အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
Chapter 47
“မင်းအစားကြီးနေပုံက မဟုတ်တော့ဘူး။ မင်းအဆင့်ကဖြင့် ပထမအဆင့်အနိမ့်တန်းဝိညာဥ်သားရဲပဲရှိသေးတာ၊ လွယ်လွယ်ပြောရရင် ချီစုဆောင်းခြင်းအဆင့်တစ်ပဲရှိသေးတာကို ဝိညာဉ်ကျောက်တုံးတစ်ခုလုံးကို တစ်ခါတည်းနဲ့ စားနိုင်တယ်လား။”
ငါးလေးမှာ စုယွမ်ကို ရှုပ်ထွေးနေသောမျက်ဝန်းများဖြင့်သာ ကြည့်လာလျက် သူပြောနေသည်များကို နားလည်နေပုံမပေါ်ပေ။ ထိုအစား ၎င်းက ပူဖောင်းများသာ မှုတ်ထုတ်၍ ထပ်စားချင်နေကြောင်းသာ ပြသနေသည်။
“ဟား၊ မင်းဘယ်လောက်တောင် စားနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
စုယွမ်လည်း အနိမ့်တန်းဝိညာဥ်ကျောက်တုံးဆယ်ခုလောက်ကို ထုတ်၍ ချေမွကျွေးလိုက်သည်။
သုံးရောင်ခြယ်ငါးလေးမှာ အကုန်လုံးကို တစ်ကိုက်ချင်းဖြင့် အကုန်ကုန်အောင် စားသွားသည်။ စုယွမ်ကလည်း အနိမ့်တန်းဝိညာဥ်ကျောက်တုံးဆယ်ခုလုံးကို ငါးလေးကအကုန်စားသွားသည်ကို ကြည့်နေမိသည်။ ထိုမှသာလျှင် ငါးလေးမှာ ဗိုက်ဝသွားပုံပေါ်ပြီး ရေကန်ထဲတွင် ပျော်ပျော်ရွှင်ရွှင်ကူးခတ်နေတော့၏။ ၎င်းဟာ ခပ်မှိန်မှိန် သုံးရောင်ခြယ်စက်ဝန်းလေးတစ်ခုကိုတောင် လွှတ်ထုတ်လိုက်သေးသည်ပင်။
စုယွမ်မှာ အံ့သြနေရသည်။
“ဟေ့ကောင်လေး၊ မင်းက တစ်ခါတည်းနဲ့ ဝိညာဉ်ကျောက်တုံးဆယ်တုံးတောင်စားလိုက်တာ။ ငါ့ဝင်ငွေကဖြင့် တစ်လကို ဝိညာဉ်ကျောက်တုံးသုံးဆယ်လောက်ရတာကို။ ဒီလိုသာဆက်စားနေရင် ငါတော့ မွဲတေသွားတောမှာပဲ။ ကိုးရောင်ခြယ်အမတငါးဆိုတဲ့အတိုင်း ငါ မတတ်နိုင်ပါလားကွာ။”
စုယွမ်လည်း ခေါင်းကိုသာ ခါပြီး သိပ်ဂရုမစိုက်တော့။ အကယ်၍ သူသာ တကယ် ဤငါးကိုကျွေးမွေးရန် မတတ်နိုင်ဖြစ်လာလျှင် မြစ်တစ်ခုခုကိုရှာ၍သာ လွှတ်ပေးလိုက်ပေမည်။
ဤသို့ဖြင့် စုယွမ် အခန်းထဲ ပြန်ဝင်သွား၏။
သုံးရောင်ခြယ်ငါးလေးကတော့ ရေမျက်နှာပြင်ပေါ်တက်လာကာ စုယွမ်၏နောက်ကျောကိုကြည့်ရင်း အတွေးများနေသည့်ပုံပါပေ။
နောက်တစ်ရက်၊ နေမြင့်ချိန် ရောက်လာသည်။
စုယွမ်မှာ စနစ်မြည်သံများကြောင်း နိုးလာရသည်။
【ဒင်၊ ကျော်ကြားမှုအမှတ် + 1】
【ဒင်၊ ကျော်ကြားမှုအမှတ် + 1】
“ဘာတွေဖြစ်နေတာလဲ။”
စုယွမ်မှာ စိတ်ရှုပ်ထွေးစွာဖြင့် အိပ်ရာထဲမှ ထလိုက်သည်။
