အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
Chapter 45: ငါးဖမ်းသည့်အလေ့အထ။
စုယွမ်လည်း မနက်ခင်းတစ်ခု၌ တစ်ကိုယ်လုံးလန်းဆန်းစွာ နိုးထလာသည်။
သူ ခြံဝန်းထဲရှိကန်ထဲမှ ငါးလေးများကို နှုတ်ဆက်လိုက်သည်။
“မင်းတို့စောင့်ဦး၊ ငါ မင်းတို့ကို အဖော်နည်းနည်းရှာပေးမယ်။”
ထို့နောက်တွင် သူ တစ်ခုခုစားရန်အတွက် သာလွန်တောင်ထိပ်လမ်းမတစ်လျှောက် သွားလိုက်၏။
သူ အရင်ကမမြင်ဖူးခဲ့သည့်အသားလုံးအချို့ကို ဝယ်၍ အနည်းငယ်ကိုက်ကြည့်လိုက်၏။ ရလဒ်မှာမူ သူ့မျက်ဝန်းများချက်ချင်းဝင်းလက်သွားပြီး ခြင်းလိုက်ပင် ဝယ်ယူလိုက်မိတော့သည်။
သူ စားရမည့်ကိစ္စပြီးနောက် ငါးဖမ်းရန်လိုအပ်သည့်အဆင်တန်ဆာတစ်သုတ်ကိုဝယ်ယူကာ ယမန်နေ့များက ရှာတွေ့ခဲ့သောကန်ဆီထွက်လာခဲ့လိုက်သည်။
စုယွမ် သူ၏အဆင်တန်ဆာများကို တပ်လိုက်ပြီး ငါးမျှားချိတ်ကို ရေထဲသို့ပစ်လိုက်သည်။
“လှုပ်ပြီ။ လှုပ်ပြီ။”
မကြာမီတွင် သူ ငါးမျှားတံကို ဆွဲလာသောအားတစ်ခုကို ခံစားလိုက်ရ၏။
စုယွမ်လည်း ချက်ချင်းဆွဲယူလိုက်သော်ငြား ချိတ်တွင် ဗလာဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏၊ မဟုတ်သေး၊ ငါးစာကတော့ ပျောက်ဆုံးသွားလေပြီ။
“ဘာလဲဟ။”
စုယွမ် ရေကန်ကို အကြာကြီး စိုက်ကြည့်နေမိတော့သည်။ သူ ရေထဲတွင်ရှိတစ်နေရာ၊ သူ့ငါးစာချခဲ့သောနေရာ၌ ငါးများစွာရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုငါးများထဲမှ ကျောပြင်ထက်တွင် ရွှေရောင်ချည်မျှင်ပုံစံငါးမှာ သူ၏ငါးစာကို စားနေကြောင်းမြင်လိုက်ရသည်။
“အရမ်းကောင်းတယ်။ ပထမဆုံးအခေါက်ကတော့ သွားပြီ။ နောက်တစ်ကြိမ်တော့ မင်း ထပ်ကံကောင်းမနေလောက်တော့ပါဘူး။”
စုယွမ် သူ၏ငါးမျှားချိတ်ကို တစ်ဖန်ပြန်ချလိုက်၏။
ဗွင်း။
လှုပ်ရှားမှုတစ်ခုရှိလာပြန်၏။
သူ မြန်မြန် ကြိုးကိုဆွဲတင်လိုက်သော်လည်း ကံမကောင်းစွာနှင့် ငါးစာသာထပ်ကုန်သွားပြီး ငါးကတော့ ပါမလာပါချေ။
“ငါတော့ မယုံဘူး။ မင်းတို့က ဝိညာဉ်တွေမို့လား၊ ဖမ်းမမိရအောင်၊ ငါးစာကို ခြင်းလိုက်ဝယ်လာတာကွ။”
သူ မသိလိုက်ခင်မှာတင် တနေ့တာဟာ ကုန်ဆုံးသွား၏။
စုယွမ်၏ငါးအတွက်ခြင်းမှာ ဗလာဖြစ်နေဆဲဖြစ်သော်ငြား ငါးစာခြင်းကလည်း ထိုနည်းတူ ကုန်ခန်းလာတော့သည်။
စုယွမ်မှာ ကျင့်သားရသွားချေပြီ။ သူ ထပ်၍သာ ငါးမျှားချိတ်ကို ရေထဲသို့ထည့်ပစ်လိုက်၏၊ ပြီးလျှင် ရေကန်ဘေးထိုင်စောင့်နေသည်မှာ ဘုန်းတော်ကြီးတစ်ပါး တရားထိုင်နေသည့်အလားပင်။
သူ ငါးဖမ်းမရမှတော့ တစ်ခုခုတွေးတောနေသည့်ပုံတော့ လုပ်သင့်သည်မလား။
သက်လက်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ရေကန်ဘေးဆီသို့ ရောက်လာသည်။ သူက တပည့်များခန်းမ၏ဟောခန်းမသခင်ဖြစ်ပြီး ဤစိမ်းဝါရေကန်သို့လာရောက်ငါးဖမ်းလေ့ရှိသည်။ ပုံမှန်အားဖြင့် ဤရေကန်မှာ လူပြတ်နေရာသော်ငြား တပည့်တစ်ဦးရောက်သည့်အတွက် သူ အနည်းငယ်စိုက်ကြည့်ရာ အနှီသူက ချီစုဆောင်းခြင်းအဆင့်လေးမျှသာရှိသော တပည့်တစ်ဦးဖြစ်ကြောင်း သိသွားသည်။ ထို့အတွက် သူ အရမ်းအာရုံထားမနေတော့ဘဲ အကွာအဝေးတစ်ခုတွင်သာ နေ၍ ကိုယ့်ဘာသာငါးမျှားနေလိုက်သည်။
