အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
Chapter 43: စီးပွားရေး ကောင်းမွန်လာခြင်း။
စုန့်ချိုက်က ဆေးဝါးဆိုင်ရာတောင်ထိပ်သို့ ရောက်ရှိလာပြီး စာပို့စက္ကူမှတဆင့် ကျိုးဝူယိုကို ရှာတွေ့သွားသည်။
“ကျွန်တော်က စုန့်ချိုက်ပါ၊ ဂိုဏ်းတူအစ်ကိုစုရဲ့ အသစ်ခန့်အပ်ထားတဲ့လက်ထောက်ပါ။ တွေ့ရတာဝမ်းသာပါတယ်၊ ဂိုဏ်းတူအစ်ကိုကျိုး။”
စုန်းချိုက်က ရွှင်ပျစွာဆိုလာသည်။
ကျိုးဝူယိုလည်း လက်ခါ၍ ပြောလိုက်သည်။
“ငါ့နာမည် ကျိုးဝူယို၊ နောက်ပြီး ဂိုဏ်းတူအစ်ကိုဆိုတဲ့ဂုဏ်ပုဒ် လက်မခံရဲပါဘူးကွာ။”
“ဟားဟား၊ ဂိုဏ်းတူအစ်ကိုက အရမ်းနိမ့်ချလွန်းနေပါပြီ။ ကျွန်တော်က ဒီတောင်ထိပ်ကိုရောက်လာတာ ရက်ပိုင်းလေးပဲရှိသေးတော့ နားမလည်တာတွေအများကြီးပဲ။ အနာဂတ်ကျရင် အစ်ကိုကျွန်တော့်ကို သင်ပြပေးဖို့ မျှော်လင့်ပါတယ်။”
စုန့်ချိုက် ပြောလိုက်သည်။
“ငါတို့အကုန်လုံးက ဂိုဏ်းတူအစ်ကိုစုအတွက် လုပ်ပေးနေကြတာပဲ၊ အရမ်းကြီးအချင်းချင်း ရိုသေနေဖို့မလိုပါဘူး။”
ကျိုးဝူယိုလည်း ရယ်မောကာ ဆိုလိုက်သည်။
ထို့နောက် စုန့်ချိုက်က သိချင်သွားပြီး မေးလာ၏။
“စကားမစပ်၊ အစ်ကိုကျိုး ဂိုဏ်းတူအစ်ကိုစုက ကျွန်တော်တို့ကို ဘာကိုရောင်းစေချင်တာလဲ။”
ကျိုးဝူယို ပြန်ဖြေလိုက်သည်။
“ကျန်းဝေ့နဲ့ငါက ပြန်ရောင်းဖို့ အခက်အခဲနည်းနည်းရှိနေတဲ့ ဆေးဝါးနည်းနည်းနဲ့ လက်နက်တွေရှိတယ်လေ။ ဂိုဏ်းတူအစ်ကိုစုမှာလည်း ဆိုင်ရှိတာနဲ့ကြုံနေတော့ ငါတို့ကို အဲ့ဒီဆိုင်မှာ ရောင်းခွင့်ပေးလိုက်တာပဲ။ ငါတို့မိတ်ဆွေလူသစ်တစ်ချို့ရဲ့ပစ္စည်းတွေကိုလည်း ထည့်ရောင်းဖို့စဥ်းစားထားတယ်။”
စုန့်ချိုက်က မေးစေ့ကိုပွတ်၍ ဆိုသည်။
“ကျွန်တော် ဂိုဏ်းတူအစ်ကိုစုက အမြတ်ငွေဝေစုအကြောင်းပြောတာလည်း မကြားဖူးပါလား။”
“ဂိုဏ်းတူအစ်ကိုပြောတာတော့ အဲ့ဒါတွေက ပေးစရာမလိုဘူးတဲ့။”
ကျိုးဝူယိုပြောလိုက်သည်။
စုန့်ချိုက်လည်း အံ့သြသွားပြီး ပြောလာ၏။
“ဘာမှမပေးရတာလား။ ဘယ်လိုဖြစ်တာလဲ။”