သူ ပြတင်းပေါက်နားရပ်လိုက်ပြီး အပြင်ရှိကန်ထဲတွင် ကူးခတ်နေသောငါးလေးကိုကြည့်၍ အတွေးများနေရ၏။
“ငါက ဘာလို့ ကျော်ကြားမှုအမှတ်က ထပ်တိုးနေတာလဲ။ ဝမ်ကျန်းကိစ္စရဲ့သက်ရောက်မှုက အဲ့ဒီလောက်ကြီးလား။”
“ဟုတ်တာပဲလေ။ ငါက သူ့ကို စကားလေးနည်းနည်းနဲ့ အဆင့်တက်သွားအောင် ကူညီပေးခဲ့တာပဲကို။ သူ ငါ့ကို အခြားသူတွေဆီ ပြောပြနေမှာပေါ့။ ဒီလိုတွေးကြည့်ရင် အမှတ်တွေတက်လာမှာ ပုံမှန်ပါပဲ ... ဝမ်ကျန်းက ငါ့ကိုရှာနေတာများလား။ ဒါပေမဲ့ ငါက နာမည်တုကို သုံးထားတာလေ၊ သူငါ့ကို ရှာမတွေ့လောက်ဘူး။ တကယ်လို့ရှာတွေ့သွားရင်လည်း ကိစ္စမရှိပါဘူး။ ငါမှ ဘာအမှားမှလုပ်မထားတာ။”
စုယွမ်လည်း ဤသို့တွေးမိရင်း ပြန်တည်ငြိမ်သွားပေသည်။
သူ ခြံဝန်းထဲထွက်လာပြီး လက်ဖက်ရည်တစ်အိုးယူ၍ ကုလားထိုင်တွင်ထိုင်ကာ ငါးများကို ကြည့်နေလိုက်သည်။ ထို့နောက် သူ ယာယီအားဖြင့် ရှောင်ချိုက်ဟုပေးထားသော သုံးရောင်ခြယ်ငါးလေးမှာ သူ့ကို မျက်နှာငယ်လေးဖြင့် ကြည့်နေတာ သတိထားမိလိုက်သည်။
“မင်းထပ်တော့ ဗိုက်ဆာနေတာမဟုတ်ဘူးမလား။”
စုယွမ် ငါးလေးကို စိုက်ကြည့်လိုက်၏။
ရှောင်ချိုက်မှာ အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့်သာ ပြန်ကြည့်လာပြီး ရေပူဖောင်းလေးတွေ မှုတ်ထုတ်လျက် ချစ်စရာကောင်းအောင် လုပ်ပြနေ၏။
စုယွမ်၏နှုတ်ခမ်းထောင့်များမှာ တွန့်သွား၏။
“မင်း ... “
သူ သက်ပြင်းချလိုက်သည်။
“ထားလိုက်ပါတော့။ ဘယ်သူကငါ့ကို အတင်းဝယ်ခိုင်းခဲ့တာမလို့လဲ။ ငါပဲ မင်းကို သေချာမွေးပါ့မယ်ကွာ။’
စုယွမ်လည်း ဝိညာဉ်ကျောက်တုံးဆယ်ခုကို ချေ၍ ရေကန်ထဲ ထည့်လိုက်သည်။
ရှောင်ချိုက်ကလည်း ပျော်ရွှင်စွာ စားသောက်နေတော့သည်။
စုယွမ်ကတော့ သိပ်ဂရုစိုက်မနေပါချေ၊ မည်သို့ပင်ဖြစ်စေ သူက ယခုချက်ချင်း ကျင့်ကြံရန်လိုနေသည်မှ မဟုတ်။ သူက အလုပ်နှင့်နားနေဖလှယ်မှုအတွက် နားချိန်စုရန်လိုသေး၏။ အကယ်၍ ဝိညာဉ်ကျောက်တုံးများသာ ကုန်သွားပါကလည်း သူ ထပ်ရှာလိုက်မည်ပင်။
စုယွမ် လက်ဖက်ရည်သောက်နေရင်း နာရီဝက်ကြာတိုင်း စနစ်အချက်ပေးသံက ပေါ်ထွက်လာတာကို နားထောင်နေရသည်။
စုယွမ်မှာ ပြောစရာပျောက်ဆုံးနေရသည်။
“ဒီအသံတွေက ပိတ်ထားလို့ရလား။ တော်တော်လေး နားညီးဖို့ကောင်းတယ်။”
