အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ၈၁။ ဒုက္ခမြစ်မှာ ငါးဖမ်းခြင်း
ရှုပ်ထွေးပွေလီလှသော ထိုနေ့ရက်ကို အခွင့်ကောင်းယူ၍ အဘွားကြီးကျောက်သည် အလုပ်မသွားခဲ့ပေ။
အမှန်စင်စစ် လီတာ့ရှန်းမှာလည်း အလုပ်မသွားနိုင်ခဲ့ပေ။ သူသည် ဆေးရုံသို့ တစ်ညလုံးသွားခဲ့ရပြီး ဇနီးမောင်နှံနှစ်ဦးစလုံး မနက်လင်းခါနီးမှသာ အိမ်သို့ ကသီကလင် ပြန်ရောက်လာကြခြင်းဖြစ်သည်။
အလုပ်သွားဖို့ရာမှာ လုံးဝမဖြစ်နိုင်တော့ပေ။ ဒဏ်ရာများမရှိလျှင်ပင် လီတာ့ရှန်းမှာ လုံးဝနွမ်းနယ်နေပြီး မည်သည့်အင်အားမှ မထုတ်နိုင်တော့ဘဲ အလွန်တရာ စိတ်ပျက်အားငယ်နေမိ၏။
ကံကောင်းသည်မှာ ညအချိန်ကဲ့သို့ နေ့ခင်းဘက်မှာ မကြောက်စရာကောင်းခြင်းပင်။
သို့သော်ငြားလည်း မိမိအိမ်အတွင်းရှိ ပရမ်းပတာဖြစ်နေမှုများကို မြင်လိုက်ရသောအခါ အားကိုးရာမဲ့သည့် ခံစားချက်မှာ သူ့ကို လွှမ်းမိုးသွားသည်။
"အဲ့ဒီ အစုတ်အပဲ့မ... ငါတို့အိမ်ကို ဘယ်လိုများ ဒီလောက်ဖြစ်အောင် ဖျက်ဆီးရဲတာလဲ... အဲ့ဒီအဘွားကြီး၊ အဲ့ဒီ နိမိတ်မရှိတဲ့ဟာမက..."
"တော်ပါတော့..."
သူ့ဇနီး ရှိုက်ကြီးတငင် ငိုကြွေးနေသော်လည်း သူ နားမထောင်နိုင်ပေ။
"မင်း ငိုနေတာနဲ့ ကျိန်ဆဲနေတာက ဘာထူးမှာလဲ... မင်းက ဘာကိုမှမကြောက်ဘူး၊ အဲ့ဒီအသုဘကောင်တွေ မင်းနောက် လိုက်လာမှာကိုလည်း မကြောက်ဘူးဆိုရင်တော့ ဆက်ပြီး အော်နေလိုက်ပေါ့။"
"အင့်..."
လွန်ခဲ့သော ခဏလေးအထိ ကျိန်ဆဲနေသော သူမသည် ယခုအခါ လည်ပင်းညှစ်ခံထားရသော ကြက်ကလေးနှယ် ရုတ်တရက် ငြိမ်သက်သွား၏။ အဒေါ်ကြီးလီသည် ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ထိုင်ချလိုက်မိသည်။
သူမ မကြောက်ဘဲ နေပါ့မလား…
သူမသည် အခြားသူများထက်ပင် ပို၍ကြောက်နေသူ ဖြစ်၏။ မကြောက်လျှင်မှ ထူးဆန်းနေဦးမည်…
လီတာ့ရှန်း သူမကို တစ်ချက်စောင်းကြည့်ပြီး ဘာမှထပ်မပြောဘဲအုတ်ကုတင်ပေါ်သို့ ပစ်ထိုင်ကာ ငိုင်နေမိသည်။
ကြမ်းပြင်ပေါ်တွင် ထိုင်နေသော အဒေါ်ကြီးလီသည် အတော်ကြာမှ ပြန်ထနိုင်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးရှာ၏။
"အဘိုးကြီး... အဘိုးကြီး... ဒါတွေကို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ..."
သူမသည် အိမ်ရှင်မတစ်ဦးသာ ဖြစ်သော်လည်း ဤအခြေအနေမှာ ကိုင်တွယ်ရခက်ခဲမည်ကို သိနေသည်။ သူမက စိုးရိမ်တကြီးဖြင့်
"ဒါက ရှင့်ရဲ့အလုပ်အကိုင်ကို ထိခိုက်မလား..."
လီတာ့ရှန်း၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း စိတ်ပူပန်စွာ သက်ပြင်းချလျက် ပြန်ဖြေလိုက်၏။
"အေး... ထိခိုက်မှာပေါ့..."
ထိခိုက်မည်ကို သူသိသည်…
မည်သို့ဖြစ်စေ ကိစ္စမှာ သူကိုယ်တိုင် လုပ်ခဲ့ခြင်းပင်…
သို့သော် လီတာ့ရှန်းသည် ထိုကိစ္စအတွက် မစိုးရိမ်ပေ၊ ထိုအစား သူစကားဆို၏။
"လင်းကျန့်ဝမ်ရဲ့ ဝိညာဉ်ကို စိတ်အေးအောင်လုပ်နိုင်ပြီး ငါတို့နောက် မလိုက်အောင် ရပ်နိုင်ရင် ဘာပဲဖြစ်ဖြစ် ငါစတေးနိုင်တယ်”
အဒေါ်ကြီးလီ တိတ်ဆိတ်သွားသည်။
လီတာ့ရှန်း : “စဉ်းစားကြည့်စမ်း၊ အဲဒါ အမှန်ပဲမဟုတ်လား... ပိုက်ဆံဆိုတာ အပြင်ပန်းအရာတစ်ခုပါ၊ သုံးဖို့အတွက် အသက်ရှင်နေဖို့ လိုတယ်လေ။ ဒီတစ္ဆေက ငါတို့ကို ဘယ်လိုတောင် ဒုက္ခပေးနေပြီလဲ ကြည့်ဦး... ငါ တကယ်ကို ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ ငါလည်း အသက်ကြီးပြီ၊ ဒီလို အဓိပ္ပာယ်မရှိတာတွေကို မရင်ဆိုင်နိုင်တော့ဘူး။ ငါ အေးအေးချမ်းချမ်းပဲ နေချင်တော့တယ်။”
အဒေါ်ကြီးလီ ပြန်ပြီး တိတ်ဆိတ်သွားပြန်၏။ အတော်ကြာမှ ခေါင်းညိတ်ပြီး သက်ပြင်းသဲ့သဲ့ချကာ ဆိုလေသည်။
“အဲဒါလည်း ဟုတ်တာပါပဲ...”
သူတို့သည် အရာရာကို အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ကြသော်လည်း အဆုံးစွန်၌ သူတို့၏ အသက်သည်သာ ပို၍ အရေးကြီး၏။ ခေတ်ဟောင်းလူ့အဖွဲ့အစည်း၏ ပရမ်းပတာကာလများကိုပင် ကျော်ဖြတ်လာနိုင်ခဲ့ကြသည်ဖြစ်၍ ယခုမှ တစ္ဆေခြောက်၍ အသေမခံနိုင်ကြပေ။ အဒေါ်ကြီးလီသည် သူမခင်ပွန်းပြောသည်မှာ မှန်သည်ဟု ခံစားမိသွားသည်။
“ဒါဆို ရှင် ဘာလုပ်သင့်တယ်လို့ ထင်သလဲ...”
သူမ မေးလိုက်၏။
သူမသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသဖြင့် ခင်ပွန်းဖြစ်သူကိုသာ အလိုလို အားကိုးတကြီး မေးမြန်းလိုက်ခြင်းဖြစ်သည်။
လီတာ့ရှန်း : “ဘာပဲဖြစ်ဖြစ်၊ လူကိုတော့ စနောက်လို့ရတယ်၊ တစ္ဆေကိုတော့ သွားပြီး မကစားသင့်ဘူး”
သူ ခဏမျှ စဉ်းစားပြီးမှ
“စက္ကူပိုက်ဆံတချို့ဝယ်ပြီး လင်းကျန့်ဝမ်အတွက် သွားရှို့ပေးကြစို့”
“ရှင် ပြောတဲ့အတိုင်းလုပ်တာပေါ့”
အဒေါ်ကြီးလီ အမြန်ခေါင်းညိတ်လိုက်သည်။
လီတာ့ရှန်းမှာ ဆက်ပြီး ရေရွတ်လိုက်မိ၏။
“နှမြောစရာကောင်းတာက အဲဒီ နတ်ကတော်တွေ အကုန်လုံး ပျောက်ကွယ်သွားကြတာပဲ။ မဟုတ်ရင် ဒီကျိန်စာကို ဖြေဖျောက်ပေးဖို့ သူတို့လိုလူမျိုးကို ရှာလို့ရတာပေါ့”
ထို့နောက် သူ ထပ်ပြောပြန်ကာ
“လက်ဆောင်တချို့လည်း ဝယ်ပြီး သူတို့အိမ်တံခါးဝအထိ သွားတောင်းပန်ကြရအောင်”
“ဘာ... တောင်းပန်ရမယ် ဟုတ်လား... သူတို့က ငါတို့ကို ဒီလောက်အထိ ရိုက်နှက်ထားတာတောင်၊ ငါတို့ကပဲ သူတို့အိမ်အထိ သွားတောင်းပန်ရမှာလား...”
အဒေါ်ကြီးလီမှာ ဒေါသတကြီး မျက်လုံးပြူးသွားပြီး အလွန်မကျေမနပ် ဖြစ်သွားသည်။
“မိုက်လိုက်တာ...”
လီတာ့ရှန်း မာန်မဲကာ ပြောလိုက်၏။
“မင်း မစဉ်းစားမိဘူးလား... ဘာလို့ လင်းကျန့်ဝမ်ရဲ့ တစ္ဆေကမှ ဒီလောက် ထင်ထင်ရှားရှား ဖြစ်နေပြီး တခြားလူတွေက မဖြစ်တာလဲ... သူက သူ့ရဲ့ မုဆိုးမနဲ့ ကလေးတွေကို စိတ်မချလို့ ဖြစ်ရမယ်။ ငါတို့က သူတို့ကို ဆက်ပြီး ပစ်မှတ်ထားနေရင် ငါတို့ပဲ ဒုက္ခရောက်မှာ... ဒါပေမဲ့ ငါတို့က ကိုယ့်အမှားကိုယ်ဝန်ခံပြီး ရိုးရိုးသားသား တောင်းပန်မယ်၊ စက္ကူပိုက်ဆံ ရှို့ပေးမယ်ဆိုရင် သူက ငါတို့ရဲ့ စေတနာကိုမြင်ပြီး ငါတို့ကို လွှတ်ပေးကောင်း လွှတ်ပေးလိမ့်မယ်။ သေချာစဉ်းစားကြည့်စမ်း၊ ဒါက ယုတ္တိရှိတယ် မဟုတ်လား... ခဏတာ ဒေါသကြောင့် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ထည့်ချင်လို့လား... မင်းကတော့ တစ္ဆေတွေကို တွေ့ရတာ ကြိုက်နေရင်လည်း သဘောပဲ… ငါကတော့ မကြိုက်ဘူး။”
“ကျွန်မလည်း တစ္ဆေတွေ့ရတာ မကြိုက်ပါဘူးရှင်၊ ရှင့်စကားက မှန်ပါတယ်၊ ကျွန်မ ခဏတာ မိုက်သွားမိတာပါ။”
“အေး၊ အဲဒါမှပေါ့။”
လီတာ့ရှန်း သက်ပြင်းချရင်း
“ငါတို့ကပဲ ကံမကောင်းတာပါကွာ။ ငါတို့ သူတို့ကို မယှဉ်နိုင်ဘူး... မယှဉ်နိုင်မှတော့ ငါတို့ပဲ နှိမ့်ချရမှာပေါ့။ အဲ့ဒါကြီး ငါတို့ဆီ လိုက်မလာသရွေ့ ဘာမဆို အဆင်ပြေပါတယ်”
“ရှင့်စကား မှန်ပါတယ်ရှင်။”
လီမိသားစုမှ ထိုအဒေါ်ကြီးသည် အဘွားကြီးကျောက်အား အထင်သေးစိတ်ရှိသည့်အပြင် မိမိတို့၏နေအိမ်ကို ဖျက်ဆီးကာ ရိုက်နှက်ခဲ့သည့်အတွက် နာကျည်းချက်များရှိနေသော်လည်း တစ္ဆေများကို ပို၍ပင် ကြောက်ရွံ့မိသောကြောင့် ချက်ချင်းပင် စိတ်ဓာတ်များ ယိုင်နဲ့သွားလေသည်။ သူမခမျာ “ရှင့်သဘောအတိုင်းပဲ လုပ်ပါမယ်” ဟု ဆိုလေ၏။
လီတာ့ရှန်း နောက်ထပ်တစ်ကြိမ် သက်ပြင်းရှည်ကြီးကို ချလိုက်ပြန်သည်။
ထိုစဉ် အဒေါ်ကြီးလီသည် ပြန်လည်၍ ဗျစ်တောက် ဗျစ်တောက် ညည်းညူပြန်ကာ
“ဒီအရှုပ်ထုပ်ကြီးကို ကြည့်ပါဦး။ အစကတည်းက လင်းကျန့်ဝမ်ကို ပစ်မှတ်ထားချင်ခဲ့တာ ကျွန်မတို့မှ မဟုတ်တာ။ ကျွန်မရဲ့ သမက်နဲ့ သူ့အစ်ကိုက လုပ်ချင်ခဲ့ကြတာလေ။ သူတို့ကတော့ ကလဲ့စားလည်း ချေပြီးပြီ၊ ဘာအရှုံးမှလည်း မရှိကြဘူး…ဒုက္ခရောက်နေတာက ကျွန်မတို့.. ဘာလို့ လင်းကျန့်ဝမ်က သူတို့နောက်ကို မလိုက်တာလဲ... အစကတည်းက ချဲယုံဖုန်းက လုပ်ချင်ခဲ့တာ ရှင်းနေတာပဲကို၊ ဘာလို့ သူ့နောက်မလိုက်ဘဲ ကျွန်မတို့နောက်ပဲ တကောက်ကောက် လိုက်နေရတာလဲ... ဒါက ဘယ်လိုမှ ယုတ္တိမရှိဘူး”
လီတာ့ရှန်းသည်လည်း ဤကိစ္စနှင့်ပတ်သက်၍ မကျေမနပ် ဖြစ်နေမိသည်။ သူ၏နဂိုဗီဇမှာ သတ္တိရှိသူမဟုတ်ကာ အစပိုင်းတွင်လည်း မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူ့သမက်ဖြစ်သူမှာ အမြဲတစေ လာရောက်ညည်းညူနေခြင်းနှင့် အလုပ်ရုံမှူးချဲ၏ စေခိုင်းမှုတို့ကြောင့်သာ လင်းကျန့်ဝမ်ကို စတင်၍ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် အဆုံးသတ်တွင်မူ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဘေးကင်းလွတ်မြောက်နေပြီး သူနှင့် သူ့ဇနီးတို့မှာမူ အကြီးအကျယ် နှိပ်စက်ညှင်းပန်းခံနေရလေသည်။
ပြီးခဲ့သည့်တစ်ခေါက် အညစ်အကြေးကျင်းထဲ ခုန်ချခဲ့ရစဉ်ကပင် သမက်ဖြစ်သူ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံခဲ့ရသေး၏။
ဤသည်မှာ တကယ့်ကို အရှုံးကြီးရှုံးခြင်းပင်….
“ချဲယုံဖုန်းက ငါ့ကို ခိုင်းတာဆိုပေမဲ့ သူကတော့ လူလုံးမပြဘူးလေ။ ငါကပဲ ဦးဆောင်ပြီး လုပ်ခဲ့တာဆိုတော့ တစ္ဆေက ငါ့နောက်ပဲ လိုက်တာ သဘာဝကျတာပေါ့”
အဒေါ်ကြီးလီသည် တွေးတောကြည့်လေလေ ပို၍ ယုတ္တိရှိနေသည်ဟု ခံစားရလေလေဖြစ်ရာ
“အလို... ဒါဆိုရင် ကျွန်မတို့က သူ့ကိုယ်စား အပြစ်ဒဏ်ခံနေရတာပေါ့။ ဒါတွေ အကုန်လုံးကို သူတို့ ခံစားရမှာလေ၊ အခုတော့ ကျွန်မတို့ကပဲ ကံဆိုးနေရတယ်”
လီတာ့ရှန်းသည်လည်း ထိုနည်းအတိုင်းပင် တွေးမိသော်လည်း သူ့ဇနီးကဲ့သို့ စကားကို ပွင့်ပွင့်လင်းလင်း မဆိုပေ။
“ဘာပဲဖြစ်ဖြစ်၊ သူတို့ကတော့ အေးဆေးပဲ၊ ပြဿနာတွေကတော့ ငါတို့ဆီမှာချည်းပဲ။ တစ္ဆေကိစ္စ မပြောနဲ့ဦး၊ စက်ရုံမှာ တစ်ခုခုဖြစ်ရင်တောင် ငါပဲ သူ့ကိုယ်စား အပြစ်တင်ခံရမှာ အသေအချာပဲ”
“ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ... ကျွန်မတို့က ဘာလို့ ခံရမှာလဲ...”
“သူက လူကြီးပိုင်းလေ။ သူက အမှားမဝန်ခံဘဲ ငါ့ဆီပဲ အကုန်ပုံချနေရင် အဲဒါ ငါ့အမှားပဲ ဖြစ်သွားမှာပေါ့...”
“မရဘူး၊ ကျွန်မတို့ သမီးဆီ သွားကြမယ်၊ သမက်ကိုလည်း သူ့အစ်ကိုဆီ သွားခိုင်းရမယ်။ ကျွန်မတို့ချည်းပဲ ဒုက္ခမခံနိုင်ဘူး။ သူတို့လည်း ကူညီရမယ်...”
“သူတို့က...”
လီတာ့ရှန်း စကားမဆုံးမီမှာပင် တံခါးဖွင့်သံကို ကြားလိုက်ရသည်။
သူသည် စကားကို ဖြတ်တောက်ကာ မော့ကြည့်လိုက်စဉ် သမီးဖြစ်သူ လိုက်ကာကိုမ၍ ဝင်လာသည်ကို တွေ့လိုက်ရ၏။
“အော်... အာ့ယာ၊ ပြန်လာပြီလား...”
အဒေါ်ကြီးလီသည် ဝမ်းသာအားရ ပြုံးပြလိုက်ပြီး
“သမီး အမေတို့ကို စိတ်ပူလို့ ပြန်လာတာမလား... သမီးက စိတ်ထားကောင်းတဲ့ကလေးဆိုတာ အမေ သိသားပဲ။ လာ... ထိုင်ဦး အာ့ယာ၊ သမီး ပြန်လာတာ အချိန်ကိုက်ပဲ။ သမီး ယောကျ်ားကို သေချာပြောပြဦး။ သူ စက်ရုံကိစ္စကို ကူညီပေးဖို့ လိုတယ်။ သမီးအဖေက အသက်လည်း ကြီးပြီ၊ တစ်သက်လုံး ပင်ပင်ပန်းပန်း လုပ်လာတာ၊ ဂဟေဆော်တာကလွဲရင် တခြား ဘာမှလည်း မလုပ်တတ်ဘူး။ ဒီကိစ္စကြောင့် သူ့ကို ဒီလောက်ကြီးမားတဲ့ အပြစ်ဒဏ်မျိုး မပေးခိုင်းပါနဲ့ဦး။ အမေတို့မိသားစု ဒီအလုပ်ကို လက်လွှတ်မခံနိုင်ဘူး”
အခြေအနေနှင့်ပတ်သက်၍ လူတိုင်းတွင် အမျိုးမျိုးသော ခန့်မှန်းချက်များ ရှိကြ၏။
အဘွားကြီးကျောက်မှာမူ လီတာ့ရှန်းသည် အဆင့် (၆) ကျွမ်းကျင်လုပ်သားတစ်ဦး ဖြစ်ခြင်းကြောင့် အလုပ်ရုံမှ အထုတ်ခံရမည်မဟုတ်ဟု ထင်မြင်နေသည်။ ရွှီကောင်းမင်မှာမူ စက်ရုံသည် လီတာ့ရှန်းအား အလုပ်ရုံမှ ထုတ်ပယ်နိုင်သော်လည်း အလုပ်ဖြုတ်ပစ်ခြင်းမျိုး မဟုတ်ဘဲ လမ်းတံမြက်စည်းလှည်းခြင်း သို့မဟုတ် အိမ်သာဆေးခြင်းကဲ့သို့သော အောက်ခြေအလုပ်များကိုသာ ပြောင်းလဲတာဝန်ပေးလိမ့်မည်ဟု တွေးတောထား၏။
သက်ကြီးစုံတွဲဖြစ်သော လီတာ့ရှန်းနှင့် ဇနီးဖြစ်သူတို့အတွက်မူ မျှော်လင့်ချက်မှာ ပို၍ပင် နည်းပါးနေပြီး အလုပ်ထုတ်ခံရမည်ကို အလွန်အမင်း စိုးရိမ်နေကြသည်။
အကယ်၍ အလုပ်ထုတ်ခံရပါက သူတို့အတွက် ဘဝပျက်သလိုပင် ဖြစ်တော့မည်။ တစ္ဆေခြောက်သည်ထက် မည်သည့်အရာမျှ မအရေးကြီးဟု သူတို့ ဆိုခဲ့သော်လည်း အလုပ်အကိုင်မရှိပါက မည်သို့သောဘဝမျိုးဖြင့် ရှင်သန်ရမည်နည်း။
သို့ဖြစ်ရာ သူတို့သည် အလုပ်ထုတ်ခံရမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေကြ၏။
သမီးဖြစ်သူ လာရောက်ကြည့်ရှုသည်ကို မြင်ရသောအခါ သက်ကြီးစုံတွဲမှာ စိတ်အနည်းငယ် လျော့ပါးသွားကြသည်။ အနည်းဆုံးတော့ သမီးဖြစ်သူက သူတို့ကို သတိရသေးသည်ဟု တွေးမိကြကာ စိတ်ပေါ့ပါးသွား၏။
အဒေါ်ကြီးလီ စိတ်လောကြီးစွာဖြင့် တိုက်တွန်းလိုက်၏။
“သမီး... မြန်မြန်သွားတော့လေ... တခြားကိစ္စမရှိရင် ဒီမှာ အချိန်မဖြုန်းနဲ့တော့။ နင့်အဖေအတွက် လူတစ်ယောက်လောက် အမြန်သွားရှာပေးဦး...”
လီအာ့ယာသည် သူတို့၏ ဒုတိယသမီးဖြစ်ပြီး အာ့ယာမှာ အမည်ပြောင်သာဖြစ်သည်။ သူမ၏ အမည်ရင်းမှာ လီရှောင်ယွီ ဖြစ်၏။
ထိုအမည်ကို လီတာ့ရှန်း ဗေဒင်ဆရာတစ်ဦးထံတွင် မေးမြန်း၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ဗေဒင်ဆရာမှာ သူမ၏ မွေးသက္ကရာဇ်နှင့် ဤအမည်မှာ ကိုက်ညီမှုရှိပြီး တစ်သက်လုံး အစားအစာနှင့် အဝတ်အထည်အတွက် ပူပန်ရမည်မဟုတ်ဘဲ အလွန်တရာ ကြွယ်ဝချမ်းသာလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ဖူး၏။ နောက်ပိုင်းတွင် လီရှောင်ယွီသည် အခြေအနေကောင်းသည့် အမျိုးသားနှင့် အိမ်ထောင်ကျသွားရာ သူတို့စုံတွဲမှာ ထိုဗေဒင်ဟောကိန်းကို ပို၍ပင် ယုံကြည်သွားကြတော့သည်။
သို့ဖြစ်ရာ အယူသီးမှုများသည် လူတို့ကို အလွယ်တကူ ခြောက်လှန့်နိုင်ခြင်းမှာ လူတို့ကိုယ်တိုင်ကပင် ထိုအရာများကို အခြားသူများထက် ပိုမိုယုံကြည်နေကြခြင်းကြောင့်ပင်တည်း။
လီတာ့ရှန်းနှင့် ဇနီးဖြစ်သူတို့ သမီးဖြစ်သူကို မျှော်လင့်တကြီး ကြည့်နေကြသော်လည်း လီရှောင်ယွီသည်ကား အတော်ပင် စိတ်မရှည်ဖြစ်နေ၏။ သူမ အိမ်အတွင်းရှိ ပရမ်းပတာဖြစ်နေသည်များကို နှာခေါင်းရှုံ့ကြည့်ကာ ကဲ့ရဲ့ပြောဆိုလေသည်။
“အဖေတို့ နှစ်ယောက်စလုံးက တကယ်ကို အသုံးမကျဘူး။ အဘွားကြီးတစ်ယောက်ကိုတောင် မနိုင်ကြဘူး၊ အိမ်ကလည်း အဖျက်ဆီးခံလိုက်ရသေးတယ်။ ဒါတွေပြင်ဖို့ ဘယ်လောက်ကုန်မလဲ ကြည့်ဦး... အရာရာက ပိုက်ဆံချည်းပဲ မဟုတ်လား... တကယ်ပါပဲ...”
ထိုသို့ ဗျစ်တောက်ဗျစ်တောက် မြည်ပြီးနောက် သူမ ဆက်ပြောလိုက်၏။
“အဖေ၊ ဒီကိစ္စအတွက် အဖေပဲ တာဝန်ယူလိုက်ပါ”
လီတာ့ရှန်းမှာ အံ့အားသင့်သွားသော်လည်း လီရှောင်ယွီမှာ အရေးမစိုက်သည့်လေသံဖြင့်
“အဖေပဲ တာဝန်ယူလိုက်၊ ကျွန်မယောကျ်ားကိုတော့ သွားမပတ်သက်စေနဲ့။ ခဲအိုက အလုပ်ရုံတာဝန်ခံလေ။ သူ့မှာ အပြစ်တင်ခံရရင် ကျွန်မတို့ မိသားစု ဘာဖြစ်သွားမလဲ... စက်ရုံကလည်း မကြာခင် အလုပ်သမားသစ်တွေ ခေါ်တော့မှာ။ ယုံချန်း အမြဲတမ်းဝန်ထမ်း ဖြစ်လာဖို့အတွက် အစမ်းခန့်ဝန်ထမ်းအဖြစ် အရင်စဝင်ရဦးမှာ။ အဖေတို့ ကျွန်မတို့အတွက်လည်း ထည့်စဉ်းစားပေးဦးလေ... အဖေက အသက်လည်း ကြီးနေပြီ။ စက်ရုံက အဖေကို တကယ်တမ်း ဘာမှမလုပ်နိုင်ပါဘူး။ အဆိုးဆုံးဖြစ်လှရင် အလုပ်ထုတ်ခံရုံပေါ့၊ အဲဒါက ကိစ္စမရှိပါဘူး၊ အဖေတို့မှာ ပြုစုစောင့်ရှောက်မယ့် ကျွန်မတို့ ရှိနေတာပဲ။ ဒါ့အပြင် အဖေက ကျွန်မယောကျ်ားဆီ အပြစ်ပုံမချဘူးဆိုရင် သူက အဖေ့အတွက် စကားကောင်းလေး ပြောပေးလိမ့်မယ်၊ အဲဒါဆို အလုပ်အထုတ်မခံရတာမျိုးလည်း ဖြစ်နိုင်တာပဲ။ မိသားစုထဲမှာ အရာရှိတစ်ယောက်ရှိဖို့ ဘယ်လောက်ခက်တယ်ဆိုတာ အဖေသိတာပဲ”
လီတာ့ရှန်းနှင့် ဇနီးဖြစ်သူတို့မှာ သမီးဖြစ်သူ၏ စကားကို နားမယုံနိုင်အောင် ဖြစ်သွားကြပြီး ကြောင်တောင်တောင်ကြီး ငေးကြည့်နေမိကြသည်။
သူတို့၏ အမူအရာကို မြင်သောအခါ လီရှောင်ယွီ ပို၍ပင် စိတ်မရှည်ဖြစ်လာကာ အတင်းအကျပ် ပြောလေတော့၏။
“ကျွန်မပြောတာ ကြားရဲ့လား... ကျွန်မ စကားပြောနေတာကို ဘာမှမသိသလို လုပ်မနေနဲ့။ အမြဲတမ်း ဒီလိုပဲ၊ အဘွားကြီးတစ်ယောက်ကို နှစ်ယောက်ပေါင်းပြီး မနိုင်တာ မဆန်းပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မပြောသလိုပဲ လုပ်ပါ အဖေ။ အခုပဲ စက်ရုံကိုသွားပြီး လုံခြုံရေးတွေကို ဝန်ခံလိုက်၊ လင်းကျန့်ဝမ်ကို မကျေနပ်လို့ ဒါတွေအားလုံးကို အဖေတစ်ယောက်တည်း စီစဉ်ခဲ့တာ၊ တခြားဘယ်သူမှ မသိဘူးလို့ ပြောလိုက်။ ကျွန်မအတွက်လည်း ထည့်စဉ်းစားပေးပါဦး။ အဖေသာ ကျွန်မယောကျ်ားကို ဆွဲထည့်လိုက်ရင် ကျွန်မရဲ့ ယောက္ခမက ကျွန်မကို နှိပ်ကွပ်တော့မှာ”
လီတာ့ရှန်းသည် နောက်ဆုံး၌ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်သွားပြီး သမီးဖြစ်သူကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ
“ငါသာ အပြစ်အားလုံးကို ယူလိုက်ရင် အလုပ်ထုတ်ခံရနိုင်တယ်ဆိုတာ နင်သိရဲ့လား...”
အမှန်စင်စစ် လူတစ်ယောက်ကို ပစ်မှတ်ထားသည်ကို အခြားသူများ သိရှိသွားခြင်းမှာ ပြဿနာကြီးကြီးမားမား မဟုတ်သော်လည်း တစ္ဆေပုံပြင်များကြောင့် ဤကိစ္စမှာ အကြီးအကျယ် ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။ စက်ရုံဘက်မှလည်း မျှတမှုရှိကြောင်း ပြသရန်အတွက် ဤကိစ္စကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။
သူ ဆက်၍
“ငါသာ အလုပ်ထုတ်ခံရပြီး မင်းအမေမှာလည်း အလုပ်မရှိရင် ငါတို့ ဘာလုပ်ကြမလဲ...”
