← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ၈၇။ ဝင်ခွင့်စာမေးပွဲ

စက်ရုံဝန်ထမ်းများ ခေါ်ယူသည့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်ရက်မှာ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။

ဝင်းအတွင်းရှိ လေထုမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ တင်းမာလာကာ လူတိုင်းမှာ ပုံမှန်မဟုတ်ဘဲ စိတ်ဂယောက်ဂယက် ဖြစ်နေကြပုံရ၏။ ဥပမာအားဖြင့် ရှီရှောင်ဝေဆိုလျှင် အခြားအိမ်နီးချင်းများနှင့် အသေးအဖွဲကိစ္စလေးများအတွက် အငြင်းပွားရန် အသင့်ဖြစ်နေတတ်သည်။

လီလင်းလင်းမှာမူ ဖြူဖျော့အားနည်းနေပြီး စိတ်လွင့်နေသူတစ်ဦးကဲ့သို့ ဖြစ်နေကာ အချိန်မရွေး လဲကျသွားနိုင်မည့်ပုံစံရှိ၏။ ဝင်းအတွင်း၌ အလားအလာအရှိဆုံးဟု သတ်မှတ်ခံထားရသော ယွမ်ဟောက်ရွှယ်ပင်လျှင် သိပ်ပြီး တက်ကြွလှုပ်ရှားနေခြင်း မရှိပေ။

နောက်ဆုံးတွင် ထိုနေ့သို့ ရောက်ရှိလာခဲ့လေပြီ~~ လူများသည် သတ်မှတ်ရက် ရောက်လာသည့်အတွက် ပို၍ စိုးရိမ်နေကြသလား သို့မဟုတ် စိတ်အေးသွားကြသလားဆိုသည်မှာ မသဲကွဲလှပေ။

ထိုနေ့ နံနက်စောစောတွင် သူတို့အထဲမှ အချို့သည် အတူတူထွက်ခွာရန် ချိန်းဆိုထားကြသည်။

ယင်းမှာ သူတို့အချင်းချင်း အလွန်အမင်း ရင်းနှီး၍မဟုတ်ဘဲ တစ်စုံတစ်ယောက် ဒုက္ခရောက်ခဲ့သည်ဟု ကြားသိထားကြသောကြောင့် ဖြစ်၏။ သူတို့ကဲ့သို့ပင် စာမေးပွဲဖြေရန် စာရင်းသွင်းထားပြီး အောင်မြင်ရန် အခွင့်အလမ်းများသည့် ထူးချွန်ကျောင်းသားတစ်ဦးမှာ မနေ့ည၌ အိမ်သာသွားစဉ် လက်မောင်းကျိုးအောင် လုပ်ကြံခံခဲ့ရသည်။

သူသည် သူတို့နှင့် သုံးလမ်းကျော် ရပ်ကွက်ထဲတွင် နေထိုင်သူဖြစ်၏။

လုပ်ကြံမှုမှာ သူစာမေးပွဲမဖြေနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိသာလှသည်။ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်ကလည်း စက်ရုံဝင်းအတွင်းရှိ အခြားကျောင်းသားတစ်ဦးမှာ အဆောက်အအုံပေါ်မှ ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့သေး၏။ သူသည်လည်း အလားအလာရှိသည့် ထူးချွန်ကျောင်းသားတစ်ဦးပင် ဖြစ်သည်။ အချို့လူများမှာ ထိုသို့ပင်တည်း… မိမိကိုယ်တိုင် မအောင်မြင်နိုင်သည့်အခါ ကြိုးစားအားထုတ်မည့်အစား အခြားသူများကိုလည်း မိမိကဲ့သို့ ကံဆိုးစေလိုကြ၏။ ထိုသူတို့မှာ အလွန်ပင် ကောက်ကျစ်စဉ်းလဲကြသည်။ ဤဖြစ်ရပ်နှစ်ခုကြောင့် ရဲစခန်းမှ ရဲအရာရှိအချို့ကို တာဝန်ချထားပြီး ညစဉ်ကင်းလှည့်စေခဲ့၏။

ဤဖြစ်ရပ်များကြောင့်ပင် ချန်ချင်းယွီတို့ မိသားစုမှာ ပို၍ လုံခြုံသည်ဟု ခံစားရပြီး အကျိုးကျေးဇူး ခံစားခဲ့ရသည်။

ရဲများ ကင်းလှည့်နေသဖြင့် သူခိုးများပင်လျှင် ရမ်းကားရန် မဝံ့ရဲကြတော့ပေ။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့နှစ်ဦးစလုံးမှာ သူတို့ကိုယ်သူတို့ အတော်လေး ကံကောင်းသည်ဟု ထင်မိကြ၏။

ဤအခြေအနေမှ အကျိုးအမြတ်ရသူမှာ ချန်ချင်းယွီ တစ်ဦးတည်းမဟုတ်ဘဲ ယွမ်ရှောင်ချွေလည်း ပါဝင်သည်။

ကျောက်ရုံ ယွမ်ဟောက်ရွှယ်ကို အပြင်တွင် ခေါ်သွားနေသဖြင့် ယွမ်ရှောင်ချွေသည် အိမ်တွင် တစ်ယောက်တည်း အချိန်ပိုရလာ၏။ စောင့်ကြည့်မည့်သူမရှိသဖြင့် သူမသည် မိမိကိုယ်တိုင်အတွက် ပိုမိုစီစဉ်နိုင်လာခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ထိုလုပ်ကြံမှု ဖြစ်ရပ်တစ်ခုလုံးမှာ ကျောက်ရုံကို အတော်လေး ထိတ်လန့်သွားစေခဲ့၏။ သူမ၏သမီးမှာ အခြားသူများထက် စာတော်သူဖြစ်ရာ မည်သို့လျှင် မစိုးရိမ်ဘဲ နေနိုင်မည်နည်း။ အခြားသူများ သူမသမီးကို ဖျက်ဆီးရန် ကြိုးစားမည်ကို အလွန်စိုးရိမ်နေခဲ့သည်။

အဓိကအချက်မှာ ယွမ်ရှောင်ချွေပင် ဖြစ်၏။

သူမသည် ပြင်ပလူများကို သိပ်မစိုးရိမ်ဘဲ သတိထားရုံသာ ရှိသော်လည်း မိမိလူအချင်းချင်း လုပ်ကြံမည်ကို ပို၍ ကြောက်နေခဲ့သည်။

ယွမ်ရှောင်ချွေသာ စာမေးပွဲကျသွားလျှင် မိမိတို့နှင့် အကြီးအကျယ် ပြဿနာတက်ပြီး ဟောက်ရွှယ်ကိုလည်း ကျေးလက်သို့ အတူတူ လိုက်သွားရအောင် တစ်ခုခု ကြံစည်မည်ကို သူမ ကြောက်ရွံ့နေခြင်းဖြစ်၏။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း သူမသည် ယွမ်ရှောင်ချွေကို ဒုက္ခပေးရန် မစဉ်းစားနိုင်ဘဲ ယွမ်ဟောက်ရွှယ်ကိုသာ အသေအချာ ဂရုစိုက်နေခဲ့သည်။

ပထမဦးစွာ ယွမ်ရှောင်ချွေနှင့် ခဏလောက် ဝေးဝေးနေသင့်သည်ဟု သူမ ယူဆခဲ့၏။ ဒုတိယအချက်မှာ နေထိုင်ရာဝင်းအတွင်း၌ ကြက်သံ၊ ခွေးသံများနှင့် တစ်နေ့လုံး ဆူညံနေသဖြင့် စာကြည့်ရန် မသင့်တော်ပေ။ ထို့ကြောင့် ကျောက်ရုံသည် သူမ၏သမီးကို သူငယ်ချင်းဟောင်းတစ်ဦး၏ အိမ်တွင် သွားရောက်စာကြည့်စေရန် စီစဉ်ပေးခဲ့သည်။

သူမကိုယ်တိုင်လည်း ထိုနေရာ၌ပင် ယာယီလိုက်နေခဲ့၏။ သားအမိနှစ်ဦးမှာ အိမ်သို့မပြန်သည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သည်။

သူတို့သည် မနေ့ညကမှ ပြန်ရောက်လာကြပြီး ယနေ့နံနက်တွင် ရှီရှောင်ဝေ၊ လီလင်းလင်းနှင့် အိမ်နီးချင်းဝင်းမှ ကလေးအချို့ကို အတူသွားရန် ခေါ်ခဲ့ကြ၏။ လူတိုင်း စိုးရိမ်စိတ်ရှိနေကြသဖြင့် လူစုလူဝေးဖြင့် သွားခြင်းမှာ ပို၍ စိတ်အေးစေသည်။

ယွမ်ရှောင်ချွေသည်လည်း စာမေးပွဲဖြေရန် စာရင်းသွင်းထားသော်လည်း စာမကြည့်ထားသဖြင့် အောင်မည်မဟုတ်သည်ကို သိသောကြောင့် မသွားတော့ပေ။

သို့သော်လည်း ကျောက်ရုံမှာ သူမကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူတို့မှာ လူအုပ်စုကြီးနှင့် သွားနေရ၍ ယွမ်ရှောင်ချွေ ပါမပါ သူမ ဂရုမစိုက်နိုင်ပေ။

ယနေ့မှာ တနင်္ဂနွေနေ့ဖြစ်ပြီး သားသမီးကို ဂရုစိုက်သည့် မိသားစုများအားလုံး ရောက်ရှိနေကြကာ စက်ရုံဂိတ်ပေါက်တွင် စောင့်ဆိုင်းနေကြမည် ဖြစ်၏။

ချန်ချင်းယွီအတွက်မူ ဤမြင်ကွင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်ကဲ့သို့ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ ဤကိစ္စသည် သူတို့မိသားစုနှင့် မပတ်သက်သကဲ့သို့ သူတို့လည်း ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက် မရှိကြပေ။

ယနေ့မှာ အားလပ်ရက်ဖြစ်၍ အဘွားကြီးကျောက်မှာ အိမ်ရှေ့ထွက်ထိုင်နေကာ မျက်လုံးများကို ဟိုဝဲဒီဝှေ့လုပ်၍ တဗျစ်တောက်တောက် ပြောနေလေသည်။

"ဟမ်... အကုန်လုံး ရူးကုန်ကြပြီလား.. သူတို့စိတ်ထဲမှာ ဘာတွေတွေးနေလဲမသိဘူး၊ လူတိုင်းက သူတို့လိုပဲလို့ ထင်နေကြတာလား.. သူတို့ကိုယ်တိုင်က စိတ်ပုပ်စိတ်ယုတ်ရှိတိုင်း သူများတွေကိုလည်း အဲ့လိုပဲ လိုက်ထင်နေကြတယ်.. သူတို့အိမ်ကလူတွေ စာမေးပွဲအောင်တာ မအောင်တာ ငါတို့နဲ့ ဘာဆိုင်လို့လဲ.. ဘာဖြစ်လို့ ငါတို့ကို အဲ့လောက်တောင် ရန်သူလိုမျိုး စောင့်ကြည့်နေရတာလဲ..လူမိုက်တွေပဲ၊ ငါတို့ကပဲ တစ်ခုခု ကြံစည်တော့မယ့်အတိုင်း ရှောင်ဖယ်ရှောင်ဖယ်နဲ့.. ကိုယ့်စိတ်နဲ့နှိုင်းပြီး သူများကို အထင်သေးနေကြတာ"

အဘွားကြီးကျောက်၏ စကားများမှာ အဓိပ္ပာယ်မရှိသည် မဟုတ်ပေ။ ရှီကျန့်ရှန်းနှင့် အဘွားကြီးဟွမ်တို့ အဘွားကြီးကျောက်နှင့် တစ်ဖက်တည်းဖြစ်နေသည်ကို မြင်ရခဲလှ၏။

မကြာသေးမီက စာတော်သည့် ကျောင်းသားနှစ်ဦးမှာ လုပ်ကြံခံခဲ့ရပြီး နှစ်ကြိမ်စလုံးတွင် ကျူးလွန်သူများကို ဖမ်းမိခဲ့၏။ တစ်ဦးမှာ အိမ်နီးချင်းဖြစ်ပြီး ၎င်း၏ကလေးမှာလည်း စာမေးပွဲဖြေဆိုမည့်သူ ဖြစ်သည်။ ယင်းမှာ ပြိုင်ဘက်ကို လျှော့ချရန်အတွက် ကြံစည်ခြင်းဖြစ်ပြီး အခြားတစ်ဦးမှာမူ ကျေးလက်သို့ သွားရောက်တာဝန်ထမ်းဆောင်ရန် သွားရမည့်သူဖြစ်၍ စက်ရုံမှ အခွင့်အရေးကို လက်လွှတ်ခဲ့ရသည့် အတန်းဖော်တစ်ဦးဖြစ်ကာ၊ မိမိသူငယ်ချင်းက ပို၍ သက်သောင့်သက်သာဖြစ်သွားမည်ကို မနာလိုသဖြင့် ယုတ်မာစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ကျူးလွန်သူ နှစ်ဦးစလုံး ဖမ်းမိသွားခဲ့သည်။

ပထမတစ်ဦးမှာ ယခုအခါ ထောင်ထဲရောက်နေပြီး သူ၏ကလေးမှာလည်း စာမေးပွဲဖြေဆိုခွင့် ချက်ချင်းပယ်ဖျက်ခံလိုက်ရ၏။ ဒုတိယတစ်ဦးမှာလည်း ထောင်ထဲတွင်ဖြစ်ပြီး ယခုတစ်ခါတွင်မူ သူသည် ကျေးလက်သို့ သွားစရာမလိုတော့ပေ။ ထိုသူသည် ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိ ဝေးလံခေါင်သီသော တောင်ကြားတစ်ခုတွင် သစ်ပင်စိုက်ရန် ပို့ဆောင်ခံရမည်ဟု သတင်းများထွက်နေလေသည်။

ဤဖြစ်ရပ်နှစ်ခုစလုံးကို အခြားသူများ မကောင်းကြံရန် မဝံ့ရဲအောင် စံနမူနာအနေဖြင့် အလွန်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ၊ မကောင်းသော ရည်ရွယ်ချက်ရှိသူ နှစ်ဦးစလုံးမှာ နစ်နာသူနှင့် ပတ်သက်နေသူများဖြစ်ကြပြီး ပညာရေးတွင် အမှန်တကယ် ထူးချွန်သူများ ဖြစ်ကြ၏။ သူတို့ဝင်းအတွင်း၌ ဤကိစ္စမှာ အတော်လေး ဂယက်ရိုက်သွားကာ ကျောက်ရုံနှင့် အခြားသူများမှာ လူတိုင်းကို ရန်သူကဲ့သို့ သတိထားနေကြသည်။

ကျောက်ရုံသည် ယွမ်ရှောင်ချွေကိုသာမက ဤသက်ကြီးရွယ်အို အမျိုးသမီးကြီးများကိုလည်း သူမ၏သမီးအပေါ် မနာလိုဖြစ်မည်စိုး၍ အလွန်အမင်း သတိထားနေ၏။ လူများမှာ အိမ်သို့ပင် ပြန်မလာကြတော့ပေ။ ကျောက်ရုံ၏ အမူအယာမှာ အလွန်သိသာလွန်းသဖြင့် လင်စန်းရှင်းရော၊ အစ်မကြီးဖန်ပါ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

သူတို့သည် အိမ်နီးချင်းများကို တစ်နေကုန် သူခိုးကြည့်သလိုမျိုး ကြည့်နေကြကာ… အိမ်နီးချင်းများမှာ သူတို့ကို မနာလိုဖြစ်ပြီး တစ်ခုခု လုပ်ကြံတော့မည့်အတိုင်းပင်။

သူတို့မှာ ဘာမှပတ်သက်မှု မရှိသည်ကိုလည်း လုံးဝထည့်မတွက်ကြပေ။

တောက်~~ ဘယ်သူကများ အားယားနေပြီး သူတို့ကို လိုက်နှောင့်ယှက်နေပါမှာတုန်း..

ပြီးတော့ သူတို့ကလေးတွေရဲ့ စာဖတ်အားကလည်း ထူးထူးခြားခြား ကောင်းနေတာလည်းမဟုတ်…

ယွမ်ဟောက်ရွှယ်ကမှ နည်းနည်းတော်သေးတယ်.. သူတို့နှစ်ယောက်က ဘာမို့လို့လဲ.. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလှချည်လား..

ဘယ်ကနေများ ယုံကြည်မှုတွေ အဲ့လောက်မြင့်မားနေကြတာတုန်း… အံ့ဩပ..

သူတို့မှာ မည်သည့်နေရာမှ ယုံကြည်မှုများ ရနေမှန်းမသိသော်လည်း တခြားသူများမှာ သူတို့အား မနာလိုဖြစ်ပြီး စာမေးပွဲကို နှောင့်ယှက်မည်ဟုသာ ထင်နေကာ လူတိုင်းကို အထင်သေးကြည့် ကြည့်နေကြသည်။

ဤအချက်မှာ အဘွားကြီးကျောက်နှင့် အခြားသူများကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေ၏။

ယနေ့နံနက် သူတို့ထွက်သွားသည်နှင့် အဘွားကြီးကျောက်မှာ စိတ်မထိန်းနိုင်တော့ပေ။

"ငါ အောင့်ထားတာ ရက်ပေါင်းမနည်းတော့ဘူး.. ငါတို့ကို သူခိုးလိုမျိုး စောင့်ကြည့်နေတာ.. တော်သေးတာက ငါ့မှာ အလုပ်ရှိလို့၊ မဟုတ်ရင် အဲ့ဒီလို 'သူခိုးကြည့်' ကြည့်ခံရတာနဲ့တင် သူတို့ကို ပါးရိုက်မိမှာ ကြာပြီ.. တကယ်ပါပဲ၊ စာမေးပွဲဖြေတာကို ထိခိုက်စေတယ်ဆိုပြီး ငါတို့ဆီ လာအမှုပတ်မှာ ကြောက်လို့သာ သည်းခံနေတာ..လူမိုက်တွေ..."

အဘွားကြီးကျောက်သည် မိမိကိုယ်ကိုယ် အတော်လေး စိတ်ရှည်လာသည်ဟု ခံစားရသည်။ အနည်းဆုံး စာမေးပွဲမတိုင်မီ သူတို့ကို မဆဲဘဲ အောင့်ထားနိုင်ခဲ့၏။

ရှီကျန့်ရှန်းသည်လည်း ဝင်ရောက်ထောက်ခံကာ

"ဘယ်သူက မဟုတ်ဘူးပြောလို့လဲ..ညည်းက အလုပ်သွားနေတာ၊ ဒီကအခြေအနေကို မသိဘူး..ညည်းချွေးမကို မေးကြည့်ဦး၊ ဝင်းထဲမှာ နေ့တိုင်း ဗရုတ်သုတ်ခတွေ ဖြစ်နေတာ..တကယ်တော့ လင်စန်းရှင်းကို ခုန်ပြီး ပါးရိုက်ချင်တဲ့စိတ်က အကြိမ်ကြိမ်ပဲ..သူ့သမီးက အလယ်တန်းပဲ အောင်ထားတာ၊ စာမေးပွဲကျမှာ မဆန်းပါဘူး၊ အဲ့ဒါကို လိုက်ပြီး သံသယဝင်နေသေးတယ်.. ငါတို့ကပဲ သူ့မိသားစုကို တစ်ခုခု လုပ်တော့မယ့်အတိုင်း.. ငါ့သား သုံးယောက်စလုံးမှာ အလုပ်ရှိတယ်၊ အလုပ်အကိုင် အတည်တကျနဲ့... ငါက သူ့ကို မနာလိုဖြစ်ရမှာလား~~ ငါက သူ့ကို လိုက်နှောင့်ယှက်ရမှာလား~~ သူ့ခေါင်းထဲ ဘာတွေတွေးနေလဲ မသိဘူး"

အဘွားကြီးဟွမ် : "ညည်းတို့က ကံကောင်းပါသေးတယ်.. မနေ့က ငါ အိမ်သာသွားရင်း လီလင်းလင်းကို တွေ့လို့ စာတွေ ဘယ်လိုလဲလို့ အမှတ်မထင် မေးလိုက်မိတာ..လင်စန်းရှင်းက ချက်ချင်းဆိုသလို သူ့သမီးရှေ့ကနေ ပိတ်ရပ်ပြီး ငါ ဘာလိုချင်လို့လဲလို့ လာမေးတယ်လေ.. အဲ့ဒါက လူကို အနိုင်ကျင့်တာ မဟုတ်ဘူးလား.. သူက ဘယ်သူမို့လို့လဲ.. ငါကပဲ သူ့သမီးကို တစ်ခုခု လုပ်နိုင်မယ် ထင်နေတာလား.. သူ့ကိုယ်သူရော ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ သိရဲ့လား"

လူတိုင်း လင်စန်းရှင်းအပေါ် မကျေနပ်ချက် အကြီးဆုံး ဖြစ်နေကြသည်။

ဤသည်မှာ မထူးဆန်းလှပေ…

စာရင်းသွင်းထားသည့် မိသားစုများအားလုံး ထူးထူးဆန်းဆန်း ဖြစ်နေကြသော်လည်း ကျောက်ရုံသည် ယွမ်ဟောက်ရွှယ်ကို အခြားနေရာသို့ ခေါ်သွားခဲ့၏။ အစ်မကြီးဖန်မှာလည်း အလုပ်သွားရသေး၍ ရှီရှန်းမှာ သားဖြစ်သူကို စောင့်ကြည့်ရန် အိမ်မှာနေသော်လည်း ပေါ်တင်ကြီးလုပ်ရန် ရှက်နေပုံရသည်။

ထို့အပြင် ရှီရှောင်ဝေ ကိုယ်တိုင်သည်လည်း ရူးသလိုဖြစ်နေကာ အပြင်လူများနှင့် တစ်နေ့လျှင် ပျမ်းမျှ ၅ ကြိမ်ထက်မနည်း ရန်ဖြစ်နေပြီး လမ်းကြားထဲရှိ လေလွင့်ကြောင်များနှင့်ပင် ရန်ဖြစ်နေသဖြင့် သူ့ဖခင် ရှီရှန်း ကူညီပေးရန်ပင် မလိုတော့ပေ။ ဤသို့ကြည့်မည်ဆိုလျှင် ဝင်းအတွင်း၌ လင်စန်းရှင်းမှာ အသိသာဆုံး ဖြစ်နေသည်။

လင်စန်းရှင်းမှာ အိမ်ရှင်မဖြစ်ပြီး လီလင်းလင်းမှာ မိန်းမငယ်လေးတစ်ဦး ဖြစ်နေသဖြင့် သူမ၏ ထိတ်လန့်တုန်လှုပ်နေမှုမှာ အသိသာဆုံးဖြစ်ကာ လူတိုင်းကို အမျက်ထွက်စေ၏။

ဝန်ခံရလျှင် ဝင်းအတွင်းရှိ အဘွားကြီးများမှာ စပ်စုတတ်ကြသော်လည်း ကိုယ့်သေတွင်းကိုယ်တူးရလောက်အောင် ဦးနှောက်မရှိကြသူများ မဟုတ်ပေ။ ပြဿနာရှာသူများမှာ အနောက်မြောက်ဘက် တောင်ပေါ်တွင် သစ်ပင်သွားစိုက်ရမည်ကို သိပါလျက်နှင့် မည်သူကပြဿနာသွားရှာမည်နည်း။

ထို့အပြင် အမှန်တကယ် ရန်ငြိုးရန်စလည်း မရှိဘဲ မည်သူမှ ဤကဲ့သို့ မလုပ်ချင်ပေ။

သူတို့ စာမေးပွဲအောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ဘယ်သူ့အပူပါလို့လဲ.. ကိုယ့်ရေးကိုယ့်ရာလည်းမဟုတ်..

သူတို့ စာဘယ်လောက်တော်လဲဆိုတာ လူတိုင်းသိနေတာပဲကို…ကြည့်ရတာတော့ အောင်မယ့်ပုံ မပေါ်ပါဘူး..

ဤအချက်များကြောင့်ပင် လူတိုင်း ပို၍ စိတ်တိုနေကြလေသည်။

ဘယ်သူ့ကို ကာကွယ်နေတာလဲ~~ ဘာတွေ ကာကွယ်နေတာလဲ.. အံ့ဩပ.. ကိုယ့်ဘာသာ အဲ့လောက် အရေးပါတယ်ထင်နေတာလား~~ စိတ်ကူးယဉ်တတ်လိုက်တာ …

ဒုတိယဝင်းအလယ်တွင် အဘွားကြီးအချို့ စုထိုင်နေကြပြီး တတွတ်တွတ်နှင့် အပြစ်တင်စကားများ ဆိုနေကြသည်။

"ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာ၊ စာမေးပွဲကို တကယ်ပဲ အောင်နိုင်ပါ့မလားဆိုတာ ငါတော့ ကြည့်ချင်သေးတယ်"

"အောင်မှာလား... အဝေးကြီးပဲ..လီလင်းလင်းဆို အထက်တန်းတောင် မပြီးထားတာ ဘာသွားလုပ်မှာလဲ.. ငါ့အထင်တော့ သူက ယွမ်ရှောင်ချွေလောက်တောင် စာမရဘူး၊ ကံကြမ္မာကို လက်ခံပြီး ကျေးလက်ကိုပဲ သွားလိုက်တာ ပိုကောင်းမယ်"

အဘွားကြီးဝမ် ဝင်ပြောလိုက်၏။

"အဲ့ဒါက မတူဘူးလေ၊ ယွမ်ရှောင်ချွေက ကျေးလက်ကို မဖြစ်မနေ သွားရမှာ၊ လင်းလင်းက သွားစရာမလိုဘူး.. နေဦး... ယွမ်ရှောင်ချွေက ကျောက်ရုံက သူ့အတွက် အလုပ်တစ်ခု စီစဉ်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား"

"သူက ကိုယ့်ကိုယ်ကိုယ် လိမ်နေတာပါ၊ ညည်းက တကယ်ယုံတာလား"

"ဟေ့... ဒီရက်ပိုင်း ယွမ်ရှောင်ချွေကို တွေ့မိလား.. သူက အမြဲတမ်း မနက်စောစောထွက်၊ ညမိုးချုပ်မှ ပြန်လာနဲ့၊ ဘာတွေ လျှောက်လုပ်နေတာလဲ မသိဘူး"

အဒေါ်ကြီးမေ့၏ သတင်းကွန်ရက်မှာ အမြဲတမ်း တခြားလူထက်ခြေတစ်လှမ်း စောနေတတ်သည်။

"ဘယ်သူသိမှာလဲ.. သူရော ဒီနေ့ ဘာလို့ စာမေးပွဲ သွားမဖြေတာလဲ"

"ဒီနေ့မနက် အိမ်သာထဲမှာ သူ့ကိုတွေ့တော့ မဖြေဘူးလို့ ပြောတယ်.. ဒါပေမဲ့ ညည်းတို့လည်း သိတဲ့အတိုင်းပဲ၊ သူသွားဖြေလည်း အောင်မှာမဟုတ်ပါဘူး~ သူက အလယ်တန်းပဲ အောင်ထားတာ၊ စာလည်း မကြည့်ဘူး.. တခြားလူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ~ ငါ့အထင်တော့ သူက ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုရှိတယ်၊ တချို့လူတွေလို စာမတော်ဘဲနဲ့ အောင်မှာကျိန်းသေတဲ့အတိုင်း လူတိုင်းကို ရန်သူလို လိုက်ကြည့်နေတာမျိုး မဟုတ်ဘူး.. ရယ်စရာကြီးပါဟယ်"

ချန်ချင်းယွီ ဘေးမှရပ်ကြည့်ရင်း တစ်ပတ်ကျော်ကြာ ဝင်းအတွင်း ဖုံးလွှမ်းနေသော သံသယစိတ်များကို သက်ပြင်းချမိ၏။

ပုံမှန်ဆိုလျှင် စာမေးပွဲဆိုသည်မှာ လူတိုင်း၏ ဘဝကို ထိခိုက်စေလောက်သည့် ကိစ္စကြီးမဟုတ်ပေ။ သို့သော် အပြင်တွင် မဟုတ်မမှန် လုပ်ကြံသူများရှိနေသဖြင့်၊ မိမိကိုယ်တိုင် မအောင်နိုင်သည့်အခါ အခြားသူများကို မနာလိုဖြစ်ပြီး လူယုတ်မာကဲ့သို့ ပြုမူသူများ အမြဲရှိနေတတ်သည်။

ထိုသို့သောသူများသည် နောက်ဆုံးတွင် ကောင်းကျိုးမပေးဘဲ ထောင်ထဲစောစော ရောက်သွားတတ်သော်လည်း နစ်နာသူများမှာမူ ဒုက္ခရောက်ကျန်ရစ်ခဲ့၏။ ယင်းကပင် ကျန်ရှိသူများကို အစိုးရိမ်လွန်စေခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်နှစ်ခုကြောင့် စာမေးပွဲဖြေမည့် မိသားစုများမှာ အလွန်အမင်း သတိကြီးနေကြပြီး၊ ကျန်သူများမှာလည်း လောလောဆယ်တွင် သည်းခံရုံမှတစ်ပါး အခြားမရှိပေ။

သည်းခံနိုင်သရွေ့ သည်းခံရမည်သာ.. အကယ်၍ သည်းမခံဘဲ တစ်ခုခု မှားယွင်းသွားပါက ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်..

ထို့ကြောင့် မည်မျှပင် မကျေနပ်သည်ဖြစ်စေ သည်းခံခဲ့ကြရ၏။

ယနေ့သို့ ရောက်လာရန်အတွက် အိမ်နီးချင်းများမှာလည်း အတော်လေး အနစ်နာခံခဲ့ကြရသည်။ ထို့ကြောင့် ယခုအခါတွင်မူ အားရပါးရ ပြန်လည်ပြောဆိုနေကြခြင်း ဖြစ်သည်။

"ရှီရှောင်ဝေက တစ်နေကုန် ဆဲဆိုနေတာ၊ ညလယ်ခေါင်ကြီးလည်း အော်ဟစ်နေသေးတယ်.. မသိတဲ့လူဆို ဝံပုလွေအော်တယ် ထင်ရမယ်.. သူ့ကို ကန်သတ်ပစ်ချင်တဲ့စိတ်က အကြိမ်ကြိမ်ပဲ၊ ငါ့သမီးက တားထားလို့သာ"

"တော်သေးတာပေါ့ ညည်းမကန်လိုက်တာ၊ မဟုတ်ရင် သူစာမေးပွဲကျတာကို အဲ့ဒီကန်ချက်ကြောင့်ပါဆိုပြီး လွှဲချနေဦးမယ်"

"အဲ့ဒါတော့ ဟုတ်တယ်"

"ဟူး... လင်စန်းရှင်းက ဒီလောက်

အထိ ရူးမယ်လို့ ကျွန်မမထင်ခဲ့ဘူး။ အခုမှ သိတော့တယ်.. သူက တကယ်ကို အစွန်းရောက်နေတာ.. ဒေါ်လေးတို့ မသိပါဘူး၊ လွန်ခဲ့တဲ့ရက်က ကျွန်မသမီးလေး နာ့နာတို့ ရှေ့ဝင်းထဲမှာ ကြိုးခုန်တမ်းကစားနေရင်း 'ပြုတ်ကျတယ်' ဆိုတဲ့ စာသားပါတဲ့ သီချင်းလေးဆိုမိတာကို သူက ဒေါသတကြီးနဲ့ လာတားပြီးတော့.. သီချင်းပြောင်းဆိုခိုင်းတာ..အဲ့ဒါ 'ပြုတ်ကျတယ်' ဆိုတာက အတိတ်နိမိတ်မကောင်းလို့တဲ့..ကျွန်မမှာဖြင့် တကယ်ကို..."

