အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း ၈၉။ အရှက်ရခြင်း
ချဲယုံဖုန်းမှာ စိတ်အခြေအနေ အတော်လေးဆိုရွားနေပြီး အလုပ်၏ သက်ရောက်မှုကြောင့်လည်း ပို၍စိတ်ဖိအားများနေသည်။
အချောင်ခိုရန်အတွက် သူသည် တစ်နေ့ကို အိမ်သာရှစ်ကြိမ်သွားနေပြီး ထို့ထက်မက များသည့်အကြိမ်လည်းရှိ၏။ တစ်နေ့ရှစ်ကြိမ်ဆိုသည်မှာ ပါးစပ်ဖျားမှထွက်ဆိုရလွယ်၍ အလွယ်တကူ ပြောလိုက်ခြင်းဖြစ်သော်လည်း တကယ်တမ်း၌ တစ်နေ့ ဆယ်ကြိမ်
မကပေ။
သူခမျာ သူ့ကိုယ်သူ မသိသော်ငြား ပတ်ဝန်းကျင်၌မူ ချဲယုံဖုန်း ဆီးရောဂါရှိနေသည်ဟူသော သူ၏အတင်းများ ပျံ့နှံ့နေပြီဖြစ်သည်။
ဘာလို့မဟုတ်ရမှာလဲ… ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ဆယ်ကြိမ်မက သေးပေါက်ပါ့မလား… သေချာနေပါပြီ ဆီးရောဂါရှိနေတာ..
တခြားသူတစ်ဦးဆိုလျှင် ကောလဟာလမှာ ထိုမျှလောက် ကြီးကျယ်မည်မဟုတ်ပေ။ သို့သော် လက်ရှိ ကောလဟာလ မပြန့်မီ ယခင်တွင်လည်း ချဲယုံဖုန်းသည် အမြှုံဟူ၍ သတင်းပြန့်ခဲ့ဖူးသည်။ သူသည် အိမ်ထောင်ကျသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း ကလေးမရနိုင်ကာ အဘွားကြီးကျောက်သည် ထိုအချက်ကို စွဲကိုင်၍ သူ၏အတင်းအဖျင်းကို လောကအနှံ့ဖြန့်ခဲ့၏။
အဘွားကြီးကျောက်ကတော့ ချဲယုံဖုန်းကို နာမည်ဖျက်ရမယ်ဆိုရင် တကယ်ကို သွေးရူးသွေးတန်းပဲ…
ထိုကောလဟာလမှာ များစွာပြန့်နှံ့သွားခဲ့သည်။
ယခုလက်ရှိတွင်လည်း အိမ်သာသို့ အခေါက်ပေါင်းများစွာ သွားနေ၍ လူတိုင်းမှာ သူ့ကို သံသယဝင်လာကြ၏။
အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးမှာ အိမ်သာသို့ မကြာခဏသွား၍ သေးပေါက်နေရကာ ဆီးမထိန်းနိုင် ဖြစ်နေခြင်းမှာ…… တစ်ခုခုမှားယွင်းမနေဘူးဟု ဆိုလျှင်ပင် မည်သူမှ မယုံကြည်ပေ။
ဒါက သေချာပေါက်ကို တစ်ခုခုမှားနေတာ…
လူအများ ဝိုင်းဝန်းအတင်းပြောနေကြသော်လည်း ကာယကံရှင်ဖြစ်သူ ချဲယုံဖုန်းခမျာ ဘာမှမသိရှာပေ။ သူသည် တစ်နေ့ကို အကြိမ်ပေါင်း ရှစ်ရာလောက် အိမ်သာတက်ကာ အလုပ်ရှောင်နေကျအတိုင်း ဇိမ်တွေ့နေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်နေမိသည်။ လူအများမှာ သူရေသာခိုနေမှန်း သိနေကြသော်လည်း မည်သူကမှ ဘာမှမလုပ်ရဲကြသည်မှာ အမှန်ပင်။ အကြောင်းမှာ သူ၏ဇနီးသည်မှာ ပါတီ အတွင်းရေးမှူး ကျန်း၏ သမီးဖြစ်နေသောကြောင့်တည်း။
ချဲယုံဖုန်းသည် စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်သာထဲသို့ တစ်ယောက်တည်း ဝင်လာခဲ့၏။ သူသည် အိမ်သာခွက်ကို ဖွင့်လိုက်ရင်း အတွေးကမ္ဘာထဲသို့ နစ်မျောနေမိသည်။
အမှန်အတိုင်းပြောရလျှင် သူသည်လည်း လတ်တလောကာလ၌ ဖိအားများစွာကို ကြုံတွေ့နေရ၏။ မိဘများမှာ သူ့အပေါ်တွင် မျှော်လင့်ချက်ကြီးစွာထားကြပြီး သားဖြစ်သူအတွက် အမြဲဂုဏ်ယူနေတတ်ကြသည်။ သူသည် ချမ်းသာသောမိသားစုမှ သမီးနှင့် အိမ်ထောင်ပြုထားသဖြင့် သူ့မိဘများမှာ စားဝတ်နေရေးအတွက် အဆင်ပြေသော်လည်း အလုပ်အကိုင်ပိုင်းတွင်မူ ယောက္ခမဖြစ်သူသည် ဘာမှကူညီထောက်ပံ့ပေးခြင်း မရှိပေ။
"ဒီမြေခွေးအိုကြီးက ငါ့ကို မြှောက်ပင့်ပေးဖို့ စိတ်ကူးရှိပုံမရဘူး..."
သူ တိုးတိုးလေး ရေရွတ်လိုက်၏။
သူသည် မိမိကိုယ်မိမိ ပြန်ကြည့်ကာ သက်ပြင်းချမိရင်း ~~
"ငါ့မိန်းမကလည်း ကျားမလိုပဲ၊ သူ့အဖေကလည်း မြေခွေးလို လည်လွန်းတယ်၊ တကယ့်ကို ဒုက္ခပါပဲ..."
ထိုသို့ မြည်တွန်တောက်တီးနေစဉ်မှာပင် အမိုးပေါ်မှ တစ်စုံတစ်ခု ဗြုန်းခနဲ ပြုတ်ကျလာလေသည်။
"အို... မြတ်စွာဘုရား..."
ချဲယုံဖုန်းသည် လန့်ဖျန့်ကာ လှမ်းဖမ်းလိုက်မိသော်လည်း လက်ထဲမှ အရာကို မြင်လိုက်ရသောအခါ~~
"အား......"
၎င်းမှာ မြွေတစ်ကောင် ဖြစ်နေ၏။
သူသည် အလန့်တကြား လွှတ်ပစ်လိုက်သော်လည်း ဘောင်းဘီပင် ပြန်မဝတ်ရသေးမီ ခြေထောက်ပေါ်သို့ တရွရွတက်လာသော နောက်ထပ်အရာတစ်ခုကို မြင်လိုက်ရပြန်သည်။
"အား... အား... အိမ်သာထဲမှာလည်း မြွေရှိနေပါလား..."
မြို့ပေါ်တွင် ကြီးပြင်းပြီး မိဘများ၏ အလိုလိုက်ခြင်းကို ခံခဲ့ရသော ချဲယုံဖုန်းသည် ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးပေ။ သူသည် ဖြူဖျော့နေသော မျက်နှာဖြင့် အိမ်သာထဲမှ အပြင်သို့ အော်ဟစ်ကာ ပြေးထွက်လာတော့၏။
"ကယ်ကြပါဦး... မြွေ... မြွေကြီး... ကယ်ကြပါဦးဗျို့..."
သူ၏ အော်ဟစ်သံများသည် ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် အမျိုးသားအိမ်သာမှာ လူရှင်းနေသော်လည်း ရေသာခိုချင်သော အမျိုးသမီးအချို့မှာမူ အိမ်သာသို့ ထွက်လာကြ၏။ သူတို့သည် ချဲယုံဖုန်းကို မြင်မြင်ချင်း မျက်နှာကို လက်နှင့်အုပ်ကာ ဟန်ဆောင်တုံ့ပြန်လိုက်ကြသည်။
"ချဲယုံဖုန်း... ရှင် ဘာတွေလုပ်နေတာလဲ... လူမြင်မတော်လိုက်တာ..."
အမျိုးသမီးများသည် လက်ချောင်းများကို အသာဟကာ ချောင်းကြည့်ရင်း တီးတိုးပြောလိုက်ကြသေး၏။
"သူ့ကို ပန်းသေပန်းညှိုးလို့ ပြောကြပေမဲ့ ကြည့်ရတာတော့ မဆိုးပါဘူး၊ အစေ့လေးလောက်ပဲ ရှိမယ်ထင်တာ၊ အခုတော့ လက်ညှိုးထက်တောင် ကြီးသေးတယ်..."
"ဒါပေမဲ့ သူ့အရပ်အမောင်းနဲ့တော့ မလိုက်ဖက်ဘူးနော်၊ အားမကိုးရတဲ့ ပုံစံမျိုးပဲ..."
ချဲယုံဖုန်းသည် ဒေါသတကြီးဖြင့် ဘောင်းဘီကို ကမန်းကတန်း ပြန်ဆွဲတင်လိုက်ရင်း အော်ဟစ်လိုက်သည်။
"ဘာကြည့်နေကြတာလဲ..."
သို့သော် ကံဆိုးချင်သောအခါ လူအုပ်ကြီးသည်လည်း ထိုနေရာသို့ ဦးတည်လာနေ၏။ သူသည် ပျာပျာသလဲနှင့်…
"အား......"
ဘောင်းဘီအောက်နားနှင့် ငြိကာ ဖင်ထိုင်လျက် လဲကျသွားပြန်သည်။
"ဘာဖြစ်တာလဲ..."
"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ၊
ဟယ်... ချဲယုံဖုန်း၊ မင်းကတော့ တကယ်ပဲ..."
အလုပ်သမားများနှင့် ထောက်ပံ့ရေးဝန်ထမ်းများပါ အပြေးအလွှား ရောက်လာကြ၏။ ချဲယုံဖုန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်ကာ
"ဘာတွေ ဝိုင်းကြည့်နေကြတာလဲ... မင်းတို့မှာရော မရှိလို့လား၊ သူများဟာကို လာကြည့်နေရအောင်..."
လူအုပ်ထဲမှ တစ်ယောက်မှာ သရော်လိုက်ရင်း~~
"ချဲယုံဖုန်း... မင်းက ဘာလို့ ဒီလိုကြီး လမ်းလျှောက်ပြနေရတာလဲ၊ မင်းမှာ တစ်ခုခု သက်သေပြချင်စရာ ရှိနေရင်တောင် ဒီလိုမျိုး မိန်းမတွေရှေ့မှာ မလုပ်သင့်ဘူးလေ..."
"မင်းတို့ လျှောက်မပြောနဲ့..."
ချဲယုံဖုန်း တုန်တုန်ရင်ရင်ဖြင့် ပြန်ပြောကာ
"မြွေရှိတယ်... ဟိုမှာ မြွေကြီး... မြန်မြန် ဖမ်းပေးကြပါဦး..."
သူပြောလိုက်သည်နှင့် မြွေတစ်ကောင်သည် သူ၏ ဘေးနားသို့ လျှောခနဲ ရောက်လာပြန်သည်။
"အား... အား......"
သူ၏ အော်သံကြောင့် လူများ ပိုမိုစုရုံးလာကြ၏။ ထိုစဉ် မီးဖိုချောင်ထဲမှ အဘွားကြီးကျောက်နှင့် သူမ၏ သူငယ်ချင်းများမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာကြသည်။
အဘွားကြီးကျောက်မှာ အောင်ပွဲခံသည့်ဟန်ဖြင့် ဝမ်းသာပီတိဖြာနေကာ ~~
‘ဟဲဟဲ... မိပြီ... ချဲယုံဖုန်း၊ နင် ဒါမျိုးဖြစ်မယ်လို့ မထင်ထားဘူးမလား၊ ငါ့အကြံ အောင်မြင်သွားပြီ...’
သူမသည် အားကစားသမားတစ်ယောက်ကဲ့သို့ ပြေးလာရင်း အော်ဟစ်လိုက်၏။
"ဟေ့... ကြည့်ကြပါဦး... ချဲယုံဖုန်းကြီး အဝတ်အစားမပါဘဲ အရှက်ကွဲနေပြီဟေ့..."
ချဲယုံဖုန်းမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီကာ မေ့လဲမတတ် ဖြစ်သွားရလေတော့သည်။
"ခင်များတို့ လျှောက်မပြောနဲ့၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး..."
ချဲယုံဖုန်းသည် ပြောလက်စ စကားကို ဖြတ်ကာ အောက်သို့ ငုံ့ကြည့်လိုက်မိသည်။ ထိုအခါမှ သူ၏ဘောင်းဘီမှာ အောက်သို့ပုံကျနေဆဲဖြစ်သည်ကို မြင်လိုက်ရ၏။ ထို့တင်မကသေး၊ မြွေစိမ်းလေးမှာ သူ၏ခြေထောက်တွင် ရစ်ပတ်နေသည်ကိုပါ မြင်လိုက်ရသောအခါ…
"အား......"
ချဲယုံဖုန်းသည် မျက်လုံးအိမ်ကြီးများ နောက်ပြန်လန်သွားကာ "ဘုန်း" ခနဲ မြေပြင်ပေါ်သို့ လဲကျပြီး သတိလစ်သွားလေတော့သည်။
ဘေးမှ ဝိုင်းကြည့်နေသူများမှာလည်း အံ့အားသင့်ကုန်ကြ၏။
"ဟယ်... သွားပြီ..."
"မြတ်စွာဘုရား... ကြည့်စမ်းပါဦး"
"ဒီလူ ဘာဖြစ်သွားတာလဲ..."
"အင်း... သူ သတိလစ်သွားတာ ဟုတ်ပါပြီ၊ ဘောင်းဘီတော့ ဆွဲတင်ပေးသင့်တယ် မဟုတ်လား"
သတိလစ်တာတောင် ဘောင်းဘီလေးတော့ ဆွဲတင်သွားပါဦးလား… အရှက်မရှိလိုက်တာ..
လူအများ စိတ်ထဲမှ တွေးနေမိကြသည်။
တကယ့်ကို အရှက်မရှိတဲ့ ဖြစ်ရပ်ပဲ..
ဝိုင်းကြည့်နေသူအားလုံးမှာလည်း မှင်တက်နေကြရ၏။
"ငါတို့ သူ့ကို ထိတောင်မထိရသေးဘူးနော်၊ သူဘာသာသူ လဲကျသွားတာ… နောက်မှ ငါတို့ကို အပြစ်လာတင်လို့ မရဘူး၊ ချဲယုံဖုန်းက တကယ့် လူကြီးသလောက် စိတ်လက်တစ်ဆစ်ဗျ.."
အလုပ်သမားတစ်ယောက်မှာ စိုးရိမ်တကြီး ပြောလိုက်သည်။
အခြားတစ်ယောက်သည်လည်း ဝင်ထောက်ခံကာ
"အေးလေ၊ ဒါပေမဲ့ သူက အခုမှ အလုပ်သင်ပဲရှိသေးတာ၊ ငါတို့ ထောက်ပံ့ရေးဌာနကို သူ ဘာမှလုပ်လို့မရပါဘူး.. ပြီးတော့ ငါတို့က ဘာမှလုပ်တာမှ မဟုတ်တာ၊ သူဘာသာသူ မြွေကြောက်ပြီး လဲသွားတာကို ငါတို့ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲ"
"စကားတွေ အများကြီး ပြောမနေကြနဲ့တော့၊ ဆေးပေးခန်းကိုပဲ အရင် ပို့ကြရအောင်"
"ဒါကြီးအတိုင်း (အဝတ်မပါဘဲ) ပို့ကြမလို့လား"
"ဒါဆို မင်းက ချီမသွားမလို့လား၊ ငါတို့ ယောက်ျားချင်းတောင် တော်တော် ကြည့်ရဆိုးနေတာ"
"ဒါကတော့ ရှင်းနေတာပဲလေ၊ မိန်းမတွေသာ ဒီလိုဆိုရင် ပိုတောင် အရှက်ကွဲဦးမယ်"
ထောက်ပံ့ရေးဌာနရှိ အမျိုးသမီးကြီးများသည် ပျိုပျိုရွယ်ရွယ်လေးများ မဟုတ်ကြကာ၊ ကလေးအဘွား၊ ကလေးအမေများပင် ဖြစ်နေကြပြီဖြစ်ရာ အထူးတလည် ရှက်မနေကြတော့ပေ။ သူတို့သည် မျက်နှာကို လက်နှင့် မအုပ်ထားဘဲ ခြေဖျားလေးများ ထောက်ကာ စိတ်ဝင်တစား ချောင်းကြည့်နေကြလေသည်။
"ဟဲ့... ကြည့်စမ်းပါဦး..အရင်က လူတွေပြောနေတာ ငါတော့ သိပ်မယုံဘူး၊ အခု ကြည့်ရတာတော့ တကယ်ပဲ သူက သိပ်မစွမ်းတာပဲ"
"ဒါတောင် မစွမ်းသေးဘူးလား၊ ငါဆို ဒါထက်သေးတာ လက်ညှိုးလောက်ပဲ ရှိတာတောင် တွေ့ဖူးသေးတယ်"
"သွားစမ်းပါ၊ အဲဒါတွေက ပိုဆိုးတာပေါ့..ဒါပေမဲ့ ဒါကလည်း သိပ်မကောင်းလှပါဘူး၊ ငါ့ယောက်ျားက ဒါထက် အများကြီး သာပါတယ်"
"အမလေး... ငါနဲ့တောင် မယှဉ်နိုင်ပါလား”
"လူကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရဘူးနော်၊ ဒီကောင်က လူကသာ ထွားတာ၊ တကယ်တမ်းကျတော့ ဘာမှမဟုတ်ဘူး"
လူအုပ်ကြီးသည် သတိလစ်နေသော ချဲယုံဖုန်းကို ဆေးပေးခန်းပို့ဖို့ထက် သူ၏ အောက်ပါပစ္စည်းကို အားရပါးရ ဝေဖန်ဆွေးနွေးနေကြ၏။
သူ သတိလစ်နေတာပဲ၊ သေတာမှ မဟုတ်တာ၊ အေးဆေးပေါ့ … ဘာတွေလောနေတာလဲ.. ကြည့်ပါရစေဦး..
အားလုံး ထိုသို့သာ သဘောထားနေကြပုံရသည်။
ထိုစဉ် စက်ရုံအိမ်သာ သန့်ရှင်းရေးတာဝန်ခံ ဦးလေးရွှီမှာ ချဲယုံဖုန်း၏ ခြေထောက်နားသို့ ငုံ့ကြည့်လိုက်ပြီး မြွေကို ကျွမ်းကျင်စွာ ဖမ်းလိုက်၏။ သူ ကျေနပ်အားရစွာဖြင့်~~
"ဖမ်းမိတဲ့သူက ပိုင်တာပဲဟေ့... ဒီညတော့ ငါ့အိမ်မှာ ဟင်းတစ်ခွက် ပိုပြီပေါ့"
အမျိုးသမီးအုပ်စုမှာ အံ့ဩတကြီးဖြင့်
"ဦးလေးရွှီ... အဲဒါ အိမ်သာထဲက ထွက်လာတာနော်..."
ဦးလေးရွှီမှာ ဂရုမစိုက်သည့်အလား အေးအေးဆေးဆေးပင်……
"အိမ်သာထဲက ထွက်ရင် ဘာဖြစ်လဲ၊ ချက်လိုက်ရင် အသားပဲဟာကို.. ပြီးတော့ ငါက အရေခွံစားမှာမှ မဟုတ်တာ"
ခပ်တည်တည် ပြန်ပြောလိုက်သဖြင့် လူအများမှာ စိတ်ကသိကအောက် ဖြစ်သွားကြရသည်။
ဦးလေးရွှီမှာ မကျေနပ်သေးဘဲ~~
"ရှိသေးလား... ရှိသေးလား..." ဟု မေးကာ အိမ်သာထဲသို့ ဝင်သွားပြန်၏။ ခဏအကြာတွင် နောက်ထပ် မြွေစိမ်းနှစ်ကောင်ကို ထပ်မံဖမ်းမိလာပြီး မျက်နှာကြီး ဝင်းပနေတော့သည်။
"ကြည့်စမ်း၊ ဒီနေ့တော့ အမြတ်
ထွက်တာပဲ.. ဒီမြွေစိမ်းလေးတွေက အဆိပ်မရှိပါဘူးဗျာ ချဲယုံဖုန်းကတော့ တကယ့် သူရဲဘောကြောင်ပဲ၊ လူကသာ အကြီးကြီး၊ အသုံးကို မကျဘူး"
သူ ချဲယုံဖုန်းကို အထင်သေးစွာ ကြည့်လိုက်ရင်း ပြောဆိုလိုက်၏။
"ငါ့လောက်တောင် မစွမ်းဘူး။"
"ချဲယုံဖုန်းက မြွေအရမ်းကြောက်တယ်လို့ ကြားဖူးတယ်”
"ဘယ်သူသိမှာလဲ"
"တကယ်ပါ၊ တစ်ခါက စင်္ကြံလမ်းမှာ မြွေတစ်ကောင် ဖြတ်ပြေးတာကို သူက အလန့်တကြား အော်လိုက်တာ၊ တစ်စက်ရုံလုံး ပွက်လောရိုက်သွားတာလေ"
"ဟော... ဒီကောင် ဘာဖြစ်လို့ မြွေကြောက်ရတာလဲ.. မြွေစိမ်းလေး တစ်ကောင်ကိုတောင် ဒီလောက်အော်ရလား.. ဒါနဲ့ ဒီကောင့်ကို ဘယ်လိုလုပ်ကြမလဲ"
"သူ့အလုပ်ရုံက လူတွေကိုပဲ သွားခေါ်လိုက်ကြမလား"
"ဒီကောင်က တကယ့် လူယုတ်မာပဲ မြွေကြောက်လို့ အော်တာက ထားပါဦး၊ ဘာဖြစ်လို့ ဘောင်းဘီကို ချွတ်ထားတာလဲ၊ မြွေနဲ့ ပြိုင်ချင်လို့လား၊ ဒါပေမဲ့ ဘယ်လိုမှ ပြိုင်လို့မရပါဘူးလေ"
"တော်ကြတော့... တော်ကြတော့"
လူအုပ်ကြီး တစီစီ ပြောနေကြစဉ် အဘွားကြီးကျောက်၏ မျက်လုံးများ အရောင်တလက်လက် တောက်လာပြီး အသံကျယ်ကြီးဖြင့် ဝင်ပြောလိုက်သည်။
"ဒီလူက သိပ်အငြိုးကြီးတာ.. သူ့ကို ငါတို့က ဆေးပေးခန်း ပို့ပေးလိုက်ရင် နောက်မှ ငါတို့ကို တစ်မျိုးစွပ်စွဲနေဦးမယ်.. ငါတို့ လက်နဲ့မထိရင် ဘာမှမဖြစ်ပေမဲ့၊ သွားထိမိလို့ တစ်ခုခုဖြစ်ရင် ငါတို့ပဲ အရှုပ်ထဲ ပါကုန်မယ်”
"အေး... အဲဒါလည်း ဟုတ်သားပဲ"
"အင်း..."
"ဒါဆို သူ့အလုပ်ရုံက လူတွေကိုပဲ ခေါ်လိုက်တာ ပိုကောင်းမယ်"
အားလုံးမှာ အရှုပ်မခံချင်ကြပေ။ ချဲယုံဖုန်းသည် သာမန်လူ မဟုတ်ဘဲ အလွန် အငြိုးအတေးကြီးသူ ဖြစ်၏။ အတိတ်၌ လင်းကျန့်ဝမ် အလုပ်ရသော်လည်း သူ၏ညီ အလုပ်မရခဲ့သည့် ကိစ္စတွင်ပင် ချဲယုံဖုန်းမှာ တစ်ဖက်သားကို အဆက်မပြတ် အနိုင်ကျင့်နှိပ်စက်ခဲ့ဖူးသည်။ ယခုကဲ့သို့ အရှက်တကွဲ ဖြစ်သွားသောကိစ္စတွင် ပိုဆိုးမည်ဖြစ်ပြီး သူ့ကို ကူညီခဲ့သူများကိုပင် အပြစ်ရှာနေဦးမည်သာ။
"ငါတို့နဲ့ မဆိုင်ဘူးနော်၊ အားလုံးက ဒီအတိုင်း ဝိုင်းကြည့်နေကြတာပဲ၊ ငါတို့တစ်ယောက်ချင်းစီကို လာအပြစ်တင်လို့ မရဘူး.. ဒါပေမဲ့ သူ့ကို ဆေးပေးခန်းပို့ပေးရင် သူ့မှာ ဘောင်းဘီမပါတာကို လူသိရှင်ကြား ဖြစ်အောင် လုပ်တယ်ဆိုပြီး ငါတို့ကို ရန်ပြန်လုပ်နေဦးမယ်"
ထို့ကြောင့် မည်သူမှ ရှေ့မတိုးရဲကြပေ။ ကူညီလိုက်မိမှ အပြစ်အတင်ခံရမည်ထက် ဘာမှမလုပ်ဘဲ နေခြင်းက ပိုစိတ်ချရသည်ဟု သူတို့ ယူဆလိုက်ကြသည်။
အဘွားကြီးကျောက်၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူမမှာ တကယ့် မြေခွေးအိုကြီးပင်။
ဟဲဟဲ.. ချဲယုံဖုန်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူမ ကောင်းကောင်းသိတာပေါ့..
"ကဲ... အလုပ်ရုံကို သွားပြီး အကူအညီ တောင်းကြရအောင်”
"ဟုတ်တယ်၊ သူတို့အလုပ်ရုံက လူတွေကိုပဲ ခေါ်ခိုင်းလိုက်"
"ငါတို့တော့ ဒီလူနဲ့ အရှုပ်မခံနိုင်ဘူး။"
လူအုပ်ကြီး ချဲယုံဖုန်းကို ဝိုင်းအုံကြည့်နေစဉ်မှာပင် လုံခြုံရေးဝန်ထမ်းများ ရောက်ရှိလာသည်။ သူတို့မှာ လူအုပ်ထဲ တိုးဝင်လာရင်း~~
"ဘာဖြစ်နေတာလဲ... ဘာဖြစ်နေတာလဲ... ဟာ... ချဲယုံဖုန်း ဘာဖြစ်သွားတာလဲ..."
လုံခြုံရေးခေါင်းဆောင် အံ့ဩတကြီးဖြင့် အော်လိုက်၏။
"မင်းတို့ ဘာတွေလုပ်နေကြတာလဲ... အခွင့်ကောင်းယူပြီး ဘာဖြစ်လို့ သူ့ဘောင်းဘီကို ဆွဲချထားကြတာလဲ... ဒါကတော့ လွန်လွန်းပြီနော်..."
ဘေးမှ ဝိုင်းကြည့်နေသူများ : “……”
အားလုံးမှာ ဆွံ့အသွားကြရသည်။
သူတို့ တကယ်ကို မလုပ်ဘဲနဲ့ အစွပ်စွဲခံလိုက်ရတာပါ… တကယ်ပါပဲ… ဘာများကြည့်ချင်စရာ ကောင်းနေလို့လဲဗျာ…
"ကျုပ်တို့ လုပ်တာ မဟုတ်ပါဘူးဗျာ..."
"ဟုတ်တယ်၊ သူဘာသာသူ ချွတ်ထားတာ... အိမ်သာထဲက ပြေးထွက်လာကတည်းက ဘောင်းဘီက မပါလာတာ... ဘယ်လိုဖြစ်ပြီး ငါတို့ကို စွပ်စွဲရတာလဲ..."
"ဟုတ်ပါရဲ့၊ ငါက ဘောင်းဘီချွတ်မယ်ဆိုရင်တောင် သူ့ဟာကို မချွတ်ပါဘူး၊ ဘာမှ ကြည့်စရာရှိတာ မဟုတ်ဘူး..."
"အေးလေ..."
လုံခြုံရေးဝန်ထမ်းများ : "..."
သူတို့ပြောသည်မှာလည်း ဟုတ်သလိုလို ရှိနေသဖြင့် လုံခြုံရေးများပင် ဘာပြန်ပြောရမှန်း မသိတော့ပေ။
အမျိုးသမီးအိမ်သာထဲသို့ အရင်ဆုံးရောက်ရှိနေသော အမျိုးသမီးကြီး သုံးယောက်မှာ အခြေအနေကို ရှင်းပြကြ၏။
"သူက မြွေတွေကို ကြောက်ပြီး အပြင်ကို ခုန်ထွက်လာတာ၊ နောက်တော့ မြွေတွေကို မြင်ပြီး လန့်ဖျန့်ကာ သတိလစ်သွားတာပဲ..."
"အေးလေ... မြွေစိမ်းလေး တစ်ကောင်နှစ်ကောင်ပဲဟာကို.. ကြည့်စမ်း... ဒီမှာ တစ်ကောင်၊ ငါကတော့ အိမ်ယူသွားပြီး မြွေသားဟင်းချက်စားမလို့ပဲ၊ သူက ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ မသိဘူး..."
မြွေဖမ်းထားသူမှာ ဆိုလေသည်။
ဘေးမှ တစ်ယောက်သည်လည်း ခပ်နောက်နောက် ဝင်ပြောလိုက်ကာ
"သူ့ထက် ကြီးနေလို့နေမှာပေါ့..."
"တော်စမ်းပါ... အတည်ပေါက် ပြောနေတာကို..."
"ဟေ့... ငါကရော ဘာကို မတည်မငြိမ် ပြောလို့လဲ၊ ဘာလို့ သူများအပေါ် အပြစ်ပုံချနေရတာလဲ..."
ကျား၊ မ မရွေး လူအုပ်ကြီးသည် အတင်းအဖျင်း ပြောဆိုရင်း ချဲယုံဖုန်း၏ ကိုယ်ခန္ဓာကို စိတ်ဝင်တစား စိုက်ကြည့်နေကြ၏။ လူတိုင်းသည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အကဲခတ်နေကြသည့် အလားပင်။
ကြည့်တာ အပြစ်မှ မဟုတ်တာလေ… သူကလည်း ချွတ်ထားတာပဲကို..
အဘွားကြီးကျောက်သည်လည်း အနီးကပ်ကြည့်ကာ နှုတ်ခမ်းကို မဲ့လိုက်ရင်း~~ရေရွတ်ဟန်ဖြင့် ပြောလိုက်လေသည်။
"ငါ့ရဲ့ သေသွားတဲ့ အဘိုးကြီးတောင် သူ့ထက် သာသေးတယ်၊ ဒီလောက်ပဲဟာကို၊ ကလေးမရတာ မဆန်းပါဘူး..."
