← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

Chapter 49

“မင်းက ငါ့ပြိုင်ဘက်ဖြစ်ချင်လို့လား။”

စုယွမ်မှာ နောက်ဆုံးတော့ ဘာတွေဖြစ်နေသလဲဆိုတာ နားလည်သွားပေပြီ။ ကျော်ကြားမှုအမှတ်များကလည်း ထိုဆိုင်ဆီကသာ လာနေရခြင်းဖြစ်ရမည်။ ကျန်းဝေ့နှင့်ကျိုးဝူယိုက တကယ်ပဲ ဘာတွေလုပ်နေပါသနည်း။

စုယွမ် ပြန်ရှင်းပြလိုက်သည်။

“ဂိုဏ်းတူညီအစ်ကို၊ မင်းတွေးတာများနေပြီ။ ငါက ဘာသဘောမှမရှိဘဲ ဒီအတိုင်းဖွင့်လိုက်တာ။ အဲ့ဒီဆိုင်က နှစ်လပဲဖွင့်ဖို့ရည်ရွယ်ထားတာ၊ ပြီးရင် ပိတ်လိုက်မှာ။”

“တကယ်လား။”

ယဲ့ပိဖန်၏မျက်ဝန်းများက အနည်းငယ်ကျဥ်းမြောင်းသွား၏။

“ဒါပေါ့။”

“အဲ့ဒီလိုဆိုရင် ဂိုဏ်းတူညီအစ်ကိုစုက အဲ့ဆိုင်ကို ငါ့ကိုလွဲပေးလို့ရမလား။”

ယဲ့ပိဖန်မှာ နောက်ဆုံးမှ သူ့ရည်ရွယ်ချက်အမှန်ကို ထုတ်ပြောလာ၏။

စုယွမ်မှာ ခေါင်းကုတ်မိသွားသည်။

“ဒါပေမဲ့ အဲ့ဒီဆိုင်က ငါ့ဟာမှ မဟုတ်တာ၊ နျိုပင်ဆိုတဲ့ဂိုဏ်းတူအစ်ကိုတစ်ယောက်ဟာလေ။”

“နျိုပင်တဲ့လား။”

ယဲ့ပိဖန်မှာ စုယွမ်က ဤကဲ့သို့ ဖြေရှင်းလာမည်မှန်း ထင်မထားပါချေ။

“ဘယ်တောင်ကအတွင်းတပည့်လဲ။ ငါ မကြားဖူးပါဘူး။”

“သူက အပြင်ဆောင်က ဂိုဏ်းတူအစ်ကိုပဲ။ မင်းသူ့ကို သွားပြောကြည့်လို့ရတယ်။”

စုယွမ်ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ယဲ့ပိဖန်မှာ စိတ်ထဲ ခနဲ့လိုက်မိသည်၊ ဤသည်မှာ စုယွမ်က သူ့ကို သွယ်ဝှိုက်ငြင်းပယ်နေခြင်မဟုတ်ပေလော။

“ကြည့်ရတာ ဂိုဏ်းတူညီအစ်ကိုစုက တကယ်ပဲ ခေါင်းဆောင်နေရာအတွက် ပြိုင်ချင်နေတာထသ်တယ်။”

ယဲ့ပိဖန် တည်ငြိမ်စွာပင် ဆိုလိုက်သည်။

စုယွမ်မှာ ပြောစရာပျောက်ရှသွားရ၏။

“မင်း အထင်လွဲနေပြန်တာလား။ ငါက ချီစုဆောင်းခြင်းအဆင့်လေးပဲရှိသေးတာကို၊ ဘယ်လိုလုပ် အတွင်းတပည့်ခေါင်းဆောင်နေရာကို ပြိုင်လို့ရမှာလဲ။”

“အဲ့ဒီလိုလား။ အဲ့ဒီလိုဆိုရင် ညီအစ်ကိုစုရဲ့အရည်အချင်းကို စမ်းကြည့်ကြတာပေါ့။”

ယဲ့ပိဖန်က မျက်ဝန်းများ ကျဥ်းမြောင်းလိုက်ပြီး စုယွမ်ကို လှမ်းရိုက်ရန်ပြင်လိုက်၏။ သူ၏လက်ဖဝါးတွင် မီးတောက်များလျှံထွက်နေလျက် အဆင့်မြင့်မန္တန်တစ်ခု၏အရှိန်အဝါများ ထွက်နေ၏။

စုယွမ်၏အမူအရာမှာ ပြောင်းလဲသွားချေပြီ။ သူ ယဲ့ပိဖန်က ထိုသို့လုပ်ရဲမည်မှန်းထင်မထားပါချေ။

ဤသည်မှာလည်း သူ၏ကိုယ်ပိုင်ခြံဝန်းထဲမှာပင်။

အန္တာရယ်ကို အာရုံခံမိတော့ စုယွမ်မှာ အလိုအလျောက် ခုခံလိုက်မိ၏။ တစ်နှစ်တာ လျှို့ဝှက်နယ်မြေထဲကျင့်ကြံခဲ့မှုက သူ့ကို အလိုအလျောက်တုံ့ပြန့်နိုင်သည်အထိ သန်မာစေခဲ့ပြီပင်။

ရွှေရောင်အကာအကွယ်တစ်ခုမှာ စုယွမ်တစ်ကိုယ်လုံးကို ချက်ချင်း ခိုင်မာစွာ ကာကွယ်ပေးလာ၏။