ဝမ်မေ့လန် ဝင်ပြောမိ၏။

အတော်လေး ရှားပါးသည့် အားလပ်ရက်ဖြစ်သဖြင့် လူတိုင်း ရင်ဖွင့်တိုင်တန်းချင်နေကြသည်။

"အတိတ်နိမိတ်မကောင်းဘူး ဟုတ်လား... ဟဲ... ဒီနေ့မနက် အစ်မကြီးက သူ့သား ရှီရှောင်ဝေကို အနီရောင် အတွင်းခံဝတ်ခိုင်းနေတာ ငါကြားလိုက်သေးတယ်..အဲ့ဒါမှ ကံကောင်းမှာတဲ့.. ငါတော့ တကယ်ကို နားမလည်တော့ဘူး၊ အတွင်းခံဝတ်တာနဲ့ ဘယ်လိုလုပ် ကံကောင်းမှာလဲ.. အဲ့ဒါကို ခေါင်းပေါ်စွပ်ထားတာမှ မဟုတ်တာ၊ တင်ပါးက ခေါင်းလို အလုပ်လုပ်နေလို့လား"

အဒေါ်ကြီးမေ့မှာလည်း အားမလိုအားမရ ပြောပြန်သည်။

စာမေးပွဲကြောင့် ဤဝင်းအတွင်းရှိလူများ စိတ်ညစ်ခဲ့ရသည်မှာ ကြာလှပြီဖြစ်၍… ခံစားချက်များ ရင်ဖွင့်နေကြ၏။

ချန်ချင်းယွီမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

လူတိုင်းက အားရပါးရ အတင်းပြောနေကြသည်။ ကာယကံရှင်များ မရှိ၍သာ တော်တော့သည်၊ ရှိလျှင်မူ ရန်ပွဲဖြစ်ပေလိမ့်မည်။

စာမေးပွဲမတိုင်ခင်ကတော့ မနှောင့်ယှက်ခဲ့ဘူး.. အခု စာမေးပွဲပြီးသွားပြီဆိုတော့မှ ပြောချင်တာပြောမှာပေါ့… ဘယ်သူ့ ဂရုစိုက်ရမှာလဲ

ချန်ချင်းယွီမှာလည်း အပျော်

သဘောဖြင့် စပ်စုမေးမြန်ူလိုက်၏။

"ကျွန်မတို့ ဝင်းထဲက တစ်ယောက်ယောက်များ အောင်နိုင်မလားဟင်"

"အင်း... ဟောက်ရွှယ်ကတော့ စာတော်တယ်မဟုတ်လား"

"သူကတော့ တော်ပါတယ်၊ ဒါပေမဲ့ တခြားသူတွေကလည်း ညံ့ကြတာမှမဟုတ်တာ။ သူ့ရဲ့ 'တော်တယ်' ဆိုတာက ငါတို့ရပ်ကွက်ထဲမှာတင်လား၊ ဒါမှမဟုတ် တခြားနေရာက ပိုတော်တဲ့လူတွေ ရှိနေဦးမလားဆိုတာ ဘယ်သူသိမှာလဲ"

"ကြားတာတော့ အခုတလော အထက်တန်းကျောင်းတွေမှာ စာ သိပ်မသင်ကြဘူးတဲ့၊ အဲ့ဒါကြောင့် ပြောရခက်တယ်..."

အသံများ တိုးသွားလေသည်…

စကားပြောနေကြစဉ်မှာပင် ယွမ်ရှောင်ချွေသည် အလယ်ဝင်းဘက်မှ လျှောက်လာ၏။ သူမ အဘွားကြီးကျောက်ဆီသို့ တန်းတန်းမတ်မတ် လာပြီး

"ဒေါ်လေး ကျွန်မ ဒေါ်လေးနဲ့ စကားခဏ ပြောချင်လို့ပါ"

"ငါနဲ့ စကားပြောချင်တယ်... ဘာကိစ္စလဲ။ အထဲဝင်ခဲ့၊ အထဲမှာပဲ ပြောကြတာပေါ့"

သူတို့နှစ်ဦး အထဲသို့ အတူဝင်သွားကြသည်။ ချန်ချင်းယွီ လိုက်မသွားဘဲ တံခါးဝတွင်သာ ရပ်ကျန်ခဲ့၏။ ရှီကျန့်ရှန်းနှင့် အခြားသူများမှာ အလွန်စပ်စုချင်နေကြသဖြင့် ချောင်းကြည့်နေကြသည်။

အဘွားကြီးဟွမ် : "ယွမ်ရှောင်ချွေက အဘွားကြီးကျောက်နဲ့ ဘာကိစ္စရှိလို့လဲ"

ချန်ချင်းယွီ ဘာမှမသိသလို ဖြူဖြူစင်စင် ပုံစံဖြင့်

"ကျွန်မလည်း ဘယ်လိုလုပ် သိမှာလဲ"

"ဟေ့... ညည်းတို့ဘယ်လိုထင်ကြလဲ.. ယွမ်ရှောင်ချွေက ဒီတစ်ခါ ကျေးလက်ကို သွားရမှာ ကျိန်းသေနေပြီလား"

"မထင်ပါဘူး။ ကျောက်ရုံက သူ့အတွက် စီစဉ်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား"

"ဟဲ... ညည်းပဲ ယုံတာပါ။ ငါကတော့ လုံးဝမယုံဘူး.. ကျောက်ရုံက သူ့သမီးအရင်းကို ဘယ်လိုဆက်ဆံနေလဲ ကြည့်ဦး.. ယွမ်ရှောင်ချွေကိုလည်း သမီးအရင်းလို ဆက်ဆံပါတယ်လို့ သူပြောတာကို အခုတော့ ဘယ်သူမှ မယုံကြတော့ဘူး"

"အဲ့လိုလည်း ပြောလို့မရဘူးနော်..ယွမ်ရှောင်ချွေကလည်း ကျောက်ရုံအပေါ် ကောင်းတာမှ မဟုတ်တာ~ ကြည့်ဦး... သူက ကျောက်ရုံကို အကျပ်ကိုင်ထားသလိုပဲ.. ကျောက်ရုံဆို အနာတောင် လုံးဝမကျက်သေးဘူး၊ ဒီလောက် ပူတဲ့ရာသီမှာ နဖူးက ပတ်တီးကို ဖုံးဖို့ ဦးထုပ်ကြီး ဆောင်းထားရရှာတယ်.. သူက ယွမ်ရှောင်ချွေကို အတော်လေး မျက်နှာသာ ပေးထားတာပါ"

"နောက်အိမ်ထောင်တွေကတော့ ဒီလိုပါပဲ"

"အသံတိုးတိုးပြောကြစမ်းပါ၊ လူတွေ ကြားကုန်ဦးမယ်"

လူတိုင်း တစ်ဖန်ပြန်၍ စကားဖောင်ဖွဲ့နေကြသော်လည်း အိမ်ထဲသို့ စပ်စုချင်စိတ်ဖြင့် လှမ်းလှမ်းကြည့်နေကြ၏။ ယွမ်ရှောင်ချွေနှင့် အဘွားကြီးကျောက်တို့ တစ်နည်းနည်းဖြင့် ပတ်သက်နေသည်မှာ အတော်လေး ထူးဆန်းသည်။ လူတိုင်း မည်သို့ပင် ထင်ကြစေကာမူ ယွမ်ရှောင်ချွေမှာ စာရွက်ပေါ်တွင် တစ်ခုခုကို မြန်မြန်ဆန်ဆန် ရေးနေလေသည်။ ဝင်းအတွင်းရှိ အသံသေးသေးလေးပင် အပြင်သို့ ကြားနိုင်သဖြင့် သူတို့နှစ်ဦးမှာ အသံတိုးတိုးဖြင့်သာ ပြောဆိုကာ သဘောတူညီချက် တစ်ခု ရရှိသွားကြ၏။

ယွမ်ရှောင်ချွေ စိတ်ရင်းဖြင့် စကားဆိုလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေး.. ကျွန်မ အရင်က ဒေါ်လေးကို လူယုတ်မာလို့ အမြဲပြောခဲ့မိတာ၊ ကျွန်မ တကယ်ပဲ မျက်စိမှောက်ခဲ့တာပါ"

အဘွားကြီးကျောက် : "..."

သူမ မျက်စောင်းထိုးလိုက်ကာ

"နင် ကောင်းကောင်းမပြောတတ်ရင် ပါးစပ်ပိတ်ထားလိုက်စမ်းပါ..နားမခံသာတာတွေ လာမပြောနဲ့၊ ကြားရတာ တကယ် စိတ်မချမ်းသာဘူး"

ယွမ်ရှောင်ချွေ : "..."

အဘွားကြီးကျောက် : "ကဲ... သွားတော့ သွားတော့"

ယွမ်ရှောင်ချွေ ခေါင်းညိတ်လိုက်သည်။ အမှန်စင်စစ် သူတို့အချင်းချင်း သီးသန့်တွေ့ဆုံ၍ရသော်လည်း လက်မှတ်ငှားရမ်းသည့်ကိစ္စမှာ နောက်ဆုံးတွင် ပေါ်တင်ပြောဆိုကြရမည်ဖြစ်ရာ ယခုကဲ့သို့ လူမြင်ကွင်းတွင် ဆက်ဆံပြခြင်းမှာ အစပျိုးလိုက်ခြင်းပင် ဖြစ်၏။ ယွမ်ရှောင်ချွေမှာ ပစ္စည်းအိတ်များကို အတော်များများ သိမ်းဆည်းပြီးစီးနေပြီ ဖြစ်သည်။

အဘွားကြီးကျောက်

စပ်စုချင်စိတ်ဖြင့် မေးလိုက်မိ၏။

"နင် ကျေးလက်ကိုသွားရင် ဘယ်နေရာကို သွားရမှာလဲ။ ဆုံးဖြတ်ပြီးပြီလား"

ယွမ်ရှောင်ချွေ ခေါင်းညိတ်ပြသည်။

ယခုတစ်ခါ သူမသွားရမည့်နေရာမှာ သူမ၏ ဇာတိချက်ကြွေ မွေးရပ်မြေမဟုတ်ပေ။ သူမ၏ ရွာတွင် စိတ်အနှောင့်အယှက်ဖြစ်စရာ လူအချို့ ရှိသော်လည်း ထိုနေရာမှာ သူမ ဆယ်စုနှစ်တစ်ခုမက နေထိုင်ခဲ့ရာအရပ် ဖြစ်သဖြင့် အလွန်ရင်းနှီးပြီးသားဖြစ်ကာ သူမမှာ ရွာကိုသာ ပြန်ချင်ခဲ့သည်။

သို့သော်လည်း အဆင်မပြေခဲ့ပေ။

သူမ အမှန်တကယ် သွားချင်ခဲ့သော်လည်း သူမ၏ မွေးရပ်မြေမှာမြို့တော်နှင့် အတော်လေး နီးစပ်သည့် နေရာအဖြစ် သတ်မှတ်ခံထားရ၏။ ထိုသို့သော နေရာကောင်းကို သူမ လုံးဝမရနိုင်ပေ။ ထျန်းကျင်းလက်အောက်ရှိ ကျေးလက်ဒေသများသို့ သွားရောက်လိုပါက အဆက်အသွယ်ကောင်းများ လိုအပ်ပြီး သူမ၏ ဇာတိဖြစ်စေ၊ တခြားနေရာဖြစ်စေ သူမအတွက် မည်သူမှ စီစဉ်ပေးနိုင်စွမ်း မရှိကြပေ။

ယွမ်ရှောင်ချွေတွင် ကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိသဖြင့် သူမအတွက် ထိုနေရာမျိုးရရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

သူမသည် အနည်းငယ် အတွေ့နုနယ်သူဖြစ်ရာ အစပိုင်းတွင် မိမိရင်းနှီးသည့်နေရာသို့ သွားရလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း… မည်သူ ထင်ပါမည်နည်း~~ သူမတွင် ရွေးချယ်ခွင့်ပင် မရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူမသည် ပညာတတ်လူငယ်ရုံးတွင် ငိုယိုကာ သနားစရာကောင်းအောင် ပြောဆိုခဲ့သဖြင့် နောက်ဆုံးတွင် အရာရှိများ သနားသွားကာ သူမကို အရှေ့မြောက်ပိုင်းဒေသသို့ ပို့ပေးရန် သတ်မှတ်ပေးခဲ့၏။

အမှန်တကယ်ဆိုလျှင် မည်သည့်ကျေးလက်ဒေသသို့ သွားရသည်ဖြစ်စေ ပေကျင်းတွင် နေရသလောက် မကောင်းနိုင်သော်လည်း အရှေ့မြောက်ပိုင်းမှာ သယံဇာတ ပေါကြွယ်ဝလှသည်။ ပေကျင်းတွင်ပင် ထိုဒေသအကြောင်း သူမ ကြားဖူးသည်မှာ "တုတ်တစ်ချောင်းရှိရုံနဲ့ သမင်ဖမ်းလို့ရတယ်၊ ယောက်မတစ်ချောင်းရှိရင် ငါးခပ်လို့ရတယ်၊ တောကြက်တွေက အိုးထဲကို အလိုလို ပျံဝင်လာလိမ့်မယ်" ဟူ၍ ဖြစ်၏။ထို့ကြောင့် အရှေ့မြောက်ပိုင်းသို့ သွားရခြင်းမှာ အခြားခေါင်လှသည့် နေရာများထက် ပို၍ သက်သာမည်ဟု ယူဆရသည်။

သူမမှာ ထူးခြားသည့် စွမ်းဆောင်ရည်ရှိသူ မဟုတ်ပေ၊ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မည့်အရာမျိုးလည်း မလုပ်နိုင်ပေ။ တည်ငြိမ်သည့် ဘဝတစ်ခုရလျှင်ပင် သူမအတွက် လုံလောက်လှပြီ ဖြစ်၏။

ထို့အပြင် အရှေ့မြောက်ပိုင်းမှာ စက်မှုအခြေစိုက်ရာဒေသအဖြစ် ကျော်ကြားပြီး စက်ရုံအလုပ်ရုံများစွာ ရှိသည့်အပြင် အခြေအနေမှာလည်း အတော်လေး ကောင်းမွန်သဖြင့် အခြားရွေးချယ်စရာ မရှိသည့်အဆုံး ထိုနေရာသို့ သွားရခြင်းမှာ ရွေးချယ်မှုကောင်းတစ်ခုဟု ယွမ်ရှောင်ချွေ ခံစားရသည်။ မည်သို့ပင်ဖြစ်စေ သူမ အတော်လေး ပျော်နေ၏။

"ကျွန်မ ဒီတစ်ခါ အရှေ့မြောက်ပိုင်းကို သွားရမှာပါ"

အဘွားကြီးကျောက် : "အဲ့ဒါဆိုရင်လည်း ကောင်းတာပေါ့၊ အဲ့ဒီနေရာက အဆင်ပြေတယ်လို့ ငါလည်း ကြားဖူးပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာတော့ အတော်လေး အေးလိမ့်မယ် ထင်တယ်၊ နင့်ပြင်ဆင်မှုတွေ ဘယ်လိုလဲ”

"ဒါကို ဒေါ်လေးလည်း မြင်သိနေတာပဲ၊ ကျွန်မ တလျှောက်လုံး ပြင်ဆင်နေတာလေ"

သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"တော်သေးတာက ဒီရက်ပိုင်း ကျောက်ရုံ အိမ်မှာ မရှိတာပဲ၊ ဟဲဟဲ"

ယွမ်ရှောင်ချွေ ဝင့်ကြွားစွာ ပြုံးလိုက်၏။ သူမသည် ကျေးလက်သို့ သွားရန် တိတ်တဆိတ် စာရင်းသွင်းပြီး ပြင်ဆင်မှုများ လုပ်နေသော်လည်း အပြင်ပန်းတွင်မူ "ဒေါ်လေးကျောက်ရုံတို့ အလုပ်ရှာပေးတာကို စောင့်နေပါတယ်" ဆိုသည့် ပုံစံမျိုးဖြင့် ဟန်ဆောင်ကာ သူမ၏ဖခင်နှင့် ကျောက်ရုံတို့ကို အာရုံလွှဲထားခဲ့သည်။

ကံကောင်းစွာဖြင့် ဟောက်ရွှယ်မှာလည်း စာမေးပွဲကိစ္စရှိနေသဖြင့် သူမအတွက် ပို၍ စိတ်ချသွားရ၏။

ဟဲဟဲ၊ သူမ ကြိုတင်ပြင်ဆင်နေတာကို ကျောက်ရုံ လုံးဝရိပ်မိမှာ မဟုတ်ဘူး…

"အရင်ကတော့ ဟောက်ရွှယ်ကိစ္စနဲ့ အလုပ်များနေလို့ပါ၊ ဒါပေမဲ့ နင် ကျေးလက်ကို သွားတော့မယ်ဆိုတာကို သူ မကြာခင် သိသွားမှာပဲ"

အဘွားကြီးကျောက် ထူးထူးခြားခြား သတိပေးလိုက်သည်။

ယွမ်ရှောင်ချွေ : "စိတ်မပူပါနဲ့၊ ကျွန်မ အားလုံး စဉ်းစားထားပြီးသားပါ"

သူမ ဂုဏ်ယူစွာ ပြုံးလိုက်ပြန်သည်။

သူမ အိမ်ထဲမှ ထွက်လာသည်နှင့် တစ်စုံတစ်ယောက်မှာ စိတ်အားထက်သန်စွာ မေးလိုက်၏။

"ရှောင်ချွေ၊ နင် ဒေါ်လေးကျောက်ဆီက ဘာလိုချင်လို့လဲ"

ယွမ်ရှောင်ချွေ : "ကိစ္စတစ်ခုရှိလို့ပါ၊ အဒေါ်ကြီးဟွမ် ခဏလောက် ထွက်ခဲ့ပါဦး၊ ကျွန်မ အဒေါ်နဲ့လည်း ပြောစရာရှိလို့။"

အဘွားကြီးဟွမ် : "….."

သူမသည် တတွတ်တွတ် ရေရွတ်ရင်း ယွမ်ရှောင်ချွေနောက်သို့ လိုက်သွားလေသည်။

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်မိ၏။

"ဒေါ်ကြီးကျောက်၊ ယွမ်ရှောင်ချွေက အဒေါ်ကြီးဆီက ဘာလိုချင်လို့လဲဟင်"

လူတိုင်း၏ စပ်စုချင်စိတ်မှာ တကယ်ကို ပြင်းထန်လွန်းလှ၏။

အဘွားကြီးကျောက် : "နင့်အလုပ်မဟုတ်တာတွေ ဝင်မပါနဲ့”

ထိုစဉ်မှာပင် ရပ်ကွက်ရုံးမှ လူအချို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

လူတိုင်း သူတို့ကို မှတ်မိကြပြီး တစ်စုံတစ်ယောက်မှာ ချက်ချင်းပင် သွားရောက်နှုတ်ဆက်လိုက်၏။ ဤလူများမှာ ကျေးလက်သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ပညာတတ်လူငယ်များကို စည်းရုံးလှုံ့ဆော်ရန် တာဝန်ရှိသည့် ရပ်ကွက်ရုံး အရာရှိများပင် ဖြစ်သည်။

ဒါပေမဲ့ ဒီနေ့ သူတို့ လာတာ နည်းနည်း စောမနေဘူးလား…

ပိုင်ဖုန်းရှန်း ချက်ချင်း ရှေ့သို့ တက်သွားလိုက်ကာ

“အုပ်ချုပ်ရေးမှူးကျန်း၊ ဘာကိစ္စရှိလို့ ကြွလာတာလဲရှင့်.. ကျွန်မတို့ ဝင်းထဲက မိသားစု အတော်များများကတော့ စက်ရုံမှာ စာမေးပွဲ သွားဖြေနေကြပါတယ်"

ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျန်း ခေါင်းညိတ်လိုက်ပြီး

"သိပါတယ်၊ ဒီကိစ္စကို ကျွန်တော်တို့ စက်ရုံဘက်နဲ့ ညှိနှိုင်းပြီးပါပြီ.. ထွက်ခွာရမယ့်ရက်က ဒီနေ့ကစပြီး ၄ ရက်အကြာမှာ ဖြစ်ပြီး၊ စာရင်းသွင်းရမယ့် နောက်ဆုံးရက်ကတော့ ၃ ရက်အကြာမှာပါ.. အဲ့ဒါကြောင့် စက်ရုံက ရလဒ်တွေကို သဘက်ခါ နေ့လယ်ပိုင်းမှာ ကြေညာပေးပါလိမ့်မယ်.. အားလုံးကို အသိပေးဖို့ လာတာပါ. ကျေးဇူးပြုပြီး တဆင့်ပြန်ပြောပေးကြပါ။ အကယ်၍ စာမေးပွဲ မအောင်ဘူးဆိုရင် စာရင်းသွင်းဖို့ ၁ ရက်နဲ့ ထွက်ခွာဖို့ ၁ ရက်ပဲ အချိန်ရပါလိမ့်မယ်.. ဒါက ခင်ဗျားတို့ ထင်သလို သတ်မှတ်ရက် ကျော်သွားရင် အဆင်ပြေသွားမှာမျိုး မဟုတ်ပါဘူး။ အဲ့လိုမျိုး လုံးဝမရှိပါဘူး.. အကယ်၍ နောက်ဆုံးရက်မှာ ပညာတတ်လူငယ်ရုံးကို လာပြီး စာရင်းမသွင်းဘဲ လွတ်အောင်ရှောင်နိုင်မယ်လို့ ထင်နေရင်တော့ ကျွန်တော်တို့ ရပ်ကွက်ရုံး၊ လူငယ်ရုံးနဲ့ ခင်ဗျားတို့ မိသားစုဝင်တွေရဲ့ အလုပ်ခွင်တွေ ပူးပေါင်းပြီး ဖြေရှင်းပါလိမ့်မယ်.. အခြေအနေတွေက ခင်ဗျားတို့ ထင်သလောက် မရိုးရှင်းပါဘူး~~ မူဝါဒကို ဆန့်ကျင်မယ်ဆိုရင် အလုပ်ကနေ ထုတ်ပယ်ခံရတဲ့အထိ ဖြစ်နိုင်ပါတယ်"

လူတိုင်း ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

"သူတို့ ပြန်ရောက်လာရင် ဒီသတင်းကို တဆင့် ပြောပေးလိုက်ပါမယ်"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

အုပ်ချုပ်ရေးမှူးကျန်းသည် ကြာရှည်မနေဘဲ အခြားဝင်းများကို အသိပေးရန် လူအချို့နှင့်အတူ ထွက်ခွာသွားသည်။ သူတို့၏ မျက်နှာများမှာ မသာမယာဖြစ်နေသည်မှာ သိသာလှ၏။ သဘာဝကျကျပင် လူတိုင်း မပူးပေါင်းချင်ကြသဖြင့် သူတို့လည်း စိတ်တိုင်းမကျဖြစ်နေခြင်းပင်။

ထိုလူများမှာ အလျင်အစလို ထွက်ခွါသွားကြသည်။

သို့သော် လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။

"ကြားလိုက်လား.. မူဝါဒအတိုင်း ကျေးလက်ကိုမသွားရင် အစိုးရဝန်ထမ်းအလုပ်ကနေ ထုတ်ပယ်ခံရမယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား"

"ဟုတ်တယ်မလား"

"ငါလည်း အဲ့လိုပဲ ထင်တယ်"

လူတိုင်း ထိုသို့ပြောဆိုရင်း ဝေခွဲမရသည့် အကြည့်များဖြင့် အပြန်အလှန် ကြည့်နေကြသည်။

ချန်ချင်းယွီမှာမူ သူမကိုယ်တိုင် ကျေးလက်သို့သွားရန်မလိုသည့်အတွက် တစ်ဖန်ပြန်၍ ကျေးဇူးတင်မိပြန်၏။ သူမသည် မိမိကိုယ်ကိုယ် ဂရုစိုက်နိုင်ပြီး ထမင်းဟင်းချက်တတ်သူဖြစ်သော်လည်း ကျေးလက်ဘဝကို အတွေ့အကြုံယူရန် လုံးဝဆန္ဒမရှိပေ။ တော်သေးသည်မှာ သူမ သွားစရာမလိုခြင်းပင်။

လူတိုင်း တတွတ်တွတ် ပြောဆိုနေကြသော်လည်း သူတို့မိသားစုဝင် အများစုမှာ ကျေးလက်သို့သွားရန် မလိုကြသဖြင့် သိပ်ပြီး စိတ်အနှောက်မယှက် မဖြစ်ကြပေ။ တစ်ဦးတည်းသော စိုးရိမ်နေသူမှာ အဒေါ်ကြီးမေ့ ဖြစ်၏။ နောက်ထပ် နှစ်နှစ်ဆိုလျှင် သူမ၏ကလေးမှာ နယ်သို့ သွားရတော့မည် မဟုတ်လော့…အခြားသူများနှင့် တန်းညှိ၍ မရပေ။

"အဒေါ်ကြီးရှီ၊ အဒေါ်တို့မိသားစုကတော့ တကယ်ကို အားကျစရာပဲနော်၊ ကလေးသုံးယောက်စလုံးက အနားမှာတင်"

ရှီကျန့်ရှန်းမှာ မိမိကိုယ်ကိုယ် အတော်လေး ဂုဏ်ယူနေသည်။ သူမ၏မိသားစုမှာ အမြဲတမ်း လက်ဦးမှုရအောင် လုပ်ဆောင်တတ်သဖြင့် ယခုကဲ့သို့ အခြေအနေမျိုးနှင့် လုံးဝမကြုံတွေ့ခဲ့ရပေ။

သူမက ဘဝင်မြက့်စွာ ပြုံးလိုက်ရင်း "ဒါပေါ့" ဟု ဆိုလိုက်၏။

"ဟေ့... အဒေါ်ကြီးရှီ အငယ်ဆုံးသားရဲ့ အိမ်ထောင်ရေးကရော ဘယ်လိုရှိလဲ"

"ဟုတ်ပ၊ သူလည်း အသက်နှစ်ဆယ်ကျော်နေပြီဆိုတော့ လက်တွဲဖော်ရှာဖို့ အချိန်တန်ပြီလေ..."

ဝင်းအတွင်း၌ လူပျို၊ အပျို အတော်များများ ရှိကြ၏။

ရှီကျန့်ရှန်း : "ငါ့သားကတော့ အမြဲတမ်းဝန်ထမ်း တစ်ယောက်ကိုပဲ ရှာချင်နေတာ.. အောင်သွယ်ကိုတော့ ပြောထားပြီးပြီ၊ နောက်ရက်အနည်းငယ်ဆို သတင်းကြားရမှာပါ"

လူတိုင်း အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။

သူမ၏သားမှာ အမြဲတမ်းဝန်ထမ်း ဖြစ်နေသော်လည်း အဖော်ရှာရန်မှာ လွယ်ကူလိမ့်မည်ဟု ထင်မိလျှင် မှားသွားမည်သာ… ယာယီဝန်ထမ်း သို့မဟုတ် အလုပ်လက်မဲ့ မိန်းကလေးတစ်ဦးကို ရှာရန်မှာ လွယ်ကူသော်လည်း အမြဲတမ်းဝန်ထမ်း တစ်ဦးကို ရှာရန်မှာ ခက်ခဲလှ၏။ မည်သို့ပင်ဖြစ်စေ မိသားစုအတော်များများမှာ သားကို သမီးထက် ပို၍ မျက်နှာသာပေးကြလေသည်။ တစ်စုံတစ်ယောက်တွင် အဆက်အသွယ်ရှိလျှင်ပင် မရိုးရှင်းလှပေ။ ထိုမိသားစုမှာ ချမ်းသာကြွယ်ဝသူဖြစ်ရမည် သို့မဟုတ် ထိုမိန်းကလေးမှာ စက်ရုံအလုပ်ကို မိမိဘာသာ ရရှိနိုင်လောက်အောင် တကယ်ကို စွမ်းဆောင်ရည် ရှိသူဖြစ်ရမည်။

သို့သော် ထိုသို့သော မိန်းကလေးများမှာ ရွေးချယ်စရာ ပို၍များပြားလှ၏။

ရွှီကောင်းမင်၏ တတိယသားမှာ သိပ်ပြီး ပြတ်သားသူမဟုတ်ဘဲ ပျော်ပျော်နေတတ်သူ ဖြစ်ကာ အလုပ်ရုံရှိ သူငယ်ချင်းများနှင်သာ အချိန်ကုန်ဆုံးနေတတ်သည်။ သူ တစ်ခုခု မှားယွင်းတာမျိုး လုပ်သလားဆိုတော့လည်း မဟုတ်ပြန်ပေ။

အကယ်၍ သူ့တွင် ဦးဆောင်နိုင်စွမ်း၊ စည်းရုံးနိုင်စွမ်းရှိလျှင် တော်သော ယောက်ျားတစ်ယောက်ဟု သတ်မှတ်နိုင်သော်လည်း သူသည်ကား ထိုသို့မဟုတ်ပေ။ ရှီတတိယသားမှာ အခြားသူငယ်ချင်းအချို့နှင့်အတူ လမ်းမပေါ်တွင် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေတတ်ပြီး သို့မဟုတ်လျှင်လည်း လူစုပြီး အရက်သောက်ကာ မိုးလင်းသည့်အထိ စားသောက်ကြွားဝါနေတတ်ကြသည်။ ထိုသတင်းများမှာ ပျံ့နှံ့နေသဖြင့် သူသည် သိပ်ပြီး လေးစားစရာကောင်းသူ မဟုတ်ပေ။ သို့သော် သူ၏မိသားစုမှာမူ ရိုးရှင်းသည့် နောက်ခံရှိပြီး အလုပ်အကိုင် အတည်တကျရှိကာ ရုပ်ရည်လှပသည့် အမျိုးသမီးကိုသာ လိုချင်နေကြသည်။

စိတ်ကူးယဉ်လိုက်တာ.. အဲ့လိုမိန်းကလေးကို ဘယ်မှာသွားရှာမှာလဲ.. ရှိရင်တောင် အဲ့လိုမိန်းကလေးက အလုပ်ရှိတာကလွဲရင် အလေလိုက် ဟေးလားဝါးလားနဲ့ ရည်မှန်းချက်မရှိတဲ့ သူတို့သားလိုလူမျိုးကို ယူပါ့မလား… အရာရှိ သားတွေကိုပဲယူမှာပေါ့… အမယ်လေးနော်.. လူတွေများ

သူ့သားအတွက် အဖော်ရှာရန်မှာ အလွန်ခက်ခဲလှသည်။

ဝင်းအတွင်းရှိ လူငယ်များထဲတွင် ယွမ်ဟောက်ဖုန်းမှာ မိတ်ဆက်ပေးသူ အများဆုံးဖြစ်သော်လည်း ရွှီရှောင်စန်းမှာမူ အလွန်နည်းပါးကာ ကျန်းရှင်းဖှမှာမူ ပို၍ပင် နည်းပါးလှ၏။

ယင်းမှာ အဆင့်ဆင့်သွားနေခြင်းပင်။

လူတိုင်းက ဒါကို သိကြတာပဲလေ…

လူတိုင်း သိကြသောကြောင့်လည်း အားလုံး နားလည်သည့် အကြည့်များဖြင့် ပြောဆိုနေကြခြင်းဖြစ်သည်။

အဘွားကြီးဟွမ်မှာလည်း ယခုအခါ ပြန်ရောက်လာပြီ ဖြစ်သည်။ သူမမှာ ဝင်ပြောလိုက်ကာ

"တခြားမိသားစုတွေကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ ငါ့မိသားစုကလူတွေအတွက် အဖော်ရှာရတာတော့ လွယ်ပါတယ်။ သူတို့ကလည်း အမြဲတမ်းဝန်ထမ်းတွေ ဖြစ်ရမယ်လေ"

“ဟင့်.. ကိုယ်ပြောတိုင်း အမှန်ဖြစ်ချင်မှဖြစ်မှာလေ”

ရှီကျန့်ရှန်းမှာ ကျန်းရှင်းဖှလိုလူမျိုးပင် ပထမအိမ်ထောင်အတွက် စက်ရုံအလုပ်သမားတစ်ဦးကို ရှာနိုင်ခဲ့သေးလျှင် သူမ၏မိသားစုမှာ ကျန်းရှင်းဖှထက် အများကြီး ပိုသာသည်ဟု တွေးနေသည်။ သူမတို့၏ တောင်းဆိုချက်မှာ မမြင့်မားလှဟု ရှီကျန့်ရှန်း ထင်နေသော်လည်း ကျန်းရှင်းဖှ ပထမဆုံး အိမ်ထောင်ပြုစဉ်၌ ကျေးလက်သို့သွားရမည့် မူဝါဒမျိုး မရှိခဲ့သည်ကို သူမ မေ့နေ၏။

ခေတ်ကာလမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ယခုအခါ အမြဲတမ်းဝန်ထမ်းအလုပ် ရရန်မှာ ခက်ခဲလှပြီး မိန်းကလေးများသည်သာ အမျိုးသားကို ရွေးချယ်သည့်ခေတ် ဖြစ်နေကာ.. ယခင်ကဲ့သို့ အမျိုးသားများမှ ရွေးချယ်ခွင့်ရှိသောခေတ် မဟုတ်တော့ပေ။

"ဩော်... ဒါနဲ့ အဒေါ်ကြီးပိုင်၊ အဒေါ်က ဟောက်ဖုန်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမလို့ ဆိုတာ မဟုတ်လား"

အဘွားကြီးပိုင် : "ငါပြောခဲ့တာက ကွမ်ထင်းထင်းပါ.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟောက်ဖုန်းက အခုတလော အချိန်ပိုဆင်းနေရလို့ အိမ်မပြန်နိုင်ဘူး၊ ကွမ်ထင်းထင်းကလည်း အလုပ်သစ်ကို ပြောင်းရွှေ့နေရပြီး ပတ်ဝန်းကျင်သစ်နဲ့ အသားကျအောင် လုပ်နေရတော့ သူလည်း အချိန်မရသေးဘူး..သူ့ကိုပဲ စောင့်ရမှာပေါ့"

"အာ... သူ အလုပ်ပြောင်းသွားတာလား"

"ဟုတ်တယ်၊ အဲ့ဒီကလေးမလေးက အဆက်အသွယ်ရှိတော့ ငါတို့ စက်ရုံကို ပြောင်းလာတာ"

"ဟယ်... ဟုတ်လား"

"ဒါကတော့..."