လီရှောင်ယွီ စိတ်ပျက်လက်ပျက်ဖြင့်မျက်မှောင်ကြုတ်ကာ
“အဖေက ဘာလို့ ဒီလောက် နားမလည်ရတာလဲ... ‘ဘာလုပ်ကြမလဲ’ ဆိုတာက ဘာကို ဆိုလိုတာလဲ... အရင်က စုဆောင်းထားတာတွေ မရှိဘူးလား... အခုလောလောဆယ်တော့ အဲဒါလေးနဲ့ပဲ ဖြစ်သလို နေကြပေါ့။ ဒါ့အပြင် သမီးတို့ကလည်း အဖေတို့ကို ပစ်ထားမှာ မဟုတ်ပါဘူး။ ကျွန်မအစ်မကြီးဆီကို ပိုက်ဆံပို့ပေးဖို့ စာရေးလိုက်လေ၊ သူလည်း အဖေတို့ အိုမင်းလာတဲ့အခါ ပစ်မထားနိုင်ပါဘူး”
သူမ ကြမ်းပြင်ကို ခြေဆောင့်ကာ
“အဖေ... အဖေ ဘာဖြစ်နေတာလဲ... ကျွန်မက ဒီကိစ္စလေးပဲ ခိုင်းတာကို အဖေက မလုပ်ပေးချင်ဘူးလား... အဖေ ကျွန်မကို အချစ်ဆုံးဆို... အဖေ့မှာ သမီးဆိုလို့ ကျွန်မပဲ ရှိတာလေ။ အစ်မကြီးက အဖေတို့ရဲ့ သမီးအရင်းမှ မဟုတ်တာ။ အဖေတို့ အိုမင်းလာရင် ပြုစုမယ့်သူ၊ သေရင် မြေမြှုပ်ပေးမယ့်သူက ကျွန်မပဲ ရှိတာ။ ဒီကိစ္စလေးကိုတောင် မလုပ်ပေးနိုင်ဘူးလား... ကျွန်မ ပြောထားမယ်၊ အဖေသာ ကျွန်မယောကျ်ားကို ဒီအရှုပ်ထုပ်ထဲ ဆွဲထည့်ရင် ကျွန်မ အဖေတို့ကို အဖေ အမေလို့ အသိအမှတ်မပြုတော့ဘူး”
လီတာ့ရှန်း : “……”
သူသည် မိမိ၏သမီးကို မမှတ်မိတော့သည့်အလား မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်စွာ ကြည့်နေမိ၏။
မိမိ၏သမီးမှာ ထိုသို့သောစကားမျိုး ပြောလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
“မင်း ဘာပြောလိုက်တာလဲ... ဘာတွေ လျှောက်ပြောနေတာလဲ... ငါက မင်းရဲ့ အဖေလေ...”
လီရှောင်ယွီ ပြန်လည်အော်ဟစ်ကာ
“ဘာလို့ ခွေးရူးတစ်ကောင်လို အော်နေတာလဲ... အဖေက ကျွန်မအဖေမှန်း သိလို့ပေါ့၊ မဟုတ်ရင် ကျွန်မ ဘာလို့ ဂရုစိုက်နေမှာလဲ... တခြား အခြေအနေကောင်းတဲ့နေရာကို အိမ်ထောင်ကျသွားတဲ့သူတွေကို ကြည့်ဦး၊ ဘယ်နှစ်ယောက်က မိဘအိမ်ကို ပြန်ငဲ့နေကြလို့လဲ... ကျွန်မက အဖေတို့အပေါ် အကောင်းဆုံး ဆက်ဆံနေတာပါ”
သူမသည် သူမ၏မိဘများမှာ ကျေးဇူးမသိတတ်သူများဟု ပို၍ပင် ခံစားလာရသည်။ သူမသည် တစ်ဦးတည်းသော သမီးအရင်းဖြစ်ရာ သူမကို ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားသင့်သည်သာ…ဘာကြောင့်များ ယခုကဲ့သို့ မောက်မာစွာ ပြုမူနေကြသနည်း။
အသက်ကြီးလာလေ ပိုပြီး နဝေတိမ်တောင် ဖြစ်နေကြပါလား…
လီရှောင်ယွီသည် ငယ်စဉ်ကတည်းက သူမ၏အစ်မကြီးမှာ မိဘများ၏ သမီးအရင်းမဟုတ်ကြောင်း သိထားခဲ့သည်။ သူမ၏မိဘများသည် နှစ်ပေါင်းများစွာ သားသမီးမရခဲ့သဖြင့် သူတစ်ပါး၏ အကြံပေးချက်အရ ကလေးတစ်ဦးကို မွေးစားခဲ့ရာ ထိုအစ်မကြီးကို ရရှိခဲ့ခြင်းဖြစ်၏။ ထိုသို့ မွေးစားပြီး နှစ်နှစ်၊ သုံးနှစ်အကြာတွင်မှ သူမကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ညီအစ်မနှစ်ဦး၏ ဘဝမှာ အလွန်ပင် ကွာခြားလှ၏။ လွန်ခဲ့သော နှစ်အနည်းငယ်က ကျေးလက်သို့ လူငယ်များ ဆင်းရသည့် လှိုင်းလုံးကြီးအတွင်း သူမ၏အစ်မကြီးမှာလည်း ကျေးလက်သို့ ရောက်ရှိသွားကာ ထိုနေရာမှာပင် အိမ်ထောင်ကျ၍ ပြန်မလာတော့ပေ။
ထို့ကြောင့် သူမသည်သာ မိသားစု၏ တစ်ဦးတည်းသော အားကိုးရာဟု ယုံကြည်ကာ ပို၍ပင် ဆိုးသွမ်းလာခဲ့၏။
လီရှောင်ယွီသည် သူမ၏ ယောက္ခမမိသားစုတွင် အဆင့်အတန်း အနိမ့်ဆုံးနေရာ၌ ရှင်သန်နေရသော်လည်း မိဘအိမ်သို့ ပြန်လာသည့်အခါတိုင်းတွင်မူ အမြဲတစေ မောက်မာရိုင်းစိုင်းကာ အထက်စီးဆန်တတ်သူ ဖြစ်၏။
သူမ၏ အစ်မကြီး ရှိစဉ်ကတည်းက ဤကဲ့သို့ ပြုမူတတ်သော်လည်း ယခုအခါ အစ်မဖြစ်သူမှာ ပြန်မလာတော့သည် ဖြစ်ရာ သူမ၏ အပြုအမူများမှာ ပို၍ပင် ဆိုးရွားလာလေသည်။
“ဒါဆိုရင် အပြတ်ပဲ။ အခုချက်ချင်း လုံခြုံရေးရုံးကို သွားတော့”
သူမ အမိန့်ပေးသလို ပြောဆိုလိုက်၏။
လီတာ့ရှန်း “...”
သောက်ကျိုးနည်း… သမီးမိုက်..
သူသည် ဒေါသကြောင့် တုန်ရင်နေပြီး
“ဘာလုံခြုံရေးရုံးလဲ... ငါက ဘာလို့ လုံခြုံရေးရုံးကို သွားရမှာလဲ... ဘာလို့ အပြစ်အားလုံးကို ငါတစ်ယောက်တည်း ခံရမှာလဲ... ငါသာ အလုပ်ထုတ်ခံရရင် ဘယ်သူ့ကို အားကိုးရမှာလဲ... ဒါက ငါ့အကြံလည်း မဟုတ်ဘူး။ လင်းကျန့်ဝမ်ကို ဒုက္ခပေးဖို့ ငါ့ကို တိုက်တွန်းခဲ့တာ နင်တို့လင်မယား မဟုတ်လား... ချဲယုံဖုန်းက ငါ့ဆီလာပြီး ခိုင်းတာ မဟုတ်လား... ဘာလို့ ငါ့ကိုမှ အပြစ်ပုံချရတာလဲ... နင်က ဘာလို့ ဒီလောက်တောင် အသိတရားမဲ့ရတာလဲ...”
လီရှောင်ယွီသည် ရုတ်တရက် ထရပ်လိုက်ပြီး ဒေါသတကြီးဖြင့်
“အဖေ... ဘယ်လို စကားမျိုး ပြောလိုက်တာလဲ... အဖေ ဒီလိုလုပ်နေမယ်ဆိုရင် နောင်ခါ အဖေတို့ အိုမင်းလာတဲ့အခါ ကျွန်မတို့ဆီက ပြုစုစောင့်ရှောက်မှုကို မမျှော်လင့်နဲ့တော့။ ကျွန်မတို့ မိသားစု အခြေအနေက ဘာလဲ... ကျွန်မ ယောက္ခမအိမ်ရဲ့ အခြေအနေက ဘာလဲ... ကျွန်မတို့က သူတို့ကို အားကိုးနေရတာလေ။ အဖေက ကျွန်မကိုတောင် မကူညီနိုင်ဘူးလား၊ ကျွန်မအတွက် အပြစ်လေးတောင် မခံပေးနိုင်ဘူးလား... အဖေဟာ ကျွန်မကို တကယ် စိတ်ပျက်စေတာပဲ”
“နင်ကသာ ငါ့ကို စိတ်ပျက်အောင် လုပ်တာကွ...”
လီတာ့ရှန်းသည် တစ်ချိန်က လိမ္မာသည်ဟု ထင်ခဲ့သော သမီးဖြစ်သူသည် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သူမသည် ဆိုးနွဲ့တတ်သည်မှန်သော်လည်း ယခုကဲ့သို့ မဟုတ်ခဲ့ပေ။ သူသည် သူမ၏ ဖခင်အရင်းဖြစ်သော်လည်း ဤကလေးမှာ သူ့အပေါ်တွင် အနည်းငယ်မျှပင် ရိုသေလေးစားမှု မရှိတော့ပေ။
“နင် ငါ့ကို ဘယ်လို စကားမျိုး ပြောနေတာလဲ... အခုအချိန်မှာ နင်က ငါနဲ့ နင့်အမေအတွက် စိုးရိမ်ပေးသင့်တာ မဟုတ်ဘူးလား...”
ယမန်နေ့၌ သမီးဖြစ်သူ သူ့အား လုံးဝ လျစ်လျူရှုထားခဲ့သည်ကို ပြန်လည်စဉ်းစားမိသောအခါ လီတာ့ရှန်းသည် ပို၍ပင် စိတ်မကောင်း ဖြစ်လာရ၏။
“မင်း... မင်းနှယ်... ကလေးရယ်...”
သူသည် စကားပင် ဆက်မပြောနိုင်ဘဲ ခဏမျှ ဆွံ့အသွားရလေသည်။
လီတာ့ရှန်း၏ ဇနီးပင်လျှင် ကြောင်တောင်တောင် ဖြစ်သွားရပြီး သူမ၏သမီး ထိုသို့ ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအဘွားကြီးသည် သူမ၏သမီးကို အလိုလိုက်သော်လည်း အကယ်၍ သူမ၏ခင်ပွန်းသာ အပြစ်အားလုံးကို ခေါင်းခံလိုက်ပါက သူတို့လင်မယားမှာ ဆက်လက် ရှင်သန်နိုင်တော့မည် မဟုတ်ကြောင်းကိုမူ ကောင်းကောင်းနားလည်သည်။
ထိုသို့တော့ အဖြစ်မခံနိုင်ပေ။ သူတို့မှာ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လိုသေး၏။ မဟုတ်ပါက သူတို့အသက်အရွယ်နှင့်ဆိုလျှင် မည်သူကမျှ အောက်ခြေအလုပ်ပင် ပေးကြမည်မဟုတ်ပေ။
လီရှောင်ယွီ : “အမေ၊ အဖေ့ကို ကြည့်ဦး၊ ဘယ်လောက်တောင် အတ္တကြီးလဲဆိုတာ... သူက ကျွန်မအတွက် လုံးဝ မတွေးပေးဘူး။ အမေကတော့ နောင်ရေးအတွက် ကျွန်မကိုပဲ အားကိုးရမှာနော်...”
သူမ မကျေမနပ် နှုတ်ခမ်းစူကာ ရွဲ့စောင်းပြောဆိုလိုက်ပြီး
“ကျွန်မက အဖေတို့ကို လုံးဝ ပစ်ထားမယ်လို့ ပြောတာမဟုတ်ပါဘူး။ အဖေက ဒီတာဝန်ကို အရင်ယူလိုက်၊ အိမ်မှာရှိတဲ့ ပိုက်ဆံတွေကို ကျွန်မကိုပေး၊ ကျွန်မက လူကြီးပိုင်းတွေနဲ့ စကားပြောပြီး အဖေ့အတွက် လမ်းကြောင်းရှာပေးမယ်။ အဖေ အလုပ်မပြုတ်စေရဘူးလို့ ကျွန်မ အာမခံတယ်”
လီတာ့ရှန်းသည် မိမိသမီးအား ပို၍ပင် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေမိ၏။
အဒေါ်ကြီးလီပင်လျှင် မလှုပ်မယှက် ရပ်နေရင်း
“ပြီးခဲ့တဲ့ နှစ်တွေကလည်း နင် အလုပ်ရှာချင်တယ်ဆိုလို့ ငါတို့ဆီကနေ လာဘ်ထိုးဖို့ဆိုပြီး ငွေ သုံးလေးရာလောက် ယူသွားပြီးပြီလေ၊ အခုထိလည်း ဘာမှ ဖြစ်မလာသေးဘူး။ အခု ပိုက်ဆံ ထပ်လိုချင်သေးတာလား...”
“သုံးလေးရာက ဘာလုပ်လို့ရမှာလဲ... အဲဒါကလည်း နှစ်အတော်ကြာမှ တစ်ခါပေးတာလေ... အဖေ့ရဲ့ လစာက တစ်လကို ယွမ်ခြောက်ဆယ်ကျော် မဟုတ်လား... အဖေတို့ နှစ်ယောက်စလုံးက တစ်လကို ငါးယွမ်လောက်ပဲ သုံးမယ်ဆိုရင် တစ်နှစ်ကို ခြောက်ရာ၊ ခုနစ်ရာလောက် စုမိမှာပေါ့။ နှစ်တွေအကြာကြီးမှ ကျွန်မကို သုံးလေးရာ ပေးတာက ဘာမှမဟုတ်ပါဘူး။ အရမ်းလည်း ကပ်စေးမနည်းကြပါနဲ့။ ဒီတစ်ခါက အဖေတို့ ကိုယ့်အတွက်ကိုယ် လုပ်တာဆိုတော့ ပိုက်ဆံ ပိုပေးသင့်တယ်”
လီရှောင်ယွီသည် ပြောရင်းပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာသော်လည်း သက်ကြီးရွယ်အို စုံတွဲဖြစ်သော လီတာ့ရှန်းနှင့် ဇနီးဖြစ်သူတို့၏ မျက်နှာများမှာ ပို၍ ပို၍ ညိုမှောင်လာသည်ကိုမူ သတိမထားမိပေ။
ပေကျင်းမြို့၏ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မှာ တစ်ဦးလျှင် ငါးယွမ်ဖြစ်သည်။ သမီးဖြစ်သူသည် သူတို့စုံတွဲအား တစ်လလျှင် ငါးယွမ်တည်းဖြင့် သုံးစွဲရန် ပြောနေခြင်းလော့။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
သူတို့ကို ငတ်သေအောင် လုပ်နေတာလား…
ဆန်၊ ဆီ၊ ဆားတွေက အလကားရနေတာမို့လို့လား…
လီတာ့ရှန်းသည် အစောပိုင်း၌ သူမသည် တစ်ဦးတည်းသော သမီးဖြစ်သဖြင့် အလိုလိုက်ထား၍ ရသည်ဟု ထင်ခဲ့သော်လည်း ယခုမူ သူ ဝေခွဲမရ ဖြစ်လာ၏။ သူသည် သမီးဖြစ်သူကို ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ လုံးဝ စိမ်းသက်နေသလို ခံစားလိုက်ရလေသည်။
“စကားတစ်ခွန်းလောက် ပြောပါဦး... ပိုက်ဆံတွေ ဘယ်မှာလဲ...”
“ထွက်သွားစမ်း...”
“ဘာပြောလိုက်တာလဲ...”
လီတာ့ရှန်းသည် ဒေါသအလိပ်လိပ် ထွက်လာပြီး အော်ဟစ်လိုက်လေသည်။
“ထွက်သွားစမ်း... အခုချက်ချင်း ထွက်သွား... ငါ့မှာ ပိုက်ဆံမရှိဘူး၊ ရှိရင်တောင် နင့်ကို မပေးနိုင်ဘူး... ငါ အပြစ်အားလုံးကိုလည်း ခေါင်းမခံနိုင်ဘူး။ ထွက်သွား၊ ထွက်သွားတော့...”
သူသည် သမီးဖြစ်သူကို တွန်းထုတ်လိုက်ရင်း နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့သော မေတ္တာများမှာ အလကားဖြစ်ခဲ့ပြီဟု ခံစားလိုက်ရ၏။
ဤသမီးမှာ တကယ့်ကို အတ္တကြီးလှသော လူတစ်ယောက်ပင်…
လီတာ့ရှန်းမှာ ဒေါသအလိပ်လိပ် ထွက်နေပြီဖြစ်သည်။ ယခင်၌ သူမအပေါ် မည်မျှပင် ကောင်းခဲ့ဖူးသည်ဖြစ်စေ ယခုအချိန်တွင်မူ ဒေါသကြောင့် ခေါင်းထဲတွင် အုန်းအုန်းထနေတော့၏။
“ထွက်သွားစမ်း...”
“အဖေ... ဘာဖြစ်နေတာလဲ... ကျွန်မ တောင်းဆိုတာကို ဘာလို့ သဘောမတူနိုင်ရမှာလဲ... အကယ်၍ အဖေ သဘောမတူဘူးဆိုရင် အဖေ အိုလာတဲ့အခါ ကျွန်မ ပြုစုမှာ မဟုတ်ဘူးနော်”
လီရှောင်ယွီသည် ယုံကြည်မှုအပြည့်ဖြင့် ခြိမ်းခြောက်လိုက်သည်။ သူမသည် သူတို့၏ တစ်ဦးတည်းသော သမီးအရင်း မဟုတ်လော့။
“ဒါ မင်းအလုပ်မဟုတ်ဘူး၊ ထွက်သွား... ထွက်သွား၊ ထွက်သွား၊ ထွက်သွား...”
လီတာ့ရှန်းသည် သူမကို အပြင်သို့ တွန်းထုတ်လိုက်၏။ အဒေါ်ကြီးလီသည် သူမကို ဆွဲခေါ်ရန် ထလာသော်လည်း လီရှောင်ယွီ၏ မျက်လုံးများမှ ထွက်လာသည့် မောက်မာစက်ဆုပ်ဖွယ် အကြည့်များကို မြင်လိုက်ရသောအခါ တောင့်ခဲသွားရသည်။
သူမ သမီးက... သူတို့ကို အထင်သေးစက်ဆုပ်နေတာလား…
ဤသို့ တွေးမိသည်နှင့် သူမမှာ ယိုင်နဲ့သွားပြီး ဟန်ချက်ပင် ပျက်မတတ် ဖြစ်သွားရ၏။
သူတို့က ပိုက်ဆံမပေးနိုင်လို့…
တာဝန်မယူနိုင်ရုံလို့… သူမက သူတို့ကို ဒီလောက်ထိ မုန်းတီးသွားတာလား…
“ကောင်းပြီလေ၊ ကောင်းပြီ... အဖေတို့က ကျွန်မကို နောင်ရေးအတွက်ပဲ အသုံးချချင်နေတာ ကျွန်မ သိသားပဲ။ တကယ်တမ်း ခိုင်းစရာရှိလာတော့လည်း အဖေတို့က အသုံးမကျဘူး။ အဲဒီပိုက်ဆံတွေကို အခေါင်းဝယ်ဖို့ပဲ သုံးလိုက်ကြတော့...”
လီရှောင်ယွီ ဟိန်းဟောက်လိုက်
သည်။ ထိုအခါ လီတာ့ရှန်းမှာ သွေးအန်သည်အထိ ဖြစ်သွားရလေသည်။
“ဘုရားရေ... လီတာ့ရှန်းရဲ့ သမီးက သူ့အဖေ သွေးအန်အောင်အထိ လုပ်လိုက်တာပဲ...”
“ကျုပ်ဖြင့် မယုံနိုင်ဘူး၊ ဒီလိုအကောင်မမျိုးကို မွေးထားတာထက် ခွေးမွေးထားတာကမှ တော်ဦးမယ်။ အနည်းဆုံးတော့ ခွေးက အိမ်စောင့်ပေးသေးတယ်လေ။”
“သူမက တကယ်ကို ရက်စက်တာပဲ၊ ကိုယ့်အဖေအရင်းကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်ရသလား...”
...
အပြင်ဘက်တွင် စုရုံးနေကြသူများထံမှ တိုးတိုးတိတ်တိတ် စကားသံများ ထွက်ပေါ်လာ၏။ လီရှောင်ယွီ အိမ်ထဲဝင်သွားချိန်မှစ၍ အလုပ်မသွားကြသေးသော အိမ်ဝင်းအတွင်းရှိ လူအချို့မှာ တိတ်တဆိတ် လာရောက်ချောင်းနားထောင်နေကြခြင်း ဖြစ်သည်။ လီတာ့ရှန်း အလိုလိုက်ထားသော သမီးမှာ ဤကဲ့သို့သော လူစားမျိုးဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။
လီရှောင်ယွီသည် အတ္တကြီးပြီး လူကောင်းမဟုတ်မှန်း သူတို့ သိကြသော်လည်း ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု မထင်ခဲ့ကြပေ…
အိမ်ထောင်ကျပြီးချိန်မှ စတင်၍ သူမသည် မြွေဆိုးတွင်းတစ်ခု၌ အဆင့်မြင့်သင်တန်း တက်လာသကဲ့သို့ ပို၍ပင် ရက်စက်လာခဲ့၏။
ဘုရားရေ… တကယ်ကိုပါပဲ လက်ခံနိုင်စရာ မရှိပါလား.. ဘယ်လိုသားသမီးပါလိမ့်…
“ဟွတ်... ဟွတ်... ဟွတ်...”
လီတာ့ရှန်းမှာ မရပ်မနား ချောင်းဆိုးနေတော့သည်။ အဒေါ်ကြီးလီ အနားသို့ အပြေးအလွှား ရောက်လာကာ
“ယောကျ်ား... ယောကျ်ား... ဘယ်လိုနေသေးလဲ... နင် သမီးမိုက်... ကိုယ့် အဖေကို ဒီလောက်အထိ စိတ်ဆင်းရဲအောင် လုပ်ရသလား”
လီရှောင်ယွီမှာ အနည်းငယ် ကြောက်လန့်သွားသော်လည်း ဟန်မပျက်ဘဲ အော်ဟစ်လိုက်၏။
“ဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ...”
ထိုသို့ပြောပြီးနောက် သူမသည် ဆက်၍ မနေရဲတော့ဘဲ အိမ်ပြင်သို့ ကယောင်ကတမ်း ထွက်လာခဲ့သည်။ လူတိုင်း သူမကို ရွံရှာစက်ဆုပ်စွာ ကြည့်နေကြသည်ကို မြင်သောအခါ ဆဲရေးလိုက်ကာ
“ဘာကြည့်နေကြတာလဲ... ဒီဆင်းရဲသား ငနဲတွေ...”
“ဒါ ဘယ်လိုလူစားမျိုးတွေလဲ မသိဘူး...”
လီရှောင်ယွီသည် အိမ်သို့ ယိုင်တိယိုင်တိုင် ပြန်လာခဲ့သော်လည်း အိမ်ရောက်သောအခါမှ သူမ၏ တာဝန်မအောင်မြင်ခဲ့သည်ကို သတိရကာ တွန့်ဆုတ်သွားမိ၏။
“တံခါးဝမှာ ဘာရပ်လုပ်နေတာလဲ...”
သူမ၏ခင်ပွန်း ချဲယုံချန်း တံခါးဖွင့်ပြီး သံသယဖြင့် မေးလိုက်သည်။
“မင်း မိဘတွေဆီ သွားတာ မဟုတ်လား... ပိုက်ဆံ ဘယ်လောက်ရခဲ့လဲ... ငါ့ကိုပေးစမ်း။”
သူက ပိုက်ဆံရရန် လက်ဖြန့်လိုက်၏။
လီရှောင်ယွီ တုန်တုန်ရင်ရင်ဖြင့်
“ဒီတစ်ခါတော့ သူတို့ ပိုက်ဆံမပေးဘူး”
“ဘာ... မင်းလို အသုံးမကျတဲ့ မိန်းမ... မင်းက ဘာအတွက် အသုံးကျလို့လဲ... မင်းမိဘတွေက မင်းကို အချစ်ဆုံးဆို... ဘာလို့ ပိုက်ဆံမပေးတာလဲ...”
ချဲယုံချန်း ဟောက်လိုက်ပြီး
“ဒါမှမဟုတ် မင်းကပဲ ပိုက်ဆံတွေကို လျှို့ဝှက်ပြီး ဖွက်ထားတာလား...”
ထိုသို့ပြောပြီးသည်နှင့် ဖြောင်း ခနဲ မြည်အောင် ပါးတစ်ချက် ရိုက်လိုက်လေသည်။
“ခွေးမ... အခုတော့ ပစ္စည်းတွေပါ ဖွက်တတ်နေပြီပေါ့လေ...”
သူသည် အိမ်တံခါးဝ၌ ရှိနေသည်ကိုပင် ဂရုမစိုက်ဘဲ သူမကို စတင်ရိုက်နှက်တော့၏။
အဆောက်အအုံ၏ အသံလုံစနစ်မှာ သိပ်မကောင်းလှသဖြင့် အခြားနေထိုင်သူများက ခေါင်းခါရင်း
“ဒီမိသားစု နောက်တစ်ခါ ဖြစ်ပြန်
ပြီ။ သားကြီးက ယောကျာ်းပိုင်လုံးသားငယ်ကတော့ အိမ်တွင်းအကြမ်းဖက်သမားပဲ”
ဖြောင်း...
နောက်ထပ် ပြင်းထန်သော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။
“ငါ မေးနေတယ်၊ ပိုက်ဆံတွေ ဘယ်မှာလဲ...”
လီရှောင်ယွီ ငိုရှိုက်ရင်း
“မရှိပါဘူးဆို... ကျွန်မမိဘတွေက မပေးသလို၊ အဖေကလည်း တာဝန်မယူဘူးလို့ ပြောတယ်”
“ဘာ...”
ချဲယုံချန်း၏ မိခင်ဖြစ်သူ အိမ်ထဲမှ ရုတ်တရက် ထွက်လာကာ
“သူက မယူဘူး ဟုတ်လား... ဘာလို့ မယူတာလဲ... ငါတို့မိသားစုအတွက် တာဝန်ယူပေးရတာ သူတို့အတွက် ကံကောင်းခြင်းပဲလေ၊ ဒါကို သူက ငြင်းရဲတယ်ပေါ့... ငါ သူ့ဆီ သွားရှာဦးမယ်...”
ချဲမိသားစုမှ အဘွားကြီးသည် အိမ်ပြင်သို့ အပြေးအလွှား ထွက်သွားရာ ချဲယုံချန်း လီရှောင်ယွီကို ခက်ထန်စွာ စိုက်ကြည့်ရင်း ကျိန်ဆဲလေ၏။
“နင်လို အသုံးမကျတဲ့ အမှိုက်
ကောင်မ ဘာလို့ နောက်က လိုက်မလာတာလဲ...”
“ငါ့အမေသာ တစ်ခုခုဖြစ်ရင် နင့်ကို အသေရိုက်သတ်ပစ်မယ်...”
လီရှောင်ယွီသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်မှ အမြန်လိုက်သွားရတော့သည်။
ချဲယုံချန်းသည်လည်း အလျှော့မပေးဘဲ သူတို့နောက်သို့ ပြေးလိုက်သွား၏။
ထိုဆူညံသံများကို ကြားရသော အဆောက်အအုံအတွင်းရှိ အိမ်နီးချင်းများမှာ ပြတင်းပေါက်မှ ချောင်းကြည့်ရင်း တံတွေးထွေးကြလေသည်။
တကယ့်ကို လူယုတ်မာတွေ…
ထိုလူသုံးဦးမှာ လီတာ့ရှန်း၏ အိမ်ဆီသို့ ဦးတည်သွားကြလေတော့သည်...။
လီတာ့ရှန်းတို့ခြံဝင်းအတွင်း ဆူညံပွက်လောရိုက်နေသလောက် ချန်ချင်းယွီတို့ခြံဝင်းမှာမူ ယနေ့တွင် အတော်ပင် တိတ်ဆိတ်အေးချမ်းနေ၏။ မနေ့က ခြံဝင်းအတွင်းရှိ လူအားလုံးနီးပါးသည် အပြင်ထွက်၍ ပွဲကြည့်ခဲ့ကြရာ အဘွားကြီးကျောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေသည်။
ယခင် ဝင်းအတွင်း၌ အဘွားကြီးကျောက်သည် သူမ၏ အစွမ်းအစအစစ်အမှန်ကို ထုတ်မပြဘဲ ထိန်းသိမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်ဟု လူတိုင်းတညီတညွတ်တည်း လက်ခံသွားကြ၏။
အဲ့အဘွားကြီး ဘယ်လောက်စွမ်းလဲ ကြည့်ပါဦး…
သူမသည် လူနှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ဦးမှာ ဂဟေဆော်သူဖြစ်ရာ ကိုယ်ကာယဖြင့် လုပ်ကိုင်ရသူဖြစ်သော်လည်း အဘွားကြီးကျောက်၏ လက်ချက်ဖြင့် ဖူးဖူးရောင်အောင် အထိုးခံခဲ့ရ၏။ ဤကဲ့သို့သော လူစားမျိုးကို မည်သူကများ သွားရောက်စိန်ခေါ်ရဲပါမည်နည်း။
စကားနှစ်ခွန်းပင် မလိုပါ…
ဘယ်တော့မှ စိန်မခေါ်ကြနဲ့…
အဘွားကြီးကျောက်သည် ရပ်ကွက်အတွင်း၌ နာမည်တစ်ခု ရရှိသွားခဲ့ပြန်၏။
ယခင် သူမ၏ ဂုဏ်သတင်းမှာ …“ရန်တွေ့တတ်သော မိန်းမကြီး”၊ “ဆိုးသွမ်းသော အဘွားကြီး”၊ “ယုတ္တိမရှိ ကျိုးကြောင်ူမဆီလျော်တဲ့ အဒေါ်ကြီး” ဟူ၍ပင်…
ယခုအခါတွင်မူ သူမ၏ ဘွဲ့ထူးမှာ “စက်ရုံ၏ သိုင်းပညာရှင်”၊ “ပေကျင်းလမ်းကြား၏ သိုင်းပညာရှင် အဘွားကြီး” ဟု ပြောင်းလဲသွားလေသည်။
ရန်တွေ့တတ်သည်ဟု ဆိုလျှင်ပင် သူမသည် ဤခြံဝင်းအတွင်း၌ သန်မာထက်မြက်သော အမျိုးသမီးတစ်ဦး ဖြစ်နေပေပြီ…
ထိုနေ့တွင် လူတိုင်းသည် အဘွားကြီးကျောက်အပေါ် ပို၍ ယဉ်ကျေးလာကြပြီး စကားပြောလျှင်ပင် အသံကို နှိမ့်၍ ညင်သာစွာ ပြောဆိုကြ၏။အယူသီးတတ်သူ ရှီကျန်းရှန်းဆိုလျှင် သူမ၏ နောက်လိုက်ခွေးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အဘွားကြီးကျောက်အား သူမ၏ ခံစားချက်များကိုပင် ဝန်ခံတော့မည့်
အလား ပြုမူနေလေသည်။ သူမ အပြုအမူမှာ အဘွားကြီးကျောက်ကို သံသယများ တိုးပွါးနေစေ၏။
ဒီကောင်မ… ရှီကျန့်ရှန်း ငါ့ကိုကြိုက်နေတာပဲဖြစ်မယ်…
ချန်ချင်းယွီ : ‘မဟုတ်ပါဘူး... လုံးဝ မဟုတ်နိုင်ပါဘူးရှင် တလွဲမတွေးကြပါနဲ့..’
