိသည်။ သူ့ရဲ့စကားတွေက ကြားရတာအဆင်မပြေပေမဲ့ သူဘာကိုဆိုလိုချင်တာလဲဆိုတာကို သူမသိသည်။ ဒါ့ကြောင့်ပဲ သူမကပြန်ပြောလိုက်သည်။ “ချမ်းသာကြွယ်ဝဖို့နဲ့ စွမ်းအားရှိလာဖို့ကို စိတ်ပူဖို့မလိုကြောင်းသူကအာမခံခဲ့တယ်… တကယ်လို့ငါက ချီစုဆောင်းမှုအဆင့်ကိုရောက်ရှိခဲ့မယ်ဆိုရင် သူက အဆင့် ၃ ရှိတဲ့မူလချီကျင့်စဉ်ကိုတောင်မှ ငါ့ကိုပေးမယ်လို့ ကတိပေးခဲ့တယ်…”
“အရမ်းကိုသဘောထားကြီးတာပဲ ဟက်…” ဇူယွမ်အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ရပေသည်။ အဆင့် ၃ မူလချီကျင့်စဉ်တစ်ခု။ သူတို့တော်ဝင်ဘဏ္ဍာတိုက်ထဲမှာရှိတဲ့ အဆင့်အမြင့်ဆုံးမူလချီကျင့်စဉ်တောင်မှ အဆင့် ၄ သာရှိပေသည်။
“ဒါပေမဲ့လည်း သူ့ရဲ့ကမ်းလှမ်းမှုကို ငါငြင်းလိုက်တယ်…” စုယုဝေရဲ့မျက်လုံးတွေက ရွှန်းလက်တောက်ပနေကာ တိုးညှင်းစွာနဲ့ဆက်ပြောသည်။ “သူကမပျော်မရွှင်ဖြစ်သွားခဲ့ပြီးတော့ နင်ကငါ့ကိုဘာပေးခဲ့လဲလို့မေးတယ်…”
“မင်းသားလေးက ငါ့ကိုဘာတစ်ခုမှမပေးဘဲနဲ့ ငါ့ကိုကူပြီးတံခါးတစ်ချပ်ကို ဖွင့်ပေးခဲ့တာပဲရှိတယ်လို့ သူ့ကိုပြောလိုက်တယ်…”
သူမရဲ့စကားသံက အဆုံးကိုရောက်ရှိလာတဲ့အခါမှာ ပိုပြီးပျော့ပျောင်းလာခဲ့ပေမဲ့ ဇူယွမ်က ရယ်မောနေရုံသာတတ်နိုင်ခဲ့သည်။ ဒါက သည်းထန်စွာရွာသွန်းနေတဲ့မိုးရေထဲမှာ မိန်းမငယ်လေးတစ်ယောက်က ဆေးခန်းတစ်ခုရှေ့မှာ ဒူးထောက်တောင်းပန်နေတာကို မြင်လိုက်ရတဲ့အတွက် ရိုးသားစွာနဲ့ကူညီပေးခဲ့ခြင်းဖြစ်သည်။ သူ့အနေနဲ့ဒီလိုမျိုး တရားမျှတမှုမရှိတဲ့လုပ်ရပ်အတွက် ရုတ်တရက်ဒေါသထွက်လာခဲ့ရပြီး တင်းကျပ်စွာပိတ်ထားသည့် ဆေးခန်းတံခါးကိုကန်ပြီးဖွင့်ပေးခဲ့ခြင်းသာဖြစ်သည်။
အရင်ကသူ့ရဲ့ဒီလိုမတော်တဆကူညီပေးခဲ့တဲ့ အပြုအမူတစ်ခုကို စုယုဝေရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းသိမ်းဆည်းထားခဲ့မယ်လို့ သူ့အနေနဲ့ဘယ်လိုများသိနိုင်ပါလိမ့်မလဲ။
ဇူယွမ်ပြောလိုက်သည်။ “ချီယွဲ့တော့ ဒေါသဖြစ်ပြီး သေသွားနိုင်လောက်တယ်…”
“ကောင်းပြီ… ငါ့နဲ့အတူဒီမှာဘာမှလုပ်စရာမရှိတော့ဘူး…” စုယုဝေသူမပါးစပ်ကို ဖုံးကွယ်လိုက်ပြီး တိုးညှင်းစွာရယ်လိုက်သည်။