တစ်ခဏအကြာတွင် သက်လက်ပိုင်းအရွယ်လူမှာ မျက်မှောင်ကြုတ်လာ၏။
“ဘယ်လိုဖြစ်တာပါလိမ့်။ ဘာလို့ ဒီနေ့ငါးတွေက ငါးစာလာမစားတာလဲ။”
သက်လက်ပိုင်းလူမှာ ထူးဆန်းသလိုခံစားလိုက်ရသည်။ သူ ရေကန်ထဲသို့တစ်ချက်ကြည့်လိုက်၏၊ ငါးများဟာ ပုံမှန်အတိုင်း ကူးခတ်နေကြဆဲပင်။ သူ နောက်ထပ်တစ်နာရီလောက်ထိ ဆက်လက်ငါးမျှားနေသော်လည်း မယုံနိုင်စရာကောင်းလောက်အောင်ပင် ငါးတစ်ကောင်မှ ငါးချိတ်ကို လာမဆွဲခဲ့ပါပေ။
ငါးတွေက ဒီနေ့ ဗိုက်ဝနေကြတာလား။
သူ ဤကိစ္စမှာ အနှီတပည့်နှင့်သက်ဆိုင်နေလောက်မည်ဟု ထင်သည်။ သူ မနေနိုင်ဘဲလှမ်းကြည့်လိုက်တော့ တစ်ဖက်လူ၏ငါးမျှားချိတ်မှာ အဖြောင့်အတိုင်းသာဖြစ်နေလေသည်။
သူ ထိုငါးများက တကယ်ကို ၎င်းငါးမျှားတံအနားပတ်ပတ်လည် ကူးခတ်နေသည်ကိုမြင်လိုက်ရတော့ ပို၍ပင် အံ့သြသွားရသည်။ ငါးမျှားတံတွင် အစာမရှိတော့တာတောင်မှ တချို့ငါးများက ငါးမျှားတံကြီးကို သွားဟပ်နေကြ၏။ သို့သော် ချိတ်မှာ ဖြောင့်နေလေရာ မည်သည့်ငါးကိုမှ သေချာပေါက် ဖမ်းရမည်မဟုတ်ပါချေ။
ဤအချင်းအရာမှာ သူစိတ်ကူးထားသည်များထက်တောင် ကျော်လွန်နေသည်။ သူ အချိန်တစ်ခုထိစိုက်ကြည့်နေသော်လည်း မည်သည့်ချီစွမ်းအင်ကိုမှ အာရုံခံမရပါပေ။ ဒါ မန္တန်သုံးထားခြင်းမဟုတ်ဘူးလား။ သို့မဟုတ် တမူထူးခြားသော ငါးမျှားခြင်းသာပေလော။
သက်လက်ပိုင်းလူဟာ ငါးမျှားခြင်းကိုစွဲလမ်းနေသူဖြစ်သည့်အတွက် ဤသို့သောတမူထူးခြားသောငါးမျှားနည်းမှာ သူ့ကို တက်ကြွလာစေသည်။
ဤသို့ဖြင့် သူကိုယ်သူတောင် မသိလိုက်ဘဲ စုယွမ်အနားကပ်သွားမိတော့သည်။ စုယွမ်ကလည်း ထိုသက်လက်ပိုင်းလူအရွယ်လူကို သတိထားမိပြီး ထိုသူရဲ့ငါးမျှားနည်းကို စောင့်ကြည့်နေတာဖြစ်၏။
သို့သော် အနှီလူ၏ငါးဖမ်းသည့်အရည်အချင်းမှာလည်း သူ့ကဲ့သို့သာ ဆိုးဝါးလှကြောင်း တွေ့လိုက်ရသည့်အတွက် စုယွမ်တစ်ယောက် ရွှင်မြူးနေရခြင်း ဖြစ်သည်။ အနှီသူသည်လည်း လက်ဗလာဖြင့်သာ ပြန်ရတော့မည်လေ။
အနှီသက်လက်ပိုင်းလူက သူ့အနားချဥ်းကပ်လာကြောင်းခံစားလရသဖြင့် စုယွမ် ရှုပ်ထွေးစွာ ပြန်လှည့်ကြည့်လိုက်သည်။
“အဟမ်း၊ တပည့်လေး မင်းကို မတွေ့ဖူးသလားလို့။”
“ဂိုဏ်းတူအစ်ကို ကျွန်တော်လည်း ခင်ဗျားကို မတွေ့ဖူးဘူးလေ။”
စုယွမ်ပြန်ပြောလိုက်သည်။
သက်လက်ပိုင်းအရွယ်လူ၏နှုတ်ခမ်းမှာ တစ်ချက်တွန့်သွားရလျက် ဆိုသည်။
“ငါ့နာမည်က ဝမ်ကျန်း။”
“ကျွန်တော့်နာမည်က ကျိုးဝေ့ပါ။”
စုယွမ် သာမန်လျှံကာသာပြောလိုက်သည်။
စုယွမ်ဘက်မှ ထပ်၍စကားပြောမလာတော့ သက်လက်ပိုင်းအရွယ်အမျိုးသားက အံ့သြတကြီးဆိုလာ၏။
“မင်းငါ့ကိုမသိဘူးလား။”