ဘေးနားရှိ လူများသည်လည်း သူမစကားကို ကြားကာ ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။
အရင်ကတည်းက သံသယရှိခဲ့သမျှ ယခုတော့ လက်တွေ့မြင်လိုက်ရပြီ မဟုတ်ပါလား…
မျက်မြင်အရဆိုလျှင် ချဲယုံဖုန်း၏ အခြေအနေမှာ အားကိုးလောက်စရာ မရှိသဖြင့် ကလေးမရနိုင်ခြင်းမှာ သဘာဝကျသည်ဟု အားလုံး ကောက်ချက်ချလိုက်ကြ၏။
လုံခြုံရေးဝန်ထမ်းများမှာ ဆွေးနွေးနေသော စကားဝိုင်းကြီးကို ဖြတ်ပြောကာ~~
"ဟေ့... ခဏနေကြဦး၊ စကားတွေ ရပ်လိုက်ကြတော့... သူ့ကို ဆေးပေးခန်း အရင်ပို့ကြစို့..."
"ငါတို့တော့ မချီရဲဘူးနော်..."
"ဟုတ်တယ်၊ သူက လူညစ်ပဲ၊ နိုးလာရင် ငါတို့ကို တစ်မျိုး စွပ်စွဲနေဦးမယ်..."
လုံခြုံရေးများမှာ စိတ်ပျက်လက်ပျက်ဖြင့် ~~ "ခင်များတို့ကတော့ တကယ်ပါပဲ..." ဟု ဆိုလိုက်သော်လည်း သူတို့ စိုးရိမ်သည်မှာလည်း အမှန်ပင်။
"ကဲ... ဒါဆိုလည်း ငါတို့ပဲ သယ်သွားမယ်"
"ဘောင်းဘီကိုရော ဆွဲတင်ပေးလိုက်ရမလား။"
"ဒီလိုပဲ သယ်သွားလိုက်တာ အကောင်းဆုံးပဲ၊ ဆေးပေးခန်းရောက်မှ ဆရာဝန်က စစ်ဆေးရတာ လွယ်တာပေါ့၊ သူလည်း သိပ်မကြောက်ရတော့ဘူး..."
လူအုပ်ကြီး လမ်းဖယ်ပေးလိုက်ကြပြီး လုံခြုံရေးနှစ်ယောက်မှာ ချဲယုံဖုန်း၏ ခေါင်းတစ်ဖက်၊ ခြေထောက်တစ်ဖက်မှ မကာ ဖြည်းဖြည်းချင်း သယ်ဆောင်သွားကြသည်။
လမ်းတစ်လျှောက်တွင်လည်း~~
"ဘာဖြစ်တာလဲဟေ့..."
"အမလေး... လူတွေအများကြီးပဲ၊ ဘာတွေဖြစ်ကုန်တာလဲ..."
ခဏအတွင်းမှာပင် လူပေါင်း ရာချီ ရောက်ရှိလာပြီး အလွှာလိုက် ဝိုင်းအုံကြည့်နေကြတော့၏။ အလုပ်ရုံများထဲမှ လူများပါ ထွက်လာကြရာ လူအုပ်ကြီးမှာ ပုရွက်ဆိတ်အုံကဲ့သို့ပင်။
အဘွားကြီးကျောက်သည် လူအုပ်ထဲ၌ ရွှီကောင်းမင်ကိုပင် လှမ်းမြင်လိုက်သည်။ သူပုံစံမှာ ဘာမှမသိသည့်နှယ် ဟန်ဆောင်ကာ တည်တည်ငြိမ်ငြိမ် ရပ်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ တုန်လှုပ်နေမှန်း သိသာလှ၏။
အရင်ရောက်နေသူများသည် နောက်မှ ရောက်လာသူများကို အားရပါးရ ပြန်ပြောပြနေကြသည်။
"လူကသာ အကြီးကြီး၊ နေ့ခင်းကြောင်တောင် မြွေကြောက်ပြီး မေ့လဲသွားတာတဲ့ဟေ့..."
"မေ့လဲတာတင် မဟုတ်ဘူး၊ ဘောင်းဘီတောင် ပြန်မဝတ်နိုင်ဘူးလေ၊ ရှက်စရာကြီး..."
အမျိုးသမီးများမှ လက်ညှိုးထိုး၍ ဝေဖန်ခံနေရသည်မှာ….
အမယ်လေး.. သောက်ကျိုးနည်းအောင် ရှက်ဖို့ကောင်းတာပဲ..
ရွှီကောင်းမင် : “……”
"ငါ သိသားပဲ... ငါ သိသားပဲ…လင်းကျန့်ဝမ်က ချဲယုံဖုန်းကို လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ငါ သိနေတယ်..."
သူ သိနေပါတယ်… ဒီလောကကြီးမှာ သူ့လောက် တစ္ဆေသရဲအကြောင်း နားလည်တဲ့သူ မရှိဘူး…
ဘယ်သူမှမရှိဘူး…
သူသည် ချဲယုံဖုန်းကို သနားစရာသတ္တဝါလေးတစ်ခုလို ကြည့်ရင်း ၎င်းမှာ အစပျိုးရုံသာ ရှိသေးကြောင်း ခံစားမိနေ၏။
‘လူက သရဲကို ဘယ်လိုလုပ် ယှဉ်
နိုင်မှာလဲ…ဒီကောင် ဘာလို့ နားမလည်ရတာလဲ’
ထို့ကြောင့် နားလည်လှသည် သူကဲ့သို့ မြေခွေးအိုကြီးမှာ ကိစ္စရပ်များအားလုံး အဆင်မပြေဖြစ်လာသည်ကို သိလိုက်သည်နှင့် မည်သူ့ကိုမှ ရန်မစကာ ငြိမ်နေခဲ့သည်။
‘မမြင်ဘူလား… ငြိမ်နေတော့ သူ့မိသားစု အဆင်ပြေနေပြီ’
‘အင်း… ချဲယုံဖုန်းကတော့ သေလမ်းရှာနေပြီ ကျွစ် ကျွစ်’
ရွှီကောင်းမင်မှာ သူ့ကိုယ်သူ အလွန်ပင် ထက်မြက်ကာ လောကတွင် ဉာဏ်အရှိဆုံးသူဟု ထင်နေလေသည်။ သူသည် ချဲယုံဖုန်းကို ကြည့်ကာ ခေါင်းခါလိုက်ရင်း မှတ်ချက်ပြုလိုက်၏။
"ငယ်လွန်းသေးတယ်... ဉာဏ်ကလည်း မရှိဘူး..."
အဘွားကြီးကျောက်သည် လူအုပ်ထဲတွင် ရောနှောကာ စကားကို မြှောက်ပင့်ပေးလိုက်၊ ရယ်မောလိုက်ဖြင့် အခြေအနေကို ပို၍ ပွက်လောရိုက်အောင် လုပ်နေသည်။ အားလုံးသည်လည်း ချဲယုံဖုန်းအပေါ် အငြိုးရှိသူများပီပီ ယခုကဲ့သို့ အရှက်ကွဲသည်ကို ကြည့်ကာ အားရကျေနပ်နေကြ၏။
အတိုချုပ်ပြောရရင်တော့~~ အားလုံးက ပျော်ရွှင်ကြည်နူးနေကြတာပဲ… အဓိကအကြောင်းအရာကတော့ ဘာနဲ့မှမလဲနိုင်တဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကြီးပေါ့...
လုံခြုံရေးများ ချဲယုံဖုန်းကို ထမ်းကာ ဆေးပေးခန်းသို့ သယ်သွားသည့် မြင်ကွင်းမှာ တကယ့်ကို ထူးခြားဆန်းပြားလှသည်။ ယခုဆိုလျှင် စက်ရုံတစ်ခုလုံး ချဲယုံဖုန်း၏ အကြောင်းကို သိသွားကြပြီဖြစ်၏။ အထူးသဖြင့် သူ ကလေးမရနိုင်ခြင်းမှာ သူ့ဇနီးကြောင့် မဟုတ်ဘဲ သူကိုယ်တိုင်၏ "မစွမ်းဆောင်နိုင်မှု" ကြောင့်ဖြစ်ကြောင်း အတည်ပြုလိုက်ကြလေသည်။
အတွင်းရေးမှူး ပိုင်သည် သတင်းကို ကြားကြားချင်း ပြတင်းပေါက်မှပင် ပြုတ်ကျမတတ် လန့်သွားရ၏။
"ဘယ်လိုတွေတောင် ဖြစ်ကုန်တာလဲ..."
သူသည် ရုံးခန်းသို့ အပြေးအလွှား သွားလိုက်သော်လည်း ပါတီအတွင်းရေးမှူး ကျန်း၏ မျက်နှာမှာ မဲမှောင်နေသည်ကို တွေ့လိုက်ရသည်။ တည်ငြိမ်လှသော အတွင်းရေးမှူးကျန်းပင်လျှင် ယခုကိစ္စကြောင့် အလွန်အရှက်ရနေပုံရသည်။
အတွင်းရေးမှူး ကျန်း အေးစက်နေသော အသံဖြင့် မာမာထန်ထန် မေးလိုက်၏။
"တစ်ယောက်ယောက်က သူ့ကို လုပ်ကြံတာလား"
အတွင်းရေးမှူး ပိုင် ချီတုံချတုံဖြင့်~~
"မဟုတ်လောက်ပါဘူးခင်ဗျာ"
အတွင်းရေးမှူးကျန်း၏ မည်းမှောင်နေသော မျက်နှာကြောင့် သူ ဆက်လက်ရှင်းပြကာ
"သူ အိမ်သာတက်နေတုန်းက ယောကျ်ားလေးအိမ်သာထဲမှာ သူတစ်ယောက်တည်း ရှိနေတာပါ.. သူ ပြေးထွက်လာတဲ့အချိန်မှာ ဘေးက အမျိုးသမီးအိမ်သာထဲမှာလည်း အမျိုးသမီးကြီး သုံးယောက်ပဲ ရှိပါတယ်.. ကျန်တဲ့လူတွေကတော့ ဆူညံသံကြားမှ ဝိုင်းကြည့်ကြတာပါ"
အတွင်းရေးမှူး ကျန်းမျက်မှောင်ကြုတ်လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
"အိမ်သာထဲကို မြွေက ဘယ်လိုလုပ်ပြီး အလိုလို ရောက်နေရတာလဲ..."
ချဲယုံဖုန်း မြွေကြောက်တတ်သည်ကို စက်ရုံတစ်ခုလုံး သိထားရာ တစ်စုံတစ်ယောက်မှ သက်သက်မဲ့ လုပ်ကြံခြင်းလောဟု သူ သံသယရှိနေ၏။
အတွင်းရေးမှူး ပိုင် : "ဒီလိုရာသီမှာ မြွေတွေ့တာကတော့ ပုံမှန်ပါပဲ.. အရင်နှစ်တွေကလည်း ဒီအချိန်ဆို မြွေတွေ တွေ့တတ်ပါတယ်.. အဆိပ်မရှိတဲ့ မြွေစိမ်းလေးတွေမို့ လူတွေက ဖမ်းပြီး ဟင်းချိုချက်သောက်ကြတာပါပဲ"
ထိုသို့ ပြောရင်း အတွင်းရေးမှူး ပိုင်သည် အော့အန်ချင်စိတ်ကို အနိုင်နိုင် ထိန်းထားရသည်။
"တောက်... ဒီလူတွေကတော့ တကယ့်ကို ရွံစရာကောင်းလိုက်တာ၊ အိမ်သာထဲက မြွေကိုတောင် ချက်စားရတယ်လို့..."
သူ့စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲနေမိ၏။
အတွင်းရေးမှူး ကျန်း ဆွံ့အသွားရလေသည်။
“……”
တစ်စုံတစ်ယောက်မှ ချဲယုံဖုန်းကို လုပ်ကြံလိုက်ခြင်းဖြစ်မည်ဟု အတွင်းရေးမှူး ကျန်း ခံစားမိနေသည်။ သို့သော်လည်း အခင်းဖြစ်ပွားချိန်တွင် မည်သူမျှ ရှိမနေသဖြင့် မည်သူ့ကိုမျှ အပြစ်တင်၍ မရနိုင်ပေ။
ထို့အပြင် ချဲယုံဖုန်းသည် သူသွားချင်သည့်အချိန်မှ အိမ်သာသွားခြင်းဖြစ်ရာ မည်သူမှ ကြိုတင်ပြင်ဆင်ထားနိုင်စရာ အကြောင်းမရှိဟု သူ ယူဆလိုက်သည်။
အတွင်းရေးမှူး ကျန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး စားပွဲကို ခေါက်ကာ ညွှန်ကြားလိုက်၏။
"သွားပြီးတော့ အခြေအနေကို ထိန်းသိမ်းလိုက်ပါ ကိစ္စတွေ အကျည်းတန်ကုန်တဲ့အထိ အဖြစ်မခံနဲ့.. သတင်းတွေ ပျံ့နေတာနဲ့ ပတ်သက်လို့ကတော့..."
အတွင်းရေးမှူး ပိုင် ချက်ချင်းပင်…
"ကျွန်တော် တားဆီးလိုက်ပါ့မယ်၊ သူတို့တွေကို လျှောက်မပြောမိအောင်နဲ့ ချဲယုံဖုန်းရဲ့ ဂုဏ်သိက္ခာ မကျဆင်းအောင် ကျွန်တော် လုပ်လိုက်ပါ့မယ်"
အတွင်းရေးမှူး ကျန်း ခေါင်းခါလိုက်ပြီး
"တားဖို့ မလိုပါဘူး၊ မင်းက တားလေလေ သူတို့က ကွယ်ရာမှာ ပိုပြောလေလေ ဖြစ်လိမ့်မယ်။ သဘာဝအတိုင်းပဲ လွှတ်ထားလိုက်တာ ပိုကောင်းတယ်။ မနက်ဖြန် အလုပ်ခေါ်စာ ရလဒ်တွေ ထွက်လာရင် ဘယ်သူမှ ဒါကို စိတ်ဝင်စားအားတော့မှာ မဟုတ်ဘူး"
"ဟုတ်ကဲ့... မှန်ပါတယ်ခင်ဗျာ”
အတွင်းရေးမှူး ကျန်းသည် မျက်မှောင်ကြုတ်ကာ လက်ယမ်းပြလိုက်ရင်း~~
"ကဲ... သွားတော့၊ အားလုံးကို အလုပ်ပြန်လုပ်ဖို့ ပြောလိုက်ပါ ဒီပြဇာတ်အကြောင်းကိုတော့ အလုပ်ဆင်းမှပဲ ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့..."
အတွင်းရေးမှူး ပိုင် အမြန်ထွက်သွားပြီးနောက် အတွင်းရေးမှူးချုပ် ကျန်းသည် တစ်ယောက်တည်း အကြာကြီး ငြိမ်သက်စွာ ထိုင်နေပြီးမှ ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။
"ဒီကောင်စုတ်ကတော့ တကယ့်ကို အရှက်မရှိတာပဲ..."
အမှန်တကယ်တွင်လည်း သူသည် ထိုသမက်ဖြစ်သူကို အစကတည်းက အထင်မကြီးခဲ့ပေ။ သမီးဖြစ်သူသဘောကျနေသဖြင့်သာ ကန့်ကွက်ခြင်းမပြုခဲ့သည်သာ။ သို့သော် ယခုကဲ့သို့ "ထိုကိစ္စ" တွင်ပါ အသုံးမကျလွန်းလှသည်ကို သိလိုက်ရသောအခါ စိတ်ပျက်မိသွား၏။
ရုပ်ရည်ကလွဲလို့ ဘာများ အသုံးကျတာရှိသေးလဲ.. တကယ်ကို မျှော်လင့်ချက်မဲ့နေတဲ့ကောင်ပဲ…
ဤဖြစ်ရပ်မှာ အတွင်းရေးမှူးကျန်း၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ သူသည် ချဲယုံဖုန်းကို ရာထူးတက်အောင် ဘယ်တော့မှ ကူညီမည်မဟုတ်တော့ပေ။ ဤသို့အသုံးမကျသောလူကို ရာထူးပေးလိုက်လျှင် ပြဿနာများသာ ရှာနေမည်ဖြစ်ပြီး ဘာတစ်ခုမှ လုပ်နိုင်စွမ်းရှိသူ ဖြစ်လာမည် မဟုတ်ပေ။
သူသည် လုံးဝအားကိုး၍မရသော လူစားမျိုးဖြစ်ပြီး အကယ်၍ ရာထူးကြီးကြီးရ၍ ပြဿနာရှာလာလျှင် မိမိကိုယ်တိုင် လိုက်ရှင်းနေရမည်ဖြစ်ရာ အောက်ခြေမှာပဲ ထားလိုက်ခြင်းသည် အကောင်းဆုံးပင်။ ထိုသို့ထားခြင်းသည် ချဲယုံဖုန်းကို ထိန်းချုပ်ထားနိုင်ပြီး မိသားစုကို ပြန်ပြီး အာခံလာနိုင်ခြင်းမှလည်း ကာကွယ်ပြီးသား ဖြစ်ပေလိမ့်မည်။
အတွင်းရေးမှူး ကျန်းသည် နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ပြီး အလုပ်ကိုသာ ဆက်လုပ်နေလိုက်၏။
ချဲယုံဖုန်းသည် စက်ရုံတစ်ခုလုံးတွင် အရှက်ကွဲသွားသော်လည်း သူ၏ယောက္ခမ အတွင်းရေးမှူးကျန်းမှာ ဝင်မစွက်ဖက်သည့်အပြင် ဘာမှမသိသလိုပင် နေနေသည်။ လူအများ အတင်းအဖျင်းပြောနေသည်ကို လုံးဝဂရုမစိုက်
သဖြင့် လူအများမှာ အတွင်းရေးမှူး ကျန်းသည် ချဲယုံဖုန်းနှင့် မတူဘဲ တကယ်ကို အဆင့်အတန်းရှိသူဟု ချီးကျူးကြ၏။
သို့သော်လည်း အဘွားကြီးကျောက်မှာမူ ကွယ်ရာတွင် မျက်လုံးလှန်ပြလိုက်သည်။
မြေခွေးအိုကြီးကတော့ မြေခွေးအိုကြီးပါပဲ…
ဒီလူက လူကောင်းတစ်ယောက်လို့ သူမကတော့ မထင်ပါဘူး.. တကယ်သာ လူကောင်းဆိုလျှင် သူမမိသားစုကို လက်မှတ်တွေနဲ့ လုပ်ကြံပါ့မလား..
"ဟွန်း... ဒီတစ်ခါတော့ ငါ့ရဲ့လက်စားချေမှုက တကယ့်ကို ကွက်တိပဲ..."
ဟုတ်ပေသည်။ ဤကိစ္စတစ်ခုလုံးမှာ အဘွားကျောက် ကိုယ်တိုင် စီစဉ်ထားခြင်း ဖြစ်၏။
လတ်တလောတွင် ရာသီဥတု ပူနွေးလာသဖြင့် မြွေစိမ်းလေးများမှာ ပေါများလှသည်။ ကလေးများပင် မကြောက်သည့် မြွေလေးများကို ချဲယုံဖုန်းသည်ကား သေလောက်အောင် ကြောက်တတ်၏။ အဘွားကြီးကျောက်သည် ချဲယုံဖုန်း၏ သတင်းကို စုံစမ်းထားပြီး သူ မြွေကြောက်မှန်း သိခဲ့ရသဖြင့် ရက်အနည်းငယ်ကြာ အချိန်ပေး ရှာဖွေပြီး "ချစ်စရာ" မြွေလေးအချို့ကို ဖမ်းထားခဲ့သည်။ သူမသည် ချဲယုံဖုန်းကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။ သူသည် တစ်နေ့လျှင် ဆယ်ကြိမ်မက အိမ်သာသွားတတ်ရာ တစ်ကြိမ်လျှင် မည်မျှကြာပြီး၊ မည်သည့်အချိန်တွင် လူအရှင်းဆုံးဖြစ်မည်ကို အဘွားကြီးကျောက် တစ်ပတ်ကျော်ကြာအောင် တွက်ချက်ခဲ့သည်။
နောက်ဆုံးတွင် သူမသည် ထိုအချိန်ကို ရွေးချယ်လိုက်ကာ၊ အိမ်သာသို့ ဆယ်မိနစ်စောသွားပြီး မြွေကို အမျိုးသားအိမ်သာ၏ နောက်နံရံမှနေ၍ ပစ်ထည့်လိုက်ခြင်း ဖြစ်၏။ ချဲယုံဖုန်း တကယ်လာမည်လားဆိုသည်ကို သူမ မသေချာသော်လည်း ကံကို ယုံကြည်ကာ လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။
ထင်သည့်အတိုင်းပင်... သူမ မှန်သွားခဲ့၏။
သူမ တကယ်ကို မှန်သွားသည်…
ကိစ္စအားလုံးက အဆင်ပြေချောမွေ့သွားခဲ့သည်။ ချဲယုံဖုန်းသည် သူသွားနေကျအချိန်အတိုင်း အိမ်သာသို့ ရောက်လာခဲ့၏။ ထိုအချိန်တွင် အခြားသူများမှာ အချောင်မခိုရဲကြသော်လည်း ချဲယုံဖုန်းမှာမူ သူ့ယောက္ခမအရှိန်အဝါကို ယုံကြည်ကာ မောက်မာနေသူဖြစ်သဖြင့် တစ်ယောက်တည်း အိမ်သာထဲတွင် မြွေနှင့် တိုးတော့သည်။
အမှန်တွင် ဤကိစ္စ၌ မသေချာမှုများ အများကြီး ရှိခဲ့၏။ သို့သော်လည်း ယောကျ်ားအများစုမှာ မြွေမကြောက်တတ်သဖြင့် တခြားလူသာ မြွေကို မြင်သွားလျှင်လည်း အရေးကြီးသည့် ကိစ္စဖြစ်လာမည်
မဟုတ်ဟု အဘွားကြီးကျောက် တွက်ထားသည်။
ပြီးတော့ ဘယ်သူကမှ အိမ်သာထဲကမြွေကို လိုက်ဖမ်းမှာ မဟုတ်ဘူး…ရွံစရာကြီးလေ…
အော်... ဦးလေးရွှီကတော့ ချွင်းချက်ပေါ့..
ဦးလေးရွှီကတော့ ဒီနေ့ အဘွားကြီးကျောက်ကို သင်ခန်းစာတစ်ခု ပေးလိုက်တာပါပဲ… အချို့သော လူတွေကတော့ တကယ့်ကို ဘာကိုမှ မကြောက်တတ်ပါလား ဆိုသည်ကိုပင်။
မည်သို့ပင်ဖြစ်စေ၊ မြွေစိမ်းလေးများမှာ သူမပေးထားသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားခဲ့သည်။ ချဲယုံဖုန်းကို ကောင်းကောင်းကြီး ခြောက်လှန့်နိုင်ခဲ့၏။
"ငါကတော့ တကယ့်ကို တော်လွန်းတာပဲ..."
အဘွားကြီးကျောက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိသည်။
သူမသည် မကောင်းမှုတစ်ခုခု လုပ်ပြီးလေတိုင်း ဖော်ခံရမည်ကို ကြောက်လှသဖြင့် ဘာမှမသိသလိုပင် တည်ငြိမ်စွာ နေတတ်၏။ သူမသည် မည်သို့ပြုမူရမည်ကို ကြိုတင်စီစဉ်ထားပြီးသား ဖြစ်ပြီး သူမ၏ လုပ်ရပ်မှာလည်း အကြောင်းပြချက် ခိုင်လုံနေလေသည်။
အမယ်လေး.. ငါကလည်း ငါ့ချွေးမထက်ပင် မနိမ့်ပါလား.. ကြည့်စမ်း... ငါလည်း ပြဿနာရှာတတ်တာပဲ.. အဟိဟိ..
ဘယ်လောက်ပြီးပြည့်စုံလိုက်လဲ..
မျှော်လင့်ထားတာထက်ပင် ပိုပြီး အောင်မြင်သွားလေ၏။
ချဲယုံဖုန်းက ဘောင်းဘီတောင် ပြန်မဝတ်နိုင်ဘဲ အရှက်ကွဲလိမ့်မယ်လို့ ထင်တောင်မထင်ထားမိဘူး.. ဟီးဟီးဟီး..
"ဟဲဟဲဟဲဟဲဟဲ..."
အဘွားကြီးကျောက်သည် ဆူညံပွက်လောရိုက်နေသည့် မြင်ကွင်းကို ကြည့်၍ လူအားလုံး ပြုံးပြုံးရွှင်ရွှင်နှင့် အလုပ်ပြန်ဆင်းသွားကြသည်ကို မြင်သောအခါ…
"ဒါမျိုး ဖြစ်နိုင်တယ်ဆိုတာ မင်းတို့ ယုံတောင် ယုံနိုင်မှာ မဟုတ်ဘူး... ဟားဟား~"
သူမ အားရပါးရ ရယ်မောလိုက်သည်။
ဘေးမှ အဘွားကြီးစွန်းမှာ
"အမလေး... ကြည့်စမ်းပါဦး၊ ညည်း ပျော်နေလိုက်တာ..."
အဘွားကြီးကျောက်ပြန်ပြောလိုက်ကာ
"ပျော်တာပေါ့... ဘာလို့ မပျော်ရမှာလဲ.. ငါတို့ နှစ်မိသားစုက အဆင်မပြေတာ ညည်းလည်း သိသားပဲ..အခု သူ ဒီလောက် အရှက်ကွဲနေတာကို ငါက မပျော်ဘဲ နေရမလား..."
"အသံတိုးတိုးလုပ်ပါ၊ သူက လူကောက်နော်"
"ငါ မကြောက်ပါဘူး.. သူ့ဘောင်းဘီကို ငါ ဆွဲချတာမှ မဟုတ်တာ"
"ဖူးးး... ဟားဟား..."
"ညည်း ပြောတာကလည်း... လူကြီးတန်မဲ့ ဘာတွေ လုပ်နေတာလဲ မသိဘူး..."
အဘွားကြီးကျောက် ဆက်ပြောပြန်၏။
"တစ်စက်ရုံလုံး မြင်သွားတာပဲ တော်သေးတာပေါ့"
"ညည်းပြောတာ တကယ်ပဲ မှန်တယ်”
လူအုပ်ကြီးမှာ တခိခိနှင့် ရယ်မော၍ မဆုံးနိုင်ကြတော့ပေ။
"ဟေ့... ညည်းတို့ သိလား၊ သူ အဲဒီတုန်းက ကြည့်နေတာက..."
အမျိုးသမီးများမှာလည်း သူတို့၏ ထင်မြင်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုရန် ဝန်မလေးကြပေ။ ချဲယုံဖုန်း မည်မျှပင် သူရဲဘောကြောင်သည် ဖြစ်စေ သူတို့မှာ ဂရုမစိုက်ဘဲ သူသည် တကယ်ပဲ "အသုံးမကျ" သူလားဆိုသည်ကိုသာ သိချင်နေကြ၏။ မကြာမီမှာပင် စက်ရုံရှိ အမျိုးသမီးအားလုံး၏ အဓိကပြောစရာ ခေါင်းစဉ်မှာ ဤကိစ္စသာ ဖြစ်နေတော့သည်။ ကိုယ့်ကိုယ်ကိုယ် ကြွားချင်လွန်းသည့် ချဲယုံဖုန်း၏ အပြစ်ဟုသာ ဆိုရပေလိမ့်မည်။
အမျိုးသမီးများ မြိန်ရည်ယှက်ရည် ဆွေးနွေးနေကြသကဲ့သို့ အမျိုးသားများသည်လည်း အရှုံးမပေးကြပေ။
ယောကျ်ားဟူသည်မှာ ဤကဲ့သို့သော ကိစ္စရပ်မျိုးတွင် အချင်းချင်း ပြိုင်ဆိုင်ရသည်ကို အနှစ်သက်ဆုံး မဟုတ်လော့။
ပျော်ရွှင်မြူးကြွသော လေထုကြီးမှာ စက်ရုံတစ်ခုလုံးကို လွှမ်းမိုးသွားရုံတင်မကဘဲ အလုပ်ဆင်းချိန်တွင်လည်း ထိုသတင်းများမှာ လူနေရပ်ကွက်အသီးသီးသို့ တောမီးပမာ ပျံ့နှံ့သွားတော့သည်။
မည်သို့ပင်ဖြစ်စေ……
သူတို့ကိုယ်တိုင် အရှက်ကွဲရခြင်းမှ မဟုတ်တာပဲလေ…
လူတကာပြောနေတာဆိုတော့ ချဲယုံဖုန်းလည်း ပြဿနာရှာလို့မှမရတာ.. ဟဟဟ..
အဘွားကြီးကျောက်မှာလည်း စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်သို့ ပြန်လာခဲ့ပြီး အိမ်ထဲသို့ ရောက်သည်နှင့် ချန်ချင်းယွီကို အော်ခေါ်လိုက်၏။
"ချွေးမ... ချွေးမရေ..."
ချန်ချင်းယွီ "........."
သူမ ထူးဆန်းစွာဖြင့် မေးလိုက်မိကာ
"အမေ ဘာတွေလုပ်လာတာလဲ..ဘာလို့ ဒီလောက်တောင် ကျေနပ်နေရတာလဲ”
"ညည်း မသိသေးဘူး၊ ငါ ဒီနေ့တော့ ကိစ္စကြီးတစ်ခု လုပ်ခဲ့တာဟေ့..."
အဘွားကြီးကျောက် ချန်ချင်းယွီကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီး ဝမ်းသာအားရဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"တွေ့လား... ညည်းတစ်ယောက်တည်း တော်တာ မဟုတ်ဘူးနော်.. ငါသာ တကယ်လုပ်မယ်ဆိုရင် ညည်းထက်မနိမ့်ဘူး။ သူတို့ကို ကိုင်တွယ်ဖို့ဆိုတာ ညည်းတစ်ယောက်တည်း တတ်တာမဟုတ်ဘူး၊ ငါလည်း အစွမ်းရှိတယ်..ငါလည်း ဉာဏ်သုံးတတ်တာပေါ့..."
ချန်ချင်းယွီ ပြုံးပြီး ခေါင်းညိတ်ပြကာ ဆိုလိုက်၏။
"ရှင်ကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲဗျာ..."
သူမ လက်မထောင်ပြလိုက်သည်။
အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့်
"ဟွန်း... ပြီးခဲ့တဲ့တစ်ခေါက်က သူတို့ရာထူးတွေ အဖြုတ်ခံလိုက်ရတာက သူတို့အတွက် သက်ညှာလွန်းရာကျသေးတယ်.. အခုတော့ ငါတို့ကိုတောင် ပြန်လုပ်ကြံဖို့ ကြိုးစားနေကြသေးတယ်လေ.. ငါသာ တစ်ခုခုပြန်မလုပ်ရင် ငါက ဘာမှမဟုတ်တဲ့ အဘွားကြီးတစ်ယောက်လို ဖြစ်နေမှာပေါ့..."
အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ အတော်လေး စွမ်းဆောင်နိုင်သူဟု ခံစားနေမိသည်။
သူမက ဉာဏ်လည်းကောင်းသလို သတ္တိလည်းရှိသူလေးပါလား.. အဟိ အဟိ..
"ငါ တော်တယ်မလား..."