အံ့သြဖို့ကောင်းစွာပင် စနစ်သံမှာ တကယ်ကြီး ရပ်တန့်သွား၏။ သို့မှသာလျှင် စုယွမ်မှာ ပြန်၍အေးချမ်းသွားရသည်။
စုယွမ် ဒီနေ့တော့ ငါးဖမ်းဖို့မသွားပါပေ။
သူ သာလွန်တောင်ထိပ်၏စာကြည့်တိုက်သို့သွားကာ စာဖတ်နေလိုက်၏။ ထိုစာကြည့်တိုက်တွင် အံ့သြဖို့ကောင်းလောက်အောင် များပြားသောစာအုပ်သန်းချီရှိပြီး ယင်းစာအုပ်များ၏သက်တမ်းသည်ကား နှစ်ပေါင်းမည်မျှရှိနေပြီလဲတောင် ခန့်မှန်းမရပါပေ။ သို့သော် အများစုက အသုံးမဝင်သောစာအုပ်များဖြစ်နေ၏။ စုယွမ်ကတော့ စိတ်ထဲမထားပါပေ၊ သူက တစ်ခုချင်းစီကိုသာ ဖြည်းဖြည်းချင်းဖတ်နေလိုက်သည်။
ညအခါ သူပြန်ရောက်သောအခါတွင်တော့ ရှောင်ချိုက်ကို အနိမ့်တန်းဝိညာဥ်ကျောက်တုံးဆယ်ခုကိုကျွေးလိုက်၏။ ထို့နောက်တွင်မူ သူ တန်း၍အိပ်ရာဝင်လိုက်တော့သည်။
ဤပုံစံအတိုင်းပင် စုယွမ်ဟာ မသိလိုက်ဘာသာဖြင့် တစ်လတာကို အချိန်ဖြုန်းခဲ့၏။
မန္တန်ဆိုင်ရာတောင်ထိပ်တွင်မူ ယဲ့ပိဖန်မှာ အလွန်မကျေနပ်ဖြစ်နေသည့်ပုံပေ။
“ဘာလို့ ဒီလရဲ့ဝင်ငွေက ဒီလောက်နည်းနေရတာလဲ။”
“ဂိုဏ်းတူအစ်ကို၊ ခွင့်လွှတ်ပါ။ အခုလောလောလတ်လတ်မှ စျေးထဲဖွင့်ထားတဲ့ဆိုင်ကြောင့်ပါ။ အဲ့ဒီဆိုင်ကလည်း ကျွန်တော်တို့လို အနိမ့်တန်းဆေးဝါးတွေ၊လက်နက်တွေနဲ့ အဆောင်တွေရောင်းတာပါ။ ဒါပေမဲ့ ပြဿနာက စျေးက ကျွန်တော်တို့ထက် ပိုသက်သာနေတာပဲ။ ကျွန်တော်တို့လည်း သူတို့လိုက်ယှဥ်ပြီး စျေးချလို့လည်းမရဖြစ်နေလို့ပါ။”
အပြင်ဆောင်တပည့်ဖြစ်သူမှာ ကူရာမဲ့နေဟန်ဖြင့် မြန်မြန်ရှင်းပြလာသည်။
“အဲ့ဒါဆိုရင် ဘာလို့ ဒီကိစ္စကို စောစောသတင်းမပို့တာလဲ။”
ယဲ့ပိဖန် မေးလိုက်၏။
“အစ်ကိုက အဲ့ဒီတုန်းက ဂိုဏ်းထဲမှရှိမနေလို့ပါ။ ကျွန်တော်တို့လည်း ဆက်သွယ်လို့မရတာနဲ့။”
ယဲ့ပိဖန် ခဏရပ်၍ တွေးလိုက်ခါမှမှတ်မိသွား၏။ သူ ထိုအချိန် ဂိုဏ်းအပြင်သွားတုန်းက ဆက်သွယ်ရေးနည်းလမ်းအကုန်ကို ပြတ်တောက်ကာ နတ်ဆိုးကျင့်ကြံသူနှင့် လျှို့ဝှက်ဆွေးနွေးပွဲ လုပ်နေတာပင်။
“ဘာလို့ အဲ့ဒီဆိုင်က ငါတို့ထက် စျေးလျော့ပေးနေနိုင်ရတာလဲ။ ငါတို့ကိုယ်တိုင်ကိုက စျေးအနည်းဆုံးဖြစ်နေပြီးသားလေ။”
ယဲ့ပိဖန် စိတ်ရှုပ်သွားရကာ မေးလိုက်သည်။