သူ အတွေးနက်သွားတော့သည်။
“ဘာလိုဖြစ်တာလဲဆိုတော့ ဂိုဏ်းတူအစ်ကိုစုက ဒီလိုပဲပြောတာပဲ။ သူ့ဆိုင်က နှစ်လစာအလွတ်ရှိနေပြီး ပြီးရင်တော့ ပြန်အပ်ရမှာတဲ့၊ ဒီအတိုင်း အလာဟသ ထားရင် နှမြောဖို့ကောင်းလို့တဲ့။”
ကျိုးဝူယိုကတော့ ဘာမှတွေးမနေဘဲ သာမန်လျှံကာသာ ပြောလိုက်သည်။
ဤသည်ကိုကြားတော့ စုန့်ချိုက်လည်း ခေါင်းသာခါ၍ ပြောလိုက်သည်။
“ဝိညာဉ်ကျောက်တုံးပေးရတဲ့ကိစ္စသက်သာသွားတာပဲ၊ မကောင်းတဲ့ကိစ္စမှမဟုတ်တာ။ ဂိုဏ်းတူအစ်ကိုစုက သေချာရှင်းမပြတာက နောက်ကွယ်မှာ ပိုလေးနက်တဲ့အကြောင်းပြချက်ရှိတယ်လို့ကျွန်တော်ထင်တယ်။”
“ဟမ်။”
ကျိုးဝူယို အံ့သြသွား၏။ သူလည်း တွေးကြည့်လိုက်သော်ငြား အကြောင်းပြချက်ကို တွေးမရပါချေ။
အကြောင်းမှာ ဤရောင်းချမည့်ကိစ္စကလည်း သူနှင့်ကျန်းဝေ့တို့ မတော်တဆထုတ်ပြောမိပြီး အခွင့်သာသွား၍သာ၊ အချုပ်ဆိုရသော် အနှီကိစ္စမှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်၏။
“ဂိုဏ်းတူအစ်ကိုစုက ဆိုင်ဖွင့်ပြီး စျေးပေါတဲ့ပစ္စည်းတွေရောင်းချင်တာ စျေးကွက်ကို သွေးဆူအောင်လို့များလား။ နှစ်လအကြာမှာ အဆင်ပြေရင်တော့ ဂိုဏ်းတူအစ်ကိုစုက ဆက်လုပ်ပြီး အဆင်မပြေရင် သူ ရပ်လိုက်ရုံပဲလေ။ ပြောရရင် သူ အလကားသက်သက်တော့ ဆိုင်ကိုငှားလိုက်တာမဖြစ်နိုင်ဘူး။ အနိမ့်တန်းပစ္စည်းတွေဆိုတာ ပိုက်ဆံသိပ်မှမရဘဲ။ အမြင့်တန်းပစ္စည်းတွေကိုရောင်းရင် အမြတ်ပိုရမှာ သိသိသာသာဖြစ်နေတာကိုလေ။”
စုန့်ချိုက် စကားပြောရင်း မျက်ဝန်းထဲ အလင်းတစ်ချက် လင်းသွားလေသည်။
ကျိုးဝူယိုလည်း ရုတ်ချည်း မရိုးရှင်းမှန်း သဘောပေါက်သွားသည်။
“အဲ့ဒါဆို ဒီလိုပဲပေါ့။ ဒါပေမဲ့ ငါတော့ နားမလည်သေးဘူး။”
“ဒါ့အပြင် နောက်ထပ်ရည်ရွယ်ချက်ဖြစ်လောက်မှာက နာမည်ရအောင်ပဲ ဖြစ်လောက်တယ်။”
စုန့်ချိုက် ဆက်ပြောလိုက်သည်။