"အတော့်ကို တော်တာပေါ့ အမေရဲ့..."
ချန်ချင်းယွီ အားပေးလိုက်ရာ အဘွားကြီးကျောက်မှာ ကျေနပ်အားရစွာဖြင့် တခိခိ ရယ်မောနေတော့သည်။
သူတို့နှစ်ဦးစလုံး ပျော်ရွှင်နေကြစဉ်မှာပင် အခြားသူများလည်း အိမ်ပြန်ရောက်လာကြပြီး ထိုသတင်းဆိုးကြီးမှာ တစ်အိမ်လုံး၊ တစ်ဝင်းလုံးသို့ ထပ်မံပျံ့နှံ့သွားပြန်၏။ ရွှီကောင်းမင်တစ်ယောက်မှာ အိမ်မှာတင် တစ်ယောက်တည်း ရေရွတ်နေမိသည်။
"ငါ ပြောသားပဲ... ငါ ပြောသားပဲ မဟုတ်လား... ဒါတွေက ထူးဆန်းမနေဘူးလား။ အဲဒါကြောင့် ငါ ပြောတာပေါ့၊ လင်းကျန့်ဝမ်ရဲ့ ဝိညာဉ်က မထွက်သွားသေးဘူးဆိုတာ... အခုဆို သူက ပိုပိုပြီး စွမ်းလာပြီ၊ နေ့ခင်းကြောင်တောင်တောင် လူတွေကို လုပ်ကြံရဲနေပြီ။ တကယ့်ကို ကြောက်စရာကြီးဗျာ... ဒီသရဲကလည်း ငါတို့ ရာထူးတိုးစာမေးပွဲ ဖြေရသလိုပဲ၊ သူ့ကိုယ်သူ အဆင့်မြှင့်တင်နေတာ ဖြစ်မှာ။ အရင်ကဆို ညဘက်ပဲ ထွက်တာ၊ အခုတော့ နေ့ခင်းဘက်တောင် လုပ်ရဲနေပြီ..."
ရှီကျန့်ရှန်း စိုးရိမ်တကြီးဖြင့် မေးလိုက်မိသည်။
"ဒါပေမဲ့ ကျွန်မတို့ နှစ်မိသားစုကလည်း ဆက်ဆံရေးက သိပ်မကောင်းလှဘူးလေ၊ သူ ငါတို့ကို လာရှာရင် ဘယ်လိုလုပ်မလဲ"
"မဖြစ်နိုင်တာ... ကြည့်စမ်း... ငါတို့ကြားမှာ ရှိတာက ပြဿနာအသေးအဖွဲလေးတွေပဲဟာ.. ပြီးတော့ ငါတို့လည်း ကံဆိုးတာတွေ ကြုံခဲ့ရပြီးပြီပဲ.. နောက်ပိုင်းမှာ ငါတို့က အဒေါ်ကြီးကျောက်တို့၊ ချန်ချင်းယွီတို့အပေါ် တော်တော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာပဲ မဟုတ်လား။ သူ့မိသားစုက သူ့အတွက် အရေးအကြီးဆုံးပဲလေ.. ငါတို့က ယဉ်ယဉ်ကျေးကျေး နေရင် သူ ငါတို့ကို လာနှောင့်ယှက်မှာ မဟုတ်ပါဘူး.. နောက်ပြီး သူ့မှာ ရန်သူတွေ အများကြီး ရှိသေးတာပဲ၊ ငါတို့အလှည့်ကို မရောက်သေးပါဘူး။ ငါ ပြောသားပဲ... နောက်ရက်နည်းနည်းကြာလို့ အခြေအနေတွေ ငြိမ်သွားရင် သူ့အတွက် စက္ကူငွေတွေ မီးရှို့ပေးပြီး ပြေလည်အောင် လုပ်လိုက်မယ်..ဘာမှမဖြစ်စေရဘူး..."
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်.. သူ့ကို (တမလွန်အတွက်) နည်းနည်းပါးပါး လာဘ်ထိုးလိုက်ရင် ပြဿနာမရှိတော့ဘူး.. သူ အောက်မှာ ပိုက်ဆံပြတ်နေလို့ ဖြစ်မှာ။ လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် ပိုက်ဆံမရှိရင် မရဘူးလေ.. ကွန်ေမတို့က သူ့ကို နည်းနည်း ပိုပေးလိုက်ရင် အဲဒီပိုက်ဆံတွေကို ကြည့်ပြီး ငါတို့ကို လုပ်ကြံမှာ မဟုတ်တော့ဘူး"
"မှန်တယ်... ပိုက်ဆံမျက်နှာကြောင့်ပေါ့"
လင်မယားနှစ်ယောက်မှာ အလွန်ပင် အတိုင်အဖောက်ညီနေကြကာ ရွှီကောင်းမင် ဆက်ပြောလိုက်၏။
"ဒါတွေက ငါကြောင့်ပဲ.. တော်သေးတာပေါ့၊ ငါတို့က အခြေအနေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်လို့”
"အမလေး... ယောက်ျားရယ်၊ ရှင်ရှိလို့သာပဲ... တခြားလူတွေကတော့ အမှိုက်တွေ၊ ဘာမှ အသုံးမကျဘူး..."
ရွှီကောင်းမင် ဂုဏ်ယူစွာဖြင့်
"ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့မိသားစု ဒီလောက် ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့တာ ငါ့ရဲ့ ထက်မြက်တဲ့ အာရုံခံစားမှုကြောင့်ပေါ့.. ဘာပဲဖြစ်ဖြစ် ငါက အမြဲတမ်း အမြန်ဆုံး တုံ့ပြန်နိုင်တာ တွေ့တယ်မလား.. အခုတော့ မင်း သိသွားပြီ မဟုတ်လား”
ရှီကျန့်ရှန်းသည်လည်း ခေါင်းညိတ်ပြရင်း ချီးကျူးလိုက်လေသည်။
"ရှင့်ကျေးဇူးတွေပါပဲ ယောက်ျားရယ်"
သူတို့နှစ်ဦးမှာ အိမ်တွင် စိတ်လှုပ်ရှားနေကြစဉ် တစ်ဝင်းလုံးရှိ လူများမှာလည်း ချဲယုံဖုန်း၏ အရှက်ကွဲပုံအကြောင်းကိုသာ စားမဝရေမခန်း တမြုံ့မြုံ့ ဆွေးနွေးနေကြသည်။ မြွေကြောက်ပြီး မေ့လဲသွားသည်ဆိုခြင်းထက် ဘောင်းဘီမပါဘဲ ဗလာကျင်းနေသည့် ကိစ္စကသာ လူတိုင်းအတွက် တကယ့် စိတ်ဝင်စားစရာ အချက်အချာ ဖြစ်နေလေ၏။
ကျန်းရှင်းဖှ : "ကျွန်တော် ပြောသားပဲ၊ ချဲယုံဖုန်းက ကျွန်တော်လောက် မသာပါဘူးလို့..ကြည့်စမ်း... သူ့လို ပစ္စည်းမျိုးနဲ့တောင် အရာရှိသမီးကို ရနိုင်သေးတာပဲ၊ ကျွန်တော်အတွက် အရာရှိသမီးတစ်ယောက် ရှာဖို့ဆိုတာ ဘာခက်မှာလဲ..."
အဘွားကြီးဟွမ် : "အမေ သားကို အစကတည်းက ပြောပြီးသားပါ၊ သားက တခြားယောကျ်ားတွေထက် အများကြီး သာပါတယ်လို့၊ မိန်းမကောင်းတစ်ယောက်နဲ့ တွေ့ဖို့ပဲလိုတာ၊ သားအတွက် တကယ့် မိန်းမကောင်းတစ်ယောက် အမေ ရှာပေးမယ်လို့ အာမခံတယ်.. လျိုကျင့်လို မိန်းမမျိုးကိုတော့ သွားမစဉ်းစားနဲ့၊ သူက သားနဲ့ တန်လို့လား..အမေတော့ လုံးဝ သဘောမတူဘူး.. သားက အဆင့်ရှိတဲ့မိန်းမမျိုးနဲ့ပဲ တန်တာ။"
သူမ ခေတ္တရပ်ကာ အသံကိုနှိမ့်ပြီး သတိပေးလိုက်သည်။
"ဟို မုဆိုးမလေးနားကိုလည်း မကပ်နဲ့ဦး.. သူ့အဖေပြောတာ မှန်တယ်၊ အဲဒီမိန်းမက လာဘ်ပိတ်တယ်။ သူ့အဖေအရင်းတောင် သူ့နားကပ်ရင် ကံဆိုးတာ၊ မင်းကလည်း ကံက သိပ်ထူးတာမဟုတ်တော့ ဝေးဝေးနေတာ အကောင်းဆုံးပဲ”
ကျန်းရှင်းဖှ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း ခေါင်းညိတ်လက်ခံလိုက်၏။ ထိုမုဆိုးမလေးသည် တကယ့်ကို တစ်မျိုးကြီးဖြစ်ပြီး သူမနှင့်နီးကပ်လျှင် ကံဆိုးတတ်သည်မှာ အမှန်ပင်ဟု သူလည်း ခံစားမိနေသည်။
မကြာသေးမီကပင် သူ ဆေးရုံသို့ ခဏခဏ ရောက်ခဲ့ရပြီး သူမကို ပိုက်ဆံတောင် ပေးခဲ့ရ၏။ အမှန်အတိုင်းပြောရလျှင် သူသည် လူကိုမကြောက်သော်လည်း ယခုကဲ့သို့ အယူသည်းသည့် ကိစ္စရပ်မျိုးကိုမူ ကြောက်မိလေသည်။
"စိတ်မပူပါနဲ့ အမေ၊ ကျွန်တော် သူ့ကို နောက်တစ်ခါ သွားမတွေ့တော့ပါဘူး"
"အေး... အဲဒါမှ ငါ့သား.. နားထောင်ဦး...သားကတော့ မိန်းမဆက်ရှာရမယ်.. ဒါနဲ့ ကွမ်ထင်းထင်းကို မှတ်မိတယ်မလား။ သူက သားတို့စက်ရုံက အသံလွှင့်ခန်းကို ပြောင်းလာပြီလေ.. ဒီလိုနေရာမျိုးကို ပြောင်းလာနိုင်တယ်ဆိုကတည်းက သူ့မှာ အရည်အချင်းရော အဆက်အသွယ်ရော ရှိလို့ပဲ။ ဒါက အခွင့်အရေးကောင်းပဲ၊ သားဘက်က ဦးအောင် ကြိုးစားကြည့်၊ ပိုင်ဖုန်းရှန်းက အဲဒီမိန်းကလေးကို ယွမ်ဟောက်ဖုန်းနဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားနေတာ။ အခုတလော သူတို့ အလုပ်ရှုပ်နေတုန်း သားကသာ ကြားဖြတ်ပြီး အရင်ဦးအောင် လုပ်နိုင်ရင်တော့ တကယ့်ကို အံ့သြဖို့ကောင်းမှာပဲ..."
အဘွားကြီးဟွမ်မှာ တွေးကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားနေတော့သည်။
အကယ်၍ သူမသားသာ အောင်မြင်သွားလျှင် ယွမ်ဟောက်ဖုန်းထက် ပိုတော်ကြောင်း သက်သေပြနိုင်မည် မဟုတ်လော့။
အို... စဉ်းစားကြည့်စမ်းပါဦး၊ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်မလဲ...
သူမ၏သားမှာ ဤဝင်းတစ်ခုလုံးတွင် အတော်ဆုံး၊ အစွမ်းထက်ဆုံးသူ ဖြစ်လာပေလိမ့်မည်။
ကွမ်ထင်းထင်းက ဝမ်တာ့ချွေကို အထင်သေးခဲ့သလို ယွမ်ဟောက်ဖုန်းနဲ့ လူတွေ့နှုတ်ဆက်ဖို့ကိုလည်း ငြင်းဆန်ခဲ့တဲ့သူဆိုတော့….
အကယ်၍ ထိုသို့သော မိန်းကလေးမျိုးသာ သူမ၏သားနှင့် ဖူးစာဆုံခဲ့လျှင် သူမသားသည် ဤဝင်းတစ်ခုလုံးတွင် အတော်ဆုံးသူ ဖြစ်လာပေလိမ့်မည် မဟုတ်လော့။ အဘွားကြီးဟွမ်၏ အပြုံးများမှာ ပိုမိုတောက်ပလာပြီး
"သား... အမေကတော့ သားကို အများကြီး မျှော်လင့်ထားတယ်နော်..."
"ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်လေ~"
ကျန်းရှင်းဖှသည်လည်း ခပ်တည်တည်ပင် ပြန်ပြောလိုက်၏။
တကယ်တမ်းတွင်လည်း သူမ၏ စည်းရုံးမှုမှာ အလုပ်ဖြစ်သွားပုံရသည်။
ကွမ်ထင်းထင်းသည် အလွန်အမင်း လှပနေသည်မျိုး မဟုတ်သော်လည်း ကြည့်ကောင်းသည့်အမျိုးအစားထဲတွင် ပါဝင်၏။ သူမတွင် အလုပ်အကိုင်ရှိကာ မိသားစုနောက်ခံသည်လည်း တောင့်တင်းသည်။ နောက်ခံမကောင်းလျှင် ယခုကဲ့သို့ အလုပ်နေရာပြောင်းရွှေ့ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းရှင်းဖှမှာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
"အမေ့သားရဲ့ အစွမ်းကိုသာ စောင့်ကြည့်နေလိုက်တော့..."
"အေး... အေး... ဒါမှ ငါ့သား..."
သို့သော် သူတို့မသိသည်မှာ အခြားတစ်ယောက်သည်လည်း ကွမ်ထင်းထင်းကို မျက်စိကျနေခြင်းပင်။
ကွမ်ထင်းထင်းသည် ဤအိမ်ရာဝင်းထဲတွင် နေထိုင်သူမဟုတ်သော်လည်း သူမ၏ သတင်းမှာမူ အိမ်ရာဝင်းနေရာအနှံ့ ပျံ့နှံ့နေသည်။
အစ်မကြီးဖန်သည် သူမ၏သားအတွက် အလုပ်တစ်ခုရရန် လူအများအပြားကို ဆက်သွယ်ခဲ့သော်လည်း အဆင်ပြေသည့် ယာယီအလုပ်တစ်ခုမျှပင် မတွေ့ခဲ့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်မှဆိုလျှင် ဖြစ်နိုင်သေးသော်လည်း ယခုအခါ မြို့ပြလူငယ်များကို ကျေးလက်သို့ ပို့ဆောင်သည့် မူဝါဒကြောင့် ယာယီအလုပ်များပင်လျှင် လုယူနေရသည့် အခြေအနေဖြစ်နေ၏။
အစ်မကြီးဖန်သည် လမ်းစပျောက်နေစဉ်မှာပင် ကွမ်ထင်းထင်းကို ရုတ်တရက် သတိရသွားသည်။
ကွမ်ထင်းထင်းတွင် အမြဲတမ်းအလုပ် ရှိပြီး အကယ်၍ သူမနှင့် မိမိ၏သားသာ နီးစပ်သွားပြီး ထိုအလုပ်ကို သားဖြစ်သူထံ လွှဲပေးနိုင်လျှင် သားဖြစ်သူမှာ ကျေးလက်သို့ သွားရတော့မည် မဟုတ်ပေ။
အိမ်ထောင်ကျပြီးသွားရင် "ညည်းဟာ"၊ "ငါ့ဟာ" ဆိုပြီး ခွဲခြားနေဖို့ရော လိုဦးမှာလား…
မတွေ့ဘူးလား…
လင်စန်းရှင်းရဲ့ အလုပ်တောင်မှ အခုဆိုရင် လီချန်ရွှမ်း အပိုင်ဖြစ်နေပြီပဲမလား…
အစ်မကြီးဖန်၏ စိတ်ကူးအကြံအစည်မှာ တကယ့်ကို ပန်းရောင်သန်းနေသည့် အိပ်မက်တစ်ခုပမာ လှပနေတော့သည်။ သူမသည် အထုပ်ကလေးကို ဆွဲကာ အပြင်သို့ သုတ်ခြေတင် ပြန်ထွက်ခဲ့ပြန်၏။ စက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ်ဌာနထံမှတစ်ဆင့် ကွမ်ထင်းထင်း၏ နေရပ်လိပ်စာကို စုံစမ်းပြီး မိမိ၏သားအတွက် တိုက်ရိုက်သွားရောက် ကမ်းလှမ်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ကျေးလက်သို့ လူငယ်များ ပို့ဆောင်ရမည့်ရက်မှာ တစ်ရက်၊ နှစ်ရက်မျှသာ လိုတော့သဖြင့် သူမ အချိန်နှင့်တစ်ပြေးညီ အပြေးအလွှား လုပ်ဆောင်ရတော့မည်။
အစ်မကြီးဖန် တစ်ယောက် အပြင်သို့ ထွက်သွားသကဲ့သို့ပင်၊ ကျောက်ရုံသည်လည်း အလုပ်ကိုယ်စီဖြင့် အပြင်သို့ ထွက်ခွါသွားပြန်၏။
လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အလုပ်များနေကြသည့် အချိန်အခါတည်း။
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာမူ ပြတင်းပေါက်မှနေ၍ ထိုသူတို့၏ လှုပ်ရှားမှုများကို ချောင်းမြန်းကြည့်ရှုရင်း တီးတိုးရေရွတ် ဝေဖန်နေကြလေသည်။
ယခုတစ်ကြိမ်တွင်မူ စာမေးပွဲရလဒ်များမှာ ထင်မှတ်မထားလောက်အောင်ပင် မြန်ဆန်စွာ ထွက်လာခဲ့၏။ ထို့ကြောင့် လူအများမှာ ကြိုတင်ပြင်ဆင်ချိန်ပင် မရလိုက်ကြပေ။ အတွင်းရေးမှူး ကျန်း ခန့်မှန်းခဲ့သည့်အတိုင်းပင်၊ မနေ့ကဖြစ်ပွားခဲ့သော ချဲယုံဖုန်း၏ အရှက်ကွဲပုံသတင်းမှာ မည်မျှပင် ဟိုးဟိုးကျော်အောင် ရှက်ဖွယ်လိလိ ဖြစ်ခဲ့ပါစေ၊ ယနေ့တွင်မူ မည်သူမျှ ထိုအကြောင်းကို မပြောအားကြတော့ပေ။
အကြောင်းမှာ ဝန်ထမ်းခန့်အပ်မှု ရလဒ်များကို ကြေညာတော့မည်ဖြစ်ရာ လူတိုင်းအတွက် မိမိတို့၏ အနာဂတ်သည်သာ ပို၍ အရေးကြီးနေသောကြောင့်ပင်။
အဘွားကြီးကျောက်သည် ထမင်းစားဆောင်သို့ ရောက်သောအခါ ထိုသတင်းကို ကြားလိုက်ရသဖြင့် အကြီးအကျယ် ခံစားသွားရ၏။
‘တောက်…နောက်ရက်နည်းနည်းလောက် စောင့်လိုက်ရင် ကောင်းသား... ရှုံးလိုက်တာ၊ တကယ့်ကို အကြီးအကျယ် ရှုံးတာပဲ...’
မိမိ၏ ပြောင်မြောက်လှသော လက်စားချေမှု အစီအစဉ်ကြီးမှာ တစ်ရက်မျှသာ လူပြောသူပြော များလိုက်ရသဖြင့် သူမ နှမျောတသ ဖြစ်နေမိသည်။ တကယ့်ကို အခွင့်အရေးကြီး တစ်ခုကို လက်လွတ်လိုက်ရသကဲ့သို့ ခံစားနေရရှာ၏။
သို့သော်လည်း အဘွားကြီးကျောက်ဟူသည်မှာ ဖြစ်ပြီးခဲ့သည့် ကိစ္စရပ်တစ်ခုအပေါ်တွင် အကြာကြီး စိတ်မကောင်းဖြစ်နေတတ်သူမျိုး မဟုတ်ပေ။ သူမသည် မိမိကိုယ်မိမိ ချက်ချင်းပင် ပြန်လည်နှစ်သိမ့်လိုက်သည်။ ယနေ့တွင် ထိုကိစ္စကို မပြောကြခြင်းမှာ ရလဒ်ကြေညာခြင်းက ပို၍ အရေးကြီးနေသောကြောင့်သာ ဖြစ်၏။ သို့သော် အလုပ်ခန့်အပ်မှု ကိစ္စများ ပြီးဆုံးသွားသည့်အခါ ထိုသတင်းမှာ ပြန်လည်ပွက်လောရိုက်လာဦးမည်သာ…
အထူးသဖြင့် ချဲယုံဖုန်းမှာ ဤစက်ရုံတွင် ဆက်လက်အလုပ်လုပ်နေဦးမည် ဖြစ်ရာ သူ၏ အရှက်ရဖွယ် သတင်းမှာလည်း လူတို့၏ ပါးစပ်ဖျားတွင် အမြဲတမ်း တဝဲလည်လည် ရှိနေပေလိမ့်မည်။
ဒီလိုမျိုး ဆန်းပြားတဲ့ ဖျော်ဖြေရေးမျိုးက ရှားမှရှားပဲ မဟုတ်လား.. ဟဲဟဲ
ထို့ကြောင့် အဘွားကြီးကျောက်သည် နောင်တွင်လည်း အခွင့်အရေးများ ရှိနေသေးသည်ဟု တွေးကာ စိတ်ကို ချက်ချင်းပင် ဒုန်းဒုန်းချလိုက်တော့သည်။
‘ကိစ္စမရှိပါဘူး၊ အချိန်ကိုက်တာ နည်းနည်းလေး လွဲသွားပေမဲ့ နောက်ထပ် အခွင့်အရေးတွေက အများကြီး ရှိနေသေးတာပဲ...’
သူမသည် ကိုယ့်ကိုယ်ကိုယ် တရားချရင်းပင် စိတ်သက်သာရာ ရသွား၏။
"ဒေါ်ကြီးကျောက်... အမြန်ထွက်ကြည့်ပါဦး၊ ဟိုမှာ အောင်စာရင်းတွေ ကပ်လိုက်ပြီဟေ့..."
"ဘာ..."
"မြန်လှချည်လား..."
ထိုအချိန်တွင် မိမိတို့မိသားစုဝင်ထဲမှ စာမေးပွဲဖြေဆိုသူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားလုံးမှာ ဝုန်းခနဲ ပြေးထွက်လာကြသည်။ သူတို့သည် စက်ရုံရှေ့သို့ အပြေးအလွှား အမြန်ဆုံး ရောက်ရှိလာသူများ ဖြစ်၏။
"ဟေ့... အဒေါ်ကြီးကျောက်၊ ခင်များက စာရောဖတ်တတ်လို့လား..ရှေ့ဆုံးကနေ တိုးနေတာပဲ.. ခင်များအိမ်က ဘယ်သူမှ စာမေးပွဲဖြေတာလည်း မဟုတ်ဘဲနဲ့ တခြားလူတွေအတွက် နေရာမပိတ်ပါနဲ့ဗျာ"
လီချန်ရွှမ်း စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
အဘွားကြီးကျောက်သည်လည်း လှည့်ကြည့်ကာ ချက်ချင်းပင် ပြန်ပက်လိုက်လေသည်။
"ဟဲ့... ငါက စာမဖတ်တတ်ဘူး ဟုတ်လား.. နင်ကရော ဖတ်တတ်လို့လား၊ ငါလည်း စာတတ်မြောက်ရေးအတန်း တက်ခဲ့တာပဲ… နင်က ငါ့ထက် ဘာများ သာနေလို့လဲ၊ ဘာကိစ္စ လာဆရာလုပ်နေတာလဲ၊ ဒီကွင်းပြင်ကြီးက နင့်တစ်ယောက်တည်းအတွက်လား၊ နင့်ကလေးကသာ တကယ်တော်ရင် နောက်ဆုံးက ရပ်ကြည့်လည်း အောင်မှာပဲ… တကယ်လို့ မတော်ရင်တော့ ကောင်းကင်ပေါ်ကနေ ကြည့်လည်း ကျမှာပဲဟဲ့..."
အဘွားကြီးကျောက်၏ ငေါက်ငန်းသံနှင့်အတူ ထွက်လာသော တံတွေးစက်များကြောင့် လီချန်ရွှမ်းမှာ ဆက်မပြောရဲတော့ဘဲ ဘေးသို့သာ ခပ်ကုတ်ကုတ် ဖယ်ပေးလိုက်ရလေသည်။
"ဟေ့... ပထမဆုံး နာမည်က လီ... ဆိုလားပဲ၊ အဲဒါ ဘယ်သူလဲ သိကြလား"
"မသိဘူး၊ ဒါပေမဲ့ သူကတော့ အမှတ်တကယ် ကောင်းပုံရတယ်"
"ငါ သိတယ်... နေဦး၊ ပဉ္စမမြောက် နာမည်က ညည်းတို့ဝင်းထဲက မဟုတ်လား.. နာမည်က တစ်မျိုးလေးနော်.. ကျောက်ရုံရဲ့ သမီးမလား"
အဘွားကြီးကျောက် အနီးကပ် ကြည့်လိုက်ရင်း
"နေပါဦး... သူ့နာမည်က ယွမ်ဟောက်ရွှယ် မဟုတ်လား.. ကျောက်ရုံရဲ့ သမီးနာမည်က ယွမ်ဟောက်ရွှယ်လေ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ သူပဲ"
"အမလေး... သူ့သမီးက စာတော်တယ်လို့ ကြားဖူးပေမဲ့ တကယ်လည်း တော်တာပဲ။ အရင်ကတော့ ကျောက်ရုံက ကြွားနေတယ် ထင်တာ၊ အခုတော့ တကယ်ဖြစ်လာတာပဲ"
"ဘာလို့ ကြွားတယ်လို့ ထင်ရတာလဲ"
"ငါ့တူမက သူနဲ့ တစ်ခန်းတည်းလေ.. ယွမ်ဟောက်ရွှယ်က စာတော်တယ်ဆိုပေမဲ့ အမြဲတမ်း ထိပ်ဆုံးက မဟုတ်ဘူး.. ကျောက်ရုံ ပြောသလိုမျိုး ပါရမီရှင်ကြီး မဟုတ်ပါဘူးလို့ ထင်ထားတာ၊ အခုတော့ တကယ်ကို စွမ်းတာပဲ"
"ဟေ့... ဟို နောက်ဆုံးက နာမည်က လှေကားပေါ်က တွန်းချခံရလို့ ခြေထောက်ကျိုးတဲ့သူ မဟုတ်
လား.. သူလည်း စာမေးပွဲဖြေတာလား၊ အောင်တောင် အောင်တယ်နော်..."
"ဝါး... အံ့ဩစရာပဲ၊ ဒဏ်ရာနဲ့တောင် အောင်တာပဲ"
"သူက ခြေထောက်ကျိုးတာလေ၊ လက်ကျိုးတာမှ မဟုတ်တာ၊ စာရေးလို့ရတာပဲ.. ဒါပေမဲ့ ဒဏ်ရာနဲ့ ဒီလိုအောင်ဖို့ဆိုတာ တကယ့်ကို မလွယ်ဘူး၊ သူကတော့ အရည်အချင်းရှိတာ အမှန်ပဲ"
"အမလေး... ဟိုမှာ ကြည့်ဦး၊ ဟိုမှာ..."
"ဘာလဲဟ"
"ခြေထောက်ကျိုးတဲ့လူတင် မဟုတ်ဘူး၊ လက်မောင်းချိုးခံရတဲ့ ကောင်မလေးပါ အောင်တာဟေ့"
"ဟင်... တကယ်လား"
"ငါ သိတယ်၊ ညည်းတို့က ငါ့လောက် သတင်းမစုံဘူး.. သူ စာမေးပွဲဝင်ဖြေတာ ငါတွေ့လိုက်တယ်.. သူ့ရဲ့ ညာဘက်လက်မောင်းက အချိုးခံရတာပေမဲ့ သူက ဘယ်သန်လေ၊ အဲဒါကြောင့် စာမေးပွဲဖြေတာကို ဘာမှမထိခိုက်ဘူး.. ငါ့အမျိုးတွေက သူတို့နဲ့ အိမ်နီးချင်းလေ.. သူက စက်ရုံရဲ့ သတင်းဝါဒဖြန့်ချိရေးဌာနကို လျှောက်ထားတာ၊ အဲဒီအလုပ်က စာရေးတတ်ရင် ရပြီလေ..လက်မောင်း ဒဏ်ရာရနေပေမဲ့ အလုပ်လုပ်ဖို့တော့ အနှောင့်အယှက် မဖြစ်ဘူး"
အဘွားကြီးကျောက် ဝင်ပြောလိုက်ကာ
"ဟုတ်တာပေါ့.. ဒါကြောင့်လည်း စာမေးပွဲမဖြေခင်မှာ တစ်ယောက်ယောက်က သူတို့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာပေါ့.. အဲဒီကလေးနှစ်ယောက်က တကယ်ကို တော်ကြတာ.. ဒဏ်ရာတွေနဲ့တောင် အောင်အောင် ဖြေနိုင်ကြတယ်.. လူပေါင်း ထောင်ချီဖြေတာမှာ သူတို့က ထိပ်ဆုံး (၈၈) ယောက်ထဲ ပါလာတာပဲ.. တကယ်လို့ ဒဏ်ရာသာ မရခဲ့ရင် ထိပ်ဆုံးမှာ ရှိနေမှာ သေချာတယ်.. တကယ်တော်တဲ့လူကတော့ ဘာပဲဖြစ်ဖြစ် တော်တာပဲ.. သူများကို မနာလိုဖြစ်ပြီး ဒုက္ခပေးတဲ့လူတွေကတော့ ကိုယ့်ပိုင် အရည်အချင်းမရှိ အသုံးမကျလို့ပဲဟဲ့..."
"ဟုတ်ကဲ့... မှန်ပါတယ်"
"ဒေါ်ကြီးကျောက် ပြောတာ တကယ်ဟုတ်တယ်"
"ဟေ့... ဒေါ်ကြီးကျောက်၊ ဒေါ်ကြီးပြောတာတွေက တော်တော်လေး ကျိုးကြောင်းဆီလျော်ပါလား၊ ရှင် ပြောနေကျ စကားတွေနဲ့တောင် မတူဘူး”
အဘွားကြီးကျောက် : "ဟွန်း... ငါက စာမတတ်ပေမတတ် မဟုတ်ပါဘူးအေ၊ ငါလည်း စာတတ်မြောက်ရေးအတန်း တက်ဖူးတာပဲ၊ ဘာလို့ မပြောနိုင်ရမှာလဲ..."