“အဲ့ဒါဆိုင်က ကျွန်တော်တို့ဂိုဏ်းရဲ့အနိမ့်တန်းလက်နက်သန့်စင်သူတွေ၊ ဆေးဖော်သူတွေရဲ့ပစ္စည်းတွေကို အမြတ်ဝေစုမယူဘဲ ယူရောင်းပေးနေတာပါ။ တိတိကျကျပြောရရင် တစ်ရာခိုင်နှုန်းပဲယူပါတယ်။ သူတို့ပုံစံက ကျော်ကြားမှုကိုရဖို့အတွက် ငွေအဆုံးခံနေတဲ့သဘောပါပဲ၊ အဲ့ဒီတော့ သေချာပေါက် စျေးကပိုသက်သာနေတော့တာပေါ့။”
“အဲ့ဒီဆိုင်ရဲ့နောက်ခံကဘာတဲ့လဲ။”
“ကြည့်ရတာ သာလွန်တောင်ထိပ်ရဲ့အတွင်းတပည့်တစ်ယောက်ပါပဲ။ ကျွန်တော် စုံစမ်းကြည့်တော့ သူ့နာမည်က မကြားဖူးတဲ့နာမည်ပါ။ နာမည်က စုယွမ်တဲ့။”
“ဘာ။ စုယွမ်လား။”
ယဲ့ပိဖန်မှာ ကြားလိုက်ရသည့်နာမည်ကြောင့် အံ့သြသွားရသည်။
“မြက်စကားလုံးရဲ့စု၊ ပြီးတော့ အကွာအဝေးစကားလုံးရဲ့ယွမ်လို့ စာလုံးပေါင်းတဲ့ နာမည်လား။”
“ဟုတ်ပါတယ်။”
နောက်လိုက်လေးမှာ ယဲ့ပိဖန်က စုယွမ်၏နာမည်ကို သိနေသည့်အတွက် အံ့သြသွားရသည်။ အနှီသူက ဆရာသခင်တစ်ယောက်ယောက်များ ဖြစ်နေသည်လား။
“သူပဲကိုး။ သူက ဘာတွေလုပ်နေတာလဲ။”
ယဲ့ပိဖန် ရှုပ်ထွေးသွားရသည်။
“ဒါဆို ကျွန်တော်တို့ နည်းနည်းသုံး ... “
တပည့်လေးက ချက်ချင်းပြောလိုက်သည်။
ယဲ့ပိဖန်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်၏။
“မဖြစ်ဘူး။ သူ့ဆိုင်က သိသိသာသာကြီးကို အနိမ့်တန်းအဆင့်တပည့်တွေကို ကူညီပေးနေတာ။ ငါတို့က လှည့်ကွယ်လေးတွေထုတ်သုံးလိုက်ရင် လူတွေကို မကျေမနပ်ဖြစ်စေလိမ့်မယ်။ အဲ့ဒီလိုဆိုရင် ငါ့ရဲ့အတွင်းဆောင်တပည့်ခေါင်းဆောင်နေရာကို ပြိုင်ဖို့ ထိခိုက်သွားနိုင်တယ်။”
သူ ခဏလေးရပ်သွားပြီးမှ မျက်ဝန်းများက ကျဥ်းမြောင်းများလေ၏။
“အဲ့ဒီကောင်ကရော အတွင်းတပည့်ခေါင်းဆောင်နေရာကိုလိုချင်နေတာလား။ သူရဲ့ဒီနည်းလမ်းက ငါ့ကို တကယ် အလင်းဖွင့်ပေးလိုက်တာပဲ။ ငါသာ ဒါမျိုးလုပ်ရင်လည်း ငါ့အတွက် နေရာရနှုန်းက ပိုမြင့်လာနိုင်တာပဲ။”
သူ ချက်ချင်းပြောလိုက်သည်။
“သာလွန်တောင်ထိပ်က လူတွေကိုပြောပြီး စုယွမ်ရှိမဲ့နေရာကို ငါ့အတွက် ရှာပေးစမ်း။ ငါ သူ့ကို သွားတွေ့ရမယ်။”
“ဟုတ်ကဲ့ပါ။”
Chapter 48: ယဲ့ပိဖန် အံ့သြသွားရခြင်း။
“ရှောင်ချိုက်၊ ဘာလို့ မင်းရဲ့အရှိန်အဝါက ဘာလို့ ချီစုဆောင်းခြင်းအဆင့်သုံးရဲ့ထိပ်ဆုံးကို ရောက်နေသလိုဖြစ်နေရတာလဲ။”