“သူ ဒီလိုလူသစ်တွေရဲ့ပစ္စည်းတွေရောင်းတော့ ဂိုဏ်းထဲကကျင့်ကြံသူတွေအတွက် ပိုအဆင်ပြေစေတယ်၊ အဲ့ဒီတော့ သူတို့ ဂိုဏ်းတူအစ်ကိုစုကို ကျေးဇူးတင်ကြမှာပဲ၊ အဲ့ဒီလိုနဲ့ တဖြည်းဖြည်း ဂုဏ်သတင်းတစ်ခုဖြစ်လာတော့မှာ။ ကြည့်ရတာ ဂိုဏ်းတူအစ်ကိုစုရဲ့ရည်ရွယ်ချက်အစစ်က အတွင်းဆောင်တပည့်ခေါင်းဆောင်ဖြစ်ဖို့ပဲနေမှာ။ သူအခုလုပ်နေတာတွေက ပထမဆုံးခြေလှမ်းပဲ။”
ကျိုးဝူယိုမှာ မျက်လုံးများကျယ်သွားလျက် စုန့်ချိုက်ကို အံ့သြတကြီးကြည့်လာသည်။
“ဂိုဏ်းတူညီလေး၊ မင်းက ဘယ်မိသားစုကလဲဆိုတာ မေးပါရစေ။”
“ဟားဟား၊ ဟောင်ယွဲ့မြို့ရဲ့စုန့်မိသားစုကပါ။”
“မင်းပြောတာ ကုန်သည်မိသားစုဖြစ်တဲ့စုန့်မိသားစုလား။”
“ဟုတ်ပါတယ်။”
ကျိုးဝူယို၏မျက်နှာထက် ရုတ်ချည်း နားလည်သွားပါပြီဟူသော အမူအရာတစ်ရပ်ဖြစ်ပေါ်လာသည်။ ဤလူ၏ဦးနှောက်က ဤမျှဥာဏ်ပြေးနေသည်မှာ အံ့သြစရာမရှိတော့၊ အနှီသူဟာ တကယ်ပဲ ကုန်သည်မိသားစုက ဆင်းသက်လာသည်ကိုး။
စုန့်ချိုက် ထပ်ပြောလိုက်သည်။
“အစ်ကိုကျိုး၊ အခု ဒီလိုခင်ဗျားက ဂိုဏ်းတူအစ်ကိုစုကို ကူညီပေးနေတယ်ဆိုတာ ခင်ဗျားအဆက်အသွယ်မိတ်ဆွေတွေ သိတာများလေကောင်းလေပဲ။ နောက်ပြီး ဒီလိုဆိုင်တင်ရောင်းပေးရတဲ့အတွက် ဘာမှပြန်ပေးစရာမလိုဘူးတော့မပြောနဲ့၊ သံသယဝင်သွားတာပဲရှိလိမ့်မယ်။ တစ်ရာခိုင်နှုန်းအမြတ်ယူတယ်ပဲ ပြောလိုက်။ ကျန်တဲ့ရောင်းထွက်ဖို့ဘာညာ ကျွန်တော့်ကိုပဲအပ်ထားလိုက်။”
“တစ်ရာခိုင်နှုန်းလား။ တကယ်တစ်ရာခိုင်နှုန်းပဲလား။ အရမ်းနည်းလွန်းတယ်မလား။ ငါးရာခိုင်နှုန်းလောက်ဆိုရင်ရော။”
ကျိုးဝူယို မေးလိုက်သည်။
“ဟားဟား၊ ဂိုဏ်းတူအစ်ကိုစုက ဒါကို ပိုက်ဆံရဖို့လုပ်နေတာမဟုတ်ဘူးလေ။”
စုန့်ချိုက် ဝင်ပြောလိုက်၏။
“ဟုတ်သားပဲ။”
ကျိုးဝူယို ခေါင်းညိတ်လိုက်သည်။
“ငါလည်း အခုချက်ချင်း ငါ့အဆက်အသွယ်တွေကို သွားပြောလိုက်တော့မယ်။ အမှန်တိုင်းပြောရရင် ငါ အစေခံတပည့်အဖြစ်နေရတဲ့နှစ်ထဲ ဆေးဖော်ပညာရှင်အများကြီးကို သိကျွမ်းခဲ့တယ်။ သူတို့က အနိမ့်တန်းအဆင့်ပေမဲ့ အဆင်ပြေတာပဲ။ နောက်ပြီး အမြတ်ဝေစုတွေနဲ့စာရင်းဇယားတွေ လုပ်ပေးမဲ့သူတွေကို ငါသိတယ်။ ဒါနဲ့ ကျန်းဝေ့ကရော ...