အဘွားကြီးကျောက်သည် ထိုမျှအထိ အံ့အားသင့်ဖွယ် “တိုက်ခိုက်ရေးခန်း” များကို ပြသခဲ့သည့်အပြင် မမြင်ရသည့် “နက်နဲဆန်းကြယ်သော” အထောက်အပံ့များပါ ရှိနေသည်ဟု ယူဆထားကြသဖြင့် သူမ၏ နောက်လိုက်လေး ရှီကျန့်ရှန်း အပါအဝင် လူတိုင်း အလွန်အမင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေကြခြင်းဖြစ်သည်ဟု ချန်ချင်းယွီ ခံစားမိသည်။
သူတို့သည် သူမကို အနည်းငယ်မျှပင် မဆွရဲတော့သည့်အလား ပြုမူနေကြခြင်းပင်…
လူတိုင်း သူမကို မဆွရဲသည့် အခြားအကြောင်းရင်းတစ်ခုမှာ ချန်ချင်းယွိ နောက်တစ်ကြိမ် ထပ်ငိုမည်ကို ကြောက်ရွံ့နေကြသောကြောင့်ဖြစ်ကြောင်း ချန်ချင်းယွီ မသိခဲ့ပေ။
သာမန်လူတစ်ယောက် နာရီပေါင်းများစွာ ဆက်တိုက် ငိုကြွေးနိုင်သည်မှာ ရှားပါးလှ၏။ လူတိုင်းသည်လည်း ရှန့်လင်၏ ဇနီးသည် မည်ကဲ့သို့သော သူဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားကြပြီး သူတို့၏ နားစည်များမှာလည်း ပေါက်ထွက်မတတ် ခံစားခဲ့ရဖူးသွားပြီဖြစ်သည်။
[ရှန့်လင်ဇနီးအကြောင်း ရှေ့ခန်းတွေမှာ ရေးထားပေးပါတယ်]
သို့ဖြစ်ရာ ချန်ချင်းယွီတွင်လည်း သူမကိုယ်တိုင် မသိရှိသော “တိုက်ခိုက်ရေးစွမ်းအား” တစ်ခု ရှိနေခဲ့ခြင်းဖြစ်၏။
ဆိုရသော် ဤယောက္ခမနှင့် ချွေးမစုံတွဲသည် ယနေ့တွင် လူတိုင်း နှစ်သက်သဘောကျရသည့် အရသာရှိသော ဟင်းပွဲတစ်ပွဲကဲ့သို့ ဖြစ်နေတော့သည်။
ထိုနှစ်သက်မှုမှာ အစစ်အမှန် ဟုတ်မဟုတ် မည်သူမျှ မသိသော်လည်း လူတိုင်းအပြုအမူမှာ သူတို့ကို သဘောကျနေကြောင်း ပေါ်လွင်နေ၏။
ထူးခြားသည်မှာ လူတိုင်း ရှေ့ခြံဝင်းတွင် မစုရုံးကြဘဲ ဒုတိယမြောက်ခြံဝင်းအတွင်း၌ ထိုင်ကာ စကားစမြည် ပြောနေကြခြင်းဖြစ်သည်။ ရှီကျန့်ရှန်းမှာ ယနေ့တွင် တကယ်ပင် ရိုးသားစွာပြုမူ၍ ဖားယားနေ၏။
“အဒေါ်ကြီးကျောက်ရဲ့ ကြက်မကြီးကို ကြည့်ပါဦး၊ တကယ်ကို သေချာမွေးထားတာပဲ။ ပြောရရင် အဒေါ်ကြီးကျောက်ရဲ့ ကြက်တွေက ဥ အများဆုံးပဲ၊ တခြား ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်ဘူး။”
သူတို့ ကြက်မွေးမြူကြသဖြင့် အခြားမိသားစု အချို့လည်း လိုက်လံမွေးမြူခဲ့ကြသည်။
ခြံဝင်းအတွင်း၌ ကြက်မွေးသူ တစ်ဦးမက ရှိနေသဖြင့် ရှီကျန်းရှန်း၏ မြှောက်ပင့်စကားများသည် အဒေါ်ကြီးမေ့ကို မျက်စောင်းထိုးမိသွားစေ၏။
ရှီကျန့်ရှန်း ဆက်၍
“ဒီကြက်သွန်မြိတ်နဲ့ နံနံပင်တွေကလည်း အကြံကောင်းပဲ။ လူငယ်တွေက တကယ်ကို တော်တာပဲ၊ ကျွန်မဆို ဒါမျိုးတွေ တွေးမိမှာ မဟုတ်ဘူး။ ဒီလိုလေး စိုက်ထားတော့ ပိုက်ဆံလည်း ကုန်သက်သာတာပေါ့။ နေ့တိုင်း အနည်းငယ်စီ စုဆောင်းတာက ကောင်းမွန်တဲ့ ဘဝတစ်ခုအတွက် သော့ချက်ပဲ မဟုတ်လား”
သူမ အနီးအနား၌ ဆော့ကစားနေသော ရှောင်ကျားနှင့် ရှောင်ယွမ်ကို ကြည့်ကာ ထပ်လောင်းပြောဆိုပြန်သည်။
“ဒီကလေးနှစ်ယောက်ကလည်း တကယ်ကို လိမ္မာရေးခြားရှိတာပဲ၊ အဒေါ်ကြီးကျောက်တို့ တကယ်ကို သေချာပြုစုပျိုးထောင်ထားတာပဲ”
အဘွားကြီးဝမ်မှာ မကျေမနပ်ဖြစ်ကာ မျက်စောင်းထိုးလိုက်၏။
ဘာလဲ... ငါ့ ကလေးတွေက မလိမ္မာလို့လား…
သူမ ရွဲ့စောင်း၍
“အဘွားကြီးရှီ... ဒီနေ့ ရှင့်ကို ဘာတွေ ပူးဝင်နေတာလဲ... ရှင့်ရဲ့ တက်ကြွမှုက တကယ်ကို မတန်တဆပဲ။ မသိတဲ့သူဆိုရင် ရှင်တို့နှစ်ယောက်က အရမ်း ရင်းနှီးနေကြတယ်လို့ ထင်ရဦးမယ်”
ရှီကျန့်ရှန်း ချက်ချင်းပင် ပြန်တုံ့ပြန်ကာ
“ရင်းနှီးတာပေါ့... အမှန်အတိုင်း ပြောရရင် မနာလိုမဖြစ်ကြနဲ့ဦး၊ ဒီခြံဝန်းတစ်ခုလုံးမှာ အဒေါ်ကြီးကျောက်နဲ့ ကျွန်မက အရင်းနှီးဆုံးပဲ”
သူမက အဘွားကြီးကျောက်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။
ကြားရဲ့လား... ကြားရဲ့လား... ကြားတယ်ဆိုရင်လည်း ရှင့်သားကို သေချာပြောပြပေးပါဦး၊ ရှင့်ရဲ့ သေနေတဲ့ သားကြီး ကျွန်မဆီ လာမရှာခိုင်းပါနဲ့ဦး…
ရှီကျန့်ရှန်း၏ မျက်လုံးများမှာ တောက်ပပြီး တကယ်ကို ရိုးသားလှပေသည်။
အဘွားကြီးကျောက် “...”
သေစမ်း… သောက်ကျိုးနည်း.. ဒါက ဘာအကြည့်လဲ..
ညည်း ငါ့ကို စိတ်ဝင်စားနေတာ သေချာနေပါပြီ..
ရှီကျန့်ရှန်း : “ဒီလို ပတ်သက်မှုတွေဆိုတာ အချိန်နဲ့အမျှ တည်ဆောက်ယူရတာလေ။ ကျွန်မတို့ ဒီခြံဝင်းထဲမှာ ဆယ်စုနှစ်ချီပြီး အတူနေလာခဲ့ကြတာဆိုတော့ သံယောဇဉ်လေးတွေ ရှိတာပေါ့”
အခြားသူများမှာမူ လုံးဝ ဇဝေဇဝါ ဖြစ်နေကြပြီး ဘာကိုမှ နားမလည်နိုင်အောင် ဖြစ်နေကြရှာ၏။ ရှီကျန့်ရှန်းသည် ယနေ့တွင် တကယ်ပင် ထူးထူးခြားခြား ပြုမူနေခြင်းဖြစ်သည်။
အဲ့လောက်ကြီး မျက်နှာချိုသွေးစရာလိုလို့လား…
ရှင် မနေ့က အဘွားကြီးကျောက်ကို တကယ်ပဲ အဲဒီလောက်တောင် ကြောက်သွားတာလား...…
လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘေးတွင်ထိုင်နေသော ချန်ချင်းယွီမှမူ…
အမယ်လေး… ငါပဲ.. ငါပဲ အဖြစ်မှန်ကို ခန့်မှန်းနိုင်ခဲ့တာ.. ဘယ်လောက်တော်လိုက်တဲ့ ငါလဲ…ဉာဏ်ကောင်းလိုက်တဲ့ငါပါလား…
ငါတစ်ယောက်တည်း.. တစ်ယောက်တည်းပဲ သိတာ…
“အဘွားကြီးရှီ၊ ငါ့ထင်တာတော့ ရှင်က...”
အဘွားကြီးဟွမ်သည် နောက်ဆုံး၌ မအောင့်နိုင်တော့ဘဲ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးမီမှာပင် အိမ်နောက်ဘက်ဝင်းမှ အမျိုးသမီးငယ်တစ်ဦး အပြေးအလွှား ရောက်လာကာ အော်ဟစ်လိုက်၏။
“သတ်နေကြပြီ... သတ်နေကြပြီ... ဟိုဘက်က လီတာ့ရှန်းတို့၊ လီတာ့ရှန်းတို့ မိသားစု နောက်တစ်ခါ ပြန်သတ်နေကြပြီ...”
လူတိုင်းမှာ “ဟင်...”
“ကျွန်မမိဘတွေက ဟိုဘက်ဝင်းမှာ နေတာလေ။ ဒီနေ့ မိဘအိမ်ခဏပြန်တာနဲ့ အဲဒါကို တန်းတွေ့တာပဲ။ တကယ်ကို အပြင်းအထန် သတ်နေကြတာ။ လီတာ့ရှန်းက သူ့ခမည်းခမက်တွေနဲ့ သတ်နေတာ။ လာကြည့်ကြဦးမလား..”
လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရုတ်တရက် ထရပ်လိုက်ကြသည်။ သူတို့၏ အရှိန်မှာ အလွန်မြန်လှပြီး အဘွားကြီးကျောက်ဆိုလျှင် အိမ်
ပြင်သို့ပင် ရောက်လုနီးပါး ဖြစ်နေချေပြီ… ချန်ချင်းယွီ တစ်ယောက်တည်းသာ ဘာဖြစ်မှန်းမသိဘဲ ကျန်ရစ်ခဲ့ရာ သူမ အနှေးဆုံး ဖြစ်နေ၏။
ချန်ချင်းယွီ : “...”
အမှန်ပင်၊ သူမသည် အခြားသူများလောက် ပွဲကြည့်ချင်စိတ် မပြင်းပြခဲ့ပေ။
“မေမေ၊ မေမေ... သားတို့လည်း လိုက်ချင်တယ်...”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချန်ချင်းယွီအနားသို့ ပြေးကပ်လာပြီး ခြေဆောင့်ကာ ပူဆာနေကြသည်။
ချန်ချင်းယွီ : “ကလေးတွေက ဘာလိုက်လုပ်မှာလဲ... မင်းတို့က...”
ကလေးများ၏ အသနားခံသော မျက်နှာလေးများကို မြင်ရသောအခါ ချန်ချင်းယွီ မနေနိုင်တော့ဘဲ “ကဲ... ကဲ... လိုက်ခဲ့ကြ။ အိမ်တံခါး အရင်ပိတ်လိုက်ဦးမယ်” ဟု ဆိုကာ တံခါးကို အမြန်ပိတ်၍ ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ ချီမကာ ပြေးထွက်ခဲ့တော့သည်။
သူမလည်း ကျန်ရစ်သူ အဖြစ်မခံနိုင်ပါဘူး… ရှေ့ဆုံးမဟုတ်ရင်တောင် နောက်ဆုံးတော့ မဖြစ်ရဘူး…
ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ချီလျက် လီတာ့ရှန်းတို့ ခြံဝန်းသို့ ရောက်ရှိလာ၏။ အမှန်အတိုင်းပြောရလျှင် သူမသည် ဤနေရာကို အလွတ်ရနေပြီ ဖြစ်သည်။ လူအုပ်ကြီးမှာ စုရုံးနေပြီဖြစ်ရာ အဘွားကြီးကျောက်နှင့် အခြားသူများမှာ လူအုပ်ထဲသို့ တိုးဝင်သွားကြပြီဖြစ်၏။ ချန်ချင်းယွီမှာမူ “ဖယ်ပေးပါဦး... ဖယ်ပေးပါဦး...” ဟု အော်ဟစ်ရင်း အနိုင်နိုင် တိုးဝင်နေရသည်။
“ကျွန်မတို့တောင် ရှေ့နားရောက်ချင်နေတာ။”
“ဟုတ်တယ်၊ နောက်ကျမှရောက်ရင် နောက်မှာပဲ နေပေါ့။”
ချန်ချင်းယွီ : “ခဏလောက် ခွင့်ပြုပါဦး...”
ချန်ချင်းယွီတွင် ခွန်အားရှိသော်လည်း အတင်းအကျပ် မတွန်းရဲပေ။
“ကျွန်မယောက္ခမက အထဲမှာမို့လို့ပါ၊ တစ်ခုခုဖြစ်မှာစိုးလို့ အထဲဝင်
ကြည့်ရမှာမို့ပါ”
သူမ စကားဆိုကာ သနားစဖွယ် လေသံဖြင့်
“ကျွန်မက အဒေါ်ကြီးကျောက်ရဲ့ ချွေးမပါ...”
ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းချက်ချင်းပင် ရှဲခနဲ လမ်းကို ချက်ချင်း ဖယ်ပေးလိုက်ကြသည်။
ချန်ချင်းယွီ “........................”
တိတ်ဆိတ်သွား၏… ဆွံ့အသွား၏… ယနေ့၏ တိတ်ဆိတ်မှုမှာ အတော်ပင် ရှည်လျားလှသည်…
အဘွားကြီးကျောက်၏ ဂုဏ်သတင်းမှာ ဤမျှအထိ အသုံးဝင်လှသလော့။
သိုင်းလောကတွင်ဆိုလျှင် သူမ၏ ယောက္ခမမှာ ထိပ်တန်းအဆင့်တွင် ရှိနေပုံရ၏။
တကယ်ကို အသုံးဝင်လှချည်လား…
ချန်ချင်းယွီသည် အထဲသို့ အမြန်တိုးဝင်သွားကာ သူတို့ခြံဝင်းမှ လူများ ဝန်းရံထားသည့် အဘွားကြီးကျောက်၏ အနားသို့ ကပ်သွားလိုက်သည်။
ချန်ချင်းယွီသည် ကလေးကို ပွေ့ချီကာ အနောက်တွင် ရိုရိုကျိုးကျိုးလေး ရှိနေ၏။ အမှန်ပင်… သူမသည် အားကိုးရာမဲ့သည့် မုဆိုးမလေးအဖြစ် ဟန်ဆောင်နေဆဲပင်…
သို့သော် ယခုတစ်ခေါက်တွင်မူ ချန်ချင်းယွီသည် အိမ်ထဲသို့ တိုက်ရိုက် လှမ်းကြည့်လိုက်သည်။ သူမသည် ပြတင်းပေါက်မှ အတင်းတိုးကြည့်ရန် မလိုတော့ပေ။ မနေ့က အဘွားကြီးကျောက် ရိုက်ခွဲထားသည့် ပြတင်းပေါက်မှန်များကြောင့် ယနေ့တွင် ပြတင်းပေါက်မှာ အဟောင်းသားဖြစ်နေပြီး အိမ်ထဲတွင် ဆူညံပွက်လောရိုက်နေသည်ကို အတိုင်းသား မြင်နေရ၏။
သုံးယောက်နှင့် နှစ်ယောက် သတ်ပွဲ…
ဝဝဖိုင့်ဖိုင့်နှင့် ရုပ်ဆိုးဆိုး အဘွားကြီးတစ်ဦးမှာ လီတာ့ရှန်းကို ဆွဲကိုင်ထားပြီး ကြိမ်းမောင်းနေသည်။
“နင့်လို ကောင်ယုတ်... နင်တို့မိသားစုကြောင့် ငါ့သားကြီး ဒုက္ခရောက်နေတာ... နင် အကောင်းပြောတုန်း နားထောင်ပြီး အပြစ်အားလုံးကို တာဝန်ယူလိုက်စမ်း၊ မဟုတ်ရင် နင် နောင်တရစေရမယ်... နင်က ဘာကောင်မို့လို့ ငါ့ကို ပြန်ပြောရဲတာလဲ... နင့်ကို အသေရိုက်သတ်ပစ်မယ်...”
“လွှတ်စမ်း... ဒီအရူးမ... ခင်များတို့မိသားစုက တကယ်ကို လွန်လွန်းတယ်... ကျုပ်က ဘာလို့ တာဝန်ယူရမှာလဲ... ခင်များတို့မိသားစုက ယုတ်မာတာလေ၊ ကျုပ်က ဘာလို့ ခင်များတို့ပြဿနာကို ခေါင်းခံပေးရမှာလဲ... ဘာလို့လဲ......”
“ဘာလို့လဲဆိုတော့ နင့်သမီးက ငါ့ချွေးမဖြစ်နေလို့ပဲ... ပြီးတော့ ငါ့သားက အရာရှိလေ... ငါ့သားက နင့်ကို အလုပ်ထုတ်ခိုင်းလို့ရတယ်ဆိုတာ နင် မယုံဘူးလား......”
ချဲယုံချန်းနှင့် သူ၏ဇနီးတို့သည် ဤနှုတ်သီးကောင်းလှသော၊ ဝဝဖိုင့်ဖိုင့်နှင့် မျက်နှာပြောင်လှသော အဘွားကြီးထံမှ အကျင့်ဆိုးများကို အမွေရခဲ့ပုံပေါ်သည်။ လီတာ့ရှန်းနှင့် ဇနီးကို မနှစ်မြို့သော ချန်ချင်းယွီပင်လျှင် ဤအဘွားကြီးကို မြင်ရသည်မှာ အတော်ပင် ရွံရှာမိ၏။
“နင့်ကို ငါပြောမယ်၊ အကောင်းပြောတုန်း နားထောင်စမ်း၊ မဟုတ်ရင် နင်တို့တစ်မိသားစုလုံး အရှက်ခွဲပစ်မယ်...”
“ထွက်သွားစမ်း... ကျုပ်အိမ်မှာ လာပြီး ဆူညံလုပ်ရအောင် ခင်များတို့က ဘာကောင်တွေလဲ... ကြည့်ကြပါဦး လူအပေါင်းတို့... ဒါ ချဲယုံဖုန်းနဲ့ ချဲယုံချန်းတို့ရဲ့ အမေလေ။ သူတို့က ကျွန်တော့်ကို အပြစ်အားလုံး ပုံချချင်နေတာ။ ကျွန်တော်က သဘောမတူတော့ အိမ်အထိလာပြီး သတ်ကြတာ... သူတို့မှာ လူစိတ်မရှိဘူး...”
လီတာ့ရှန်းမှာ ဒေါသပေါက်ကွဲနေသည်။
သူသည် ပုံမှန်အားဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာသူမဟုတ်ဘဲ သူတစ်ပါးစကားနောက် ပါလွယ်သူဖြစ်၏။ အကယ်၍ အစကတည်းက သူ့ကို ယုတ္တိရှိရှိ ဖျောင်းဖျခဲ့လျှင် သူ နားဝင်ကောင်း ဝင်နိုင်သော်လည်း ယခုမူ သူသည် ရူးသွပ်မတတ် ဒေါသထွက်နေရသဖြင့် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
“ခင်များသားနှစ်ယောက်က လင်းကျန့်ဝမ်ကို ဒုက္ခပေးဖို့ ကျုပ်ကို ခိုင်းတာလေ၊ အခု ပြဿနာဖြစ်တော့မှ ကျုပ်ဆီပဲ အကုန်ပုံချချင်နေကြတာလား... ကျုပ်က ငြင်းတော့ အိမ်အထိလာပြီး ရန်ရှာရသလား... ခင်များတို့က ဓားပြတွေ၊ လူမိုက်တွေနဲ့ ဘာထူးလို့လဲ...”
“လွှတ်စမ်း...”
“အာ့...”
“နင့်.... ငါ့ဆံပင်ကို မဆွဲနဲ့လေ...”
“ငါ့အမေကို လက်ပါရဲတယ်ပေါ့... ရော့... ဒါက မင်းအတွက်...”
“အို... ယောက္ခမကြီး... အမေ... ဘာလို့ ကျွန်မယောက္ခမကို ကုတ်နေရတာလဲ... အမေတို့ တကယ်ကို လွန်လွန်းတယ်...”
“နင်... လီရှောင်ယွီ... နင်လို ကျေးဇူးကန်းတဲ့အကောင်မ...”
အထဲတွင် ရှိနေသူများမှာ စကားဖြင့် အဆုံးအဖြတ် မပေးနိုင်တော့ဘဲ ဆံပင်ဆွဲ၊ ကိုယ်ထိလက်ရောက် သတ်ပုတ်ကြပြန်သည်။ ချဲယုံချန်းနှင့် သူ၏မိခင်တို့သည် ချဲယုံဖုန်းကို ကာကွယ်ရန်အတွက် ယုတ်မာကြခြင်းမှာ အကြောင်းရှိသည်ဟု ဆိုနိုင်သော်လည်း၊ မိဘများမှ ငယ်စဉ်ကတည်းက အလိုလိုက်ထားခဲ့သော လီရှောင်ယွီမှာမူ မိဘဘက်မှ မရပ်တည်ဘဲ ယောက္ခမနှင့် လင်ယောက်ျားဘက်မှ ပါဝင်နေခြင်းမှာ လူတိုင်းအတွက် အံ့ဩစရာ ဖြစ်နေ၏။
လူတိုင်းမှာ လုံးဝ ဇဝေဇဝါဖြစ်ကာ အကြီးအကျယ် စက်ဆုပ်ရွံရှာမိကြသည်။
မည်သည့်ခေတ်ကာလတွင်မဆို ဤကဲ့သို့ ကျေးဇူးမသိတတ်သူများကို လူအများမှာ အမြဲတစေ အထင်သေးတတ်ကြစမြဲပင်။
လီရှောင်ယွီမှာမူ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ
“အဖေ၊ ကျွန်မယောက္ခမ ပြောတာကိုပဲ သဘောတူလိုက်ပါတော့... ကျွန်မ ဘဝအဆင်ပြေတာကို အဖေ မမြင်ချင်ဘူးလား... ကျွန်မ အဆင်မပြေရင် အဖေ အိုလာတဲ့အခါ ဘယ်သူက ပြုစုမှာလဲ...”
“ဝိုး...”
လောကအကြောင်း သိသူရော၊ မသိသူပါ အားလုံး ဆွံ့အကုန်ကြ၏..
ဒါ ဘယ်လို သမီးမျိုးလဲ......
သောက်ကျိုးနည်းလှချည်လား.. မွေးကတည်းက အသေသတ်ခဲ့ရမှာ..
မှန်ပေသည်၊ လီတာ့ရှန်းမှာ အကြီးအကျယ် ဒေါသထွက်ကာ အသက်ပင် ပြင်းပြင်းရှူနေရပြီး အနီးရှိ ထိုင်ခုံကို ကောက်ကိုင်ကာ သမက်ဖြစ်သူ၏ ပခုံးပေါ်သို့ ရိုက်ချလိုက်၏။
“မင်းလို အကောင်... ငါ့သမီးလေးကို မင်းဆီ အိမ်ထောင်ချပေးမိတာ၊ မင်းက သူ့ကို ဒီလိုတွေ သင်ပေးထားတာလား... မင်းတို့ မိသားစုက မြွေဆိုးတွင်းလား......”
ဘေးမှ ကြည့်နေသူများမှာလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်မိကြသည်။
ချန်ချင်းယွီ “...”
၎င်းတို့မှာ မြွေဆိုးတွင်းလော၊ ကျားဂူလောဟူသည်ကိုမူ အတိအကျမသိနိုင်သော်လည်း ချဲယုံဖုန်းသည် ချမ်းသာကြွယ်ဝသော မိသားစုအတွင်းသို့ အိမ်ထောင်ပြုဝင်ရောက်နိုင်ခဲ့ပြီး အဘယ်ကြောင့် သူ၏မိသားစုမှာမူ ယခုထက်တိုင် အတည်တကျအလုပ်အကိုင် မရရှိသေးသနည်းဟူသော အချက်ကိုမူ ချန်ချင်းယွီ ရိပ်မိသွားခဲ့သည်။ ဤမိသားစုမှာ တစ်ပါးသူ ယုံကြည်အားကိုးရန်အတွက် အလွန်အမင်းပင် ဦးနှောက်နည်းလွန်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ဘုရားရေ.. လောကမှာ ဉာဏ်မကောင်းတာကို တွေ့ဖူးပေမဲ့ ဒီလောက်ထိ ဦးနှောက်မပါတာတော့ မတွေ့ဖူးဘူး…
ချန်ချင်းယွီသည် ပါတီအတွင်းရေးမှူးကျန်းနှင့် နှစ်ကြိမ်၊ သုံးကြိမ်မျှသာ ဆုံဖူးသော်လည်း ထိုလူမှာ ပါးနပ်သော မြေခွေးအိုကြီးတစ်ကောင် ဖြစ်ကြောင်း သိရှိရန် လုံလောက်ခဲ့၏။ မြေခွေးအိုကြီးတစ်ကောင်သည် မိမိကိုယ်မိမိ ဒုက္ခပေးမည့် မြေမြှုပ်မိုင်းတစ်ခုကို အဘယ်ကြောင့် အနီးအနားတွင် ထားရှိပါမည်နည်း။ ဤမိသားစုမှာမူ တကယ့်ကို အသိဉာဏ်ကင်းမဲ့လွန်းလှသည်။
ယခုကဲ့သို့ အရေးကြီးသော အချိန်အခါမျိုးတွင် ငြိမ်ငြိမ်သက်သက်မနေဘဲ ပြဿနာများ လိုက်လံရှာဖွေနေကြခြင်းမှာလည်း အဓိပ္ပာယ်မရှိပေ။
ထို့အပြင် “ဒါကို နင်ပဲ တာဝန်ယူလိုက်စမ်း...” ဟူသော စကားမျိုးကို အော်ဟစ်ပြောဆိုနေခြင်းမှာ အနည်းငယ်မျှသော အသိတရားရှိသူ မည်သူမဆို ပြုလုပ်မည့် အပြုအမူမျိုး မဟုတ်ပေ။ ထို့ကြောင့်လည်း အတွင်းရေးမှူးကျန်းသည် ဤခမည်းခမက်တော်စပ်သူများကို အဘယ်ကြောင့် အနည်းငယ်မျှပင် ထောက်ပံ့ကူညီခြင်း မရှိသနည်းဟူသည်ကို ချန်ချင်းယွီ အပြည့်အဝ နားလည်သွားတော့သည်။
ချန်ချင်းယွီသည် ဤမိသားစုကို စက်ဆုပ်ရွံရှာမိသကဲ့သို့ ထပ်ဆင့်ဝန်းရံကြည့်ရှုနေကြသော လူအုပ်ကြီးမှာလည်း ထိုနည်းအတိုင်းပင် ခံစားနေကြရ၏။
“ဒီချဲမိသားစုက တကယ်ကို မောက်မာရိုင်းစိုင်းလွန်းတယ်။ မကောင်းမှုတွေ လုပ်ထားပြီး သူများဆီ အပြစ်ပုံချချင်နေတာ၊ အရှက်မရှိလိုက်တာ...”
“ဟုတ်ပါပေ့ရှင်။ သူတို့ မောက်မာပုံကို ကြည့်ပါဦး။ မသိရင် ကမ္ဘာပေါ်မှာ သူတို့ပဲ အာဏာအရှိဆုံး မိသားစုကျနေတာပဲ။”
“လီတာ့ရှန်းကတော့ ကံဆိုးတာပဲ။ ဘယ်လို သမက်မျိုးက ဒီလိုမျိုး လုပ်ရက်ရတာလဲ။ သူတို့မိသားစုပဲ ရှိမယ်။ ကိုယ့်ယောက္ခမကိုတောင် ပြန်ရိုက်နေကြတယ်...”
“ယောက္ခမတွေကို ဒီလောက်တောင် လက်ပါရဲတာ၊ မိုးကြိုးပစ်မှာ မကြောက်ကြဘူးလား မသိဘူး။”
“ဘာကြောက်မှာလဲ။ ဟိုသမီးဖြစ်သူကို ကြည့်ဦး၊ ကိုယ့်မိဘကိုတောင် လုံးဝ ဂရုမစိုက်တော့တဲ့ဟာ။”
...
လူအုပ်ကြီး၏ ကဲ့ရဲ့ရှုတ်ချသံများသည် လီတာ့ရှန်းနှင့် ဇနီးဖြစ်သူတို့၏ နားထဲသို့လည်း တိုးဝင်လာခဲ့သည်။ လီတာ့ရှန်းမှာ အသက်ရှူပင် ပြင်းထန်နေသော်လည်း တစ်ဖက်တွင်မူ သတ္တိအချို့ကိုလည်း ရရှိလာပုံပေါ်၏။ ချဲယုံချန်းမှာ နှစ်ချက်၊ သုံးချက်မျှ အရိုက်ခံလိုက်ရသဖြင့် အော်ဟစ်ကာ
“မိန်းမ... နင်က ဘာလို့ ကြားကပဲ ဝင်ဖြန်ဖြေနေတာလဲ။ မြန်မြန်လာကူဦးလေ...”
လီရှောင်ယွီ : “ဒီလိုတွေ ဖြစ်နေစရာ မလိုပါဘူး။ ကျွန်မ မိဘတွေကို ပြန်ပြောပါ့မယ်။ အဖေ... ယုံချန်း ပြောတာကိုပဲ နားထောင်လိုက်ပါ...”