လူအုပ်ကြီး ရယ်မောသွားကြသော်လည်း လီချန်ရွှမ်းမှာမူ အောင်စာရင်းရှည်ကြီးကို ကြည့်ရင်း မျက်နှာတစ်ခုလုံး ပျက်ယွင်းကာ ချွေးစေးများပင် ထွက်လာတော့သည်။
အောင်မြင်သူ (၈၈) ယောက်၏ နာမည်များကို ဖတ်ရသည်မှာ မခက်ခဲလှသော်လည်း အဆုံးအထိ ဖတ်ပြီးသောအခါ လီချန်ရွှမ်း၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားရ၏။
အဘွားကြီးကျောက် အခွင့်ကောင်းယူကာ အနာကိုဆားပက်လိုက်လေသည်။
"ဟဲ့...နင့်ရဲ့ လီလင်းလင်းက အောင်စာရင်းထဲ မပါဘူးလား”
ဤစကားမှာ လီချန်ရွှမ်း၏ ရင်ဘတ်ကို တည့်တည့်ကြီး အချက်ကျကျ ထိုးနှက်လိုက်ခြင်းပင်တည်း။
လီချန်ရွှမ်းသည် ဒေါသတကြီး နှာမှုတ်လိုက်ပြီးနောက် တစ်ခွန်းမျှ ပြန်မပြောနိုင်တော့ဘဲ လှည့်ထွက်သွားလေသည်။
"ကြည့်ရတာတော့ သူ့သမီး အောင်စာရင်းထဲ မပါတာ သေချာသလောက်ပဲ..."
အဘွားကြီးကျောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"သူ့သမီးနာမည်က ဘယ်သူလဲဟဲ့"
"လီလင်းလင်းလေ"
"မပါဘူး၊ အဲဒီနာမည် မတွေ့ဘူး။ ဒါဆိုရင်တော့ ကျတာ သေချာပြီ"
အဘွားကြီးကျောက်သည် အောင်စာရင်းကို ထပ်မံစေ့စေ့စပ်စပ် ကြည့်ရင်း မေးလိုက်ပြန်သည်။
"ဟဲ့... ရှီရှောင်ဝေ ဆိုတဲ့ နာမည်ကော တွေ့ကြလား"
အဘွားကြီးကျောက်သည် စာတတ်မြောက်ရေးအတန်း တက်ဖူးသည်ဆိုသော်လည်း အချို့သော စာလုံးများကို ရေရေရာရာ မခွဲခြားနိုင်သေးသဖြင့် ဘေးလူကို မေးရခြင်း ဖြစ်၏။
"မတွေ့ဘူးအဒေါ်"
"အင်း... မပါဘူး"
"ဒါဆိုရင်တော့ ရှီရှောင်ဝေလည်း ကျပြီပေါ့..."
သူမ ကောက်ချက်ချလိုက်၏။
အစ်မကြီးဖန် တစ်ယောက် ရက်အတော်ကြာအောင် ပျောက်ချက်သားကောင်းပြီး ကြိုးစားခဲ့သမျှမှာ အလကားဖြစ်သွားပုံရသည်။ ဤနေရာတွင် အစ်မကြီးဖန်သည် ကျောက်ရုံကို မမှီပေ။
ကျောက်ရုံ၏ ကြိုးစားအားထုတ်မှုများမှာ တကယ်ပင် အရာထင်ခဲ့သည်။ အနည်းဆုံး ယွမ်ဟောက်ရွှယ် အောင်စာရင်းတွင် ပါလာခဲ့သည် မဟုတ်လော့။ အဘွားကြီးကျောက်သည် တစ်ဖက်သားကို အထင်သေးတတ်သူ မဟုတ်သော်လည်း ကျောက်ရုံ၏ နောက်ကွယ်မှ လှုပ်ရှားမှုများကို သူမ သိနေ၏။ ယွမ်ဟောက်ရွှယ်သည် တကယ်တော်၍ အောင်သည်လား၊ သို့မဟုတ် ကျောက်ရုံမှ တစ်စုံတစ်ယောက်၏ နေရာတွင် အစားထိုးနိုင်ရန် ကြိုးကိုင်ခဲ့သည်လား ဆိုသည်မှာ သံသယဖြစ်စရာပင်။
ထို့ကြောင့်လည်း အခြားသူများ သံသယမျက်လုံးဖြင့် ကြည့်နေကြခြင်းမှာ မဆန်းလှပေ။ အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
"ဘာဖြစ်လို့လဲ ဒေါ်ကြီး”
"ဘာမှမဟုတ်ပါဘူးအေ"
သူတို့ စကားပြောနေကြစဉ်မှာပင် လူအုပ်ကြီးမှာ အမောတကော ပြေးလွှားလာကြသံကို ကြားလိုက်ရ၏။ ဝန်ထမ်းခန့်အပ်မှု အောင်စာရင်း ထွက်ပြီဟူသော သတင်းကြောင့် အချို့မှာ အလုပ်ကိုပင် ပစ်ထားခဲ့ပြီး ပြေးထွက်လာကြခြင်း ဖြစ်သည်။ အဘွားကြီးကျောက်နှင့် လူတစ်စုမှာမူ အဝကြည့်ပြီးသွားပြီဖြစ်ရာ ဘေးဘက်သို့ ခပ်သွက်သွက်ပင် ဖယ်ပေးလိုက်ကြ၏။
"အား... ဟီးဟီး... ငါ့သားလေး... ငါ့သားလေး ဘာလို့ စာမေးပွဲကျရတာလဲ... အို... ကောင်းကင်ကြီးရေ... ကောင်းကင်ကြီးက မျက်စိမရှိဘူးလား... ငါ့သားလေးက တကယ့် လူလိမ္မာလေးပါ၊ သူ ဘာလို့ မအောင်ရတာလဲ..."
"ဘာလို့လဲ... ကျန်းရှို့ယွီက လက်တစ်ဖက် ကျိုးနေတာတောင် အောင်ပြီးတော့ ငါ့သမီးက ဘာလို့ ကျရတာလဲ... မဖြစ်နိုင်တာ... ဒါ မတရားဘူး... ဒီအောင်စာရင်းက မတရားဘူး..."
အော်ဟစ် ငိုယိုနေသူများကို ကြည့်ပြီး အဘွားကြီးကျောက် စိတ်မရှည်စွာဖြင့် ပိတ်ဟောက်လိုက်လေသည်။
"အရှက်မရှိ လျှောက်အော်မနေနဲ့အေ၊ အဲဒီကောင်မလေးက ဘယ်သန်လေ..."
"ဟုတ်တယ်၊ ကျန်းရှို့ယွီက ဘယ်သန်ဗျ.. သူ့ရဲ့ ညာဘက်လက် ဒဏ်ရာရတာက အနှောင့်အယှက် ဖြစ်နိုင်ပေမဲ့ စာမေးပွဲဖြေတာကိုတော့ လုံးဝ မထိခိုက်ဘူး"
"မှန်တယ်၊ ငါ့ကလေးက သူနဲ့ တစ်ခန်းတည်းဖြေတာ။ သူ စာမေးပွဲကို ပုံမှန်အတိုင်းပဲ အေးအေးဆေးဆေး ဖြေသွားတာတဲ့၊ တကယ့်ကို တော်တဲ့ကလေးပဲ"
လူအများမှာ အောင်စာရင်းကို လက်မခံနိုင်ဘဲ ဖြစ်နေကြစဉ်မှာပင် အစ်မကြီးဖန်သည် အမောတကော ပြေးဝင်လာသည်။ သူမသည် အောင်စာရင်းကို ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပြီးနောက်~~ဘုန်း…
သူမသည် နေရာမှာတင် ဝုန်းခနဲ မေ့လဲသွားတော့၏။
"အို... မြတ်စွာဘုရား... ဒီမိန်းမ ဘာဖြစ်သွားတာလဲ"
"ဒေါ်ကြီးကျောက်... ဒါ ရှင်တို့ ဝင်းထဲကလူ မဟုတ်လား..လာကူပြီး ဆွဲထုတ်ပေးပါဦး..."
အဘွားကြီးကျောက်မှာ မျက်မှောင်ကြီးကြုတ်ကာ ပွစိပွစိ ရေရွတ်လိုက်လေ၏။
"အမလေး... တကယ့်ကို အလုပ်ရှုပ်အောင် လုပ်တဲ့လူတွေပဲ..."
စက်ရုံဝင်းတံခါးဝရှိ မှန်ဘောင်ထဲတွင် ဝန်ထမ်းအသစ်ခန့်အပ်လွှာကို ကပ်ထားလိုက်သည်နှင့် စက်ရုံအတွင်းမှ လူများမှာ ဝုန်းခနဲ ပြေးထွက်လာကြကာ၊ အခြေအနေလာကြည့်သူများဖြင့်လည်း ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။
သိပ်မကြာလိုက်မီမှာပင် စိတ်လှုပ်ရှားလွန်း၍ မေ့လဲသွားသူအချို့ပင် ရှိလာ၏။
"ငါ စာမေးပွဲကျတယ်... ဘာလို့ကျတာလဲ... ငါ ကျေးလက်မဆင်းချင်ဘူး၊ ဟီးဟီး... ကျေးလက်တော့ မဆင်းပါရစေနဲ့..."
"အား... ငါ အောင်ပြီ... နောက်ဆုံးတော့ ငါ အောင်ပြီဟေ့..."
အချို့လည်း ဝမ်းသာလွန်း၍ စိတ်လှုပ်ရှားနေကြကာ၊ အချို့မှာလည်း စာမေးပွဲကျသည့်ဒဏ်ကို မခံစားနိုင်ဘဲ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် လုံခြုံရေးဌာနမှ လူအင်အား ကြိုတင်ပြင်ဆင်ထားသောကြောင့်သာ ပြဿနာကြီးကြီးမားမား မတက်ခြင်းဖြစ်၏။
သို့သော်လည်း စိတ်မထိန်းနိုင်ဘဲ မေ့လဲသွားသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရှိနေဆဲပင်။
အဘွားကြီးကျောက်မှာ ထိုသူများကို ကြည့်ရင်း သူမ၏သား စာမေးပွဲဖြေစဉ်က အခြေအနေကို ပြန်လည်သတိရကာ သက်ပြင်းချမိတော့သည်။ သူမသည် ဘေးနားရှိ လုံခြုံရေးဝန်ထမ်းများကို ဝိုင်းကူရင်း မေ့လဲနေသူများကို ဘေးသို့ ဆွဲထုတ်ပေးနေ၏။
လုံခြုံရေးဌာနမှ ခေါင်းဆောင်ဝမ်မှာ ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးပါပဲ ဒေါ်ကြီးကျောက်ရာ"
အဘွားကြီးကျောက် သက်ပြင်းတစ်ချက်ချကာ
"အေးကွယ်... ဘယ်သူမဆို မလွယ်ကြပါဘူး.. စာမေးပွဲကျတဲ့ ကလေးတွေခမျာမှာတော့ ကျေးလက်ကို ဆင်းကြရတော့မှာပဲ"
ခေါင်းဆောင်ဝမ်သည်လည်း ထပ်တူထပ်မျှ သက်ပြင်းချလိုက်မိ၏။
ယခုအကြိမ် စာမေးပွဲမှာ ဝန်ထမ်းမိသားစုဝင်များပါ ဖြေဆိုခွင့်ရသဖြင့် အိမ်ထောင်သည် မိန်းမငယ်လေးများသာမက ယောကျ်ားအချို့ပင် ဝင်ဖြေခဲ့ကြသည်။ သူတို့အတွက်မူ စာမေးပွဲကျလျှင်လည်း လက်ရှိဘဝအတိုင်း ဆက်နေရုံသာ ဖြစ်သော်လည်း၊ ကျောင်းပြီးစ လူငယ်များအတွက်မူ စာမေးပွဲကျသည်နှင့် ကျေးလက်သို့ သွားရောက်အလုပ်လုပ်ရမည့် မူဝါဒရှိနေသဖြင့် ယခုကဲ့သို့ အသက်လုကာ စိတ်လှုပ်ရှားနေကြခြင်းမှာ မဆန်းလှပေ။
အဘွားကြီးကျောက် စက်ရုံမှာ ဝိုင်းကူနေစဉ် ကျောက်ရုံတစ်ယောက် အိမ်သို့ အပြေးအလွှား ပြန်ရောက်လာပြီး စိတ်လှုပ်ရှားတကြီး အော်ခေါ်လိုက်သည်။
“ဟောက်ရွှယ်... ဟောက်ရွှယ်..."
"ကျောက်ရုံ... ညည်းက ဘာလို့ စောစောပြန်လာတာလဲ"
"ဘာဖြစ်လို့လဲအေ"
ဝင်းထဲရှိ အဘွားကြီးများမှာ စပ်စုရန် ချက်ချင်းပင် စုရုံးရောက်ရှိလာကြ၏။
ကျောက်ရုံ ဝမ်းသာအားရဖြင့်
"ငါ့သမီး ဟောက်ရွှယ် စာမေးပွဲအောင်ပြီဟေ့... အမှတ်တွေလည်း အများကြီးရတယ်..."
ယွမ်ဟောက်ရွှယ်သည် အိမ်ထဲမှ ပြေးထွက်လာပြီး မိခင်ဖြစ်သူ၏ စကားကို ကြားသည်နှင့် မျက်ရည်များ ဝဲတက်လာတော့သည်။
ကျောက်ရုံ : "ငါတို့တစ်ဝင်းလုံးမှာ သမီးတစ်ယောက်တည်း အောင်တာဟဲ့... ဟောက်ရွှယ်... သမီးက အမေ့ရဲ့ အလိမ္မာသမီးလေးပဲ၊ သမီးတကယ်တော်မယ်ဆိုတာ အမေ သိသားပဲ..."
ယွမ်ဟောက်ရွှယ်မှာ ဝမ်းသာလွန်း၍ ငိုချလိုက်မိ၏။
သူမ ကျေးလက်သို့ ဆင်းစရာ မလိုတော့ပေ… တကယ်ပင် ဆင်းစရာ မလိုတော့…
လက်ရှိရရှိသည့် အလုပ်မှာ တစ်နှစ်စာ အကူးအပြောင်းကာလသာ ဖြစ်သော်လည်း၊ ထိုတစ်နှစ်အတွင်းမှာပင် အမြဲတမ်းဝန်ထမ်း ဖြစ်အောင် မည်သည့်နည်းနှင့်မဆို ကြိုးစားမည်ဟု သူမ သန္နိဋ္ဌာန်ချထားသည်။ သူမ ဧကန်မုချ လုပ်နိုင်ရမည်….
သားအမိနှစ်ဦးမှာ ဝမ်းသာလုံးဆို့ကာ ဖက်ငိုနေကြသော်လည်း လင်စန်းရှင်းမှာမူ မယုံနိုင်ဘဲ…
"တစ်ယောက်တည်းပဲ အောင်တာလား..ညည်းသမီးတစ်ယောက်တည်းလား၊ ငါ့ရဲ့ လင်းလင်းကော.. ငါ့လင်းလင်း မအောင်ဘူးလား၊ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
သူမသည် ပြောပြောဆိုဆိုနှင့် အနောက်သို့ လှည့်ကာ ဝင်းပြင်သို့ အပြေးထွက်သွားတော့သည်။
"အမေ... သမီးလည်း သွားကြည့်ချင်တယ်၊ ကိုယ်တိုင်မြင်ရမှ စိတ်အေးရမှာ"
ယွမ်ဟောက်ရွှယ် ပြောသဖြင့် ကျောက်ရုံမှာ "လာ... လာ... အမေနဲ့ လိုက်ခဲ့" ဆိုကာ ခေါ်သွားလေ၏။
လီလင်းလင်းမှာမူ နေရာမှာတင် ခွေကျသွားပြီး ခြေထောက်များပါ အားမရှိတော့ဘဲ စိတ်လွတ်နေသည့်အလား တတွတ်တွတ် ရေရွတ်နေရှာသည်။
"ငါ ကျပြီ... ငါ ဘယ်လိုလုပ် ကျသွားရတာလဲ..."
ထိုစဉ်မှာပင် ဘေးပတ်ဝန်းကျင်ရှိ အခြားဝင်းတစ်ခုဆီမှ ဆူညံပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ သည်းထန်လှသော ငိုရှိုက်သံကြီးများမှာ ကောင်းကင်ယံသို့ တိုင်အောင် ဟိုးလေးတကျော် ဝက်ဝက်ကွဲ ထွက်ပေါ်လာ၏။…
လီလင်းလင်းမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် သူမကိုယ်တိုင်လည်း အားရပါးရ အော်ဟစ်ငိုကြွေးလေတော့သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမမှာ အနည်းငယ် ကြောက်လန့်နေသဖြင့် မိခင်ဖြစ်သူအနားသို့ တိုးကပ်နေကြ၏။ ချန်ချင်းယွီ ကလေးများ၏ ပုခုံးကို အသာပုတ်ပေးရင်း ချော့မော့လိုက်လေသည်။
"ဘာမှမဖြစ်ဘူး၊ မကြောက်ကြနဲ့နော်"
"အောင်စာရင်း ထွက်လာပြီ ထင်တယ်၊ ငါ သွားကြည့်ဦးမယ်”
"ငါလည်း လိုက်မယ်ဟေ့”
လူတိုင်းသည် အခြေအနေကို သိရှိနိုင်ရန် အပြင်သို့ အလုအယက် ပြေးထွက်သွားကြ၏။
သို့သော် ချန်ချင်းယွီ အပြင်သို့ မထွက်ခဲ့ပေ။ သူမသည် လတ်တလောကာလအတွင်း အိမ်ပြင်သို့ မထွက်ဘဲ နေခဲ့သည်မှာ ငါးမျှားထွက်ခြင်းကိုပင် ရပ်နားထားခဲ့သည်အထိ ဖဖြစ်နေ၏။
သူမသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်များကို သွားရောက်ကြည့်ရှုမည့်အစား လီလင်းလင်းကို ကူတွဲပေးရန်သာ သွားလိုက်သည်။
"ငါ ဘာလုပ်ရမလဲ... စာမေးပွဲကျပြီ၊ အလုပ်လည်း မရှိတော့ဘူး... ဟီးဟီး"
လီလင်းလင်းခမျာ အားငယ်ကြေကွဲ၍ အော်ဟစ်ငိုယိုနေရှာသည်။
"နင်က တစ်ဦးတည်းသော သမီးပဲလေ.. အလုပ်မရှိလည်း အရင်
အတိုင်းပဲပေါ့၊ ကျေးလက်ကို ဆင်းစရာမှ မလိုတာ"
ချန်ချင်းယွီ ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။
လီလင်းလင်: : "ဒါပေမဲ့ အလုပ်မရှိရင် ငါ့အတွက် ကောင်းတဲ့အိမ်ထောင်ဖက် ဘယ်လိုရှာလို့ ရတော့မှာလဲ..."
ချန်ချင်းယွီ : "..."
သောက်ကျိုးနည်း.. သူများက ကျေးလက်ဆင်းရမှာမို့ စိတ်ကြေကွဲတာ… ညည်းကတော့ အမယ်လေး.. လင်တင်ရူးနေပါလား..
သူမသည် စကားမဆိုတော့ကာ လီလင်းလင်းကို ကုလားထိုင်ပေါ်သို့သာ တွဲပို့ပေးလိုက်သည်။
ထိုစဉ် ယွမ်ရှောင်ချွေ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
"ပျော့ညံ့လိုက်တဲ့ ကောင်မ"
လီလင်းလင်းမှာ ဒေါသတကြီးဖြင့်
"ညည်း ဘာပြောတယ်..."
ထို့နောက် မျက်စိစွေကြည့်ရင်း
"ညည်းက ငါ့ကို ဘာမှတ်လို့ အဲဒီလို လာပြောတာလဲ.. ညည်းက ဘယ်သူမို့လို့လဲ..."
ယွမ်ရှောင်ချွေ : "ငါ ပြောချင်လို့ ပြောတာ၊ ဘာဖြစ်လဲ.. လာရိုက်လေ... ငါ ပြောတာ ညည်းနဲ့ ဘာဆိုင်လဲ..ညည်းက အလုပ်ကောင်းကောင်းရချင်လို့၊ ကျေးလက်မဆင်းချင်လို့ ငိုနေတာဆိုရင် ငါ ညည်းကို လေးစားဦးမယ်.. အခုတော့ ယောကျ်ားကောင်းကောင်း ရချင်လို့ ငိုနေတာဆိုတော့ ငါက ညည်းကို အထင်သေးတယ်ဟဲ့... စိတ်ခိုင်မာမှုမရှိတဲ့ အသုံးမကျတဲ့ကောင်မ..."
ယွမ်ရှောင်ချွေသည် မည်သူ့ကိုမျှ အားနာနေမည့်သူမဟုတ်ရာ ပြောပြီးသည်နှင့် ထွက်သွားရန် ပြင်လေသည်။
"နင်... "
လီလင်းလင်း နှုတ်ခမ်းကိုကိုက်ပြီး ပို၍ပင် အားရပါးရ ငိုချလိုက်တော့၏။
"ကဲ... ရှောင်ချွေရယ်၊ သူ စိတ်မကောင်းဖြစ်နေတာကို ထပ်ပြီး မဆွပါနဲ့ဦး.. လင်းလင်းခမျာ စာမေးပွဲကျလို့ ရင်ကွဲမတတ် ခံစားနေရရှာတာ"
အဒေါ်ကြီးမေ့ ဝင်ရောက်ဖျန်ဖြေပေးလိုက်၏။
ယွမ်ရှောင်ချွေ ပြန်ပက်လိုက်ကာ
"သူ ကျတာနဲ့ပဲ တခြားလူတွေက သူ့ခံစားချက်ကို ငဲ့ညှာပေးရမှာလား.. ဘာလို့လုပ်ရမှာလဲ၊ သူက ကျေးလက်ဆင်းစရာတောင် မလိုဘူးလေ... တခြားလူတွေက ဆင်းရမှာ... သူက တကယ့်ကို ကျေးဇူးကန်းတဲ့သူပဲ..."
ယွမ်ရှောင်ချွေ၏ အမြင်တွင် လီလင်းလင်း၏ ဘဝမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။
ယွမ်ရှောင်ချွေ : "ငါက ကျေးလက်ဆင်းရတော့မှာ၊ ဒါတောင် ငါက ဘာပြောလို့လဲ..."
"ဟင်... ညည်းက တကယ်ပဲ နယ်ဆင်းတော့မှာလား”
"ကျောက်ရုံက ညည်းအတွက် အလုပ်တစ်ခု စီစဉ်ပေးမယ် ပြောတယ် မဟုတ်လား"
လူတိုင်း ဝိုင်းမေးကြတော့သည်။
အမှန်တကယ်တွင် ယွမ်ရှောင်ချွေ ကျေးလက်ဆင်းရလိမ့်မည်ဟု လူတိုင်း ထင်ထားသော်လည်း ယွမ်ရှောင်ချွေနှင့် ကျောက်ရုံတို့မှာ အလုပ်ရှာရန် အတတ်နိုင်ဆုံး ကြိုးစားမည်ဟု ပြောဖူးသဖြင့် ယခုကဲ့သို့ စပ်စုမေးမြန်းကြခြင်းဖြစ်၏။
ယွမ်ရှောင်ချွေ လှောင်ပြုံးပြုံးကာ
"ကျွန်မ သူ့ရဲ့ သမီးအရင်းမှ မဟုတ်တာ၊ သူက ကျွန်မအတွက် ဘာတွေ စီစဉ်ပေးမှာလဲ... စီစဉ်ပေးတယ်ဆိုရင်လည်း သူ့သမီးအရင်းအတွက်ပဲ ဖြစ်မှာပေါ့"
"ဘာတွေ လျှောက်ပြောနေတာလဲ..."
ထိုအချိန်တွင် ယွမ်ဟောက်ဖုန်း ပြန်ရောက်လာသည်။
ယွမ်ရှောင်ချွေ ခေါင်းမာမာဖြင့်ပင်
"ကျွန်မက လျှောက်ပြောတာလား.. အဖေတို့ကျတော့ လုပ်ရဲပြီး ကျွန်မကျတော့ မပြောရဘူးလား၊ ဘာလဲ... ကျွန်မကို ကျေးဇူးမသိတဲ့ကောင်မလို့ ထပ်ပြောဦးမလို့လား.. အဖေတို့ ကျွန်မကို နှစ်ပေါင်းများစွာ ကျွေးထားတာကို ပြောဦးမလို့လား.. လျှောက်မပြောနဲ့... ကျွန်မအမေ ဆုံးတုန်းက အဖေ့ကို ငွေတစ်ထောင်ကျော် ပေးခဲ့တာနော်... ဘာလဲ... အဲဒီငွေက ကျွန်မကို ကျွေးဖို့ မလောက်ဘူးလား၊ ဒါ့အပြင် ကျွန်မက အဖေ့ရဲ့ သမီးအရင်းပဲ၊ အဖေ ကျွန်မကို ကျွေးသင့်တာပေါ့..."
ဘေးလူများမှာ မယုံနိုင်ဘဲ~~
"ဝါး... ငွေတစ်ထောင်ကျော်တောင်လား..."
"အဲဒီလောက်တောင် များတာလား။"
ယွမ်ရှောင်ချွေ : "အများကြီးပေါ့... ကျွန်မအမေက တော်တဲ့သူ၊ တောင်ပေါ်တက်ပြီး ဆေးမြစ်တွေတူးတာ၊ သူရှာထားသမျှ ငွေတွေအကုန် အဖေ့ကို ပေးခဲ့တာ။ အော်... ပြီးတော့ အဘိုးအဘွားတို့ ကျွန်မအတွက် လက်ဖွဲ့ပေးခဲ့တဲ့ ဂျင်စင်းတွေလည်း ပါသေးတယ်၊ အခုတော့ အဖေ့မှာ ကျောက်ရုံ ရှိနေပြီဆိုတော့ အမေ့အကြောင်းကို တစ်ခွန်းမှ မပြောတော့ဘူးပေါ့၊ ဘာလဲ... အကုန်လုံးကို သိမ်းထားချင်လို့လား.. လူကောင်းယောင်ဆောင်နေတာတွေ ရပ်လိုက်စမ်းပါ..."
သူမသည် တကယ့်ကို အားရပါးရ ပေါက်ကွဲလေတော့သည်။
ချန်ချင်းယွီမှာ နှုတ်ခမ်းကလေးကို တွန့်လိုက်ပြီး လူမသိအောင် ယွမ်ရှောင်ချွေကို လက်မထောင်ပြလိုက်၏။
ယွမ်ရှောင်ချွေသည်လည်း ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်သည်။
သူမသည် သူတစ်ပါး အနိုင်ကျင့်ခြင်းကို ဘယ်တော့မှ ခံမည့်သူ မဟုတ်ပေ။
အနိုင်ကျင့်ချင်တယ်ပေါ့.. ငါ ယွမ်ရှောင်ချွေက ပါးရိုက်ရင်နားပြန်ကိုက်တဲ့သူမျိုးပဲ…
ဟွန့်...
အခန်း ၉၀။ ပွဲကြည့်ပရိတ်သတ်များ
ဘေးပတ်ဝန်းကျင်ရှိ ကြည့်နေကြသူများသည် ယွမ်မိသားစု၏ ဂုဏ်သိက္ခာကို ဂရုစိုက်ကြသည် မဟုတ်ပေ။ ယွမ်မိသားစုသည် သူမကို လိမ်လည်လှည့်ဖြားဖို့ ကြံစည်နေပြီး အကယ်၍ သူမသာ ဆက်ကာ ကြောက်လန့်ငြိမ်သက်နေမည်ဆိုလျှင် စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ တစ်ချိန်ချိန်တွင် အနိုင်ကျင့် ခေါင်းပုံဖြတ်ခံရတော့မည်သာ။
ယွမ်ရှောင်ချွေ အော်ဟစ်လိုက်ပြောဆိုလေသည်။
"နင်တို့အားလုံးက ဘာလို့ လူကောင်းယောင်ဆောင်နေကြတာလဲ... ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တယ် ဟုတ်လား... သမီးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ ဖခင်တစ်ယောက်ရဲ့ တာဝန်မဟုတ်ဘူးလား... ဒါက နင်တို့အတွက် ဘာကိစ္စ ကျေးဇူးတရား ဖြစ်သွားရတာလဲ... ပြီးတော့ နင်တို့က ကျွန်မအမေဆီက ပိုက်ဆံတွေ အများကြီး ယူထားပြီးမှ ဘာလို့ အပြစ်ကင်းစင်သူတွေလို ဟန်ဆောင်နေကြတာလဲ..."
ယွမ်ဟောင်ဖုန်း၏ မျက်နှာ ပျက်သွားရ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို စိတ်ရှုပ်မိမည်သာ။ သူ အမြန် ပြန်ပြီးတုံ့ပြန် ပြောလိုက်သည်။
"လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့.. ငါ ဒါတွေ တစ်ခုမှ မသိဘူး.. နင် ဘယ်လိုကြောင့် ဒီလိုမျိုး ဖြစ်သွားလဲဆိုတာ ငါမသိပေမယ့် မိသားစုအပေါ် မကျေနပ်ချက်ရှိရင်တောင် အခြေအမြစ်မရှိတာတွေ လျှောက်မပြောနဲ့.. တောသူတောင်သား မိန်းမဖြစ်တဲ့ နင့်အမေက ပိုက်ဆံတွေ ဘယ်ကရမှာလဲ... လိမ်မယ်ဆိုရင်တောင် အနည်းဆုံးတော့ ယုံကြည်ရလောက်အောင် လိမ်စမ်းပါ"
ကျောက်ရုံရဲ့ သားကတော့ တကယ်ကို မကောင်းတဲ့ကောင်ပဲ… အမေနဲ့သား တစ်ပုံစံတည်းပဲ…
ယွမ်ရှောင်ချွေ စိတ်ထဲမှ နှာခေါင်းရှုံ့ကာ တွေးလိုက်မိ၏။
သူမ အသံကိုမြှင့်၍ ခပ်ကျယ်ကျယ်ပင် ဆက်ပြောလိုက်ကာ
"ငါ့အဘိုးက ဆေးဆိုင်မှာ အလုပ်လုပ်ခဲ့တာ.. ငါ့အမေကလည်း ကလေးဘဝတည်းက ဒီအလုပ်တွေနဲ့ ထိတွေ့လာခဲ့တာလေ.. သူ ငယ်ငယ်တုန်းက တောင်ပေါ်တက်ပြီး ဆေးဖက်ဝင်အပင်တွေ ခဏခဏ သွားရှာခဲ့တာ၊ ငါတို့ဆီမှာ အဲ့ဒီလောက် ပိုက်ဆံ ဘာလို့ မရှိနိုင်ရမှာလဲ... နင်က အသိဉာဏ်မရှိရင်လည်း လူကြားထဲ အရှက်မကွဲအောင် နေစမ်းပါ.. တောသူတောင်သားတွေက ပိုက်ဆံမရှိရဘူးလား... အကယ်၍ ငါ့အမေကသာ အလုပ်မျိုးစုံ မလုပ်ခဲ့ရင် အဘိုးနဲ့အဘွားကို ဘယ်သူက ထောက်ပံ့မှာလဲ... အဖေ ကျောင်းတက်ဖို့ ကုန်ကျစရိတ်ကိုရော ဘယ်သူက ပေးခဲ့တာလဲ... ဟွန်း... တကယ်ကို အသည်းနှလုံးမရှိတဲ့ လူပဲ... ငါ့အမေက သူ့ရဲ့ ပညာရေးအတွက် အပင်ပန်းခံ ထောက်ပံ့ပေးခဲ့တာကို သူက ပညာလည်းဆုံးရော တခြားတစ်ယောက်ကို ရှာလိုက်တယ်လေ.. တကယ့်ကို ကျေးဇူးကန်းတဲ့ လူစားပဲ..."