“ကျွန်တော့်ညီလေးကို သူ့ဆီသွားခိုင်းထားပါတယ်၊ ကျွန်တော် သူ့ကိုလည်း ဒါတွေပြောလိုက်ပါမယ်။”
စုန့်ချိုက် စာပို့စာရွက်ကိုထုတ်၍ စကားအနည်းငယ်ဆိုကာ ပို့လိုက်သည်။
မကြာမီတွင် ကျိုးဝူယိုနှင့်ကျန်းဝေ့တို့ နှစ်ဦးစလုံး အလုပ်များကြတော့၏။
တစ်ချိန်တည်းမှာတင် စုန့်ချိုက်နှင့်စုန့်ချမ်တို့က စျေးထဲသို့သွား၍ စုန့်မိသားစုနှင့်ဆက်သွယ်ခဲ့သည်။ သူတို့မိသားစုမှာ သေမျိုးများသာဖြစ်သော်လည်း ဆိုင်စစဖွင့်ချင်းအတွက် ကျော်ကြားမှုတစ်ခုယူပေးရန်တော့ တတ်နိုင်သေး၏။ စုန့်ချိုက်က ဤအချင်းအရာများကို မိသားစုအကြီးအကဲများထံ အထူးတလည်ဆွေးနွေးခဲ့သည်။ မိသားစုများကလည်း သူတို့လုပ်သည်ကိုအားပေးကာ ပိုကြိုးစားရန်ပြောခဲ့၏။ ထို့အပြင် ငယ်ရွယ်သောအတွင်းဆောင်တပည့်တစ်ဦးမှာ အလွန်မြင့်သည့်ဝိညာဥ်ရင်းမြစ်ရှိလောက်မည့်အကြောင်းနှင့် အထူးသဖြင့် သာလွန်တောင်ထိပ်ကပါဖြစ်နေသည့်အတွက် စုယွမ်နောက်သို့လိုက်ခြင်းက အနာဂတ်တွင် ကြီးပွားနိုင်မည်ဖြစ်ကြောင်း ပြောလာကြ၏။
နောက်တစ်ရက်တွင်။
【စုယွမ်လက်နက်သန့်စင်ရေး】ဟူသောဆိုင်အတွင်း၊ လက်နက်များ၊ ဆေးဝါးများနှင့် အချို့အဆောင်တံဆိပ်များကို ခင်းကျင်းပြသထား၏။
ဤပစ္စည်းများမှာ တစ်ချက်ကြည့်လျှင်တောင် အနိမ့်တန်းများဆိုတာ သိသာပြီး စျေးနှုန်းကလည်း အလွန်မမြင့်ပေ။
စုန့်ချိုက်နှင့်စုန့်ချမ်တို့က ဆိုင်အတွင်းစျေးနှုန်းများကို သေချာစီစီရီရီနေရာချထားပြီး သေမျိုးအချို့ကိုပါငှားရမ်းကာ ဆိုင်ခန်းကို အသက်ဝင်အောင်လုပ်ထားသည်။
မီတာတစ်ရာကျယ်ဝန်းသောဆိုင်အပြင်ဘက်တွင် ခပ်ပုပုလူတစ်ယောက်က ကျင့်ကြံသူလေးတစ်ဦးကို ပြောနေ၏။
“အမတသခင်လေး၊ ရှေ့ကဆိုင်ကလေ ကျုပ်သိသမျှ ဒီစျေးထဲမှာ အရည်အသွေးအကောင်းဆုံး၊ စျေးအသက်သာဆုံးနဲ့ အဆင်ပြေဆုံးပဲ။ ကျုပ်က ဒီစျေးထဲမှာ ငယ်ငယ်ထဲကနေခဲ့တာ၊ ဒီတစ်စျေးလုံးက အခြေအနေတွေဆိုတာ ကျုပ်လက်ထဲကရေလိုပဲ အကုန်နှောကြေသိတယ်။’
“တကယ်လား။ ငါ့ကိုလိမ်လည်းအကျိုးမရှိဘူးနော်။ ငါ့မှာ ဝိညာဉ်ကျောက်တုံးအရမ်းချမ်းသာနေတာမဟုတ်ဘူး။”
လူငယ်လေးက သူ့ခါးပတ်သူ ဆွဲကိုင်ကာ ပြောသည်။
“အမတသခင်လေးရယ်၊ ကျုပ်က သာမန်သေမျိုးလေးပါဗျာ။ ခင်ဗျားကို ဘယ်လိုလုပ်လှည့်စားရဲမှာလဲ။ ကျုပ်က အသက်မရှင်ချင်တော့လို့လား။ ကျုပ် သေချာပေါက် မလိမ်ပါဘူး။ ဒါပေမဲ့ ကျုပ်ဒီလိုပြောတယ်ဆိုတာတော့ အခြားသူတွေမသိစေနဲ့နော်၊ အခြားဆိုင်ပိုင်ရှင်တွေသာကြားသွားရင် ကျုပ်ကိုမကြေမလည်ဖြစ်လာကြမှာ စိုးတယ်။”