ဝုန်း။

မီးတောက်အဟုန်မှာ ရွှေရောင်ဒိုင်းကာနှင့်ထိတွေ့သွားပြီး ပေါက်ကွဲသံများဖြစ်ပေါ်လာတော့သည်။

ယဲ့ပိဖန်၏ပုံမှန်ခပ်အေးအေးရှိနေသော အမူအရာမှာလည်း ချက်ချင်းပြောင်းလဲသွားပြီး သူ ချက်ချင်း အလေးအနက်ထားတိုက်ခိုက်လာတော့သည်။ သူ့လက်ဖဝါးထဲရှိပုံမှန်မီးတောက်မှာ ဆယ်ဆလောက်ကြီးထွားလာလေသည်။

သို့သော်လည်း အမြင်အားဖြင့်တော့ ပါးလွှာသော ရွှေရောင်အကာမှာ ကျောက်ဆောင်အလားမာကျောလှပြီး ယဲ့ပိဖန်၏တိုက်ခိုက်မှုမှန်သမျှကို ခုခံထား၏။

ယဲ့ပိဖန်မှာ ထိုရွှေရောင်အကာအကွယ်ထံမှ ထွက်လာသောအနီရောင်အလင်းများက သူ၏မီးတောက်များကို နှောင့်ယှက်နေတာကိုတောင် သတိထားမိလိုက်သည်။

တစ်ခဏလောက် သူ သိုင်းကွက်များကိုပစ်လွှတ်နေရင်း ရုတ်တရက် ရွှေရောင်အကာကွယ်မှ အားတစ်ခုပစ်ထွက်လာတော့သည်။

ယဲ့ပိဖန်၏ခန္ဓာကိုယ်မှာ အနောက်သို့လွှင့်စင်သွားပြီး ခြံပြင်သို့ တိုက်ရိုက်ရောက်ရှိသွားလေ၏။

ယဲ့ပိဖန်လည်း ဓါးကိုထုတ်ကာ လေထဲသို့ပျံတက်၍ ဟန်ချက်ညီအောင် ပြန်ထိန်းလိုက်ရသည်။

ထို့နောက် သူ စုယွမ်ကို ပြန်ကြည့်လိုက်သည်။ အနှီစုယွမ်မှာ ပုံမှန်အမူအရာဖြင့်သာ သူ့ကို စိုက်ကြည့်နေဆဲပင်။

ယဲ့ပိဖန်၏အမူအရာမှာ မှောင်မိုက်သွား၏။

ထိုအခိုက်အတန့်လေးတွင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေလေလျက် ဝိညာဉ်ငါးတစ်ကောင်၏ပူဖောင်းမှုတ်သံများသံ ကြားနေရသည်။

“ဒါငါ့ရဲ့ခြံဝန်းပါ၊ ဂိုဏ်းတူညီအစ်ကို ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုထိန်းသိမ်းပေးပါ။”

စုယွမ် ပြောလိုက်သည်။

ယဲ့ပိဖန် အသက်ပြင်းပြင်းရူလိုက်ပြီး ဆိုလိုက်၏။

“စုယွမ် ငါမင်းကို အထင်လွဲခဲ့မိတာပဲ။ ငါတို့နှစ်မှာ အသိုသိပ်ဆုံးသူက မင်းဖြစ်နေမယ်လို့ တကယ်ထင်မထားခဲ့ဘူး။”

စုယွမ်မှာ တည်ငြိမ်နေဆဲပင်။

“မင်း ဘာဖြစ်ချင်နေတာလဲ။ ငါက ဘာကိုလျှို့ဝှက်ထားလို့လဲ။”

ယဲ့ပိဖန်၏မျက်နှာမှာ တည်တင်းသွား၏။ ထို့နောက် သူက စိတ်ကိုပြန်ထိန်း၍ တည်ငြိမ်စွာသာ ဆိုလိုက်တော့သည်။

“ကောင်းတယ်၊ ငါ မင်းကို သတိမထားမိခဲ့တာ။ လာမဲ့ပြိုင်ပွဲကျရင် ငါတို့အသေအကြေတိုက်ခိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

ယဲ့ပိဖန်က စုယွမ်ကို တစ်ချက် ပြင်းပြင်းထန်ထန်စိုက်ကြည့်ကာ ဓါးပျံဖြင့် ပြန်ထွက်သွားတော့သည်။

စုယွမ် နှာမှုတ်လိုက်သည်။

“အရူးကောင်။”

သူ ပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ပြီး ဘာမှ မပျက်စီးတာကိုမြင်ရမှ စိတ်အေးသွားတော့သည်။

ထို့နောက်တွင်တော့ သူ စာပို့စာရွက်တစ်ခုကိုထုတ်ပြီး ကျန်းဝေ့၊ ကျိုးဝူယိုနှင့် ရှောင်ချိုက်တို့ကို ချက်ချင်း လာခိုင်းလိုက်၏။

ကျိုးဝူယိုနှင့်ကျန်းဝေ့က ခဏအကြာတွင်ရောက်လာသည်။ ရှောင်ချိုက်ကလည်း ဓါးပျံဖြင့် ချက်ချင်းရောက်လာ၏။

စုယွမ်မှာ သုံးယောက်ကိုကြည့်၍ မေးလိုက်သည်။

“ဆိုင်မှာ ဘာတွေဖြစ်နေတာလဲ။”

