← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

Chapter 41

ထိုလူနှစ်ဦး၏စကားဝိုင်းမှာ အလွန်တိုးရှသော်ငြား ဤတိတ်ဆိတ်နေသောအခန်းထဲတွင်တော့ ကျိုးဝူယိုကြားရန် လုံလောက်သေး၏။

ဤအချင်းအရာတို့ကို ကြားသော်လည်း ကျိုးဝူယိုတစ်ယောက် အလွန်တည်ငြိမ်နေပေသည်။ သူ ထိုသို့သောစကားမျိုးကို ကြိမ်ဖန်မကကြားဖူးနေပြီပင်။ အစပထမကတော့ သူ အလွန်ဒေါသထွက်ပြီး ပြန်ပြောလေ့ရှိခဲ့သည်။ သို့သော် ယခုတွင်တော့ သူ လောကကြီး၏အပြောင်းအလဲများကို ကျင့်သားရနေချေပြီ။ သူ၏မိသားစုကတောင် အလွန်လက်တွေ့ကျခဲ့သည်၊ အထောက်အပံ့၏ကိုးဆယ်ရာခိုင်နှုန်းကို ပြတ်ပစ်ခဲ့လေသည်။

အမှန်တိုင်းဝန်ခံရပါလျှင် စစချင်းကတော့ သူ စုယွမ်ကို ရင်ထဲကနေကို အပြစ်တင်မိ၏။ သို့သော် သူ အကြောင်းစုံကို သိရှိသွား၏။ ထိုအတွက် ဤကျင့်ကြံရေးလောကကြီးထဲတွင် မတော်တဆမှုများစွာရှိနေလေသည်ဟုသာ ယူဆပြီး သူ တတ်နိုင်သည့်အရာများကိုသာ အာရုံစိုက်နေလိုက်တော့သည်။

ဤနှစ်အတောအတွင်း သူ အခြေကျလာကာ သူ၏မိသားစုတွင် သူသင်ခဲ့ရသောဆေးပညာအကုန်လုံးကို တစ်ခုချင်းသေချာလေ့ကျင့်နေ၏။ ယခုဆိုလျှင် သူ၏အခြေခံက တော်တော်လေးကောင်းနေချေပြီ။ သူသာဝိညာဉ်ကျောက်တုံးနည်းနည်းလောက် ပိုစုမိပါက ဆေးပညာအတက်ကို ကြိုးစားကျင့်ကြံကြည့်၍ ရပေမည်။ သို့သော် စိတ်မကောင်းစရာက အစေခံတပည့်များ၏နားချိန်မှာ အလွန်နည်းပါးနေခြင်းသာဖြစ်၏။

ထိုအချိန်တွင် စာရွက်တစ်ခုက အဝေးတစ်နေရာမှပျံသန်းလာပြီး ကျိုးဝူယို၏ပုခုံးပေါ်ကျဆင်းလာ၏။

ကျိုးဝူယိုမှာ ကြောင်အသွားလျက် စာရွက်ကို ဖြေလိုက်သည်။

စာရွက်လေးမှ ချက်ချင်း အသံတစ်သံထွက်ပေါ်လာ၏။

“ကျိုးဝူယို၊ မင်းက အတွင်းဆောင်တပည့်တစ်ယောက်ဆီက အပြင်ဆောင်ကိုဝင်ဖို့ ထောက်ခံခံထားရတယ်။ လုပ်ငန်းဆောင်တာတွေကိုလုပ်ဖို့ သာလွန်တောင်ထိပ်ကိုလာပေးပါ။”

ပြောပြီးနောက် စာရွက်လေးမှာ ပြုတ်ကျလာရာ ကျိုးဝူယိုလည်း လှမ်းဖမ်းထားလိုက်သည်။

တပည့်နှစ်ဦးမှာ ကြောင်အသွား၏။ သူတို့လည်း ထိုအသံကိုကြားလိုက်ရာ အေးခဲသွားတော့လေသည်။

တပည့်တစ်ယောက်က အရင်တုံ့ပြန်လာလျက် ချက်ချင်း သူ့အနားလျှောက်လာ၏။

“အစ်ကိုကျိုး၊ အပြင်ဆောင်ကိုစောစောရောက်သွားတာ ဂုဏ်ပြုပါတယ်။ နောက်ပြီး အဲ့ဒါကလည်း အတွင်းဆောင်တပည့်တစ်ယောက်က ထောက်ခံပေးတာဆိုတော့၊ အကျိုးအမြတ်တွေက သာမန်အပြင်ဆောင်တပည့်ထက်တောင် ကောင်းဦးမယ်။”

အခြားတစ်ယောက်လည်း ထိုအခါမှ လန့်နိုးလာပြီး ချက်ချင်း မျက်နှာချိုသွေးလာ၏။

“အစ်ကိုကျိုး၊ ကျွန်တော် အစ်ကိုရဲ့သတင်းတွေကြားဖူးနေတာကြာပြီ။ အစ်ကိုအခုရော နောက်လိုက်တွေလက်ခံသေးလား။”

ကျိုးဝူယို ဤစကားကိုကြားတော့ ပြုံး၍သာ ပြန်ပြောလိုက်သည်။

“ပြောရတာလွယ်ပါတယ်။ ငါ အခုတော့ အလုပ်ရှုပ်နေတယ်။ အရင်သွားလိုက်ဦးမယ်လေ၊ ဟိုမှာ ငါ့ကိုစောင့်နေရင် မကောင်းဘူး။ နှုတ်ဆက်ပါတယ်။”

ကျိုးဝူယိုမှာ လက်ခါ၍ လုပ်နေသမျှကို ချထားကာ ချက်ချင်းထွက်လာခဲ့တော့သည်။

ကျိုးဝူယို အဝေးကိုရောက်သွားတာမြင်မှ သူတို့နှစ်ဦးမှာ ပြုံးထားရသည်ကို ပြန်ဖြေလျော့နိုင်တော့၏။

“ဟင်း၊ ငါ ကျိုးဝူယိုမှာ တကယ်ကြီး ခွန်အားကြီးနောက်ခံရှိမယ် ထင်မလားခဲ့ဘူးဟ။”