စုယွမ်ပြန်ပြောလိုက်သည်။
“ခင်ဗျားလည်း ကျွန်တော့်ကိုမသိဘူးလေ။”
ဝမ်ကျန်းက ရယ်လာ၏။
“မင်း၊ ဒီကလေး စိတ်ဝင်စားစရာကောင်းသားပဲ။”
ဝမ်ကျန်းက စုယွမ်နံဘေးတွင်ထိုင်ပြီး ငါးမျှားချိတ်ကို ညွှန်ပြပြီး မေးလိုက်သည်။
“ချိတ်က ဒီလိုကြီးဖြောင့်နေတာ၊ ဘယ်လိုလုပ် ငါးက ဖမ်းမိတော့မှာလဲ။”
စုယွမ်က တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်သည်။
“မဟုတ်တာ။ စကားပုံတွေပြောကြသလိုပဲ၊ ဘာပဲဖြစ်ဖြစ် ကံပါတဲ့ငါးကတော့ မိမှာပဲ။”
“ဟမ်။”
သက်လက်ပိုင်းအရွယ်အမျိုးသားမှာတော့ အနှီလူလျှောက်ပြောနေသည်ဟုသာ ထင်၏။
စုယွမ် သူ့ကိုတစ်ချက်ကြည့်လိုက်၏၊ ထို့နောက် အကြည့်ကို ရေကန်ဆီပြန်ပို့လိုက်ရာ ရင်းနှီးနေသောငါးကိုတွေ့လိုက်ရသည်။ ၎င်းမှာ ကျောပြင်ထက်ရွှေရောင်ချည်မျှင်ပုံစံရှိသောငါးပါပေ။ ဤငါးမှာ သူ၏ငါးစာ အကုန်နီးပါးစားသွားသောငါးလည်း ဖြစ်ပေသည်။
သူ ချိတ်ကို ထိုငါး၏ရှေ့တွင် ချလိုက်၏။ သူ အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်နှင့်မြေကြီးဆီမှ အရှိန်အဝါကိုအသက်သွင်းချေးငှားလိုက်ရာ ချိတ်ဘေးနား၌ အရှိန်အဝါတစ်ခုပေါ်ပေါက်လာတော့၏။
ငါးမှာ ချိတ်ကို အကြိမ်အနည်းငယ်လည်ပတ်နေလျက်၊ သူ ရင်းနှီးနေသောငါးစာကို အနံ့ခံနေသည်။ သို့သော် နောက်တစ်ခဏချင်းတွင်း သူ ထူးဆန်းသောဖိအားတစ်ခုကို ခံစားလိုက်ရပြီး အရှိန်ပင်မထိန်းနိုင်ဘဲ ချိတ်ကို ကိုက်မိသွားတော့၏။
စုယွမ်ကတော့ ဤအဖြစ်ကိုကြိုတင်ခန့်မှန်းပြီးသားဖြစ်၍ ငါးကချိတ်ကိုကိုက်လိုက်သည်နှင့် ချက်ချင်းဆွဲတင်လိုက်သည်။ ဤသို့ဖြင့် ငါးမှာ နောက်ဆုံးတော့ စုယွမ်ဆီမှ အဖမ်းခံလိုက်ရချေပြီ။ ငါးမှာ ရေထံမှထွက်လာပြီး လေထဲမှပင် ချိတ်မှကျွတ်ကာ သူ့အရှိန်နှင့်သူ စုယွမ်၏ငါးပုံးထဲသို့ လှပသေသပ်စွာ ဝင်သွားလေ၏။
ဤဖြစ်စဥ်တစ်ခုလုံးဟာ အလွန်ချောမွတ်သေသပ်လျက် လှပနေတော့ပေသည်။
ဝမ်ကျန်းမှာ ဤမြင်ကွင်းကိုကြည့်နေရင်း ကြောင်အသွားသည်မှာ မျက်လုံးများပင် အပြင်သို့ ကျွတ်ထွက်လာတော့မတတ်ပေ။
“ဒါ၊ ဒါ၊ ဒါကြီးက မဖြစ်နိုင်တာ။”
ဝမ်ကျန်းမှာ စုယွမ်၏ပုံးထဲရှိ ရွှေမျှင်စိမ်းဝိညာဥ်ငါးကို စိုက်ကြည့်လေလေ၊ မယုံနိုင်သလို ခံစားရလေလေပင်။
ရွှေမျှင်စိမ်းဝိညာဥ်ငါးတို့သည် ချီအပြောင်းအလဲအပေါ် အလွန်အာရုံခံနိုင်ကြပြီး ရေလှိုင်းစိမ်းငါးအမျိုးအစားများကြား ဘုရင်ဟုပင် ဆို၍ရသည်။ ငါးအများစုက ဥာဏ်ထက်သောကြောင့် ဖမ်းမိရန်မှာ အလွန်ခက်ခဲပေသည်။
သို့သော် အနှီစုယွမ်ကတော့ ယုတ္တိမတန်သော၊ ငါးမျှားချိတ်အဖြောင့်ကြီးနှင့်ပင် ဤကဲ့သို့သောငါးဘုရင်ကို ဖမ်းပြသွားပုံမှာ ဝမ်ကျန်းကို တကယ် အလင်းဖွင့်ပေးလိုက်တာပင်။
စုယွမ်ကတော့ သူ၏ငါးစာအများစုက ထိုငါးဆီမှ အစားခံလိုက်ရကြောင်းတော့ ပြောပြနေမည်မဟုတ်ပေ။ ဤငါးဘုရင်သည်ကား သူ့ဆီမှ ရတာများလွန်း၍ သတိကြီးမှုလျော့သွားသောကြောင့်သာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