စုယွမ် ရေကန်နားထိုင်ချလိုက်ပြီး စိတ်ဝိညာဉ်အာရုံကို သုံးကာ သုံးရောင်ခြယ်ငါးလေး၏အရှိန်အဝါကို စစ်ကြည့်လိုက်၏။
ငါးလေးကတော့ ရေမျက်မှာပြင်ပေါ်တွင်သာ ကူးခတ်လျက် ပါးစပ်မှ ပူဖောင်းများ မှုတ်ထုတ်နေလေသည်။
စုယွမ်လည်း ကန်ထဲရှိ အခြားငါးများကပါ ဝိညာဉ်စွမ်းအင်ဖျော့ဖျော့ကို ထုတ်လွှတ်နေကြကြောင်း ခံစားလိုက်ရသည်။ အသိအသာကို ယမန်နေ့ကတင် ၎င်းတို့က သာမန်ငါးများသာဖြစ်သော်လည်း ယခုတွင်တော့ ၎င်းတို့က ဝိညာဉ်ငါးမျိုးများအဖြစ် ကူးပြောင်းတော့ပေမည်။
စုယွမ်၏ရှောင်ချိုက်ကို ကြည့်နေသောအကြည့်မှာ အနည်းငယ်ပြောင်းလဲသွား၏။
သူ ရှောင်ချိုင်၏ခေါင်းလေးကို ပုတ်လိုက်သည်။ ရှောင်ချိုက်မှာ ပျော်ရွှင်သည့်ပုံဖြင့် စုယွမ်၏ဖဝါးပြင်ကို နူးနူးညံညံ့လေး ပြန်ပွတ်သပ်လာသည်။
စုယွမ် သူ့ကို ကြည့်ရင်း ရွှင်မြူးလာရပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်၍ ကျွေးလိုက်၏။
ရှောင်ချိုက်ကတော့ မငြင်းဆန်ပါပေ၊ ဝိညာဉ်ကျောက်တုံးကို တစ်ကိုက်သာ စားနေလေ၏။
ဤငါးလေး၏အစားကြီးပုံမှာ စုယွမ်ကို အတော့်ကိုအံ့သြစေ၏၊ ၎င်းက တစ်နပ်ထဲနှင့် ဝိညာဉ်ကျောက်တုံး သုံးဆယ်လောက်ကို စားပစ်သည်လေ။
ထိုသို့စားပြီးသည့်နောက်တွင် ရှောင်ချိုက်၏အရှိန်အဝါမှာ ရုတ်ချည်းထိုးတက်လာပြီး ကျင့်ကြံဆင့်တစ်ဆင့်တက်သွားသလို ခန္ဓာကိုယ်ကလည်း အနည်းငယ်ကြီးမားလာလေသည်။ထို့နောက်တွင်တော့ ၎င်းက အလတ်တန်းအဆင့်တစ်ဝိညာဉ်သားရဲ၏အရှိန်အဝါများကို ထုတ်လွှတ်လာ၏။
၎င်းဟာ တကယ်ကို အဆင့်တက်သွားခြင်းပါပေ။
စုယွမ်မှာ အတော်အံ့သြသွားရ၏။
ထိုအချိန်တွင် ရှောင်ချိုက်က လေထဲသို့ပျံတက်လာပြီး ရောင်စဥ်သုံးခုကိုလွှတ်ထုတ်လာသည်။
စုယွမ်လည်း ကြောင်အနေသည့်အတွက် ထိုရောင်စဥ်သုံးခုမှာ သူ၏နှဖူးထက် တည့်တည့်ထိမှန်သွား၏။
နောက်တစ်ခိုက်တန့်တွင် သုံးရောင်ခြယ်ရောင်စဥ်တို့မှာ ကြိုးတစ်ချောင်းအသွင်ဖြစ်သွားပြီး စုယွမ်နှင့် ရှောင်ချိုက်ကို ဆက်သွယ်ပေးလာသည်။
စုယွမ်၏နှာဖူးထက်ရှိ ရွှေရောင်ဓါးသင်္ကေတမှာ ပြန်ပေါ်လာပြီး သုံးရောင်းခြယ်ရောင်စဥ်တို့က ထိုသင်္ကေတအနားရစ်ပတ်သွားရာ စုယွမ်၏ပုံစံကို ပို၍ဆန်းကြယ်သွားစေတော့သည်။
တစ်ခဏကြာမှသာလျှင် ရောင်စဥ်တို့ကကွယ်ပျောက်သွားပြီး ရှောင်ချိုက်လည်း ရေကန်ထဲ ပြန်ကျသွား၏။ ထိုမှသာ စုယွမ်လည်း သတိပြန်ဝင်လာခဲ့သည်။