“အတွင်းဆောင်တပည့်တဲ့။ ချီစုဆောင်းခြင်းအဆင့်နှောင်းပိုင်းရောက်နေတဲ့သူတွေပဲ အတွင်းဆောင်တပည့်ဖြစ်နိုင်တာမလား။ အဲ့ဒီလိုဖြစ်ဖို့ တိုက်ခိုက်ရေးစွမ်းရည်လိုသေးတယ်လို့တောင် ငါကြားဖူးတယ်။ သူ့မှာ အဲ့ဒီလောက်နောက်ခံရှိနေမယ်ထင်မထားဘူး၊ ဘာလို့ သူက ငါတို့ကို အရင်က ဘာမှမပြောတာလဲ။”

“ဟား၊ သူက ငါတို့က အထင်သေးနေတာပဲဖြစ်မယ်။”

“သူရဲ့အဲ့ဒီအတွင်းဆောင်တပည့်နာမည်က ဘာတဲ့လဲ။”

“စုယွမ်ဆိုလားပဲ။”

ထိုနှစ်ဦးသားမှာ ဆက်လက်အတင်းတုတ်ကြပြန်လေသည်။

ကျိုးဝူယိုမှာ သာလွန်တောင်ထိပ်ဆီမြန်မြန်သွား၍ လုပ်ငန်းဆောင်တာများကို လွယ်လွယ်ကူကူပင် အဆုံးသတ်ခွင့်ရတာ အဆုံးတွင် သူ သာလွန်တောင်ထိပ်၏အပြင်ဆောင်တပည့်ဖြစ်လာတော့လေသည်။ သူ့တွင် လတိုင်း ဝိညာဉ်ကျောက်တုံးငါးတုံး အထောက်အပံ့ရမည်ဖြစ်ပြီး ယင်းက သာမန်အပြင်ဆောင်တပည့်တစ်ဦးထက် ၂တုံးပိုရ၏။

ထို့အပြင် သူ မန္တန်တစ်ခုကိုပါ အလကားရနိုင်၏။

ကျိုးဝူယို သံသယဝင်သွားပြီး မေးလိုက်သည်။

“ရောင်းရင်၊ ငါ့ကို ထောက်ခံပေးတဲ့အတွင်းဆောင်တပည့် ဘယ်သူလဲသိလား။”

“မင်းဟာမင်းတောင် မသိဘူးလားဟ။ သာလွန်တောင်ထိပ်ရဲ့စုယွမ်လေ။”

ထိုတပည့်မှာ ခေါင်းကိုသာခါပြီး ကျိုးဝူယိုကိုထွက်သွားခိုင်းတော့၏။

စုယွမ်တဲ့လား။

ကျိုးဝူယို၏မျက်ဝန်းများထဲ ခံစားချက်အစုံပြည့်နှက်သွားရ၏။ စုယွမ်ဟာ ကတိကိုတည်ဆဲဖြစ်ပြီး သူ့ကို မေ့မသွားပါချေ။ သူ အမြန်ကို သာလွန်တောင်ထိပ်ဆီတက်၍ အနှီသူကို ကျေးဇူးတင်ရန် အပြေးသွားလိုက်သည်။ သို့သော် သူ တစ်ပတ်လုံးပတ်ပြီးသော်လည်း စုယွမ်ကို ရှာမတွေခဲ့၊ မေးသမျှလူတိုင်းကလည်း စုယွမ်ကို မသိပါချေ။ သူ နောက်တစ်ကြိမ်မှပြန်လာမည်ဟုသာ တေးထားလိုက်၏။

ထို့နောက် သူ မိသားစုကိုဆက်သွယ်ခဲ့သည်။ သူ့မိသားစုကလည်း ချက်ချင်းပြန်ဆက်သွယ်လာပြီး အရင်းအမြစ်များကို ချက်ချင်းတိုးပေးလာသည်မှာ အရင်ကထက် နှစ်ဆမကပါပေ။ ကျိုးဝူယိုလည်း ချက်ချင်း သူ့စိတ်ကို ဆေးပညာ၌သာ နှစ်မြှုပ်ထားလိုက်တော့သည်။ မကြာမီတွင် သူ အနိမ့်တန်းပေါ်ကူဆေးလုံးတစ်သုတ်ကြီးကို သန့်စင်နိုင်ခဲ့သည်။

ကျိုးဝူယိုမှာ ကြောင်အသွား၏။

“ငါ တကယ်ပဲ ပထမဆုံးအခေါက်မှာတင် အောင်မြင်သွားခဲ့တာပဲ။ ငါက ဆေးပညာမှာ ပါရမီပါနေတာလားမသိဘူး။”

သူ၏မျက်လုံးများမှာ တောက်ပလာလျက်၊ ချီဖွဲ့စည်းခြင်းဆေးလုံးများ ဖော်စပ်ရန် ကြိုးစားကြည့်လိုက်သည်။

နှစ်ခေါက်မျှကျရှုံးပြီး သူ ထပ်မံ အောင်မြင်ခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ကျိုးဝူယို၏မျက်ဝန်းများမှာ လွန်စွာ တောက်ပနေတော့သည်။

သူသည် တကယ်ကိုပဲ ဆေးပညာတွင် ပါရမီပါနေသည်လေ။ ဤဆေးလုံးများမှာ ဖော်စပ်နိုင်သွားလျှင် ပြန်လည်ရောင်းချ၍ရနိုင်၏။ သို့သော် သူက လူသစ်တစ်ဦးသာဖြစ်ရာ ချက်ချင်းရောင်းထွက်ဖို့တော့ ခက်လိမ့်ပေမည်။

တစ်ဖက်၊ လက်နက်ရေးရာတောင်ထိပ် ၊ အပြင်ဆောင်တပည့်နေရာတွင်။

ကျန်းဝေ့မှာ အားသွန်ခွန်စိုက်ဖြင့် အနိမ့်တန်း မှော်လက်နက်ဓါးရှည်ကို သွန်းလုပ်နေ၏။ မီးတောက်များဟာ နေရာတိုင်းတွင် ပျံ့ကျဲလျက် ဝိညာဉ်စွမ်းအင်တို့တောက်ပလာ၏။ ဝိညာဉ်စွမ်းအင်တို့မှာ လက်နက်၏အရှေ့ပိုင်းသို့ ဖိရိုက်နေလျက် တဖြည်းဖြည်းနှင့် သာမန်ဓါးရှည်တစ်လက်အသွင် ပေါ်လာတော့လေသည်။