"ရဲစခန်းကလည်း အဆင်ပြေပါတယ်"

"သူက စက်ရုံက အသံလွှင့်ဌာနမှာ အလုပ်ရတာ.. မိန်းကလေးတစ်ယောက်အတွက်တော့ ဒီလိုအလုပ်မျိုးက ပိုကောင်းတာပေါ့"

"အဲ့ဒါတော့ ဟုတ်တယ်"

ချန်ချင်းယွီ ဘေးမှနေ၍ ထိုစိတ်လှုပ်ရှားစရာများကို ကြည့်နေသော်လည်း တစ်ဖက်တွင် အလုပ်တစ်ခုကို တစ်ပြိုင်တည်း လုပ်နေရင်း တွေးနေမိသည်မှာ မွန်းတည့်တော့မည်ဖြစ်ရာ စာမေးပွဲလည်း မကြာခင် ပြီးတော့မည်ဖြစ်ကြောင်းပင်...။

စာမေးပွဲသည် မနက်ခင်းတစ်ခုတည်းနှင့် ပြီးသွားခဲ့ရာ ချန်ချင်းယွီ ထင်ထားသည့်အတိုင်းပင် အားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ကျောက်ရုံသည် အတော်ကြာအောင် စောင့်နေခဲ့ရသဖြင့် သမီးဖြစ်သူ စာအုပ်များပိုက်ပြီး ထွက်လာသည်ကို မြင်သည်နှင့် အလျင်အစလို လှမ်းခေါ်လိုက်သည်။

“သမီး..”

ဟောက်ရွှယ်သည် ခြေလှမ်းသွက်သွက်ဖြင့် ကျောက်ရုံအနားသို့ ရောက်လာ၏။

"ဘယ်လိုလဲ"

ကျောက်ရုံ မေးလိုက်စဉ် ဟောက်ရွှယ်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး နှုတ်ခမ်းကိုကိုက်ကာ ဖြေလိုက်လေသည်။

"တကယ်ကို ခက်တယ် အမေ"

ကျောက်ရုံ၏ မျက်နှာမှာလည်း အနည်းငယ် ပျက်သွားသော်လည်း ဟောက်ရွှယ်၏လက်ကို အမြန်ပုတ်ပေးရင်း

"ရပါတယ်၊ မေမေ သမီးကို ယုံတယ်။ သမီးက အမြဲတမ်း စာတော်တဲ့သူပဲ၊ အောင်မှာပါ"

ယခုအခါ စာမေးပွဲ ပြီးသွားပြီဖြစ်ရာ စိုးရိမ်နေစရာ မလိုတော့သလို အခြားသူများကိုလည်း စောင့်နေရန် မလိုတော့ပေ။

ကျောက်ရုံသည် ယွမ်ဟောက်ရွှယ်ကို ခေါ်ပြီး ထွက်လာခဲ့သည်။ သားအမိနှစ်ဦး အတူတူ ခဏမျှ လျှောက်လာပြီးနောက် ပတ်ဝန်းကျင်တွင် လူရှင်းသွားသည်ကို မြင်သောအခါ ယွမ်ဟောက်ရွှယ် စိုးရိမ်တကြီးဖြင့်

"သမီး တကယ် စိတ်ပူတယ်။ အလုပ်မရရင် ဘယ်လိုလုပ်မလဲ"

ကျောက်ရုံ : "မရဘဲ နေပါ့မလား..မေမေက သမီးအတွက် ယာယီအလုပ်တစ်ခုရဖို့ အများကြီး လုပ်ပေးထားတာ။ စိတ်မပူပါနဲ့၊ နောက်ပြီး သမီးအတွက် အခွင့်အလမ်းတွေလည်း လမ်းခင်းပေးထားပြီးသား"

ယွမ်ဟောက်ရွှယ်မှာ မျက်နှာလေး အနည်းငယ် နီမြန်းသွား၏။

ကျောက်ရုံ လေးလေးနက်နက်ဖြင့်

"အမေက အသက်ကြီးပြီ၊ အတွေ့အကြုံလည်း ရှိတယ်..အချို့ကိစ္စတွေကို အမေ သိပ်ဂရုမစိုက်ဘူး. အဲ့ဒီကနေ အကျိုးအမြတ်

တစ်ခုခု ရဖို့ကပဲ အဓိကပဲ အမေ ဘာမှ မရှုံးပါဘူး။ သမီး မြို့မှာ ဆက်နေနိုင်ဖို့အတွက်ဆိုရင် အမေ ဘာမဆို လုပ်ပေးဖို့ အသင့်ပဲ"

ယွမ်ဟောက်ရွှယ်မှာ နှုတ်ခမ်းကိုကိုက်ရင်း မျက်ဝန်းများ ဝေ့သီလာသည်။

အပြင်လူများ မသိကြသော်လည်း သူမ၏မိခင် ဘာတွေလုပ်ပေးခဲ့သည်ကို ယွမ်ဟောက်ရွှယ် သိနေ၏။ သူမသည် ကျောက်ရုံအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ကျေးလက်တွင် ဒုက္ခမခံချင်သည်မှာ အမှန်ပင်။ သူမ ကျောက်ရုံ၏ ပခုံးပေါ်သို့ ခေါင်းလေးမှီလိုက်ပြီး

"အမေက သမီးအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပါ"

ကျောက်ရုံ : "အမေက သမီးအပေါ် မကောင်းရင် ဘယ်သူ့အပေါ် ကောင်းရမှာလဲ.. သမီးက အမေ့သမီးပဲလေ။ ဒါကြောင့် စိတ်မပူနဲ့၊ ဒီတစ်ခါ စက်ရုံမှာ အလုပ်ရမှာ ကျိန်းသေတယ်.. ဒါပေမဲ့ ဒါက ယာယီအလုပ်ပဲ၊ တစ်နှစ်ပဲ ရမှာ။ တစ်နှစ်ကြာပြီးလို့ အလုပ်ထုတ်ခံရမလား၊ ယာယီဝန်ထမ်းအဖြစ် ဆက်လုပ်မလား၊ ဒါမှမဟုတ် အမြဲတမ်းဝန်ထမ်း ဖြစ်မလားဆိုတာကတော့ သမီးအပေါ်မှာပဲ မူတည်တယ်.. ဒီတစ်နှစ်အတွင်းမှာ လက်ထပ်ဖို့ လူကောင်းတစ်ယောက် ရှာနိုင်ရင်တော့ တို့တွေ စိတ်အေးရပြီပေါ့"

"သမီး သိပါတယ်"

ယွမ်ဟောက်ရွှယ် ပြန်ပြောလိုက်၏။

ကျောက်ရုံ : "ဒေါ်လေးရှန့်ရှန့်နဲ့ တို့တွေ ဘာတွေလုပ်ခဲ့သလဲဆိုတာကို သမီးအဖေကို လုံးဝမပြောနဲ့နော်"

ယွမ်ဟောက်ရွှယ် လေးလေးနက်နက် ခေါင်းညိတ်ရင်း ကတိပေးလိုက်သည်။

“စိတ်ချပါ အမေ”

သူတို့သည် စာကြည့်ရန် တိတ်ဆိတ်သည့်နေရာသို့ သွားနေကြသည်ဟု လူတိုင်း ထင်မှတ်နေကြ၏။

သို့သော် လက်တွေ့တွင်မူ အခြားကိစ္စများ ရှိနေပြီး မည်သို့သော မသမာသည့် အပေးအယူများ ပါဝင်နေသည်ကိုမူ ကာယကံရှင်များသာ သိကြပေလိမ့်မည်။ ကျောက်ရုံ သမီးဖြစ်သူကို ကြည့်ကာ

"အိမ်ပြန်ရောက်ရင် အမေ သမီးကို ပိုက်ဆံနည်းနည်းပေးမယ်..အလုပ်သွားတဲ့အခါ ကြည့်ကောင်းအောင် မျက်နှာလိမ်းခရင်မ်တွေနဲ့ အဝတ်အစားလှလှလေးတွေ ဝယ်လိုက်ဦး.. ဒေါ်လေးရှန့်ရှန့်တို့ အိမ်မှာ တစ်ပတ်နေခဲ့ရတာ၊ သူ့လို ဘဝမျိုးနဲ့ မနေချင်ဘူးလား"

"နေချင်တာပေါ့..."

ယွမ်ဟောက်ရွှယ်သည် မူလက ကျေးလက်သို့ မသွားချင်ရုံသာ ဖြစ်သော်လည်း၊ အတူတူ စာရင်းသွင်းထားသူအချို့ကို မနာလိုဖြစ်ပြီး လုပ်ကြံခံရသည်ဟူသော သတင်းများကို ကြားရသောအခါတွင် ထိတ်လန့်သွားခဲ့၏။ သူမသည် ရပ်ကွက်ထဲတွင် အတော်ဆုံး ကျောင်းသူတစ်ဦး ဖြစ်ရာ…

တစ်စုံတစ်ယောက်က သူမကို မနာလိုဖြစ်နေလျှင် ဘယ်လိုလုပ်မလဲ..

အနည်းဆုံးတော့ လီလင်းလင်းက သူမကို မနာလိုဖြစ်နေမှာ သေချာတယ်…

တွေးမိလေလေ ပိုကြောက်လေလေ ဖြစ်လာပြီး ကျောက်ရုံကိုယ်၌လည်း စိုးရိမ်နေခဲ့၏။

ကျောက်ရုံနှင့် ယွမ်ဟောက်မင်တို့ တိုင်ပင်ပြီးနောက် ဝင်းအတွင်း၌ စာကြည့်မရနိုင်ဟု ဆုံးဖြတ်ခဲ့ကြသည်။ သားအမိနှစ်ဦးစလုံး အိမ်နှင့်ဝေးရာသို့ သွားနေခြင်းမှာလည်း စိတ်မချစရာ ဖြစ်နေ၏။ လီလင်းလင်း မနာလိုဖြစ်နေလျှင် ယွမ်ရှောင်ချွေမှာ ပို၍ပင် မနာလိုဖြစ်နေပေလိမ့်မည်။ ရှောင်ချွေသည်လည်း ပြဿနာရှာမည့်ပုံစံ ရှိသည်။

ထို့ကြောင့် ကျောက်ရုံမှာ ယွမ်ဟောက်ရွှယ်ကို သူငယ်ချင်းဟောင်းတစ်ဦးထံသို့ ခေါ်သွားခဲ့ခြင်း ဖြစ်၏။

ရှန့်ရှန့်သည်လည်း ထိုသားအမိနှစ်ဦးကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်အတွင်း ယွမ်ဟောက်ရွှယ်မှာ အမြင်များစွာ ကျယ်လာခဲ့၏။ ယခင်က သူမသည် အတော်လေး အဆင်ပြေသည့် ဘဝတွင် နေထိုင်နေရသည်ဟု ထင်ခဲ့သော်လည်း၊ အခြားသူများ၏ ဘဝကို မြင်ရသောအခါမှသာ ယင်းမှာ အစစ်အမှန်ဘဝ ဖြစ်ကြောင်း နားလည်သိရှိသွားသည်။ ပြီးခဲ့သည့် တစ်ပတ်ကျော်အတွင်း သူမသည် အတိတ်က မိမိမှာ ဘာမှ သိပ်မလေ့လာဖြစ်ကာ၊ လူတန်းစားကွာခြားချက်အကြောင်း ဘာမှမသိနားမလည်ဘဲ အချိန်ဖြုန်းခဲ့မိသည်ဟု ခံစားခဲ့ရ၏။

ရှန့်ရှန့်၏ မိသားစုတွင် ဝေယျာဝစ္စများကို လုပ်ပေးသော အိမ်ဖော်တစ်ဦးရှိသည်။ ထိုမျှမက…

ရေဒီယိုကို ထားလိုက်ပါဦး…သူတို့အိမ်မှာ တီဗွီတောင် ရှိသေးတယ်..

ယွမ်ဟောက်ရွှယ်မှာ တစ်ခါမှပင် မမြင်ဖူးခဲ့ပေ။ တီဗွီပိုင်ဆိုင်သည်ဆိုသည်မှာ သူမ တစ်ခါမှ မကြားဖူးခဲ့ကာ၊ ထိုသို့သော အဖိုးတန် ဇိမ်ခံပစ္စည်းကို အသုံးပြုသည်ဆိုသည်မှာလည်း မကြားစဖူး အံ့သြစရာပင်။

ထို့အပြင် ကြီးမားသည့် ဆိုဖာ၊ နူးညံ့သည့် မွေ့ရာ၊ အဝတ်အစားများ ပြည့်လျှံနေသည့် ဗီရို…

ဟောက်ရွှယ်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်…

ရှန့်ရှန့်၏ မိသားစုမှာလည်း အလွန်စည်ကားပြီး နေ့စဉ် "ဧည့်သည်" များ လာတတ်ကြရာ အားလုံးမှာ ဂုဏ်သရေရှိ လူကုံထံများ ဖြစ်ကြသည်။ ဟောက်ရွှယ်မှာ ထိုလူအုပ်ထဲသို့ မဝင်ဝံ့သော်လည်း၊ သူမ၏မိခင်မှာ ညစဉ်ညတိုင်း အလွန်အလုပ်ရှုပ်နေသည်ကို သိနေ၏။ ထို့ကြောင့်သာ သူမ ဤယာယီအလုပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဤကိစ္စမှာ နှုတ်ကတိဖြင့်သာ သဘောတူထားခြင်း ဖြစ်သဖြင့် ဟောက်ရွှယ်မှာ အတော်လေး စိုးရိမ်နေဆဲ ဖြစ်၏။

သို့သော် သူမ၏မိခင်မှာ ရှန့်ရှန့်ကို လုံးလုံးလျားလျား ယုံကြည်ထားသည်။

ဟောက်ရွှယ်သည် ယွမ်ရှောင်ချွေအပေါ် အငြိုးအတေး အနည်းငယ် ရှိနေ၏။ သူတို့သည် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသော်လည်း၊ ယွမ်ရှောင်ချွေမှာ မိမိ၏ တည်ရှိမှုကို ပို၍ ပေါ်လွင်အောင် ဖြည့်ဆည်းပေးခဲ့ရုံသာ ဖြစ်သည်။ စိတ်ထဲတွင်မူ ဟောက်ရွှယ်မှာ ယွမ်ရှောင်ချွေကို မနှစ်မြို့ပေ။

မည်သို့ပင်ဖြစ်စေ၊ ရုတ်တရက်ကြီး ပေါ်လာသည့် ဖအေတူမအေကွဲ ညီမတစ်ဦးကို မည်သူမှ မကြည်ဖြူနိုင်ပေ။

သူမ၏မိခင်သည် စိတ်ကောင်းရှိပြီး ရှောင်ချွေကို အဘက်ဘက်မှ ထောက်ပံ့ပေးခဲ့သော်လည်း၊ သေသေချာချာ စဉ်းစားကြည့်လျှင် ရှောင်ချွေသာ မရှိခဲ့ပါက သူတို့မိသားစု ပို၍အဆင်ပြေမည်သာ.. ထို့အပြင် ယွမ်ရှောင်ချွေ တည်ရှိနေခြင်းမှာပင် သူမ၏ မိဘနှစ်ပါးကြား ဆက်ဆံရေးတွင် အပြစ်အနာအဆာ ရှိခဲ့သည်ကို သက်သေပြနေ၏။

ဟောက်ရွှယ်အနေဖြင့် မည်သို့ စိတ်အေးလက်အေး နေနိုင်ပါမည်နည်း။

ယွမ်ရှောင်ချွေ၏ ရိုင်းစိုင်းမှု၊ မိုက်မဲမှုနှင့် ကောက်ကျစ်မှုများမှာ သူမ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးသည့် အထောက်အပံ့အဖြစ် မတည်ရှိခဲ့လျှင် ဟောက်ရွှယ်သည် ထိုညီမကို အာရုံစိုက်နေမည်ပင် မဟုတ်ပေ။

အစပိုင်းတွင် ဟောက်ရွှယ်သည် ရှောင်ချွေကို စတေးခိုင်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ထိုသို့သောအခြေအနေမျိုး ကြုံတွေ့ရသည့် အမျိုးသမီးတစ်ဦးအနေဖြင့် မည်သည့်အခါမျှ အိမ်ထောင်ကောင်းကို မမျှော်လင့်နိုင်တော့သည်ကို သူမ သိသည်။ ရှောင်ချွေသည် သူမ၏ ညီမတစ်ဦး ဖြစ်နေသဖြင့် သူမ သတိပေးသင့် မပေးသင့်ဆိုသည်ကို ဟောက်ရွှယ် တွန့်ဆုတ်နေခဲ့မိ၏။

သို့သော်လည်း ယင်းမှာ သူမ ကျေးလက်သို့ သွားရမည့် အရေးကြီးသောကိစ္စနှင့် ပတ်သက်နေသည်။ နောက်ဆုံးတွင် သူမသည် မိမိကိုယ်ကိုယ်သာ ပို၍ တန်ဖိုးထားခဲ့၏။

ထို့အပြင် ရှောင်ချွေသည် အမြဲတမ်း တစ်ခုမဟုတ်တစ်ခု တောင်းဆိုနေတတ်သည်ကို တွေးမိသောအခါ၊ ယခုတစ်ကြိမ်မှာ ရှောင်ချွေဘက်မှ ပြန်လည်ပေးဆပ်ရမည့် အလှည့်ဖြစ်သည်ဟု သူမ ခံစားလိုက်ရသည်။

ယခုအခါ ယွမ်ရှောင်ချွေအနေဖြင့် မိသားစုအတွက် အကျိုးပြုနိုင်မည့် ရှားပါးသော အခွင့်အရေးတစ်ခု ရရှိလာပြီဖြစ်၏။

ယွမ်ရှောင်ချွေက သူတို့မိသားစုကနေ နှစ်ပေါင်းများစွာ စားကောင်းသောက်ဖွယ်၊ အနေအထိုင် အားလုံးကို ရယူခံစားခဲ့တာပဲ မဟုတ်လား.. အခုတော့ သူမ ပြန်ပေးဆပ်သင့်ပြီ မဟုတ်လား…

သို့သော် သူမက ငြင်းဆန်ခဲ့သည်။

ငြင်းဆန်ရုံသာမက သူမ၏မိခင်၏ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးပြီး နာကျင်အောင် လုပ်ခဲ့၏။ ယွမ်ဟောက်ရွှယ်သည် ရှောင်ချွေကို အကြီးအကျယ် နာကျည်းပြီး အစိမ်းလိုက်ဝါးမတတ် မုန်းတီးနေမိသည်။

ဒါတွေအားလုံး သူ့အပြစ်ပဲ၊ အားလုံးက သူ့ကြောင့်ဖြစ်တာ..

‘သူမသာ မရှိရင် မိသားစုထဲမှာ ဒီလောက် ဗရုတ်သုတ်ခတွေ ဖြစ်မှာမဟုတ်သလို၊ အမေလည်း ထိခိုက်

နာကျင်မှာ မဟုတ်ဘူး.. ရှောင်ချွေသာ သူတို့ စီစဉ်ပေးတာကို နားထောင်ခဲ့ရင် ပိုပြီးအဆင်မပြေဘူးလား.. ပြန်လာလို့ မရတာမှ မဟုတ်တာ၊ အခွင့်အရေးရှိပါသေးတယ်၊ အဲ့ဒါကို သူက ငြင်းခဲ့တယ်...

အခုတော့ သူမကို မြို့မှာ ဆက်နေနိုင်အောင်လို့ မေမေက ဒီအခွင့်အရေးအတွက် လူပေါင်းများစွာနဲ့ အိပ်ခဲ့ရတယ်…

ဒါပေမဲ့ အဲ့ထဲက အာဏာရှိတဲ့သူတွေက မေမေ့ကို လုံးဝ အထင်မကြီးကြဘူး…’

‘ရှန့်ရှန့်ကသာ တခြားနည်းလမ်းတွေနဲ့ အမေ့အတွက် လူရှာပေးခဲ့ရတာ..

ဒါတွေအားလုံး ရှောင်ချွေ့ကြောင့်ပဲ...’

ယွမ်ဟောက်ရွှယ် : "အမေ၊ ရှောင်ချွေ ကျေးလက်သွားရမယ့်ကိစ္စ အတည်ဖြစ်သွားပြီလား"

ကျောက်ရုံ ခါးသီးအေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။

"မဖြစ်သေးဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ သူ့ကို ဒီမှာ ပေးမနေဘူး.. သူသာ မရှိရင် ငါ အခုလို တစ်လျှောက်လုံး လူပေါင်းစုံနဲ့ အိပ်ခဲ့ရပါ့မလား.. ဒီတစ်ခါတော့ သူ့ကို အရှုံးပေးအောင် လုပ်မယ်..."

ပါတီအတွင်းရေးမှူး ကျန်း ဒုတိယ စက်ရုံမှူး ဟယ် နှင့် စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားရေးမှူး လီ တို့မှာ သူမကို စိတ်မဝင်စားကြပေ။

ကျောက်ရုံသည် ဝတ်ကောင်းစားလှများ ဝတ်ထားသော်လည်း သူမ၏ ကလေးမှာ အတော်ပင် ကြီးနေပြီ ဖြစ်ကာ သူမကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သေချာဂရုမစိုက်နိုင်ခဲ့သဖြင့် မည်သူ၏ မျက်စိထဲမျှ မဝင်ခဲ့ပေ။ ဝင်းအတွင်း၌မူ အဘိုးကြီးကျန်းကဲ့သို့သော သူများ၏ မျက်စိကျလောက်အောင် ဆွဲဆောင်မှု ရှိသေးသည်ဟု ဆိုနိုင်သော်လည်း၊ အပြင်လောကတွင်မူ သူမသည် ထူးခြားသူတစ်ဦး မဟုတ်တော့ပေ။

ကံကောင်းစွာဖြင့် ရှန့်ရှန့်တွင် အဆက်အသွယ် အလွန်များသဖြင့်၊ ကျောက်ရုံအတွက် သိပ်ပြီး ဇီဇာမကြောင်သည့် အမျိုးသားအချို့ကို ရှာဖွေပေးခဲ့သည်။ ကျောက်ရုံသည် တစ်ပတ်လုံး ထိုသို့ပင် ဖြတ်သန်းခဲ့ရ၏။

ပြီးခဲ့သည့် အပတ် သူမသည် အိမ်နှင့် ဝေးရာတွင် နေထိုင်ခဲ့ပြီး အလွန်ပင် အလုပ်ရှုပ်နေခဲ့သည်။

သဘာဝကျကျပင် ရှန့်ရှန့်သည် အလကား လုပ်ပေးခြင်း မဟုတ်ဘဲ အကျိုးအမြတ် အချို့လည်း ရရှိခဲ့၏။

အင်း ရှန့်ရှန့်က အရင်ဘဝက ပြည့်တန်ဆာ ခေါင်းဆောင် ဖြစ်ခဲ့ပုံရတယ်.. ဒါကြောင့်လည်း ဒီဘဝမှာလည်း ဒီအလုပ်ကိုပဲ ဆက်လုပ်နေတာပေါ့…

မည်သို့ပင်ဖြစ်စေ သူမနှင့် ကျောက်ရုံတို့မှာ ချက်ချင်းပင် ဓာတ်ကျသွားခဲ့ကြသည်။

ကျောက်ရုံ : "သမီးကတော့ ဒီမှာ နေလို့ရတယ်၊ ဒါပေမဲ့ သူကတော့ ဝေးဝေးသာ မျှော်လိုက်တော့... ဒါပေမဲ့ မလောနဲ့ဦး၊ အမေ သူ့ကို နောက်ဆုံးရက်ကျမှ စာရင်းသွင်းဖို့ စီစဉ်ထားတယ်.. မဟုတ်ရင် သူက ကြိုသိသွားပြီး ပြဿနာရှာရင် ဂုဏ်သိက္ခာ ပျက်လိမ့်မယ်.. သူက အမေ့အကြောင်း မကောင်းတွေ တလျှောက်လုံး လျှောက်ပြောနေတာက အမေ့ကို ထိခိုက်နေပြီလေ။ တော်သေးတာက အမေ ဉာဏ်ကောင်းလို့၊ ဟိုတစ်ခါက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်ပြီး သူ့စကားတွေကို အဓိပ္ပာယ်မရှိအောင် လုပ်လိုက်လို့သာ"

"အမေ့ခေါင်းကရော ဘယ်လိုနေသေးလဲ"

"ဘာမှ မဖြစ်ပါဘူး၊ ဒဏ်ရာအနည်းငယ်ပဲလေ"

သူမ၏ခေါင်းမှာ အမှန်တကယ် အခြေအနေ မဆိုးလှပေ။ ယွမ်ရှောင်ချွေ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန်အတွက်သာ ပတ်တီးများဖြင့် အကျအန စည်းထားခြင်း ဖြစ်၏။ သူမသည် ကိုယ့်ဘာသာကိုယ် ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းဖြစ်ရာ မည်သို့လျှင် ပြင်းထန်မည်နည်း။

"စိတ်မပူနဲ့၊ ယွမ်ရှောင်ချွေကတော့ ထွက်သွားရမှာ ကျိန်းသေတယ်"

နောက်ဆုံးရက်တွင်မှ စာရင်းသွင်းမည် ဆိုသည်မှာ သူမအနေဖြင့် ပြဿနာရှာရန် သို့မဟုတ် ပစ္စည်းသိမ်းရန် အချိန်ရတော့မည် မဟုတ်ပေ။ သူမသည် နာခံမှုရှိရှိဖြင့် ကျေးလက်သို့ သွားရတော့မည်ဖြစ်ကာ၊ အဆိုးဆုံးနေရာသို့ ရောက်အောင် ပို့ပစ်မည်ဟု ကျောက်ရုံ ကြုံးဝါးလိုက်သည်။

သို့သော်လည်း ကျောက်ရုံ သတိပေးလိုက်၏။

"အိမ်ပြန်ရောက်ရင် သမီး လုပ်ရမှာ တစ်ခုရှိတယ်.. အခုလို ပုံစံမျိုး မလုပ်နဲ့၊ စာမေးပွဲမေးခွန်းတွေ ခက်တယ်လို့လည်း မပြောနဲ့။ အဆင်ပြေပြေ ဖြေနိုင်ခဲ့တယ်လို့ပဲ ပြော.. အဲ့ဒါမှ သမီး အလုပ်ရသွားတဲ့အခါ ဘယ်သူမှ အံ့သြမှာ မဟုတ်ဘူး"

ယွမ်ဟောက်ရွှယ် : "သမီး သိပါတယ်"

"ကဲ... အိမ်ရောက်ပြီ၊ သွားကြစို့"

ထိုနှစ်ဦးမှာ အခြားသူများနှင့် အတူတူ ပြန်လာခြင်း မဟုတ်ပေ။ ရှီရှောင်ဝေမှာ ပထမဆုံး ပြန်ရောက်လာသူ ဖြစ်သည်။ အစ်မကြီးဖန်သည် သူမ၏သားနှင့်အတူ တလျှောက်လုံး ရှိနေခဲ့သော်လည်း၊ ပြန်ရောက်လာသည့်အခါတွင်မူ မျက်နှာမှာ သိပ်မကောင်းလှပေ။ ယနေ့ စာမေးပွဲမေးခွန်းများမှာ အတော်လေး ခက်ခဲသဖြင့် လူတိုင်း ထိုအကြောင်းကိုသာ ပြောနေကြ၏။

ရှီရှောင်ဝေမှာလည်း ဖိအားများစွာ အောက်တွင် ရှိနေခဲ့သည်။

သူ ဝုန်းဒိုင်းကျဲကာ ပြန်ရောက်လာ၏။

အိမ်နီးချင်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မမေးဘဲနှင့်ပင် သူစာမေးပွဲကို ကောင်းကောင်း ဖြေနိုင်ခဲ့ပုံ မရသည်ကို သိလိုက်ကြသည်။

ကျောက်ရုံနှင့် သူမ၏သမီး ပြန်ရောက်လာသောအခါ ပိုင်ဖုန်းရှန်းမှာ အလျင်အစလို မေးလိုက်၏။

“အခြေအနေ ဘယ်လိုလဲ”

ဟောက်ရွှယ် တက်ကြွစွာ ပြုံးရင်း

"အဆင်ပြေပါတယ်၊ သိပ်လည်း မခက်ပါဘူး"

လူတိုင်း : "..."

အလို... ရှီရှောင်ဝေကတော့ ပိုပြီး အခြေအနေ မဟန်တော့ဘူး..