လီတာ့ရှန်း တစ်စုံတစ်ခု မပြောမီမှာပင် ချဲယုံချန်း လီရှောင်ယွီအား ပါးတစ်ချက် ပြင်းပြင်းရိုက်လိုက်ပြီး ဟောက်လိုက်၏။
“နင်က ပြန်ပြောရဲသေးတယ်ပေါ့...”
“ငါ့သမီး...”
လီတာ့ရှန်း အော်ဟစ်လိုက်ကာ
“မင်းက ငါ့သမီးကို ရိုက်တယ်ပေါ့၊ ခွေးကောင် ငါ မင်းကို အသေသတ်မယ်...”
လီတာ့ရှန်းသည် ဒေါသများ ပြန်လည်ပေါက်ကွဲလာပြီး ချဲယုံချန်းကို ကုတင်စွန်းတွင် ဖိထားကာ လက်သီးဖြင့် တရစပ် ထိုးနှက်တော့သည်။
“အဖေ... ဖယ်စမ်း... ယုံချန်း မရိုက်နဲ့...”
လီရှောင်ယွီသည် စူးစူးဝါးဝါး အော်ဟစ်ရင်း ရှေ့သို့ပြေးတက်ကာ လီတာ့ရှန်းကို တွန်းထုတ်လိုက်သည်။ လီတာ့ရှန်းမှာ ကြမ်းပြင်ပေါ်သို့ ‘ဘုတ်’ ခနဲ လဲကျသွားရကာ မိမိကို တွန်းထုတ်လိုက်သူမှာ မိမိ၏ သမီးအရင်းဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ သူသည် လီရှောင်ယွီကိုကြောင်တောင်တောင်ကြီး ငေးကြည့်နေမိ၏။
လီရှောင်ယွီ သူ့အား နာကျည်းချက်အပြည့်ဖြင့် ဆူပူလိုက်ကြိမ်းမောင်းကာ
“အဖေက ဘာလုပ်နေတာလဲ... ဘာလို့ ကျွန်မယောကျ်ားကို ရိုက်တာလဲ... အဖေက တကယ်ကို ရိုင်းစိုင်းတာပဲ...”
လီတာ့ရှန်း၏ မျက်လုံးများမှာ မျက်တွင်းမှ ထွက်လာတော့မည့်အလား ပြူးကျယ်သွားရလေသည်။
ဘေးမှ ကြည့်နေသူများမှာမူ ဆွံ့အကုန်ကြ၏။ တီးတိုးစကားသံများပင် ပျောက်ကွယ်သွားပြီး အားလုံးမှာ ကြောင်တောင်တောင် ဆွံ့အသွားကြသည်။ ဤမြင်ကွင်းမှာ တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။ လူအများစုမှာ အသက်အရွယ်ကြီးရင့်ကြပြီး ဘဝအချိုးအကွေ့များစွာ ဖြတ်သန်းဖူးဖကြသော်လည်း ဤကဲ့သို့သော အဖြစ်မျိုးကို တစ်ခါမျှ မကြုံဖူးကြပေ။
“အို... ယောကျ်ား...”
အဒေါ်ကြီးလီသည် စူးစူးဝါးဝါး အော်ဟစ်ကာ သူမ၏ ခမည်းခမက်များကို တွန်းဖယ်၍ လီတာ့ရှန်းအနားသို့ ပြေးသွားလေသည်။
“ယောကျ်ား... ဘယ်လိုနေသေးလဲ...”
လတ်တလော ဖြစ်ပျက်သမျှတို့သည် သူမအား အစွမ်းကုန် ဒေါသထွက်စေခဲ့၏။ သူမသည် မီးဖိုချောင်ထဲသို့ အတင်းဝင်သွားပြီး သားလှီးဓားတစ်လက်ကို ဆွဲထုတ်လာကာ အော်ဟစ်လိုက်လေသည်။
“ငါ နင်တို့အားလုံးကို သတ်မယ်... နင်တို့တစ်မိသားစုလုံးကို သတ်ပစ်မယ်...”
“အမေ...”
လီရှောင်ယွီ တားဆီးရန် ခေါ်လိုက်၏။
“ပါးစပ်ပိတ်စမ်း... နင်လို ကျေးဇူးကန်းတဲ့ကောင်မ... ငါက နင့်အမေ မဟုတ်ဘူး... နင့်ရန်သူပဲ... နင်က တကယ့်ကို နှလုံးသားမရှိတဲ့သူပဲ။ ငါတို့ကို ဒီလိုလုပ်တဲ့အတွက် နင် ဝဋ်လည်စေရမယ်...”
သူမသည် လက်ကိုမြှောက်ကာ သူမ၏ ခမည်းခမက်များကို ဓားဖြင့် လိုက်လံခုတ်လေသည်။
“နင့်လို ဝက်အိုကြီး... ငါ့သမီး ဒီလိုဖြစ်ရတာ နင့်ကြောင့်ပဲ။ အခုထိတောင် လာပြီး ပြဿနာရှာချင်သေးတယ်ပေါ့။ ငါ နင့်ကို သတ်မယ်...”
“အား...”
အဘွားကြီးချဲမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး အမြန်ပင် ထွက်ပြေးတော့သည်။
“အမေ... ဟိုဟိုဒီဒီ လျှောက်မပြေးနဲ့လေ...”
“ဘုရားရေ... အဲဒီဓားကြီးကို ချလိုက်ပါဦး...”
“နင့်လို ဝက်မကြီး၊ ငါ့အနား မလာနဲ့... လမ်းဖယ်စမ်း...”
...
လူတိုင်းသည် သားလှီးဓားဖြင့် မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ဝိုင်းဝန်းရှောင်တိမ်းကြရာ လူအုပ်ကြီးမှာ တိုးဝှေ့ပိတ်ဆို့ပြီး လူနင်းမိတော့မည့်အလား ဖြစ်နေ၏။ ချန်ချင်းယွီမှာမူ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ နံရံတွင် ချိတ်ထားသော အမှိုက်ဂေါ်ပြားကို လှမ်းယူကာ ဓားရှိရာသို့ ပစ်ပေါက်လိုက်လေသည်။
“အမယ်လေး… ကျွန်မမှားပစ်မိတာ ကွတ်တိကျသွားပါလား”
ချန်ချင်းယွီ အော်ဟစ်လိုက်၏။
သားလှီးဓားမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရာ …
“အဲဒါကို ဝေးဝေးကန်ထုတ်
လိုက်ကြ...”
နောက်ဆုံးတွင် ပါးနပ်သောလူအချို့ အနားသို့ကပ်ကာ ထိုအန္တရာယ်ရှိသော ဓားကို ဝေးရာသို့ ကန်ထုတ်လိုက်ကြ၏။
“အဟက်... နင်က ငါ့ကိုတောင် ခုတ်ချင်သေးတယ်ပေါ့။ နင့်ကို အသေသတ်ပစ်မယ်...”
ဓားပြုတ်ကျသွားသည်ကို မြင်သည်နှင့် အဘွားကြီးချဲ အော်ဟစ်ကာ ရှေ့သို့ အတင်းတိုးထွက်လာသည်။
ထိုစဉ် ချန်ချင်းယွီ၏ ခြေထောက်မှာ ချော်သွားသလိုဖြင့် ကျောက်ခဲလေးတစ်လုံး လွင့်ထွက်သွား၏။ အဘွားကြီးချဲသည် သူမ၏ ခမည်းခမက်များအပေါ်သို့ ခုန်အုပ်ရန် ပြင်လိုက်စဉ်မှာပင် ခြေကျင်းဝတ်၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ချော်လဲသွားလေသည်။ အဒေါ်ကြီးလီမှာ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် ရှေ့သို့ တိုးဝင်ကာ…
“ငါ့ကို ရိုက်တဲ့အတွက် သင်ခန်းစာပေးရမယ်... နင်တို့ကို ငါ ရိုက်ဦးမှာ... နတ်ဘုရားတွေတောင် ဒါကို ကြည့်နေမှာ မဟုတ်ဘူး။ နင်တို့ကို အသေသတ်မယ်...”
သူမ အော်ရင်း တရစပ် ကုတ်ဖဲ့လေတော့၏။
“အား... နင်တို့ မျက်စိမပါဘူးလား... ကယ်ကြပါဦး...”
“အမေ... ကျွန်တော် လာပြီ...”
ချဲယုံချန်းနှင့် ဇနီးဖြစ်သူမှာ ပြေးထွက်လာပြီး အဒေါ်ကြီးလီကို ဘေးသို့ တွန်းဖယ်လိုက်ကြရာ…
‘ဘုန်း...’
တုတ်တစ်ချောင်းမှာ ချဲယုံချန်း၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဒလိမ့်တုံးကို ကိုင်စွဲထားသော လီတာ့ရှန်းမှာ ဟိန်းဟောက်ကာ
“မင်းတို့ကို ငါ ရိုက်သတ်မယ်... ငါ့မိန်းမကို လက်ပါရဲတယ်ပေါ့...”
“အဖေ... အဖေ ရူးနေတာလား...”
လီရှောင်ယွီ စူးစူးဝါးဝါး အော်ဟစ်လေသည်။ လီတာ့ရှန်းပြန်လည်တုံ့ပြန်သည့်အနေဖြင့် သူမကိုပါ ပါးပိတ်ရိုက်လိုက်ပြီး
“နင်လို ကျေးဇူးကန်းတဲ့သမီ.. ငါ့ကို အဖေလို့ မခေါ်နဲ့... ငါ့မိန်းမကို အနိုင်ကျင့်တဲ့သူ ဘယ်သူ့ကိုမဆို ငါ သတ်ပစ်မှာပဲ...”
သမီးဆိုသည်မှာ အားကိုးမရနိုင်သော်လည်း ဇနီးသည်ဆိုသည်မှာ တစ်သက်လုံး အားထားလာခဲ့ရသူ ဖြစ်သည် မဟုတ်လော့…
“အား...”
ရုတ်တရက် အဘွားကြီးချဲမှာ တစ်စုံတစ်ယောက် သူမကို နင်းမိသွားသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်၏။
“နင်တို့ မျက်စိမပါဘူးလား... နင်တို့လို ဆင်းရဲသား ငစနူတွေ... နေနှင့်ဦးပေါ့၊ ငါ မှတ်ထားမယ်။ နင်တို့အားလုံးကို ငါ့သားက အလုပ်ထုတ်ခိုင်းစေရမယ်၊ အကုန်ထုတ်ခိုင်းမယ်...”
အဘွားကြီးချဲမှာ အော်ဟစ်ဆဲဆိုနေဆဲမှာပင် တစ်စုံတစ်ယောက်သည် ရှေ့သို့ အတင်းတိုးဝင်လာပြီး လူအချို့ကို တွန်းလှဲလိုက်ရာ…
“အား...”
ယခုတစ်ခေါက်တွင် အဘွားကြီးချဲသာမက ချဲယုံချန်းနှင့် လီရှောင်ယွီတို့ပါ မှောက်လျက်လဲကျကုန်ကြသည်။ လူအုပ်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
ထိုလူများမှာ အကြိမ်ကြိမ် ကန်ကျောက်ခံလိုက်ရပြီး ချန်ချင်းယွီ၏ စူးရှသောမျက်လုံးများမှ လူအချို့သည် ထိုသူများကို တမင်တကာ ကန်နေကြခြင်းဖြစ်ကြောင်း မြင်လိုက်ရလေသည်။
လီတာ့ရှန်းမှာလည်း လူကောင်းတစ်ယောက်မဟုတ်သည့်တိုင် ချဲမိသားစုမှ ထိုသုံးဦးမှာ သိသိသာသာ ပို၍ စက်ဆုပ်ဖွယ်ကောင်းနေသဖြင့် လူတိုင်း ညှာတာမှုမရှိဘဲ လက်စားချေနေကြခြင်း ဖြစ်၏။
ချန်ချင်းယွီသည် ရှေ့သို့ တိုးမသွားဘဲ ကလေးနှစ်ယောက်ကို ပွေ့ချီကာ နောက်သို့သာ ဆုတ်နေရင်း လှမ်းအော်နေလေသည်။
“အမေရေ... ဘုရားရေ... သတိထားပါဦး၊ လဲမကျစေနဲ့နော်...”
ထိုသို့ပြောရင်း ချန်ချင်းယွီသည် ခြေချော်သလို ဟန်ဆောင်ကာ ကျောက်ခဲလေးတစ်လုံးကို ကန်ထုတ်လိုက်၍ ချန်ယုံချန်းထံ တည့်တည့်မှန်သွားလေ၏။
နောက်ကွယ်ကနေပြီး လင်းကျန့်ဝမ်ကို အနိုင်ကျင့်ခိုင်းတယ်ပေါ့… နင်လိုကောင်… မှတ်ထား…
ချန်ချင်းယွီသည် ဤအတိုင်း လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
ချန်ချင်းယွီ၏ လှုပ်ရှားမှုမှာ လူအုပ်ကြီးရှိနေသဖြင့် မည်သူမျှ သတိမထားမိနိုင်ပေ။ သူမသည် နောက်သို့ ဆုတ်နေရင်း ကျောက်ခဲလေး အတော်များများကို ကန်ထုတ်လိုက်ရာ သူမ၏ အားကြောင့် ချဲယုံချန်းနှင့် လီရှောင်ယွီတို့မှာ နာကျင်လွန်းသဖြင့် အော်ညည်းနေရ၏။
“ဘယ်ကောင်က ငါ့ကို ခဲနဲ့ပစ်နေတာလဲ...”
ချဲယုံချန်း အော်ဟစ်လိုက်လေသည်။
အဘွားကြီးကျောက်မှာ ချက်ချင်းပင် နားလည်သွား၏။ ဤကဲ့သို့ ပါးနပ်သော နှောင့်ယှက်မှုမျိုးမှာ များသောအားဖြင့် သူမ၏ ချွေးမလက်ချက်သာ ဖြစ်တတ်သည်။
အဘွားကြီးကျောက်သည် သူမ၏ ချွေးမကို လှမ်းကြည့်လိုက်ရာ သူမ ထင်သည့်အတိုင်းပင် ဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့၏။ သို့သော်လည်း အဘွားကြီးကျောက်သည် မည်သူ့ကိုမျှ သံသယမဝင်စေရန်အတွက် အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်သည်။
“ချွေးမ... ကလေးချီထားတာကို ရှေ့ကို အတင်းမတိုးနဲ့လေ၊ ကလေးတွေ လဲကျသွားဦးမယ်...”
ချန်ချင်းယွီ : “ဟုတ်ကဲ့ပါ အမေ၊ ကျွန်မ အပြင်ကို ထွက်ဖို့ ကြိုးစားနေတာပါ”
အဘွားကြီးကျောက် သတိပေးပြီးနောက် ချန်ချင်းယွီသည် ရှေ့သို့ မတိုးတော့ဘဲ အတော်ဝေးဝေးသို့ ဆုတ်ခွာသွားလေသည်။ သူမအနားရှိ ကျောက်ခဲလေးများကိုမူ တစ်လုံးမကျန် ကန်ထုတ်ပစ်လိုက်ရာ ၎င်းမှာ အတော်ပင် ထိရောက်လှ၏။
“အား... အား...”
“ဘုရား... ဘုရား...”
“ကယ်ကြပါဦး...”
မြင်ကွင်းမှာ အတော်ပင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ လီတာ့ရှန်းနှင့် ဇနီးဖြစ်သူမှာ အခွင့်ကောင်းယူကာ သူတို့၏ ခမည်းခမက်များနှင့် အသုံးမကျသော သမက်ဖြစ်သူကို လက်စားချေ ရိုက်နှက်နေကြတော့သည်။ သမီးဖြစ်သူကိုမူ လက်ဖျားနှင့်ပင် မတို့သော်လည်း လီရှောင်ယွီမှာမူ ရူးသွပ်နေသော အမျိုးသမီးတစ်ဦးကဲ့သို့ ချဲယုံချန်းကို ကာကွယ်ရန်အတွက် အတင်းတိုးဝင်နေလေ၏။
မြင်ကွင်းတစ်ခုလုံးမှာ လုံးဝ ပရမ်းပတာ ဖြစ်နေတော့သည်။
“ဘာတွေ လုပ်နေကြတာလဲ...”
ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။
ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ …
ဒါ ဘယ်သူပါလိမ့်...
ဩော်... ချဲယုံဖုန်း ကိုး...
ချန်ချင်းယွီ ခဏမျှ ကြောင်သွားပြီးမှ မျက်မှောင်ကြုတ်လိုက်မိသည်။ ချဲယုံဖုန်းသည် တစ်ယောက်တည်း ရောက်လာခြင်းမဟုတ်ဘဲ လုံခြုံရေးဌာနမှ ခေါင်းဆောင်ဝမ် အပါအဝင် လုံခြုံရေးဝန်ထမ်းအချို့နှင့်အတူ ရောက်လာခြင်းဖြစ်၏။ ခေါင်းဆောင်ဝမ်မှာလည်း အခြေအနေကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေသည်။
ပြဿနာတွေက ဘယ်လိုလုပ် နောက်တစ်ကြိမ် ထပ်ကြီးထွားလာရပြန်တာလဲ…
သူ တကယ်ကို နားမလည်နိုင်တော့ဘူး…
နေပါဦး... တစ်ခါသတ်ပြီးပြီကို အခု ဒုတိယအကြိမ် ထပ်သတ်နေကြတာလား…
ဒါက အစုလိုက်အပြုံလိုက် ရန်ပွဲ ဖြစ်သွားပြီလား…
ချဲယုံဖုန်း : “ဘာတွေ လုပ်နေကြတာလဲ... အမေ...”
သူသည် အသည်းအသန် အော်ဟစ်ရင်း အထဲသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း တစ်လှမ်းမျှသာ လှမ်းရသေးသည်…
‘ဘုန်း...’
သူသည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် မှောက်လျက်လဲကျသွားတော့၏။
“ဟာ... သေပြီ”
“အမလေး... တကယ်ကို နာနာကျင်ကျင် လဲကျသွားတာပဲ။”
“မျောက်တစ်ကောင် လဲကျတာနဲ့တောင် တူသေးတယ်။”
“အသံလျှော့စမ်းပါ၊ ဒါက အလုပ်ရုံညွှန်ကြားရေးမှူးလေ၊ နင့်ရွာက ဘယ်သူမှန်းမသိတဲ့ လူမဟုတ်ဘူး။ သူ့ကို သွားမစနဲ့ဦး၊ လူမှားပြီး ရန်သွားမလုပ်နဲ့ဦးလေ။”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး။”
ခေါင်းဆောင်ဝမ် သူ့ကို အမြန်ပင် တွဲထူလိုက်ပြီး
“ညွှန်ကြားရေးမှူးချဲ အဆင်ပြေရဲ့လား...”
ချဲယုံဖုန်းမှာ နာကျင်လွန်းသဖြင့် မျက်နှာပျက်သွားရသည်၊ သူသည် တကယ်ပင် အရှိန်ဖြင့် လဲကျသွားခြင်း ဖြစ်၏။
ချဲယုံဖုန်း : “ကျွန်တော့်အမေ...”
ခေါင်းဆောင်ဝမ် : “အားလုံး စိတ်အေးအေးထားကြ၊ လမ်းဖယ်ပေးကြပါ၊ ရန်မဖြစ်ကြနဲ့တော့... နေ့ခင်းကြောင်တောင်ကြီး ဘာတွေလုပ်နေကြတာလဲ... ဘာလို့ နောက်တစ်ခါ ထပ်ရန်ဖြစ်နေကြတာလဲ... ဘာတွေဖြစ်နေကြတာလဲ...”
ထိုစဉ် အဘွားကြီးကျောက်မှာ ရှေ့သို့ တိုးထွက်လာပြီး
“ခေါင်းဆောင်ဝမ်... ကျွန်မပါ၊ ကျောက်တာ့ရာ...”
ခေါင်းဆောင်ဝမ် - “...”
ခင်များ နေရာတကာမှာပါလား…
အဘွားကြီးကျောက် : “ကျွန်မက ဒီရန်ပွဲမှာ မပါဘူးနော်၊ သတင်းကြားလို့ လာကြည့်တာ... ဘာဖြစ်တယ်ဆိုတာ ကျွန်မ အကုန်သိတယ်... ကျွန်မပြောတာ နားထောင်ဦး...”
“ကျွန်မလည်း သိတယ်၊ ကျွန်မက အဒေါ်ကြီးကျောက်ထက်တောင် အရင်ရောက်တာ၊ ကျွန်မပြောတာ နားထောင်ကြဦး။”
“ကျွန်မက အစကတည်းက ဒီမှာရှိနေတာ၊ ကျွန်မ အသိဆုံးပဲ...”
လူတိုင်း အပြိုင်အဆိုင် အော်ဟစ် ငြင်းခုံနေကြတော့သည်။
ခေါင်းဆောင်ဝမ်သည် နားထင်ကို ပွတ်သပ်ရင်း ရုတ်တရက် ခေါင်းထဲသို့ အပူရှိန်များ တက်လာသလို ခံစားလိုက်ရသည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ …
ဘုရားရေ... ကလေးတွေကိုယ်စီ ချီပြီး ပွဲကြည့်နေကြသူတွေတောင်ပါသေး…
ခေါင်းဆောင်ဝမ် - “...”
ဒါတွေက ဘယ်လိုလူတွေလဲ......
“အားလုံး တိတ်တိတ်နေကြ၊ တစ်ယောက်ချင်းစီ ပြော။ အဒေါ်ကြီးကျောက်၊ အရင်ပြောစမ်းပါဦး”
အဘွားကြီးကျောက်ပတ်ဝန်းကျင်ကို ဝင့်ကြွားစွာ ဝေ့ကြည့်လိုက်ပြီး
“ဒီ... ဒီဝက်မကြီးနဲ့ သူ့သား၊ ချွေးမတို့က လီတာ့ရှန်းတို့အိမ်ကို လာပြီး သူတို့ကို ရိုက်နှက်ကြတာလေ။ ကျွန်မသားကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တဲ့ အပြစ်တွေအားလုံးကို သူတို့က ခေါင်းခံခိုင်းနေကြတာ။ အဲဒီလိုလုပ်မှ ဒီလူ...ချဲယုံဖုန်းရဲ့ အလုပ်ကို မထိခိုက်မှာမို့လို့တဲ့။ လီတာ့ရှန်းတို့က ငြင်းတော့ သူတို့က အရင်စပြီး သတ်ကြတာ... ကျွန်မတို့ကတော့ ပွဲလာကြည့်ရုံပါပဲ။”
ခေါင်းဆောင်ဝမ် - “...”
သေစမ်း… သောက်ကျိုးနည်း..
ချဲယုံဖုန်း၏ မျက်နှာမှာ ပျက်သွားကာ
“ကျွန်တော့်အမေနဲ့ ညီက အဲဒီလိုလူမျိုးတွေ မဟုတ်ပါဘူး”
“သူတို့က မဟုတ်ဘူးဆိုရင် နင်ကလား... ကျွန်မတို့ လူအများကြီး ကြားလိုက်ရတယ်၊ မြင်လိုက်ရတယ်၊ ဒါတောင် နင်က မျက်နှာပြောင်တိုက်ပြီး လိမ်နေသေးတာလား။ နင်ကတော့ တကယ့်ကို လူထူးလူဆန်းပဲ။ ဘယ်သူမှ နင်ကို မမှီဘူး...”
အဘွားကြီးကျောက် ဆက်၍
“ခေါင်းဆောင်ဝမ်၊ ကျွန်မနဲ့ ဒီလူနဲ့ ဘာမှမဆိုင်ဘူးနော်။ ကျွန်မက အရှိကို အရှိအတိုင်း ပြောပြတာ၊ ဘေးကလူတွေကိုသာ မေးကြည့်လိုက်၊ အားလုံး မြင်လိုက် ကြားလိုက်ရတာချည်းပဲ”
ပွဲကြည့်ပရိသတ်မှာ တကယ်ပင် မနည်းလှပေ၊ အလုပ်မသွားသော လမ်းအသွယ်သွယ်မှ လူပေါင်းစုံ စုရုံးရောက်ရှိနေကြကာ
လူတိုင်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြ၏။
“ဟုတ်တယ်၊ အဲဒီအတိုင်းပဲ။”
“အဒေါ်ကြီးကျောက် ပြောတာ တစ်လုံးမှ မမှားဘူး။”
“ညွှန်ကြားရေးမှူးချဲ ရှင့်ညီနဲ့ အမေက တကယ်ကို အရှက်မရှိတာပဲ။ လူတွေကို ဒီလိုမျိုး အနိုင်ကျင့်ရသလား။”
“ဟုတ်တယ်၊ လီတာ့ရှန်းတို့ ဇနီးမောင်နှံကို သူတို့ ဘာတွေလုပ်ထားလဲ ကြည့်ဦး။”
“အတိအကျပဲ...”
အဘွားကြီးချဲ ဒေါသတကြီး ဟောက်လိုက်ကာ
“နင်တို့လို အကောင်ယုတ်တွေ၊ ပါးစပ်ပိတ်ထားစမ်း... ငါ့ကို ဒီလိုပြောရအောင် နင်တို့က ဘာကောင်တွေလဲ... နင်တို့မှာ သားသမီးတွေရော ရှိကြရဲ့လား......”
“ဒီအဖွားကြီး... နင်ပဲ ဆွေပြတ်မျိုးပြတ် သေမှာ...”
“ဟုတ်တယ်၊ သားနှစ်ယောက်ရှိပြီး မြေးတစ်ယောက်မှ မရှိတာ၊ နင် မကောင်းမှုတွေ အရမ်းလုပ်ထားလို့ပဲ ဖြစ်မယ်၊ နင်ပဲ ဆွေပြတ်မျိုးပြတ် သေရမှာ...”
လူတိုင်း ချဲယုံဖုန်းကို မစော်ကားရဲကြသော်လည်း သူ၏မိခင်ကိုမူ ဘာကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်လည်တုံ့ပြန်နေကြသည်။
“ကဲ... အားလုံး တိတ်ကြစမ်း...”
ခေါင်းဆောင်ဝမ်မှာ အတော်ပင် နုံးချိသွားရသည်။ စက်ရုံတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ဟု ကြားသောအခါ သူ နားကြားမှားသည်ဟု ထင်ခဲ့သော်လည်း ဤလူများသည် တကယ့်ကို ပြဿနာရှာတတ်သူများ ဖြစ်နေကြ၏။
သူသည် ချဲယုံဖုန်းကို ခေါင်းခဲစွာဖြင့် ကြည့်လိုက်မိသည်။ အကယ်၍ ချဲယုံဖုန်းသာ တစ်နေ့တွင် ဒုက္ခရောက်ခဲ့လျှင် ၎င်းမှာ သူ၏မိခင်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ တကယ်ပင် ပုံကြီးချဲ့ပြောခြင်း မဟုတ်ဘဲ အခြေအနေမှာ အလွန်ပင် ဆိုးဝါးလှ၏။
ဘုရား…ဘုရား.. တကယ်ကို ဝက်လို အသင်းဖော်တွေပါလား..
သို့သော် ချဲယုံဖုန်းကိုယ်တိုင်မှာလည်း လူကောင်းတစ်ယောက်တော့ မဟုတ်ပေ။
အကယ်၍ သူသာ လူကောင်းဖြစ်လျှင် သူ၏မိသားစုမှာ ဤကဲ့သို့ ပြုမူပါမည် မဟုတ်ပေ။
“ပြဿနာဖြစ်တဲ့သူတွေ အားလုံး စက်ရုံကို လိုက်ခဲ့ကြ... ဩော်... ခင်များတို့က ကျွန်တော်တို့စက်ရုံက မဟုတ်ဘူးပဲ။ တစ်ယောက်ယောက် ရဲစခန်းကိုသွားပြီး ရဲခေါ်ပေးလို့ ရမလား... အားလုံးပေါင်းပြီး ဖြေရှင်းကြတာပေါ့။”
“ကျွန်မ သွားမယ်။”
“ကျွန်မလည်း လိုက်မယ်။”
ချဲယုံဖုန်း၏ မျက်နှာမှာ မည်းမှောင်နေတော့သည်။
“ဘာပဲဖြစ်ဖြစ် သူတို့ကို ဒီလိုမျိုး အုပ်စုဖွဲ့ အရိုက်ခံရအောင်တော့ မလုပ်သင့်ဘူး။ ခင်များတို့က ကျွန်တော်တို့ကို ဝိုင်းပြီး...”
လီတာ့ရှန်း : “ဝိုင်းရိုက်တာ မဟုတ်ဘူး။ ခင်များအမေရယ်၊ ချဲယုံချန်းရယ် လီရှောင်ယွီရယ်... သူတို့ သုံးယောက်က ကျုပ်တို့ နှစ်ယောက်ကို အနိုင်ကျင့်တာပါ။ တခြားလူတွေက ပွဲကြည့်နေရုံတင်၊ ကျုပ်ကို ကူတောင်မကူကြဘူး...”
သူသည် သူ၏ သမီးနှင့် သမက်ကိုပင် နာမ်စားမသုံးတော့ဘဲ အမည်များကို တိုက်ရိုက်ပြောပစ်လိုက်၏။
“လူအများကြီး ကြည့်နေတာဆိုတော့ တိုးဝှေ့မိတာတော့ ရှိမှာပေါ့။”
“ဟုတ်တယ်၊ ညွှန်ကြားရေးမှူးချဲ ရှင့်အမေက ရှင် ညွှန်ကြားရေးမှူးဖြစ်တာကို အားကိုးပြီး ကျွန်မတို့အားလုံးကို အလုပ်ထုတ်ပစ်မယ်လို့ ပြောခဲ့တာ။”
“ဟုတ်တယ်၊ သူ အဲဒီလို ပြောခဲ့တယ်...”
“ရှင့်အမေက လီတာ့ရှန်းကို အပြစ်ခံယူရမယ်လို့တောင် အော်ခဲ့သေးတယ်။”
“ဟုတ်တယ်၊ အဲဒါလည်း ပြောခဲ့တယ်။”
လူတိုင်း ပို၍ ပွဲစည်စေရန် တစ်ယောက်တစ်ပေါက် ဝင်ပြောနေကြ၏။
ထိုစဉ် အဘွားကြီးကျောက်မှာ ခေါင်းဆောင်ဝမ်ကို ကြည့်ကာ
“ခေါင်းဆောင်ဝမ်၊ ဒီကိစ္စက ကျွန်မတို့ မိသားစုနဲ့ သက်ဆိုင်နေတယ်နော်... စက်ရုံက ကျွန်မဘက်ကနေ ရပ်တည်ပေးရမယ်... ကျွန်မက အဘွားကြီးတစ်ယောက်ပါ၊ ဘဝက အရမ်းခက်ခဲလွန်းလို့ပါ...”