“ဘာဖြစ်လို့လဲ။

ကျန်းဝေ့ ရှုပ်ထွေးသွားပြီးမေးလိုက်သည်။

စုန့်ချိုက်က ချက်ချင်း ပြောပြလာသည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော် တပည့်တွေဆီက တစ်ရာခိုင်နှုန်းအမြတ်ဝေစုယူမိပါတယ်။ အစ်ကို ကျွန်တော့်ကို အပြစ်ပေးလို့ရပါတယ်။”

ကျိုးဝူယိုလည်း ဘာဖြစ်နေသလဲဆိုတာသဘောပေါက်သွားပြီး မြန်မြန်ဆိုလိုက်၏။

“ဒါက ကျွန်တော်နဲ့စုန့်ချိုက်တိုင်ပင်ပြီး လုပ်ထားကြတာပါ။ သူတစ်ယောက်တည်းရဲ့အမှားမဟုတ်ပါဘူး။”

စုယွမ်၏နှုတ်ခမ်းထောင့်မှာ တစ်ချက်တွန့်သွားရ၏။

“ငါက အဲ့ဒီတစ်ရာခိုင်နှုန်းကြောင့်ပြောနေတာမဟုတ်ဘူး။ ဆိုင်အခြေအနေက ရောင်းကောင်းလား။ နေ့တိုင်းဝယ်သူဘယ်လောက်လောက်ရှိလဲမေးနေတာ။”

စုန့်ချိုက်လည်း ဤသည်ကိုကြားတော့မှ ပြုံးနိုင်တော့၏။

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော့်ကိုတာဝန်ပေးထားတဲ့ကိစ္စတွေကို အစ်ကိုစိတ်ချထားလို့ရပါတယ်။ ကျွန်တော် သေချာကြိုးစားထားတာပါ။ အခုဆိုရင် ကျွန်တော်တို့ဆိုင်မှာ တစ်ရက်အနည်းဆုံးလူနှစ်ရာလောက် လာနေပါပြီ။ အမြတ်ကလည်း ဝိညာဉ်ကျောက်တုံးသုံးထောင်လေးထောင်နီးပါပါပဲ။ ကျွန်တော်တို့ဘက်က တစ်ရာခိုင်နှုန်းပဲယူတာတောင် အခုဆိုရင် ဝိညာဉ်ကျောက်တုံး ၃၀လောက်ရနေပါပြီ။ အခုဆိုရင်ကျွန်တော်တို့ဆိုင်က ဒီခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတစ်ပတ်လည်မှာ အအောင်မြင်ဆုံးလို့တောင် ပြောလို့ရနေပြီ။ ကျွန်တော်တို့သာထပ်အောင်မြင်လာရင် အလတ်တန်းအဆင့်ပစ္စည်းတွေကိုပါ ဆိုင်တင်လို့ရနိုင်ပါတယ်။ အဲ့ဒီလိုဆိုရင် ပိုပြီးရောင်းရလောက်ပါတယ်။”

စုယွမ်၏မျက်ခမ်းစပ်များတောင် တစ်ချက်တွန့်သွားရသည်။ သူ ပြောလိုက်ပါ၏။

“အပင်မြင့်လေ လေတိုက်လေဆိုတဲ့သဘောတို့ မင်းတို့နားမလည်ကြဘူးလား။ အခုလေးတင် ယဲ့ပိဖန်က ငါ့ကိုလာရှာသွားတယ်။”

“ယဲ့ပိဖန်လား။”

ကျန်းဝေ့ မျက်လုံးပြူးသွားရသည်။

“သူလာသွားတာလား။ ဘာဖြစ်လို့လဲ။”

“သူက ဆိုင်ကို သူ့ဆီပေးစေချင်နေတာ။”

စုယွမ် နှာမှုတ်လိုက်မိ၏။

“အဲ့ဒီလောက်ကြီးက တအားလွန်သွားပြီ။”

ကျန်းဝေ့မှာ ဒေါသထွက်သွားရသည်။

“ငါတို့မှာ ဒီဆိုင်အတွက် အများကြီးခွန်အားသုံးထားရတာ။ သူက ဒီအတိုင်းယူပြီး အမြတ်ကြီးစားချင်တာလား။ သူက ထိပ်တန်းအဆင့်ဝိညာဥ်ပိုင်ရှင်ဆိုတော့ရော ဘာလုပ်ရမှာလဲ။ လာထိရင် ငါတော့ သေတဲ့ထိပြန်ချမှာပဲ။”

ကျိုးဝူယိုကတော့ စိတ်ပူသွားရသည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”

စုန့်ချိုက်တော့ သတိတကြီးဖြင့်ဆိုလာသည်။

“သူထွက်သွားပြီလား။ ဂိုဏ်းတူအစ်ကို သူပြောတာကိုသဘောတူလိုက်သေးလား။”

“ငါသူ့ကို နျိုပင်ကိုသွားရှာဖို့ပြောလိုက်တာ။ အဲ့ဒီတစ်ယောက်ကမှ ဆိုင်ပိုင်ရှင်အစစ်လေ။ သူက ငါ့ကိုမယုံဘူး၊ အဲ့ဒီတော့ တိုက်ခိုက်လာတယ်လေ။”

စုယွမ်မှာ အလွန်ဒေါသထွက်နေလေသည်။

ကျန်းဝေးမှာ စုယွမ်ကို အပေါ်အောက်ကြည့်မိလျက် မေးလိုက်သည်သည်။

“အဲ့ဒါဆို ဒဏ်ရာတွေရော ဘယ်မှာလဲ။”