"ဒါဆို ဟောက်ရွှယ်ကတော့ စိတ်ချရပြီပေါ့"

ဟောက်ရွှယ် နှုတ်ခမ်းလေးကိုက်ကာ

"မပြောတတ်ပါဘူး၊ ဘယ်သူကများ အောင်မယ်လို့ အာမခံနိုင်မှာလဲ... ဘာပဲဖြစ်ဖြစ် ကျွန်မတော့ အစွမ်းကုန် ကြိုးစားခဲ့တာပဲ၊ အဆင်ပြေတယ်လို့တော့ ထင်တာပဲ.. စောင့်ကြည့်ရမှာပေါ့။ တကယ်လို့ မအောင်ရင်လည်း မတတ်နိုင်ဘူးလေ.. ပစ္စည်းတွေသိမ်းပြီး ကျေးလက်ကိုပဲ သွားရတော့မှာပေါ့..."

သူမသည် ကျေးလက်သို့ မသွားရတော့မည်ကို သိနေသော်လည်း၊ ထိုသို့ပြောဆိုရန် ဝန်မလေးခဲ့ပေ။

"ဟောက်ရွှယ်၊ နင်ကတော့ တကယ်တော်တာပဲ.. လူအတော်များများက စာမေးပွဲခက်တယ်လို့ ပြောနေကြတာ.. နင်က မခက်ဘူးလို့ ထင်တယ်ဆိုရင်တော့ အဆင်ပြေမှာပါ"

"ငါလည်း အဲ့လိုပဲ ထင်တယ်..."

လူတိုင်း စကားဖောင်ဖွဲ့နေကြသော်လည်း ချန်ချင်းယွီမှာ တစ်ခုခု လွဲနေသည်ဟု ခံစားနေရသည်။

ယနေ့ ဟောက်ရွှယ်၏ အပြုအမူများမှာ အတော်လေး ဟန်ဆောင်မှု ပါနေပြီး၊ သူမ၏ စကားလုံးများမှာလည်း လုပ်ယူထားသကဲ့သို့ ဖြစ်နေသည်ဟု သူမ ထင်မိ၏။

ချန်ချင်းယွီသည် အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်ပြီး၊ သူမသည် အကွက်ပေါင်းများစွာ ကြိုတင်တွက်ဆနိုင်သူ မဟုတ်သော်လည်း၊ တစ်စုံတစ်ယောက် ဟန်ဆောင်နေလျှင်မူ အလွယ်တကူ ရိပ်မိတတ်သည်။

ဟင်း... သူမ ငယ်ငယ်ကတည်းက ဒီလိုမျိုးတွေ အများကြီး မြင်ဖူးခဲ့တာပဲ.. ကလေးတွေက တကယ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ကြတာ..

သူမ ဒါတွေအားလုံးကို ကြုံဖူးပြီးသားပါ..

ဟောက်ရွှယ်မှာ အတော်လေး ဟန်ဆောင်ကောင်းနေသည်ဟု ချန်ချင်းယွီ တွေးနေမိသည်။

ထို့နောက် ကျောက်ရုံ ကို ကြည့်လိုက်ရာ~~ အလိုလေး... ရက်အနည်းငယ်အတွင်းမှာတင် ကျောက်ရုံမှာ အတော်လေး နွမ်းနယ်အိုစာသွားပြီး အင်အားများအကုန်ကုန်ခမ်းသွားသကဲ့သို့ ဖြစ်နေ၏။

ကျောက်ရုံသည် တစ်ပတ်ခန့် အပြင်သွားနေပြီး မနေ့ညမှ ပြန်ရောက်လာခြင်း ဖြစ်သော်လည်း၊ ချန်ချင်းယွီမှာ ယနေ့မှသာ သူမကို တွေ့ရခြင်း ဖြစ်သည်။

ချန်ချင်းယွီ အဘွားကြီးကျောက်ကို တိုးတိုးလေး ကပ်မေးလိုက်မိ၏။

"သူ ဘာဖြစ်လို့ ဒီလောက်တောင် နွမ်းနယ်နေရတာလဲဟင်"

"သမီးအတွက် စိတ်ပူနေလို့ ဖြစ်မှာပေါ့.. ဒါ့အပြင် အပြင်မှာနေတာက ကိုယ့်အိမ်မှာနေသလို ဘယ်မှာ အဆင်ပြေပါ့မလဲ.. သူတို့က ကိစ္စတွေကို အပိုတွေ တွေးနေကြတာလို့ ငါ အမြဲပြောသားပဲ"

အဘွားကြီးကျောက် ပြန်ဖြေစကားကို ချန်ချင်းယွီ ပြုံးလိုက်သော်လည်း၊ ထိုသားအမိနှစ်ဦးတွင် တစ်ခုခု ထူးခြားနေသည်ဟု ခံစားနေရဆဲ ဖြစ်၏။

ဒါနဲ့ သိလား... အဟမ်း..

သူမ ချန်ချင်းယွီမှာ အတင်းအဖျင်း သတင်းဆိုလျှင် အမြဲတမ်း အနံ့ခံကောင်းသူ ဖြစ်ရာ၊ တစ်ခုခု လွဲနေသည်ဟူသော သူမ၏ ခံစားချက်မှာ ထိုညမှာပင် အတည်ပြုနိုင်ခဲ့သည်။ ထိုညနေပိုင်း ချန်ချင်းယွီ အိမ်သာသွားသည့်အခါ၊ သူမ မျှော်လင့်မထားသော ရင်းနှီးသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

ရှန့်ရှန့်ပါလား…

သူမကို ယခင်၌ နှစ်ကြိမ် မြင်ဖူးခဲ့ပြီး ~~ တစ်ကြိမ်မှာ ထိုညစားသောက်ပွဲ၌ ဖြစ်ပြီး၊ အခြားတစ်ကြိမ်မှာ နေ့ခင်းဘက် ငါးဖမ်းနေစဉ်က ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ထိုမိန်းမကြီးမှာ လူကောင်းမဟုတ်သဖြင့် ချန်ချင်းယွီ သူမကို ကောင်းကောင်းမှတ်မိနေပြီး၊ သူမ ပေါ်လာသည်နှင့် ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်၏။

မှောင်ရီပျိုးစပြုနေချိန် အိမ်သာသွားရန် ထွက်လာစဉ် ယွမ်ရှောင်ချွေနှင့် ချန်ချင်းယွီ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသည်။ အများသုံးအိမ်သာထဲတွင် သူတို့နှစ်ဦးတည်းသာ ရှိသော်လည်း ချန်ချင်းယွီက သတိထားကာ တိုးတိုးလေး မေးမြန်းခဲ့၏။

"ပြင်ဆင်မှုတွေ ဘယ်လိုလဲ"

ယွမ်ရှောင်ချွေမှာလည်း အလိုက်မသိ အူတူတူအတတ မဟုတ်သဖြင့် တိုးတိုးလေးသာ ပြန်ဖြေလေသည်။

"အားလုံးနီးပါး ပြီးနေပြီ"

ကျေးလက်သွားရန်အတွက် ပြင်ဆင်စရာတွေက အများကြီး မဟုတ်လား…

သူတို့နှစ်ဦးမှာ သိပ်ပြီး ရင်းနှီးသူများ မဟုတ်သဖြင့် ထိုသို့ စကားအနည်းငယ် ပြောပြီးနောက် ချန်ချင်းယွီ ထွက်လာရန် ပြင်လိုက်၏။ သူမ အပြင်သို့ ထွက်ခါနီးမှာပင် ရှန့်ရှန့်သည် စက်ဘီးတစ်စီးဖြင့် သူတို့ဝင်း၏ ဂိတ်တံခါးဝတွင် ရပ်လိုက်သည်ကို တွေ့လိုက်ရ၍ ချန်ချင်းယွီ အံ့အားသင့်သွားသည်။

အနောက်မှ လိုက်ထွက်လာသော ယွမ်ရှောင်ချွေ့မှာလည်း "ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ... ဟယ်..." ဟု ရုတ်တရက် ရေရွတ်လိုက်၏။

သူမမှာ ရှန့်ရှန့်ကို ပို၍ပင် မှတ်မိနေသည်…

ဒီမိန်းမက ဟိုလူတကာနဲ့ ချိတ်ဆက်ပေးနေတဲ့ မိန်းမမလား..

ယွမ်ရှောင်ချွေ ချန်ချင်းယွီ၏ ပါးစပ်ကို အမြန်ပိတ်ကာ ဘေးသို့ ဆွဲထုတ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။

"မအော်နဲ့..."

ချန်ချင်းယွီ : "..."

သူမ မျက်ခုံးပင့်လိုက်မိသည်။

ယွမ်ရှောင်ချွေ : "ဒီမိန်းမက လူကောင်းမဟုတ်ဘူး"

ချန်ချင်းယွီ မျက်ခုံး ထပ်ပင့်လိုက်ပြန်၏။

သူတို့နှစ်ဦး တိုးတိုးတိုးတိုး ပြောနေကြစဉ်မှာပင် ကျောက်ရုံ ထွက်လာသည်။ သူမသည် ရှန့်ရှန့်ကို အိမ်ထဲသို့ ခေါ်မသွားဘဲ အိမ်သာဘက်သို့ ဆွဲခေါ်လာ၏။ ချန်ချင်းယွီ ယွမ်ရှောင်ချွေကို အချက်ပေးလိုက်ရာ၊ ယွမ်ရှောင်ချွေမှာလည်း ချန်ချင်းယွီကို အိမ်သာအခန်းများပေါ်သို့ တက်ရန် ချက်ချင်း အချက်ပြလိုက်သည်။

ချန်ချင်းယွီ မျက်လုံးအပြူးသား ဖြစ်သွား၏။

ယွမ်ရှောင်ချွေ ချန်ချင်းယွီကို ဆွဲရင်း "မြန်မြန်... မြန်မြန်..." ဟု လော်ဆော်လိုက်လေသည်။

"ငါ အဲ့ဒီပေါ်ကို မတက်နိုင်ဘူး.. အိမ်သာခေါင်မိုးပေါ်အထိ တက်ရင်တောင် တွယ်ကပ်နေဖို့က မလွယ်ဘူးလေ"

ချန်ချင်းယွီ မသိနားမလည်သည့်အလား အပြစ်ကင်းစင်စွာ ပြောလိုက်၏။

ဤအိမ်သာမှာ အများသုံးအိမ်သာ ဖြစ်ပြီး ရိုးရိုးရှင်းရှင်းသာ ဆောက်ထားခြင်း ဖြစ်ရာ၊ လူပုန်းရန် နေရာမျိုး မရှိပေ။

အကယ်၍ ထိုသို့သော နေရာမျိုးမှာ တစ်စုံတစ်ယောက် ပုန်းနေနိုင်သည်ဆိုလျှင် ကြောက်စရာကြီး မဟုတ်လော့။

မိန်းမတွေ အိမ်သာတက်တာကို ချောင်းကြည့်နေမှာလေ.. သောက်ကျိုးနည်း .. ကြက်သီးထလိုက်တာ..

သူတို့၏ အိမ်သာမှာ တစ်ထပ်တိုက် အဆောက်အအုံလေးသာ ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ပုန်းချင်လျှင် အပေါ်ဘက်ရှိ ပြတင်းပေါက်ငယ်လေးကိုသာ မှီထားရမည်ဖြစ်ရာ၊ ထိုအနေအထားမျိုးမှာ လမ်းဘေးလူမိုက် တစ်ယောက်ပင် ကြာရှည်မနေနိုင်ပေ။ သာမန် အိမ်ရှင်မတစ်ဦးဆိုလျှင် ပို၍ပင် မဖြစ်နိုင်သည်တကား။

အမှန်တကယ်တွင် ချန်ချင်းယွီ လုပ်နိုင်သော်လည်း၊ သူမ "မလုပ်နိုင်" ဟု ဟန်ဆောင်လိုက်သည်။

သူမ ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်၏။

"မရဘူး၊ နင်ပဲ သွားတော့"

ယွမ်ရှောင်ချွေလည်း ထိတ်လန့်သွားပြီး တွန့်ဆုတ်သွားသည်။ ချန်ချင်းယွီ ယွမ်ရှောင်ချွေကို ဆွဲကာ တံခါးဝတွင် အမြန်ကပ်နေလိုက်၏။

သူတို့ ပုန်းနေပြီးမှ ချန်ချင်းယွီ သတိရသွားကာ…

"နေပါဦး ငါတို့က ဘာဖြစ်လို့ ပုန်းနေရတာလဲ"

ယွမ်ရှောင်ချွေ့ : "အေးလေ၊ ငါတို့က ဘာလို့ ပုန်းနေရတာလဲ.. ငါက ဘာကို ကြောက်နေတာလဲ..."

သူမ အပြင်သို့ ပြေးထွက်တော့မည့်ဆဲဆဲမှာပင် ချန်ချင်းယွီ ယွမ်ရှောင်ချွေ၏ ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။

ကဲ... အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီပေါ့.. ပုန်းမှရတော့မယ် ခြေသံကြားတယ်..

ယွမ်ရှောင်ချွေ : "........."

ထိုအချိန်တွင် ကျောက်ရုံ ဝင်လာပြီး "အထဲမှာ လူရှိလား" ဟု မေးလိုက်သည်။

အိမ်သာထဲတွင် မီးမရှိသော်လည်း လုံးဝမှောင်မနေသေးသဖြင့် တစ်ချက်ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

"လူရှိလား"

ဘယ်သူမှ ပြန်မဖြေပေ။

ကျောက်ရုံ စိတ်အေးသွားသည်။

တံခါးနားတွင် လူပုန်းနေသည်ကို သူမ မသိလိုက်ပေ။

သူမသနတာလည်း မဆန်းပါဘူး..ဘယ်သူကများ အကြောင်းရင်းမရှိဘဲ အများသုံးအိမ်သာ တံခါးဝမှာ ပုန်းနေပါ့မလဲ.. ဒါကြီးက ထူးဆန်းမနေဘူးလား.. ထူးထူးဆန်းဆန်း ဝါသနာကြီးနဲ့သူမှပဲ ဖြစ်နိုင်မယ်..

ဒါပေမဲ့… အခုတော့ အဲ့ဒီလို သောက်ကျိုးနည်း ထူးဆန်းတာမျိုးကို လုပ်နေရပြီ…

ဒါပေမဲ့ ကျောက်ရုံကတော့ ဒါကို လုံးဝ မမျှော်လင့်ထားမှာ မဟုတ်ဘူး.. ဟိဟိ

ကျောက်ရုံ အိမ်သာထဲသို့ မဝင်ဘဲ

"ဒီမှာပဲ ပြောကြရအောင်၊ အထဲမှာ လူမရှိဘူး"

ချန်ချင်းယွီနှင့် ယွမ်ရှောင်ချွေတို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်တောင်ခတ်ရင်း နားစွင့်နေကြသည်။

ရှန့်ရှန့် မျက်မှောင်ကြုတ်ကာ

"ညည်းကတော့ နေရာရွေးတတ်လိုက်တာ။ ငါ့ကို အိမ်ထဲပေးမဝင်တာ ထားပါတော့၊ အိမ်သာထဲမှာ စကားပြောရတာကတော့ တကယ် ရွံစရာကြီးပဲ"

ကျောက်ရုံ ရှန့်ရှန့်ကို မပြစ်မှားရဲသဖြင့် ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောလိုက်၏။

"ငါ့ယောင်္ကျား အိမ်မှာ ရှိနေလို့ စကားပြောရတာ အဆင်မပြေလို့ပါ.. နင်က ငါ့ဆီကို အလောတကြီး လာရှာတာဆိုတော့ အကြောင်းရင်း တစ်ခုခုတော့ ရှိမှာပေါ့ မဟုတ်လား။ အိမ်မှာက သူရှိနေတော့ အနှောင့်အယှက် ဖြစ်တယ်၊ အပြင်မှာ ပြောတာကမှ ငါတို့အတွက် ပိုပြီး စိတ်ချရမှာလေ"

ထိုနှစ်ဦးသည် အိမ်သာတံခါးဝတွင် ရပ်နေကြပြီး ကျောက်ရုံသည် အထဲဝင်၍ လျှို့ဝှက်ချက်များ တိုင်ပင်ရန် မဝံ့ရဲပေ။ အိမ်သာ၏ အသံလုံစနစ်မှာ မကောင်းလှဘဲ၊ သူမကိုယ်တိုင်ပင် လမ်းတစ်ဖက်ခြမ်းမှ ဆူညံသံများကို ခိုးနားထောင်ဖူးသဖြင့် အိမ်သာတံခါးဝတွင် ရပ်နေခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။

ဟိုဘက်ခြမ်းမှ သူတို့စကားကို မကြားနိုင်သလို၊ တစ်စုံတစ်ယောက် လာလျှင်လည်း ချက်ချင်း မြင်နိုင်သည်။

အိမ်သာထဲတွင် လူမရှိသရွေ့ ဤနေရာမှာ အကောင်းဆုံးပင်။

“နင့်ကို ဒီလိုနေရာမျိုး လာခိုင်းတာ အားနာစရာကောင်းမှန်း သိပါတယ်၊ ဒါပေမဲ့ ငါတို့ဝင်းအကြောင်း နင်လည်း သိတဲ့အတိုင်းပဲ... ဟူး၊ မတတ်နိုင်ဘူးလေ။ ငါတို့ဝင်းထဲမှာက အတင်းအဖျင်း ပြောတတ်တဲ့သူတွေ အရမ်းများတာ.. ဘယ်နေရာမှာပဲ စကားပြောပြော တစ်ယောက်ယောက်က ချောင်းနားထောင်နေမှာပဲ.. ဒီမှာကတော့ အနည်းဆုံးတော့ ပိုစိတ်ချရတာပေါ့။ နင့်ကို ဒုက္ခပေးမိမှာပဲ စိုးရိမ်တာပါ”

ရှန့်ရှန့် : “ရပါတယ်၊ ရပါတယ်၊ ညည်းက သတိကြီးတဲ့သူမှန်း ငါသိပါတယ်”

ချန်ချင်းယွီ : “........................”

သတိကြီးတယ် ဟုတ်လား...

ဘာလို့ တံခါးနားကို တစ်ချက်လောက် မစစ်ကြည့်ကြတာလဲ...

တိုက်တိုက်ဆိုင်ဆိုင်ပင် ယွမ်ရှောင်ချွေသည်လည်း ထိုအတိုင်းတွေးမိပြီး မျက်လုံးအစုံကို လှန်ပစ်လိုက်သည်။

သို့သော် ကျောက်ရုံမှာမူ တစ်စုံတစ်ယောက် ခိုးနားထောင်နေသည်ကို မသိဘဲ ပြောလိုက်၏။

“သူငယ်ချင်ရယ် နင်နားလည်ပေးလို့ ဝမ်းသာပါတယ်.. ဘာကိစ္စရှိလို့လဲဟင်... ငါကို တွေ့ဖို့ ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ...”

ရှန့်ရှန့် ကျောက်ရုံကို အထက်အောက် ကြည့်လိုက်ပြီး

“ညည်းက ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး.. ညွှန်ကြားရေးမှူး လီရဲ့ ဝမ်းကွဲညီက ပြီးခဲ့တဲ့တစ်ခေါက်က အတော်လေး သဘောကျသွားတာ.. ဒါကြောင့် ဒီနေ့ ညည်းကို ထပ်တွေ့ချင်လို့တဲ့”

ကျောက်ရုံ မျက်မှောင်ကြုတ်သွားသည်။

ပါတီအတွင်းရေးမှူး ကျန်းနှင့် ညွှန်ကြားရေးမှူး လီ တို့မှာ ဆွေမျိုးများဖြစ်ပြီး ညွှန်ကြားရေးမှူး လီမှာ အတွင်းရေးမှူး ကျန်း တူဖြစ်၏။ သို့သော် ညွှန်ကြားရေးမှူး လီ၏ ညီမှာ ညီအရင်းမဟုတ်ဘဲ ဝမ်းကွဲဖြစ်သဖြင့် ပါတီအတွင်းရေးမှူး ကျန်းနှင့် မတော်စပ်ပေ။ သို့သော် ညွှန်ကြားရေးမှူး လီနှင့်မူ အတော်လေး နီးစပ်သည့် ဆွေမျိုးဖြစ်သည်။

သူသည် သိပ်ပြီး ထူးထူးခြားခြား စွမ်းဆောင်နိုင်သူမဟုတ်ဘဲ အောက်ခြေခေါင်းဆောင်လေး တစ်ဦးသာ ဖြစ်၏။ ညွှန်ကြားရေးမှူး လီ၏ နောက်ခံရှိနေ၍သာ ယခုလို သက်သောင့်သက်သာ နေနိုင်ခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူး လီမှာ ကျောက်ရုံ၏ အသက်အရွယ်ကို ကြည့်ပြီး အထင်သေးသော်လည်း၊ အခြားသူများမှာမူ သူမကို စိတ်ဝင်စားနေကြဆဲ ဖြစ်၏။ ရှန့်ရှန့်၏ အကူအညီဖြင့် အလုပ်အခွင့်အရေးရရန် ကျောက်ရုံမှာ လူပေါင်းစုံနှင့် အိပ်ခဲ့ရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်မှဆိုလျှင် သူမအနေဖြင့် ယခုလိုမျိုးလုပ်နေစရာ မလိုပေ။ ယခုခေတ်တွင် အလုပ်နေရာတစ်ခု ရဖို့ဆိုသည်မှာ အလွန် ခက်ခဲလွန်းလှ၏။

သို့သော် ကျောက်ရုံတစ်ယောက် ယင်းမှာ ထိုက်တန်သည်ဟု ခံစားရသည်။

သူမ ဘာမှမရှုံးပါဘူးလေ..

ဘာပဲဖြစ်ဖြစ် ယွမ်ဟောက်မင်ကလည်း ထူးထူးခြားခြား ကောင်းလှတာမှ မဟုတ်တာ..

သူမကလည်း သူ့ကို လိုအပ်နေတာပဲလေ…

“ကောင်းပြီလေ၊ ငါ နင်နဲ့ လိုက်ခဲ့ပါ့မယ် သူငယ်ချင်း”

ရှန့်ရှန့် : “ညည်းက ပွင့်လင်းပြတ်သားတဲ့သူမှန်း ငါသိသားပဲ”

ကျောက်ရုံ : “နင်ပြောတာ မှန်ပါတယ်၊ ပထမခြေလှမ်းကို လှမ်းလိုက်ပြီးပြီဆိုရင် ကျန်တာက လွယ်သွားတာပဲ”

ရှန့်ရှန့် ဂုဏ်ယူဝင့်ကြွားစွာဖြင့်

“ဒါကြောင့် ငါပြောတာပေါ့၊ ငါက ချိတ်ဆက်ပေးတဲ့သူဆိုပေမဲ့ လူတွေကို အဓမ္မတော့ မခိုင်းပါဘူး.. တို့တွေက အဲ့ဒီလို ကိုယ်ကျင့်တရားပျက်တဲ့ အလုပ်မျိုးတွေ မလုပ်ဘူး.. ညည်း ပြီးခဲ့တဲ့တစ်ခေါက်က ယွမ်ရှောင်ချွေကို လုပ်ခဲ့သလိုမျိုး ငါတစ်ခါမှ မလုပ်ဖူးဘူး.. ငါ့မူကတော့ ညည်းတို့ဘက်က မကြည်ဖြူဘူးဆိုရင် ငါက တခြားလူ ရှာမှာပဲ.. ခြေသုံးချောင်း ပြည့်တန်ဆာ ရှာရတာ ခက်ချင်ခက်မယ်၊ ခြေနှစ်ချောင်း လူသားမိန်းမတွေကတော့ ပေါမှပေါ”

ကျောက်ရုံ : “...အဲ့ဒါက ယောင်္ကျားတွေကို တင်စားတဲ့ အသုံးအနှုန်း မဟုတ်ဘူးလား...”

ရှန့်ရှန့် : “မိန်းမတွေကိုလည်း သုံးလို့ရတာပဲ.. တကယ်တော့ အပြန်အလှန် သဘောတူညီမှုရှိရင် ဘာမှ ပြဿနာမရှိဘူးလို့ ငါထင်တယ်၊ ဒါပေမဲ့ မသမာတဲ့ နည်းလမ်းတွေ သုံးတာကတော့ တကယ် မကောင်းဘူး..ညည်းလုပ်တာက တို့လောကရဲ့ ဂုဏ်သိက္ခာနဲ့ မညီဘူး.. အတွင်းရေးမှူး ကျနိးတို့က ငါ့အပေါ် စိတ်ဆိုးနေကြတယ်၊ အဲ့ဒီကိစ္စက အရှက်ရစရာလို့ သူတို့ထင်နေကြတာ၊ ညည်းက ငါ့ကိုပါ ဆွဲထည့်လိုက်သလို ဖြစ်သွားတာလေ။ ငါကတော့ ကောင်းကောင်းမွန်မွန်တွေ လျှောက်ပြောပေးထားရတယ်”

ကျောက်ရုံ : “...”

ဘာတွေ ဟန်ဆောင်နေတာလဲ၊ ဒီဖာခေါင်းမကြီးက.. ဘာဂုဏ်သိက္ခာလဲ.. ငါ့ဖင်ကြီး ဂုဏ်သိက္ခာလား..

သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး

“စိတ်မပူပါနဲ့ သူငယ်ချင်း ငါ နင့်ကို ဒုက္ခမပေးပါဘူး.. ငါက ယွမ်ရှောင်ချွေကို တကယ် စိတ်ကုန်လွန်းလို့ပါ၊ သူက ငါ့စကားကို ကောင်းကောင်း နားထောင်မှာ မဟုတ်ဘူးလို့ စိုးရိမ်လို့ အဲ့ဒီလို လုပ်ဖို့ တွေးမိသွားတာ.. နင် မသိပါဘူး၊ ငါ့ရဲ့ လင်ပါသမီးက တကယ့်ကို ကောင်မစုတ်လေး.. သန္ဓေယုတ်လေး”

ချန်ချင်းယွီ : “...”

သူမ ယွမ်ရှောင်ချွေကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သေချာ မမြင်ရသော်လည်း ယွမ်ရှောင်ချွေ၏ မျက်နှာမှာ မည်းမှောင်နေပြီ ဖြစ်ကြောင်း သူမ ခံစားမိ၏။

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေ၏ ပါးစပ်ကို ထပ်မံ၍ တိတ်တဆိတ် ပိတ်ထားလိုက်သည်။

မအော်နဲ့ဦး… မအော်လိုက်ပါနဲ့.. စိတ်ထိန်းထား.. မဟုတ်ရင် ဒီအတင်းအဖျင်းတွေကို ဆက်ကြည့်ရတော့မှာ မဟုတ်ဘူး..

ယွမ်ရှောင်ချွေ : “….”

ဒါက ဘာအကျင့်လဲ... ဘာလို့ ငါ့ပါးစပ်ကို ခဏခဏ လာပိတ်နေတာလဲ...

ရှန့်ရှန့် : “ညည်းကလည်း၊ အသက်က ဒီလောက်ရှိနေပြီ၊ ဘာမှ မစဉ်းစားဘဲ လုပ်တတ်လိုက်တာ.. သူက ညည်းရဲ့ သမီးပဲလေ၊ သူ့ကို ကိုင်တွယ်ရတာ လွယ်လွယ်လေးကို၊ ညည်းကတော့ ဒီနည်းလမ်းကို သုံးမှ ဖြစ်မှာလား.. နောက်မှ ပြန်စဉ်းစားကြည့်တော့ ပြီးခဲ့တဲ့တစ်ခေါက် တို့တွေလုပ်ခဲ့တာက မသင့်တော်ဘူးလို့ ခံစားရတယ်”

ကျောက်ရုံ တိုးတိုးလေး ပြောလိုက်ကာ

“ငါ သိပါတယ်၊ ငါ ဘာလုပ်နေလဲဆိုတာ ငါ သိတာပေါ့ဟယ်.. သူက ငါ့အပေါ် အငြိုးအတေးတွေနဲ့ ဒီလောက်တောင် ရိုင်းစိုင်းရဲတာဆိုတော့၊ သူ့ကို ငါ လွယ်လွယ်နဲ့ အလွတ်မပေးနိုင်ဘူး...”

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို နောက်တစ်ကြိမ် ခိုးကြည့်လိုက်ပြီး ယွမ်ရှောင်ချွေမှာ အတော်လေး ကံကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်...

အိုး... သူမကိုယ်တိုင်လည်း ကံကောင်းတာပါပဲ..

စဉ်းစားကြည့်လျှင် ချန်ချင်းယွီသည် သူမနှင့် ယွမ်ရှောင်ချွေတို့ နှစ်ဦးစလုံးမှာ တကယ့်ကို ထူးခြားသူများဟု ထင်မိ၏။

ဟုတ်တယ်၊ ထူးခြားတာ။

သူမကိုယ်သူမ ဘာစွမ်းအားမှမပါတဲ့ သာမန် ခေတ်ကူးလာသူတစ်ဦးဆိုတာ သိမနေရင်… သူမမှာ 'အတင်းအဖျင်း စနစ်' တစ်ခုခု ရှိနေသလားလို့တောင် သံသယဝင်မိလိမ့်မယ်..

ကြည့်ပါဦး၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ၊ ရှန့်ရှန့်နဲ့ ထပ်ဆုံပြန်ပြီ... ဒီပြဇာတ်ကို မကြည့်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ဘူး..

ယွမ်ရှောင်ချွေလည်း ထို့အတူပင်…

ဒီမိန်းကလေးရဲ့ ကံက တကယ်ကောင်းတာ.. ပထမတစ်ကြိမ် ကျောက်ရုံ သူမကို လုပ်ကြံဖို့ ကြိုးစားတုန်းက မူးချင်ယောင်ဆောင်ပြီး လွတ်ခဲ့တယ်..

ဒုတိယတစ်ကြိမ် ကျောက်ရုံက လုပ်ကြံဖို့ ကြိုးစားပြန်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် အိမ်ပြန်ရောက်သွားပြီး ကျောက်ရုံနဲ့ သူ့ဖခင်ယုတ်တို့ရဲ့ အမှန်တရားကို သိခဲ့ရတယ်…

အခုတစ်ကြိမ်မှာလည်း ကျောက်ရုံက အလျှော့မပေးဘဲ ထပ်မံကြံစည်နေတာကို ကြားရဖို့ သူမက ဒီနေရာမှာ ရှိနေပြန်ရော..

ဒီကံတရားကတော့ တကယ်ကို အံ့မခန်းပါပဲ...

ကံကောင်းတဲ့ မိန်းကလေးလေးပါပဲ...