သူ့ဘေးနားရှိ အပြင်ဆောင်တပည့်တစ်ဦးမှာ အံ့သြတကြီးပြောလာသည်။

“ကျန်းဝေ၊ မင်းက တကယ် လက်နက်သန့်စင်တာမှာ ပါရမီပါတာပဲ။ မင်း တစ်ကိုယ်တည်း လက်နက်တစ်ခုကို သေချာသန့်စင်နိုင်ဖို့ ဘယ်လောက်ကြာကြာလေ့ကျင့်ခဲ့ရလဲ။”

ကျန်းဝေ့က ဝံ့ကြွားစွာ ရယ်လာ၏။

“တစ်နှစ်တောင် မကြာပါဘူး။ ငါက မှော်လက်နက်သန့်စင်တဲ့မိသားစုကလေ၊ အဲ့ဒီတော့ ဒါတွေနဲ့အရင်းတနှီးဖြစ်နေတာကြာပြီ။ ထပ်ပေါင်းရရင် ငါ့ရဲ့နားလည်နိုင်စွမ်းက အရမ်းကောင်းနေပြီး ပါရမီကပါ အများထက်သာလွန်နေတော့ ဒီလောက်လုပ်နိုင်စွမ်းရှိနေတာ သာမန်ပါပဲ။ စကားမစပ်၊ ဒါက ငါ့ရဲ့ပထမဆုံးလက်နက်မဟုတ်ဘူးနော်၊ ခုနစ်ခုမြောက်ပဲ။ မင်းရော ဘယ်လိုလဲ။ လက်နက်သန့်စင်ရတာအဆင်ပြေလား။ ဘယ်နှခုအောင်မြင်ပြီးပြီလဲ။”

ယခုလေးတင် ကျန်းဝေ့ကို ချီးကျူးလိုက်တော့ တပည့်၏မျက်နှာမှာ တောင့်တင်းသွားလေ၏၊ သူ ပြောလိုက်သည်။

“ငါ့မှာ လုပ်စရာရှိသေးတယ်၊ ငါ အရင်သွားတော့မယ်။”

ကျန်းဝေ့က ဤသည်ကိုကြားတော့ နှုတ်ခမ်းများ ကွေးတက်သွား၏။

“ဟင်း၊ ဘယ်သူကများ ငါ့ကို လက်နက်သန့်စင်တာမှ အဲ့ဒီလောက်တော်အောင်လုပ်ထားတာလဲကွာ။”

သူလည်း သူယခုလေးတင် သန့်စင်ပြီးသော လက်နက်ကို သိုလှောင်အိတ်ထဲတွင် ထည့်လိုက်သည်။ အိတ်အထဲတွင်တော့ အနိမ့်တန်းလက်နက်ခုနစ်ခုရှိနေသည်ကို ကြည့်ပြီး သူ အတွေးနက်သွား၏။

“ငါ ဒီလက်နက်တွေကို ဘယ်လိုလုပ်ရမလဲ။ မိသားစုဆီကိုပဲ ပြန်ပို့ရမလား။ ဒါပေမဲ့ ငါ့မိသားစုက ဒါကိုပဲလုပ်ကိုင်တာဆိုတော့ ပစ္စည်းလည်းပြတ်လတ်နေမှာမဟုတ်ဘူး။ ငါ ဆိုင်ဖွင့်နိုင်မလားပဲကြည့်ကြတာပေါ့၊ ဒါပေမဲ့ စျေးရောင်းရတာက တကယ်ခက်တာကို။”

ကျန်းဝေ့က ညီးတွားနေရင်း ရုတ်တရက် စာရွက်ပျံလေးတစ်ခု သူ့ဆီ ချဥ်းကပ်လာတာကို တွေ့လိုက်ရသည်။

ကျန်းဝေ့မှာ အံ့သြသွားပြီး ထိုစာရွက်ကို ယူလိုက်ရာ ကျိုးဝူယို၏အသံက အထဲမှ ထွက်လာ၏။

“ကျန်းဝေ့၊ ငါ ဒီရက်ထဲမှာတင် ဂိုဏ်းတူအစ်ကိုစုယွမ်ဆီကနေ အပြင်ဆောင်တပည့်ဖြစ်ဖို့ ထောက်ခံခံလိုက်ရတယ်။ ဂိုဏ်းတူအစ်ကိုစုယွမ် ပြန်လာပြီတဲ့။ မင်းနဲ့ငါနဲ့ ဘာလို့ သူ့ကို သာလွန်တောင်တစ်ခုလုံးကို ပတ်ပြီးမရှာရမှာလဲ။ ငါ့ကို သာလွန်တောင်ခြေမှာ လာတွေ့လှည့်၊ စောင့်နေမယ်။”

ကျန်းဝေ့မှာ အံ့သြတကြီးရေရွတ်မိသွား၏။

“နောက်ဆုံးတော့ စုယွမ် ပြန်ရောက်လာပြီလား။”

သူ မြန်မြန် လက်နက်သန့်စင်ရာခန်းထဲမှ ထွက်ပြီး သာလွန်တောင်ထိပ်ဆီ အပြေးသွားတော့သည်။

Chapter 42: ဘာမှမလုပ်တာထက်တော့ ပိုကောင်း၏။

"ငါရဲ့အိမ်က အရှေ့မြောက်က စုန့်ဟွားမြစ်ကမ်းမှာ၊ အာ"