ယွမ်ရှောင်ချွေ ဒေါသတကြီးဖြင့် တရစပ်ပြောဆိုလေသည်။
"သနားစရာကောင်းတဲ့ ငါ့အမေခမျာ အလုပ်တွေကို အလွန်အမင်း လုပ်ခဲ့ရတာ… အဘိုးနဲ့အဘွား ဆုံးပြီးတဲ့နောက်မှာ သူ့ရဲ့ ကျန်းမာရေးကလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရတယ်၊ ဒါတွေအားလုံးက အလကား ဖြစ်သွားခဲ့ရတာပဲ... ယွမ်ဟောက်ဖုန်း... နင် လူတိုင်းကို လှည့်ဖြားနိုင်မယ်လို့ မထင်နဲ့… အိမ်ထဲက ဂျင်ဆင်းတွေက ငါ ငယ်ငယ်တုန်းက ငါ့အမေ ရှာဖွေပေးခဲ့တာ မဟုတ်ဘူးလို့ နင် ကျိန်ရဲလား... အဘိုးနဲ့အဘွား ဆုံးခါနီးမှာ ဒါတွေဟာ ငါ့အတွက် အိမ်ထောင်ပြုရင် ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့တာ၊ သူတို့ အဲ့လို မပြောခဲ့ဘူးဆိုပြီး နင် ကျိန်ရဲလား... နင်တို့ကျတော့ ငါ့အမေကို ဖျားယောင်းပြီး ငါ့အတွက် ပေးထားတာတွေကို ယူငင်ခဲ့တယ်၊ အခုကျတော့မှ ဒီနေရာမှာ လူကောင်းယောင်ဆောင်ဖို့ သတ္တိရှိနေသေးတယ်ပေါ့၊ ထွီ..ထွီ..ငါ့ကိုများ ကျေးဇူးမသိတဲ့သူလို့ ပြောရဲသေးတယ်..."
"ငါမြင်တာတော့ နင်တို့ကသာ လောဘကြီးပြီး ကျေးဇူးကန်းတဲ့ ကောင်တွေပါ..."
လူတိုင်း ယွမ်ဟောက်ဖုန်း၏ မျက်နှာကို ကြည့်လိုက်ကြသည်။ ယွမ်ဟောင်ဖုန်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။ သူသည် လူအများစုထက် ပိုမိုထက်မြက်သူဖြစ်ပြီး ယခုအချိန်သည် အငြင်းအခုန်လုပ်ရမည့်အချိန် မဟုတ်မှန်း ကောင်းကောင်းသိသည်။ သူ ချက်ချင်းပင်
"ရှောင်ချွေ၊ နင်ပြောနေတာတွေကို ငါ တကယ်မသိဘူး.. လူကြီးတွေရဲ့ ကိစ္စတွေကို ငါ သိပ်နားမလည်ပေမယ့် ငါ့စိတ်ထဲမှာတော့ အဖေနဲ့အမေက အဲ့ဒီလိုလူမျိုးတွေ မဟုတ်ဘူးလို့ ယုံကြည်တယ်၊ နင် တစ်ခုခု မှားယွင်းနားလည်နေတာ ဖြစ်ရမယ်.. ပြန်စဉ်းစားကြည့်ပါဦး၊ အဖေနဲ့အမေကသာ အဲ့ဒီလိုလူမျိုးတွေဆိုရင် နင် ဒီနှစ်တွေမှာ ဒီလောက်အဆင်ပြေပြေ နေထိုင်နိုင်ပါ့မလား... သူတို့ကသာ တကယ်ပဲ အဲ့ဒီလောက် ပိုက်ဆံအများကြီး ယူခဲ့တယ်ဆိုရင် ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ပိုက်ဆံရပြီးတာနဲ့ နင့်ကို ဘာလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံနေဦးမှာလဲ... ဒါမျိုးတွေက အရင်တုန်းကတင်မကဘူး၊ အခုခေတ်မှာလည်း အများကြီးရှိတာပဲ~~ လင်ပါသားသမီးကို ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ မိသားစုကို နင် တွေ့ဖူးလို့လား... သူတို့ နင့်ကို လျစ်လျူရှုထားလိုက်လို့ ရသားပဲ၊ ဒါပေမယ့် ငါ့အမေက အဲ့လိုမလုပ်ခဲ့ဘူး... လုံးဝ မလုပ်ခဲ့ဘူး... ဒီနှစ်တွေတစ်လျှောက် သူ နင့်အပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ လူတိုင်းလည်း အသိပဲ… နင်က သူ့အပေါ် အခုလို ပြောထွက်တာကို သိရင် ငါ့အမေ ဘယ်လောက်တောင် စိတ်ထိခိုက်မလဲ... နင် ဒီလောက်အထိ တစ်ကိုယ်ကောင်းမဆန်သင့်ဘူး"
"ခွေးဟောင်သလို လျှောက်ဟောင်မနေနဲ့... နင်ကတော့ အဓိပ္ပာယ်မရှိတာတွေကို တကယ် ပြောနိုင်တာပဲ.. နင်က ငါမှ မဟုတ်တာ၊ ဒါကြောင့် နင်ကတော့ တရားမျှတတဲ့သူလိုလို ဟန်ဆောင်နိုင်တာပေါ့.. ငါက စိတ်ပျက်စရာကောင်းတယ် ဟုတ်လား... နင်တို့ ငါ့ကို မနိုင်လို့ စိတ်ပျက်နေကြတာ မဟုတ်ဘူးလား... နင်တို့ရဲ့ ညစ်ပတ်တဲ့ အတွေးတွေကို ငါမသိဘူးလို့ မထင်နဲ့... ငါ့အမေရဲ့ ပိုက်ဆံတွေကို ယူထားပြီး ပြန်မပေးတာ တကယ်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းတယ်..."
"ပိုက်ဆံအကြောင်းတော့ ငါမသိဘူး၊ ဒါပေမယ့် ငါ့မိဘတွေက တစ်လကို တစ်ရာကျော် ဝင်ငွေရှိတယ်… တစ်ထောင်ဆိုတာ နင့်အတွက် အများကြီးလား..."
သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလေ၏။
"ငါ့မိဘတွေရယ်၊ ငါရယ်၊ မိသားစုထဲမှာ အလုပ်လုပ်တဲ့သူ သုံးယောက်ရှိတယ်… ငါတို့ရဲ့ တစ်လဝင်ငွေက တစ်ရာ့ငါးဆယ်ထက် ကျော်တယ်.. တစ်ထောင်ကျော်ဆိုတာ တကယ်ပဲ အဲ့ဒီလောက် အများကြီးလို့ ထင်နေတာလား... ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ သူတို့သာ စိတ်ရင်းမရှိရင် တစ်ထောင်ကျော်လေးအတွက်နဲ့ နင့်ကို အိမ်ခေါ်လာပြီး သူတို့ကိုယ်သူတို့ ဘာလို့ ဒုက္ခခံမှာလဲ... ဒီတစ်ခါ နင် အလုပ်မရလို့ မိဘတွေကို ရန်ငြိုးဖွဲ့နေမှန်း ငါသိပါတယ်၊ ဒါပေမယ့် လူတိုင်းရဲ့ မျက်စိက အကောင်းကြီးပါ.. နင်လုပ်နေတာတွေက တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်"
လူတိုင်း ထိုစကားကို ပြန်စဉ်းစားကြည့်ပြီးနောက် သဘောတူ လက်ခံသွားကြ၏။
ကြည့်နေကြသူများမှာ တကယ်ပင် ပြန်စဉ်းစားမိသွားကြသည်။
‘အမှန်ပဲ…တကယ်လို့သာ သူတို့မှာ ပိုက်ဆံရှိနေရင် လင်ပါသားသမီးတစ်ယောက်ကို ဘယ်သူက ကျွေးမွေးပြုစုချင်ပါ့မလဲ… နေ့တိုင်း အဲ့ဒီကလေးကို ကြည့်နေရတာတင် တကယ်ကို စိတ်မသက်မသာ ဖြစ်ရမှာလေ.. ဒါ့အပြင် ကျောက်ရုံက ဒီနှစ်တွေတစ်လျှောက် ဘယ်လိုနေထိုင်ခဲ့လဲဆိုတာ လူတိုင်းလည်း အသိပဲ မဟုတ်လား…’
"ရှောင်ချွေ... နင် တကယ်ပဲ ဒီလိုမလုပ်သင့်ဘူး.. သူတို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာက နင့်အတွက်လည်း မကောင်းဘူးလေ”
"ဟုတ်တယ်... လူဆိုတာ ကျေးဇူးသိတတ်ရတယ်အေ"
"ငါပြောသားပဲ၊ ကျောက်ရုံက အဲ့ဒီလိုလူစားမျိုး မဟုတ်ပါဘူးလို့.. သူသာ အဲ့ဒီလိုဆိုရင် ပြီးခဲ့တဲ့အပတ်က သူ့ကို နံရံနဲ့ဆောင့်အောင် တွန်းလွှတ်တာကို ငြိမ်ခံပါ့မလား… ကြည့်စမ်းပါဦး၊ သူ့မှာ ခုထိ ဒဏ်ရာရနေတုန်း"
"အော်... ဟုတ်သားပဲ"
လူအများ အချင်းချင်း တီးတိုးဆွေးနွေးနေကြရာ ယွမ်ရှောင်ချွေမှာ ဒေါသချောင်းချောင်း ထွက်နေလေသည်။ သူမက အော်ဟစ်လိုက်ပြီး
"ရှင်တို့က အမှားအမှန်ကို လုံးဝ နားမလည်ကြဘူး... ကျွန်မက ဘာအတွက် ကျေးဇူးတင်ရမှာလဲ... တစ်ထောင်ဆိုတာ နည်းတယ်လို့ ထင်နေကြတာလား... ရှင်တို့ကိုယ်တိုင် အဲ့ဒီလောက် ရှာထုတ်ကြည့်ကြပါလား... သွားစုံစမ်းကြည့်လိုက်ပါဦး၊ သာမန်မိသားစုတစ်စုက တစ်ထောင်ဆိုတာကို တတ်နိုင်လို့လား... ဂျင်ဆင်းတစ်မြစ်ရဲ့ တန်ဖိုးကိုရော သိကြလို့လား... သွားမေးကြည့်ကြပါဦး..."
ယွမ်ဟောင်ဖုန်း : "ဒါကတော့ တကယ့်ဖြစ်ရပ်မှန်က ဘာလဲဆိုတာ ငါတို့လည်း မသိနိုင်ဘူးလေ"
"နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ..."
ယွမ်ရှောင်ချွေမှာ ဟောင်ဖုန်းကို အလွန်ပင် စက်ဆုပ်ရွံရှာသွားမိ၏။
သေချာတာကတော့ သူတို့မိသားစုထဲက လူတိုင်းဟာ တစ်ပုံစံတည်းပဲ၊ အားလုံးက ယုတ်မာတဲ့သူတွေချည်းပဲ…
ဘေးနားမှ အခြေအနေကို စောင့်ကြည့်နေသော ချန်ချင်းယွီသည် ရှောင်ချွေအနေဖြင့် ယွမ်ဟောင်ဖုန်းကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ရိပ်မိလိုက်သည်။ ဤအတိုင်းသာ ဆက်သွားနေလျှင် ရှောင်ချွေသာ အထိနာတော့မည်ဖြစ်၍ သူမ ချက်ချင်း ဝင်ပြောလိုက်၏။
"ကဲ... တော်ကြပါတော့.. ဒါတွေက မိသားစုကိစ္စတွေပဲ၊ အိမ်ပြန်ရောက်မှပဲ ဆွေးနွေးကြပေါ့.. ရှင့်တို့ရဲ့ ဟောက်ရွှယ်တောင် စက်ရုံမှာ ယာယီအလုပ် ရထားပြီ မဟုတ်လား... ဒီနေ့လို နေ့ကောင်းရက်သာမှာ ဘာလို့ ဒီလောက်တောင် ဆူညံနေကြတာလဲ..."
"ဟုတ်သားပဲ၊ ဟောက်ဖုန်း... မင်းညီမလေး ဟောင်ရွှယ်က စာမေးပွဲအောင်သွားပြီလေ..သူ ရလဒ်တွေသွားကြည့်ဖို့ စက်ရုံကို သွားပြီ"
"ဟောက်ရွှယ်ကတော့ တကယ်ကို ဒီဝန်းထဲမှာ အရည်အချင်းအရှိဆုံး မိန်းကလေးပဲ… ဘယ်သူမှ သူ့ကို မမီဘူး.. လှလည်းလှ၊ ထက်လည်းထက်မြက်သလို တကယ်ကို အလုပ်လုပ်နိုင်တဲ့သူ"
"ဒါပေါ့... နောက်ဆို သူ အမြဲတမ်းဝန်ထမ်းအဖြစ်တောင် အလွယ်တကူ ခန့်အပ်ခံရမှာ သေချာတယ်.. ဟောက်ရွှယ်က တကယ့်ကို တော်တဲ့ကလေး"
...
စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လူတိုင်းက ဟောင်ရွှယ်ကို ဝိုင်းဝန်းချီးကျူးကြသည်။ ယွမ်ရှောင်ချွေ နှုတ်ခမ်းကိုမဲ့ကာ
"ရှင်တို့အားလုံးက ဖားနေကြတာပါပဲ"
"နင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ ရှောင်ချွေ… နင် ဟောက်ရွှယ်ကို မနာလိုဖြစ်နေတာ မဟုတ်လား... တို့တွေအားလုံးက ဝင်းတစ်ခုတည်းသားတွေပဲဟာ၊ အခုလို ရူးရူးမူးမူး အော်ဟစ်နေတာက တကယ်ကို ကြည့်မကောင်းဘူး.. ဟောက်ဖုန်းက နင့်ကို အကောင်းဆုံးဖြစ်အောင် ဖျောင်းဖျနေတာတောင် နင်က ကျေးဇူးမတင်တဲ့အပြင် ဟောက်ရွှယ် အလုပ်ရတာကိုပါ ဒေါသတကြီး လျှောက်ပြောနေသေးတယ်..နင်က တကယ်ကို စိတ်သဘောထား ကျဉ်းမြောင်းတာပဲ"
လီလင်းလင်း ယွမ်ဟောက်ဖုန်းဘက်မှ မဆိုင်းမတွ ရှေ့ထွက်ကာ ကာကွယ်ပြောဆိုလိုက်၏။
ယခုတစ်ခေါက် စာမေးပွဲတွင် သူမ မအောင်မြင်ခဲ့သဖြင့် လီလင်းလင်းမှာ စိတ်ပူပင်သောက ရောက်နေရသည်။ ဤသည်မှာ အလွန်ရှားပါးသော အခွင့်အရေးဖြစ်သော်လည်း သူမ မဆုပ်ကိုင်နိုင်ခဲ့ပေ။ ထို့ကြောင့် နောက်ထပ်အခွင့်အရေးတစ်ခုဖြစ်သည့် ယွမ်ဟောက်ဖုန်းကိုမူ လက်လွှတ်မခံနိုင်တော့ပေ။
ယွမ်ဟောက်ဖုန်းသည် သူမ ရှာဖွေနိုင်သမျှထဲတွင် အကောင်းဆုံး အမျိုးသားတစ်ဦး ဖြစ်၏။ သူမ ယွမ်ဟောက်ဖုန်းကို ကြင်နာယုယမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ယွမ်ရှောင်ချွေ ပက်ခနဲ ပြန်ပေါလိုက်၏။
"နင့်ရဲ့ အချစ်ရူးမီးတောက်တွေကို တခြားသွားပြစမ်းပါ၊ ငါ့ကို ပြောပြီး ဖားဖို့ ကြိုးစားနေတာတွေ ရပ်လိုက်တော့၊ ရွံစရာကြီး"
"နင်..."
"ဘာ 'နင်' လဲ... နင့်ကိုကြည့်ရတာနဲ့တင် ငါ ပျို့အန်ချင်လာပြီ"
"ကဲပါ... တော်ကြပါတော့၊ မငြင်းကြနဲ့တော့"
ချန်ချင်းယွီ ပုံမှန်ထက်ပို၍ တက်ကြွစွာဖြင့် ကြားဝင်ဖြန်ဖြေကာ ယွမ်ရှောင်ချွေကို ဆွဲရင်း ပြောလိုက်သည်။
"နင်တို့နှစ်ယောက် ရန်မဖြစ်ကြနဲ့တော့၊ ဒီမှာ ရန်ဖြစ်နေရင် တခြားသူတွေအတွက် ပွဲကြည့်စရာ ဖြစ်နေဦးမယ်"
ယွမ်ရှောင်ချွေ ပြန်ဆဲရန် ပြင်လိုက်သော်လည်း တွေဝေသွားပြီး ရပ်လိုက်၏။
သူမ၏ စိတ်ထဲတွင် ချန်ချင်းယွီသည် ကျောက်ရုံ၏ စရိုက်အမှန်ကို သိရှိပြီး သူမဘက်တွင် ရှိသည်ဟု ထင်နေသောကြောင့် စကားနားထောင်လိုက်သည်။
သူမ နှာခေါင်းရှုံ့ကာ ဘာမှ ထပ်မပြောတော့ပေ။
အဒေါ်ကြီး မေ့သည်လည်း ချက်ချင်း ဝင်ပြောလိုက်ကာ
"ဟောက်ဖုန်း... မင်းလည်း ဘာမှ ထပ်မပြောနဲ့တော့၊ စက်ရုံဘက်ကို သွားကြည့်လိုက်ဦး… ဟောက်ရွှယ် စာမေးပွဲအောင်လောက်ပြီ၊ လူတွေအားလုံး ရလဒ်သွားကြည့်နေကြပြီဆိုတော့ မင်းလည်း သွားသင့်တယ်.. ယောက်ျားလေးဆိုတာ ညီမဖြစ်သူနဲ့ ဖက်ပြိုင်ပြီး ရန်မဖြစ်သင့်ဘူး"
ယွမ်ဟောက်ဖုန်း ထိုအခွင့်အရေးကို ယူကာ ခေါင်းညိမ့်ပြလိုက်ပြီး
"ကျွန်တော် သိပါတယ်"
သူသည် ယွမ်ရှောင်ချွေကို စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာတွင်မူ ဖော်မပြဘဲ အမြန်ပင် ထွက်ခွါသွား၏။
ယွမ်ရှောင်ချွေ "ဟွန်း..." နှာခေါင်းရှုံ့ကာ ကျန်ရစ်လေသည်။
ချန်ချင်းယွီ ယွမ်ရှောင်ချွေကို ပြန်
လွှတ်သည့် ဟန်ဖြင့် ဆိုလိုက်၏။
"နင်လည်း အိမ်ပြန်တော့လေ"
ယွမ်ရှောင်ချွေ : "ဒါ နင့်မျက်နှာကို ထောက်လို့နော်"
ချန်ချင်းယွီ : "အေးပါ... အေးပါ"
သူမသည် ယွမ်ရှောင်ချွေကို အလယ်ဝင်းဘက်သို့ တွန်းပို့ရင်း အသံကိုနှိမ့်ကာ ပြောလိုက်၏။
"အခုလို အော်ဟစ်အငြင်းပွားနေတာက အလကားပဲ.. နင်က ယွမ်ဟောက်ဖုန်းကို ယှဉ်နိုင်တဲ့သူ မဟုတ်ဘူး၊ သဘက်ခါဆိုရင် နင် ထွက်သွားရတော့မှာလေ၊ မသွားခင် ကိုယ့်ဘာကိုယ် ပြဿနာမရှာနဲ့ဦး…တစ်ခုခုလုပ်ချင်ရင် နင်သွားမယ့်နေ့ကျမှပဲ အကုန်ရှင်းလိုက်တော့၊ နင်လည်း ထွက်သွားရော သူတို့နဲ့ ဝေးသွားပြီဆိုတော့ သူတို့လည်း နင့်ကို ဘာမှ လာပြီး မချုပ်ကိုင်နိုင်တော့ဘူး"
ယွမ်ရှောင်ချွေ : "ဒါက အဓိပ္ပာယ်ရှိသလိုပဲ"
ချန်ချင်းယွီ : "နောက်ဆုံးရက်ရောက်လို့ နင် ရထားပေါ်တက်ခါနီးကျမှဆိုရင် သူတို့ နင့်ကို ဘာမှလုပ်လို့မရတော့ဘူး၊ အခုချိန်မှာ နင်က ပြဿနာရှာရင် အိမ်မှာပဲ ရှိနေသေးတာလေ… တကယ်လို့ သူတို့က နင့်ကို တစ်ခုခုလုပ်ဖို့ တမင်ကြံစည်ပြီး နင်က သူတို့အကွက်ထဲ ဆင်းသက်မိသွားရင် ဘယ်လိုလုပ်မလဲ... အန္တရာယ်ကင်းကင်းနေတာက ပိုကောင်းတယ်၊ သူတို့ကို ဒုက္ခပေးချင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်နိုင်မှ ဖြစ်မယ်"
ပုံမှန်ဆိုလျှင် ချန်ချင်းယွီ ဘာမှဝင်ပြောမည်မဟုတ်သော်လည်း ကျောက်ရုံ၏ နည်းလမ်းများမှာ အလွန်ပင် ယုတ်မာလွန်းလှသည်။
ကျန်ရှိသည့်အချိန်မှာ နည်းပါးလှသော်လည်း ထိုမိန်းမသည် နောက်ထပ် တစ်ခုခု ထပ်မလုပ်ဘူးဟု မည်သူမျှ အာမမခံနိုင်ပေ။ ထို့ကြောင့် ချန်ချင်းယွီ ယွမ်ရှောင်ချွေကို သတိပေးလိုက်ခြင်း ဖြစ်၏။
"နင်က စိတ်လိုက်မာန်ပါ လုပ်တတ်မှန်း လူတိုင်းသိတယ်.. သူတို့က အဲ့ဒါကို အခွင့်ကောင်းယူပြီး နင့်ကို ကြံစည်နေတာလည်း ဖြစ်နိုင်တယ်.. ပိုပြီး သတိထားပါ"
ယွမ်ရှောင်ချွေ : "အင်း... ငါ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်"
ချန်ချင်းယွီ : "ရပါတယ်၊ ဘာမှမဟုတ်ပါဘူး"
သူမသည် ယွမ်မိသားစုအိမ်ထဲအထိ လိုက်မသွားပေ။ ယွမ်ရှောင်ချွေကို တံခါးဝအထိ လိုက်ပို့ပြီးနောက် ပြန်လှည့်လာခဲ့၏။ သူမအနေဖြင့် ယွမ်ရှောင်ချွေနှင့် အတူရှိမနေသင့်ပေ။ အဒေါ်ကြီးမေ့မှာ သူမ ပြန်လာသည်ကို မြင်သောအခါ
"ညည်းကတော့ တကယ်ကို စိတ်ရင်းကောင်းလွန်းတာပါပဲ"
ချန်ချင်းယွီ : "အိမ်နီးချင်းတွေပဲလေ.. ဒီလောက် ဆူညံပွက်လောရိုက်နေတာက ဘာမှမဟုတ်ပါဘူး၊ ကြည့်ပါဦး၊ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ဆူညံနေတာပဲ.. ဒါပေမဲ့ ဒီနေ့က တော်တော်လေးကို ရှုပ်ယှက်ခတ်နေတာဆိုတော့ တစ်ယောက်ယောက်ကိုတော့ ငြိမ်သွားအောင် ဖျောင်းဖျပေးရမှာပေါ့"
ချန်ချင်းယွီ၏ စကားကို ထောက်ခံသည့်အလား သူမ စကားဆုံးသည်နှင့် အပြင်ဘက်မှ စူးစူးဝါးဝါးနှင့် ယူကျုံးမရ အော်ဟစ်ငိုယိုသံကြီးကို ကြားလိုက်ရလေသည်……
"ငါ့ရဲ့ ရှောင်ဝေလေး... ငါ့ရှောင်ဝေလေး၊ ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ... ရှောင်ဝေလေးရေ..."
ထိုအသံမှာ အစ်မကြီးဖန်၏ အသံပင် ဖြစ်၏။
လူတိုင်းမှာ အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြလေသည်။
အပြင်မှ ပြန်လာသော အစ်မကြီးဖန်ကို အမျိုးသမီးကြီး နှစ်
ယောက်သည် ဘေးမှတွဲပေးထားသည်ကို အားလုံး မြင်လိုက်
ကြ၏။ သူမသည် မတ်တပ်တောင် မရပ်နိုင်ရှာကာ မျက်နှာတစ်ခုလုံးမှာလည်း ကြေကွဲဝမ်းနည်း သည်းခြေပျက်မတတ် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များနှင့် မျက်ရည်များ တသွင်သွင် စီးကျနေရင်း အော်ဟစ်နေလေသည်။
"ငါ့ရှောင်ဝေလေး... အမေ မင်းကို မခွဲနိုင်ဘူးကွယ်"
ချန်ချင်းယွီ : "..."
သူမ၏နှုတ်ခမ်းများ တွန့်လိမ်သွားရ၏။
‘ဘုရားရေ.. သောက်ကျိုးနည်း.. ဒီမိန်းမကြီး အော်ဟစ်ငိုယိုနေပုံကိုကြည့်ပြီး အခြေအနေကို သေချာမသိတဲ့သူသာဆိုရင် သူ့သားလေး သေဆုံးသွားပြီလို့တောင် ထင်မိကြမှာပဲ..’
ဒါက တကယ်ကို လွန်လွန်းလှချည်လား…
"ရှောင်ဝေလေး... အမေက အသုံးမကျလို့ပါ၊ အမေ မင်းကို မဆွဲထားနိုင်ခဲ့ဘူး..."
အစ်မကြီးဖန် ပိုပြီးပင် အသံကုန် အော်ငိုနေလေသည်။
တစ်ဖက်တွင် ရှီရှောင်ဝေသည် အိမ်ထဲ၌ ငြိမ်သက်နေပုံရ၏။
"ဟေး... ခဏနေပါဦး၊ ရှီရှောင်ဝေ ဘယ်မှာလဲ..."
"ဟုတ်သားပဲ၊ သူ ဘယ်မှာလဲ... သူ့အမေက ဒီလောက် ငိုနေတာကို... သူက ဂရုမစိုက်ဘူးလား..."
"ရှီရှောင်ဝေ... ရှီရှောင်ဝေ၊ အမြန်ထွက်လာခဲ့စမ်း”
ဘာတုံ့ပြန်မှုမှ မရှိသေးပေ။
ရှီကျန့်ရှန်း တံခါးကိုတွန်းဖွင့်၍ အထဲကို ချောင်းကြည့်လိုက်ပြီးမှ ပြန်လှည့်လာကာ
"အိမ်မှာ ဘယ်သူမှမရှိဘူး၊ ရှီရှောင်ဝေ ဒီမှာ မရှိဘူး"
"ဘာ..."
"နေဦး... သူ ဘယ်ရောက်နေတာလဲ..."
"သူ အမှတ်သွားကြည့်တာများလား..."
လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီးမှ ချန်ချင်းယွီ ရုတ်တရက် သတိရသွားကာ
"အော်... ဟုတ်သားပဲ၊ မွန်းတည့်ချိန်လောက်က သူ အပြင်ထွက်သွားတာကို ကျွန်မ မြင်လိုက်သလိုပဲ၊ ဒါပေမယ့် ပြန်လာသလား မလာသလားတော့ မသိဘူး"
"ဟင်..."
"သူ ဘယ်ကိုသွားနိုင်မှာလဲ... ဒီနေ့က ရလဒ်တွေ ထွက်တဲ့နေ့လေ"
လီလင်းလင်း : "သူ ပြန်မလာသေးဘူး..ရလဒ်တွေစောင့်ဖို့ မွန်းတည့်တည်းက စက်ရုံကို သွားတာ… ကျွန်မ သူ့ကို လမ်းကြားထဲမှာ တွေ့လို့ စကားတောင် ပြောလိုက်သေးတယ်.. သူက ရလဒ်ကို ပထမဆုံး သိချင်တယ်လို့ ပြောတာပဲ”
"အာ... ဒါဆို သူ ဘယ်မှာလဲ..."
"ဟုတ်တယ်... ဘယ်လောက်တောင် ကြာသွားပြီလဲ..."
လူတိုင်း တကယ်ပင် ဇဝေဇဝါ ဖြစ်နေကြ၏။ ချန်ချင်းယွီမှာ ဘေးလူတစ်ယောက်အနေနှင့် ဘာမှဝင်မပြောဘဲ တစ်ဖက်တွင်သာ ငြိမ်ငြိမ်လေး နေနေလိုက်သည်။
ဒါတွေက သူမနဲ့လည်း မဆိုင်သလို သူမ ကိစ္စလည်း မဟုတ်ဘူးလေ…
အဒေါ်ကြီးမေ့ တိုးတိုးလေး ရေရွတ်လိုက်မိကာ
"ဒီကလေး ထွက်ပြေးသွားတာလား မသိဘူး..."
"ဟာ... သူ... သူ အဲ့လိုမျိုးတော့ မလုပ်လောက်ပါဘူးနော်... သူ ဘယ်ကို ပြေးမှာလဲ..."
"မှန်တယ်... ကျေးလက်ကို ဆင်းရမှာက သူဘာသာသူ ဖျက်သိမ်းလို့ရတဲ့ ကိစ္စမှ မဟုတ်တာ"
"ကျွန်မ ထင်တာကတော့..."
ရုတ်တရက် ဆူညံနေသောခြေသံများမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
မကြာခင်မှာပင် ဝင်းတံခါးဝမှ တစ်ယောက်ယောက် ခေါင်းပြူထွက်လာပြီး အော်ဟစ်လိုက်လေ၏။
"ကယ်ကြပါဦး... တစ်ယောက်ယောက် မြန်မြန်လာကြပါဦး... ရှင့်တို့ဝင်းထဲက ရှီရှောင်ဝေ မြစ်ထဲ ခုန်ချလိုက်ပြီ..."
"ဘာ...... မြစ်ထဲ ခုန်ချတယ် ဟုတ်လား........."
"ဘုရားရေ... ဒီကလေးက ဘာလို့ အဲ့လိုမျိုး လုပ်ရတာလဲ..."
"ရှောင်ဝေ... ငါ့ရှောင်ဝေလေး..."