နောက်ပြီး စုယွမ်လည်း တကယ်တော့ သူဖမ်းနိုင်လိုက်တာကို အံ့သြနေရသည်။ သူက သာမန်လျှံကာ စိတ်ထဲဘာမှမထားဘဲ ကြိုးစားကြည့်လိုက်ရုံသာ၊ အမှန်တကယ် အလုပ်ဖြစ်သွားမည်ဟုတော့ ထင်မှတ်မထားခဲ့ပါပေ။
လှုပ်ရှားမှုများမှာ သပ်ရပ်လှပ၍ အလွန်အဆင်ပြေသွားချေပြီ။
ဤလှုပ်ရှားမှုက အမှတ်ပြည့်၊ အမှန်တကယ်ကို အမှတ်ပြည့်ရပေလိမ့်မည်။
“မိုက်တယ်၊ တကယ်ကို လန်းလွန်းသွားပြီ။”
ဝမ်ကျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဟားဟား၊ အသေးအမွှားလေးပါဗျာ။”
စုယွမ် ခပ်ယဲ့ယဲ့သာ ပြုံးလိုက်သည်။
“အဟင်း၊ အဟင်း။ ရောင်ရင်းလေးကျိုး၊ မင်းငါ့ကို ဒီငါးဖမ်းနည်းသင်ပေးလို့ရမလား။”
ဝမ်ကျန်းမေးလိုက်သည်။
စုယွမ်ကတော့ သူ့ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ဆိုလိုက်၏။
“ငါးဖမ်းနည်းဆိုတာ အလိုရှိတိုင်းသင်လို့ရတဲ့အရာမှ မဟုတ်တာ။ စိတ်တစ်ခုလုံး ရေလိုတည်ငြိမ်ဖို့ရော၊ ကောင်းကင်နဲ့မြေကြီးကိုပါ ဆက်သွယ်နိုင်ဖို့ လိုသေးတာ။ လူသားတွေနဲ့ကောင်းကင်ဘုံက စည်းချက်ကျသွားရမယ်၊ ကောင်းကင်နဲ့မြေကြီးကလည်း စည်းချက်ကျသွားမှ သဘာဝထဲက တာအိုပညာနောက်ကို လိုက်ရင်းရမှာ။”
ငါးဖမ်းဆရာကြီးတစ်ပါးလိုမျိုး ထူးဆန်းသောအရှိန်အဝါတစ်ခုက စုယွမ်ထံမှ ထွက်ပေါ်လာပြီး လူအများကို တွေးမမှီဖြစ်စေလေသည်။
ဝမ်ကျန်းမှာ ဤကိစ္စများက ဆန်းကြယ်သွားသလိုခံစားလိုက်ရ၏။ ဤသည်မှာ ငါးဖမ်းသည့်ကိစ္စရောဟုတ်သေးပါရဲ့လား။ ဤသည်မှာ ဥာဏ်အလင်းပွင့်ခြင်းအကြောင်းဖြစ်နေလေပြီ။
နေဦး၊ ဥာဏ်အလင်းပွင့်ခြင်းတဲ့လား။
ဝမ်ကျန်းမှာ တစ်ခဏလောက် ငေးမောသွား၏။ သူ ရုတ်တရက် လွန်ခဲ့သောနှစ်လေးဆယ်ကကိစ္စများကို ပြန်မြင်ယောင်လာသည်။ ထိုအချိန်တုန်းက သူဟာ ရွှေအမြုတေအဆင့်၏အစောပိုင်းအဆင့်တွင်သာ ပိတ်မိနေလျက်၊ အလယ်အဆင့်သို့ မရောက်နိုင်ဖြစ်နေခဲ့သည်။ သူ၏ဆရာကတော့ ဤကိစ္စမှာ သူ၏တာအိုအပေါ်သဘောပေါက်မှုက မပြည့်ဝသောကြောင့်ဟု ပြောခဲ့ပြီး ကိစ္စများကို ဖိအားမပေးဘဲ သဘာဝအတိုင်းသာ ဖြစ်စေရန်လည်း အကြံပေးခဲ့၏။ ထို့နောက်တွင် သူ့ကို ဤစိမ်းပြာရေကန်သို့ ငါးလာဖမ်းစေခဲ့သည်။
နှစ်လေးဆယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့တာပင်။ သူတောင် အဘယ်ကြောင့် ဤနေရာသို့လာ၍ငါးဖမ်းနေရသလဲတောင် မေ့လျော့နေချေပြီ၊ ယခုဆိုလျှင် အကျင့်အရသာ လာရောက်နေခြင်းဖြစ်၏။
သို့သော်လည်း စုယွမ်စကားလုံးများကို ကြားလိုက်ရသောအခိုက်အတန့်၌ သူ၏ဆရာမှာ ဤနေရာသို့ ငါးလာဖမ်းစေရခြင်းအကြောင်းက ဥာဏ်အလင်းပွင့်စေရန်ဖြစ်ကြောင်း နားလည်သွားရ၏။
စိတ်၏တည်ငြိမ်ငြိမ်သက်မှု၊ ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ခြင်း၊ လူနှင့်မြေကမ္ဘာ၊ မြေကမ္ဘာနှင့်ကောင်းကင် စီးချက်ကျနေခြင်း၊ ထိုထိုသောအပြင် တာအိုလမ်းစဥ်သည်ကား အမြဲတစေ သဘာဝနိယာမကိုသာ လိုက်နာလေ့ရှိခဲ့သည်ပင်။