ဇူယွမ်ခေါင်းညိတ်ပြလိုက်ပေမဲ့ သူ့ရဲ့စိတ်ထဲမှာတော့ စုယုဝေချီစုဆောင်းမှုအဆင့်ကို ရောက်သွားတဲ့အခါ သင့်တော်တဲ့ကျင့်စဉ်တစ်ခုကိုပေးသင့်တယ်လို့ တိတ်တဆိတ်တွေးလိုက်မိသည်။ ဒီလိုမှမဟုတ်ဘူးဆိုရင် သူမရဲ့ပါရမီက အလဟဿဖြစ်သွားပေလိမ့်မည်။
“မင်းရဲ့ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းက ဘယ်အထိရောက်နေပြီလဲ…” ဇူယွမ်မေးလိုက်သည်။
“မဆိုးပါဘူး… ကျောင်းသားသစ်စာမေးပွဲမတိုင်ခင် လေးခုမြောက်စွမ်းအင်ဝင်ပေါက်ကိုဖွင့်ဖို့က အခက်အခဲရှိမှာမဟုတ်ဘူး…” စုယုဝေက ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။
ဇူယွမ်တိတ်တဆိတ်ချီးကျူးလိုက်မိသည်။ စုယုဝေရဲ့ပါရမီက အမှန်တကယ်ကို ထူးချွန်လှပေသည်။ တကယ်လို့သာ သူမကသူ့လိုပဲ နေ့တိုင်းသားရဲကိုးကောင်စွပ်ပြုတ်သောက်ပြီး ဆန်းကြယ်သလင်းကျောက်ထမင်းကိုသာစားခဲ့ရမယ်ဆိုရင် ချီယွဲ့တောင်မှ သူမနဲ့နှိုင်းယှဉ်လို့ရလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့လည်း ဇူယွမ်ကစုယုဝေကို သားရဲကိုးကောင်စွပ်ပြုတ်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်း သူမကိုပေးဖို့မပြောရဲပေ။ ဒီမိန်းမငယ်လေးက အရမ်းကိုထက်မြက်ရုံသာမက လွန်စွာမှလည်းခေါင်းမာလှပေသည်။ သူမကသေချာပေါက်ကို ဇူယွမ့်ဆီက ဒီလိုအကူအညီမျိုးလက်ခံလိမ့်မည်မဟုတ်ပေ။
ဇူယွမ်က စုယုဝေကိုကြည့်လိုက်ပြီးပြောသည်။ “ကျောင်းအုပ်ချူက ငါ့ကိုအရင်ကပြောခဲ့တဲ့အတွက် ငါကနင့်ကိုပါရမီရှင်အတန်းကိုသေချာပေါက်ဝင်ရောက်နိုင်ဖို့လုပ်ရလိမ့်မယ်…”
စုယုဝေက တစ်ခဏမျှတွေးတောနေခဲ့ပြီး ပြုံး၍ပြောသည်။ “တကယ်လို့နင်သာပါရမီရှင်အတန်းကို ဝင်ရောက်ခွင့်ရမယ်ဆိုရင် ငါလည်းဝင်မယ်လို့ နင်သူ့ကိုပြောနိုင်တယ်…”
သူမကအလေးမထားတဲ့အမူအယာနဲ့ပြောနေခဲ့ပေမဲ့လည်း သူမရဲ့မျက်လုံးထဲမှာတော့ စိုးရိမ်မှုတွေရှိနေပေသည်။ ပါရမီရှင်အတန်းကို ဝင်ရောက်နိုင်ခွင့်ရဖို့အတွက်က ကျောင်းသားသစ်စာမေးပွဲမှာ ထိပ်ဆုံးဆယ်နေရာကို ဝင်ရောက်နိုင်ဖို့လိုအပ်သည်။ ပြီးတော့ဇူယွမ်က စွမ်းအင်ဝင်ပေါက်တစ်ခုကိုတောင် ဖွင့်နိုင်ခြင်းရှိသေးတာမဟုတ်ပေ။ သူ့ရဲ့အခြေခံအဆင့်မူလမှော်စာလုံးတွေနဲ့ ဒီလိုရလဒ်မျိုးကိုရနိုင်ဖို့က အရမ်းကိုခက်ခဲမည် မှာ ထင်ရှားလှပေသည်။