အစ်မကြီးဖန် ယူကျုံးမရ အော်ဟစ်ရင်း "ရှောင်ဝေ..." ဟု အော်ခေါ်ကာ အပြင်သို့ အတင်းပြေးထွက်သွားလေတော့သည်။
ကျန်သောသူများလည်း အလွန်အမင်းကို အံ့အားသင့်၍ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ အတော်ကြာမှ တစ်ယောက်မှာ ယောင်နန မေးခွန်းထုတ်လိုက်သည်။
"အခုန သူတို့ ဘာပြောသွားတာလဲ... ရှီရှောင်ဝေ မြစ်ထဲ ခုန်ချတယ်လို့ ပြောတာလား..."
ချန်ချင်းယွီ ခေါင်းငြိမ့်ပြရင်း ထောက်ခံဖြေလိုက်၏။
"ဟုတ်တယ်"
သူမလည်း တကယ်ပင် ကြောင်သွားရသည်သာ… ဒါက ဒီလို အဖြစ်အပျက်မျိုး သူမ ပထမဆုံး ကြုံဖူးတာပဲလေ…
တကယ်တမ်းတွင် သူမအနေနှင့် ဤမျှအထိ အဖြစ်အပျက်စုံလင်လှသည်ကို မကြုံဖူးခဲ့ပေ။ သို့သော် ဤကမ္ဘာထဲသို့ ကူးပြောင်းရောက်ရှိလာသည့် သက်တမ်းမှာ နှစ်ဝက်ပင် မပြည့်သေးသော်လည်း အရင်ဘဝက နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်ထက်ပင် အတွေ့အကြုံများ ပိုမိုများပြားနေပြီ ဖြစ်သည်။နေ့စဉ်နေ့တိုင်း၌လည်း အဖြစ်အပျက် အကြီးအငယ်တို့မှာ မရပ်မနားဘဲ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေသလိုပင် ရှိတော့၏။
သို့သော် မြစ်ထဲခုန်ချကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုမှာ အလေးအနက်ထားရမည့် ကိစ္စရပ်ဖြစ်သဖြင့် ချန်ချင်းယွီမှာ စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိလေသည်။
"မဟုတ်သေးဘူး၊ ငါသွားကြည့်မှ ဖြစ်မယ်"
"ကျွန်မလည်း လိုက်ကြည့်ဦးမယ်လေ~"
ဘေးပတ်ဝန်းကျင်မှသူများမှာ အခြေအနေကို သွားရောက်ကြည့်ရှုရန် ထွက်သွားကြသော်လည်း ချန်ချင်းယွီမှာ လိုက်ပါသွားခြင်းမရှိပေ။
သူမအနေနှင့် ပေါ့ဆ၍မဖြစ်သည်ကို သိထား၏။ တစ်ယောက်ယောက်သည် သူတို့အတွက် ကျင်းတူးထားခြင်း(အကွက်ဆင်)လည်း ဖြစ်နိုင်ကာ၊ မတော်တဆဖြစ်လျှင် သူခိုးများပင် အိမ်ထဲသို့ ဝင်ရောက်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ချန်ချင်းယွီ ပို၍ပင် သတိထားနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ သတိထားနေရမည့်ရက်မှာ ရက်ပိုင်းမျှသာ ဖြစ်၏။ ယွမ်ရှောင်ချွေ ထွက်ခွာသွားပြီး "လက်မှတ်" ကိစ္စ ပေါ်သွာရလျှင် သူတို့မိသားစုမှာလည်း ဘေးအန္တရာယ် ကင်းစင်သွားပြီ ဖြစ်သည်။
ချန်ချင်းယွီ ငြိမ်သက်စွာ ရပ်နေစဉ်မှာပင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက်မှာ သူမအနားသို့ ကပ်လာကြ၏။ ရှောင်ကျားမှာ အရာရာကို သိလိုစိတ်ပြင်းပြပြီး အတွေးများတတ်သော ကလေးတစ်ဦး ဖြစ်၍ ထိုကောင်လေးမှာ အရောင်တောက်နေသော မျက်လုံးများဖြင့် မေးမြန်းလေသည်။
"မေမေ၊ ဦးဦးရှောင်ဝေ ဘာဖြစ်တာလဲဟင်"
"သူ မြစ်ထဲ ခုန်ချလိုက်တာတဲ့"
ချန်ချင်းယွီ ပြန်လည်ဖြေကြားလိုက်၏။
"ဟာ..."
ရှောင်ကျား၏ မျက်လုံးဝိုင်းကြီးများမှာ အံ့အားသင့်မှုကြောင့် ပြူးထွက်သွားတော့သည်။ မြစ်ထဲသို့ ပြုတ်ကျပါက အသက်အန္တရာယ်ရှိနိုင်သည်ကို သူကောင်းကောင်း သိထား၏။ သူတို့မောင်နှမ မိခင်နှင့်အတူ မြစ်သို့ ငါးသွားဖမ်းသည့်အခါတိုင်း မိခင်ဖြစ်သူမှာ အမြဲသတိပေးတတ်သဖြင့် ၎င်းကို သူ စွဲမြဲစွာ မှတ်သားထားခြင်း ဖြစ်သည်။
ရေနက်သည့်နေရာတွင် မကစားရ၊ ရေထဲမဆင်းရဟူသည်မှာ ကလေးငယ်များပင် သိထားသည့် အချက်များဖြစ်၏။ ယခုမူ မြစ်ထဲသို့ ခုန်ချလိုက်သည်ဆိုသဖြင့် သူ့မှာ ကြောက်ကြောက်လန့်လန့်နှင့် တံတွေးတစ်ချက် မျိုချလိုက်မိသည်။
ရှောင်ယွမ်မှာလည်း ကြောက်ရွံ့သွားဟန်ဖြင့် သူမအစ်ကို၏လက်ကို လှမ်းကိုင်ကာ ခေါင်းလေးစောင်း၍ "ဘာလို့လဲဟင်" ဟု ထပ်ဆင့်မေးမြန်းပြန်၏။
ချန်ချင်းယွီ ရှင်းပြလိုက်ရသည်။
"သူ စာမေးပွဲ သိပ်မဖြေနိုင်ဘူးလေ၊ စာမေးပွဲမအောင်ရင် သူက ကျေးလက်ကို ဆင်းရမှာ.. အဲ့ဒီမှာ နေရတာက အရမ်းပင်ပန်းတယ်၊ သူက အပင်ပန်းမခံနိုင်လို့ မြစ်ထဲ ခုန်ချလိုက်တာနေမှာပေါ့"
သို့သော် ချန်ချင်းယွီ ကိုယ်တိုင်လည်း အမှန်တကယ်ပင် ထိုအကြောင်းရင်းကြောင့်လားဆိုသည်ကိုမူ နားမလည်နိုင်ခဲ့ပေ။
သူမ ဆက်လက်၍ ဖြည့်စွက်ပြောလိုက်၏။
"တကယ်တော့ ဒါက မေမေ ခန့်မှန်းကြည့်တာပါ၊ သေချာတော့ မသိရသေးဘူး.. သူက ခုထိ ပြန်မရောက်သေးတော့ ဒါက မတော်တဆ ဖြစ်တာလည်း ဖြစ်နိုင်တာပဲ၊ ပြောရခက်ပါတယ်"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပါးဖောင်းဖောင်းလေးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"ကြောက်စရာကြီးနော်"
ချန်ချင်းယွီ : "မကြောက်ပါနဲ့၊ သားတို့ သမီးတို့က လိမ္မာတဲ့ကလေးတွေမှန်း မေမေ သိပါတယ်၊ သားတို့က အမြဲတမ်း ဂရုတစိုက်ရှိကြတယ် မဟုတ်လား..."
"ဟုတ်ပါတယ်~"
ကလေးနှစ်ယောက်လုံး ဂုဏ်ယူဝင့်ကြွားသည့်ဟန်ဖြင့် ရင်ဘတ်လေးများကို ချက်ချင်း ကော့လိုက်ကြ၏။
ဒါပေါ့ သူတို့က တကယ်ဉာဏ်ကောင်းတာ…
ချန်ချင်းယွီ ကလေးနှစ်ယောက်၏ ခေါင်းကို အသာအယာပုတ်ပေးရင်း
"တကယ်လို့ ဒါက မတော်တဆဖြစ်တာဆိုရင် နောက်ကို ပိုပြီးသတိထားရမယ်၊ စိတ်ဓာတ်ကျနေရုံနဲ့တော့ ဘာပြဿနာမှ ပြေလည်မသွားဘူး… ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာက အသုံးမကျဆုံး နည်းလမ်းပဲ.. ဒါက ကိုယ့်မိသားစုကိုပဲ ဝမ်းနည်းအောင် လုပ်တာ၊ ဘာမှ အကျိုးမရှိဘူး၊ သူ ဘေးကင်းပါစေလို့ပဲ မေမေ ဆုတောင်းပါတယ်"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ဘာမှနားမလည်သော်လည်း ခေါင်းကိုသာ ငြိမ့်ပြကြ၏။
ချန်ချင်းယွီ ကိုယ်တိုင်လည်း ရှီရှောင်ဝေ၏ လုပ်ရပ်ကို နားမလည်နိုင်သော်ငြား လူ့အသက်တစ်ချောင်းနှင့် ဆိုင်နေသဖြင့် သူ ဘေးကင်းစေရန်သာ ဆုတောင်းနေမိသည်။ ဤမျှ ငယ်ရွယ်သူတစ်ဦး တကယ်တမ်း တစ်ခုခုဖြစ်သွားလျှင် အလွန်နှမြောစရာကောင်းလှပေ၏။
သူက ဘယ်လိုမျိုး လူစားမျိုးပဲဖြစ်စေ အသက်ရှင်နေဖို့ကသာ အရေးကြီးဆုံး မဟုတ်လား…
ချန်ချင်းယွီ အပြင်ဘက်သို့ စိုးရိမ်တကြီး ကြည့်နေစဉ် ဆူညံသံများကြောင့် ယွမ်ရှောင်ချွေ ပြေးထွက်လာပြီး
"ဘာဖြစ်တာလဲ... သူ မြစ်ထဲ ခုန်ချလိုက်တာလား... ဟား... လိမ်နေတာပါ... သူ တကယ်ခုန်ချတယ်ဆိုတာ ငါ လုံးဝမယုံဘူး"
ချန်ချင်းယွီ ယွမ်ရှောင်ချွေကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ယွမ်ရှောင်ချွေမှာ သူမကိုကြည့်ကာ ခေါင်းတယမ်းယမ်းဖြင့်
"နင့်ကိုကြည့်ရတာ သူ့အတွက် စိုးရိမ်နေတာပဲ… ငါပြောသားပဲ၊ နင်က စိတ်ပျော့ပြီး ရိုးအလွန်းပါတယ်လို့၊ နည်းနည်းလောက် စဉ်းစားကြည့်ပါဦး… သူ့လို တစ်ကိုယ်ကောင်းဆန်တဲ့သူက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ မြစ်ထဲခုန်ချပါ့မလား... လူက ပိုပြီးတစ်ကိုယ်ကောင်းဆန်လေ၊ ပိုပြီး အသက်ရှင်ချင်လေပဲ…သေကြောင်းကြံတယ်ဆိုတာ ဟာသပဲ... မြစ်ထဲခုန်ချတယ်ဆိုတာက ပိုတောင် ရယ်ရသေးတယ်၊ ငါတော့ လုံးဝမယုံဘူး… နင်တို့က သူ့အကြောင်းကို မသိလို့ပါ၊ ငါတို့က အတူတူ ဆော့လာကြတာဆိုတော့ ငါ သူ့အကြောင်းကို အသိဆုံးပဲ.. ငါထင်တာတော့ သူက သူ့အမေကို ခြောက်လှန့်ဖို့အတွက် ဟန်ဆောင်နေတာပဲ… သူ စာမေးပွဲမအောင်ဘူး၊ အလုပ်လည်းမရှိတော့ ကျေးလက်ကို ဆင်းရတော့မယ်လေ.. အခုလို ပြဿနာရှာနေတာက သူ့အမေကို ခြောက်ပြီးတော့ အမေဖြစ်သူရဲ့ အလုပ်နေရာကို ရချင်လို့ပဲ ဖြစ်မှာပေါ့"
ချန်ချင်းယွီ မျက်မှောင်တစ်ချက် ကြုတ်လိုက်မိ၏။
ယွမ်ရှောင်ချွေ : "ဘာလို့ အဲ့လိုမျက်နှာပေးနဲ့ ကြည့်နေတာလဲ... တကယ်ပြောတာပါ၊ ငါ နင့်ကို မလိမ်ဘူး၊ ကြည့်နေလိုက်၊ ဒါက သေချာပေါက် အမှန်ပဲ"
ချန်ချင်းယွီသည် ရှီရှောင်ဝေနှင့် ရင်းနှီးမှုမရှိသော်လည်း ယွမ်ရှောင်ချွေနှင့် ရှီရှောင်ဝေတို့မှာ အလွန်ရင်းနှီးကြောင်း သိထားသည်။ ရှီရှောင်ဝေသည် ယွမ်ဟောက်ရွှယ်နောက်သို့ တကောက်ကောက် လိုက်နေသူဖြစ်ပြီး ယွမ်ဟောက်ရွှယ်မှာလည်း ရှောင်ချွေကို နေရာတိုင်း ခေါ်သွားတတ်သဖြင့် သူတို့အားလုံးမှာ ခွဲမရအောင် ရင်းနှီးကြသည်ပင်။
ထို့ကြောင့် ယွမ်ရှောင်ချွေမှာ ရှီရှောင်ဝေအကြောင်းကို သူမထက် ပိုသိနေမည်မှာ အမှန်ပင်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဤအချိန်၌ ချန်ချင်းယွီ စဉ်းစားမိသည်မှာ ဤကိစ္စသည်သာ အယောင်ဆောင်ဖြစ်ခဲ့လျှင် အနည်းဆုံး အသက်အန္တရာယ် မစိုးရိမ်ရတော့သဖြင့် တော်သေးသည်ဟုပင်။
သူမသည် ရှီရှောင်ဝေကို အထင်မကြီးသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ သေစေလိုသည့် ဆန္ဒမရှိပေ။
သူမ နှုတ်ဆိတ်နေသော်လည်း အနားရှိ မပြန်သေးသည့် အမျိုးသမီးကြီးတစ်ဦးမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလေ၏။
"ညည်းပြောတာလည်း ဟုတ်သလိုပဲ"
မကြာမီမှာပင် အစ်မကြီးဖန်၏ အော်ဟစ်ငိုယိုသံကြီး ပြန်လည်ကြားလာရပြီး အမျိုးသားအချို့မှာ ရှီရှောင်ဝေကို ထမ်းလာကြလေသည်။
"ဟာ... ရေနစ်သွားတာလား..."
"အာ... သူ သေသွားပြီလား..."
အစ်မကြီးဖန်မှာ ရူးသွပ်နေသူတစ်ဦးကဲ့သို့ ဒေါသတကြီး ဆဲဆိုတော့သည်။
"ငါ့သားကို မကောင်းစကားတွေ မကျိန်ကြနဲ့၊ မသာမတွေ... အခုလိုအချိန်မှာတောင် ငါ့သားကို လာကျိန်နေကြသေးတယ်၊ အသေဆိုးနဲ့ သေမယ့်ကောင်တွေ..ငါ့ရှောင်ဝေလေး..."
ရှီရှောင်ဝေကို မြေပြင်ပေါ်သို့ ချထားလိုက်သောအခါ သူသည် မျက်လုံးလေး ပွင့်လာပြီး အားနည်းသောအသံဖြင့်
"အမေ... မငိုပါနဲ့တော့။ ဒါတွေက သားရဲ့အပြစ်တွေပါ… သား အမေ့ကို စိတ်ပျက်အောင် လုပ်မိပြီ၊ သား စာမေးပွဲ မအောင်ဘူး..."
"ရှောင်ဝေလေး..."
အစ်မကြီးဖန်၏ ယူကျုံးမရ ငိုယိုသံကြီးမှာ ထပ်ဖန်တလဲလဲ ပဲ့တင်ထပ်သွားပြန်၏။
ချန်ချင်းယွီ၏ မျက်ဝန်းများမှာ အရောင်တလက်လက် တောက်သွားပြီး ယွမ်ရှောင်ချွေကို တစ်လှည့် ပြန်ကြည့်မိသည်။ ယွမ်ရှောင်ချွေသည် ရှီရှောင်ဝေ၏အကြောင်းကို တကယ်ပင် အူမချေးခါးမကျန် သိထားသည်ဟု သူမ တွေးတောမိလေ၏။
တကယ်တမ်း၌လည်း ရှီရှောင်ဝေ ဟန်ဆောင်နေသည်ဆိုသည်မှာ သိသာလှပေသည်။
အကယ်၍ သူသာ တကယ်တမ်း ရေနစ်ပြီး အားအင်ကုန်ခမ်းနေသည်ဆိုပါက ဤကဲ့သို့ ဖြစ်နေလိမ့်မည် မဟုတ်ပေ။
ရှီရှောင်ဝေသည် အခြားသူများကို မချုပ်ကိုင်နိုင်ကာ၊ အခြားသူများသည်လည်း သူ့စကားကို နားထောင်ကြမည်မဟုတ်ပေ။ သူ အမှန်တကယ် ချုပ်ကိုင်ချင်သည့် တစ်ဦးတည်းသောသူမှာ သူ၏ကိုယ်ပိုင် မိခင်ပင် ဖြစ်သည်။
"မေမေ... သား စာမေးပွဲ မအောင်ဘူး၊ ဘာလို့ သားက မအောင်ရတာလဲ..."
"သားလေးရယ်... အားလုံးက အမေ့အပြစ်တွေပါ၊ အမေက သိပ်အသုံးမကျလို့ပါ..."
အစ်မကြီးဖန်မှာ အော်ဟစ်ငိုယိုနေပြီး အတော်အတန် ငိုပြီးသောအခါ ရုတ်တရက် ရှီကျန့်ရှန်းထံသို့ ပြေးသွားကာ အတင်းဆွဲလှဲလျက် ပြောလိုက်၏။
"အဒေါ်ရှီ၊ ကျေးဇူးပြုပြီး ရှင့်သားရဲ့ အလုပ်နေရာကို ကျွန်မသား ရှောင်ဝေအတွက် ပေးဖို့ ပြောပေးပါဦး.. ရှင့်မှာ သားသုံးယောက်ရှိတာပဲ၊ ဘာလို့ တစ်ယောက်မှ ကျေးလက်မဆင်းရတာလဲ... ကျေးဇူးပြုပြီး သူ့ကို အလုပ်နေရာကနေ ထွက်ခိုင်းပေးပါ… ကျွန်မနဲ့ ကျွန်မသားက ရှင့်ကို တစ်သက်လုံး ကျေးဇူးတင်သွားမှာပါ… တကယ်ပါ၊ နောက်ဆိုရင် ရှင်က ကျွန်မသားရဲ့ မွေးစားအမေအဖြစ် သတ်မှတ်ပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်မတို့ မိသားစုကို ကူညီပါဦး..."
ရှီကျန့်ရှန်း : ‘……’
ချန်ချင်းယွီနှင့် ဘေးမှကြည့်နေသူများ : "……………………"
သေစမ်း… ပြောရဲလိုက်တာ.. ပြောရဲလိုက်တာ..
ချန်ချင်းယွီမှာ မိမိ၏ သပ်ရပ်လှပသော ဆံပင်များကို ရှုပ်ပွသွားသည်အထိ ကုတ်ခြစ်မိပြီး ဖြစ်ပျက်နေသည်များကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
ဒါက စိတ်ကူးယဉ်နေတာလား...
ဒီမိန်းမ ဘာတွေ တွေးနေတာလဲ...
ချန်ချင်းယွီသည် ရှီကျန့်ရှန်း ဇနီးမောင်နှံကို မနှစ်သက်သော်လည်း ယခုအခါတွင်မူ ရှီကျန့်ရှန်းကို သနားစိတ်ပင် ဝင်လာမိ၏။
အီးပုံကို နင်းမိသလိုပါပဲလား.. ဒါကတော့...
နားကို မလည်နိုင်တော့ပေ…
ချန်ချင်းယွီမှာ လုံးဝကို အံ့အားသင့် ဇဝေဇဝါ ဖြစ်သွားရသည်။
ဤကဲ့သို့ စကားမျိုး ပြောထွက်ရန် မည်မျှအထိ အရှက်မရှိရမည်နည်း။
ချန်ချင်းယွီ နားမလည်နိုင်သလို၊ အခြားသူများလည်း နားမလည်နိုင်ကြပေ။
လူတိုင်း အစ်မကြီးဖန်ကို မယုံကြည်နိုင်သည့်အလား စိုက်ကြည့်နေကြသော်လည်း အစ်မကြီးဖန်မှာ အခြေအနေကို သတိမထားမိဘဲ ရှီကျန့်ရှန်းကို ဖက်တွယ်လျက် ရုတ်တရက် ဒူးထောက်ချလိုက်ကာ
"မမရှီ၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကူညီပါဦး... ရှင့်သား သုံးယောက်လုံးမှာ အလုပ်ရှိတာပဲ၊ တစ်ယောက်လောက် မရှိတော့လို့ ဘာမှမဖြစ်ပါဘူး… ကျေးဇူးပြုပြီး ကူညီပါ၊ ကျွန်မ တစ်သက်လုံး ကျေးဇူးတင်ပါ့မယ်.. ကျွန်မသား သေတော့မယ်... ကျေးဇူးပြုပြီး သူ့ကို ကယ်ပါဦး..."
"အဓိပ္ပာယ်မရှိတာ..."
ရွှီရှောင်စန်းမှာ အိမ်ပြန်ပြန်ချင်း ဤကဲ့သို့ ထူးဆန်းသော လူနှင့် ကြုံတွေ့ရသဖြင့် လန့်သွားရ၏။ သူသည် အော်ဟစ်လိုက်ပြီး သူမကို ကန်ထုတ်လိုက်ကာ
"ကျုပ်အမေကို လွှတ်စမ်း... အရှက်မရှိတဲ့ မိန်းမ... ကျုပ်မှာ အလုပ်ရှိတာပဲ၊ ဘာလို့ ကျေးလက်ဆင်းရမှာလဲ... ခင်များ ရူးနေတာလား... ကျုပ်အလုပ်ကို ဘာလို့ ခင်များသားကို ပေးရမှာလဲ... ကျုပ်မိသားစုက သားတစ်ယောက် ဆုံးရှုံးရတာကို ဘာလို့ လက်ခံရမှာလဲ... ကျုပ်အမေမှာ သားအရင်း သုံးယောက်ရှိတာ၊ ဘာလို့ ခင်များသားကို သားအဖြစ် မွေးစားရမှာလဲ... ရူးနေသလား... နေမကောင်းရင် ဆရာဝန်သွားပြစမ်း... ဒီလိုစကားမျိုး ဘယ်လိုပြောထွက်တာလဲ... ခင်များလောက် ယုတ်မာတဲ့သူ တစ်ခါမှ မမြင်ဖူးဘူး.. ခင်များအလုပ်ကိုပဲ ကိုယ့်သားကို ပေးလိုက်ပါလား... သူများကို နှိပ်ကွပ်ဖို့ကျ တော်လိုက်တာ၊ ကျုပ်တို့နှစ်မိသားစုက ဘာပတ်သက်လို့လဲ... ကျုပ်တို့က ခင်များတို့ကို အကြွေးတင်နေလို့လား... ကျုပ်အလုပ်ကိုတောင် လိုချင်နေသေးတယ်ပေါ့၊ ခင်များကို သတ်ပစ်မယ်..."
ရွှီရှောင်စန်းမှာ ပြောရင်းပြောရင်း ပို၍ ဒေါသထွက်လာသည်။
တောက်... ဘယ်သူက ကျေးလက်ဆင်းချင်မှာလဲ... သူမှာ အကောင်းစား အလုပ်ရှိနေတာကို ဘာလို့ ကျေးလက်ဆင်းရမှာလဲ...
သူ ရှေ့သို့တိုးကာ သူမကို ရိုက်ရန် ပြင်လိုက်သော်လည်း အဘွားကြီးပိုင်နှင့် အခြားသူများ မြန်မြန်ဆန်ဆန်ပင် ဆွဲထားလိုက်ကြသည်။
"ကဲပါ... ရှောင်စန်း၊ စိတ်ထဲမထားပါနဲ့တော့"
"ဟုတ်တယ်၊ သူက စိတ်တွေရှုပ်နေလို့ပါ၊ သူ့ကို ဘာလို့ အဖက်လုပ်နေမှာလဲ... ဒါက တကယ်ကို မဖြစ်နိုင်တဲ့ ကိစ္စပဲ၊ အရမ်း ဒေါသမထွက်ပါနဲ့"
"ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမလဲ... သူက အရူးမပဲ မဟုတ်လား..."
"သူ့ကို မရိုက်နဲ့... သူ့ကို သွားထိလို့ သူက ရှင့်ကို ငွေညှစ်ဖို့ ကြိုးစားရင် ရှင့်ဘက်က ရှင်းပြရ ခက်လိမ့်မယ်၊ အလုပ်တောင် ပြုတ်သွားနိုင်တယ်"
ယွမ်ရှောင်ချွေ ကြားထဲမှ ထပ်မံ ဝင်ပြောလိုက်ပြန်၏။
ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို ကြည့်ရင်း ယခုအချိန်တွင် ထိုကောင်မလေးသည် မည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ တကယ်ပင် ကြောက်ရွံ့ခြင်းကင်းမဲ့နေပြီဟု ခံစားလိုက်ရသည်။
ယခင်၌လည်း သူမသည် ဝင်းအတွင်းတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ ဖြစ်သော်လည်း ယခုမူ ပို၍ပင် သိသာထင်ရှားလာလေသည်။
သို့သော်လည်း...
ယွမ်ရှောင်ချွေ ပြောဆိုသည်များမှာ အမှန်တကယ် အကျိုးအကြောင်း ဆီလျော်မှုရှိသည်ဟု ချန်ချင်းယွီ ခံစားလိုက်ရ၏။
ဤမျှလောက် အဓိပ္ပာယ်မရှိသော ကိစ္စရပ်မျိုးကို မည်သူမှ သဘောတူမည်မဟုတ်ကာ၊ အစ်မကြီးဖန်မှာလည်း ထိုမျှအထိ မိုက်မဲသူ မဟုတ်ပေ။ အသည်းအသန် ဖြစ်နေလျှင်ပင် ဤမျှအထိ လုပ်မည်မဟုတ်ပေ။ ယွမ်ရှောင်ချွေ ပြောသကဲ့သို့ပင် ငွေညှစ်ရန်အတွက် တမင်တကာ လုပ်ဆောင်သည့်ဖြစ်နိုင်ချေမှာ ပို၍နီးစပ်လှသည်။
ဒါကလည်း ဖြစ်နိုင်ခြေရှိတာပဲ…
ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို တစ်ဖန်ပြန်ကြည့်မိပြီး သူမအား အထင်သေးခဲ့မိသည်ကို သတိထားမိလိုက်၏။ ယခင်က ယွမ်ရှောင်ချွေမှာ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး စဉ်းစားဆင်ခြင်မှု မရှိသူဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် ယခုမူ သူမသည် စိတ်မြန်သူဖြစ်နိုင်သော်လည်း ရှီရှောင်ဝေ၏ မိသားစုအကြောင်းကိုမူ ကောင်းစွာနားလည်ထားသည်မှာ သေချာလှ၏။
"ရှင်တို့ မမြင်ကြဘူးလား..."
ယွမ်ရှောင်ချွေ စကားပြောလိုက်သည်နှင့် ရှီရှောင်ဝေနှင့် အစ်မကြီးဖန်တို့၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားလေသည်။
အဟ်မကြီးဖန် ဒေါသတကြီး အော်ဟစ်လိုက်ကာ
"နင် ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ... နင်လို အလေအလွင့်မလေးက တခြားသူတွေထက် ဘာမှပိုကောင်းတာမဟုတ်ဘူး၊ နင်က အမေမရှိတဲ့သူ ဖြစ်ရမှာပဲ၊ နင်ကတော့ ကျေးလက်ကို အပို့ခံရဖို့ ထိုက်တန်တယ်..."
ယွမ်ရှောင်ချွေမှာ သည်းမခံနိုင်ပေ။ သူမသည် ရှေ့သို့ပြေးထွက်သွားကာ အစ်မကြီးဖန်၏ မျက်နှာကို အချက်ပေါင်းများစွာ ရိုက်နှက်လိုက်ပြီး
"အရှက်မရှိတဲ့မိန်းမကြီး... ရှင့်အကြောင်း ငါမသိဘူးလို့ ထင်နေလား... သူတစ်ပါးရဲ့ အလုပ်ကို ခိုးယူဖို့ ကြိုးစားနေတာ မဟုတ်လား... အရှက်မရှိတဲ့ကောင်... တခြားသူတွေက နင့်ကို ကြောက်ရင်ကြောက်လိမ့်မယ်၊ ငါကတော့ မကြောက်ဘူး။ ဖိနပ်မပါတဲ့သူက ဖိနပ်ပါတဲ့သူကို ကြောက်စရာမလိုဘူးဟဲ့ (ဘာမှဆုံးရှုံးစရာမရှိရင် ဘာမှကြောက်စရာမလိုဘူးဆိုတဲ့အဓိပ္ပာယ်ပါ) ..ငါ့မှာ အလုပ်မရှိတော့ နင် ငါ့ဆီက ဘာမှခိုးလို့မရဘူး၊ ငါ့အမေအကြောင်း ပြောရဲတယ်ပေါ့... ပြောစမ်းပါဦး... လူတွေအားလုံး လာကြည့်ကြပါဦး... ကျွန်မ ပြောပြမယ်၊ ဒီအဘွားကြီးဖန်က တကယ်ကို မကောင်းတဲ့သူ… မနေ့ညက သူတို့ပြောနေတာတွေကို ကျွန်မ အကုန်ကြားခဲ့တယ်၊ သူက တကယ့်ကို ယုတ်မာတဲ့သူ၊ မနေ့က ကျွန်မ အိမ်သာသွားရင်း သူတို့ပြတင်းပေါက်နားက ဖြတ်သွားတော့ အကုန်လုံးကို အသေအချာ ကြားခဲ့ရတာ… သူ့သား စာမေးပွဲအောင်မှာမဟုတ်ဘူးဆိုတာ သူကြိုသိနေပြီးသား၊ အဲ့ဒါကြောင့် သူ့သားကို အလုပ်ရှိတဲ့မိန်းမတစ်ယောက် ရှာခိုင်းပြီး အဲ့ဒီမိန်းမကို အလုပ်ကနေ ထွက်ခိုင်းဖို့ ကြံစည်နေတာ~~ ဒါဆို သူ့သား ကျေးလက်ဆင်းစရာ မလိုတော့ဘူးပေါ့အဆိုးဆုံးကတော့ သူ့သားက..."