အဘွားကြီးကျောက် ချက်ချင်းပင် ငိုချလိုက်လေသည်…
“အဘွား...”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း ငိုတော့မည့်အလား လိုက်လံခေါ်ဆိုနေကြသည်။
ခေါင်းဆောင်ဝမ် - “...”
အမယ်လေး… ငါသွေးတက်… ခေါင်းကိုက်နေပြီ..
သူ လေးလေးနက်နက်ဖြင့် ကတိပေးလိုက်ရပြန်၏။
“အဒေါ်ကြီးကျောက်၊ စိတ်မပူပါနဲ့၊ လူကြီးတွေက ဒါကို သေချာဖြေရှင်းပေးမှာပါ။ အဒေါ်ကြီးကျောက် စိတ်ပျက်ရမှာ မဟုတ်ပါဘူး”
ငါ့ဘဝက နေ့တိုင်း အဘွားကြီးကျောက်ကို ကတိတွေပေးနေရပါလား…
ဒါကြီးက ဘယ်လို အခြေအနေကြီးလဲ..
ဟူး… စိုးရိမ်စရာပဲ… စိုးရိမ်စရာပဲ.. စက်ရုံကမြန်မြန် ဆုံးဖြတ်မှဖြစ်မယ်… မဟုတ်ရင် ငါတော့ ကိုယ်ကျိုးနည်းတော့မယ်…
အခန်း ၈၂။ သတိပေးခြင်း
လူအုပ်ကြီးမှာ တခမ်းတနား ကြီးကျယ်လှပေသည်။
ဟုတ်သည်၊ နောက်ထပ် လူအုပ်ကြီးတစ်ခုပင် ဖြစ်၏။
ထိုလူတို့သည် နေ့စဉ်နှင့်အမျှ ပြဿနာဖန်တီးနေကြသည်ခြင်း သို့မဟုတ် ပြဿနာရှာဖွေရာ လမ်းထက်သို့ အမြဲတစေ ရောက်နေငည်ဟုပင် ထင်မှတ်ရပေသည်။
လုံခြုံရေးခေါင်းဆောင်ဝမ်သည် မိမိကိုယ်မိမိ လုံခြုံရေးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ရသည်မှာ အမှန်တကယ်ပင် ခေါင်းခဲစရာဖြစ်သည်ဟု ခံစားနေရ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ ဖြေရှင်းပေးရန် လိုအပ်သဖြင့် လူစုကို ပြန်လည်ခေါ်ဆောင်ခဲ့၍
လုံခြုံရေးဌာနသို့ ဦးတည်လိုက်ကြသည်။
ချဲယုံဖုန်း၏ မိခင်နှင့် ညီဖြစ်သူ ဇနီးမောင်နှံတို့မှာ စက်ရုံဝန်ထမ်းများ မဟုတ်ကြသော်လည်း ချဲယုံဖုန်းနှင့် လီတာ့ရှန်းတို့မှာ စက်ရုံမှဖြစ်သကဲ့သို့၊ ဤဖြစ်ရပ်မှာလည်း စက်ရုံဝန်ထမ်းများကြောင့် အစပြုခဲ့ခြင်းဖြစ်သဖြင့် စက်ရုံကပင် ကိုင်တွယ်ဖြေရှင်းရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
မူလ၌ ခေါင်းဆောင်ဝမ်သည် ရဲစခန်းသို့ အကြောင်းကြားခဲ့သော်လည်း ရဲတပ်ဖွဲ့သည် ဤကိစ္စမှာ ယခင်ဖြစ်ရပ်၏ နောက်ဆက်တွဲဖြစ်ကြောင်း သိရှိသွားသဖြင့် အငြင်းအခုန်မပြုတော့ဘဲ စက်ရုံသို့သာ အလုံးစုံ လွှဲအပ်လိုက်လေသည်။ ချဲယုံဖုန်း၏ မိခင်တို့မှာ စက်ရုံနှင့် မသက်ဆိုင်သူများ ဖြစ်ကြသော်လည်း စက်ရုံမှ ဖြေရှင်းပြီးစီးပါက ရဲစခန်းနှင့် ရပ်ကွက်ရုံးတို့ထံ ဆက်လက်အကြောင်းကြားနိုင်ပေသည်။
လူအားလုံး ရလဒ်တစ်ခုကိုသာ စောင့်မျှော်နေကြ၏။
ခေါင်းဆောင်ဝမ်၏ မျက်နှာထက်တွင် ဆဲရေးလိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
သောက်ကျိုးနည်း အရှုပ်ထုပ်ကြီးက ငါ့အပေါ် ကျလာပြန်ပြီ…
စက်ရုံအတွင်းရှိ လုံခြုံရေးဌာနအနေဖြင့် မဖြေရှင်းချင်ဆုံးသော ကိစ္စရပ်များမှာ ဤသို့သော ဖြစ်ရပ်မျိုးပင် ဖြစ်သည်။ တစ်ဖက်မှကြည့်လျှင်လည်း အကြောင်းရှိနေကာ အခြားတစ်ဖက်မှ ကြည့်ပြန်လျှင်လည်း အကြောင်းပြချက်ရှိနေပြန်သဖြင့် ဘာမဟုတ်သော ကိစ္စငယ်လေးမှာပင် မိုးလုံးဟိန်းအောင် ရန်ဖြစ်တတ်ကြပြီး ပြတ်ပြတ်သားသား ပြီးဆုံးသွားခြင်းမရှိဘဲ ထပ်ခါတလဲလဲ ငြှိတွယ်နေတတ်ကြသောကြောင့် ဖြစ်၏။
သို့သော်လည်း ဤသို့သောကိစ္စကို မဖြေရှင်းဘဲ ထား၍လည်း မဖြစ်ပေ။
ခေါင်းဆောင်ဝမ် မျက်နှာပျက်နေသဖြင့် လုံခြုံရေးအဖွဲ့သားများမှာ တစ်ခွန်းတစ်ပါဒမျှ မဟရဲကြသော်လည်း ဘေးမှ ဝိုင်းကြည့်နေသော လူအုပ်ကြီးကမူ ဂရုမစိုက်ကြပေ။ စက်ရုံအထိ တခမ်းတနား လိုက်ပါလာကြပြီး လမ်းတစ်လျှောက်လုံးတွင် ပါးစပ်များမှာ မနားတမ်း လှုပ်ရှားနေကြ၏။
တစ်ယောက်ကမူ မိမိသည် ရှေ့ဆုံးမှနေ၍ အဖြစ်အပျက်အစအဆုံးကို မြင်တွေ့ခဲ့သူဖြစ်သဖြင့် အကြောင်းစုံကို အသိဆုံးဖြစ်သည်ဟု ဆိုသည်။
အခြားတစ်ယောက်ကလည်း မိမိသည် အစောဆုံး ရောက်ရှိလာသူဖြစ်ပြီး လီရှောင်ယွိ ရန်ဖြစ်နေစဉ်ကတည်းက ရှိနေခဲ့သဖြင့် မိမိသာလျှင် အသိဆုံးဖြစ်သည်ဟု တုံ့ပြန်၏။
တချို့မှာမူ လီတာ့ရှန်း၏ ဇနီးကိုင်ဆောင်ထားသော ဟင်းချက်ဓား မြေကြီးပေါ်သို့ ကျသွားစဉ် မိမိတို့ ကန်ထုတ်လိုက်သဖြင့် ဘေးအန္တရာယ် မဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသူများလည်း ရှိနေသည်။
အဘွားကြီးကျောက်သည်လည်း အားမနာတမ်း အော်ဟစ်ပြောဆိုလိုက်၏။
"ကျွန်မချွေးမက အမှိုက်ဂေါ်နဲ့ ပစ်ပေါက်လိုက်လို့ ဟင်းချက်ဓား လွင့်ထွက်သွားတာ မဟုတ်ဘူးလား... ရှင်တို့အားလုံး ကျွန်မချွေးမကို ကျေးဇူးတင်သင့်တာ။ သူသာ မပါရင် အဲဒီနေရာမှာ သွေးချောင်းစီးနေပြီ။"
ဤစကားကိုမူ လူအများ မငြင်းဆန်ကြပေ။ အကြောင်းမှာ လူတိုင်း မျက်မြင်ကိုယ်တွေ့ ဖြစ်သောကြောင့်ပင်။ သို့သော်လည်း တစ်ဦးကမူ
"အဲဒီလိုဆိုရင် ကျွန်တော့်ရဲ့ ကျေးဇူးက အကြီးဆုံးပဲပေါ့။ စက်ရုံကို သတင်းပို့ဖို့ ကျွန်တော့်သားကို လွှတ်လိုက်တာ ကျွန်တော်ပဲလေ"
လူတိုင်း မိမိကိုယ်မိမိ ဂုဏ်ဖော်ရန် ကြိုးစားနေကြသဖြင့် ခေါင်းဆောင်ဝမ်မှာ နားထင်ကိုသာ ဖိနှိပ်နေရရှာသည်။
ခေါင်းဆောင်ဝမ်တို့အဖွဲ့အပြင် မျက်နှာမကောင်းသူ နောက်တစ်ဦးမှာ ချဲယုံဖုန်းပင် ဖြစ်၏။ ချဲယုံဖုန်းသည် သူ၏မိခင်နှင့် ညီဖြစ်သူထက် ပို၍ အကွက်မြင်တတ်သူဖြစ်သဖြင့် အခြေအနေမလှတော့ကြောင်း ချက်ချင်း သိရှိလိုက်သည်။ မိသားစုဝင်များအား လီတာ့ရှန်းထံသို့ စေလွှတ်ခဲ့ခြင်းမှာ ဖြစ်ရပ်ကို ငြိမ်သက်စေလိုသောကြောင့်သာဖြစ်ပြီး အခြေအနေကို ကြီးထွားလာစေရန် မဟုတ်ပေ။
ထို့ပြင် သူစေလွှတ်လိုက်သည်မှာ လီရှောင်ယွိ ဖြစ်၏။ လီရှောင်ယွိမှာ လီတာ့ရှန်းဇနီးမောင်နှံ၏ အားနည်းချက်ဖြစ်သောကြောင့်ပင်။ သို့သော် ဖြစ်ရပ်များက ဤအဆင့်အထိ ဆိုးရွားလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ ချဲယုံဖုန်းသည် စိတ်ထဲတွင် လီရှောင်ယွိအား အသုံးမကျသောသူ၊ အဖြစ်မရှိသောသူဟု အကြိမ်ကြိမ် ဆဲရေးနေမိသည်။ မိဘအရင်းကိုပင် မထိန်းချုပ်နိုင်သော အသုံးမကျသည့်သူဟု မှတ်ယူနေခြင်း ဖြစ်၏။ သူသည် လမ်းတစ်လျှောက်လုံးတွင် ဤကိစ္စမှ မည်သို့ကိုယ်လွတ်ရုန်းရမည်ကိုသာ အစဉ်တစိုက် စဉ်းစားနေ၏။ သူသည် အကြံကုန်နေကာ လူများပြားပြီး ရှုပ်ထွေးလာလေလေ သူ စိတ်အေးလက်အေး မစဉ်းစားနိုင်လေလေ ဖြစ်နေတော့သည်။
ချန်ချင်းယွီသည် ကလေးများကို ချီပိုးကာ လူအုပ်ကြီး၏ အနောက်ဆုံးမှ လိုက်ပါလာရင်း ရှေ့မှ ဟုန်းဟုန်းတောက်နေသော လူအုပ်ကြီးကိုကြည့်ကာ လူတို့မှာ အရာရာကို စိတ်ဝင်စားကြပါလားဟု တွေးတောနေမိ၏။ အနည်းငယ်မျှ လှုပ်လှုပ်ရှားရှား ဖြစ်သည်နှင့် အုံနဲ့ကျင်းနဲ့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် မိမိကိုယ်တိုင်လည်း အတူတူပင်ဖြစ်ရာ ပွဲရှိလျှင် မည်သူက မကြည့်ဘဲ နေမည်နည်း။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ချန်ချင်းယွီ၏ ပုခုံးကို ဖက်ထားကြပြီး သူမသည် ကလေးနှစ်ဦးလုံးကို ချီထားခြင်း ဖြစ်၏။
လူကောင်သေးငယ်သော ရှောင်ကျားလေးမှာ လူကြီးသဖွယ် သက်ပြင်းချ၍
"မေမေ၊ လူကြီးတွေ ရန်ဖြစ်တာ အရမ်းကြောက်ဖို့ကောင်းတာပဲနော်"
ချန်ချင်းယွီ သူ့ကို စောင်းငဲ့ကြည့်ကာ
"အဲဒါကြောင့်မို့လို့ ပုံမှန်ဆိုရင် ကလေးတွေကို ပွဲကြည့်ဖို့ မခေါ်တာပေါ့။ လူကြီးတွေ ရန်ဖြစ်ရင် သောင်းကျန်းကြတာ။ ကလေးတွေသာ အနားရောက်သွားရင် မတော်တဆ ထိခိုက်မိမှာ စိုးရတယ်လေ"
ရှောင်ကျား ချက်ချင်း ခေါင်းညိတ်ပြလျက်
"သား သိပါပြီ၊ သိပါပြီ"
ရှောင်ယွမ်၏ မျက်လုံးများမှာမူ တောက်ပနေပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရကာ နှုတ်ခမ်းလေးစေ့လျက်
"မေမေ၊ သူတို့တွေ ဒဏ်ရာရကုန်ကြပြီ"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ ကလေးများကို သွန်သင်လိုက်၏။
"ဟုတ်တယ်၊ အဲဒါကြောင့် သားတို့လည်း သူများနဲ့ လျှောက်ပြီး ရန်မဖြစ်ရဘူး။ သားတို့က ငယ်သေးတော့ လူကြီးတွေကို မယှဉ်နိုင်ဘူး။ တစ်ယောက်ယောက်က အနိုင်ကျင့်ရင် အိမ်ကို လာပြောရမယ်၊ သားတို့ဘက်က ရပ်တည်ပေးမယ့်သူ အမြဲရှိတယ်"
"ဟုတ်ကဲ့ပါ~"
ကလေးနှစ်ဦးလုံးမှာ သေချာစွာ နားထောင်ကြပြီး စိတ်ထဲသို့ စွဲမြဲသွားကြသည်။
ရှောင်ကျားမှာမူ ဉာဏ်ရည်ထက်မြက်သော ကလေးပီပီ တစ်ခုကို သိလျှင် နှစ်ခုကို မြင်တတ်သေး၏။
"သားတို့ တစ်ခုခုဖြစ်ရင် အိမ်ကို အားကိုးရမယ်၊ လူကြီးတွေ တစ်ခုခုဖြစ်ရင် စက်ရုံကို အားကိုးရတာပေါ့"
ချန်ချင်းယွီသည် ခေတ္တမျှ ကြောင်အသွားပြီးမှ ရယ်မောလျက် "သားပြောတာ အမှန်ပဲ" ဟု ချီးမွမ်းလိုက်သည်။ ရှောင်ကျားမှာ ဝမ်းသာအားရ ဖြစ်သွားကာ ရှောင်ယွမ်မှာလည်း ချိုမြိန်စွာ ပြုံးပြရင်း "ကိုကို ပြောတာ မှန်တယ်" ဟု လိုက်လံပြောဆိုပြန်၏။
ချန်ချင်းယွီသည် ပြုံးရယ်လျက် တစ်စုံတစ်ခု ထပ်မံပြောဆိုရန် ပြင်သော်လည်း ရောက်ရှိလိုသော နေရာသို့ ဆိုက်ရောက်သွားပြီ ဖြစ်သည်။
စက်ရုံတွင် အလုပ်မဆင်းသေးသော အချိန်ဖြစ်သဖြင့် အိမ်သာသွားရင်း အလုပ်ခိုးနားနေသောသူအချို့မှာ လူအုပ်ကြီး ရောက်ရှိလာသည်ကို မြင်တွေ့ရသောအခါ အံ့အားသင့်စွာဖြင့် ရပ်တန့်ကြည့်ရှုနေကြ၏။
"ဘာတွေ ဖြစ်နေတာလဲ..."
"ဘာလို့ လူတွေ အများကြီး ရောက်လာရတာလဲ..."
"လုံခြုံရေးအဖွဲ့က လူဖမ်းလာတာလား..."
စသည်ဖြင့် အမျိုးမျိုး ရေရွတ်နေကြသည်။ မည်သူမျှ အကြောင်းစုံကို မသိရှိကြသော်လည်း တစ်ယောက်မျှ မရွေ့မလျားဘဲ မည်သို့ဖြစ်မည်ကိုသာ စောင့်ကြည့်နေ၏။
စက်ရုံအတွင်း လူစုလူဝေးဖြင့် လျှောက်သွားနေလျှင် ပရမ်းပတာဖြစ်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးဌာနမှ ခွင့်မပြုသော်လည်း၊ ဂိတ်ပေါက်ဝတွင် လူအုပ်ကြီး စုရုံးနေသည်မှာလည်း ကြည့်မကောင်းလှပေ။ ထို့ကြောင့် လူအားလုံးကို စက်ရုံဝင်းအတွင်းသို့ ဝင်ခွင့်ပေးလိုက်သော်လည်း စည်းကမ်းမဲ့ လှည့်လည်သွားလာခြင်း မပြုရန် တားမြစ်ထားသည်။ အကြောင်းစုံကို သိရှိထားသည့် လူအချို့ကိုမူ ရုံးခန်းအတွင်းသို့ ဖိတ်ခေါ်၍ ကျန်ရှိသူများကိုမူ သတင်းအချက်အလက် ဖြည့်စွက်ရန်နှင့် လိုအပ်ပါက အကူအညီတောင်းခံနိုင်ရန် ရုံးခန်းဝင်ပေါက်အနီး၌ စနစ်တကျ နေရာချထားပေးလေ၏။
ချန်ချင်းယွီသည် ရှေ့တန်းမှ လူအုပ်ထဲတွင် မပါဝင်ပေ။ သူမသည် လုံခြုံရေးရုံး ပြတင်းပေါက်အောက်တွင် ကလေးများကိုချီ၍ ခေတ္တရပ်နေပြီးမှ အတန်ကြာ စဉ်းစားကာ ကလေးနှစ်ယောက်ကို ပြတင်းပေါက်ခုံပေါ်သို့ တင်ပေးလိုက်သည်။
"ဟူး..."
ကလေးများ ချီထားရသည်မှာ မပင်ပန်းသော်လည်း နွေအပူနှင့် ကလေးများ၏ ကိုယ်ငွေ့ကြောင့် ချွေးများထွက်ကာ စေးကပ်ကပ် ဖြစ်နေသဖြင့် သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ပြတင်းပေါက်ခုံပေါ်တွင် ထိုင်ကာ မှန်တွင်ကပ်၍ အတွင်းဘက်သို့ စူးစမ်းစွာ ချောင်းကြည့်နေကြသည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ..."
"ဘာထပ်ဖြစ်ပြန်ပြီလဲ... ဘာလို့ လုံခြုံရေးရုံးက မင်းတို့ကို ခေါ်ရတာလဲ..."
စုရုံးနေသူများထဲမှ တစ်ယောက်သည် အခြေအနေကို လာရောက်မေးမြန်းသည်။ စကားဆိုသည်မှာ အပြန်အလှန် ပြောကြားရာမှ မကြာမီအတွင်းမှာပင် လူအုပ်ကြီးမှာ တစီစီနှင့် ဆူညံသွားတော့၏။ ရုံးခန်းအတွင်း၌လည်း အသံများကြားနေရပြီး အပြင်ဘက်တွင်လည်း "ဟယ်..."၊ "ဘုရားရေ..."၊ "အမလေးလေး..." ဟူသော အာမေဍိတ်သံများက တညံညံ ထွက်ပေါ်နေသည်။
လီတာ့ရှန်း၏ မိသားစုအတွင်း ဤမျှကြီးမားသော ပြဿနာများ ဖြစ်ပွားနေမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
"ဟို ဝက်ခေါင်းမက ချဲယုံဖုန်းရဲ့ အမေလား..."
"ဟုတ်တယ်။"
ဤသည်မှာ ရိုင်းစိုင်းလို၍ ဆဲဆိုခြင်းမဟုတ်ဘဲ အခြေအနေမှန်ကို ဖော်ပြခြင်းသာ ဖြစ်သည်။ ချဲယုံဖုန်း၏ မိခင်မှာ မူလကတည်းက ဝတုတ်နေသူဖြစ်ရာ၊ ယခုအခါ လီတာ့ရှန်းတို့ ဇနီးမောင်နှံ၏ အငြိုးတကြီး ရိုက်နှက်မှုကို ခံလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ဖူးရောင်ဖောင်းကားနေလေရာ ဝက်ခေါင်းနှင့် တူနေသည်မှာ ငြင်းမရပေ။
"မင်းတို့မသိလို့၊ အဲဒီဝက်ခေါင်းမက ဘယ်လောက်တောင် ယုတ်မာသလဲဆိုတာ။ ငါတို့က ဘေးကနေ ကြည့်နေတာကို သူက အော်ဟစ်ဆဲဆိုပြီး ချဲယုံဖုန်းကို ငါတို့ကို အလုပ်ထုတ်ခိုင်းမယ်လို့ ပြောနေတာ"
ချန်ချင်းယွီသည်လည်း နူးနူးညံ့ညံ့ လေးသံ ခပ်တိုးတိုးလေးဖြင့် ဝင်ရောက်ထောက်ကာ နားသွင်းလိုက်၏။
"သူ့သားငယ်ကလည်း မနေ့က အဲဒီအတိုင်း ပြောတာပဲ။ အဲဒီ ချဲယုံချန်း ဆိုတဲ့လူက စက်ရုံကြီးက သူ့အပိုင်ပစ္စည်းကျနေတာပဲ။ ချဲယုံဖုန်းကို သိတဲ့လူတွေကတော့ သူက အလုပ်ရုံမှူးလို့ သိကြပေမဲ့၊ မသိတဲ့လူဆိုရင်တော့ စက်ရုံမှူးကြီး ထင်ရမှာ။ စက်ရုံမှူးနဲ့ ပါတီအတွင်းရေးမှူးတောင် သူ့မိသားစုလောက် မမောက်မာဘူး။"
လူအုပ်ကြီးမှာ ပြိုင်တူ စကားပြောနေကြသဖြင့် မည်သူ မည်သည့်စကားကို ပြောနေမှန်း ခွဲခြားရန် ခက်ခဲနေသော်လည်း သတင်းများကမူ ပျံ့နှံ့နေဆဲဖြစ်သည်။
"ချဲမိသားစုက လီတာ့ရှန်းကို တာဝန်အားလုံး ယူခိုင်းတာလေ၊ သူက ငြင်းတော့ ဒီလိုမျိုး ဝိုင်းရိုက်ကြတာပေါ့။"
စက်ရုံအလုပ်သမားများမှာ "ဝိုး..." ခနဲ အံ့အားသင့်ကုန်ကြ၏။
အလုပ်ခွင်မှ ခဏတာ ခိုးထွက်၍ အိမ်သာသွားရင်းနှင့် ယခုကဲ့သို့ ကောင်းမွန်လှသော သတင်းထူးကြီးကို ကြားသိလိုက်ရသဖြင့် မည်သူမျှ မိမိတို့နေရာသို့ မပြန်ချင်ကြတော့ပေ။ အလုပ်လုပ်ရခြင်းမှာ အတင်းပြောရခြင်းလောက် စိတ်ဝင်စားစရာ မကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။
"ဒါပေါ့၊ တကယ်ပြောတာ... မင်းတို့ မမြင်လိုက်လို့၊ အဲဒီမိသားစုက ဘယ်လောက် မောက်မာတယ်ဆိုတာ။ ချဲယုံဖုန်းက အလုပ်ရုံမှူးလေးမို့လို့သာ၊ တကယ်လို့ သူသာ စက်ရုံမှူးဖြစ်ကြည့်ပါလား၊ အမလေး... သူတို့တွေ ကောင်းကင်ပေါ် ပျံတက်နေကြမှာ။"
"သူတို့မိသားစုက တကယ်ကို လွန်လွန်းတယ်… လီတာ့ရှန်းက အသုံးမကျတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်နေတာ။ အိမ်တိုင်ရာရောက် လာနှောင့်ယှက်နေကြတာ… လီတာ့ရှန်းရဲ့ သမီးကလည်း ဘာမှမထူးပါဘူး။ တကယ်ပါပဲ၊ လီတာ့ရှန်း သူ့သမီးမွေးတုန်းက ရေထဲနှစ်သတ်ခဲ့ရင် ကောင်းမယ်လို့ နောင်တရနေမှာ သေချာတယ်။ ယောက်ျားတစ်ယောက်အတွက်နဲ့ ကိုယ့်အဖေအရင်းကို ပြန်ရိုက်နေတာလေ၊ တကယ့်အောက်တန်းစားပဲ"
စက်ရုံအလုပ်သမားများဆီမှ "ဝိုး..." ဟူသော အသံများ ထပ်မံထွက်ပေါ်ပြန်၏။
"မင်းတို့ နောက်ကျမှ ရောက်လာတာမို့လို့၊ တခြားလူတွေ ပြောတာတော့ သူက လီတာ့ရှန်းရဲ့ သမီးအရင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုသုံးပြီး မိသားစုပိုင် ပိုက်ဆံတွေအကုန်လုံးကို တောင်းနေတာတဲ့။ သူ့အစ်မကတော့ သမီးအရင်း မဟုတ်ဘူးလေ~"
"သူတို့တွေ တကယ်ကို လူမဆန်ကြဘူး။"
လူအုပ်ကြီးမှာ အုန်းအုန်းကျွက်ကျွက် ဆွေးနွေးနေကြရာ ချန်ချင်းယွီအနေဖြင့် အထူးတလည် မြှောက်ပင့်ပေးရန်ပင် မလိုတော့ဘဲ စကားဝိုင်းမှာ အရှိန်ရနေပြီဖြစ်သည်။ ဤကဲ့သို့သော ကြီးကျယ်သည့် အရှုပ်တော်ပုံမျိုးကို မည်သူမှ လွတ်သွားလိုခြင်း မရှိကြပေ။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ... အလုပ်မလုပ်ဘဲ ဒီမှာ ဘာလုပ်နေကြတာလဲ... အလုပ်ရုံကို အမြန်ပြန်ကြ... အပျော်လာကြည့်နေတာလား... အလုပ်ခိုးနားနေကြတယ်ပေါ့..."
လုံခြုံရေးဝန်ထမ်းများ ထွက်လာပြီး လူအုပ်ကို လူစုခွဲလိုက်ရ၏။ အလုပ်သမားများမှာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်သွားကြသော်လည်း သူတို့၏ အိတ်ကပ်ထဲတွင် အလုပ်ရုံသို့ ပြန်ရောက်ပါက ပြန်လည်ဖောက်သည်ချရန် အတင်းသတင်းထုပ်ကြီး ပါသွားပြီဖြစ်သည်။ အိမ်သာသွားရင်းမှ ဤမျှကြီးမားသော သတင်းကို ရလိုက်ခြင်းမှာ သူတို့အတွက် အမြတ်ပင် ဖြစ်၏။
လုံခြုံရေးဝန်ထမ်းများမှာ ပြုံးစိစိဖြင့်
"ချန်ချင်းယွီ၊ ချန်ချင်းယွီ၊ ခဏလောက် အထဲဝင်ခဲ့ဦး"
"ဟုတ်ကဲ့။"
ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို လက်ဆွဲ၍ အထဲသို့ ဝင်သွားသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ယခင်ကဲ့သို့ ကြောက်တတ်သော ကလေးငယ်များ မဟုတ်တော့ပေ။ လပေါင်းများစွာ ချန်ချင်းယွီနောက်သို့ လိုက်ပါသွားလာနေခဲ့ရသဖြင့် သူတို့တွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် လုံခြုံမှုများ ရှိနေပြီဖြစ်၏။
သူတို့သည် စူးစမ်းကြည်လင်သော မျက်ဝန်းများဖြင့် "ဒီနေရာကြီးက သိပ်လှတာပဲနော်~" ဟု တိုးတိုးလေး ဆိုကြသည်။
ရှောင်ယွမ် နှာခေါင်းလေး ရှုံ့လိုက်ကာ
"ဆေးလိပ်ငွေ့တွေ အများကြီးပဲ~"
"လူကြီးတွေ ဆေးလိပ်သောက်လို့လေ"
ရှောင်ကျားမှာ လူကြီးဆန်ဆန် ပြန်ဖြေလေသည်။
ခေါင်းဆောင်ဝမ် ထိုကလေးငယ်များကို ကြည့်၍
"ဒီကလေးလေးတွေက တော်တော်လေး သတ္တိရှိတာပဲ။ ဟိုဘက်မှာ သွားထိုင်ပြီး ဆော့နေကြဦး။ မင်းတို့ အမေကို မေးစရာလေးရှိလို့"
ထို့နောက် စစ်ဆေးမေးမြန်းရန် ပြင်ဆင်လိုက်၏။
သူသည် ကလေးများကို ကြင်ကြင်နာနာ ပြုံးပြလိုက်သော်လည်း ကလေးများ၏အမြင်တွင် သူ၏အပြုံးမှာ ကြောက်စရာကောင်းနေ၍ မျက်မှောင်လေးများ ကြုတ်သွားကြလေသည်။ သူတို့မိခင်ကို မော့ကြည့်လိုက်သောအခါ ချန်ချင်းယွီ ခေါင်းညိမ့်ပြလိုက်၍ ကလေးနှစ်ယောက်မှာ လက်ချင်းတွဲကာ ကုလားပေါ်သို့ အတူတူတက်ထိုင်လိုက်ကြ၏။
ခေါင်းဆောင်ဝမ်မှာ ရယ်မောလိုက်သော်လည်း သူ့တွင် အလုပ်ရှိသေးသည့်အတွက် စကားစလိုက်သည်။
“ချန်ချင်းယွီမလား ကျုပ်တို့တွေ ထပ်တွေ့ကြပြန်ပြီနော်”
ချန်ချင်းယွီ ခေါင်းညိမ့်ပြလိုက်ပြီး တိတ်ဆိတ်နေကာ သူမ မျက်လုံးများမှာ ရွှေငါးမျက်လုံးများနှယ် ဖူးယောင်နေ၏။ ခေါင်းဆောင်ဝမ်မှာ သူမကဲ့သို့သော အကျင့်စရိုက်သူများကို ဆက်ဆံရမည်ကို အကြောက်ဆုံးပင်။ သူ ချောင်းဟန့်လိုက်ပြီး စတင်မေးမြန်းလိုက်သည်။
“ဘယ်အချိန်က အဲ့နေရာကို ရောက်သွားတာလဲ”
ချန်ချင်းယွီ ပြန်ဖြေလိုက်၏။
“သူတို့တွေ စပြီး ရန်ဖြစ်ကြပြီးတဲ့နောက်မှာမှ ရောက်တာပါ။ ကျွန်မရောက်သွားတော့ သူတို့က အကြီးအကျယ် သတ်ပုတ်နေကြပြီ”
“သူတို့တွေ ဘယ်အချိန်မှာ မီးဖိုချောင်သုံး ဓားကို ယူလိုက်တာလဲ...”