စုယွမ်တစ်ယောက် သာလွန်တောင်ထိပ်ကို သီချင်းလေးတညီးညီးဖြင့် ပြန်လာ၏။

သူ တောင်နံဘေးတွင် စာကြည့်တိုက်လိုမြင်လိုက်ရပြီး သက်ပြင်းချလိုက်၏။

"ဒီစာကြည့်တိုက်က မသေမျိုးမျိုးစေ့တောင်ကြားကစာကြည့်တိုက်ထက် အများကြီးပိုကြီးတာပဲ။ ယင်းချင်ပြောတာမှန်တာပဲ။ ဒီကစာကြည့်တိုက်ကပိုကြီးတယ်ဆိုတာ။ အချိန်ဖြုန်းဖို့ တစ်နေရာထပ်တွေ့ပြီပဲ။"

သူ သာလွန်တောင်ထိပ် တစ်ခွင်ဆက်လည်ပတ်နေတုန်း မမျှော်လင့်စွာဖြင့် လှပလှသောမြင်ကွင်းတစ်ခုကို ရှာတွေ့လိုက်ရ၏။ စုယွမ်မှာ မြင်ကွင်းကို ခံစားရန် တစ်ခဏမျှရပ်တန့်မိလျက် သူ အနာဂတ်တွင်လည်း ဤနေရာကို လာရမည်ဖြစ်ကြောင်း တွေးနေမိသည်။ သူ တောင်ထိပ်ပေါ်တွင် ငါးမျှားလို့ရမည့် ရေကန်တစ်ခုကိုလည်း ရှာတွေ့ထား၏။ ထိုသည်များအပြင် ချစ်စရာဝိညာဉ်သားရဲလေးများအပြည့်ရှိနေသော ဝိညာဉ်သားရဲဥယျာဉ်ရှိကြောင်းကိုလည်း တွေ့လိုက်ရသည်။ သူ ၎င်းတို့ကိုကိုင်တွယ်လို့ရမလားလို့ စဥ်းစားလိုက်မိ၏။

ထိုသည်တို့အပြင် သာလွန်တောင်ထိပ်တွင် စုယွမ် အပန်းဖြေလို့ရမည့် နေရာများစွာရှိနေသေးသည်။ သူ နောက်ဆုံးတော့ အချိန်ဖြုန်းရန် နေရာများကို ရှာတွေ့သွားခဲ့ပြီဖြစ်၏။ လျှောက်ကြည့်နေရင်း သူ အသိတစ်ယောက်နှင့် တိုးတော့လေသည်။

"ဟမ်၊ ကျန်းဝေ့လား။"

စုယွမ် လှမ်းခေါ်လိုက်၏။

ဤအသံမှာ စိတ်ဓာတ်ကျနေသော ကျန်းဝေ့ကို ချက်ချင်း လှည့်ကြည့်စေလာလေသည်။

သူ စုယွမ်ကို လှမ်းကြည့်လာပြီး မျက်ဝန်းထဲ၌ အံ့သြဝမ်းသာမှုများ ပြည့်နှက်သွားတော့သည်။

"စုယွမ်၊ မင်းနောက်ဆုံတော့ ပြန်ပေါ်လာပြီပဲ။"

"ငါ့ကို အဲ့ဒီလောက်လွမ်းနေတာလား။"

စုယွမ် ကြောင်အအပြောလိုက်မိ၏။ အကယ်၍ အနှီသူသာ အမျိုးသမီးတစ်ဦးဖြစ်ပါက အဆင်ပြေသော်ငြား သူ့ကဲ့သို့သော အရွယ်ရောက်ပြီးယောက်ျားတစ်ယောက်ကတော့...ထားလိုက်ပါတော့။

"ငါ မင်းကို ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတာလေ။ ငါ အခုထိစိတ်ထဲရှိတုန်းပဲ။"

ကျန်းဝေ့က တည်ကြည်စွာ ပြောလာသည်။

သူက လက်ဆန့်၍ သိုလှောင်အိတ်ကိုထုတ်ကာ စုယွမ်ထံ ကမ်းပေးလိုက်သည်။

စုယွမ်လည်း အံ့သြသွား၏။ သူ သိုလှောင်အိတ်ကိုယူပြီး အထဲကိုအာရုံခံကြည့်လိုက်သည်။

သာမန်အရွယ်အစားသာရှိသော အိတ်ကလေးအတွင်း၌ ဝိညာဉ်ကျောက်တုံးများစွာရှိနေခဲ့လေသည်။ သူ အကြမ်းဖျင်းရေတွက်ကြည့်လိုက်တော့ စုစုပါင်း နှစ်ထောင်နီးပါးတောင် ရှိနေ၏။

"ဒီလောက်များတဲ့ဝိညာဉ်ကျောက်တုံးတွေ။ မင်းမှာ ကျန်ရောကျန်သေးရဲ့လား။"

"သိပ်တော့မကျန်ဘူး၊ နှစ်ရာလောက်ပေါ့။ ဒါပေမဲ့ နေထိုင်ဖို့အတွက်တော့ လုံလောက်ပါတယ်။"

ကျန်းဝေ့ပြန်ဖြေလိုက်သည်။

စုယွမ်လည်း ကျန်းဝေ့ကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး သူ၏ပုခုံးကိုပုတ်လိုက်၏။

"မင်းက နည်းနည်းဘဝင်မြင့်၊ နည်းနည်းတုံးအပြီး စိတ်မရှည်ရုံမကဘဲ နည်းနည်းကြွားဝါးရတာကို သဘောကျရင်တောင်မှ မင်းက တကယ်ကို ယုံကြည်ဖို့ထိုက်တန်တဲ့သူပဲ။ ငါ မင်းကိုထင်ထားခဲ့တာတကယ်မှန်တယ်။"

ကျန်းဝေ့၏နှုတ်ခမ်းထောင့်မှာ မဲ့ကျသွား၏။

"စုယွမ်၊ မင်းစကားက ဘာလို့ ချီးကျူးတာထက်စော်ကားနေသလို ခံစားနေရတာလဲ။"

"ထားပါတော့။ ငါ့နေရာဆီလိုက်ခဲ့ပါလား။"

"နေဦး၊ ငါ ကျိုးဝူယိုကို ခေါ်ဖို့မေ့သွားတာ။ သူလည်း ဒီမှာရှိနေတယ်။"