ခပ်ပုပုလူဟာ လည်ပတ်ကိုကုတ်လျက် ဘေးပတ်ပတ်လည်သို့ တစ်ယောက်ယောက်ကြားသွားမည်စိုးဟန်ဖြင့် လှည့်ပတ်ကြည့်နေသည်။
“ကောင်းပြီလေ။ တစ်ချက်ဝင်ကြည့်တာပေါ့။”
သိပ်၍မကြာ လူငယ်လေးက ခပ်ပုကုလူဆီမှ【စုယွမ်လက်နက်သန့်စင်ရေး】 ဟူသောဆိုင်ထဲ ဆွဲခေါ်ခံလိုက်ရသည်။ အလွန်ကျယ်ဝန်းသည့်ဆိုင်ကိုကြည့်ရင်း လူငယ်လေးမှာ အခြားအတွေးများပေါ်လာရ၏။ ဆိုင်သည်ကားမသေးလှ၊ ဤနေရာတွင်ငှားရမ်းဖို့ဆိုတာလည်း စျေးနည်းမည်မဟုတ်ပေ။ ယခုတည်နေရာမှာ အနည်းငယ်ချောင်ကျသော်ငြား ဤဆိုင်မှာ အခြားဆိုင်များထက် စျေးပိုများလောက်မည်ဟု ခံစားနေရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သူ့ကိုညွှန်းပေးခဲ့သော ခပ်ပုပုလူမှာ မရှိတော့ပေ။
“ဧည့်သည်၊ ဘာများအလိုရှိလို့ပါလဲ။”
ဝန်ထမ်းတစ်ယောက် အမြန်ရောက်လာပြီး အပြုံးတစ်ခုဖြင့်ဆို၏။
Chapter 44
"ကျွန်တော်တို့ဆိုင်မှာ အနိမ့်တန်းလက်နက်တွေ၊ ဆေးဝါးတွေနဲ့ အဆောင်တွေ ရှိပါတယ်။ အနိမ့်တန်းပစ္စည်းတွေဖြစ်ပေမဲ့လည်း အားလုံးက ခုနစ်စဥ်အကြွင်းမဲဂိုဏ်းသားတွေ သန့်စင်ထားတာဖြစ်တဲ့အတွက် လုံးဝအရည်အသွေးပြည့်မှီတယ်။ ဒါပေမဲ့ စျေးနှုန်းကတော့ သက်သာပါတယ်။ ဥပမာ ဒီရှိန်နှုန်းမြင့်အဆောင်ဆိုရင် အခြားဆိုင်တွေမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးကျသင့်ပေမဲ့ ကျွန်တော်တို့ဆီမှာတော့ ဝိညာဉ်ကျောက်တုံးအပိုင်းအစ၉၈ခုသာ ကျသင့်ပါတယ်။"
ဝန်ထမ်းမှာ အလွန်လျင်မြန်စွာဖြင့် စကားအရှည်ကြီးကို အသက်တစ်ရှိုက်စာအတွင်း ပြောသွားသည်ပင်။
လူငယ်လေးမှာ အံ့သြသွားသည့်ပုံဖြစ်သွား၏။
"အဲ့ဒီလောက်သက်သာတာလား။"
အပြင်တွင် ရှိန်နှုန်းမြင့်အဆောင်များက ဝိညာဥ်ကျောက်တုံးအပိုင်းအစ၁၀၃ခုစျေးရှိရာ ယခုတွင် ငါးခုတောင် သက်သာနေသည်လေ။
"တော်တော်သက်သာနေတာ၊ အလိမ်ပစ္စည်းတော့မဟုတ်လောက်ဘူးမလား။"
လူငယ်လေးက သံသယဖြင့် မေးလာသည်။
ဝန်ထမ်းကလည်း နံရံပေါ်ရှိ စာကြောင်းထံ ညွှန်ပြလိုက်သည်။