စုယွမ်မှာ မျက်လုံးသာ လှန်ပြလိုက်သည်။

“ငါသူ့ကိုပြန်ဆော်လိုက်တာပေါ့ကွ။”

“တကယ်လား။”

စုန်းချိုက်၏မျက်ဝန်းများ တောက်ပသွားရသည်။

“အဲ့ဒါဆိုရင် ကျွန်တော်တို့ဆက်ဖွင့်လို့ရတယ်မလား။”

စုယွမ် ချက်ချင်း လက်ခါပြလိုက်သည်။

“မဖွင့်နဲ့တော့။ ဒီလိုအတိုင်းသာဆိုရင် အနိမ့်တန်းပစ္စည်းတွေ ရောင်းတာရပ်လိုက်။ မင်း နျိုပင်ကိုသွားရှာပြီး သူ့ကိုဆိုင်ကိုလွဲယူခိုင်းလိုက်။ ဂုဏ်သတင်းဆိုတာပြဿနာပဲဖြစ်စေမှာ၊ နားလည်လား။”

စုန့်ချိုက်မှာ ဤစကားကြောင့် အတွေးနက်သွားရသည်။ ဂိုဏ်းတူအစ်ကိုစုက သူတို့ဆိုင်မှာ အရောင်းပစ္စည်းကြပ်တည်းနေသည်ကို သိနေသည်များလား။

တစ်လအတွင်း အများကြီးရောင်းနိုင်ခဲ့ရာ အနိမ့်တန်းအဆင့်ဆေးစပ်သူနှင့် လက်နက်သန့်စင်သူများမှာ အမှီမလိုက်နိုင်တော့ပေ။ ဤအချိန်တွင် အလတ်တန်းအဆင့်ပစ္စည်းစျေးကွက်ထဲကို ဝင်လိုက်တာက အကောင်းဆုံးဖြစ်ပြီး နျိုပင်သည်ကား ထိုပစ္စည်းတို့၏အရင်းအမြစ်ဖြစ်လာနိုင်သည်။ ကြည့်ရသည်မှာ အစ်ကိုစုက ဖြစ်လာနိုင်သည်အကုန်ကို ခန့်မှန်းပြီးသားဖြစ်ပေလောက်မည်။

ဒါ့အပြင် ဂိုဏ်းတူအစ်ကိုစုက တကယ်ကို အတွင်းဆောင်တပည့်ခေါင်းဆောင်နေရာကို စိတ်ဝင်စားနေသည်ပဲ။ သူဟာ ယဲ့ပိဖန်ကိုတောင် ပြန်ချခဲ့သည်လေ။

ပြောရလျှင် အတွင်းဆောင်တပည့်ခေါင်းဆောင်ပြိုပွဲမှာ လာမည့်ရက်အနည်းငယ်အတွင်းကျင်းပပေတော့မည်ဖြစ်ရာ သူ ဂိုဏ်းတူအစ်ကိုစုက စာရင်းသွားသွင်းသင့်ပေသည်။

သူက စုယွမ်၏အမည်အောက်မှအစေခံတပည့်ဖြစ်ရာ ဤသို့သောကိစ္စများကို တရားဝင်လုပ်ပေးခွင့်ရှိ၏။

“ဂိုဏ်းတူအစ်ကို၊ လာမဲ့ အတွင်းဆောင်တပည့်ပြိုင်ပွဲမှာ ပါမှာလား။”

စုန့်ချိုက်ပေးလိုက်၏။

စုယွမ်မှာ စွံ့အသွားရ၏။

“ငါက အခုမှ ချီစုဆောင်းခြင်းအဆင့်လေးပဲရှိသေးတာကို၊ ဝင်ပြိုင်လို့ရမှာတဲ့လား။ ငါက သူ့အခြေခံစည်းတောင်မမှီတဲ့ဟာကို။”

စုန့်ချိုက်ပြောလိုက်သည်။

“ဒီပြိုင်ပွဲက ကျင့်ကြံဆင့်နဲ့ပတ်သတ်ပြီးဘာကန့်သတ်ချက်မှ မရှိပါဘူး။”

စုယွမ်လည်း ဒါကိုကြားတော့ ဒေါသတကြီးဆိုလိုက်တော့သည်။

“အဲ့ဒါဆိုရင်လည်း သွားသွင်းလိုက်တော့။”

“ဟုတ်ကဲ့ပါ။”

စုန့်ချိုက် ခေါင်းညိတ်လိုက်ရင်း သူ ပြန်တာနှင့် ချက်ချင်း သွားသွင်းရမည်ဟုသာ တွေးထားလိုက်တော့သည်။

Chapter 50: သင်ကြားပေးခြင်း။

ယဲ့ပိဖန် သူ့ခြံဝန်းထံ အမြန်ပြန်လာခဲ့၏။

ခြံဝန်းအပြင်တွင်စောင့်ဆိုင်းနေကြသောနောက်လိုက်များကတော့ ယဲ့ပိဖန်၏အမူအရာမကောင်းသည်ကိုမြင်သည်နှင့် ပါးစပ်ကိုပိတ်လျက် အဆူအဆဲမခံရစေရန် ရှောင်ရှားလိုက်တော့သည်။

ယဲ့ပိဖန် အခန်းထဲဝင်ထိုင်လိုက်ရင်း အမူအရာမှာ လင်းတလှည့်မှောင်တလှည့်ဖြင့် တော်တော်လေးအခြေအနေမဟန်ပေ။