ခေါင်းဆောင်ဝမ် ထပ်မေးလိုက်သည်။
“ကျွန်မရောက်ပြီး သိပ်မကြာခင်မှာပဲ သူတို့က ဓားကို သုံးကြတာ။ ကျွန်မက လူအုပ်ထဲမှာ ကလေးကို ချီထားတာဆိုတော့ ကလေးကို မတော်တဆ ထိခိုက်မိမှာကို သိပ်ကြောက်တာ… အဲဒါကြောင့် နံရံမှာရှိတဲ့ အမှိုက်ဂေါ်ပြားကို ယူပြီး ဓားကို လွတ်ထွက်သွားအောင် ဝှေ့ယမ်းပြီး ပစ်ပေါက်လိုက်တာ။ တကယ်ပဲ သူ့ကို သွားမှန်လိမ့်မယ်လို့ မထင်ထားမိဘူး...”
ပြောရင်းဖြင့် သူမ နှုတ်ခမ်းလေးစူပြီး တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းသိမ်းထား၏။ သို့သော် သူမကိုယ်သူမ အလွန်ဝင့်ကြွား ကျေနပ်နေဟန်မှာ အထင်းသားပင်။
“မင်း အဲဒီမှာ ရှိနေလို့ တော်သေးတာပေါ့။ အဲဒီနောက် ဘာဖြစ်သွားသေးလဲ...”
ချန်ချင်းယွီ : “အဲဒီနောက် တစ်ယောက်ယောက်က ဓားကို ကန်ထုတ်လိုက်တာပဲ၊ ဘယ်သူလဲဆိုတာတော့ မမြင်လိုက်ဘူး။ ဒါပေမဲ့ သူတို့ ဆက်ပြီး ရန်ဖြစ်နေရင် ကျွန်မတို့ကို ထိခိုက်မှာစိုးလို့ အဲဒီကနေ ဝေးဝေးသွားပြီးမှ အဝေးကနေပဲ အခြေအနေကို ကြည့်ချင်တာနဲ့ လူအုပ်ထဲကနေ နောက်ဆုတ်ပြီး ထွက်လာခဲ့တာ… လူအုပ်ထဲကနေ အပြင်ကို တိုးထွက်လာပြီး သက်ပြင်းချလိုက်ရုံပဲ ရှိသေးတယ်၊ ရှင်တို့ ရောက်လာတာကို မြင်လိုက်ရတာပဲ”
ခေါင်းဆောင်ဝမ် ခေါင်းညိမ့်ပြလိုက်သည်။ အမှန်တကယ်လည်း သူတို့ရောက်သွားချိန်တွင် ချန်ချင်းယွီ အပြင်တိုးထွက်လာသည်ကို တွေ့ခဲ့ရ၏။
“ချဲယုံချန်းနဲ့ သူ့မိန်းမကို တစ်ယောက်ယောက်က ခဲနဲ့ ပစ်တာကိုရော မင်း မြင်လိုက်လား...”
ချန်ချင်းယွီ ဘာမှမသိတဲ့ပုံစံနှင့်ခေါင်းခါပြပြီး
“ဟင့်အင်း၊ ဘယ်သူမှ ခဲနဲ့ ပစ်တာ မမြင်မိပါဘူး။ မဟုတ်ဘူး၊ ဘယ်သူမှ ပစ်မှာ မဟုတ်ပါဘူး... လီတာ့ရှန်းတို့ တစ်သိုက် ရန်ဖြစ်နေကြတာပဲ ရှိတာပါ”
ခေါင်းဆောင်ဝမ်သည်လည်း သံသယရှိနေလေသည်။ သူ့အထင်တွင် ချဲယုံချန်းတို့လင်မယားမှာ လျှောက်ပြောနေသည်ဟု ထင်နေ၏။ အကယ်၍ ခဲနှင့်ပစ်ပေါက်ခံရသည်ဆိုလျှင် ထိုနေရာတွင် လူအများကြီးရှိနေသည့်အတွက် တစ်ယောက်ယောက်မှ မြင်မည်သာပင်။ သူတို့အနားတွင် ကျောက်စရစ်ခဲများ ရှိနေသည်ဆိုသော်လည်း….
ရူးနေလား.. ဒါကမြေကြီးလေ.. မြေကြီးပေါ်မှာဆိုမှတော့ ကျောက်ခဲရှိလားဆန်းလား…
ဒဏ်ရာများကိုကြည့်၍ ဆုံးဖြတ်ရန်မှာလည်း မဖြစ်နိုင်ပေ။
ပုံမှန်ကျန်းမာသန်းစွမ်း၍ အနာရောဂါကင်းနေချိန်တွင် စစ်ဆေးရလွယ်သော်ငြား ယခု သူတို့မှာ လီတာ့ရှန်းတို့ လင်မယား၏ အတောမသတ် ရိုက်နှက်ခြင်းကို ခံထားရလေသည်။ ကန်ကျောက် ထိုးကြိတ်၊ နင်းခြေခံထားရသည့် ဒဏ်ရာများ ပြည့်နှက်နေ၍ ကျောက်ခဲဖြင့် ပစ်ပေါက်ခံရသည့် ဒဏ်ရာကို ရှာဖွေရန်မှာ ခက်ခဲလှ၏။
တစ်ကိုယ်လုံး ဒဏ်ရာပလပွနဲ့ ဝက်ခေါင်းရုပ်ပေါက်အောင် ရိုက်ခံထားရတာကို … ဘယ်နားမှာ သွားရှာမှာလဲ…
“တစ်ယောက်ယောက်က သူတို့ကို တမင်တကာ ကန်တာ ဒါမှမဟုတ် တက်နင်းတာမျိုးရော မင်း မြင်လိုက်လား...”
ချန်ချင်းယွီ၏ မျက်လုံးလေးများအပြစ်ကင်းစင်ပြီး ကြည်လင်နေကာ
“မမြင်မိပါဘူး.. လူတွေက အရမ်းများနေတာလေ… ဓားတွေ၊ လက်သီးလက်မောင်းတွေနဲ့ဆိုတော့ အားလုံးက ကြောက်ပြီး ရှောင်နေကြတာ။ မတော်တဆတော့ ဖြစ်နိုင်တာပေါ့... ဒါပေမဲ့ ဘယ်သူမှ တမင်လုပ်တာ မဟုတ်ပါဘူး... ကျွန်မကိုယ်တိုင်တောင် အပြင်ကို တိုးထွက်လာတုန်းက တစ်ယောက်ယောက်က ကျွန်မခြေထောက်ကို အကြိမ်ကြိမ် တက်နင်းသွားသေးတယ်။ အားလုံးက ပုံမှန်ပါပဲ”
“ဒါလည်း ဟုတ်တာပါပဲ”
ချန်ချင်းယွီ ခေတ္တတုံ့ဆိုင်းနေပြီး ခေါင်းဆောင်ဝမ်ကို ကြည့်ကာ
“ကျွန်မက ဘယ်သူမှ မထိခိုက်အောင်လို့ အမှိုက်ဂေါ်ပြားနဲ့ လှမ်းပစ်လိုက်တာဆိုတော့... ရှင် ကျွန်မကို အမှိုက်ဂေါ်ပြားဖိုး ပြန်လျော်ခိုင်းမှာ မဟုတ်ပါဘူးနော်...”
“မခိုင်းပါဘူး၊ သေချာပေါက် မလျော်ခိုင်းပါဘူး...”
ခေါင်းဆောင်ဝမ် သေသေချာချာ ပြန်ဖြေပေးလိုက်၏။
ထိုအခါမှ ချန်ချင်းယွီ သက်ပြင်းချနိုင်သွားလေသည်။
ခေါင်းဆောင်ဝမ် : “အဲဒီနေရာမှာ တခြား ဘာထူးခြားတာတွေ ရှိသေးလဲ... မင်းမြင်တာမှန်သမျှ ပြောနိုင်ပါတယ်”
“ရန်ဖြစ်တာပဲ ရှိတာပါ၊ တခြားတော့ ဘာမှမရှိဘူး။ ဒါပေမဲ့ လီတာ့ရှန်းရဲ့ ခမည်းခမက်ဖြစ်တဲ့ အဲဒီဝတုတ်မကြီးကတော့ လီတာ့ရှန်းကို မိသားစုအရေး တာဝန်မယူဘူးဆိုပြီး ဆဲနေတာတော့ ကြားလိုက်တယ်။ သူက သေသင့်တယ်ဆိုလားပဲ။ ဒါက အခုကိစ္စကို ပြောနေတာ မဟုတ်လား... ချဲယုံဖုန်းလည်း ဒီကိစ္စမှာ ပါမှာပဲ၊ သူက လူကောင်းမှ မဟုတ်တာ။”
ချန်ချင်းယွီ ဆက်၍
“ကျွန်မရဲ့ ကိုကိုကျန့်ဝမ်ကတော့ လူကောင်းလေးပါ၊ သူတို့တွေက တကယ့်ကို လူမဆန်ကြတာ... ကျွန်မယောက်ျားကို ချဲယုံချန်းနဲ့တောင် နှိုင်းရက်ကြတယ်... ကိုကိုကျန့်ဝမ်နဲ့ ကျွန်မက ငယ်သူငယ်ချင်းတွေ၊ အတူတူ ကြီးပြင်းလာကြတာ။ သူက ငယ်ငယ်ကတည်းက စာတော်တယ်၊ ယဉ်ကျေးတယ်၊ ရုပ်ရည်လည်း ချောမောတယ်။ အဲဒီ ချဲယုံချန်းဆိုတဲ့ လူက ဘာမို့လို့လဲ... သူက အိမ်သာထဲက...”
“အိမ်သာထဲက နံစော်နေတဲ့ နှစ်ချို့မစင်လိုပဲ။ ဘာမှလည်း အသုံးမကျဘဲနဲ့ သူ့ကိုယ်သူ ဘာကြီးမှန်း မသိဘဲ အထင်ကြီးနေတာ… ကျွန်မယောက်ျား စာမေးပွဲအောင်တာက သဘာဝကျသလို၊ သူ ကျရှုံးတာကလည်း လုံးဝကို သဘာဝကျပါတယ်… လူကြီးတွေကလည်း ဘယ်လိုတွေ မြင်ပြီး သူ့ကို အလုပ်ခန့်ထားလဲ မသိဘူး… သူ့ကိုယ်သူ ဘာမှန်းမသိတာ သူတစ်ယောက်ပဲ ရှိမယ်.. သူ ကျရှုံးတာ ထိုက်တန်တာပဲ.. သူက အသုံးမကျတဲ့အပြင် အကြမ်းဖက်တတ်တဲ့ အရူးတစ်ယောက်ပဲ.. ကိုယ့်မိန်းမကိုယ်တောင် ရိုက်တာလေ။ သူ့မိန်းမကလည်း အရူးမပဲ၊ ဘာစကားမှ မပြောဘဲ ပါးရိုက်ခံရတာကိုတောင် ခံနေတာ… ယောက်ျားအတွက်ဆို ကိုယ့်အဖေအရင်းကိုတောင် ပြန်ရိုက်တာလေ… ကျွန်မက ကျွန်မယောက်ျား ကိုကိုကျန့်ဝမ်ကို အနိုင်ကျင့်အောင် ဦးဆောင်ခဲ့တဲ့ လီတာ့ရှန်းကို မုန်းပေမဲ့၊ သူ တကယ်ပဲ ကံဆိုးတာတော့ ဝန်ခံရမယ်… ကိုယ့်သမီးနဲ့ သမက်အတွက် စိတ်ရောကိုယ်ပါ ပုံအောပြီး လုပ်ပေးခဲ့တာကို သူတို့က သူ့ကို ခွေးတစ်ကောင်လို ဆက်ဆံကြတာ… ဒါပေမဲ့ ဒါကလည်း ကံကံ၏ အကျိုးလို့ပဲ ပြောရမှာပေါ့ မဟုတ်ဘူးလား...”
ချန်ချင်းယွီ တစ်ယောက်တည်း တောက်လျှောက် ဖောင်ဖွဲ့နေတော့၏။
ခေါင်းဆောင်ဝမ် “……”
ငါ့နားထဲမှာ ယုန်မန္တန်တွေလာရွတ်နေသလိုပဲ…သောက်ကျိုးနည်း..
ချန်ချင်းယွီသည် ကောလာဟလများအတိုင်းပင် ပုံမှန်အားဖြင့် အားနွဲ့ကာ ထုံထိုင်းအေးဆေးပြီး ရိုးအူလှသူတစ်ယောက်ဖြစ်သော်လည်း သူမသည် အချစ်၌ အလွန်အမင်း ရူးသွပ်သူလည်း ဖြစ်ကြောင်း ခေါင်းဆောင်ဝမ် သဘောပေါက်သွားသည်။
လခွမ်း… ကောလဟာလတွေက အမှန်ပါလား… အချစ်ရူးရူးနေတဲ့ မိန်းကလေးပဲ…
လင်းကျန့်ဝမ်နှင့် ပတ်သက်လာလျှင် သူမသည် ဓာတ်ပြားဟောင်းကြီးကဲ့သို့ တတွတ်တွတ် ပြောမဆုံးနိုင်တော့ဘဲ နားပူနားဆာ လုပ်တတ်သူဖြစ်၏။ သူမအား စကားပြောရန် အခွင့်အရေးပေးလိုက်သည်နှင့် "ကိုကိုကျန့်ဝမ်" အကြောင်းကို ခေါင်းကိုက်လောက်အောင် နားထောင်ရတော့မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ခေါင်းဆောင်ဝမ်မှာ ထိုအချက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရလေပြီ…
'ကောလာဟလတွေက တကယ်ပဲကိုး'
ချန်ချင်းယွီ စကားထပ်ပြောရန် ပြင်နေသည်ကို မြင်သည်နှင့် သူက အလျင်အမြန်ပင် ဖြတ်ပြောလိုက်၏။
"ကဲ... မင်းပြောခဲ့တဲ့ အချက်အလက်တွေထဲမှာ မှားနေတာရှိလား ပြန်စစ်ကြည့်လိုက်ဦး။ မရှိရင်တော့ ပြန်လို့ရပါပြီ။"
"ဟင်... ဪ... ဟုတ်ကဲ့"
ချန်ချင်းယွီ ပြန်ပြောပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်ပြန်သည်။
"ဒါနဲ့ ကျွန်မ ယောက္ခမကြီးကရောရှင့်..."
ခေါင်းဆောင်ဝမ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားကာ
"မင်းယောက္ခမကတော့ အခုထိ မပြန်ဘူးလို့ ဇွတ်လုပ်နေတယ်။ အခြေအနေ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ချင်သေးတယ်တဲ့"
'ဒါ တကယ်ကို ဘယ်လိုလူစားမျိုးပါလိမ့်… ကျုပ်လည်း မပြောတတ်တော့ပါဘူးဗျာ’
သူ စဉ်းစားမိသည်။ အကယ်၍ တခြားလူသာဆိုလျှင် သူ အော်ဟစ်မောင်းထုတ်လိုက်မိမှာ ကြာလှပြီသာ..
သို့သော် ဤအဘွားကြီးမှာ ဒုက္ခသည် လင်းကျန့်ဝမ်၏ မိခင်ဖြစ်နေသလို၊ ယနေ့ဖြစ်ရပ်မှာလည်း မနေ့ကကိစ္စ၏ နောက်ဆက်တွဲဖြစ်နေသဖြင့် အဘွားကြီးကျောက် မပြန်လိုသရွေ့ သူလည်း ဇွတ်အတင်း မောင်းမထုတ်ရဲပေ။
‘မောင်းမထုတ်ရဲပါဘူးဗျာ… သူလို အဘွားကြီးက မိုးပေါ်ထိ လိုက် ပြဿနာရှာမဲ့သူမျိုး…’
ချန်ချင်းယွီ : "ရှင်... အမေက မပြန်ဘူးလား... အဲဒါဆို ကျွန်မလည်း မပြန်တော့ဘူး။ ဘာတွေဖြစ်မလဲဆိုတာ သိချင်တယ်..."
ခေါင်းဆောင်ဝမ် နားထင်ကိုဖိ၍ စိတ်ရှည်လက်ရှည်ဖြင့် ဖျောင်းဖျရတော့သည်။
"ဒီမှာ ကြည့်ပါဦး၊ အိမ်မှာ ကလေးလည်း ရှိသေးတယ်မလား။ ဒီမှာက လူတွေအများကြီးနဲ့ ရှုပ်ယှက်ခတ်နေတာ… ကလေးနဲ့ ဒီမှာနေရတာ အဆင်မပြေပါဘူး။ တကယ်တော့ မိသားစုထဲက တစ်ယောက်နေခဲ့ရင် ရနေတာပဲ။ ဘာပဲဖြစ်ဖြစ် မင်းတို့က တစ်အိမ်တည်းသားတွေပဲဟာ၊ သူ အိမ်ပြန်လာရင် ပြောပြမှာပေါ့။ နောက်ပြီး မိုးလည်း ချုပ်တော့မယ်… ကလေးအတွက် ထမင်းဟင်းပြင်ပေးရဦးမှာမလား.. ဘာပဲဖြစ်ဖြစ် ဘဝကတော့ ဆက်လျှောက်ရမှာပဲ။ မင်းတို့ ကောင်းကောင်းမွန်မွန် နေထိုင်တာကို မြင်ရမှ လင်းကျန့်ဝမ်လည်း စိတ်အေးရမှာပေါ့၊ ဟုတ်တယ်မလား..."
ထိုစကားကြောင့် ချန်ချင်းယွီ၏ မျက်နှာအမူအရာမှာ ပျော့ပြောင်းသွား၏။ သူမ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ရှင်ပြောတာ မှန်ပါတယ်၊ သတိပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။"
"မပြောပါနဲ့ဗျာ... လင်းကျန့်ဝမ်ကိစ္စအတွက်လည်း မပူပါနဲ့၊ ကျွန်တော် သေချာကိုင်တွယ်ပေးပါ့မယ်။ သူက အရင်တုန်းက ကျွန်တော်တို့ လုံခြုံရေးဌာနကို သူခိုးဖမ်းပေးဖူးတော့ ကျွန်တော်တို့အားလုံးက သူ့ကို ညီအစ်ကိုတစ်ယောက်လို သဘောထားကြတာပါ"
ခေါင်းဆောင်ဝမ် ပြောလိုက်၏။
ဤသည်မှာ အားနာ၍ ပြောခြင်းမျိုးမဟုတ်ဘဲ သူ အမှန်တကယ် ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံပိုင် စက်ရုံကြီးတစ်ခုမှ တန်ဖိုးကြီး သံမဏိများကို ခိုးယူခြင်းမှာ သာမန် သူခိုးဝါသနာအိုးများကဲ့သို့ မဟုတ်ဘဲ အလွန်ပင် ရဲတင်းပြီး အန္တရာယ်များလှသည်။ ထိုခေတ်က ဤသို့သော ပြစ်မှုမျိုးသည် ပြင်းထန်သော ပြစ်ဒဏ် သို့မဟုတ် သေဒဏ်အထိ ကျခံရနိုင်သဖြင့် သူခိုးများသည် လက်နက်ကိုင်ထားသည့် ဓားပြများကဲ့သို့ပင် ရက်စက်ကြ၏။ လင်းကျန့်ဝမ်သာ စတင်တွေ့ရှိ၍ အော်ဟစ်သတိမပေးခဲ့ပါက ထိုနေ့တွင် လူနှစ်ယောက်မက သေဆုံးသွားနိုင်ပေသည်။
ထိုသူခိုးများမှာ လွတ်မြောက်ရန်အတွက်ဆိုလျှင် လူသတ်ရန် ဝန်မလေးသူများဖြစ်၏။ လင်းကျန့်ဝမ်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ အတင်းလုံးထွေး သတ်ပုတ်ကာ တားဆီးထားနိုင်ခဲ့၍သာ လုံခြုံရေးများ အချိန်မီရောက်လာပြီး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်၌ တရားခံတစ်ဦးမှာ နေရာတင် ပစ်သတ်ခံခဲ့ရပြီး ကျန်သူများမှာလည်း နောက်ပိုင်းတွင် သေဒဏ်အစီရင်ခံခဲ့ကြရ၏။
ထိုကိစ္စမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သော်လည်း စက်ရုံအတွက် ဆုံးရှုံးမှုနှင့် ပေးဆပ်ခဲ့ရမှုများမှာ အမှန်
တကယ်ပင်။ ခေါင်းဆောင်ဝမ်နှင့် ထိုနေ့က ပါဝင်ခဲ့သော လုံခြုံရေးဝန်ထမ်းများမှာ လင်းကျန့်ဝမ်၏ စွန့်လွှတ်မှုကို အမြဲကျေးဇူးတင်နေကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် အဘွားကြီးကျောက် စက်ရုံတွင် အလုပ်လာဆင်းသည့်အခါတိုင်း လုံခြုံရေးဝန်ထမ်းများမှာ သူမကို ယဉ်ယဉ်ကျေးကျေးနှင့် ဖော်ဖော်ရွေရွေ ဆက်ဆံကြခြင်း ဖြစ်၏။
"စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဒါကို စောင့်ကြည့်နေပါတယ်။ မင်းတို့မိသားစုအတွက် ဘာကိစ္စပဲရှိရှိ လုံခြုံရေးဌာနက ကျွန်တော့်ဆီကို လာရှာလို့ရတယ်"
ခေါင်းဆောင်ဝမ် ထပ်လောင်းပြောဆိုလိုက်၏။
ချန်ချင်းယွီသည် ခေါင်းဆောင်ဝမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
သူသည် ဘက်လိုက်သည်ဟု အပြောမခံရစေရန် စကားကို ထိန်းပြောနေသော်လည်း "ဒီလိုလူတွေ စက်ရုံရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတာကို ကျွန်တော်တို့ ခွင့်မပြုပါဘူး၊ လူကြီးတွေကလည်း တရားမျှတပါတယ်" ဟူသော အတွင်းသဘောကို ချန်ချင်းယွီ နားလည်နိုင်မည်ဟု သူ ယုံကြည်၏။ ချန်ချင်းယွီသည် အနည်းငယ် ထူးဆန်းသူဟု ထင်ရသော်လည်း အထက်တန်းကျောင်းဆင်း တစ်ယောက်ဖြစ်သဖြင့် ဤစကား၏ အနက်အဓိပ္ပာယ်ကို သဘောပေါက်လိမ့်မည်ဟု သူ ယူဆထားသည်။
သူ ထင်သည့်အတိုင်းပင် ချန်ချင်းယွီမှာ ပို၍ပင် အံ့အားသင့်သွားပုံရသော်လည်း လျင်မြန်စွာပင် ခေါင်းညိတ်ပြကာ "အင်း... ဟုတ်ကဲ့" ဟု တိုးတိုးလေး ဆိုလာ၏။
သူမသည် ထိုင်နေရာမှ ထလိုက်ပြီး "ဒါဆို ကျွန်မ ပြန်တော့မယ်နော်" ဟု နှုတ်ဆက်လေသည်။
အဝေးမှနေ၍ ချန်ချင်းယွီ၏ ရိုးအအေးဆေးသည့် အမူအရာကို ကြည့်ကာ ယောက္ခမဖြစ်သူ အဘွားကြီးကျောက် စိတ်ထဲမှ ကျိတ်၍ တွေးနေမိ၏။
'ကြည့်စမ်း... အပြင်ပန်းမှာတော့ သိုးကလေးလို ငြိမ်ကုပ်နေပြီး အကွက်ထဲရောက်ရင်တော့ ရက်စက်လိုက်တာမှ လွန်ရော။ ဟင်း... ငါ ကျောက်တာ့ရာ တစ်ယောက်ပဲ နင့်ရဲ့ အရေခွံအစစ်ကို သိတာ… တကယ့်ကို မင်းသမီးရှုံးအောင် သရုပ်ဆောင်နိုင်တဲ့ မိန်းမ...'
တခြားလူများ ချန်ချင်းယွီကို မည်သို့မြင်စေကာမူ သူမသည်ကား အမှန်တရားကို သိနေသည်။
'ဟို ချဲယုံချန်းနဲ့ သူ့မိန်းမ ကျောက်ခဲနဲ့ အပစ်ခံရတာကို ကြည့်ရုံနဲ့ သိသာနေတာပဲ..ဒါ ချန်ချင်းယွီ လက်ချက်ဆိုတာ သေချာတယ်၊တခြား ဘယ်သူမှ ဒီလောက် လက်ဖြောင့်မှာ မဟုတ်ဘူး...'
အဘွားကြီးကျောက်မှာ စိတ်ထဲတွင် ကျေနပ်အားရနေမိသည်။
'ခံရတာ ထိုက်တန်တယ်...'
အဘွားကြီးကျောက်မှာ မပြန်ဘဲ ဇွတ်နေခဲ့သော်လည်း ချန်ချင်းယွီမှာမူ ဖျောင်းဖျစကားကို နားထောင်ကာ ကလေးကိုချီ၍ အပြင်သို့ ထွက်လာခဲ့၏။
"ရှောင်ချန်၊ မင်း ပြန်တော့မလို့လား..."
"အထဲမှာ ဘာတွေမေးနေကြလဲ..."
"မင်းယောက္ခမကရော ဘယ်မှာလဲ..."
အပြင်သို့ ရောက်သည်နှင့် စုရုံးနေသူများ ဝိုင်းမေးကြသည်။ ချန်ချင်းယွီ လေသံအေးအေးဖြင့်ပင် ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
"အမေက အခြေအနေကို စောင့်ကြည့်ဦးမယ်ဆိုလို့ ကျန်ခဲ့တာပါ။ ကျွန်မကတော့ ကလေးကို အိမ်သာခေါ်သွားရင်းနဲ့ပဲ တစ်ခါတည်း ပြန်တော့မလို့။ သူတို့က အခြေအနေတွေပဲ မေးနေတာပါ၊ ကျွန်မက ဘာမှလည်း မသိတော့ ဒီမှာနေလည်း ဘာမှမထူးပါဘူး"
"အေးလေ... အရှုပ်တွေကလည်း များလိုက်တာ။ ကလေးကို မထိတ်လန့်အောင် ပြန်တာပဲ ကောင်းပါတယ်"
"ဪ... ဒါနဲ့ မင်း အိမ်ပြန်လမ်းမှာ ငါ့မိသားစုဝင်တွေကို တွေ့ရင် ပြောပေးပါဦး။ ငါ ဒီမှာ ပွဲကြည့်... အဲ... သက်သေအဖြစ် စောင့်နေတယ်လို့။"
"ငါ့လူတွေကိုလည်း တွေ့ရင် ပြောပေးပါဦးနော်။"
ချန်ချင်းယွီသည် သူမအား မှာကြားနေသူ တစ်ဦးချင်းစီကို ခေါင်းညိတ်ပြရင်း
"ဟုတ်ကဲ့၊ ကျွန်မ ပြောပေးပါ့မယ်"
လူအုပ်ကြီးဆီမှ မှာတမ်းခြွေသံများကို နားထောင်ရင်း ချန်ချင်းယွီသည် ကလေးကိုပွေ့ကာ စက်ရုံဝင်းအတွင်းမှ တည်ငြိမ်စွာ ထွက်ခွါလာခဲ့သည်။
သူမသည် ကလေးကိုပွေ့ချီကာ အပြင်သို့ ထွက်လာခဲ့၏။ ထိုအခါ ရှောင်ကျားမှာ လှမ်းမေးကာ
"မေမေ... သားတို့ ပွဲမကြည့်တော့ဘူးလား..."
ထိုကလေးငယ်မှာ အခြေအနေများကို စိုးစဉ်းမျှပင် ကြောက်ရွံ့ပုံမပေါ်ပေ။
"မကြည့်တော့ဘူး သားရဲ့။ မင်းအဘွား အဲဒီမှာ ရှိနေတာပဲ၊ တို့တွေ ဆက်နေဖို့ မလိုတော့ဘူး"
ချန်ချင်းယွီ ဖြေလိုက်၏။
ဤကဲ့သို့ လူအများအပြား ရှိနေသည့်နေရာမျိုးတွင် ထူးထူးခြားခြား တစ်ခုခုလုပ်ရန်မှာ မလုံခြုံလှပေ။ ထို့ကြောင့် ချန်ချင်းယွီသည် သူမ၏ "ပုံမှန်အတိုင်း နူးညံ့အေးဆေးသူ" ဟူသော ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းရင်း ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ အလုပ်ဆင်းချိန် မဟုတ်သေးသဖြင့် လမ်းမပေါ်တွင် လူသိပ်မရှိသေးပေ။ အကယ်၍ အလုပ်ဆင်းချိန်နှင့်သာ တိုးလျှင် စက်ရုံမှ အထွက် လမ်းမကြီးတစ်ခုလုံး လူအုပ်ကြီးနှင့် ပြည့်နှက်နေမည်မှာ သေချာ၏။ ဤရပ်ကွက်အတွင်းရှိ လူအများစုမှာ စက်ရုံအလုပ်သမားများသာ မဟုတ်လော့။
အိမ်အပြန်လမ်းတွင် သူမတို့ နေထိုင်ရာ ဝင်းအတွင်း၌ လူအနည်းငယ်ကိုသာ တွေ့ရတော့သည်။ အားသည့်သူမှန်သမျှမှာ ပွဲကြည့်ရန် စက်ရုံသို့ သွားကုန်ကြပြီ ဖြစ်၏။
ရှေ့ဝင်းမှ အဘွားကြီးဝမ်သည် ချန်ချင်းယွီကို မြင်သည်နှင့် လှမ်းဆွဲကာ အခြေအနေအရပ်ရပ်ကို မေးမြန်းတော့သည်။ အဘွားကြီးဝမ်မှာ ကလေးသုံးယောက်ကို ထိန်းနေရသဖြင့် စက်ရုံသို့ သွားကြည့်ချင်သော်လည်း သွား၍မရဘဲ ဖြစ်နေရှာ၏။ ထို့ကြောင့် အပြန်လမ်းတွင် တွေ့ရသည့် ချန်ချင်းယွီကို အလွတ်မပေးတော့ဘဲ အတင်းမေးမြန်းနေတော့သည်။
အမျိုးသမီးနှစ်ဦး အတန်ကြာ စကားပြောဆိုပြီးမှ အဘွားကြီးဝမ်မှာ ချန်ချင်းယွီကို ပြန်ခွင့်ပေးလိုက်၏။
ချန်ချင်းယွီ လှည့်ကြည့်လိုက်သောအခါ သူမ၏ ကလေးနှစ်ယောက်မှာ နာ့နာတို့ ညီအစ်မ သုံးယောက်နှင့် စုရုံးကာ အာပေါင်အာရင်းသန်သန်ဖြင့် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ အမြဲတမ်း ချွဲနွဲ့တတ်သည့် သမီးငယ်လေးမှာပင် ယခုအခါ လက်ဟန်ခြေဟန် အပြည့်ဖြင့် အစ်ကိုဖြစ်သူနှင့်အတူ အားတက်သရော သရုပ်ဖော်ပြနေလေ၏။
"ဒီလိုလေ... ဒီလိုကြီး... သူတို့က ဒီလိုကြီး ချကြတာ"
ရှောင်ကျား ဆိုလိုက်သည်။
"ဒါတင်မကဘူး... ဒီလိုမျိုး ဆံပင်တွေလည်း ဆွဲကြသေးတယ်၊ ပြီးတော့ ပါးတွေကိုလည်း တဖြတ်ဖြတ်နဲ့ ရိုက်တာ၊ မျက်နှာကိုပဲ ရွေးရိုက်တာနော်..."