စုယွမ်မှာ သူနှင့်ရှောင်ချိုက်ကြား ဆန်းကြယ်သောဆက်နွယ်မှုတစ်ခုရှိသွားသလို ခံစားလိုက်ရသည်။
ထိုအချိန် သုံးရောင်ခြယ်ဝိညာဉ်စွမ်းအင်တို့မှာ လေထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး စုယွမ်၏ဒန်ထျန်အတွင်း စိမ့်ဝင်လာလေ၏။
စုယွမ်၏ကျင့်စဥ်များကလည်း အလိုအလျောက်လှုပ်ရှားလာပြီး အနှီဝိညာဉ်စွမ်းအင်တို့ကို ဆန်းကြယ်ပတိချီစွမ်းအင်အဖြစ် ပြောင်းလိုက်သည်။
ဤသို့ဖြင့် စုယွမ်၏ဆန်းကြယ်ပတိချီစွမ်းအင်များမှာ အနေအထားတစ်ခုထိ တိုးမြင့်လာတော့၏။
ရှောင်ချိုက်က အသံတစ်ခုကို စုယွမ်၏နားထဲသို့ ပေးပို့လာလေသည်။
“ကျွန်တော့်ကို ချီးကျူးတော့လေ။”
စုယွမ်မှာ ရှောင်ချိုက်ကို အထူးတဆန်းကြည့်လိုက်၏။
“မင်းလုပ်လိုက်တာလား။”
ရှောင်ချိုက်လည်း ချက်ချင်းခေါင်းညိတ်ကာ အလွန်ပျော်ရွှင်နေဟန်ဖြင့် ရေကန်ထဲ ပတ်ကူးနေလေသည်။
စုယွမ် အခြေအနေများကို နားလည်သွားချေပြီ။
ဤသည်မှာ ဝိညာဉ်သားရဲ၏ဆန္ဒအလျောက် သခင်ကို အသိအမှတ်ပြုလိုက်ခြင်းပေ။ ဤသို့သော အခြေအနေများက အနည်းဆုံးရွှေအမြုတေအဆင့်ရောက်ရှိနိုင်သော မျိုးရိုးမြင့်ဝိညာဥ်သားရဲများတွင်သာ ဖြစ်လေ့ရှိ၏။ သူနှင့်ရှောင်ချိုက်ကြား ဆက်နွယ်ပြီးသည့်အချိန်လေးတွင်ပင် သူ၏စိတ်အတွင်း အချက်အလက်တချို့ပေါ်လာကာ ရှောင်ချိုက်၏သားရဲအမျိုးအစားကိုလည်း သိရှိသွားသည်။ ဤငါးကလေးသည်ကား တကယ်ကို ကိုးရောင်ခြယ်အမတငါးဖြစ်နေလေသည်။
“အဲ့ဒီဆိုင်ရှင်က တကယ်မညာဘူးပဲ။ ငါက သူလိမ်နေတယ်ထင်ခဲ့တာ။ ငါးကလှလို့သာဝယ်လာတာ တကယ့် ကိုးရောင်ခြယ်အမတငါးဖြစ်နေမယ် ထင်မထားဘူး။”
စုယွမ်မှာ အံ့သြနေရ၏။
သူ စိတ်ထဲအနည်းငယ်ထိရှသွားရသည်။ ဤကဲ့သို့သော အဖိုးတန်ငါးကို ဝိညာဉ်ကျောက်တုံး၁၃၀တည်းနှင့်ရောင်းခဲ့သော ဆိုင်ရှင်မှာ တကယ်ကို လူကောင်းပါပေ။
ဒါမှမဟုတ် ထိုလူက သေမျိုးလောကတွင် လှည့်လည်နေသောနောက်ထပ်ဂုရုကြီးတစ်ယောက်ဖြစ်နေပြန်သည်လား။ ဘာပဲဖြစ်ဖြစ်၊ သူ နောက်တစ်ခေါက်သာပြန်ဆုံပါက အလေးအနက်ကို ကျေးဇူးတင်စကား ပြောလိုက်ဦးပေမည်။
စုယွမ်လည်း ငါးလေးကို ဝိညာဉ်ကျောက်တုံးထပ်ကျွေးလိုက်သည်။ ရှောင်ချိုက်ကလည်း အဆင့်တက်ထားရသည့်အတွက် အလွန်တရာပင်ပန်းနေရာ မငြင်းပယ်ခဲ့ပါပေ။