အခန်း ၈၈။ ခိုးနားထောင်ခြင်းနှင့် ပက်စက်သောအကြံ

ချန်ချင်းယွီ အမြင်တွင် ယွမ်ရှောင်ချွေမှာ အလွန်ကံကောင်းသူလေးပင်…

ချန်ချင်းယွီ သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆက်၍ နားစွင့်နေ၏။

ယွမ်ရှောင်ချွေမှာ ကျောက်ရုံအား အလွန်ပင် နာကျည်းမုန်းတီးစွာ ကြည့်နေသည်။ အကယ်၍ ချန်ချင်းယွီသာ သူမကို ဆွဲ၍ ပါးစပ်မပိတ်ထားလျှင် အပြင်သို့ထွက်၍ အော်ဟစ်ဆဲဆိုမိမည်မှာ သေချာ၏။

အဲ့မိန်းမကြီးက အရမ်းကိုယုတ်မာပြီး ရွံစရာကောင်းအောင် ကောက်ကျစ်တဲ့ဟာမ…

ယွမ်ရှောင်ချွေမှာ ကျောက်ရုံကို ယခင်၌ လွန်စွာယုံကြည်ခဲ့သဖြင့် ယခု ပို၍ပင် မုန်းတီးနေသည်။

သူတို့နှစ်ဦးသား စကားမဆိုကြဘဲ တိတ်ဆိတ်မှုသည်သာ ကြီးထွားလာ၏။

ကျောက်ရုံမှာ အနားတွင် မည်သူမှမရှိဟူသော ယုံကြည်ချက်ဖြင့် ရှန့်ရှန့်အား စကားများဆက်ပြောနေခဲ့သည်။ သူမ ပြောစကားများမှာ အလွန်ပင် အရှက်ကင်းမဲ့လှ၏။

“အဲ့ဒီခွေးမလေး ယွမ်ရှောင်ချွေ.. ကျေးလက်ကိုသွားပြီးရင်တော့ ပြန်လာဖို့ဆိုတာ လုံးဝ မစဉ်းစားနဲ့”

သူမ စကားလုံးတိုင်းမှာ ယုတ်မာသော ရည်ရွယ်များ အပြည့်ဖြစ်နေသည်။

“ဒီလောက်နှစ်တွေအကြာကြီး ငါ သူ့ကိုပျိုးထောင်ခဲ့တာတောင် ကျေးဇူးတရားမသိတဲ့ ခွေးမလေး.. ခွေးတစ်ကောင်အနေနဲ့ ငါ အရိုးလေးပစ်ချပေးရင်တောင် သူက အမြီးနှံ့ပြီး ပျော်နေသင့်တာ… အခုကြတော့ ကျေးဇူးမသိတတ်ရုံတင်မကဘူး ငါ့ရဲ့ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးသေးတယ်.. ပြီးတော့ မိသားစုအတွက် အနစ်နာခံမယ့်အချိန်ကြတော့လည်း စိတ်ပျက်အောင်လုပ်တယ်… အဲ့လောက်မလေးကို ငါ လုံးဝ အလွတ်မပေးဘူး”

ရှန့်ရှန့် ပြန်ပြောလိုက်၏။

“ဒါ့ကြောင့် ငါပြောတာပေါ့ တခြားသူရဲ့ကလေးကို ကောင်းပေးနေစရာမလိုဘူးလို့.. ကိုယ့်သားသမီးတောင်မှ အားကိုးလို့ရမရဆိုတာ သေချာနေတာ မဟုတ်တာကြီးကို နင် ဘာလို့ သူများသားသမီးကို သွားကိုးစားနေတာလဲ… နင်က ငတုံးမလား.. အိမ်ပေါ်ခေါ်ပြီးတောင် ကျွေးမွေးပြုစုထားသေးတယ်.. အဲ့ဒါဘယ်သူ့အပြစ်လဲ.. ကိုယ့်အပြစ်ပဲလေ.. နင့်ကိုယ်နင်ပဲ အပြစ်တင်သင့်တာ.. ပြီးတော့ အခုလိုမျိုး တွက်ချက်မှုတွေ နင် မလုပ်သင့်ဘူး.. နင့်ကိုငါပြောပြမယ်.. ယောကျာ်းဆိုတာရော ဘာအရေးလဲ.. အိမ်ထောင်ဆိုတာရော ဘာအရေးလဲ၊ သားသမီးဆိုတာရော.. ဘာအရေးလဲ.. ပျော်ပျော်ရွှင်ရွှင်နဲ့ သက်သောင့်သက်သာ ဖြတ်သန်းဖို့က ဘဝပဲမလား.. ဘာလို့မဟုတ်တာတွေ အာရုံစိုက်နေတာလဲ.. နင့်ကိုက့ည့်ပါဦး၊ နင်သာ ငါ့လိုသာဆိုရင် အခုလိုဘဝမျိုး နင်နေနေစရာလိုသလား၊ ကြည့်ပါဦး နင်နေရတဲ့ဘဝနဲ့ ငါနေနေရတဲ့ဘဝကို..”

“နင်နေနေရတဲ့ဘဝက ဘယ်လောက်တောင် သနားစရာကောင်းနေလဲဆိုတာ.. နင်သာ တကယ်အဆင်ပြေနေရင် ဒါမျိုးတွေ လုပ်နေစရာလိုမလား၊ အခုလောက်လို နင်ချမ်းသာပြီး ရာထူးလည်းရှိနေမှာ”

ရှန့်ရှန့်မှာ မတတ်နိုင်သည့်အလား သက်ပြင်းချ၍ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

“တစ်လိပ်လောက် သောက်မလား”

ကျောက်ရုံ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်၏။

“တော်ပြီ.. အဲ့ဒါတွေက မိန်းမတွေအတွက် မကောင်းဘူးလေ ဟုတ်တယ်မလား”

ရှန့်ရှန့် : “ဟဟ.. နင်ဘာတွေဘာပြီး မြင့်မြတ်သလို ဟန်ဆောက်နေတာလဲ.. ကောင်းကောင်း မကောင်းကောင်း ငါပျော်တယ်လေ”

ကျောက်ရုံ : “ငါကနင်နဲ့မတူဘူးလေ.. ငါကသင်တော်တဲ့ ပျော်ပျော်ရွှင်ရွှင် မိသားစုဘဝကိုလိုချင်သေးတယ်.. ငါ့မှာ ယောကျာ်းရှိတယ်.. သိတတ်တဲ့သားသမီးတွေရှိတယ်၊ ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်က အိမ်ထောင်မပြု ကလေးမယူလို့ရမလဲ.. အဲ့လိုမှမဟုတ်ရင် အသက်ကြီးလာတဲ့ကျ ဘယ်လိုလုပ်မလဲ.. နင် နောင်နှစ်အတော်ကြာလို့ အသက်ရလာတဲ့အချိန်ကြရင် ကလေးမရှိတဲ့အတွက် နောက်တရလိမ့်မယ်.. အသက်ကြီးလာရင် သားသမီးမရှိဘဲ နေလို့မရဘူး”

ရှန့်ရှန့် ပျင်းရိလေးဖင့်နေ၏။ စီးကရက်ကို အချိန်ဆွဲ၍ လေးဖင့်စွာသောက်နေရင်း ရယ်မောလိုက်ပြီး တုံ့ပြန်လိုက်သည်။

“နင်က တော်တော်လေး ရယ်စရာကောင်းတာပဲ.. နင် အသက်ကြီးလာရင်ရော ဘာဖြစ်မှာလဲ.. နင့်ကလေးတွေက တကယ်ပဲ သိတတ်ကြမှာလား၊ ငါ့မှာ ပိုက်ဆံရှိတယ်.. ဘာမဆိုလုပ်လို့ရတယ်၊ ဘယ်လိုရှင်သန်ချင်ချင် အဆင်ပြေတယ်၊ ပိုက်ဆံသာမရှိဘူးဆိုရင် ကိုယ့်သားသမီးကတောင် ကိုယ့်ကို လူပိုလို့တွေးမှာ.. ထားပါတော့ ငါနင့်ကို ဒါတွေပြောနေလို့ ဘာထူးမှာလဲ.. လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်လမ်းနဲ့ကိုယ်ပဲဟာကို.. လာလာ.. ငါနဲ့လိုက်ခဲ့တော့”

ကျောက်ရုံ : “ငါအိမ်ခဏပြန်ပြီး ဟောက်မင်ကို ပြောလိုက်ဦးမယ်”

ရှန့်ရှန့် : “ဆင်ခြေကောင်းလေးတစ်ခုရှာလိုက်၊ နင်ဘာလို့ ယွမ်ဟောက်မင်လိုကောင်ကို စွဲလမ်ူနေလဲ ငါနားမလည်နိုင်ဘူး.. သူက ငယ်ငယ်တုန်းကတော့ ကြည့်ကောင်းခဲ့ပါတယ်.. ကြည့်ကောင်းလို့လဲ နင်ကြိုက်ခဲ့တာမလား၊ နင်ရော သူ့ရဲ့အရင်မိန်းမရောက တကယ်ကို ငတုံးမတွေ.. ယောကျာ်းတစ်ယောက်အတွက်နဲ့များ ကိုယ့်ဘဝတွေကို စတေးပြီးနေနေတာ ဘာအကျိုးရှိလို့လဲ သနားစရာပဲ”

“အဲ့လိုမပြောပါနဲ့ ငါ့ရဲ့ဟောက်မင်က အရည်အချင်းရှိပြီး စွမ်းဆောင်ရည်ရှိပါတယ်၊ သူက လူအချင်းချင်းကြားက ဆက်ဆံရေးတွေကို ကောင်းကောင်းမကိုင်တွယ်တတ်ရုံပါ မဟုတ်ရင် သူဒီလိုဖြစ်မှာမဟုတ်ပါဘူး”

ရှန့်ရှန့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

“ဦးနှောက်မရှိလိုက်တာ.. သူသာလူကောင်းဆိုရင် မျက်နှာလွှဲလိုက်တာတဲ့ သူရဲ့အရင်မိန်းမနဲ့အိပ်ပါ့မလား၊ တခြားကလေးရော ထွက်လာပါ့မလား၊ နင်သာ သူ့ကို ရတနာတစ်ပါးလို ကိုးကွယ်နေတာ၊ ဒီမှာကျောက်ရုံ ဒီအစ်မကြီးက ယောကျာ်းပေါင်းများစွာကို မြင်ဖူးပြီးသား.. သူလိုကောင်က ဘာများ အရည်အချင်းရှိလို့လဲ”

ကျောက်ရုံမှာ အတော်လေး မျက်နှာပျက်သွားသော်လည်း အလျင်အမြန်ပင် ဖာထေးပြောဆိုလိုက်၏။

“အဲ့ဒါတွေအကုန်လုံးက သူ့အရင်

မိန်းမက သူ့ကို အရှက်မရှိ မြူစွယ်လို့ဖြစ်ရတာ ပြီးတော့ အပျက်မလေး ယွမ်ရှောင်ချွေကို မွေးခဲ့တာ၊ အဲ့အပျက်မလေးကို အခက်ခဲဆုံးနေရာကို ငါပို့ပစ်မယ်”

သူမ ပြောရင်း တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောပြန်လေသည်။

“မသွားသေးခင် ငါ သူ့ကို ပညာကောင်းကောင်း ပေးရမယ်၊ နင့်ဆီမှာ နင်ချည်းကပ်ချင်နေတဲ့ လူတွေရှိတယ်မလား.. ငါ အဲ့ခွေးမလေးကို သတိလစ်အောင်ရိုက်ပြီး နင့်လက်ထဲ ထည့်လိုက်မယ်.. နင့်သဘောကျသလိုသာသုံးလိုက်”

“အဲ့ဒါက နင့်အတွက်လည်း အဆက်အသွယ်တစ်ခု တည်ဆောက်နိုင်တာပဲလေ.. ဘယ်လိုလဲ.. နင်လိုချင်လား မလိုချင်ဘူးလား၊ ငါ ဘာအကျိုးအမြတ်မှ မလိုချင်ဘူး နင့်ကို အလကားပေးတာ.. အဲ့ခွေးမလေးကို ငါသိစေချင်တာ.. ကျေးလက်ကိုသွားရတာက အဆိုးဆုံးကိစ္စမဟုတ်သေးဘူးဆိုတာ၊ ငါက သူ့ကိုဘာမှမပါဘဲ ကျေးလက်ကို ရောက်သွားစေချင်တာ၊ တကယ်လို့ သူ့ဘဝအတွက် ကျေးလက်မှာ လက်ထပ်မယ်ဆိုရင်တောင်မှ အားကိုးအားထားပြုလို့ရမယ့် ကောင်းကောင်းမွန်မွန် မိသားစုကို မရစေရဘူး.. လူတိုင်းနဲ့အိပ်ပြီးသား မိန်းမတစ်ယောက်ကို ဘယ်သူကများ လိုချင်မှာလဲ ကြည့်ကြသေးတာပေါ့”

ရှန့်ရှန့် ကျောက်ရုံကို ခေါင်းစခြေဆုံး အကဲခတ်ကြည့်ပြီး ဆိုလိုက်လေသည်။

"နင်ကတော့ တကယ်ကို ရက်စက်တာပဲ... ဒါပေမဲ့ မရဘူး၊ နင်လုပ်နေတာတွေက တရားမဝင်ဘူး၊ ငါဝင်မပါဘူး၊ နင့်ကိုလည်း ဒါမျိုးမလုပ်ဖို့ ငါအကြံပေးမယ်.. ပြီးခဲ့တဲ့တစ်ခေါက်က နင်ငါ့ကို အတင်းအကျပ်ခိုင်းဖို့ ကြိုးစားနေတာကို ငါမသိခဲ့ဘူး၊ စနောက်နေတယ်ပဲ ထင်ခဲ့တာ.. တကယ်လို့ နင်ငါ့ကို ဒီလိုမျိုးသာ တကယ်လုပ်ခဲ့ရင်တော့ လုံးဝမဖြစ်နိုင်ဘူး.. ဒီနေရာမှာ အရာအားလုံးက နှစ်ဦးသဘောတူဖြစ်ရမယ်၊ မဟုတ်ရင် ကိစ္စတွေက လက်လွန်သွားလိမ့်မယ်”

"တခြားသူတွေကိုပါ ငါက ပတ်သက်အောင်လုပ်မိရင် သူတို့က ငါ့ကို အလွတ်ပေးမှာမဟုတ်ဘူး.. ဒီလိုလုပ်ပေးမယ့်သူတွေ အများကြီးရှိတာပဲ၊ ငါက ဘာလို့ ငါ့အသက်ကို ရင်းရမှာလဲ... ငါတော့ တရားမဝင်တာ ဘာမှမလုပ်ဘူး၊ လုံးဝပဲ..."

ကျောက်ရုံ နောက်ဆုံး၌ အောင့်မထားနိုင်တော့ဘဲ လှောင်ပြောင်လိုက်၏။

"နင်က တစ်ခြားသူနေရာကို အစားထိုးဝင်တာကြတော့ရော အဲ့ဒါက တရားဝင်လို့လား"

ရှန့်ရှန့် ဂရုမစိုက်သည့်အလားပြန်ပြောလိုက်ကာ

"ငါ လူစားထိုးဟန်ဆောင်တာက သူတို့ရဲ့ ရွေးချယ်မှုပဲ၊ ဒါက နှစ်ဦးသဘောတူလေ၊ နားလည်လား... နှစ်ဦးသဘောတူတာ... ငါ့အလုပ်မှာ အမြဲတမ်း နှစ်ဦးသဘောတူပဲ၊ နင်နဲ့မတူဘူး.. နင်က အမြဲတမ်း ဥပဒေကို ဖောက်ဖျက်ချင်နေတာ.. ငါဒါကိုလုပ်တာက ငါကိုယ်တိုင် အလိုရှိလို့ပဲ၊ တကယ့်ကာယကံရှင်ကတောင် ငါ့ဆီမှာ အိမ်ဖော်လုပ်နေသေးတယ်.. သူက သူ့နေရာကို ငါ့ကို လိုလိုလားလား ပေးခဲ့တာ၊ ငါက သူ့ဆီက လုယူခဲ့တာမဟုတ်ဘူး၊ အဲဒါကို နင်ကောင်းကောင်းနားလည်ထားဦး..တကယ်လို့ ငါသာ ဝန်ခံလိုက်ရင်..."

"ငါ ဘာကိုမှ မကြောက်ဘူး.. သွား၊ သွားတိုင်လိုက်၊ ငါကတော့ ဝန်ခံမှာမဟုတ်ဘူး.. နင်က ငါ့အတန်းဖော်ဟောင်းမို့လို့သာ၊ အနှစ်နှစ်ဆယ်ကျော် ခင်လာတဲ့ သံယောဇဉ်ကြောင့်သာ မဟုတ်ရင် နင့်ကို ငါအဖက်တောင်လုပ်မှာမဟုတ်ဘူး.. နင်က ဘာမှနားမလည်ဘူး၊ ငါက ပိုက်ဆံသုံးပြီး အလုပ်ဖြစ်အောင်လုပ်တာ.. နင်နဲ့မတူဘူး၊ အမြဲတမ်း စည်းကမ်းတွေကို လှည့်ဖျားဖို့ ကြိုးစားပြီး နောက်ဆုံး ထောင်ထဲရောက်သွားလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူမ စီးကရက်ပြာကို ခါထုတ်လိုက်ပြီး

"အပိုတွေ ပြောမနေနဲ့တော့၊ ဒီအိမ်သာတံခါးဝမှာ နင်နဲ့စကားပြောနေရတာ ငါ့အချိန်တွေ ကုန်တယ်..မြန်မြန်လုပ်၊ လာမှာလား မလာဘူးလား..."

ကျောက်ရုံ : "အခုပဲ သွားမယ်"

ရှန်းရှန်း : "သွား၊ အိမ်ပြန်ပြီး ဒီဝတ်စုံကိုလဲလိုက်၊ မြန်မြန်လုပ်ဦး၊ ငါ နင့်ကို ပြင်ဆင်ပေးဖို့ လိုသေးတယ်..အသက်ကြီးလာပြီဆိုပြီး အလှမပြင်ဘဲ မနေနဲ့.. ဒီကနေ အကျိုးအမြတ် လိုချင်ရင် အလှမပြင်လို့ ဘယ်ရမလဲ..."

"အေးပါ၊ အေးပါ၊ ငါသိပါတယ်"

"လူမိအောင် မလုပ်နဲ့ဦး၊ ငါက အသိုင်းအဝိုင်းနဲ့ နေတဲ့သူ"

ကျောက်ရုံ : "ငါသိပါတယ်၊ ဟောက်ရွှယ်ကို ငါ့ဘက်က ကူပြောခိုင်းလိုက်မယ်၊ ပြဿနာမရှိပါဘူး..ငါ့ယောကျ်ားက ငါ့ကို အရမ်းယုံတာ"

ရှန့်ရှန့် နှာခေါင်းရှုံ့လိုက်ရင်း

"နင့်သမီးကလည်း သန့်ရှင်းစင်ကြယ်နေတဲ့သူတော့ မဟုတ်ပါဘူး၊ နင်သာမရှိရင် သူကိုယ်တိုင်တောင် လာမှာပဲ၊ နင်သိလား..."

ကျောက်ရုံ ပြန်ပက်လိုက်ကာ

"အပိုတွေ ပြောမနေနဲ့၊ ဟောက်ရွှယ်က စိတ်ကောင်းရှိတဲ့သူ၊ ပျက်စီးနေတဲ့သူမျိုး မဟုတ်ဘူး.. သူ့ကို ဒီလိုမျိုး မဖြစ်စေချင်ဘူး.. နင် ဘာမှပြောမနေနဲ့တော့၊ ဒါက လုံးဝဖြစ်လာမှာ မဟုတ်ဘူး"

ကျောက်ရုံ ထွက်သွားပြီးနောက် ရှန့်ရှန့် လည်း အိမ်သာတံခါးမှထွက်လာခါ စက်ဘီးကိုမှီ၍ စောင့်နေလေသည်။

သူတို့နှစ်ဦး အဝေးကိုထွက်သွားသည်ကို မြင်သောအခါမှ ချန်ချင်းယွီ ယွမ်ရှောင်ချွေကို လွှတ်ပေးလိုက်၏။ ယွမ်ရှောင်ချွေမှာ လက်သီးကိုတင်းနေအောင် ဆုပ်ကာ

“ကြားလိုက်တယ်မလား... ကြားလိုက်တယ်မလား... ကျောက်ရုံက ဘယ်လောက်တောင် ယုတ်မာလဲဆိုတာ အခုတော့ သိပြီမလား... ငါလိမ်ပြောနေတာ မဟုတ်ဘူးဆိုတာ နင်အခုတော့ ယုံပြီမလား... ဝင်းထဲကလူတွေ အားလုံးက ငါ့ကို ကျေးဇူးမသိတဲ့ကောင်မလို့ ပြောကြတယ်။ ဒါက ငါ့အမှားလို့ နင်ထင်လား... ဟောဒီက ကျောက်ရုံဆိုတဲ့ မိန်းမ ဘယ်လိုလူစားလဲဆိုတာသာ ကြည့်လိုက်တော့..."

ချန်ချင်းယွီ : "အသံတိုးတိုးလုပ်ပါဦး"

ယွမ်ရှောင်ချွေ ; "ငါ တကယ်ကိုပဲ..."

သူမ အသံကိုနှိမ့်လိုက်ပြီး

"ကျောက်ရုံ ဘယ်လောက်ထိ ယုတ်မာလဲဆိုတာ ကြည့်ဦး၊ သူကတောင် ငါ့ကို ကျေးဇူးမသိတဲ့သူလို့ ပြောသေးတယ်၊ မယုံနိုင်စရာပဲ... ငါက ကျေးဇူးကန်းတဲ့ 'ဝံပုလွေ' လုံးဝမဟုတ်ဘူး"

ချန်ချင်းယွီ : "သိပါတယ်၊ ငါသိပါတယ်၊ ငါနင့်ကို ယုံတယ်"

ထိုစကားတစ်ခွန်းတည်းနှင့်တင် ယွမ်ရှောင်ချွေ၏ မျက်ဝန်းများ နီမြန်းလာပြီး

"ငါသိသားပဲ၊ ငါတို့အခြေအနေတွေက တူတူပဲဆိုတော့ နင်အသိဆုံးဖြစ်မှာပါ.. ကြည့်ဦး၊ ဝင်းထဲကလူတွေ အားလုံးက ငါ့ကို ကျေးဇူးကန်းတဲ့သူလို့ ပြောနေကြတာ၊ ငါက ဘယ်နေရာမှာ ကျေးဇူးကန်းလို့လဲ... ငါ့ကွယ်ရာမှာ သူဘယ်လိုတွေ လုပ်ကြံဖန်တီးခဲ့လဲဆိုတာ ကြည့်ဦး။ ငါ့ကို ကျေးလက်ပို့ဖို့ ကြံစည်တာတင် မကဘူး၊ ငါ့ရဲ့ အပျိုစင်ဘဝကိုပါ ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ... သူ ဘယ်လောက်တောင် ရက်စက်သလဲဆိုတာ ကြည့်စမ်း"

ချန်ချင်းယွီ ခေါင်းညိမ့်ပြလိုက်ပြီး ယွမ်ရှောင်ချွေ၏ စကားကို သဘောတူလိုက်သည်။ သူမ အနေဖြင့်လည်း ဤကဲ့သို့ လူတစ်ဖက်သား၏ ဘဝနဲ့ရင်း၍ ယုတ်မာကောက်ကျစ်သူများကို အလွန်ပင် အထင်သေးစက်ဆုပ်မိ၏။

သူမအမြင်တွင် ကျောက်ရုံ၏ စိတ်ဓာတ်မှာ ထိုခေါင်းမကြီး ရှန့်ရှန့်ထက်ပင် နိမ့်ကျသည်ဟု ထင်မြင်မိသည်။

သူတို့၏ ပြောစကားများအရ အနည်းဆုံးတော့ ထိုပြည့်တန်ဆာခေါင်းမကြီး ရှန့်ရှန့်မှာ လူစိတ်ရှိသေးသည်ဟု ဆိုရမည်။

ကျောက်ရုံကတော့ လူတွေကို တမင်တကာကို ဒုက္ခပေးချင်နေတာ..

"နင့်ကို ငါပြောပြမယ်၊ ငါက တကယ်ပဲ ကျေးဇူးကန်းတဲ့သူ မဟုတ်ပါဘူး၊ ငါ့အဖေနဲ့ ကျောက်ရုံက ငါ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တာ မဟုတ်ဘူး"

ယွမ်ရှောင်ချွေ မျက်ရည်များ ဝဲတက်လာပြီး သုတ်လိုက်ရင်း ပြောပြလေ၏။

"ဒါအမှန်ပဲ၊ သူတို့ငါ့ကို လုံးဝမပြုစုခဲ့ကြဘူး.. အမေဆုံးတုန်းက အမေစုထားတဲ့ ပိုက်ဆံတွေအပြင် အိမ်ရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုပါ အဖေ့ကို အကုန်ပေးခဲ့တာ.. စုစုပေါင်း ယွမ်တစ်ထောင်ကျော်တောင် ရှိတယ်.. အဲဒီနောက် အမေက ချက်ချင်းဆိုသလို ဆုံးသွားတော့ အဖေက နာရေးကို အကြီးအကျယ် မလုပ်ပေးခဲ့ဘူး.. နာရေးအကြီးအကြီးအကျယ်လုပ်ရင် ခေတ်ဟောင်းအယူသည်းမှုဆိုပြီး အပြောခံရတတ်တယ်၊ အရာရာကို ရိုးရိုးရှင်းရှင်းပဲ လုပ်ရမယ်လို့ သူက ငါ့ကိုပြောခဲ့တယ်၊ အဲဒီတုန်းက ငါက သူ့ကိုယုံခဲ့တာ၊ ဒါကြောင့် အမေ့ကို ရိုးရိုးအခေါင်းလေးနဲ့ပဲ မြေမြှုပ်ခဲ့ရတယ်၊ ဘာမှမပါဘူး.. အိမ်နီးနားချင်း ဒေါ်ကြီးက ပြောတယ်၊ ငါ့အဖေက အရမ်းနှမြောတာပဲတဲ့၊ စုစုပေါင်းမှ ဆယ်ယွမ်လောက်ပဲ သုံးတာတဲ့၊ ခေါင်းတောင်မှ အမေကိုယ်တိုင် စုထားတဲ့ သစ်သားတွေနဲ့ လုပ်တာတဲ့.. ဒီလောက်နှမြောတဲ့သူ တစ်ခါမှမမြင်ဖူးဘူးလို့ သူကပြောတော့ ငါကတောင် သူ့ကို ပြန်ရန်ဖြစ်ခဲ့သေးတယ်.. အဲဒါကို ငါအခုထိ ကောင်းကောင်းမှတ်မိနေသေးတယ်.. အမေက ငါ့အတွက် ယွမ်တစ်ထောင်ကျော် ချန်ထားပေးခဲ့တာပဲ၊ ဒါကို သူတို့က ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ ဘယ်လိုပြောလို့ရမှာလဲ..."

ယွမ်ရှောင်ချွေ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်ကာ

"နောက်ထပ် တစ်ခုရှိသေးတယ်..."

ချန်ချင်းယွီ : "ပြောပါဦး"

ယွမ်ရှောင်ချွေ : "ငါငယ်ငယ်တုန်းက တောင်ပေါ်မှာ 'ဂျင်ဆင်း' မြစ်တစ်ဥတောင် တူးမိခဲ့သေးတယ်........."

သူမ အသံကိုနှိမ့်လိုက်ပြီး စိတ်

လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အဘိုးနဲ့အဘွားက ဒါကို ငါ့အတွက် သိမ်းထားပေးမယ်လို့ ပြောခဲ့ကြတာ.. သူတို့ မဆုံးခင်မှာလည်း တခြားဘာတွေပဲဖြစ်ဖြစ် ဒါကတော့ ငါ့အတွက်ပဲလို့ မှာခဲ့ကြတယ်.. ငါကြီးလာရင် အိမ်ထောင်ဖက်အတွက် ခန်းဝင်ပစ္စည်းအဖြစ် သုံးလို့ရအောင် အမေ့ကို သေချာသိမ်းထားခိုင်းတာ.. ဒါပေမဲ့ အမေက ငါ့ကိုမပေးခဲ့ဘူး. သူ မဆုံးခင်မှာ အဖေ့ကို အကုန်ပေးသွားခဲ့တာ... ကြည့်စမ်း၊ ကြည့်စမ်း၊ ကြည့်စမ်း..."

ချန်ချင်းယွီ : "..."

သူမသည် ယွမ်ရှောင်ချွေ၏ မိသားစုအကြောင်းကို ရေရေရာရာ မသိသော်လည်း၊ ယွမ်ရှောင်ချွေ၏ မိခင်ဖြစ်သူအတွက်မူ တကယ်ပင် စိတ်မကောင်းဖြစ်မိ၏။

ဆယ်ကျော်သက်အရွယ်တွင် အိမ်ထောင်ကျပြီးနောက် လင်ယောက်ျား ပညာသင်နိုင်ရန် ရုန်းကန်ထောက်ပံ့ခဲ့သော်လည်း၊ ထိုသူမှာ တက္ကသိုလ်တက်ကာ သူမ၏ငွေများကို သုံးဖြုန်းပြီးနောက် သူမကို စွန့်ပစ်သွားခဲ့သည်။

တရားဝင် လက်မှတ်မထိုးဘဲ အိမ်ထောင်ပြုခဲ့ကြပြီးမှ လင်ပစ်မယား ဖြစ်ခဲ့ရသည့် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးမှာ ထိုခေတ်အခါ၌ အကြားရအများဆုံးပင် ဖြစ်၏။

လင်မယားအဖြစ်မှ လမ်းခွဲပြီးသော်လည်း အိမ်ကမဆင်းဘဲ ယောက္ခမများကို ဆက်လက်လုပ်ကျွေးပြုစုကာ နောက်ဆုံးအချိန်ထိ စောင့်ရှောက်ခဲ့ကြသည်မှာလည်း ကြားဖူးနားဝရှိသည့် ကိစ္စရပ်များပင်။

ချန်ချင်းယွီအနေဖြင့် နားမလည်နိုင်သော်လည်း ထိုခေတ်က အမျိုးသမီးများမှာ လမ်းခွဲပြီးသည့်တိုင် ထိုသို့ပင် ရှိတတ်ကြမည်ဟုသာ တွေးမိတော့သည်။

သို့သော် မိမိ၏ရင်သွေးကိုပင် အကာအကွယ်မပေးဘဲ ထိုလူဟောင်းကိုသာ ရှေ့တန်းတင်ကာ ကာကွယ်ပေးခဲ့ခြင်းမှာမူ စဉ်းစားစရာပင်။ မိမိနှင့် မြေးမလေး အသက်ဆက်နိုင်ရန် ယောက္ခမများက ချန်ထားရစ်ခဲ့သည့် အဖိုးတန်ပစ္စည်းများကိုပင် ထိုလူ့လက်ထဲ အပ်နှင်းခဲ့သည်မှာမူ တကယ်ပင် ကြားရခဲလှသော၊ အံ့သြတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်တစ်ခုပင် ဖြစ်လေသည်။

"နင့်အဘိုးနဲ့အဘွားက နင့်အမေ အသက်ဆက်ဖို့အတွက် အိမ်ချန်ပေးခဲ့တယ်၊ နင့်အတွက်ကျတော့ ဂျင်ဆင်းချန်ပေးခဲ့တယ်၊ အဲဒါတွေကို နင့်အမေက နင့်အဖေလက်ထဲ အကုန်ထည့်ပေးလိုက်တယ်ပေါ့..."

ယွမ်ရှောင်ချွေ ခေါင်းညိတ်ပြရှာ၏။

ချန်ချင်းယွီ : "..."

သောက်ကျိုးနည်း…

သူမ အလွန်ပင် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဒါဆို နင့်အမေက ဘာနဲ့ဆုံးသွားတာလဲ..."

ယွမ်ရှောင်ချွေ : "အလုပ်ပင်ပန်းလွန်ပြီး ဆုံးတာ"

ချန်ချင်းယွီ : "..."