"လက်ထပ်လိုက်ရုံပဲလေ၊ ဘာပဲဖြစ်ဖြစ် လက်ထပ်ရမှာပဲဥစ္စာ.. ယောက်ျားတစ်ယောက်အတွက် ကိုယ့်အလုပ်ကို စွန့်လွှတ်လိုက်တာက သဘာဝကျပါတယ်ဆိုပြီး ပြောနေတာ.. သူက သူများအလုပ်ကို လိုချင်နေပြီး အဲ့ဒီလူကပဲ သူ့ကို ကျေးဇူးတင်ရမလိုလို လုပ်နေတာ၊ သူ့မှာ အရှက်ဆိုတာရှိရဲ့လား... ကောက်ကျစ်ဉာဏ်နဲ့ သူများအလုပ်တွေကို ချောင်းနေတာ.. အဲ့ဒီမိန်းမက သူ့ကို မသိတောင်မှ သူက လိုက်စုံစမ်းပြီး သူ့သားအတွက် အလုပ်ပေးဖို့ ဖျောင်းဖျဖို့ ကြံစည်နေတာ.. ဒီလောက်ထိ အဓိပ္ပာယ်မရှိတဲ့လူမျိုး ဘယ်သူမြင်ဖူးလဲ... မယုံနိုင်စရာပဲ၊ လူကောင်းတစ်ယောက်က ဒီလိုမျိုး လုပ်ပါ့မလား... သူက အရှက်မရှိဘူး.. မနေ့က သူ ကျရှုံးသွားလို့ အဲ့ဒီမိန်းမရဲ့ မိသားစုက သူ့ကို ဝိုင်းရိုက်လိုက်ကြတာ၊ ဒီနေ့ကျတော့ ဒီမှာ လာပြီး ပြဿနာရှာနေပြန်ပြီ.. ရွှီရှောင်စန်း၊ ရှင် သူတို့ကို သတိထားနော်၊ ရှင့်ကို အနုဆုံးနဲ့ အနိုင်ကျင့်လို့ အကောင်းဆုံးလို့ သူတို့ ထင်နေကြတာ၊ အဲ့ဒါကြောင့် ရှင့်ကို ပစ်မှတ်ထားနေကြတာ"
ရွှီရှောင်စန်း : "တောက်..."
သူက ဘယ်လိုလုပ် အနုဆုံး ဖြစ်ရမှာလဲ...
ရှီရှောင်ဝေ မိသားစုက တကယ်ကို အရှက်မရှိတာပဲ...
ယွမ်ရှောင်ချွေ : "ယောက်ျားချင်း လက်ထပ်လို့ မရလို့သာပေါ့၊ မဟုတ်ရင် ရှီရှောင်ဝေက ဝမ်တာ့ချွေနဲ့တောင် လက်ထပ်နေလောက်ပြီ..."
"ခွီးး... ဟားဟား..."
ချန်ချင်းယွီမှာ မအောင့်နိုင်ဘဲ ရယ်မောမိတော့သည်။
ကံကောင်းထောက်မစွာပင် အခြားသူများလည်း မအောင့်နိုင်ကြတော့ဘဲ ဆူညံပွက်လောရိုက်ကာ ဝိုင်းဝန်းရယ်မောကြလေတော့၏။
ချန်ချင်းယွီအနေနှင့် ယွမ်ရှောင်ချွေ၏ တိုက်ခိုက်လိုစိတ် ပြင်းပြနေပုံကို ယခုမှပင် အမှန်တကယ် ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။ ယွမ်ရှောင်ချွေသည် မကြာမီ ကျေးလက်သို့ ဆင်းရတော့မည် ဖြစ်သဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အားရပါးရ ပေါက်ကွဲနေပုံရ၏။
အစ်မကြီးဖန် : "အား... နင်... နင်လို အလေအလွင့်မလေး..."
"ရှင်ကမှ အရှက်မရှိတဲ့ မိန်းမကြီး..."
ယွမ်ရှောင်ချွေ : "ကျွန်မက မကြာခင် ကျေးလက်ဆင်းရတော့မှာ၊ ရှင့်ကို ကြောက်နေလိမ့်မယ် ထင်သလား... ရှင်က ဘာမို့လို့လဲ..."
"ရှောင်ချွေ... အဒေါ် ကျေးဇူးတင်ပါတယ်.. ညည်းရဲ့ ဖြောင့်မတ်တဲ့ စကားတွေသာ မရှိရင် ငါတို့တော့ အထိနာတော့မှာပဲ..အစ်မကြီးဖန်... ညည်း ဘယ်လိုတောင် လုပ်ရက်တာလဲ... ညည်းက ငါ့မိသားစုကို ကြံစည်နေတာပဲ မဟုတ်လား... ငါက ညည်းကို အိမ်နီးချင်းကောင်းလို့ သတ်မှတ်ခဲ့တာ၊ ညည်းက ဘယ်လိုလူမျိုးလဲ... ရှောင်စန်းလေး... လာ၊ အိမ်ပြန်ရအောင်။ သူတို့ကို လျစ်လျူရှုထားလိုက်စမ်း.. မင်းက သူတို့သားကို သူငယ်ချင်းလို ဆက်ဆံပေမဲ့ သူတို့ကတော့ မင်းကို အခွင့်ကောင်းယူဖို့ပဲ ကြံနေတာသွားကြစို့..."
ရွှီရှောင်ဆန်း : "ထွီ..”
အစ်မကြီးဖန်မှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရင်နေလျက်
"နင်... နင်... နင်..."
သူမ ယွမ်ရှောင်ချွေကို လက်ညှိုးထိုးလိုက်ရာ ယွမ်ရှောင်ချွေသည်လည်း
နှာမှုတ်ပြလိုက်၏။
“ဟွန်း…”
ရှီရှောင်ဝေသည် သူမကို အမြဲတမ်း အထင်သေးခဲ့ပြီး သရော်စကားများဖြင့်သာ စောင်းမြောင်း ပြောဆိုတတ်သူ ဖြစ်သည်။ ဤနှစ်များတစ်လျှောက် ဟောက်ရွှယ်သည်အမြဲတမ်း ကြားဝင်စေ့စပ်ပေးခဲ့ပြီး ရှောင်ချွေမှာ အတွေးများလွန်းသည်ဟုသာ ဆိုကာ သဘောထားကြီးရန် အမြဲဖျောင်းဖျခဲ့၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမသည် လုံးဝသဘောထားမကြီးနိုင်တော့ဘဲ သူတို့၏ အရှက်ဖုံးထားသော သစ်ရွက်ခြောက်ကို အစိမ်းလိုက် ခွာချလိုက်တော့သည်။
တကယ့်ကို အားရစရာကောင်းလှပေသည်...
"ရှင်တို့က သူတစ်ပါးကို ကြံစည်ရုံတင်မကဘူး၊ ကျေးလက်မဆင်းချင်လို့ မြစ်ထဲတောင် ခုန်ချပြသေးတယ်ပေါ့... ရှင်တို့က နိုင်ငံတော်ရဲ့ တောင်းဆိုချက်ကို မလိုက်နာချင်တာပဲ..."
ယွမ်ရှောင်ချွေ ဆက်စွပ်စွဲလိုက်၏။
"နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ... တော်တော့..."
အစ်မကြီးဖန်မှာ ထိတ်လန့်သွားရသည်။ ဤသို့ဆိုလျှင် မဖြစ်တော့ပေ…
သူမသားတွင် ဤကဲ့သို့သော နာမည်ဆိုးရှိသွားပါက ပြဿနာတက်နိုင်သည်သာ…
ယွမ်ရှောင်ချွေ : "လူအများရဲ့ မျက်စိက အကောင်းသားပါရှင့်... ရှင်နဲ့ ရှင့်သား ဘာတွေလုပ်ခဲ့လဲဆိုတာ ကြည့်ကြပါဦး... ရှင်က ကျွန်မတို့ကို အရူးတွေလို့ ထင်နေတာလား... ဟွန်း..."
အစ်မကြီးဖန် : "နင်လို အလေအလွင့်မ... ငါ နင့်ကို သတ်ပစ်မယ်... ငါ..."
"ဘာတွေ လုပ်နေကြတာလဲ..."
ဟိန်းထွက်လာသော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ချန်ချင်းယွီ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ လူများဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ရလဒ်များ ထွက်လာသည်နှင့်တစ်ပြိုင်နက် အုပ်ချုပ်ရေးရုံးသည် လူငယ်များ ကျေးလက်ဆင်းရန်အတွက် တစ်အိမ်တက်ဆင်း စည်းရုံးလှုံ့ဆော်မှုများကို ချက်ချင်း စတင်တော့သည်။ မနက်ဖြန်သည် နောက်ဆုံးရက်ဖြစ်ပြီး သဘက်ခါတွင် အားလုံး ထွက်ခွာရတော့မည်
ဖြစ်၏။ သူတို့ကိုယ်တိုင်လည်း စိုးရိမ်နေကြသဖြင့် စက်မှုစက်ရုံ၏ ရလဒ်များမှာ ဤမျှမြန်ဆန်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်~~ သူတို့အနေနှင့် အချိန်ဆွဲ၍မရတော့ပေ။
သို့သော် ဤအခြေအနေကပင် အုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများကို အလွန်အမင်း စိတ်ပျက်ငြီးငွေ့စေခဲ့သည်။ သူတို့သည် ယနေ့မွန်းလွဲပိုင်းနှင့် မနက်ဖြန်အတွက် အလုပ်များလွန်းနေလေပြီ….
မူဝါဒအရ ကျေးလက်ဆင်းရမည့် မိသားစုများစွာရှိသဖြင့် သူတို့မှာ တစ်အိမ်တက်ဆင်း လိုက်လံဖျောင်းဖျနေရသည်မှာ မောဟိုက်နေကြပြီ ဖြစ်၏။
"ဘာဖြစ်နေကြတာလဲ... ရှင်တို့အားလုံး ဘာလုပ်နေကြတာလဲ... ဘာတွေ ပြောဆိုနေကြတာလဲ..."
တာဝန်ရှိသူ၏ အကြည့်မှာ လူအုပ်ကို ဝေ့ကြည့်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သူမျှ တစ်ဖက်သားကို နှိပ်ကွပ်သည့် စကားမျိုး မပြောရဲကြတော့ပေ။
ယွမ်ရှောင်ချွေပင်လျှင် ငြိမ်သွားတော့သည်။
"မမဖန်၊ ရှင့်ဘာတွေလုပ်နေတာလဲ... သူက ဘာလို့ မြစ်ထဲခုန်ချရတာလဲ... ရှင့်မိသားစုက ကျေးလက်ဆင်းရမည့် သတ်မှတ်ချက်နဲ့ ကိုက်ညီနေတာပဲ… ရှီရှောင်ဝေက အလုပ်မရှိသလို အသက်အရွယ်ကလည်း ပြည့်နေပြီ၊ သူက နိုင်ငံတော်ရဲ့ တောင်းဆိုချက်ကို လိုက်နာရမှာပေါ့..အခုတော့ ဒါက..."
ဆုံးမစကားများမှာ ရေပမာ တသွင်သွင် စီးဆင်းလာတော့၏။
ချန်ချင်းယွီသည် ဘေးမှရပ်ကြည့်နေရင်း ၁၉၇၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းရသကို အမှန်တကယ် ခံစားလိုက်ရသည်။
ဟုတ်ပေသည်၊ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ယခင်လည်း ရှိခဲ့ဖူး၏။
သို့သော် ယခုမူ ပို၍ပင် ထင်ရှားသိသာလှပေသည်။
"ကျေးလက်ဆင်းရမည်" ဟူသော စကားလုံးလေးလုံးမှာ ရေးရသည်မှာ လွယ်ကူသော်လည်း လက်တွေ့ဘဝတွင်မူ အလွန်ပင် လေးလံလှသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။
အုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများ အစ်မကြီးဖန်အား ဆက်လက်ဖျောင်းဖျနေသည်ကို ကြည့်ရင်း ချန်ချင်းယွီကိုယ်တိုင်ပင် စိတ်ဓာတ် အနည်းငယ် ကျလာရ၏။ အချိန်လည်း လင့်နေပြီဖြစ်သဖြင့် သူမသည် အိမ်ပြန်၍ ထမင်းဟင်းချက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အစ်မကြီးဖန် : "ဖြစ်နိုင်တာက... ဖြစ်နိုင်တာက မနက်ဖြန်ကျရင် ကျွန်မသား အလုပ်ရသွားရင်ရသွားမှာပေါ့.. နောက်ပြီး ဒီဝင်းထဲမှာ ကျေးလက်ဆင်းရမယ့် သတ်မှတ်ချက်နဲ့ ကိုက်ညီတာ သူတစ်ယောက်တည်းမှ မဟုတ်တာ။ ဟိုးမှာကြည့်လေ၊ ယွမ်ရှောင်ချွေလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီတာပဲ၊ သူ့ကိုကျတော့ ဘာလို့ သွားပြီး မဖျောင်းဖျတာလဲ..."
ယွမ်ရှောင်ချွေ : "ဒီမိန်းမကြီးကတော့ တကယ်ကို ယုတ်မာတာပဲ... ရဲဘော်တို့... ဒီမိသားစုက ကျေးလက်မဆင်းရဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူတွေပါ၊ သူတို့က... သူတို့က... တောက်.. ငါ့ကိုတောင် လာပြီး စောင်းမြောင်းနေသေးတယ်... ကျွန်မ ပြောလိုက်မယ်၊ ကျွန်မကတော့ ကျေးလက်ဆင်းဖို့အတွက် နာမည်စာရင်း ပေးပြီးသား..."
"ဟေး..."
"ဟင်..."
"တကယ်လား..."
အသံအမျိုးမျိုး ထွက်ပေါ်နေသော်လည်း ခိုင်မာသော အထောက်အထား မရှိသဖြင့် လူတိုင်း ဇဝေဇဝါ ဖြစ်နေကြရာမှ ယခုကဲ့သို့ အဖြေအတိအကျ ရလိုက်သဖြင့် အံ့အားသင့်သွားကြသည်။
အပြင်ဘက်တွင် ဆူညံသံများ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သော်လည်း ချန်ချင်းယွီမှာမူ…
"ချက်မယ်၊ ပြုတ်မယ်... ထမင်းချက်တော့မယ်... ပေါက်စီ လုပ်တော့မယ်..."
အပြင်မှ ဆူညံသံများကြားမှာပင် ချန်ချင်းယွီ မုန့်နှစ်ကို နယ်နေ၏။
အပြင်မှ ဆူညံသံများကြားမှာပင် ချန်ချင်းယွီ စွန်ပလွန်သီးများကို လှီးဖြတ်ကာ ပေါက်စီပေါ်တွင် အလှဆင်နေ၏။
အပြင်မှ ဆူညံသံများကြားမှာပင် ချန်ချင်းယွီ မီးမွှေးတော့၏။
အဒေါ်ကြီးမေ့မှာ အလုပ်ရှုပ်နေသော ချန်ချင်းယွီကို ကြည့်ရင်း နှုတ်ခမ်းလေး တွန့်သွားကာ ဆိုလိုက်မိလေသည်။
"ညည်းကတော့ တကယ်ကို ထူးခြားတဲ့သူပဲ.. အရင်က ငါ သတိမထားမိခဲ့ဘူး"
ချန်ချင်းယွီသည် ဤမျှ ဆူညံပွက်လောရိုက်နေသည့် ကြားတွင်ပင် ဘာကိုမျှ ဂရုမစိုက်ဘဲ အေးအေးလူလူ ဟင်းချက်နိုင်နေသည်မှာ အံ့ဩစရာပင် ဖြစ်၏။
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"ညစာကိုတော့ နောက်ကျလို့ မဖြစ်ဘူးလေ.. ကျွန်မယောက္ခမက တစ်နေ့ကုန် အလုပ်လုပ်ထားရတော့ အရမ်းပင်ပန်းနေမှာ၊ အိမ်ပြန်ရောက်တဲ့အခါ ပူပူနွေးနွေးလေး စားရဖို့ လိုတယ်လေ"
နောက်ထပ် အပြစ်လွှဲချခံရမှု အိုးတစ်လုံးဆင့်သွားသော အဘွားကြီးကျောက် : “….”
အဒေါ်ကြီးမေ့ ပြန်စဉ်းစားကြည့်ပြီး သူမပြောသည်မှာ မှန်သည်ဟု လက်ခံလိုက်သည်။
အဘွားကြီးကျောက်... ဟူး... ဟုတ်ပါတယ်လေ..
အဒေါ်ကြီးမေ့ : "ညည်းလည်း တကယ်ကို ပင်ပန်းရရှာတာပါပဲ"
ချန်ချင်းယွီ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်၏။
သူမ ဟင်းသီးဟင်းရွက်များကို ဆက်လက်လှီးဖြတ်ကာ ဟင်းချက်ရန် ပြင်ဆင်နေသည်။ ယနေ့တွင် သူတို့၏ ဝင်းတစ်ခုတည်းသာ ရှုပ်ထွေးနေခြင်း မဟုတ်ဘဲ ဝင်းတိုင်း၌ ရှုပ်ထွေးနေကြခြင်း ဖြစ်၏။ ရပ်ကွက်ကော်မတီသည်လည်း သူတို့ဝင်းတစ်ခုတည်းသို့ လာရောက်စည်းရုံးခြင်း မဟုတ်ဘဲ ယနေ့ညတွင် လုပ်စရာများစွာ ကျန်ရှိနေသေးသည်။
"မမဖန်... ရှင်ကလည်း ဝါရင့်ဝန်ထမ်း တစ်ယောက်ဖြစ်တာကြောင့် ကျွန်မတို့ အများကြီး ထပ်ပြောနေဖို့ မလိုတော့ပါဘူး။ မနက်ဖြန်က နောက်ဆုံးရက်ပဲ၊ ရှင့်သားကို ပညာတတ်လူငယ်ရုံးကိုခေါ်သွားပြီး ကိုယ့်ဘာသာ နာမည်စာရင်း သွားသွင်းလိုက်ပါ.. အကယ်၍ မူဝါဒကို လုံးဝငြင်းဆန်မယ်ဆိုရင်တော့ ကျွန်မတို့ဘက်က ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး၊ ရှင့်စက်ရုံကပဲ ဒါကို ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်"
ဤကဲ့သို့သော ကိစ္စရပ်များကို လှည့်ဖြား၍ မရပေ။ သူမ နာမည်စာရင်း မသွင်းသဖြင့် ရပ်ကွက်ကော်မတီနှင့် စက်ရုံအဖွဲ့မှာ သူမအား ကိုင်တွယ်တော့မည် ဖြစ်၏။ ဤသည်မှာ အကြောင်းမဲ့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ တောင်းဆိုချက်ကို ငြင်းဆန်ကာ မူဝါဒကို ဆန့်ကျင်ခြင်းကြောင့် အလုပ်ထုတ်ခံရနိုင်သည်အထိ ပြင်းထန်နိုင်ပေသည်။ အစ်မကြီးဖန်မှာ နှုတ်ခမ်းကို စေ့ထားကာ တစ်ခုခု ပြန်ငြင်းလိုသော်လည်း ဝန်ထမ်းများမှာ သူမ၏ စကားများကို နားထောင်မနေတော့ပေ။
လူတိုင်းတွင် ကိုယ်စီ အခက်အခဲများ ရှိကြပြီး သူတို့မှာလည်း တာဝန်အရ လုပ်ဆောင်နေရခြင်းသာ ဖြစ်၏။ သူတို့၏ သားသမီးများကိုယ်တိုင်လည်း ကျေးလက်ဆင်းနေကြရသဖြင့် မည်သို့မျှ တတ်နိုင်စွမ်း မရှိကြပေ။
တာဝန်ခံသည် အစ်မကြီးဖန်အား ဘာမှ ထပ်မပြောတော့ဘဲ နောက်ဆုံးသတိပေးချက်ကိုသာ ပြောကြားကာ အခြားအလုပ်များ ရှိသေးသဖြင့် အမြန်ပင် ထွက်ခွာသွားလေတော့သည်။
အစ်မကြီးဖန်မှာ အင်အားများ ဆုတ်ယုတ်သွားပြီး လုံးဝ စိတ်ဓာတ်ကျသွားရှာ၏။ သူမဒေါသတကြီးဖြင့် လူများကိုကြည့်ကာ အော်ဟစ်လိုက်လေသည်။
"ဘာကြည့်နေကြတာလဲ... ကြည့်ပဲ ကြည့်နေကြတယ်... အပိုတွေ လုပ်မနေဘဲ ရှင့်တို့အလုပ်တွေကို ကျွန်မသားကိုပဲ ပေးလိုက်ကြပါလား..."
လူတိုင်း : "ဝါး..."
ဒါတွေက ဘယ်လိုလူမျိုးတွေလဲ...
အားလုံးမှာ သူမကို အထင်အမြင်သေးစွာဖြင့် မျက်စောင်းထိုးကြည့်ပြီး မည်သူမှ စကားမပြောချင်ကြသဖြင့် ကိုယ့်အိမ်ကိုယ်ပြန်ကာ လျစ်လျူရှုထားလိုက်ကြ၏။
လူတိုင်း ညစာချက်ရန် လူစုခွဲသွားကြပြီး အစ်မကြီးဖန်မှာ တစ်ဖန်ပြန်၍ အော်ဟစ်ငိုယိုကာ ရူးသွပ်မတတ် ဖြစ်နေပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ မည်သူမျှ သူမကို သွားရောက်နှစ်သိမ့်ခြင်း မပြုကြတော့ပေ။
"ငိုချင်သလောက်ငို၊ ငိုရင်းနဲ့ သေသွားရင်တောင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး"
ချန်ချင်းယွီသည် ထိုမြင်ကွင်းကို နှုတ်ခမ်းတင်းတင်းစေ့လျက် တစ်ချက်ကြည့်ကာ မိမိအလုပ်ကိုယ် ဆက်လုပ်နေလိုက်၏။
လူများမှာ အလုပ်မှ တဖြည်းဖြည်း ပြန်ရောက်လာကြသည်။
အဘွားကြီးကျောက်သည် ယနေ့ အလုပ်ဆင်း နောက်ကျခဲ့၏။ စက်ရုံဂိတ်ဝတွင် ဆူညံပွက်လောရိုက်မှုများမှာ ပို၍ပင် ပြင်းထန်နေပြီး အိမ်မပြန်မီ ဟာသဆန်ဆန် ပြဇာတ်ပေါင်းများစွာကို သူမ မြင်တွေ့ခဲ့ရသည်။ စာမေးပွဲ အောင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မိမိသားမှာ အမှန်တကယ် အရည်အချင်းရှိသူဖြစ်သည်ဟု အဘွားကြီးကျောက် အမှန်တကယ် ခံစားမိ၏။
ထိုစဉ်က သူမသားသည် စာမေးပွဲကို အမှန်တကယ် အောင်မြင်ခဲ့ပြီး အမြဲတမ်းဝန်ထမ်းအလုပ်ကို ရရှိခဲ့သည် မဟုတ်လော့။
သားဖြစ်သူအကြောင်း တွေးမိသည့်အခါ အဘွားကြီးကျောက်မှာ ဂုဏ်ယူစိတ်များ လွှမ်းမိုးသွားရသည်။ ခဏတာမျှ ဆူညံသံများကို ကြည့်ပြီးနောက် အားလုံး အိမ်ပြန်နေကြသည်ကို မြင်ရသဖြင့် သူမလည်း မဆိုင်းမတွဘဲ အိမ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့၏။ လမ်းခရီးတစ်လျှောက်တွင် သူမသည် ဝင်းထဲမှ လူများနှင့် အကြောင်းအရာမျိုးစုံကို စကားစမြည် ပြောဆိုလာခဲ့သည်။
ယွမ်ဟောင်မင်မှာ အမြောက်ဆုံး ဖြစ်နေ၏။ သူ၏သမီး စာမေးပွဲအောင်သွားသဖြင့် မည်သို့လျှင် ဂုဏ်မယူဘဲ နေနိုင်မည်နည်း။
အဘွားကြီးကျောက်မှာမူ အထင်အမြင်သေးဟန်ဖြင့် မျက်စောင်းများကို အဆက်မပြတ် ထိုးကြည့်နေမိသည်။
လမ်းခရီးမှာ မဝေးသော်လည်း ယွမ်ဟောင်မင်၏ ကြွားလုံးထုတ်မှုများကိုမူ မတားဆီးနိုင်ခဲ့ပေ။
အဘွားကြီးကျောက် ခြေလှမ်းကို သွက်သွက်လှမ်းကာ သူ့ကို ထားရစ်ခဲ့လိုက်၏။ သူမသည် ဝင်းထဲသို့ ဝင်ဝင်ချင်းမှာပင် အစ်မကြီးဖန်၏ အော်ဟစ်ငိုယိုသံကို ကြားလိုက်ရသည်။ အဘွားကြီးကျောက် ထိုအသံကို လျစ်လျူရှုကာ အိမ်ထဲသို့ တန်းဝင်သွားခဲ့စဉ် ချန်ချင်းယွီ နှုတ်ဆက်လိုက်၏။
"အချိန်ကိုက်ပဲ၊ အမေ ပြန်လာပြီ။ ထမင်းစားလို့ ရပြီနော်"
"အလိုလေး... ဒီနေ့ ဘယ်လိုတွေ ဖြစ်ပျက်နေတယ်ဆိုတာ ညည်း သိမှာမဟုတ်ဘူး... အိမ်အပြန်လမ်းမှာတင် ငိုသံတွေကို အနည်းဆုံး ဆယ်ခါလောက် ကြားခဲ့ရတယ်"
အဘွားကြီးကျောက် ရေရွတ်လိုက်သည်။
ချန်ချင်းယွီ : "စာမေးပွဲကျတာက အမြဲတမ်း စိတ်မကောင်းစရာပဲလေ၊ တချို့လူတွေဆိုရင် ကျေးလက်ရမယ့် အခြေအနေနဲ့တောင် ရင်ဆိုင်နေရတာ..."
"ဒါလည်း ဟုတ်တာပဲ"
ချန်ချင်းယွီတို့ မိသားစုမှာ ထိုကိစ္စတွင် တိုက်ရိုက်မပတ်သက်သော်လည်း သူတို့နှစ်ဦးစလုံးသည် ဒုတိယဝင်းထဲတွင် ရှိနေသဖြင့် အစ်မကြီးဖန်၏ အော်ဟစ်သံမှာ သရဲခြောက်သံကဲ့သို့ပင် ပျံ့လွင့်နေလေ၏။
အဘွားကြီးကျောက် : "ဒီလို အော်ငိုနေလို့ ဘာထူးမှာလဲ... တကယ်လို့ သူမသားနဲ့ မခွဲနိုင်ဘူးဆိုရင် သူမရဲ့ အလုပ်ကိုပဲ စွန့်လွှတ်လိုက်ပါလား... ငါလောင်းရဲတယ်၊ သူကတော့ စွန့်လွှတ်ချင်မှာ မဟုတ်ဘူး"
"သူက ဒီသားကို အချစ်ဆုံး မဟုတ်ဘူးလား..."
ချန်ချင်းယွီ သိချင်စိတ်ဖြင့် ရိုးရိုးသားသား မေးမြန်းလိုက်သည်။
"ဟုတ်တယ်၊ သူက ဒီသားကို အချစ်ဆုံးပဲ၊ ဒါပေမဲ့ သူ့မိသားစုက အသက်ဆက်ဖို့ လိုသေးတယ်လေ.. အခု သူက ရုံးခန်းမှာ အလုပ်လုပ်နေတာ၊ သူ့ရဲ့ လစာက တစ်လကို ၄၀ ဒါမှမဟုတ် ၅၀ လောက် ရှိမှာပေါ့... ၅၀ တော့ မဟုတ်တောင် ၄၀ ကျော်မှာတော့ သေချာတယ်.. အဲ့ဒါက နည်းတဲ့ပမာဏ မဟုတ်ဘူး၊ ဒါပေမဲ့ သူ့သားသာ လုပ်မယ်ဆိုရင်တော့ အစကနေ ပြန်စရမှာ.. ပထမနှစ်မှာ ၂၀ တောင် ရမှာမဟုတ်ဘူး၊ နောက်ပြီး သူ့မိသားစုမှာ လူက အများကြီး.. သူတို့ ဘယ်လို စားသောက်ကြမလဲ... ပြီးတော့ အစ်မကြီးဖန်က စွန့်လွှတ်ချင်တယ် ဆိုဦးတော့၊ ရှီရှန်းက သဘောတူမှာ မဟုတ်ဘူး… ရှီရှန်းက သိပ်အတ္တကြီးတဲ့သူ၊ သူက သူ့ကိုယ်သူပဲ ကြည့်တာ၊ အစ်မကြီးဖန်ကို အလုပ်ထွက်ခိုင်းပြီး တစ်မိသားစုလုံး အနစ်နာခံခိုင်းမှာ မဟုတ်ဘူး… နောက်ပြီး မိဘဆိုတာ ကိုယ့်သားသမီးအကြောင်း ကိုယ်အသိဆုံးပဲ၊ ရှီရှောင်ဝေက ဘယ်လိုလူလဲဆိုတာ သူတို့ မသိဘဲ နေမလား... အကယ်၍ ရှီရှောင်ဝေက အလုပ်ရသွားပြီး အိမ်ကို ပိုက်ဆံပြန်မပေးရင်ကော... သူက ပိုက်ဆံတွေ အကုန်သိမ်းထားရင် သူတို့ ငတ်ကုန်မှာပေါ့… ရှီရှောင်ဝေက သိပ်ပြီး သိတတ်တဲ့ သားမျိုးလည်း မဟုတ်ဘူးလေ"
ချန်ချင်းယွီ : "ဒါလည်း ဟုတ်တာပဲ"
လတ်တလောအတွင်း ကိစ္စရပ်မျိုးစုံမှာ ပုံလာသဖြင့် ဝင်းထဲတွင် တကယ်ပင် ဆူညံပွက်လောရိုက်နေသည်။ သို့သော် ချန်ချင်းယွီမှာ ထိုသို့ ဆူညံနေသည်ကို နှစ်သက်၏။ ဆူညံပွက်လောရိုက်နေသည့် အချိန်မျိုးတွင် အခြားသူများမှာ သူတို့မိသားစု၏ လက်မှတ်များကို လာရောက်ချောင်းကြည့်ရန် အာရုံမရှိနိုင်တော့ပေ။ သိကြသည့်အတိုင်း အနည်းငယ်သော အကျိုးအမြတ်လေး ရရှိလျှင်ပင် နေရာတိုင်းတွင် သတိထားနေရသည်မှာ တကယ်ပင် ခက်ခဲလှသည်။ ချန်ချင်းယွီသည် လက်ရှိ၌ အခြေအနေများ ရှုပ်ထွေးနေသဖြင့် တကယ်ပင် ဝမ်းသာမိ၏။
ဤသို့ ဆူညံနေမှသာ သူတို့အိမ်မှာ ပုံမှန်ထက် ပို၍ ငြိမ်သက်နေသည့်နှယ် ခံစားရသည်။ ဤသည်မှာ ကောင်းသော အချက်ပင် ဖြစ်၏။ မဟုတ်လျှင် ပြဿနာတစ်ခုခု ဖြစ်တိုင်း သူတို့မိသားစု ပါဝင်နေသဖြင့် ပြဿနာရှာသူများဟု ထင်ခံနေရသည်။ ယခုမှပင် သူတို့သည် သာမန်မိသားစုတစ်ခုသာ ဖြစ်ကြောင်း သိသွားကြပေလိမ့်မည်။ အခြားမိသားစုများလည်း အတူတူပင်သာ… သူတို့ ပြဿနာမရှာရခြင်းမှာ သူတို့အလှည့် မရောက်သေးခြင်း၊ ကိုယ့်ကိုမထိသေးခြင်းကြောင့်သာတည်း။
အဘွားကြီးကျောက် : "ဪ၊ ဒါနဲ့ ဒီနေ့ စက်ရုံဂိတ်ဝမှာ ဝမ်ကျန့်ကော် ငါ့ကို လာစကားပြောသေးတယ်"
ချန်ချင်းယွီ : "ဟင်..."