ရှောင်ချိုက်က အနိမ့်တန်းဝိညာဉ်ကျောက်တုံးနှစ်ဆယ်ကို ထပ်စားခဲ့သည်။ သူ အစာချေဖျက်ပြီးသွားသည်နှင့် နောက်ထပ် သုံးရောင်ခြယ်ဝိညာဉ်စွမ်းအင်တစ်သုတ်မှာ သူတို့နှစ်ဦး၏လျှို့ဝှက်ဆက်သွယ်နေသောကြိုးတန်းလေးမှတဆင့် စုယွမ်၏ဒန်ထျန်ထဲ ဝင်လာပြီး ဆန်းကြယ်ပတတိချီစွမ်းအင်အဖြစ် တိုက်ရိုက်ကူးပြောင်းသွားလေသည်။
စုယွမ် စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်တော့ ဤအတွက် အနားယူချိန်ကလည်း ပျက်မသွားကြောင်း သိလိုက်ရသည်။
သူ တကယ်ကို အံ့သြသွားရ၏။
ဒါကြီးက စည်းဖောက်တာ ဖြစ်နေပြီးမဟုတ်လား။
“နေပါဦး။”
စုယွမ်မှာ စနစ်မျက်နှာပြင်ကို သေချာစိုက်ကြည့်လိုက်တော့မှ သူ့မျက်လုံး ပြူးကျယ်သွားရသည်။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: အနည်းငယ်ကျော်ကြား (976 / 1000)
【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်လေး (99/ 100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားချိန် : ၃၉ရက်နှင့် ၁၁နာရီ။
【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာဝ: သင်က သဘာဝတရားကို ရှုမြင်ရာတွင် အလွန်တော်လာမည်။ ထို့အတွက် ကောင်းကင်နှင့်မြေကြီး၏ဆန်းကြယ်မှုမှတဆင့် တာအိုပညာကို ပို၍လွယ်ကူစွာ ရှာဖွေနိုင်ပေမည်။
“ငါ့ရဲ့ကျော်ကြားမှုအမှတ်က အမှတ်၃၀၀လောက်ထပ်တိုးလာတာလား။ ဘယ်တုန်းက တိုးသွားတာလဲဟ။”
စုယွမ်မှာ လွန်စွာ အံ့သြနေရ၏။
ဤအတောအတွင်း သူ စနစ်မျက်နှာပြင်ကို လှည့်မကြည့်ခဲ့၊ ထို့အပြင် သူ စနစ်မြည်သံကိုတောင် ပိတ်ထားခဲ့သေးရာ သူ၏ကျော်ကြားမှုအမှတ်က ဒီလောက်တောင် မြင့်သွားတာ မသိလိုက်ပေ။
တစ်ခုခုကတော့ မှားနေချေပြီ။
တကယ်ကို တစ်ခုခုတော့ ဖြစ်နေလောက်ပေပြီ။ ပြသနာတော့တက်ချေပြီ။
စုယွမ်မှာ တစ်ခုခုဖြစ်နေပြီမှန်း သိလိုက်ရ၏။
“ဘန်း။”
တစ်ယောက်ယောက်က သူ၏ခြံဝန်းတံခါးကို ခေါက်လာသည်။
စုယွမ် ခေါင်းလှည့်ကြည့်၍ သူ၏စိတ်ဝိညာဥ်အာရုံဖြင့် ကြည့်လိုက်ရာ အပြင်တွင် ရင်းနှီးနေသောပုံရိပ်တစ်ခုကိုတွေ့လိုက်ရ၏၊ယင်းမှာ ယဲ့ပိဖန်ပါပေ။
စုယွမ် မျက်မှောင်ကြုတ်သွားပြီး ထရပ်ကာ တံခါးဖွင့်ပေးလိုက်သည်။