“စုယွမ် သာလွန်တောင်ထိပ်သခင်ဆီကအရွေးခံခဲ့ရတာ မအံ့သြတော့ပါဘူး။ သူ့လို့အနိမ့်တန်းအဆင့်ဝိညာဉ်ရင်းမြစ်လေးလောက်နဲ့ ငါရဲ့ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ကို ယှဥ်နိုင်နေတာ။ တော်တော်ထူးဆန်းတဲ့ကောင်။”

သီအိုရီအရဆိုလျှင် ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်များ၏ကျင့်ကြံနှုန်းက အနိမ့်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ထက် ၂၇ဆပိုကောင်း၏။ နှစ်ခုစပ်ဝိညာဥ်ရင်းနှင့်သုံးခုစပ်ဝိညာဥ်ရင်းမြစ်ကြား ကွာဟချက်ကိုပါ ထပ်ပေါင်းပါက အဆသုံးဆယ်လောက်တောင် ကွာခြားပေလိမ့်မည်ဖြစ်၏။

“အရင်းအမြစ်၊ ခန္ဓာကိုယ်ကြံခိုင်မှု၊ နားလည်နိုင်စွမ်း ဒါမှမဟုတ် အခွင့်အရေးတွေမှာ သူက ဘာကိုများပိုင်ဆိုင်ထားလို့လဲ။ ဒါမှမဟုတ် သူ့မှာ အကုန်ရှိနေတာလား။’

ယဲ့ပိဖန်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။

ဤအချိန်မှသာ သူဟာ ယခင်နှစ်များအတွင်း အလွန်မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲခဲ့ကြောင်း နားလည်သွားရသည်။ ထိုနှစ်များအတောအတွင်း သူက လောကတွင် ကိုယ့်ထက်ပိုတော်သောသူများရှိစမြဲဟူသော ဆိုးရိုးကိုတောင် လှောင်ပြောင်ခဲ့တာဖြစ်သော်ငြား ယခုတွင်တော့ သူ ခပ်ပြင်းပြင်းဖြတ်ရိုက်ခံလိုက်ရချေပြီ။

ယနေ့ကိစ္စမှာ သူ့ကို အနည်းငယ်သတိဝင်လာစေခဲ့သည်။ စုယွမ်ကဲ့သို့သော အနိမ့်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တောင် သူနှင့်တန်းညှိနိုင်ခဲ့လျှင် မူလထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်များဆိုပါက ၎င်းတို့တွင်သာ အခွင့်အရေးရှိလာသည့်အခါ သူ့ကိုကျော်နိုင်ဖို့ ပိုလွယ်သည်မဟုတ်ပါလား။

“ငါ နတ်ဆိုးဂိုဏ်းနဲ့ပူးပေါင်းလိုက်သင့်လား။”

ယဲ့ပိဖန် နတ်ဆိုးသခင်မ၏စကားတို့ကို ပြန်ကြားယောင်နေမိ၏။

သူ အတွေးနက်သွားတော့သည်။

ယဲ့ပိဖန်ခြံဝန်း၏လူမမြင်သောအရိပ်တစ်နေရာတွင် ရွှေအမြုတေအဆင့်အကြီးအကဲတစ်ဦးက သူ့ကို တည်ငြိမ်စွာစောင့်ကြည့်နေ၏။ သူ့လိုရွှေအမြုတေအဆင့်၏စိတ်ဝိညာဥ်အာရုံကို ခြံဝန်း၏အတားအဆီးများက ဟန့်တားမထားနိုင်ပေ၊ အထူးသဖြင့် ထိုအတားအဆီးများက သူကိုယ်တိုင်ချပေးခဲ့သောအချိန်တွင် ဖြစ်ပေသည်။ ထို့ကြောင့် သူ ယဲ့ပိဖန်၏ခံစားချက်အတက်အကျများ သိရှိ၏။

“ဘယ်လိုရွေးချယ်သွားမှာလဲ၊ ယဲ့ပိဖန်။”

ရွှေအမြုတေအဆင့်အကြီးအကဲက ငြိမ်သက်စွာ တွေးတောနေသည်။

ချီစုဆောင်းခြင်းအဆင့်ခုနစ်သာရှိသေးသော ယဲ့ပိဖန်ကတော့ သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေမည်ဟု မထင်ထားခဲ့သလို၊ လုံးဝလည်းမရိပ်မိခဲ့ပါပေ။

အဆုံးတွင်မူ ယဲ့ပိဖန်ဟာ ဆုံးဖြတ်ချမချနိုင်ခဲ့ပေ။ ထိုအစား သူ အဆင့်မြင့်ချီစုဆောင်းခြင်းဆေးလုံးကိုသောက်၍ ကျင့်ကြံရေးကိုသာ စတင်တော့၏။

ရွှေရောင်အဆင့်အကြီးအကဲလည်း တစ်ခဏမျှစောင့်ကြည့်နေပြီးမှ ထွက်လာခဲ့လိုက်သည်။

ထိုအကြီးအကဲက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏အဓိကတောင်ထိပ်ဆီရောက်၍ ဂိုဏ်းချုပ်ကို ဂါဝရပြုလိုက်သည်။

“ဂိုဏ်းချုပ်၊ ယဲ့ပိဖန်က အခုထိ သူ့ရည်ရွယ်ချက်တွေရှိနေတုန်းပါပဲ။”

“ဟုတ်လား။”

ငယ်ရွယ်ချောမောသောယောက်ျားပျိုတစ်ဦးက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“စကားမစပ်၊ ဂိုဏ်းချုပ် သာလွန်တောင်ထိပ်မှာ ယဲ့ပိဖန်ထက် မလျော့တဲ့တပည့်တစ်ယောက်ရှိနေပါတယ်။ နောက်ပြီးသူက ယဲ့ပိဖန်နဲ့နှစ်တူတူပါပဲ။ ကျွန်တော့်အထင်တော့ သူ့ကိုလည်း သေချာအာရုံစိုက်စောင့်ကြည့်သင့်တယ်ထင်တယ်။”

အကြီးအကဲက ဆိုလိုက်၏။

“ဟမ်၊ ဘယ်သူလဲ။”

ဂိုဏ်းချုပ်က အံ့သြသွားပြီးပြန်မေးလိုက်သည်။

“စုယွမ်ပါ။ ကျွန်တော်စစ်ကြည့်သလောက်တော့ သူက အနိမ့်တန်းအဆင်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်ပါ။ သူက အဲ့ဒီအချိန်တုန်းက သာလွန်တောင်ထိပ်သခင်ဆီကနေ အတွင်းတပည့်အဖြစ်ရွေးချယ်ခံခဲ့ရတာ။ သူရဲ့လက်ရှိကျင့်ကြံရေးက ချီစုဆောင်းခြင်းအဆင့်ရဲ့အလယ်အဆင့်လောက်မှာပါ၊ အခြေခံကလည်းခိုင်မာပြီး သူက ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကိုတောင် နားလည်နိုင်ခဲ့တာ၊ သူရဲ့နားလည်နိုင်စွမ်းကတော့ အသိအမှတ်ပြုလောက်စရာပါပဲ။”

ဂိုဏ်းချုပ် အံ့သြသွားရသည်။

“ဒီလောက်အရည်အချင်းရှိတာ၊ ငါဘာလို့ တောင်သခင်ဝမ့်ပြောတာ မကြားဖူးရတာလဲ။”

“ငါ သေချာစုံးစမ်းကြည့်ပြီးပါပြီ။ တောင်သခင်ဝမ့်က စုယွမ်ကို လျှိုဝှက်နယ်မြေထဲ သေသွားပြီထင်နေတာပါ။”

အကြီးအကဲမှာ ခေါင်းကုတ်လျက်သာ ဆိုမိတော့သည်။

“ဘာ။”

ဂိုဏ်းချုပ်မှာ ရပ်တန့်သွားရ၏။

“တောင်သခင်ဝမ့်က အဲ့ဒီလိုပေါ့တီးပေါ့စဖြစ်မဲ့သူမျိုးမဟုတ်ပါဘူး၊ ဘယ်လိုဖြစ်ရတာလဲ။”

အကြီးအကဲမှာ မသိကြောင်းသာ ပြန်ပြောနိုင်သည်။

“အခုလက်ရှိမှာတော့ အဲ့ဒီလိုပဲဖြစ်သွားတာပါ။ ကျွန်တော်လည်း တကယ်မယုံနိုင်ဖြစ်နေတာ။”

ဂိုဏ်းချုပ်က စုယွမ်ကို စိတ်ဝင်စားသွားလျက် မေးလိုက်သည်။

“သူက ဘယ်မှာလဲ။”

“သာလွန်တောင်ထိပ်အတွင်းဆောင်ရဲ့ခြံဝန်း ၄၃၉၉မှာပါ။”

“ငါနားလည်ပြီ။ မင်း အခြားထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်တွေကို ဆက်စောင့်ကြည့်ထား။”

“အမိန့်အတိုင်းပါ။”

ရွှေအမြုတေအဆင့်အကြီးအကဲက ပြန်ထွက်သွား၏။

ဂိုဏ်းချုပ်က သူ့မေးစေ့ကိုသူပွတ်ရင်း အလင်းတစ်တစ်ဖြတ်လင်းလာကာ သူ၏ပုံရိပ်မှာ ခန်းမထဲမှ ပျောက်ကွယ်သွားတော့သည်။

ခြံဝန်းထဲတွင်မူ စုယွမ် ပြောလိုက်သည်။

“မင်းတို့မှာ လက်ရှိကျင့်ကြံရေးနဲ့ပတ်သတ်ပြီး ဘာမေးခွန်းတွေရှိကြသေးလဲ၊ ဆေးပညာ ဒါမှမဟုတ် လက်နက်သန့်စင်ရေးမှာဖြစ်ဖြစ်ပေါ့။”

“စုယွမ်၊ မင်းငါတို့ကို သင်ပေးချင်လို့လား။”

ကျန်းဝေ့က သံသယဖြင့်ဆိုသည်။

“ငါတို့ရဲ့ကျင့်စဥ်တွေက မတူဘူးလေ၊ နောက်ပြီး ဝိညာဉ်ရင်းမြစ်တွေကလည်း မတူတာကို။ မင်း သင်ပေးနိုင်လို့လား။ နောက်ပြီး ဆေးပညာနဲ့လက်နက်သန့်စင်တာကို မင်းတတ်တယ်လား။”

“ပြောသာပြောစမ်းပါ။ ကျန်းဝေ့၊ မင်းအရင်ပြော။”

စုယွမ် ပြောလိုက်သည်။

ဤသည်ကိုကြားတော့ ကျန်းဝေ့လည်း ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ငါက ချီစုဆောင်းခြင့်အဆင့်လေးမှာ၊ ဝိညာဉ်သွေးကြော၈ခုရှိပြီ။ ဒါပေမဲ့ ငါက ကိုးခုမြောက်ကိုဖွင့်မရဖြစ်နေတာ။ ပြဿနာက ငါ အသစ်ရှိလာမဲ့အဲ့ဒီကိုးခုမြောက်ကို အရင်ရှစ်ခုနဲ့ဘယ်လိုချိတ်ဆက်ပြီး ဘယ်လိုပေါင်းလိုက်ရမလဲ မသိဖြစ်နေတာ ... “

ကျန်းဝေ့က တစ်ခုချင်းပြောပြလိုက်၏။

စုယွမ်လည်း နားထောင်ပြီး သူ့ကိုချီစုစည်းပြရန်ပြောလိုက်သည်။

“မာကျောတာမှန်သမျှက ပြိုကွဲလွယ်တယ်။ မင်းက အရမ်းအလောတကြီးနဲ့ ကြမ်းကြမ်းတမ်းတမ်းကြီး ကျင့်ကြံမိနေတာ။ မင်းမှာက ရေဝိညာဉ်ရှင်းမြစ်ရှိတာကို မင်းက အဓိကအားဖြင့် သတ္ထုဝိညာဉ်ရင်းမြစ်ကိုပဲ သုံးနေမိတာ။ နောက်ပြီး မင်း ချီစုစည်းလိုက်တာနဲ့ အမှား၈၈လောက်က သိသိသာသာဖြစ်နေတာ။ ငါတို့ အဲ့ဒီထဲက၆၈ခုကို ခဏထားလိုက်၊ အခု အမှား၂၀ခုကို အရင်ပြင်ကြမယ်။ ပထမဆုံးတစ်ခုက ... “

စုယွမ်က တစ်ခုချင်းစီသေချာညွှန်ကြားပေးလာသည်။

ကျန်းဝေ့မှာ မယုံကြည်ဟန်ပြနေသော်လည်း သူ စုယွမ်ပြောသလိုတော့ လိုက်၍ ချီစုဆောင်းကြည့်လိုက်၏။

ကျိုးဝူယိုမှာ ဘေးကနေကြည့်ရင်း ကြောင်အသွားရသည်။

သူ စုယွမ်ပြောသည်ကို နားထောင်နေရင်း အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက ကျင့်ကြံဆင့်နိမ့်သောသူက ကူညီကာလမ်းပြ၍ ကျင့်စဥ်နှင့်ကျင့်ကြံသူကို တသားထဲ ဖြစ်သွားစေသည့်အလား ခံစားနေရသည်။

သို့သော် စုယွမ်က ချီစုဆောင်းခြင်းအဆင့်၏အလတ်ပိုင်းလောက်သာ ရှိသေးရာ အနှီသူက ဘာကြောင့်များ ဤသည်များကိုသိနေရသနည်း။

ကျန်းဝေ့ကတော့ ဘာမှမတွေးပေ၊ သူက စုယွမ်ပြောသလိုသာ လိုက်ကျင့်ကြံနေလိုက်သည်။

သူ ထိုသို့အမှားများကို ပြုပြင်ကာ ကျင့်ကြံပြီးတော့ သူ၏ကျင့်ကြံနှုန်းမှာ သုံးဆယ့်ငါးရာခိုင်နှုန်းအထိ တိုးတက်လာရတော့၏။

ထို့အပြင် သူ၏ချီစုဆောင်းသည့်အလေ့အထကလည်း အလွန်ကောင်းလာခဲ့သည်။

ချီစုဆောင်းခြင်းပြီးသွားတော့ ကျန်းဝေ့မှာ ထခုန်လျက် စုယွမ်၏ပေါင်ကို ဖက်ထားတော့သည်။

“မွေးစားအဖေ၊ ကျေးဇူးပြုပြီး ဒီကသားဖြစ်သူရဲ့ အရိုအသေပေးတာလေးကို လက်ခံပေးပါ။”

စုယွမ်မှာ ပြောစရာစကားပြောရှသွားရလျက် ကျန်းဝေ့ကို တွန်းထုတ်လိုက်၏။

“ထွက်သွားစမ်း။”

ကျိုးဝူယိုမှာ သူ့မျက်နှာသူပင် အုပ်မိသွားရသည်။ ဤကဲ့သို့သော ရှက်စရာအပြုအမူမျိုးကို သူတော့ဖြင့် မလုပ်နိုင်ပါချေ။ သို့သော် အမှန်စင်စစ် သူ့နှလုံးသားထဲတွင်မူ သူ ကျန်းဝေ့၏ထိုသို့အရှက်ကင်းကာ တက်ကြွလှသော စရိုက်ကို အားကျမိပါ၏။

ကျန်းဝေ့ကထပ်ပြောလာသည်။

“နောက်ထပ် အမှား၆၈ခု ကျန်သေးတယ်လေ။”

စုယွမ် လက်ခါပြလိုက်သည်။

“မင်း ချီစုဆောင်းခြင်းအဆင့်လေးရှိတဲ့အထိ စောင့်ဦး၊ အဲ့ဒီအခါကျမှ ငါမင်းကို ပြောပြမယ်။ မင်းဘာသာမင်းလည်း တွေးတတ်ဖို့လိုသေးတယ်လေ။ အခု မင်း လက်နက်သန့်စင်တာနဲ့ပတ်သက်တဲ့ပြဿနာတွေပြော။”