"ဒါက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့အတွင်းဆောင်တပည့်ကဖွင့်တာပါ။ ကျွန်တော်တို့သာ အလိမ်ပစ္စည်းရောင်းမိရင် နာမည်ပျက်ရမှာပေါ့။ နောက်ပြီး ကျွန်တော်တို့နောက်က အတွင်းတပည့်ကလည်း ဂိုဏ်းဆီက အပြစ်ပေးခံရလိမ့်မယ်။ ဒါက ဝိညာဉ်ကျောက်တုံးလေးနည်းနည်းနဲ့ မတန်ဘူးလေ။"
ဝန်ထမ်းပြောလိုက်သည်။
လေလွှင့်ကျင့်ကြံသူလူငယ်လေးမှာ အဝင်ဝရှိ စာကို သေချာကြည့်နေမိ၏။ သူ ဤစျေးထဲရှိဆိုင်များက အတွင်းတပည့်ဟုအမည်ခံထားသောဆိုင်များက တကယ်အတွင်းတပည့်များဖြစ်မှန်း သိပေသည်။ မဟုတ်ပါက စျေးကွက်အကြီးအကဲက ဆိုင်ဖွင့်ရန်တောင်လက်ခံမည်မဟုတ်ပါပေ။
ထို့ကြောင့် လူငယ်လေးလည်း လှုပ်ရှားသွားရပြီး ဆိုလိုက်သည်။
"ကျွန်တော် အထဲကို ဝင်ကြည့်လို့ရလား။"
"ရတာပေါ့။ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပေးပါ။ တစ်ခုချင်းမိတ်ဆက်ပေးပါ့မယ်။"
ဝန်ထမ်းက လူငယ်လေးကို ဆေးဝါးများထားရာနေရာဆီ ခေါ်လာသည်။ ထိုနေရာတွင် ဆေးပုလင်းအမျိုးမျိုးကို စင်များဖြင့်သေချာစီတန်းပြသထား၏။ လူငယ်လေးအံ့သြသွားရသည်မှာ ဆေးပုလင်းတစ်ခုဆီ၏ဘေးတွင် အကျိုးအားနိသင်၊ ဆေးဖော်သူ၊ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏မည်သည့် အဆင့်အတန်းကဆေးဖော်သူစသည်ဖြင့် အမျိုးမျိုးမိတ်ဆက်စာများရှိနေခြင်းပင်။ အချို့ဆေးဝါးများမှာ အမျိုးအစားတူသော်ငြား ဖော်စပ်သူမတူသဖြင့် စျေးများကလည်း ပြောင်းသွားပေသည်။
"အဟမ်း၊ အမတသခင်လေး၊ ဒီမှာရှိတဲ့ဆေးတွေအကုန်လုံးက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့တပည့်တွေစပ်ထားချည်းပါပဲ။ အရည်အသွေးပေါ်မူတည်ပြီး စျေးကတော့ အပြောင်းအလဲနည်းနည်းရှိပေမဲ့ အရည်အသွေးကတော့ ဘယ်ဟာဖြစ်ဖြစ် အာမခံပေးလို့ရပါတယ်။ သခင်လေး အဆင်ပြေမှာကို စိတ်ကြိုက်ရွေးဝယ်လို့ရပါတယ်၊ ဒါတွေအကုန်လုံးက ပေးရတဲ့စျေးတဲ့သေချာပေါက်တန်မှာပါ။"
ဝန်ထမ်းက ချက်ချင်းရှင်းပြလာ၏။
လေလွှင့်ကျင့်ကြံသူလေးမှာ ပို၍ကြည့်လေလေ၊ ပို၍ အံ့သြလာလေလေပေ။ နာမည်ရှိဂိုဏ်းတစ်ခုခု၏ဆေးဖော်သူပညာရှင်များက သေချာပေါက်ကို အပြင်က ကိုယ်သင်ကိုယ်တတ်ပညာရှင်များထက်တော့ ကောင်းတာသေချာသည်။ ထို့အပြင် အနှီဆေးဝါးများက တစ်ချက်ကြည့်ရုံဖြင့် လူသစ်များ၏လက်ရာဆိုတာသိသာသော်ငြား အပြင်ကလေလွင့်ဖော်စပ်သူများထက်တော့ ပိုကောင်းမည်ဆိုသည်မှာ ဧကန်အမှန်ပင်။ အနည်းဆုံးတော့ သူ မှားယွင်းဖော်စပ်မှုကြောင့် အဆိပ်သင့်မည်စိုးသည်မျိုး ဖြစ်ရတော့မည်မဟုတ်။