ယွမ်ရှောင်ချွေ : "အဲဒီတုန်းက အမေက အပြင်းအထန် ဖျားနေတာ.. လူပြန်လန်းလာအောင် ဂျင်ဆင်းလေး နည်းနည်းလောက်ဖြစ်ဖြစ် သုံးကြည့်ပါလားလို့ ငါပြောခဲ့သေးတယ်.. ဆရာဝန်ကလည်း သူ့အခြေအနေနဲ့ဆိုရင် ဒါမျိုးလေးမှီဝဲပေးတာက နာလန်ထူဖို့ အထောက်အကူဖြစ်မယ်လို့ ပြောတယ်.. ဒါပေမဲ့ သူက ငြင်းတယ်၊ အဖေ့အတွက် တစ်ခုခုတော့ ချန်ပေးခဲ့ရမယ်တဲ့၊ သုံးလည်း ထူးမှာမဟုတ်ပါဘူး၊ ဘာလို့ အလဟဿ အဖြုန်းခံမှာလဲတဲ့.. အဖေ့လက်ထဲရှိနေရင် တစ်နေ့နေ့မှာ အသုံးဝင်ဦးမှာပါတဲ့လေ.."

ချန်ချင်းယွီ : "..."

သူမရဲ့ ဘဝသက်တမ်း နှစ်ခုလုံးမှာတောင် ဒီလောက်အံ့သြဖို့ကောင်းတဲ့သူမျိုး တစ်ခါမှ မကြားဖူးခဲ့ဘူး..

သောက်ကျိုးနည်းလှချည်လားဟယ်..

ယွမ်ရှောင်ချွေ : "အဲဒီတုန်းက ငါက ငယ်သေးတော့ အမေနဲ့ စကားမပြိုင်နိုင်ခဲ့ဘူး.. ငါ့အဖေက လူလိမ်၊ လူလိမ်ကြီး.. ငါတို့အပေါ် ကောင်းချင်ယောင်ဆောင်ခဲ့တာ၊ တကယ်တော့ သူက လုံးဝမကောင်းဘူး..."

ယွမ်ရှောင်ချွေ ထပ်မံ ငိုပြန်လေသည်။

ချန်ချင်းယွီ : "မငိုပါနဲ့တော့၊ ငိုနေလို့ ဘာထူးမှာလဲ... အဲဒီလို ငိုမယ့်အစား အခုတလော ဘာဆက်လုပ်ရမလဲဆိုတာကိုပဲ စဉ်းစား.. ကျောက်ရုံက နင့်အပေါ် မကောင်းတဲ့အကြံတွေ ရှိနေတယ်ဆိုတာ နင်ရှင်းရှင်းလင်းလင်း သိထားသင့်ပြီ.. ကိုယ့်ကိုယ်ကိုယ် အထိခိုက်မခံစေနဲ့၊ ခုနက သူပြောသွားတာတွေကိုလည်း နင်ကြားတယ်မလား... နင့်ကို သူလုပ်ကြံဖို့ ကြံစည်နေတာ.. သူ့အတန်းဖော်က ဝင်မပါဘူးလို့ ငြင်းလိုက်ပေမဲ့ တခြားသူတွေကို သူထပ်ပြီး ပတ်သက်အောင် မလုပ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ... သတိထားဦး၊ နင် ကျေးလက်ကိုမသွားခင်မှာ တစ်ခုခု အမှားအယွင်းဖြစ်သွားနိုင်တယ်"

ယွမ်ရှောင်ချွေ လက်သီးကို တင်းတင်းဆုပ်လိုက်ကာ

"ငါသိတယ်"

သူမ ဒေါသတကြီးဖြင့် ပြောလိုက်၍

"အဲဒီ ယုတ်မာတဲ့ကောင်တွေ၊ ငါ့ကိုလုပ်ကြံဖို့ လုံးဝမစဉ်းစားနဲ့"

ရုတ်တရက်ဆိုသလို သူမ ထလာကာ

"မရဘူး၊ ငါအိမ်ပြန်ရမယ်.. အိမ်ပြန်ပြီး အဲဒီဂျင်ဆင်းကို ရှာရမယ်.. အဲဒါက ငါ့အဘိုးအဘွားတွေ ငါ့အတွက် ချန်ပေးခဲ့တာ.. ဘာလို့ သူတို့က ရရမှာလဲ... ငါ အဲဒါကို မုန်လာဥလိုပဲ အကုန်ဝါးစားပစ်မယ်၊ သူတို့အတွက် ဘာမှမချန်ထားနိုင်ဘူး"

ချန်ချင်းယွီ : "ဒါပေမဲ့ နင် သတိတော့ထားဦးနော်"

ယွမ်ရှောင်ချွေ : "ငါက ဘယ်သူ့ကို ကြောက်ရမှာလဲ... သူတို့ကတောင် ငါ့ကို ဒီလောက်အထိ လုပ်ကြံနေကြတာ၊ ငါက ဘာကို ဂရုစိုက်နေရဦးမှာလဲ... ငါတို့က ပတ်သက်မှုတွေလည်း အဆက်ဖြတ်ထားပြီးသားပဲ၊ ဟန်ဆောင်ပန်ဆောင် သင့်မြတ်ပြနေဖို့လည်း မလိုတော့ဘူး..."

သူမသည် အေးစက်သောမျက်နှာထားဖြင့် အပြင်သို့ ချောင်းကြည့်လိုက်ရာ ရှန့်ရှန့်နှင့် ကျောက်ရုံတို့ နှစ်ယောက်သား အတူတူ ထွက်ခွာသွားကြသည်ကို မြင်လိုက်ရလေသည်။

ယွမ်ရှောင်ချွေ : “ဖွီ.. ဟွန်း... သွားကြပေါ့..."

ချန်ချင်းယွီသည် အိမ်သာထဲမှ အမြန်ထွက်လာပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။

"ငါတော့ အိမ်သာထဲမှာ ကြာလွန်းလို့ အနံ့တွေတောင် စွဲနေပြီထင်တယ်"

ယွမ်ရှောင်ချွေမှာမူ မာန်ပါပါဖြင့်

"ငါ ဘာပဲဖြစ်ဖြစ် အဲဒီဂျင်ဆင်းကို ပြန်ရှာရမယ်... ငါ့ဆီက အမြတ်ထုတ်ချင်ကြတယ်ပေါ့... အိပ်မက်ပဲ မက်နေလိုက်..."

ချန်ချင်းယွီ : "အင်းပါ..."

ယွမ်ရှောင်ချွေသည် ခြေလှမ်းကျဲကြီးများဖြင့် အိမ်ဘက်သို့ ပြန်သွားလေသည်။ ချန်ချင်းယွီမှာမူ ခဏမျှ ရပ်နေပြီးမှ အိမ်သို့ ပြန်လာခဲ့၏။

အဘွားကြီးကျောက်မှာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"နင် အိမ်သာကျင်းထဲ ပြုတ်ကျနေလို့ ဒီလောက်ကြာနေရတာလား... အိမ်သာသွားတာများ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ..ဒီတစ်ခါရော ဘယ်သူနဲ့ ပြဿနာတက်လာပြန်ပြီလဲ..."

ချန်ချင်းယွီ ပြန်ပက်လိုက်ကာ

"စကားကို ကောင်းကောင်းပြောလို့ မရဘူးလား..."

သူမသည် နှာခေါင်းရှုံ့လိုက်ပြီး အပြင်ဘက်သို့ ထွက်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ ရာသီဥတု တဖြည်းဖြည်း ပူနွေးလာပြီဖြစ်ရာ မွန်းတည့်ချိန်ဆိုလျှင် ချန်ချင်းယွီတစ်ယောက် လက်တိုအင်္ကျီပင် ဝတ်နေရပြီဖြစ်၏။ သူမသည် ရေအေးအေးဖြင့် သန့်စင်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အဘွားကြီးကျောက် ချန်ချင်းယွီအနားသို့ တိုးကပ်လာပြီး တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

"ဟဲ့... နင်သိလား၊ ခုနကတင် ကျောက်ရုံ အပြင်ထွက်သွားတာ ငါတွေ့လိုက်တယ်.. တစ်ခါမှမဝတ်ဖူးတဲ့ အနီရောင်ဂါဝန်ကြီး ဝတ်လို့လေ.. သူ ဘာတွေကြံစည်နေလဲ မသိဘူး"

ချန်ချင်းယွီ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။

"အပြင်မှာ သွားပြီး ပွေနေတာလေ"

"ဟမ်..."

အဘွားကြီးကျောက်မှာ ဆွံ့အသွားရသည်။

ချန်ချင်းယွီ ဆက်ပြောလိုက်ကာ

"သူတို့ စကားပြောနေတာကို ကျွန်မ ကြားခဲ့တာ.. သူက အပြင်မှာ သွားရှုပ်နေတာလေ၊ သူ့သမီး ယွမ်ဟောက်ရွှယ် အတွက် အလုပ်အကိုင်ရဖို့ အလုပ်ရှုပ်နေတာ"

အဘွားကြီးကျောက်မှာ "ဘုရား... ဘုရား..." ဟုပင် ရေရွတ်မိတော့သည်။

သူမသည် အံ့သြတုန်လှုပ်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်းတို့ဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားရရှာ၏။

ယာယီအလုပ်တစ်ခုရဖို့အတွက်နဲ့ ဒီလောက်အထိ ရင်းရတာ တန်လို့လား... တကယ်ပဲ ဒီလောက်အထိ လုပ်ရက်တာလား...

အဘွားကြီးကျောက် ထစ်ထစ်ငေါ့ငေါ့ဖြင့်

"နင်... နင် နောက်နေတာ မဟုတ်ဘူးမလား..."

ချန်ချင်းယွီ : "ဒါမျိုးကို ဘာလို့ နောက်ရမှာလဲ..."

အဘွားကြီးကျောက် ; "အို... ဒါကတော့..."

သူမသည် အတော်ကြာအောင် စဉ်းစားနေပြီးမှ

"ဒါကတော့ တကယ်ပဲ... အင်း၊ တကယ်တော့ သူလည်း သိပ်မရှုံးပါဘူးလေ"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။

အဘွားကြီးကျောက် : "တကယ်လို့ တစ်ယောက်ယောက် ရှုံးတယ်ဆိုရင် အဲဒါ သူ့ယောကျ်ားပဲ ဖြစ်မှာပေါ့"

ချန်ချင်းယွီ : "ယွမ်ဟောက်မင်က ဘာရှုံးမှာလဲ... အိမ်ထောင်ကျပြီးမှ သမီးတစ်ယောက်တောင် ရထားတာပဲ၊ ဘာတွေ နစ်နာသွားလို့လဲ... သူလည်း မရှုံးပါဘူး၊ နှစ်ယောက်လုံးက အတူတူပဲလေ..."

အဘွားကြီးကျောက် "..."

အဘွားကြီးကျောက်မှာ မယုံနိုင်လောက်အောင် ဖြစ်နေရ၏။

ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလိုပဲ...

နေပါဦး၊ ဒီလူတွေက ဒီလောက်အထိ အကွက်တွေ များကြတာလား... ငါကတော့ လောကကြီးအကြောင်း ဘာမှမသိတဲ့ ဖြူဖြူစင်စင် အဘွားကြီးတစ်ယောက် ဖြစ်နေပါလား...

ချန်ချင်းယွီသည် ငေးငိုင်နေသော အဘွားကြီးကျောက်ကို ကြည့်ကာ သတိပေးလိုက်သည်။

"ဒီကိစ္စတွေကို အပြင်မှာ လျှောက်မပြောနဲ့ဦး.. သူတို့မှာက အဆက်အသွယ်တွေ ရှိတယ်၊ အကြောင်းမသိဘဲ သွားပြောမိလို့ မပတ်သက်သင့်တဲ့သူတွေနဲ့ ငြိကုန်ရင် မတန်ဘူး.. ဘာပဲဖြစ်ဖြစ် ဒါတွေက ကျွန်မတို့နဲ့လည်း မဆိုင်ပါဘူး"

"အေးပါ၊ အေးပါ... ငါနားလည်ပါတယ်"

သူမသည် စကားသာဆိုသော်လည်း စိတ်ထဲ၌ အတွေးကမ္ဘာထဲမှာပင် လွင့်မျောနေဆဲ ဖြစ်၏။

အဓိကမှာ သူမအနေဖြင့် လုံးဝမထင်မှတ်ထားခဲ့ခြင်းပင်။ ကျောက်ရုံက အမြဲတမ်း ဖြောင့်မတ်မှန်ကန်သူတစ်ဦးဟု ထင်ခဲ့သော်လည်း အခုတော့...

လူဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါလား...

"ဒါဆို... ဟောက်ရွှယ်က အလုပ်ဆက်ရမယ့်ပုံပဲပေါ့"

ချန်ချင်းယွီ : "ရမှာပေါ့.. ကျောက်ရုံက ဒီလောက်တောင် အပင်ပန်းခံ ရုန်းကန်နေတာ၊ ဟောက်ရွှယ်က ဘာလို့ အလုပ်မရဘဲ နေမှာလဲ..."

"နင်အမြင်မှာရော ဟောက်ရွှယ်က ဒါတွေကို သိမယ်ထင်လား..."

ဟောက်ရွှယ် သိ၊ မသိကို ချန်ချင်းယွီလည်း အသေအချာ မပြောနိုင်ပေ။ သူမသည် ဟောက်ရွှယ်နှင့် ရင်းနှီးသူ မဟုတ်သည်မှာ အမှန်ပင်။

သို့သော်လည်း ယွမ်ဟောက်ရွှယ်

အနေဖြင့် တစ်ခုခုကို ရိပ်မိနေလိမ့်မည်ဟု သူမ ခံစားမိသည်။

ချန်ချင်းယွိ တွေးကြည့်မိသည်မှာ ယွမ်ဟောက်ရွှယ်နှင့် သူမ၏မိခင်မှာ အိမ်မှထွက်သွားပြီး တစ်

ပတ်ကျော်ကြာ ရှန့်ရှန့်၏အိမ်တွင် နေထိုင်နေပုံရ၏။ ရှန့်ရှန့်အောင်သွယ်လုပ်ပေးနေသည်မှာ ထင်ရှားလှပြီး……

အမိုးတစ်ခုတည်းအောက်မှာ အတူတူရှိနေကြတာကို ဟောက်ရွှယ်က ဘာလို့မသိဘဲ နေမှာလဲ.. အထူးသဖြင့် ဒီညမှာ သူမက အကာအကွယ်ပေးနေရတာမျိုးဆိုရင် ပို၍ပင် သေချာတာပေါ့..

သူမက အတွေ့အကြုံမရှိတဲ့ မိန်းကလေးတစ်ယောက်မှ မဟုတ်ဘဲ..

အထူးသဖြင့် အခုလို အဆုံးအဖြတ်ပေးရမယ့် အချိန်မျိုးမှာလေ..

ချန်ချင်းယွီ စကားကို သေချာစဉ်းစားပြီးမှ ပြောလိုက်သည်။

"အသေးစိတ်ကိုတော့ ကျွန်မမသိဘူး၊ ဒါပေမဲ့ လုံးဝကြီး မသိဘဲနေမယ်လို့တော့ မထင်ဘူးလေ၊ နားလည်လား... ဘယ်လောက်အထိ သိထားသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်"

အဘွားကြီးကျောက် : "...ဒါက ဘာစကားလဲအေ..."

အဘွားကြီးမှာ အမြင်မှန်ရလိုက်သကဲ့သို့ မှတ်ချက်ချလိုက်လေသည်။

ချန်ချင်းယွီ : "နေဦးလေ၊ အလုပ်ဝင်ခွင့်ရလဒ်တွေ ထွက်လာရင် အစအနတွေ ပေါ်လာမှာပေါ့"

ချန်ချင်းယွီ သက်ပြင်းချလိုက်ရင်း

"ကျွန်မထင်တာတော့... ဟဲ့၊ အစ်မကြီးဖန်က ဒီလောက်ညဉ့်နက်နေမှ ဘာလို့ အပြင်ထွက်သွားတာလဲ..."

အမှောင်ထု ဖုံးလွှမ်းနေပြီဖြစ်သော်လည်း ချန်ချင်းယွီသည် အိတ်ကလေးတစ်လုံးကိုင်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်သွားသော အစ်မကြီးဖန်ကို မြင်လိုက်ရ၏။

ချန်ချင်းယွီ : "..."

အဘွားကြီးကျောက် : "ကလေးတွေအတွက်ပဲ ဖြစ်မှာပေါ့၊ တခြားဘာရှိဦးမှာလဲ..."

ချန်ချင်းယွီသည်လည်း အဘွားကြီးကျောက်၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အဘွားကြီးကျောက်

ဆက်၍ တိုးတိုးလေးရေရွတ်ကာ

"ရှီရှောင်ဝေက သူ့အရည်အချင်းနဲ့သူ စာမေးပွဲအောင်နိုင်မှာ မဟုတ်ဘူး"

"ငါ့ကို ပညာမတတ်ဘူးဆိုပြီး အထင်မသေးနဲ့ဦး၊ ငါ့သားက စာတော်တဲ့သူဆိုတာ ငါကြည့်တာနဲ့ သိတယ်၊ သူ့စာသင်တဲ့ပုံစံက ရှီရှောင်ဝေနဲ့ မတူဘူး"

ချန်ချင်းယွီ : "ဟုတ်ပါတယ်"

အစ်မကြီးဖန် အလျင်အမြန် ထွက်သွားပြီးနောက် ချန်ချင်းယွီသည် ခဏမျှ တွန့်ဆုတ်နေပြီးမှ အဘွားကြီးကျောက်အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

"ခုနက ကျွန်မအိမ်သာထဲမှာ ရှိနေတုန်းကလေ..."

သူမ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အဘွားကြီးကျောက်မှာ မယုံနိုင်လောက်အောင် မျက်လုံးအပြူးသား ဖြစ်သွားရရှာ၏။

"ဟာ... ဘယ်လိုတောင်လဲ..."

ချန်ချင်းယွီ : "တကယ်ပြောတာ"

အဘွားကြီးကျောက်၏ မျက်နှာမှာ အံ့သြတုန်လှုပ်မှုကြောင့် ရှုံ့မဲ့သွားပြီး အတော်ကြာမှ ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။

"သူ... သူက တကယ်ပဲ အဲဒီလောက်အထိ အသည်းနှလုံးမရှိတာလား..."

ချန်ချင်းယွီ : "ကျွန်မနားနဲ့ကို အသေအချာ ကြားခဲ့တာ၊ ရှင်းရှင်းလင်းလင်းကြီးကို ကြားခဲ့တာပါ"

အဘွားကြီးကျောက် : "..."

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးမှ

"ဒါ... ဒါက လူစိတ်ရှိတဲ့သူ လုပ်ရမယ့်အလုပ်လား... တကယ်ကို ယုတ်မာလွန်းတယ်... သူက ယွမ်ဟောက်မင်ရဲ့ သမီးအရင်းလေ... ယွမ်ဟောက်မင်ကရော ဘာမှဂရုမစိုက်ဘူးလား..."

ချန်ချင်းယွီ နှာခေါင်းရှုံ့လိုက်သည်။

"ယွမ်ဟောက်မင်ကရော လူကောင်းလို့ ရှင် ထင်နေတာလား..."

အဘွားကြီးကျောက်မှာ "ရွံစရာကြီး" ဟု ရေရွတ်လိုက်ကာ

"ဘုရားရေ... နင်သိလား၊ ငါက ငါ့ကိုယ်ငါ သိပ်မကောင်းတဲ့သူလို့ အရင်က ထင်ခဲ့တာ.. ဒါပေမဲ့ အခုမှပဲ သူတို့နဲ့ယှဉ်ရင် ငါက သူတော်ကောင်း ဖြစ်နေမှန်း သိလိုက်ရတော့တယ်..သူတို့က ဘယ်လိုအမှိုက်တွေလဲ... လူစိတ်ဆိုတာ မြူတစ်မှုန်စာတောင် မရှိကြဘူးတကယ်ပါပဲ... အော့..."

ချန်ချင်းယွီ ပြောလိုက်၏။

"ကိုယ့်မိသားစုဝင် အချင်းချင်းတောင် လိမ်ရဲတာ၊ တခြားသူဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး.. ကျွန်မတို့နှစ်အိမ်က အဆက်အသွယ် သိပ်မရှိဘူးဆိုပေမဲ့ နေ့စဉ်နေထိုင်တဲ့အခါမှာတော့ သူ့အကွက်ထဲ မဝင်အောင် သတိထားရမယ်.. ခံလိုက်ရရင် မတန်ဘူးလေ"

"ငါသိပါတယ်"

အဘွားကြီးကျောက် ဤတစ်ခါတော့ အလေးအနက် ပြန်ပြော၏။

"အခုမှပဲ ငါအမြင်မှန်ရတော့တယ်၊ အဲဒီနှစ်ယောက်က တကယ်ကို လူကောင်းတွေ မဟုတ်ဘူး"

ချန်ချင်းယွီသည်လည်း ပြန်တုံ့ပြန်ကာ

"ဘယ်သူက လူကောင်းလို့ ပြောလို့လဲ..."

အဘွားကြီးကျောက်မှာမူ ထိုည တစ်ဝက်လောက်အထိ အိပ်မပျော်နိုင်ဘဲ ရှိနေရလေသည်။

သူမသည် မိမိကိုယ်မိမိ လူအကဲခတ်တော်သူဟု မှတ်ယူထားခဲ့သော်လည်း ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ မည်သို့သောသူများဖြစ်သည်ကိုမူ လုံးဝရိပ်မိခဲ့ခြင်းမရှိပေ။ ထိုကဲ့သို့ ရက်စက်ယုတ်မာသူများနှင့် ဘေးချင်းကပ်လျက် နေထိုင်နေရသည်ဟု တွေးမိရုံမျှဖြင့်ပင် ကျောချမ်းစရာ ကောင်းလှသည်။ ထိုသို့သော အိမ်နီးချင်းမျိုးမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

သူတစ်ပါး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြံစည်ခြင်းမှာ အယုတ်မာဆုံးသော လုပ်ရပ်ပင် ဖြစ်သည်။ ဤမျှအထိ အလုပ်ခံရသော ယွမ်ရှောင်ချွေမှာ သနားစရာပင် ကောင်းလှ၏။ အဘွားကြီးကျောက်သည် ကျောက်ရုံအကြောင်း တွေးမိတိုင်း ရွံရှာမိသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ်ခဲ့ရသည်။ သို့သော်လည်း လောကသဘာဝအရ မိမိကိစ္စနှင့်မိမိသာ အာရုံစိုက်ရမည်ဖြစ်ရာ သူတစ်ပါးအရေးကို လိုက်လံဖြေရှင်းနေ၍လည်း ပြီးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အဘွားကြီးကျောက်သည် ဘာမျှမသိသလိုပင် ဟန်ဆောင်နေလိုက်တော့သည်။ အဓိကမှာ ယွမ်ရှောင်ချွေကိုယ်တိုင် သိရှိသွားပြီဖြစ်၍ သူမအနေဖြင့် အရှုံးခံရတော့မည်မဟုတ်ဟု တွေးမိသောကြောင့်ပင်။

အဘွားကြီးကျောက် အလုပ်သွားချိန်တွင် ယွမ်ရှောင်ချွေသည် ချန်ချင်းယွီထံ တစ်ခေါက် ထပ်ရောက်လာပြန်သည်။ မနေ့က လျှို့ဝှက်ချက်တစ်ခုကို အတူတူမျှဝေထားကြသူများဖြစ်သဖြင့် သူမသည် ချန်ချင်းယွီနှင့် စကားပြောရသည်ကို အတော်ပင် ပျော်ရွှင်နေပုံရ၏။ မနက်စောစော လူတိုင်းအလုပ်သွားချိန်တွင် ယွမ်ရှောင်ချွေသည် ချန်ချင်းယွီအနားသို့ တိုးကပ်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"ငါ့ဂျင်ဆင်းကို ငါပြန်တွေ့ပြီ..ကျေးလက်ကိုမသွားခင် အဲဒီဗီရိုကို အတင်းဖွင့်ပြီး ငါနဲ့အတူ ယူသွားမှာ..."

ယွမ်ရှောင်ချွေ ဆက်၍

"မသွားခင် အိမ်ကပိုက်ဆံတွေကိုလည်း ငါယူသွားဦးမယ်.. အဲဒါတွေက ငါ့အမေ စုထားတဲ့ ပိုက်ဆံတွေပဲ၊ သူတို့ကို အလကားတော့ မပေးနိုင်ပါဘူး.. ငါ့အတွက် ပိုက်ဆံတွေ ဘယ်လောက်ပဲ ကုန်ကုန်၊ ဒီနှစ်တွေထဲမှာ ယွမ်တစ်ထောင်ထက်တော့ ပိုမကုန်နိုင်ဘူးမလား..."

ချန်ချင်းယွီ အသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

"အဖေဖြစ်သူက သမီးကို ကျွေးမွေးစောင့်ရှောက်ရမှာကတော့ တာဝန်ပဲလေ"

ယွမ်ရှောင်ချွေ အားတက်သရော ထောက်ခံလေသည်။

"ဟုတ်တာပေါ့၊ သူတို့ ငါ့ကိုကျွေးရမှာက ဝတ္တရားပဲလေ... ပိုက်ဆံကျတော့လည်း ယူထားသေးတယ်၊ ပြီးတော့မှ ငါ့ကို ကျေးဇူးမသိတဲ့သူလို့ ပြောကြသေးတယ်.. ဘာလို့လဲ... ငါက ကျေးဇူးကန်းတဲ့သူလို့ အပြောခံနေရမှတော့ ဒါကိုပဲ လက်ခံလိုက်တော့မယ်.. အေး... ငါက ကျေးဇူးမသိတဲ့သူပဲ၊ ထားလိုက်ပါတော့.. အဲ့လိုဆိုမှတော့ ငါ့အမေပေးခဲ့တဲ့ ပိုက်ဆံတွေကို ငါ့ကို အကုန်ပြန်ပေး..."

ယွမ်ရှောင်ချွေ ဆက်ပြောပြန်၏။

"နင့်ကို ငါပြောမယ်၊ ငါတို့ဝင်းထဲမှာ နင်လောက်ဉာဏ်ကောင်းတဲ့သူ သိပ်မရှိဘူး.. တခြားသူတွေကတော့ ကျောက်ရုံရဲ့ တကယ့်ရုပ်မှန်ကို မမြင်ဘဲ ငါ့ကိုတောင် ဝိုင်းပြီး ကဲ့ရဲ့နေကြသေးတယ်.. ဘာလို့လဲ... လူတိုင်းက အမြင်မှန်ရဖို့တော့ ငါမမျှော်လင့်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျောက်ရုံက ငါ့ကို ကျေးဇူးမသိတဲ့သူလို့ သတင်းလွှင့်ထားပြီးပြီဆိုတော့ ရှင်းပြနေလည်း ဘာမှမထူးတော့ဘူး.. သူ့ဂုဏ်သိက္ခာကို ငါဖျက်ဆီးရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ အဲဒီတော့ ငါကတော့ အဆုံးထိ တိုက်ပွဲဝင်သွားမှာပဲ..."

ချန်ချင်းယွီ : "အရမ်းကြီး စိတ်မလောပါနဲ့ဦး၊ မဟုတ်ရင် သူတို့က ရဲတိုင်လိုက်ဦးမယ်"

ယွမ်ရှောင်ချွေ ဒေါသတကြီးဖြင့်

"ဒါပေမဲ့ သူတို့က ငါ့အမေရဲ့ ပိုက်ဆံတွေကို ယူထားတာလေ..."

ချန်ချင်းယွီ သူမကို လက်ညှိုးညွှန်ပြရင်း

"တခြားသူတွေ မသိရင်တောင် နင်က လူတိုင်းသိအောင် လုပ်ရမှာပေါ့..."

ယွမ်ရှောင်ချွေ : "ဟုတ်တယ်၊ ဟုတ်တယ်၊ နင်ပြောတာမှန်တယ်။ ငါထွက်သွားတော့မှာ ဆိုပေမဲ့ ငါ့ဂုဏ်သိက္ခာကိုတော့ လုံးဝအစွန့်လွှတ်နိုင်ဘူး.. ငါက ကျေးဇူးကန်းတဲ့သူပဲဖြစ်ဖြစ်၊ ငါ့အမေ ပိုက်ဆံတွေချန်ထားခဲ့တယ်ဆိုတာကိုတော့ လူတိုင်းသိအောင် ငါလုပ်ရမယ်..."

ချန်ချင်းယွီ : "ပြီးတော့ နင့်အဘိုးအဘွားတွေ နင့်အတွက် ချန်ပေးခဲ့တဲ့ ဂျင်ဆင်းအကြောင်းကိုလည်း ထည့်ပြောဖို့ မမေ့နဲ့ဦး"

"မှန်လိုက်လေ..."

ယွမ်ရှောင်ချွေသည် ချန်ချင်းယွီမှာ နူးညံ့သိမ်မွေ့သော်လည်း အဓိကအချက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်သူဖြစ်သည်ဟု ခံစားမိသွားသည်။

"နင်ရှိနေတာ ငါ့အတွက် ကံကောင်းတာပဲ"

ချန်ချင်းယွီ ပြန်ပြောလိုက်၏။

"ငါက နင့်ကို သိပ်ပြီး မကူညီနိုင်ပါဘူး.. ဒါပေမဲ့ နင်က သူတို့ကို စိတ်မချမ်းသာအောင် လုပ်ချင်တယ်ဆိုရင်တောင် အိမ်ကပိုက်ဆံနဲ့ ပစ္စည်းတွေကို နင်ခိုးယူတာမဟုတ်ဘူးဆိုတာကိုတော့ သူတို့သိအောင် လုပ်ရမယ်.. ခိုးတာမဟုတ်သရွေ့တော့ ပြဿနာမရှိပါဘူး.. ဘာပဲဖြစ်ဖြစ် နင်က ထွက်သွားတော့မှာပဲဆိုတော့ လူတွေဘာပြောပြော ဂရုစိုက်နေစရာ မလိုတော့ဘူးလေ.. နင်က ဝေးဝေးရောက်သွားမှာဆိုတော့ ဘယ်သူမှ လိုက်မနှောင့်ယှက်နိုင်တော့ဘူး"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်..."

ယွမ်ရှောင်ချွေသည် ချန်ချင်းယွီကို တောက်ပနေသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ ချန်ချင်းယွီသည် တကယ်ကို လူကောင်းတစ်ယောက်ဖြစ်သည်ဟု သူမ တွေးမိသွား၏။

"နင်က အထက်တန်းအထိ တက်ခဲ့တာဆိုတော့ ဉာဏ်ပြေးတာ မဆန်းပါဘူးလေ.. ငါကတော့ နင်လောက် ဉာဏ်မကောင်းဘူး.. ငါလည်း စာပြန်သင်ရဦးမယ်၊ ဟူး... အရင်က ဘာလို့ စာကို သေချာမသင်ခဲ့ပါလိမ့်၊ တကယ်ကို နှမြောဖို့ကောင်းတယ်..."

ချန်ချင်းယွီ : "..."

အရင်တုန်းက လူတွေက သူမကို 'ခွန်အားပဲရှိပြီး ဦးနှောက်မရှိသူ' လို့သာ တင်စားခဲ့ကြတာ…

ယခုမူ လူတိုင်း သူမကို ဉာဏ်ကောင်းသူဟု သတ်မှတ်နေကြသည်။ ယွမ်ရှောင်ချွေသည် တကယ်ပြောနေခြင်းလော့ သို့မဟုတ် ရွဲ့နေခြင်းလော့ ဆိုသည်ကို ချန်ချင်းယွီတစ်ယောက် ခဏမျှ ဝေခွဲမရဖြစ်သွား၏။

သေချာစဉ်းစားကြည့်ပြန်တော့လည်း ယွမ်ရှောင်ချွေ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆိုရင် ဒါဟာ တကယ်ပြောတာပဲ ဖြစ်ရမယ်..