ယဲ့ပိဖန်ကလည်း မော့ကြည့်လိုက်တော့ တကယ်ကို စုယွမ်ဖြစ်နေမှန်း သိသွားရာ အပြုံးယဲ့ယဲ့တစ်ခုက သူ့မျက်နှာထက် ပေါ်လာသည်။
“စုယွမ်၊ ငါက ယဲ့ပိဖန်လေ၊ မင်း ငါ့ကို မှတ်မိသေးလား။”
“သေချာပေါက် မှတ်မိတာပေါ့၊ ငါတို့နှစ်ရဲ့ထိပ်တန်းအဆင့်နှစ်ခုစပ်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်လေ။ ဂိုဏ်းတူအစ်ကိုယဲ့က ဘာကိစ္စနဲ့များ ငါ့ခြံဝန်းကို ရောက်လာတာလဲ။”
စုယွမ် မေးလိုက်သည်။
“လာမဲ့ရက်အနည်းငယ်အတွင်း အတွင်းဆောင်တပည့်တွေအတွက် ပြိုင်ပွဲရှိတယ်။ ဆယ်နှစ်အတွင်းဂိုဏ်းကို ဝင်လာတဲ့အတွင်းဆောင်တပည့်မှန်သမျှ ဝင်ပြိုင်ခွင့်ရှိတယ်။ ငါတော့ ဒီပြိုင်ပွဲမှာ ထိပ်တန်းသုံးယောက်ထဲဝင်မယ်လို့ တော်တော်လေးယုံကြည်ချက်ရှိတယ်။”
ယဲ့ပိဖန်မှာ အတော်လေးကို မောက်မာဝံ့ကြွားစွာ ပြောလာ၏။
စုယွမ်လည်း အံ့သြသွားပြီး မေးလိုက်သည်။
“ပြန်ရမဲ့ဆုက တော်တော်ကောင်းလို့လား။”
ယဲ့ပိဖန်က ရယ်မောလာ၏။
“တကယ်လည်း ကောင်းပါတယ်။ အဓိကအချက်ကတော့ နိုင်သွားရင် အတွင်းဆောင်တပည့်ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်ခွင့်ရမှာမလို့ပဲ။”
စုယွမ်လည်း သိချင်သွားရ၏။
“မင်းက ဘာလို့ အဲ့ဒီလောက်တောင် အတွင်းတပည့်ခေါင်းဆောင်ဖြစ်ချင်နေတာလဲ။”
“ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်ဖြစ်လာဖို့အတွက်က အဲ့နေရာရမှ ဖြစ်မှာမလို့လေ။”
ယဲ့ပိဖန်၏မျက်ဝန်းများက တောက်ပလာလျက် သူ၏ရည်ရွယ်ချက်ကိုလည်း ဖုံးကွယ်မထားပါချေ။
စုယွမ်လည်း တော်တော်အံ့သြသွားရသည်။
“မင်းက ဂိုဏ်းချုပ်ဖြစ်ချင်တာလား။ မိုက်ပါတယ်၊ မိုက်ပါတယ်။”
ယဲ့ပိဖန် တစ်ချက်ရယ်လိုက်သည်။
“ဂိုဏ်းထဲက ဘယ်သူကများ ဂိုဏ်းချုပ်မဖြစ်ချင်တဲ့သူ ရှိလို့လဲ။ ဘာလဲ၊ မင်းလား။”
“ငါလား။’
စုယွမ် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးမိလျက် စိတ်ညစ်ညစ်ဖြင့်သာ ပြန်ပြောလိုက်သည်။
“ငါမှာ ဂိုဏ်းချုပ်ဖြစ်ချင်တဲ့ဆန္ဒနည်းနည်းလေးတောင် မရှိပါဘူးကွာ။”
“အဲ့ဒါဆိုရင် ဘာဖြစ်လို့မင်းက အနိမ့်တန်းတပည့်တွေကို ကူညီဖို့အတွက် ဆိုင်ဖွင့်ပေးပြီး မင်းကိုယ်မင်း နာမည်ကြီးအောင် လုပ်နေသေးတာလဲ။ ဒါက အတွင်းတပည့်ခေါင်းဆောင်နေရာအတွက် လမ်းဖောက်နေတာမဟုတ်ဘူးလား။”
ယဲ့ပိဖန်၏အကြည့်များမှာ စူးရှလာ၏။