ရှောင်ယွမ်သည်လည်း ဝင်ရောက်အားဖြည့်လိုက်၏။
နာ့နာတို့ ညီအစ်မ သုံးယောက်မှာလည်း (အငယ်ဆုံးလေးကတော့ ဘာမှနားမလည်သေးသော်လည်း) ထိုင်ခုံလေးပေါ်တွင် အတူထိုင်ကာ စိတ်ဝင်တစား နားထောင်နေကြသည်။
ချန်ချင်းယွီမှာတော့ ထိုမြင်ကွင်းကို ကြည့်၍ ….
"..."
သောက်ကျိုးနည်း ကလေးတွေပါလား…
သူမသည် အဘွားကြီးဝမ်ကို ပြန်ကြည့်လိုက်ရာ အဘွားကြီးဝမ်မှာ ပွဲကြည့်ချင်လွန်းသဖြင့် ခေါင်းကို တကုတ်ကုတ်လုပ်ကာ ဂနာမငြိမ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ဒေါ်လေးဝမ်... ကျွန်မကို ယုံရင် နာ့နာတို့ ညီအစ်မတွေကို ရှောင်ကျားတို့နဲ့ လွှတ်ထားလိုက်ပါ။ ဒေါ်လေး သွားကြည့်ချင်ရင် သွားကြည့်လိုက်လေ။ အားလုံး စက်ရုံမှာ စုနေကြတာဆိုတော့ တော်တော်နဲ့ ပြီးဦးမှာ မဟုတ်ဘူး"
ချန်ချင်းယွီ အကြံပေးလိုက်သည်။
"ယုံတာပေါ့ အေး... မယုံစရာ ဘာရှိမလဲ။ ငါ ညည်းကို လုံးဝယုံပါတယ်။ အဲဒီကလေး သုံးယောက်ကို ညည်းဆီမှာပဲ အပ်ခဲ့မယ်။ ငါ့ချွေးမလည်း မကြာခင် အလုပ်ဆင်းလာတော့မှာဆိုတော့ သူပြန်လာမှပဲ ကလေးတွေကို လာခေါ်ခိုင်းလိုက်တော့မယ်။ ငါ သွားပြီဟေ့..."
အဘွားကြီးဝမ်၏ လှုပ်ရှားမှုမှာ အံ့မခန်း မြန်ဆန်လှပြီး ပျံထွက်သွားသလားပင် ထင်မှတ်ရသည်။
ချန်ချင်းယွီ : "..."
အမှန်တကယ်တွင် အဘွားကြီူဝမ်သည် ဝင်းထဲတွင် စကားပြောနေရင်း သတင်းကြားသည်နှင့် အပြေးထွက်သွားခဲ့ခြင်း ဖြစ်၏။ သို့သော် သူမတွင် ထိန်းရမည့် ကလေးမှာ သုံးယောက်တောင် ဖြစ်နေသဖြင့် ဝင်းထဲမှ ထွက်ထွက်ချင်းမှာပင် စိုးရိမ်စိတ်က ဝင်လာခဲ့သည်။ ကလေးသုံးယောက်ကို တစ်ယောက်တည်း မနိုင်နင်းနိုင်ပေ။ နာ့နာသည် ကလေးငယ်လေး မဟုတ်တော့သော်လည်း လူကြီးမျက်စိနှင့် ကြည့်လျှင်
ကလေးပင် ဖြစ်၏။ မူလတန်းပင် မတက်ရသေးသည့် ကလေးများကို လူအုပ်ကြားထဲ ခေါ်သွားပြီး ပွဲကြည့်ရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
အဘွားကြီးဝမ်မှာ သွားကြည့်ချင်သော်လည်း စိုးရိမ်စိတ်များ ရှိနေဆဲဖြစ်ရာ၊ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ကလေးများကို ပြန်ခေါ်လာရန် ဆုံးဖြတ်လိုက်သည်။ နှမြောစရာကောင်းသည်မှာ ထို့ကြောင့်ပင် သူမအနေဖြင့် အားလုံး စိတ်ဝင်စားနေသည့် ပွဲကြီးလမ်းကြီးကို လွဲချော်သွားခဲ့ရခြင်းပင် ဖြစ်၏။
တောက်… ပွဲကြီးပွဲကောင်း လွတ်သွားပြန်ပြီ…
…….
ချန်ချင်းယွီ ကလေးထိန်းပေးမည်ဟု ဆိုလိုက်သည်နှင့် အဘွားကြီးဝမ်တစ်ယောက် ဝမ်းသာအားရဖြင့် ခြေလှမ်းကျဲကြီးများဖြင့် သုတ်ခြေတင်ထွက်သွားတော့ရာ သူမ၏ခြေထောက်များမှာ ဘီးတပ်ထားသည့်အလား လျှင်မြန်လှပေသည်။
ဒုတိယဝင်းအတွင်း ကလေးများ ဆော့ကစားနေသည်ကို စောင့်ကြည့်ရင်း ချန်ချင်းယွီသည် တံခါးဖွင့်ကာ အိမ်ထဲသို့ ဝင်ခဲ့၏။ သူမသည် အဘွားကြီးဝမ်နှင့် အလွန်အမင်း ရင်းနှီးသည်မဟုတ်သော်လည်း ဝမ်မေ့လန်နှင့်မူ အတော်လေး အဆင်ပြေသည်။ ဝင်းထဲတွင် လူပေါင်းစုံရှိသည့်အနက် သူမသည် ဝမ်မေ့လန်ကို အတော်လေး ယုံကြည်သည့်အပြင် ယခင်နေ့၌ပင် သူမ၏ကလေးများကို ဝမ်မေ့လန်ထံ ခေတ္တအပ်ခဲ့ဖူး၏။
ထို့ကြောင့် ယခုကဲ့သို့ အကူအညီပြန်ပေးရသည်ကို သူမ ဝမ်းမြောက်နေမိသည်။ နာ့နာတို့ ညီအစ်မ သုံးယောက်ကို ကြည့်ပေးရသည်မှာလည်း သူမအတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ပေ။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အမြွှာများဖြစ်ကြရာ အမြွှာတို့၏ ထူးခြားချက်မှာ အနားတွင် တခြားကလေးများ မရှိလျှင်ပင် သူတို့အချင်းချင်း ကစားနိုင်ခြင်းပင်။ ထို့ကြောင့် နာ့နာတို့နှင့် အတူဆော့နေကြသော်လည်း အလွန်အကျွံ ရောနှောခြင်းမျိုးတော့ မရှိလှပေ။ တစ်ဖက်တွင်လည်း အဘွားကြီးဝမ်သည် သူမ၏မြေးမလေးများအား အဘွားကြီးကျောက်၏ မြေးများနှင့် အလွန်အကျွံ ရောနှောကစားသည်ကို သိပ်မကြိုက်လှပေ။ ကလေးများမှာ အကျင့်စာရိတ္တ လွှမ်းမိုးခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ဝင်းတစ်ခုတည်းတွင် နေ့တိုင်း မြင်တွေ့နေရသူများ ဖြစ်သဖြင့် ကလေးသဘာဝ ဆုံမိသည့်အခါတွင်မူ ပျော်ပျော်ပါးပါး ကစားနေကြဆဲပင်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့အတွက် ယနေ့မြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်မှာ ပထမဆုံးအကြိမ် ကြုံဖူးသည့် ပွဲကြီးလမ်းကြီးပင် ဖြစ်၏။ သူတို့နေထိုင်ရာ ဝင်းအတွင်း၌ ရံဖန်ရံခါ ဆူညံပွက်လောရိုက်တတ်သော်လည်း ယနေ့ကဲ့သို့ အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်မှုကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
မြင်ဖူးသမျှထဲတွင် အကြီးကျယ်ဆုံး ဖြစ်လေရာ ကလေးနှစ်ယောက်မှာ ကြောက်ရွံ့ခြင်းထက် စိတ်လှုပ်ရှားမှုကို ပိုမိုခံစားနေရသည်။ ပုံမှန်အားဖြင့် လူကြီးလေးများကဲ့သို့ အနေတည်တတ်ကြသော်လည်း ယခုမူ တစ်ယောက်က ရိုက်နှက်သည့်ပုံစံ၊ နောက်တစ်ယောက်က အော်ဟစ်သည့်ပုံစံများဖြင့် သရုပ်ဖော်ကာ အလွန်အမင်း တက်ကြွနေကြ၏။
ထိုမြင်ကွင်းကို ကြည့်၍ နာ့နာတို့ ညီအစ်မ သုံးယောက်မှာ ဘာပြောရမှန်းမသိဘဲ အံ့အားသင့်နေကြသည်။
'နှမြောစရာကြီး...'
နာ့နာသည် ထိုပွဲကြီးလမ်းကြီးကို လွဲချော်ခဲ့ရသဖြင့် အကြီးအကျယ် နောင်တရနေမိ၏။
'ငါတို့တွေ အိမ်ပြန်မလာခဲ့သင့်ဘူး၊ အဲဒီမှာပဲ ဆက်ကြည့်နေခဲ့ရမှာ...'
သူမ စိတ်ထဲမှ တွေးနေမိသည်။
"အဲဒီမှာ လူတွေအများကြီးပဲ၊ တို့ဝင်းထဲက လူတွေထက်တောင် အများကြီး ပိုများသေးတယ်... အရမ်းကို ကျပ်ညပ်နေတာပဲ..."
ရှောင်ကျား တရစပ်ပြောပြနေ၏။
"ဒီလိုလေ... သူတို့က တစ်ယောက်နဲ့တစ်ယောက် တွန်းကြထိုးကြနဲ့... လူတချို့ဆိုရင် မှောက်ရက်ကြီးတောင် လဲကျကုန်တာ..."
ရှောင်ယွမ်သည်လည်း ထပ်လောင်းပြောဆို၏။
"အမလေး... ဟုတ်လား..."
နာ့နာ အံ့ဩတကြီး မေးမြန်းရေရွတ်လိုက်မိသည်။
"သူတို့တွေ အော်ဟစ်ဆဲဆိုနေတာတွေကို သား သရုပ်ပြပေးမယ်... နားထောင်နော်..."
ကလေးများမှာ တစ်ယောက်တစ်ပေါက်ဖြင့် အားရပါးရ ပြောဆိုနေကြ၏။ ချန်ချင်းယွီက ထိုမြင်ကွင်းကိုကြည့်ကာ ရယ်မောမိပြီးနောက် အိမ်ထဲဝင်ခဲ့သည်။ ထမင်းဟင်းချက်ရန် ပြင်ဆင်နေစဉ် ပြတင်းပေါက်တွင် မှီ၍ ကလေးများပြောသမျှကို စိတ်ဝင်တစား နားထောင်ကာ တဟိဟိ ရယ်နေသည့် ရှီရှောင်ဝေကို တွေ့လိုက်ရ၏။
ချန်ချင်းယွီ: "..."
'နင်က အိမ်မှာ စာလုပ်နေရမှာ မဟုတ်ဘူးလား... စာကြည့်နေရင်းနဲ့ အာရုံများနေပြီပေါ့... စာမေးပွဲက နင့်ဖင်နား ကပ်နေပြီလေ'
ရှီရှောင်ဝေသည် စာလုပ်ရာတွင် ပျင်းရိနေဆဲဖြစ်ရာ သူ့မိခင် အစ်မကြီးဖန်မှာ စိတ်ပူလွန်းသဖြင့် နှုတ်ခမ်းတွင် အပူဖုများပင် ထွက်နေရသည်။ သို့သော် ချန်ချင်းယွီမှာ သူတို့ကိစ္စကို စိတ်မဝင်စားဘဲ မိမိအလုပ်ကိုသာ ဖိဖိစီးစီး လုပ်ကိုင်နေ၏။
စက်ရုံမှ အလုပ်ဆင်းချိန် ကျော်လွန်သွားသော်လည်း ဝင်းထဲသို့ မည်သူမျှ ပြန်မရောက်လာကြသေးပေ။ လူအတော်များများ သူမကို သတင်းပါးခိုင်းခဲ့သော်လည်း သူမအနေဖြင့် မည်သူ့ကိုမှ မပြောနိုင်သေးချေ။ လူတိုင်း စက်ရုံတွင် ပွဲကြည့်နေကြမည်ဟု သူမ ခန့်မှန်းလိုက်သည်။
ချန်ချင်းယွီ၏ ခန့်မှန်းချက်မှာ လုံးဝမှန်ကန်၏။
စိတ်ဝင်စားစရာ အရှုပ်တော်ပုံရှိနေမှတော့ ဘယ်သူက အလွတ်ခံပါ့မလဲ…
ရှီရှောင်ဝေပင်လျှင် ကလေးများပြောသည်ကို နားထောင်ပြီးနောက် မနေနိုင်တော့ဘဲ အိမ်တံခါးပိတ်ကာ အပြင်သို့ ထွက်သွားလေပြီ…မှောင်ရီပျိုးစပြုနေသော်လည်း ဝင်းအတွင်းသို့ မည်သူမျှ ပြန်မလာကြသေးပေ။ နွေရာသီဖြစ်သဖြင့် ညနေ (၇) နာရီ၊ (၈) နာရီခန့်မှသာ မှောင်တတ်သည်ဖြစ်သော်လည်း တစ်ဦးမှ ပေါ်မလာကြပေ။
ထိုအချိန်မှသာ ဝမ်မေ့လန်တစ်ယောက် ဝင်းထဲသို့ ပြန်ရောက်လာပြီး သူမ ကလေးများကို ပြန်လည်ခေါ်ဆောင်သွားရာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း မဝသေးသည့်အလား ခုန်ပေါက်ကာ ပြန်ဝင်လာကြ၏။
"လက်ဆေးကြဦး၊ တို့တွေလည်း ထမင်းစားရအောင်"
ချန်ချင်းယွီ မှာကြားလိုက်သည်။
"ဟုတ်ကဲ့ မေမေ~"
ဝင်းထဲတွင် လူရှင်းနေသည်မှာ ရှားပါးလှသဖြင့် ချန်ချင်းယွီသည် အသားဟင်းတစ်ခွက်ကို ခပ်သွက်သွက် ကြော်လိုက်ရာ ကလေးနှစ်ယောက်မှာလည်း အားရပါးရ စားသောက်ကြ၏။
"မေမေ... အသားက သိပ်စားလို့ကောင်းတာပဲ..."
"ဒါပေါ့ သားရဲ့... အသားက မကောင်းရင် ဘာက ကောင်းမှာလဲ..."
ချန်ချင်းယွီကိုယ်တိုင်လည်း အသားငါး ကြိုက်နှစ်သက်သူဖြစ်ပြီး ဟင်းသီးဟင်းရွက်ကို လုံးဝ မနှစ်သက်သူ ဖြစ်၏။ ကလေးနှစ်ယောက်မှာလည်း သူမနှင့် အတော်လေး တူလှပေသည်။
ထမင်းစားသောက်ပြီးနောက် ချန်ချင်းယွီသည် သက်ပြင်းတစ်ချက်ချကာ ရေရွတ်မိ၏။
"လက်ဖက်ရည်လေး တစ်ခွက်လောက် သောက်ရရင် သိပ်ကောင်းမှာပဲ"
ယခုခေတ်တွင် လက်ဖက်ရည်မှာ ရှားပါးပစ္စည်းဖြစ်သဖြင့် ဝယ်ယူရန် မလွယ်ကူလှပေ။ လူအများစုမှာ လက်ဖက်ခြောက်ကြမ်းလေး သောက်ရသည်ကိုပင် ကျေနပ်နေကြရသည်။ ချန်ချင်းယွီ နောက်တစ်ခါ မှောင်ခိုဈေးဘက် သွားသည့်အခါမှ ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်၏။
'ပိုက်ဆံရှိရင်တော့ ကိုယ့်ကိုယ်ကိုယ်အတွက် နှမြောမနေသင့်ဘူးလေ'
ထမင်းစားပြီးနောက် သူမသည် အိမ်ရှေ့တွင် ထိုင်ခုံလေးချကာ လေညင်းခံနေသည်။ ထိုစဉ် ဝမ်မေ့လန် ရောက်လာပြီး စကားစမြည် ပြောဆိုကြ၏။ ဝမ်မေ့လန်မှာ စက်ရုံတွင် အလုပ်လုပ်သူမဟုတ်သဖြင့် သတင်းအချက်အလက် မစုံလင်ရာ စပ်စုချင်စိတ်ဖြင့် မေးမြန်းလေသည်။
"ဒီနေ့ ဘာတွေဖြစ်ကုန်ကြတာလဲ..."
ချန်ချင်းယွီ : "အစ်မကလေးက မပြောပြဘူးလား..."
"ပြောတော့ ပြောပြပါတယ်၊ ဒါပေမဲ့ သူပြောတာက တကယ်ကြီး ဟုတ်ရဲ့လားလို့"
ဝမ်မေ့လန် ရယ်လျက် ဆို၏။
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"သူပြောတာတွေ အကုန်အမှန်တွေပဲ။ ဒီနေ့ ထူးထူးဆန်းဆန်းတွေ အများကြီး ဖြစ်ခဲ့တာ။ အခုထိတော့ စက်ရုံမှာ ဖြေရှင်းနေတုန်းပဲ ထင်တယ်။ ဒီနေ့တော့ တစ်ခုခု ဆုံးဖြတ်ချက် ထွက်လာလိမ့်မယ်။ မဟုတ်ရင် ဒီလိုမျိုး နေ့တိုင်း ရန်ဖြစ်နေကြတာ စက်ရုံအတွက်လည်း အရှက်ရစရာကြီးလေ။ ဒီအတိုင်းသာ ဆွဲထားရင် မနက်ဖြန်လည်း ထပ်ချကြဦးမှာပဲ"
ဝမ်မေ့လန်သည် ခဏမျှ စဉ်းစားကြည့်ပြီးနောက် ချန်ချင်းယွီ ပြောသည်မှာ ပြက်လုံးမဟုတ်ဘဲ အတော်လေး ယုတ္တိရှိကြောင်း သဘောပေါက်သွားသည်။ သူမသည် ဘာစကားမှ မဆိုနိုင်တော့ဘဲ အံ့ဩတကြီးဖြင့် ခေါင်းကိုသာ ခါယမ်းရင်း
"တကယ်ကို ရှုပ်လိုက်ကြတာ"
ထို့နောက် သူမသည် ချန်ချင်းယွီကို တစ်ချက်ခိုးကြည့်ကာ အကဲခတ်သည့် လေသံဖြင့် မေးလိုက်သည်။
"နင်ရော အဆင်ပြေရဲ့လား..."
ကြည့်ရသည်မှာ ချန်ချင်းယွီသည် ယခင်ကဲ့သို့ ဝမ်းနည်းပူဆွေးနေသည့်ပုံ မပေါ်တော့ပေ။ ထိုအချက်မှာ ဝမ်မေ့လန်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေ၏။
ချန်ချင်းယွီ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေကာ
"သူတို့တွေ ခွေးအချင်းချင်း ကိုက်နေကြတာပဲ၊ ကျွန်မက ဘာဖြစ်ရမှာလဲ... ကျွန်မကတော့ ဘေးကနေ ပွဲကြည့်နေရုံပါပဲ။"
"အေးလေ... အဲဒါလည်း ဟုတ်တာပါပဲ"
ဝမ်မေ့လန် ရေရွတ်လိုက်သည်။
"ဒါနဲ့ စကားမစပ်... နင့်ရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က တော်တော်လေး အရပ်ရှည်လာသလိုပဲနော်။"
"ကလေးတွေဆိုတာ ဒီလိုပါပဲ၊ လေတိုက်ရင်တောင် ကြီးလာကြတာပဲလေ။ ဝဝလင်လင် စားရရင်တော့ အကုန်လုံး အရပ်ရှည်လာကြတာပေါ့"
"ပျိုးပင်ကောင်းရင် အပင်မြင့်မှာပေါ့"
ဝမ်မေ့လန် ထောက်ခံလိုက်ပြီး သူမ စကားကို ခေတ္တရပ်လိုက်ပြီးနောက် နှမြောတသဟန်ဖြင့် မေးခွန်းထုတ်ပြန်၏။
"တကယ်တော့ နင် ဒီတစ်ခေါက် စာမေးပွဲအတွက် စာရင်းမသွင်းလိုက်တာ နှမြောစရာပဲ.. နင်က အထက်တန်းအောင်ထားတာပဲဟာ"
ချန်ချင်းယွီ : "ကျွန်မ ကျောင်းပြီးတာ နှစ်အတော်ကြာပြီလေ၊ အကုန်လုံးနီးပါးလည်း မေ့ကုန်ပါပြီ"
"ဒါပေမဲ့ နင်က တခြားလူတွေထက် အများကြီး သာပါသေးတယ်။ အထက်တန်းအဆင့်အထိ တက်ခဲ့ရတာပဲလေ"
ဝမ်မေ့လန် သူမအတွက် တကယ်ကို နှမြောပေးနေရှာသည်။
ချန်ချင်းယွီ: "..."
သူမ စိတ်ထဲတွင်တော့ ငိုချင်စိတ်ပင် ပေါက်သွား၏။
အားကစားထူးချွန်သူတစ်ယောက်အနေဖြင့် စာပေပညာရပ်များကို သူမ တကယ်ပင် မနိုင်နင်းလှချေ။
ကျွန်မက အားကစားအထူးပြုကျောင်းသူပါရှင်… စာမြင်ရင် ကျွန်မလည်း ခေါင်းကိုက်ပါတယ်…
"ကလေးတွေ မူကြိုစတက်နိုင်တဲ့အထိတော့ စောင့်ရဦးမှာပါ။ နောက်ထပ် နှစ်နှစ်လောက်ဆိုရင်တော့ အချိန်က မြန်မြန်ကုန်သွားမှာပါ"
ချန်ချင်းယွီ ဆိုပြီးနောက် စပ်စုလိုသောစိတ်ဖြင့်
"ဒါနဲ့ အစ်မဝမ်ကရော ဘာလို့ ကလေးတွေကို ကျောင်းမပို့သေးတာလဲ... အာ့နာနဲ့ စန်းနာတို့က ငယ်သေးတယ်ဆိုပေမဲ့ နာ့နာကတော့ အရွယ်ရောက်နေပြီ မဟုတ်လား..."
"ငါ့ယောက္ခမကတော့ သိုးတစ်ကောင်ကျောင်းကျောင်း၊ နှစ်ကောင်ကျောင်းကျောင်း အတူတူပဲတဲ့။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် သူပဲ ထိန်းပေးမယ်လို့ ဇွတ်ပြောနေတာ။ ဘာပဲဖြစ်ဖြစ် မူကြိုမှာက ဘာမှသိပ်သင်တာ မဟုတ်ဘူးလေ။ မူလတန်းမတက်ခင် နောက်ဆုံး ခြောက်လလောက်မှ ကျောင်းနဲ့ အသားကျအောင် ပို့လိုက်ရင် ရပါပြီ။ ဒီလို အသေးအဖွဲလေးတွေနဲ့ သူ့ကို စကားမများချင်ပါဘူး… နည်းနည်းနောက်ကျမှ ကျောင်းတက်တာကလည်း မဆိုးပါဘူး"
သူမသည် စကားကို ခေတ္တရပ်ကာ အသံကိုနှိမ့်၍ တိုးတိုးလေး ဆက်ပြောသည်။
"ကျောင်းနောက်ကျမှတက်ရင် ကျောင်းပြီးတာလည်း နောက်ကျမယ်လေ..အဲဒါဆိုရင် ကျေးလက်ကို အလုပ်ဆင်းဖို့ မြန်မြန်ကြီး သွားစရာမလိုတော့ဘူးပေါ့။ သူ့ကို ကျောင်းနောက်ကျမှထားပြီး ကျောင်းပြီးတာနဲ့ အိမ်ထောင်ပြုရမယ့် အရွယ်ရောက်အောင်ပဲ တွက်ထားတာ… ကျေးလက်မှာ သွားပြီး ဒုက္ခခံရတာထက်စာရင် အိမ်ထောင်မြန်မြန်ပြုလိုက်တာကမှ သူ သက်သာဦးမယ်"
ချန်ချင်းယွီသည် ဝမ်မေ့လန်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
ဝမ်မေ့လန်သည် သူမ၏စကားများအတွက် ချက်ချင်းပင် နောင်တရသွားဟန်ရှိသည်။ ဤကဲ့သို့သော "ကျေးလက်ဆင်းရေး" မူဝါဒအကြောင်းကို ပေါ့ပေါ့တန်တန် မပြောသင့်ပေ။ သူမ နေရခက်စွာ ပြုံးပြလိုက်ရာ ချန်ချင်းယွီသည်လည်း သူမ၏ ခံစားချက်ကို နားလည်ပေးလိုက်၏။
လူအများရှေ့တွင် မည်မျှပင် လှပအောင် ပြောဆိုနေကြပါစေ၊ လက်တွေ့တွင်မူ မည်သူမှ မိမိသားသမီးကို ကျေးလက်သို့ မပို့ချင်ကြပေ။ ၁၉၇၀ ပြည့်လွန်နှစ်များ အကုန်တွင် ဤမူဝါဒ ပယ်ဖျက်ခံရမည်ကို ထိုစဉ်၌ မည်သူမျှ မသိနိုင်ကြချေ။ အနာဂတ်ကို မမြင်နိုင်ကြသဖြင့် ဝမ်မေ့လန်ကဲ့သို့ မိခင်တစ်ဦးမှာ သမီးဖြစ်သူ၏ အနာဂတ်အတွက် ငယ်စဉ်ကတည်းက ကြိုတင်တွေးတောနေခြင်းမှာ အဆန်းမဟုတ်ပေ။
ချန်ချင်းယွီ ဖျောင်းဖျစကား မဆိုမိပေ။ သူမ သမီးအတွက် တွေးနေခြင်းဖြစ်ရာ ဘာပြောနိုင်ပါ့မည်နည်း။ "ငါ အနာဂတ်ကို သိတယ်၊ ကျောင်းစောစောပို့လိုက်" ဟု ပြောလျှင်လည်း သူမကို စိတ်ရူးပေါက်ကာ ရည်ရွယ်ချက်ဆိုးရှိသူဟု ထင်ကြပေလိမ့်မည်။ ထို့ကြောင့် သူမ နှုတ်ဆိတ်နေလိုက်၏။
"နင့်ရဲ့ ကလေးနှစ်ယောက်ကရော အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ..."
ဝမ်မေ့လန် လှမ်းမေးလိုက်သည်။
"ဖြစ်သလိုပဲပေါ့။ ကံကောင်းရင် ကျောင်းပြီးတာနဲ့ အလုပ်ချက်ချင်း ရချင်ရမှာပေါ့"
ချန်ချင်းယွီ ပြန်ဖြေ၏။
ဝမ်မေ့လန်: "..."
'ဒါကတော့ အိပ်မက်ယောင်နေတာပဲ... ဒီခေတ်မှာ အလုပ်တစ်ခုရဖို့ ဘယ်လောက်ခက်တယ်ဆိုတာ နင်မသိလို့ပါ… ဒါက ပေကျင်းမြို့တော်ကြီးလေ၊ အလုပ်ရဖို့က ပိုတောင် ခက်သေးတယ်'
သို့သော် ဝမ်မေ့လန်သည် စိတ်ပျက်စရာ စကားများကို ထုတ်မပြောဘဲ တခြားကိုသာ ရေရွတ်လိုက်၏။
"ဒီနှစ် တို့ဝင်းထဲက လူငယ်တွေထဲမှာ ဘယ်နှစ်ယောက်များ ဒီမှာ ကျန်ခဲ့မလဲ မသိဘူးနော်"
"မသိနိုင်ဘူးလေ"
ချန်ချင်းယွီ ပြန်ဖြေလိုက်သည်။ ဤသည်မှာ တကယ်ပင် မရေရာသည့် ကိစ္စဖြစ်၏။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ယွမ်ရှောင်ချွေသည် ထိတ်လန့်တကြား ပုံစံဖြင့် ဝင်းထဲသို့ ပြေးဝင်လာသည်။ သူမ၏ လက်မောင်းတွင် သွေးများ စွန်းထင်းနေသည်ကို တွေ့လိုက်ရသဖြင့် ချန်ချင်းယွီနှင့် ဝမ်မေ့လန်တို့မှာ မျက်လုံးပြူးသွားကြ၏။ ယွမ်ရှောင်ချွေသည် သူတို့ကြည့်နေသည်ကို မြင်သောအခါ ပို၍ ထိတ်လန့်သွားပြီး လမ်းမှာ ခလုတ်တိုက်ကာ မှောက်ရက်လဲကျသွားတော့သည်။
ချန်ချင်းယွီက သူမကို အမြန်ပြေးထူလိုက်ကာ
"ဘာဖြစ်တာလဲ... အမြန်ထပါဦး၊ ဘာတွေဖြစ်လာတာလဲ..."
ယွမ်ရှောင်ချွေသည် ထိန်းမနိုင်သိမ်းမရ ငိုချလိုက်ပြီး
"ဝါး... ကျွန်မ လူသတ်မိပြီ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး၊ ဟီး... ဟီး... တကယ်ပါ၊ ကျွန်မ လူသတ်မိပြီ၊ ဘာလုပ်ရမလဲ..."
"ဟင်..."
ချန်ချင်းယွီနှင့် ဝမ်မေ့လန်တို့မှာ လန့်ဖျပ်သွားကြ၏။ ကလေးများမှာလည်း ဆော့နေရာမှ ရပ်တန့်ကာ ယွမ်ရှောင်ချွေကို အံ့ဩတကြီး ကြည့်နေကြသည်။
"မငိုပါနဲ့ဦး... ဘာဖြစ်တာလဲဆိုတာ သေချာပြောပြပါဦး..."
ချန်ချင်းယွီ ယွမ်ရှောင်ချွေကို ဖျောင်းဖျလိုက်၏။
"တကယ်လို့ လူသတ်မိတာဆိုရင်တောင် ထွက်ပြေးနေလို့ မရဘူးလေ၊ စောစောစီးစီး သိကြမှာပဲ။ အခုချက်ချင်း အဖမ်းခံတာ ပိုကောင်းတယ်။ ဘယ်သူ့ကို သတ်မိတာလဲ..."
ယွမ်ရှောင်ချွေ ရှိုက်ကြီးတငင်ဖြင့်
"ကျောက်ရုံကိုပါ။ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။ သူက သိပ်ယုတ်မာလွန်းလို့ ကျွန်မက တွန်းလိုက်ရုံတင်ပါ။ ဒါပေမဲ့ သူက နံရံနဲ့ ဆောင့်မိပြီး ခေါင်းက သွေးတွေ အများကြီး ထွက်လာတာ။ သူက လုံးဝ မလှုပ်တော့ဘူး။ ကျွန်မ အရမ်းကြောက်လို့ ဒီကို ပြေးလာတာ၊ ဟီး..."
ဤစကားကို ကြားသောအခါမှ ချန်ချင်းယွီ သက်ပြင်းချနိုင်တော့သည်။
"မငိုပါနဲ့ဦး... ခေါင်းဆောင့်မိပြီး သွေးထွက်ရုံနဲ့တော့ လူတစ်ယောက်က ချက်ချင်း မသေနိုင်ပါဘူး။ အဲလောက်ကြီး မပြင်းထန်လောက်ပါဘူး မဟုတ်ဘူးလား အစ်မဝမ်..."
ဝမ်မေ့လန်မှာလည်း အလျင်အမြန် ထောက်ခံလိုက်၏။
"ဟုတ်တယ်၊ ဟုတ်တယ်..."
"သူ အခု ဘယ်မှာလဲ... တို့တွေ အမြန်သွားကြည့်ရအောင်၊ ဆေးရုံပို့ဖို့ လိုရင်လည်း ပို့ရမယ်။ နင်တို့က မိသားစုဝင်တွေပဲဟာ၊ သိပ်မပြင်းထန်ဘူးဆိုရင် စကားကောင်းကောင်းပြောရင် သူ ခွင့်လွှတ်မှာပါ။ တကယ်လို့ ပြင်းထန်တယ်ဆိုရင်လည်း ပိုတောင် အမြန်ဖြေရှင်းရမှာပေါ့။ ထွက်ပြေးနေလို့တော့ မရဘူး"
ယွမ်ရှောင်ချွေ : "ဟို လမ်းကြားထဲက အိမ်သာဝင်ပေါက်နားမှာ..."
"အစ်အဝမ်... သူ့ကို ခေါ်သွားလိုက်ပါ။ ကျွန်မကတော့ ကလေးတွေကို ကြည့်ရမှာမို့လို့ ဒီမှာပဲ နေခဲ့မယ်။ တစ်ခုခုဆိုရင် ကျွန်မကို လှမ်းခေါ်လိုက်နော်၊ ကျွန်မ ဒီတံခါးဝကနေပဲ စောင့်ကြည့်နေမယ်"
ချန်ချင်းယွီ ဆိုလိုက်၏။
သူမသည် ဝမ်မေ့လန်ကို ယွမ်ရှောင်ချွေနှင့် ပတ်သက်၍ သတိထားရန် မျက်ရိပ်ပြလိုက်ရာ ဝမ်မေ့လန်သည်လည်း နားလည်သဖြင့် ခေါင်းညိတ်ပြသည်။
ယွမ်ရှောင်ချွေမှာ "ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး..." ဟု တတွတ်တွတ် ငိုယိုနေဆဲဖြစ်၏။
"ဘာမှ ထပ်မပြောနဲ့တော့၊ သွားကြည့်ရအောင်။ ခေါင်းနည်းနည်း ဆောင့်မိရုံနဲ့တော့ အသက်မသေပါဘူး၊ လာသွားမယ်"
ဝမ်မေ့လန် ပြောဆိုကာ ခေါ်ထုတ်သွားသည်။
ယွမ်ရှောင်ချွေသည် ကြောက်လန့်တကြားဖြင့် ဝမ်မေ့လန်နောက်မှ လိုက်ပါသွားရင်း တုန်တုန်ယင်ယင် မေးနေရှာ၏။
"သူ တကယ်မသေဘူးနော်..."
ဝမ်မေ့လန်တို့ ဂိတ်ပေါက်ဝမှ အနည်းငယ် ထွက်လိုက်သည်နှင့် ကျောက်ရုံတစ်ယောက် ခေါင်းကို ဖိထားရင်း လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူမ အမှန်တကယ် အဆင်ပြေနေသည်ကို မြင်မှ ဝမ်မေ့လန် သက်ပြင်းချနိုင်တော့၏။
"မမကျောက်... အဆင်ပြေရဲ့လား..."
ကျောက်ရုံသည် ခေါင်းဆောင့်မိထားသဖြင့် နာကျင်နေပုံရသည်။ သူမသည် ခေါင်းကို လက်ဖြင့် ဖိထားရင်း ဘာမှပြန်မပြောဘဲ ယွမ်ရှောင်ချွေကို အဆိပ်ပြင်းသော မျက်လုံးများဖြင့် စိုက်ကြည့်
လိုက်ကာ ဟိန်းဟောက်လိုက်၏။
"နင်... နင်က ငါ့ကို သတ်ဖို့ ကြံနေတာလား..."
ထို့နောက် သူမသည် ယိုင်တိုင်တိုင်ဖြင့် ဆက်လျှောက်ရန် ပြင်လိုက်၍ ဝမ်မေ့လန် သူမကို အမြန်ပြေးကူရသည်။ တံခါးဝတွင် ရပ်နေသော ချန်ချင်းယွီသည်လည်း အခြေအနေကို မြင်လိုက်ရသဖြင့် စိတ်အေးသွားတော့သည်။ အကယ်၍ ကျောက်ရုံသာ တကယ် တစ်ခုခု ဖြစ်သွားလျှင် အမှုကြီး ပတ်တော့မည် မဟုတ်လော့…
မည်သည့်ခေတ်တွင်မဆို အသက်အန္တရာယ်နှင့် ပတ်သက်လာလျှင် လူတိုင်း စိုးရိမ်တကြီး ဖြစ်ကြရသည်မှာ ဓမ္မတာပင် ဖြစ်၏။
ဝမ်မေ့လန်သည်လည်း ထိုအတိုင်းပင် တွေးနေမိသည်။ ကျောက်ရုံ အခြေအနေကောင်းသည်ကို မြင်ရမှ စိတ်အေးသွားပြီး ခပ်သွက်သွက် ဆိုလိုက်သည်။
"မမကျောက် နဖူးက သွေးထွက်နေတုန်းပဲ။ ဆေးရုံကို အမြန်သွားပြီး ပတ်တီးအရင် စည်းလိုက်ဦး။ ကျန်တာတွေ နောက်မှအေးအေးဆေးဆေး ပြောကြတာပေါ့"
ကျောက်ရုံသည်လည်း မိမိအခြေအနေကို သိရှိပြီးဖြစ်ရာ ယိုင်တိုင်တိုင်ဖြင့် တိုးတိုးလေး ဆိုသည်။
"ဒါဆို... တို့ကို ကူညီပါဦး..."
ဝမ်မေ့လန် : "ရပါတယ်၊ လာ... ကျွန်မလိုက်ပို့ပေးမယ်"
ဝင်းတစ်ခုတည်းသားချင်း ဖြစ်သဖြင့် ကူညီရသည်မှာ ဓမ္မတာပင်။ ထို့ပြင် ဝမ်မေ့လန်သည် ကျောက်ရုံအပေါ် အမြင်ကောင်းရှိသူဖြစ်ပြီး ကျောက်ရုံသည်လည်း ဝင်းအတွင်း လူချစ်လူခင် ပေါများသူတစ်ဦး ဖြစ်သည်။ ယွမ်ရှောင်ချွေမှာမူ ဘေးနားတွင် ခေါင်းငုံ့ကာ မဝံ့မရဲ ရပ်နေရရှာ၏။
ကျောက်ရုံသည် ယွမ်ရှောင်ချွေကို အငြိုးတကြီး တစ်ချက်ကြည့်လိုက်ပြီးမှ သတိပြန်ဝင်လာကာ "သွားကြစို့" ဟု အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
သူမသည် ယွမ်ရှောင်ချွေကို ဘာလုပ်မည်ဟု ထုတ်မပြောသော်လည်း ယွမ်ရှောင်ချွေမှာ ကြောက်လန့်တုန်ရီနေပြီ ဖြစ်၏။ ပုံမှန်အားဖြင့် မောက်မာတတ်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမ အကြီးအကျယ် ကြောက်နေမိသည်။ သူမသည် အားငယ်စွာဖြင့် တစ်ယောက်တည်း ဝင်းထဲသို့ ပြန်ဝင်လာ၏။ ထိုအမူအရာကို မြင်သောအခါ ချန်ချင်းယွီ ဆိုလိုက်သည်။
"အိမ်ထဲ အရင်ဝင်နှင့်ဦး၊ နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
ယွမ်ရှောင်ချွေသည် မျက်နှာမော့လာပြီး အလောတကြီးရှင်းပြ၏။
"ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး၊ တကယ်ပါ..."
"ကောင်းပြီလေ... နင် တမင်လုပ်တာ မဟုတ်ဘူးဆိုပါတော့။ ဒါပေမဲ့ တမင်လုပ်တာဖြစ်ဖြစ်၊ မတော်တဆဖြစ်ဖြစ် အခုချိန်မှာ ဒါတွေပြောနေလို့ မထူးတော့ဘူး။ အရင်ဆုံး စိတ်အေးအေးထားပါဦး"
ချန်ချင်းယွီ ဖျောင်းဖျလိုက်၏။
ယွမ်ရှောင်ချွေသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း သူမ၏ ရင်ဖွင့်သံများကို ဘောင်ဘင်ခတ်အောင် ထုတ်ပြောတော့သည်။
"ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။ ဒီနေ့ စက်ရုံမှာ ဘာဖြစ်နေလဲဆိုတာ သွားကြည့်တော့ ကျောက်ရုံ ခိုးထွက်လာတာကို တွေ့လိုက်တာ။ တစ်ခုခု ထူးခြားနေတယ် ထင်လို့ သူ့နောက်ကို တောက်လျှောက် လိုက်သွားတာ။ သူက ပညာတတ်လူငယ်တွေရဲ့ရုံးကို သွားပြီး ကျွန်မနာမည်နဲ့ စာရင်းသွားသွင်းနေတာရှင့်။ ကျွန်မက အလုပ်အရမ်းကြိုးစားပြီး တိုင်းပြည်အတွက် အကျိုးပြုချင်တဲ့သူပါဆိုပြီး လျှောက်ပြောနေတာ။ အခက်ခဲဆုံးဖြစ်တဲ့ အနောက်မြောက်ဒေသကို ပို့ပေးပါဆိုပြီးတော့လေ။ သူက လူကို ဘယ်လိုသဘောထားတာလဲ... သူ ဘယ်လိုလုပ် ဒီလိုရက်စက်နိုင်ရတာလဲ... ကျွန်မ အရမ်းဒေါသထွက်သွားတာနဲ့ အဲဒီမှာပဲ သူ့ကို အတင်းဆွဲပြီး ရန်တွေ့ဆဲဆိုပစ်လိုက်တာ။ ရုံးကလူတွေက ကျွန်မကို ဝိုင်းပြီး ဝေဖန်ဖို့လုပ်နေကြတာနဲ့ ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြေးထွက်လာခဲ့တာ၊ ဟီး..."
ယွမ်ရှောင်ချွေသည် ကြောက်လန့်လွန်းသဖြင့် အကြောင်းစုံကို အကုန်ဖွင့်ချနေတော့သည်။
"ကျွန်မ ကျောက်ရုံကို အပြင်ဆွဲထုတ်လာပြီး အကြီးအကျယ် ရန်ဖြစ်ကြသေးတယ်။ ပြီးမှ လမ်းခွဲလာခဲ့တာ.. စိတ်ညစ်ညစ်နဲ့ ဟိုလျှောက်ဒီလျှောက်လုပ်နေပြီး ညနေမှ ပြန်လာတာ.. ဒါပေမဲ့ လမ်းကြားထဲမှာ ကျောက်ရုံနဲ့ ထပ်တိုးပြီး ရန်ထပ်ဖြစ်ကြပြန်ရော။ ကျွန်မ အရမ်းဒေါသထွက်သွားတာနဲ့ သူ့ကို တွန်းလိုက်မိတာ.. ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး၊ သူက တကယ်ကို ယုတ်မာလွန်းလို့..."
ချန်ချင်းယွီသည် ငြိမ်သက်စွာ နားထောင်ပြီးနောက်
"ဒါဆိုရင် နင် နောက်ထပ် ဘာလုပ်ဖို့ စိတ်ကူးထားလဲ..."
ယွမ်ရှောင်ချွေမှာ ဝေခွဲမရဖြစ်နေရှာ၏။
"မသိဘူး၊ ကျွန်မ တကယ်မသိတော့ဘူး။ ကျွန်မ ကျေးလက်ကို မသွားချင်ဘူး၊ ဘယ်လိုမှ မသွားချင်ဘူး..."
ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ ကလေးအနည်းငယ်မှလွဲ၍ မည်သူမျှ မရှိသည်ကို တွေ့ရသဖြင့် အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"နင် စက်ရုံမှာ ယာယီအလုပ်တစ်ခုရဖို့ စာမေးပွဲဖြေနိုင်ပါ့မလား... နင့်မှာ နေစရာနေရာရှိလား... နောက်ပြီး ကျောက်ရုံကိုရော နင် ရင်ဆိုင်နိုင်ပါ့မလား... နင် ဒီနေ့ ကျောက်ရုံကို လုပ်ခဲ့တဲ့ကိစ္စကြောင့် မနက်ဖြန်ဆိုရင် နင့်နာမည်က ပျက်စီးသွားတော့မှာ။ နင် အထင်ဆိုရင်ရော…ကျောက်ရုံကို နင်က အကွက်ဆင်တာက ပိုလွယ်မလား၊ ကျောက်ရုံက နင့်ကို အကွက်ဆင်တာက ပိုလွယ်မလား... နင် ဒီနေ့ စာရင်းမသွင်းလိုက်ရပေမဲ့ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါဆိုရင်ရော..."
ယွမ်ရှောင်ချွေမှာ ပို၍ပင် ထိတ်လန့်သွားကာ
"ကျွန်မ ဘာလုပ်ရမလဲ... ချန်ချင်းယွီ... ကျွန်မ ဘာလုပ်ရမလဲ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး၊ သူက အရမ်းဒေါသထွက်အောင် လုပ်တာလေ.. သူပြောတာက ကျွန်မက သူ့အိမ်မှာ စားသောက်နေပြီး ကျေးဇူးမသိတတ်တဲ့သူတဲ့.. ကျွန်မကို အခက်ခဲဆုံးနေရာကို ဇွတ်ပို့မယ်လို့လည်း ပြောသေးတယ်… ကျွန်မ အရမ်းဒေါသထွက်သွားလို့ တွန်းလိုက်မိတာပါ..."
ချန်ချင်းယွီသည် ယွမ်ရှောင်ချွေမှာ တကယ်ပင် ဉာဏ်မရှိသူဟု တွေးမိသည်။ ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင် ဘာကြောင့် တွန်းလိုက်မိသလဲဆိုသည်ကို တွေးတောပူပန်နေခြင်းမှာ အရေးကြီးသည့်အချက် မဟုတ်တော့ပေ။
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရလဒ်ကတော့ ဒီလိုဖြစ်သွားပြီလေ"
သူမအနေဖြင့် ယွမ်ရှောင်ချွေကို မည်သို့လုပ်ရမည်ဟု တိုက်ရိုက်မပြောနိုင်ပေ။ သူမ ညွှန်ကြားလိုက်လျှင် နောက်ပိုင်းတွင် သူမပါ အမှုပတ်နိုင်၏။ ထို့ကြောင့် သူမက စကားကို လှည့်၍ ပြောလိုက်သည်။
"အစ်မကျောက်နဲ့ နင့်ကြားက ပြဿနာကတော့ အတော်လေး ကြီးသွားပြီ။ ပြန်စေ့စပ်ဖို့ မလွယ်တော့ဘူး။ နင့်အနာဂတ်အတွက် နင် ပိုပြီး တွေးသင့်တယ်။ တော်သေးတာက အစ်မကျောက်က စိတ်ပုပ်တဲ့သူ မဟုတ်လို့ပေါ့… တကယ်လို့ သူကသာ စိတ်ထားမကောင်းတဲ့သူဆိုရင် လူမိုက်တွေငှားပြီး နင့်ကို အနိုင်ကျင့်ခိုင်းတာ ဒါမှမဟုတ် နင့်နာမည်ကို ဖျက်ဆီးပြီး လူတောမတိုးအောင် လုပ်လိုက်မှာ သေချာတယ်.. အခုခေတ်က ဒီလိုကိစ္စတွေမှာ အရမ်းစိစစ်တာဆိုတော့ နင်က ကျေးလက်ကို သာမန်သွားရမှာမဟုတ်ဘဲ ပြစ်ဒဏ်အနေနဲ့ အပို့ခံရမှာ.. အဲဒါဆိုရင် ပိုပြီးတော့တောင် ဆိုးဦးမယ်.. တကယ်လို့ သူကသာ ရက်စက်မယ်ဆိုရင် နင့်ကို နာမည်ဆိုးတစ်ခုခု တပ်လိုက်မှာပဲ… အဲဒီအခါ အခက်ခဲဆုံးနေရာကို ရောက်သွားရင်တောင် လူတိုင်းက နင့်ကို ဝိုင်းပြီး နှိပ်ကွပ်ကြလိမ့်မယ်။ တော်သေးတာက အစ်မကျောက်က အဲဒီလိုလူစားမျိုး မဟုတ်လို့ပေါ့..."
တကယ်တမ်း ကျောက်ရုံသည် လူကောင်းတစ်ယောက် မဟုတ်ပေ။ သူမသည် ယွမ်ရှောင်ချွေကို မိမိအကျိုးစီးပွားအတွက် အသုံးချခဲ့ပြီး၊ ထိုအကြံအစည် ပျက်သွားသောအခါ ယွမ်ရှောင်ချွေကို အခက်ခဲဆုံးဒေသဖြစ်သည့် အနောက်မြောက်ဘက်သို့ ဇွတ်အတင်း ပို့ဆောင်ရန် ကြိုးစားနေခြင်းမှာ သူမ၏ ရက်စက်မှုကို သက်သေပြနေ၏။
ချန်ချင်းယွီ၏ စကားမှာ "ကျောက်ရုံက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး" ဟု ဆိုနေသော်လည်း၊ အမှန်တကယ်တွင်မူ ကျောက်ရုံသည် ထိုသို့သော အောက်တန်းကျသည့် အပြုအမူမျိုးကို လုပ်ဆောင်နိုင်သူဖြစ်ကြောင်း ယွမ်ရှောင်ချွေအား သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းသာ ဖြစ်သည်။
"သူက အဲဒီလိုလူစားမျိုး မဟုတ်ဘူးလို့ ဘယ်သူပြောလဲ... သူက အဲဒီလိုလူစားမျိုး အစစ်ပဲ..."
ယွမ်ရှောင်ချွေ တုန်လှုပ်စွာဖြင့် ပြန်အော်သည်။
သူမသည် ချန်ချင်းယွီ ပြောပြသည့် ဖြစ်နိုင်ခြေများကို တွေးတောရင်း ကြောက်လန့်တုန်ရီနေမိ၏။
ယွမ်ရှောင်ချွေသည် အကြီးအကျယ် ထိတ်လန့်နေပြီဖြစ်သည်။ သူမအတွက် မြို့မှာ ဆက်နေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အလုပ်တစ်ခု ရရှိရန်သာ ဖြစ်၏။ သို့သော် ထိုအရာသည်လည်း မဖြစ်နိုင်လုနီးပါး ခက်ခဲလှပေသည်။
အချို့လူများမှာ အိမ်ထောင်ပြုခြင်းဖြင့် မြို့တွင် ဆက်နေနိုင်ကြသော်လည်း ယွမ်ရှောင်ချွေမှာမူ ထိုအရွယ်မရောက်သေးပေ။ သူမသည် အသက် ၁၈ နှစ်သာ ရှိသေးရာ အိမ်ထောင်ပြုရန်မှာ မဖြစ်နိုင်သေးချေ။ ကျေးလက်တွင် မင်္ဂလာပွဲလေးကျင်းပရုံဖြင့် လင်မယားဟု သတ်မှတ်နိုင်သော်လည်း မြို့တွင်မူ၊ အထူးသဖြင့် ကျေးလက်ဆင်းရမည့်သူများအတွက် လက်ထပ်စာချုပ်ရှိမှသာ အသိအမှတ်ပြုခြင်းဖြစ်သည်။
ကျန်သည့်အရာအားလုံးမှာ အလကားပင်။
သူမသည် မူလက ကျောက်ရုံကို ခြိမ်းခြောက်ရန် ကြံစည်ခဲ့သော်လည်း ကျောက်ရုံမှာ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
ကျောက်ရုံ မကြောက်တော့မှသာ ယွမ်ရှောင်ချွေသည် အကြီးအကျယ် ကြောက်လန့်ရတော့မည်ဖြစ်ကြောင်း သဘောပေါက်သွား၏။
"ကျွန်မ ကျေးလက်ကို မသွားချင်ဘူး..."
ချန်ချင်းယွီက ဘာမှဝင်မပြောဘဲ ငြိမ်နေလိုက်သည်။
ယွမ်ရှောင်ချွေ : "ကျွန်မက ကျေးလက်ကလာတာပါ။ အဲဒီကဘဝက ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိတယ်။ တကယ်ကို မသွားချင်တော့ဘူး"
ချန်ချင်းယွီ ခေါင်းညိတ်ပြပြီးမှ
"ဒါဆိုရင်လည်း စာမေးပွဲအတွက် သေချာပြင်ဆင်ပြီး ဖြေပေါ့။ အောင်သွားရင် အနည်းဆုံးတော့ တစ်နှစ်လောက် အချိန်ဆွဲလို့ရတာပေါ့။ အောင်ရင် ကျေးလက်ကို သွားစရာမလိုတော့ဘူးလေ"
ယွမ်ရှောင်ချွေ ပြန်လည်ငိုကြွေးပြန်သည်။
"ကျွန်မ မအောင်နိုင်ပါဘူး..."
သူမသည် စာကို လုံးဝမကြည့်ခဲ့ပေ။
ကျောက်ရုံကို သူမ စိတ်ကြိုက်ထိန်းချုပ်ထားနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုမူ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားကာ ကျောက်ရုံသည် သူမကို လုံးဝမကြောက်တော့ပေ။ သူမသည် အကြီးအကျယ် ထိတ်လန့်ကာ ဘာလုပ်ရမှန်း မသိတော့ချေ။
"စာမေးပွဲအောင်ရင်တောင် နင်က ဒီမှာပဲ ဆက်နေရမှာလေ၊ မမကျောက်နဲ့ တစ်အိမ်တည်း နေရဦးမှာပဲ။ အဲဒီတော့ သေချာလေး တောင်းပန်လိုက်ပါ"
ချန်ချင်းယွီ ယဲ့ယဲ့လေး ပြုံးကာ သွယ်ဝိုက်၍ သတိပေးလိုက်၏။
ယွမ်ရှောင်ချွေ : "တောင်းပန်လည်း မထူးတော့ပါဘူး။ ကျွန်မ သူ့ကို အကြီးအကျယ် စော်ကားမိသွားပြီ။ သူက ကျွန်မကို သေစေချင်နေတာ။ သူ ကျွန်မကို အိမ်ကနေ နှင်ထုတ်မှာ သေချာတယ်၊ ပေးမနေတော့ဘူး"
ချန်ချင်းယွီသည် နားထင်ကို လက်ဖြင့်ဖိကာ ယွမ်ရှောင်ချွေနှင့် စကားပြောရသည်မှာ ခေါင်းခဲစရာ ကောင်းလှသည်ဟု တွေးမိသည်။ ယွမ်ရှောင်ချွေသည် ဦးနှောက်ကို လုံးဝမသုံးချေ။
ကျောက်ရုံ သူမကို အိမ်မှာ ဆက်နေခွင့် ပေးတော့မည်မဟုတ်သည်ကို သူမ မစဉ်းစားမိပေ။ ကျေးလက်ဆင်းရမည်မှာ မလွဲဧကန်ဖြစ်ပြီး ကျောက်ရုံ သူမကို မည်မျှမုန်းတီးနေသည်ကို ကြည့်ခြင်းအားဖြင့် အဆိုးရွားဆုံးနေရာကို အပို့ခံရဖို့ သေချာသလောက်ပင်။ မြို့မှာ ဆက်နေလျှင်လည်း ကျောက်ရုံမှာ သေချာပေါက် ကလဲ့စားချေပေလိမ့်မည်။ သူမသည် လက်တွေ့ဘဝကို ရင်မဆိုင်ဘဲ မြို့မှာ ဆက်နေနိုင်မည့် အိပ်မက်ထဲတွင်သာ နစ်မွန်းနေဆဲဖြစ်သည်။
ချန်ချင်းယွီ တိုက်ရိုက်မပြောသော်လည်း သူမ၏ သတိပေးချက်များမှာ အတော်လေး သိသာလှ၏။ သို့သော် ယွမ်ရှောင်ချွေမှာမူ မိမိအတွေးနှင့်မိမိ တတွတ်တွတ် ရေရွတ်နေဆဲပင်။
ချန်ချင်းယွီ ထပ်ပြောလိုက်ကာ
"နင့်ရဲ့ အိမ်ထောင်စုစာရင်းက ဒီမှာရှိတာလေ၊ နင်တို့တွေက မိသားစုဝင်တွေပဲ။ သေချာလေး တောင်းပန်ကြည့်ပါဦး"
'ကြားရဲ့လား...'
'ငါပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ရဲ့လား...'
'နင့်ရဲ့ အိမ်ထောင်စုစာရင်းက ယွမ်မိသားစုဆီမှာ ရှိနေတာ။ ကျောက်ရုံက နင့်နာမည်နဲ့ စာရင်းသွင်းဖို့က အလွန်လွယ်ကူတဲ့ ကိစ္စပဲ...'
'နားလည်ပြီလား...'
ယွမ်ရှောင်ချွေ...နားမလည်သေးပေ။
သူမသည် မိမိအတွေးထဲ၌သာ ပိတ်မိနေသဖြင့် ချန်ချင်းယွီမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်ရ၏။
‘ငါသွေးတက်ချင်လာပြီ… ပိန်းလိုက်တာ.’
နောက်ဆုံးတွင် ချန်ချင်းယွီသည် မနေနိုင်တော့ဘဲ ဗူးပေါ်သလို အကုန်ဖွင့်ပြောလိုက်ရတော့သည်။
"နင်သာ သေချာမတောင်းပန်ရင် သူက နင့်ကို အနောက်မြောက်ဒေသ၊ ဟိုင်နန်ကျွန်း ဒါမှမဟုတ် ဆာဟာရသဲကန္တာရအထိတောင် ပို့ပစ်လိုက်လို့ရတယ်… နင့်မှာ အလုပ်ရှိရှိ မရှိရှိ သူက နင့်နာမည်နဲ့ စာရင်းသွင်းလိုက်ရုံပဲ… သူ့မှာ အဆက်အသွယ်ရှိရင်တော့ ပိုတောင် ဆိုးသေး.. နင့်ကို ကျေးလက်ပို့ပြီး နွားချေး၊ ဝက်ချေး ကျုံးခိုင်းလိမ့်မယ်… ကြက်ထက်စောစောထ၊ နွားထက်ပိုလုပ်၊ ဝက်ထက်နည်းနည်းစားရအောင် သူလုပ်လိမ့်မယ်.. နင့်ကို ရက်အနည်းငယ်ခြားတစ်ခါ နှိပ်စက်နေရရင်ပဲ သူ့ဒေါသတွေ ပြေနေတော့မှာ"
ယွမ်ရှောင်ချွေ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
"သူ... သူက..."
ထိုအချိန်မှသာ ယွမ်ရှောင်ချွေသည် သတိဝင်လာပြီး
"သူ ကျွန်မကို အကွက်ဆင်တာ ခံလို့မဖြစ်ဘူး... ဟုတ်တယ်၊ ကျွန်မ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး... ကျေးလက်ဆင်းရမှာကတော့ မလွဲသာတော့ဘူး..."
ချန်ချင်းယွီ: "..."
'ဟူး... မနည်းပြောလိုက်ရတယ်။ မောလိုက်တာ'
'လူတွေ ချောင်းနားမထောင်အောင်လည်း သတိထားရသေးတယ်...'
'ငါ့မှာ တကယ်ကို မလွယ်ပါလား...'
'လူကောင်းလုပ်ရတာ တကယ်ကို ခက်ခဲပါပေ့...'
'နင်က မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘဝက မလွယ်ကူတာကြောင့်သာ ငါက ပြောပြနေတာ နင်ပိန်းတာကို ငါ မနည်းသည်းခံနေရတယ်'
ယွမ်ရှောင်ချွေ : "ကျွန်မ စာမေးပွဲ အောင်မှာမဟုတ်ဘူး၊ အောင်ရင်လည်း နေစရာမရှိဘူး။ အိမ်မှာနေရင်လည်း သူက ကျွန်မကို အကွက်ဆင်ဖို့ အရမ်းလွယ်တယ်။ အို... မဟုတ်သေးဘူး၊ ကျွန်မ လုံးဝမအောင်နိုင်ပါဘူး။ သူက သိပ်ယုတ်မာတာ၊ တစ်ခုခုတော့ လုပ်မှာပဲ။ ဒီတစ်ခါတော့ သူ့ကို အကြီးအကျယ် စော်ကားမိသွားပြီ..."
သူမသည် စိုးရိမ်တကြီးဖြင့် ဟိုလျှောက်ဒီလျှောက်လုပ်ရင်း
"ကျေးလက်ကိုတော့ သွားရမှာပဲ။ ဒါပေမဲ့ ကျွန်မဘာသာ စာရင်းသွားသွင်းမယ်။ ဒါမှ သူနဲ့လည်း ဝေးမယ်၊ နောက်ပြီး အရမ်းခက်ခဲတဲ့ နေရာမျိုးကို မရောက်အောင်လည်း ကိုယ့်ဘာသာ ရွေးလို့ရမယ်..."
ချန်ချင်းယွီ အသံကိုနှိမ့်၍
“ဒီနှစ်တွေထဲမှာ နင် ပိုက်ဆံလေး ဘာလေး စုထားမိမှာပေါ့။ ကျေးလက်ကိုသွားတဲ့အခါ အိတ်ထဲမှာ ပိုက်ဆံလေး ရှိနေရင်တော့ ဘဝက သိပ်မခက်ခဲပါဘူး"
'ငါပြောတာကို နားလည်ပြီလား...'
‘အရိပ်ပြလို့ အကောင်မမြင်တဲ့ နင့်ကို ပြောရတာ ငါမောသေတော့မယ်..’
‘ပိုက်ဆံရှိနေရင် ကျေးလက်ကဘဝကလည်း အဲ့လောက်မခက်ခဲပါဘူး…’