ချန်ချင်းယွီ : "ဒီနေ့ တခြားလုပ်စရာ ဘာမှမရှိဘူးလား..."

ယွမ်ရှောင်ချွေ : "ရှိတာပေါ့။ ဒါပေမဲ့ ငါက စိတ်မကြည်မလင် ဖြစ်နေလို့လေ.. စကားပြောဖို့ လူကလည်း မရှိဘူး.. တခြားသူတွေကတော့ အကုန်လုံး လူအတွေချည်းပဲ.. ငါတို့ဝင်းထဲမှာ ငါတို့နှစ်ယောက်ပဲ ဉာဏ်အကောင်းဆုံး.. အဲဒါကြောင့် နင့်ဆီ စကားလာပြောတာ..."

ချန်ချင်းယွီမှာမူ ဆွံ့အသွားရလေတော့သည်။

ယွမ်ရှောင်ချွေကဲ့သို့ လူမျိုးနှင့်အတူ ဝင်းအတွင်း၌ ဉာဏ်အကောင်းဆုံးလူအဖြစ် အသိအမှတ်ပြုခံရခြင်းမှာ လူအဟု အခေါ်ခံရခြင်းနှင့် မခြားနားလှဟု သူမ ခံစားမိသော်လည်း ချန်ချင်းယွီသည် ယွမ်ရှောင်ချွေ၏ နောက်ထပ် ကောင်းကွက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်၏။

ထိုအချက်မှာ သူမသည် မိမိကိုယ်မိမိ စိတ်ဒုက္ခပေးတတ်သူမျိုး မဟုတ်ခြင်းပင်။

လုံးဝကို မဟုတ်ပေ…

သူမသည် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် အံ့အားသင့်ဖွယ် နေထိုင်နိုင်သူဖြစ်သည်။ မိသားစုအရေးက အလွန်ရှုပ်ထွေးပြီး ဆွေမျိုးသားချင်းများ ရုပ်မှန်ဖော်ပြလာသည့်တိုင်အောင် သူမသည် စိတ်ဓာတ်ကျမနေဘဲ လျင်မြန်စွာပင် လိုက်လျောညီထွေဖြစ်အောင် နေနိုင်၏။ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့၏ စကားများကြောင့် မိမိကိုယ်မိမိ အပြစ်တင်မနေဘဲ အမှားအမှန်ကို ပြတ်ပြတ်သားသား ခွဲခြားယုံကြည်ထားနိုင်သူ ဖြစ်သည်။

ထိုကဲ့သို့သော လူစားမျိုးမှာ အတော်ပင် ရှားပါးလှ၏။

ချန်ချင်းယွီသည် ယခင်က သူမနှင့် စကားစမြည် မပြောဖူးသဖြင့် သိပ်မရင်းနှီးခဲ့သော်လည်း ယခုအခါတွင်မူ ယွမ်ရှောင်ချွေသည် အတော်ပင် စိတ်ထားတတ်သူဟု တွေးမိလာသည်။

သူမသည် စကားပြောမတတ်ဘဲ တစ်ခါတစ်ရံ လျှာအရိုးမရှိ လျှောက်ပြောတတ်သော်လည်း အကျင့်ယုတ်သူ တစ်ယောက် မဟုတ်ပေ။

ချန်ချင်းယွိ ခပ်တိုးတိုး ပြောလိုက်ကာ

"နင် ကျေးလက်ကိုသွားရင် ပိုက်ဆံရှိဖို့ လိုလိမ့်မယ်.. ဒါပေမဲ့ ကျေးလက်ဆိုတာက လူစိမ်းတွေရှိတဲ့နေရာ၊ နင်က မိန်းကလေးတစ်ယောက် ဖြစ်နေတော့ ပိုက်ဆံရှိတာကို သိပ်ပြီး ပေါ်ပေါ်ထင်ထင် မပြတာ အကောင်းဆုံးပဲ.. လောကမှာ လူကောင်းတွေ ပိုများတယ်လို့ ငါယုံကြည်ပေမဲ့ နေရာတိုင်းမှာတော့ လူဆိုးဆိုတာ ရှိတာပဲ.. နင်က အသစ်အဆန်းဖြစ်နေတော့ ကိုယ့်မှာရှိတာတွေကို လျှောက်မပြနဲ့ဦး"

"ကျေးလက်ရောက်ရင် နင်က ပညာတတ်လူငယ်တွေ စုဝေးနေထိုင်တဲ့နေရာမှာ နေရမှာ.. လူတွေက အတူတူ စုနေကြရမှာဆိုတော့ ထိတိုက်မှုတွေ ရှိလာမှာပဲ.. လူတိုင်းရဲ့ မိသားစုအခြေအနေက မတူကြဘူး၊ ပညာတတ်လူငယ်တွေထဲမှာတောင် အားလုံးက ပြည့်စုံကြတာ မဟုတ်ဘူး.. အဲဒါကြောင့် ပိုက်ဆံကို သေချာကိုင်တွယ်ရမယ်"

ချန်ချင်းယွီသည် ကျေးလက်သို့ တစ်ခါမှ မရောက်ဖူးသော်လည်း သူမ၏ ဗဟုသုတမှာ ၆၀၊ ၇၀ ခုနှစ်များကို ရိုက်ကူးထားသည့် ရုပ်ရှင်များနှင့် ဝတ္ထုများမှ ရရှိထားခြင်း ဖြစ်သည်။

ကြည့်စမ်း... ယွမ်ရှောင်ချွေက ခေတ်ဟောင်းဝတ္ထုထဲက မင်းသမီးတစ်ယောက်နဲ့တောင် တူနေပြီ…ယုတ်မာတဲ့အဖေ၊ ရက်စက်တဲ့ မိထွေး၊ ကျေးလကမကို အပို့ခံရပြီးမှ လက်စားချေမယ့် ကံကောင်းခြင်းလေးတွေနဲ့ပေါ့…ဟုတ်တယ်... သူက တကယ့်ကို ခေတ်ဟောင်းဝတ္ထုထဲက မင်းသမီးလေးပဲ...

သူက ငါ့ထက်တောင် အများကြီး သာနေပါလား...

သို့သော် ချန်ချင်းယွီသည် ရယ်စရာအဖြစ်သာ တွေးမိခြင်းဖြစ်ပြီး တကယ်တမ်းတွင် ကျေးလက်သို့သွားရသည်မှာ မလွယ်ကူကြောင်း သူမ သိသည်။

ကျေးလက်မှာ နေရတာ ကောင်းနေရင် ဘာကြောင့် မိသားစုတိုင်းက ဒီလောက်အထိ ဆူညံပွက်လောရိုက်နေကြမှာလဲ~~

ကျေးလက်ကို အပို့ခံရမည့် ကိစ္စများကြောင့် သူတို့ဝင်းထဲမှာသာမက ဘေးပတ်ဝန်းကျင် ဝင်းများမှာပါ အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြ၏။

အထူးသဖြင့် စာမေးပွဲပြီးသွားချိန်တွင်~~ တကယ်တမ်း၌ စာမေးပွဲပြီးကတည်းက အချို့လူများမှာ သူတို့စာမေးပွဲ မအောင်နိုင်ကြောင်း ကြိုသိနေကြပုံရသည်။

ပြောရလျှင် လူတိုင်းသည် ဖြစ်လာတော့မည့် ဘေးဒုက္ခတစ်ခုကို စောင့်မျှော်နေကြသည့်အလား ခံစားနေရ၏။

မနက်ဖြန် မွန်းလွဲပိုင်းတွင် ရလဒ်များ ထွက်လာတော့မည်ဖြစ်ရာ... ဘယ်လောက်ထိ ရှုပ်ထွေးသွားဦးမည်ကို ချန်ချင်းယွီ စိတ်ကူးပင် မယဉ်ရဲတော့ပေ။

သို့သော် ဤအရာများမှာ သူမနှင့် မသက်ဆိုင်လှသဖြင့် သူမ

ပြောလိုက်၏။

"ကျေးလက်ရောက်ရင် နင့်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲပစ်ဖို့ မလိုဘူးနော်"

ယွမ်ရှောင်ချွေ : "ဟမ်..."

ချန်ချင်းယွီ အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

"တစ်ခါတစ်ရံမှာ စိတ်ကြီးတာက မကောင်းတာ မဟုတ်ဘူး.. ငါ့ယောက္ခမကိုပဲ ကြည့်လေ၊ သေချာစဉ်းစားကြည့်ဦး"

ယွမ်ရှောင်ချွေ : "......"

သူမ ခေါင်းလေးစောင်းကာ ခဏမျှ စဉ်းစားနေပြီးမှ ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ရင်း ပြောလိုက်သည်။

"နင်ပြောတာ မှန်သားပဲ နင့်ယောက္ခမက နာမည်ပျက်တာတော့ မှန်ပေမဲ့ ဘယ်သူမှ သူ့ကို လာမရှုပ်ရဲကြဘူး၊ အဲဒါကပဲ ပြဿနာတော်တော်များများကို ကာကွယ်ပေးထားသလို ဖြစ်နေတာ.. လူက သဘောကောင်းလေလေ အနှိမ်ခံရလေလေပဲ.. ငါ့အမေက အဲဒီလိုလူစားမျိုးလေ၊ သူရှိနေတုန်းကဆို လူတိုင်းက သူ့ကို နှိပ်စက်ကြတာ.. သူကတော့ ငါ့ကို အမြဲမှာတယ်၊ ရန်ကို မေတ္တာနဲ့ တုံ့ပြန်ရမယ်တဲ့~~ တခြားသူအပေါ် ရန်မငြိုးထားနဲ့၊ သူများက ကိုယ့်ကို လာနှိပ်စက်ရင်လည်း ငါဘာမှားခဲ့လို့လဲ၊ ငါဘာတွေ လွဲခဲ့လို့လဲဆိုတာကိုပဲ အရင်စဉ်းစားပါတဲ့..လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်တတ်ရမယ်ဆိုပဲ"

ချန်ချင်းယွီ : "..."

သောက်ခွေး… ဘာမှတောင် ပြန်မပြောနိုင်တော့ပါလား..

ယွမ်ရှောင်ချွေ သူမအမေအကြောင်း ပြောတိုင်း ချန်ချင်းယွီမှာ မိခင်မေတ္တာဖွဲ့ ဝတ္ထုရှည်ကြီးထဲမှ ကြာပန်းဖြူ ဇာတ်လိုက်မင်းသမီးအကြောင်းကို ဖတ်နေရသည့်နှယ် ခံစားနေရ၏။

လောကမှာ ဒီလောက်အစွန်းရောက်တဲ့သူမျိုး ရှိနိုင်ပါဦးမလား…

သူတို့ဝင်းထဲမှာ ထိုကဲ့သို့သောသူမျိုး မရှိခြင်းကိုပင် ချန်ချင်းယွီ ကျေးဇူးတင်မိတော့သည်။ မဟုတ်လျှင် သူမနှင့် မသက်ဆိုင်သည့်တိုင်အောင် ထိုလူမျိုးကို တွေ့ပါက လက်သီးနှင့်သာ ထိုးချင်စိတ် ပေါက်မိမည်မှာ အမှန်ပင်။

တကယ်တော့ မရှိတာလည်း မဟုတ်ပါဘူးလေ…

သူတို့ဝင်းထဲရှိ လင်စန်းရှင်းဆိုလျှင်လည်း ထိုကဲ့သို့ စိတ်ဓာတ်မျိုး ရှိသော်လည်း ယွမ်ရှောင်ချွေအမေလောက် မဆိုးရုံသာ။ ချန်ချင်းယွီ ဆိုလိုက်၏။

"နင်က နင့်အမေနဲ့ လုံးဝမတူဘူးနော်"

ယွမ်ရှောင်ချွေ : "ဒါပေါ့... ငါက အဘိုးနဲ့အဘွား စကားကိုပဲ နားထောင်တာ.. တကယ်တော့ သူတို့က ငါ့ကို အဲဒီလောက်ကြီး သဘောမကျမှန်း ငါသိပါတယ်.. သူတို့က သားနဲ့မြေးယောက်ျားလေးကိုပဲ အချစ်ဆုံးလေ.. ဒါပေမဲ့ ငါ့အဖေက တစ်နှစ်မှ တစ်ခါပဲ ပြန်လာတာ၊ အဘိုးနဲ့အဘွားက အိုမင်းလာတဲ့အချိန်မှာ ငါ့အမေကိုပဲ မှီခိုပြီး ပြုစုခိုင်းရတာဆိုတော့ ငါတို့အပေါ်တော့ အတော်လေး ကောင်းကြပါတယ်~~ မြေးယောက်ျားလေးကို အချစ်ဆုံးဆိုပေမဲ့ ဟောက်ဖုန်းက တစ်နှစ်မှ တစ်ခါပဲ လာတာလေ.. သူတို့နားမှာ အမြဲရှိနေတာက ငါတစ်ယောက်တည်းဆိုတော့ သူတို့အချစ်ဆုံး မဟုတ်ရင်တောင် အကျိုးအမြတ် အများဆုံးရတာက ငါပဲ၊ ဟဲဟဲ~~ ငါတို့ အတူတူနေလာတာ နှစ်တွေအများကြီးပဲလေ၊ အဖေနဲ့အစ်ကိုကတော့ ငါနဲ့ ဘယ်ယှဉ်လို့ရမှာလဲ… အတူတူရှိနေကြတဲ့အခါ သံယောဇဉ်ကတော့ ဖြစ်လာတာပဲလေ၊ ဒါကြောင့် သူတို့ဆုံးတော့ ငါတို့အတွက် ပစ္စည်းတွေ ချန်ခဲ့တာပေါ့.. အဖေ့ကိုတော့ တန်ဖိုးမရှိတဲ့ အရာတွေပဲ ပေးခဲ့တာ~~ အိမ်ကလွဲရင် ကျန်တာတွေက ကွဲအက်နေတဲ့ အိုးခွက်ပန်းကန်တွေပဲ၊ ဘာမှတန်ဖိုးမရှိဘူး.. ငါ့အမေကသာ အဖေ့အပေါ် သစ္စာရှိလွန်းလို့ အခုတော့ အရှုံးကြီး ရှုံးခဲ့ရပြီ…"

ယွမ်ရှောင်ချွေသည် လတ်တလော ရင်ထဲ အတော်ပင် မွန်းကြပ်နေခဲ့ရရှာ၏။

ယခင်ဆိုလျှင် ယွမ်ဟောက်ရွှယ်ကို ရင်ဖွင့်တိုင်ပင်နိုင်သော်လည်း ကျောက်ရုံမှာ ဟောက်ရွှယ်အတွက် အလုပ်ရဖို့ သူမကို လုပ်ကြံနေသည်ဟု သိလိုက်ရစဉ်မှစ၍ ထိုသို့မတွေးတော့ပေ။

ဟောက်ရွှယ်က ဘယ်လောက်ပဲ ကောင်းကောင်း၊ သူမအတွက်တော့ အခင်ဆုံးသူငယ်ချင်း မဟုတ်တော့ဘူး…

ဒါထက်... ဟောက်ရွှယ်က တကယ်ပဲ ဘာမှမသိတာလား...

ရှောင်ချွေအနေဖြင့် ယင်းမှာ မဖြစ်နိုင်ဘူးဟု တွေးမိသည်။ မနေ့ညက ကျောက်ရုံ၏ စကားဝိုင်းကို သူမ သေချာပြန်စဉ်းစားကြည့်သည်...

ဟောက်ရွှယ်ကတော့ သူမအမေ အပြင်မှာ ဘာတွေလုပ်နေလဲဆိုတာ အသေအချာ သိနေမှာပဲ…

ဟောက်ရွှယ်က ဒီကိစ္စကနေ အကျိုးအမြတ် ရနေတဲ့သူလေ.. မသိဘဲနေမလား… အနည်းနဲ့အများတော့ သိမှာပဲ~~

သူမသည် တစ်ခုခုကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် ထိုအမှန်တရားကို ဖုံးကွယ်ထားခဲ့ခြင်းသာ ဖြစ်ပေမည်။

ယွမ်ရှောင်ချွေသည် တစ်ညလုံး စဉ်းစားခန်းဖွင့်ခဲ့ပြီးနောက် ဟောက်ရွှယ်တစ်ယောက် မြို့မှာ ဆက်နေခွင့်ရဖို့အတွက် သူမမိခင်၏ သိက္ခာကိုတောင် အမှုမထားခဲ့ပုံထောက်လျှင် မိမိကိုလည်း ဂရုစိုက်လိမ့်မည်မဟုတ်ကြောင်း ပို၍ပင် သေချာသွားလေသည်။

ပြီးခဲ့သည့်တစ်ခေါက် ကျောက်ရုံ၏ ရုပ်မှန်ကို သိလိုက်ရစဉ်မှစ၍ ဟောက်ရွှယ်နှင့် အဆက်အသွယ်ဖြတ်မည်ဟု တစ်ဦးတည်းသဘောဖြင့် ကြေညာခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ၏ ဆုံးဖြတ်ချက်ပို၍ပင် ခိုင်မာသွားတော့၏။

ယွမ်ရှောင်ချွေမှာ တကယ်တမ်းတွင် ရင်ဖွင့်စရာလူ မရှိသဖြင့် ချန်ချင်းယွီထံသို့သာ ခြေဦးလှည့်လာရသည်။

ချန်ချင်းယွီမှာ အေးအေးဆေးဆေးရှိပြီး ရိုးသားသူဖြစ်သည့်အပြင် မိသားစုအခြေအနေချင်းလည်း ဆင်တူကြသဖြင့် သူမအတွက် စိတ်ရှိလက်ရှိ ရင်ဖွင့်ဖို့ အကောင်းဆုံးလူ ဖြစ်နေ၏။ ယွမ်ရှောင်ချွေသည် သူမနှင့် မရင်းနှီးသည်ကိုပင် ဂရုမစိုက်တော့ဘဲ တတွတ်တွတ်နှင့် စကားတွေ ဖောင်ဖွဲ့နေတော့သည်။

"မိန်းမတွေက အချစ်ထဲ နစ်မွန်းသွားရင် ဘာလို့ ဒီလောက်တောင် အကြနကြတာလဲ မသိဘူးနော်"

ချန်ချင်းယွီ ပြန်ပြောလိုက်၏။

"နင် ကျေးလက်ရောက်ရင် အိမ်ထောင်ပြုဖို့ကိုတော့ အလျင်မစလိုနဲ့ဦး"

ယွမ်ရှောင်ချွေ အော်ဟစ်လိုက်ကာ

"ငါ လုံးဝ အိမ်ထောင်မပြုဘူး... တကယ်လို့ ငါက ကျေးလက်ကလူတစ်ယောက်နဲ့ အိမ်ထောင်ကျသွားရင် မြို့ကိုပြန်ဖို့ အလှည့်ကျလာတဲ့အခါ ဘာလုပ်ရမလဲ... ငါ ကျေးလက်မှာ တစ်သက်လုံး မနေချင်ဘူး.. အစ်ကို မာကျန်းတောင် မြို့ကို ပြန်လာနိုင်သေးတာပဲ၊ ဘယ်သူသိမှာလဲ၊ ငါလည်း ပြန်လာနိုင်မှာပေါ့..."

ယွမ်ရှောင်ချွေမှာ အကြောင်းပြချက်မရှိ မိမိကိုယ်မိမိ ယုံကြည်ချက်များ အပြည့်ဖြစ်နေရှာ၏။

"ပြီးတော့ ငါက 'အလုပ်သမား၊ လယ်သမားနှင့် စစ်သား တက္ကသိုလ်' ကိုတောင် အကြံပြု ခံရနိုင်တာပဲလေ"

ချန်ချင်းယွီမှာမူ ဆွံ့အသွားရသည်။

နင်.. အလယ်တန်းတောင် မပြီးတာ ဘာတွေ စိတ်ကူးယဉ်နေတာလဲ.. ယုံကြည်ချက်တွေ ပြင်းထန်လှချည်လား အစ်မကြီးရဲ့…

"နင် အိပ်မက်မက်နေတာပဲ"

ချန်ချင်းယွီ ဆိုလိုက်ပြန်၏။

"ဘာပဲဖြစ်ဖြစ် နင် ဘာလုပ်နေလဲဆိုတာကို နင်ကိုယ်တိုင် သိထားတာ အကောင်းဆုံးပဲ.. တကယ်လို့ နင် ကျေးလက်မှာ အခြေမချချင်ဘူးဆိုရင် အိမ်ထောင်မပြုနဲ့၊ ကောင်လေးတွေနဲ့လည်း သွားမပွေနဲ့.. မဟုတ်ရင် သူတို့က ဒေသခံတွေဆိုတော့ နင့်ကို ဒုက္ခပေးဖို့က အရမ်းလွယ်သွားလိမ့်မယ်"

ယွမ်ရှောင်ချွေ ခေါင်းညိတ်ပြကာ

"နင် သတိပေးတာတွေကို ငါ အကုန်မှတ်ထားပါတယ်.. စိတ်မပူပါနဲ့၊ ငါကတော့ အရှုံးမခံနိုင်ဘူး.. ဒါနဲ့... နင်က အရာရာကို အကုန်သိနေသလိုပဲ၊ ဒါပေမဲ့ ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်နေရတာလဲ..."

ချန်ချင်းယွီမှာ နှုတ်ခမ်းလေး တွန့်သွားကာ ဤလူအ,မကို အပြင်ကိုသာ ကန်ထုတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။

ယွမ်ရှောင်ချွေ : "နင်က တခြားသူကိုတော့ ဝေဖန်တတ်တယ်၊ ဒါပေမဲ့ ကိုယ့်ဘက်က အရင် ရုန်းထွက်နိုင်မှ ဖြစ်မှာပေါ့၊ မဟုတ်ရင် ဘယ်သူက လာကူညီနိုင်မှာလဲ"

ချန်ချင်းယွီ : "ဟမ့်”

ယွမ်ရှောင်ချွေ : "စိတ်မဆိုးပါနဲ့၊ ငါက အမှန်အတိုင်း ပြောတာပါ.. အမှန်စကားက နားခါးတတ်တယ်လေ.. နင် ငါ့စကားကို တကယ်နားထောင်သင့်တယ်၊ ယောက္ခမကို ပြန်တွန်းလှန်စမ်းပါ~~ နင့်ယောက္ခမက တကယ်ပဲ အဆိုးကြီးဆိုပေမဲ့ နင်က ကြောက်လေလေ သူက ပိုပြီး အနိုင်ကျင့်လေလေပဲ.. ဘဝဆိုတာ အမြဲတမ်း တိုက်ပွဲဝင်နေရတာ... ငါတို့က အဆုံးထိ တော်လှန်ရမယ်... ခေတ်ဟောင်းလူ့အဖွဲ့အစည်းကတောင် တောင်ကြီးသုံးလုံးကို ဖြိုချနိုင်ခဲ့တာပဲ၊ ကိုယ့်မိသားစုထဲက ဖိနှိပ်မှုလောက်ကတော့ ဘာစာနာစရာ ရှိလို့လဲ..."

ချန်ချင်းယွီ : "အင်းပါ"

ယွမ်ရှောင်ချွေ : "ကြည့်စမ်း၊ နင်ကတော့ တကယ့်ကို ကြောက်တတ်တဲ့သူပဲ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ မေးလိုက်လေသည်။

"ဟဲ့... ပြီးခဲ့တဲ့တစ်ခေါက်က နင့်အဖေ အရိုက်ခံရတာလေ၊ သူက ဒီအတိုင်းပဲ လက်လျှော့လိုက်တာလား... ပြဿနာလာမရှာတော့ဘူးလား..."

ချန်ချင်းယွီ : "နင် မြင်တဲ့အတိုင်းပဲလေ၊ သူ လာမှမလာတာ.. ငါ့ကို ကြမ္မာဆိုးလို့ သူ ထင်သွားလို့နေမှာပေါ့"

ယွမ်ရှောင်ချွေ : "..."

သူမသည် ချန်ချင်းယွီကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် ထိုစကားမှာ အမှန်တရားတစ်ခု ဖြစ်နေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

သူမ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ဟီးဟီးဟားဟား ရယ်မောပြီးနောက် မတ်တပ်ထရပ်လိုက်ကာ

"ဟိုလေ... ငါ အိမ်မှာ လုပ်စရာလေးရှိတာ ခုမှ သတိရလို့၊ အခုပဲ ပြန်လိုက်တော့မယ်နော်။"

ချန်ချင်းယွီက ခေါင်းညိတ်ပြလိုက်၏။

"အင်း၊ ကောင်းပါပြီ"

ယွမ်ရှောင်ချွေသည် သေချာပြန်စဉ်းစားကြည့်ရာ ချန်ချင်းယွီနှင့် ပတ်သက်မိခြင်းမှာ ဘယ်လိုမှ ကောင်းကျိုးမပေးနိုင်ကြောင်း၊ သူမသည် တကယ့်ကို နမိတ်မရှိသော ကြမ္မာဆိုးမလေးဖြစ်ကြောင်း ခံစားမိသွားသည်။

မဖြစ်ဘူး၊ မဖြစ်ဘူး... ငါက အခုမှ ကံကောင်းခြင်းတွေ လိုနေတာ၊ ဒါမျိုးနဲ့တော့ အပတ်သက်မခံနိုင်ဘူး…

ယွမ်ရှောင်ချွေသည် အလျင်အမြန်ပင် ထွက်ခွါသွားလေတော့၏။ ချန်ချင်းယွီမှာမူ မရယ်ဘဲ မနေနိုင်တော့ပေ။

တစ်ခါတစ်ရံတွင် ရှေးရိုးစွဲ အယူသည်းမှုများမှာ တကယ်ပင် အလုပ်ဖြစ်တတ်သည်။

သူမ ဘာမှလုပ်စရာမလိုဘဲ ဤအချက်နှင့်တင် လူများကို ခြောက်လှန့်နိုင်လေ၏။

သို့သော် သူမအဖေ ပြဿနာလာမရှာခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ ချန်ရိကျွင်းသည် ငွေရေးကြေးရေးအရ အခက်အခဲမရှိ၊ ချမ်းသာကြွယ်ဝသူမဟုတ်သော်လည်း ဆင်းရဲမွဲတေနေသူလည်း မဟုတ်ပေ၊ အတော်အသင့် အဆင်ပြေနေသူဖြစ်၏။ ထို့ကြောင့် ….

သူက ဘာကိစ္စနှင့် သူမဆီ လာရှာမှာလဲ…တကယ်လို့... သူသာ ထပ်ပြီး ထိခိုက်ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ...

ချန်ချင်းယွီသည် သူမအဖေအကြောင်းကို အထိုက်အလျောက် သိထား၏။ သူသည် အလွန်အတ္တကြီးသူတစ်ဦးဖြစ်သည်။

ထို့ကြောင့် ငွေကြေးအကျပ်အတည်း အကြီးအကျယ်မရှိသရွေ့ သူမထံသို့လာပြီး စွန့်စားလိမ့်မည်မဟုတ်ပေ။

ဒါက မတန်ဘူးလေ.. ကိုယ့်ကိုယ်ကိုယ် ဘယ်သူက အထိခိုက်ခံမှာလဲ..

လာခဲ့လျှင်ပင် ချန်ချင်းယွီ ဂရုစိုက်နေမည်မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် သူမ၏အဖေကို ကြမ္မာဆိုး၏ စွမ်းအားကို နောက်တစ်ကြိမ် ခံစားစေရုံသာရှိမည်။ ချန်ချင်းယွီသည် ထိုကဲ့သို့သော နာမည်ဆိုးအတွက် ဂရုမစိုက်ပေ။အကယ်၍ ထိုနာမည်ဆိုးသာ ချန်ရိကျွင်း၏ ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး တစ်ခါတစ်ရံတွင် သူ့ကို ဒုက္ခပင် ပေးနိုင်မည်ဆိုလျှင်…

ဒါက အတော်လေး ကောင်းမွန်နေပါပြီလေ..ဟဲဟဲ..

ချန်ချင်းယွီသည် သူမအနေဖြင့် အမြတ်ထွက်နေသည်ဟုပင် ခံစားမိကာ သူမ ပြုံးလိုက်မိ၏။

သူမအဖေအကြောင်း ပြောရင်းနှင့် ချန်ချင်းယွီသည် သူမတွေ့ခဲ့သော စာတစ်စောင်ကို သတိရသွားသည်။ သူမ၏ အဘိုးအဘွားများက ထိုစာထဲတွင် သူမအဖေအကြောင်းကို "သူ တွေ့သွားခဲ့ရင်..." စသည်ဖြင့် ရေးသားဖော်ပြခဲ့ကြ၏။ သို့သော် အဘိုးအဘွားများမှာ ချန်ရိကျွင်းကို မိသားစုပိုင်ဆိုင်မှုများ ပေးအပ်ချင်လိမ့်မည်ဟု ချန်ချင်းယွီက လုံးဝမယုံကြည်ပေ။

အကယ်၍ ထိုသက်ကြီးရွယ်အို ဇနီးမောင်နှံ ချန်ရိကျွင်းကို ထိုမျှလောက် ယုံကြည်နေခဲ့လျှင် ယွီမေကျွမ်းကို ငယ်စဉ်ကတည်းက သူလျှိုအဖြစ် စီစဉ်ထားခဲ့မည်မဟုတ်ပေ။

သူတို့သည် ချန်ရိကျွင်းကို ယုံကြည်နိုင်စရာ အကြောင်းမရှိသော်လည်း သူ့အကြောင်းကိုမူ ထည့်သွင်းပြောဆိုခဲ့ကြသည်။ သူမအဖေအကြောင်းကို ရည်ညွှန်းပြောဆိုခဲ့ခြင်းမှာ တကယ်တမ်းတွင် တစ်ခုခုကို အရိပ်အမြွက်ပြလိုခြင်းများ ဖြစ်နေသလော့။

ဘာကို အရိပ်အမြွက်ပြတာလဲ... သူတို့ ပစ္စည်းများဝှက်ထားသည့် နေရာက ချန်ရိကျွင်းနဲ့ ဆက်စပ်နေသလား...

ချန်ယီကျွင်းနဲ့ ဘယ်နေရာမှာ ဆက်စပ်နေတာလဲ...

ချန်ချင်းယွီသည် အလေးအနက် စဉ်းစားနေသော်လည်း တစ်ခုခုလုပ်ရန်တော့ အလျင်မလိုသေးပေ။ ယနေ့ခေတ်ကာလတွင် ပစ္စည်းများရှာတွေ့ခဲ့လျှင်ပင် သူမ ဘာမျှလုပ်နိုင်မည်မဟုတ်ပေ။

၎င်းကို ဘယ်မှာသွားထားရမည်နည်း... နောက်နှစ်အနည်းငယ်ကြာပြီး မူဝါဒများ ပြောင်းလဲသွားချိန်

အထိ ၎င်းတို့ကို ဖုံးကွယ်ထားခြင်းသည်သာ ပို၍ကောင်းမွန်ပေလိမ့်မည်။

ချန်ချင်းယွီသည် အလျင်မလိုချေ။ သူမ တကယ်သိခဲ့လျှင်ပင် ယခုအချိန်တွင် ရှာဖွေတွေ့ရှိခြင်းသည် ဘာမျှအထောက်အကူမဖြစ်နိုင်ကာ၊ သူမတွင် သုံးစွဲရန် ငွေကြေးရှိနေပြီး လိုလေသေးမရှိဖြစ်နေသဖြင့် ယခုအခြေအနေမှာပင် လုံလောက်လှပြီဖြစ်သည်။

"ချင်းယွီလေး၊ နင် ဘာတွေ အတွေးလွန်နေတာလဲ... ငါ နင့်ကို ခေါ်နေတာ အတော်ကြာပြီ၊ နင်က မကြားဘူး"

အဒေါ်ကြီးမေ့သည် အခန်းထဲသို့ ဝင်ရောက်လာခဲ့၏။

ချန်ချင်းယွီ : "အာ... အော်၊ ဘာမှမဟုတ်ပါဘူး၊ အပိုတွေ လျှောက်တွေးနေမိလို့ပါ"

အဒေါ်ကြီးမေ့ အရာရာကို သိနေသည့် မျက်နှာပေးမျိုးဖြင့် ကြည့်လိုက်ပြီး သူမ အသံကိုနှိမ့်ကာ ပြောလိုက်၏။

“ခုနက ယွမ်တို့အိမ်က ရှောင်ချွေ လာသွားတယ်မလား.. သူ နင့်ဆီက ပိုက်ဆံလာချေးတာလား..."