အတွေးတစ်ချက်ဖြင့်ပင် သူ၏နှစ်လေးဆယ်သောငါးဖမ်းအတွေ့အကြုံတို့မှာ စိတ်အတွင်းဒီရေအလား ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူ တဖြည်းဖြည်းဖြင့် စိမ်းပြရေကန်နှင့် တစ်သားထဲဖြစ်လာ၏။ သူ ရေလှိုင်းစိမ်းငါးတို့၏ကူးခတ်မှုကို ခံစားမိလာသလို တောင်တန်းများက လေညင်းအစုံတို့ကလည်း ရေကန်မျက်နှာပြင်တစ်လျှောက်ကို ဖြတ်ကာ သူ့ခန္ဓာကိုယ်ဆီပါ တိုးဝေ့ကျီစယ်နေပုံကို
လည်း မြင်တွေ့လာသည်။ ထို့အတူ တောင်တန်းများဆီက ငှက်တို့၏တေးဆိုသံနှင့်အတူ ရေစီးသံများကို သူ၏စိတ်အာရုံဖြင့် နားစွင့်ခံစားမိလာ၏။
ဤအခိုက်အတန့်လေးတွင်ပင် နှစ်လေးဆယ်သောသိမြင်မှုများမှာ စကားတစ်ခွန်းဖြင့် လှုပ်နိုးခံလိုက်ရပြီး ရေတံခွန်အလား သူ၏စိတ်အာရုံအတွင်း တရကြမ်း စီးဝင်လာကြသည်။
သူ၏စိတ်အာရုံအတွင်း တောင်တန်း၊ ရေ၊ လေ၊ ငါး၊ ငှက်တို့မှာ လျင်မြန်စွာ ရောစပ်သွားကြ၏။
ဝမ်ကျမ်း၏နားအတွင်းတွင် ထူးခြားသောမြည်သံတစ်ချက် မြည်သွားလေသည်။
အဆင့်တက်ရန် ခုခံနေသောအတားအဆီးမှာ ကျိုးပျက်သွားလေပြီ။
ဒုန်း။
ပြင်းထန်လှသော အရှိန်အဝါတစ်ရပ်မှာ ထိုးထွက်လာလေသည်။
နံဘေးတွင်ကြည့်နေသောစုယွမ်မှာ ချီစွမ်းအင်လှိုင်းတို့ကြောင့် လွှင့်စင်၍ ရေထဲသို့ပြုတ်ကျကာ ရေနစ်နေသော ကြွက်စုတ်တစ်ကောင်ဖြစ်သွားတော့သည်။
စုယွမ်မှာ ဝမ်ကျန်းကို အလွန်အမင်းအံ့သြစွာ ကြည့်နေမိသည်။
ဘာတွေဖြစ်ကုန်တာလဲ။
ကြည့်ရတာ အဆင့်တက်သွားတာလား။
မဖြစ်နိုင်ပေ၊ သူက အဓိပ္ပါယ်မရှိသော ရောက်တတ်ရာရာစကားအချို့သာ ဆိုလိုက်ခြင်းပေ၊ သို့လင့်ကစား ဤလူကြီးမင်းမှာ သူ့စကားကြောင့် တကယ်ကြီး အဆင့်တက်သွားခြင်းလား။
ဤသည်မှာ အဓိပ္ပါယ်တောင်ရှိပါရဲ့လား။
ရွှေရောင်အလင်းတို့က ကောင်းကင်ထိတိုင် ထိုးတက်သွားလျက် အရှိန်အဝါတို့ ထပ်မံတိုးထွက်လာပြန်သည်။
စုယွမ်တစ်ယောက် အခြေအနေများက မူမမှန်တော့ကြောင်း မြင်လိုက်ရသဖြင့် ချက်ချင်း အဝေးတစ်နေရာသို့ ကူးခတ်ကာ ကုန်းပေါ်သွားအမြန်တက်လိုက်သည်။ ထို့နောက်တွင်မူ သူ ခြေသုတ်တင်ကာ လှစ်ကနဲပြေးတော့သည်။
စုယွမ် ပြန်လှည့်ကြည့်လိုက်တော့ အလင်းတန်းများစွာက တိုးထွက်နေကြောင်းတွေ့လိုက်ရပြီး အနှီအလင်းတို့က ဝမ်ကျန်း၏အကာအကွယ်များဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
စုယွမ်မှာ ရင်ထဲမှပင် ထွက်ပြေးမိတာ ကံကောင်းကြောင်းရေရွတ်နေမိသည်။ အကယ်၍ သူသာ အဆင့်တက်တော့မည့်သူကို နှောင့်ယှက်မိရင်း ဒဏ်ရာသာရသွားပါက အလွန်တုံးအခြင်းသာဖြစ်ပေမည်။
“ဟင်း၊ အဲ့ဒီဂိုဏ်းတူအစ်ကို ဥာဏ်ကြီးရှင်လားဟ။ စကားလေးနည်းနည်းနဲ့ အဆင့်တက်နိုင်သွားတာ။ ဒီလောက်တော်ပုံက ငါကပဲ ကူးပြောင်းလာတဲ့သူလား၊ သူကပဲ ကူးပြောင်းလာတဲ့သူလား မသဲကွဲဘူး။”
“သူ့မှာလည်း ငါ့လို ဖြတ်လမ်းတွေရှိနေတာလား။”