ကျန်းဝေ့လည်း ချက်ချင်း သူ၏လက်နက်သန့်စင်ရင်းဖြစ်ခဲ့သောပြဿနာများကို ထုတ်ပြောကာ သူ့လက်ရာတစ်ခုကို စုယွမ်ကို ထုတ်ပြလိုက်၏။

စုယွမ်လည်း စိတ်ဝိညာဥ်ာအာရုံဖြင့် လက်နက်ထဲရှိသော ဝိညာဉ်စွမ်းအင်များကို အာရုံခံကြည့်လိုက်ပြီး ဆိုသည်။

“မင်းရဲ့လက်နက်သန့်စင်ဖို့အခြေခံက အားနည်းနေတော။ ဒီအနိမ့်တန်းလက်နက်တွေမှာ အဓိကအားဖြင့် ဝိညာဉ်ကြိုးသွယ်တဲ့ပုံစံတွေနဲ့ပဲ ဖွဲ့စည်းတာ၊ ဝိညာဉ်စွမ်းအင်ကိုလောင်ကျွမ်းပြီး ပြန်ဖွဲ့စည်းရတာ။ ဒါပေမဲ့ မင်းက အခြေခံပုံစံမှာတင် အမှား၄၈လောက်လုပ်ထားတယ်။ ဒီလက်နက်ကတောင် ဘယ်လိုလုပ်အောင်မြင်သွားရတာလဲ။”

“ဒါ့အပြင် ပုံသွင်းတာကလည်း ဖြတ်ကတတ်ဆန်းနဲ့။ လက်နက်ရဲ့သွင်ပြင်ဆိုတာ သူ့ကိုလုပ်ထားတဲ့ဝိညာဉ်စွမ်းအင်ပုံစံအတိုင်းဖြစ်နေရမယ်ဆိုတာ မင်းမသိဘူးလား။ မင်းရဲ့လက်နက်ကရုပ်ဆိုးရုံတင်မကဘူး၊ ဝိညာဉ်စွမ်းအင်ပုံစံတွေကလည်း လွဲနေသေးတယ်။ မင်း ဒီနေရာကနေ စွမ်းအင်စုစည်းလိုက်တော့ သိသိသာသာကို လွဲသွားတာ။ မင်း ဒါကြီးကိုများ ထုတ်ရောင်းရဲသေးတာလား။”

ကျန်းဝေ့၏မိမိကိုယ်ကိုယုံကြည်မှုမှာ အနည်းငယ်တိုက်စားခံလိုက်ရချေပြီ။

“စု စုယွမ်၊ ငါ့ရဲ့အခြေခံက အဆင်ပြေပါတယ်ကွ။ကလေးဘဝကတည်းကအခုထိ ငါက တကယ့်လက်နက်သန့်စင်သူတွေဆီကနေ အသင်ခံလာရတာ။ အထူးသဖြင့် ငါ့အဖေက ဒုတိယအဆင့်အနိမ့်တန်းလက်နက်သန့်စင်သူလေ၊ သူက ငါ့ကိုသင်ဖို့ လုံလောက်တာထက်ကို ပိုသေး။ နောက်ပြီး ဒီတစ်ခုကလည်း ငါ အခုနောက်ပိုင်းလုပ်သမျှထဲ အကောင်းဆုံးပဲ၊ ဒီထက်ဆိုးတာတွေတောင် ငါရောင်းပြီးပြီ။”

သူ စုန့်ချိုက်ကို ကြည့်လိုက်သည်။

“ဟုတ်တယ်မလား၊ စုန့်ချိုက်။ အဲ့ဒီလေလွင့်ကျင့်ကြံသူတွေ ငါ့လက်နက်ကိုဝယ်တုန်းက သူတို့ တော်တော်ချီးကျူးနေခဲ့သေးတာနော်။”

“ဟုတ်ပါတယ်။ အစ်ကိုကျန်းရဲ့လက်နက်တွေက အရမ်းအောင်မြင်တာ။ သူတို့က အရောင်းတင်တာနဲ့ တန်းရောင်းထွက်တာပဲ။ အချို့ဆိုရင် အစ်ကိုကျန်းကို ကိုယ်ပိုင်ပုံစံလက်နက်တောင် သီးသန့်အပ်ချင်ကြသေးတယ်။”

စုန့်ချိုက် ဝင်ပြောလိုက်၏။

ဤသည်ကိုကြားပြီး စုယွမ်လည်း ထိုနှစ်ယောက်အမူအရာကို စေ့စေ့ကြည့်လိုက်သည်၊ ထိုသူတို့မှာ လိမ်နေပုံမပေါ်ရာ စုယွမ် တွေးမိသွားရ၏။ ဤလက်နက်သန့်စင်ခြင်းမှာ သူတွေးထားသည်ထက်တောင် လွယ်ကူနေသည့်ပုံပါပေ။

စုယွမ်ခေါင်းခါလိုက်၏။

“မင်းကိုယ်မင်း အဲ့ဒီလေလွင့်ကျင့်ကြံသူတွေနဲ့မယှဥ်နဲ့လေ။ မင်းအခြေခံကမခိုင်ဘူးဆိုတာမယုံရင် ငါပြောပြမယ်။”

All Chapters