ကျန်းဝေ့က သူ့နဖူးသူပြန်ရိုက်၍ စာပို့စာရွက်လေးတစ်ရွက်ကို ထုတ်လိုက်၏။ ထို့နောက် သူ ၎င်းထံသို့ စကားအနည်းငယ်ဆိုကာ ဝိညာဉ်စွမ်းအင်နည်းနည်းထည့်၍ ပို့လွှတ်လိုက်၏။ စာပို့စာရွက်လေးမှာ ပျံတက်သွားပြီး အဝေးတစ်နေရာဆီထွက်သွားတော့သည်။

စုယွမ်မှာ ၎င်းကိုနှစ်ခေါက်လောက်တောင် ပြန်ကြည့်မိ၏။

ကျန်းဝေ့ပြောလိုက်သည်။

"အဲ့ဒါ စာပို့စာရွက်လေ၊ အနီးအနားကလူတွေကိုဆက်သွယ်ဖို့သုံးတာ။ အရမ်းစျေးပေါတာ၊ ဝိညာဉ်အပိုင်းအစသုံးခုလောက်ဆိုရင်ပဲ ဝယ်လို့ရတယ်။ မင်းမှာ မရှိဘူးလား။"

စုယွမ်: "..."

မကြာမီတွင် ကျိုးဝူယိုရောက်ရှိလာ၏။

သူ စုယွမ်ကိုမြင်ချိန်တွင် မျက်ဝန်းများတောက်ပသွားရသည်။

"အစ်ကိုစု၊ မင်းထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ နောက်ဆုံးတော့ အပြင်ဆောင်ကိုဝင်နိုင်ခဲ့ပြီ။ မဟုတ်ရင် ငါ နောက်ထပ်သုံးနှစ်လောက် အစေခံတပည့်အဖြစ်လုပ်နေရဦးမှာ။"

"တောင်းပန်ပါတယ်။"

စုယွမ် ခေါင်းခါလိုက်၏။

"ငါ နေရာတစ်ခုထဲပိတ်မိပြီး ပြန်ထွက်မရဖြစ်သွားတာ။ တကယ်တော့ မနှစ်ကတည်းက မင်းကို ထောက်ခံပေးခဲ့ရမှာကို။"

"ရပါတယ်။ ဒီတစ်နှစ်ကလည်း ငါ့စိတ်ပိုင်းဆိုင်ရာအတွက် အထောက်အကူဖြစ်စေခဲ့တာပဲ။ ဒီနှစ်ထဲ ငါက ငါ့ရဲ့ဆေးပညာအခြေခံကိုပြန်ဖော်ပြီး ခိုင်မာအောင်လုပ်ခဲ့တယ်။ အခုဆိုရင် ငါ့ရဲ့ဆေးဖော်တဲ့အရည်အချင်းက တော်တော်လေး တိုးတက်လာပြီ။ ငါသာ အစကတည်းက အပြင်ဆောင်ကို တန်းဝင်နိုင်ခဲ့ရင် ငါ ဘဝင်မြင့်လို့ ဒီအခြေခံတွေကိုတောင် ကုန်မေ့ပစ်မိသွားမှာ။"

ကျိုးဝူယိုက လေးနက်စွာ ဆိုလာသည်။

ထို့နောက် သူ ရှက်ရွံ့စွာဖြင့် ထပ်ပေါင်းဆိုလာသေး၏။

"ငါအရင်က အစ်ကိုစုအတွက် အရင်းအမြစ်တွေ ထောက်ပံ့ပေးမယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ ငါ့မိသားစုထောက်ပံ့တာက ဒီနှစ်အတွင်း တော်တော်လေးနည်းသွားလို့။ အနာဂတ်ကျရင် ငါတကယ် အစ်ကိုစုအတွက် လုံလုံလောက်လောက်အရင်းအမြစ်တွေ ပေးပါ့မယ်။"

စုယွမ် လက်ခါလိုက်၏။

"မလိုပါဘူး။ ငါတို့ကြားသဘောတူညီချက်က မင်းကိုထောက်ခံပေးပြီးကတည်းက ပြီးသွားပြီလေ။ ငါလည်း အတွင်းဆောင်ကိုဝင်ဖို့ မင်းပေးတဲ့ဝိညာဉ်ကျောက်တုံးတွေအပေါ် မှီခိုခဲ့ရတာပဲလေ၊ မဟုတ်ဘူးလား။"

သက်ရောက်မှုမှာ မကြီးမားခဲ့လျှင်တောင် ကျိုးဝူယို၏အရင်းအမြစ်များသာ မရှိပါက စုယွမ်၏ကျင့်ကြံနှုန်းက ထိုမျှအထိ လျင်မြန်ခဲ့မည်မဟုတ်ပါပေ။

ဤသည်ကိုကြားတော့ ကျိုးဝူယို၏အမူအရာမှာ အနည်းငယ်ပြန်လည်ကောင်းမွန်လာ၏။

"အရင်ဆုံး ငါ့ရဲ့ခြံဝန်းဆီလိုက်ပြီး ခဏလောက်လာနားကြပေါ့။"

"ကောင်းပြီ။"

နှစ်ဦးသားက စုယွမ်နောက်လိုက်ကာ တောင်ကြားထဲရောက်ရှိသွား၏။

ခြံဝန်းထဲတွင် စုယွမ်က သူတို့အတွက် ရေတစ်အိုးချပေးလိုက်သည်။

ကျိုးဝူယိုက သိချင်စိတ်ဖြင့် မေးလိုက်၏။

"မင်းက အခုအတွင်းဆောင်တပည့်ဖြစ်နေပြီဆိုတော့ မင်း ဝေယျာဝစ္စတွေလုပ်ဖို့ အစေခံတပည့်နှစ်ယောက်ကို ငှားလို့ရပြီမလား။ ဒါပေမဲ့ မင်းရဲ့ဒီဝိညာဉ်ခြံကွက်က ဘာလို့ ဘာမှစိုက်မထားတာလဲ။'

"အဲ့ဒီလိုလုပ်လို့ရတယ်လား။ ငါ နောက်မှလုပ်ကြည့်လိုက်မယ်။"