အဒေါ်ကြီးကျောက် : "သူက ငါ့ကို ဟိုဟိုဒီဒီ လာနှုတ်ဆက်ရင်းနဲ့၊ သူ ဈေးဝယ်ထွက်လေ့ရှိတဲ့ ရွာတစ်ရွာမှာ မိသားစုတစ်စုက ဝက်တွေအများကြီး မွေးပြီး အသားတွေ အများကြီး ရထားတာတဲ့၊ အဲ့ဒါနဲ့ သူတို့အိမ် ဓားပြတိုက်ခံရတယ်ဆိုတဲ့ အကြောင်း လာပြောပြနေတယ်၊ဟေး... နင့် အထင်ဆိုရင်ရော သူ ငါ့ကို ဒါမျိုးလာပြောတာ တစ်ခုခု အရိပ်အမြွက် ပေးချင်နေတာလား... ငါကတော့ ဖျော်ဖြေရေး တစ်ခုလိုပဲ နားထောင်ခဲ့ပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ တစ်ခုခုတော့ မှားနေသလိုပဲ.. သူ ငါ့ကို လာခြောက်နေတာလား..."
ချန်ချင်းယွီ : "ကျွန်မ ထင်တာတော့ အဲ့ဒါပဲ"
ယခင်တစ်ကြိမ် သံသယဖြစ်ခဲ့ကြသော်လည်း ယခုဖြစ်ရပ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ဝမ်ကျန့်ကော်မှာ တမင်တကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူတို့နှစ်ဦးစလုံး သေချာသွားကြသည်။ အဘွားကြီးဝမ်သည်လည်း သူခိုးအကြောင်း အစောပိုင်း၌ ပြောခဲ့ဖူး၏။ ယခု ဝမ်ကျန့်ကော် ကိုယ်တိုင်ပါ သူတို့ မကြောက်မှာ စိုးသည့်အလား လာရောက်ပြောဆိုနေပြန်သည်။
"သူက ငါတို့ကို လာခြောက်ပြီး ဒီလက်မှတ်တွေကို ရောင်းအောင် လုပ်နေတာပဲ"
အဘွားကြီးကျောက် ဒေါသတကြီး ပြောလိုက်၏။
"အဲ့ဒီ အသည်းနှလုံးမရှိတဲ့ကောင်... ငါတို့က အိမ်နီးချင်းတွေပါ၊ ငါက သူ့ကို ဘယ်တုန်းက စော်ကားဖူးလို့လဲ... ငါတို့က ပုံမှန်ဆိုရင် တစ်ဦးနဲ့တစ်ဦး ကောင်းကောင်းမွန်မွန် ဆက်ဆံကြတာကို၊ သူက ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ... လူကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ တကယ်ပဲ"
ချန်ချင်းယွီ : "တစ်ခုခု အကျိုးအမြတ် ရှိလို့ ဖြစ်မှာပေါ့။ ရပါတယ်၊ ကျွန်မတို့ ဘာလုပ်နေလဲဆိုတာ ကျွန်မတို့ သိနေတာပဲ၊ သူ့အကွက်ထဲ မဝင်စေရဘူး"
"သူက တကယ်ကို ယုတ်မာတာပဲ၊ နေဦးပေါ့၊ ငါ သူ့ကို သင်ခန်းစာ တစ်ခုခု သေချာပေါက် ပေးဦးမယ်"
ချန်ချင်းယွီ : "မလောပါနဲ့ အမေ၊ ဘုန်းကြီးပြေးလည်း ကျောင်းမပြေးပါဘူး"
"ဒါလည်း ဟုတ်တာပဲ..."
အဘွားကြီးကျောက် : "ဝမ်ကျန့်ကော်အကြောင်း ပြောရရင်တော့ တကယ့် လူယုတ်မာပဲ"
ချန်ချင်းယွီလည်း ဝမ်ကျန့်ကော်ကို အထင်သေးမိ၏။ သူမ ရယ်မောလိုက်ပြီး
"ကျွန်မတို့က သူ့အကွက်ထဲ မဝင်တော့ သူ တော်တော် ဒေါသထွက်နေမှာ သေချာတယ်"
အဘွားကြီးကျောက် : "ဟွန်း... ခံလိုက်ပေါ့"
ချန်ချင်းယွီ ပြောသည်မှာ မမှားပေ။ ဝမ်ကျန့်ကော်မှာ တကယ်ပင် စိုးရိမ်ပူပန်နေမိသည်။ ဤသည်မှာ အထက်လူကြီးနှင့် နီးစပ်ခွင့်ရမည့် ရှားပါးသော အခွင့်အရေးဖြစ်သဖြင့် သူ ကောင်းကောင်း လုပ်ဆောင်လို၏။ သို့သော် အဘွားကြီးကျောက်နှင့် သူမ၏ ချွေးမဖြစ်သူတို့မှာ အလွန်ပင် မိုက်မဲနေကြသလား မသိပေ။ သူ ထိုသို့ လာရောက်ခြောက်လှန့်နေသည့်တိုင် ထိုမိန်းမနှစ်ယောက်မှာ ထိုလက်မှတ်များကို မှောင်ခိုဈေးကွက်သို့ သွားမရောင်းကြသေးပေ။
သူတို့ ဘာတွေ တွေးနေကြတာလဲ... ဘယ်လိုတောင် ဦးနှောက် မရှိကြတာလဲ...
ဤအခြေအနေမျိုးတွင် သူတို့အနေနှင့် ရတနာရှိခြင်းမှာ အပြစ်တစ်ခုဖြစ်သည်ကို သတိပြုမိပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားသင့်သည် မဟုတ်ပါလား...
သူတို့ လက်မှတ်ရောင်းရန် ထွက်သွားသည်နှင့် သူ တိုင်ကြားရန် အသင့်ပင်။ ဝမ်ကျန့်ကော်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် အလွန်ပင် လိုလားနေသူ ဖြစ်ပြီး သူသည် ထိုရာထူးအပေါ် စွဲလမ်းနေမိ၏။
ဝမ်မေ့လန်သည် ဟင်းများကို ပြန်နွှေးပေးနေရင်း သူ မျက်မှောင်ကြုတ်နေသည်ကို သတိထားမိသွားသည်။
"ဘာဖြစ်လို့လဲ..."
သူမ မေးလိုက်၏။
"ရှင် ဘာလို့ အမြဲတမ်း မျက်မှောင်ကြုတ်နေရတာလဲ... တစ်ခုခု ဖြစ်လို့လား..."
ဝမ်ကျန့်ကော်သည် ဝမ်မေ့လန်ကို အမှန်အတိုင်း ပြောမည်မဟုတ်ပေ။ သူ၏ဇနီးမှာ စိတ်ထားကောင်းမွန်သူဖြစ်ပြီး သူတစ်ပါးအပေါ် မဟုတ်မမှန် လုပ်ဆောင်ခြင်းကို သည်းမခံနိုင်သော ဖြောင့်မတ်သူတစ်ဦး ဖြစ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် သူသည် ဘာမှမဖြစ်သည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။
"အလုပ်မှာ နည်းနည်း ပင်ပန်းနေလို့ပါ၊ ဘာမှမဟုတ်ပါဘူး"
ဝမ်မေ့လန် : "ကိုယ့်ကိုယ်ကိုယ် အများကြီး ဖိအားမပေးပါနဲ့.. ဒီလိုလုပ်ပါလား၊ မနက်ဖြန် အလုပ်ဆင်းရင် ကျွန်မ ကြက်မကြီးတစ်ကောင် ဝယ်ပြီး ရှင့်အတွက် စွပ်ပြုတ် လုပ်ပေးမယ်.. အားပြန်ပြည့်သွားအောင်လို့။ ကိုယ့်ကိုယ်ကိုယ် အရမ်း ညှဉ်းမပန်းပါနဲ့၊အလုပ်တွေ မပြီးရင်လည်း ဖြည်းဖြည်းချင်း လုပ်ပေါ့"
ဝမ်ကျန့်ကော် အင်းအဲဟုသာ တုံ့ပြန်လိုက်သည်။
သူသည် အိမ်ရှေ့တံခါးဝတွင် ရပ်လျက် ဒုတိယဝင်းဘက်သို့ လှမ်းကြည့်နေမိ၏။ အဘွားကြီးကျောက်၏ အိမ်သည် ဝင်ပေါက်၏ ဘယ်ဘက်ခြမ်းတွင် ရှိသည်။ ဤထောင့်မှကြည့်လျှင် ပြတင်းပေါက်အပြင်ဘက်ရှိ ပန်းအိုးကြီး၏ အစိတ်အပိုင်းအချို့ကို မြင်ရသော်လည်း အများစုမှာ ကွယ်နေ၏။ သူ၏ မျက်ဝန်းများ ညှို့မှိုင်းသွားရသည်။ အစောပိုင်းတွင် အဘွားကြီးကျောက်မှာ အလွန်တုံးအပြီး ချန်ချင်းယွီမှာလည်း အားနည်းသူဖြစ်သဖြင့် အနည်းငယ် ခြောက်လှန့်လိုက်ရုံဖြင့် ကိစ္စပြတ်မည်ဟု သူထင်ခဲ့၏။ သို့သော် ဤမျှ ခက်ခဲလိမ့်မည်ဟု မည်သူထင်မည်နည်း။
အဘွားကြီးကျောက်က အဲ့ဒီလက်မှတ်တွေကို ရောင်းလို့ရတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုတောင် မစဉ်းစားမိလောက်အောင် တုံးအလွန်းနေတာမျိုး ဖြစ်နိုင်မလား...
ဤသတင်းကို လူသိရှင်ကြားဖြစ်အောင်လုပ်ခြင်းသည် သူခိုးများကို ဆွဲဆောင်နိုင်မည်ဖြစ်သော်လည်း၊ အဘွားကြီးကျောက်အား မှောင်ခိုရောင်းဝယ်မှုနှင့် လက်ပူးလက်ကြပ် အမိဖမ်းခံရစေရန် အတွင်းရေးမှူးပိုင် လိုလားနေခြင်းဖြစ်ကြောင်း ဝမ်ကျန့်ကော် သိထားသည်။ ထိုသို့ဖြစ်မှသာ အစစ်အမှန် သင်ခန်းစာတစ်ခု ပေးနိုင်မည်ဖြစ်၏။ အကယ်၍ သူခိုးနှင့်သာ တကယ်တမ်း တိုးခဲ့လျှင်မူ...
၎င်းမှာ ပြင်းထန်သော အပြစ်ပေးမှုမျိုး မဟုတ်ကာ သူတို့အတွက်လည်း ကြီးမားသော ပြဿနာ ဖြစ်လာမည်မဟုတ်ပေ။
ဝမ်ကျန့်ကော် သူ၏ နားထင်ကို ပွတ်လိုက်၏။
ဝမ်မေလန် : "ရှင် ပြတင်းပေါက်နားမှာ ဘာရပ်လုပ်နေတာလဲ..."
သူမ တိုးတိုးလေး ရေရွတ်ကာ
"အခုတလော ရှင် စိတ်မကြည်မလင်ဖြစ်ပြီး ဖိအားတွေ များနေတာကို ကျွန်မ သတိထားမိတယ်၊ ဟိုလူတွေကြောင့်လား... အဲ့ဒီလူတွေက စာမေးပွဲဖြေနေကြတာလေ၊ ကျွန်မတို့ မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး.. သူတို့ဘာသာ သူတို့ ရုန်းရင်းဆန်ခတ် ဖြစ်ချင်သလောက် ဖြစ်ပါစေပေါ့"
"ငါ အဲ့ဒါတွေကို သိပ်အရေးမထားပါဘူး"
သူသည် ထိုအရာများကို ဂရုမစိုက်ပေ၊ သူ၏ ရှေ့ရေးအတွက် လမ်းခင်းနိုင်ရန်သာ လိုလားနေခြင်း ဖြစ်သည်။
"အဒေါ်ကြီးကျောက်က ဘယ်လိုလူမျိုးလဲ..."
ဝမ်မေ့လန် : "ရှင် ဒီလောက်နှစ်တွေအကြာကြီး ပတ်သက်လာတာတောင် မသိသေးဘူးလား... သူက စိတ်ပုတ်ပြီး အကျိုးအကြောင်း မရှိတဲ့သူလေ၊ ပေါင်းသင်းရ လွယ်တဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ အခု သူ အလုပ်လုပ်နေပြီဆိုတော့ အရင်ကခွေးရူးလိုမျိုး မဟုတ်တော့ဘဲ ပိုပြီး အသိတရား ရှိလာတယ်.. အခုဆို အတော်လေးကို ကောင်းလာပြီး တခြားသူတွေဆီက အခွင့်ကောင်းယူတာမျိုးလည်း သိပ်မရှိတော့ဘူး"
ဝမ်ကျန့်ကော် : "သူက ထက်မြက်တယ်လို့ မင်းထင်လား..."
ဝမ်မေ့လန် နှာခေါင်းရှုံ့လိုက်၏။
"ရှင် ဘာတွေ ပြောနေတာလဲ... သူက ကျွန်မတို့ အမေလောက်တောင် မထက်မြက်ပါဘူး။ ထက်မြက်တာတွေ ဘာတွေ လာပြောမနေနဲ့.. ရှင်ကလည်း တစ်မျိုးပဲ"
ဝမ်ကျန့်ကော် : "ဟုတ်မှာပါ။"
အဘွားကြီးကျောက်မှာ သူပြောသည့် အဓိပ္ပာယ်ကို တကယ်ပင် နားမလည်ခဲ့ပုံရသည်။
တုံးအလိုက်တာ.. ဝက်လိုမိန်းမကြီး..
ဝမ်မေ့လန် ဝမ်ကျန့်ကော်ကို သံသယဖြင့် ကြည့်လိုက်သည်။
"ရှင် ဘာလို့ သူ့ကို ဒီလောက် စိတ်ဝင်စားနေရတာလဲ... တစ်ခုခု မှားနေလို့လား..."
"မဟုတ်ပါဘူး"
ဝမ်ကျန့်ကော် ချက်ချင်း ငြင်းလိုက်၏။
"မင်း အထင်လွဲနေပြီ..ငါက ဒီအတိုင်း ပြောလိုက်တာပါ၊ ဒါပေမဲ့ အဒေါ်ကြီးကျောက်က အရင်နဲ့တော့ နည်းနည်း ကွာခြားသွားသလိုပဲ"
ဝမ်မေ့လန် : "ဟေး... အဲ့ဒါက ပုံမှန်ပဲ မဟုတ်လား... ကျန့်ဝမ်လည်း မရှိတော့ဘူး၊ တစ်မိသားစုလုံးမှာ မိန်းမသားတွေပဲ ကျန်တော့တာလေ.. သူတို့ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲ ပြုနေရတာဆိုတော့ သဘာဝအတိုင်း ပြောင်းလဲသွားတာပေါ့"
ဝမ်မေ့လန်တွင် မကောင်းသော ရည်ရွယ်ချက် မရှိပေ။
"ရှောင်ချန်က တကယ်ကို လူကောင်းလေးလို့ ကျွန်မ ထင်တယ်.. သူတို့ မိသားစုထဲကို လက်ထပ်ဝင်လာတာ တကယ် နှမြောဖို့ ကောင်းပါတယ်"
ဝမ်ကျန့်ကော် : "ဘာနှမြောစရာ ရှိလို့လဲ... သူက အလုပ်လည်း မရှိဘူး၊ သူ့မိသားစုရဲ့ ငွေကြေးအခြေအနေကလည်း အဲ့လောက် မကောင်းဘူးလေ။ လင်းကျန့်ဝမ်က အဲ့ဒီတုန်းက အလုပ်သမားတစ်ယောက်ပဲ၊ သူက ဒီမိသားစုထဲ လက်ထပ်ဝင်ခွင့် ရတာကိုက ကံကောင်းနေပြီ"
"မဟုတ်ဘူး၊ အဲ့ဒါကြောင့် ပြောတာမဟုတ်ဘူး.. သူက သိပ်လှတာ။ ရှင့်တို့အားလုံးက ဟောက်ရွှယ် လှတယ်လို့ ပြောကြပေမဲ့ ဟောက်ရွှယ်က ချန်ချင်းယွီလောက် မလှပါဘူး၊ ရုပ်ရည်သာမန်ဖြစ်နေတဲ့ မိန်းမတွေ အများကြီး ရှိပေမဲ့ သူကတော့ ထူးထူးခြားခြား လှပလွန်းတယ်"
ဝမ်ကျန့်ကော် : "လှနေတာက ထမင်းကျွေးတာ မဟုတ်ဘူး… ငါ့အမြင်တော့ လင်းကျန့်ဝမ်ကသာ သူ့ကြောင့် နစ်နာခဲ့ရတာ"
ချန်ချင်းယွီ လှသော်လည်း သူမသည် တကယ်ပင် နမိတ်မကောင်းသော ကံဆိုးမတစ်ယောက် ဖြစ်သည်၊ သူမနှင့် နီးစပ်သူတိုင်း ကံဆိုးတတ်သည်ဟု ကျန်းရှင်းဖှပြောသည်ကို ဝမ်ကျန့်ကော် ကြားခဲ့ဖူး၏။ သူ သေချာစဉ်းစားကြည့်သည့်အခါ ထိုစကားမှာ အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရသည်။
ဝမ်မေ့လန် တခိခိ ရယ်မောလိုက်ကာ
"သိတာပေါ့၊ ရှင်က တခြားယောက်ျားတွေနဲ့ မတူဘူးဆိုတာ ကျွန်မ သိသားပဲ.. ဒီနှစ်တွေတစ်လျှောက်လုံး ရှင်က အပြင်ပန်း အလှအပတွေကို ဂရုမစိုက်ဘဲ အမြဲတမ်း ဖြောင့်မတ်တည်ကြည်တဲ့သူ ဖြစ်ခဲ့တာပဲ"
ဝမ်မေ့လန်မှာ စိတ်ထဲတွင် ကျေနပ်နေမိသည်။
မိန်းမတွေကို အမြဲ စိုက်ကြည့်နေပြီး နှာဗူးတွေ ဖြစ်နေကြတဲ့ ကျန်းသားအဖေနှစ်ယောက်နဲ့ ယှဉ်ရင် သူမယောက်ျားက တကယ်ကို ဖြောင့်မတ်သူပဲ…
ဝမ်ကျန့်ကော် အတင်းပြုံးလိုက်ရသည်။
သူသည် အရှုပ်အထွေးရှိသူ မဟုတ်သော်လည်း အလွန်အမင်း ဖြောင့်မတ်နေသူလည်း မဟုတ်ပေ၊ သူ့တွင် ထိုသို့လုပ်ရန် လုံလောက်သော အခြေအနေ မရှိ၍သာ ဖြစ်၏။ သူသည် လက်ရှိဘဝကို ကျေနပ်နေပြီး အေးချမ်းသော ဘဝထဲတွင် လှိုင်းတံပိုးများ မဖန်တီးချင်ရုံသာ ဖြစ်သည်။
သူသည် ကိစ္စရပ်များကို အခြေချ ကိုင်တွယ်နိုင်သည့် အဆင့်တွင် မရှိသဖြင့် သားတစ်ယောက် လိုချင်နေသော်လည်း အပြင်တွင် ရှုပ်ပွေရန် မစဉ်းစားခဲ့ပေ။
မလိုချင်၍ မဟုတ်ဘဲ လုပ်နိုင်စွမ်း မရှိ၍သာတည်း…
ဝမ်ကျန့်ကော်သည် စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ပေ။
သူသည် ပြုံးလိုက်ပြီး
"မင်း ငါ့အကြောင်း သိသားပဲ၊ ငါက အဲ့ဒီအရာတွေကို သိပ်ဂရုမစိုက်ပါဘူး.. ငါ့စိတ်ထဲမှာတော့ မင်းက အလှဆုံးပါပဲ"
ဝမ်မေ့လန်မှာ ရယ်မောသွားတော့သည်။
"ဒါကြောင့်လည်း ရှင့်ကို ရခဲ့တာ ကျွန်မ ကံကောင်းတာပေါ့"
သူတို့နှစ်ဦးကြားတွင် ရှားရှားပါးပါး နွေးထွေးသော အခိုက်အတန့်လေး ဖြစ်ပေါ်သွား၏။
သူတို့၏ အိမ်လေးမှာ နွေးထွေးနေပုံရသော်လည်း ယနေ့သည်ကား ထိုသို့ မဟုတ်ပေ။ သူတို့၏ ဝင်းတစ်ခုလုံးမှာ အော်ဟစ်ငိုယိုသံများဖြင့် ပြည့်နှက်နေ၏။ အစ်မကြီးဖန်မှာ တကယ်ပင် အဆုံးစွန်ထိ ရောက်နေပြီ ဖြစ်သည်။ သူမသား ကျေးလက်ဆင်းရတော့မည်ဟူသော အတွေးသည် သူမအား အော်ဟစ်ပေါက်ကွဲစေ၏။
ရှီရှောင်ဝေသည်လည်း အော်ဟစ်
ငိုယိုလာကာ
"ကျွန်တော် မရှင်ချင်တော့ဘူး... ကျေးလက်မှာ မရှင်နိုင်ဘူးဆိုရင် အခုပဲ အဆုံးစီရင်လိုက်တာကမှ ကောင်းဦးမယ်..."
သူသည်လည်း အော်ဟစ်ငိုယိုနေလေသည်။ ရှီရှောင်ဝေသည် သူ၏မိခင်အား အလုပ်မှ နုတ်ထွက်ခိုင်းရန် မျှော်လင့်နေခြင်း ဖြစ်ပြီး အခြားနည်းလမ်းများ အကုန်လုံး မအောင်မြင်သဖြင့် ဤနည်းလမ်းတစ်ခုသာ ကျန်တော့၏။ သို့သော်လည်း အစ်မကြီးဖန်မှာ ကျယ်လောင်စွာ အော်ဟစ်နေသည့်တိုင် ထိုကိစ္စနှင့် ပတ်သက်၍မူ တစ်ခွန်းတစ်ပါဒမျှ ပြောဆိုခြင်း မရှိခဲ့ပေ။
သူတို့အိမ်မှ ဆူညံသံများနှင့် နှိုင်းယှဉ်လျှင် လီချန်ရွှမ်း၏ အိမ်မှာမူ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ လီချန်ရွှမ်းမှာ မျက်နှာပျက်နေပြီး လင်စန်းရှင်းသည်လည်း တိတ်တဆိတ် မျက်ရည်ကျနေကာ နှစ်ဦးစလုံးမှာ လုံးဝ စိတ်ဓာတ်ကျနေကြ၏။ နှစ်ဦးစလုံး စာမေးပွဲ မအောင်ခဲ့ကြသော်လည်း အောင်မြင်ခဲ့သူများမှာလည်း အဆင်မပြေကြပေ။ ယွမ်ရှောင်ချွေ၏ ပေါက်ကွဲမှုသည် ကျောက်ရုံနှင့် ယွမ်ဟောင်မင်ကို အမျက်ထွက်စေခဲ့သည်။ ယွမ်ဟောင်မင်မှာ သူ၏ပုံရိပ်ကို အလွန်အမင်း ဂရုစိုက်သူဖြစ်သဖြင့် အေးစက်သော မျက်နှာထားဖြင့်သာ နေနေ၏၊ အကယ်၍ သူသာ အရှက်ကွဲမည်ကို မကြောက်ပါက ယွမ်ရှောင်ချွေကို ကိုယ်ထိလက်ရောက်ပင် ရိုက်နှက်လောက်သည်။
ယွမ်ရှောင်ချွေသည် မထွက်ခွာမီ သူတို့ကို ပြဿနာမရှာနှင့် ဟူသော ချန်ချင်းယွီ၏ စကားကို သတိရသဖြင့်
"ကျွန်မ ကျေးလက်ဆင်းဖို့အတွက် နာမည်စာရင်း ပေးပြီးသားပါ၊ ရှင်တို့ စိတ်ချလက်ချ နေနိုင်ပါတယ်၊ ကျွန်မကို ထပ်မြင်ရတော့မှာ မဟုတ်ဘူး"
ထို့နောက် သူမသည် အခန်းထဲတွင် အောင်းနေပြီး အပြင်သို့ ပြန်မထွက်လာတော့ပေ။
သူမ စိတ်မကောင်းဖြစ်နေ၍ မဟုတ်ဘဲ ကျောက်ရုံ သူမကို တစ်ခုခု ကြံစည်မည်စိုး၍ပင်။
နောက်ဆုံးနေ့တွင် သူမသည် ပြဿနာရှာနိုင်ပေမည်။
သူမသည် မီးကို ဖွင့်ထားလျက် အတွင်းခံဘောင်းဘီပေါ်တွင် အိတ်ကပ်တစ်ခုကို တိတ်တဆိတ် ချုပ်လုပ်နေ၏။ ကျေးလက်ဆင်းရခြင်းမှာ တကယ်ပင် ပြင်ဆင်မှုများ လိုအပ်သည်။ ချန်ချင်းယွီသည် အပြင်ပန်းတွင် အားနည်းပုံရသော်လည်း တကယ်တမ်းတွင်မူ အလွန်ပင် စဉ်းစားဆင်ခြင်တတ်သူ ဖြစ်၏။ ချန်ချင်းယွီ ပြောသမျှသည် အလွန်ပင် အသုံးဝင်သည်ဟု သူမ ခံစားရသည်။
ယွမ်ရှောင်ချွေမှာ စိတ်မြန်သူ ဖြစ်သော်လည်း သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်လျှင်မူ လုံးဝ ဦးနှောက်မရှိသူ မဟုတ်ပေ။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် ဦးလေးမာ၏သား မာကျန်းထံမှ ကျေးလက်ဘက်ရှိ အခြေအနေများကို စုံစမ်းခဲ့ပြီး အသုံးဝင်သော သတင်းအချက်အလက်များစွာ ရရှိထားသည်။ ကျေးလက်ဆင်းရလျှင်ပင် သူမသည် ကောင်းမွန်စွာ နေထိုင်ရမည်ဖြစ်ပြီး ဤမိသားစုကို သူမအား လှောင်ပြောင်ခွင့် လုံးဝ မပေးနိုင်ပေ။
ဟွန်း...
ရုတ်တရက် အမိုးပေါ်မှ အသံသဲ့သဲ့ ထွက်ပေါ်လာ၏။ ယွမ်ရှောင်ချွေမှာ ချက်ချင်းပင် ထထိုင်လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။
ဘာဖြစ်တာလဲ...
ကျောက်ရုံက တစ်ယောက်ယောက်ကို ညအချိန်မတော် ခိုးဝင်ခိုင်းလိုက်တာလား...
ဒီလောက်အထိတော့ မဆိုးလောက်ဘူး မဟုတ်လား...
ယွမ်ရှောင်ချွေ : "........."
သူမသည် ကျောက်ရုံနှင့် ပတ်သက်၍ အဆိုးဆုံးကိုသာ ချက်ချင်း တွေးတောမိလိုက်၏။
သို့သော် သူမ အတွေးလွန်နေခြင်း ဖြစ်သည်။ ကျောက်ရုံသည် ထိုမျှအထိ ဦးနှောက်မဲ့သူ မဟုတ်ပေ။ ညအချိန်မတော် အမိုးပေါ် တက်လာသူမှာ လူကောင်းမဖြစ်နိုင်ဘဲ သူခိုးသာ ဖြစ်ပေလိမ့်မည်။
သူခိုးသည် နောက်ကျနေသော်လည်း ရောက်ရှိလာပြီ ဖြစ်သည်...
သို့သော် ဤသူခိုးနှစ်ဦးမှာ အတော်ပင် ဝါနုကြပုံရ၏။ သူတို့၏ ခြေသံမှာ မငြိမ်သက်လှဘဲ အထဲမှလည်း အခြားအသံများ ထွက်ပေါ်နေသည်။ ထိုနှစ်ဦးမှာ "သတိထားဦး၊ ဘယ်သူမှ မမြင်စေနဲ့" ဟု တစ်ဦးနှင့်တစ်ဦး တိုးတိုးလေး ပြောဆိုနေကြပြန်၏။
"ညဉ့်နက်နေပြီပဲ၊ ဘယ်သူမှ ရှိမှာမဟုတ်ဘူး.. အားလုံးက သစ်တုံးတွေလို အိပ်မောကျနေကြတာပဲ၊ စိတ်မပူပါနဲ့.. အဒေါ်ကြီးကျောက်ရဲ့ အိမ်က ဘယ်နားမှာလဲ... ဘာလို့ ရှာမတွေ့တာလဲ... ဒီဝင်းက သိပ်ကို ရှုပ်ထွေးတာပဲ..."
ဤဝင်းမှာ အပိုင်းငါးပိုင်းပါသော ဝင်းကြီးဖြစ်ပြီး အိမ်များမှာလည်း သိပ်သည်းလွန်းသဖြင့် တစ်ခုခုကို ရှာဖွေရန် အလွန်ခက်ခဲလှသည်။ ညအချိန်တွင် လာရောက်ခြင်းဖြစ်ရာ လမ်းမှားရန် ပို၍ပင် လွယ်ကူလှ၏။ ထိုနှစ်ဦးမှာ ဘာလုပ်ရမှန်းမသိဘဲ ဟိုဟိုဒီဒီ ကြည့်ရင်း ပို၍ စိုးရိမ်လာကြသည်။
ဒီသူခိုးနှစ်ယောက်က တကယ်ကို အတွေ့အကြုံ မရှိကြတာပဲ...
ယွမ်ရှောင်ချွေမှာ နားစွင့်နေသော်လည်း အသေအချာ မကြားရပေ။ မျက်နှာကျက်ကို စိုက်ကြည့်
ရင်း သူမ နောက်ကျမှပင် တွေးမိလိုက်သည်မှာ….
သူခိုး ဖြစ်နေမလား...
အဲ့ဒီသူခိုးက ဘယ်သူ့နောက်ကို လိုက်နေတာဖြစ်ဖြစ်…
ယွမ်ရှောင်ချွေ လက်ရှိ အမှန်တကယ် ခံစားလိုက်ရသည်မှာ…
"အဒေါ်ကြီးဝမ်... ရှင်ကတော့ တကယ်ကို ကံဆိုးမပဲ..."