ဤအရာအားလုံးအပြင် စျေးဟာ အလွန်သင့်နေခြင်းဖြစ်၏။ အချို့စျေးများက အပြင်ဆိုင်များထက် များသော်လည်း အချို့ကတော့ တကယ်ကို အပြင်ကဝယ်သည်ထက် သက်သာနေသည်လေ။ လေလွှင့်ကျင့်ကြံသူမှာ သူ၏အိတ်ကပ်ထဲရှိဝိညာဉ်ကျောက်တုံးခုနစ်တုံးနှင့် ဝိညာဉ်ကျောက်တုံးအပိုင်းအစ ၂၃၈ပိုင်းကိုစမ်းကြည့်လိုက်ပြီး သူ တကယ်လိုအပ်သောပစ္စည်းများဘက်ကို ကြည့်လိုက်သည်။
တစ်ခဏကြာပြီးနောက်။
လူငယ်၏အိတ်ကပ်ထဲရှိ အရေအတွက်မှာ ဝိညာဉ်ကျောက်တုံးအပိုင်းအစတစ်ခုအထိ လျော့ကျသွားပြီး ကျန်ရှိငွေများမှာ ဆေးဝါးနှစ်မျိုးနှင့် အဆောင်တစ်ခုအသွင်ပြောင်းသွားလေသည်။
လူငယ်လေးက ပျော်ရွှင်စွာ ထွက်ခွာသွားတော့၏။
ဆိုင်၏အနောက်ခြံဝန်း၌ ဝန်ထမ်းတစ်ဦးက လူငယ်လေးကိုခေါ်လာပေးခဲ့သောခပ်ပုပုလူထံ ဝိညာဉ်ကျောက်တုံးအပိုင်းအစနှစ်ခုကို ပေးနေသည်။
"လုပ်တာကောင်းတယ်။ လူတွေဆက်ပြီးသာ ခေါ်ခဲ့။"
"ဟုတ်ကဲ့ပါ။"
စုန့်ချိုက်က ကောင်တာနောက်တွင်ထိုင်နေရင်း အရောင်းဝန်ထမ်း၏လှုပ်ရှားပုံကိုကြည့်ရင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ တစ်ညလုံးသင်ပေးခဲ့ရကျိုး နပ်သွားလေပြီ။
အစကတည်းက သူ ငွေကြေးပြတ်လတ်နေသောလေလွှင့်ကျင့်ကြံသူများထံသာ ပြစ်မှတ်ထား၏။ ထို့ကြောင့်သာ သူ စျေးအဝင်ဝနှင့် လမ်းဘေးစျေးဆိုင်းနေရာတဝှိုက်က လူများကိုသာ ခေါ်လာခိုင်းခြင်းပေ။ ဤကဲ့သို့လူများမှာ မထင်ရှားသည့်သော်ငြား လူအများစုစည်းရာ စုရုံးရာ အကြောင်းအရာများကို စိတ်ဝင်စားလေ့ရှိသည်။ နှုတ်အားဖြင့်တဆင့်ချင်း ပြန့်နှံ့သွားမည်ဖြစ်ရာ ရှေ့လျှောက်တွင် ဝယ်သူအတွက် စိုးရိမ်ရတော့မည်မဟုတ်ပါပေ။
အမှန်တကယ်ကို သူမျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့၏။
မနက်ပိုင်းတွင်ပင် လေလွှင့်ကျင့်ကြံသူ အနည်းငယ်ရောက်လာခဲ့ကြသည်။
နေ့လည်ပိုင်းရောက်ချိန်တွင်တော့ ရောက်လာသူဦးရေမှာ ဒါဇင်ခန့်အထိ တိုးများလာ၏။
ဆေးဝါးနှင့်အဆောင်တံဆိပ်များစွာမှာ ရောင်းချခံလိုက်ရပြီး တန်ဖိုးအားဖြင့်အနည်းငယ်မြင့်သည်ဟုဆိုရနိုင်သော ဝိညာဉ်ကျောက်တုံး၂၀တန်ဖိုးရှိ အနိမ့်စားအဆင့်လက်နက်တစ်ခုတောင် ရောင်းထွက်ခဲ့လသည်။
ဆိုင်ဖွင့်သည့် ဒုတိယမြောက်နေ့၌။
လာရောက်ကြည့်ရှုကြသော လေလွှင့်ကျင့်ကြံသူအရေအတွက်မှာ ရာချီအထိ တိုးမြင့်လာခဲ့သည်။