စုယွမ် ခေါင်းညိတ်လိုက်သည်။

သူတို့သုံးဦးမှာ ရေသောက်ရင်းဖြင့်သာ စကားဆက်ပြောနေလိုက်ကြ၏။

ရုတ်တရက် ကျန်းဝေ့က လက်နက်သန့်စင်ခြင်းအကြောင်းပြောလာသည်။

"မင်းက လက်နက်တောင်သန့်စင်နေနိုင်ပြီလား။"

စုယွမ် အံ့သြသွားပြီး မေးလိုက်သည်။

"ဟုတ်တယ်လေ။"

ကျန်းဝေ့မှာ ထုံးစံအတိုင်းဝံ့ကြားစွာ ပြန်ဆိုလာသည်။

"ငါက ဒီလက်နက်သန့်စင်တာမှာ ပါရမီပါတယ်ကွ။ ငါက သတ္ထုနဲ့ရေဝိညာဉ်ရင်းမြစ်ဖြစ်ပေမဲ့ မီးတောက်ကို ထိန်းချုပ်တာမှာ ပိုတော်နေတာ။ ငါရဲ့ရေစွမ်းအင်ကလည်း သန့်စင်တဲ့နေရာမှာ အသုံးဝင်တယ်လေ။ အဲ့ဒါကြောင့် ငါက အပူချိန်အရမ်းမြင့်တဲ့အခြေအနေမှာတောင် အေးဆေးသန့်စင်နေနိုင်တာ။ အတိုချူံးပြောရရင် ငါက လက်နက်သန့်စင်တာမှာ ဥာဏ်ကြီးရှင်ပဲ။ ဟားဟားဟားဟား။"

ကျန်းဝေ့မှာ မပြီးနိုင်အောင် ရယ်လာသည်။

"အနာဂတ်ကျရင် ငါက သေချာပေါက် လက်နက်သန့်စင်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်လာမှာ။ အဲ့ဒီအချိန်ကျ ငါက ရတဲ့အရင်းအမြစ်မှန်သမျှကို ကျင့်ကြံဆင့်မြင့်ပစ်ပြီး ရွှေအမြုတေအဆင့်မသေမျိုးတစ်ပါးဖြစ်လာရမယ်။ ငါရဲ့မိသားစုကိုလည်း ရွှေအမြုတေအဆင့်မိသားစုအဖြစ် အဆင့်မြင့်ပေးပြီး ... "

"တော်တော့၊ တော်တော့။ ငါ နားလည်ပြီ။"

စုယွမ်မှာ ချွေးအေးတစ်လွှာကိုပင် သုတ်ပစ်လိုက်ရသည်။

ကျိုးဝူယိုကတော့ ကျန်းဝေ့ကို ကြည့်ရင်း ပြောစရာစကားပျောက်ဆုံးနေရသည်။ သူ ဝင်ပြောလိုက်၏။

"ငါလည်း တကယ်တော့ ဆေးဝါးတွေသန့်စင်နိုင်တယ်၊ ချီစုဆောင်းခြင်းဆေးလုံးလိုမျိုးဟာတွေလေ။ အနိမ့်တန်းအဆင့်ပဲရှိပေမဲ့ အောင်မြင်တဲ့နှုန်းက တော်တော်ကောင်းတယ်။ ငါလည်း ငါက ဆေးပညာမှာ ပါရမီပါတယ်ထင်တယ်၊ အနည်းဆုံးတော့ ဒီငတုံးကောင်ထက် ပိုအဆင်ပြေတယ်။"

ကျန်းဝေ့က ကျိုးဝူယိုကို စူးစိုက်ကြည့်လာတော့သည်။

"မင်းငါ့ကို ငတုံးခေါ်တာက ထားပါတော့။ ဒါပေမဲ့ မင်းကိုယ်မင်း ငါ့ထက် ပါရမီပါတယ်ပြောရဲတယ်ပေါ့။ လာနောက်နေတာလား။"

"ဒါအမှန်တရားပဲလေ။"

ကျိုးဝူယိုက တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်သည်။

"မင်း... "

ကျန်းဝေ့မှာ ဒေါသထွက်သွားရ၏။

စုယွမ် ကြားထဲ ဝင်၍ လက်ခါပြလိုက်သည်။

"ဟုတ်ပြီလေ။ ငါတို့ အခုလေးတင် လက်နက်ရောင်းမဲ့အကြောင်း ဆွေးနွေးနေတာမဟုတ်ဘူးလား။ တကယ်တော့ ငါ့မှာ ဆိုင်တစ်ဆိုင်ရှိနေတာ။ မင်းတို့လိုချင်ရင် အဲ့ဒီမှာ ပစ္စည်းတွေကို စျေးသက်သက်သာသာနဲ့ ပြန်ရောင်းလို့ရတယ်။"

"ဟမ်၊ မင်းမှာ ဆိုင်ခန်းရှိနေတာလား။"

ကျန်းဝေ့ သံသဝင်သွားသည်။

"ငါကြားတာ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုရင် အနည်းဆုံးတော့ စျေးထဲမှာ အဆက်အသွယ်ရှိမှရတာမဟုတ်ဘူးလား။ မင်းကိုကြည့်ရတာ သာမန်မိသားစုက လာတဲ့ပုံပါပဲ၊ မဟုတ်ဘူးလား။"

စုယွမ်မှာ တစ်ခဏတွန့်ဆုတ်သွားလျက် ပြောလိုက်သည်။

"ဖြစ်စဥ်က ပြောရရင် နည်းနည်းရှုပ်တယ်။ ဒါပေမဲ့ ငါ့မှာ တကယ် ဆိုင်တစ်ဆိုင်ရှိတယ်။"

ဤသည်ကိုကြားတော့ ကျန်းဝေ့လည်း ပြောလိုက်သည်။

"ငါ့မှာလည်း လက်နက်သန့်စင်နေကြတဲ့မိတ်ဆွေတွေရှိတယ်။ သူတို့ကလည်း လူသစ်တွေပဲဆိုတော့ သူတို့ရဲ့လက်နက်တွေက တော်တော်လေး သာမန်ဆန်တယ်။ အဲ့ဒီတော့ ထုတ်ရောင်းရမှာ ရှက်နေတာ။ မင်းမှာ အဲ့ဒါတွေထုတ်ရောင်းဖို့ နေရာရှိလား။"