သူမသိထားသလောက်အရ ကျောင်းအုပ်ချူက စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်လာရင် လွန်စွာတိကျလှသူတစ်ယောက်ပင်။ ဇူယွမ်သာထိပ်ဆုံးဆယ်နေရာထဲကတစ်နေရာကို မရရှိခဲ့ဘူးဆိုရင် သူကမင်းသားလေးဖြစ်နေပစေဦးတော့ ကျောင်းအုပ်ချူက မျက်နှာသာပေးလိမ့်မည်မဟုတ်ပေ။
ဇူယွမ်ကသူမရဲ့အတွေးကို ဘယ်လိုလုပ်မသိပဲနေလိမ့်မည်နည်း။ သူကအနည်းငယ်ခံစားလိုက်ရပေမဲ့ သူမကိုကြည့်ကာပြုံးပြလိုက်သည်။ “ငါ့အတွက် မစိုးရိမ်ပါနဲ့… ငါကသေချာပေါက်ပါရမီရှင်အတန်းကို ဝင်ရောက်နိုင်လိမ့်မယ်…”
စုယုဝေက ဇူယွမ်ရဲ့တည်ကြည်လေးနက်တဲ့အမူအယာကို မြင်လိုက်ရတဲ့အခါ ပြောစရာစကားမရှိတော့ဘဲ ခေါင်းကိုသာ ညိတ်ပြနိုင်ခဲ့မိသည်။
သူတို့နှစ်ယောက်က ပျော်ရွှင်စွာစကားပြောနေကြရင်း စာအုပ်စင်နဲ့ဝေးရာကို လျှောက်လှမ်းထွက်ခွာလာခဲ့ကြသည်။ ထောင့်ချိုးတစ်ခုကို ရောက်ရှိတဲ့အခါ ပုံရိပ်တစ်ခုက သူတို့ရှေ့မှာရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
၎င်းက အရပ်ရှည်ပြီး ကြည့်ကောင်းသည့်ရုပ်ရည်ရှိသည့် လူငယ်လေးတစ်ယောက်ပင်။ ဇူယွမ်နဲ့ စုယုဝေတို့အတူတူလမ်းလျှောက်လာတာကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သို့ပေမဲ့လည်း သူကလျင်မြန်စွာပဲ ယဉ်ကျေးတဲ့အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ “မင်းသားလေး…”
ချက်ချင်းဆိုသလို သူ့ရဲ့အကြည့်က စုယုဝေဆီကိုပြောင်းလဲရောက်ရှိသွားခဲ့ပြီး သူ့ရဲ့မျက်လုံးတွေက ပိုပြီးနူးညံ့သိမ်မွေ့သွားခဲ့ရသည်။ “ယုဝေမင်းအလုပ်တွေပြီးသွားပြီလား… မင်းအနေနဲ့ဒီနေ့အားမယ်ဆိုရင် ငါနဲ့အတူထမင်းလိုက်စားနိုင်မလား…”
ဇူယွမ်ရဲ့မျက်လုံးတွေကအနည်းငယ်ကျဉ်းမြောင်းသွားခဲ့ပြီး ဒီချောမောတဲ့လူငယ်လေးကို ကြည့်လိုက်သည်။ ခဏအကြာမှာ လူငယ်ကဘယ်သူလဲဆိုတာကို သူမှတ်မိသွားခဲ့ရသည်။
လင်ဖုန်း… ကျောင်းသားသစ်တွေထဲမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နောက်ထပ်လူတစ်ယောက်။ သူကကျောင်းသားသစ်စာမေးပွဲမှာ အလားအလာအကောင်းဆုံးလူအဖြစ် ပြောနေကြတာတွေကို ကြားခဲ့ရသည်။
ဒါပေမဲ့လည်း ဇူယွမ်သိသလောက်အရ ဒီလူငယ်ကချီယွဲ့ဘက်ကို ဆွဲခေါ်ယူခြင်းခံခဲ့ရပြီးပြီဆိုတာကိုပင်။