ထိုသူများအထဲတွင် မနေ့ကလာဝယ်ခဲ့သူသူအချို့တောင်ပါနေ၏။
သူတို့က မနေ့ကဝယ်ယူပြီးပစ္စည်းများကို စမ်းသုံးကြည့်ပြီးပုံပေါ်ပြီး ရလဒ်အတွက်အလွန်ကျေနပ်သွားသောကြောင့် ပြန်၍ထပ်မံဝယ်ယူရခြင်းဖြစ်ပေမည်။
ညနေခင်း၌။
စုန့်ချိုက်နှင့်စုန့်ချမ်တို့ညီအစ်ကိုမှာ စာရင်းဇယားများကို စစ်ဆေးနေရင်း အံ့သြလာရတော့သည်။
"အစ်ကို၊ ရောင်းရငွေက ဝိညာဉ်ကျောက်တုံး ၁၃၅၈ခုတောင်ရှိသွားပြီ။ ဆိုင်မှာရှိတဲ့ပစ္စည်းတစ်ဝက်လောက်ကလည်း ကုန်သွားပြီ။"
စုန့်ချမ်မှာ တသသ အံ့သြနေရသည်။
"ဟားဟား၊ ပုံမှန်ပါပဲကွာ။"
စုန့်ချိုက်က ရယ်မောလာသည်။
"လေလွင့်ကျင့်ကြံသူတွေက ဆင်းရဲပေမဲ့ ရူးအနေတာမှမဟုတ်တာ။ ဒီမှာ ဝယ်ရတာက ပေးရတာထက် ပိုတန်တာသိနေတာပဲကို၊ ဘာလို့လာမဝယ်ဘဲ နေကြတော့မလဲ။ ဒါပေမဲ့ ငါတို့ဝေစုက တစ်ရာခိုင်နှုန်းပဲရမှာ၊ ဒီလောက်အကြာကြီးလုပ်ပြီးတာတောင် ဝိညာဉ်ကျောက်တုံး၁၃တုံးပဲရသေးတယ်။ ငါတို့ကတော့ တကယ်ကိုအလှူလုပ်နေသလိုပါပဲကွာ။"
"အစ်ကို၊ ဂိုဏ်းတူအစ်ကိုစုရဲ့တကယ့်ရည်ရွယ်ချက်က ဘာလို့ထင်လဲ။ အစကဆိုရင် သူက တစ်ရာခိုင်နှုန်းတောင်ယူတာမဟုတ်ဘူး။ ကျွန်တော်တို့ တကယ်ပဲ ဒီအကျိုးအမြတ်မရှိတဲ့အလုပ်ကို ဆက်လုပ်သင့်လား။"
စုန့်ချိုက်၏မျက်ဝန်းများက တလဲ့လဲ့တောက်လာလျက် ဆိုသည်။
"မင်း နားမလည်ပါဘူး။ အဲ့ဒီအတွင်းဆောင်တပည့်ဆိုတဲ့နေရာမှာနေတဲ့သူတွေဆိုတာ ကျင့်ကြံဆင့်လည်းမြင့်သလို ကျင့်စဥ် ဒါမှမဟုတ် နောက်ခံကြီးကြီးရှိကြတယ်။ ဒါပေမဲ့ ဘယ်သူကမှတော့ အဲ့ဒီနေရာမှာပဲ ရပ်မနေချင်ကြဘူး။ ဒီနည်းလမ်းက အရောင်းအဝယ်လုပ်သလိုပဲ၊ အောက်ခြေကနေစေပြီး အနိမ့်တန်းအဆင့်တပည့်တွေကို အရင်သိမ်းသွင်းနေတာ။ တကယ်လို့သာ ဒီအနိမ့်တန်းအဆင့်တွေက ကျင့်ကြံဆင့်မြင့်လာလို့ အပြင်ဆောင်တို့အတွင်းဆောင်တို့ ဝင်လာနိုင်တဲ့အခါ ဂိုဏ်းတူအစ်ကိုစုအတွက် အင်အားဖြစ်လာတော့မှာပဲ။ နောက်ပိုင်း အတွင်းဆောင်တပည့်ခေါင်းဆောင်နေရာကိုပါရလာနိုင်တယ်။ ဒါက... "
"ဟားဟား။ အနာဂတ်ကျရင် အခြားသူတွေ ဂိုဏ်းတူအစ်ကိုစုကို မျက်နှာချိုသွေးဖို့လုပ်တဲ့အခါ နောက်လိုက်ဖြစ်တဲ့ငါတို့ကုန်သည်မိသားစုလည်း သေချာပေါက် ပိုပြီးဂုဏ်သတင်းမြင့်လာတော့မှာ။"
စုန့်ချိုက် ပြုံးလိုက်ပြီး စုန့်ချမ်၏ပုခုံးကို ပုတ်လိုက်တော့သည်။
"အခု နားလည်ပြီလား။"