"မင်းမှာ လက်နက်သန့်စင်တဲ့မိတ်ဆွေတောင်ရှိသေးတာလား။"

ကျိုးဝူယို အံ့သြသွား၏။

ကျန်းဝေ့မှာ မျက်လုံးများသာ လန်လိုက်ပြီး ကျိုးဝူယိုကို လျစ်လျူရှုထားလိုက်သည်။

"ရတယ်လေ။ ကိစ္စမရှိပါဘူး။ ဘာပဲ​ဖြစ်ဖြစ် ဒီတိုင်းနေတာထက် ကောင်းတာပဲလေ။"

စုယွမ် ပြောလိုက်၏။

ကျိုးဝူယို မေးလိုက်သည်။

"ဒါအတွက် မင်းဘယ်လောက်ကုန်ထားလဲ။"

"ကုန်တာလား။ မရှိဘူး။ ဒါပေမဲ့ နှစ်လပဲငှားထားတာ၊ ပြီးရင် ပြန်အပ်ရမှာ။ ဒီအတောအတွင်း အခွင့်ကောင်းယူပြီး ပိုက်ဆံနည်းနည်းလောက်ရှာချင်လို့လေ။"

ကျိုးဝူယိုလည်း ထိုစကားများကိုကြားတော့ ပြောလိုက်သည်။

"ငါလည်း အရင်ရက်တွေတုန်းက လက်သစ်ဆေးဖော်ပညာရှင်တွေကို တွေ့ခဲ့တယ်။ သူတို့ဆီမှာ ဆေးမျိုးစုံရှိတာ။ ငါဟာနဲ့အတူ အဲ့ဒီဆိုင်မှာ သူတို့ဟာပါ ရောင်းလို့ရမလား။ စျေးကနည်းရင်တောင် သူတို့ရောင်းလောက်ပါတယ်။"

စုယွမ်လည်း တစ်ခုခုတွေးမိသွားပြီး ပြောလိုက်သည်။

"ငါ အစေခံတပည့်နှစ်ယောက်ငှားလို့ရတယ်လို့ မင်းပြောလိုက်တယ်မလား။ အဲ့ဒီလိုဆိုရင် သူတို့နဲ့ပါ ဆိုင်ကို အလှည့်ကျစောင့်ရင်ရတာပဲ။"

ကျိုးဝူယို ခေါင်းညိတ်လိုက်သည်။

"ဒါက အသေးအဖွဲ့လေးပါ။"

သူတို့သုံးဦးက ဤကိစ္စကို အလေးအနက်ထားမနေချေ။ ဤအရာမှာ လူသစ်များ၏ပစ္စည်းများကို ရောင်းချနိုင်မည့်နေရာတစ်ခုဟုသာ တွေးထားကြ၏။ လူသစ်များ၏လက်ရာမှာ စျေးမြင့်ရောင်းမရသော်ငြား မရောင်းဘဲနေလျှင်လည်း အလကားဖြစ်ပေမည်။ ပြောရလျှင် ၎င်းတို့ကို ရောင်းရန်နေရာရှိတာကပင် ကောင်းနေချေပြီ။

စကားဝိုင်းမှာ ရပ်တန့်သွားပြီး သူတို့နှစ်ဦးလည်း ထွက်သွား၏။

စုယွမ်လည်း သူတို့ကို ဆိုင်နေရာပြောပြခဲ့ပြီး သူကိုယ်တိုင်ကတော့ သာလွန်တောင်ထိပ်၏ရုံးခန်းနေရာကို ထွက်လာခဲ့သည်။

"လူကြီးမင်း၊ ကျွန်တော် အစေခံတပည့်နှစ်ယောက်ငှားချင်လို့ပါ။ ကျွန်တော်က အတွင်းဆောင်တပည့်ပါ။"

စုယွမ်လည်း အတွင်းဆောင်တပည့်ကတ်ပြားကို ထုတ်ပြလိုက်သည်။

"နာမည်။"

"ဘာနာမည်လဲ။"

"သေချာပေါက် မင်းငှားချင်တဲ့အစေခံတပည့်နာမည်ပေါ့ဟ။"

"ကျွန်တော် မရှာရသေးဘူး။"

"မရှာရသေးဘဲနဲ့ ဒီကိုလာနေသေးတယ်။ အရင်ဆုံးလူရှာပြီးမှ ဒီကိုပြန်လာပြီး စာရင်းသွင်း၊ ငါက လူရှာပေးနေတာ မဟုတ်ဘူး။"

"ဟုတ်ကဲ့။"

စုယွမ်လည်း ရုံးခန်းထဲက ထွက်လာလိုက်သည်။ သူ တစ်ခဏလောက်တွေးပြီးမှ သစ်သားဆိုင်းဘုတ်တစ်ခုကို ဆန်းကြယ်ပကတိစွမ်းအင်နှင့် စာရေးပြီး ထောင်ထားလိုက်သည်။

【အတွင်းဆောင်တပည့်တစ်ဦးမှ အစေခံတပည့်များကို ဝေယျာဝိစ္စလုပ်ရန်နှင့် ပစ္စည်းရောင်းရန် အလိုရှိသည်။ ဂိုဏ်းပြင်စျေးထဲသို့ သွားလာနိုင်ရမည်။ စိတ်ဝင်စားသူများ လာရောက်ပါရန်။】

တပည့်များစွာက စုယွမ်၏ဆိုင်းဘုတ်ကိုမြင်ပြီး ချက်ချင်း ရောက်လာကြ၏။

"နိဟောင်၊ ဂိုဏ်းတူအစ်ကို။ ဘယ်အတွင်းတပည့်က ခန့်နေတာလဲ သိချင်လို့ပါ။"

"ငါလေ။"

"ခင်ဗျားလား။"

"ဟုတ်တယ်လေ။"

စုယွမ်ပြောလိုက်သည်။

"ခင်ဗျား နာမည်ကဘာလဲ။"

"စုယွမ်။"