စုယွမ် ကျိန်ဆဲနေမိပါ၏။
သို့သော် သူ တစ်ခုကိုလည်း တွေးမိသွားသေးသည်။
“ငါ့စကားကြောင့် သူအဆင့်တက်သွားတာဆိုရင် ဒါကို ကျေးဇူးကြွေးအနေနဲ့မှတ်လို့ရတယ်မလား။ နောက်တစ်ခါတွေ့တဲ့အချိန် ငါ လတ်ဆောင်လေးဘာလေးတောင်းရင် မလွန်လောက်ဘူးမလား။”
စုယွမ်လည်း ဤကိစ္စများက ကောင်းသည့်ဘက်သွားကြောင်းတွေးမိပြီး ကြောက်လန့်မနေတော့ပေ။
“နေပါဦး၊ ငါးကရော။ ငါ့ငါးကမယူရသေးဘူးလေ။ ဘယ်လိုလုပ်မလဲ။”
စုယွမ်မှာ ခံစားချက်ပေါင်းစုံဖြင့်သာ စိမ်းပြာရေကန်သို့ လှည့်ကြည့်မိတော့သည်။ သူ လက်ဗလာချည်းသက်သက်ဖြင့်တော့ အိမ်မပြန်ချင်ပါပေ။
Chapter 46: ကိုးရောင်ခြယ်အမတငါး။
【ဒင်၊ ကျော်ကြားမှုအမှတ်+ 5】
စနစ်မြည်သံဟာ စုယွမ်နားအတွင်း ရောက်ရှိလာ၏။
စုယွမ်လည်း ရပ်တန့်သွားလျက် အံ့သြသွားရ၏။
“ငါ့နာမည်အရင်းမဟုတ်တာတောင် ကျော်ကြားမှုအမှတ်ကရနိုင်သေးတာလား။”
စုယွမ် အတွေးနက်သွားပေသည်။
သူ နောက်ထပ်ဆက်တွေးလိုက်တော့ ဒါပုံမှန်သာ ဖြစ်ကြောင်း တွေးမိသွားရသည်။ နာမည်ဆိုသည်မှာ သင်္ကေတတစ်ခုသာဖြစ်လေရာ သူ့ကိုရည်ရွယ်မှတ်မိနေသရွေ့ အမှတ်ရမည်မှာ အဓိပ္ပါယ်ရှိလှသည်။ ယခုရရှိသောအမှတ်များကလည်း ဝမ်ကျန်းဆီမှ ရတာဖြစ်ကြောင်း သိသာလှ၏။
သူ ရှေ့ဆက်လျှောက်သွားလိုက်သည်။
နောက်ထပ် အသံတစ်ခုမှ သူ့နားထဲ ဝင်ရောက်လာပြန်သည်။
【ဒင်၊ကျော်ကြားမှုအမှတ်+ 1】
စုယွမ် အံ့သြသွားရ၏။ ဤအမှတ်ကရော ဘယ်ကရောက်လာပါနည်း။
ဝမ်ကျန်းက တစ်ယောက်ယောက်ကို ပြောလိုက်လို့များလား။
သူ လမ်းလျှောက်နေရင်းနှင့်ပင် စနစ်မြည်သံက တစ်ခုပြီးတစ်ခုမြည်နေဆဲပင်။ အကြိမ်အနည်းငယ်အထိမြည်ပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။
ထပ်ပြီးအသံထွက်မလာတော့ စုယွမ်လည်း သိပ်တွေးမနေတော့ပေ။
သိပ်၍မကြာမီ သူ ငါးဆိုင်တစ်ဆိုင်စီရောက်ရှိသွားသည်။
စုယွမ်တစ်ယောက် ကူးခတ်နေသောငါးများကိုကြည့်၍ အတွေးများနေလေသည်။
“ဒါတွေက ဘယ်လောက်လဲ။”
“ဒါလေးတွေက ကြယ်ကြွေငါးပါ၊ အရမ်းစျေပေါပါတယ်။ တစ်ကျင်းကို ဝိညာဉ်ကျောက်တုံးခုနစ်တုံးပဲ ကျသင့်မှာပါ။”
ဆိုင်ပိုင်ရှင်က အပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။
“အရသာကတော့ ဘယ်လိုလဲ။”
“အရမ်းအရသာရှိပါတယ်။”
“အဲ့ဒါဆိုရင် မဝယ်တော့ဘူး။ ငါဝယ်လိုက်ရင် အခြားတစ်ယောက်ယောက်လာခိုးရင် ဘယ်လိုလုပ်မလဲ။”
“တကယ်တော့ အရသာက သာမန်ပါပဲ။”
“အဲ့ဒါဆိုရင်လည်း မဝယ်သင့်ဘူးပဲ။ ငါက ဝယ်လည်းဝယ်ရသေးတယ်၊ စားလို့လည်းမရဘူး၊ ကြည့်လို့လည်းမကောင်းမှတော့ ဒါတွေက ဘယ်နေရာမှာ အသုံးဝင်သေးလဲ။”
ဆိုင်ပိုင်ရှင်၏အမူအရာမှာ တောင့်တင်းသွားလျက်၊ အကြည့်များမှာလည်း မဖော်ရွေတော့ပါပေ။
စုယွမ် ဆိုင်ထဲဝေ့ဝဲကြည့်လိုက်ရာ သီးခြားငါးကန်တစ်ခုတွင်ထဲ ချိနဲ့စွာကူးခတ်နေသော ငါးတစ်ကောင်ကို တွေးလိုက်ရသည်။ အနှီငါးက ချိနဲ့သော်ငြား ကူးခတ်တိုင်း အရောင်သုံးခုထွက်လျက် အရောင်အဆင်းမှာတောက်ပနေရာ အလွန်လှပလေသည်။