ချန်ချင်းယွီ၏ မျက်လုံးများ ပြူးသွားရသည်။

သောက်ကျိုးနည်း.. ဒေါ်လေးကတော့ တကယ်ကို CCTV ပါပဲ..

အဒေါ်ကြီးမေ့ : "သူဝင်လာတာ ငါတွေ့လိုက်တယ်.. နင်တို့နှစ်ယောက်က သိပ်ပြီး ပတ်သက်မှုလည်း မရှိဘဲနဲ့ အခုတလော သူ နင့်အိမ်ကို နှစ်ခေါက်၊ သုံးခေါက်လောက် ရှိပြီနော်။ ပိုက်ဆံချေးနေတာလား..."

ချန်ချင်းယွီ အကြည့်လေးလွှဲကာ ပြောလိုက်၏။

"မဟုတ်ပါဘူး"

"နင်က ငါ့ကို ဖုံးကွယ်နေတုန်းပဲလား... ငါ အကုန်သိပါတယ်၊ သူ ငါ့ဆီတောင် လာသေးတယ်..ဒါပေမဲ့ ငါ့မှာရော သူ့ကိုချေးဖို့ ပိုက်ဆံ ဘယ်ရှိမလဲ..."

ချန်ချင်းယွီသည် အံ့အားသင့်သွားပြီးနောက် မျက်တောင်လေး ခတ်လိုက်ကာ ပြုံးပြီး ပြောလိုက်၏။

"တကယ် ပိုက်ဆံချေးတာ မဟုတ်ပါဘူး.. ကျွန်မမှာလည်း သူ့ကိုချေးဖို့ ပိုက်ဆံမရှိတာ ဒေါ်လေးသိသားပဲ..ကျွန်မတို့မိသားစုက ပိုက်ဆံစုတတ်တာမှ မဟုတ်တာ.. ရတာနဲ့ ချက်ချင်း သုံးပစ်တာလေ၊ တခြားသူကို ချေးပေးဖို့ ပိုက်ဆံ ဘယ်ကရမှာလဲ..."

အဒေါ်ကြီးမေ့ : "အဲဒါတော့ ဟုတ်ပါတယ်"

ချန်ချင်းယွီ၏ စကားကို တခြားသူများ ယုံ၊ မယုံ မသိသော်လည်း အဒေါ်ကြီးမေ့မှာ ယုံကြည်လေသည်။ ဝင်းတစ်ခုတည်းတွင် အတူတူနေထိုင်ကြသူများဖြစ်သဖြင့် တစ်ဦး၏အခြေအနေကို တစ်ဦးက ကောင်းကောင်းသိကြ၏။

လင်းကျန့်ဝမ် သေဆုံးပြီးနောက် သူတို့မိသားစု၏ လူနေမှုဘဝ တိုးတက်လာသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ချမ်းသာသော မိသားစုများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ယခင်ထက်စာလျှင် ပေါက်စီများကို ပိုမိုချက်ပြုတ်စားသောက်လာကြ၏။ အမှန်အတိုင်းပြောရလျှင် အဒေါ်ကြီးမေ့ နားလည်ပေးနိုင်လေသည်။ သူတို့၏ လူနေမှုပုံစံကို သူမ သဘောမတူသော်လည်း လင်ဖြစ်သူမှာ အရွယ်ကောင်းမှာပင် ဆုံးပါးသွားခဲ့ရပြီး သားဖြစ်သူလည်း အသက်နှစ်ဆယ်ကျော်မှာပင် သေဆုံးသွားခဲ့ရပြန်သည်ကို မျက်မြင်တွေ့ခဲ့ရ၏။

သူတို့သည် 'ဘဝဆိုတာ ခန့်မှန်းရခက်တယ်' ဆိုသည့် အဓိပ္ပာယ်ကို လက်တွေ့ ခံစားခဲ့ရသူများဖြစ်၏။

ဟိုစကားပုံလေးက ဘာတဲ့...

'ပိုက်ဆံတွေ မသုံးလိုက်ရခင်မှာပဲ လူက အရင်သေသွားတယ်' တဲ့..

အဒေါ်ကြီးမေ့သည် သူတို့မိသားစု ပိုက်ဆံမစုဘူးဆိုသည်ကို တကယ်ပင် ယုံကြည်သွားသည်။ ထိုအချက်မှာလည်း သံသယရှိရန်မလိုအပ်ပေ။ အဘွားကြီးကျောက် တစ်ယောက်တည်းသာ အလုပ်လုပ်ပြီး ပုံသေလစာရရှိသူဖြစ်သဖြင့် သူတို့၏ သုံးစွဲမှုပုံစံနှင့်ဆိုလျှင် ပိုက်ဆံပြတ်လပ်နေခြင်းမှာ ပုံမှန်ပင် ဖြစ်လေသည်။

"နင်တို့ မိသားစုရဲ့ ဘဝကတော့..."

သူမသည် ခဏမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ဘာမျှ ထပ်မံဖြောင်းဖျမနေတော့ပေ။

လူတိုင်းတွင် ကိုယ်စီကံကြမ္မာ ရှိကြသည်ပင်…

သူမတို့ မိသားစုအနေဖြင့် လူနှစ်ယောက် ဆက်တိုက် ရုတ်တရက် သေဆုံးသွားသည့် ဖြစ်ရပ်မျိုးကို မကြုံတွေ့ခဲ့ဖူးသဖြင့် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ ခံစားခဲ့ရသည့် ဒုက္ခဝေဒနာကို နားလည်နိုင်မည် မဟုတ်ပေ။

ချန်ချင်းယွီသည် အဒေါ်ကြီးမေ့တစ်ယောက် ငေးငိုင်သွားသည်ကို သတိပြုမိသဖြင့် မေးလိုက်သည်။

"ဒေါ်လေးမေ့၊ ဘာဖြစ်လို့လဲဟင်..."

"အာ... ဘာမှမဟုတ်ပါဘူး"

ချန်ချင်းယွီ အသံတိုးတိုးဖြင့် ထပ်မေးလိုက်၏။

"ရှောင်ချွေက ပိုက်ဆံ ထပ်ချေးနေပြန်ပြီလား..."

အဒေါ်ကြီးမေ့ : "အေးလေ၊ သူ လူတော်တော်များများဆီက လိုက်ချေးနေတာ.. ဒါပေမဲ့ နင်တို့အိမ်ဆီကတော့ တကယ်ပဲ မချေးဘူးနော်"

ချန်ချင်းယွီ : "မချေးပါဘူး"

"ဒါဆို သူက နင့်ဆီ ဘာလာလုပ်တာလဲ..."

ချန်ချင်းယွီ : "စကားလာပြောတာပါ၊ ဒါပေမဲ့ စကားအနည်းငယ်ပြောပြီးတော့ ပြန်သွားတာပဲ"

အဒေါ်ကြီးမေ့ : "..."

သူမ တိုးတိုးလေး ရေရွတ်လိုက်ကာ

"နင်တို့နှစ်ယောက်က ဘာတွေများ ပြောစရာရှိလို့လဲအေ..."

ချန်ချင်းယွီ : "ဟုတ်ပ၊ အဲဒါကြောင့်လည်း သူက စကားနည်းနည်းပြောပြီး ပျင်းသွားလို့ ပြန်သွားတာပေါ့"

ချန်ချင်းယွီ ဆက်၍ စပ်စုလိုက်ကာ

"ဒါနဲ့... သူ ဘယ်သူတွေဆီက ပိုက်ဆံချေးလိုက်သေးလဲ..."

အဒေါ်ကြီးမေ့ : "အဘွားကြီးဟွမ်ရယ်၊ ရှေ့ဝင်းက အဘွားကြီးဝမ်ရယ်၊ နောက်ပြီး နောက်ဝင်းက တစ်ယောက်ရယ်..."

ချန်ချင်းယွီ အံ့အားသင့်သွားရသည်။

"ဒေါ်လေးဟွမ်က ပိုက်ဆံချေးပေးတယ် ဟုတ်လား..."

သောက်ကျိုးနည်း.. ဒါကတော့ ဖြစ်နိုင်ခြေမရှိတာပဲ…

"အဲဒီလိုပဲ ကြားတာပဲ၊ ဒါက တစ္ဆေခြောက်နေတာလို့ နင်မထင်ဘူးလား..."

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်မိ၏။

"ဒါက တကယ်ပဲ တစ္ဆေခြောက်နေတာပဲ ဖြစ်ရမယ်"

အမြဲတမ်း အမြတ်ထုတ်တတ်တဲ့ အဘွားကြီးဟွမ်က တကယ်ပဲ ပိုက်ဆံချေးပေးတယ်ဆိုတာ...

အင်း... အမြတ်ထုတ်တာ...

ဒီကိစ္စက တစ်ခုခု အမြတ်ထုတ်ဖို့နဲ့ ဆက်စပ်နေတာ ဖြစ်ရမယ်..

ယွမ်ရှောင်ချွေက သူမကို တစ်ခုခု ကတိပေးထားလို့လား...

ချန်ချင်းယွီ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ သူမသည် ယွမ်ရှောင်ချွေကို တကယ်ပင် အထင်သေးခဲ့မိကြောင်း သတိထားမိလိုက်၏။

ဒီကောင်မလေးက ကျေးလက်မသွားခင်မှာ တကယ့် ပွဲကြီးပွဲကောင်းတစ်ခုကို ဖန်တီးသွားတော့မယ့်ပုံပဲ..

ကျောက်ရုံ ယွမ်ရှောင်ချွေကို လုပ်ကြံချင်သကဲ့သို့၊ ယွမ်ရှောင်ချွေသည်လည်း သူတို့ကို အထိနာအောင် "မျက်နှာကို ဖြတ်ရိုက်" ဖို့ ပြင်ဆင်ထားပုံရ၏။

ချန်ချင်းယွီသည် တခြားသူ၏ အကြံအစည်များကိုလည်း မဖျက်ဆီးလိုသဖြင့် ဘာမျှထပ်မပြောတော့ဘဲ ဤသို့သာ ဆိုလိုက်သည်။

"မနက်ဖြန်ဆို ရလဒ်တွေ ထွက်တော့မယ်၊ ကျွန်မမိသားစုထဲက ဘယ်သူမှ စာမေးပွဲဖြေထားတာ မဟုတ်ဘဲနဲ့ ကျွန်မဖြင့် ဘာလို့ ဒီလောက် ရင်ခုန်နေရတာလဲ မသိဘူး"

"ဟုတ်ပါ့၊ နင်ပြောတာ မှန်တယ်၊ ငါ့အိမ်ကလူတွေလည်း မဖြေထားဘူး.. ဒါပေမဲ့ ငါလည်း ရင်တုန်နေတာပဲ၊အို... ဒီကလေးတွေ ကံကောင်းလိုက်တာအေ.. စက်ရုံက သူတို့ကို အခွင့်အရေး ပေးလိုက်တာပဲ၊ ငါ့ကလေးတွေ နောက်နှစ်နှစ်နေရင် ကျောင်းပြီးတော့မယ်၊ ဘာတွေဖြစ်လာဦးမလဲ မသိဘူး..."

ချန်ချင်းယွီ : "ဒီနှစ်နှစ်အတွင်းမှာ အခြေအနေကို သေချာစောင့်ကြည့်ရမှာပေါ့၊ ဘယ်သူသိမှာလဲ၊ ကံကောင်းတာတွေလည်း ရောက်လာနိုင်တာပဲလေ"

အဒေါ်ကြီးမေ့ : "အေးပါ၊ အဲဒီလိုပဲ မျှော်လင့်ရတာပေါ့"

သူမ ဆက်ပြောပြန်ကာ

"ငါ့မိသားစုကတော့ မာကျန့်ယီတို့လို အရည်အချင်းမျိုး မရှိပါဘူး"

မာကျန့်ယီ သူ့သားကို မြို့ပြန်ခေါ်နိုင်သည်ကို လူတိုင်း မနာလိုဖြစ်နေကြသည်မှာ သိသာလှ၏။

ဒါကလည်း မဆန်းပါဘူးလေ.. ဒီလောက်ကြီးမားတဲ့ ကိစ္စမျိုးကို ဘယ်သူက မနာလိုမဖြစ်ဘဲ နေမှာလဲ..

အခုလို လူတိုင်း မြို့မှာနေခွင့်ရဖို့ အခွင့်အရေး မရှိတော့တဲ့အချိန်မှာ သူ့မိသားစုကတော့ ရွာကနေ ပြန်လာနိုင်တာက လူအတော်များများကို ရင်နာစေတာပေါ့..

ချန်ချင်းယွီ ပြုံးလိုက်မိသည်။

"မနေ့ညက အစ်မကြီးဖန် အပြင်ထွက်သွားတာ ကျွန်မတွေ့လိုက်တယ်..."

"ငါလည်း တွေ့တယ်၊ ကျောက်ရုံ ထွက်သွားတာကိုလည်း တွေ့လိုက်သေးတယ်.. လူတိုင်းကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေကြတာပဲ"

အဒေါ်ကြီးမေ့ ချန်ချင်းယွီနှင့် စကားလက်ဆုံ ကျနေလေသည်။

ချန်ချင်းယွီ အိမ်မှာ စကားပြောနေစဉ်၊ သူမ၏ ယောက္ခမသည်လည်း စက်ရုံတွင် ထိုနည်းတူပင်။ သူတို့နှစ်ယောက်လုံး စိတ်အေးလက်အေး နေထိုင်နေကြသော်လည်း အချို့သူများ၏ အမြင်တွင်မူ ထိုအချက်မှာ အတော်ပင် ကြည့်မရစရာ ဖြစ်နေ၏။ ချဲယုံဖုန်း ချန်ချင်းယွီကို မမြင်ရသော်လည်း အဘွားကြီးကျောက်တစ်ယောက် ထမင်းစားဆောင်တွင် အဆင်ပြေနေသည်ကို သိသဖြင့်အကြီးအကျယ် ဒေါသထွက်နေရသည်။

သူ တကယ်ကို စိတ်တိုနေတာပါ…

အဘွားကြီးကျောက် ဒီမှာ ရှိနေတဲ့အတွက် သူကတော့ ဒီထမင်းစားဆောင်ကိုတောင် လာမစားတော့ဘူး…

အဲ့အဘွားကြီးကျောက်ကို မြင်ရရုံနဲ့တင် သူ့မှာ ဒေါသတွေ ထွက်နေရတာကိုး..

ချဲယုံဖုန်းသည် မိမိကိုယ်မိမိ ဘာမျှမှားယွင်းသည်ဟု မထင်သည့်အပြင် အရှက်ခွဲခဲ့သည့် အဘွားကြီးကျောက်သာ ကိုယ်ကျင့်တရားပျက်ပြားသူဟု တရားသေမှတ်ယူထားလေသည်။ ထို့ထက် ပို၍ဒေါသထွက်စရာကောင်းသည်မှာ အမှားအယွင်းအနည်းငယ် လုပ်မိရုံနှင့် ကြောက်အားလန့်အား အကုန်လျှောက်ပြောကာ သူ့ကိုယ်သူ ဒုက္ခပေးခဲ့သော လီတာ့ရှန်းပင် ဖြစ်၏။

သို့သော်လည်း အဘွားကြီးကျောက်ကိုလည်း အလွယ်တကူ လွှတ်ပေး၍မရပေ။

သူ့အမြင်တွင် အဓိကတရားခံများမှာ လီတာ့ရှန်းနှင့် သူ၏ဇနီးဖြစ်ပြီး၊ ဒုတိယတရားခံများမှာမူ အဘွားကြီးကျောက်နှင့် သူမ၏ ချွေးမတို့ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ချဲယုံဖုန်းသည် သူတို့ကို အသည်းထဲကပင် နာကြည်းနေသော်လည်း အလျင်စလို လုပ်၍မရမှန်း သိနေ၏။ အကယ်၍ ယခုအချိန်တွင် တစ်ခုခုလုပ်လိုက်လျှင် ဤမိသားစုနှစ်ခုကြား ပြဿနာတက်တိုင်း လူတိုင်း သူ့လက်ချက်ဟု သံသယဝင်ကြမည်မှာ အသေအချာပင်။

သူ ထိုစွန့်စားမှုကို မလုပ်ဝံ့ပေ။

အကယ်၍ ဤနေရာသည် ဧကရာဇ်နှင့်ဝေးသော နယ်စပ်ဒေသမျိုးသာဖြစ်ပါက မိမိစိတ်တိုင်းကျ လုပ်၍ရမည်ဖြစ်သော်လည်း ယခုမူ ပေကျင်းမြို့ဖြစ်နေ၏။

သူ၏ယောက္ခမကိုယ်တိုင်ပင်လျှင် လူကြီးလူကောင်းဟန်ဆောင်နေရသည့် နေရာမျိုးတွင် မည်သူမှ ပြဿနာကို ဗြောင်ကျကျ ဖန်တီးရဲလောက်အောင် မိုက်မဲမည်မဟုတ်ပေ။

သိပ်ပြီး ကလန်ကဆန်လုပ်လွန်းသူများမှာလည်း နေရာမှ ဖယ်ရှားခြင်း ခံထားကြရပြီဖြစ်သည်။

သူသည် ဤအချက်ကို သိနားလည်သဖြင့် မိုက်မဲစွာ မပြုမူရဲပေ။

သို့ဖြစ်၍ သူသည် ကွယ်ရာမှနေ၍သာ ယုတ်မာသော နည်းလမ်းများကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။

သူသည် လီတာ့ရှန်း ဇနီးမောင်နှံကို မုန်းတီးလှသဖြင့် သူတို့ခံစားရစေရန် သူ၏မိခင်ကို မြှောက်ပင့်ပေးကာ ခယ်မဖြစ်သူ လီရှောင်ယွီကို နှိပ်စက်ခိုင်းလေသည်။ လီရှောင်ယွီ ဆင်းရဲဒုက္ခရောက်ခြင်းမှာ လီတာ့ရှန်း ဇနီးမောင်နှံအတွက် အကြီးမားဆုံးသော ဝေဒနာဖြစ်သည်ဟု သူယူဆထားသည်။

အဘွားကြီးကျောက်နှင့် ပတ်သက်လျှင်မူ… ထိုကဲ့သို့သော အဘွားကြီးမျိုးမှာ အတ္တကြီးပြီး ကိုယ်ကျိုးသာကြည့်တတ်သူ ဖြစ်၏။

သားဖြစ်သူ သေဆုံးသွားသည်ကိုပင် ဂရုမစိုက်ဘဲ လျော်ကြေးငွေအမျိုးမျိုး တောင်းခံနေသည်ကိုကြည့်လျှင် သူမ မည်မျှ ဇွဲကောင်းသည်ကို သိနိုင်သည်။ သူမသည် လီတာ့ရှန်းနှင့်မတူဘဲ မိမိကိုယ်မိမိသာ ဂရုစိုက်သူ ဖြစ်သည်။

ထို့ကြောင့် ကာယကံရှင်ကို တိုက်ရိုက်နှိပ်စက်နိုင်မှသာ သူ ကျေနပ်နိုင်မည်။

ချဲယုံဖုန်းသည် ပိုမိုကောင်းမွန်သော နည်းလမ်းကို မသိသဖြင့် နောက်ဆုံးတွင် သူ၏ဇနီးကို တောင်းပန်လိုက်ရ၏။ တစ်ညလုံး ဒူးထောက်ကာ မျက်နှာဖူးယောင်လာသည်အထိ မိမိကိုယ်မိမိ ပါးရိုက်ပြမှသာ ဇနီးဖြစ်သူသည် ယောက္ခမဖြစ်သူထံ သွားရောက်အကူအညီတောင်းရန် သဘောတူခဲ့သည်။

အတွေ့အကြုံရှိသူ၏ အကြံဉာဏ်မှာ တကယ်ပင် ထိရောက်လှသည်။

ဤသည်မှာ ဗြောင်ကျကျ အကွက်ဆင်ခြင်းဖြစ်သော်လည်း အဘွားကြီးကျောက်၏ အသိဉာဏ်အဆင့်နှင့်ဆိုလျှင် မိမိတို့၏ အစီအစဉ်မှန်း ရိပ်မိမည်မဟုတ်ဟု သူက တွေးမိကာ သူ အတော်ပင် ကျေနပ်အားရနေမိ၏။

ယောက္ခမဖြစ်သူ၏ ပါတီ အတွင်းရေးမှူးသည် ဝယ်ယူရေးဌာနမှ ဝမ်ကျန့်ကော်ထံသို့ပင် သွားရောက်ခဲ့သေးသည်။ ဝမ်ကျန့်ကော်မှာ အဘွားကြီးကျောက်တို့၏ အိမ်နီးချင်းဖြစ်ရာ သူမကို စောင့်ကြည့်ရန်နှင့် အရိပ်အမြွက်ပေးရန် လွယ်ကူလှ၏။ အကယ်၍ အဘွားကြီးကျောက်သာ မှောင်ခိုဈေးကွက်တွင် လက်မှတ်များ သွားရောင်းခဲ့ပါလျှင် သူမကို လက်ပူးလက်ကျပ် ဖမ်းမိနိုင်မည်ဖြစ်သည်။

ချဲယုံဖုန်းမှာ ထိုအကြောင်းကို တွေးမိရုံနှင့်ပင် ထမင်းအမြိန်သား စားနိုင်နေလေ၏။

သို့သော် တစ်ပတ်ကျော်သွားသည့်တိုင်...

အဘွားကြီးကျောက်က ဘာလို့မသွားသေးတာလဲ...

သူမတို့အိမ်၌ လက်မှတ်များ အများကြီးရှိသည်ဆိုသော သတင်းသည် ပြန့်နေပြီဖြစ်ရာ လမ်းပေါ်ရှိ သူခိုးဂိုဏ်းအချို့ပင် ဤနေရာကို မျက်စိကျနေကြပြီဖြစ်၏။ အဘွားကြီးကျောက် မှောင်ခိုဈေးကွက်သို့ မသွားလျှင်ပင် သူခိုးအဝင်ခံရမည်မှာ အသေအချာပင်။

မှောင်ခိုဈေးကွက်တွင် လက်ပူးလက်ကျပ်ဖမ်းမိပြီး ထောင်ထဲရောက်သွားလျှင် အကောင်းဆုံးဖြစ်သော်လည်း၊ မဖြစ်လျှင်ပင် သူခိုးအဝင်ခံရပြီး သင်ခန်းစာရသွားမည်ဆိုပါက သူ ကျေနပ်နိုင်၏။ ချေယုံဖုန်းသည် မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။

ပန်းကလေးများ ညှိုးနွမ်းသွားသည့်တိုင်အောင် သူ စောင့်ခဲ့၏။

သို့သော် ထူးဆန်းသည်မှာ ဘာတိုးတက်မှုမှ ရှိမလာခြင်းပင်။

သူ ရင်ထဲ ဂနာမငြိမ်ကာ ပေါက်ကွဲတော့မည့်အတိုင်း ခံစားနေရသည်။

အလုပ်သင်ခေါ်ယူသည့် စာမေးပွဲကြောင့် ရဲများမှာလည်း လုံခြုံရေးတိုးမြှင့်ထားရာ သူခိုးများပါ ပျောက်ကွယ်နေခြင်းမှာ မဆန်းလှပေ။

ဒါဟာ တကယ်ကို ဒေါသထွက်စရာကြီး..

ချဲယုံဖုန်းသည် စောင့်ရင်းစောင့်ရင်းနှင့် နောက်ဆုံးတွင် စာမေးပွဲကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

ရဲများမှာ မပြန်ကြသေးပေ၊ ရလဒ်များထွက်လာပြီး အရာရာအေးဆေးသွားမှသာ ပြန်ကြမည့်ပုံပေါ်သည်။

ဒါကတော့ ချဲယုံဖုန်းကို ရူးသွပ်စေတော့မယ်…

သူသည် အပိတ်ခံထားရသည့် ငှက်ကလေးနှယ် ခံစားနေရပြီး ဘယ်ဘက်မှဖြစ်ဖြစ် ဒေါသဖြေဖျောက်ချင်သော်လည်း အရာရာသည် ငြိမ်သက်နေသဖြင့် အတော်ပင် ခံရခက်နေရသည်။ ယခုအခါ သူသည် အလုပ်ရုံတွင် အလုပ်သင်တစ်ဦးသာ ဖြစ်သော်လည်း ယောက္ခမကောင်းရှိသဖြင့် အမှားလုပ်ခဲ့သည့်တိုင် မည်သူမှ သူ့ကို လာမနှောင့်ယှက်ရဲကြပေ။

ချဲယုံဖုန်း၏ မျက်နှာမှာ မဲမှောင်နေသည်၊ တွေးမိလေ ဒေါသထွက်လေပင်။ အဘယ်ကြောင့် အရာရာ အဆင်မပြေဖြစ်နေရသည်ကို သူ လုံးဝနားမလည်နိုင် ဖြစ်နေရ၏။ အဘွားကြီးကျောက်သည် ယခင်၌ ရန်ဖြစ်ခဲ့ဖူးရာ ထိုအခွင့်အရေးကိုသုံးပြီး သူမကို ဖမ်းဆီးနိုင်မလားဟု ယောက္ခမကို သွားမေးခဲ့ဖူးသေးသည်။ ထိုစဉ် ယောက္ခမဖြစ်သူမှာ သူ့ကို "အသုံးမကျသူ၊ အမြင်မရှိသူ၊ ဦးနှောက်မရှိသူ" ဟုဆိုကာ ကန်ထုတ်လုနီးပါးပင် ဆဲဆိုခဲ့၏။

ဒါကလည်း မှန်ပါတယ်လေ…

ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခမည်းခမက်ချင်း ရန်ဖြစ်သည့်ကိစ္စနှင့် ဖမ်းဆီးခိုင်းခြင်းမှာ မဖြစ်နိုင်ပေ။

ထို့အပြင် ထိုစဉ်အချိန်၌ အဘွားကြီးကျောက်ဘက်မှလည်း ခိုင်လုံသော အချက်အလက်များ ရှိနေခဲ့သည်။

ပတ်ဝန်းကျင်ကလူတွေ အကုန်ကြားခဲ့ကြတာဆိုတော့ ဝင်ပါလိုက်ရင် ဗြောင်ကျကျကြီး ဖြစ်သွားမယ် မဟုတ်လား…

ပါတီ အတွင်းရေးမှူးကျန်းသည် ယခုကဲ့သို့သော ရာထူးနေရာကို စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ရောက်လာခဲ့သူ မဟုတ်ပေ။ သူ့တွင် သားသမီးမရှိသည်လည်း မဟုတ်ရာ၊ မိမိဂုဏ်သိက္ခာကို အထိခိုက်ခံပြီး သမက်ဖြစ်သူအတွက် ဗြောင်ကျကျ ရပ်တည်ပေးရန် ဝန်လေးနေခဲ့သည်။

ချဲယုံဖုန်းသည် အဆဲခံရပြီးမှသာ ယောက္ခမ၏ ဆိုလိုရင်းကို သေချာစဉ်းစားပြီး နားလည်သွားခဲ့၏။

ဒီမြေခွေးအိုကြီး... တကယ်ကို လူကောင်းမဟုတ်ဘူး၊ သူတစ်ပါးကို လုပ်ကြံချင်ပေမဲ့ ဟန်ဆောင်ကောင်းချင်နေတာပဲ...

ချဲယုံဖုန်းသည် စိတ်ထဲမှ ယောက္ခမကို ကျိန်ဆဲရင်း လက်ထဲမှ ကိရိယာများကို ချလိုက်ကာ "ငါ အိမ်သာသွားဦးမယ်" ဟု အော်ပြောလိုက်သည်။

သူသည် တစ်နေ့ကို ရှစ်ကြိမ်လောက် အိမ်သာသွားနေခြင်းပင်...

သူလည်း မတတ်နိုင်ချေ… အလုပ်လုပ်ရသည်ကို သူ အသားမကျသေးပေ။

ယောက္ခမဖြစ်သူ သူ့ကို တခြားအလုပ်တစ်ခု အမြန်ပြောင်းပေးရန်သာ သူ မျှော်လင့်နေ၏။

ဒီမြေခွေးအိုကြီးက သူမျက်နှာမပျက်ဖို့ဘဲ အလေးထားနေတာ..

သူ့ကို အကာအကွယ်ယူကာ လူကြီးလူကောင်းဟန်ဆောင်နေခြင်းကို သူ အတော်ပင် စိတ်ပျက်နေမိသည်။

ငါသာ အာဏာရလာတဲ့နေ့ကျရင် အဲဒီမြေခွေးအိုကြီးကို သင်ခန်းစာပေးလိုက်မယ်...

အဲဒီမိန်းမကိုလည်း ငါ့ခြေထောက် ဆေးခိုင်းစေရမယ်...

ချဲယုံဖုန်းသည် ဒေါသတကြီးဖြင့် အိမ်သာသို့ ထွက်လာခဲ့သည်။ သူ၏ အရှုပ်အထွေးများကို လူတိုင်းသိကြသဖြင့် အချို့မှာဖားကြသော်လည်း လူအများစုမှာမူ သူ့ကို အထင်သေးကာ အနားမကပ်ကြပေ။

ထို့ကြောင့် ချဲယုံဖုန်းသည် လတ်တလော၌ တစ်ယောက်တည်းသာ ရှိနေတတ်သည်။

သူ တစ်နေ့ ရှစ်ကြိမ် အိမ်သာသွားနိုင်သော်လည်း တခြားသူများမှာမူ အလုပ်မလုပ်ဘဲ လျှောက်သွားလျှင် အဆဲခံရမည်ဖြစ်၏။

ချဲယုံဖုန်းသည် မဲမှောင်သော မျက်နှာဖြင့် တစ်ယောက်တည်း ရေရွတ်ရင်း အိမ်သာထဲ ရောက်သွားသည်။ သူ ဘောင်းဘီချွတ်လိုက်ချိန်မှာပင် ရုတ်တရက် အမိုးပေါ်မှ မြွေတစ်ကောင်သည် ချဲယုံဖုန်း၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျလာလေတော့သည်။

ချဲယုံဖုန်းသည် ခဏမျှ ကြောင်သွားပြီးနောက် ထိတ်လန့်တကြား အသံကုန်ဟစ်အော်လိုက်မိ၏။

“အား…..”

သူ အောက်ကို ငုံ့ကြည့်လိုက်သည့်အခါတွင်လည်း...

ဘုရားရေ၊ သူ့ခြေထောက်နားမှာ နောက်ထပ် မြွေတစ်ကောင်...

ချေယုံဖုန်း : "အား... ကယ်ကြပါဦး..."

သူသည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အိမ်သာထဲမှ အလူးအလဲ ထွက်လာကာ အော်ဟစ်အကူအညီတောင်းလေတော့သည်။

All Chapters