"... မကြားဖူးဘူး။ ဟမ်၊ ကိစ္စလေးရှိလို့၊ ကျွန်တော်သွားတော့မယ်နော်။

စုယွမ်မှာ ထိုအစေခံတပည့်များက အတွင်းတပည့်ဖြစ်သူ၊သူ့ကိုအထင်သေးနေကြကြောင်း သိလိုက်ရသည်။ သာလွန်တောင်တွင် ဝင်ခွင့်ရရန်လိုအပ်ချက်မှာ အလွန်မြင့်လှရာ အနိမ့်ဆုံးကတောင် အလတ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ရှိပေသည်။ ထို့အတွက် သာလွန်တောင်ထိပ်၏အစေခံတပည့်များက အလတ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်များဖြစ်ကြပေသည်။ အလတ်တန်းအဆင့်ဆိုသည်မှာ အမြင့်တန်းထက် သုံးဆလောက်သာ နိမ့်ပါးသည့်အတွက် သူတို့ဟာ တစ်ခုခုဆိုလျှင် အတွင်းတပည့်များကို မှီခိုမျက်နှာချိုသွေးနေခြင်း မရှိကြပါပေ။

စုယွမ်မှာ ဘယ်သူမှမရနိုင်တော့ဘူးဟုတွေးမိတော့မည့်အချိန်မှာတင် မဝံ့မရဲပုံဖြင့်လူတစ်ယောက် ရောက်ရှိလာ၏။

"ဂိုဏ်းတူအစ်ကို၊ ပစ္စည်းရောင်းဖို့ လူရှာနေတာလား။"

"မင်းက ဘယ်သူလဲ။"

စုယွမ်လည်း စိတ်ဝင်စားသွားပြီး မေးလိုက်သည်။

"ကျွန်တော့်နာမည်က စုန့်ချိုက်လို့ခေါ်ပါတယ်၊ အစေခံတပည့်ပါ။ ကျွန်တော် ဝိညာဉ်သားရဲတွေကို အစာကျွေးမနေချင်တော့လို့လေ။ အစ်ကိုဆီမှာ လုပ်ချင်ပါတယ်။ ဒါအတွက် ဘာအကျိုးအမြတ်ရနိုင်မလဲ။"

"အကျိုးအမြတ်လား။ အမ်း၊ အဆင်ပြေရင် ဝိညာဉ်သားရဲရဲ့အသားကို စားရမယ်လေ။"

စုယွမ် ပြောလိုက်သည်။

"သဘောတူတယ်။"

စုန်းချိုက်၏မျက်လုံးသေးသေးများမှာ တောက်ပသွား၏။

သူ လက်များကို အချင်းပွတ်၍ဆိုလာသည်။

"ကျွန်တော့်မှာ အခြားတောင်ထိပ်က အစေခံတပည့်ညီတစ်ယောက်ရှိတယ်။ အစ်ကို့မှာသာ လူမရှိရင် ကျွန်တော် သူ့ကိုခေါ်လိုက်လို့ရတယ်။"

"ရတယ်လေ။ သူ့နာမည်က ဘာလဲ။"

"စုန့်ချမ်။"

"မင်းတို့နှစ်ယောက်နာမည်က တော်တော်လေးလိုက်ဖက်သားပဲ။"

"ဒါပေါ့ဗျ။"

စုန့်ချိုက် ရယ်မောလိုက်၏။

"ကောင်းပြီလေ။"

စုယွမ်က အရမ်းလူမရွေးပါချေ။ ပြောရလျှင် ဤသည်မှာ ဆိုင်ကိုကြည့်ကြပ်၍ စျေးအနည်းငယ်နိမ့်သည့် ပစ္စည်းများကို ကူညီရောင်းချပေးရန်အတွက်သာဖြစ်လေသည်။ နှစ်လကြာ ဆိုင်ပိတ်ရချိန်တွင် စုယွမ် ဤနှစ်ယောက်ဖြင့် ဂိုဏ်းတွင်းတွင်ဆိုင်ဖွင့်လိုက်မည်ဖြစ်ရာ ပြဿနာကြီးကြီးမားမားမရှိချေ။

စုန့်ချိုက်က စုန့်ချမ်ကို မြန်မြန်ခေါ်လိုက်သည်။

စုန့်ချင်ကတော့ အနည်းငယ်ဥာဏ်နီဥာဏ်နက်များပုံပေါ်ပြီး သူ့မျက်လုံးများက မငြိမ်ပေ။

စုယွမ်ကတော့ ဂရုစိုက်မနေဘဲ စာရင်းသွင်းရန်သာခေါ်သွားလိုက်သည်။

ဤသို့ဖြင့် စုယွမ်တွင် ဝေယျာဝိစ္စများအတွက် နောက်လိုက်နှစ်ဦးရှိသွားချေပြီ။ ထိုသူနှစ်ဦးကလည်း ဂိုဏ်းအလုပ်များကို လုပ်ရန်မလိုအပ်တော့၊ ထိုအစား ရှေ့လျှောက် သူ့အလုပ်များအတွက်သာ လုပ်ပေးရတော့ပေမည်။

စုန့်ချိုက်နှင့်စုန့်ချမ်တို့ညီအစ်ကိုနှစ်ဦး အလွန်ပျော်ရွှင်နေပုံမှာ အစေခံတပည့်တစ်ဦး၏ပုံမှန်အလုပ်များက မည်မျှဆိုးဝါးကြောင်းကို ပြသနေပေ၏။

ထို့နောက် စုယွမ် သူတို့ကိုဆိုင်သို့ခေါ်သွားကာ သော့အပ်ထားလိုက်၏။ သူတို့ကို ကျန်းဝေ့နှင့်ကျိုးဝူယိုကို ဆက်သွယ်ရန်လည်း မှာထားခဲ့လိုက်သည်။

ကိစ္စများကို စီစဉ်ပြီးနောက် စုယွမ် ဤကိစ္စကို ခေတ္တမေ့ထားလိုက်ပြီး ခြံဝန်းကိုသာ ပြန်သွား၍ ငြိမ်းချမ်းစွာ အိပ်စက်လိုက်တော့သည်။

All Chapters