“ဒါ ဘာငါးအမျိုးအစားလဲ။”
စုယွမ် မေးလိုက်သည်။
ဆိုင်ရှင်မှာ သူ့ခံစားချက်များကို ပြန်ထိန်း၍ ဖြေလိုက်၏။
“ဒီတကယ်က တကယ်ကိုအဖိုးတန်တဲ့အလှမွေးငါးမျိုးပါ၊ ကိုးရောင်ခြယ်အမတငါးလို့ခေါ်ပါတယ်။ ဒဏ္ဍာရီတွေအရတော့ ဒီငါးက ကျင့်ကြံဆင့်တစ်ဆင့်တိုးတိုင်း အရောင်တစ်ရောင်ပိုများလာတယ်လို့ ပြောကြပါတယ်။ အရောင်ကိုးခုပြည့်တာနဲ့ အဲ့ဒီငါးက မသေမျိုးဖြစ်သွားပြီး ကျင့်ကြံရေးအတွက်အရမ်းအသုံးဝင်တာပါ။ အခု ဒီတစ်ကောင်က အကောင်ပေါက်လေးပဲရှိသေးပေမဲ့ အရောင်သုံးရောင်တောင်ရှိပြီဆိုတော့ လူကြီးမင်းသာ သေချာမွေးမြူရင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်လာနိုင်ပါတယ်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ငါးတစ်ကောင်ရတာ တကယ်ကိုအကျိုးအမြတ်ကများမှာနော်။”
စုယွမ် မေးလိုက်သည်။
“ဒါက ဘာလို့ အားမရှိတဲ့ပုံဖြစ်နေတာလဲ။”
“အော်၊ အဲ့ဒါ ဗိုက်ဆာနေလို့ပါ။”
ဆိုင်ရှင်လည်း ဝိညာဉ်ကျောက်တုံးအပိုင်းအစတစ်ခုယူ၍ ငါးလေးဆီ ပစ်ပေးလိုက်သည်။ ငါးလေးမှာ ချက်ချင်း ဝိညာဉ်ကျောက်တုံးရှိရာသို့ ကူးခတ်သွားပြီး တစ်လုတ်တည်းဖြင့် အကုန်မျိုချလိုက်၏။ ပြီးသည်နှင့် ငါးလေးမှာ သူ၏ခန္ဓာကိုယ်ရှိအရောင်တို့ကလည်း ပို၍တောက်ပလာကာ ချက်ချင်း တက်ကြွလာပြီး ငါးကန်ထဲ ပတ်ကူးတော့လေသည်။
“ ဘယ်လိုလဲ။ အရမ်းလှတာပဲမလား။”
ဆိုင်ပိုင်ရှင်မှာ အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။
ဘေးနားရှိအဆောင်ရောင်နေသောဆိုင်ရှင်မှာ ဤမြင်ကွင်းကိုမြင်တော့ စုယွမ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လာ၏။
သို့သော် စုယွမ်ကတော့ သူ့ကိုလှည့်တောင်မကြည့်သည့်အတွက် မမြင်လိုက်ပါပေ။
စုယွမ်လည်း ခေါင်းလေးတညိတ်ညိတ်ဖြင့် ဆိုလိုက်သည်။
“မဆိုးပါဘူး။ ဘယ်လောက်လဲ။”
“အရမ်းစျေးပေါပါတယ်။ ဝိညာဉ်ကျောက်တုံး၂၀၀လောက်ပါပဲ။”
စုယွမ် ချက်ချင်းလှည့်ထွက်ရန် ပြင်လိုက်သည်။
“ဟမ်၊ ခဏလေး။ စျေးက ညှိလို့ရပါတယ်။”
ထိုအခါမှ စုယွမ် ပြန်လှည့်လာပြီး ဆိုင်ရှင်ကို စျေးခေါ်တော့သည်။
အဆုံးတွင်မူ သူ ဤကိုးရောင်ခြယ်အမတငါးလေးကို ဝိညာဉ်ကျောက်တုံး၁၃၀တုံးဖြင့် ဝယ်နိုင်ခဲ့၏။
ငါးလေးမှာ စုယွမ်က သူ့ကို ဝယ်သွားပြီမှန်း သိသည့်ပုံပေ။ ငါးလေး၏မျက်ဝန်းတစ်စုံမှာ စုယွမ်ကို ရေထဲမှတဆင့် စူးစမ်းကြည့်နေလျက်၊ ပါးစပ်မှလေ သုံးရောင်ခြယ်ရေပူပေါင်းများ ထုတ်နေလေသည်။
စုယွမ်လည်း ငွေချေ၍ ငါးကန်ကိုသယ်လိုက်၏။ ဤသို့ဖြင့် သူ လက်ဗလာသက်သက် အိမ်မပြန်ရတော့ပါချေ။
စုယွမ် ထွက်ခါပြီးနောက်တွင် အနီးနားရှိအဆောင်တံဆိပ်ရောင်းသူက ပြောလာသည်။
“မင်း ဒီလိုပဲ လူတွေကိုလိမ်လို့ရမလား။ ဝိညာဉ်ဝါးမျိုငါးတွေက မွေးမြူဖို့အခက်ဆုံးကို။ ရိုးရိုးတပည့်တစ်ယောက်သာဝယ်မိရင် ငါးကိုကျွေးရတာနဲ့ မွဲမှာပဲ။”
“ဘာကို ဝိညာဉ်ဝါးမျိုးငါးလဲ။ အဲ့ဒါ ကိုးရောင်ခြယ်အမတငါးလေ။”
ငါးဆိုင်ရှင်မှာ မျက်လုံးကိုသာ လှန်၍ ရုတ်ချည်း ဆိုင်ကို စသိမ်းနေ၏။
အဆောင်တံဆိပ်ဆိုင်ပိုင်ရှင်မှာ နှာမှုတ်လိုက်၏။
“ဟား၊ ဘယ်လိုလုပ် အဲ့ဒါကိုးရောင်ခြယ်အမတငါးဖြစ်ရမှာလဲ။ အဲ့နှစ်ကောင်ကဆင်တူပေမဲ့ မတူတာလည်း အများကြီးပဲကို။ ဝိညာဉ်ဝါးမျိုငါးတွေက ဝိညာဉ်ကျောက်တုံးတွေ စားလည်း ဘာမှပြန်ပေးနိုင်တာမဟုတ်ဘူး။ ဒါပေမဲ့ ကိုးရောင်ခြယ်အမတငါးကတော့ အဆင့်မြင့်ဝိညာဉ်စွမ်းအင်ပြန်ပေးနိုင်တယ်။ တကယ်လို့ အဲ့ဒါကိုးရောင်ခြယ်အမတငါးအစစ်ဆိုရင်တောင် ဘာဖြစ်လဲ။ ကျင့်ကြံဆင့်မြင့်တဲ့ထိ ပျိုးထောင်ဖို့ဆိုတာ အရမ်းခက်တာကို။ နောက်ပြီး ငါကြားဖူးတာ အဲ့ဒါကိုမွေးဖို့ဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့နိယာမကိုပါ နားလည်ဖို့လိုတယ်ဆိုလားပဲ ... “
“အေးပါ၊ မင်းပဲ အရမ်းသိနေလိုက်။”
ငါးဆိုင်ပိုင်ရှင်မှာ ဆိုင်ခန်းများကို သိမ်းဆည်းပြီး၍ ချက်ချင်း ထွက်ခွာသွားတော့၏။
စုယွမ် ခြံဝန်းသို့ ပြန်ရောက်ချိန်တွင် ကောင်းကင်ကတောင် မှောင်နေပြီပင်။
သူ ကိုးရောင်ခြယ်အမတငါးကို ကန်ထဲထည့်လိုက်သည်။ လက်ရှိသုံးရောင်ခြယ်ဖြစ်နေသောငါးလေးမှာ ရေကန်သို့ ကူးခတ်နေပြီး ညအမှောင်ထဲတွင် လွန်စွာလှပနေလေသည်။ ရေကန်ထဲရှိ ကျန်ငါးတို့မှာ သုံးရောင်ခြယ်ငါးလေးနား ဝိုင်းဝန်းသွားကြ၏။ ဤသို့ဖြင့် သိပ်၍မကြာခင်မှာတင် သုံးရောင်ခြယ်ငါးလေးမှာ ငါးများ၏ခေါင်းဆောင်ဖြစ်သွားတော့သည်။
စုယွမ်လည်း ငါးလေးကို ပျော်ရွှင်စွာကြည့်နေတုန်း ငါးလေးမှာ ပြန်၍ ခွန်အားချိနဲလာလေသည်။
“ဗိုက်ဆာလို့လား။’
စုယွမ်မှာ ရှုပ်ထွေးသွားရ၏။
“ခုနလေးတင် ဆိုင်ရှင်က မင်းကိုကျွေးပြီးပြီ မဟုတ်ဘူးလား။”
သုံးရောင်ခြယ်ငါးလေးမှာ ရေမျက်နှာပြင်ပေါ်သို့ ကူးခတ်လာပြီး စုယွမ်ကို မျက်နှာငယ်လေးဖြင့် ကြည့်လာ၏။ စုယွမ်မှာ ရယ်မိသွားပြီး ပြောလိုက်သည်။
“မင်းကတော်တော် အစားကြီးတာပဲကွ။”
စုယွမ်လည်း အနိမ့်တန်းဝိညာဥ်ကျောက်တုံးတစ်တုံးကိုထုတ်၍ ချေမွလိုက်ကာ ရေကန်ထဲထည့်ပေးလိုက်၏။
သုံးရောင်ခြယ်ငါးလေးမှာ ချက်ချင်း ဝိညာဉ်ကျောက်တုံးအပိုင်းအစများကို စားသောက်တော့လေသည်။
စုယွမ်မှာ စားသောက်နေသောငါးလေးကိုကြည့်ရင်း ပျော်ရွှင်နေမိသည်။ သို့သော် မကြာမီ သူ တစ်ခုခုမှားနေကြောင်း ခံစားမိလိုက်သည်။
တစ်ကိုက်၊ နှစ်ကိုက်၊ သုံးကိုက်၊ အစရှိသဖြင့် အကြိမ်ရေ ဒါဇင်မျှလောက်သာ ကိုက်ရသေးသည်၊ အချိန်တိုလေးအတွင်းမှာတင် အနိမ့်တန်းဝိညာဥ်ကျောက်တုံးတစ်တုံးတစ်ခုလုံးကို စားပြီးသွားလေသည်။
ငါးလေးမှာ မျက်နှာပြင်သို့ ပြန်တက်လာပြီး စုယွမ်ကို မျက်နှာငယ်လေးဖြင့် ကြည့်လာပြန်သည်။
စုယွမ်မှာ တကယ်ကို တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရလေပြီ။